Friday, February 19, 2010

ပျူနိုင်ငံမှာကြိုက်တဲ့တက်စာ


တနေ့က ကိုအောင်(ပျူနိုင်ငံ)က ကိုကြီးကျောက်အကြိုက် တက်စာလေးတဲ့၊ ကဲ..သူကဒီလိုဆိုတော့ ကိုကြီးကျောက်ကလဲ တက်စာလို့ဆိုတာနဲ့ ဒညင်းသီးကိုပြေးမြင်လိုက်တော့တာပဲ၊ ကိုကျောက်တို့ကလဲ ဒညင်းသီးဆိုကြိုက်မှကြိုက်၊ ဟော..အခုအမေရိကရောက်နေတာတောင် ယိုးဒယားကလာတဲ့ ဒညင်းသီးပြုတ်ပုလင်းကို ဆောင်ထားတတ်သဗျား၊ ပုလင်းထဲကအသီးက အနံ့တော့မပြင်းဘူးဗျ၊ အနံ့ပြင်းတဲ့ ဗမာဒညင်းကတော့ စားပြီးလို့ ရည်းစားနဲ့တွေ့စရာအကြောင်းရှိလာရင် တယ် ကရိကထများလှပေသကိုးဗျ၊ သွားတိုက်ရ၊ ပါးစပ်ဆေးရနဲ့၊ တခါတော့ ကိုကြီးကျောက်လဲ ပိုပြီးသေချာအောင် PK လေး ဝါးသွားလိုက်မိပါတယ်...ဟော......အာဝါး ဆိုပြီးလုပ်မယ်လဲကြံရော၊ပြာရီးပြာယာထွေးထုတ်လိုက်တာ သူ့ဆံပင်ကပ်နေလို့ မနဲခွါပေးလိုက်ရတယ်၊
တလောက အကြိုက်လေးတွေ ကိုယ်စီကိုယ်စီထုတ်ပြလိုက်ကြတာ၊ လူတကိုယ်အကြိုက်တမျိုးပါပဲ၊ ယေဘူယျတော့ အမျိုးသမီးတွေအကြိုက်က အဝတ်အထည်လက်ဝတ်ရတနာ။အလှအပ ပစ္စည်းတွေဖြစ်တတ်ပြီးတော့၊ ယောင်္ကျားများကတော့ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ စက်ကရိယာပစ္စည်းတွေ ပိုပြီးစိတ်ဝင်စားတာပါပဲ၊ အရင်ကတော့ ကိုကြီးကျောက်တို့ အီလက်ထရောနစ်ပစ္စည်းဆိုင်တွေ ရောက်ရင်ခွါကိုမခွါနိုင်ဘူး၊ ခုတော့လဲ ....စိတ်လျှော့..စိတ်လျှော့...စူ့ထက်စူလူစွမ်းဂေါင်းတွေ တနှစ်တမျိုးမရိုးအောင်ပေါ်နေတာ ဆိုပြီးကိုယ့်ဖာသာဆုံးမထားရတာ၊ လိမ္မာနေပြီ..၊ မမာလို့လဲမရဘူးလေ credit cardအကြွေးတွေက လစဉ်တောင်းလာပြီဆိုရင်အမိုက်အမဲလေးမို့ ခွင့်လွှတ်ပါပြောလို့ မရဘူးလေ၊ လူ့သဘာဝကလဲ မရခင်ကသာလိုချင်တာ ရပြီးတော့လဲ ခနလောက်တော့ ကိုင်လိုက်သေးတယ်၊ နောက်တော့လဲ ဟိုလိုလို သည်လိုလိုနဲ့ပစ်ထားလိုက်တာပါပဲ၊
အခု ကိုကျောက်တို့ ရာသီဥတုအေးစက်စက်ကြီးနဲ့ နေနေရပြန်တော့ အညာသားပီပီ ရာသီဥတု ပူပူအိုက်အိုက်လေးမှာ ထနောင်းပင်အောက် ကွပ်ပစ်မှာသင်ဖြူးလေးခင်း နေချင်ပြန်ရောဗျ၊ beach မှာရေကူးချင်စိတ်ကလဲတဖွားဖွားပါပဲ၊ beach ဆိုလို့ပြောရအုန်းမယ်၊ တလောကလူထုဦးစိန်ဝင်းရဲ့ဆောင်းပါးတပုဒ်မှာ အနောက်နိုင်ငံတွေက အားကစားသမားယောင်္ကျားတွေက ဝတ်စုံလုံလုံခြုံခြုံဝတ်ကြပေမဲ့ အမျိုးသမီးများက မလုံမလဲဝတ်ကြကြောင်း ဗမာမလေးတွေကလဲ အဲသလိုဖြစ်လာကြောင်း ရေးထားတာဖတ်ရသဗျ၊
အင်း.....ပြောရရင်တော့ အရှေ့နဲ့အနောက်က တကယ့်ကိုပြောင်းပြန်ပါပဲ၊ အနောက်မှာက အမျိုးသမီးများဖေါ်ချင်သလောက်ဖေါ် ၊..အဲ...ဗူးသီးခေါင်းတော့ပေါ်လို့မရဘူး၊ အလှပြတာလို့သတ်မှတ်ပေမဲ့ အမျိုးသားများကတော့ လူလည်ကောင်မှာ ဒူးပေါ်ပေါင်ပေါ် မနေရဘူးခင်ဗျ၊ ကိုကြီးကျောက်တို့များ အမေရိက ရောက်မှတကယ့် ဗိုင်းကောင်းကျောက်ဖိ ကိုကိုကျောက်ဖြစ်နေရတယ်၊ ရောက်စက မိုင်ယာမီက south beachမှာ ဘန်ကောက်ကဝယ်လာတဲ့swimming trunks ပိစိကွေးနဲ့ ရေကူးမလို့လဲလုပ်ရော၊ နံဘေးဘယ်ညာလဲ ကြည့်လိုက်တော့...အမျိုးကောင်းသားများက ဒူးဖုံးတဲ့ beach ဘောင်းဘီပဲ ဝတ်လို့ လှပျိုဖြူတွေပဲ ပိစိကွေးနဲ့ နေကြတာကိုး၊ ဟယ်...မဖြစ်ဘူး ..ကိုယ့်ကိုနောက်ကကြည့်ပြီး topless အလှမယ်လို့တော့အထင်မခံနိုင်တာနဲ့ ရေထဲဆင်းမဲ့အစီအစဉ်ကို ဖျက်သိမ်းလိုက်ရတယ်၊
ဒါနဲ့ south beach မှာ လမ်းသလားလိုက်တာ ခြုံပုတ်တွေကွယ်ထားတဲ့ beach တခုရောက်တော့ ကောင်မလေးတွေ..ခိုးခိုးခွတ်ခွတ်နဲ့ ရီသံကြားရသဗျ၊ ဒီတော့ ကိုကြီးကျောက်လဲ သိချင်စိတ်တွေ တဖွားဖွားဖြစ်လာလို့ ခြုံပုတ်ကျော်ပြီး အတွင်းထဲလဲဝင်လိုက်ရော....လား....လား....... မြီးကောင်ပေါက်မလေးတွေ ဝတ်လစ်စားလစ် ဖင်တုန်းလုံးbeach ပါလား..........၊ ဒါပေမဲ့ ဒီမြီးကောင်ပေါက်မလေးတွေက ၁၉၆၀ ခုနှစ်လောက်က မြီးကောင်ပေါက်မလေးတွေဆိုတော့ ခုချိန်မှာ နေလှန်းထားတဲ့ သူတို့ရဲ့ဖင်တုန်းလုံးတွေဟာ ဘဲကင်ကအရေခွံလိုရှုံ့တွ မဲချောက်နေတာမို့ ကိုကြီးကျောက်လဲ တခစ်..ခစ် နဲ့ ရီမိတာပေါ့၊ သူတို့ဘဲကြီးတွေက သူတို့ချစ်ချစ်အလှပဂေးတွေကို လှောင်ရက်လေခြင်းဆိုပြီး ဘုကြည့်ကြည့်ကြသဗျ၊ (အဲဒါကြီးတွေကတော့ ကျွန်တော့အကြိုက်ထဲ မပါဘူးကိုအောင်ရေ..)၊
ကဲ..မကြိုက်တာတွေအသာထားလို့..ကြိုက်တာပြောရရင်.....အင်း..စဉ်းစားလိုက်တော့... အဝတ်အစားလဲ မဟုတ်ဘူး၊ ဟိုပစ္စည်းဒီပစ္စည်းလဲမဟုတ်ဘူး၊ ကိုယ်ြ့ပည်ကိုယ့်ရွာ ကိုယ့်အညာမှာ အေးအေးဆေးဆေးနေပြီး မုန့်ပစ်သလက်လေးကို ဆီဆမ်းပြီးစားတော်ပဲပြုတ်လေး နဲ့စားရတာအကြိုက်ဆုံးပါပဲ. ကိုအောင်ရေ...(ခုနတောင် ဒိုးနတ်တွေမစားချင်လို့လွှင့်ပစ်လိုက်တယ်)

No comments: