Friday, October 16, 2009

ခွေးဖြစ်သွားရှာလေသော သရဲ


သိပ္ပံမောင်ဝရဲ့ ခေတ်စမ်းစာလေးတွေ ပြန်ဖတ်မိရင်း ဆရာသိပ္ပံမောင်ဝ ခေါင်းချသွားရာ ကန့်ဘလူနယ် အကြောင်း ပြန်ပြောင်း သတိရမိပါ့ခင်ဗျာ....ဆရာသိပ္ပံမောင်ဝ စာတွေကိုတော့ ဖတ်ဖူးကြလိမ့်မယ် ထင်ပါတယ်.... ကျွန်တော်တို့ blogger နှမ သိင်္ဂီနွယ် ဆိုတာလဲ တခြားလူ ဟုတ်ရိုးလား.. ဆရာ သိပ္ပံမောင်ဝ ရဲ့ မြေးအရင်း ခင်ဗျ..... ကန့်ဘလူနယ် တဝိုက်မှာ field ဆင်းရင်း ဂါးတာရွာ မှာ ရှိတဲ့ ဆရာ့ အထိမ်းအမှတ် နေရာလေး ကို အမှတ်တရ သွားခဲ့ပါသေးတယ်....

အဲဒီအချိန်က ကျွန်တော့အဖေ ကလဲ ကန့်ဘလူမြို့ကို တာဝန်နဲ့ ပြောင်းရွှေ့လာစ ပေါ့ခင်ဗျာ.... ကျွန်တော်ကလဲ field ဆင်း အပြီး ကျွန်တော့မိဘတွေ ရှိရာ ကန့်ဘလူကို ဝင်တာပေါ့ခင်ဗျာ... ကျွန်တော့ အဖေက ကန့်ဘလူ အထက်တန်း ကျောင်းကို ကျောင်းအုပ်ဆရာကြီး နဲ့ ရောက်ခါစ... ကျောင်းကလဲ မြို့အပြင်မှာ အသစ် ဆောက်ပြီးကာစ.. အဲဒီ အချိန်က.. အထက်တန်း ကျောင်းအုပ် ဆရာကြီးတွေက မြို့နယ် ပညာရေးမှူးလဲ တွဲလုပ်ရသေးတယ်... ကျွန်တော် အဖေနဲ့ အမေက ကျောင်းဝန်းထဲက နှစ်ခန်းတွဲ ပျဉ်ထောင် ကျောင်းဆောင်လေးမှာ နေကြတယ်... ကျောင်းဆောင်လေးက ၃ပေ လောက်မြင့်မယ်.. လှေခါးက ၅ထစ် လောက် ရှိတယ် ရှေ့မှာ ဝရန်တာလေးနဲ့ ..... တခန်းက ကျွန်တော့အဖေနဲ့ အမေ နေတယ်.. တခန်း က အဖေ့ရုံးခန်း၊ ကျွန်တော် ကန့်ဘလူကို ရောက်သွားတော့ ကျွန်တော့မိဘ တွေကလဲ ရောက်စ တရက် နှစ်ရက်ပဲ ရှိသေးတယ်။ သားရောက်လာတော့ သူတို့လည်း ဝမ်းသာအားရ စကားတွေ ပြောကြတာပေါ့ဗျာ...
.
ည နက်တော့ .. စကားဝိုင်းရပ်ြပီး အိပ်ယာဝင်ချိန် မှာတော့ ခေါင်မိုး သွပ်ပြားပေါ်ကို.... ဝုန်း...... ဆိုပြီး ခုန်ချသံ ကြား ရတာပါပဲ.. ကျွန်တော်တို့ ကတော့ ရှဥ့်တကောင် ခုန်ချလိုက်တယ် ဆိုပြီး အေးဆေးပါပဲ... နောက်ထပ် လဲဘာသံမှ မကြားတော့ ..ဟင်.. ဘယ်လိုပါလိမ့်ပေါ့... ရှဥ့် ဆိုရင်လဲ ခေါင်မိုးပေါ် လျှောက်ပြေးနေရမယ်လေ..... ဒီလိုနဲ့ .. မှေးမှေး.. အိပ်ပျော်ကာစ အချိန်မှာ.......... နားထဲမှာ.. စာရွက်လှန်သံတွေ လက်နှိပ်စက် ရိုက်သံတွေ အဖေ့ရုံးခန်း ဖက်က ကြားနေရတယ်... ရုံးခန်းနဲ့ ကျွန်တော်တို့ နေတာနဲ့က သုံးထပ်ပြား နံရံပဲ ခြားထားတာ... ဒါတောင်.. မျက်နှာကျက်နားက လွတ်နေသေးတယ်၊ ကျွန်တော်ကတော့ ဟင်.. ခုမှ. အိပ်ကာရှိသေး မနက်ကလဲ လင်းသွားလို့.. ရုံးကလဲ ဖွင့်နေပြီပေါ့... ဒါနဲ့ မျက်စေ့ဖွင့် ကြည့်တော့ မှောင်နေတုန်း.. အိပ်ယာက ထကြည့်တော့ အမေက ဘုရားစင်ရှေ့မှာ ပုတီးစိပ် နေတုန်း.... ကျွန်တော်က... အမေ.. ရုံးခန်းဖက်က လက်နှိပ်စက်ရိုက်သံတွေ ကြားနေရတယ်.. ဆိုတော့.. အမေ ကတော့ ဘာမှ မဖြစ်သလိုပါပဲ.... အို ကွယ်.. ကြွက်တွေ လက်နှိပ်စက်ပေါ် ဖြတ်ပြေးတာ နေမှာပေါ့... ဒါလောက်ပါပဲ.. ကျွန်တော် ကလည်း ခရီးပန်းလာတော့ ပြန်အိပ်ပျော်သွားတယ်...... နောက်တနေ့ ညမှာလည်း.... အရင်ညလိုပဲ..... အိပ်ချိန်ရောက်ပြီ ဆိုရင်.. ပျဉ်ထောင် အဆောင်လေး တခုလုံး..... သိမ့်သိမ့် တုန်သွားအောင် ....... ဝုန်း...... ကနဲ.. အသံကြားပြီးရင် ရုံးခန်းဖက်က စာရွက်တွေကို တဗျီးဗျီးနဲ့ ဖြဲပစ်တဲ့အသံ.... လက်နှိပ်စက်ရိုက်သံ... ကုလားထိုင်တွေကို ရွေ့ပစ်သံတွေ ကြားနေရတော့ တာပဲ.....

ကျွန်တော့မိဘများ နဲ့ ကျွန်တော်ကိုယ်၌က အဲသလို အသံဗလံ လောက်ကတော့ ကြောက်လေ့ကြောက်ထ မရှိပါဘူး... ကျွန်တော်ရဲ့ နှစ်ဘက်မိဘက ဘိုးအေတွေ ဆိုရင် အကုန် ရွတ်ပေပေ ချည့်ပါပဲ.... ကျွန်တော့ အမေရဲ့ အဘေးက သီပေါမင်းရဲ့ နာခံတော်ကြီးပါ.. အမေရဲ့ အဖိုးက မြင်းခြံ ရဲစခန်းမှာ ဌာနာအုပ် လုပ်တော့.... ပုပ္ပါး၊ ညောင်ဦး၊ ငါ့သရောက်နယ် တွေဘက်ကို တောတက်ရသတဲ့.. တောတက်တယ် ဆိုတာ ကိုလိုနီခေတ်က အသုံးအနှုံးပါ... ခုခေတ်လို ဆိုရင်တော့...... လှည့်လည် စစ်ဆေးပြီး .. လိုအပ်သည် များကို မှာစားသွားပါသည်ပေါ့...... အဲသည်ခေတ် ကတော့ မော်တော်ကား ဆိုတာ ပေါ်ကာစမို့ တောတက်ရင်.. မြင်းစီးပြီး သွားကြရပါ သတဲ့ အမေ့ရဲ့ အဖိုးက တရက်မှာတော့ ပုပ္ပါး ကအပြန် မိုးနဲနဲ ချုပ်သတဲ့.... ပုပ္ပါး ကနေ မြင်းခြံကို ဆင်းလာရင် ပုပ္ပလွင် နဲ့ ချိုင်းရွာ ပြီးရင် မိဖုယားဖွားစော တို့ရဲ့ရွာ စိတ္ထိန်း ရောက်အောင် ရွာစဉ်ရွာဆက် ကျဲသွားပါတယ်........

( ပုပ္ပါးစောင်းမှာ field ဆင်းစဉ်က .. ကျောက်တခါးရွာ နားက ရွာလေး... အဲဒီရွာ နာမည်တောင် မေ့တေ့တေ့ ဖြစ်နေပြီ.. အဲဒီက ရုက္ခစိုးမှော် အောင်တဲ့ ကိုကျော်ဝေ အကြောင်းလဲ ကြုံရင် ရေးပြပါဦးမယ်... သူ့နားလဲ အခု ဗိုလ်ချုပ်တွေ ဝိုင်းဝိုင်းလည် နေတာပဲ.. သူကလဲ David Copperfield လိုပဲ.. လက်ပတ်နာရီကို ငရုပ်ဆုံမှာ ထည့်ထောင်းပြတယ်.. ကြေမွနေတဲ့ နာရီကို လက်ကိုင်ပုဝါ ထဲထည့် သူ့လက်နဲ့ သပ်လိုက်တာနဲ့ မူလအတိုင်း အကောင်းပကတိ ပြန်ရတယ်.. ကျွန်တော်တို့ လက်မှတ်တွေ ထိုးထားတဲ့ ငွေစက္ကူတွေကို မီးရှို့ပြာချပြီး ဖန်ခွက်ထဲထည့် ရေထည့်ပြီး သောက်လိုက်တယ် ပါးစပ်က ပြန်ထွေးထုတ်တော့ လက်မှတ်တွေ ထိုးထားတဲ့ ငွေစက္ကူတွေ ပြန်ရတယ်.. သူက စကားတော့ မပြောတတ်ဘူး..)...

.ကဲ.. ကဲ.. အမေ့ ဖိုးအေ အကြောင်း ပြန်ဆက်ကြစို့လား... ပုပ္ပါးကနေ ..ဝဲလောင်မှာ ညအိပ်မယ် ဆိုပြီး စာသင် တယောက်ရယ်... စာသင်တော့ သိပါတယ်နော်..sergeant ..ကိုပြောတာ..နှစ်ယောက်သား မြင်းကိုယ်စီ စီးပြီး ဆင်းလာကြတာ လမ်းမှာ ရွာတရွာ တွေ့ပါလေရောတဲ့ ...... ရွာကလဲ မီးတွေ ထိန်ထိန်လင်း ပြီး .. ကလေးတွေ ကလဲ ဆော့လို့တဲ့ .. မောင်းထောင်း ဆန်ပြာ လုပ်သူကလုပ်.. ယက္ကန်း ခတ်သူက ခတ်တဲ့... ရွာလည်မှာလဲ ဆိုင်းဝိုင်းကြီးကလဲ တီးဖို့ ပြင်ဆင်နေသတဲ့... ရွာက လူတွေ ကလဲ ဘယ်က လာကြတုန်း တည တလေ အိပ်သွားကြပါဦး လို့ နှုတ်ဆက်ကြသတဲ့...... စာသင်ကလဲ ဌာနာအုပ်မင်းရာ ဒီမှာပဲ အိပ်ရအောင်ပါလို့ ပြောသတဲ့... အမေ့ ဖိုးအေက ... ဟ... ငါ့အပိုင် ထဲမှာ ဒီရွာ မရှိဘူး.. လာလာ ရွာပြင် ထွက်အောင်ဆိုပြီး ရွာအပြင် ထွက် ကျောက်တုံးပေါ် ထိုင်ပြီး အေးအေး ဆေးဆေး ပိုလို ခဲနေပါသတဲ့.... ပိုလို ဆိုတာ Polo တံဆိပ် စီးကရက်ကို ပြောတာ.... ဒီတခါတော့ ကျောက်တုံးကို သေချာရွေးပြီးမှ ထိုင်ပါသတဲ့..... တခါကတော့.. ထန်းလုံး ဆိုပြီး ထိုင်ပြီး စီးကရက် သောက်... ပြီးတော့ .. စီးကရက်မီးကို .. သစ်တုံးနဲ့ ထိုးပြီး မီးငြိမ်းတာ.. သစ်တုံးက တွန့်သွားလို့ ... သေချာကြည့်မှ.. ဧရာမ မြွေကြီး.. ဖြစ်နေလို့.. ဒရောသောပါး.. ပြေးခဲ့ရဖူးသတဲ့.. ဆေးလိပ်လည်း သောက်ပြီးရော.. အမေ့ဖိုးအေ ကရွာစည်းရိုး စပ်ကနေ မီးရှို့ပစ်ပြီး .. စိတ်အေးလက်အေး... ထိုင်ကြည့် နေပါသတဲ့ .. ရွာမီးလောင်တော့.. တရွာလုံး ဟိုပြေးသည်လွှားနဲ့ .. ပွက်ပွက်ညံနေ တာပါပဲတဲ့... တနာရီ လောက်ကြာတော့ ဘာသံမှ မကြားပဲ ငြိမ်သွားပါသတဲ့... ကျောက်စရစ်ကုန်း ပြောင်ပြောင်မှာ.. ပြာပုံလေးတွေ.. ဟိုတစ သည်တစတွေ့ရပါသတဲ့.... အမေ့ဖိုးအေက ကျတ်ရွာကို မီးရှို့ပြီး. .စိမ်ပြေနပြေ.. ထိုင်ကြည့်ခဲ့တာပါ..........

အဖေ့ရုံးခန်း ဘက်က ဆူဆူညံညံ အသံတွေကြားတော့ ဘယ်လိုကောင်များ သောင်းကျန်းနေသလဲ .. ဆိုတာ ကျွန်တော်တို့က သိချင်တယ်.. မြို့ကို ပေးတဲ့ မီးစက်ကလဲ ည ၁၀ နာရီဆို ရပ်တော့.... လက်နှိပ် ဓါတ်မီးတွေနဲ့ သွားကြည့်ကြတာပေါ့လေ... ရုံးခန်းတံခါးသော့ လည်းဖွင့်လိုက်ရော..... ရုံးခန်းထဲက ဆူညံနေသံတွေဟာ ချက်ချင်းရပ် သွားတော့တာပဲ.... လက်နှိပ်ဓါတ်မီးနဲ့ . ထိုးကြည့်တော့လည်း... ဘာမှ မဖြစ် သလိုပဲ... ကျွန်တော်တို့က ရုံးခန်းသော့ ကိုပြန်ပိတ်ပြီး.. နေတဲ့အခန်းဘက် ပြန်ရောက်လာနဲ့.. ရုံးခန်းဖက်က အလုပ် ပြန်လုပ်တော့ တာပါပဲ.... ကျွန်တော်တို့လဲ ဒီလောက်တောင် အလုပ်လုပ်ချင်လှတာ .. လုပ်ဟာ.. လခလဲ ပေးရတာမှ.. မဟုတ်ပဲ ဆိုပြီး အဲသည် ညကတော့ .. ပစ်ထားတော့တာပဲ.....

နောက်တနေ့ ညကျတော့.........ရုံးခန်းထဲက အသံမကြား ရတော့ဘူး....... သန်းကောင်ယံလောက် ကြတော့....... ရှေ့ဝရန်တာမှာ... ဒေါက်.... ဒေါက်.... ဒေါက်နဲ့.. လမ်းရှောက်သံ ကြားနေရတယ်.... လှေခါးအတက် .. တံခါးလေး ကလဲ ပိတ်ထားတာ ဆိုတော့... ခွေးတက် ရှောက်နေတာလဲ မဖြစ်နိုင်ဘူး.... အဖေတို့ အမေတို့ ကတော့ လူကြီး ဆိုတော့ ဘာမှမဖြစ် သလိုနေနိုင်ပေမယ့်... ကျွန်တော်က .. လူငယ် စိတ်နဲ့ နဲနဲ တင်းသွားတာပေါ့... ကျွန်တော်တို့ နေတဲ့ အခန်းဖက်မှာ ကျောင်းက အားကစား ပစ္စည်းတွေ သိမ်းထားတာ ရှိတယ် .. ဘောလုံးတွေ သံလုံးတွေ သံပြားတွေ... စုံစီနဖာ ပါပဲ.... ကျွန်တော်လည်း အဲဒီထဲက သံပြားတချပ်ကို အသာယူ.... တံခါးလေးကို အသာလေးဖွင့် .... ပါးစပ်ကလဲ..... ငါ....မ...ခွေး.... ဆိုပြီး.... ဆဲရင်းနဲ့... ဝရန်တာကို သံပြားနဲ့ ပစ်ထည့် လိုက်တာ... တခါထည်း လမ်းလျှောက်သံ ပျောက်သွားလိုက်တာ နောက်ညတွေလဲ ဝရန်တာ လမ်းလျှောက်သံ မကြားရတော့ဘူး.... ရုံးခန်းထဲက အသံတွေတော့ ကြားနေရတတ်ပေမယ့်... ရုံးခန်း အပြင်တော့ ထွက်မလာတော့ပါဘူး......

သူ့ခမြာ... သရဲစင်စစ်က .. ခွေးအပြောခံရတော့.. နဲနဲ ရှက်သွားထင်ပါရဲ့...... နောက်တခါ.. ခွေးအဖြစ် မခံနိုင်တော့ဘူးလေ.........

( စာကြွင်း ။ ။ ရုံးခန်းထဲမှာ သောင်းကျန်းနေတဲ့ အသံတွေဟာလည်း.. ကျွန်တော့ အဖေနဲ့ အမေတို့ နေ့စဉ် ပရိတ်တော်များ၊ ပဌာန်းတော်များ ၇ွတ်ဖတ်ခြင်း၊ မေတ္တာပို့ အမျှဝေခြင်းတို့ကြောင့် တလခန့် အကြာမှာ အသံ ဗလံများ လုံးဝ မကြားရတော့ပါ၊ အိမ်မိသားစုကို မနှောက်ယှက်သော်လည်း တခါတရံမှ လာသော ဧည့်သည်များ ကိုမူ နောက်ဖေးရှိ အင်ကြင်းပင် ပေါ်က ဆင်း၍ ချောက်လှန့် တတ်ပါတယ်... စစ်ကိုင်းတိုင်း ပညာရေးမှူး (စစ်ဆေးရေး) ဆရာမကြီး ဒေါ်သန်းသန်း ကို ချောက်လှန့်ပြလို့ ကျွန်တော့် အမေ အတော် အားနာခဲ့ရဖူးပါတယ်..)

No comments: