Friday, March 11, 2011

ကူနီကျွန်းက နတ်လမ်းညွှန်


ကိုကြီးကျောက်တို့ ဗမာပြည်မှာ ဒီလို တပေါင်းလ ရာသီချိန်ဟာဖြင့် အသာယာဆုံးအချိန်ပါပဲ၊ ရာသီဥတုကလဲ မပူလွန်းမအေးလွန်း ရှစ်ခွင်တိုင်းမှာ မြူမင်းလွင်တွေဆိုင်းပြီး အင်မတန်လွမ်းစရာကောင်းပေတာကိုး၊ ကိုကြီးကျောက်တို့ တောထဲတောင်ထဲ field ဆင်းကြတဲ့အခါ ဒီလ ဒီရာသီမှာဖြင့် အင်ကြင်းပန်းတွေကလဲ တတောလုံးမွှေးပြီး ကြည်နူးစရာ အကောင်းဆုံးအချိန်ပေါ့၊ ဗမာပြည် တနံတလျား တောင်သူတွေလဲ လုပ်ငန်းကိုင်ငန်းတွေသိမ်းချိန်ဆိုတော့ တနိုင်ငံလုံး ဘုရားပွဲတွေ နတ်ပွဲတွေ ကျင်းပချိန်လဲဖြစ်တာပေါ့၊


ဧရာဝတီမြစ်ဖျား ခန္တီးရှမ်းတွေရဲ့ ဒေသ က ကောင်းမှုလုံဘုရား ကစလို့ အင်းတော်ကြီးရွှေမဉ္ဇူ ၊ အညာသီဟတော၊ မန္တလေးအရှေ့ က ရွှေစာရံ၊ ရွှေစက်တော်၊ ရွှေတောင်က ရွှေနတ်တောင်၊ ရွှေတိဂုံ၊ ပုသိန်မော်တင်စွန်းတိုင်အောင် ဘုရားပွဲတွေ ချည့်ပါပဲ၊ နတ်ပွဲတွေကလဲ အပြိုင်အဆိုင်ပါပဲ၊ တောင်ပြုံးမှာလဲ နတ်တော်စစ်ထွက် တပေါင်းစစ်ပြန် ဆိုပြီး တရုတ်ပြည်က စစ်ပြန်လာတဲ့ ပွဲရှိသလို ကိုကြီးကျောက်တို့ မြင်းခြံ အနောက်ဖက် ဧရာဝတီနဲ့ ချင်းတွင်းမြစ်ကြား ကူနီကျွန်းက ပခန်းကိုကြီးကျော်ရဲ့ နတ်ပွဲကလဲ ဒီအချိန်မှာ အထင်ရှားဆုံး နတ်ပွဲပါပဲ၊


ကိုကြီးကျောက်တို့ ငယ်ငယ်က တပေါင်းလဆန်း ရင် အိမ်စေ့ ပုန်းမကြီနတ်တင်ဖို့ မုန့်ဖြူ မုန့်နီ( မုန့်ဆီကြော်) ကြော်ကြပြီ၊ မုန့်ဖြူမှာ ပုန်းမကြီမဖို့ လက်ကောက်၊ ဆွဲကြိုး အရုပ်တွေလုပ်ပြီးကြော်ကြတာကိုး၊ ကိုကြီးကျောက်တို့ကတော့ ဘွားအေကြီးကြော်တဲ့ နားမှာထိုင်ပြီး နတ်အရင် တခုပြီးတခု အားပေးတော့တာပဲ၊ ပုန်းမကြီနတ်တင်ချိန်မှာတော့ မုန့်ဆီကြော်တွေ အိမ်တိုင်းမှာ အလျံပယ်ပါပဲ၊ (ဟိုနေ့ကတောင် သတိရလို့ အင်ဒိုနီးရှားက လာတဲ့ ထန်းလျက်လုံးကိုရည်ကြိုပြီး ကောက်ညှင်းမုန့်နဲ့ နယ်ပြီး ကြော်စားတာ ဗမာထန်းလျက်ရည်လောက်တော့ မကောင်းဘူး ၊ အာသာပြေပေါ့လေ)၊


ပုန်းမကြီနတ်ပြီးရင်တော့ ပခန်းကိုကြီးကျော်ပွဲကို သွားကြပြီ၊ ကိုကြီးကျောက်တို့ ငယ်ငယ်ကတော့ မြင်းခြံဆိပ်ကမ်းကနေ မော်တော်တွေ အပြိုင်အဆိုင် လော်စပီကာတွေဖွင့်ပြီးထွက်ကြတာ တပျော်တပါးကြီးပါပဲ၊ နတ်နန်းရှိရာ ထန်းတောရွာက ချင်းတွင်းမြစ်ကမ်းမှာ မော်တော်တွေ တန်းစီနေတာပဲ၊ ကိုကြီးကျောက်တို့ ငယ်ငယ်က နတ်ပွဲတွေ နတ်နန်းတွေက ဒီခေတ်လောက် ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားကြီးမဟုတ်ပါဘူး၊ ခုနောက်ပိုင်းတော့ လူတွေလဲ စီးပွားရေးကြီးပွားရေးတွေမှာ နတ်ပဲ အားကိုးနေကြတော့ နတ်တွေတန်ခိုးထွားလာထင်ပါရဲ့၊


ကိုကြီးကျောက်တို့ငယ်ငယ်ကတော့ နတ်ပွဲက ဈေးပွဲသဘောပါပဲ၊ ပခုက္ကူကစောင်တွေ၊ ပုဆိုးတွေ၊ ရေစကြိုနယ်က ရွှေလှံ ဆန်ကောဆန်ကာ၊တောင်းတွေ၊ရှင်မတောင်သနပ်ခါးတွေ၊ မြင်းခြံနယ် ရန္တပိုက အိုးတွေ၊ ကစားစရာအိုးပုတ်ဂျိုးရုပ် စုံနေအောင်ရောင်းကြတာ၊ နတ်ပွဲမှာ ငါးမြင်း၊ငါးတန်၊ကျောက်ပုဇွန်ထုပ်လတ်လတ်ဆတ်ဆတ်တွေကလဲ ပေါမှပေါ၊ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကစလို့ မြင်းခြံကနေ ပခန်းပွဲကို သွားကြတာ လမ်းကြောင်းတမျိုးပြောင်းသွားတယ်၊ ဟိုး..အင်္ဂလိပ်ခေတ်ဆီက အကြေအညာ စုန်ဆန်သွားတဲ့ မော်တော်၊ သင်္ဘောကြီးတွေ ဝင်နိုင်တဲ့ မြင်းခြံဆိပ်ကမ်းမှာ ဒီအချိန်မှာ ရေတစက်မှမရှိတော့ဘူး၊


ဟိုတနေ့ကတောင် အလဲဗင်းဂျာနယ်မှာ စစ်ကိုင်းတံတားအောက်မှာ ရေတွေခမ်းသွားတာ ဧရာဝတီမြစ်ကြီးခမြာ ပေ၁၀၀ ကျော်ပဲ ကျယ်တော့သတဲ့၊ ရင်ထဲမကောင်းလိုက်တာ....ရာဇဝင်များရဲ့သတို့သမီးလို့ ဆိုတဲ့ ဧရာဝတီခမြာ လူရမ်းကားတွေနဲ့ အချောင်နှိုက်တဲ့ အိမ်နီးချင်းပေါက်ဖေါ်တွေ လက်ထဲမှာ HIV စွဲကပ်နေတဲ့ ကြက်လို လူရုပ်တောင်မပေါ်တော့ပါဘူး၊


ကိုင်း..ဒါတွေရှိစေတော့ မြစ်ပြင်က ကျဉ်းပြီး သောင်ပြင်က ကျယ်လာတော့ မြင်းခြံကနေ ပခန်းကိုကြီးကျော်ပွဲ ကို လှည်းတွေနဲ့ တပျော်တပါးသွားကြတဲ့ ခေတ်ဖြစ်လာတယ်၊ ကိုကြီးကျောက်တို့ကတော့ လှည်းမစီးပါဘူး၊ ၄ မိုင်လောက်ခရီးဆိုတော့ လမ်းပဲလျှောက်တယ်၊ လှည်းစီးရတာ ဖုန်တလုံးလုံးနဲ့ လှည်းတန်းကြီးက တအိအိဆိုတော့ လမ်းလျောက်တာကပိုမြန်တယ်လေ၊ လမ်းတလျှောက်ဖြတ်သွားတဲ့ ဆင်တဲ၊ လှေကုတ်၊ နွယ်နီ၊ နန်းဦးရွာတွေက ပြောင်းဖူးပြုတ်၊ ဇီးသီး၊ ထန်းလျက်၊ လဘက်ကစလို့ နတ်ပွဲလာတဲ့သူတွေကို ကြွေးတာတွေစားပြီး လျှောက်ကြတာပဲ၊


မနက်စောစောထပြီးကူနီပွဲကို လျှောက်ကြတာ နေမမြင့်ခင် နတ်နန်းရောက်လို့ နတ်ဆက်တဲ့သူတွေက ဆက်ကြပေါ့လေ၊ ဈေးဝယ်ကြခြမ်းကြပြီးရင် ညနေ နေကောင်းကောင်းမချိုခင်ပြန်လာကြတာ မိုးချုပ်စမှာ မြင်းခြံပြန်ရောက်တော့တာကိုး၊ အဖိတ်၊ ဥပုသ် ရက်လိုမျိုးဆိုရင်တော့ တမြို့လုံးသွားကြတာ အဲဒီအချိန်ဆိုရင် သောင်ပြင်မှာ မနက်စောစော လမဝင်ခင် လူတွေလှည်းတွေ ဆိုတာဖွေးနေတာပဲပေါ့၊ ကိုကြီးကျောက်တို့ အရပ်ထဲမှာ မုဆိုးမအဖွားကြီးတွေရှိတယ်၊ သူတို့ကနတ်ပွဲချိန်ဆိုရင် သူတို့အုပ်စုက နတ်ပွဲနတ်ဆက်ဖို့ သွားနေကြကိုး၊ ဒီအဖွားကြီးတွေက သူတို့အချင်းချင်းအတင်းပြောလိုက်ကြ၊ ရန်ဖြစ်လိုက်ကြ၊ ပြန်ခေါ်လိုက်ကြနဲ့ ရှုတ်ရှက်ခတ်နေတာပါပဲ၊ အဲ...နတ်ပွဲချိန်တော့ ခေါ်ကြသဗျ၊ သူတို့အုပ်စုက အရပ်ထဲက ကလေးဘုစုခရုတွေ၊ အပျိုပေါက်တွေ ခေါ်ပြီးနတ်ပွဲ ကို လမ်းလျှောက်သွားကြတာကိုး၊


တနှစ်မှာတော့ သူတို့အုပ်စု နတ်ပွဲကိုသွားကြတော့ အပြန်မှာ ခါတိုင်းလိုပဲ နေမချိုခင် ပြန်လာကြသတဲ့၊ အဲဒီနေ့ကတပေါင်းလပြည့်နေ့၊ ပွဲတော်နောက်ဆုံးရက်ကိုး၊ ဦးမင်းကျော်ရဲ့ အမေအမေဂျမ်းကကျွဲလှည်းစီးပြီး သားဆီလာသတဲ့၊ သားကိုစိတ်ဆိုးလို့ လှည်းပေါ်နောက်ပြန်ထိုင်ပြီး နွယ်နီရွာကနေ ဒုန်းမောင်းပြီးလာတာ လှည်းဦးမှာတင်လာတဲ့ရေအိုးက လှည်းထောက်ဖြုတ်ချတာတောင် ကျ မကွဲဘူးဆိုပဲ၊ ဒီအကြောင်းကို အပြန်လမ်းမှာ ကလေးတွေက ယုံတယ်မယုံဘူးနဲ့ ငြင်းခုံလာကြသတဲ့၊ အဲလို ဆူညံပြီးစကားတွေပြောလာလိုက်တာ မှောင်ရီသာပျိုးလာတယ်၊ ဧရာဝတီမြစ်ကမ်းဖက်ကို မရောက်ကြဘူးတဲ့၊


ဘယ်နေရာရောက်လို့ ရောက်မှန်းမသိအောင် တဝဲလည်လည် ဖြစ်နေကြသတဲ့၊ ခါတိုင်းမြင်နေရတဲ့ မြင်းခြံဖက်က မီးရောင်တွေလဲမမြင်ရဘူးတဲ့၊ (မီးပျက်လို့နေမှာပါ)၊ ကလေးတွေကလဲ မောကလဲမော ဆာကလဲဆာဆိုတော့ အအိအိ ငိုကြပြီတဲ့၊ လူကြီးတွေကလဲ စိတ်ပူစပြုလာတော့ ငြင်းခုံလာတဲ့ အပျိုလူပျိုပေါက်တွေကို စကားမှားလို့သာ နတ်ဖွက်ခံရတယ်ဆိုပြီးမာန်မဲကြသတဲ့၊ ဒါနဲ့ မုဆိုးမတွေထဲက ဒေါ်ပွေးကြီးက ဦးမင်းကျော်ကို တိုင်တည်ပြီး တောင်းပန်သတဲ့ ၊ စောင့်ရှောက်ပါဆိုပြီးအကူအညီတောင်းသတဲ့၊ သိတ်မကြာဘူး မြင်းဖြူစီးလာတဲ့ လူတယောက်ရောက်လာပြီး မြင်းခြံဖက်ကမ်းကူးဖို့ လမ်းပြတာနဲ့ သူတို့ ည ၉ နာရီလောက်ကြအိမ်ပြန်ရောက်ကြသတဲ့၊ နောက်တနေ့ မနက်မှာတော့ နတ်လမ်းညွှန်တဲ့အကြောင်း သူတို့အုပ်စုမှာ အရပ်ထဲကို ပြောမဆုံးပေါင် တောသုံးတောင်ပေါ့ဗျာ...၊


ကိုကြီးကျောက်လဲ အမေရိကန်နိုင်ငံ တလံတလျားကို ကားတစီးနဲ့ပတ်နေတော့ Navigator လို့ခေါ်တဲ့ နတ်လမ်းညွှန်လေးကလဲ မရှိမဖြစ်ဆောင်ထားရသဗျ၊ အဲဒီ Navigator မှာ ကိုကြီးကျောက်တို့ နဲ့မတိမ်းတယိမ်း အဆိုတော်မကြီးရဲ့ အသံလို စွာတိစွာတာ မိန်းမအသံလဲရှိသလို၊ ပျင်းတိပျင်းတွဲနဲ့ ပြောနေတဲ့ ယောင်္ကျားအသံလဲရှိသဗျ၊ ကိုကြီးကျောက်ကတော့ ခပ်စွာစွာမိန်းမအသံကို မခံနိုင်လို့ ယောင်္ကျားသံပဲရွေးထားတယ်၊ ခု ကိုကြီးကျောက်က ဝါရှင်တန်ဒီစီမြို့တော် ဧရိယာမှာနေတော့ မြို့ထဲသွားရင် navigator နဲ့ပဲသွားတယ်၊မသွားလို့လဲမရဘူး၊ ဝါရှင်တန်မြို့တော်ဟာ ကိုကြီးကျောက်မောင်းခဲ့သမျှ မြို့တွေထဲမှာ အင်မတန် မောင်းရခက်ပေတာကိုး၊


ရှေးမြို့ဟောင်းကြီးဆိုတော့ လမ်းတွေက ၄ လမ်းဆုံတွေ၊ ၅ လမ်းဆုံတွေ၊ ၆လမ်း ဆုံတွေ ပေါမှပေါ၊ အဝိုင်းတွေကလဲ ဘယ်မှမလွတ်ရဘူး၊ ရောက်စက ကိုကြီးကျောက်က မြင်းစီးကျောက်ရုပ်ဆိုပြီး တည်နေရာတခုမှတ် ထားမိပါတယ်၊ တမြို့လုံး မြင်းစီးရုပ်တွေကလဲ မနဲတော့ ဘယ်နေရာမှန်းတောင်မသိတော့ဘူး၊ မီးပွိုင့်တွေကလဲ တခုနဲ့တခု ကား ၃စီးစာလောက်ပဲဝေးအောင် ကပ်နေတာ၊ ဒီတော့ မြို့ထဲမောင်းရရင် အင်မတန်စိတ်ညစ်တာ၊ navigator ခမြာလဲ မြို့ထဲမောင်းပြီဆိုရင် ပြောရတဲ့သူမှာ မျက်ကလဲဆန်ပြာကို ဖြစ်လို့၊ ခုပဲ turn left ပြောလိုက်ရ၊ ခု turn right ပြောလိုက်၊ ခု round about ပြောလိုက်နဲ့ သူ့ခမြာလဲ ချာချာလည်နေတာပဲ၊ တခါတလေ ကိုယ်သွားချင်တဲ့နေရာက ရောက်နေပြီ သူ့မှာ မျက်စေ့လည်ကောင်းတုန်း၊


ဒီတော့ ကိုကြီးကျောက်လဲ တပေါင်းလ ရောက်လို့ရှေးဟောင်း နှောင်းဖြစ်လေးစဉ်းစားရင်း ဦးမင်းကျော်က နတ်လမ်းညွှန်လုပ်တဲ့အကြောင်းသတိရမိတော့ ၊ခုကိုကြီးကျောက် တခုတွေးမိတာက ပခန်းကိုကြီးကျော် ကို အမေရိကကိုဖိတ်ပြီး နတ်လမ်းညွှန်လုပ်ခိုင်းချင်တော့တာပါပဲ၊ ကိုကြီးကျော်နဲ့ကိုကြီးကျောက်တို့ ဝါရှင်တန်မြို့တော်ထဲ သွားရင် သူကမြင်းဖြူကြီးစီးပြီး ရှေ့ကသွား၊ ကိုကြီးကျောက်က နောက်ကကားမောင်းလိုက်ရင်း သူ့ကို နံပါတ် ၁၃၀၀ ဖလော်ရီဒါ အဲဗင်းနယူး လို့ အော်ပြောလိုက်၊ သူက မြင်းဖြူကြီးဒုန်းစိုင်းပြီး 300 feet turn left ဆိုပြီးနောက်ပြန်အော်လိုက်နဲ့ တော်တော်အဆင်ပြေမယ်ထင်တာပဲ၊ ကျန်တဲ့ကားတွေကလဲ ကျော်နဲ့ကျောက် တို့ရဲ့ navigation system ကို အားကျနေကြလိမ့်မယ်ထင်ပါရဲ့ဗျာ....။


ကိုကြီးကျောက် ကျန်းမာရေးကောင်းနေပေမဲ့ NCI မှာ ဒီလ ၂၂ ရက် အင်္ဂါနေ့ကစလို့ ဆေးကုနေရပါတော့မယ်၊ ဘာတွေဘယ်လို ကုပေးမယ်တော့မသိပါ၊ အဆင်ပြေရင်တော့ စာရေးပါမယ်၊ ဆေးဒဏ်ခံနေရရင်တော့ မရေးနိုင်သေးပါဘူး၊ ကိုကြီးကျောက်ကတော့ တကမ္ဘာလုံးကပို့သတဲ့ မေတ္တာကြောင့် အမြန်ကုသပျောက်ကင်းမယ်လို့ ယုံကြည်ထားကြောင်းပါခင်ဗျာ.....။ ။


Jose de San Martin (Jose ကို ဟိုဆေး လို့ဖတ်ပါတယ်) ရဲ့ မြင်းစီးကျောက်ရုပ်ပုံကို google ကရှာထားပါသည်။

33 comments:

...အလင်းစက်များ said...

ကဲ ကိုဂျီးကျောက်ရေ.... ဧရာဝတီအတွက်တော့ ရင်လေးစရာမလိုပါဘူးကွယ်... ပေါက်ဖော်ကြီးတို့ ဆီက တရုတ်မလေးတွေချည်း တန်းစီးပြီး မြန်မာပြည်မြောက်ဖျားကနေ ရှုရှုး ၀ိုင်းပေါက်ပေးလိုက်ကြရင် ဧရာဝတီပြန်အသက်ရှင်လာမှာပါ... အဲ့ကျမှ ကိုဘကျောက်တို့  ရေပြန်ကူးလှည့်ပေါ့နော...

ဦးမင်းကျော်ကပြောတယ်... သူအမေရိကားမလာချင်ဘူးတဲ့ဗျ... တော်ကြာသူပါ lotion လိမ်းနေရမှ မင်းကျော်ခေကို ဖြစ်မှာ ကြောက်သတဲ့ဗျာ....

ဘိုင်သဝေး... နဗီဂိတ်တာ ဆိုတဲ့ ဟာကြီးကိုလဲ စိတ်ညစ်အောင် သွားသွား မလုပ်ပါနဲ့ လေ... :D

(ကိုကျောက် လန်းနေတယ်)

ဒေါ်လေးမေ said...

တခါတုန်းက သတင်းစာထဲ ဖတ်လိုက်ရတာလေ။ ကားတစီးက navigator ညွှန်သလို turn right, turn left နဲ့ မောင်းနေတာ နောက်ဆုံး မြစ်ထဲကျသွားသတဲ့။

ဘကျောက် မြင်းစီးကျောက်ရုပ်ဆိုပြီး မှတ်တာက တော်သေး။ အဖေ့မိတ်ဆွေတယောက်က အိမ်ရှေ့မှာ ဂမုန်းပင်လေးနဲ့ ဆိုပြီး မှတ်ထားတာတဲ့။ ဒေါ်လေးမေကတော့ အတန်းထဲက အာဖရိကန်သူတွေ ရုပ်တွေမမှတ်မိတော့ ဆံပင်နဲ့မှတ်ထားတာ။ သူတို့ဆံပင်က အတုတွေတပ်ပြီး ခဏခဏ ပြောင်းနေတော့ မျက်စိကိုလည်ရော။ :))

ဘကျောက်ရေ ... ဆေးကုပြီဆိုရင် အစားအသောက် အနေအထိုင်အစစ ဂရုစိုက်တောာ့နော်။ နေ့စဉ် ဘုရားရှိခိုးတိုင်း ဘကျောက်အတွက် မေတ္တာပို့ ဆုတောင်းပေးနေပါတယ်။

ဘကျောက် ဝေဒနာ အမြန်ဆုံး သက်သာ ပျောက်ကင်းပါစေ

စော(အဝါရောင်မြေ) said...

နတ်ပွဲးတွေ ၊ ဘုရားပွဲးတွေလဲ ပေါပါတယ်။ ကိုကြီးကျောက်က ဦးမင်ကျော်ကို လမ်းပြခိုင်းခြင်ရင် သူကလဲ ဆိုင်ကယ်စီးဖြစ်ဖြစ် ပြောင်းကျင့်နေရမှာပေါ့။ ပြီးတော့ အဲဒီ ဒေသကနတ်တွေနှင့်လဲ အဆင်ပြေအောင် ပေါင်းပြီး လမ်းကျွမ်းအောင် လုတ်ရဦးမယ်တဲ့။
ကိုကြီးကျောက် သွားခြင်တဲ့ အခါ အပေါင်းအသင်းတွေနှင့် လျှောက်သွားနေလို့  နဗီဂိတ်တာလေးပဲ ပြန်သုံးနေရဦးမယ်နော် ။
ကျမ္မာရေး အတွက် ခံနိုင်ရေ ရှိအောင် အစားစား၊ ရေသောက်၊ လမ်းလျှောက်လဲ လုတ်ပါ။ အညောင်း အကြာကြီး မထိုင်နဲ့ ။ တရားမှတ်ရင်လဲ က္ကတ္ထိယပုတ်ကို အဆင်ပြေသလို ပြောင်းမှတ်ကြည့်လေ နော်။ ဂရုစိုက်ပါလို့ ပဲ ပြောတော့မယ်နော် .. .. ..။

မိုးယံ (လူသားအားလုံးအတွက်) said...

နတ်ပွဲကို navigator နဲ့သွားပြီး ၊ ၀ါရှင်တန်မှာ ကိုကြီးကျော်နဲ့ သွးပေါ့ ဘကျောက်ရဲ့။

ဒီလောက်လွယ်တာကိုကွယ်.


မြန်မြန်ဆန်ဆန် နေကောင်းပြီး ဖလမ်းဖလမ်းထအောင် စာတွေ ဖတ်နိုင်ရေးနိုင်ပါစေတော်။

seesein said...

ဘကျောက်
အနိပ်ကလေးတွေက စလာရင်တော့ ကျောက်သစ္စာရှင်ကြီးလည်း ဘာခံနိုင်မှာလည်းနော
သြ မွှားလို့ အနိစ္စသဘောနဲ့ နတ်တွေလည်း ခေတ်သစ်နတ်ဒိုးနဲ့ ရောသမမွှေနေတာဆိုတော့ အခု ဘကျောက်ရဲ့လမ်းညွှန်ဂိုက်ကြီးကိုလည်း မြင်းမစီးခိုင်းပါနဲ့တော့လေ အားရှိအောင် စားဗျာ အေးအေးလူလူနားဗျာ မေတ္တာကြောင့် ပျောက်ကင်းစေဗျာ။
ခင်မင်တဲ့
seesein

rose said...

ကိုယ် မသိတဲ့ အကြောင်းအရာလေးတွေ ဖတ်ရလို့ ကျေးဇူးပါ ကိုကြီးကျောက်။ မြင်းခြံ မြို့က ဘုရားပွဲ၊ နတ်ပွဲတွေကို မျက်စိထဲ မြင်လာပြီး နွားလှည်းတောင် စီးချင်စိတ် ပေါက်တယ်။ ပျော်စရာကြီးနော်။ ကိုကြီးကျောက် နေကောင်း ကျန်းမာလို့ ဘလော့ဂ်မှာ စာတွေ အများကြီး ရေးနိုင်ပါစေ။

http://redroseofburma.blogspot.com/

chinniah said...

ရွှေဖီငုံကင်း အင်ကြင်းတွေကနီ ...
ရဟန္တာ တွေတောင် ဈာန်လျောတဲ့ လ ဆိုပေတာကိုး ...ကိုကျောက် .. တခုခု ကို လွမ်းနေပြီ ထင်တယ် ...

ကျမ်းမာပါစေ

ဟန်ကြည် said...

အင်း ကိုကျောက်ရဲ့နတ်လမ်းညွှန်မျိုး တစ်ယောက်လောက်ရရင်တော့လည်း ကောင်းသားဗျာ...ဒါပေမယ့် နေ့ရောညပါ စိတ်အေးအေး နေလို့ရတဲ့ မြို့ကိုပို့ခိုင်းရင် ဘယ်ကိုများ ပို့မလဲမသိဘူးဗျနော...

sosegado said...

ကိုကြီးကျောက်တစ်ယောက် ယုံကြည်ထားတဲ့အတိုင်း ရောဂါပျောက်ကင်းသက်သာသွားမှာပါ၊ ဂျပန်က လသာည လည်း ငလျှင်ကြားမှာ အဆင်ပြေ အန္တရယ်ကင်းတယ်ကြားပါတယ်။

ကိုဇော် said...

တကယ်ကို မြင်ယောင်ကြည့်မိပါတယ်။
ရွှေဘိုကျောက်ရယ်လေ ခွာသံ နှာသံ ပြင်းသလေ့လေ့ ၊ ကတောက် . . . ကတောက် . . .ကတောက် . ။

ငွေစန္ဒာ said...

ဘကျောက်ကျန်းမာပျော်ရွှင်အသက်ရှည်ပါစေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

HIV စွဲကပ်နေတဲ့ ကြက်လို လူရုပ်မပေါ်တော့တဲ့ ဧရာဝတီတဲ့လား
ပြောတတ်ပါပေရဲ့...
ဆေးကုသမှုတွေ အစစအရာရာ အဆင်ပြေပြီး နေကောင်းကျန်းမာ ရွှင်လန်းစွာဖြင့် စာများများရေးနိုင်ပါစေ ကိုကြီးကျောက်ရေ...

Anonymous said...

ကိုကြီးကျောက်
တပေါင်းလမုာအဟောင်းအညံ့တွေပျောက်၍တန်ခူးလမှုာ
အားလုံးအသစ်နဲ့ဖလန်းဖလန်းထနိုင်ပါစေ.......

ရေကန်ကြိးဘေးကနုမလေး


I try my best to type in Burmese during Thingyan:P

ကိုအောင်(ပျူနိုင်ငံ) said...

ဘိုးတော်ကျောက် ကျန်းမာရေး ဒေါင်ဒင်မြည်
တယ်ဆိုပြီး ဂျပန်ဖက် တိုင်းခန်း မလှည့်နဲ့နော်
..... :P

သစ်နက်ဆူး said...

ကိုကျောက်
navigator ကြီးအားကိုးနဲ့ပေါ့ဗျာ..
ပြင်သစ်လေယာဉ်ကွင်းကနေ မောင်းလိုက်တာ မြို့ ပြင်ကို ၂ခေါက်တောင်ရောက်သွားတယ်ဗျ..
လမ်းဆုံးတော့ တောဘဲရှိတော့တာ..။
လုပ်ဗျာ..ကိုကျောက်ကအဆက်အသွယ်ကောင်းတော့
ကျနော့်တို့ အတွက်လဲ လမ်းညွှန်ရှာပို့ ပေးပါဦး..

ကျမ္မာပါစေ

An Asian Tour Operator said...

ထရေ တကျိုက် ကြက်ကြော် တကိုက် လုပ်ခဲ့မှာ မြင်ယောင် နေပါ့ဗျား။
မုန်ဖြူမုန် နီ ကြော်ထားတာ က ပုန်းမကြည် မတင်ခင် မစားရ လို့ ကျနော်တိုက ကလေးတသိုက်အတွက် မုန့်နီအိုး က ကပ်ကျန်နေတဲ့ မှုန့်နှစ် ကလေး တွေကို ရေနဲ့ ကျင်းပြီး မုန့်ချီး ကြော်ကျွေး တာအရင်စား ရပါတယ်။
သူများတွေ နဗီဂေတာ တွေ ဂျီပီအက်စ တွေ သုံးကြပေမယ့် ကျနော် ကတော့ အခုအချိန်အထိ မြေပုံကြီး ဖြန့်ဖြန့်ကြည့်ရတာ ပဲအားရတယ်ဗျာ။ ကားထဲမှာ ဆီတော့ အပြည့်ဖြည့်ထား ရတယ်။ :P

မယ်ကိုး said...

လေးလေး အမြန်ဆုံးကျန်းမာပါစေ။

ချစ်ကြည်အေး said...

ကိုကြီးကျောက်ရေ....သတိရနေပါတယ်နော်....တို့ အကိုကြီးကို.....

ဟိုးတုန်းက ရပ်ဓလေ့ ရွာဓလေ့လေးတွေက သိတ်ချစ်စရာ ကောင်းတာပဲနော်...လွမ်းမိတယ် ခုထိ သတိရနေတုန်း ပြန်လာပြီးကတည်းက အလုပ်ထွက်ချင်စိတ်ပဲ ပေါက်နေတော့တယ်....

ကျောက်နှမ ကေ said...

ကိုကြီးကျောက် ..ပြောလိုက်မှပဲ..သောင်ထွန်းနေတဲ့..ဧရာဝတီ မြစ်ကလေး ကို..ကွင်းကွင်း ကွက်ကွက်..တစ်တစ်ခွခွ.. ခံစားလိုက်ရတော့တယ်..။း)

နာမယ်နဲ့ လိုက်အောင်သာ..မာ ပါစေ..ကိုကြီးကျောက်ရေ..

ကျောက်သမီးမျိုး said...

မေကျောက်.... ကျန်းမာရေးကောင်းပြီး ပြုံးစရာစာတွေဖတ်ဖို့စောင့်နေတယ်း)

ချီးယားစ် အားတင်းထား ဗျ ။

Anonymous said...

ဦးဗောင်းစင်းနဲ့မြင်းဖြူရှင်ကျောက် ၀ါရှင်တန်မိုလို့ တော်သေးတာပေါ့ အခု ကယ်လီဖိုးနီးယားရော ဟာဝိုင်ရီရော လန့် နေရတယ် ဂျပန်ကနေ မိုးမင်းကြီးထွက်သွား တာ သေချာမယ် ထင်ပါရဲ့ လသာည ခွန်သဒါ ကြည်ကြည် တို့ အဆင်ပြေပါစေလို့ ဆုတောင်းပေး နေပါတယ်

ဘကျောက် ကျန်းမာရေးမြန်၂ ပြန်ကောင်းပါစေလို့ဆုတောင်း ပေးပါတယ်။

အခုတလောကပ်ဆိုက်နေတော့ကံဆိုးလို့ ကြုံရင်တောင် ကယ်သူပေါ်ပါစေလို့  အားလုံးအနရယ်ကင်းပါစေလို့  ဆုတောင်းနေမိတယ်။
ဆောင်း

ရွှေရတုမှတ်တမ်း said...

ဟုတ်တယ် ဆောင်းရေ..LA ကမိတ်ဆွေတယောက်ပြောလို့ သူတို့ဖက်မှာ ငါးတွေသေပြီး ကမ်းစပ်မှာမျောနေတာ ၄, ၅ ရက်လောက်ရှိပြီတဲ့..အရင်က မတွေ့ဘူးတဲ့ တိရစ္ဆာန်တွေလဲ အပြင်ထွက်တာတွေ့ကြသတဲ့..ကယ်လီဖိုးနီးယားဖက်မှာ ငလျင်လှုပ်နိုင်တယ်နော်..သတိထား

မြစ်ကျိုးအင်း said...

အညာဘက်က နတ်ပွဲတွေအကြောင်းတော့ မရောက်ဖူးပေမယ့် ဆရာမခင်ခင်ထူး ဝတ္ထုတော်တော် များများမှာ ဖတ်ဖူးနေတော့ မျက်လုံးထဲ ပုံပေါ်နေတော့တာပဲ။
လမ်းညွှန်ဖို့များ ကိုကြီးကျော် တ နေရသေးတယ်။
ကားပြိုင်ပွဲတွေမှာလို ဘေးထိုင်ခုံမှာ ကောင်မလေး ကို မြေပုံကိုင်ခိုင်းပြီး အဖော်ပြုတာ ပိုမကောင်းဘူးလား။

ကျန်းမာရေးကောင်းတယ်ဆိုလို့ ဝမ်းသာတယ် ကိုကြီးကျောက်ရေ။ အမြန်သက်သာပျောက်ကင်း သွားဖို့ ဆုတောင်းပေးလျက်ပါနော်။

ကလူသစ် said...

ဘကျောက်။ နေဗီဂိတ်တာက အစုတ်မို့လို့နေမှာပေါ့ဗျ။ လမ်းပဲလျှောက်ပေါ့ဗျာ။ ကောင်မလေးတွေလဲ ငေးရင်း၊ ကျမ်းမာရေးအတွက်လဲ ကောင်းပေါ့

ခနွဲ said...

ရာဇဝင်များရဲ့သတို့သမီးလို့ ဆိုတဲ့ ဧရာဝတီခမြာ လူရမ်းကားတွေနဲ့ အချောင်နှိုက်တဲ့ အိမ်နီးချင်းပေါက်ဖေါ်တွေ လက်ထဲမှာ HIV စွဲကပ်နေတဲ့ ကြက်လို လူရုပ်တောင်မပေါ်တော့ပါဘူး၊

အဲဒီ စာသားလေးတော့ ကြိုက်တယ်ဘကျောက်ရေ။

နတ်လမ်းညွှန်တော့ ဘကျောက်ပြောသလို ပင့်လို့ရရင် ပိုကောင်းမယ်ထင်ပါ့။ ကိုကြီးကျော် နတ်ပွဲကတော့ ငယ်ငယ်က မုန့်တွေ စားရလို့လိုက်ဖြစ်တယ်။ ဘာလုပ်ကြတယ်ဆိုတာတော့ သေချာမသိဘူး။

နောက်ပြီး ကျန်းမာရေးကို ဂရုစိုက်ပါဘကျောက်။

rose of sharon said...

ကိုကြီးကျောက်ရေ... မသိတာတွေသိလိုက်ရလို့ ဗဟုသုတလဲရ ရီလဲရီရတယ်...
ကိုကြီးကျောက် အမြန်နေကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်....

rose of sharon said...

ကိုကြီးကျောက်ရေ... URL မှာလိပ်စာတပ်မိသွားလို့ sorry နော်...

ဂျစ်တူး(မုံရွာ) said...

ကျန်းမာပါစေမင်္ဂလာပါ ကိုကြီးကျောက်-
ဆေးကုရင်ပြောက်မှာပေါ့ဗျာ-
အခုဟာကလူကောင်းတွေထက်တောင်သန်မာနေလို့ခက်နေ
တာမို့လား-

ပန်ဒိုရာ said...

ကိုကြီးကျောက်က နေကောင်းသွားမှာပါ။

ဧရာဝတီမြစ်ကြီး နေကောင်းမကောင်းတော့ မပြောတတ်ဘူး
စစ်ကိုင်းနားမှာ အကျောတွေပေါ်ပြီး ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ တွေ့ခဲ့တယ်။ ဒီတောင်ကို ကျော်ပါစေသား။

သူကြီးမင်း (တုံးဖလား) said...

ဘကျောက်...
အဲဒါမျိုးကို ဒီမှာတော့ တုံတုံ တဲ့။ အဲဒီလိုလဲ ခေါ်ကြတယ်။ သူပြောတဲ့အတိုင်း လိုက်သွားတာ အေဒင်ဘရာနဲ့ မန်ချက်စတာကို တစ်နေ့ခရီးလောက် ဖြစ်သွားရော။ ဒီလောက် နီးနီးလေးဟာကို။ ဘကျောက်ပြောတဲ့ နတ်လမ်းညွန်ဘဲ ကောင်းမယ်ထင်တယ်။း)))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

အကိုကြီးကျောက်ရေ အခုမှပဲ လူကောစက်ကော ရတော့တယ်။ မုန့်ဖြူ၊မုန့်နီ အကျော်ငယ်ငယ်ကတော့ တောကိုအလည်သွားရင် စားဖူးတယ် မေးကြည့်တော့ ရိုးရာတင်တယ်ဆိုလားပဲ။
DC လာလည်ရင်တော့ မုန့်လုပ်ကျွှေးမယ် ပြောသလားလို့ အဲဒီမုန့်ဆိုမဆိုးဖူး။ ကယ်လီဖိုးနီးယားက လူတွေကတော့ အခုတလောစိတ်ပူနေကျတယ် ကျမအတွက်တော့ မှန်နေသလိုပဲ အရှေ့အရပ်မှာနေပြီ အရှေ့အကြောင်းတွေ ပြောနေရတာ စိတ်တော့အေးရသား၊ ကိုကြီးကျောက်ရေ ဂျီပီအက်စ် ဝယ်ရင်လေ မန်မိုရီများတာကိုဝယ်ပါ နင်မို့ဆို ကားမောင်းသလောက် စက်ကမလိုက်နိုင်ဘူး ဖြစ်ဖြစ်နေတယ် ဒီစီ ကအဝိုင်းတွေကို အဲဒီစက်နဲ့ ဘယ်နှစ်ခါပတ်ရသလဲ၊
စာတွေကောပြင်ဖြစ်လား ဆြာညို နဲ့က တမြို့ထဲဆိုတာ တနေ့ကမှသိတာ။ ဘာဘဲဖြစ်ဖြစ်နေကောင်းကျန်းမာနေတာကို ဝမ်းသာပါတယ်။ စားနေသွားကိုအသိလေးနဲ့မှတ်ပါတဲ့ ဒီကနေ့ဘဲ အပျိုကြီးက ပြောခိုင်းတာပါ။
နှမမယ်လွင်

T T Sweet said...

ကိုကြီးကျောက်ရေ ... အမေတို့ရွာမှာလဲ မုန့်ဖြူမုန့်နီ နတ်တင်တာတွေ ရှိတယ်။ အညာဘက်က ဓလေ့နဲ့တူတယ်။

Navigator ဆိုလို့ အဲ့ဒါလေးရှိလို့ ကိုကြီးကျောက်နှမ အူတတ အလုပ်ဖြစ်နေတာ။ တစ်ခါတစ်လေစဉ်းစားမိတယ်။ ငါ့နှယ်နော်။ GPS ရှိတဲ့ ခေတ်မှာ လူလာဖြစ်ပေလို့ပဲလို့ ...

Mary Grace said...

http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog