Tuesday, June 22, 2010

ငရုပ်ဆုံတစ္ဆေ နှင့် ဝေဒဆရာကျောက်


ကိုကြီးကျောက်တို့ ကျောင်းသားဘဝက ဆရာကျောက်..ဆရာကျောက်နဲ့ မန္တလေး၃၇ လမ်းက အမျိုးသမီးဆောင်တွေ မှာတယ်ထင်ပေါ်ကျော်ကြားခဲ့တာပေါ့ဗျာ၊ ထင်ပေါ်ကျော်ကြားဆို ကိုကြီးကျောက်က မိန်းကလေး ၉၉% စိတ်ဝင်စားတဲ့ ဝေဒဆရာဖြစ်ပေသကိုးဗျ၊ တတ်လွန်းကျွမ်းလွန်းလှချည့်ရဲ့လို့ မဟုတ်ပေမဲ့ တတ်သည့်ပညာမနေသာဆိုသလို အစွမ်းတွေပြလေတော့ အားကိုးကြရှာမှာပေါ့လေ၊ သူတို့တွေက ဆရာကျောက်ကို မြင်တာနဲ့အတင်း လက်ထိုးပေးကြလေတော့ ဆရာကျောက်မှာ လက်ကိုင်နေရရှာတာပေါ့၊ ဆရာကျောက်ကို လက်ဖဝါးပြရင် လျက်ဆားမရမှန်းသိပေမဲ့ ဗေဒင်တဲ့ဟေ့..ဆိုရင်၊လျက်ဆားထက်စိတ်ဝင် စားတတ်တာက ဣဌိယတို့ရဲ့သဘာဝပဲကိုးခင်ဗျ..၊


တကယ်တော့ ဆရာကျောက်က လက္ခဏာပညာကို လုံးဝ နီးပါးလောက် မတတ်လေသူပါ၊ အဲ...ဒါပေမဲ့ ဗေဒင်လက်ရိုး မဟာဘုတ်ကတော့ ဆရာနဲ့ သမားနဲ့ အသေအချာ သင်ခဲ့ဖူးလေတော့ ခေသူတော့မဟုတိပေဘူးပေါ့ဗျာ၊ ဒါပေမဲ့ မိန်းကလေးများကလဲ ဗေဒင်ပညာကို နားလည်ရင် လက္ခဏာပညာကိုလဲ အလိုလို တတ်မယ်လို့များထင်နေသလား မသိပါဘူး၊ဆရာကျောက်တွေ့ရင် သူတို့မှာ လက်တပြင်ပြင်နဲ့ (ပါးရိုက်ချင်လို့မဟုတ်ပါဘူး.. ဆရာ့ကိုအားကိုးလွန်းလို့ပါ)၊


ဆရာကလဲ ခက်တည်တည်ပဲ..သူတို့လက်ကလေးကို အနုလုံပဋိလုံ သုံးသပ်ပြီးသကာလ ...အင်း.........ထီးရိုးကတော့ ရှည်တယ်..၊ မောင်ရင်လောင်းတွေ ဆောင်းတဲ့ထီးရိုးပဲ..၊ ချမ်းသာတဲ့ အလှူ့အမ ဖြစ်မှာပဲတို့ ဘာတို့ညာတို့ နဲ့ဖြီးလိုက်ရင် သဘောတွေကျလို့၊ ဆရာကျောက်ရဲ့ ဗေဒင်ပညာ ကိုလဲ သူတို့ရဲ့ အတင်းလေးတွေ..အဲ..အဲ..သတင်းလေးတွေနဲ့ ရောစပ်ပြီး ( တယောက်အပြင်သွားရင် ကျန်တဲ့သူတွေက ဆရာကျောက်ကို မရှိတဲ့တယောက်ရဲ့ သတင်းလေးတွေ မျှဝေပေးကြတာကိုး..) ဟောချက်တွေထုတ်လိုက်ရင် ဒက်ထိကွက်တိတွေချည့် ဖြစ်နေတော့တာပဲ၊


ကိုင်း......ဝေဒဆရာကျောက်ရယ်လို့ ဒီလိုနာမည်တလုံး ရမဲ့ သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်ကြစို့လား...၊ ဆရာကျောက်တို့ကျောင်းသားဘဝက မဆလအစိုးရကလဲ ဆူဆူရှိရင် ကျောင်းပိတ်ဖို့ပဲ စိတ်ကူးနေတာကိုး၊ အဆောင်မှာ အခန်းစေ့ရေနွေးအိုးတည်လို့ ဆူရင်တောင် ကယောင်ကတန်းနဲ့ ကျောင်းပိတ်မယ်ဆိုတဲ့ခေတ်ဆိုတော့ ဆရာကျောက်တို့မှာကျောင်းပိတ်ရက်တွေ တယ်ပေါတာကိုး၊ ကျောင်းပိတ်ရက်မှာ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဘာလုပ်ရမှန်း မသိဖြစ်နေတော့ဆရာကျောက်လဲ အရပ်ထဲက ဗေဒင်ဆရာဆရာမြင့်ဆီက ဗေဒင်စာအုပ်တွေငှားဖတ်၊ မသိတာ နားမလည်တာသွားမေးရင်း ၃ လအတွင်းအခြေခံဗေဒင်လက်ရိုးကို အတော်တီးမိခေါက်မိသွားတော့တာပါပဲ၊


ဆရာမြင့်ကလဲ ပညာလိုလိုလားလားသင်ပေးရှာပါတယ်၊ ကိုယ်တိုင် ဗေဒင်ပညာတော်ရှာပေမဲ့ ဆရာမြင့်ရဲ့အားနဲချက်က အရက်ကလေးကြိုက်တတ်တာရယ်၊ဖဲရိုက်ရတာ ဝါသနာပါတာရယ် စကားကိုသာယာနာပျော်ဖွယ် မပြောတတ်တာရယ်ကြောင့် သူ့ခမြာ နာမည်ကျော်ဗေဒင်ဆရာ မဖြစ်ရှာပေဘူးပေါ့၊ သူ့မိန်းမက ဒေါ်တင်စုတဲ့၊ သူကလဲယောင်္ကျားကို စကားပြောရင်နဲနဲတော့ အပြစ်ပြောလိုက်ရမှ၊ အပြစ်မတင်လိုက်ရရင် အိပ်မပျော်စားမဝင်၊ တခါကလဲ ဆရာမြင့်က ဒူးရင်းသီးတလုံး ဗေဒင်ဟောရင်းရလာတယ်၊ ဒေါ်တင်စုက ဆရာမြင့်ယူလာတဲ့ ဒူးရင်းသီးကို ကြည့်ပြီး..ဟင်း..တော့ ဒူးရင်းသီးကလဲ ကြည့်ရတာအပေါက်ကို မတည့်ဘူး တဲ့..၊ မကောင်းဘူးပြောတာပေါ့လေ၊ ဆရာမြင့်ကလဲ ဒေါသဖြစ်ဖြစ်နဲ့ ပြန်ပြောလိုက်တာက အော...မင်းက မိန်းမလူစွမ်းကောင်းမို့ ဒူးရင်းသီးနဲ့ အပေါက်နဲ့ တည့်ချင်ရတာပေါ့လေတဲ့၊ ..ဆရာကျောက်ကတော့ မျက်စေ့ထဲမှာ ကွင်းကွင်းကွက်ကွက် တန်းမြင်သွားတာမို့ အသာကြိတ်ရီပြီး ပြန်လာခဲ့ရတယ်၊


ဆရာမြင့်က သားသမီး ၃ယောက်ရှိတော့ အကြီးဆုံးသားက ပုဏ္ဏား တဲ့ ဆရာကျောက်သူငယ်ချင်း၊ ဒုတိယသားက မောင်အေး တဲ့၊ ဘယ်သူမှ ဆရာမြင့်ရဲ့ပညာကို အမွေမရလိုက်ကြပါဘူး၊ မောင်အေး က ဂီတာလေး တဒေါင်ဒေါင်ခေါက်နေတတ်လို့ ဆရာကျောက်တို့က တက္ကသိုလ်အေးမောင်နဲ့ မမှားရလေအောင် မူကြိုမောင်အေး လို့နာမည်ပေးထားရတယ်၊ မူကြိုမောင်အေးလဲ ဂီတာလေးတီးရင်းခေါက်ရင်းနဲ့ အရပ်ထဲက ဇတ်တဖွဲ့နောက်လိုက်သွားလိုက်တာ ဇတ်ထဲကယိမ်းသမတယောက်နဲ့ ညားပါရောလား၊ ဇတ်ကတီးဝိုင်းဆရာ ဆိုတော့ဇတ်ကရာနေရာတိုင်းက ဧည့်ခံတဲ့ အရက်ဝိုင်းလေးမှာ သောက်ရင်းသောက်ရင်းနဲ့ ကြာတော့လဲကျန်းမာရေးထိခိုက်လာတယ်၊ မိန်းမဖြစ်သူယိမ်းသမကလဲ ကလေးတဖက် မကျန်းမာတဲ့လင်ကတဖက်နဲ့ ဆေးလိပ်ကလဲ လိပ်ရသေးတာမို့ သူ့ခမြာ လင်ကုန်ရှုံးရှာတယ်ပြောရမှာပေါ့လေ၊



မူကြိုမောင်အေးလဲ တဖြေးဖြေးနဲ့ လုံးပါးပါး လာလိုက်တာ မောင်အေးသေတော့ သူ့သားအငယ်ကောင်လေးက ၃နှစ်သားလောက်ပဲ ရှိသေးတယ်၊ မောင်အေးမိန်းမ ဌေးရီကလဲ လင်သေတာ လွမ်းဆွတ်မနေနိုင်အားပါဘူး၊ ရက်ကိုမလည်သေးဘူး ၃နှစ်သားကလေး ကို အရပ်ကိုအပ်ပြီး ဆေးလိပ်ပြေးလိပ်ရတော့တာပဲ၊ အဲဒီအချိန်မှာ ဆရာကျောက်ကလဲ ဗမာပြည်ခနရောက်နေချိန်ဆိုတော့ မြင်နေတွေ့နေရတာပေါ့၊ တရက်မှာတော့ အရပ်ထဲက မဖွားသောင်းတို့ မငွေညွန့်တို့က မနက် ၉ နာရီလောက်မှာ ဆရာကျောက်ကို လာခေါ်တယ်၊ ဆရာကျောက်ခနလောက် လိုက်ကြည့်ပေးပါပေါ့လေ၊ ဘာဖြစ်တာလဲဆိုပြီးမေးတော့ ဌေးရီတို့ အိမ်မှာဌေးရီလဲမရှိပဲနဲ့ အိုးသံခွက်သံ ချက်သံပြုတ်သံတွေကြားနေရတယ်၊အဲတာ သူခိုးဝင်သလားမသိဘူး လိုက်ကြည့်ပေးပါလို့ လာပြောကြတယ်၊


ဒါနဲ့ ဆရာကျောက်လိုက်သွားတော့ မောင်အေးတို့ဌေးရီတို့ အိမ်ထဲက ငရုပ်သီးထောင်းနေသံတွေ တခွပ်ခွပ်နဲ့၊ အိုးသံခွက်သံတွေကလဲ ဂလုံဂလွမ်ကြားနေရတယ်၊ အိမ်ရှေ့မှာလဲ ဌေးရီသားငယ်လေးက ဆော့လို့၊ ဒါနဲ့ ဟိတ်ကောင် ..အိမ်ထဲမှာ ဘယ်သူရှိလဲဆိုတော့... အဖေထမင်းချက်နေတယ်ဗျတဲ့..၊ ဒါနဲ့ အိမ်ထဲဝင်ကြည့်တော့ ဘယ်သူမှလဲမရှိဘူး၊ ငရုပ်ဆုံလေးကလဲ မှောက်လို့၊ အိုးတွေခွက်တွေကလဲ စင်ပေါ်မှာအစီအရီတင်လို့၊ မဖွားသောင်းတို့မငွေညွန့်တို့ကတော့ ကြောက်လွန်းလို့ အိမ်အပြင်ပြေးထွက်ကုန်ကြပြီ၊ ဒါနဲ့ ဆရာကျောက်တို့ အပြင်ပြန်ထွက်လာပြီး လမ်းပေါ်ပြန်ရောက်တော့ တခါ ငရုပ်သီးထောင်းသံ ပြန်ကြားရပြန်ရောဗျ၊ ဘယ်သူမှ ထပ်ဝင်ကြည့်မနေတော့ပါဘူး၊ ဘယ့်နှယ်ဗျာနေ့ခင်းကြောင်တောင် တစ္ဆေငရုပ်သီးထောင်းတာ ဒီတခါပဲ ကြားဖူးပါတယ်၊ မောင်အေးလဲ မိန်းမကဆေးလိပ်သွားလိပ်နေတော့ သားဖြစ်သူ မစားရမှာပူရှာတယ်နဲ့တူပါရဲ့၊ တစ္ဆေဘဝနဲ့ လာပြီးချက်ပြုတ်ပေးနေရှာတယ်၊ ရက်လည်ပြီးတဲ့နောက်တော့ ငရုပ်သီးထောင်းသံမကြားရတော့ပါဘူး။


ဘောလုံးပွဲကြည့်လိုက်၊ သူငယ်ချင်းများနဲ့ အာဘောင်အာရင်းသန်သန် ပြောလိုက်ကြနဲ့၊ ဘလော့ဖက်ကို လှည့်မကြည့်နိုင်တာကြာပြီ၊ ဒီpostကို ရေးထားပြီးတဝက်တပျက်နဲ့ ပစ်ထားတာကြာပါပြီ အဖေနေ့အကြောင်းတွေ ရေးတာမြင်မှ သားဖြစ်သူမစားရမှာစိုးလို့ တစ္ဆေဘဝနဲ့ ထမင်းလာချက်တဲ့ အဖေအကြောင်း အမြန်အဆုံးသတ်ရေးပြီးတင်လိုက်ပါတယ်။

No comments: