Thursday, February 25, 2010

ကျောက်သိင်္ခ ဂန္ဓာရီလှည့်နေခြင်း


ကျောက်သိင်္ခတို့ အခုလောလောဆယ် အလုပ်ကိစ္စနဲ့ ခရီးထွက်နေရလို့(ကြီးကြီးကျယ်ကျယ်ပြောရရင် ဂန္ဓရီလှည့်နေတာပေါ့လေ) တောင်ရေးမြောက်ရေးဘလော့လေးလဲ ပစ်ထား၊ သူများတွေရေးထားတာတွေကိုလဲ သေသေချာချာမဖတ်ပဲ ပြာပြာပြာပြာဖတ်၊ ကဘောက်တိကဘောက်ချာ comment တွေပေး( ကာယကံရှင်များမှာလဲ ဒီလူကြီးဘာတွေလာရေးနေပါလိမ့် ဆိုပြီးအူကြောင်ကြားနဲ့ကြည့်နေရရှာတယ်)၊

ကိုကိုကျောက်တို့ ဂန္ဓာရီလှည့်ပြီဆိုတော့ အများသိကြသလို ကိုကျောက်ရဲ့စီးတော်မြင်း...အဲ...ကားနဲ့ (ကိုကြီးကျော်နတ်ပွဲချိန် ဆိုတော့ကိုကြီးကျောက်လဲ နဲနဲတော့ ထင်ယောင်ထင်မှားလေး ဖြစ်သွားတာ)လှည့်ရပလေတာကိုး၊ ရုတ်တရက်ထွက်လာရတာမို့ ဗာဂျီးနီယားက Ballston က Holiday Inn မှာရောက်နေတဲ့ ကဗျာဘလော့ဂါ သိုးထိန်းနဲ့တောင်မတွေ့ခဲ့ရဘူး၊(သူ့ဆီကဖုန်းစောင့်နေတာ မဆက်လာသေးတော့ ဘယ်လိုတွေ့ရမှန်းမသိဖြစ်သွားတယ်)။

ကိုကြီးကျောက်တို့ ခရီးထွက်လာတော့ ဝါသနာအရသူများတွေကို ချွန်တွန်းလဲလုပ်လာခဲ့တာပဲ၊ ကိုကြီးကျောက်အခု ခရီးသွားရင် မီးရောင်စုံမှိတ်တုပ်မှိတ်တုပ် ထွန်းထားတဲ့ကားတွေ မေတ္တာလက်မှတ်လာပေးမှာကြောက်လို့ freeway တွေမှာ သတ်မှတ်မိုင်နှုန်းထက်ပိုပြီးမြန်မြန် မမောင်းတော့ပါဘူး၊

ဪ...ဒါနဲ့စကားမစပ်ပြောရအုန်းမယ်၊ အမေရိကနိုင်ငံမှာနေရတာ ကိုကျောက်တော့ ဗမာပြည်မှာနေရသလိုမျိုးခံစားရတဲ့ အကြောင်းတွေပါ၊ ခရီးအကွာအဝေးဆိုလဲမိုင်နဲ့ပဲပြောတယ် ၊ ဒီတော့တနေရာနဲ့တနေရာဘယ်လောက်ဝေးတယ်ဆိုတာ ကိုကြီးကျောက်မျက်စေ့ထဲတန်းမြင်တယ်၊ ဘယ်နှစ် ကီလို ဝေးတယ်ပြောရင် ဘယ်လောက်ဝေးလို့ဝေးမှန်းမသိတော့ဘူး၊ အတိုင်းအထွာကလဲ ပေနဲ့လက္မပဲ၊ သူ့အရပ်က ၅ပေပဲလို့ပြောရင် ပုမှန်းသိနေပြီ၊ ကျွန်တော့အရပ်ကို တိုင်းပြီး၁၆၇ စင်တီမီတာလို့လာပြောတော့ ကိုယ့်အရပ်က ရှည်နေသလား ပုနေသလားလဲမသိ..ဟော...အမေရိကမှာ ပေ တွေလက္မတွေပဲပြောတော့ သဘောကျတာပေါ့ဗျာ၊အလေးချိန်ကလဲ ပေါင်ပဲသုံးတယ်၊ ကိုကြီးကျောက်တို့ ငယ်ငယ်က အိမ်ကနေ ကော်ဖီမှုန့်ပေါင်တစိတ် ဝယ်ခဲ့တို့ ကိတ်ခြောက်တပေါင်ဝယ်ခဲ့တို့ ခိုင်းနေကြဆိုတော့ ဘန်ကောက်ရောက်စက ပုဇွန်တကီလိုဆိုရင် ဘယ်လောက်ရမယ်ဆိုတာ မမှန်းတတ်ဘူးခင်ဗျ၊

အပူချိန်ဆိုရင်လဲ ဖါရင်ဟိုက်ပဲသုံးတော့ ငယ်ငယ်ကဗမာပြည်မှာ လိုပါပဲ ၊ ကျွန်တော်တို့မြင်းခြံမှာက နွေဆိုရင် ၁၀၉၊ ၁၁၀ ဖါရင်ဟိုက်လောက်ပူတာကိုး၊ ဒီတော့ ဖါရင်ဟိုက်နဲ့ပြောရင် ကိုယ့်အရေပြားမှာဘယ်လောက်ပူလာမယ်၊အေးလာမယ်ဆိုတာ စိတ်ကသိနေပြီ၊ အခုမှဗမာပြည်မိုးလေဝသဌာနက ဆပ်ဆော့ပြီး ၅၀ဆဲစီးယပ်(စင်တီဂရိတ်တွေ)ပြောနေတော့ ကိုကြီးကျောက်ရဲ့စိတ်မှာမပေါ်လာဘူးပေါ့ဗျာ၊ ကားကလဲလကျာင်္ကပ်မောင်းဆိုတော့...အို....အမေရိကန်ပြည်ထောင်စုဟာ ဗမာပြည်လို့တောင်သဘောထားလို့ ရသဗျား၊

မထားချင်လို့တောင်မရတော့ဘူးလေ၊ဗမာပြည်ကလူတွေကလဲ တသုတ်ပြီးတသုတ် ရောက်ရောက်လာလိုက်ကြတာတနှစ်တနှစ်ကိုမနဲပါဘူး၊ တရုတ်ကဖိ ရှမ်းကအိ ရှိသည့်ဗမာ အနောက်မှာ ဆိုသလိုပါပဲ။ ဗမာအစစ်ဆိုရင်အနောက်နိုင်ငံတွေမှာရောက်နေပြီး ဗမာအတုတွေက ဗမာပြည်မှာနေကြထင်ပါရဲ့၊

ကဲ...ကဲ...ကျောက်သိင်္ခရဲ့ချွန်တွန်း ဂန္ဓာရီလေး ဆက်လိုက်ကြစို့၊ အင်း..ဘယ်ရောက်သွားပါလိမ့်၊ဪ... ကိုကျောက်မိုင်နှုန်းပိုမမောင်း တော့တဲ့အကြောင်း၊ ကိုကျောက်ကကိုယ့်ဖာသာတာ မမောင်းတာ ကိုကျောက်ဘေးကနေ ဗြူး..ဗြဲ နဲ့ ပိုပိုသာသာလေးမောင်းသွားရင် စိတ်ထဲက ကလိကလိဖြစ်လာပြီး နောက်ကနေ ဖင်လိုက်တွန်းပေးတာပဲ ၊ သူလဲမိုင်နှုန်းသာသာထိုးထိုးနဲ့လဲမောင်းရော ဟော...အသာလေး ကားအုပ်ထဲရောနေပြီး ကိုယ်မဟုတ်သလိုလေး နေပြလိုက်တာပေါ့၊ ဒီအချိန်မှာ မီးလေးမှိတ်တုပ်မှိတ်တုပ်နဲ့ ရဲကားက ခြုံထဲကထွက်လာပြီဆိုရင်တော့ ....ကိုကျောက်တို့က သနားတယ်ဆိုပြီး ထားခဲ့တော့တာပဲ၊

ကဲ..ဒီလိုနဲ့ ဂန္ဓာရီခရီးနှင်လာလိုက်တာ အခု ဂျော်ဂျီယာပြည်နယ်က ဆဗားနား(Savannah)မြို့ကို ရောက်နေပါတယ်၊ အလုပ်ကိစ္စက တပတ် ဆယ်ရက်တော့ကြာပါလိမ့်မယ်၊ ဆဗားနားကတော့ ရှေးဟောင်းဆိပ်ကမ်းမြို့ဖြစ်လို့ သမိုင်းဝင်အဆောက်အဦးတွေ အများကြီးပါ၊ ခုနစ်တန်းတုန်းက ပထဝီဝင်ဘာသာမှာ ဆဗားနားမြက်ခင်းအကြောင်း သင်ခဲ့ရတာမို့ ဒီနာမည်နဲ့တော့စိမ်းကြမယ် မထင်ပါဘူး၊ ကျောက်သိင်္ခရဲ့ ဂန္ဓာရီခရီးစဉ်ကတော့ စပါပြီ၊ တည်းနေတဲ့ မော်တယ်(Motel Super 8) ပုံပဲ လောလောရိုက်ပြလိုက်ပါတယ်။

No comments: