Wednesday, November 25, 2009
ကိုကြီးကျောက် ၏ ချစ်ကိစ္စများ(နိဒါန်းပိုင်း)
ကျွန်တော့မိတ်ဆွေ ကိုချစ်ဖေကြီးက အချစ်အကြောင်းလေး တွေ ရေးပါဦးလို့ တိုက်တွန်းလာသဗျ၊ (အံမယ် .သူကတော့ အခုရေးပြီးတင်ထားပြီးပြီဗျ၊ မောင်..မောင်..နဲ့ ချစ်ကိုယ်တွေ့များလားလို့ ဟုတ်ဖူးဗျို့) ၊သူပြောမယ်ဆိုလဲ ပြောလောက်စရာ ပါပဲ၊ ကျွန်တော်ရေးတာတွေ ကလဲ ဂမ္ဘီရတွေ များနေတော့ သူ့ခမျာ ဖေ..ဖေ..ချင်း ခြေမမြင်ဘူး ဖြစ်သွားမှာပေါ့၊ ကျွန်တော်တို့ နှစ်ယောက်လုံး ကလည်း အမေရိကန်က လူပျိုကြီးတွေ ဆိုတော့ ..( ကိုချစ်ဖေရေ..ကြော်ငြာဝင်ပြီဗျို့..ဒန်..တန်..တန်.. ကြော်ငြာက လဲ အရမ်းမဝင်ရဲဘူး၊ ကျွန်တော်လုပ်နေတဲ့ ဗာဂျီးနီးယားက ဓါတ်ဆီဆိုင်က John ဆိုတဲ့ကောင် ကြော်ငြာကောင်းတော့ အာဂျင်တီးနားက ကောင်မလေးနဲ့ ချိပ်မိပါရောလား၊ လက်တင်အမေရိကနိုင်ငံတွေက မိန်းမများကလဲ အမေရိကန်ကို လာဖို့ဆိုရင်..အို..ငရံ့ပြာလူး ဖြစ်နေလိုက်ကြတာ၊ ဗင်နီဇွဲလားတို့ ဘရာဇီးတို့ အာဂျင်တီးနားကမိန်းမတွေ ကလဲ လှသူများတယ်လေ၊ ဒီတော့ John လဲ သူ့ကောင်မလေး အမေရိက လာဖို့ ငွေတော်တော် အကုန်ခံလိုက်ရတယ်၊ ဟော..မရွှေချောက ရောက်လဲရောက်ရော လေယာဉ်ကွင်းကထဲက ပျောက်သွားလိုက်တာ John ခမြာ မအီမလည်ဖြစ်ကျန်ရရှာတယ်..) ၊
ဒ့ါကြောင့် ဘိုလိုတော့ ကြော်ငြာရဲပေါင်ဗျာ၊ ဗမာလို TV ကြော်ငြာမယ် ကြံတော့လဲ ဗမာမင်းသမီးတွေနဲ့က မဖြစ်သေးပါဘူး၊ သူတို့က တယ်လီဖုန်းသံကြားရင် တယ်လဲအိုက်တတ်ကြသကိုး၊ ဟို တနေ့က အင်တာနက်မှာဗျာ..ကြည့်လိုက်ရပါရဲ့ ၊တယ်လီဖုန်းပြောတဲ့သူကပြောလို့ မင်းသမီးကလဲ အရမ်းကို အိုက်နေပုံရတယ်၊ အဝတ်တောင်မကပ်ရှာဘူး၊ မဖြစ်ဖူး..မဖြစ်ဖူး..ကိုယ်က လဲ ဖုန်းအလွန်ပြောတဲ့သူ..သူတို့အအေးမိမှဖြင့် ကိုယ့်လာအမှုပတ်နေလိမ့်မယ်၊ ကဲ..ကဲ...ကိုယ့်အကြောင်းကိုယ်ပဲ ဆက်ကြစို့၊ ရှိစုမဲ့စု အချစ်တွေ မြေလှန်လို့ပြန်ရှာပြရမှာဖြင့် ကျောင်းသားဘဝက ပြန်စပြမှ ရင်ခုံလှိုက်မောဖွယ် အချစ်နံ့လေးတွေ ပြန်ရမယ်လေ ( ရေးသာရေးရတယ် ကဗျာမဆန်လိုက်တာ အောင်သာငယ် တို့များ ကလေး ၃ယောက်တောင်ရလို့ သားကြီးတောင် လူပျိုပေါက်ဖြစ်နေပြီ ခုထိ အချစ်ကဗျာလေးတွေက နူးနူးညံ့ညံ့ ခံစားလို့ကောင်းတုန်း၊ ချစ်တတ်လိုက်ပုံများ ပြောပါတယ်)
ကျောင်းသားဘဝက အတန်းထဲ မိန်းမကလဲ မရှိတော့ မိန်းမရှိတဲ့ အတန်းတွေမှာ Geology က ကောင်တွေလာရင် အို....ဝေသာလီပြည် ဘီလူးဝင်သလား အောက်မေ့ရတယ် အငမ်းမရဖြစ်နေကြတာ၊ ကျွန်တော်ကလဲ ဘယ်အတန်းမှာသွားပြီး အားပေးသလဲ ဆိုတော့ နုနုရည်(အင်းဝ)တို့ အတန်းခင်ဗျ၊ နုနုရည်ကိုတော့ သွားငမ်းတာမဟုတ်ပါဘူး ၊သူတို့အတန်းမှာ အချောအလှတွေ အများကြီး၊ သူတို့အတန်းက မုံရွာသား သောင်းထွန်းနဲ့ ကျွန်တော်က အဆောင်မှာ အတူနေတော့ ခနခနလဲ ရောက်ဖြစ်တာပေါ့လေ၊ အံမယ်..အဲဒီတုန်းက နုနုရည်ကို ကြိုက်နေတဲ့ကောင်က ရှိသေးသဗျား၊ ကလေးမြို့ကကောင် ၊ ခုတော့ဒီကောင်လဲ ကလေးဘယ်နှစ်ယောက် ရနေပြီလဲ မသိပါဘူး၊ ကျွန်တော်က ဒီကောင်ကိုနောက်ချင်တာနဲ့ ဖိုးသူတော်ဦးမင်းတို့ ကွမ်းစာချိုးလေး ကိုပြင်ပြီး..တံတားဦးက နုနုရည်၊ငမြာက ခင်မာအေး၊တင့်တင့်တောင်ငူနဲ့ ကိုင်း ခင်မာဝေ၊ ပြည် မို့မို့အေး သာဝါးလို့ထွေး ဆိုပြီး စာချိုးလိုက်တာ တမနက်ခင်းလောက် စိတ်ကောက်နေသေးဗျား၊
ကိုင်း..မန်းတက္ကသိုလ် သချာင်္ ကျောင်းသူများကို ဘူမိဗေဒက ကိုကိုကျောက်က ပိုးခန်းဆက်ကြစို့လား၊ ပိုးတုန်းကတော့ ဘာရရပေါ့ဗျာ၊ ကျောင်းသူများကလဲ ကျွန်တော်တို့ဆိုရင် ရွံကြောက်ကြီးဆိုတော့ ခက်ပေဖူးလား၊ ကိုယ်ကလဲ ကျလောက်အောင် မပြောတတ် ၊ ကိုယ်ပြောတတ်သလို ...အေးသာရေ ..နင်နဲ့ငါနဲ့ ကောက်ရိုးပုံထဲ သွားကြစို့လား လို့ပြောလိုက်လို့ကတော့ သေချာပေါက်ပါပဲ ပါးရိုက်ခံရမှာ၊ အဲ..ရည်းစားလေး တယောက် ရချင်တော့ အလွယ်လေးဗျာ၊ ဟို အသင်းဒီအသင်းတွေနဲ့ ပစ်ကနစ်ဆင်းလိုက်တော့ တယောက်နဲ့တယောက် ဘာလိုလိုတွေဖြစ်လာတာ ပေါ့ဗျာ၊ သူက မြစ်ကြီးနားကောလိပ်က ပြောင်းလာတာ ၊ ရွှေမန်းဆောင်မှာနေတယ်၊ ညနေညနေဆိုရင် ရေချိုး၊ထမင်းစား ၊ ပြီးရင် ရွှေမန်းဆောင်ကို ချီတက်၊ အချိန်ကိုမှန်လို့၊ ကျောင်းထဲက အုတ်ခုံတွေမှာ ဟိုနားထိုင် ဒီနားထိုင်ပေါ့လေ၊ မိန်းကလေးထုံးစံအတိုင်း သူကပဲ ရေပက်မဝင် ပြောတာပဲ။ ကိုယ်ကfollow လိုက်ရတာပေါ့လေ၊ သူစွတ်စွဲတာတွေကိုလဲ ဖြေရှင်းချက်တွေကပေးရသေး၊ တကယ်မဟုတ်မှန်းလဲသူသိသားပဲ၊ ဒါပေမယ့် သမီးရည်းစား ထုံးစံကို ဖေါက်ဖျက်လို့မရဘူးလေ၊ စိတ်ကိုလဲခနခနကောက်ပြပေါ့လေ၊ ကိုယ်ကလဲ ညံ့ချက်တော့ သူကောက်နေသလားကွေးနေသလားတောင် မသိဘူး၊
အဲ..သိတ်မကြာဘူး တညနေ အဆောင်ပေါ်ကဆင်းလာပြီးတော့ အပြင်တောင်မသွားတောင်ဘူး၊ အဆောင်ရှေ့ အုတ်ခုံမှာပဲ သူငယ်ချင်းလိုပဲ နေရအောင်တဲ့ ၊သူ့ကြည့်ရတာ အေးဆေးပဲ၊ ဒီမှာဖြင့် ပြာပြာသလဲ ပဲ ၊ဘာဖြစ်တာလဲ ဆိုတော့ .. မြစ်ကြီးနားတုန်းက ရည်းစားက မန္တလေးရောက်တော့ သူ့ကို ရှောင်ဖယ်ဖယ်လုပ်နေတာတဲ့ ဒါကြောင့် သူ့နှလုံးသားမှာ ကျွန်တော့ကို အစားထိုးကြည့်တာတဲ့ ခု ဟိုကောင်က သူနဲ့ကျွန်တော် တွဲတာမြင်မှ လွတ်တဲ့ငါးကြီးသွားလို့ ပြန်ချဉ်းကပ်လို့ ပြန်လက်ခံရပါတယ်တဲ့..
ကဲ....ကောင်းကြသေးရဲ့လားဗျာ..ကိုကြီးကျောက်တို့တော့ ဗေထိ ဆိုတာနဲ့ နှဲကြီးတက်နင်းမိပြီး ..ဟက်တက်ကြီးကွဲတော့တာပါပဲ.. အရပ်ကတို့ရေ.....ဒါပေမယ့်ဝါးများလို တသက် တခါပဲ သီးတတ်တဲ့ အမျိုးမဟုတ်လေတော့...နောက်ဆက်တွဲတွေရှိသေးပါ့ဗျား...ဒီညတော့..အိပ်ပြီဗျို့....
Sunday, November 22, 2009
ခြောက်မူးမင်းသား နှင့်သူ၏ချစ်သက်ဝေ
ကျွန်တော်နဲ့ စာရေးဆရာမ ခင်ခင်ထူး တို့ငယ်ငယ်က ကျွန်တော်တို့ မြင်းခြံမှာ ရွာရိုးကိုးပေါက် လျှောက်သွားနေတဲ့ စိတ်မမှန်ရှာတဲ့သူတွေ အရပ်အခေါ် အရူးတွေပေါ့ဗျာ အလွန်ပေါလိုက်တာ၊ အရွယ်စုံ ဆိုက်စုံပါပဲ၊ ရပ်ကွက်ပေါင်းစုံကလဲ သူတို့ကို ကျွေးကြမွေးကြ အမြင်မတော်ရင် အဝတ်အစားဆင်ပေးကြတော့ သူတို့ကလဲ အရပ်တကာရောက်ကြတာပဲ၊ သူတို့ကို တမြို့လုံး သိကြတာမို့ ခင်ခင်ထူး ပြောစကားနဲ့ ပြောရမယ်ဆိုရင် အဲဒီကာလက မြင်းခြံသားစစ်မစစ် သိချင်ရင် အရူးနဲ့တိုက် စစ်ရင်သိလိမ့်မယ် ဆိုသလိုပါပဲ၊ခင်ခင်ထူး ရဲ့ မြို့ကလေးသူ ဆိုတဲ့ ဝတ္တုထဲမှာ ရာဂုတ္တမအိုးတယောက် ရဲ့သောင်းကျန်းမှု ဒဏ်ကြောင့် မပေါ့မပါး ဖြစ်ခဲ့ရသူ အရူးမလေးအကြောင်းဟာ ကျွန်တော်တို့ ကလေး ဘဝ ကဖြစ်ခဲ့တာတွေကို ရေးထားတာပါ၊
ဒီအရူးတွေ ထဲမှာ ထူးထူးခြားခြား အရူးနှစ်ယောက် အကြောင်းကတော့ ကျွန်တော့ အဖို့တော့ ခုထိဝေခွဲရခက်နေဆဲပါခင်ဗျာ၊...ပထမ အရူးတယောက်က ဦးလောကိံ တဲ့ ၊ လူတွေကတော့ ဘလော လို့ခေါ်ကြတယ်၊ သူသေတဲ့ အချိန်မှာ ကျွန်တော်က တော်တော်ငယ်ငယ်ပဲ ရှိသေးတော့ လူကြီးတွေ ပြောစကားနဲ့ပဲ တဆင့်စကားပြန်သိရခဲ့တာပါ၊ ဦးလောကိံပါးစပ်က တောင်စဉ်ရေမရာတွေ လျှောက်ရွတ်နေပေမဲ့ တခါတလေကြတော့ လူတွေကို ခပ်တည်တည် ပြောတဲ့အခါလဲ ရှိတယ်၊ လူတယောက်နဲ့တွေ့လို့ ဦးလောကိံက မင်းထီပေါက်လိမ့်မယ် ပြောတယ်ဆိုပါတော့၊ အဲဒီလူ က ဘာနံပါတ်ထိုးရမလဲ ဘာဆုပေါက်မလဲ ဘာညာဆက်မေးနေရင် ပါးစပ်က ကိန်..ကိန်..လောကိန် လို့အော်ပြီး အော်ချင်ရာတွေလျှောက်အော်နေတာမျိုးလား၊ ဒီလူကတော့ တကယ်ထီပေါက်တယ်၊
တခါတလေကြ မုန့်ဟင်းခါးဆိုင်သွားပြီး ဟင်းရည်အိုးကို တံထွေးတွေ နဲ့ လှမ်းထွေးတာမျိုးလဲ ဦးလောကိံက လုပ်တတ်တာပဲ၊ မုန့်ဟင်းခါးသည်က ပြာပြာ ပြာပြာနဲ့ နောက်တအိုး ထပ်ချက်ရော မုန့်လာစားသူတွေ တပြုံကြီးရောက်လာလို့ အဲဒီနေ့က ချက်မနိုင်အောင် ရောင်းရတာမျိုးလဲ ရှိတာပဲ၊ ကျွန်တော်တို့ အရပ်ထဲမှာ ဦးကင်းလွင်တဲ့ တရုပ်ကြီးက ခေါက်ဆွဲဆိုင် အရက်ဆိုင်ရောင်းတယ်၊ ဦးလောကိံက ဦးကင်းလွင် ခေါက်ဆွဲပြုတ်တဲ့ ဒယ်အိုးကိုသေးနဲ့ ပန်းတဲ့ရက်ဆိုရင် တရုပ်ကြီးခါးချိအောင် ခေါက်ဆွဲကျော်ရတာပဲ၊ အရက်ကလဲ ဘာရောင်းကောင်းသလဲမမေးနဲ့၊ ကျွန်တော့ အဒေါ်ယောင်္ကျား ဦးကြီးမောင် ကတော့ ကုန်ကားတစင်းထောင်ထားပြီး ရန်ကုန်နဲ့ ပြေးနေတာပေါ့၊ အခုနေပြည်တော်ကြပ်ပြေး နေရာဟာ ကျွန်တော်တို့ ငယ်ငယ်က ပျဉ်းမနားတောင်ကြား ဆိုပြီး အလွန်ဓါးပြတိုက်တဲ့နေရာပေါ့၊ ကျွန်တော်တို့ ဘဓရ ရုံးက အမကြီး ၃ယောက် အဲဒီမှာ သူပုန်က ပြန်ပေးဆွဲသွားလို့ ကျွန်တော်တို့ တက္ကသိုလ်ရောက်တော့ Geology မှာ အမျိုးသမီးတွေ လက်မခံလို့ အတန်းထဲ ယောင်္ကျားတွေချည့် စာသင်ခဲ့ရပါသေးသဗျာ၊ အဲဒီပျဉ်းမနားတောင်ကြားကို ဓါးပြရန်ကနေ အရဲစွန့် သွားရတဲ့ တရက်မှာ ဦးလောကိံက ဦးကြီးမောင်ကားပေါ်လိုက်လာသတဲ့၊ ဦးလောကိံက တောင်ကြားလဲ ဖြတ်မောင်းရော ဟေ...ဓါးပြတွေ လာကြ ကြီးမောင် -ီးတောင် လာပြီ ဆိုပြီး အသားကုန်အော်တော့ တာပဲတဲ့ ၊ ကားလမ်းဘေး သေနတ်တွေ ဒါးတွေ ကိုင်ထားတဲ့ ဓါးပြတွေက သူတို့ကားကို ပါးစပ်အဟောင်းသားနဲ့ ကြည့်ပြီး ကျန်ခဲ့သတဲ့၊ ဦးလောကိံသေတော့ သူ့အလောင်းကို ပြင်ထားတဲ့ ကုတင်ပေါ်မှာပဲ သူ့ဖာသူမီးလောင်ပြာကြ သွားတာ အောက်မှာခင်းထားတဲ့ အိပ်ယာခင်းနဲ့ သင်ဖြူးပဲမီးကျွမ်းသတဲ့ ကုတင်တောင်မီးမလောင်ဘူးတဲ့၊ လူကြီးတွေ ကတော့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ပေါ့ ၊ အရူးယောင်ဆောင်ပြီး ဒဏ်ထမ်းရတာပေါ့၊ ဒီလိုပြောကြတာပေါ့လေ၊ ကျွန်တော်ကတော့ ဘာမှန်းမသိလို့ ဘာမှတော့မပြောနိုင်ပါဘူး၊
ခြောက်မူးမင်းသားကြတော့ ကျွန်တော်က တော်တော်လေးသိသဗျ၊ သိဆို ကျွန်တော်တို့က သူ့ရဲ့ အမာခံ ပွဲကြည့်ပရိဿတ်လေ၊ နေတာကလဲ ကျွန်တော်တို့ အိမ်နဲ့ မျက်စောင်းထိုးက ဓါတ်မီးတိုင်အောင်မှာလေ၊ သူကလဲ အရူးပေမဲ့ခေသူတော့မဟုတ်ဖူးဗျ၊ သူ့ရဲ့ အိမ်သူသက်ဝေ မဟေသီက လဲရှိသေးသဗျ၊ ဒေါ်သိန်းညွန့်တဲ့၊ သူတို့မှာ ကလေးကလဲ ၁၀ ကောင်လောက်ရှိတယ်၊ မနက်လင်းလာရင် ဒေါ်သိန်းညွန့် သူ့ကလေးတွေ တပြုံတောင်ကြီးနဲ့ ရေတွင်းမှာရေသွားချိုးတော့တာပဲ၊ ရေချိုးပြီးရင် သူ့ကလေးတွေကို အကုန်သနပ်ခါးလိမ်းပေးတာပဲ၊ သနပ်ခါးအဖွေးသားနဲ့ ခွေးတွေကို မျက်စေ့ထဲသာမြင်ယောင်ကြည့်ကြ ပါတော့၊ အညာဆိုတာကလဲ မိုးရွာခဲဘိခြင်း၊ တခါတလေ မိုးရွာတဲ့ညဆိုရင် သူတို့ကလေးတအုပ်နဲ့ ဟိုပြေးသည်ပြေးနဲ့ ဆူညံပွက်နေပါရောလား၊ လသာသာညတွေဆိုရင်တော့ ကျွန်တော်တို့ ကလေးတွေအတွက် ဖျော်ဖြေရေး အစီအစဉ်ပေါ့ခင်ဗျာ၊ ခြောက်မူးမင်းသားရဲ့ သစ္စာထားနှစ်ပါးသွားပေါ့လေ၊ လင်မယားနှစ်ယောက် အချီအချ ဆိုကြကကြနဲ့ လိုက်လဲလိုက်ပါပေ့ဗျာ၊ ဒါပေမယ့် ဒေါ်သိနုးညွန့်က ပြဇတ်တွေ ဘာတွေကြ ဦးခြောက်မူးထက် သာသဗျ ၊ တယောက်ထဲ သေနတ်တလက်နဲ့ တဒိုင်းဒိုင်း ပစ်နေတာမျိုးလား၊ ဇတ်သိမ်းကြတော့ ဘယ်လိုသိမ်းရမှန်းမသိတော့ ကိုယ့်နားထင်ကို သေနတ်ချိန်ပြီးပွဲသိမ်းလိုက်တော့ ပြီးပါလေရောလား၊
သူတို့လင်မယား ကျွန်တော်တို့ အရပ်ထဲရောက်လာတာ ဆန်းတော့ အဆန်းသားခင်ဗျ၊ ကျွန်တော်တို့ အရပ်ထဲမှာ မင်းကြီးစွာစော်ကဲ ခေတ်လောက်က ဘုရားကြီးတဆူရှိတယ်၊ ဒီဘုရားကြီးပြိုကြနေတာနှစ်ပေါင်း၆၀,၇၀ လောက်ရှိပြီပေါ့ဗျာ၊ ဘုရားပြင်ဖို့ကြိုးစား ကြပေမဲ့ ဘယ်လိုမှမအောင်မြင်ကြဘူး၊ ဦးစီးဦးဆောင် လုပ်တဲ့သူတွေ သေသေကုန်လို့ ဘယ်သူမှမပြင်ရဲကြဘူး၊ လွန်ခဲ့တဲ့ နှစ်၃၀လောက်က ဘိုးတော်ကြီးတယောက်လာပြင်တဲ့ အချိန်က စလို့ သူတို့လင်မယား ကျွန်တော်တို့ အရပ်ထဲ ရောက်လာတော့တာပဲ၊ ခြောက်မူးမင်းသားကတော့ နေ့ခင်းဆိုရင် အရပ်တကာလည်ပြီး ကနေတာပဲ၊ ညဆိုရင်တော့ အိမ်နားက ဓါတ်မီးတိုင်အောက် မှာလင်မယားနှစ်ယောက် ခွေးတအုပ်နဲ့အိပ်ကြတာပဲ၊ ဦးခြောက်မူးဆီကို ဆရာကြီးဆိုပြီး စကားစမြီလာပြောတဲ့သူတွေ လဲ ရှိသေးသဗျ၊ အဲဒီလူတွေနဲ့စကားပြောတော့ လူကောင်းပကတိဗျ၊ ခြောက်မူးမင်းသား သေတော့ အဲဒီလူတွေကပဲ ဂူသွင်းသဂြိုလ် လိုက်ကြတာပါပဲ၊
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မြို့လည်က ကန်ဦးသုဿန်ကို ဖျက်တော့ တချို့လဲ သုဿန်အသစ်ကို ဆွေမျိုးသားချင်းတွေက ရွှေ့ကြပေမဲ့ အများအားဖြင့်တော့ မရွှေ့ကြတော့ပါဘူး၊ အဲဒီတော့ အုတ်ဂူအဟောင်းတွေကို ဘူဒိုဇာနဲ့ထိုးဖျက်တဲ့အခါမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀ နီးပါးက သေသွားတဲ့ ခြောက်မူးမင်းသားရဲ့ အလောင်းဟာ မဆွေးမမြေ့ မပုတ်မသိုးပဲ ဘူဒိုဇာဂေါ်ပြားမှာ ငုတ်တုပ်ထိုင်ရက်ကြီး ပါလာလို့ လူတွေ တအံ့တသြောဖြစ်ကြရပါတယ်ခင်ဗျာ၊ ခင်ခင်ထူးရဲ့ ဝတ္တုကိုဖတ်ရင်းနဲ့ ငယ်ငယ်က ကြုံခဲ့ရတဲ့ စိတ်ဝေဒနာသည်တွေကို ပြန်စဉ်းစားမိရင်း ရေးလိုက်မိတာပါပဲ၊
Tuesday, November 17, 2009
ရှူရှူငယ် ပန်ရွယ် သွန်းတာကြောင့်
ကျွန်တော်တို့ မန္တလေးမိုးကုပ်လမ်းက ဇရပ်ကွင်း၊အုန်းဇုံး၊ချောင်းကြီး၊ ရွာတွေတဝိုက်ကို ဖေါ့စဖိတ်ကျောက် ရှာဖွေရေး field ဆင်းခဲ့ရတုန်းကပေါ့ခင်ဗျာ၊ ဇရပ်ကွင်း ဆိုတဲ့ရွာဟာ အဲဒီနား တဝိုက်မှာတော့ အစည်ကားဆုံး ပါပဲ၊ ကျွန်တော်တို့ ရောက်တဲ့ အချိန်က အဲဒီနယ်ဟာ တကယ့်ကို သစ်တော၊ဝါးတောတွေ ထုထပ်တဲ့အရပ်ပါ၊ ကျော်ဟိန်း၊နေအောင်၊နော်လီဇာ၊ တို့ပါဝင်တဲ့ မီလာရှီကာ စိုင်းဗေဒါ ဆိုတဲ့ ဇတ်ကားကို အုန်းဇုံးရွာနားက ကွင်းသုံးဆယ်စခန်း တဝိုက်မှာရိုက်သွားတာပါ၊
ကျွန်တော် ရောက်တဲ့အချိန်မှာ သစ်ထုတ်လုပ်ရေး စခန်းက မိတ်ဆွေတွေက သစ်ထုတ်လုပ်ရေးအောင်ပွဲတခုကို ဖိတ်ပါတယ်၊ တောထဲမှာခုတ်လှဲခဲ့တဲ့ လုံးပတ် လူတရပ် နီးပါးမြင့်တဲ့ သစ်လုံးကြီးကို ဇရပ်ကွင်းစခန်းကို သယ်လာနိုင်လို့ပါ၊ အဲဒီ သစ်လုံးကြီးကို တောထဲကနေ အပြင်ရောက်ဖို့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတာပါ၊ ခုတ်လှဲချိန်တုန်းက လူအချို့ သေခဲ့ရသလို ကားပေါ်တင်ပြီး သယ်လာတော့လဲ သစ်လုံးကြီးက ရှေ့ကိုရွေ့လာပြီး ကားခေါင်းခန်းကို ဖေါက်ထွက်ကာ ကားမောင်းသူနဲ့ သူ့အဖေါ်တို့ အသက်ဆုံးရပြန်ပါတယ်၊ တခါ ကရိန်းနဲ့ချချိန်မှာလည်း သံကြိုးတွေပြတ်ကျပြီး လူတချို့ ထိခိုက် ဒဏ်ရာရကုန်ပြန်ပါတယ်၊ အဲဒီသစ်လုံးကြီးရဲ့ အစောင့်ရုက္ခစိုး အကြောင်းကတော့ ဇရပ်ကွင်းမှာ ပြောစမှတ်ကိုပြုရတာပဲ၊
ကျွန်တော်တို့ အဖွဲ့ခေါင်းဆောင် ဦးမြင့်သိန်းနဲ့ ရုက္ခစိုးနဲ့ ကြုံရပုံလေး ကတော့ ဒီလိုခင်ဗျ၊ ကျွန်တော်တို့က ဇရပ်ကွင်း မှာနေတဲ့အချိန်မှာ ဦးမြင့်သိန်းက ဝါးဖြူတောင်မှာနေတယ်၊ ဝါးဖြူတောင်စခန်းက ရွာအပြင် လောင်တိုက်ကုန်းမှာလေ၊ သူ ဝါးဖြူတောင်စခန်းနေလို့ ၁၅ ရက်လောက်ပဲ ရှိသေးတယ် ကျန်းမာရေးက ချူချာလာတယ် ဖျားတယ်၊ တောဆိုတော့ ငှက်ဖျားပဲ ဖြစ်ရမယ်လေ၊ အဲဒီတော့ ငှက်ဖျားဆေးတွေတိုက် ငှက်ဖျားဆေးတွေထိုးပေါ့လေ၊ ဝါးဖြူတောင်စခန်းနဲ့ မျက်နှာချင်းဆိုင်မှာ သစ်ထုတ်လုပ်ရေးက ဆင်စခန်းရှိတယ်၊ ဆင်စခန်းမှာက ဆင်ဦးစီး မိသားစုတွေ၊ ဆင်ပဲ့ချိပ်တွေ နေတယ်၊ ဆင်ပဲ့ချိပ်ဆိုတာ ကားစပယ်ယာလိုမျိုး ဆင်စပယ်ယာပေါ့လေ၊ သိတ်ဆိုးတဲ့ ဆင်ဆိုရင် လမ်းဖြောင့်ဖြောင့်သွားဖို့ ဘေးက ဆင်ပဲ့ချိပ်က လိုက်ရတယ်၊ဆင်ဦးစီးက ဆင်ပေါ်ထိုင်ပြီး ဆင်ဦးကင်းကို ဒါးမြှောင်နဲ့ ဆွတာလောက်ကတော့ တချို့ဆင်တွေက အရေးမစိုက်ဘူး၊ ဘေးကပဲ့ချိပ်က လှံနဲ့လိုက်ရသေးတယ်၊ ဆင်ရဲ့လက်တွေခြေတွေကို လှံနဲ့ထိုးမှ တချို့ဆင်တွေက လမ်းအဖြောင့်သွားတယ်၊ မုန်ကျတဲ့ဆင် ဆိုရင် အလုပ်မပျက်အောင် ဘိန်းကြွေးရတယ်၊ ဒါပေမယ့် ဆင်ဦးစီး တော်တော်များများက ဆင်မကြွေးပဲ သူတို့ပဲ စားပစ်ကြတော့ ဆင်ဦးစီးတွေ ဘိန်းစားဖြစ်ကုန်ကြတာများတာပဲ၊ အောင်မယ်..သူတို့ကမှပြောရတယ် ရှိသေး ဘိန်းစားမှ မယားချစ် ဆိုပဲ ကျွန်တော်မြင်တာတော့ သူတို့မယားတွေခမြာ စားစရာတောင် မရှိလို့ တလည်လည်နဲ့ အတော်သနားဖို့ကောင်းရှာပါတယ်၊
အဲဒီဆင်စခန်းမှာ ဆင်တွေနာမကျန်းရင် ကုဖို့ ဆင်ဆရာဝန် ဆိုတာလဲရှိတယ် ဆင်ဆရာဝန်ခမြာလဲ ဆင်တွင်မက လူရောကုရတာပါပဲ၊ အဲဒီ အချိန်က ဆရာဝန်ဆိုတာ ကလဲ တောနယ်မှာ ရှားပါးပစ္စည်းလေ၊ ကျွန်တော်တို့ field ထဲမှာဖျားရင်လဲ ရမ်းကုနဲ့ပဲ ပျောက်စေလုပ်ရတာပဲ၊ ဆင်ကိုဆေးထိုးတဲ့ အပ်က ဆင်ရဲ့အရေပြားကို ဖေါက်နိုင်ဖို့ တထွာလောက်ရှည်တယ်၊ အပ်ကြီးကလဲ အတုတ်ကြီး၊ ဦးမြင့်သိန်းနေမကောင်းတာ ဆင်ဆရာဝန်နဲ့ ကုတယ်ဆိုတော့ ကျွန်တော်တို့မှာ အလန့်တကြားတောင် ဖြစ်သွားတယ်၊ ဆင်ဆေးထိုးအပ်ကြီး မျက်စေ့ထဲ သွားမြင်လိုက်လို့လေ..၊ ဆင်ဆရာဝန်ကလဲ လူချင်းရင်းနှီးနေတော့ သူတတ်စွမ်းသမျှတော့ ကုပေးရှာတာပါပဲ၊ ဒါပေမဲ့ တနေ့တခြား ပိုပိုဆိုးလာတယ်၊ သွေးဝမ်းတွေပါလာတယ်၊ အဲဒါနဲ့ တောမှာ ဒီလိုနေလို့တော့ မဖြစ်တော့ဘူးဆိုပြီး ချက်ချင်း မန္တလေးကနေ ရန်ကုန်ကို လေယာဉ်နဲ့ အမြန်ပို့လိုက်ရပါတယ်၊ သူလဲ ရန်ကုန်မှာ တလလောက် ဆေးကုလိုက်ရပါတယ်၊
ကျွန်တော် ရန်ကုန်ပြန်ရောက်တော့ ဦးမြင့်သိန်း မိန်းမ မအေးသီက မေးပါတယ်၊ ဟဲ့..နင်တို့ စခန်းမှာ ခုတ်လှဲထားတဲ့ သစ်တုံးကြီး ရှိသလားပေါ့၊ ရှိတယ် အမကြီးရဲ့ ဘာဖြစ် လို့တုန်း လို့ပြန်မေးတော့ မအေးသီက အကြောင်းစုံ ပြောပါတယ် ဦးမြင့်သိန်းကို ဆေးကုရင်း ဗမာအမျိုးသမီးတို့ ထုံးစံအတိုင်း ယတြာချေ၊ နတ်မေး၊ အကုန်လုပ်ပါသတဲ့၊ နတ်ရဲ့ဟောပြောချက်အရ စခန်းထဲမှာ ခုတ်လှဲထားတဲ့ သစ်ပင်ကြီး တပင်ရှိပါသတဲ့၊ အဲဒီ သစ်တုံးမှာနေတဲ့ ရုက္ခစိုးက သူ့ကို ဦးမြင့်သိန်းက နေ့တိုင်း သေးနဲ့ပန်းလို့ စိတ်အတော်ဆိုးကြောင်း ကြာရှည်သီးမခံနိုင်လို့ ပြုစားလိုက်ကြောင်း၊ သေအောင်ပင် လုပ်ပစ်ချင်ကြောင်း (ဒါတော့.နတ်ကတော် က နဲနဲရွှီးတာထင်ပါရဲ့) ၊ ဒါပေမဲ့ ရန်ကုန်ကို ချက်ချင်းပြန်သွားလို့ သူ့နယ်မဟုတ်တော့လို့ ဘာမှဆက်မလုပ်နိင်ကြောင်း ဖြေပါသတဲ့၊
ဒါနဲ့ ဦးမြင့်သိန်းနေကောင်းတော့ မေးကြည့်အခါ သူက မနက်မျက်နှာသစ်ရင် ခြေထောက်ကို ရေစိုမှာစိုးလို့ သစ်တုံးပေါ် ဆောင့်ကြောင့်ထိုင်ပြီးမှ သစ်ပါသတဲ့၊ field ထဲမှာဆိုတော့ basin ကလဲမရှိဘူးလေ၊ စည်ပိုင်းကနေ ခွက်နဲ့ခပ်သစ်ရတာကိုး၊ ဒီတော့ မျက်နှာသစ်ရင်းနဲ့ အလုပ် ၂ခု တပြိုင်နက်ပြီးအောင် လုပ်တဲ့အကြောင်း ပြောပြပါတယ်၊ ကဲ..သူက အလုပ် ၂ခု တချိန်ထဲပြီးချင်တော့ ရုက္ခစိုးခမြာ နေ့တိုင်း အောင့်သက်သက်ခံနေရတာ နေမှာပေါ့လေ၊ နှာခေါင်းကို လက်တဖက်နဲ့ပိတ်ပြီး ထီးဆောင်းပြီးနေရမယ်နဲ့ တူပါရဲ့၊ ဒီရုက္ခစိုးမှာ ထီးကလဲ မရှိ ဆပ်ပြာလဲမရှိရှာလို့ သည်းညည်းမခံနိုင်တဲ့အဆုံး ဆော်ထည့်လိုက်တယ် ထင်ပါရဲ့၊
အင်း.....တောထဲတောင်ထဲ ဒီလိုဒီလို အရမ်းအရမ်း ရှူရှူပန်းပြန်တော့လည်း စိတ်ဆိုးတတ်တဲ့သူနဲ့ တွေ့ရင် မလွယ်ပါလားနော်....
Friday, November 13, 2009
ဘိုးဘိုးကျောက် ကို စားတော်တိုက်တဲ့ပွဲ
အဖြူရောင် နတ်သမီးလေး အတွက် မွေးနေ့လက်ဆောင်ပုံပြင်တပုဒ် အမှတ်တရရေးပေးလိုက်ပါတယ်..
မွေးနေ့ရှင်ကလဲ နတ်သမီးလေး ဆိုတော့ ဘဘကျောက်ကလဲ အနဲဆုံးနတ်မင်းကြီးတော့ ဖြစ်မှ နတ်တို့ဘာသာစကားနဲ့ ပုံပြောလို့ရမယ်..
ဘဘကျောက်တို့ အညာသားများကလဲ နတ်ဖြစ်ရတာ အင်မတန် ဝါသနာပါတယ်ခင်ဗျ၊ အတွင်း ၃၇ မင်း အပြင် ၃၇ မင်းကို ကြည့်လိုက်ရင် အညာသားက ခပ်များများကိုးဗျ၊ မဇ္ဈိမတိုင်းက သင်္ဘောသား ကုလားလေး တောင် အညာမှာမိန်းမလာရတော့ မွေးလာတဲ့သားတွေလဲ နတ်ဖြစ်ကုန်တာပဲ၊ ကဲ..ဘဘကျောက်လဲ နောက် နှစ် ၂၀၀ လောက်ကြာရင် ခြံတွင်းဘိုးဘိုးကျောက် ဆိုပြီး နတ်ဘဝကို အော်တိုမက်တစ် ဖြစ်တော့မှာပါပဲ၊
ခပ်လှမ်းလှမ်းမှာကလဲကာလသားခေါင်းကိုလူထွေးဦးစီးတဲ့ ကိုမြစ်ကျိုး၊ကိုပီတိ၊ဒူကဘာ၊ကိုဘကြိုင်၊လင်းနေ၊တောင်ပေါ်သားလေး၊ကိုရွာသားတို့ ကာလသား တသိုက်ကလဲရှိနေတော့ ဘိုးဘိုးကျောက် ကို ဆက်ထားတဲ့ ကြက်ကောင်လုံးကျော်ကို အလစ်သုတ် သွားမှာကလဲ စိုးရိမ်ရသေးတယ်၊
ကဲ..ဒီလိုဆိုရင်တော့ ဘိုးဘိုးကျောက် တပါးစာအတွက် စဉ်းစားလိုက်ကြတာ နောက်ဆုံး စာကလေးတကောင်လုံးကျော် ဖို့ အတည်ပြုချက်ရသွားတာပေါ့၊ စာကလေးကျော်မယ်လဲ ဆိုရော ဘယ်သူမှ မကျော်တတ်တာနဲ့ နောက်ဆုံး မယ်မြူးလေး ဆီ စာကလေးကျော် အော်ဒါမှာလိုက်ရတာပေါ့၊ ဘိုးဘိုးကျောက်ကို စားတော်တိုက်ဖို့ စာကလေးကျော်ကြီး ကိုလင်ပန်းနဲ့ရွက်ပြီး ဂျီးတော်Kom ၊ဦးဆောင်ချီတက်လာတာ မြင်ရတော့ ဘိုးဘိုးကျောက်က လဲ စားရချည့်သေးပေါ့လေ၊ ဘိုးဘိုးကျောက်က ဆီထမင်းရော မပါဘူးလားလို့ နတ်တို့တန်ခိုးနဲ့ အောင်သာငယ် ကိုပူးပြီးမေးလိုက်မိတာ ခုစာလေးကျော် ခုဆီထမင်း မလုပ်နဲ့ ဆိုပြီးဝိုင်းရန်တွေ့ကြတာနဲ့ ဘိုးဘိုးကျောက် လဲ ပြာရီးပြာယာနဲ့ နတ်နန်းပေါ်ပြန်ပြေးလို့ စားတော်တိုက်ပွဲ ကို အောင်မြင်စွာ ပြီးဆုံးရကြောင်းပါခင်ဗျာ..။
ကိုင်းပုံပြင်လေး ကို ဒီလောက်နဲ့ပဲ ကျေနပ်ပါ နတ်သမီးရေ ..ဘဘအိပ်ချိန်ရောက်နေလို့၊ နေ့တိုင်း မနက် ၄နာရီ ထနေရတယ်၊ Many Happy returns of the day to you ပါ နတ်သမီးရေ...၊
Monday, November 9, 2009
ဝံတွေ့ကိုက် ကျားနတ်တိုက်
ချင်းတွင်းမြစ်အောက်ပိုင်း တကြော ကနီနယ် နဲ့ မင်းကင်းနယ် တွေမှာ field ဆင်းရတော့ အဲဒီဒေသတွေ ရဲ့ ဓလေ့ ထုံးစံလေးတွေ သိခဲ့ရတာပေါ့ဗျာ။ ကနီနယ် နဲ့ မင်းကင်းနယ် အစပ်က မဟူတောင်တန်း နဲ့ ရွှေသမင် တောင်တန်းကြီးတွေ အကြား သင်ကတုံချောင်း ဘေးက ရွာအုပ်စုတွေ နဲ့ ပုထိုးလုံးချောင်း ဘေး က ဆယ်ရွာချောင်အုပ်စုတွေ မှာ ဆိုရိုးစကားရှိပါတယ်။ ဝံတွေ့ကိုက် ကျားနတ်တိုက် ပါတဲ့။
ဒီရွာတွေက ပုံတောင် ပုံညာတောင်တန်းကြီး ရဲ့ အရှေ့ဖက်ခြမ်းမှာ ရှိပါတယ်။ ရွှေသမင်တောင်တန်း ဆိုရင်လဲ ဗမာပြည်မှာ အင်မတန် ရှုခင်းလှတဲ့ နေရာတခုပါ။ ဘူမိဗေဒ ကျောက်လွှာစုတွေ ထဲမှာ ရွှေသမင် formation ဆိုတာ နာမည် တလုံးနဲ့ပါ။ ကျွန်တော်တို့ မဟူတောင်တန်းမှာ တန်ဖိုးနဲ မဟူရာကျောက် ရှာဖွေရေးဆိုပြီး fieldဆင်းတော့ သင်ကတုံ ဘက်မှာ စခန်းချကြပါတယ်။ ပေ၂၀၀၀လောက်မြင့်တဲ့ တောင်တန်းကို နေ့စဉ် တက်လိုက်ဆင်းလိုက် လုပ်နေတာ ငယ်တဲ့အရွယ်ဆိုတော့ ပင်ပန်းတယ် မထင်မိပေါင်ဗျာ၊ (အခုတော့ ၂ ထပ် ၃ ထပ် အဆောက်အဦးတောင် ဓါတ်လှေခါးနဲ့ပဲ တက်တော့တယ်...း)) အဲဒီအချိန်က ဗမာ့ကျေးလက်တွေမှာ ရွာတိုင်းက မိန်းမပျို လေးတွေဟာ ယက္ကန်းခတ်တတ်ကြပါတယ်။ အိမ်တိုင်းနီးပါးကလဲ ယက္ကန်းစင်တွေ ရှိကြပါတယ်။ ညအခါ လသာသာ ယက္ကန်းခတ်တဲ့ မိန်းမငယ်လေးတွေဆီကို လူပျိုလှည့်ရတဲ့ အရသာကလဲ ခုနေပြန်တွေးမိတော့ ရင်အခုန်သားခင်ဗျ။ တကယ်တော့ သူတို့ကလည်း ယက္ကန်းခတ်ချင်လို့မှ မဟုတ်တာ၊ ကိုယ်နဲ့ရောက်တတ်ရာရာ ပြောချင်တာလေ။
ကျွန်တော့ဘွားအေကြီးကတော့ ညအခါ သူ့ကို လူပျိုလာလှည့်တဲ့ ကျွန်တော့ဘိုးအေကြီးကို ထောပနာပြုရှာပါတယ်။ ကျွန်တော့ဘွားအေကြီးက စကားထာဖွက်ရှာပါသတဲ့ ကွမ်းကလပ်အာနီ နင်ချီသလောမချီသလောတဲ့ ကျွန်တော့ဘိုးအေကြီးကလဲမိန်းမတာပိုးတတ်တာ စကားထာကြမသိရှာဘူးတဲ့ (မြေးတွေနဲ့များ ကွာချက်တော့)၊ နောက်ဆုံးဘယ်လိုမှ အဖြေရှာ မရတဲ့အဆုံး ဖြေမိဖြေရာ ကြက်တူရွေးခေါင်းကြီးလို့ ဖြေပါသတဲ့၊အဖြေမှန်က လွမ်းတတ်တာကြာပြီ နင်သိသလောမသိသလောတဲ့ ကျွန်တော့ဘွားအေကြီးက သူလွမ်းတဲ့အကြောင်း သိစေချင်တာ၊ ဒါပေမယ့် ကျွန်တော့ဘွားအေကြီး ခမြာ အဲဒီကြက်တူရွေးခေါင်းကြီးကိုပဲ အဖြေမှန်လုပ်ပြီး ပြန်ကြိုက်လိုက်ပါသတဲ့ (ကဲ..သူတို့ပြန်ကြိုက်ချင်တော့လဲနော်)။ ကျွန်တော်လည်း ကြက်တူရွေးခေါင်းကြီး အားကိုးနဲ့ လူပျိုတော့လှည့်ခဲ့တာပဲ အဲဒီအရပ်နဲ့ နဖူးစာမှင်ရေကြဲခဲ့ ထင်ပါ့ ရန်ကုန်ကို original အတိုင်းပဲ ပြန်ခဲ့ရပါတယ်။
အဲဒီကာလက မဟူတောင်ရိုး နဲ့ ပုံတောင်ပုံညာဘက်မှာ တောဆင်အုပ်တွေ ကျားတွေကလဲ ရှိသေးခင်ဗျ၊ အခုတော့ အကုန်ကုန်ပြီနဲ့ တူပါရဲ့။ ကျားတွေကတော့ တော်ရုံတန်ရုံနဲ့ ရွာတွေဘက်ကို ဆင်းမလာတတ်ပါဘူး။ ဆင်းလာလို့ ကျားဆွဲသွားရင်လဲ ယက္ကန်းခတ်တဲ့ အပျိုမလေးတွေ ရွေးပြီးဆွဲတတ်တာကြောင့် နတ်ကျားမို့သာ ဒီလိုဆွဲတယ်ဆိုပြီး ကျားဆွဲခံရရင် နတ်ကကျားနဲ့ တိုက်တယ်လို့ အဆိုရှိပါတယ်။ တောထဲမှာ ဝက်ဝံတွေလဲ ရှိပါတယ်၊ ဝက်ဝံတွေလဲ ဗမာပြည်မှာ ရှားပါးသတ္တဝါ ဖြစ်သွားပါပြီ။ ဝံသည်းချေက နာမည်ကြီးတာကိုး၊ တပေါင်းတန်ခူး ကာလတွေမှာ တောထဲက အရိုင်းပေါက်တဲ့ တယ်ပင်ကအသီးတွေ မှည့်ချိန်ဆိုရင် တယ်ပင်အောက်မှာ ဝံနဲ့တွေ့ဖို့ ၈၀%လောက် သေချာပါတယ်။ တယ်သီးမှည့်က တယ်ချိုတာကိုးခင်ဗျ။ မွှေးကလဲမွှေးတယ်၊ တယ်သီးမှည့်ရရင်တော့ ကောက်ပြီးအမြန်သာပြေးပေတော့။ ဝံနဲ့တွေ့လို့ကတော့ တွေ့တဲ့နေရာ သူကကိုယ့်ကို ဆော်မှာပဲ။ ဒီကောင်တွေ ပတပ်ရပ်လိုက်ရင် လူတရပ်လောက်တော့ အသာလေးမြင့်တယ်။ ဝံကတော့တွေ့ရင် ကိုက်ပါသတဲ့။
ဆင်သွားလမ်းဖြစ်ဆိုတဲ့ ဗမာစကားပုံကို အဲဒီရောက်မှပဲ ကျွန်တော်သဘောပေါက်တယ်၊ ဆင်အုပ်တအုပ်သွားထားပြီဆိုရင် အဲဒီဆင်အုပ်သွားထားတဲ့ နေရာဟာ လှည်းတစီးမောင်းလို့ရအောင် လမ်းကြီးဖြစ်ပြီးကျန်ခဲ့တာပါ။ ဆင်ရဲ့သဘာဝအသိဉာဏ်ဟာ ဘယ်လိုသိကြသလဲတော့ မသိပါ၊ တောင်ကြောတလျှောက် ဆင်သွားတဲ့ဆင်လမ်းတွေဟာ အတက်အဆင်း အင်မတန်နဲပါးပြီး သက်တောင့်သက်သာရှိလှတာမို့ ကျွန်တော်တို့ကတော့ ဆင်လမ်းကို အထူးဦးစားပေး ရွေးချယ်သွားတတ်ပါတယ်။ အလောင်းတော်ကဿပကို တောလမ်းကနေ မိုင်၄၀လောက် လျှောက်ပြီးသွားတုန်းက တောဆင်လမ်းအတိုင်းသွားတာ အတော်ကိုအဆင်ပြေပါတယ်။
ကဲ......နတ်တိုက်တဲ့နတ်ကျားနဲ့ ကျွန်တော်တို့ ဘယ်လိုဖြစ်ကြသလဲဆိုတာ ဆက်ကြစို့လား.....။မဟူတောင်တန်းရဲ့ အရှေ့ဖက်ခြမ်းဟာ သလင်းအနွယ်ဝင် fancy ကျောက်တွေထွက်ပြီး အနောက်ဖက်ခြမ်းမျာတော့ ဆေးဘက်ဝင်တဲ့ အပင်တွေပေါက်တယ်လို့ အဆိုရှိပါတယ်။ ကျွန်တော်တို့က မတ်စောက်တဲ့အရှေ့ဘက်အခြမ်းကို အတက်အဆင်းလုပ်ပြီး နေ့တိုင်းရွာပြန်နေရတော့ တပတ်လောက် တောထဲမှာစခန်းချပြီးနေကြဖို့ ပြင်ကြပါတယ်။ တောထဲမှာပဲ သစ်ခုတ်ဝါးခုတ်ပြီး ယာယီတဲလေးတွေ ဆောက်ပြီးနေကြတာပေါ့။ ရွာခံအလုပ်သမား ၅ယောက်လောက်နဲ့ပါ၊ နယ်မြေကလဲ အေးချမ်းသာယာတော့ လုံခြုံရေးအတွက် ရဲကိုတောင်ပေါ် မခေါ်တော့ပါဘူး။ အလုပ်သမားတွေကလဲ တူမီးသေနတ် ကိုယ်စီပါတယ်၊ ကျွန်တော်က သူတို့တူမီးတွေကို အမြဲနောက်တယ် ရှေ့လေးနောက်ခြောက်ငါပေါင်းဆယ့်တစ် ပစ်သမျှ အကုန်မှန်...။ မဟူတောင်ကြောမှာ တောထဲနေပေမဲ့ အစားအသောက်တော့ မရှားဘူးခင်ဗျ။ တောကြက်တွေ၊ရစ်တွေကပေါ၊ ဖွတ်တွေပဒတ်တွေကပေါ၊ တောကြက်ဟင်းခါးသီးခြုံလေး တွေကလဲ တောင်အနှံ့ ကြိုက်သလောက်ခူး။ အဲ..ထူးခြားတာလေးတခုတော့ ပြောရဦးမယ် ဒီကိစ္စကို သတ္တဗေဒပညာရှင်များ သိမယ်ထင်တာပဲ၊ ပဒတ်အထီးမှာ နှစ်ချောင်းပါတယ်ဗျာ၊ ဘယ်လိုလဲတော့ မသိဘူး၊ တချောင်းမအား တချောင်းဆိုရအောင်လဲ နှစ်ချောင်းလုံး ပြိုင်တူသုံးလို့မှမရတာ....။ တွေးရခက်ကြီးနော်......။
မဟူတောင်တန်းပေါ် နေတဲ့တရက်မှာပေါ့ဗျာ၊ ကျွန်တော်တို့ အလုပ်ကနေ စခန်းချတဲ့ တဲလေးတွေဆီ ပြန်လာတော့ ကျွန်တော်တို့တတွေ စကားတပြောပြောပေါ့လေ တနေရာရောက်တော့ ကျွန်တော့အလုပ်သမား ခင်မောင်ဝင်းက သစ်ပင်တပင်ပေါ်မော့ကြည့်ရင်း.....ဟာ...ဆရာ..ဟိုမှာ..ဟိုမှာ.. သစ်ကလေး..သစ်ကလေး..ပေါ့လေ၊ မော့ကြည့်လိုက်တော့ အနက်ပျောက်လေးတွေနဲ့ ကျားသစ်လေးတကောင် ..သစ်ပင်ပေါ်မှာရှိနေတယ်၊ ဒီကောင်က သိတ်အကောင်မကြီးဘူး ဆိုပေမဲ့ ခွေးတကောင်နီးနီးတော့ ရှိနေပြီ။ ခင်မောင်ဝင်းက ပစ်ချလိုက်ရမလား ဆရာတဲ့၊ ဒီကောင်ကလဲ သူ့တူမီးစွမ်းပြချင်နေတာကိုး။ မင်းသဘောလို့ ပြောလိုက်တော့ ..ဒုန်း....ကနဲ ပစ်ချလိုက်တာ ပစ်တဲ့ဘက်နဲ့ ရှောင်တဲ့ဘက် ကိုက်သွားလို့လားမသိပေါင်ခင်ဗျာ ...ကျားသစ်လေးခမြာ သစ်ပင်ပေါ်က ကားယားကျလာတယ်။ ရလာတဲ့ကျားသစ်လေးနဲ့ ပြန်လာချိန်မှာ စခန်းမှာလဲ ဖွတ်သားကျော်နဲ့ ခင်ဗျ၊ ကျွန်တော်တို့နေတဲ့ တဲပေါ်ကို ဖွတ်မွဲတကောင် တက်လာလို့ ထမင်းချက် အလုပ်သမားလေး ကျော်သန်းက လက်မြန်ခြေမြန် ရိုက်ထည့်လိုက်တော့ ဖွတ်ခမြာကိစ္စချောသွားရှာတယ်။ ကျွန်တော်တို့ကလဲ ရန်ကုန်ရုံးက ငွေရောက်မလာသေးလို့ ပိုက်ဆံပြတ်နေချိန် ဖွတ်မွဲက တက်လာတယ်ဆိုတော့ ဒီကောင်သေတာ အေးတယ်ပေါ့။ အဲဒီနေ့ညစာကတော့ ဖွတ်သားကျော်နဲ့ ကျားသစ်သားဟင်းပေါ့ဗျာ၊ ကျားသစ်သား အရသာ ဘယ်လိုနေသလဲတော့ မမေးပါနဲ့တော့ခင်ဗျာ..၊ သူများအသားကတော့ အားလုံးအတူတူပါပဲ၊ ကြမ်းတာနဲ့နုတာ အဆီများတာနဲ့နဲတာ ဒါပဲကွာတာပါပဲ။
အဲဒီညက ထူးခြားတာကတော့ ကျွန်တော်တို့စခန်း မနီးမဝေးမှာ ကျားတစ်သံတွေ ကြားနေရတော့တာပါပဲ။ ကျားတစ်တယ်ဆိုတာ ကျားအော်သံတမျိုးပါပဲ တိန်..တိန်..နဲ့ မြည်သလိုပါပဲ။ ဟိန်းတာဟောက်တာမျိုး မဟုတ်ဘူး။ မနက်လင်းတော့ အနီးအနား လျှောက်သွားကြည့်တော့ ညက စခန်းနား လာသွားတဲ့ ကျားခြေရာလတ်လတ်ဆတ်ဆတ်တွေ တွေ့ရတာပါပဲ။ အကောင်ကမသေးဘူးခင်ဗျ ၊ ကျားခြေရာအဝိုင်းက ၅ လက္မ လောက်တော့ရှိမယ်။ တောရိုင်းကျားဆိုတာ လူနံ့ရရင် လာခဲပါတယ်၊ အဲဒီနေ့က ကျွန်တော်တို့ ကျားသစ်သားစားထားတော့ ကျားသစ်နံ့ရပြီး ကျားကသူ့နယ်မှာ ရန်သူဝင်တယ်ထင်လို့ ရန်လုပ်ချင်လို့ လာတာနေမှာပေါ့လေ။
ဒါပေမဲ့....နတ်ခမြာ သူ့ရှိစုမဲ့စု ကျားလေး ဟင်းအိုးထဲရောက်သွားမှာ ကြောက်လို့လားမသိ သူ့ကျားသူ ပြာရီးပြာယာခေါ်ပြီး ပြန်ပြေးသွားထင်ပါရဲ့..၊ နောက်ထပ် ပေါ်ကိုမလာတော့ပါခင်ဗျာ....။
Monday, November 2, 2009
စောင်းအိုလုလင် နဲ့ သရဲဖွားဖွား
စောင်းအိုကလေး တလက်ကို တီးပြီး အဖွား အရွယ် သရဲ ကို သီချင်း ဆိုပြီး ဖျော်ဖြေခဲ့ ရဖူးတယ် ဆိုရင် ယုံနိုင် ကြပါ့မလား ခင်ဗျာ.......
ကျွန်တော်တို့ ကျောင်းသား ဘဝ က ဆရာကြီး စောင်း ဦးဘသန်း တယောက် မြင်းခြံ မှာ ကာလ အတန်ကြာ နေခဲ့ဖူးပါတယ် ၊ အဲဒီ အချိန်က ကျောင်းတွေ ကလဲ ဟိုအရေးအခင်း သည်အရေးအခင်း နဲ့ ခနခန ပိတ်ကြလေတော့ ..ကျောင်းပိတ်ရက်တွေ မှာ ကျွန်တော်တို့ သူငယ်ချင်း တတွေ ဆရာကြီး စောင်း ဦးဘသန်း ရဲ့ တပည့်တွေ ဖြစ်ခဲ့ကြ ရဖူးပါတယ်.... ဒီလို ရေးပြန်တော့ ကျွန်တော့ကို စောင်းဆရာ အကျော် အမော် ရယ်လို့တော့ အထင်တွေ မကြီး လိုက်ပါနဲ့ ကျွန်တော့ ခမြာ ဂီတ နဲ့ အထုံ ပါရမီ ပါသမျှကို ကိုယ်ရည်သွေး ပြောရရင် ....ပိုးသာကုန် မောင်ကျုံ အဲလေ ဟုတ်ပါဘူး မောင်ကျောက် စောင်းမတတ် ခဲ့ရှာပါဘူး.... ဒါပေမယ့် ကျွန်တော်က အတီးသာ မစွန်ပါတာ.. အဆိုမှာတော့ သိတ်မညံ့လှဖူး လို့ ပြောကြတာပဲ... (အဟဲ..နဲနဲတော့ ရှက်သား..ကြွားရာကြနေမလား လို့ ) သီချင်းကြီး နဲနဲ ပါးပါး နဲ့ ခေတ်ဟောင်း သီချင်းတွေ အပြတ်ဟဲ နိုင်ပါတယ်....ဆရာကြီး စောင်းဦးဘသန်းရဲ့ ပွဲကြိုက်ခင် ဆိုရင် အေးဆေး လာထားပဲ...ကျွန်တော့ သူငယ်ချင်း ကိုစိုး ကတော့ ဆရာကြီးပညာအမွေကို အတော်ရ လိုက်ပါတယ်..
ကျွန်တော် တို့ သူငယ်ချင်း တတွေ ကျောင်းတွေ ပြီးကြလို့ အလုပ်ထဲ ရောက်ကြတဲ့ အခါ ရန်ကုန်မှာ အားလုံးလာ စုမိကြပါတယ်.. စုမိတဲ့ နေရာကလဲ ရန်ကုန်တက္ကသိုလ် နယ်မြေပါ ။ တချို့ သူငယ်ချင်းတွေ က ရန်ကုန် ပညာရေး တက္ကသိုလ် အတွင်းမှာ ဖွင့်တဲ့ RL သင်တန်း (မှတ်ပုံတင် ရှေ့နေ လို့ ခေါ်တယ်ထင်တာပဲ)၊ ကိုလာတက်ကြတယ်။ ကျွန်တော် ကတော့ ဘူမိဗေဒလေ့လာရေး နဲ့ ဓါတ်သတ္တု ရှာဖွေရေး ဦးစီးဌာနမှာ အလုပ်ဝင်တယ် ။
အဲဒီ အချိန်က အဝေးသင် တက္ကသိုလ် ဆိုတာ ရန်ကုန် တက္ကသိုလ် စာပေးစာယူ သင်တန်းဌာန အနေနဲ့ပဲ ရှိပါသေးတယ်။ လက်ရှိ သထုံလမ်း နေရာမှာပါပဲ။ အဲဒီ ရန်ကုန် တက္ကသိုလ် စာပေးစာယူ သင်တန်း နဲ့ ပညာရေး တက္ကသိုလ် က နဝဒေး ဆောင်တို့ အကြားမှာ ပညာရေး တက္ကသိုလ် စာပေးစာယူ သင်တန်းဌာန ရှိတယ်။ သင်တန်းဌာနမှူးက ဆရာကြီး ဦးသန့်ဇင် ပါ၊ အဲဒီသင်တန်းဌာန ရဲ့ ရုံးနေရာဟာ နဂိုက တက္ကသိုလ် ပါမောက္ခ ဆရာကြီးတွေ အိမ်ပါ။ အိမ်ဆိုတော့ အိမ် ရဲ့ အင်္ဂါရပ် နဲ့ ညီမျှတဲ့ ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖို၊ ကားဂိုထောင်၊ အကုန်ပါဝင် ပါတယ်။ အဲဒီတော့ ဆရာကြီး က ပညာရေးတက္ကသိုလ် မှာ ဖွင့်ထားတဲ့ RL သင်တန်းကို မြင်းခြံ ကလာတက်တဲ့ တူတော်မောင် ရယ်၊ တူတော်မောင် သူငယ်ချင်းတွေ ရယ် ကားဂိုထောင် မှာလာရောက် စခန်းချတာကို ခွင့်ပြုထားတယ်။ ကျွန်တော် ကတော့ သူငယ်ချင်းတွေ စုမိတဲ့ နေရာ ဆိုတော့ သောကြာည နဲ့ စနေ၊တနင်္ဂနွေ လိုနေ့တွေ မှာ သွား ကဲတော့တာ ပဲ၊ ရုံးပိတ်ရက်တွေ မှာပေါ့။ ဖဲရိုက်ကြ၊ ချက်ပြုတ်စားကြ သောက်ကြ၊ စကားတွေပြောကြပေါ့လေ၊ သီချင်း ဆိုတဲ့အခါ ဆိုပေါ့။
အဲဒီတော့ အဲဒီအိမ်မှာ သရဲ ဖွားဖွား နဲ့ တွေ့ကြတော့ တာပဲ၊ ကျွန်တော်တို့ က ရေချိုးခန်း၊ အိမ်သာကို အပေါ်ထပ်က အခန်းက ကောင်းတော့ အဲဒီအခန်း မှာပဲ သုံးတယ်၊ အဲဒီအခန်း ကို သုံးနေလို့ တံခါးပိတ်ထားရင် တံခါးလက်ကိုင် ကို တချပ်ချပ် လာလှည့်နေတာပဲ၊ အပြင်က လူဝင်ချင်လို့ လှည့်သလားဆိုပြီး တံခါးဖွင့် ကြည့်ရင် အပြင်မှာ ဘယ်သူမှ မရှိ၊ တံခါးပြန်ပိတ်ရင် တံခါးလက်ကိုင် ကို တခါလာလှည့်ပြန်ရော၊ နောက်တော့ ယောင်္ကျားလေး တွေချည့်ဆိုတော့ တံခါးကို ဖွင့်ထားရင်လဲ တံခါးကိုလာ ပိတ်ပေးတယ်၊ ရေချိုးတာ မကြည့်ရဲ လို့ထင်ပါရဲ့..။ နေ့ခင်းကြောင်တောင် အဲလိုလာ လုပ်တာ ဆိုတော့ ဘယ်သူမှတော့ မကြောက်ကြဘူးပေါ့။ ဘာလို့ ရေချိုးခန်း ကိုမှ လာလာလုပ် သလဲဆိုတာ စုံစမ်းကြည့်တော့ အဲဒီအိမ်မှာ နေသွားတဲ့ ဆရာတယောက်ရဲ့ အမေအို ဟာ ရေချိုးခန်းထဲမှာ ချော်လဲပြီး ပွဲခြင်းပြီး ဆုံးသွားတယ် လို့သိရပါတယ်။
အဲဒီတော့ ကျွန်တော်တို့ က သရဲဖွားဖွား လို့ပဲ ခေါ်တယ်၊ သရဲဖွားဖွားက ညကြရင် ရေချိုးခန်း တံခါးကို ပိတ်တာ ဖွင့်တာလောက် မဟုတ်တော့ဘူး၊ ကျွန်တော်တို့ အောက်ထပ်မှာ ဖဲရိုက်နေကြရင် အပေါ်ထပ်က ကြမ်းပြင်ပေါ်ကို ပစ္စည်းတွေ တွန်းရွှေ့တဲ့ အသံ ၊ ပုလင်းခွံ လိုမျိုးကို ဂလုံး ဂလုံးနဲ့ လှိမ့်ပစ်တဲ့ အသံတွေ တလစပ် လုပ်နေတာပဲ။ အဲလို လုပ်နေတာ ကျွန်တော်တို့ က ဂရုမစိုက်ပြန်တော့ နောက်တမျိုး လုပ်ပြပြန်ရော။ သောက်ရေအိုးက ရေခွက်ကို တခွပ်ခွပ် မ နေတာပဲ။ ကျွန်တော်တို့ က သူဘာလုပ်ပြပြ ဖုတ်လေသည့် ငပိ ရှိသည် မထင်တော့ သူ့ခမြာ အတော်တော့ စိတ်ပျက်ရှာမှာပဲ။ ကျွန်တော်တို့ ဂစ်တာတီးပြီး ဆူနေရင်တော့ ဖွားဖွားက သိတ်သည်းညည်းခံ နိုင်ပုံ မရတော့ပါဘူး။ နားအတော် ညီး လို့လားမသိပါဘူး နဲနဲ ပိုကြမ်းပြတယ်၊ ရုံးခန်းထဲ က ပန်ကာကြီး ရဲ့ခလုတ် ကိုမဖွင့်ပါပဲ ပန်ကာက ပုခက်လွှဲ သလို လွှဲပြနေတာ။ ပန်ကာလည် သလိုလဲ မဟုတ် ။ ရှေ့နောက် လွှဲနေတာ ။ ကိုယ်က ပိုပြီးဆူပြရင် သူကပိုပြီး ပြင်းပြင်းလွှဲပေးတယ်။
ဒါပေမယ့် ဂီတာမတီးပဲ ကိုစိုးက စောင်းတီးတဲ့ ညဆိုရင်တော့ ဘာမှမလုပ် တော့ပဲ ငြိမ်နေတော့ တာပဲ။ အပေါ်ထပ်ကလဲ ဘာသံမှ မကြားတော့။ တအိမ်လုံး ဆိပ်ငြိမ်သွားတာပဲ။ ကိုစိုး နဲ့ ကျွန်တော့ ခမြာ သူများတွေ ဖဲဝိုင်းကောင်း နေတဲ့ အချိန်မှာ စောင်းတလက် နဲ့ စည်းလေးဝါးလေး ကိုင်ပြီး သီချင်းဆိုလိုက်ရတာ၊ အဖွားကြီး ဆိုတော့ အဲလို သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်း ကြိုက်ထင်ပါရဲ့၊ အနီးအနားမှာ လူနေအိမ်ခြေ ရယ်လို့ မရှိလှပဲ ဆိပ်ငြိမ်တဲ့ နေရာမှာ ညအခါ စောင်းသံကြားရတာ လူမပြောနဲ့ သရဲတောင် ကြွေလုကြွေခင် ဖြစ်သွားပုံရတယ်။ နောက်တော့ စောင်းပဲ အမြဲတီးနေ လို့လားတော့ မသိပါဘူး ဟိုအသံ ဒီအသံပေးတာ မကြားရ သလောက်ပါပဲ။ သရဲဖွားဖွား လဲ စောင်းသံ နားမထောင်ရမှာ ကြောက်လို့ထင်ပါရဲ့ ကျွန်တော်တို့ ကိုဘာမှ အနှောက်အယှက် ထပ်ပေးတာ မရှိတော့ဘူး။
စောင်းအိုလေး တလက်နဲ့ သီချင်းတွေ ဆိုပြီး သရဲဖွားဖွား ကို ဖျော်ဖြေ ပေးခဲ့ရတာတော့ ကျွန်တော့ဘဝမှာ အမှတ်တရလေး တခုပါပဲ.....။
ပြီးခဲ့တဲ့ ၃ လလောက်က အလုပ်နာရီ ချိန်တွေ့ လျော့လို့ အားလပ်ချိန်များများ ရှိလာတာကြောင့် blog လေးဖွင့်ပြီးစာလေးရေးဖြစ်ပါတယ်။အားလပ်ချိန်များတော့ ကျနော့် bank account မှာ ခါလီပြလာတာကြောင့် ဒီလကစလို့ တပတ်မှာ ၇ ရက် အလုပ်လုပ်ရပါမယ်၊ တလစာ စာရေးပြီး အင်္ဂါနေ့တိုင်း schedule တင်ထားပါတယ်။ အရင်လို ဂဒီးဂဒီး လာမလည်နိုင်တာ ညီငယ် နှမငယ်များနားလည်ပေးကြပါ။ စာလည်ဖတ်ကြတဲ့ မီးငယ်နဲ့ မယ်ဆင်တို့ စာကောင်းလေးဖတ်ရရင် ကိုကြီးကျောက် ကို လက်တို့ကြပါဦး။ ဘလော့ရွာဟာ လူ့အဖွဲ့အစည်းရှိသမျှ ဘယ်တော့မှ မပျက်စီးပါ မီးငယ်ရေ။
Friday, October 30, 2009
ယမမင်း နဲ့ တွေ့ဆုံသူခဲ့ဖူး တယောက်အကြောင်း
ယမမင်း နဲ့ တွေ့ဆုံခဲ့ဖူးသူ နဲ့ မိတ်ဆက်ရရင်တော့ ဘကျောက် ကိုယ်တိုင်ပါပဲ..ဒီနှစ် ဘကျောက်တို့ ကြီးမှ ဝက်သက်ပေါက်ပါတယ်၊ တလွဲတော့ မတွေးကြပါနဲ့... လူငယ်တွေ သူ ဘလော့ ကိုယ်ဘလော့ နေကြလို့ ကြီးတောင်ကြီးမား ကြမှ ဘလော့ လိုက်တာ... တခါထဲ ဝက်သက်ပေါက်ပြီး ဘလေဂေတ္တရာပြည် ထဲ ရောက်သွား ပါရောလား......ကြီးမှဝက်သက်ပေါက် တော့ ဝက်ရူးပြန်တာပေါ့လေ...ဝက်ရူးပြန်မှ တော့ အမြှုပ် တစီစီ နဲ့ တက်တက်နေတော့ တာပဲ...ဘလေဂေတ္တရာပြည် ကလဲ တက်တာတွေ က တယ်ခေတ်စား ပေသကိုး...... ဟော......တလောကတင် ဝဲစားရနံ့ လို့ နာမည်ချိပ်ထားတဲ့ ခွေးသိုးကြီး က ခ ဖေါ် ခွေးသိုး ဆိုပြီး တက်လိုက်တာ....ဗိုင်းတာမ တို့ ကလဲ ဗထက်ချိုင့် ဖေါ် ဗိုင်းတာမ နငယ် ဖေါ် နဝေတိမ်တောင် နဲ့ တပြုံတောင်ကြီး တက်ကြပါရောလား......အရပ်ထဲ က အသုပ်စုံ ရောင်းတဲ့ မခင်ဂွိ တို့တောင် ကြီးကြီးဂွိ ဆိုပြီး အကြော် အလှော် အသုပ် အဖုတ်ဘလော့ ရေးပြီး ဂငယ် ဖေါ် ဂွိ ဆိုပြီး အဖေါ် ကောင်းလိုက်တာ ယောင်္ကျားက ဖေါ်ချင်အုန်း ဟဲ့ အရိုက်ခံ ထားရပါရောလား...ဘကျောက် လဲ အဲဒီတုန်းက ကကြီး ဖေါ် ကိုကိုကျောက် ဆိုပြီး အတက် ကောင်းလိုက်တာ အဝတ်အစားတောင် မကပ်လို့ ခွေးတစီစီ နဲ့ ဖြစ်သွားတာပဲ........
ဘကျောက် ခုမှ နေထိုင်ကောင်းခါရှိသေး အရပ်ထဲ က အိမ်သာ က ဝုန်း.ဒိုင်း..ဂွမ်း..သံတွေ ကြားတာကို ဟိုးလို့ဟောင်းလောင်း ကွင်းပြင် မှာနေတဲ့ အောင့်ဟာငယ် က တွေ့သမျှ လူတွေ လက်တို့ပြီး ..ကမ္ဘာပျက်ပြီ ပြောလိုက်တာနဲ့...တခါထည်း...ဘလေဂေတ္တရာပြည်ကြီး တခုလုံး ငစကောတပ်ကြီး ချီတက် လာပြီ ဆိုတဲ့ အသံကြား သလို ရုန်းရင်းဆန်ခတ် ပြေးလိုက် လွှားလိုက် ဖြစ်ကုန်ကြတော့တာပါပဲ...... သဂျီးကိုလူထွင်း က သူလေလည်တာပါ ပြောလဲမရ ...ဗမာပြီပြီ..ကြောက်စရာ ရှိရင် သူ့ထက်ငါ ဦးအောင် ကြောက်လိုက်ကြတာ ဘာပြောကောင်းမလဲ...ပြေးလိုက်ကြတာ ..ဖိုးချက် နဲ့ မိညှက် တို့အတွဲက ရှေ့ဆုံးက အဲဒီ နောက်က ပါနီငပျော့ တို့ ပျင်းတဲ့မယားတို့..ပဒိုင်းပြာ..ယောင်ခြောက်ဆယ်..ဒုက္ခပုံး..မောင်အန်ပုံ..ဗူးနို့..တပြုံတောင်ကြီး ပါလာတာပဲ..နိပွန်ပြည်က အဂ္ဂပဇ္စုန်ရာဇာ ကလဲ ဆားထုပ်ကြီး ဆွဲလို့..မြသီဒါ လဘက် အကြော်စုံ ရောင်းတဲ့ အဖွားဘေသိမ်း တောင် ဘေထုပ် ခေါင်းပေါ်ရွက်ပြီး နောက်ကျန် မနေဘူး...... လူအုပ်ကြီး ဒီလောက် ရုံးရင်းဆန်ခတ် ဖြစ်တော့ ဘကျောက် လဲ ဝက်ရူးပြန် ပြီး တခါထဲ သတိကို ပြန်မလည် လာတော့ဘူး....
ဒါနဲ့ ဘကျောက် ခမြာ အဝီစိ ကို online ကနေ လက်မှတ်တောင် ဝယ်စရာ မလိုဘူး ...ဒါရိုက် ရောက်သွားတော့တာပဲ...ရောက်ရောက်ချင်း ယမမင်း နဲ့ appointment တောင် မလိုဘူး...ချက်ချင်းတွေ့ရ တာပဲ.... အမယ် ...ကမ္ဘာပျက်မဲ့ သတင်း ကလဲ အဝီစိမှာ breaking news အနေနဲ့ hit ဖြစ်နေတာ ကိုး....ဖြစ်ရမယ်လေ...အဝီစိ ကလဲ ကမ္ဘာကြီး ရဲ့ basement မှာမို့လား.... ကမ္ဘာမြေကနေ အခုမှ ရောက်လာတဲ့ ဘကျောက် ကို ယမမင်းက အပြတ်ကို ဗျုး တော့ တာပဲ... ကမ္ဘာပျက် ခါနီး မင်းဘယ်သူနဲ့ နေချင်သလဲတဲ့... ကဲ..မေးလိုက်ပုံက.. အို...ကမ္ဘာပျက်ခါ နီးမှတော့ ဘယ်သူနဲ့မှ မနေချင်ပါဘူး..သူတို့က ကြောက်လန့်တကြား ဖြစ်နေရင် ကိုယ့်မှာ ချော့မော့ နေရတာ အလုပ်ပိုသေး..ဘလေဂေတ္တရာသူ တွေဆို ခုကထဲက တောင်ပြေး မြောက်ပြေး..ပြေးနေကြတာ..ဖြေလိုက်တာပေါ့.. နောက်မေးခွန်းတွေ
မှာလဲ ထူးမခြားနားပါပဲ .ကမ္ဘာပျက်မှတော့ ဘာလုပ်လုပ် ဘာတွေးတွေး ဘာရေးရေး အပိုတွေပါ လို့ဆိုတော့....ယမမင်းခမြာ...အနုအရွ ရသ စုံလင်လေး ဖတ်ရမလားလို့ ဘလော့ လည် ထွက်ပါတယ်..တရားတွေရေး..တရားတွေ ပိတ်ဟော နေတဲ့ ဘလော့ထဲ ရောက်သွားသလို..မအီမလည်ကြီး ခံစားနေရတာပေါ့..... ဒါနဲ့ စိတ်မရှည်တဲ့ မျက်နှာပေးနဲ့....ကဲ..ကဲ...ဘာတွေများ ဥဒါန်းကျုးချင် တုန်းလို့လဲ ဆိုရော....ယမမင်း ကို ယောက္ခမ တော်ချင်ပါတယ် လို့ ဘကျောက်က ဥဒါန်းကျုးလိုက်ရော...ယမမင်းက သမက်တော် ချင်ပုံ မရလို့လား မသိဘူး...သွား...သွား..မင်းနေရာ မင်းပြန် ဆိုတာ နဲ့ ..ဘကျောက် လဲ ဘလေဂေတ္တရာ ကို ပြန်ရောက်လာ တာပါပဲ........
ယမမင်း နဲ့ တွေ့ဆုံခန်း ဤတွင်ပြီး၏။ ။
အောင်သာငယ်ရေးခိုင်း လို့ ရေးရတဲ့ tag post ပါ..တစုံတယောက် ထိခိုက် နစ်နာတယ် ထင်ရင် တောင်းပန်ပါတယ်..အမှန်အတိုင်း ပြောရရင် ၊ကျွန်တော် blog မရေးခင်က စာလည်ဖတ်ရင် tag တွေကို တခုအပြင် နှစ်ခုမဖတ်ပါ၊blog တိုင်းက ဒါတွေချည့် ဆိုရင် လူ့သဘာဝကအင်မတန် ငြီးငွေ့ပါတယ် ၊tag post တွေက မူလတန်းကလေးစာစီစာကုံးလို ပုံစံခွက်နဲ့ ရေးထားတာမျိုးဆိုရင် ပိုစိတ်ပျက် ပါတယ်၊၊ လွတ်လွတ်လပ်လပ် ရေးနိုင်တဲ့blog စာမျက်နှာတွေ ပေါ်မှာရသပေါင်းစုံ ဖန်တီးနိုင်တဲ့ လူငယ်ခြေတက်တွေ အများကြီး မျှော်လင့်ထားပါတယ်.. ။