Friday, October 30, 2009

ယမမင်း နဲ့ တွေ့ဆုံသူခဲ့ဖူး တယောက်အကြောင်း

ယမမင်း နဲ့ တွေ့ဆုံခဲ့ဖူးသူ နဲ့ မိတ်ဆက်ရရင်တော့ ဘကျောက် ကိုယ်တိုင်ပါပဲ..ဒီနှစ် ဘကျောက်တို့ ကြီးမှ ဝက်သက်ပေါက်ပါတယ်၊ တလွဲတော့ မတွေးကြပါနဲ့... လူငယ်တွေ သူ ဘလော့ ကိုယ်ဘလော့ နေကြလို့ ကြီးတောင်ကြီးမား ကြမှ ဘလော့ လိုက်တာ... တခါထဲ ဝက်သက်ပေါက်ပြီး ဘလေဂေတ္တရာပြည် ထဲ ရောက်သွား ပါရောလား......ကြီးမှဝက်သက်ပေါက် တော့ ဝက်ရူးပြန်တာပေါ့လေ...ဝက်ရူးပြန်မှ တော့ အမြှုပ် တစီစီ နဲ့ တက်တက်နေတော့ တာပဲ...
ဘလေဂေတ္တရာပြည် ကလဲ တက်တာတွေ က တယ်ခေတ်စား ပေသကိုး...... ဟော......တလောကတင် ဝဲစားရနံ့ လို့ နာမည်ချိပ်ထားတဲ့ ခွေးသိုးကြီး က ခ ဖေါ် ခွေးသိုး ဆိုပြီး တက်လိုက်တာ....ဗိုင်းတာမ တို့ ကလဲ ဗထက်ချိုင့် ဖေါ် ဗိုင်းတာမ နငယ် ဖေါ် နဝေတိမ်တောင် နဲ့ တပြုံတောင်ကြီး တက်ကြပါရောလား......အရပ်ထဲ က အသုပ်စုံ ရောင်းတဲ့ မခင်ဂွိ တို့တောင် ကြီးကြီးဂွိ ဆိုပြီး အကြော် အလှော် အသုပ် အဖုတ်ဘလော့ ရေးပြီး ဂငယ် ဖေါ် ဂွိ ဆိုပြီး အဖေါ် ကောင်းလိုက်တာ ယောင်္ကျားက ဖေါ်ချင်အုန်း ဟဲ့ ဆိုပြီးအရိုက်ခံ ထားရပါရောလား...ဘကျောက် လဲ အဲဒီတုန်းက ကကြီး ဖေါ် ကိုကိုကျောက် ဆိုပြီး အတက် ကောင်းလိုက်တာ အဝတ်အစားတောင် မကပ်လို့ ခွေးတစီစီ နဲ့ ဖြစ်သွားတာပဲ........

ဘကျောက် ခုမှ နေထိုင်ကောင်းခါရှိသေး အရပ်ထဲ က အိမ်သာ က ဝုန်း.ဒိုင်း..ဂွမ်း..သံတွေ ကြားတာကို ဟိုးလို့ဟောင်းလောင်း ကွင်းပြင် မှာနေတဲ့ အောင့်ဟာငယ် က တွေ့သမျှ လူတွေ လက်တို့ပြီး ..ကမ္ဘာပျက်ပြီ ပြောလိုက်တာနဲ့...တခါထည်း...ဘလေဂေတ္တရာပြည်ကြီး တခုလုံး ငစကောတပ်ကြီး ချီတက် လာပြီ ဆိုတဲ့ အသံကြား သလို ရုန်းရင်းဆန်ခတ် ပြေးလိုက် လွှားလိုက် ဖြစ်ကုန်ကြတော့တာပါပဲ......
သဂျီးကိုလူထွင်း က သူလေလည်တာပါ ပြောလဲမရ ...ဗမာပြီပြီ..ကြောက်စရာ ရှိရင် သူ့ထက်ငါ ဦးအောင် ကြောက်လိုက်ကြတာ ဘာပြောကောင်းမလဲ...ပြေးလိုက်ကြတာ ..ဖိုးချက် နဲ့ မိညှက် တို့အတွဲက ရှေ့ဆုံးက အဲဒီ နောက်က ပါနီငပျော့ တို့ ပျင်းတဲ့မယားတို့..ပဒိုင်းပြာ..ယောင်ခြောက်ဆယ်..ဒုက္ခပုံး..မောင်အန်ပုံ..ဗူးနို့..တပြုံတောင်ကြီး ပါလာတာပဲ..နိပွန်ပြည်က အဂ္ဂပဇ္စုန်ရာဇာ ကလဲ ဆားထုပ်ကြီး ဆွဲလို့..မြသီဒါ လဘက် အကြော်စုံ ရောင်းတဲ့ အဖွားဘေသိမ်း တောင် ဘေထုပ် ခေါင်းပေါ်ရွက်ပြီး နောက်ကျန် မနေဘူး...... လူအုပ်ကြီး ဒီလောက် ရုံးရင်းဆန်ခတ် ဖြစ်တော့ ဘကျောက် လဲ ဝက်ရူးပြန် ပြီး တခါထဲ သတိကို ပြန်မလည် လာတော့ဘူး....

ဒါနဲ့ ဘကျောက် ခမြာ အဝီစိ ကို online ကနေ လက်မှတ်တောင် ဝယ်စရာ မလိုဘူး ...ဒါရိုက် ရောက်သွားတော့တာပဲ...ရောက်ရောက်ချင်း ယမမင်း နဲ့ appointment တောင် မလိုဘူး...ချက်ချင်းတွေ့ရ တာပဲ.... အမယ် ...ကမ္ဘာပျက်မဲ့ သတင်း ကလဲ အဝီစိမှာ breaking news အနေနဲ့ hit ဖြစ်နေတာ ကိုး....ဖြစ်ရမယ်လေ...အဝီစိ ကလဲ ကမ္ဘာကြီး ရဲ့ basement မှာမို့လား.... ကမ္ဘာမြေကနေ အခုမှ ရောက်လာတဲ့ ဘကျောက် ကို ယမမင်းက အပြတ်ကို ဗျုး တော့ တာပဲ...
ကမ္ဘာပျက် ခါနီး မင်းဘယ်သူနဲ့ နေချင်သလဲတဲ့... ကဲ..မေးလိုက်ပုံက.. အို...ကမ္ဘာပျက်ခါ နီးမှတော့ ဘယ်သူနဲ့မှ မနေချင်ပါဘူး..သူတို့က ကြောက်လန့်တကြား ဖြစ်နေရင် ကိုယ့်မှာ ချော့မော့ နေရတာ အလုပ်ပိုသေး..ဘလေဂေတ္တရာသူ တွေဆို ခုကထဲက တောင်ပြေး မြောက်ပြေး..ပြေးနေကြတာ..ဖြေလိုက်တာပေါ့.. နောက်မေးခွန်းတွေ မှာလဲ ထူးမခြားနားပါပဲ .ကမ္ဘာပျက်မှတော့ ဘာလုပ်လုပ် ဘာတွေးတွေး ဘာရေးရေး အပိုတွေပါ လို့ဆိုတော့....ယမမင်းခမြာ...အနုအရွ ရသ စုံလင်လေး ဖတ်ရမလားလို့ ဘလော့ လည် ထွက်ပါတယ်..တရားတွေရေး..တရားတွေ ပိတ်ဟော နေတဲ့ ဘလော့ထဲ ရောက်သွားသလို..မအီမလည်ကြီး ခံစားနေရတာပေါ့.....
ဒါနဲ့ စိတ်မရှည်တဲ့ မျက်နှာပေးနဲ့....ကဲ..ကဲ...ဘာတွေများ ဥဒါန်းကျုးချင် တုန်းလို့လဲ ဆိုရော....ယမမင်း ကို ယောက္ခမ တော်ချင်ပါတယ် လို့ ဘကျောက်က ဥဒါန်းကျုးလိုက်ရော...ယမမင်းက သမက်တော် ချင်ပုံ မရလို့လား မသိဘူး...သွား...သွား..မင်းနေရာ မင်းပြန် ဆိုတာ နဲ့ ..ဘကျောက် လဲ ဘလေဂေတ္တရာ ကို ပြန်ရောက်လာ တာပါပဲ........

ယမမင်း နဲ့ တွေ့ဆုံခန်း ဤတွင်ပြီး၏။ ။

အောင်သာငယ်ရေးခိုင်း လို့ ရေးရတဲ့ tag post ပါ..တစုံတယောက် ထိခိုက် နစ်နာတယ် ထင်ရင် တောင်းပန်ပါတယ်..အမှန်အတိုင်း ပြောရရင် ၊ကျွန်တော် blog မရေးခင်က စာလည်ဖတ်ရင် tag တွေကို တခုအပြင် နှစ်ခုမဖတ်ပါ၊blog တိုင်းက ဒါတွေချည့် ဆိုရင် လူ့သဘာဝကအင်မတန် ငြီးငွေ့ပါတယ် ၊tag post တွေက မူလတန်းကလေးစာစီစာကုံးလို ပုံစံခွက်နဲ့ ရေးထားတာမျိုးဆိုရင် ပိုစိတ်ပျက် ပါတယ်၊၊ လွတ်လွတ်လပ်လပ် ရေးနိုင်တဲ့blog စာမျက်နှာတွေ ပေါ်မှာရသပေါင်းစုံ ဖန်တီးနိုင်တဲ့ လူငယ်ခြေတက်တွေ အများကြီး မျှော်လင့်ထားပါတယ်.. ။

Tuesday, October 27, 2009

သူ့ကျွန်မခံပြီ နဲ့ ကျွန်တော့ဘွားအေကြီး


အခု ဗမာလို တန်ဆောင်မုန်းလထဲ ရောက်လာပါပြီ.... ကျွန်တော်တို့ ငယ်ငယ်က ပြက္ခဒိန်မှာ ပါတော်မူနေ့ရယ်လို့ တန်ဆောင်မုန်း လဆန်းလား လပြည့်ကျော်လား ဘယ်နှစ်ရက်မှန်းတော့ မမှတ်မိပါ အမြဲ ပါတတ်ပါသည်...... အင်္ဂလိပ်လို ကတော့ နိုဝင်ဘာ ၂၈ ရက်နေ့ ပါ....... အဲဒီနေ့မှာ.... ဗမာဘုရင် သီပေါမင်းနဲ့ မိဖုရားကို အင်္ဂလိပ်တို့ ဖမ်းဆီး ခေါ်ဆောင်သွား လို့ပါ...........


ဒီအင်္ဂလိပ် ကိုလိုနီ လက်အောက် ကျရောက်ခါနီး အခြေအနေကို ဒဂုန်ခင်ခင်လေးရဲ့ ရည်းစားဓါးပြ (ငယ်ငယ်က ဝင်းဦးတို့ ခင်သန်းနုတို့ ရုပ်ရှင်ရိုက် ပြတာ ကြည့်ဖူးတယ်..) ၊ တက္ကသိုလ် ဘုန်းနိုင်ရဲ့ သူ့ကျွန်မခံပြီ တို့မှာ ဖတ်ဖူးပါတယ်။ ၁၉၉၀ ပြည့် လွန်နှစ်တွေကတော့ သူ့ကျွန်မခံပြီကို ရုပ်ရှင် ရိုက်ပြတာ တွေ့ဖူးပါရဲ့..... ဒါပေမယ့်.... အင်္ဂလိပ် ရေတပ်နဲ့ မြင်းခြံတိုက်ပွဲမှာ ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ကျွန်တော့ ဘွားအေကြီးက ကျွန်တော်တို့ကို ငယ်ငယ်က ပြောပြခဲ့တဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ကြားယောင်မိရင် မကြာမကြာတော့ ပြုံးမိကြောင်းပါ ခင်ဗျာ........


သီပေါမင်း လက်ထက်မှာ အင်္ဂလိပ်ကို ခုခံ ကာကွယ်ဖို့ မြင်းခြံမှာ အောက်မြစ်စဉ် စစ်ကြောင်း ရေတပ်ဌာနချုပ်ကို ဖွင့်ပြီး လှေသင်း အတွင်းဝန် ဦးရွှေမောင်က ကွပ်ကဲ ပါသတဲ့.... အင်္ဂလိပ် ရေတပ်ကလဲ ပခုက္ကူ ကွမ်းရွာ ဆိပ်က ဆန်တက် လာကြပြီး မြင်းခြံ ဆိပ်ကမ်းမှာ နောက်ဆုံး တိုက်ပွဲ ဖြစ်ပွါးခဲ့ကြတာပါ.... ဒီတိုက်ပွဲဟာ အများသိကြတဲ့ အတိုင်း ဗမာတွေ အရေးရှုံး နိမ့်ခဲ့ ကြပြီး... အင်္ဂလိပ် ရေတပ်က မန္တလေး နေပြည်တော်ကို ချီတက် သိမ်းပိုက် နိုင်ခဲ့ပါတယ်......


သူ့ကျွန်မခံပြီ ဇတ်ကားမှာတော့ မင်းသားကြီး ညွန့်ဝင်းက လှေသင်း အတွင်းဝန် လို သရုပ်ဆောင်ပြီး ရိုက်ပြ ထားတာလဲ ကြည့်လိုက်ရပါရဲ့.......


လက်တွေ့ ဒီတိုက်ပွဲ နဲ့ ကြုံခဲ့ရတဲ့ ကျွန်တော့ ဘွားအေကြီး ရဲ့ ကိုယ်တွေ့ ပြောပြချက်မှာတော့ ဒီလိုဗျ..... အင်္ဂလိပ် ရေတပ်တွေ ချီတက် လာချိန်မှာ ... ဗမာတွေကလဲ ခုခံဖို့ မြင်းခြံ သပြေပင် ဆိပ်မှာ ပြင်ဆင် နေကြပါသတဲ့... ခုခံမယ် ဆိုပြီး ပြင်ဆင် လို့သာ နေတာ လုံလောက်တဲ့ လက်နက်ရယ်လို့ ရှိရှာတာ ဟုတ်မယ် မထင်ပါဘူး.... အမြောက် နဲနဲနဲ့ ကမ်းနားကစောင့် နေနိုင်တာပါ.... ဒါပေမယ့်... ဗမာထုံးစံ အတိုင်း ရှိတာနဲနဲ .. ပိုပြချင်တာ များများ ဆိုတော့... အမြောက်တွေ အများကြီးနဲ့ အင်္ဂလိပ်ရေတပ်ကို ပြန်ပြီး ခြိမ်းခြောက်နိုင်ဖို့အတွက် .. လူတွေကို.. ကမ်းနားမှာ.. ဖင်ကို ထုံးနဲ့ ဝလုံးကွင်းပြီး.. လေးဘက် ကုန်းခိုင်း ထားပါသတဲ့.... အဝေးက ကြည့်ရင်.. အမြောက်တွေ တန်းစီ နေတာပေါ့လေ......

ကျွန်တော်တို့ကတော့ ကလေးဆိုတော့ ဘွားအေကြီး ပြောတာ အလွန် သဘောကျပေါ့ဗျာ.... ဖင်ကို ဝလုံးကွင်းပြီး ဖင်ဘူးတောင်း ထောင်လို့ အင်္ဂလိပ်ကို ခြိမ်းခြောက် ပြနေတာကိုး.... အင်္ဂလိပ်ကလဲ ပစ္စည်း၊ လက်နက်၊ လူ အင်အား အပြည့်အစုံနဲ့ ချီတက် လာတာပဲ.... အင်္ဂလိပ် ရေတပ်က မှန်ပြောင်းနဲ့ လှမ်းကြည့်လိုက်တော့.... ကမ်းနားမှာ လူတွေ လေးဘက်ကုန်းနေတာ မြင်ရပါသတဲ့ . (ကြည့်စမ်း... ကျွန်တော့ ဘွားအေကြီးက အင်္ဂလိပ်ရေတပ် ဗိုလ်ချုပ် အစီရင်ခံစာကို သူကိုယ်တိုင် ဖတ်လိုက်ရတဲ့ အတိုင်းပဲ ပြောနေ လိုက်တာ..းဝ ) အဲဒီတော့ ကမ်းနားက လူတွေကျော်ပြီး မြို့ဖက်ကို အမြောက်နဲ့ ထုပါသတဲ့... ကျွန်တော့ ဘွားအေကြီးတို့ ကတော့ တိုက်ပွဲ ကာလမှာ ဧရာဝတီမြစ် ကမ်းပါးမှာ ဝပ်နေကြရ ပါသတဲ့.. တခြားလဲ ပြေးစရာက မရှိဘူးလေ...... အင်္ဂလိပ်ရေတပ်က .. အမြောက်နဲ့ တလစပ်လဲ ထုရော ... ဗမာ့သတ္တိပဲ... ဘယ်ခေမလဲ.. မြစ်ကမ်းပါးမှာ ဖင်ဝလုံးကွင်းပြီး လေးဘက်ကုန်း နေရာကနေ ထွက်ပြေးလိုက်ကြတာ.... မြို့အရှေ့ဘက်က ကျောက်ရံကုန်း ရောက်ရောဆိုပဲ......

အဲဒါနဲ့ပဲ အင်္ဂလိပ်တပ်က မြင်းခြံ ကို သိမ်းပိုက်မိတယ် ဆိုပါတယ်.......မြို့သိမ်းပြီးတဲ့အချိန်မှာ မြို့မြောက်ဖျား သံလျက်စွန်း ကစလို့ မီးရှို့ပစ် ပါသတဲ့ ..ကျွန်တော့ဘွားအေကြီး ကတော့ ကုလားမီးကြီး လို့ ဆိုပါတယ်..နောက်မှမြို့ကွက်ရိုက်ပြီး လမ်းတွေ၊ မီးနဲ့ ရေပေးစနစ်တွေ..စနစ်တကျ စီစဉ်ပေးပါသတဲ့...တမြို့လုံး မီးလောင်နေချိန်မှာ မိသားစု တစုကတော့ သူတို့တိုက်က မီးခံတိုက် ဆိုပြီး တံခါးပိတ်ပြီး တိုက်ထဲမှာ နေကြပါသတဲ့ ..တိုက်ကတော့ မီးခံ ပါရဲ့ လူက မီးမခံတော့ တမိသားစုလုံး နံပြားဖုတ်ထား သလိုပါပဲ......


မန္တလေးနေပြည်တော်ကို အင်္ဂလိပ်က သိမ်းပြီးတဲ့နောက် သီပေါဘုရင်နဲ့ အဖွဲ့ကို ဧရာဝတီမြစ်ကြောင်းကနေ သင်္ဘောနဲ့ ခေါ်လာတော့လဲ ကျွန်တော့ ဘွားအေကြီး တို့က ဧရာဝတီမြစ် ကမ်းနဘေးကနေ ပန်းအိုးလေးတွေနဲ့ ကြိုကြရသတဲ့... ဘုရင်ကို သယ်ဆောင်လာတဲ့ သင်္ဘောလာချိန်မှာ ရေစပ်မှာ ပန်းအိုးလေး တွေ ချ ဒူးတုပ်ပြီး လက်အုပ် ချီ နေကြပါသတဲ့...သင်္ဘောက အရှိန်ပြင်းပြင်းနဲ့ ရေလည်က မောင်းသွားတော့ ...ရေလှိုင်းတွေက ကမ်းစပ်ကို လာရိုက်တဲ့ အခါ ပန်းအိုးတွေ အကုန် မြစ်ထဲ မျောပါ ကုန်တော့တာပေါ့....မြို့သူမြို့သားတွေက ဘုရင် မရှိတော့ဘူး ဆိုပြီး ငိုကြပါသတဲ့.....


ကျွန်တော် ကတော့ သူ့ကျွန်မခံပြီ ဇတ်ကားမှာ ဘွားအေကြီး ကိုယ်တွေ့လိုများ ရိုက်ပြမလား လို့ တွေးထင် ကြည့်မိပါတယ်.. ညွန့်ဝင်းကြီး ကျောက်ရံ ကိုထွက်ပြေးခန်းတော့ ပါတယ်..ဗမာ့နည်း ဗမာ့ဟန် အမြောက်တော့ မပါဘူး ခင်ဗျ..... ကျွန်တော်တို့ ဗမာပြည် ကိုလိုနီ ဖြစ်ရတဲ့ အကြောင်းတွေ ထဲမှာ တိုင်းပြည် အုပ်ချုပ်သူ လူတန်းစား ရဲ့ ခေတ်မမှီမှု၊ ဉာဏ်အမျှော်အမြင် နဲပါးမှု၊ ကိုယ့်ကိုယ်ကို အထင်တခွဲသား ဖြစ်နေမှု တွေ အများဆုံး ပါပါတယ်...အုတ်တံတိုင်း လေးဘက် ကာရန်ထားတဲ့ မန္တလေးနန်းတော် ထဲက ဘယ်မှမထွက် ..ခေတ်မှီ ပြောင်းလဲနေတဲ့ ..ကမ္ဘာကြီးကို မကြည့်ဘဲ ဇမ္ဗူဒီပါ လက်ျာ တောင်ကျွန်း ရဲ့ ဗဟိုလ် ချက်မ ဆိုပြီး ကိုယ့်ဖာသာ အော်နေကြတာပါ......


ခုချိန်မှာလည်း အဲဒီလိုမျိုး အင်္ဂလိပ် ရေတပ် ကသာလာရင် ကျွန်တော်တို့ ဘဘ ဘိုချုပ်ကြီးတွေ ဖင်ကို ထုံးနဲ့ ဝလုံးကွင်း လေးဘက်ကုန်း ပြီး အမြောက် ယောင် ဆောင် နေကြဦး မလား မသိပါခင်ဗျာ.........


(Florida ကPalm city မှာ နေတဲ့ ကျောက်ခဲ နှမငယ် မဝေ က ကြားဖူးနားဝ ရှေးစကားလေးတွေ ရေးပါဦး ဆိုလို့ ရေးလိုက်ပါတယ် )

Friday, October 23, 2009

ဗူဒူးရုပ် (Voodoo) နဲ့ စိန်လက်စွပ်

ဒီဗူဒူးရုပ် တွေနဲ့ ကျွန်တော် ဘယ်လိုမှ ပတ်သက်စရာ အကြောင်းမရှိ သလို ပတ်သက်လာလိမ့်မယ်လို့လဲ ဘယ်တုန်းကမှ မတွေးထင် ခဲ့မိတာ အမှန်ပါ ခင်ဗျား.......ကျွန်တော့ကို တိုက်ရိုက် မဟုတ် ပေမယ့် အမေရိကန် ပြည်ထောင်စု ရောက်မှ သွယ်ဝိုက်ပတ်သက်လာတဲ့ အကြောင်း ကိုတော့ ရေးပြဦးမယ်ခင်ဗျာ.........ဒီ ဗူဒူးရုပ်တွေ ရဲ့ နဂို ဇာတိ ဟာ အာဖရိကတိုက် ကလို့ အဆိုရှိပါတယ်... ကိုယ် ပြုစားချင် တဲ့ လူကို ဒီ ဗူဒူးရုပ် နဲ့ ပြုစားပြီး အရုပ်ကို အပ်တွေနဲ့ ထိုးတာလဲ ရုပ်ရှင်ထဲ မှာကြည့်ဖူးပါရဲ့......ဂျိမ်းစဘွန်း ဇတ်ကား Live and Let Die မှာတောင် ပါသေး...... ကာရစ်ဘီယံ ပင်လယ် ထဲ က Hati ကျွန်းမှာ တော့ အတော်ခေတ်စားတယ်ဆိုပဲ......
ကဲ ..ဒီ ဗူဒူး တွေနဲ့ ကျွန်တော် နဲ့ အမှတ်မထင် နှီးနွယ်ခဲ့ရပုံ ကတော့ ဒီလိုခင်ဗျ ...........
၂၀၀ဂ ခုနှစ် ဆန်းလောက်က ကျွန်တော် Texas ပြည်နယ် San Antonio မြို့ကို ပြောင်းရွှေ့ နေခဲ့ဖူးတယ် ခင်ဗျ.. .. Texas ပြည်နယ် က Mexico နဲ့ က နယ်စပ်ချင်း ကဆက်စပ်နေလေ တော့ Spanish စကားပြော သူက ၇၅% လောက်ရှိတယ်....ကျွန်တော်မှာ လည်း ကိုယ့်ဖေါက်သည်တွေ က Mexican အနွယ်တွေ ဆိုတော့....ကိုမိုစတား (နေကောင်းလား) ၊ မူချို ကရာ့စီးယာ့စ် (ကျေးဇူးတင်ပါတယ် )..တို့ ပြောနေရတာ လက်ကို မလည်နိုင်အောင်ပါပဲ......Texas ပြည်နယ် ဆိုတာကလဲ..ဗမာပြည်လောက် ကျယ်ဝန်းတာမို့ အင်မတန်ကြီးတဲ့ ပြည်နယ်ကြီးပါ.... ရာသီဥတု ကလည်း ကျွန်တော် တို့ ဗမာပြည် အလယ်ပိုင်းလိုပဲ...နေကပူ..ဖုန်ကထူ (အညာသံနဲ့ ပြောရမယ်ဆိုရင်...ဖုတ်ကထူ...းဝ ) ..နယ်ကလဲ ကောင်းဘွိုင်နယ် ဆိုတော့...စရိုက် ကကြမ်း.... Texas က pawn shop လို့ ဆိုရင် အပေါင်ဆိုင်တော့ အပေါင်ဆိုင်ပဲ....လာပေါင်တဲ့ ပစ္စည်းက သေနတ် ချည့်ပဲမို့....pawn shop မှာ အပေါင်ဆုံး ပစ္စည်း ဝယ်ချင်ရင် သေနတ် ပဲ ရမယ်.... ကျွန်တော်တောင် ရောက်စက သေနတ်တလက် ဝယ်ကိုင်မလို့... နောက်တော့..ကိုယ်ဖာသာကိုယ်ပဲ.. စိတ်ထိမ်း..စိတ်ထိမ်း..ဆိုပြီး..ငြိမ်ငြိမ်ပဲ နေလိုက်ပါတယ်....
ကဲ..ပါလေ.. ဗူးဒူးရုပ် အကြောင်း ပြန်ဆက်ကြပါစို့.... အဲဒီ ဗူဒူးရုပ် နဲ့ ပြုစားတာဟာ..လက်တင်အမေရိက နိုင်ငံတွေကနေ Texas တောနယ်တွေမှာ အထိ ရှိတတ်တယ် လို့ ကြားဖူးခဲ့တာပေါ့လေ...... ဒီနှစ် ၂၀၀၉ မတ် လ ပိုင်း လောက်က ..အလယ်ပိုင်းဒေသ...Utah ပြည်နယ် Salt Lake City က ကျွန်တော့ သူငယ်ချင်းတယောက်က သူ့ကောင်မလေး မလေးရှားကနေ အမေရိကန် ပြည်ထောင်စု ကို ပြောင်းရွှေ့နေထိုင်ခွင့် ရလာတော့ Texas ဘက်ကို honeymoon လာခဲ့မယ်ပေါ့..... OK လာခဲ့ပေါ့.... အဲဒါနဲ့ ..သူတို့စုံတွဲ ...Utah ကနေ Texas ရောက်အောင် မိုင် ၁၃၀၀ လောက် မောင်းလာခဲ့ ကြတာပေါ့..... Texas ပြည်နယ် ထဲရောက်လို့ အမှတ် ၁၀ အမြန်လမ်းမ ကြီးပေါ်မှာ... car accident ဖြစ်ပါတယ်..... လူတွေ ဘာမှထိခိုက် နာကျင် မှု မရှိပါဘူး...ဘယ်ကားနဲ့ မှလဲ တိုက်မိတာ မဟုတ်ပါဘူး....
ဖြစ်ပုံက ဒီလိုခင်ဗျ..... Van Hom ဆိုတဲ့ မြို့လေး အလွန်မှာပေါ့ခင်ဗျာ..... သူတို့ အပြောအရ ဆိုရင်...ကားဟာမောင်းနေရင်း လမ်းဘေးကို.. တစုံတယောက်က စတီယာရင် ကို အတင်းဆွဲချသလို ခံစားရ ပါသတဲ့...ကားကို လမ်းပေါ်ကို ဘယ်လို ဆွဲတင်ဆွဲတင် စတီယာရင် ဟာ လုံးဝ လှည့်လို့ မရပါဘူးတဲ့.....ဒါနဲ့..အသွားအပြန် လမ်းနှစ်လမ်းကြား မြောင်းထဲ ကို ထိုးဆင်းသွားပြီး ချက်ချင်း လမ်းပေါ် ကို ပြန်မောင်းတက် နိုင်ခဲ့ပါတယ်..... လမ်းပေါ်မှာ အရေးပေါ် မီးဖွင့် ပြီး ကားပေါ်က ဆင်းကြည့်လိုက်တော့.....ကားနောက်မှန်တခုလုံး ကွဲကြေနေပြီး..ကားနောက်ခန်း အမိုးကလည်း နို့ဆီခွက် ကို ဖနောင့်နဲ့ ပေါက်ထားသလို ပိန်လိန်နေတာပါပဲ... နောက်ခုံမှာ လူထိုင်ရင်တော့ ..ပွဲချင်းပြီးပေါ့လေ... သူ့ကားက ၂၀၀၈ ခုနှစ်ကထုတ်တဲ့..Dodge Charger ...ကားသက်ကလည်း တနှစ် ပဲရှိသေးတာမို့ ဗမာပြည် က ဂျုံးဂျုံးကျ ဆရာတော်ဘုရားရဲ့ ကပ္ပိယရဲ့ အဖိုးတဝမ်းကွဲ ပိုင် ၁၉၄၀ ခုနှစ် model ဒေါ့ ဂျစ် ထက်တော့ အများကြီးလတ်ပါတယ်....
အဲဒီ အချိန်မှာ.... ရဲ ကား ရောက်လာပြီး လိုအပ်တဲ့ အကူအညီ ပေးဖို့မေးပါသတဲ့..( ဗမာပြည်က ရဲတွေ အတိုင်းပဲနော်..း))... ဗမာပြည်တုန်းက field ထဲမှာ ကားဘရိတ်ပေါက်ပြီး လမ်းဘေး ကျသွားတာ..လာတဲ့ ရဲ ကို ကားပေါ်ပါလာတဲ့ ဆန်တအိတ် ပေးခဲ့ရသေးတယ် ..ကိုယ်ကပဲ ..သူတို့ကို..ကူညီပါရစေ ကူညီပါရစေ ခင်ဗျ ..လို့ပြောခဲ့ရတာ )... ရဲတွေ ကလည်း ဘာနဲ့မှ လဲတိုက်ထားတာ..ခိုက်ထားတာ..မရှိပဲ ကားက အသားလွတ် နောက် ထိုင်ခုံအမိုး ချိုင့်ဝင် ပိန်ရှုံ့ နေတာကို.. သူတို့လဲ စဉ်းစားရခက်နေတယ်... ကျွန်တော့ သူငယ်ချင်းစုံတွဲ ကလည်း ..လမ်းဘေး ..မြက်ခင်း မှာ စိတ်ပျက်လက်ပျက် ထိုင်နေကြတာပေါ့... ထိုင်နေရင်းနဲ့ ကျွန်တော့ သူငယ်ချင်း ထိုင်နေတဲ့တင်ပါး အောက်ကနေ တစုံတခု ရွစိရွစိ သွားနေသလို ခံစားရတာမို့ တင်ပါးအောက်ကို စမ်းကြည့်တဲ့ အခါမှာတော့......လက်ထပ်စိန်လက်စွပ် တကွင်း တွေ့ရတာပါပဲ....
သူကလည်း အဲဒီလက်စွပ် ကို သူ့ကောင်မလေး ကို စွပ်ပေးလိုက်ချိန်ခိုက်မှာပဲ........ကားအောက်ကို ငုံ့ကြည့်နေတဲ့ ..ရဲ က...OH..my goddess.....ဆိုတဲ့ အော်သံကြား လို့ ကြည့် လိုက်တဲ့ အခါမှာတော့........... ကား အောက်ကနေ ဗူဒူးရုပ် တရုပ် ထွက်လာတော့ တာပါပဲ..... ဒါနဲ့ ရဲက ဒါမကောင်းဘူး ဆိုပြီး ..သူ့ဘိနပ်နဲ့ နင်းခြေ ပစ်လိုက်ပါတယ်..... ဒီ ဗူဒူးရုပ်ဟာ ဘယ်ကနေ ဘယ်လို ကားအောက်ရောက်နေသလဲ...ကားအောက်ကနေ ဘယ်လို ထွက်လာသလဲ ဆိုတာ ဘယ်သူမှတွေးမရတဲ့ ကိစ္စဖြစ်နေတယ်...ကျွန်တော် သူငယ်ချင်း က အနီးဝန်းကျင်..ဟိုဟို သည်သည် လျှောက်ကြည့်တော့ .. အဲဒီနားမှာ ပျက်စီးနေတဲ့ ကား ဘော်ဒီ အစိတ်အပိုင်း တချို့ နဲ့ ကားမှန်ကွဲ အစအနတွေ တွေ့ ရတာမို့ တချိန်တခါက ဒီနေရာမှာ မတော်တဆ မှု တခု ဖြစ်ခဲ့ဖူး မယ်လို့ ထင်မြင်မိပါသတဲ့...........
ဒါနဲ့ အဲဒီကားကို San Antonio ရောက်အောင် မောင်းတော့ လာနိုင်ခဲ့ပါတယ်....အဲဒီနေရာနဲ့ ဆို မိုင် ၄၀၀ ခရီးမို့ ရန်ကုန် မန္တလေး လောက်တော့ မောင်းရပါသေးတယ်..... San Antonio ရောက်တော့...workshop မှာ စစ်ဆေးကြည့်တဲ့ အခါ ကားအောက်ပိုင်း တခုလုံး စုတ်ပြတ်နေပြီး သည်လောက် စုတ်ပြတ်နေတာနဲ့ မိုင် ၄၀၀ လောက် မောင်းလာ နိုင်တာ တအံ့တသြော ဖြစ်နေကြတယ်.......San Antonio ရောက်လာပြီ ဆိုတော့ ကျွန်တော်ရဲ့ အခန်းကဏ္ဍ ပါဝင်လာပြီပေါ့ခင်ဗျာ......သူတို့ကားက bodyshop ကို ပို့ထားရတော့ သူတို့ သွားစရာ လာစရာ ရှိရင် တျွန်တော်ပဲ လိုက်မောင်းပို့ပေးရတာပေါ့.... အမေရိက ဆိုတာကလည်း ကားမရှိရင် ခြေထောက်မရှိသလို ပဲလေ...နယူးယောက် ကလွဲရင် ကျန်တဲ့နေရာတွေကတော့ သူတောင်းစားတောင် ကားမရှိရင် ကိုယ်ကြိုက်တဲ့နေရာ သွားတောင်းဖို့ သိတ်မလွယ်ကူ လှပါဘူး။
သူတို့ ရောက်ပြီး နောက်တရက် မှာပေါ့ခင်ဗျာ... သူတို့ အတွဲက မြို့ထဲ က Catholic Charity ကို သွားစရာ ကိစ္စကလဲ ရှိတယ်.....အဲဒီတော့ ကျွန်တော်က လိုက်ပို့တယ်...သိတ်မဝေးပါဘူး.. ၆ မိုင် ၇ မိုင် လောက်ပါပဲ ကောင်မလေး ကလဲ လမ်းကကောက်ရ တဲ့ လက်ထပ် စိန်လက်စွပ်ကြီး တဝင်းဝင်းနဲ့ ..တကယ်တော့ တရားဝင် Church မှာ လက်မထပ်ရသေးဘူး..... Catholic Charity ရုံးနားရောက်တော့... ရုံးဘက်ကို ဘယ်ကွေ့ ပြီး ဝင်ရမယ်.. အမေရိက မှာ က ဗမာပြည်လို လင်္ကျာကပ်မောင်း .... ကျွန်တော် လဲ ဘယ်ကွေ့လိုက်ရော...တဖက် ယာဉ်ကြော ကို ကန့်လန့်ဖြစ်နေချိန်မှာ....ကျွန်တော်ကား ဟာ လီဘာ ဘယ်လို နင်းနင်း ရှေ့ဆက်မသွားတော့ပဲ... တဘက်ကလာတဲ့ ယာဉ်ကြော ကို ကန့်လန့်ခံပေးထားတယ်.... ကားက ချူချာတယ် ဆိုရအောင်လဲ .. ကျွန်တော့ကားက ၂၀၀၉ model Toyota Corolla အသစ်...မိုင် ၅၀၀ ပြည့်အောင်တောင် ..မမောင်းရသေး.... တဘက်က အရှိန်နဲ့ ပြေးလာတဲ့ ကားတွေကလဲ ..တကယ့် heavy truck ကြီးတွေ.. Texas မှာက ကျွန်တော် လို ကားအသေးစီးတဲ့ သူက ရှားပါဘိခြင်း... လူအတော်များများက truck တွေစီးကြတာ ..ဘယ်ကားကြည့်ကြည့် ..တိုက်ထား တာလဲ ..ပိန်လိန်နေတာပဲ..car insurance ကလဲ တခြားပြည်နယ်တွေ ထက် ၂ ဆ.... လမ်းလယ်မှာ ကန့်လန့်ခံနေတဲ့ ကျွန်တော့ကားကြောင့် တဖက်က ကားတွေ ပြာရီးပြာယာ ဘရိတ် အုပ်ကြတော့... နောက်ခုံမှာ ထိုင်နေတဲ့ ကောင်မလေး ကို တိုက်မိဖို့ တပေ လောက်ပဲ ဝေးပါတော့တယ်....ကားတွေ အားလုံးရပ် သွားမှ ကျွန်တော့ ကားလဲ ဝေါကနဲ ..ဆက်ထွက်သွားတော့ တယ်... ကားမောင်းလာတဲ့ သက်တန်းတလျှောက် ..ဒီလိုမျိုး တခါမှ မကြုံဘူး တာမို့ ..ကျွန်တော်ဖြင့် ဘယ်လိုစဉ်းစားရမှန်း မသိအောင်ပါပဲ..... သူငယ်ချင်း ကောင်မလေး လဲ ..အဲဒီစိန်လက်စွပ် ကို ဝတ်ဖို့နေနေသာသာ ..ကိုင်တောင် မကြည့်ရဲဘူး ဖြစ်သွားတယ်.....
အဲဒီ ဗူဒူး ရုပ် ရယ်..လက်ထပ် စိန်လက်စွပ်ရယ်...ကြင်စဦး မောင်နှံရယ်..ဘယ်လို ဆက်စပ်မှု ရှိကြတယ် ဆိုတာတော့ ကျွန်တော် ခုထိ အဖြေရှာလို့ မရသေးပါခင်ဗျာ......

Tuesday, October 20, 2009

စင်္ကာပူ တရုတ်တန်း တစ္ဆေများနှင့် တွေ့ဆုံခြင်း


စင်္ကာပူမှာ ၁၉၉၀ ပြည့်လွန်နှစ်များက ကျွန်တော် အလုပ်လုပ်ရင်း နေခဲ့ဖူးတယ် ခင်ဗျ.. အဲဒီတုန်း က ကျွန်တော် လုပ်ခဲ့တာ Rotary Piling Co.Ltd မှာပါ..ကိုယ့်ကိုယ်ကို Geological Engineer ပေါ့ .. တပြားမှ မလျော့ဘူး.... တံတားတွေ အဆောက်အဦးတွေ ရဲ့ အခြေခံ အုတ်မြစ် bore pile တွေ စိုက်ရတဲ့ ကုမ္ပဏီပါ... အဲဒီကာလက စင်္ကာပူရဲ့ အနေအထားနဲ့ ခုအချိန်မှာ အတော်တော့ ကွာခြားနေလောက်ပြီ ထင်ပါတယ်... ကျွန်တော် စင်္ကာပူ မရောက်တာ ၁၀ နှစ်ရှိပါပြီ........

စင်္ကာပူမြို့ တဝှမ်း ကျွန်တော် အလုပ်လုပ်ခဲ့ ရဖူးတဲ့ နေရာတွေ ထဲမှာတော့.. စင်္ကာပူ တရုတ်တန်းနဲ့ Marina bay မှာ Merlion နားက တံတားရဲ့ ရေလည် bore piles တွေ စိုက်ခဲ့ရတာကို သတိအရ ဆုံးပါ.... Fullerton Road နဲ့ Marina Square ဘက်က Esplanade Dr ကိုဆက်ထားတဲ့ Esplanade တံတားပါ... (လမ်းနာမည် မှတ်မိ သလောက် ရေးထားတာပါ.. မှားရင် စင်္ကာပူက ညီငယ် နှမငယ်များ ပြင်ပေးကြပါ)...

အဲဒီ site တွေ အလုပ်လုပ် ရတုန်းက လုပ်ငန်းကို အချိန်မှီ ပြီးစီးအောင် ၂၄ နာရီ လုံး လုပ်ကြရ တာမို့ ညအချိန် တွေမှာ ကျွန်တော် တော်တော်များများ လုပ်ခဲ့ ရဖူးပါတယ်... Esplanade တံတားရဲ့ ရေလည် bore တိုင်တွေ စိုက်ချိန်မှာ ကျွန်တော်တို့လဲ Marina bay ရေလည်မှာ ဖေါင်နဲ့ အလုပ်လုပ် ကြရတာပါ... ညအခါ ဆိုတော့ ရေလည်မှာ မီးရောင် တထိန်ထိန် နဲ့ အလုပ်လုပ်ကြ ရတာပေါ့.... ရေလည်မှာ bore တိုင် စိုက်ဖို့ လွန်တူးစက်ကြီး တွေ နဲ့ တူးနေချိန် concrete လောင်း မထည့်ခင် နဲနဲ အားလပ်ချိန်မှာ မှန်ပြောင်း ကိုယ်စီနဲ့ ကျွန်တော်တို့ အဖွဲ့ အလုပ်တွေ ရှုတ်ကြတော့တာပဲ... Marina Square ဘက်က Park ထဲမှာ ညအချိန်ဆိုရင် တူစုံမောင်နှံတွေ လာရောက် နားခိုလို့ ဒွေးနှစ်ဖေါ် သံဝါညှိကြတဲ့ ရင်သိမ့်တုန် အချစ်ဇာတ်ကြမ်းတွေကို ကျွန်တော်တို့က ညကြည့်မှန်ပြောင်း ကိုယ်စီကိုင်စွဲလို့ ရှုစားကြရတော့တာပါပဲ.... သူတို့ကလည်း ရေပြင်ဘက်မှာ ဘယ်သူမှ မရှိဘူး ထင်လေတော့ ခြုံပုတ်ကို ကွယ်ပြီး လွတ်လွတ်လပ်လပ် ချစ်စခန်း ဖွင့်ကြတာဟာဖြင့် မလေး အတွဲတွေဟာ အများနဲ့ မတူ တမူထူးခြား လွန်းလှပါတယ်........

မလေးမမတို့ကလည်း တိုင်းခြားပြည်ခြား ဘာသာခြားကြပေမယ့် ကျွန်တော်တို့ ရတနာပုံ ရွှေမန္တလေးက ဗန်းမော် ဆရာတော်ကြီး စကား နားစွန်နားဖျား ကြားဖူး ကြလေသလားတော့ မသိပါ ခင်ဗျာ.... ကျွန်တော်တို့ ဗန်းမော် ဆရာတော်ကြီး နုစဉ် သာမဏေဘဝက မန္တလေးမြို့ထဲ ဆွမ်းခံကြွရင်း အန္တရာယ် မလွယ်နိုင်လို့ လမ်းနံဘေးမှာပဲ ဝမ်းသွားပါသတဲ့ ၊ ဗန်းမော် ဆရာတော်လောင်း ကိုယ်တော် ခင်မြာ လမ်းနံဘေး ဆောင့်ဆောင့် ထိုင် ကျင်ကြီးစွန့်ရင်း မျက်နှာကို သပိတ်နဲ့ အုပ်ထားသတဲ့ ... ကျန်တဲ့ ကိုယ်တော်တွေက ကိုယ်တော် ဘယ်နှယ် မျက်နှာကို သပိတ်နဲ့ အုပ်ထားသလဲ ဆိုတော့... ဗန်းမော်လောင်းလျာ ပြောပုံက .... ရှက်တာက မျက်နှာက ရှက်တာ ဖင်က ရှက်တာ မဟုတ်လို့ မျက်နှာပဲ ကွယ်ထားရတာ ပါလို့ ပြောပါသတဲ့......

မလေးမတွေလည်း ဗန်းမော် ဆရာတော် သြဝါဒ ကို နည်းနာခံ ယူပုံများကဖြင့် ရှက်တတ်တဲ့ မျက်နှာကို .. ခေါင်းမြီးခြုံတော့ ထားကြပါရဲ့... မရှက်တတ်တဲ့ နေရာများကဖြင့် ကျွန်တော်တို့ ညကြည့် မှန်ပြောင်းမှာ ကွင်းကွင်းကွက်ကွက် ... ပြူးပြူးပြောင်ပြောင်ကို မြင်နေရတော့ တာပါပဲ ခင်ဗျာ.........

နောက် site တခုကတော့ စင်္ကာပူ တရုတ်တန်းက အထပ်မြင့် အဆောက်အဦး တခု အတွက် bore pile လုပ်ငန်းခွင် မှာပါ.. drawing မှာတော့ ၁၈ ထပ်မြင့် ကား parking ပါ အဆောက်အဦးလို့ မှတ်မိတာပဲ.... နေရာကတော့... ကျွန်တော် မှတ်မိသလောက် Ammoy St နဲ့ Cross St ဝန်းကျင်လို့ အောက်မေ့မိတာ ပါပဲ.... အဲဒီ site ကလုပ်ငန်းရဲ့ သဘောသဘာဝ လိုအပ်ချက်ကြောင့် အလုပ်ကို ရပ်မထားနိုင်ပဲ ၂၄ နာရီ လုပ်ရတာပါ.... ဘာလို့လဲ ဆိုတော့ လွန်တူးစက်ကြီးတွေ နဲ့ pile အတွက် မြေတူးချိန်များမှာ အောက်ခံ မြေသားက ရွှံ့လို မြေပျော့ မဟုတ်ပဲ သဲတွေ ဖြစ်နေလို့ပါပဲ .... ရွှံ့လိုမျိုးက တူးရင်း မြေပြိုရင် ဗင်သိုနိုက် ထည့်ပြီး တွင်းကို မပြိုအောင် ထိန်းလို့ ရပေမယ့် သဲတွေ ပြိုကြရင်ဖြင့် ဗင်သိုနိုက် နဲ့ အလုပ်မဖြစ် တော့ပါဘူး.... သဲတွေဆိုတော့ .. မီတာ ၃၀ လောက် တူးထားရင် .. ရပ်လိုက်တာနဲ့ ချက်ချင်း ပြိုကြပြီး မီတာ ၂၀ လောက်ပဲ ကျန်တော့တာ ပါပဲ.. အဲဒီတော့ သဲနံရံတွေ ကို ဖန်လို မာပြီးကျစ်သွားအောင်... ဓါတုပစ္စည်းတွေ ထည့်ပြီး ဆက်တူးရပါတယ်....

အဲဒီ တရုတ်တန်း site က ကျွန်တော် မှတ်မိသလောက် People's Park Shopping Centre နဲ့ မျက်နှာခြင်းဆိုင် တည့်တည့်လောက် ရှိပြီး ကျွန်တော် ညမှာ ဗိုက်ဆာရင်.. Hong Lin Complex မှာ သွားစားတတ်ပါတယ်.... အဲဒီ အချိန်က People's Park ဟာ ဗမာ နဲ့ အင်ဒိုနီးရှား သင်္ဘောသားတွေ ကျက်စားရာ နေရာပါ.... People's Park က အိမ်သာတွေ ထဲမှာ ငါး လို့ ခေါ်တဲ့ ဖင်စီဒိုင်း ပုလင်းခွံတွေ ဆိုတာလဲ ရှုတ်ပွနေတာပဲ..... Peninsula Plaza ဆိုတာ လဲ ဗမာဆိုင် ၄, ၅ , ဆိုင်လောက် ပဲ ရှိပါသေးတယ်....

တရုတ်တန်း site က ရှေးဟောင်းပုံစံ တရုတ် နှစ်ထပ် အိမ်လေးတွေကို ဖျက်ပြီး.. ခေတ်မှီ အဆောက်အဦး သစ်တွေ နဲ့ အစားထိုးတော့ တာမို့... အဲဒီ ရပ်ကွက်ဟောင်းမှာ လူလဲ မနေကြရတော့.... လူသူ မရှိတဲ့ အိမ်ဟောင်းတွေ အလယ်မှာ.. ညအခါဆိုရင် တိတ်ဆိတ် ငြိမ်သက်နေတာပဲ.. အနီးနားက .. Raffle Place က လဲ ၇ုံးတွေ ကုမ္ပဏီတွေ ရဲ့ အဆောက်အဦးမြင့်ကြီးတွေ ဆိုတော့.... ညအချိန်မှာ လူသူလေးပါးကလဲ ကင်းရှင်း လိုက်တာ.....

အဲသည် site ထဲ မှာ.. တရုတ်တန်းက တရုတ် တစ္ဆေ အုပ်စု နဲ့ ဆုံစည်းကြရတော့ တာပါပဲ.... တရုတ်သရဲ ဆိုတော့ တရုတ်ရုပ်ရှင်တွေထဲက သရဲပုံလို့ မထင်လိုက်ကြပါနဲ့ .. တရုတ်ဇတ်ကားထဲက သရဲတွေကတော့ ခုန်ဆွခုန်ဆွ နဲ့ ဖါးဂပြုတ် ခုန်သလိုမို့ ကြောက်ဖို့ ထက် ရီဖို့က ပိုကောင်းပါတယ်....

ကျွန်တော် ညပိုင်းဆင်းတဲ့ တညမှာပေါ့ ခင်ဗျာ... ကျွန်တော်ကလည်း လွန်တူးစက် နံဘေးမှာ ထွက်လာတဲ့ မြေနမူနာတွေ စောင့်ကြည့်နေတုန်း.. မိုးကလေးက တဖွဲဖွဲ ရွာလာတယ်.. အဲဒါနဲ့ ကျွန်တော်က အနီးအနားက အိမ် အလွတ်ထဲမှာ ဝင်ပြီး ထိုင်လိုက်တယ်... ပြီးတော့ မလှမ်းမကမ်းမှာ ရှိတဲ့ လွန်တူးစက်ကို လှမ်းကြည့်နေတယ်.. အဲဒီ အချိန်မှာပဲ လူ ၄, ၅ , ၆ ယောက်လောက် ကျွန်တော့ နံဘေးကို ဝင်ထိုင်ကြပါတယ်.. ကျွန်တော်က ကျွန်တော့ အလုပ်သမား ဘင်္ဂလားတွေ ယိုးဒယားတွေ အောက်မေ့လို့ စကားပြော မလို့ ကြည့်လိုက်တော့....... တခါမှ မမြင်ဘူးတဲ့ တရုတ် ပုံသဏ္ဍန်တွေပါ.... ကျွန်တော်လဲ အံ့အားသင့်လို့ ကြည့်နေတုန်း... တဖြေးဖြေး သူတို့ ပုံသဏ္ဍန်တွေ ပျောက်သွားပါတယ်....

ဒါနဲ့ ကျွန်တော်လည်း အပြင်ထွက်လာပြီး ဘင်္ဂလားတွေ ယိုးဒယားတွေကို ကျွန်တော် ထိုင်တဲ့ အိမ်ထဲ လူတွေ ဝင်တာ၊ ထွက်တာ တွေ့သလားလို့ မေးတော့ သူတို့လဲ မတွေ့မိဘူးတဲ့... ဘင်္ဂလားကုလားတွေကတော့ ကျွန်တော် မရောက်ခင် ညတွေက အိမ်တွေထဲမှာ ရှေးဟောင်း အဝတ်အစား နဲ့ တရုတ်တွေ မကြာမကြာ တွေ့ရတယ်လို့ ပြောကြပါတယ်.. ကျွန်တော်ကတော့ သူတို့ ရုတ်တရက် ပျောက်သွားလို့ ဘာမှ ကွဲကွဲပြားပြားတော့ မမြင်လိုက်ရပါဘူး......

ကျွန်တော့ရုပ် ကလဲ တရုတ် ရုပ်မျိုးမဟုတ်တော့ သူတို့ကလဲ သူတို့ပြောတာ နားလည်မယ့် ပုံမျိုးမဟုတ်ဘူး ဆိုပြီး စိတ်ပျက်ပြီး ထွက်သွားကြသလားတော့ မသိပါခင်ဗျာ.... စင်္ကာပူ တရုတ်တန်းက တစ္ဆေ အုပ်စုနဲ့ အဲဒီတညပဲ ဆုံလိုက်ပါတယ်...

သြော်...သူ့စကား..လူမသိ..၊ လူစကား...သူမသိ..တော့လည်း.. စကားပြောစရာ မရှိလို့ .... ထပ်မလာကြဘူး ထင်ပါရဲ့... ဒီလိုမှန်းသိ... နိဟောင်မား...တို့ ဘာတို့.. ညာတို့ ပြောပြီးတော့.... သူ " ဟောင် " ..ကိုယ် " ဟောင် " ....... " ဟောင် " ပစ်လိုက်ပါ ရဲ့ဗျာ.........

Friday, October 16, 2009

ခွေးဖြစ်သွားရှာလေသော သရဲ


သိပ္ပံမောင်ဝရဲ့ ခေတ်စမ်းစာလေးတွေ ပြန်ဖတ်မိရင်း ဆရာသိပ္ပံမောင်ဝ ခေါင်းချသွားရာ ကန့်ဘလူနယ် အကြောင်း ပြန်ပြောင်း သတိရမိပါ့ခင်ဗျာ....ဆရာသိပ္ပံမောင်ဝ စာတွေကိုတော့ ဖတ်ဖူးကြလိမ့်မယ် ထင်ပါတယ်.... ကျွန်တော်တို့ blogger နှမ သိင်္ဂီနွယ် ဆိုတာလဲ တခြားလူ ဟုတ်ရိုးလား.. ဆရာ သိပ္ပံမောင်ဝ ရဲ့ မြေးအရင်း ခင်ဗျ..... ကန့်ဘလူနယ် တဝိုက်မှာ field ဆင်းရင်း ဂါးတာရွာ မှာ ရှိတဲ့ ဆရာ့ အထိမ်းအမှတ် နေရာလေး ကို အမှတ်တရ သွားခဲ့ပါသေးတယ်....

အဲဒီအချိန်က ကျွန်တော့အဖေ ကလဲ ကန့်ဘလူမြို့ကို တာဝန်နဲ့ ပြောင်းရွှေ့လာစ ပေါ့ခင်ဗျာ.... ကျွန်တော်ကလဲ field ဆင်း အပြီး ကျွန်တော့မိဘတွေ ရှိရာ ကန့်ဘလူကို ဝင်တာပေါ့ခင်ဗျာ... ကျွန်တော့ အဖေက ကန့်ဘလူ အထက်တန်း ကျောင်းကို ကျောင်းအုပ်ဆရာကြီး နဲ့ ရောက်ခါစ... ကျောင်းကလဲ မြို့အပြင်မှာ အသစ် ဆောက်ပြီးကာစ.. အဲဒီ အချိန်က.. အထက်တန်း ကျောင်းအုပ် ဆရာကြီးတွေက မြို့နယ် ပညာရေးမှူးလဲ တွဲလုပ်ရသေးတယ်... ကျွန်တော် အဖေနဲ့ အမေက ကျောင်းဝန်းထဲက နှစ်ခန်းတွဲ ပျဉ်ထောင် ကျောင်းဆောင်လေးမှာ နေကြတယ်... ကျောင်းဆောင်လေးက ၃ပေ လောက်မြင့်မယ်.. လှေခါးက ၅ထစ် လောက် ရှိတယ် ရှေ့မှာ ဝရန်တာလေးနဲ့ ..... တခန်းက ကျွန်တော့အဖေနဲ့ အမေ နေတယ်.. တခန်း က အဖေ့ရုံးခန်း၊ ကျွန်တော် ကန့်ဘလူကို ရောက်သွားတော့ ကျွန်တော့မိဘ တွေကလဲ ရောက်စ တရက် နှစ်ရက်ပဲ ရှိသေးတယ်။ သားရောက်လာတော့ သူတို့လည်း ဝမ်းသာအားရ စကားတွေ ပြောကြတာပေါ့ဗျာ...
.
ည နက်တော့ .. စကားဝိုင်းရပ်ြပီး အိပ်ယာဝင်ချိန် မှာတော့ ခေါင်မိုး သွပ်ပြားပေါ်ကို.... ဝုန်း...... ဆိုပြီး ခုန်ချသံ ကြား ရတာပါပဲ.. ကျွန်တော်တို့ ကတော့ ရှဥ့်တကောင် ခုန်ချလိုက်တယ် ဆိုပြီး အေးဆေးပါပဲ... နောက်ထပ် လဲဘာသံမှ မကြားတော့ ..ဟင်.. ဘယ်လိုပါလိမ့်ပေါ့... ရှဥ့် ဆိုရင်လဲ ခေါင်မိုးပေါ် လျှောက်ပြေးနေရမယ်လေ..... ဒီလိုနဲ့ .. မှေးမှေး.. အိပ်ပျော်ကာစ အချိန်မှာ.......... နားထဲမှာ.. စာရွက်လှန်သံတွေ လက်နှိပ်စက် ရိုက်သံတွေ အဖေ့ရုံးခန်း ဖက်က ကြားနေရတယ်... ရုံးခန်းနဲ့ ကျွန်တော်တို့ နေတာနဲ့က သုံးထပ်ပြား နံရံပဲ ခြားထားတာ... ဒါတောင်.. မျက်နှာကျက်နားက လွတ်နေသေးတယ်၊ ကျွန်တော်ကတော့ ဟင်.. ခုမှ. အိပ်ကာရှိသေး မနက်ကလဲ လင်းသွားလို့.. ရုံးကလဲ ဖွင့်နေပြီပေါ့... ဒါနဲ့ မျက်စေ့ဖွင့် ကြည့်တော့ မှောင်နေတုန်း.. အိပ်ယာက ထကြည့်တော့ အမေက ဘုရားစင်ရှေ့မှာ ပုတီးစိပ် နေတုန်း.... ကျွန်တော်က... အမေ.. ရုံးခန်းဖက်က လက်နှိပ်စက်ရိုက်သံတွေ ကြားနေရတယ်.. ဆိုတော့.. အမေ ကတော့ ဘာမှ မဖြစ်သလိုပါပဲ.... အို ကွယ်.. ကြွက်တွေ လက်နှိပ်စက်ပေါ် ဖြတ်ပြေးတာ နေမှာပေါ့... ဒါလောက်ပါပဲ.. ကျွန်တော် ကလည်း ခရီးပန်းလာတော့ ပြန်အိပ်ပျော်သွားတယ်...... နောက်တနေ့ ညမှာလည်း.... အရင်ညလိုပဲ..... အိပ်ချိန်ရောက်ပြီ ဆိုရင်.. ပျဉ်ထောင် အဆောင်လေး တခုလုံး..... သိမ့်သိမ့် တုန်သွားအောင် ....... ဝုန်း...... ကနဲ.. အသံကြားပြီးရင် ရုံးခန်းဖက်က စာရွက်တွေကို တဗျီးဗျီးနဲ့ ဖြဲပစ်တဲ့အသံ.... လက်နှိပ်စက်ရိုက်သံ... ကုလားထိုင်တွေကို ရွေ့ပစ်သံတွေ ကြားနေရတော့ တာပဲ.....

ကျွန်တော့မိဘများ နဲ့ ကျွန်တော်ကိုယ်၌က အဲသလို အသံဗလံ လောက်ကတော့ ကြောက်လေ့ကြောက်ထ မရှိပါဘူး... ကျွန်တော်ရဲ့ နှစ်ဘက်မိဘက ဘိုးအေတွေ ဆိုရင် အကုန် ရွတ်ပေပေ ချည့်ပါပဲ.... ကျွန်တော့ အမေရဲ့ အဘေးက သီပေါမင်းရဲ့ နာခံတော်ကြီးပါ.. အမေရဲ့ အဖိုးက မြင်းခြံ ရဲစခန်းမှာ ဌာနာအုပ် လုပ်တော့.... ပုပ္ပါး၊ ညောင်ဦး၊ ငါ့သရောက်နယ် တွေဘက်ကို တောတက်ရသတဲ့.. တောတက်တယ် ဆိုတာ ကိုလိုနီခေတ်က အသုံးအနှုံးပါ... ခုခေတ်လို ဆိုရင်တော့...... လှည့်လည် စစ်ဆေးပြီး .. လိုအပ်သည် များကို မှာစားသွားပါသည်ပေါ့...... အဲသည်ခေတ် ကတော့ မော်တော်ကား ဆိုတာ ပေါ်ကာစမို့ တောတက်ရင်.. မြင်းစီးပြီး သွားကြရပါ သတဲ့ အမေ့ရဲ့ အဖိုးက တရက်မှာတော့ ပုပ္ပါး ကအပြန် မိုးနဲနဲ ချုပ်သတဲ့.... ပုပ္ပါး ကနေ မြင်းခြံကို ဆင်းလာရင် ပုပ္ပလွင် နဲ့ ချိုင်းရွာ ပြီးရင် မိဖုယားဖွားစော တို့ရဲ့ရွာ စိတ္ထိန်း ရောက်အောင် ရွာစဉ်ရွာဆက် ကျဲသွားပါတယ်........

( ပုပ္ပါးစောင်းမှာ field ဆင်းစဉ်က .. ကျောက်တခါးရွာ နားက ရွာလေး... အဲဒီရွာ နာမည်တောင် မေ့တေ့တေ့ ဖြစ်နေပြီ.. အဲဒီက ရုက္ခစိုးမှော် အောင်တဲ့ ကိုကျော်ဝေ အကြောင်းလဲ ကြုံရင် ရေးပြပါဦးမယ်... သူ့နားလဲ အခု ဗိုလ်ချုပ်တွေ ဝိုင်းဝိုင်းလည် နေတာပဲ.. သူကလဲ David Copperfield လိုပဲ.. လက်ပတ်နာရီကို ငရုပ်ဆုံမှာ ထည့်ထောင်းပြတယ်.. ကြေမွနေတဲ့ နာရီကို လက်ကိုင်ပုဝါ ထဲထည့် သူ့လက်နဲ့ သပ်လိုက်တာနဲ့ မူလအတိုင်း အကောင်းပကတိ ပြန်ရတယ်.. ကျွန်တော်တို့ လက်မှတ်တွေ ထိုးထားတဲ့ ငွေစက္ကူတွေကို မီးရှို့ပြာချပြီး ဖန်ခွက်ထဲထည့် ရေထည့်ပြီး သောက်လိုက်တယ် ပါးစပ်က ပြန်ထွေးထုတ်တော့ လက်မှတ်တွေ ထိုးထားတဲ့ ငွေစက္ကူတွေ ပြန်ရတယ်.. သူက စကားတော့ မပြောတတ်ဘူး..)...

.ကဲ.. ကဲ.. အမေ့ ဖိုးအေ အကြောင်း ပြန်ဆက်ကြစို့လား... ပုပ္ပါးကနေ ..ဝဲလောင်မှာ ညအိပ်မယ် ဆိုပြီး စာသင် တယောက်ရယ်... စာသင်တော့ သိပါတယ်နော်..sergeant ..ကိုပြောတာ..နှစ်ယောက်သား မြင်းကိုယ်စီ စီးပြီး ဆင်းလာကြတာ လမ်းမှာ ရွာတရွာ တွေ့ပါလေရောတဲ့ ...... ရွာကလဲ မီးတွေ ထိန်ထိန်လင်း ပြီး .. ကလေးတွေ ကလဲ ဆော့လို့တဲ့ .. မောင်းထောင်း ဆန်ပြာ လုပ်သူကလုပ်.. ယက္ကန်း ခတ်သူက ခတ်တဲ့... ရွာလည်မှာလဲ ဆိုင်းဝိုင်းကြီးကလဲ တီးဖို့ ပြင်ဆင်နေသတဲ့... ရွာက လူတွေ ကလဲ ဘယ်က လာကြတုန်း တည တလေ အိပ်သွားကြပါဦး လို့ နှုတ်ဆက်ကြသတဲ့...... စာသင်ကလဲ ဌာနာအုပ်မင်းရာ ဒီမှာပဲ အိပ်ရအောင်ပါလို့ ပြောသတဲ့... အမေ့ ဖိုးအေက ... ဟ... ငါ့အပိုင် ထဲမှာ ဒီရွာ မရှိဘူး.. လာလာ ရွာပြင် ထွက်အောင်ဆိုပြီး ရွာအပြင် ထွက် ကျောက်တုံးပေါ် ထိုင်ပြီး အေးအေး ဆေးဆေး ပိုလို ခဲနေပါသတဲ့.... ပိုလို ဆိုတာ Polo တံဆိပ် စီးကရက်ကို ပြောတာ.... ဒီတခါတော့ ကျောက်တုံးကို သေချာရွေးပြီးမှ ထိုင်ပါသတဲ့..... တခါကတော့.. ထန်းလုံး ဆိုပြီး ထိုင်ပြီး စီးကရက် သောက်... ပြီးတော့ .. စီးကရက်မီးကို .. သစ်တုံးနဲ့ ထိုးပြီး မီးငြိမ်းတာ.. သစ်တုံးက တွန့်သွားလို့ ... သေချာကြည့်မှ.. ဧရာမ မြွေကြီး.. ဖြစ်နေလို့.. ဒရောသောပါး.. ပြေးခဲ့ရဖူးသတဲ့.. ဆေးလိပ်လည်း သောက်ပြီးရော.. အမေ့ဖိုးအေ ကရွာစည်းရိုး စပ်ကနေ မီးရှို့ပစ်ပြီး .. စိတ်အေးလက်အေး... ထိုင်ကြည့် နေပါသတဲ့ .. ရွာမီးလောင်တော့.. တရွာလုံး ဟိုပြေးသည်လွှားနဲ့ .. ပွက်ပွက်ညံနေ တာပါပဲတဲ့... တနာရီ လောက်ကြာတော့ ဘာသံမှ မကြားပဲ ငြိမ်သွားပါသတဲ့... ကျောက်စရစ်ကုန်း ပြောင်ပြောင်မှာ.. ပြာပုံလေးတွေ.. ဟိုတစ သည်တစတွေ့ရပါသတဲ့.... အမေ့ဖိုးအေက ကျတ်ရွာကို မီးရှို့ပြီး. .စိမ်ပြေနပြေ.. ထိုင်ကြည့်ခဲ့တာပါ..........

အဖေ့ရုံးခန်း ဘက်က ဆူဆူညံညံ အသံတွေကြားတော့ ဘယ်လိုကောင်များ သောင်းကျန်းနေသလဲ .. ဆိုတာ ကျွန်တော်တို့က သိချင်တယ်.. မြို့ကို ပေးတဲ့ မီးစက်ကလဲ ည ၁၀ နာရီဆို ရပ်တော့.... လက်နှိပ် ဓါတ်မီးတွေနဲ့ သွားကြည့်ကြတာပေါ့လေ... ရုံးခန်းတံခါးသော့ လည်းဖွင့်လိုက်ရော..... ရုံးခန်းထဲက ဆူညံနေသံတွေဟာ ချက်ချင်းရပ် သွားတော့တာပဲ.... လက်နှိပ်ဓါတ်မီးနဲ့ . ထိုးကြည့်တော့လည်း... ဘာမှ မဖြစ် သလိုပဲ... ကျွန်တော်တို့က ရုံးခန်းသော့ ကိုပြန်ပိတ်ပြီး.. နေတဲ့အခန်းဘက် ပြန်ရောက်လာနဲ့.. ရုံးခန်းဖက်က အလုပ် ပြန်လုပ်တော့ တာပါပဲ.... ကျွန်တော်တို့လဲ ဒီလောက်တောင် အလုပ်လုပ်ချင်လှတာ .. လုပ်ဟာ.. လခလဲ ပေးရတာမှ.. မဟုတ်ပဲ ဆိုပြီး အဲသည် ညကတော့ .. ပစ်ထားတော့တာပဲ.....

နောက်တနေ့ ညကျတော့.........ရုံးခန်းထဲက အသံမကြား ရတော့ဘူး....... သန်းကောင်ယံလောက် ကြတော့....... ရှေ့ဝရန်တာမှာ... ဒေါက်.... ဒေါက်.... ဒေါက်နဲ့.. လမ်းရှောက်သံ ကြားနေရတယ်.... လှေခါးအတက် .. တံခါးလေး ကလဲ ပိတ်ထားတာ ဆိုတော့... ခွေးတက် ရှောက်နေတာလဲ မဖြစ်နိုင်ဘူး.... အဖေတို့ အမေတို့ ကတော့ လူကြီး ဆိုတော့ ဘာမှမဖြစ် သလိုနေနိုင်ပေမယ့်... ကျွန်တော်က .. လူငယ် စိတ်နဲ့ နဲနဲ တင်းသွားတာပေါ့... ကျွန်တော်တို့ နေတဲ့ အခန်းဖက်မှာ ကျောင်းက အားကစား ပစ္စည်းတွေ သိမ်းထားတာ ရှိတယ် .. ဘောလုံးတွေ သံလုံးတွေ သံပြားတွေ... စုံစီနဖာ ပါပဲ.... ကျွန်တော်လည်း အဲဒီထဲက သံပြားတချပ်ကို အသာယူ.... တံခါးလေးကို အသာလေးဖွင့် .... ပါးစပ်ကလဲ..... ငါ....မ...ခွေး.... ဆိုပြီး.... ဆဲရင်းနဲ့... ဝရန်တာကို သံပြားနဲ့ ပစ်ထည့် လိုက်တာ... တခါထည်း လမ်းလျှောက်သံ ပျောက်သွားလိုက်တာ နောက်ညတွေလဲ ဝရန်တာ လမ်းလျှောက်သံ မကြားရတော့ဘူး.... ရုံးခန်းထဲက အသံတွေတော့ ကြားနေရတတ်ပေမယ့်... ရုံးခန်း အပြင်တော့ ထွက်မလာတော့ပါဘူး......

သူ့ခမြာ... သရဲစင်စစ်က .. ခွေးအပြောခံရတော့.. နဲနဲ ရှက်သွားထင်ပါရဲ့...... နောက်တခါ.. ခွေးအဖြစ် မခံနိုင်တော့ဘူးလေ.........

( စာကြွင်း ။ ။ ရုံးခန်းထဲမှာ သောင်းကျန်းနေတဲ့ အသံတွေဟာလည်း.. ကျွန်တော့ အဖေနဲ့ အမေတို့ နေ့စဉ် ပရိတ်တော်များ၊ ပဌာန်းတော်များ ၇ွတ်ဖတ်ခြင်း၊ မေတ္တာပို့ အမျှဝေခြင်းတို့ကြောင့် တလခန့် အကြာမှာ အသံ ဗလံများ လုံးဝ မကြားရတော့ပါ၊ အိမ်မိသားစုကို မနှောက်ယှက်သော်လည်း တခါတရံမှ လာသော ဧည့်သည်များ ကိုမူ နောက်ဖေးရှိ အင်ကြင်းပင် ပေါ်က ဆင်း၍ ချောက်လှန့် တတ်ပါတယ်... စစ်ကိုင်းတိုင်း ပညာရေးမှူး (စစ်ဆေးရေး) ဆရာမကြီး ဒေါ်သန်းသန်း ကို ချောက်လှန့်ပြလို့ ကျွန်တော့် အမေ အတော် အားနာခဲ့ရဖူးပါတယ်..)

Monday, October 12, 2009

ကိုကြီးကျောက်ခဲပြောသော မောင်ကျောက်ကျိုင်း ပုံပြင်

+ညီတော်မောင် ကိုလူထွေးက ပုံပြင်ပြောတမ်း ကစားနေပြီဗျာ... သူ့ blog မှာဝင်ပြီး ပုံပြင်ပြောရမှာတဲ့..... ကျွန်တော် ကတော့ လူကြီးဆိုတော့ ကိုယ်ကြားဖူး နားဝ ပုံပြင်တွေနဲ့ ကလေးတွေကို ခပ်တည်တည် ပြောရမှာပေါ့ဗျာ...............

ကိုင်း...ကိုင်း.......နားထောင်ကြ............ ဟိုရှေးရှေးတုန်းက ဘလော်ဂါနသီပြည်ကြီးမှာ မောင်ကျောက်ကျိုင်း ဆိုတဲ့ ကောင်လေး တယောက် ရှိသတဲ့ကွယ်.... မောင်ကျောက်ကျိုင်းလေး အရွယ်ရောက် လာတော့ မိဘများက တက္ကသီလာပြည်ကြီး ကို စေလွှတ်ပြီး ပညာ သင်စေ တာပေါ့ကွယ်.... မောင်ကျောက်ကျိုင်းဟာ လက်ခုပ်ပန်းနဲ့ ခွေးသေးပန်းတို့ ပွင့်ရာ တက္ကသီလာပြည်ကြီး မှာ ယောင်္ကျာံးတို့ တပ်အပ် တဆယ့်ရှစ်ရပ် ပညာတွေကို သင်ကြား ပါသတဲ့ကွယ်... ပညာသင်ချိန်မှာ သက်သတ်လွတ် အရည်သာ သောက်သုံးခြင်း .. ကုမ္မာရီ အဆောင်သူ လေးများ နှင့် မောင်နှမဆောင် တော်စပ်သော သင်္ဂဟအဆောင် များကို ယောက်ဖဆောင် တော်စပ်ပြီး မိတ်သင်္ဂဟများနှင့် ဂဏန်းသင်္ချာများ ကို နေ့မအိပ် ညမအိပ် တွက်ချက် လေ့ကျင့်ကြခြင်း...... ဂီတ သင်ခန်းစာများကို ကုမ္မာရီ အဆောင်များ ရှေ့တွင် .. အော်ဟစ် လေ့ကျင့်ခြင်း.. စသည်တို့ဖြင့် တက္ကသီလာပြည်ကြီး မှာ အချိန်တွေ ကုန်လွန်စေပါသတဲ့ကွယ်.....

ဒီလိုနဲ့ တက္ကသီလာပြည်ကြီး မှာ နှစ်တွေ ကြာညောင်း ခဲ့ပေမဲ့ မောင်ကျောက်ကျိုင်း ခမြာ ဘာမျှ မယ်မယ်ရရ ပညာ မတတ်ခဲ့ ရှာပါဘူးကွယ်..... ဒီတော့.. ဘာမှမတတ်တဲ့ မောင်ကျောက်ကျိုင်းကို သူ့ဆရာ ဒိသာပါမုတ်ခကြီး ကစကားကြီး သုံး ခွန်း ပဲသင်ပေးပြီး ပြန်လွှတ် လိုက်ပါသတဲ့......အဲဒီစကားတွေ ကတော့.... မေးပါများ စကားရတဲ့.... သွားပါများ ခရီးရောက်တဲ့.... မအိပ်မနေ အသက်ရှည်တဲ့...

မောင်ကျောက်ကျိုင်းလဲ ဆရာကြီး စကားကို တသွေမတိမ်း နားထောင်ပြီး ဆရာကြီး စကား အတိုင်း ကျင့်ကြံ တာပေါ့ကွယ်..... မအိပ်မနေ အသက်ရှည် ဆိုတဲ့အတိုင်း... ည.. ည...မှာ မအိပ်ပဲ ကွန်ပြူတာ တလုံးနဲ့ အလုပ်ရှုတ် နေတာပေါ့ကွယ်... မေးပါများ စကားရ ဆိုတဲ့ အတိုင်း... နေကောင်းလား.....တို့.. ဝမ်းမှန်ရဲ့လားတို့.... လမ်းသလား နေတာ မတွေ့တာ ကြာပြီတို့... ဘာတို့ ညာတို့ .. သူများတွေကို .. စကားလေးများ ရအောင် မောင်ကျောက်ကျိုင်း ခမြာ သွားသွား မေးရရှာသတဲ့........

သွားပါများခရီးရောက် .. ဆိုတဲ့အတိုင်း.. မောင်ကျောက်ကျိုင်းလဲ.... ဂန္ဓာရီ လှည့်တယ် ဆိုပြီး.... အရပ်တကာ လျှောက်လည်တော့ တာပါပဲကွယ်... ဘလောက်ဂါနသီပြည်ကြီး ထဲမှာ တလမ်းဝင် တလမ်းထွက် လျှောက်သွားတာ ပေါ့ကွယ်.. တချို့ အိမ်တွေကို ဝင်လည်မလို့ လမ်းထဲဝင်လိုက် တာနဲ့ အကြော်အလှော် နံ့တွေက ထောင်းထောင်းထနေ တာပါပဲကွယ်.. ချက်သံ ပြုတ်သံတွေ ပွက်ပွက်ညံနေပြီး တအိမ်နဲ့ တအိမ် လှမ်းပြီးတော့ မမရဲ့ ပဒိုင်းပွင့် လက်သုတ်လေး စားကြည့်ရရင် သိတ်ကောင်း မှာပဲတို့ ... ညီမလေးရဲ့ မန္တလေးမုန့်တီ နဲ့ အပြိုင် .. သာကေတမုန့်သန်ကောင်.. က မြည်းကြည့် ချင်စရာပဲတို့............... မမရဲ့ မုန့်ပေါင်းကြီး ကမှ .. အရသာရှိမယ့်ပုံပါ မမရဲ့ တို့..... အို... ညီမလေးရဲ့ နံပြားလောက်.. ရွတာ.. မရှိဘူးတို့... တဦးနဲ့တဦး ပန်းကန်တွေ လှမ်းပြပြီး ပြောနေကြတော့ မောင်ကျောက်ကျိုင်း ခမြာ မစားရ ညှော်ခံတွေမို့ အသာပြန်ထွက် ပြေးလာသတဲ့ကွယ်.......

တချို့အိမ်တွေ နားရောက်တော့ အိမ်တွေထဲက အာပေါင်အာရင်း သန်သန်နဲ့ ချာရာနသီပြည်ကြီး က ဗါမတတ်မင်းကြီး ရဲ့ အသုံးမကျပုံတွေ ပြောနေတာ ကြားရပါသတဲ့ကွယ်.. အိမ်ပေါ်မှာလည်း ဗါမတတ်မင်းကြီး ရဲ့ တပည့် အာတာလွတ် အမတ်ရှုတ်ကြီး နဲ့ အဖွဲ့တို့ ဆယ်အိမ်ခေါင်း အစည်းအဝေး လာတက်တုန်း ပေါသွတ်တို့ အဖွဲ့က ခုံဘိနပ် နဲ့ ပေါက်နေပုံတွေ တခန်းတနား ချိပ်ပြ ထားတာ မြင်ရလို့ .. မောင်ကျောက်ကျိုင်း လဲ အိမ်ပေါ် မတက်ရဲတာနဲ့ ပြန်လှည့်ထွက်လာ သတဲ့ကွယ်..........

ဒါနဲ့.. မောင်ကျောက်ကျိုင်း လဲ နောက်တလမ်း ကို သွားတော့ သာယာနာပျော်ဘွယ် အလင်္ကာတွေ ရွတ်ဆို နေကြတဲ့ အိမ်တန်းတွေ ဖြတ်လျှောက်မိတာ ပေါ့ကွယ်.. .ခက်တာက.. မောင်ကျောက်ကျိဲုင်း ခမြာ နဂို ကမှ ဉာဏ်နဲ ရှာလေတော့... သူတို့ ဘာတွေ ရွတ်ပြနေသလဲ ဆိုတာ နားမလည် ရှာပါဘူးကွယ်..... သူတို့အိမ်တန်းက မငွေတောင် ဆီ ဝင်လည်မလို့ လုပ်တော့ နဂါးလှည့် မသင့်ဘူး ဆိုလား နာလံမထ တော့ဘူး ဆိုလား ... ပြောသံကြား လို့ မောင်ကျောက်ကျိုင်း လဲ လှေခါးရင်း ကပဲ ပြန်လှည့် လာသတဲ့ကွယ်...........

သွားပါများ ခရီးရောက် ထုံးကို နှလုံးပြု ပြီး လျောက်လာလိုက်တာ.. မောင်ကျောက်ကျိုင်းရဲ့ ဂျီးတော်ကြီး အိမ်ရှေ့ ရောက် ပါရောလားကွယ်... နှုတ်ဆက်မလို့ အိမ်ထဲ ကြည့်လိုက်တော့ ကလေးတွေ ပွက်ပွက်ညံ အောင် ဆော့နေကြလို့ မဝင်တော့ပါဘူးတဲ့ကွယ်... ကလေးတွေ ကတော့ ဂျီးတော်ကြီး အိမ်ထဲမှာ ဆဲတဲ့ ကောင်က ဆဲ.. ရန်ဖြစ်တဲ့ ကောင်က ဖြစ် မို့ မောင်ကျောက်ကျိုင်း လဲ ခပ်သုတ်သုတ် ဖြတ်လျောက် ရတာပေါ့ကွယ်.........

ဒီလိုနဲ့.. ဆိပ်ငြိမ်ရပ်ကွက်လေး ထဲ ရောက်ပြန်တော့...တချို့အိမ်တွေ ဝင်လည် ပြီး စကားစမြည် တွေနားထောင် တဲ့အခါ ... မောင်ကျောက်ကျိုင်း လဲ ဘွားအေကြီးနဲ့ ပြန်တွေ့ ရလို ခံစားမိရှာ သတဲ့ကွယ်.... မောင်ကျောက်ကျိုင်း ဘွားအေကြီး ကလဲ အသက် ရှစ်ဆယ် ကျော်ပေမယ့် ...... ငယ်ငယ်တုန်းက.. တက္ကသီလာပြည်မှာ.. ပွင့်တဲ့ လက်ခုတ်ပန်းလေး တွေ အကြောင်း... ကို ခုထိ အမှတ်တရ ပြောနေဆဲ ပါတဲ့ကွယ်... ဘွားအေကြီး ပုရပိုဒ်တွေ ရေးဖွဲစဉ်က.. ဂေါရီဆောင်က.. ဖွါးပုတို့.. ဖွါးဂွိတို့.. ဖွါးဂွက်တို့ အကြောင်းတွေ.... တက္ကသီလာပြည်ကြီးမှာ ဆိုက်ကားစီးပြီး လျှောက်လည် ရ တာ အလွန်ပျော်စရာ ကောင်းကြောင်း ရေးဖွဲ့ခဲ့ပုံတွေ အမြဲပြန်ပြော တတ်တာမို့ မောင်ကျောက်ကျိုင်း ခမြာ .. ဘွားအေကြီးကို သတိရလို့ မျက်ရည်များတောင် လည်မိပါသတဲ့ကွယ်..........

ဒီလိုနဲ့ ဘလော့ဂါနသီ နန်းတော် နားကိုရောက်လာ တာပေါ့ကွယ်.... နန်းတော်နားမှာ ချာရာနသီပြည်က ဗါမတတ်မင်းကြီး လက်စွဲတော် စိုင်တမော့ တို့အုပ်စု အိမ်ဝယ်နေတာ တွေ့ပေမဲ့ ဝင်မကြည့် ပါဘူးတဲ့ကွယ်.......

မောင်ကျောက်ကျိုင်းလဲ နန်းတော်ပေါက်ဝ ရောက်ရော လူတယောက် ထွက်လာပြီး ဟိုင်း လို့ နှုတ်ဆက်ပါ သတဲ့ကွယ်... မောင်ကျောက်ကျိုင်း လဲ သူ့ကို ဟိုင်း သွားပြီလို့ ပြောတယ်ထင်ပြီး မလုံမလဲ ဖြစ်သွားရှာ သတဲ့ကွယ် ...အဲဒီလူ က မောင်ကျောက်ကျိုင်းကို မိန်းမ လိုချင်လို့ ဘလော့ဂါနန်းတော် ထဲ လာသလားလို့ မေးလိုက် ပါသတဲ့ကွယ်... မောင်ကျောက်ကျိုင်း ခမျာ အဲလို ကူလီကူမာ စိတ်မျိုးတော့ မရှိရှာပါဘူးကွယ်... နန်းတော်ထဲ မှာ ဘုရင်နေရာ ဗေကင်စီ ဖြစ်ပြီ ... မင်း.. ဘုရင် လုပ်ချင်ရင် မိန်းမ ယူရမယ် လို့ ဆက်ပြော သတဲ့ကွယ်... .မောင်ကျောက်ကျိုင်းလဲ ဘုရင်လဲဖြစ် မိန်းမလဲရ ဆိုတော့ စိတ်ဝင်စားသွားတာပေါ့..... ဒါနဲ့.. ဒီမှာ ခင်ဗျားက.. ဘာလဲဗျ လို့ မေးတော့ အဲဒီလူက ငါက ဒီမှာ မူလလက်ဟောင်း ပြန်ကြားရေးဝန်ကြီး.... မင်း .. ဒီမှာ ပုံစံ ဖြည့်လို့ ရတယ်... လူ ၃၅၀ ဖြည့်ပြီးပြီ... ဒီလ ၂၉ ရက် နောက်ဆုံးပဲ လို့ပြောလို့... မောင်ကျောက်ကျိုင်းလဲ ဝင်းသူဇာဆိုင်မှာ ဈေးဝယ်ရင် ဆပ်ပြာ နဲ့ မီးချစ်ပုံး တွဲပေးသလိုမျိုး ဘုရင်ရာထူး နဲ့ မိန်းမ တွဲပေးတာ ရဖို့ ပြာရီးပြာယာ နဲ့ ပုံစံ ဖြည့်လိုက် ပါသတဲ့ကွယ်... ပုံစံလဲ ဖြည့်ပြီးရော အခုချက်ချင်း မင်းကို ဘုရင် ခန့်လိုက်ပြီ ပြောတော့ မောင်ကျောက်ကျိုင်း ခမြာ အလန့်တကြားတောင် ဖြစ်သွားပါသတဲ့ကွယ်....

ဒါနဲ့..မောင်ကျောက်ကျိုင်း လဲ ဘုရင်ရာထူး ကို လက်ခံပြီး သမီးတော် ခင်ဝက်ပုရွှေ ကို ယူလိုက် ရတာပေါ့ကွယ်... မင်္ဂလာဆောင်မှာ ဝတ်ထားတဲ့ စိန်တွေကတော့ ဘယ်က ရသလဲတော့ ကိုကြီးကျောက်ခဲ လဲ မပြောတတ်ဘူးကွယ်... မင်္ဂလာဦးညမှာ.. မောင်ကျောက်ကျိုင်းလဲ ဘော်ဒါတွေကို.. ကာရာအိုကေတို့.. အနှိပ်ခန်းတို့ .. လိုက်ပို့နေရလို့ နန်းတော် အပြန် နောက်ကျ နေတာပေါ့ကွယ်... သူလဲ နန်းတော် ရောက်လို့ အခန်းထဲလဲ ဝင်လိုက်ရော သလွန်ပေါ်မှာ မြွေကြီးတကောင် တွေ့ပါသတဲ့ကွယ် ... မောင်ကျောက်ကျိုင်းလဲ တရုတ်ပြည်နဲ့ နယ်စပ် ကုန်သွယ်ရေးကို စိတ်ဝင်စား တာမို့ မြွေကို ဖမ်းမလို့ တုတ်နဲ့ ရိုက်တာ စွမ်းအားရှင်တုတ် ဖြစ်နေလို့ မြွေလဲ တခါတည်း အသက်ထွက် သွားသတဲ့ကွယ်...

အဲသည် အချိန်မှာပဲ မိဖုယားကြီး ခင်ဝက်ပုရွှေ ရောက်လာပြီး သူအလှမွေး ထားတဲ့ မြွေ ကို သတ်ပစ်လေခြင်း ဆိုပြီး ဒေါသပုန် ထတော့တာပေါ့ကွယ်... မောင်ကျောက်ကျိုင်းရဲ့ ခေါင်းအုန်း နဲ့ စောင်တွေ အခန်းအပြင် လွှင့်ပစ်ပြီး... အခန်းတံခါးကို ဝုန်းဆိုပိတ်လိုက် ပါသတဲ့ကွယ်...မောင်ကျောက်ကျိုင်း ခမြာ မင်္ဂလာဦးညမှာ မီးကင်းသွားစောင့် ရမလို ဘာလိုလို ဖြစ်သွားရသတဲ့ကွယ်....

နောက်တနေ့ မနက်ကြ တော့ မိဖုယားကြီးက ဘလော့ဂါ ပဟေဠိ အဖြေညှိ ခိုင်းသတဲ့ကွယ်....... ထောင်ပေးလို့ဆုတ်.... ရာပေးလို့ချုပ်....... ချစ်တဲ့သူအရိုး ဆံထိုးလုပ်.. တဲ့ကွယ်.... မောင်ကျောက်ကျိုင်း လဲ ခေါင်းနဲနဲ စားသွားတာပေါ့ကွယ်.... မိဖုယားကြီးက ဘာတွေ ချုပ်ချင်မှန်း မသိ..ဘာကို ထောင်ပေးရလို့ ဘာကို ဆုပ်ချင်မှန်း မသိတော့ ... စိတ်လေလေနဲ့ ဘီယာဆိုင်မှာ သွားထိုင်နေတာပေါ့ .... အဲဒီအချိန်မှာ.. ဘီယာဆိုင်နားက သစ်ပင်ပေါ်က ကျီးနှစ်ကောင် စကားပြောတာ ကြားရသတဲ့... မောင်ကျောက်ကျိုင်းကလဲ .. သူ့ဘကြီးကျောက်ရဲ့ တောတွင်း ဘလော့တွေ ဖတ်ထားတာဆိုတော့ .. ဒီ ကျီးနှစ်ကောင် ပြောတာလောက်တော့ အသာလေး နားလည်တာပေါ့... တကယ်တော့ ဘကြီးကျောက်က ကလေးတွေကို သူ့ကိုယ်တွေ့ ဆိုပြီး ခပ်တည်တည် ဖြီးနေတာ.. တောတိရစ္ဆာန် အကြောင်းဘာမှသိတာ မဟုတ်ဘူး... သူတကယ် သိတာက... ကြက်၊ ဝက်၊ ဖါး၊ ငါးရှဥ့်..အကောင် လေးကောင် လောက်သိတာ၊ အလွန်ဆုံးသိရင် ၃၆ ကောင်ပဲ၊..

ဒါနဲ့ ကျီးနှစ်ကောင် ပြောတဲ့အတိုင်း... မြွေအရေခွံကို. ငါးထောင်တန် တရွက်ပေးပြီး.. ဆုတ်လို့ရတယ်... ဒေါ်လာ တရာတန် ပေးပြီး အလှဖန်တီးရှင် ဒီဇိုင်းနာ.. မာမီ တင်သရမ်းလွန်း ဆီမှာ.. ဗိုက်ပေါ်.. ချက်ပေါ်.. အင်္ကျီ ချုပ်လို့ ရတယ်.. မြွေရိုးကို ဆံထိုးလုပ် လို့ရတယ်.. ဒါပေမယ့်. မိဖုယားကြီးက မင်္ဂလာဆောင် မှာ ဝတ်တဲ့ စိန်ဆံထိုး လောက်တော့ မကြိုက်ဖူးပေါ့ကွယ်... အဲဒီမေးခွန်းကို မောင်ကျောက်ကျိုင်းလဲ ဖြေပြီးရော မိဖုယားကြီးက.. သူ့ရဲ့ tag question ကို ဖြေပေးတဲ့ ဘလော့ဂါ မောင်လေး ကို.. ဘလော့ဂါ အပျိုကြီးမမ ကပြောတဲ့လေသံနဲ့ အ.ဟင်း.ဟင်း. သိတ်တော်တာ ပဲကွယ် ငှယ်.. ငှယ်.. ဆိုပြီး.. ဇာတ်ပေါင်း သွားကြသတဲ့ ကွယ်.........

ကိုကြီးကျောက်ခဲရဲ့ ပုံပြင်လေးကတော့ ဒါပါပဲကွယ်.......

Friday, October 9, 2009

တက်ကျောက်ခဲ၏တက်မှတ်တမ်း

ကျောက်ခဲညီငယ် ဖြစ်သူ အောင်သာငယ် က အကိုကြီး ဖြစ်သူ ကျွန်တော် ကို သီတင်းကျွတ်ကန်တော့တဲ့ အနေနဲ့ မေးခွန်း (၂၀ ) ကို လက်ဆင့်ကမ်းပြီး tag လိုက်ပါသတဲ့... ကျွန်တော် ကလည်း ခေသူ မှမဟုတ်တာ ဗမာပြည်မှာ ကထဲက တက်ကျမ်းတွေ ထုံး လိုခြေ ရေ လိုနှောက် ဖတ်ခဲ့ပြီးသား.. ဆရာကြီး သိန်းဖေမြင့် ရဲ့ တက်ဘုန်းကြီးတို့ တက်ခေတ် နတ်ဆိုး တို့ ဆို တက်ခေတ် အစမ်းစာ ဆိုပြီး ဖတ်လာခဲ့တာ....

ဟော..ပွဲဦးထွက် မေးခွန်းက...what is your name တဲ့ အင်္ဂံလိပ်စာ စသင်စ ၅ တန်း ကျောင်းသား ဘ၀ သတိရ လိုက်တာနော်...... ဖြေပါပြီ... Nai..... ကျွန်တော် နာမည်ကို အရင်က ဗမာတွေ ပေါင်းသလို ... Naing... ဆိုပြီး ပေါင်းလာခဲ့တာ... စင်္ကာံပူလည်း ရောက်ရော... စလုံး တရုတ်တွေက ကျွန်တော့ နာမည်ကို ဖျက်ကြပါလေရောလား...... Nai ကတလုံး... Ng ..က တလုံး နှစ်သံခွဲပြီး .. နိုင်အင်း တဲ့.... အမလေး... မဖြစ်ဘူး မဖြစ်ဘူး... အင်းတို့.. ဟိုတယ်တို့.. ဆိုတာ.. ဗမာပြည်မှာ ကြက်တွေ ပျော်မွေ့ရာ နေရာ... တော်ကြာ.. တကယ် ကိုယ့်ဆီ လာပျော်မွေ့ နေမှဖြင့်... ဆိုပြီး.. passport အသစ် လဲတော့.. စာလုံးပေါင်း ပြောင်းလိုက်ရတယ်... အခု..U S citizen လျှောက်တော့ ခပ်တည်တည် ဘိုနာမည်ကလဲ ထည့်ထားသေးတယ်.....

A four letter word ..တဲ့.. Nerd.. ပေါ့လေ.. တကယ်ပဲ စိတ်ဝင်စား နေသလိုလို... ဗမာပြည်မှာတုန်းက ... ကွန်ပြူတာ ဆိုတာ TV နဲ့ လက်နှိပ်စက် ပေါင်းထားတယ် ထင်တာ......
A boy's name.. Nicholas.. အဟီး.. ဒါလဲ.. ကိုယ့်နာမည်ပဲ..
A girl's name... လွယ်လွယ်ကူကူ... Nancy.. ပေါ့..
An occupation.. News-dealer ပေါ့.... ၀ယ်သူ မလာရင် စာပဲ ထိုင်ဖတ်နေမယ်၊
A color.... Navy blue ပေါ့ .. ဘာခက်တာလိုက်လို့...
something you'll wear.... အဟီး... အကုန်အကျ သက်သာအောင် ..Nude....... Miami south beach က nude beach မှာပဲ ၀တ်မှာပါ... လေလေး တဖြူးဖြူးနဲ့.. အေးစက်စက်လေးပေါ့... ဟဲ. ဟဲ.....
A food... Nigiri.. Tuna, salmon, yellowtail အကုန်ကြိုက်...
Something found in the bathroom..... Nivea...ပဲ သုံးတယ်၊
A place..... Niagara Falls... ပျော်စရာ သိတ်ကောင်းတာပဲ...
A reason for being late.... Network break down in the subway ပေါ့ နယူးယောက် က ရထားတွေက နှစ်တရာ ကျော်ပြီဆိုတော့ ခနခန ဖြစ်တယ်....
Something you'd shout....... Never ! Never ! Never... အော် ခိုင်းလို့သာ အော်လိုက်ရတယ်... ဘာမှန်းလဲ သိပါဘူး..... တတ်နိုင်ပါဘူးလေ ကလေးတွေနဲ့ ပေါင်းတော့လည်း ခိုင်းတာ လုပ်ရမှာပေါ့.......

A movie title... ကိုယ်က James Bond ဇတ်ကားတွေမှ ကြိုက်တာ ဆိုတော့ N နဲ့ စတဲ့ Never say never again ပေါ့... ဂျိမ်းစဘွန်း ကားတွေ ကတော့ ထိုးစရာရှိ ထိုး ကြိတ်စရာ ကြိတ် ဖက်စရာရှိ မင်းသမီးကို အားမနာတမ်း ဖက်.. ဒါမျိုးမှ ကြိုက်တာ.. ကုလား ဇာတ်ကားများ တော့ မကြိုက်ပေါင်.. မင်းသမီး လက်ကိုင်ဖို့ အရေး ... အို.... တောင်ပေါ် ပြေးတက်လိုက်... သစ်ပင် ပတ်ပြေး သီချင်းဆိုလိုက်.. ရေထဲဆင်းလိုက်.. နဲ့ ချာချာကို လည်လို့...
Something you drink...... Natural Beverages ပေါ့... အဲဒါတွေ သောက်ပြီး ခါး လက်မ ၃၀ ကို ထိမ်းသိမ်းလာတာ အနှစ် ၃၀ ရှိပေါ့.......
A musical group ..တဲ့ဗျာ... ကဲ ..ခက်ကြပေါ့... ကိုယ်ကြိုက်တာက.. ရွာက ဆွမ်းတော်ကြီးခံတဲ့ ဗျော .. ဘယ်လိုလုပ် N က ပါမှာတုန်း တက္ကသိုလ် ကျောင်းသား ဘ၀ ဘိုသီချင်းတွေ.. ဟဲ ကြတော့.. အဲဒီတုန်းက ခေတ်စားနေတဲ့ Aerosmith တို့ ABBA တို့..... အို.... လူကြံရင်... ထရံတောင် ဘာဖြစ်ဆိုလား ဖြစ်သေးတာ.. ကိုင်း.. google ထဲ ရှာလိုက်မယ်.... No Shame ..ဗျာ..... သိတယ်မို့လား.. ကိုယ်ကလဲ သိတ်မရှက်တတ် တော့ဘူး.....

.An animal .. တဲ့.... N ..နဲ့ စတဲ့ တိရစ္ဆာန်က တော်တော် ရှားပါးပါဘိ..... သြော်... ဒို့ဟာ တိရစ္ဆာန်မျိုး မဟုတ်ပါလား... ဆိုပြီး ဂုဏ်ယူဝံ့ကြွားချင် သလိုလို ဘာလိုလိုတောင် ဖြစ်မိသေး.... တွေ့ပါပြီ... ငှက်ကလေး .. Nightjar ဆိုပါလား... ညကြီးသန်းကောင်.. အသံဆိုးနဲ့ အော်တဲ့ အကောင် ဆိုတော့.. မိန်းကလေးဆောင်ရှေ့ကို .ကိုယ်လို.. သီချင်းသွားဆိုတာ.. နေမှာပေါ့လေ... မိန်းကလေးများကတော့.. အဲဒီ ကျွန်တော့အသံကို အဆောင်ထဲက နားထောင်ပြီး ကြည်နူးလို့.....အ..ဟတ်..ဟတ်..ဟတ်...
A street name... အိမ်နားက လမ်းကြားက ဆိုင်းဘုတ် ပြေးကြည့်လိုက်ဦးမယ်.... ခနလေး.... Newton Ct ..တဲ့ဗျား......
A type of car...... အင်း...... ကိုယ်ကြိုက်တာက.... Mustang တို့ BMW တို့... လောလောဆယ် စီးနေတာက... Corolla.... N ..နဲ့ စပါဆိုတော့လည်း.... Nissan GT-R Premium... ပေါ့ .. ဒေါ်လာ ၈၃,၀၄၀ တန်လေ... ရေးမယ့် ရေးတော့ ခပ်တည်တည် ဈေးကြီးတာ ရေးထားမယ်... ဝယ်တော့ မစီးနိုင်သေးပါဘူး...
A title of song...... No Surrender... နဲနဲတော့ ခေါင်းမာတယ်.....
A verb......nap....ကဲ ..ကဲ.. တက်စာတွေ စား... တက်မှတ်တမ်းတွေ.. ရေးပြီး.. တရေးတမော.. တက် အိပ်လိုက်ဦးမယ်.......

Thursday, October 8, 2009

မမလေးသခင်မရဲ့မောင်ငယ်ဖြစ်ခဲ့ရစဉ်က


ကျွန်တော်တို့ ပဲခူးရိုးမမှာ ရွှေရှာဖွေရင်း မလေးတောင် သခင်မရဲ့ မောင်ငယ်လေး ဖြစ်ခဲ့ရဖူးတယ်ခင်ဗျ......

ပဲခူးရိုးမအလယ် မလေးတောင်မှာ စခန်းချ နေစဉ်ကပေါ့ခင်ဗျာ......
မလေးတောင်က ပေ ၁၀၀၀
ဝန်းကျင်လောက် မြင့်တယ်.... မလေးတောင်ပေါ်မှာ မမလေးသခင်မ နတ်နန်း ကလဲရှိတယ်၊ေ၇ွှတူးရွှေကျင် လာတဲ့သူတွေက မမလေးနတ်နန်း ရှေ့ကဖြတ်ပြီးမှ ရွှေတောကို သွားကြရတာကို.......ရွှေကျင်လာတဲ့သူတွေက မမလေးနတ်စင် ရှေ့ရောက်ရင် သေချာဘိနပ်ပါချွတ်ပြီး မမလေးဆီမှာ တင်မြှောက်ပသကြပြီးမှ ခရီးဆက်ကြတာပေါ့............

ကျွန်တော်တို့က field ဆင်းရင် jungle boots တွေစီးထားရတော့ မမလေးနတ်စင် ရှေ့ကဖြတ်ရင် တောစီးဘိနပ်တွေကို ချွတ်လိုက်ဝတ်လိုက် လုပ်မနေချင်ကြဘူး၊ ... အဲဒီတော့.......မမလေးရဲ့မောင်လေးများဆိုပြီး နတ်စင်မှာ ကိုယ့်ဖာသာ ကြေငြာပစ်လိုက်တော့တာပဲ.............ဒီတော့..ကျွန်တော်တို့က မမလေးရဲ့ မောင်တွေဆိုပြီး ချွင်းချက်နဲ့ ဘိနပ်စီးလို့ရတယ်.... ကျွန်တော်တို့ အဖွဲ့ရဲ့ ခေါင်းဆောင် officer incharge ကိုဖူး ကလဲလူရွှတ်လူနောက် ....မမလေးနတ်စင်မှာ စားချင်တာမှန်သမျှ စာရေးပြီး အမြဲချိပ်ထားတယ်....... မမလေးက ငရံ့ခြောက်လေး စားချင်လို့တဲ့ ဆိုပြီး စာကပ်ထားရင် ရွှေကျင်တက်လာတဲ့ သူတွေက မမလေးနတ်စင်မှာ ငရံ့ခြောက် ပသပြီးသား...... အဲဒီလူတွေ သွားတာနဲ့ ကျွန်တော်တို့က မမလေးရေ...မောင်လေးတို့ ကြွေးနော်ဆိုပြီး ယူစား ပစ်လိုက်တာပဲ......ဒီနည်းနဲ့ ကိုယ်လိုချင်တာ ရနေတာ ဟန်ကိုကျလို့...

.မလေးတောင်က နို့တလုံးစိန်တို့ စခန်းလောက် တောတွေဖုန်းဆိုးတွေ မထူတော့ တောဆင်အုပ်တွေ ကျားတွေက တခါတရံ လောက်မှသာ မျက်စေ့လည် ရောက်လာတတ်တာပါ....တောဆင်အုပ် လာရင်တော့ သိသာပါတယ်....ခပ်ဝေးဝေး ၅ မိုင် ၆မိုင် လောက်ကကို ဆူဆူညံညံ အသံတွေကြားရတာ....မျှစ်တွေဝါးတွေ ချိုးစားကြသံတွေကလဲ တ၀ုန်းဝုန်း တဒိုင်းဒိုင်း ပါပဲ....ကိုယ့်စခန်းဖက် မလာအောင် သေနတ်သံဖြစ်ဖြစ် ..၀ါးဆစ်ပိတ်တွေကို မီးပုံထဲထည့်ပြီး တဒိုင်းဒိုင်း ဖေါက်ပေးလိုက်ရင်တော့ တခြားဘက်ကို လှည့်ထွက်သွားကြ တာပါပဲ......

တောထဲမှာ နေရတော့ တောစာပဲ စားနေရတယ် မျှစ်ချိုးစားလိုက် တောငှက်ပျောအူ ချက်စားလိုက် ..တခါတလေတော့ ကရင်အလုပ်သမားတွေနဲ့ တောလိုက်တာပေါ့ဗျာ....ဘုရင်မင်းခေါင်က အမတ်ကြီး ဖိုးရာဇာကို စားစရာ ဥတွေထဲမှာ ဘယ်ဥဟာ အဆိမ့်ဆုံးလဲလို့ မေးတော့ အမတ်ကြီးဖိုးရာဇာက ဖွတ်ဥပါ ဘုရားလို့ ဖြေသတဲ့........ကျွန်တော်ကလဲ အမတ်ကြီးဖိုးရာဇာကို ရာနှုန်းပြည့် ထောက်ခံတာပဲ......၉၂ % လောက်ပဲ ထောက်ခံတာ မဟုတ်ပါဘူး.....ဗမာစာဆိုမှာတော့...ဖွတ်ဥ ...လိပ်သဲ...ကျွဲနို့ခဲ...တဲ့၊ ....ကျွဲနို့ခဲ ကလဲ ဆိမ့်တော့ဆိမ့်ပါရဲ့ ဒီလောက်မဟုတ်...မိုးဦးကာလမှာ ဖွတ်တို့..ပဒတ်တို့..က ဘာသာဘာဝ တွင်းအောင်းရာက ..ထွက်ကြတော့...မကြာခန ဆိုသလို ကရင် အမဲလိုက်ခွေးတွေနဲ့ တောလိုက်ရင်း စားရပါတယ်...ဖွတ်ဥဆိုတာ ဆိမ့်လွန်းလို့ ၇ လုံး ၈လုံး ထက်ပိုမစားနိုင်ဘူး.......

လိပ်သဲကိုတော့ လက်လန်တယ်...ဘာလို့ လက်လန်တဲ့ အကြောင်းကိုတော့ ပြောရဦးမှာပေါ့ဗျာ.........

ကျွန်တော်တို့ စခန်းက ခွေးတွေထဲမှာ တောလိုက် ကရင်ခွေးများက တကယ်အားကိုးရပါတယ်...စခန်းနားမှာ..ကျားအနံ့ ရရင် တခြားခွေးတွေက ကြောက်လွန်းလို့ အမြီးကုတ်ပြီး တအီအီ ဖြစ်နေချိန်မှာ ကရင်တောလိုက်ခွေးတွေ ကတော့ ဖင်ခြင်းဆိုင်ပြီး ကျားရှိတဲ့ဘက်ကို ထိုးဟောင် တော့တာပဲ.....တညမှာတော့.......စခန်းနားကို တောကောင်ကပ်တော့ ခွေးတွေ တအားတွန်း ဟောင်တာပဲ....ကျွန်တော်တို့ကလဲ စခန်းနားမှာ ကျား သို့မဟုတ် ၀ံ တကောင်ကောင် ကပ်ပြီဆိုတာ သိတယ် ...ကျွန်တော်တို့ အတွက် လုံခြုံရေးယူတဲ့ ရဲတွေကလဲ ..ညဆို ကျွန်တော်တို့ စခန်းမှာ မနေပဲ ၅ မိုင် ၆မိုင် လောက် ဝေးတဲ့ ရွှေတောမှာ နေပြီး ..အရက်ချက်ရောင်း..ဇိမ်မယ်တွေခေါ်ထားပြီး စီးပွါးရှာနေကြတာ ဆိုတော့ သူတို့ကို အားမကိုး နိုင်ဘူးလေ....ဒီတော့ ..တညလုံး မီးပုံကြီး ဖိုထားပြီး ခွေးတွေနဲ့ နေရတော့တာပေါ့....တညလုံး ကျားဟိန်းသံ ဟောက်သံ ဆူနေလိုက်တာ မနက်လင်းခါနီးမှ မကြားရတယ်..

မနက်လင်းတော့လဲ ခွေးတွေက စခန်းနောက်စူးစူးကို တအားဟောင်နေတော့ အလုပ်သမားတွေနဲ့ ခွေးတွေခေါ်ပြီး သွားကြည့်တာပေါ့လေ ....တခုခုတော့ဖြစ်နေပြီပေါ့.......

.တကယ်လည်းဖြစ်ပါတယ်....ချောင်းစပ်မှာ......အသံတောင် မထွက်နိုင်တော့ပဲ ..အသက်ငွေ့ငွေ့သာရှိတဲ့ ကျားပေါက်လေးကို တွေ့ရတာပါပဲ....သူ့ခမြာ ချောင်းနံဘေးမှာ ခွေခွေလေး....ချောင်းကမ်းပါးမှာလည်း သူ လူးလိမ့်ကုတ်ခြစ် ထားတာတွေ ပွစာကျဲနေတာပါပဲ...ချောင်းစပ်က အပင်ငယ်လေးတွေလည်း တစစီကျိုးပဲ့လို့.....ကျွန်တော်တို့လဲ ကျားပေါက်လေး နားကို ရုတ်တရက် မကပ်ရဲ သေးပါဘူး..ခပ်လှမ်းလှမ်းက အကဲခပ်ပြီး ကြည့်ရပါတယ်၊ သေမသေကလဲ ခဲနဲ့ လှမ်းပေါက် ကြည့်ရသေးတယ်.... အရေးဆို..ပြေးဖို့...ပြင်ထားရသေး.....နောက်ကျတဲ့ ခြေထောက် သစ္စာဖေါက်ပဲ......

ဘယ်လိုမှ မလှုပ်နိုင်တော့တဲ့ ကျားနားကို တဖြေးဖြေး သွားကြည့်တော့မှ......

လား.....လား....ကိုရွှေကျား ရဲ့ ပေါင်ကြားမှာ လိပ်တကောင်ကိုး....... ကျားတို့ ကြောင်တို့ ဆိုတာက သူတို့မိထားတဲ့ သတ္တ၀ါကို မသေမရှင်မှာ ဆော့ကစားတတ်တဲ့ အကျင့်ရှိတာကိုး...ညက..ကိုရွှေကျားက သူမိထားတဲ့ လိပ်ကို ပက်လက်လှန်ပြီး ဆော့နေမှာပေါ့ဗျာ...လိပ်ဆိုတာမျိုးက ရန်သူနဲ့ တွေ့ရင် ခေါင်းတွေ လက်တွေ ခြေတွေ လိပ်ခွံထဲ ၀င်ပစ်လိုက်တာလေ.....ကိုကျားက ဆော့နေတဲ့ အချိန် ....ဆတ်ကနဲ.....ခေါင်းထွက်လာပြီး မိရာ ဖမ်းဆွဲလိုက်တော့.....ကိုရွှေကျားရဲ့ ဥ နှစ်လုံးကို ခဲမိပါလေရောလား.....ကျားခမြာ နာလွန်းလို့ တညလုံး အော်နေရှာတာ နေမှာပေါ့.........မနက်လင်းလို့ ကျွန်တော်တို့နဲ့ တွေ့တော့ ကျားခမြာ ယဲ့ယဲ့ပဲ ကျန်တော့တယ်.........

အဲဒီနေ့က ..ကျွန်တော်တို့ ..လိပ် နဲ့ ကျား ရခဲ့ပါတယ်.........လိပ်သဲကို......နာမည်ကြီးလွန်းလို့ ချက်စားတော့..........ကိုယ်က မချက်တတ်တာလား....စုံစီနဖာ ဟင်းခတ်အမွှေးအကြိုင်တွေ ...မပါလို့လားတော့ မသိဘူး...ညှီလွန်းလို့...မစားနိုင်ပါခင်ဗျာ.....ကျွန်တော့အလုပ်သမားတွေ တောထဲ အပေါ့အပါးသွားရင် ဗမာထုံးစံ အတိုင်းထိုင်လျက် သွားကြရင်တော့ ကျွန်တော်က မင်းတို့ " လိပ် " စာမိလိမ့်မယ်လို့ အမြဲနောက်တော့ တာပါပဲ........



ကျွန်တော်ဖြင့် ကျားကို သနားများတောင် သနားလို့ ......ကျားနေရာသာ ကိုယ်သာဆိုရင်..........အမလေး......မတွေးဝံ့ပေါင်ဗျာ......

Monday, October 5, 2009

ကျွန်တော်သိုက်ဆရာနှင့်ညီမလေးဖေါ်ဥစ္စာစောင့်သိုက်

ကျွန်တော်ညီ အောင်သာငယ် ကကျွန်တော့ကို ဂမ္ဘီရ blogger ဆိုပြီး လှမ်းပြီး ကြည်စယ်ပါတယ်.. ကျွန်တော်ကလည်း ရေးရင်းအရှိန်က ပါလာတော့ ... တဖြေးဖြေးနဲ့.. ဂမ္ဘီရဆရာကြီး ဖြစ်သွားရတော့တာပေါ့..... ကျွန်တော်တို့ ဗမာမဂ္ဂဇင်း လောကမှာလည်း ဂမ္ဘီရလိုင်းက တယ်ခေတ်စားပေသကိုး...

ခုမှတော့ မထူးပါဘူးလေ ... ကျွန်တော် ဗမာပြည်မှာ သိုက်ဆရာ ဖြစ်ခဲ့တဲ့အကြောင်း ရေးရမှာပေါ့လေ...

ကျွန်တော်တို့ ဗမာတွေကလဲ မိရိုးဖလာ ယုံကြည်မှု အစွဲအလန်းတွေနဲ့ ဘာသိုက် ညာသိုက်နဲ့ စုံစီနဖာပါပဲ၊ ကျွန်တော်တို့ ငယ်ငယ်က သိုက်သမိုင်း ရုပ်ရှင်ကား တွေထဲမှာ တာတေကြီး၊ ဒေါ်မြလေး တို့ရဲ့ ဒွေးစွန်ပါသိုက်၊ ကျီးကန်းပါးစပ်သိုက်၊ မြစိမ်းသိုက် စတဲ့ သိုက်သမိုင်း ဇတ်ကားတွေ ကြည့်ခဲ့ရတာတော့ မှတ်မိပါသေးတယ်... ရုပ်ရှင်ထဲမှာ ဒေါ်မြလေးက စုန်းမကြီးဆိုတော့ ထမိန်ခြုံလိုက် လဒဖြစ် ပျံသွားလိုက်... တာတေကြီးက သိုက်စောင့် ဘီလူး သရဲ၊ မင်းသား မင်းသမီးတွေက ခင်မောင်ညွန့်တို့ ကြည်ကြည်ဌေးတို့.. သိုက်ဆရာက ခေါင်းပေါင်းနဲ့ နှုတ်ခမ်းမွှေး ကားကားနဲ့ သိုက်ဖွင့်မယ် ဆိုတော့ သိုက်ကြိုးချုပ်ပြီး.. မြေကြီးကို ကြိမ်နဲ့ ရိုက်လိုက်.. ဥစ္စာစောင့် မင်းသား မင်းသမီးတွေခမြာ နာလို့ဆို အော်လိုက်ကြ.... ဟော..... သိုက်ဆရာလည်း မနိုင်ရော.. သိုက်ဆရာနဲ့ တပည့်တို့ မြေပြင် ရေထင်ပြီး ကူးနေကြရတာ ကလေးတုန်းက ကြည့်ပြီး အလွန်ကြိုက်ပေါ့ဗျာ....

ကြည့်ပြီးပြန်လာရင် .. တယောက်ထဲ အဲဒီဇတ်ထုပ်ကို အိမ်မှာ ပြန်ခင်းနေတာ..... ဘွားအေကြီး ထမိန်ကို ယူခြုံပြီး ပျံကြည့်လိုက်... အဲ.. လဒတော့ မဖြစ်ဘူး ထမိန်ခြုံထားတော့ မမြင်မစမ်းနဲ့ ကွပ်ပျစ်ပေါ်က လိမ့်ကျပါရောလား..... တယောက်ထည်း character အမျိုးမျိုး လုပ်ရတာ ဆိုတော့... တခါ သိုက်ဆရာ ဆိုပြီး.. ကြိမ်လုံးနဲ့ မြေကြီးကို တဗျမ်းဗျမ်း ရိုက်လိုက်တာ... ဘေးနား ၀ပ်နေတဲ့ ကြောင်လေးလဲ လန့်ပြီး ထွက်ပြေးသွားပါလေရော..... အို..... ကိုယ်ကတော့ .. သိုက်စောင့် တာတေကြီး ပြေးပြီဆိုပြီး သဘောတွေကျလို့.....

ဟော... ဒီသိုက်တွေနဲ့ ရေစက်ဆုံချင်တော့...စစ်ကိုင်းတိုင်း ကောလင်းနယ်က ရှမ်းကလုံး ဒေသမှာ.. field ဆင်းရချိန်မှာ.. ကိုယ်ကိုယ်တိုင် သိုက်ဆရာ ဖြစ်နေတော့တာပါပဲ.... သိုက်သမိုင်း ကားတွေထဲက သိုက်ဆရာလို ဆေးကြိမ်လုံး ကိုင်ပြီး ခေါင်းပေါင်းနဲ့ နှုတ်ခမ်းမွှေးနဲ့ ရုပ်တည်ကြီးနဲ့ မဟုတ်တာတော့ သေချာတယ်.. ကိုယ့်ရုပ်ကို သိုက်ဆရာ လူဆိုးပုံတော့ မပေါက်ဘူး ဆိုပြီး မှတ်ချက်ကလဲ ချရသေးတယ်.. ခေတ်သစ် သိုက်ဆရာ ဆိုတော့... သံလိုက်အိမ်မြှောင်နဲ့ တူနဲ့ ဂျင်းဘောင်းဘီ လက်တို လက်ရှည်တွေ ၀တ်ပြီး ဥပဓိရုပ်ကလဲ ဓါတ်ရှင် မင်းသားလိုလို.. (မယ်ကိတို့ မယ်စင်တို့ ပြောစကားအရဆို... ကျော်ဆွေ နဲ့ ဒွေး နှစ်ယောက်ပေါင်းဆိုပဲ ) ဒါ သူတို့ မှန်တာ ပြောတာ ဖြစ်မှာပါလေ... ဒီကလေးမလေး တွေက အရှိကို အရှိအတိုင်း မြင်တတ်တယ်...

ကျွန်တော် ရှမ်းကလုံးကို ရောက်သွားတော့ ၀ါးခေါက်တောကုန်း စခန်းမှာ သွားနေရတယ်.. ၀ါးခေါက်တောကုန်းကို အရင်ရောက်နှင့်တဲ့ အဖွဲ့သားတွေနဲ့ လုံခြုံရေး တာဝန်ယူထားတဲ့ ရဲတွေက ၀ါးခေါက်တောကုန်းရဲ့ ဥစ္စာစောင့် ညီမလေးဖေါ်ဇတ်ကို ပြောကြတော့တာပါပဲ...... အဖြစ်အပျက်လေးက ဒီလိုခင်ဗျ... ညနေ နေ၀င်ရီတယော အချိန်မှာ.. လှည်းဝင်ရိုးသံ တအီအီနဲ့ ၀ါးခေါက်တောကုန်းပေါ်ကို လှည်းတစီး မောင်းတက်လာသံ ကြားရပါသတဲ့ ဒါပေမယ့် လှည်းဝင်ရိုးသံသာ ကြားနေရတယ် လှည်းကိုတော့ မမြင်ရပါဘူးတဲ့ လှည်းသံ ရပ်သွားချိန်မှာတော့.. လှလှပပ ၀တ်စားထားတဲ့ ညီမလေးယောက် ကိုဝါးခေါက်တောကုန်းက ကျွန်းတောကြားမှာ လမ်းသလားနေကြတာ.. မြင်ရပါသတဲ့.. ဒီကောင်မလေးတွေနောက် လိုက်ဖို့ ကြိုးစားကြတဲ့အခါ ကျွန်းပင်ကြို ကျွန်းပင်ကြား ပျောက်ပျောက် သွားကြပါသတဲ့၊ ဒီ ညီမလေးဖေါ်ကို ဘယ်သူမှ ဖမ်း မမိကြလို့ လက်လျော့ ထားရပါသတဲ့... တော်တော်တော့ စိတ်ဝင်စားစရာ ကောင်းသား... ဥစ္စာစောင့်မလေးတွေ နဲ့ ညိလိုက် ရင်တော့ သူတို့ဆီက ရွှေတွေ ငွေတွေတောင်း.... ဘ၀ချင်း မတူလို့ပါ ဆိုပြီံး ဘာညာ သာရကာတွေ ပြောပြီး ရန်ကုန်ကို ရွှေထုပ်ကြီးနဲ့ ပြန်လာယုံပဲ...

ဒါပေမယ့် ကျွန်တော် ၀ါးခေါက်တောကုန်းမှာ ၄ လနေခဲ့ပေမယ့် ဥစ္စာစောင့်မလေးတွေနဲ့ မကြုံခဲ့ရပါဘူး .. သို့ပေမယ့် ၀ါးခေါက်တောကုန်းမှာ ထူးခြားချက် တခုတော့ရှိတယ်.. ရှမ်းကလုံးရွာ ပင်မစခန်း နဲ့ တခြား စခန်းတွေမှာ အရက် ဘယ်လိုသောက်သောက် ဘာမှ မဖြစ်ပေမယ့်.. ၀ါးခေါက်တောကုန်းပေါ်မှာ အရက်သောက်လို့ မရဘူး သောက်ရင် အမြဲ ပြဿနာ ဖြစ်တယ် .. မှတ်မှတ်ရရ ကျွန်တော်ဖြစ်တဲ့ ပြဿနာက.. အဲဒိနေ့က ငှက်ဖျား ထချင်သလိုလို ချမ်းစိမ့်စိမ့် ဖြစ်တာနဲ့ ငှက်ဖျားဆေးနဲ့ အရက်တ ခွက်ပဲ သောက်ပြီး အိပ်ယာထဲမှာ ကွေးနေတာပါ.. သောက်တာကလဲ သွေးနွေးယုံ နဲနဲပါပဲ.. တခြားမူးနေတဲ့ သူငယ်ချင်းကို ဘာလို့မှန်း မသိ ကျွန်တော်က သေနတ်နဲ့ ပစ်ဖို့ ကြိုးစားတာပါပဲ.. အားလုံးက ၀ိုင်း ဆွဲကြတော့ မူးနေတဲ့ သူငယ်ချင်းက ဧရာမ ထင်းတုံးကြီးနဲ့ ကျွန်တော့ခေါင်းကို ရိုက်ထည့်ပစ်လိုက်တာတောင် ခေါင်းမကွဲ ခေါင်းမပေါက် ဘာမှမဖြစ်... ခေါင်းမာတယ်ဆိုတာ.. အဲသလိုမျိုးကို ခေါ်တာနဲ့တူပါရဲ့......

.အဲသည် ၀ါးခေါက်တောကုန်းသိုက်မှာ ကျွန်တော်တို့ သိုက်ဆရာတွေေ၇ွှတွေ ငွေတွေတော့ ရကြပါတယ်... ရှမ်းကလုံး ရွာသားတွေက ၀ါးခေါက်တောကုန်းမှာ ရွှေတူးချင်ကြတော့ ကျွန်တော်တို့ အဖွဲ့နဲ့ လာရောက် ညှိနှိုင်းပြီး ရွှေတွေတူးပြီး ဝေစုခွဲကြတာပါပဲ... တကယ်တော့.. ဒါတွေဟာ တိုင်းပြည် ဘဏ္ဍာကို ကျွန်တော်တို့ ကိုယ်ကျိုး ရှာခဲ့ကြတာ မဟုတ်ပါလား.... ခု ..ပြန်စဉ်းစား မိတိုင်း ကိုယ့်ကိုယ်ကို အလီဘာဘာ ဂိုဏ်းဝင် တယောက် ဖြစ်ခဲ့ရသလို စိတ်မသက်သာ ဖြစ်မိတာ အမှန်ပါပဲ.... အဲဒီတော့.. ကိုယ့်လုပ်အားနဲ့ ရတဲ့ငွေ မဟုတ်လေတော့... မသန့်ရှင်းတဲ့ငွေဟာ .. မသန့်သလိုပါပဲ.... ကျွန်တော်တို့ ဝေပုံကြရတဲ့ ငွေတွေဟာ ၇၅ိ တန် ၃၅ိ တန်တွေ တရားမ၀င် ကြေငြာချိန်မှာ... စက္ကူတွေ ဖြစ်သွားတာပါပဲ..... ပါနီထဲကငွေ ပါနီထဲ ပြန်ရောက်တယ်ပဲ ပြောရမလား... သိုက်ဆရာတွေ.. သိုက်ပစ္စည်း မစားထိုက်ဖူးပဲပြောရမလား.....

တော်ပါသေးရဲ့ ... သိုက်သမိုင်းကားထဲ သိုက်ဆရာတွေလို... မြေပြင်မှာ ရေထင်မကူးခဲ့ရလို့..........

Thursday, October 1, 2009

တောမာယာနဲ့အယောင်ဆောင်နာနာဘာဝ

မြန်မာပြည်တောနက်တွေထဲမှာ လှည့်လည်ပြီး field ဆင်းရင်းနဲ့ ကြုံတွေ့ရတဲ့ တောတွင်း အတွေ့အကြုံ တွေထဲမှာ တောမှားတာတွေ၊ တောချောက်တာတွေ၊ တောမှောက်တာတွေ ရှိတတ်ပါတယ်။

တောမှားတာကတော့ တောထဲမှာမျက်စေ့လည် လမ်းမှားနေတာပါပဲ၊ သံလိုက် အိမ်မြှောင်နဲ့ ချိန်ပြီး ကိုယ်သွား လိုရာကို ဦးတည် သွားနေပေမယ့် ဘယ်လိုသွားသွား ဒီနေရာပဲ ထပ်ခါတလဲလဲ တ၀ဲလည်လည်နဲ့ ပြန်ရောက် နေတတ်တာမျိုး.. အဲသည်လို အတွေ့အကြုံကို ကောလင်း၊၀န်းသိုနယ်မှာ field ဆင်းရင်း ဖြစ်ဖူးပါတယ်..။

တောချောက်တာကတော့..... ပဲခူးရိုးမထဲ မလေးတောင်မှာကြုံခဲ့ရတာပါ၊ ... နေ့ခင်း ကြောင်တောင် ရုတ်တရက် အမှောင်ကြီး ကျပြီး...... လေမတိုက်... သစ်ရွက်တွေလည်း မလှုပ်ပဲ.....တောကြီးတခုလုံး မုန်တိုင်းကျသလို..... တဝေါဝေါနဲ့.... ဆူညံနေတာပါပဲ၊ မှောင်သွား လိုက်တာကလဲ...... နေ့ခင်း ကြောင်တောင်ကြီးမှာ .. ညသန်းခေါင် လိုကို မှောင်သွားတာ.... ပဲခူးရိုးမ မလေးတောင်မှာ field အတွေ့အကြုံလေးထဲက ပျော်စရာ..... အံ့သြစရာလေးတွေ.... နောင်ကြုံရင် ရေးပြပါဦးမယ်....

တနင်္သာံရီတောထဲက မနိုး ရုံးတောင် တ၀ိုက်မှာ မျက်စေ့ မှောက်မှားအောင် နာနာဘာဝရဲ့ တောစီး ခံရတဲ့ သူငယ်ချင်း တယောက် အကြောင်းကိုတော့ မျက်ဝါးထင်ထင် ကြုံခဲ့ရတာမို့ အံ့သြလွန်းလို့ ရေးပြပါရစေ....... တနင်္သာံရီ ကုန်းတွင်းပိုင်း ဒေသကို field ဆင်းကြတော့ တနင်္သာံရီ ကမ်းရိုးတန်းပိုင်း မြိတ်ကျွန်းစုတွေမှာ field ဆင်းကြတဲ့ အဖွဲ့တွေ လည်းရှိပါတယ်...ဧရိယာခြင်း နီးနီးနားနား field ဆင်းကြတဲ့ သူငယ်ချင်းတွေထဲမှာ မှတ်မှတ်ရရ စာရေးဆရာ ကိုရိုးကွန့် အမည်ခံ သူငယ်ချင်း ခင်မောင်ဦးလည်း ပါပါတယ်.. ခင်မောင်ဦး က ကာတွန်း ဆရာ အော်ပီကျယ် ရဲ့ အကို အရင်းဖြစ်သလို.. ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာန ပါမောက္ခ ဒေါက်တာ အေးကိုအောင်နဲ့ ကလဲ မယားညီအကို တော်ကြသူတွေပါ...

တနင်္သာံရီဒေသမှာ field ဆင်းကြတော့ အခြေစိုက်စခန်းက မြိတ် မှာပါ၊ မြိတ် ....ဆိုတာနဲ့ ပထမဆုံး စ သတိရတာ မောရစ်ကောလစ်( Maurice Collis ) ပါပဲ....မောရစ်ကောလစ် ရဲ့ She was a Queen ,Sanda Mala တို့ဟာ သူရဲ့ သူရဲ ချောက်တယ် ဆိုတဲ့ မြိတ်က အရေးပိုင် အိမ်မှာ ရေးခဲ့တာပါ.. ကျွန်တော် ကတော့ အမေ လူထု ဒေါ်အမာ ရဲ့ ဘာသာပြန်ပဲ ဖတ်ဖူးပါတယ်.... နှမငယ် မကေက ကျွန်တော်ကို မောရစ်ကောလစ် လို အမှုထမ်း ဘ၀နဲ့ ကြုံရတဲ့ သရဲ ချောက်တဲ့ အတွေ့ အကြုံတွေ ရေးဖို့ မြှောက်ပေးပါတယ်... (လူကြီးကို သက်သက် အချွန်နဲ့ 'မ'တားD ) အခု blog ရေးနေကြတဲ့ ညီငယ် နှမငယ်တွေထဲမှာ ကျွန်တော်တို့ ဘူမိ ညီအကိုမောင်နှမ တွေလဲ ပါကြပါတယ်၊ ညီငယ် အောင်သာငယ်၊ နှမငယ် ချိုသင်း နဲ့ မကေ တို့ ပါ ...ကျွန်တော့ ညီ နဲ့ နှမတွေက သာမန် ကျောက်ခဲ၊ ကျောက်ရိုင်းတွေ မဟုတ်ကြတော့ပါဘူး.. အဖိုးတန် ကျောက်မျက်တွေလို စာပေ အနုပညာ အရောင် တောက်ပြောင် နေကြပါပြီ..

ကျွန်တော့ကိုတော့ ကျွန်တော့ညီ နဲ့ နှမ ကျောက်ခဲလေးတွေက....boulder ကြီး...တဲ့...boulder ဆိုတော့ ဧရာမ ကျောက်တုံးကြီး ပေါ့ဗျာ.......ဟဲ..ဟဲ... boulder ကိုလဲ အထင်တော့ မသေးကြပါနဲ့.. ရတနာသုံးပါး ထဲက အမြတ်ဆုံး ဘုရား ရတနာရဲ့ ဆံတော်ရှင် နဲ့ ဓါတ်တော် မွေတော်တွေကို ထမ်းရွက်ထားတဲ့ Granite boulder ( နှမ်းဖတ် ကျောက်တုံးကြီး)ဟာ မွန်ပြည်နယ် အစ ပေ ၃၀၀၀ ကျော်မြင့်တဲ့ တောင်တန်းကြီးပေါ်မှာ ရှိပါတယ်.. ဒါလောက်ဆို ခန့်မှန်း နိုင်ကြပါလိမ့်မယ်.......

ကဲ.. ကဲ.. လိုရင်းကိုပဲ ပြန်ကောက်ရအောင်... မြိတ် ရောက်တုန်း အမှတ်တရ ကြည့်ဖြစ်တဲ့ နေရာတွေကတော့ ... မောရစ်ကောလစ် ရဲ့ မြိတ်က အရေးပိုင် အိမ်ကြီး နဲ့ ပင်လယ် ဓါးပြဗိုလ် Siamese White ရဲ့ မိန်းမ မေရီပိုဗေး ရဲ့ အုတ်ဂူတွေပါ... ကျွန်တော် ရောက်ချိန်က ဆရာ မြသန်းတင့် ကလည်း ငွေသောင်ယံ ဟွန်ဒါ ယဉ်ကျေးမှု မေရီပိုဗေး နဲ့ အီကွေတာညများ ဆိုတဲ့ အခန်းဆက် ဆောင်းပါးရှည်ကြီးကလဲ ရှုမ၀ မဂ္ဂဇင်း မှာ ဖတ်မငြီးအောင် ပါနေတော့ လွမ်းစရာလေးတွေပေါ့......

တနင်္သာံရီ ဒေသမှာ ကွင်းဆင်းကြတော့ ကျွန်တော်တို့ရဲ့ လုံခြုံရေးကို မြိတ်က ခလရ ၁၇ ကတာဝန်ယူပြီး လိုက်လံ ဆောင်ရွက်ပေးပါတယ် .... အဲဒီအချိန်က တနင်္သာံရီတိုင်း ဆိုတာ အမဲရောင် ဒေသက ခပ်များများကို ... ရှေ့က point တဖွဲ့ထွက် အလယ်မှာ ကျွန်တော်တို့ အဖွဲ့ နောက်မှာ လုံခြုံရေး တဖွဲ့ ... အဲသလို ထွက်ကြရတာပေါ့ ခင်ဗျာ... တောထဲမှာ မြေမြှုတ်မိုင်းတွေကလဲ ရှိတော့ တခါတလေ ချောင်းထဲကနေ ကမ်းပေါ်တောင် မတက်ရဲပါဘူး... တက်လိုက်ရင် ကိုယ့်ခြေထောက်ကို ဘယ်လိုက် ကောက်ရမှန်း မသိပဲ ဖြစ်သွားမယ်လေ.......

မြိတ်ခရိုင် ဘုတ်ပြင်းမြို့နယ် အရှေ့ပိုင်း မနိုးရုံးတောင် ဟာ အဲဒီ တ၀ိုက် မှာတော့...... အမြင့်ဆုံး.... တောလဲ အနက်ဆုံးပါ....... ရွာစဉ် ရွာဆက်ကလည်း သိတ်မရှိတော့ ... တကယ့် တောရိုင်း ဒေသလိုပါပဲ..... အရင်ကတော့ ဆူမာတြာ ကြံ့လို သတ္တ၀ါတွေတောင် ခိုအောင်း နေထိုင်ကြဖူးသတဲ့... နယ်မြေ လုံခြုံရေးက စိတ်ချရတော့ ... အေးအေး ဆေးဆေးပါပဲ ကျီးလန့်စာစား field ဆင်းစရာ မလိုဘူးပေါ့လေ...... field က အပြန်လဲ.. စကား တပြောပြောနဲ့ နောက်ရင်း ပြောင်ရင်း ပြန်လာကြတာပေါ့... စခန်း ရောက်ခါနီး မိုင်ဝက်လောက် အလိုမှာတော့ အဖွဲ့သား ကိုညွန့် တယောက် လမ်းဘေး အပေါ့သွားရင်း ကျန်နေခဲ့တာ ဘယ်သူမှ သတိ မထားလိုက်မိဘူး.... အကုန် စခန်းရောက်ပြီး ရေချိုးကြ နားနေကြတော့လည်း သူ့ကို ရေချိုးသွားတယ်ပဲ အောက်မေ့ပြီး... သတိ မထားမိကြဘူး၊ ... ဒီလိုနဲ့........ ဖဲရိုက်သူရိုက် စကားပြောသူပြော နေကြတုန်း........... စခန်းထဲကို.. ဧရာမ ဆတ်ကြီး တကောင် ၀င်လာတာ မြင်ကြရတာပါပဲ........ ဆတ်ကြီးကလဲ ကြီးလိုက်တာ....... ဆတ်နဲ့တောငf မတူဘူး..... ဒိုင်နိုဆော ပေါက်စ ကြနေတာပဲ.. ဒီအချိန်မှာ .... လုံခြုံရေး လိုက်လာတဲ့ ရဲဘော်လေးက ဟာ....... ဆတ်ကြီး.... ဆတ်ကြီး........ ဆိုပြီး သေနတ်နဲ့ ကောက်ပစ်မလို့လဲ လုပ်ရော....... အတွေ့ အကြုံ ရှိတဲ့ တပ်ကြပ်ကြီးက ဟာ... မလုပ်နဲ့.... မလုပ်နဲ့... ဆိုပြီး သေနတ်ကို ဆွဲယူလိုက်ပါတယ်၊ အဲသည် အချိန်မှာပဲ ဆတ်ကြီးက.............
ဟေးးးးးးး........ဆိုပြီး ၀မ်းသာအားရ အော်ရင်း.... ကိုညွန့် ဖြစ်သွားတာကို တွေ့ရတော့တာပါပဲ.... ကိုညွန့် ခမျာ အပေါ့ သွားရင်း တောထဲမှာ မျက်စေ့လည်ပြီး တ၀ဲလည်လည် ဖြစ်နေရာက စခန်းကို ပြန်ဝင်လာချိန်မှာ... မကောင်းဆိုးဝါး နာနာဘာဝက သူ့ကို ဆတ်ကြီးအဖြစ် စီးနင်းဖန်ဆင်းပြီး လိုက်လာတာကို.... သူက စခန်းရောက်လို့ အားရ၀မ်းသာ ဟေး..... ဆိုပြီး အော်လိုက်တော့မှ... သူ့ရဲ့ မူလရုပ်သွင် ပြန်မြင်ရတော့တယ်။ ကံကြီးလို့သာပေါ့... တပ်ကြပ်ဆရာကြီးကလဲ ခြေမြန် လက်မြန်နဲ့ အတွေ့ အကြုံ ရှိလို့သာ.. နို့မို့ရင် သေနတ်စာ မိပြီး လောက်ပြီပေါ့...

တောကြီးမျက်မဲမှာ နာနာဘာဝတွေ ကမျက်စေ့မှောက်အောင် .. ဖန်ဆင်းပြတာ ဒီတခါပဲ မျက်ဝါးထင်ထင် ကြုံခဲ့ဖူးတာပဲ.........