Tuesday, February 9, 2010

မှင်စာလေး(၇)ပတ်


တမြန်မနှစ်ဆီက ဖလော်ရီဒါပြည်နယ်Fort Myers မှာနေတုန်းမှာ အန်ကယ်ဦးသောင်း(ကြေးမုံဦးသောင်း (ခ) စာရေးဆရာအောင်ဗလ) ဆုံးပါတယ်၊ ဒါနဲ့ အန်ကယ်ဦးသောင်းရဲ့ အသုဘရှုသွားတော့ လာကြတဲ့မိတ်ဆွေအပေါင်းတွေနဲ့ ဆုံရတာပေါ့လေ၊ အန်တီခင်(စာရေးဆရာမကြီး ပတ္တမြားခင် ) နဲ့တွေ့တော့ အန်တီခင်ကလဲ မအိုသေးတဲ့သူ အပျိုလေးနဲ့တူ ဆိုသလို အသက်(၈၀)လို့ မထင်ရလောက်အောင် နုဆဲလှဆဲပါပဲ၊တခါ အမကြီးမာမာအေး နဲ့တွေ့ရပြန်တော့ ကျွန်တော့အမေ့ညီမ အန်တီဂွက်ထော်ကို သွားပြီးသတိရမိတယ်ခင်ဗျ၊
ရုပ်ချင်းတူလို့မဟုတ်ပါဘူး၊ ကျွန်တော်တို့ငယ်ငယ်က ဓါတ်ပြားနဲ့ဖွင့်ရတဲ့အသံချဲ့စက်ပဲရှိတာကိုး၊ ဓါတ်ပြားကထွက်လာတဲ့အသံကို မန်ကျီးပင်ထိပ်က လော်စပီကာကြီးကတဆင့် နားထောင်ရတာပေါ့၊ ဓါတ်ပြားကြီးကကြီးလိုက်တာ ထမင်းစားတဲ့ ပန်းကန်ပြားလောက်ရှိတယ်၊အသံချဲ့စက်ကဖွင့်တော့လဲအပ်နဲ့ထောက်ပြီးဖွင့်ရတာကိုး
၊ဓါတ်ပြားအပ်ကြောင်းထပ်နေရင် ကလေးတုန်းကအလွန်သဘောကျ၊

ကျွန်တော်တို့ငယ်ငယ်က လူတွေအပန်းဖြေစရာ ရုပ်ရှင်၊ဇတ်အငြိမ့်နဲ့အသံချဲ့စက်ပဲရှိတော့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ဆွေတော်မျိုးတော်တွေနေတဲ့ မြင်းခြံဆိပ်ကမ်းသဲဖြူဝ၊ရှားတောကလူတွေများအရပ်ထဲပိုက်ဆံစုပြီးအသံချဲ့စက်ငှားပြီးနားထောင်ကြသတဲ့၊ တွံတေးသိန်းတန်တို့ တင်တင်မြတို့ ချစ်စပယ်တို့ပါတဲ့ စိုးမိုးမေတ္တာဇတ်လမ်းမှာ ကိုရင်သိန်းတန်က စိုးစိုး(ချစ်စပယ်)ကို မိုးညိုကိုခိုးပြေးတော့ စိုးစိုးအဖေက ကိုရင်သိန်းတန်ကို စကောလောက်မှဇောက်မနက်လို့ပြောတာကိုး၊ အဲဒီတော့ငှားဖွင့်တဲ့သူက ကိုယ်နဲ့မတည့်တဲ့သူအိမ်ဖက်ကို ဒီ စကောလောက်မှဇောက်မနက်ဆိုတာကြီးကို အပ်ကြောင်းထပ်ထားပါရောလား၊ တဖက်ကခဲနဲ့ပေါက်တော့တခါရန်တွေဖြစ်ကြနဲ့ ခုချိန်မှာပြန်စဉ်းစားကြည့်တော့ ပြုံးမိပါသေးဗျာ၊

ဓါတ်ပြားရဲ့အသုံးဝင်ပုံများကတော့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ မင်းသားကြီးဦးမြတ်လေးနဲ့ မင်းသမီးကြီးဒေါ်ကြည်ကြည်ဌေးတို့ပါတဲ့ သီချင်းဆို၍ငိုရသည် ဇတ်ကားထဲမှာတော့ကြည်ကြည်ဌေးက ဓါတ်ပြားကို သောက်ရေအိုးအဖုံးတောင်လုပ်ထားလိုက်သေး၊ အမကြီးမာမာအေးရဲ့ဓါတ်ပြားတွေဟာ ကျွန်တော်တို့ငယ်ငယ်က best sellers တွေပေါ့ဗျာ၊ အမကြီးက မန်ကျီးပင်ထိပ်ကနေ မေ့ကွက်ကိုရှာ...ရှာသူမောင်ရေ....လို့ အော်နေတဲ့အချိန်မှာ ကျွန်တော်က ကလေးဆိုတော့ ဘာကိုရှာနေမှန်းသဘောမပေါက်ဘူး၊ မေ့ဂွက်ဆိုတော့ အန်တီဂွက်ထော်ကို ရှာတယ်ထင်နေတာ၊ အန်တီဂွက်ထော်ကို ဘာလို့ရှာမှန်းလဲမသိဘူး၊ ဖြစ်ရပုံများပြောပါတယ်၊

အန်တီဂွက်ထော်တို့အိမ်က ကျွန်တော်တို့အိမ်နဲ့ မျက်စောင်းထိုးမှာရှိတယ်၊ ကလေးတုန်းကတော့ ဟိုအိမ်သည်အိမ်ကူးပြီးဆော့ပေါ့လေ၊ ကျွန်တော်တို့ဦးကြီးက လမ်းမှာ မှင်စာက (၇)ပတ်ပတ်ရင် သေတတ်တယ်လို့ ခြောက်ထားတော့ မှင်စာ(၇)ပတ်ကိုယ့်ကို မပတ်မိခင် ဒီဖက်အိမ်ရောက်အောင် အတင်းပြေးလာလိုက်ရတာ၊ သေမှာကလဲကြောက်သေးတာကိုး၊ အသက်ကြီးလာတော့လဲ သေချင်သေ ရှင်ချင်ရှင်ဆိုပြီးလုပ်ချင်ရာလုပ်တော့တာပဲ၊ ဒါပေမဲ့ ပုထုဇဉ်ဆိုတော့ သေရမှာတော့ အနဲနဲ့အများကြောက်တာပါပဲ၊

ကလေးတုန်းက မှင်စာလေး (၇)ပတ် ကိုယ့်ကိုအပတ်ခံရမှာကြောက်ခဲ့တာ၊ သူများကို မှင်စာလိုက်ပတ်တာ အသက်ကြီးမှကြုံရတာပါပဲ၊ ကျွန်တော် ကျောက်ဆည်အရှေ့ပိုင်းမှာ fieldဆင်းတော့ ကျွန်တော်တို့အတွက်လုံခြုံရေးကို မန္တလေးတောင်ခြေက ခလရ(၉၅) ကတာဝန်ယူပါတယ်၊ တပ်ခွဲမှူးဗိုလ်ကြီးကလဲ ကျွန်တော့သူငယ်ချင်းနဲ့ တပတ်စဉ်ထဲဆင်းတာဆိုတော့ ကိုယ်နဲ့ကငယ်ပေါင်းကြီးဖေါ် သူငယ်ချင်းလိုဖြစ်သွားတာပါပဲ၊
ခလရ(၉၅)ရဲ့ရှေ့တန်းစခန်းလေးက ကုန်းသာဆိုတဲ့ ရွာလေးမှာရှိတယ်၊ စခန်းနေရာက ရွာကိုစီးပြီးမြင်ရတဲ့ တောင်ကုန်းလေးမှာလုပ်ထားတယ်၊ ရှမ်းပြည်မှာက တောင်ကုန်းမြင့်မြင့်လေးရှိရင် ဘုရားတည်ထားတတ်တာမို့ စခန်းအလယ်တောင်ကုန်းထိပ်မှာ ရှေးဟောင်းစေတီလေးတဆူရှိတယ်ခင်ဗျ၊ အဲဒီဘုရားကုန်းလေးကနေ ပတ်ဝန်းကျင်ကိုကြည့်ရင် ဒုဋ္ဌဝတီမြစ်ဟိုဖက်က မေမြို့နယ်က ဘော်ရွာတို့ ကျားတွင်းရေ သံသတ္တုမိုင်းဖက်ကို လှမ်းမြင်နေရတာပေါ့၊

ကုန်းသာရွာနဲ့မနီးမဝေးမှာ ဒုဋ္ဌဝတီမြစ်ထဲစီးဝင်တဲ့ ချောင်းလေးတချောင်းရှိတယ်၊ ပန်းပုချောင်းတဲ့၊ ရေးတော့အမှန် ဖတ်တော့အသံဆိုသလိုပါပဲ အရပ်အခေါ်ကတော့ ဗဗုချောင်းပေါ့ဗျာ၊ ဒီချောင်းလေးက တောင်ပေါ်ချောင်းပေမဲ့ ရေရှိတော့ငါးရှိတာပေါ့ဗျာ၊ ရှိတဲ့ငါးကလဲ စားလို့အင်မတန်အရသာရှိပါတယ်၊ အဲဒါကြောင့် အဲဒီအရပ်ကလူတွေက စာချိုးကြတယ်ခင်ဗျ၊ ငါးမှာ ပန်းပု၊လူမှာ.....(ကိုယ့်ဖာသာကိုယ် ကာရံထည့်ကြည့်ကြပေါ့ဗျာ)၊ ဪ..အရသာရှိတဲ့အကြောင်းပြောပါတယ်၊
အင်း...မှင်စာတောင်ဘယ်ရောက်သွားပါလိမ့်၊ စာချိုးခံရမှာကြောက်လို့ ပြေးပြီလားမသိဘူး၊ ကဲ..ပြန်ဆက်ကြဦးစို့၊ ကျွန်တော်တို့ကုန်းသာမှာနေတော့ စခန်းထဲမှာတော့ မတည်းဘူး၊ သူကြီးအိမ်မှာတည်းတယ်၊ ဒါပေမဲ့ ညမှာတော့ သွားသောက်ရင်းစကားစမြီပြော၊ ၈ နာရီလောက် ရွာထဲပြန်လာပေါ့လေ၊ ဒီလိုနဲ့ တပတ် ၁၀ ရက်လောက်ရှိတော့ တပ်ခွဲတခုလုံးနဲ့ အင်မတန်ရင်းနှီးလာလိုက်တာ ..နောက် မန္တလေး ရောက်လို့ အဲဒီတပ်ခွဲ က မိခင်တပ်ရင်းပြန်ရောက်နေရင် ကျွန်တော်လဲ အဲဒီရောက်နေတော့တာပဲ၊

ကုန်းသာတပ်ကုန်းမှာ တညမှာပေါ့ဗျာ၊ မှတ်မှတ်ရရ ကျွန်တော်နဲ့ခင်တဲ့ရဲဘော်လေးထဲက တယောက်က ခင်ဇော်တဲ့၊ တယောက်က ဇော်ခင်တဲ့၊ ဇော်ခင်က ကင်းချိန်မို့ ကင်းစောင့်ဖို့သွားထင်ပါရဲ့၊ ဘုရားကုန်းလေးနံဘေးကနေ ဖြတ်ပြီးကင်းတဲကိုသွားတယ်ခင်ဗျ၊ မကြာဖူး ဇော်ခင် ခမြာငယ်သံပါအောင် အော်ပြီးပြန်ပြေးလာတာကြည့်လိုက်တော့......

လား..လား...အကောင်ပုပုလေးတကောင်နဲ့ ဇော်ခင်နဲ့ထုပ်စည်းတိုးသလိုဖြစ်နေတာကိုး၊ ဒီကောင်လေးက သူ့ကိုပတ်ပြေးနေတယ်၊ ပြီးတော့ချက်ချင်းလှစ်ကနဲ ပျောက်သွားပြန်တယ်၊ ဇော်ခင်မှာကြောက်လို့တုန်လို့၊ ဒီကောင်ပုလေးက ဘုရားကုန်းပေါ်ကနေ ရုတ်တရက်ဆင်းလာတယ်ဆိုပဲ၊ ဒါ မှင်စာလေးလို့ အများကကောက်ချက်ချကြတယ်၊ နောက်တပတ်လောက်ရှိတော့ ဇော်ခင် တပ်ရင်းကိုပြန်သွားပြီး ကုန်းသာကိုပြန်မရောက်လာပဲ ဆည်တော်ကြီးဖက်ရောက်သွားတယ်၊ ကျွန်တော်တို့ field သိမ်းပြီးမန္တလေးပြန်ဆင်းလာချိန်မှာတော့ ဇော်ခင်တယောက် ဆည်တော်ကြီးမှာ ရေနစ်လို့ ဆုံးပြီဆိုတဲ့သတင်းကြားရတာပါပဲ၊
ကျွန်တော်က ငယ်ငယ်ကကြားဖူးတဲ့ မှင်စာလေး (၇)ပတ် ကိုယ့်ကိုပတ်ရင် သေတတ်တယ်ဆိုတာသွားသတိရမိသေးဗျာ၊ အင်း..တိုက်ဆိုင်မှုတခုလဲဖြစ်ချင်ဖြစ်မှာပေါ့လေ၊ ...

No comments: