Friday, June 11, 2010

တစ္ဆေများနှင့်လျှောက်လည်ခြင်း


အညာကျေးလက်ဆိုတာက အောက်ပြေအောက်ရွာလို ရေမိုးကအဆင်ပြေတဲ့အရပ်မဟုတ်လေတော့ စိုက်ပျိုးလုပ်ကိုင်စားရတာ မလွယ်လှပါဘူး၊ ကိုကြီးကျောက်တို့နယ်မှာတော့ ဧရာဝတီမြစ်နဲ့ချင်းတွင်းမြစ်ဆုံက မြေနုကျွန်းထဲရွာတွေနဲ့ ကုန်းခေါင်ခေါင် ကျေးတောရွာတွေရယ်လို့ ရှိရာမှာ ကျွန်းထဲရွာတွေကတော့ စိုစိုပြေပြေ စိမ်းစိမ်းလန်းလန်းရှိပါတယ်။ ကိုကြီးကျောက်ကိုရင်ဘဝက သူငယ်ချင်းတွေရှိရာ ရွာပေါင်းစုံကို ရောက်တတ်တော့ သိရမြင်ရတာပေါ့လေ၊
ကိုကြီးကျောက်ရဲ့ ကိုရင်သူငယ်ချင်းတယောက်ရှိတယ်၊ သူ့ရဲ့လူနာမည်က ကိုပြေစိန်တဲ့၊ သူကကျွန်းထဲသား၊ သူ့ရွာက ဇရပ်နီတဲ့၊ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်အကြားကရွာ၊ ရေစကြိုမြို့နယ်ထဲမှာပါတယ်၊ ရေစကြိုမြို့နဲ့တော့ ချင်းတွင်းမြစ်ခြားနေတယ်၊ ကိုကြီးကျောက်ကတော့ ရေစကြိုတဖက်ကမ်းက ဆင်ခြေရာတို့ ဇရပ်နီတို့ မင်းလှတို့ရွာတွေကိုမကြာခန အလည်ရောက်တတ်တယ်၊ ကိုပြေစိန်ကိုရင်ဘဝနဲ့ ရန်ကုန်က စာသင်တိုက်တတိုက်ကို ရွှေ့သွားကထဲက ကိုကြီးကျောက်နဲ့ ကွဲသွားတာ၊ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပြန်ဆုံတော့ သူကသူ့ရွာမှာ အိမ်ထောင်ပြန်ကျနေပြီ၊
ဒီလိုနဲ့ကိုကြီးကျောက် ဇရပ်နီရွာကို တခါရောက်တော့ သူ့အိမ်ဝင်တာပေါ့၊ သူ့အိမ်မှာ ကလေးတွေပဲရှိတယ်၊ ကိုပြေစိန်အသဲအသန်ဖျားနေလို့ ရေစကြိုဆေးရုံတင်ထားတဲ့ အကြောင်းပြောကြတယ်၊ ဒါနဲ့ ရေစကြိုဖက်ကိုကူးပြီး လူနာသွားကြည့်ကြမယ်ဆိုပြီး ရေစကြိုဆေးရုံကို သွားကြတာပေါ့လေ၊ ဆေးရုံရောက်တော့ ကိုပြေစိန်က ယဲ့ယဲ့ပဲရှိတယ်၊ ဒါပေမဲ့စကားလဲပြောနိုင်သလို သတိလဲကောင်းပါတယ်၊ သူကကိုကြီးကျောက်ရယ် အတူပါလာတဲ့ ငယ်သူငယ်ချင်းဦးဇင်းတပါးရယ်ကို စကားတွေပြောရင်း သူဆေးရုံရောက်ကထဲက ညတိုင်းကြုံရတာကို ပြောပြတယ်၊
ည...လူခြေတိတ်လောက်ပြီဆိုရင် လူတစုက သူ့ကုတင်ခြေရင်းရောက်လာပြီးရင် သူ့ကိုလိုက်ခဲ့ဖို့လာလာခေါ်သတဲ့၊ အဲဒီ လူအုပ်စုမှာ ယောင်္ကျား ၂ယောက် မိန်းမတယောက် ကလေး ၃ယောက်လောက်ပါသတဲ့၊ သူကအမြဲ မလိုက်ချင်ဘူးပဲ ငြင်းလွှတ်လိုက်သတဲ့၊ သူနဲ့ အဲဒီလူစုနဲ့စကားပြောကြတာကို သူ့ကိုစောင့်အိပ်တဲ့ သူ့ညီရော ဘေးကုတင်ကလူတွေရော မနိုးကြ၊ မကြားကြဘူးတဲ့၊ သူက မနက်ကြပြန်ပြောတော့လဲ အိပ်မက်နေမှာပါလို့ပြောကြသတဲ့၊ အိပ်မက်ဆိုရင်လဲ ညတိုင်း ဒါချည့်တော့ မမက်လောက်ပါဘူးပေါ့၊ ကိုကြီးကျောက်နဲ့ ဦးဇင်းလဲ သူ့ကိုကြည့်လိုက်တော့ အားနဲနေတာကလွဲရင် ဖျားသွေးမရှိသလောက်ဖြစ်နေပြီ။ အဖျားပြင်းလို့ ကယောင်ကတန်းပြောတာတော့ မဟုတ်လောက်ပေဖူးပေါ့၊ ဒါနဲ့ဦးဇင်းက အင်းတကွက်ချရေးတဲ့ပြီး ကိုပြေစိန်ကို ပေးလို့ ဒီည လာခေါ်ရင်လိုက်သွားဗျာ ဘာကြုံရမလဲ သိရတာပေါ့၊ မကြောက်နဲ့လို့မှာထားခဲ့ပြီး၊ ကိုကြီးကျောက်တို့လဲ ရွာဖက်ကိုပြန်ကူးလာကြတာပေါ့၊
နောက်တနေ့ ရေစကြိုဆေးရုံကို ဦးဇင်းနဲ့ကိုကြီးကျောက်တို့ သွားတော့ ကိုပြေစိန့်ညီက ဆေးရုံပေါက်ဝကနေဆီးပြီးပြောတယ်၊ ဦးဇင်းလူ ညက လုပ်လိုက်ပုံများကတော့ တပည့်တော်တို့ အကုန်လုံးဒေါင်းတောက်နေတာပဲ၊ ညကတချက်ထိုးလောက်က သူပျောက်သွားတာ တပည့်တော်တို့ကအပေါ့အပါးသွားတယ်ထင်လို့ လိုက်ရှာတာလဲမတွေ့ဘူး၊ ဆေးရုံပတ်ပတ်လည်လိုက်ရှာတာလဲမတွေ့ဘူး၊ ဘယ်မှရှာမတွေ့လို့ ပြန်လာတော့ သူကကုတင်ပေါ်ရောက်နေပြီ၊ ဘယ်သွားနေလဲလို့မေးတော့လျှောက်လည်နေတာတဲ့၊
ဦးဇင်းနဲ့ကိုကြီးကျောက် ဆေးရုံထဲရောက်တော့ ကိုပြေစိန်ကကုတင်ပေါ်မှာထိုင်လို့၊ ကိုပြေစိန်က ညက သူ့လိုက်သွားတဲ့အကြောင်းပြောပါတယ်၊
ညက ထုံးစံအတိုင်းလာခေါ်တော့ ဒီတခါတော့သူမငြင်းပဲလိုက်သွားသတဲ့၊ သူ့ကိုဆေးရုံကနေခေါ်သွားလိုက်တာ တနေရာမှာတော့ မြေနီလမ်းလေးတွေ့သတဲ့၊ လမ်းတလျှောက်မှာလဲ လူတွေအများကြီးတဲ့၊ သူတို့မျက်နှာက သာမန်လူမျက်နှာနဲ့မတူသလို လမ်းလျှောက်နေကြတာလဲ တမျိုးကြီးပဲတဲ့ ၊ သစ်ပင်တွေ သစ်ကိုင်းတွေမှာလဲ လူတွေပြည့်နေတာပဲတဲ့၊ သစ်ပင်တွေပေါ်မှာတိုးတိုးခွေ့ခွေ့နေနေကြသတဲ့၊ သူကတော့ဟိုငေးဒီငေးနဲ့ လျှောက်နေလို့ အတူပါတဲ့သူတွေက လာလာမြန်မြန်လာလို့ ပြောကြသေးသတဲ့၊ တနေရာရောက်တော့ ရောက်ပြီလို့ပြောတော့ အဲဒီမှာရှိတဲ့ လူတယောက်က မင်းတို့သူ့ကိုမခေါ်သေးပါနဲ့အုန်း ဆိုတာဘာလို့သွားသွားခေါ်နေတာတုန်းဆိုပြီး သူ့ကိုခေါ်လာတဲ့သူတွေကို ငေါက်သတဲ့၊ ဒါနဲ့သူ့ကိုခေါ်လာတဲ့သူထဲက တယောက်က လာလာဆိုပြီးဆွဲခေါ်လာလိုက်တာ ဆေးရုံ ကသူ့ကုတင်နားတောင်ရောက်လာလာရောတဲ့၊ သူလဲမောမောနဲ့ အိပ်ပျော်သွားလိုက်တာ ခုနမှနိုးတာတဲ့၊
သူပြောနေတာနားထောင်ရင်း ကိုကြီးကျောက်လဲ သူ့ခြေထောက်နဲ့ သူ့ဖိနပ်ကို အမှတ်တမဲ့ကြည့်မိတော့ ဟုတ်ပါရဲ့ မြေနီဖုံတွေအလိမ်းလိမ်း ကပ်လို့၊
ဒါဆို သူ..ညကလမ်းလျှောက်ခဲ့တာပေါ့ အဲလိုမြေနီမျိုးကလဲ ရေစကြိုဆေးရုံအနီးတဝိုက်မှာ မရှိတာမို့ ည က သူဘယ်ကိုရောက်ခဲ့တယ်ဆိုတာတော့ ကိုကြီးကျောက်တို့ ခန့်မှန်းလို့ မရနိုင်ခဲ့ပါဘူး၊ သေချာတာကတော့ ကိုပြေစိန်တယောက် တစ္ဆေတွေနဲ့ ပြီးခဲ့တဲ့ညက လျှောက်လည်ခဲ့တာပါပဲ၊အဲဒီနောက်တော့ ထူထူထောင်ထောင်ဖြစ်ပြီး ကျန်းမာလာပေမဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတော့ ကိုပြေစိန်ရုတ်တရက် အပြင်းဖျားပြီး ဆုံးသွားခဲ့ပါတယ်၊ အင်း..အဲဒီကြမှ အချိန်ကျလို့ ထင်ပါရဲ့....။ (ပုံကို bing.comမှယူပါသည်)

No comments: