Sunday, April 24, 2011

ခြေထောက်ကိုဆွဲ .......သရဲ

Las Vegas မြို့လည်ကနေ ၁၅ မိုင်ပဲဝေးတဲ့ Red Rock Canyon ဆိုတာ ကိုကြီးကျောက်အတွက်တော့ စိတ်ဝင်စားစရာနေရာပါပဲ၊ ငယ်ငယ်က သင်ခဲ့ရတဲ့ ဘူမိဗေဒဆိုင်ရာကျောက်လွှာသွင်ပြင်လက္ခဏာတွေကို လက်တွေ့လှလှပပကြီးကို မြင်ရတော့တာကိုး၊ အမေရိကန်ပြည်ထောင်စုကြီးက ကြီးကလဲကြီး၊ ရာသီဥတုအမျိုးမျိုး၊ ပထဝီအနေအထားတွေကအမျိုးမျိုးဆိုတော့ ဗမာပြည်က တက္ကသိုလ်ပေါင်းစုံမှာရှိတဲ့ ဘူမိဗေဒပါမောက္ခသူငယ်ချင်းတွေနဲ့ သူတို့ရဲ့တပည့်တွေကို field လာဆင်းဖို့ခေါ်လိုက်ချင်တော့တာပါပဲ၊


Red Rock Canyon ကမနက်စောစောနေထွက်မှာ ကြည့်လဲ အင်မတန်လှသတဲ့၊ အနီရောင်သဲကျောက်တွေနဲ့ အဝါရောင် dolostone လို့ခေါ်တဲ့ ထုံးကျောက်တွေက မုန့်စိမ်းပေါင်းလို အထပ်လိုက် နေထွက်စအလင်းရောင်အောက်မှာ ကြည့်လို့ မဝနိုင်ဘူးတဲ့၊ တညလုံးလျှောက်လည်နေတဲ့ ကိုကြီးကျောက်တို့ကတော့ ဘယ်မှာမနက်စောစောထနိုင်ပါ့မလဲ၊ ဒါ့ကြောင့် ညနေ နေဝင်ရီတယော ဆည်းဆာအလှကိုပဲ သွားခံစားကြတာပေါ့၊


Red Rock Canyon ရဲ့ ၁၃ မိုင်ရှည်တဲ့ Scenic drive ကို ညနေ ၈ နာရီအထိ ဖွင့်ပေးပါတယ်၊ ဒီ driveမှာမောင်းဖို့ ဝင်ကြေးကတော့ $7 တဲ့၊ ကိုကြီးကျောက်မိတ်ဆွေ လင်မယားကတော့ ဒီ drive ကို ညနေမလိုက်ရဲတော့ဘူးတဲ့၊ သူတို့လင်မယား ညနေ ကျောက်တောင်ထက်မှာ ဆည်းဆာအလှခံစားနေတုန်း မှောင်ရီပျိုးစမှာ လင်မယားနှစ်ယောက်ရဲ့ ခြေထောက်တွေကို မမြင်ရတဲ့ အကြောင်းအရာတခုက အောက်ချောက်ထဲ အတင်းဆွဲချသတဲ့၊ သူတို့လဲ အလန့်တကြားအော်ဟစ်ပြီး ချက်ချင်းပြန်ပြေးခဲ့ရသတဲ့၊


ဒီကျောက်တောင်တွေက ကျောက်တောင်တက်သမားတွေ သဘောကျတဲ့နေရာတခုပါ၊ သိတ်မနိမ့်လွန်းမမြင့်လွန်းဆိုတော့ တချို့ကပေါ့ပေါ့ဆဆနဲ့ safty သိုင်းကြိုးမပါ၊ တောင်တက်ဘိနပ်မပါပဲ တက်ကြလို့ နှစ်တိုင်း ကျောက်တောင်ပေါ်ကလိမ့်ကျလို့ သေတဲ့သူတွေ အမြဲရှိတာမို့ သတိပေးဆိုင်းဘုတ်တွေရေးထားရပါတယ်၊ ဒါပေမဲ့လဲ ကြမ္မာငင်နေသူတို့ကတော့ ဒီအတိုင်းပဲတက်လိုက်ကြ၊ လိမ့်ကျသေကြပါပဲ၊ မသေပဲ ကျိုးပဲ့သူတယောက်ပြောတာကတော့ သူတောင်ထိပ်ရောက်ခါနီးမှာ သူ့ခြေထောက်ကို တစုံတရာကအတင်းဆွဲချပါသတဲ့၊ ဘယ်လိုမှခါချလို့လဲမရ၊ နောက်ဆုံးတောင်ပေါ်က ပြုတ်ကျပါသတဲ့၊ အင်း...ဒါဆိုရင်တော့ တောင်ပေါ်ကလိမ့်ကျသေသူသရဲက အဖေါ်ရအောင်ခေါ်တာထင်ပါရဲ့၊


ကိုကြီးကျောက်ကတော့ အသက်ရောကျန်းမာရေးအရရော အဲလို မစွန့်စားနိုင်တော့ပါဘူး၊ ဒါကြောင့်သိတ်မြင့်မြင့်မတက်ပဲ သိချင်တဲ့ ဘူမိဗေဒအချက်အလက်တွေ Lap top ကွန်ပျူတာတလုံးနဲ့ရှာလိုက်၊ ကျောက်အနေအထားတွေ လိုက်ကြည့်လိုက်ပဲ လုပ်နေရတော့တာပေါ့၊ အင်း....Lap top ဆိုတာက နိုင်ငံတကာမှာ လူတိုင်း စာအုပ်လို ခဲတံလို သုံးစွဲနေကြတဲ့ အကြောင်းအရာပစ္စည်းတခုပေကလား၊ ဟိုနေ့က သတင်းတခုမှာ ဗမာပြည်မှာ ရထားစီးရင် ကိုယ်ပိုင်သုံး Lap top ကိုတောင် တန်ဆာဆောင်ရမယ်ဆိုတာ ဖတ်လိုက်ရတော့ အံ့ဩကုန်နိုင်ဘွယ်ပါပဲ၊


ကိုကြီးကျောက်လဲ အိပ်ယာထက်မှာတစောင်းလေး အိပ်နေရင်းစဉ်းစားမိတယ်၊ Lap top ဆိုတာ ဗမာလို ဘာသာတိုက်ရိုက်ပြန်ရင်ပေါင်ပေါ်တင်တဲ့ အကြောင်းအရာဆိုတော့ ခု ကိုကြီးကျောက်ရဲ့ ပေါင်ပေါ်တင်နေတဲ့ ကိုယ်ပိုင်ပစ္စည်းလေးကိုလဲ ဗမာပြည်မှာ ရထားစီးရင်တန်ဆာတွေများဆောင်နေရမလားမသိဘူး၊ အင်း...ဗမာပြည်ပြန်ရင် ဒီပစ္စည်းကို တန်ဆာမဆောင်ရအောင် ချိတ်ထမီဝတ်ပြန်မှ အဆင်ပြေမယ်ထင်ပါရဲ့၊


ကိုင်း...တန်ဆာကိစ္စအသာထား၊ ဆက်လျှောက်ကြစို့လား၊ Red Rock Canyon က လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၀၀ ကျောက်လောက်က ပင်လယ်အောက်မှာရှိနေခဲ့တာကလား၊ ခရုသေတွေငါးသေတွေက အနယ်ကျနေတဲ့ပင်လယ်ထဲမှာ ကျောက်ဖြစ်လာတော့ dolostone လို့ခေါ်တဲ့ အဝါရောင်ထုံးကျောက်ဘဝပြောင်းကုန်တယ်၊ အဲဒီနောက်တော့ နှစ်သန်းပေါင်း ၂၂၅ သန်းလောက်က အနီရောင် သဲကျောက်တွေ အနယ်ကျလာပြန်တယ်၊ ပိုပြီးသက်တန်းကြီးတဲ့ကျောက်ဟာ အောက်ကနေရတာပေါ့လေ၊ ဒါပေမဲ့လဲ ...ဟိုတလောက ဂျပန်မှာ မြောက်အမေရိက ကျောက်လွှာချပ်ကြီးကို ပစိဖိတ်ကျောက်လွှာချပ်ကြီးက တိုးဝင်တိုက်သလို လွန်ခဲ့တဲ့ နှစ်သန်း၁၈၀ ကျော်လောက်က မြောက်အမေရိကကျောက်လွှာချပ်ကြီးကို ပစိဖိတ်ကျောက်လွှာချပ်က ဝင်တိုက်ရာမှာ အမေရိကန်ပြည်ထောင်စုအနောက်ပိုင်းတခွင်မှာ တောင်တန်းကြီးတွေ ဖြစ်လာပါရောလား၊


ဟိုတလောက ဖြစ်တဲ့ ဆူနာမီထက် အဆများစွာပြင်းတဲ့ရေလှိုင်းကြီးတွေ ပြတ်ရွေ့တွေဖြစ်တာပေါ့၊ အင်း...အဲဒီတုန်းက လူတွေမပေါ်ပေါက်သေးလို့ပေါ့၊ လူတွေသာရှိရင် လူတွေဖောက်ပြန်လို့ဆိုပြီး လက်ညှိုးထိုးကြဦးမလားမသိပါဘူး၊ ခု ကိုကြီးကျောက်ရောက်နေတဲ့ Red Rock Canyon မှာ Keystone thrust fault ကြီးဖြစ်ပြီး ပင်လယ်အောက်က အနယ်ကျကျောက်တွေဟာ အကုန်ကျောက်တောင်တန်းကြီးဖြစ်လာတော့တာပဲ၊ ဒီပြတ်ရွေ့ကြီးကြောင့် အသက်ငယ်တဲ့ အနီရောင် သဲကျောက်ကလဲ အသက်ကြီးတဲ့ အဝါရောင်ထုံးကျောက်တွေအောက် ရောက်လို့ရောက်နဲ့ ကမောက်ကမတွေ ဖြစ်ကုန်တော့တာပဲ၊ ခုချိန်မှာတော့ကိုကြီးကျောက်တို့ ကျောက်ခဲဗေဒတွေအတွက်တော့ အင်မတန်ကြည့်ကောင်းတဲ့ နမူနာပုံစံပါပဲ၊ Red Rock Canyon ထဲမှာ သစ်ပင်ကြီးကြီးမားမားမရှိပေမဲ့ view point နေရာ ပေ ၄၀၀၀ ကျော်မြင့်ပြီး၊ တချို့ကျောက်တောင်တွေက ပေ တသောင်းကျော်မြင့်ပေတာကိုး၊ နွေမရောက်သေးတော့ ချမ်းစိမ့်စိမ့် နဲ့ တယ်လဲသာယာတာပဲ၊ နွေမှာတော့ အပူချိန် ၁၂၀ံ F ကအနဲဆုံးပဲတဲ့၊ တောင်ကြားထဲမှာ မိသားစု ဘာဘီကျူ့ကင်စားစရာ နေရာထိုင်ခုံလေးတွေနဲ့ အပန်းဖြေလာကြတာတွေတဲ့ ကားတွေမနဲပါဘူး၊

မိုဟားဗီကန္တာရမှာပါတဲ့ ဒီဒေသမှာ တောင်ဆိတ်တွေ၊ rattle snake လို့ခေါ်တဲ့ ခလောက်သံပေးမြွေတွေ တိရစ္ဆာန်အမျိုး ၃၀၀ ကျော်ရှိသတဲ့၊ အမေရိကမှာက လူမပြောနဲ့ တိရစ္ဆာန်တောင် ဘေးကင်းရန်ကင်းနေနိုင်တဲ့နိုင်ငံ ဆိုတော့ တိရစ္ဆာန်တွေကလဲ လူကိုကြောက်ရမှန်းလန့်ရမှန်းတောင်မသိဘူး၊ ကားလမ်းတွေကို လိပ်တွေ မြွေတွေ ဖြတ်သွားရင် ကားတွေက စိတ်ရှည်လက်ရှည် ရပ်ပြီးစောင့်ပေးရတာမျိုး၊ ကိုရွှေလိပ်များကလဲ အိုက်တင်နဲ့ ဖြတ်လိုက်ကြတာ၊ အဲ..သမင်တော့ စိတ်အညစ်ဆုံးပဲ၊ ကားရပ်ပေးထားလဲ ကိုယ့်ကားကို သူတို့က ဝရုန်းသုန်းခတ်တိုက်ပြေးကြတာမို့၊ ကိုယ့်မှာသာ ပိန်ရှုံ့နေတဲ့ ကားနဲ့ကျန်ခဲ့ရတာ၊

Red Rock Canyon ဒေသက ရေအောက်ကနေထွက်လာပြီး လွန်ခဲ့တဲ့ နှစ်သန်း ၁၈၀ ဝန်းကျင်မှာ ဆဟာရသဲသန္တာရလို သဲကန္တာရကြီးဖြစ်ခဲ့သေးတာပေါ့၊ သဲကန္တာရဆိုတော့ အခု ဆဟာရမှာတွေ့ရသလို sand dune လို့ခေါ်တဲ့ သဲခုံကြီးတွေလဲရှိတယ်၊ Red Rock Canyon က သဲခုံတွေအောက်မှာက မြေအောက်ရေရှိလေတော့ မြေအောက်ရေမှာပါတဲ့ ထုံးတွေနဲ့ ဓါတ်ပြုပြီး ကျောက်တောင်တွေ ဖြစ်လာပါရောလား၊

sand dune ကျောက်တောင်တွေရှေ့မှာ အိုက်တင်ပေးပြီး ဓါတ်ပုံတွေ ရိုက်ပေမဲ့ Grand Canyon သွားတုန်းက နှင်းတွေကျ၊ အအေးမိနဲ့၊ သိတ်နေမကောင်းချင်ဖြစ်တာမို့ မချိမဆန့်လေးပဲ ပြုံးပြီးအိုက်တင်ပေးရတာပေါ့လေ၊
Las Vegas ရောက်ရင် သွားပျော်၊ မောင်းပျော်တဲ့ နေရာလေးမို့ ကိုကြီးကျောက်တော့ နှစ်ခေါက် တောင်ရောက်တယ်၊ အဲ....သရဲက ခြေထောက်ကို အဆွဲခံချင်ရင်လဲ နေဝင်ဖြိုးဖျ မှာ ကျောက်တောင်ထက် တက်ပြီးရပ်နေနိုင်ကြောင်းလဲ သတင်းကောင်းပါးလိုက်ပါတယ်။


ကိုကြီးကျောက်မှာ အခုတလော စာကလဲရေးချင် ဒီမှာက ပန်းတွေလှိုင်လှိုင်ပွင့်တဲ့ လရာသီဆိုတော့ လူတိုင်းနီးပါး ပန်းဝတ်မှုန်တွေကြောင့် အလာဂျီဆိုတဲ့ မျက်စေ့တွေပူ၊နှာရည်တရွှဲရွှဲ နဲ့ ဖျားကြနာကြတော့တာကိုး၊ ကိုကြီးကျောက်လဲ ရောက်စ ၃ နှစ်လောက်က ခံနိုင်ရည်ရှိပေမဲ့ ခုတော့ သိကြားသားမဟုတ်ပါလေတော့ ခနခနဖျားနေတော့တာပဲ၊ ဆေးသောက်လိုက် နေကောင်းလိုက်၊ ပြန်ဖျားလိုက်နဲ့ သံသရာလည်နေတော့တာ၊ ဒီနေ့တော့ နေကောင်းနေလို့ စာရေးတင်လိုက်ပါတယ်။


Tuesday, April 19, 2011

ကန္တာရလမင်း ထဲက ကျောက်ခဲတလုံး

ကိုကြီးကျောက်တို့ငယ်ငယ် မူလတန်းကျောင်းသားဘဝက ပထဝီဝင်ဘာသာစသင်တော့ ကမ္ဘာပေါ်တွင် တိုက်ကြီးခြောက်တိုက်ရှိပါသည်၊ တောင် အမေကြီး...ကားတိုက်၊ မြောက်အမေကြီး..ကားတိုက်၊ ဒီလို ကလေးတုန်းကအော်ခဲ့ရတာကိုး၊ ဘာလို့ တောင်အမေကြီးနဲ့ မြောက်အမေကြီးက ကားတိုက်ခံရမှန်းလဲမသိ၊ ဆရာမက တိုက်ကြီး ခြောက်တိုက် ဆိုလို့သာ ၊ ကိုယ့်အိမ်နားမှာ ရှိတာကိုက တိုက်ကြီးက ခြောက်တိုက်မကဘူး၊ သမုဒ္ဒယာကြီး လေးစင်း၊နဲ့ သဲကန္တာရတွေ ဆက်ပြီး သင်ရတဲ့အခါ သဲကန္တာရဆိုတော့ ဆဟာရသဲကန္တာရလို သဲတွေ၊ ကုလားအုတ်တွေ ပဲရှိတယ်ထင်ထားတာပေါ့၊



ဒီလဆန်းက ကိုကြီးကျောက် Las Vegas နဲ့ Grand Canyon ကို Las Vegas က ကိုကြီးကျောက်ရဲ့ စာဖတ်သူနှမတယောက်က အလည်ခေါ်လို့ သွားတော့ မြောက်အမေရိကတိုက်က အရီဇိုနားကန္တာရကို ရောက်ဖူးရတော့တာပဲ၊ အရီဇိုးနားကန္တာရဟာ ဆဟာရလို သဲကန္တာရမဟုတ်ပါပဲလား၊ လွင်တီးခေါင် မှာဆူးခြုံပုတ်လေးတွေနဲ့ ကျောက်တောင်ကုန်းတွေ ရှိနေတာကိုး၊ ကိုကြီးကျောက်တို့ ဗမာပြည်အလယ်ပိုင်းနဲ့တောင် ခပ်ဆင်ဆင်မို့ ကိုယ့်ရပ်ကိုယ့်ရွာတောင် ကန္တာရဖြစ်တော့မှာလားလို့ တွေးတောင် ပူမိသေး၊

အရီဇိုးနားကန္တာရကြီးမှာ ကန္တာရငယ်က လေးခု နဲ့ ဖွဲ့ထားလေတော့၊ Las Vegas က Mojave (မိုဟားဗီ လို့ အသံထွက်သတဲ့၊ ရက်ဒ် အင်ဒီးယန်း မိုဟားဗီလူမျိုးစုနေရာဒေသမို့တဲ့) ၊ ကန္တာရမှာရှိတာပေါ့၊ ကန္တာရထဲမို့ ဒီ နှစ်ဆယ်ရာစုအစ ၁၉၀၈ ခုနှစ်မှ မြို့စတည်လိုက်တာ၊ ခုတော့ မိုဟားဗီ ကန္တာရက ဧရာမမြို့ကြီးဖြစ်နေပါရော့လား၊ ကန္တာရထဲမှာ စိုက်ပျိုးလုပ်ကိုင်စားလို့မရလို့ လောင်းကစားဝိုင်းတွေထောင်ပြီး မြို့ကြီးကို ရပ်တည်နိုင်အောင်အားထုတ်ခဲ့ကြတာကိုး၊



ကိုကြီးကျောက်ဝါရှင်တန်ဒီစီ ရော်နယ်ရီဂင်လေဆိပ်ကနေ ညနေထွက်လာလိုက်တာ Las Vegas ရောက်တော့ ည သန်းကောင်နီးနေပြီ၊ ကိုကြီးကျောက်တို့ အမေရိကန်ပြည်ထောင်စုအရှေ့ဖက် ကမ်းရိုတန်းမှာက လူနေထူထပ်တော့ မြို့ကြီးမြို့ငယ်တွေက ဆက်နေတာ၊ မီးရောင်တွေက လင်းထိန်နေရာကနေ တဖြေးဖြေး အတွင်းပိုင်းရောက်တော့ မီးရောင်တွေ နဲနဲသွားလိုက်တာ ကန္တာရထဲမှာ မှောင်နေတာပဲ၊ Las Vegas ကို လှမ်းမြင်နေတဲ့အချိန်မှာတော့ကန္တာရထဲက လမိုက်ညမှာ လမင်းကြီးကို မမျှော်လင့်ပဲမြင်လိုက်ရသလိုပါပဲ၊ ကန္တာရထဲက မီးရောင်စုံတွေဟာ တလက်လက်နဲ့ ကြည့်လို့လှလိုက်တာ၊ လေယာဉ်ကွင်းကလဲ မြို့လယ်ခေါင်ဆိုတော့ မီးရောင်စုံထွန်းထားတဲ့ ဟိုတယ်ကြီးတွေ၊ ကာစီနိုတွေ အတိုင်းသားမြင်နေရပါရောလား၊

Las Vegas ကိုစလည်မယ်ဆိုတော့ ကိုကြီးကျောက်တည်းတဲ့နေရာကနေ Las Vegas Blvd လမ်းမကြီးအတိုင်း ဝင်လာတော့ ပထမဆုံးစတွေ့တာ Mandalay Bay ဟိုတယ်နဲ့ ကာစီနိုရုံကြီးပေါ့၊ ဒီဟိုတယ်ပိုင်ရှင်က မန္တလေးမြို့ကိုရောက်တော့ မန္တလေးနန်းမြို့ရိုးတွေ နဲ့ မန္တလေးဆိုတဲ့ နာမည်ကို သဘောကျလွန်းလို့ ဟိုတယ်နဲ့ ကာစီနိုရုံကြီးဆောက်တော့ မန္တလေးပင်လယ်အော် ဆိုတဲ့နာမည်ကို မှည့်လိုက်သတဲ့၊ မန္တလေးနန်းတော်မြို့ရိုးပုံ ဟိုတယ်အပြင်မှာလုပ်ထားပေမဲ့ နဲနဲလေးမှ မတူတာတော့အမှန်ပါ၊

ဟိုတယ်ဝန်းထဲမှာ ဗမာပြည်ရောက်နေသလိုခံစားနိုင်အောင် စေတီဘုရား၊ ထန်းပင်လေးတွေနဲ့ သစ်တောတခု ဖန်တီးထားကတော့ သဘောကျစရာပါ၊ ကန္တာရကြီးမှာ သစ်ပင်ပန်းပင်တွေ စိမ်းလန်းစိုပြေအောင် အားထုတ်နိုင်ဖို့ဆိုတာက ငွေကုန်အတော်များမဲ့ ကိစ္စပါ၊ ငွေကုန်ခံနိုင်တဲ့မြို့ဆိုတော့လဲ သစ်ပင်ပန်းပင်တွေ ပြုပြင်ထားလိုက်တာ... ကန္တာရထဲက ရေမရှိတဲ့ အရပ်ပေမဲ့ ရန်ကုန်မြို့ကြီးထက် စိမ်းလန်းစိုပြေ အလှဝေနေတာတော့ အမှန်ပါပဲ၊

Mandalay Bay ဟိုတယ်နဲ့ ကာစီနိုကြီးကတော့ ကိုကြီးကျောက်အတွက် သိတ်စိတ်ဝင်စားစရာမရှိပါဘူး၊ လောင်းကစားဝိုင်းတွေ ကလဲ ငွေပေါပေါနဲ့ ကစားမှနိုင်နိုင်တာမို့ တမတ်ငါးမူးနဲ့ ပွတ်ဖို့ မကြံစည်တော့ပါဘူး၊ ကာစီနိုပိုင်ရှင်တွေကလဲ ငါးစာပဲပြပြီးလူတွေကိုမျှားထားတာကလား၊ သူတို့သာဟိုတယ်တွေ ကာစီနိုကြီးတွေ တလုံးပြီးတလုံးပိုင်သွားကြတာ ကစားတဲ့သူတွေ သန်းကြွယ်သူဌေးဖြစ်သွားတယ်ဆိုတာ မရှိသလောက်ပါပဲ၊ ဟိုတယ်ထဲက ဆိုင်တွေကလဲ နာမည်ကျော် တံဆိပ်ဈေးကြီးတာတွေမို့ ဘာမှလဲမဝယ်ဖြစ်ပါဘူး၊ အဲ.....ရန်ကုန်အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်ရှေ့ မှာတော့ အမှတ်တရဓါတ်ပုံလေးရိုက်ယုံပါပဲ၊ (ကစားဝိုင်းတွေဘေးမှာ တိုင်ပတ်ပြီးကနေတဲ့ ကောင်မလေးတွေပုံရိုက်တော့လာတယ်၊ နောက်မှတင်ပေးမယ်)၊

Mandalay Bay နဲ့ ကပ်လျက်မှာက Luxor ဟိုတယ်နဲ့ ကာစီနိုကြီး၊Mandalay Bay ကနေ ကာစီနိုချင်းရထားစီးပြီးသွားလို့ရတာမို့ အလကားရတဲ့ရထားကို အားပေးလိုက်ပြီး သွားကြည့်ပြန်ပါတယ်၊ သူက အီဂျစ်က ပိရမစ်ပုံဆောက်ထားတာ၊ ဟိုတယ်ခန်းလေးတွေက ပိရမစ်ကြီးတွင်းပိုင်းမှာ ခိုအိမ်လေးတွေ ချိပ်ထားသလိုပါပ၊ဲ
လောင်းကစားဝိုင်း၊ ဟိုတယ်နဲ့ ဈေးဆိုင်တွေပဲရှိတာမို့ ကိုကြီးကျောက်တော့အပြင်ထွက်ပြီး အိုက်တင်အမျိုးအမျိုးနဲ့ ဓါတ်ပုံရိုက်နေတော့တာပဲ၊

အီဂျစ်က ဖာရိုဘုရင်တွေမှာ တချို့က ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရင်ဖြစ်ကြတော့ ရင်ခွင်ပိုက်ဘုရင်ရယ်လို့ ထီမွေနန်းမွေခံကြတာကလား၊ ကိုကြီးကျောက်ကလဲ အဟင်း..ဘာရမလဲ၊ ကြီးတောင့်ကြီးမားကြမှ ဖာရိုနဲ့တွေ့ရတော့ သူ့ရင်ခွင်မှာ တက်ထိုင်ပြီး ရင်ခွင်ပိုက် ဖာရိုကျောက် လုပ်လိုက်တာပေါ့၊ အင်း...ဒါပေမဲ့လဲ ဖာရိုကျောက်ခမြာ ဟိုတယ်အပေါက်ဝမှာဆိုတော့ ဖာကြိုကျောက် ပဲဖြစ်မယ်ထင်ပါရဲ့....။


ကိုကြီးကျောက်ခရီးကပြန်လာပြီး ခရီးပန်းတာရော၊ ကိုယ့်အသက်ကိုမတွက်စစ်ပဲ ကာလသားလေးလို ကျောက်တောင်တွေတက်၊ ဘူမိဗေဒဆိုင်ရာကျောက်လွှာကျောက်တောင်တွေကြည့်၊ လုပ်မိတာရောကြောင့် နေထိုင်မကောင်းဖြစ်နေပါရောလား၊ ခုမှ သက်သာလို့ စာလေးနဲနဲ ရေးတင်လိုက်ပါတယ်၊ Las Vegas မှာကြည့်စရာ ရေးစရာတွေ အများကြီးရှိပါတယ်၊ ဒါပေမဲ့လဲ ကိုကြီးကျောက်ကတော့ ကမ္ဘာ့ သဘာဝအံ့ဖွယ် ခုနစ်သွယ်မှာပါတဲ့ Grand Canyon တို့ Las Vegas ဆင်ခြေဖုံးက Keystone thrust fault ပြတ်ရွေ့ကိုသွားလည်ရတာလောက်တော့ စိတ်မဝင်စားခဲ့ပါဘူး၊၊ အဖိုးကြီးဖြစ်လာတော့ လူငယ်တွေ သဲသဲလှုပ်လွမ်းပြနေတဲ့ သင်္ကြန်တောင် မေ့နေတာအမှန်ပါပဲ၊ ဘလော့တွေ လည်တော့မှ ဪ...သင်္ကြန်ရောက်လို့ တနှစ်ကူးလို့ အသက်တွေ တနှစ်ကြီးလာတာ သတိထားမိတော့တယ်၊ ကိုကြီးကျောက်ကတော့ အသက်ကိုမေ့ထားချင်လို့ ခုထိသင်္ကြန်မကျသေးပါ။


Google ကနေ မြို့အပေါ်စီးပုံ ရှာထားပြီး ကျန်တာတွေကတော့ နှမများရိုက်ပေးထားပါသည်၊
















Sunday, April 3, 2011

မောင်ဘကျောက် South Falls Church မှာနေသည်


ကိုကြီးကျောက်တို့ ကောင်မလေးတွေတွေ့ရင် ခြေလှမ်းသွက်သွက်နဲ့ ဇွတ်ကိုပြောလိုက်ဆိုလိုက် လုပ်နိုင်ပေမဲ့ အဖွားကြီးတွေနဲ့ဆို ကိုကြီးကျောက်မှာ လှုပ်တောင်မလှုပ်နိုင်ပါဘူး..အင်း...အတွေ့အကြုံကလဲ ကွာပေသကိုး၊ ကိုကြီးကျောက်တို့ ကျောင်းနေစဉ်ကလဲ အတန်းထဲမှာ ကျောင်းသူမရှိ၊ အလုပ်ထဲမှာလဲ အမျိုးသမီးတွေ မပါဆိုတော့ ကိုကြီးကျောက်တို့က စကားပြောရင် တခါတလေ လက်လွတ်စပယ်ဖြစ်တတ်ပေမဲ့ လူထဲသူထဲမှာတော့ ဘရိတ်လေးထားရတာပေါ့လေ၊ ဒါပေမဲ့လဲ ဖွားဖွားတို့နဲ့ ကြုံတော့......၊


ကိုကြီးကျောက်တို့ ဘဓရ မှာအလုပ်လုပ်တုန်းက တခါတလေ အရေးပေါ် field တွေ သွားရသဗျ၊ တချို့တပ်တွေက ရှေ့တန်းထွက်ရင်း တောထဲက ပြိုးပြိုးပြောင်ပြောင် သတ္တုနမူနာခဲတွေ ကောက်လာပြီး ရုံးပို့လာလို့ သွားကြည့်ပေးရတာမျိုး၊ သွားလေသူ ဦးနေဝင်းကြီး စိတ်ကူးယဉ်ပြီး ပုဂံခေတ်က ကုလား ပဋ္ဋိက္ခရားထွက်ကျတဲ့ ပြဒါးရှင်လုံးကို လိုချင်လို့ ဆိုပြီး ဘာကြီးမှန်းဘယ်သူမှမသိတဲ့ အကြောင်းအရာကို ဘယ်နေရာမှန်းမသိပဲ ရမ်းသန်းလိုက်ရှာပေးရတာမျိုး ၊ ဂျပန်ခေတ်က ဂျပန်တွေ မြှုပ်ခဲ့တဲ့ ရတနာသေတ္တာတွေ ရှာပေးပါဆိုတာမျိုးတွေ နဲ့ field တွေထွက်ရတာကိုးဗျ၊


တခါမှာတော့ ကိုကြီးကျောက်သူငယ်ချင်း ခင်မောင်လင်းရယ် ကိုကြီးကျောက်ရယ်၊နှစ်ယောက် အခု ဒုဋ္ဌဝတီမြစ်ပေါ်က ရဲယမန်းရေအားလျှပ်စစ်ဆည်လုပ်ထားတဲ့ အထက်ဖက်မှာ အရေးပေါ် field သွားရသဗျ၊ field က ပြောင်ပြောင်လက်လက် Glena သတ္တုခဲကို တပ်တတပ်က ရုံးပို့လာလို့ သွားကြည့်ပေးရတာပါ၊ ကိုကြီးကျောက်တို့လုံခြုံရေးကို တာဝန်ယူပေးတာက မန္တလေးတောင်ခြေက ခလရ (၉၅) တပ်ရင်းက၊ ကိုကြီးကျောက်တို့က မြစ်ဘယ်ညာမှာရှိတဲ့ ကျောက်ဆည်နယ်၊ မေမြို့နယ်တွေက ရွာတွေမှာ စခန်းချပြီး အလုပ်လုပ်ရတာပေါ့လေ၊


ကိုကြီးကျောက်တို့ တရက်မှာတော့ ရှမ်းရွာလေး တရွာ field ဆင်းရင်းရောက်သွားတယ်၊ ရွာရောက်တာနဲ့ ကိုကြီးကျောက်တို့က သူကြီးအိမ်ကို တခါထဲ တန်းသွားတာကိုး၊ သူကြီးအိမ်မှာ ခနနား ရေနွေးလေးသောက်ပေါ့လေ၊ အဲဒီ ရွာလေးက သူကြီးက အသက် ၆၀ ဝန်းကျင်လောက်ရှိပြီ၊ သူကြီးကတော်ကလဲ မတိမ်းတယိမ်းပဲ၊ သူကြီးအိမ်က ရှမ်းရွာကတောအိမ်လေးတွေ ပုံစံဆိုတော့ ခြေတန်ရှည်နဲ့ အိမ်ရှေ့မှာ ကပြင်(ကြမ်းပြင်) လေးထုတ်ထားတယ်၊ ကိုကြီးကျောက်တို့ အဖွဲ့က ကပြင်မှာ ထိုင်ပြီး ဘိနပ်ချွတ်၊ အိမ်ထဲဝင်တော့ ကပြင်မှာ သူကြီးကတော်က ပဲပုပ်တွေ လှမ်းထားတာအပြည့်ကိုး၊ ကိုကြီးကျောက်တို့ အိမ်ထဲဝင်ရင် သေချာဂရုစိုက်ဝင်မှ ပဲပုပ်တွေ မနင်းမိမှာ၊ သူကြီးကတော်ကလဲ သူ့ပဲပုပ်တွေ နင်းမိမှာစိုးတော့ လှမ်းပြောရှာတယ်၊ " ဆရာတို့ရယ် ပဲပုပ်တွေ မနင်းလိုက်ပါနဲ့ေ-ာက်ဖုတ်တာ နင်းချင်နင်းသွားပါ " တဲ့.....၊


အောင်မလေး.......ကိုကြီးကျောက်တို့ အိမ်ထဲဝင်ဖို့တောင် အလန့်တကြားဖြစ်သွားတာပဲ၊ ပဲပုပ်ကို မနင်းရအောင် သူနင်းခိုင်းတဲ့ အကြောင်းအရာကိုလဲ အိမ်ထဲဝင်ပြီးလဲ မနင်းရဲပေါင်ဗျာ ၊ သူက အသက် ၆၀ လောက်အဖွားကြီး၊ သူနင်းခိုင်းတိုင်းနင်းလို့ မတော် ခြေတချောင်းလုံးကျွံကျရင် မခက်ပါလားဗျာ၊ ဟင်း...တော်ကြာ တောထဲမှာ ပျားဒူအုံမှာ ခြေကျွံကျလို့ ခြေထောက်ပြန်နှုတ်ရင် အရိုးချည့် ကျန်တော့တယ်ဆိုတာမျိုးလို ....အမလေး...တွေးရင်းတောင် ကြက်သီးထလာပြီ၊ ကိုကြီးကျောက်တို့မှာ သူကြီးကတော် အဖွားကြီးပြောတာကြားပြီး တယောက်မျက်နှာတယောက်ကြည့်ပြီး အိမ်ထဲဝင်ရမလို မဝင်ရမလို ဖြစ်သွားတာပဲ၊


ကိုကြီးကျောက်တို့ field က မေမြို့ဖက်အခြမ်းက ရွာတွေကိုလဲ သွားရသေးသဗျ၊ မေမြို့နယ်ထဲက ဘော်၊ ကျားတွင်းရေ၊ ဖာသင်း၊ အဲဒီရွာလေးတွေဖက်ပေါ့ဗျာ၊ ကျားတွင်းရေမှာတော့ သံသတ္တုမိုင်းရှိတော့ ကိုကြီးကျောက်တို့က တာဝန်မရှိပါဘူး၊ ကိုကြီးကျောက်တို့က ဖာသင်းဆိုတဲ့ ရှမ်းရွာလေးမှာနေတယ်၊ ရှမ်းရွာလေးတွေ ထုံးစံအတိုင်း ရေကိုတောင်ကျရေလေးတွေကို ဝါးရေတံလျှောက်လေးတွေနဲ့ အဆင့်ဆင့် ရွာကိုသုံးဖို့သွယ်ယူတာကိုး၊ ရေချိုးဆိပ်ဆိုရင်လဲ ချောင်းနံဘေးမှာ ရေတံလျှောက်နဲ့ သွယ်ပြီးမှ လူကအောက်မှာဝင်ချိုးကြတာ၊ ယောင်္ကျားနဲ့ မိန်းမရေချိုးဆိပ် သီးခြားစီရှိတယ်၊ မမြင်ရအောင် ချောင်းကွေ့ အကွယ်လေးတွေမှာ ထားတယ်၊


အပျိုမတွေကတော့ ဘယ်လို ရေချိုးတယ် မသိပါဘူး၊ ကိုကြီးကျောက်တို့ ယောင်္ကျားရေချိုးဆိပ်ကတော့ ရှမ်းတွေက လူရှိရင် ကန်တော့ခါ့ လို့ပြောပြီး ရှမ်းဘောင်းဘီလေး ချွတ်ပုံလိုက်ပြီး သူတို့ဟာလေး လက်ဝါးနဲ့ အုပ်ပြီး ရေတံလျှောက်အောက်မှာ ထိုင်ချပြီးချိုးကြတာပဲ၊ ကိုကြီးကျောက်တို့ကတော့ ဘယ်သူ့မှလဲ ကန်တော့မနေတော့ဘူး ဒီအတိုင်း ချွတ်ပုံလိုက်ပြီး တယောက်နဲ့တယောက် တွန်းထိုးဆော့ရင်း တိုးလို့တန်းလန်းတွေနဲ့ ချိုးကြတာ ဆူညံနေတာပဲ၊


တရက်မှာတော့ ကိုကြီးကျောက်တို့ လုံခြုံရေးလိုက်တဲ့ ရဲဘော်လေး ခင်ဇော်နဲ့ တင်ဝင်းက " အကို.....ရေချိုးသွားမယ်လေ " ဆိုတော့ မလိုက်သေးဘူးပြောတာကို အတင်းကပ်ခေါ်နေတာနဲ့ လိုက်သွားရောဗျ၊ အမယ်...သူတို့က ယောင်္ကျားရေဆိပ်ဖက် မသွားပဲ မိန်းမဆိပ်ဖက်ကို ဦးတည်နေတာကိုး၊ ရောက်ခါနီးတော့ ခြုံကြိုခြုံကြားဝင် အသာဝပ်ပြီးသွားကြတော့....အမယ် ရှမ်းမလေးတယောက် ခေါင်းပေါင်းလေးပေါင်းလို့ ကိုကြီးကျောက်တို့ ကို ကျောပေးပြီး ရေထိုင်ချိုးနေတာကိုး၊ ဟယ်......လက်စသတ်တော့..ရှမ်းမလေး..ဖြူဖြူဖွေးဖွေးလေး ဖင်ပြောင်လေးနဲ့ ရေချိုးနေတာကြည့်ဖို့ ခေါ်လာတာကိုး၊ ကြည့်နေရင်း..ရှမ်းမလေး ကရေချိုးပြီးလို့ အင်္ကျီဝတ်ဖို့ ကိုကြီးကျောက်တို့ ဖက်လဲ လှည့်လိုက်ရော.........


ဟင်း...အသက် ၆၀ ကျော် အဖွားကြီးဖြစ်နေပါလား၊ သူပိုင် ရှေ့ပစ္စည်းအစုံကလဲ မနှစ်က သီးတဲ့ ခရမ်းသီးကို ဒီနှစ်မှ ထုတ်ကြည့်ရသလို ပိန်ညှောင်ရှုံ့တွ တွဲကျနေတာကိုး၊ ကိုကြီးကျောက်က မအီမလည်ဖြစ်နေတဲ့ ခင်ဇော်မျက်နှာကို ကြည့်ပြီး တခစ်ခစ် ကြိတ်ရီသံ အဖွားကြီးက ကြားသွားတယ်ထင်ပါရဲ့ ရင်ကော့ပြီးတော့တောင် သူ့ပစ္စည်းကို ရမ်းပြနေတာ TZA တို့သာမြင်ရင် ဓါတ်ပုံရိုက်ပြီး သူ့ ဘလော့မှာ တင်လောက်တယ်၊ ကိုင်း...မှတ်ပြီလား..ကိုကြီးကျောက်တို့ တခါချောင်းတခါကြုံရပလေတာ၊


ကိုကြီးကျောက် အမေရိကန်ပြည်ထောင်စုကို ရောက်တော့ ကိုယ့်မိတ်ဆွေဟောင်းတွေ ဒီမှာရောက်နှင့်နေတာတွေနဲ့ ပြန်ပြီးဆုံရတွေ့ရတယ်၊ အဲဒီ ထဲမှာအသိအကျွမ်းဟောင်း ဆရာမကြီးတယောက်လဲပါတယ်၊ ဆရာမက ကိုကြီးကျောက်တို့ကို စာတော့မသင်ဘူးပါဘူး၊ သူက ရန်ကုန်စီးပွားရေးတက္ကသိုလ်က ဝါဏိဇ္ဇဗေဒဌာနက ဆရာမကြီး၊ နောက်..ဘန်ကောက်က Assumption တက္ကသိုလ်မှာ ဆရာမ၊ ကိုကြီးကျောက်အထက်က အကိုကလဲ အဲဒီကျောင်းမှာ အင်္ဂလိပ်စာဌာနကဆရာ၊ ဒီတော့ တနွယ်ငင်တစင်ပါ ဆိုသလို ကိုကြီးကျောက်က အဲဒီကျောင်းက ဗမာဆရာဆရာမတွေနဲ့ ခင်နေတာပေါ့၊ ဆရာမကြီးကလဲ တွေ့ရင်အမြဲအရွှတ်အနောက်ပြောနေကြ ဆိုတော့ ကိုကြီးကျောက်တို့နဲ့က တဝါးဝါး တဟားဟား ပါပဲ၊


ဆရာမကဝါရှင်တန်ဒီစီကို Maryland ဖက်အခြမ်းမှာနေတယ်၊ ကိုကြီးကျောက်က ဗာဂျီးနီယားဖက်အခြမ်းမှာ နေတယ်၊ ကိုကြီးကျောက်နေတာက East Falls Church မှာ၊ ဆရာမက တွေ့တော့ " ဟဲ့ကောင်လေး....နင်ဘယ်မှာနေလဲ " တဲ့၊ ကိုကြီးကျောက်က " အန်တီ... ကျွန်တော် East Falls Church " မှာနေတယ်ဆိုတော့ " အော..အေးအေး " တဲ့၊ ဒါပေမဲ့လဲ...နောက်တွေ့လို့ ကိုကြီးကျောက်ကို ခေါ်ရင် " ဟဲ့.....South Falls Church ကကောင်လေး "လို့ခေါ်တာ ၊ South Falls Church ကို ဗမာလို ပီပီသသ အသံထွက်ပြီး ခေါ်တာ ဆရာမခေါ်တာကြည့်အုန်းလေ..၊ " ဟဲ့...ေ-ာက်ဖုတ်ချပ် ကကောင်လေး " တဲ့၊


ကိုင်း.....ကိုကြီးကျောက်မှာဖြင့် အသက် ၆၀ ကျော် အဖွားကြီးတွေနဲ့ တွေ့ရရင်...သူတို့ပြောသမျှ ငြိမ်ခံနေရတော့တာပဲ၊ strip ကပြတဲ့ အဖွားကြီးနဲ့ သူတို့ဟာ တက်နင်းခိုင်းတာနဲ့၊ အဲဒီချပ်ကြားနေခိုင်းတာနဲ့ ကိုကြီးကျောက်မှာ လှုပ်ကို မလှုပ်နိုင်ပါဘူး..၊ အင်း....ကိုကြီးကျောက်လဲ လူပျိုကြီးဘဝနဲ့ ယင်မမသန်းပဲ နေလာသမျှ အမေရိက ရောက်မှပဲ ..ဟို ချပ်ကြားထဲ နေရတော့တယ်..။ ။


ကိုကြီးကျောက် မတ်လ ၃၁ ရက်နေ့က ရက်ချိန်းပေးလို့ ဆရာဝန်နဲ့တွေ့တော့ NIH က ကိုကြီးကျောက်ရဲ့ အသဲက ဒဏ်ရာတွေဟာ ကင်ဆာ မဟုတ်ပါဘူးလို့ ပြောသတဲ့၊ ကိုကြီးကျောက်မှာဖြင့် မနှစ်က ဒီလိုအချိန်လောက်က စပြီး ရောဂါလက္ခဏာတွေပြလာလိုက်တာ ဖလော်ရီဒါက Martin memorial ဆေးရုံ၊ တက်ကဆပ်ပြည်နယ် Houston မြို့က Bayshore ဆေးရုံ၊ Maryland ပြည်နယ် Silverspring က Holy Cross ဆေးရုံ တွေမှာ တက်ခဲ့ရတော့၊ MRI , CT scan တွေရိုက်ကြည့်ကြပြီး အားလုံးက ကိုကြီးကျောက်ကို အသဲကင်ဆာလို့ပြောပြီး ရောဂါ လွန်နေတာကြောင့် ကြာကြာမနေရတော့ဘူးလို့ ပြောကြပါတယ်၊

ခု NIH မှာ ကိုကြီးကျောက်ရဲ့ အကြိုအကြားတွေက ကင်ဆာအကျိတ်တွေနှိုက်ပြီး ရှာကြည့်တော့လဲ မတွေ့၊ သွေးစစ်မှတ်တမ်းကလဲ တဖြေးဖြေး ဘာဆေးမှမသောက်ပဲ ကောင်းလာတော့ ကင်ဆာလို့ မသတ်မှတ်လို့ NCI ကလဲ ကုမပေးပါဘူး၊ ကိုင်း...ကိုကြီးကျောက်ကတော့ တုံးကျော်ကျောက် ဖြစ်ပါပြီ၊


အဲ...ဒါပေမဲ့ အသဲမှာ စီပိုးကြောင့်ဖြစ်တဲ့ ဒဏ်ရာနဲ့ စီပိုးကို သတ်ဖို့ ၄လ လောက်အနဲဆုံး အပတ်စဉ် ဆေးထိုးဆေးကုရပါလိမ့်မယ်၊ စီပိုးက ဒီမှာတော့ ရှင်းရှင်းလင်းလင်းပျောက်ကင်းအောင် ကုပေးနိုင်တဲ့ ဆေးတွေရှိနေပါပြီ၊ သူတို့သိချင်တဲ့ အချက်ထဲမှာ ကိုကြီးကျောက် စားကောင်းသောက်ကောင်း နေထိုင်ကျန်းမာနေတဲ့ အကြောင်းရင်းပါပဲ၊ ဧပြီလ ၁၄ ရက်နေ့ဆေးခန်းကို သွားရရင် သူတို့ သိချင်တဲ့ တပင်တိုင်မြနန်းကို ယူသွားပေးရပါဦးမယ်၊ သူတို့ကတော့ ကိုကြီးကျောက်မှာ ကင်ဆာအကျိတ်တွေ မရှိအောင် တပင်တိုင်မြနန်းက ဘယ်လိုစွမ်းသလဲဆိုတာ သိချင်နေပုံပါပဲ၊ မန္တလေးက ရွှေစင်တို့ ညီအမ ပို့ထားတဲ့ ဆေးမြစ်အပြင် ကိုကြီးကျောက်ရဲ့ စာဖတ်ပရိဿတ် LA ကအမကြီး မမသိန်း ပို့ပေးတာတွေ ရှိနေလို့ တော်ပါသေးရဲ့၊


ကိုကြီးကျောက်ကတော့ မေတ္တာအစွမ်းလဲ အထူးယုံကြည်မိပါတယ်၊ ကိုကြီးကျောက် နေမကောင်းဘူးလို့ ကြားကထဲက ကိုကြီးကျောက်ကို ကမ္ဘာအရပ်ရပ်က ဝိုင်းဝန်းမေတ္တာပို့ကြတာကိုက ရောဂါကို တဝက်လောက်ပျောက်သွားတယ် ထင်တာပါပဲ၊ ဒါ့ကြောင့် အားလုံးကို အထူးကျေးဇူးတင်ကြောင်း ကိုကြီးကျောက်ရင်တွင်းစကားကို လှိုက်လှိုက်လှဲလှဲ ဆိုပါရစေ.....ကိုကြီးကျောက် ဖလန်းဖလန်း ထနေပြီမို့ April ၅ ရက်နေ့ Las Vegas ၊ Grand Canyon နဲ့ LA ကို သွားလိုက်ပါဦးမယ် ၊ ပြန်လာမှပဲ စာတွေရေးပါ့မယ်...


google map က မြေပုံပါ

Wednesday, March 30, 2011

ကသုတ်ကရက်နဲ့ ကုတ္တက်က ကိုကိုကျောက်

ကိုကြီးကျောက်တို့ ကျောင်းပြီးစ ဘဓရမှာ အလုပ်စဝင်တော့ ပထမဆုံးဆင်းရတဲ့ field ကရွှေဘိုခရိုင် ခင်ဦးနယ်က သင်ပေါင်း နဲ့ ကုတ္တက်ဆိုတဲ့ ရွာလေးတွေမှာ၊ ဒီရွာလေးတွေမှာစတည်းချရင်း အနီးပတ်ဝန်းကျင်ကချောင်းလေးတွေက ရွှေစနမူနာလေးတွေယူရတာပေါ့လေ၊ ဒီရွာလေးတွေက ဧရာဝတီမြစ်ရဲ့ တတိယမြစ်ကျဉ်းဒေသ မြစ်အနောက်ဖက်ကမ်းနယ်ပေါ့၊​ဧရာဝတီမြစ်ရဲ့ တတိယမြစ်ကျဉ်းဟာ နာမည်ကျော်စစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာ ရှိနေတာကလား၊ စစ်ကိုင်းပြတ်ရွေ့ကြောကြီးက မြန်မာပြည်မြောက်ပိုင်းကချင်ပြည်နယ် ကူမွန်တောင်ကြားကနေ တောင်ဖက်ကို တန်းဆင်းလာလိုက်တာ မိုးကောင်းလွင်ပြင်ကိုဖြတ် ကသာထီးချိုင့်ကနေ သပိတ်ကျင်း၊ စဉ်ကူး၊ စစ်ကိုင်းတောင်ရေခါးအင်း ၊ စစ်ကိုင်း ဆင်များရှင်ဘုရားနားကနေ ၊ နေပြည်တော်၊တောင်ငူ၊ဖြူး၊ ပဲခူး ၊ အဲဒီကနေ ကပ္ပလီပင်လယ်ထဲကို ဆင်းသွားတာကိုး၊ ဧရာဝတီမြစ် တတိယမြစ်ကျဉ်းကလဲ ပြတ်ရွေ့ကြောကြီးပေါ်ဆိုတော့ မြစ်ကြီးကလဲ တောင်မြောက်ဖြောင့်ဖြောင့်ကြီး မကွေ့မကောက်စီးနေတာကလား၊ အဲဒီမြစ်ကျဉ်းထဲက ကျွန်းလေးပေါ်မှာ အညာသီဟတောဘုရားကလဲ တည်နေတာအင်မတန်သာယာလိုက်တာ၊ ဟော..စဉ့်ကူးမင်းကတော့ အညာသီဟတောဘုရားဖူးထွက်လိုက်မိတာ ဖောင်းကားစားမောင်မောင်က နန်းသိမ်းထားလို့ ရာထူးလက်လွတ်ဖြစ်ရပါရောလား၊ ကိုကြီးကျောက်ကတော့ ကိုယ့်ရာထူးတက်သိမ်းမဲ့သူမရှိနိုင်တာမို့ အညာသီဟတောဘုရားတော့ ခနခနရောက်ပါ့ဗျာ၊ ဒီစစ်ကိုင်းပြတ်ရွေ့ကြောကြီးက ဗမာပြည်အလယ်လူနေထူထပ်တဲ့နေရာကို ဖြတ်သွားတော့ ဒီပြတ်ရွေ့ကြောကြီးရွေ့ရှားလို့ဖြစ်လာတဲ့ ငလျင်ဒဏ်ကို လူအများခံရတာပါပဲ၊ ၁၉၁၂ ခုနှစ်က ရစ်ချတာစကေး ၈.၀ နဲ့ အခုနေပြည်တော်နဲ့ မဝေးလှတဲ့ နေရာကို ဗဟိုပြုလှုပ်တဲ့ငလျင်ကြီး၊ ၁၉၃၀ ခုနှစ်က လှုပ်တဲ့ ပဲခူးငလျင်ကြီးဆိုလဲ ဖြူးနဲ့ပဲခူးမှာ လူတွေသေကြတာမနဲကလား၊ ရွှေမော်ဓေါဘုရားရင်ပြင်မှာတွေ့ရတဲ့ငှက်ပျောဖူးတော်ကြီးဟာ အဲဒီတုန်းကပြိုကျခဲ့တာပေါ့၊ ၁၉၅၆ခု စစ်ကိုင်းငလျင်ကြီးကလဲ စစ်ကိုင်းတမြို့လုံးပျက်စီးသွားတာ၊ ကိုကြီးကျောက်ကတော့ မမွေးသေးပါဘူး၊ ကိုကြီးကျောက်မိဘတွေက အဲဒီတုန်းက စစ်ကိုင်းမှာဆိုတော့ သူတို့ပြန်ပြောပြတာမှာ ဆင်များရှင်ဘုရားကြီးပြိုကျပြီး ဘုရားထဲမှာ ရှိနေတဲ့သူတွေ ရာဂဏန်းနီးပါးလောက်သေကြသတဲ့၊
ကိုင်း..ဒီလိုပြတ်ရွေ့ကြောကြီးတွေ ကမ္ဘာအနှံ့မှာ တည်နေပြီး ငလျင်ကြီးတွေ လှုပ်၊ ဆူနာမီတွေဖြစ်နေတာ လူတွေ မဆင်ချင်ကြ ဆပ်ဆော့ကြလွန်းလို့၊ ပတ်ဝန်းကျင်တွေ မထိန်းသိမ်းကြလို့ ဆိုပြီးခုမှစဖြစ်တာ မဟုတ်ပါဘူး ၊ ဟိုး..နှစ်ပေါင်းသန်းထောင်နဲ့ချီတဲ့ အချိန်ကထဲကဖြစ်ပျက်နေတာကလား၊ စစ်ကိုင်းပြတ်ရွေ့ကြောကြီးဖြစ်ဖို့ အကြောင်းမှာ အိန္ဒိယကျွန်းဆွယ်ရဲ့ ရွေ့ရှားနေမှုက အဓိကအကြောင်းပါပဲ၊ အိန္ဒိယကျွန်းဆွယ်က လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၂၅ သန်းလောက်က အာရှတိုက်နဲ့ တခြားစီ အဝေးကြီး၊ နှစ်သန်းပေါင်း ၂၀၀ လောက်ကမှ စလို့ တဖြေးဖြေး မြောက်ဖက်ကို ရွေ့လာလိုက်တာ နှစ်သန်းပေါင်း ၅၀ လောက်ကစလို့ ဟိမဝန္တာတောင်တန်းတွေ၊ ချင်းတောင်တန်းတွေ ၊ ရခိုင်ရိုးမတွေ သူ့ကြောင့် တွန့်ခေါက်ပြီး ပင်လယ်ထဲကနေ ထွက်လာရတော့တာပဲ၊


လွန်ခဲ့တဲ့နှစ်သန်း ၂၀၀ ဝန်းကျင်လောက်ကဆို ရှမ်းကုန်းပြင်မြင့်ကြီးဟာ ပင်လယ်ထဲမှာငုတ်ချည်ပေါ်ချည်ပေါ့ဗျာ၊ အောင်ပန်းသားဘလော့ဂါလေး MKS တို့ဆိုရင် အဲဒီအချိန်ကအောင်ပန်းမှာရှိရင် ဆလုံလေးလို လန်ကွတ်တိလေး ဝတ်ပြီးရေထဲခရုငုတ်နေမယ်ထင်ပါရဲ့ ..ခုတော့ဗျာ..တောင်ပေါ်သားတဲ့ ..အဟတ်၊ မယ်ချစ်တို့ ဆိုလဲ တောင်ကြီးကို သင်္ဘောစီးပြီးသွား၊ beachမှာ ရေမြင်းမကြီးလို အိုက်တင်ထုတ်၊ ကိုကြီးကျောက်ကတော့ သဲသောင်ပြင်မှာ ကောင်မလေးနဲ့ လူးလိုက်လှိမ့်လိုက်နဲ့ ဟို ..တောင်ကြီးက ဘာသာပြန်ဆရာမလေး ရောင်းတဲ့ ကင်းမွန်တို့ငါးတို့ အကင်လေးဝယ်စားနေမှာလို့ စဉ်းစားနေမိသဗျ၊


ဒီအိန္ဒိယကျွန်းဆွယ်က အာရှတိုက်ကို ဝင်တိုးနေတော့ တရုပ်ပြည်အနောက်တောင်ပိုင်းမှာလဲ ပြတ်ရွေ့ကြောတွေဖြစ်..ငလျင်တွေခနခနလှုပ်လိုက်တာ ၊တချို့ပြတ်ရွေ့ကြောတွေဆို ဗီယက်နမ်ကမြစ်နီမြစ်ဝှမ်း၊ ဗမာပြည်အရှေ့ပိုင်း ကျိုင်းတုံနယ်၊ မြောက်ပိုင်းက လားရှိုးနယ်က ပြတ်ရွေ့တွေနဲ့ ဆက်စပ်နေတော့တာပဲ၊ မတ်လ ၁၁ ရက်နေ့က တရုပ်ပြည်ယူနန်နယ်က ရင်ကျန်းမှာငလျင်လှုပ်ပြီးလို့ သိတ်တောင်မကြာသေးဘူး၊ ဗမာပြည် လွိုင်မွေမှာ ဆက်လှုပ်တော့တာပဲ၊


ကိုင်း...ကမ္ဘာကြီးကလဲ ဒီလောက်တောင် ဘာကိစ္စလှုပ်ရှားနေတာပါလိမ့်ဆိုတော့ ကမ္ဘာမြေကြီးဟာ ပထမအငွေ့ဘဝ၊ အဲဒီကမှ အရည်၊ တဖြေးဖြေးအေးခဲလာတော့ ကျောက်လွှာချပ်ကြီးတွေ ဖြစ်လာတာကိုး၊ ကျောက်လွှာချပ်တွေကလဲ မိုင် ၅၀ ကနေ မိုင်၂၅၀ လောက်ထိ ထူကြတယ်၊ သူတို့ကကမ္ဘာ့အတွင်းပိုင်းက ကျောက်ရည်ပူပေါ်မှာ မျောနေသလိုဖြစ်နေတော့ တခုနဲ့တခု တွန်းလိုက်ကြတိုက်လိုက်ကြ၊ တိုက်မိခိုက်မိတော့ ငလျင်တွေ လှုပ်၊ ကျောက်လွှာတွေမှာ ပြတ်ရွေ့ကြောင်းတွေ ဖြစ်၊ ကျောက်ရည်ပူတွေက အတွင်းပိုင်းကနေ အက်ကြောင်းအတိုင်းတိုးထွက်လာတော့ မီးတောင်တွေဖြစ်ကုန်ရတာပေါ့၊


ကဲ..ကိုကြီးကျောက်လဲ စစ်ကိုင်းပြတ်ရွေ့ကနေ ကမ္ဘာတောင်တပတ် ပတ်မိတော့မယ်၊ ကိုယ့် field ဆင်းတဲ့နေရာပဲပြန်ကြရအောင်၊ ကိုကြီးကျောက်တို့ ကုတ္တက်သွားတော့ ရွှေဘို ကျောက်မြောင်းကနေ မော်တော်စီးပြီးကဘွက်ဆိုတဲ့ ရွာမှာဆင်းတယ်၊ ကဘွက်ဆိုတဲ့ရွာက မြစ်ကျဉ်းရဲ့ တောင်ဖက်အဆုံး၊ ကဘွက်ကနေ ၂ မိုင်လောက်လျှောက်လိုက်ရင် ကုတ္တက်ရောက်ပြီ၊ ကိုကြီးကျောက်တို့က ရိက္ခာဝယ်ရင် ကဘွက်ရွှေတောမှာလဲ ဝယ်ရင်ရတယ်၊ ဒါပေမဲ့ ကျောက်မြောင်းပဲ သွားဝယ်တယ်၊ ပစ္စည်းပိုစုံတာကိုး၊


တနေ့ ရိက္ခာသွားဝယ်တော့ လမ်းမှာ ကောင်မလေး ၃ ယောက်နဲ့ တွေ့ရော၊ ကိုကြီးကျောက်တို့ကလဲ ကျောင်းပြီးစ အသက် ၂၀ ဝန်းကျင်၊ ကောင်မလေးတွေကလဲ အဲဒီဝန်းကျင် ဆိုတော့ ...အဟင်း...သိတယ်မို့လား..၊ ချက်ချင်းပဲ အဖွဲ့ကျသွားတော့တာပဲ၊ ကိုယ်ကလဲ အပျိုမြင်ရင် အာဝိဇ္ဇန်းကရွှင်၊ သူတို့ကလဲ ရွယ်တူကောင်လေးတွေ ဘာပြောပြောသဘောကျ ၊ ခိုးခိုးခစ်ခစ်နဲ့ ဖြစ်နေတာပဲ၊ သူတို့က ရွှေဘိုသူတွေ၊ ရွှေတောကို အလည်လာတာ၊ ရွှေဘိုပြန်မှာဆိုတော့ ကိုကြီးကျောက်က မေပျိုရယ် နေညိုရင် ရွှေဘို မှာဆုံစို့ကွယ်လို့ ပြောတော့ ...အင်း..လိုက်ခဲ့လေတဲ့..၊ ကိုကြီးကျောက်တို့ကို ဘယ်ရွာကလဲလို့ မေးတော့ ကသုတ်ကရက်နဲ့ ကုတ်တက် ကကိုးဗျ....လို့ဖြေတော့ မယုံပါဘူးတဲ၊့


အင်း...ယုံချင်စရာလဲမရှိပါဘူး..၊ မန္တလေးမှာကျောင်းနေ၊ ရန်ကုန်မှာအလုပ်ဝင်တဲ့ ကိုကြီးကျောက်တို့ ဒီဇိုင်းက အဲဒီဖက်က ရွာသားတွေနဲ့ မတူတာတော့ အမှန်ပါပဲ၊ ဒါနဲ့ ကိုကြီးကျောက်က လမ်းဘေးက ခြုံဖုတ်ကို လက်ညှိုးထိုးပြပြီး ဟိုမှာ...ယုံယုံ...လို့ ပြလို့ သူတို့လဲ ခြုံဖုတ်ကို လှမ်းကြည့်လိုက်ရော ကိုယ်ကလူပျိုလက်ဆိုတော့ သိတယ်မို့လား..ဘာလိုလိုဖြစ်နေတဲ့ ကောင်မလေး ကို ပခုန်းတန်းဖက်လိုက်တော့တာပဲ၊ ရုတ်တရက်အငိုက်ဆိုတော့ သူ့တကိုယ်လုံးတုန်သွားလိုက်တာ..စစ်ကိုင်းငလျင်လှုပ်သလိုပါပဲ..အဟင်း...စစ်ကိုင်းပြတ်ရွေ့ကလဲ မနီးမဝေးရှိတယ်မို့လား၊ ကျန်တဲ့ကောင်မလေးတွေက ဟေး...ဆိုပြီး လက်ခုတ်တီးကြသဗျ၊


အဲဒီနေ့က ကိုကြီးကျောက်တို့ ရွှေဘိုအထိတော့ မရောက်ပါဘူး၊ နောက်နေ့ အလုပ်ကရှိတော့ ကျောက်မြောင်းကနေပဲ ပြန်ခဲ့တော့တယ်၊ ကျောက်မြောင်းမှာလဲ မအိပ်တော့ပါဘူး..ကျောက်မြောင်းဘိုတဲက သရဲ သိတ်ကြမ်းသဗျ၊ သစ်သားနဲ့ အသေရိုက်ပိတ်ထားရတဲ့ အခန်းဆိုရင် အခန်းထဲအိပ်မရအောင် တညလုံး ကုတင်ပေါ်ကဆွဲချ၊ ကြမ်းပြင်ပေါ်တရွတ်တိုက်ဆွဲနဲ့၊ မနက်လင်းတော့ အသက်ပျောက်နေတဲ့ သူတွေရှိလာလို့ အသေကိုပိတ်ထားရတာ၊ ခုတော့ သရဲလဲ အနှစ် ၃၀ လောက်ရှိပြီဆိုတော့ မရှိလောက်တော့ပါဘူး၊


ကိုကြီးကျောက်ရဲ့ ဘလော့ဂါညီဖြစ်တဲ့ ကိုအောင်(ပျူနိုင်ငံ) က၊ စစ်ကိုင်းပြတ်ရွေ့နဲ့ သူ့ကြောင့် ငလျင်လှုပ်လာရင် ဘယ်လိုကာကွယ်နေထိုင်ရမယ်ဆိုတာ tag လာလို့ ရေးလိုက်ရပါတယ်၊ တကယ်တော့ ငလျင်လှုပ်လို့ လူသေတာမဟုတ်ပါဘူး၊ အဆောက်အဦးတွေပြိုကျ၊ ပိမိကြလို့ သေကြရတာပါ၊ စစ်ကိုင်းပြတ်ရွေ့ကြောင့် ငလျင်အကြီးစားမဖြစ်တာကြာပြီဖြစ်လို့ ခုတခါလှုပ်ရင် ပြင်းထန်နိုင်တာမို့ သတိရှိကြရင်တော့ အကောင်းဆုံးပါ၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူ၊ ဖြူး၊ ပဲခူး၊ တို့ဟာ အထူးသတိထားရမဲ့နေရာတွေပါ၊ ခေတ်မီနည်းပညာနဲ့ ဆောက်ထားတာမဟုတ်ပဲ ပြီးစလွယ်ဆောက်ထားတဲ့ မန္တလေးနဲ့ ပဲခူးက ကန်ထရိုက်တိုက်တွေမှာ နေသူတွေ အတွက်အန္တရာယ်ကြီးပါတယ်၊


LA မှာနေတဲ့ ကျောက်နှမချိုသင်းတို့ကတော့ ငလျင်လှုပ်ရင်ဘယ်လိုနေရမယ်ဆိုတာ သူ့ရုံးမှာလုပ်တုန်းက ခနခန ရုံးတွေမှာ လေ့ကျင့်နေရတာမို့ သူက ကိုကြီးကျောက်ထက်ပို သိပါမှာပါ၊ ကိုကြီးကျောက်ကတော့ ရွှေစင်တို့မန်းမှာနေတဲ့သူတွေ အကြံပေးချင်တာကတော့ ပြိုကျလဲမသေနိုင်တဲ့ ထန်းလက်တဲမှာနေကြပါ၊ ပိုကောင်းတာကတော့ သစ်တပင်အောက်၊ဝါးတပင်အောက်မှာ နေပြီးတရားအားထုတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ၊


ဒါနဲ့ စကားမစပ် ဖတ်ဖူးတဲ့အကြောင်းလေး တခုတော့ ပြောပါရစေ၊ မင်းတုန်းမင်းကြီးရဲ့ မိဖုယားခေါင် စင်္ကြာဒေဝီမိဖုယားကြီးဟာဗေဒင်ပညာမှာ အလွန်ကျွမ်းကျင်တယ်လို့ ဖတ်ခဲ့ရဖူးပါတယ်၊ မန္တလေးမှာ ငလျင်လှုပ်မယ်ဆိုတာ ဗေဒင်ပညာနဲ့ ကြိုတင်သိနှင့် နေပါသတဲ့၊ ဒါ့ကြောင့် ယတြာချေတဲ့အနေနဲ့ မန္တလေးနန်းတော်တိုင်တွေကို တတောင်လောက် မြေဖို့ထားခိုင်းပါသတဲ့၊ ငလျင်လှုပ်တော့ အင်းဝနဲ့ စစ်ကိုင်းမှာပျက်စီးကြပေမဲ့ မန္တလေးမှာ ဘာမှမဖြစ်ဘူးတဲ့၊ ကိုကြီးကျောက်တို့ရဲ့ စက်ကြိုင်ဗေတီ မိဖုယားကြီးလဲ ငလျင်ရပ်ဝန်းကသူ့အိမ်တော်ကို ယတြာချေတဲ့အနေနဲ့ ခေါင်မိုးမြုပ်အောင် မြေဖို့နေအုန်းမလားမသိပါဘူး...။


ဒီ post ကို အရင်တပတ်ကထဲက ရေးပြီး တင်လိုက်တာ err ပြပြီး ပျောက်သွားလို့ ဘာကိုစိတ်တိုရမှန်းမသိဖြစ်သွားပါတယ်၊ ခုမှ ထပ်ရေးပြီးတင်တာ နဂိုရေးသလောက်မရှည်ပဲ ဟိုရောက်သည်ရောက် အဆက်အစပ်ပျောက်နေတာလဲ သည်းခံပေးကြပါ၊ ပညာရပ်ဆိုင်ရာတွေကို အမှန်အတိုင်းပြောရရင် မရေးချင်ပါဘူး၊ ကျောင်းတုန်းက ဆရာတွေ reference ညွှန်းသလို ဟိုစာအုပ်၊ ဒီစာအုပ်ရှာဖတ်လို့သာပြောလိုက်ချင်တာပါပဲ၊ ကိုကြီးကျောက်ကိုယ်တိုင်ကလဲ ကိုယ်စိတ်မဝင်စားတဲ့အကြောင်းတွေကို အားနာပါးနာ သွားမဖတ်ချင်သလို သူများတွေကိုလဲ ရေးမပြချင်တာအမှန်ပါ ။


ပုံတွေအားလုံး google ကရှာပါသည်။


Wednesday, March 23, 2011

အစမ်းသပ်ခံကျောက်

မေရီလန်းပြည်နယ် Bethesda မှာရှိတဲ့ National Institute of Health က NCI မှာ မတ်လ ၂၂ ရက်နေ့က ကိုကြီးကျောက်ကို research အစီအစဉ်အတွက် စမ်းသပ်ဖို့ချိန်းတော့ ကိုကြီးကျောက်မှာဖြင့် သွားသာသွားရတယ် ရင်တဖိုဖိုပါပဲ၊ ကိုကြီးကျောက်မျက်စေ့ထဲမှာက ဓါတ်ခွဲခန်းထဲက ကြွက်ကလေးတွေ မြင်နေတာကိုး၊


NIH မှာကိုကြီးကျောက်ကိုဖန်ပေါင်းချောင်ထဲထည့်ပြီး ကြွက်လေးတွေလို ဆေးတိုက်လိုက် တပတ်လောက်ပြေးခိုင်းလိုက်၊ ပြေးပြီးရင် ပီဇာလေးကြွေးလိုက်၊ ဆေးထိုးလိုက် ဖန်ပြွန်ထဲ ဝမ်းလျားထိုးသွားခိုင်းလိုက် ..ဟိုဖက်ရောက်ရင် ဟော့ဒေါ့လေးကြွေးလိုက်နဲ့ ကိုကြီးကျောက်မှာဖြင့် စားရချည့်သေးပေါ့လေ..စိတ်ကူးတွေယဉ်လို့ ၊ ချိုရဲရဲ ဒိုးနတ်တွေ ကြွေးရင်တော့ ဒါတော့မကြိုက်ဘူး နောက်တခါ မုန့်ပေါင်းကြွေးလို့ ပြောရမယ်လို့ တွေးရင်း ချိန်းထားတဲ့ မနက် ၈ နာရီမှာ NIH ကို ရောက်ပါလေရောဗျား၊
NIH ရောက်တော့ ဝန်းကြီးက အကျယ်ကြီးကိုးဗျ၊ ဆေးပညာနဲ့ ပတ်သက်ပြီး သုတေသနလုပ်နေတာတွေကလဲ အများကြီး၊ ကိုကြီးကျောက်ဖြင့် ပညာရေးနဲ့ ကျန်းမာရေး မှာ တိုင်းပြည်ရဲ့ ဘတ်ဂျက်ရဲ့ ၅ % လောက်ပဲသုံးတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ ကိုယ့်ရဲ့ ရွှေနိုင်ငံကြီးရဲ့ ကျန်းမာရေးစီမံချက်ကို သတိရမိပါ့ဗျာ၊ ဒီလိုနဲ့ ကိုကြီးကျောက်လဲ စမ်းသပ်စစ်ဆေးမဲ့ အဆောက်အဦးကို shuttle bus စီးပြီးသွားရတယ်၊

ကိုကြီးကျောက် အဲဒီကို ရောက်တော့ ပထမ admissions မှာလူနာစာရင်းကိုသွင်း၊ လိုအပ်တဲ့လက်မှတ်တွေထိုး ၊ပြီးတဲ့နောက်မှာတော့ သွေးစစ်ရတော့မယ်၊ ဘယ်မှာစစ်ရမလဲဆိုတာ အဲဒီက အဖြူမလေးကိုမေးတော့ phlebotomy မှာစစ်ရမယ်တဲ့..၊ ကိုကြီးကျောက်ကလဲ ဆေးပညာရပ်ဆိုင်ရာ စကားလုံးတွေနဲ့ နားဝေးလိုက်တာ ၊ သူ ဘာပြောလို့ ပြောမှန်းမသိဘူး၊ အူတိအူကြောင်ဖြစ်နေတဲ့ ကိုကြီးကျောက်ကို သူက အင်္ဂလိပ်လို နားမလည်ဘူးလားတဲ့ ..၊ ကိုကြီးကျောက်ကလဲ လွယ်လွယ်ပါပဲ နားမလည်ဘူး လို့ပဲဖြေလိုက်တော့..ဟောဗျား..သူကိုယ်တိုင်လိုက်ပြီး လမ်းညွှန်ပေးလိုက်တာ ဆိုက်ဆိုက်မြိုက်မြိုက်ပါပဲ၊

အင်္ဂလိပ်လိုညံ့တာလောက်ကတော့ ကိုကြီးကျောက်တို့က အရေးမစိုက်ပေါင်၊ ဗမာပြည်သွားပြီး မော်ဒယ်လုပ်လို့ရပါ့..၊ ဗမာပြည်မှာ မော်ဒယ်တွေ မယ်တွေလုပ်ချင်ရင် အင်္ဂလိပ်လို ညံ့ဖျင်းရမယ်လို့များ သတ်မှတ်ထားသလားမသိပါဘူး..၊ ဟိုတနေ့က ဗီယက်နမ်မှာလုပ်တဲ့ အာစီယံမယ် ရွေးပွဲထင်ပါရဲ့ ဆန်ခါတင် ၅ ယောက်မှာ ကျန်တဲ့ နိုင်ငံက ကောင်မလေးတွေကအင်္ဂလိပ်လို သပ်သပ်ယပ်ယပ် ပြောသွားလိုက်ကြတာ...၊ ဗမာပြည်က သန္တာနွယ်တဲ့ဗျား....အင်္ဂလိပ် အသံထွက် လေယူလေသိမ်းကလဲ ညံ့ရတဲ့အထဲ ခွေးအ ကြီး လှည်းနင်းခံရသလို အိုင်....အိုင်...အိုင်...နဲ့ ရှေ့ကို ဆက်မတက်နိုင်ဘူး၊ အိုင် လဗ် ဗီယက်နမ် ကိုပဲ ထပ်ခါတလဲလဲ ပြောနေတော့ အစီအစဉ်တင်ဆက်တဲ့ ဗီယက်နမ်ကောင်လေးလဲ သူ ဒီလောက်တောင် လဗ်နေတာ ကြာတော့ လန့်လာသလားမသိဘူး တော်ပါတော့ကို ပြောယူရတယ်၊

အမယ်...သူက အပြောသာမရတာ ပေါင်တော့ကားတတ်သဗျ၊ ကိုကြီးကျောက်တောင် သူပေါင်ကားတာကြည့်ပြီး စပွန်ဆာလုပ်ချင်စိတ်တွေတောင် တဖွားဖွားဖြစ်လာသဗျ၊ ဒါပေမဲ့လဲ ဟို မော်ဒယ်မလေးလို နိုင်ငံခြားကို ဈေးဝယ်တခါထွက်ရင် ဒေါ်လာတသိန်းသုံးချင်တယ် ဆိုရင်ဖြင့် ကိုကြီးကျောက်အတွက် မခက်ပေဘူးလားခင်ဗျာ၊ ဒါနဲ့ ကိုကြီးကျောက်လဲ ကိုယ့်ဖာသာကိုယ်ပြန်ပြီး ဆုံးမနေရတယ်၊ စိတ်လျော့....မောင်ကျောက်...စိတ်လျော့ လို့၊ ဖလော်ရီဒါက ဖို့ဒ် လော်ဒါဒေးမှာရှိတဲ့ အာချန်းအိမ်ကဒေါ်လာ၁၅၀တန် ပြည်ကြီးမတွေလဲ သူလို ပေါင်ကားတတ်တာပဲလို့..ဘာမှမထူးပါဘူးလို့၊

သွေးဖောက်ပြီးတဲ့နောက်တော့ Radiology/ CT Scan ဌာနမှာ CT Scan ရိုက်ဖို့ CT Scan dosing အရည်သောက်ရသဗျ၊ NIH တော့ သုတေသနဌာနဆိုတော့ ပစ္စည်းပစ္စယတွေ ပေါပေါသီသီ သုံးနိုင်တာကိုး၊ ဆေးရုံတွေလို ဝင်ငွေနဲ့ တွက်ပြီးလုပ်ရတာမှ မဟုတ်တာ၊ ဒီတော့ ကိုကြီးကျောက် တက်ခဲ့တဲ့ ဆေးရုံတွေမှာတိုက်တဲ့ အရည်တွေကအရသာ မကောင်းလှဘူးခင်ဗျ၊ NIH မှာတော့ မိုချာလား၊ ဗနီလာလား၊ ငှက်ပျောလား ...အသီးကိုစုံနေတာပဲ၊ ကိုကြီးကျောက်ကတော့ ငှက်ပျောပဲ ရွေးလိုက်တယ်၊ ဘန်ကောက်မှာက ငှက်ပျောသီးနဲ့ အကျိုးပေးခဲ့တယ်လေ..၊

ကိုင်း...CT Scan ရိုက်တော့မယ်ဆိုတော့ ဆေးရုံအဝတ်အစားတွေ လဲရတော့ အင်္ကျီက တခါသုံး စက္ကူတွေဗျ၊ ကိုကြီးကျောက်မှာဖြင့် ဝတ်သာဝတ်ရတယ် ထိုင်လိုက်ရင် ပြဲသွားမှာလားပေါ့၊ အမယ်...သူက ခိုင်ခန့်လိုက်ပုံများ ဆွဲဖြဲတာတောင် တော်တော်နဲ့ မပြဲဘူး၊ Scan ရိုက်တော့ အဝိုင်းကြီးထည့်ပြီး အဝိုင်းကြီးကို လှည့်တာဘယ်လိုမှ မနေပေမဲ့ ၊အဲဒီ အချိန်မှာ လက်မောင်းကနေ ဆေးသွင်းတာ နာလိုက်တာ၊ ဆေးကလဲ တခါထဲ မြီးညှောင့်ရိုးတောင် ရောက်သွားသလားအောက်မေ့ရတယ်၊
ကိုင်း....CT Scan ရိုက်ပြီးပြီဆိုတော့ ဆရာဝန်နဲ့ တွေ့ဖို့ ၁၃ ထပ်ကို တက်ရတာပေါ့၊ အဲဒီမှာ ကိုကြီးကျောက်ကို အရပ်တိုင်း၊ အလေးချိန်ပြီးတော့၊ ကိုကြီးကျောက်ရယ်၊ coordinator ရယ်၊ ဆရာဝန်ရယ်၊ ဆွေးနွေးပွဲ စကြတော့တာပဲ၊ ကိုကြီးကျောက်ကို follow up လုပ်တဲ့ ဆရာဝန်က ဘာဆေးတွေတိုက်သလဲလို့ မေးတော့ spironolactone လို ဆီးဆေးလောက်ပဲတိုက်တာလို့ sorafenib က ကိုကြီးကျောက်နဲ့ မတည့်လို့ ဒီဇင်ဘာကထဲက ရပ်ထားတာလို့ ပြောလိုက်တယ်၊ ဒါပေမဲ့ သူ့တို့ နားမလည်နိုင်အောင်ဖြစ်နေတာက ကိုကြီးကျောက်ရဲ့ သွေးစစ်အဖြေတွေက ကောင်းနေတာ၊ သွေးထဲမှာ billirubin ဆိုတဲ့ အဝါရောင်ပါဝင်မှုက ဇန်နဝါရီမှာ ၆ ၊ ဖေဖေါ်ဝါရီမှာ ၄ ၊ ခု စစ်တော့ ၃ ၊ဖြစ်နေပြီ၊ တဖြေးဖြေး ကျလာတာ၊
ဒါနဲ့ ကိုကြီးကျောက်ကို တခြားဘာတွေလုပ်သလဲလို့မေးတော့ ...အ...ဟတ်...ဟတ်...ဒီတခါတော့ ကိုကြီးကျောက်က ကောင်းကောင်း ဒိုင်သွင်းတဲ့ အလှည့်ဖြစ်လာပြီလေ...၊ငါကတော့ တနေကုန် မထတန်း တရားမှတ်နေတာပဲလဲ ပြောလိုက်ရော...အို.... ရှားရှားပါးပါး တွေ့ရတဲ့ သူတော်စင်ကို ဖူးတောင့်ဖူးခဲ တွေ့လိုက်ရသလို ...သူတို့မှာလေ...စိတ်ဝင်တစားတွေဖြစ်ကုန်ရော၊ ဗမာတိုင်းရင်းဆေးလဲသောက်တာပဲလို့ ပြောတော့၊ ဘာတွေလဲ သိချင်ပြန်ရော..၊sour sop ဒူရင်းဩဇာ အရွက် ၂၀ လောက်ကို ရေ တဂါလံလောက်နဲ့ ကြိုပြီး တနေကုန်သာက်တာပဲလို့၊ အင်္ဂလိပ်လို ဘယ်လိုခေါ်မှန်းမသိတဲ့ တပင်တိုင်မြနန်းကိုလဲ ပျားရည်နဲ့ စားတယ်လို့ပြောတော့၊ ဗမာအသံကို အင်္ဂလိပ်လိုပေါင်းခိုင်းပြီး ဘာပင်လဲဆိုတာ ဗမာပြည်ကိုမေးမယ်တဲ့..၊
အဲဒီနောက်တော့ NIH ဆရာဝန်က ကိုကြီးကျောက်ကို CT Scan အရ ကင်ဆာလို့ ပြောချင်ပြောနိုင်ပေမဲ့ ကိုကြီးကျောက် သွေးစစ်ချက်တွေက ပြောဖို့ခက်နေသတဲ့၊ ကိုကြီးကျောက်ရဲ့ ဆရာဝန်ဆီကို ဧပြီ ၁ ရက်နေ့မှာသွားပြီး၊ သူဘာဆက်လုပ်မယ်ဆိုတာတိုင်ပင်ပါတဲ့၊ biopsy လုပ်ကြည့်မှ ကင်ဆာဆိုတာ သေသေချာချာကွဲကွဲပြားပြား သိနိုင်မယ်တဲ့၊ ကိုင်း....ဆရာဝန်တွေတောင် ကိုကြီးကျောက်ကို နားမလည်နိုင်အောင် ဖြစ်နေလေတော့ အရပ်ထဲကလူတွေ ကိုကြီးကျောက်ကို ကင်ဆာလား...လင်ဆာလား...ကွဲကွဲပြားပြား မသိကြတာ အပြစ်မတင်သာပေဘူးပေါ့ဗျာ....။ ။
ကဲ......ခုတော့ ကိုကြီးကျောက်လဲ ထောင်ထောင် ထောင်ထောင် ဖြစ်နေပြီ..။
ကာတွန်းပုံနဲ့ CT Scanner ပုံကို google က ရှာထားပြီး..ကျန်တာတွေကတော့ ကိုယ်တိုင် ရိုက်ချက်တွေပါ။

Friday, March 18, 2011

ငှက်မသိတော့ ဇရက်ကို ဘဲထင်


ကိုကြီးကျောက်တို့ ရေးဖေါ်ရေးဖက် မန်းကိုကိုက ကိုကြီးကျောက်တယောက် ဗမာပြည်အထက်ပိုင်းက အကြောင်းတွေရေးပြီးရင် ကရင်ပြည်နယ်ကို ကျော်ပြီး တနင်္သာရီတိုင်းဖက် ရောက်သွားတာမို့ ကရင်ပြည်နယ်မှာ ကိုကြီးကျောက် field ဆင်းတာလေးများရှိရင် ရေးပါဦးတဲ့၊ အင်း....ကရင်ပြည်နယ်မှာ ကိုကြီးကျောက်တို့ ဘဓရ မှာလုပ်စဉ်က field ဆင်းဖို့ အခွင့်အလမ်းမရခဲ့ပါဘူး၊ တနေရာကို field ဆင်းမယ်ဆိုရင် ပထမဆုံး ကက(ကြည်း) နဲ့ နယ်မြေအေးချမ်းမှု၊ ကိုကြီးကျောက်တို့ လုံခြုံရေး...အစစ ညှိနှိုင်းဆွေးနွေးရတာကိုး၊ ကိုကြီးကျောက်တို့ လုံခြုံရေးအတွက်နယ်မြေခံ အာဏာပိုင်တွေက ဘာမှစီစဉ်မပေးနိုင်ရင် ကိုကြီးကျောက်တို့ ကိုယ့်သဘောကို သွားလို့မရပါဘူး၊ ကရင်ပြည်နယ်မှာက ထုံးကျောက်တောင်တွေပဲရှိတော့ ဓါတ်သတ္တုရှာဖွေရနိုင်ဖို့ ဆိုတာက သိတ်မသေချာဘူးလေ၊


ဒါပေမဲ့လဲ လမ်းကြုံလို့ မြိုင်ကလေးဘိလပ်မြေစက်ရုံက ဘူမိဗေဒ သူငယ်ချင်းတယောက်ဆီ ဝင်ရင်းနဲ့ သာမည ဆရာတော်ဘုရားကိုလဲ ဖူးခဲ့ရ၊ ကရင်ပြည်နယ်ရဲ့ အထိမ်းအမှတ်လို ထင်ရှားတဲ့ ဇွဲကပင်တောင်ကိုလဲ တက်ခဲ့ရတာပေါ့၊ ခုလို တပေါင်းလမှာ ဇွဲကပင်တောင်ဘုရားပွဲဆိုတာတော့ ကိုကြီးကျောက်မှတ်မိတာပေါ့၊ အဲဒီတုန်းကတော့ မတ်စောက်လှတဲ့ဇွဲကပင်တောင်ကို ကရင်မလေးတွေနဲ့ တပျော်တပါးတက်ခဲ့နိုင်ပေမဲ့ ခုအရွယ်မှာတော့ တော်တော်ကြိုးစားရမယ်ထင်ပါရဲ့..၊ ကိုကြီးကျော် ဇွဲကပင်တောင်ကို တက်ခဲ့စဉ်က မမေ့နိုင်တဲ့ အကြောင်းအရာထဲမှာ တောင်ခွတ်လပ်က ရေတံခွန်တောင် ဘုန်းကြီးကျောင်းမှာ စားခဲ့ရတဲ့ ပိန္နဲသီးပါပဲ၊ အိမ်မာအကြွပ်သီးကို ချိုမြနေတာမို့ ခုထိအမှတ်ရဆဲပါပဲ၊


ဇွဲကပင်တောင်ကိုတက်တော့ တောင်ရဲ့အရှေ့ဖက် ခလောက်နို့်နယ်ဖက်ကနေတက်ပြီး ပြန်ဆင်းတော့ တောင်အနောက်ဖက်ခြမ်းမှာရှိတဲ့ ဒုံရင်းနယ်ဖက် ကိုဆင်းတာပေါ့၊ ခလောက်နို့နယ်က ဖားအံကနေ သာမညကို သွားတဲ့လမ်း၊ ဖားအံကနေထွက်လိုက်တာနဲ့ ခလောက်နို့နယ်ထဲ တန်းရောက်တော့တာပါပဲ၊ ခလောက်နို့နယ်ကို ကိုကြီးကျောက်က ငယ်ငယ်ကထဲက လူထုဦးလှရဲ့ ခလောက်နို့ကရင်ပုံပြင်များစာအုပ်ကို ဖတ်ပြီးကထဲက ရောက်ဖူးချင်နေတာကလား၊ ခလောက်နို့ နယ်သားတွေက အင်မတန် ဟာသဉာဏ်ရွှင်ပြီး အရာရာကို ပျော်ပျော်ပါးပါးပဲ ရင်ဆိုင်တတ်ကြတာမို့ ကိုကြီးကျောက်က အလွန်သဘောကျပေါ့၊ ခလောက်နို့ကို ကရင်လို ခလို လို့ခေါ်သတဲ့၊ ခလို ဆိုတာ ဗမာလိုဘာသာပြန်ရင် နတ်ချောင်းလို့ အဓိပ္ပါယ်ရသတဲ့၊ နတ်ချောင်းအနီးတဝိုက်က ရွာအုပ်စုကို ခလောက်နို့နယ်လို့ ခေါ်တာပေါ့၊


တခါက ခလောက်နို့နယ် ရွာတရွာက ရွာသားတယောက်က ခလောက်နို့နယ် နိုင်းကြာရွာမှာအိမ်ထောင်ကျသတဲ့၊ အိမ်ထောင်ကျတော့ ယောက္ခအိမ်လိုက်နေရသတဲ့၊ ယောက္ခမအိမ်မှာ ယောက္ခမကြီးတွေနဲ့ အတူထမင်းစားရတော့ ရဲရဲမနှိုက်ဝံ့ရှာဘူးတဲ့၊ အဲဒါနဲ့ သူ့ခမြာ ထမင်းမဝတဝနဲ့ ပြီးလိုက်ရသတဲ့၊ ညလယ်လောက်ရောက်တော့ ထမင်းကပြန်ဆာလာရောတဲ့ ၊ဒါနဲ့ သူကတိတ်တိတ်လေးထပြီး မီးဖိုမှာစားစရာရှာသတဲ့၊ ထမင်းအိုးက ထမင်းကျန်အကပ်အသတ်လေးကို ချစ်ချုပ်စားနေတုန်း မီးဖိုထဲက ချိုးချိုးချွတ်ချွတ်အသံကြားတော့ ယောက္ခမအဖိုးကြီးက သူခိုးထင်လို့ မီးဖိုထဲ မီးထွန်းကြည့်လိုက်တော့ သမက်အသစ်စက်စက် ဖြစ်နေသတဲ့၊ သမက်ကလဲ ထမင်းထစားတာ ယောက္ခမနဲ့မိသွားတော့ လန့်သွားသတဲ့၊ ဒါပေမဲ့ သူက ဘာပြောရမှန်းမသိတော့ ထမင်းအိုးကို ခေါင်းစွပ်ပြီး " အဖေရေ ဘီလူးက ကကြစို့လား " ဆိုပြီး ကပြတော့ အဖိုးကြီးက ဟက်ဟက် ပက်ပက် ရီပြီး " ဆာရင် ချက်စားကြတာပေါ့ကွာ " လို့ပြောပြီးမီးမွှေးပေးသတဲ့၊ ခလောက်နို့မှာ အချက်မသိသေးခင်တော့ သမက်မှာသူခိုးအထင်ခံရပါရောလား၊


ကိုကြီးကျောက်မှာ အိမ်နားနီးချင်း သူငယ်ချင်းမတယောက်ရှိတယ်၊ သူ့နာမည်က ခင်ချိုတဲ့၊ သူ့အမက မခင်ညိုတဲ့၊ သူတို့အမေက မြင်းခြံမြောက်လက်က နဘူးအိုင်ဆိုတဲ့ ရွာကမူလတန်းကျောင်းမှာ ကျောင်းအုပ်ဆရာမကြီး၊ ခင်ချိုက ကိုကြီးကျောက်တို့ ငယ်ငယ်ကခေသူတော့ မဟုတ်ပေဘူးဗျ..၊ ကိုကြီးကျောက်တို့ငယ်ငယ်က သင်္ကြန်ဆိုရင် အရပ်ထဲက မိန်းကလေးများက ရေသဘင်မဏ္ဍပ်တွေထိုးပြီး ယိမ်းကကြတယ်၊ ယောင်္ကျားတွေကတော့ အတီးအမှုတ်တွေနဲ့ သင်္ကြန်အလှပြကားတွေ ထွက်ကြတာကိုး၊ အဲဒီအချိန်ကတော့ တိုင်းပြည်ကလဲ စီးပွားရေးကောင်းတုန်း၊ လူတွေကလဲ စားဝတ်နေရေးပြေလည်ကြတော့ ပွဲလမ်းသဘင်တွေ အားတက်သရော လုပ်နိုင်တာပေါ့၊


အဲ..ခင်ချိုက မိန်းကလေး ယိမ်းတွေမှာ ဝင်မကဘူး၊ သင်္ကြန်ကားတွေနဲ့မှ လိုက်ကသဗျ၊ အမယ်..လိုက်ကတော့လဲ သူ့နာမည်ကို " ခင်ချိုချိုချောခက်ခက်ခိုင်ခန့် " လို့ ကြေငြာပေးရသဗျ၊ ကတော့လဲ သင်္ကြန်ကားတစင်းလုံး သွက်သွက်ခါနေအောင် လှုပ်ယမ်းကနေတာများ ဟိုတလောက လူပြောများတဲ့ ဗီဗာဟိန်း ဆိုတဲ့ အဆိုမ လောက်ကတော့ အေးဆေးပဲ၊ သူကဗီဗာဟိန်းထက် သာတာက ခါးသေးရင်ချီ ပဒုမ္မဏီလေးခင်ဗျ..၊


ဗီဗာဟိန်း ကနေတာမြင်ရတော့ ကိုကြီးကျောက်ကတော့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဆိုဗီယက်ပြန် ဦးမောင်မောင်နဲ့ အာဇာနည်စန်းစန်း တို့ ဆပ်ကပ်အဖွဲ့ကို သတိရမိတယ်၊ ဦးမောင်မောင်ဆပ်ကပ်မှာ ဂျွမ်းဘားတွေ ကောင်းကင်ဘားတွေ၊ ကြိုးတန်းလျှောက်တွေ၊ မျက်လှည့်တွေ၊ မျက်စေ့ကို အဝတ်စည်းပြီး ဒါးပေါက်တာတွေ ပြပြီးရင် ခွေးလိမ္မာ၊ မြင်းလိမ္မာ၊ ကျားလိမ္မာ၊ ဆင်လိမ္မာ တို့ အစွမ်းပြတာကိုး၊ ဗီဗာဟိန်း ကနေတာ ဦးမောင်မောင်ဆပ်ကပ်ထဲက ဆင်မကြီး ကဗျာလွတ်နေသလိုပါပဲ၊ ကိုကြီးကျောက်ဖြင့် ကြည့်ရင်းနဲ့ သားစိတ်မယားစိတ်တောင် ကုန်တယ်..တကယ်ပါပဲ ၊


ကိုကြီးကျောက်တို့ တက္ကသိုလ်ကျောင်းသားဘဝမှာ ကျောင်းတွေကလဲ ခနခနပိတ်လေတော့ တချို့သူငယ်ချင်းတွေလဲ ကျောင်းဆရာဝင်လုပ်ကုန်ကြတယ်၊ ခင်ချိုကလဲ သူ့အမေကျောင်းက တွဲဖက်ကျောင်းဖွင့်တော့ တွဲဖက်ကျောင်းဆရာမဝင်လုပ်နေတယ်၊ ကိုကြီးကျောက်သူငယ်ချင်းတချို့ကလဲ အဲဒီကျောင်းမှာ ဆရာဝင်လုပ်နေကြတယ်၊ ကျောင်းလေးက ခြေတန်ရှည်ကျောင်းလေး ဆောက်ထားတာ၊ အပေါ်ထပ်မှာ အတန်းကြီးတွေနဲ့ အဝေးက ဆရာ လူပျို ၃ ယောက်နေကြတယ်၊ အောက်ထပ်မှာ အတန်းငယ်တွေ၊ အောက်ထပ်ကတော့ အကာအရံမရှိဘူး၊ ခင်ချိုတို့ သားအမိ ၃ ယောက်က အောက်ထပ်မှာ အခန်းလေးဖွဲ့နေကြတယ်၊ ကိုကြီးကျောက်ကို ကျောင်းပိတ်ထားတုန်း သူငယ်ချင်းတွေက အလည်ခေါ်ကြတော့ ကိုကြီးကျောက်လဲ နဘူးအိုင်ကို အလည်လိုက်သွားတာပေါ့၊


အဲဒီကျောင်းက ဆရာ ဆရာမတွေ အားလုံးက မြင်းခြံကများပေမဲ့ ဆရာကိုမြင့်ဆွေကတော့ မြစ်အနောက်ဖက် မြောင်နယ် နဘက်က ၊ နဘက်ဆိုတဲ့ရွာမှာ အနောက်ဖက်လွန်မင်းတရားကြီး လက်ထက်က ပေါ်တူဂီလူမျိုး ဇွင်ကာကူ လို့ခေါ်တဲ့ ဖီးလစ် ဒီဘရစ်တို ကိုရှင်းလင်းပြီး သူ့နောက်လိုက်နောက်ပါတွေကို နေရာချထားတဲ့ရွာပေါ့၊ပေါ်တူဂီတွေလဲ ရွာခံတွေနဲ့ အိမ်ထောင်တွေကျကုန်ကြပြီး သူတို့အဆက်အနွယ်တွေ ကျန်သေးတာပေါ့၊ သူတို့က ဘုရင်ဂျီဘာသာဝင်တွေ ဆိုတော့ နဘက်က RC Church ကြီးဆိုရင် ဟိုး အဝေးကနေ လှမ်းမြင်ရတာကလား၊ မြင်းခြံမှာတော့ သူတို့အုပ်စုနေတဲ့နေရာကို ဘုရင်ဂျီဝင်းလို့ ခေါ်တယ်၊ ကိုမြင့်ဆွေက ဘုရင်ဂျီဘာသာဝင်၊ မဲမဲ ထောင်ထောင်မောင်းမောင်းနဲ့၊


ကိုကြီးကျောက် နဘူးအိုင်ရွာကို အလည်ရောက်ပြီး နောက်ညမှာပဲ....၊ ည နာရီပြန် တချက်လောက်မှာ အောက်ထပ်ကနေ အသံနက်ကြီးနဲ့ ထိတ်လန့်တကြား အော်သံကြားရတော့တာပဲ...." အမလေး.....လာကြပါအုန်း....သရဲ...သရဲ..မဲမဲကြီး.." ကုန်းအော်သံကြားတော့ ကိုကြီးကျောက်တို့ အကုန်လုံး ဝရုန်းသုန်းခပ် အောက်ထပ်ကိုဆင်းပြေးရတာပေါ့၊ အော်သံ ပိုင်ရှင်က ခင်ချိုတို့ အမေ ဆရာမကြီး၊ အတူအိပ်နေတဲ့ ခင်ညိုတို့ ခင်ချို တို့ သမီးတွေလဲ လူးလဲထကြတာပေါ့..၊ ဆရာမကြီး ဘယ်လိုဖြစ်တာလဲလို့မေးတော့ " အမလေး....ခြေထောက်ကို လာဆွဲလို့ရုတ်တရက် ကြည့်လိုက်တော့ မဲမဲရှည်ရှည် အကောင်ကြီး၊ ကျမလဲ ကြောက်လို့ စောင်ခေါင်းမြီးခြုံပြီး အော်နေရတာ " တဲ့၊ ခင်ချိုကတော့ ရေခပ်ပြီး သူ့အမေကိုတိုက်ပြီး " အမေ အိပ်မက် မက်တာနေမှာပါ " တဲ့၊ သူ့အမေကလဲ " တကယ်ပါအေ...ငါမျက်စေ့နဲ့မြင်ရတာပါ " တဲ့၊ အဲဒီညက အခန်းထဲမှာ အိပ်ရတာအိုက်လို့ ဆိုပြီး သားအမိတတွေ အပြင်ထွက်ပြီး ကွပ်ပြစ်ပေါ်မှာ တန်းစီအိပ်နေကြတာကိုး..၊ ဒါနဲ့ သူတို့လဲ အခန်းထဲ ပြန်ဝင်ပြေးကြရော၊


ကိုကြီးကျောက်တို့လဲ ဘယ်လိုသရဲပါလိမ့်ပေါ့ ၊ တယောက်တပေါက်ပြောရင်း ပြန်အိပ်ကြတာပေါ့၊ မနက်လင်းတော့ ကိုကြီးကျောက်တို့ လဘက်ရည်ဆိုင်မှာ ဒီအကြောင်းပြောတော့ ဆရာကိုမြင့်ဆွေက ပြုံးစိပြုံးစိနဲ့ မျက်နှာပိုးမသေဘူး၊ အဲဒီမှာ သူကဖွင့်ပြောလာတယ်၊ သူနဲ့ ခင်ချိုနဲ့ ရည်းစားဖြစ်နေတာကိုး၊ ခါတိုင်း ညည ချိန်းတွေ့ကြရင် ခင်ချိုအိပ်ယာဘေးက ပြူတင်းပေါက်ကနေ အသာအချက်ပေးလိုက်ရင် ခင်ချိုက သူ့အမေမသိအောင် တိတ်တိတ်လေး ထွက်လာနေကြပေါ့၊


အဲဒီ ညကမှ သားအမိ ၃ ယောက်လုံး အခန်းအပြင်ထွက်အိပ်ကြတော့ သူတို့ ၃ယောက်က မှောင်ထဲမှာ ပုံပန်းသဏ္ဍန်ကလဲ ခပ်ဆင်ဆင်၊ ကိုမြင့်ဆွေကလဲ ခပ်ထွေထွေလေးဆိုတော့ သူထင်တဲ့ခြေထောက်ဆွဲ နှိုးလိုက်တာ သူ့အမေဖြစ်နေပါရောလား..၊ မဲမဲရှည်ရှည် ကိုမြင့်ဆွေကို မှောင်ထဲရုတ်တရက်မြင်လိုက်တော့ ဆရာမကြီးခမြာ အော်လိုက်ရတာ ငယ်သံများတောင်ပါလို့၊ အင်း...ဒါကြောင့်လဲ ညက ခင်ချိုရော ကိုမြင့်ဆွေရော သူများတွေ စိတ်ဝင်တစားသရဲကြောင်းပြောနေတုန်း ဣနြေ္ဒရနေကြတာကိုး ၊ ဆရာမကြီးလဲ ငှက်မသိတော့ ဇရက် ကို ဘဲထင် သလို အချက်မသိတော့ သမက်ကို သရဲထင် လိုက်ရရှာသကိုး....။


ပြီးခဲ့တဲ့အပတ်က ဂျပန်မှာ ငလျင်ကြီးလှုပ်ပြီး ဆူနာမီရေလှိုင်းတော့ ဖြစ်ပြီးနောက် ကိုကြီးကျောက်လဲပစိဖိတ်၊မြောက်အမေရိက၊ ယူရေးရှား၊ အင်ဒိုဩစတေလျ ကျောက်လွှာချပ် ( plate ) တွေ စုဆုံရာဂျပန်နိုင်ငံနဲ့ ကိုယ့်field အတွေ့အကြုံလေးနဲ့ ပေါင်းစပ်ပြီး postလေး တပုဒ်လောက်တော့ ရေးကြည့်မယ်ဆိုပြီး ရေးလိုက်တာ ဖတ်မဲ့သူတော့မသိဘူး..ရေးတဲ့သူကတော့ ပညာရပ်ဆိုင်ရာတွေ ရေးရင်းပျင်းလိုက်တာ... ဒါနဲ့ ရေးလက်စကိုလွှင့်ပစ်လိုက်ပြီး ပေါ့ပေါ့ပါးပါး အကြောင်းအရာလေးပဲ ခုမှတင်ဖြစ်တော့တာပါပဲ၊


ကိုင်း..ဒါနဲ့ စကားမစပ် ကိုကြီးကျောက်ရဲ့ ဘလော့ဂ်ဂါ နှမတွေကိုတော့ ထောက်ခံမဲပေးလိုက်အုန်းမယ်၊ ငလျင်တွေလှုပ်၊ မီးတောင်တွေပေါက်၊ ဆူနာမီတွေ ဖြစ်တာ လူတွေ အရိပ်နေနေအခက်ချိုးချိုးလုပ်လို့ ကမ္ဘာကြီးက ရင်ထုငိုတယ်ဆိုတာဟုတ်လောက်သဗျ၊ လူတွေ မပေါ်ခင် နှစ်သန်းပေါင်းများစွာက ဒိုင်နိုဆောတွေကလဲ သစ်ပင်တွေ အရိပ်မှာနေပြီး အခက်တွေချိုးဖဲ့ စားကြတော့..ဟော..ဒိုင်နိုဆောတွေရှိတုန်းကလဲ ကမ္ဘာကြီးက ရင်ဘတ်ထုငိုလိုက်လို့ မီးတောင်တွေပေါက်၊ ငလျင်တွေလှုပ်၊ ဆူနာမီတွေ ဖြစ်နဲ့..၊ နောက်ဆုံး ဒိုင်နိုဆောတွေ ပျောက်ကုန်တော့တာပဲ၊ ဒါပေမဲ့ ခက်တာက ဒိုင်နိုဆောတွေက ကဗျာမရေးတတ်တော့ ကမ္ဘာကြီးက ရင်ဘတ်ကို ဘယ်လက်နဲ့ထုခဲ့သလား၊ ညာလက်နဲ့ထုခဲ့သလားဆိုတာတော့ မကွဲပြားဘူးပေါ့ဗျာ ။ ။


google က ရှာထားတဲ့ ဘဲပုံပါ။

Friday, March 11, 2011

ကူနီကျွန်းက နတ်လမ်းညွှန်


ကိုကြီးကျောက်တို့ ဗမာပြည်မှာ ဒီလို တပေါင်းလ ရာသီချိန်ဟာဖြင့် အသာယာဆုံးအချိန်ပါပဲ၊ ရာသီဥတုကလဲ မပူလွန်းမအေးလွန်း ရှစ်ခွင်တိုင်းမှာ မြူမင်းလွင်တွေဆိုင်းပြီး အင်မတန်လွမ်းစရာကောင်းပေတာကိုး၊ ကိုကြီးကျောက်တို့ တောထဲတောင်ထဲ field ဆင်းကြတဲ့အခါ ဒီလ ဒီရာသီမှာဖြင့် အင်ကြင်းပန်းတွေကလဲ တတောလုံးမွှေးပြီး ကြည်နူးစရာ အကောင်းဆုံးအချိန်ပေါ့၊ ဗမာပြည် တနံတလျား တောင်သူတွေလဲ လုပ်ငန်းကိုင်ငန်းတွေသိမ်းချိန်ဆိုတော့ တနိုင်ငံလုံး ဘုရားပွဲတွေ နတ်ပွဲတွေ ကျင်းပချိန်လဲဖြစ်တာပေါ့၊


ဧရာဝတီမြစ်ဖျား ခန္တီးရှမ်းတွေရဲ့ ဒေသ က ကောင်းမှုလုံဘုရား ကစလို့ အင်းတော်ကြီးရွှေမဉ္ဇူ ၊ အညာသီဟတော၊ မန္တလေးအရှေ့ က ရွှေစာရံ၊ ရွှေစက်တော်၊ ရွှေတောင်က ရွှေနတ်တောင်၊ ရွှေတိဂုံ၊ ပုသိန်မော်တင်စွန်းတိုင်အောင် ဘုရားပွဲတွေ ချည့်ပါပဲ၊ နတ်ပွဲတွေကလဲ အပြိုင်အဆိုင်ပါပဲ၊ တောင်ပြုံးမှာလဲ နတ်တော်စစ်ထွက် တပေါင်းစစ်ပြန် ဆိုပြီး တရုတ်ပြည်က စစ်ပြန်လာတဲ့ ပွဲရှိသလို ကိုကြီးကျောက်တို့ မြင်းခြံ အနောက်ဖက် ဧရာဝတီနဲ့ ချင်းတွင်းမြစ်ကြား ကူနီကျွန်းက ပခန်းကိုကြီးကျော်ရဲ့ နတ်ပွဲကလဲ ဒီအချိန်မှာ အထင်ရှားဆုံး နတ်ပွဲပါပဲ၊


ကိုကြီးကျောက်တို့ ငယ်ငယ်က တပေါင်းလဆန်း ရင် အိမ်စေ့ ပုန်းမကြီနတ်တင်ဖို့ မုန့်ဖြူ မုန့်နီ( မုန့်ဆီကြော်) ကြော်ကြပြီ၊ မုန့်ဖြူမှာ ပုန်းမကြီမဖို့ လက်ကောက်၊ ဆွဲကြိုး အရုပ်တွေလုပ်ပြီးကြော်ကြတာကိုး၊ ကိုကြီးကျောက်တို့ကတော့ ဘွားအေကြီးကြော်တဲ့ နားမှာထိုင်ပြီး နတ်အရင် တခုပြီးတခု အားပေးတော့တာပဲ၊ ပုန်းမကြီနတ်တင်ချိန်မှာတော့ မုန့်ဆီကြော်တွေ အိမ်တိုင်းမှာ အလျံပယ်ပါပဲ၊ (ဟိုနေ့ကတောင် သတိရလို့ အင်ဒိုနီးရှားက လာတဲ့ ထန်းလျက်လုံးကိုရည်ကြိုပြီး ကောက်ညှင်းမုန့်နဲ့ နယ်ပြီး ကြော်စားတာ ဗမာထန်းလျက်ရည်လောက်တော့ မကောင်းဘူး ၊ အာသာပြေပေါ့လေ)၊


ပုန်းမကြီနတ်ပြီးရင်တော့ ပခန်းကိုကြီးကျော်ပွဲကို သွားကြပြီ၊ ကိုကြီးကျောက်တို့ ငယ်ငယ်ကတော့ မြင်းခြံဆိပ်ကမ်းကနေ မော်တော်တွေ အပြိုင်အဆိုင် လော်စပီကာတွေဖွင့်ပြီးထွက်ကြတာ တပျော်တပါးကြီးပါပဲ၊ နတ်နန်းရှိရာ ထန်းတောရွာက ချင်းတွင်းမြစ်ကမ်းမှာ မော်တော်တွေ တန်းစီနေတာပဲ၊ ကိုကြီးကျောက်တို့ ငယ်ငယ်က နတ်ပွဲတွေ နတ်နန်းတွေက ဒီခေတ်လောက် ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားကြီးမဟုတ်ပါဘူး၊ ခုနောက်ပိုင်းတော့ လူတွေလဲ စီးပွားရေးကြီးပွားရေးတွေမှာ နတ်ပဲ အားကိုးနေကြတော့ နတ်တွေတန်ခိုးထွားလာထင်ပါရဲ့၊


ကိုကြီးကျောက်တို့ငယ်ငယ်ကတော့ နတ်ပွဲက ဈေးပွဲသဘောပါပဲ၊ ပခုက္ကူကစောင်တွေ၊ ပုဆိုးတွေ၊ ရေစကြိုနယ်က ရွှေလှံ ဆန်ကောဆန်ကာ၊တောင်းတွေ၊ရှင်မတောင်သနပ်ခါးတွေ၊ မြင်းခြံနယ် ရန္တပိုက အိုးတွေ၊ ကစားစရာအိုးပုတ်ဂျိုးရုပ် စုံနေအောင်ရောင်းကြတာ၊ နတ်ပွဲမှာ ငါးမြင်း၊ငါးတန်၊ကျောက်ပုဇွန်ထုပ်လတ်လတ်ဆတ်ဆတ်တွေကလဲ ပေါမှပေါ၊ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကစလို့ မြင်းခြံကနေ ပခန်းပွဲကို သွားကြတာ လမ်းကြောင်းတမျိုးပြောင်းသွားတယ်၊ ဟိုး..အင်္ဂလိပ်ခေတ်ဆီက အကြေအညာ စုန်ဆန်သွားတဲ့ မော်တော်၊ သင်္ဘောကြီးတွေ ဝင်နိုင်တဲ့ မြင်းခြံဆိပ်ကမ်းမှာ ဒီအချိန်မှာ ရေတစက်မှမရှိတော့ဘူး၊


ဟိုတနေ့ကတောင် အလဲဗင်းဂျာနယ်မှာ စစ်ကိုင်းတံတားအောက်မှာ ရေတွေခမ်းသွားတာ ဧရာဝတီမြစ်ကြီးခမြာ ပေ၁၀၀ ကျော်ပဲ ကျယ်တော့သတဲ့၊ ရင်ထဲမကောင်းလိုက်တာ....ရာဇဝင်များရဲ့သတို့သမီးလို့ ဆိုတဲ့ ဧရာဝတီခမြာ လူရမ်းကားတွေနဲ့ အချောင်နှိုက်တဲ့ အိမ်နီးချင်းပေါက်ဖေါ်တွေ လက်ထဲမှာ HIV စွဲကပ်နေတဲ့ ကြက်လို လူရုပ်တောင်မပေါ်တော့ပါဘူး၊


ကိုင်း..ဒါတွေရှိစေတော့ မြစ်ပြင်က ကျဉ်းပြီး သောင်ပြင်က ကျယ်လာတော့ မြင်းခြံကနေ ပခန်းကိုကြီးကျော်ပွဲ ကို လှည်းတွေနဲ့ တပျော်တပါးသွားကြတဲ့ ခေတ်ဖြစ်လာတယ်၊ ကိုကြီးကျောက်တို့ကတော့ လှည်းမစီးပါဘူး၊ ၄ မိုင်လောက်ခရီးဆိုတော့ လမ်းပဲလျှောက်တယ်၊ လှည်းစီးရတာ ဖုန်တလုံးလုံးနဲ့ လှည်းတန်းကြီးက တအိအိဆိုတော့ လမ်းလျောက်တာကပိုမြန်တယ်လေ၊ လမ်းတလျှောက်ဖြတ်သွားတဲ့ ဆင်တဲ၊ လှေကုတ်၊ နွယ်နီ၊ နန်းဦးရွာတွေက ပြောင်းဖူးပြုတ်၊ ဇီးသီး၊ ထန်းလျက်၊ လဘက်ကစလို့ နတ်ပွဲလာတဲ့သူတွေကို ကြွေးတာတွေစားပြီး လျှောက်ကြတာပဲ၊


မနက်စောစောထပြီးကူနီပွဲကို လျှောက်ကြတာ နေမမြင့်ခင် နတ်နန်းရောက်လို့ နတ်ဆက်တဲ့သူတွေက ဆက်ကြပေါ့လေ၊ ဈေးဝယ်ကြခြမ်းကြပြီးရင် ညနေ နေကောင်းကောင်းမချိုခင်ပြန်လာကြတာ မိုးချုပ်စမှာ မြင်းခြံပြန်ရောက်တော့တာကိုး၊ အဖိတ်၊ ဥပုသ် ရက်လိုမျိုးဆိုရင်တော့ တမြို့လုံးသွားကြတာ အဲဒီအချိန်ဆိုရင် သောင်ပြင်မှာ မနက်စောစော လမဝင်ခင် လူတွေလှည်းတွေ ဆိုတာဖွေးနေတာပဲပေါ့၊ ကိုကြီးကျောက်တို့ အရပ်ထဲမှာ မုဆိုးမအဖွားကြီးတွေရှိတယ်၊ သူတို့ကနတ်ပွဲချိန်ဆိုရင် သူတို့အုပ်စုက နတ်ပွဲနတ်ဆက်ဖို့ သွားနေကြကိုး၊ ဒီအဖွားကြီးတွေက သူတို့အချင်းချင်းအတင်းပြောလိုက်ကြ၊ ရန်ဖြစ်လိုက်ကြ၊ ပြန်ခေါ်လိုက်ကြနဲ့ ရှုတ်ရှက်ခတ်နေတာပါပဲ၊ အဲ...နတ်ပွဲချိန်တော့ ခေါ်ကြသဗျ၊ သူတို့အုပ်စုက အရပ်ထဲက ကလေးဘုစုခရုတွေ၊ အပျိုပေါက်တွေ ခေါ်ပြီးနတ်ပွဲ ကို လမ်းလျှောက်သွားကြတာကိုး၊


တနှစ်မှာတော့ သူတို့အုပ်စု နတ်ပွဲကိုသွားကြတော့ အပြန်မှာ ခါတိုင်းလိုပဲ နေမချိုခင် ပြန်လာကြသတဲ့၊ အဲဒီနေ့ကတပေါင်းလပြည့်နေ့၊ ပွဲတော်နောက်ဆုံးရက်ကိုး၊ ဦးမင်းကျော်ရဲ့ အမေအမေဂျမ်းကကျွဲလှည်းစီးပြီး သားဆီလာသတဲ့၊ သားကိုစိတ်ဆိုးလို့ လှည်းပေါ်နောက်ပြန်ထိုင်ပြီး နွယ်နီရွာကနေ ဒုန်းမောင်းပြီးလာတာ လှည်းဦးမှာတင်လာတဲ့ရေအိုးက လှည်းထောက်ဖြုတ်ချတာတောင် ကျ မကွဲဘူးဆိုပဲ၊ ဒီအကြောင်းကို အပြန်လမ်းမှာ ကလေးတွေက ယုံတယ်မယုံဘူးနဲ့ ငြင်းခုံလာကြသတဲ့၊ အဲလို ဆူညံပြီးစကားတွေပြောလာလိုက်တာ မှောင်ရီသာပျိုးလာတယ်၊ ဧရာဝတီမြစ်ကမ်းဖက်ကို မရောက်ကြဘူးတဲ့၊


ဘယ်နေရာရောက်လို့ ရောက်မှန်းမသိအောင် တဝဲလည်လည် ဖြစ်နေကြသတဲ့၊ ခါတိုင်းမြင်နေရတဲ့ မြင်းခြံဖက်က မီးရောင်တွေလဲမမြင်ရဘူးတဲ့၊ (မီးပျက်လို့နေမှာပါ)၊ ကလေးတွေကလဲ မောကလဲမော ဆာကလဲဆာဆိုတော့ အအိအိ ငိုကြပြီတဲ့၊ လူကြီးတွေကလဲ စိတ်ပူစပြုလာတော့ ငြင်းခုံလာတဲ့ အပျိုလူပျိုပေါက်တွေကို စကားမှားလို့သာ နတ်ဖွက်ခံရတယ်ဆိုပြီးမာန်မဲကြသတဲ့၊ ဒါနဲ့ မုဆိုးမတွေထဲက ဒေါ်ပွေးကြီးက ဦးမင်းကျော်ကို တိုင်တည်ပြီး တောင်းပန်သတဲ့ ၊ စောင့်ရှောက်ပါဆိုပြီးအကူအညီတောင်းသတဲ့၊ သိတ်မကြာဘူး မြင်းဖြူစီးလာတဲ့ လူတယောက်ရောက်လာပြီး မြင်းခြံဖက်ကမ်းကူးဖို့ လမ်းပြတာနဲ့ သူတို့ ည ၉ နာရီလောက်ကြအိမ်ပြန်ရောက်ကြသတဲ့၊ နောက်တနေ့ မနက်မှာတော့ နတ်လမ်းညွှန်တဲ့အကြောင်း သူတို့အုပ်စုမှာ အရပ်ထဲကို ပြောမဆုံးပေါင် တောသုံးတောင်ပေါ့ဗျာ...၊


ကိုကြီးကျောက်လဲ အမေရိကန်နိုင်ငံ တလံတလျားကို ကားတစီးနဲ့ပတ်နေတော့ Navigator လို့ခေါ်တဲ့ နတ်လမ်းညွှန်လေးကလဲ မရှိမဖြစ်ဆောင်ထားရသဗျ၊ အဲဒီ Navigator မှာ ကိုကြီးကျောက်တို့ နဲ့မတိမ်းတယိမ်း အဆိုတော်မကြီးရဲ့ အသံလို စွာတိစွာတာ မိန်းမအသံလဲရှိသလို၊ ပျင်းတိပျင်းတွဲနဲ့ ပြောနေတဲ့ ယောင်္ကျားအသံလဲရှိသဗျ၊ ကိုကြီးကျောက်ကတော့ ခပ်စွာစွာမိန်းမအသံကို မခံနိုင်လို့ ယောင်္ကျားသံပဲရွေးထားတယ်၊ ခု ကိုကြီးကျောက်က ဝါရှင်တန်ဒီစီမြို့တော် ဧရိယာမှာနေတော့ မြို့ထဲသွားရင် navigator နဲ့ပဲသွားတယ်၊မသွားလို့လဲမရဘူး၊ ဝါရှင်တန်မြို့တော်ဟာ ကိုကြီးကျောက်မောင်းခဲ့သမျှ မြို့တွေထဲမှာ အင်မတန် မောင်းရခက်ပေတာကိုး၊


ရှေးမြို့ဟောင်းကြီးဆိုတော့ လမ်းတွေက ၄ လမ်းဆုံတွေ၊ ၅ လမ်းဆုံတွေ၊ ၆လမ်း ဆုံတွေ ပေါမှပေါ၊ အဝိုင်းတွေကလဲ ဘယ်မှမလွတ်ရဘူး၊ ရောက်စက ကိုကြီးကျောက်က မြင်းစီးကျောက်ရုပ်ဆိုပြီး တည်နေရာတခုမှတ် ထားမိပါတယ်၊ တမြို့လုံး မြင်းစီးရုပ်တွေကလဲ မနဲတော့ ဘယ်နေရာမှန်းတောင်မသိတော့ဘူး၊ မီးပွိုင့်တွေကလဲ တခုနဲ့တခု ကား ၃စီးစာလောက်ပဲဝေးအောင် ကပ်နေတာ၊ ဒီတော့ မြို့ထဲမောင်းရရင် အင်မတန်စိတ်ညစ်တာ၊ navigator ခမြာလဲ မြို့ထဲမောင်းပြီဆိုရင် ပြောရတဲ့သူမှာ မျက်ကလဲဆန်ပြာကို ဖြစ်လို့၊ ခုပဲ turn left ပြောလိုက်ရ၊ ခု turn right ပြောလိုက်၊ ခု round about ပြောလိုက်နဲ့ သူ့ခမြာလဲ ချာချာလည်နေတာပဲ၊ တခါတလေ ကိုယ်သွားချင်တဲ့နေရာက ရောက်နေပြီ သူ့မှာ မျက်စေ့လည်ကောင်းတုန်း၊


ဒီတော့ ကိုကြီးကျောက်လဲ တပေါင်းလ ရောက်လို့ရှေးဟောင်း နှောင်းဖြစ်လေးစဉ်းစားရင်း ဦးမင်းကျော်က နတ်လမ်းညွှန်လုပ်တဲ့အကြောင်းသတိရမိတော့ ၊ခုကိုကြီးကျောက် တခုတွေးမိတာက ပခန်းကိုကြီးကျော် ကို အမေရိကကိုဖိတ်ပြီး နတ်လမ်းညွှန်လုပ်ခိုင်းချင်တော့တာပါပဲ၊ ကိုကြီးကျော်နဲ့ကိုကြီးကျောက်တို့ ဝါရှင်တန်မြို့တော်ထဲ သွားရင် သူကမြင်းဖြူကြီးစီးပြီး ရှေ့ကသွား၊ ကိုကြီးကျောက်က နောက်ကကားမောင်းလိုက်ရင်း သူ့ကို နံပါတ် ၁၃၀၀ ဖလော်ရီဒါ အဲဗင်းနယူး လို့ အော်ပြောလိုက်၊ သူက မြင်းဖြူကြီးဒုန်းစိုင်းပြီး 300 feet turn left ဆိုပြီးနောက်ပြန်အော်လိုက်နဲ့ တော်တော်အဆင်ပြေမယ်ထင်တာပဲ၊ ကျန်တဲ့ကားတွေကလဲ ကျော်နဲ့ကျောက် တို့ရဲ့ navigation system ကို အားကျနေကြလိမ့်မယ်ထင်ပါရဲ့ဗျာ....။


ကိုကြီးကျောက် ကျန်းမာရေးကောင်းနေပေမဲ့ NCI မှာ ဒီလ ၂၂ ရက် အင်္ဂါနေ့ကစလို့ ဆေးကုနေရပါတော့မယ်၊ ဘာတွေဘယ်လို ကုပေးမယ်တော့မသိပါ၊ အဆင်ပြေရင်တော့ စာရေးပါမယ်၊ ဆေးဒဏ်ခံနေရရင်တော့ မရေးနိုင်သေးပါဘူး၊ ကိုကြီးကျောက်ကတော့ တကမ္ဘာလုံးကပို့သတဲ့ မေတ္တာကြောင့် အမြန်ကုသပျောက်ကင်းမယ်လို့ ယုံကြည်ထားကြောင်းပါခင်ဗျာ.....။ ။


Jose de San Martin (Jose ကို ဟိုဆေး လို့ဖတ်ပါတယ်) ရဲ့ မြင်းစီးကျောက်ရုပ်ပုံကို google ကရှာထားပါသည်။