Tuesday, December 7, 2010

Rally ကျောက်နဲ့ ကုလားမခြေထောက်သရဲ

တလောဆီက Rally ကားပြိုင်ပွဲမှာ ဗမာပြည်က ကားမောင်းသူက ဗိုလ်စွဲသတဲ့ ၊ တကယ်တော့ ဒါဟာမထူးဆန်းတဲ့ သတင်းပါ၊ ကိုကြီးကျောက်တို့ ရန်ကုန်ရွှေမြို့တော်ကြီးက ဘတ်စကားတွေဆို ကားပြိုင်ပွဲအတွက်လေ့ကျင့်နေသလားလို့တောင် ထင်ရတယ်၊ သူ့ထက်သူ အပြိုင်အဆိုင်မောင်းလိုက် ကြတာများ၊ ဟော...ကိုကြီးကျောက်တို့လဲ ဗမာပြည်မှာနှစ်ပေါင်းများစွာ နေလာတာပဲ ဒီ Rally မောင်းတာမျိုးလောက်ကတော့ ..အဟင်း...အေးဆေးပဲ..၊ ကိုကြီးကျောက်တို့ ဘယ်မှာ ဘယ်လို မောင်းခဲ့သလဲ ဆိုတာပြောရရင်တော့...

ကိုကြီးကျောက်တို့ မြင်းခြံမှာ ကိုးဆောင်ဘုရားနဲ့ ကိုးဆောင်ပရိယတ္တိစာသင်တိုက်ကြီးက အထင်ရှားရှိတာပေါ့၊ ကိုးဆောင်ဘုရားကြီးရဲ့ ဈေးကြီးတန်ဆောင်းဟာ သမိုင်းဝင်တနေရာပါပဲ၊ ၁၉၃၆ ခုနှစ် ဒုတိယအကြိမ်မြောက် ဒို့ဗမာအစည်းအရုံး ညီလာခံကို ကိုးဆောင်ဘုရားကြီးဈေးကြီးတန်ဆောင်း မှာကျင်းပခဲ့တာပေါ့..၊ အဲဒီညီလာခံမှာ ဝိုင်အမ်ဘီ ဆရာတင်က ဒို့ဗမာသီချင်းကို မြင်းခြံကွေ့ကြီးရပ်အပျော်တမ်းတူရိယာအဖွဲ့ နဲ့တွဲဖက်ပြီးသီဆိုခဲ့တာ တမြို့လုံးဒို့ဗမာသီချင်းသံ စီစီညံခဲ့တာပေါ့၊ အဲဒီ ညီလာခံကစလို့ အမျိုးသားသီချင်းသတ်မှတ်ခဲ့ပြီး နိုင်ငံတော်သီချင်းကို ဒီသီချင်း အခြေခံပြီးရေးကြသတဲ့၊

ဒို့ဗမာသီချင်းကလဲ ဘယ်လောက်ခေတ်စားတယ် မစားတယ် မင်္ဂလာဆောင်မှာလဲ ဒီသီချင်းပဲ၊ အလှူမှာလဲ ဒီသီချင်းပဲ..ကလေးကင်ပွန်းတပ်တာတောင် ဒီသီချင်းပဲ ဆိုကြသတဲ့၊ ကိုကြီးကျောက်တို့ အရပ်ထဲက ဦးလေးသန်းစိန်တို့ ကာလသားဘဝက မြင်းခြံ နဲ့ ၂ မိုင်ကွာမှာရှိတဲ့ လေးအိမ်တန်းရွာ မင်္ဂလာဆောင်မှာ သွားပြီးတီးကြမှုတ်ကြတော့ ဒို့ဗမာသီချင်းအဆိုကောင်းလို့ ပြေးပေါက်မှားကြရသတဲ့၊ ဒီသီချင်းထဲမှာ ဗမာတွေ ကံခေလို့ အင်္ဂလိပ်လက်အောက်ကျွန်ဘဝရောက်ကြတဲ့ အကြောင်းပါတယ်၊ သီချင်းစာသားပါ " ငါတို့ကံခေ........" ဆိုတာကို ဦးလေးသန်းစိန်က ဆွဲဆွဲငင်ငင်နဲ့ ဆိုတော့ သတို့သားဦးလေး ဖြစ်သူက မင်္ဂလာချိန်မှာ ဘာကံခေတာတွေ ဆိုရသလဲဆိုပြီး ဝါးရင်းတုတ်နဲ့ တီးဝိုင်းကို ဝင်ရိုက်တာအကုန်ထွက်ပြေးကြရသတဲ့..၊

ကံအခေဆုံး ဦးလေးသန်းစိန်မှာတော့ ခေါင်းမှာ ၅ ချက်တောင်ချုပ်ရသတဲ့၊ အရပ်ထဲကတော့ ဦးလေးသန်းစိန် ကံခေကြောင်းကို လူစုံတိုင်း တဝါးဝါး ပြောပြီးရီကြတာပေါ့၊

ပျံလွန်တော်မူသွားတဲ့ ကိုးဆောင်ဆရာတော်ဘုရားက ပုဂံ လောကနန္ဒာဘုရားနားက သီရိပစ္စေယာရွာသား၊ အဲဒီတော့ ပုဂံကလူတွေ ညောင်ဦးကလူတွေ မြင်းခြံကို ရုံးကိစ္စနဲ့လာလာ၊ ဘာအကြောင်းနဲ့ပဲလာလာ ကိုးဆောင်တိုက်ကို ဝင်ကြတာပဲ၊ ညောင်ဦးမြင်းခြံပြေးတဲ့ လိုင်းကားတွေက ပုဂံအာနန္ဒာဘုရားနားက တောင်ဘီရွာသားတွေ ပိုင်ကြတာများတယ်၊ အဲဒီတော့ မြင်းခြံမှာညအိပ်တဲ့ကားတွေက ကိုးဆောင်တိုက်မှာ လာပြီးကားထိုးအိပ်ကြတာ၊ ကိုကြီးကျောက်ကလဲ ကိုးဆောင်ကစာချဘုန်းကြီးတွေနဲ့က ဆရာဒကာရင်းတွေဆိုတော့ တောင်ဘီကကားသမားတွေနဲ့လဲ ရင်းနှီးနေတာပေါ့လေ၊ ကားသမားတွေကလဲ ညောင်ဦးကို သူတို့ကားနဲ့ လိုက်ဖို့ အမြဲခေါ်ပါရဲ့ ကိုကြီးကျောက်ကတော့ သူတို့ကားတွေက ပုပ္ပားကျောက်ပန်းတောင်းကနေ တကွေ့တပတ်ကြီးသွားတာမို့ အချိန်ကုန်လို့ မလိုက်ပါဘူး၊ ညောင်ဦးမြင်းခြံကို ဆိုင်ကယ်နဲ့သွားရင် တနာရီ သာသာပဲစီးရတာ၊


ကိုကြီးကျောက်တခါတော့ ရွှေစည်းခုံဘုရားကြီးသွားချင်တာနဲ့ သွားတော့ ရွှေစည်းခုံဘုရားမှာလူကလဲရှင်းလို့ ကိုအေအေတူ(AATO)ပေါက်စ တိုးရစ်ဂိုက်လုပ်မဲ့ ကလေးတွေက ကိုကြီးကျောက်ဆီ တပြုံကြီးပြေးလာကြရော၊ ကိုကြီးကျောက်ကလဲ သူတို့ကို " သွားပါကွာ...မင်းတို့ပြောမဲ့ ကျောက်မြင်းကြီးကဘယ်လို ကျန်စစ်သားလှံထောက်ရာက ဘယ်ဟာ..ပွဲစားကြီးဦးနေဒွန်းက ဘယ်ကဲ့သို့တွေ နားမထောင်ချင်ပါဘူး" လို့ပြောတော့ ..၊ အသက် ၉ နှစ်လောက်ပဲ ရှိမဲ့ ကောင်လေးက " အကိုကြီးရာ.. ကျနော်တို့ ဧည့်မလာလို့ ဈေးဦးမပေါက်သေးလို့ပါ မထောင်ချင်ထောင်ချင် ထောင်လိုက်စမ်းပါ " တဲ့..၊ ဒီကောင်လူပါး..၊ အသက် ၄၀ ကျော် ကိုကြီးကျောက်ကို အကိုကြီးဖမ်းခေါ်ပစ်တာ၊ တကယ်တော့ ကိုကြီးကျောက်မြေးအရွယ်၊ " မထောင်ချင်ဘူးကွာ" ဆိုတော့ "ဒါဆို ဆံပင်ဖြူနှုတ်ပေးမယ်ဗျာ" တဲ့..၊အင်း... ဒီကောင်ကြည့်ရတာ တမျိုးပြီးတမျိုး လက်လျော့မဲ့ပုံ မပေါ်လောက်ဘူးဆိုပြီး...ကဲကွာ..နှုတ်နှုတ် လို့လဲဆိုလိုက်ရော အဲ
ဲဒီနားက ကလေးတပြုံကြီး တယောက်တလက် ဝိုင်းနှုတ်လိုက်ကြတာ ကံကောင်းလို့ ကိုကြီးကျောက်မှာ စာကလေးကျော် ဆံပင်ပုံမဖြစ်တယ်..၊
ကဲ...ကဲ...Rally ကျောက်တို့ ကုလားမခြေထောက်သရဲနဲ့ တွေ့ကြပုံလေးဆက်ကြဦးစို့..၊လွန်ခဲ့တဲ့ အနှစ်၂၀ လောက်က အပေါ်ကပုံပြထားတဲ့နေရာမှာ လူနေအိမ်ခြေလဲဘာမှမရှိ ပြောင်းခင်းတွေပဲရှိတယ်၊ ပြောင်းခင်းက ပြောင်းဖူးတဲ့ပြောင်းမဟုတ်ဘူး၊ နှံစားပြောင်းတွေ၊ ထုတ်ကုန်နှစ်ဆတိုးမြှင့်ကြ ဆိုတဲ့ ဆိုင်းဘုတ် ဟိုဖက်မှာ မြင်းခြံကနေ သာစည်နဲ့ ပုဂံကို သွားတဲ့ ရထားလမ်းရှိတယ်၊ ရထားလမ်းဟိုဖက်က မန်ကျီးပင်ကြီးအောက်မှာ ရထားတွေအလံပြတဲ့ အစောင့်တဲရှိတယ်၊ သစ်သားကွပ်ပြစ်ကြီးတခု ခင်းထားတယ်၊
မေလထဲ တညမှာတော့ ကိုကြီးကျောက်ကလဲကိုးဆောင်တိုက်ထဲ ဝေယျာဝေစ္စ လုပ်စရာလေးရှိတော့ ၊ ဘုန်းကြီးကျောင်းမှာအိပ်တယ်၊ အဲဒီညမှာ တောင်ဘီကကားသမားတွေ ကုလားမတို့ အုပ်စုက မြင်းခြံမှာအိပ်တဲ့ရက်ဆိုတော့ ကျောင်းမှာတွေ့ကြတာပေါ့၊ အဲဒီနှစ်က မိုးကလဲနောက်ကျတော့ ပူလိုက်တာ၊ ညဆိုပူလွန်းလို့ တော်တော်နဲ့မအိပ်နိုင်ဘူး၊ ဒါနဲ့ ည ၁၁ နာရီလောက်ကြ ကားသမားတွေက မြို့ပြင်ထွက်ပြီး အလံပြတဲက ကွပ်ပျစ်မှာအိပ်ကြမယ်ပေါ့၊ နဲနဲအပူသက်သာတာပေါ့လေ၊


ဒါနဲ့မြို့ပြင်ထွက်အိပ်ကြတော့ ကုလားမက ဟိုင်းလပ်ကားခေါင်မိုးပေါ်အိပ်တယ်၊ ကိုကြီးကျောက်တို့ ကျန်တဲ့ ၃ယောက်က ကွပ်ပြစ်မှာအိပ်ကြတော့၊ ညတချက်ခွဲလောက်မှာ ကုလားမက ကားပေါ်ကဝုန်းကနဲခုန်ဆင်းလာပြီး ကွပ်ပြစ်ပေါ်အိပ်နေတဲ့သူတွေကို ခြေထောက်ဆွဲပြီး အတင်းလိုက်နှိုးတာကိုး...၊ အိပ်နေတဲ့သူတွေကလဲ ဘာလဲဟ ဆိုပြီးထထိုင်လိုက်ကြတော့ ကားနံဘေးမှာ မျက်လုံးကမီးခဲလို ဝင်းဝင်းနဲ့ ဧရာမအရပ်ရှည်ကောင်ကြီးက အမယ်..ကုလားမခြေထောက်နဲ့ လမ်းသွားသလို လမ်းသလားနေပေသကိုး၊ သူက ရထားသံလမ်းကူးပြီးဆက်လျောက်တော့ ထုတ်ကုန်နှစ်ဆ ဆိုတဲ့နေရာလောက်မှာက နောက်တကောင်ဗျ..၊ အမယ်မင်း နှစ်ကောင်ပေါင်းပြီး ကိုကြီးကျောက်တို့ဖက်ကြည့်နေကြတာ..
အို....ဘာပြောကောင်းမလဲ အကုန်ဝရုန်းသုံးကားနဲ့ ကားပေါ်ပြေးတက်ကြတာ လူ ၄ယောက်ရှေ့ခန်းမှာ ဘယ်လိုထိုင်မိမှန်းမသိဘူး၊ ကားမောင်းမဲ့ အော်ရီ က လက်တွေတုန်နေလို့ သော့ပေါက်ထဲမဝင်ဘူး ၊ ကိုကြီးကျောက်လဲ အော်ရီရင်ခွင်ထဲ ဝင်ထိုင်ပြီး ကားစက်နှိုးပြီး ၂ ယောက်ပူးဘယ်လိုမောင်းမိမှန်းတောင် မသိဘူး Rally ကားပြိုင်ပွဲလို မောင်းမိတာတော့ သိတယ်၊ ထွက်မလို့ ကားမီးထိုးပြီးသူတို့ကြည့်တော့... အမယ်..ကုလားမခြေထောက်နဲ့ ပြောင်းခင်းထဲလျောက်သလို ပြောင်းခင်းထဲဝင်သွားကြပါလေရောလား..၊ ဒါပေမဲ့ ကားထွက်ထွက်ခြင်း ခေါင်မိုးပေါ်က သိမ့်ကနဲ လှုပ်သွားတော့ ..ဟယ်..ကားခေါင်မိုးပေါ်ငုတ်တုပ်ကြီး ပါလာပြီလားပေါ့..ပြဿနာပဲ..၊ ပါတော့မလာပါဘူး Rally ပြိုင်ပွဲဝင်ကား စီးရမှာကြောက်လို့ ခုန်ဆင်းနေတာ သိမ့်ကနဲ ဖြစ်သွားထင်ပါရဲ့..၊
ခုတော့ အဲဒီနေရာတွေလဲ စက်မှုဇုံရပ်ကွက်တွေ လုပ်လိုက်တော့ ကုလားမခြေထောက်နဲ့ သူတို့လဲ လူသူလေးပါးကင်းရှင်းရာ ဘယ်နေရာတွေ ရွှေ့ကုန်ကြပြီလဲ မသိတော့ပါဘူး၊ ကိုကြီးကျောက်တို့ ငယ်ငယ်ကတော့ မြို့ပြင်လူသေတွေ မီးထွက်ရှို့ကြတဲ့နေရာတွေ ဆိုတော့ သူတို့ အပိုင်နေရာကိုး..ဧည့်စာရင်းလာစစ်တာ ဖြစ်ချင်လဲဖြစ်မှာပေါ့လေ....။
ကိုကြီးကျောက်တို့တော့ နဲနဲ သက်တောင့်သက်သာရှိလာရင် ဟိုစာဒီစာလေးကလဲရေးချင်လာတော့တာပဲ ဘောပင်မကိုင်နိုင်သေးပေမဲ့ ကီးဘုတ်တော့ ရိုက်နိုင်ပါပြီ၊ ရာသီဥတုကလဲ အေးလွန်းတော့ (၂၃ံ ဖာရင်ဟိုက်ပဲရှိတယ်၊ ရေခဲမှတ်က ၃၂ံ ဆိုတော့ စဉ်းစားသာကြည့်ပေတော့) ဘယ်မှမထွက်နိုင်၊ တနင်္ဂနွေနေ့ကို snow ကျမယ်ဆိုတော့ အိမ်ထဲပဲ စာဖတ်နေရတော့မှာပဲ၊ ဓါတ်ပုံတွေကို wiki နဲ့ ခနွဲဆီက ယူသုံးထားပါတယ် ။ ။

No comments: