Thursday, December 30, 2010

မ သုံးလုံး ဗိုလ်ကျောက်၏ ရဲစွမ်းသတ္တိ


မသုံးလုံးဆိုတဲ့ အခေါ်အဝေါ်ကို ဒီဖက်ခေတ်လူငယ်တွေ ကြားဖူးချင်းမှကြားဖူးကြပါလိမ့်မယ် ၊ ကိုကြီးကျောက်တို့ မမွေးခင်အချိန်ကတော့ ဒီ မသုံးလုံးနယ်မြေဟာ အင်မတန်နာမည်ကြီးခဲ့တာပေါ့၊ မသုံးလုံးနယ်မြေဆိုတာ ဗမာပြည်အလယ်ပိုင်း မကွေး၊ မြင်းခြံ ၊ မိတ္ထီလာ၊ ခရိုင် သုံးခု ဆက်စပ်ရာနယ်မြေဟာ မသုံးလုံးနယ်မြေပေါ့၊ဒီနယ်မြေက ဗမာပြည်အလယ်ပိုင်း တကယ့်ကို မိုးခေါင်ရေရှားရပ်ဝန်းဒေသဆိုတော့ တောင်သူတွေမှာ လုပ်ကိုင်စားရတာလဲ ဗမာပြည်အောက်ပိုင်းဒေသလို ရေမိုးကအဆင်မပြေ၊ အင်မတန်မှ ဘဝရပ်တည်ရေးအတွက် ခက်ခက်ခဲခဲ ကြိုးပမ်းရတဲ့ဒေသတွေပေါ့၊


ဟိုရှေးကဆိုရင် မြို့ပေါ်တွေကလွဲလို့ တောနေလူတန်းစားတွေမှာ ဆန်အစား ပြောင်းဆန်စားရရှာတာပေါ့၊ ပြောင်းကလဲ ချက်ပြီးစ ပူပူနွေးနွေးစားပါမှ အေးသွားရင် ကျောက်စရစ်ခဲမြိုချရသလိုပါပဲ၊ သူတို့မှာ ဆန်တော့ရှိပါရဲ့ အဝေးကလာတဲ့ ဧည့်သည်ကို တကူးတကချက်ကြွေးဖို့ သိမ်းထားရှာကြတာ၊ဒီတော့... ဒီဒေသမှာကြီးပျင်းရတဲ့ သူတွေမှာ အများအားဖြင့် စိတ်ကြမ်းလူကြမ်း သန်သန်မာမာတွေများကြတာကလား၊ အင်မတန်မှလဲ ရိုးသားဆင်းရဲရှာလေတော့ သူတို့ကို နားဝင်အောင်ပြောတတ်ရင် ယုံတော့တာပဲ၊


ဒီတော့ အလံနီကွန်မြူနစ်ခေတ်မှာ ပစ္စည်းမဲ့တော်လှန်ရေးသမား အလံနီတွေ သိမ်းသွင်းတဲ့အောက်မှာ မသုံလုံးနယ်မြေဟာ အလံနီကွန်မြူနစ်ပါတီရဲ့ အမာခံနယ်မြေဖြစ်တော့တာပေါ့၊ ကွန်မြူနစ်တွေရဲ့ ပစ္စည်းမဲ့တော်လှန်ရေးကလဲ ကိုကြီးကျောက်တို့ ငယ်ငယ်အထိ အတော်ခေတ်စားပေခဲ့တာပဲ၊ ကိုကြီးကျောက်တို့ အရပ်ထဲမှာလဲ တောခို အလံနီဗိုလ် လူထွက်တွေ အများသားကလား၊


ကိုကြီးကျောက်တို့ အိမ်နဲ့မျက်နှာချင်းဆိုင်အိမ်က သခင်ဗဟံရဲ့အိမ်၊ သူ့အကိုကြီးက ဦးဗစိန်တဲ့၊ သူတို့နှမက ဒေါ်နုနု တဲ့၊ ကိုကြီးကျောက်ကတော့ ဘဘစိန်၊ ဘဘဟံ၊ မမနု၊ ဒီလိုပဲခေါ်တယ်၊ သခင်ဗဟံနဲ့ မမနုတို့ မောင်နှမက အလံနီကွန်မြူနစ်တွေ၊ သူတို့ကတောခိုပြီး အဲဒီခေတ်က ဖဆပလ အစိုးရကို တော်လှန်နေကြတာ၊ မမနုက ဘောင်းဘီရှည်နဲ့ သေနတ်ခါးထိုးပြီး မြင်းတစီးနဲ့ ရွာစဉ်လှည့် စည်းရုံးရေးဆင်းနေတာ၊ ကိုကြီးကျောက်တို့ လူမှန်းသိချိန်မှာတော့ မသုံးလုံးနယ်မြေမှာ အလံနီတွေလဲမရှိတော့ပါဘူး၊ ဘဘဟံတို့ မမနုတို့ အလင်းဝင်လာတယ်ဆိုပြီး မြို့ပေါ်ပြန်ရောက်နေကြပါပြီ၊ မမနု သားတင်မောင်ဝင်းက ကိုကြီးကျောက်သူငယ်ချင်း၊ အမယ်...သူကလဲခေသူတော့မဟုတ်ဘူး၊ ၁၉၇၈ ခုနှစ်လောက်မှာ ဥပဒေကျောင်းသားဘဝမယ် မြင်းခြံက စာရေးဆရာမောင်စွမ်းရည် ရဲ့ညီ ကိုကျော်ဆွေ တို့နဲ့ ဗကပ လုပ်ပြီးတောခိုသွားကြတာ၊ ၁၉၉၀ ခုလောက်မှာ ဗကပ နဲ့ ဝ တွေ ကွဲကြပြီးမှ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ပြန်ရောက်လာတော့တယ်၊


ကိုင်း...ဘဘဟံအကြောင်းပြန်ဆက်ရအောင်၊ ဘဘဟံက မြို့ပေါ်ပြန်ရောက်တော့ သခင်ဗဟံ မဟုတ်တော့ဘူး၊ ပန်းချီဗဟံ ဖြစ်သွားပြီ၊ မြင်းခြံဝန်းကျင် ဘုရားစောင်းတန်းတော်တော် များများမှာ ဘဘဟံရဲ့ ဇတ်နိပါတ် ပန်းချီကားတွေ အတော်ရှိပါတယ်၊ အင်း...ခုတော့ ကျန်သေးရဲ့လားမသိဘူး၊ ဘဘဟံက ပန်းချီဆွဲရင် ကိုကြီးကျောက်တို့က ကလေးဆိုတော့ ဘေးကဝိုင်းကြည့်ကြတာပေါ့လေ၊ ဘဘစိန်ကလဲ ဘဘဟံတို့ ကွန်မြူနစ်တွေဆိုရင် အလွန်မုန်း၊ ရှေးရိုးဗမာ လူကြီးတွေ မုန်းမယ်ဆိုလဲမုန်းလောက်စရာပါပဲ...၊ အဲဒီခေတ်က အလံနီကွန်မြူနစ်တွေ ပြောတာကလဲကြည့်အုန်းလေ...၊ ဘုရားဆွမ်းတော်ကပ်တာက ကြွက်စာတို့၊ ဘုရားပန်းလှူတာကို ကြွက်သိုက်လုပ်တယ်လို့ ပြောတော့ ရှေးလူကြီးတွေကဘာသာတရားကို အင်မတန်အလေးထားကြတာ၊ အရမ်းစိတ်ဆိုးတာပေါ့၊


ဘဘစိန်က ဘဘဟံနံဘေးမှာကြည့်နေတဲ့ ကိုကြီးကျောက်တို့ကို ဘာပြောသလဲဆိုတော့...၊ အဲဒီအချိန်မှာ ဘဘဟံကလဲ ဝေဿန္တရာ ဇတ်တော်ကြီးထဲက မဒ္ဒီဒေဝီတောထဲမှာ သစ်သီးရှာတာဆွဲနေတာ၊ "ဗဟံတို့ တောခိုတုန်းတောထဲ ဘာရှာစားသလဲ သိလားကွ ..မသိရင်မှတ်ထား..မြက်စားနေတာ.".တဲ့၊ အဲ..ဘဘစိန် ပြောချင်တဲ့ ရည်ရွယ်ချက်ကတော့ ဘာသာတရားမရှိတဲ့ တိရစ္ဆာန်လို့ပြောချင်တာ..၊ ဒါပေမဲ့ ကိုကြီးကျောက်က ကလေးဆိုတော့ ဘယ်နားလည်ပ့ါမလဲ၊ ကိုကြီးကျောက်စိတ်ထဲမှာ မမနုက မြက်တွေ ကြော်လှော်ပေး၊ ဘဘဟံက မြက်တွေ အားရပါးရစား၊ ငံပြာရည်ချက်နဲ့ တို့စားလိုက် ဒီအတိုင်း နှုတ်စားလိုက် အဲလိုပဲ မျက်စေ့ထဲမြင်နေတာ....၊


အင်း...မသုံးလုံးနယ်သားကျောက်တို့ တောခိုတော့လဲ မြက်မစားရယုံတမယ်ပါပဲ၊ ကိုကြီးကျောက်တို့ဘူမိဗေဒဝန်ထမ်းဘဝ ဘဓရမှာ အလုပ်လုပ်စဉ်က တနှစ်ကို ၁၀ လ လောက်တောမှာပဲနေရတာကိုး၊ တောထဲမှာ ရိက္ခာပြတ်တော့ တောငှက်ပျောအူပြုတ်စားရ၊ မြောက်ဥ၊ ကြွေးဥရှာစားရ၊ ငှက်ဖျားနဲ့ နပမ်းလုံးရ။ ကိုယ်သင်ခဲ့တဲ့ ပညာနဲ့ ဝါသနာအရသာလုပ်ရတယ်...အင်မတန်ဆင်းရဲခဲ့တာကလား၊ ရန်ကုန်ရုံးပြန်ရောက်တော့ အဆောင်ကြေး၊ လမ်းစားရိတ်၊ အပြင် ...ဆေးကုလိုက်ရရင်...အဲဒီလမှာ အလျင်မမီတော့လို့ လကုန်ခါနီး ၁၀ ရက်လောက်မှာ ညစာကို အကြော်မပါ မုန့်ဟင်းခါးတပွဲ ရေနွေးကြမ်းတအိုး နဲ့ ပြီးခဲ့ရတာမို့ မုန့်ဟင်းခါးဆိုရင် ခုထိအသံတောင်မကြားချင်လောက်အောင်ပါပဲ၊ ၊


၁၀ နှစ်၁၀ မိုး တိုင်းပြည် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းဘဝမှာ ငှက်ဖျားပဲ အမွေရတာ၊ အမယ်....ကိုကြီးကျောက်တို့သူငယ်ချင်းတယောက် ကတော့ ကျောင်းပြီးတော့ OTS သင်တန်းတက်ပြီး စစ်ထဲဝင်သွားလိုက်တာ ခု ဌာနတခုမှာ ညွှန်ချုပ်ဖြစ်နေပြီး ဟိုတလောက နေပြည်တော်မှာ သူရတဲ့မြေကွက် (ရန်ကုန်မန္တလေးကမြေကွက်တွေမပါသေးဘူး) ကိုရောင်းတာ ကျပ်သိန်း၂၈၀၀ တောင်ရသတဲ့၊ ဒါ့ကြောင့်လဲ အမိမြေကိုချစ်မြတ်နိုးတာနေမှာ၊ မုဒိတာပွားစရာပါပဲ၊ ဒါပေမဲ့လဲ.. အခု ကိုကြီးကျောက်မကျန်းမာတော့ ဆေးကုဖို့ နေဖို့ စားဖို့ အစစ တာဝန်ယူတဲ့ အမေရိကန်အစိုးရလို တိုင်းသူပြည်သားအပေါ် လူမှုဖူလုံရေးတာဝန်ယူတဲ့ အစိုးရမျိုး ဗမာပြည်မှာ ရစေချင်တာအမှန်ပါပဲ၊


ကိုင်း....တောပျော် မသုံးလုံးကျောက်ရဲ့ ရဲစွမ်းသတ္တိတွေကို သာသာထိုးထိုးကြီး ခပ်ကြွားကြွားလေး ပြောတော့ ပြရဦးမယ်..၊ ကိုကြီးကျောက်တို့ မြိတ်ခရိုင် ဘုတ်ပြင်းနယ်ထဲက ပြည်ကြီးမဏ္ဍိုင်တို့ လေညာတို့ ဖက်တွေ ကွင်းဆင်းကြတုန်းကပေါ့၊ အဲဒီတုန်းက ကိုကြီးကျောက်တို့ အဖွဲ့ခေါင်းဆောင်က ကိုတင်မောင်ဝင်း၊ သူက ဒေါ်ခင်ဝင်းရွှေရဲ့ မောင်၊ ဗိုလ်ချုပ်ဟောင်းခင်ညွန့်ယောက္ဖအရင်း၊ အင်မတန် သဘောကောင်းတဲ့သူ၊ ကိုကြီးကျောက်တို့ထက် (၈)နှစ်လောက်ကြီးပေမဲ့ သူငယ်ချင်းလို ပေါင်းကြတာ၊ ၈၈ အရေးအခင်းပြီးစက သူ့ကို ခင်ဗျားယောက္ဖကြီး စန္ဒာဝင်းနဲ့ ညားနေဆို လို့ပြောပြီး ဝိုင်းနောက်ကြတာတောင် ဟုတ်ချင်ဟုတ်မှာပေါ့ကွာဆိုပြီး ရီနေတတ်တဲ့သူ၊


ကိုကြီးကျောက်တို့အဖွဲ့ ဘုတ်ပြင်းနယ် ကမ်းရိုးတန်းတလျောက် ကျွန်းတွေမှာလဲ field ဆင်းကြတော့ အဖွဲ့လုံခြုံရေးကို မြိတ်က ခလရ(၁၇) ကတပ်ခွဲတခွဲပေးတယ်၊ ကျွန်းတွေပေါ်က ကရင်ရွာတွေမှာလဲ လက်နက်ကိုင်ကရင်အဖွဲ့တွေကရှိတယ်..၊ ဒါပေမဲ့လဲ စိတ်ပူစရာတော့မရှိပါဘူး၊ ကိုယ့်အဖွဲ့လာမယ်ဆိုရင် သူတို့ကိုကြိုအကြောင်းကြားထား၊ သူတို့က ရှောင်နေတာပါပဲ၊ တဖွဲ့နဲ့တဖွဲ့ ဘယ်တော့မှ ထိပ်တိုက်မတွေ့ကြပါဘူး၊


ဒီလိုနဲ့ ကော့ကနင်းဆိုတဲ့ ရွာလေးမှာစခန်းချနေတုန်း၊ တရက်မှာတော့ field နားပြီး အဖွဲ့သားများ ဖဲရိုက်နေကြတာပေါ့၊ ရွာကကျွန်းသေးသေးလေးပေါ်မှာ၊ ကျွန်းလေးက အဝေးကကြည့်ရင် ဒယ်အိုးလေး မှောက်ထားသလိုပဲ၊ ဖဲဝိုင်းကောင်းနေတုန်းရှိသေး စက်လှေတစင်း အရှိန်ခပ်ပြင်းပြင်း မောင်းလာသံနဲ့ အတူ ...တ..ရွှီ....ရွှီ....တဖြောင်း..ဖြောင်း...သေနတ်သံတွေ စကြားရတော့တာပဲ၊ကျည်ဆံတွေကလဲ ရွာထဲက အိမ်တွေကို တဖြောက်ဖြောက် လာမှန်နေတော့ ၊တရွာလုံးလဲ ကြောက်လန့်တကြား ပြေးကြ လွှားကြတာ ဆူညံပွက်နေတာပဲ၊


ကိုကြီးကျောက်တို့လဲ ဖဲဝိုင်းလေး အသာသိမ်းပြီး အခြေအနေကြည့်နေတုန်း ပစ်သံခတ်သံက ပိုပြင်းလာတော့ ...အို...မသုံးလုံးကျောက်ပဲ ဖဲထုပ်လေး အသာသိမ်း ပုဆိုးလေး တထည်ယူပြီး ကျည်ကွယ်မျက်ကွယ် တဲ့နေရာ ကျောက်တုံးတွေ သစ်တုံးတွေ ကွယ်နေတဲ့ ကျွန်းထောင့်ချိုးလေးမှာ တယောက်ထဲ ဖဲတဝိုင်းကစားနေလိုက်တော့တာပဲ..၊ ကျည်ဆံတွေ ခေါင်းပေါ်က တရွှီရွှီ ဖြတ်နေလဲ အေးဆေးပဲ..၊ ကျွန်းသေးသေးလေးမှာ ပြေးစရာနေရာမှမရှိပဲ ပြေးနေလဲ တိုက်ပွဲကြားရောက်ပြီး အချောင်မှန်နေဦးမယ်..၊ဒီတော့....အေးဆေး..တယောက်ထဲ ဖဲရိုက်နေလိုက်တာ ပိုမကောင်းပေဘူးလားဗျာ..၊


တိုက်ပွဲကလဲ ၁၅ မိနစ်တောင်မကြာပါဘူး ပြီးသွားရော...၊ တကယ်တော့ တိုက်ပွဲက ကရင်နဲ့ တိုက်တဲ့တိုက်ပွဲမဟုတ်ပါဘူး။ မှောင်ခိုစက်လှေတစီးကို ရေတပ်က အမြောက်နဲ့လိုက်ထုတော့ ကျွန်းကြိုကျွန်းကြားက ပတ်ပြီးထွက်ပြေးလာတာ၊ သူကအမြန်မောင်းလာတာကို ကင်းစောင့်တဲ့ရဲဘော်လေးက လှမ်းခေါ်ရာ မလာတော့ သေနတ်နဲ့ပစ်လိုက်တော့ စက်လှေပေါ်ကလဲ လက်နက်အစုံအဆင်သင့် ဖြစ်နေတော့ ပစ်ကြခတ်ကြဖြစ်ကုန်တာပေါ့၊ နောက်တော့ အချင်းချင်း နားလည်မှုယူလိုက်ကြပြီး တပ်ကိုလဲ ငွေပေး၊ ကိုကြီးကျောက်တို့ကတော့ cokeတို့ဘာတို့ လက်ဆောင်လေးရတာပေါ့လေ၊ စက်လှေလဲ ဆက်ထွက်သွားတော့တာပေါ့...၊


ဒီလိုနဲ့ အပစ်အခတ်ပြီးသွားတော့ အဖွဲ့သားများက ကိုကြီးကျောက်ကို လိုက်ရှာတော့ တယောက်ထဲ ဖဲတဝိုင်းလုပ်နေတော့ ဆဲလိုက်ကြတာ၊ ကဲ...ဒီလိုမလုပ်လို့ ဘယ်လိုလုပ်ရမှာတုန်း ၊ ပြေးစရာကလဲ မြေမရှိ၊ တပ်က လိုရမယ်ရ လာပေးတဲ့ စတင်းဂန်း ဆိုတာကလဲ ဝေးဝေးပစ်ရတာမှမဟုတ်တာ၊ ပြောင်းပူလာရင် ရှေ့တတောင်လောက်ပဲ ကျည်ဆံကရောက်တော့တာ၊ ဒီတော့ ပစ်ခတ်နေတဲ့ကြားမှာ စိတ်အေးလက်အေးပဲ တယောက်ထဲ ဖဲရိုက်နေတာ မကောင်းပေဘူးလားဗျာ...၊ ကိုင်း.....ဒါဟာ တကယ်တော့ မသုံလုံးကျောက်ရဲ့ တိုက်ပွဲကြားက ရဲစွမ်းသတ္တိပဲ မဟုတ်ပါလားခင်ဗျာ.....။


ကိုကြီးကျောက်ကို မသုံးလုံးနယ်မြေ အကြောင်းရေးပေးပါဆိုတဲ့ မယ်လွင် ကို သတိရသလောက်ရေးပေးလိုက်ပါတယ်..၊ တကယ်တော့ မသုံးလုံးနယ်မြေ ဟာ တခေတ်တခါက အလံနီကွန်မြူနစ်တွေရဲ့ ဗဟိုဌာနဖြစ်ခဲ့သလို အစဉ်အလာအင်မတန်ကြီးခဲ့တဲ့ဒေသပါ၊ ကိုကြီးကျောက်မှာ စာအုပ်စာတန်းတွေ ပြန်ဖတ်စရာ ဗမာပြည်မှာကျန်ခဲ့လို့ သဘောလောက်ပဲရေးနိုင်တာကို ခွင့်လွှတ်မယ်ထင်ပါတယ်၊ မကွေးခရိုင်က ဂွေးချိုတောင်တန်းနဲ့ ရေကန်ပုံကို google ယူပါသည်။ကိုကြီးကျောက်ကျန်းမာရေးကတော့ တနေ့ရွှေ တနေ့ငွေ ပါပဲ၊ ဆရာဝန်တွေကတော့ ၁၀၀% လို့ပြောပေမဲ့ ကိုယ့်ဖာသာ ၅၀/၅၀ လို့ သဘောထားပြီး ရှင်သန်အောင်နေ နေပါတယ်။

Friday, December 24, 2010

သုတေသီကျောက်၏ ဝိတိုရိယလှို့ဝှက်ချက်ဖေါ်ထုတ်ခြင်း

ခုတလော ရာသီဥတုကလဲ အေးလိုက်တာ..၊ ရေခဲမှတ်အောက်မှာ နေနေရတယ်၊ ခနတဖြုတ်အပြင်ထွက်တာတောင် လေအေးတွေက တဟူးဟူး တိုက်နေလေတော့ ဘယ်မှမထွက်ရဲဘူး၊ ဒါနဲ့ ကိုကြီးကျောက်လဲ အိမ်ထဲမှာပဲ ကုပ်နေပြီး ရှိတဲ့စာအုပ်လေးတွေ လျောက်ဖတ်နေရတယ်၊ ရှိတာကလဲ တရားစာအုပ်ဆိုတော့ စာဖတ်လို့ ၂ ကြောင်းပဲရှိသေးတယ် မျက်စေ့ကစင်းလာပြီ၊ တမျက်နှာမပြည့်ခင် သေချာပေါက် အိပ်တော့တာပဲ၊ တရားလေးနာမယ်ကြံတော့လဲ ဘုန်းကြီးကမှ အ..ဟမ်း..အဟမ်း..ချောင်းဟန့်ကာရှိသေး ခူး..ခလော..ဖြစ်နေပြီ၊

ဒါကြောင့် တခြားရှိတဲ့ ဂျာနယ်လေးတွေဖတ်..၊အို..နောက်ဆုံး ..junk mail လို့ခေါ်တဲ့ ကြော်ငြာတွေပါမကျန်အောင် လျောက်ကြည့်ရင်း Victoria's secret ဆိုတဲ့ ရုပ်ရှင်မင်းသမီး Victoria Principle ရဲ့ အလှကုန် ပစ္စည်းကြော်ငြာလေးတွေ့မိသဗျ..၊ ဗမာလို ဆိုရင်တော့ ဝိတိုရိယ လှို့ဝှက်ချက် ပေါ့ဗျာ..၊ ကိုင်း...ဝိတိုရိယက သူ့ရဲ့ အလှအပ လှို့ဝှက်ချက်တွေ ဘာတွေဆိုတာ သုတေသီကျောက် အနေနဲ့ သုတေသနပြုကြည့်ချင်စိတ်တွေ တဖွားဖွား ပေါ်လာသဗျ..၊


ကဲ..မျက်နှာဖုံးရှင် မော်ဒယ်မလေးရဲ့ လှို့ဝှက်ချက်ကို စဉ်းစားကြည့်လိုက်တော့......၊ အင်း...ဒီသူငယ်မလေးခမြာ ဓါတ်ပုံတွေ လက်မလည်အောင်ရိုက်နေရတော့ ရုတ်တရက် အန္တရာယ်မလွယ်နိုင်ဘူး ထင်ပါရဲ့၊ နံရံဖက်လှည့်ပြီး ဆောင့်ကြောင့်လေးထိုင်ပြီး သူ့ကိစ္စရှင်းနေရရှာတယ်၊ အမယ်...ဓါတ်ပုံဆရာကို ရှက်ပြုံးလေးပြုံးပြလို့ ခင်ဗျ ၊

ကိုင်း...ဒါလေးကတော့ ၂၉ ကျပ်တန် နွားမလည်ပင်းလေးတဲ့၊ အင်္ကျီကိုနာမည်မှည့်ထားတာ နဲ့တူပါရဲ့ ၊ ဒါပေမဲ့ သူ့လည်ပင်းလေးကလဲ ကိုကြီးကျောက်တို့ ငယ်ငယ်က ကျောင်းခဲ့ရတဲ့ နွားမတန်းလေး လည်ပင်းနဲ့ တူလှတာမို့ သူ့ပုံလေးကြည့်ပြီး သူ့လည်ပင်းကို ယီးလေးခို စီးကြည့်ချင်တာ အမှန်....အမှန်...၊

အင်း...သူ့ကိုတော့ ဘာမှ နာမည်ပေးမထားဘူးဗျ..၊ ဒီလိုဆိုတော့လဲ ကိုကြီးကျောက်ကပဲ ပေးရမှာပေါ့လေ..၊ ဟိုတယောက်က နွားမလေးလည်ပင်းဆိုတော့....သူက.....၊ သူ့ကြည့်ပြီး ကိုကြီးကျောက် ကိုရင်ဘဝက ကျောင်းက ခွေးသားမွေးမလေး သွားသတိရတယ်၊ ခွေးသားမွေးမလေးမှာ ခွေးလေးတွေက ၁၀ ကောင်လောက်ပေါက်ထားတော့ သူ့ခမြာ စားရတာနဲ့ ခွေးလေးတွေ နို့ဝိုင်းတွယ်တာနဲ့ မကာမိရှာဘူး၊ ခွေးလေးတွေကလဲ နို့စို့သန်..၊ ခွေးသားမွေးမလေးမှာ လည်ပင်းလေးကလဲ ပိန်..၊ နို့ပျဉ်းကျပိန်ညှောင်လေးနဲ့ ခမြာမှာ ခွေးရုပ်တောင်မပေါ်ချင်ဘူး..၊ ခုလဲ သူ့ကြည့်ရတာ..လည်ပင်းလေးကပိန်..နို့ပျဉ်းကျလေးနဲ့..၊ ဒီတော့...ခွေးသားမွေးမလည်ပင်းလေးပေါ့ဗျာ...၊

ဒါလေးကတော့ အနွေးထည်ကြော်ငြာနေမှာပေါ့ဗျာ..၊ သူ့ရဲ့ လှို့ဝှက်ချက်ကတော့ တခြားနေရာတွေသာ ချမ်းချင်ချမ်းမယ်..ဗိုက်ကတော့ မချမ်းတတ်ဘူးတဲ့..၊ ဗိုက်ပူတတ်တဲ့ အမျိုးထင်ပါရဲ့...၊

အင်း......အမေရိကန်နိုင်ငံကြီး ခုထိ စီးပွားရေးကောင်းကောင်းနာလံမထူ နိုင်သေးတာတော့ အမှန်ဗျ...၊ လူတွေလဲ အသုံးအစွဲ အစစချွေတာလိုက်ကြတာ...ဟော....ဒီကောင်မလေးဆိုရင် ရှပ်အင်္ကျီ ၂၉ ကျပ်တန် ဝယ်ဝတ်နိုင်ပေမဲ့ ဘောင်းဘီရှည် ဝယ်ဝတ်ဖို့ကြ ငွေရေးကြေးရေး စဉ်းစားရပြီလေ...၊ ကိုင်း...ဒီအတိုင်းလမ်းသလားချင်ရင်တော့ လောလောဆယ် မြောက်ပိုင်းပြည်နယ်တွေမှာမရသေးဘူး၊ ဖလော်ရီဒါကို ကြွလို့ အကြံပေးရမှာပဲ ၊

အဲ...သူ့ချွေတာနည်းလေးကတော့ ကောင်းသားဗျ..၊ လွတ်လွတ်လပ်လပ်ရှိလှပါပေတယ်၊ အတွင်းပစ္စည်းအတွက် ဘာမှလှို့ဝှက်မနေပေဘူး၊ ကိုင်း...သူငယ်မရေ...နွေရာသီမှာ လှို့ဝှက်မနေပဲ ပြန်တွေ့ကြတာပေါ့လေ..၊
ဟော....သူကလေးရဲ့ ချမ်းပုံချမ်းနည်းက တဘာသာလေးခင်ဗျ..၊ သူက ခြေသလုံးအေးတာတော့ မခံနိုင်ဘူးတဲ့၊ ဒါ့ကြောင့် ၅၉ ကျပ်တန် ဘိနပ်ကြီးစီးပြီး ကျန်တာတွေအေးချင်သလောက်အေးတဲ့..၊ သူချမ်းတတ်တဲ့ စတိုင်ကိုတော့ ကိုကြီးကျောက်တို့ ကြိုက်ပါ့ဗျာ..၊ မိန်းကလေးဆိုတော့ ခြေသလုံးသားလေးမပေါ်အောင် ဂရုစိုက်ပြီး ဝတ်ထားတာကလား၊ ကိုင်း...သူ့လှို့ဝှက်ချက်တော့ ခန့်မှန်းမိပြီ...၊
သုတေသီကျောက်လဲ သူများလှို့ဝှက်ချက်တွေ ဖေါ်ထုတ်နေလိုက်တာ၊ ကိုယ့်လှို့ဝှက်ချက်လဲ ရေးရဦးမယ်၊ လွန်ခဲ့တဲ့ ၁၇ ရက်နေ့က CT scan ထပ်ရိုက်တော့ ကင်ဆာက ပြန့်စပြုနေသတဲ့ ၊ ဒါပေမဲ့ ဆရာဝန်လဲ ကျောက်ရဲ့ပုံက အလန်းကြီးဆိုတော့ လွန်ခဲ့တဲ့ ၅ လတုန်းကလို နောက် ၆ လရှိရင် သေမယ်မပြောရဲတော့ဘူး၊ ကိုကြီးကျောက်ကို ကုသဖို့ ခု National Institute of Health နဲ့ တိုင်ပင်နေပါတယ်၊ ဘာလို့လဲဆိုတော့ နောက်ဆုံးပေါ်ဆေး Nexavar sorafenib နဲ့လဲ ကိုကြီးကျောက်က မတည့်ဘူး၊ သောက်လေ အသဲက ယောင်လာလေ ဖြစ်နေတယ်၊
ကိုကြီးကျောက်ကတော့ ငယ်ငယ်က ဘုရားလှည့်ပွဲမှာ ပြဇတ်ကခဲ့တာသွားသတိရမိတယ်၊ ကိုကြီးကျောက်တို့ မြင်းခြံမှာ ပုဂံမင်းလက်ထက်က ဧရာဝတီမြစ်ထဲမှာ အထက်အညာက ဘုရားတွေ ကမ်းပြိုလို့ မျောလာတဲ့ ဘုရား ၃ ဆူ ဆယ်ပြီးပူဇော်ထားတာရှိတယ်၊ တော်သလင်းလမြစ်တွင်းသင်ဖြူးခင်းချိန် မှာ ဘုရားပွဲကို ကုန်းပွဲရေပွဲတွေနဲ့တမြို့လုံး လှည့်ပြီးအပူဇော်ခံတာပေါ့၊ ဘုရားလှည့်ရင် တမြို့လုံး ကလေးလူကြီး တီးဝိုင်းတွေ၊ယိမ်းတွေ၊ သံချပ်တွေ၊ ပြဇတ်တွေ ဝင်ကကြတာပေါ့၊ သံချပ်ကတော့ မဆလ လက်ထက်မှာ သူတို့ကို ပြောင်လို့ သံချပ်မထိုးရတာ ခုထိပါပဲ၊ နှစ်ပါင်းရာနဲ့ချီပြီး ဘုရားပွဲမှာ သံချပ်ထိုးခဲ့သမျှ စစ်အာဏာရှင်တွေခေတ်ကြမှ အကုန်ပျောက်ကုန်တော့တာပဲ၊
ဘုရားပွဲမှာမဏ္ဍပ်တွေထိုးပြီး အကြွေးအမွေးတွေနဲ့ ဧည့်ခံကြတာပေါ့၊ ကိုကြီးကျောက်တို့ကလဲ ကလေးဆိုတော့ ဘုရားပွဲမှာ ကလဲက စားလဲစားရတော့ ပျော်တာပေါ့၊ ခုတော့ မကြွေးနိုင်တော့ပါဘူး၊ ကိုကြီးကျောက်တို့ပြဇတ်ကကြတော့ ကလေးတွေဆိုတော့ ဘယ်မှာဇတ်ညွှန်းရယ် သတ်သတ်မှတ်မှတ် ရှိမလဲ၊ ဒါရိုက်တာရဲ့ပါးစပ်ဖျားက ထွက်တဲ့ဇတ်အတိုင်းကရတာကိုး၊ ကိုကြီးကျောက်က ပြဇတ်မှာ သူဌေးကြီး၊ သားဆိုးတယောက်ရှိတယ်၊ သူဌေးဆိုတော့ မှင်အနက်နဲ့ နှုတ်ခမ်းမွှေးတား၊ ခေါင်းပေါင်းနဲ့ပေါ့လေ၊
သူဌေးသားက အဖေ့ဆီကအမွေတောင်းတော့ မပေးလို့ လူဆိုးတွေနဲ့ပေါင်းပြီး အဖေကို ဒါးပြတိုက်ခန်းပေါ့လေ၊ သူဌေးကြီးက ငွေမပေးတော့ လူဆိုးတွေက သေနတ်နဲ့ ပစ်သတ်လိုက်တာကိုး၊ ဒီတော့ ကိုကြီးကျောက်က...အား....ကနဲ..အော်ရင်း တုန်းကနဲလဲ လှဲသေလိုက်ရော...၊ဒါရိုက်တာလုပ်သူက..မင်း..မသေဘူး...ပြန်ထ..သားကို ပြန်စောင့်ရမှာ ဆိုတော့..၊ စန့်စန့်ကြီး မသာပေါ်နေတဲ့ ကိုကြီးကျောက် ခမြာ ရင်ပတ်လက်ဝါးနဲ့ အုပ်ပြီး...သား..လူကလေး...နဲ့ အော်နေရတာပေါ့..၊ ကဲ...ကိုကြီးကျောက်မှာ ပြဇတ်ထဲ ခုသေလိုက် ခုရှင်လိုက်နဲ့..ဒါရိုက်တာပြောသမျှ လုပ်နေရတော့တာ၊ ခုလဲပဲ....ဆရာဝန်များက ခုသေမယ်ပြောလိုက်..ခု မသေသေးဘူးပြောလိုက်နဲ့...ကိုကြီးကျောက်ခမြာ...သေရမလို..ရှင်ရမလို ဖြစ်နေကြောင်းပါ ခင်ဗျာ....။

Sunday, December 12, 2010

ဂျူလီယန်ကျောက်၏ ဘလော့ဂါဝီကီလိ


ကမ္ဘာမှာ အမေရိကန်သံရုံးတွေက လှို့ဝှက်ချက်တွေကို Julian Assange ရဲ့ Wikileaks မှာခေတ်စားနေတုန်း ဂျူလီယန်ကျောက်ကလဲ မြန်မာဘလော့ဂါလောက အကြောင်း တိုးတိုးတိတ်တိတ်ရထားတာလေးတွေ ဖွင့်ချရတော့မှာပေါ့ဗျာ....အ..ဟင်း...ဟင်း...


ကိုZT ဂေလန်းကို သွားတာဟာ လမ်းလျောက်ယုံ ၊ဘော်ဒါများကို လိုက်ပြယုံ သက်သက်မဟုတ်ပဲ တရုပ်ပြည်မကြီးက ကုန်ကြမ်းတင်သွင်းနိုင်ဖို့ တရုပ်ပြည်အတွက် spy လုပ်ပေးတာလို့ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်းယူက ပြောကြားကြောင်း ဘလော့ဂါ ဝီကီလိ က သတင်းရရှိပါသည်။ မယ်ကိုးတယောက် အိမ်လွမ်းသူ၊ အိမ်ပြေးသူ...စတဲ့ post တွေနဲ့ ရေးသားလာခဲ့ပြီး ခုတခါ အိမ်ပေါင်သူ ဆိုပြီး အိမ်ပေါင်ပြီးနိုင်ငံခြားထွက်ဖို့ ကြိုးစားနေကြသူတွေ အကြောင်းရေးသားဖို့ အစီအစဉ်ရှိပေမဲ့ အပေါင်ခံ အတိုးပေးသူများရဲ့ ခြိမ်းခြောက်မှုတွေ ခံနေရကြောင်း သတင်းတွေ ပြန့်နှံ့နေပါသည်။


အိမ်ပြန်ကြသူများ post ကို ရေးသားခဲ့တဲ့ သက်ဝေ ခမြာ တကယ်အိမ်ပြန်မယ်လဲဆိုရော အိမ်မှာစောင့်နေတဲ့ လျော်စရာ အဝတ်ဟောင်းပုံကြီး၊ ဆေးစရာကြောစရာ ပန်းကန်ခွက်ယောက်တွေ ကို မျက်စေ့မှာ မြင်ယောင်လာပြီး အိပ်မက်ထဲပဲ ပြန်ဖြစ်တော့ကြောင်း ဝန်ခံစကားကို ဘလော့အစပိုင်းတွင်သီချင်းလုပ်ရေးသားလိုက်ကြောင်း သတင်းရပါသည်။ အလုပ်မှာနေရာကောင်းရရှိထားသူ ချစ်ကြည်အေးတယောက် ရရှိထားတဲ့နေရာကို အသုံးချပြီး ဓါးပြဂိုဏ်းထောင်ဖို့ အကြံအစည်ရှိကြောင်း၊ ဒါပေမဲ့ ဓါးပြနဲ့ တူအောင်နှုတ်ခမ်းမွှေးထားဖို့ အခက်အခဲရှိနေကြောင်း၊ ပန်ဒိုရာကို နှုတ်ခမ်းမွှေး ဆွဲခိုင်းပေမဲ့ နှုတ်ခမ်းမွှေးမှာ အနီတဖက် အစိမ်းတဖက် ဖြစ်နေတဲ့အတွက် ဓါးပြဗိုလ် ဘဝကို အောင်မြင်စွာ စွန့်လွှတ်လိုက်ရကြောင်း အမေရိကန်သံရုံးနံဘေး ဘယာကြော်သည်ကုလား၏ ဘယာကြော်ထုပ်သည့် စာရွက်ထဲတွင် ဖတ်လိုက်ရပါသည်၊


ဂျပန်နိုင်ငံ ကျိုတို၊နာရ တွင် နိုင်ငံပေါင်း ၄၄ နိုင်ငံက မြို့တော်ဝန်များကို အပြည်ပြည်ဆိုင်ရာရှေးဟောင်းမြို့တော်များ ကွန်ဖရန့်တက်ရောက်ရန်ဖိတ်ကြားခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန်လဲ ပါဝင်ကြောင်း ၊ ရန်ကုန်မြို့တော်ဝန်မှာ အစည်းဝေးကို တက်ရောက်လိုသော်လဲ သူ့မှာ စီးစရာ ဆင်ကြယ်ဖိနပ်သာရှိသဖြင့် ဂျပန်နိုင်ငံရှိ မိုးမင်းကြီး အမည်ခံ ဘလော့ဂါ ကိုအကူအညီတောင်းခဲ့ကြောင်း မိုးမင်းကြီးက အကြောင်းမပြန်၍ မတက်ရောက်နိုင်ခဲ့ကြောင်း အမေရိကန်သံရုံးကြေးနန်းတွင် ပါသလိုလို သတင်းရပါသည်၊


မန္တလေးမြို့နေ ဘလော့ဂါ ရွှေစင်ဦးသည် သူ၏ပုံဟောင်းများကို သူများမြှောက်ပေးသဖြင့် ဘလော့တွင်တင်ရာ အရပ်အထူးပုနေကြောင်း စိတ်မသက်ဖွယ်မြင်ရသဖြင့် အရပ်ရှည်ရန် ပုံများကိုပြုပြင်ရာ မျက်နှာပါရှည်သွားသဖြင့် မော်ဒန်ကာတွန်းမှဇတ်လိုက် ဦးဒိန်းဒေါင်နဲ့ ချွတ်စွပ်တူသွားကြောင်း ညီမဖြစ်သူ စည်းစိမ်က ပြောကြားသွားပါသည်၊ ကလူသစ်၏ မူလ တောင်စဉ်ရေမရအလွမ်းထဲတွင် ရည်းစားဟောင်းများပါဝင်ကြောင်း၊ ၎င်းရည်းစားဟောင်းများအကြောင်းကို ထည့်သွင်းရေးသားမည် ဆိုပါက ညစာငတ်သွားမည်ဖြစ်ကြောင်း မဒမ်လူသစ်၏ ကြိမ်းဝါးမှုခံလိုက်ရကြောင်း စင်ကာပူပြည်ထဲရေးဌာနက အမေရိကန်သံရုံးကို ပြောကြားသလိုလို သတင်းရပါသည်။


ကြိုးချီပြီးတိုက်ပေါ်က ခုန်ချတာ ခေတ်စားနေသော ဘိလပ်နိုင်ငံကြီးတွင် ဝက်ဝံလေးအမည်ခံ ဘလော့ဂါမလေးလဲ အားကျမခံ ခုန်ချရန်ကြံစည်နေသော်လဲ သူ့ကိုယ်လုံးအတွက် ခိုင်ခန့်မည့် အုန်းဆံကြိုး ရှာမရသဖြင့် အကြံအစည်စွန့်လွှတ်လိုက်ကြောင်း သတင်းများ ဖြစ်ပေါ်နေပါသည်။ ဘလော့ဂါဝီကီလိမှ ကျန်ရှိနေသေးသော ဖိုင်ဘာအော့(ပ)တစ် သတင်းများ( ကြေးနန်းကခေတ်မမှီတော့လို့) သတင်းရရှိသလို ဆက်လက်ဖေါ်ပြသွားပါမည်....။


ကိုင်း...ဒီတခါတော့ တကယ်ခြေရာဖျောက်တော့မယ်..၊ရောဂါက သက်သာပေမဲ့ side effects ခံရတာလဲ တော်တော်ခံနေရတယ်၊ ဝေဒနာကို ရှုပြီးသက်သာအောင်နေ နေရတော့တာပဲ၊ နှစ်ကုန်တဲ့အထိ နားပြီ....။

Tuesday, December 7, 2010

Rally ကျောက်နဲ့ ကုလားမခြေထောက်သရဲ

တလောဆီက Rally ကားပြိုင်ပွဲမှာ ဗမာပြည်က ကားမောင်းသူက ဗိုလ်စွဲသတဲ့ ၊ တကယ်တော့ ဒါဟာမထူးဆန်းတဲ့ သတင်းပါ၊ ကိုကြီးကျောက်တို့ ရန်ကုန်ရွှေမြို့တော်ကြီးက ဘတ်စကားတွေဆို ကားပြိုင်ပွဲအတွက်လေ့ကျင့်နေသလားလို့တောင် ထင်ရတယ်၊ သူ့ထက်သူ အပြိုင်အဆိုင်မောင်းလိုက် ကြတာများ၊ ဟော...ကိုကြီးကျောက်တို့လဲ ဗမာပြည်မှာနှစ်ပေါင်းများစွာ နေလာတာပဲ ဒီ Rally မောင်းတာမျိုးလောက်ကတော့ ..အဟင်း...အေးဆေးပဲ..၊ ကိုကြီးကျောက်တို့ ဘယ်မှာ ဘယ်လို မောင်းခဲ့သလဲ ဆိုတာပြောရရင်တော့...

ကိုကြီးကျောက်တို့ မြင်းခြံမှာ ကိုးဆောင်ဘုရားနဲ့ ကိုးဆောင်ပရိယတ္တိစာသင်တိုက်ကြီးက အထင်ရှားရှိတာပေါ့၊ ကိုးဆောင်ဘုရားကြီးရဲ့ ဈေးကြီးတန်ဆောင်းဟာ သမိုင်းဝင်တနေရာပါပဲ၊ ၁၉၃၆ ခုနှစ် ဒုတိယအကြိမ်မြောက် ဒို့ဗမာအစည်းအရုံး ညီလာခံကို ကိုးဆောင်ဘုရားကြီးဈေးကြီးတန်ဆောင်း မှာကျင်းပခဲ့တာပေါ့..၊ အဲဒီညီလာခံမှာ ဝိုင်အမ်ဘီ ဆရာတင်က ဒို့ဗမာသီချင်းကို မြင်းခြံကွေ့ကြီးရပ်အပျော်တမ်းတူရိယာအဖွဲ့ နဲ့တွဲဖက်ပြီးသီဆိုခဲ့တာ တမြို့လုံးဒို့ဗမာသီချင်းသံ စီစီညံခဲ့တာပေါ့၊ အဲဒီ ညီလာခံကစလို့ အမျိုးသားသီချင်းသတ်မှတ်ခဲ့ပြီး နိုင်ငံတော်သီချင်းကို ဒီသီချင်း အခြေခံပြီးရေးကြသတဲ့၊

ဒို့ဗမာသီချင်းကလဲ ဘယ်လောက်ခေတ်စားတယ် မစားတယ် မင်္ဂလာဆောင်မှာလဲ ဒီသီချင်းပဲ၊ အလှူမှာလဲ ဒီသီချင်းပဲ..ကလေးကင်ပွန်းတပ်တာတောင် ဒီသီချင်းပဲ ဆိုကြသတဲ့၊ ကိုကြီးကျောက်တို့ အရပ်ထဲက ဦးလေးသန်းစိန်တို့ ကာလသားဘဝက မြင်းခြံ နဲ့ ၂ မိုင်ကွာမှာရှိတဲ့ လေးအိမ်တန်းရွာ မင်္ဂလာဆောင်မှာ သွားပြီးတီးကြမှုတ်ကြတော့ ဒို့ဗမာသီချင်းအဆိုကောင်းလို့ ပြေးပေါက်မှားကြရသတဲ့၊ ဒီသီချင်းထဲမှာ ဗမာတွေ ကံခေလို့ အင်္ဂလိပ်လက်အောက်ကျွန်ဘဝရောက်ကြတဲ့ အကြောင်းပါတယ်၊ သီချင်းစာသားပါ " ငါတို့ကံခေ........" ဆိုတာကို ဦးလေးသန်းစိန်က ဆွဲဆွဲငင်ငင်နဲ့ ဆိုတော့ သတို့သားဦးလေး ဖြစ်သူက မင်္ဂလာချိန်မှာ ဘာကံခေတာတွေ ဆိုရသလဲဆိုပြီး ဝါးရင်းတုတ်နဲ့ တီးဝိုင်းကို ဝင်ရိုက်တာအကုန်ထွက်ပြေးကြရသတဲ့..၊

ကံအခေဆုံး ဦးလေးသန်းစိန်မှာတော့ ခေါင်းမှာ ၅ ချက်တောင်ချုပ်ရသတဲ့၊ အရပ်ထဲကတော့ ဦးလေးသန်းစိန် ကံခေကြောင်းကို လူစုံတိုင်း တဝါးဝါး ပြောပြီးရီကြတာပေါ့၊

ပျံလွန်တော်မူသွားတဲ့ ကိုးဆောင်ဆရာတော်ဘုရားက ပုဂံ လောကနန္ဒာဘုရားနားက သီရိပစ္စေယာရွာသား၊ အဲဒီတော့ ပုဂံကလူတွေ ညောင်ဦးကလူတွေ မြင်းခြံကို ရုံးကိစ္စနဲ့လာလာ၊ ဘာအကြောင်းနဲ့ပဲလာလာ ကိုးဆောင်တိုက်ကို ဝင်ကြတာပဲ၊ ညောင်ဦးမြင်းခြံပြေးတဲ့ လိုင်းကားတွေက ပုဂံအာနန္ဒာဘုရားနားက တောင်ဘီရွာသားတွေ ပိုင်ကြတာများတယ်၊ အဲဒီတော့ မြင်းခြံမှာညအိပ်တဲ့ကားတွေက ကိုးဆောင်တိုက်မှာ လာပြီးကားထိုးအိပ်ကြတာ၊ ကိုကြီးကျောက်ကလဲ ကိုးဆောင်ကစာချဘုန်းကြီးတွေနဲ့က ဆရာဒကာရင်းတွေဆိုတော့ တောင်ဘီကကားသမားတွေနဲ့လဲ ရင်းနှီးနေတာပေါ့လေ၊ ကားသမားတွေကလဲ ညောင်ဦးကို သူတို့ကားနဲ့ လိုက်ဖို့ အမြဲခေါ်ပါရဲ့ ကိုကြီးကျောက်ကတော့ သူတို့ကားတွေက ပုပ္ပားကျောက်ပန်းတောင်းကနေ တကွေ့တပတ်ကြီးသွားတာမို့ အချိန်ကုန်လို့ မလိုက်ပါဘူး၊ ညောင်ဦးမြင်းခြံကို ဆိုင်ကယ်နဲ့သွားရင် တနာရီ သာသာပဲစီးရတာ၊


ကိုကြီးကျောက်တခါတော့ ရွှေစည်းခုံဘုရားကြီးသွားချင်တာနဲ့ သွားတော့ ရွှေစည်းခုံဘုရားမှာလူကလဲရှင်းလို့ ကိုအေအေတူ(AATO)ပေါက်စ တိုးရစ်ဂိုက်လုပ်မဲ့ ကလေးတွေက ကိုကြီးကျောက်ဆီ တပြုံကြီးပြေးလာကြရော၊ ကိုကြီးကျောက်ကလဲ သူတို့ကို " သွားပါကွာ...မင်းတို့ပြောမဲ့ ကျောက်မြင်းကြီးကဘယ်လို ကျန်စစ်သားလှံထောက်ရာက ဘယ်ဟာ..ပွဲစားကြီးဦးနေဒွန်းက ဘယ်ကဲ့သို့တွေ နားမထောင်ချင်ပါဘူး" လို့ပြောတော့ ..၊ အသက် ၉ နှစ်လောက်ပဲ ရှိမဲ့ ကောင်လေးက " အကိုကြီးရာ.. ကျနော်တို့ ဧည့်မလာလို့ ဈေးဦးမပေါက်သေးလို့ပါ မထောင်ချင်ထောင်ချင် ထောင်လိုက်စမ်းပါ " တဲ့..၊ ဒီကောင်လူပါး..၊ အသက် ၄၀ ကျော် ကိုကြီးကျောက်ကို အကိုကြီးဖမ်းခေါ်ပစ်တာ၊ တကယ်တော့ ကိုကြီးကျောက်မြေးအရွယ်၊ " မထောင်ချင်ဘူးကွာ" ဆိုတော့ "ဒါဆို ဆံပင်ဖြူနှုတ်ပေးမယ်ဗျာ" တဲ့..၊အင်း... ဒီကောင်ကြည့်ရတာ တမျိုးပြီးတမျိုး လက်လျော့မဲ့ပုံ မပေါ်လောက်ဘူးဆိုပြီး...ကဲကွာ..နှုတ်နှုတ် လို့လဲဆိုလိုက်ရော အဲ
ဲဒီနားက ကလေးတပြုံကြီး တယောက်တလက် ဝိုင်းနှုတ်လိုက်ကြတာ ကံကောင်းလို့ ကိုကြီးကျောက်မှာ စာကလေးကျော် ဆံပင်ပုံမဖြစ်တယ်..၊
ကဲ...ကဲ...Rally ကျောက်တို့ ကုလားမခြေထောက်သရဲနဲ့ တွေ့ကြပုံလေးဆက်ကြဦးစို့..၊လွန်ခဲ့တဲ့ အနှစ်၂၀ လောက်က အပေါ်ကပုံပြထားတဲ့နေရာမှာ လူနေအိမ်ခြေလဲဘာမှမရှိ ပြောင်းခင်းတွေပဲရှိတယ်၊ ပြောင်းခင်းက ပြောင်းဖူးတဲ့ပြောင်းမဟုတ်ဘူး၊ နှံစားပြောင်းတွေ၊ ထုတ်ကုန်နှစ်ဆတိုးမြှင့်ကြ ဆိုတဲ့ ဆိုင်းဘုတ် ဟိုဖက်မှာ မြင်းခြံကနေ သာစည်နဲ့ ပုဂံကို သွားတဲ့ ရထားလမ်းရှိတယ်၊ ရထားလမ်းဟိုဖက်က မန်ကျီးပင်ကြီးအောက်မှာ ရထားတွေအလံပြတဲ့ အစောင့်တဲရှိတယ်၊ သစ်သားကွပ်ပြစ်ကြီးတခု ခင်းထားတယ်၊
မေလထဲ တညမှာတော့ ကိုကြီးကျောက်ကလဲကိုးဆောင်တိုက်ထဲ ဝေယျာဝေစ္စ လုပ်စရာလေးရှိတော့ ၊ ဘုန်းကြီးကျောင်းမှာအိပ်တယ်၊ အဲဒီညမှာ တောင်ဘီကကားသမားတွေ ကုလားမတို့ အုပ်စုက မြင်းခြံမှာအိပ်တဲ့ရက်ဆိုတော့ ကျောင်းမှာတွေ့ကြတာပေါ့၊ အဲဒီနှစ်က မိုးကလဲနောက်ကျတော့ ပူလိုက်တာ၊ ညဆိုပူလွန်းလို့ တော်တော်နဲ့မအိပ်နိုင်ဘူး၊ ဒါနဲ့ ည ၁၁ နာရီလောက်ကြ ကားသမားတွေက မြို့ပြင်ထွက်ပြီး အလံပြတဲက ကွပ်ပျစ်မှာအိပ်ကြမယ်ပေါ့၊ နဲနဲအပူသက်သာတာပေါ့လေ၊


ဒါနဲ့မြို့ပြင်ထွက်အိပ်ကြတော့ ကုလားမက ဟိုင်းလပ်ကားခေါင်မိုးပေါ်အိပ်တယ်၊ ကိုကြီးကျောက်တို့ ကျန်တဲ့ ၃ယောက်က ကွပ်ပြစ်မှာအိပ်ကြတော့၊ ညတချက်ခွဲလောက်မှာ ကုလားမက ကားပေါ်ကဝုန်းကနဲခုန်ဆင်းလာပြီး ကွပ်ပြစ်ပေါ်အိပ်နေတဲ့သူတွေကို ခြေထောက်ဆွဲပြီး အတင်းလိုက်နှိုးတာကိုး...၊ အိပ်နေတဲ့သူတွေကလဲ ဘာလဲဟ ဆိုပြီးထထိုင်လိုက်ကြတော့ ကားနံဘေးမှာ မျက်လုံးကမီးခဲလို ဝင်းဝင်းနဲ့ ဧရာမအရပ်ရှည်ကောင်ကြီးက အမယ်..ကုလားမခြေထောက်နဲ့ လမ်းသွားသလို လမ်းသလားနေပေသကိုး၊ သူက ရထားသံလမ်းကူးပြီးဆက်လျောက်တော့ ထုတ်ကုန်နှစ်ဆ ဆိုတဲ့နေရာလောက်မှာက နောက်တကောင်ဗျ..၊ အမယ်မင်း နှစ်ကောင်ပေါင်းပြီး ကိုကြီးကျောက်တို့ဖက်ကြည့်နေကြတာ..
အို....ဘာပြောကောင်းမလဲ အကုန်ဝရုန်းသုံးကားနဲ့ ကားပေါ်ပြေးတက်ကြတာ လူ ၄ယောက်ရှေ့ခန်းမှာ ဘယ်လိုထိုင်မိမှန်းမသိဘူး၊ ကားမောင်းမဲ့ အော်ရီ က လက်တွေတုန်နေလို့ သော့ပေါက်ထဲမဝင်ဘူး ၊ ကိုကြီးကျောက်လဲ အော်ရီရင်ခွင်ထဲ ဝင်ထိုင်ပြီး ကားစက်နှိုးပြီး ၂ ယောက်ပူးဘယ်လိုမောင်းမိမှန်းတောင် မသိဘူး Rally ကားပြိုင်ပွဲလို မောင်းမိတာတော့ သိတယ်၊ ထွက်မလို့ ကားမီးထိုးပြီးသူတို့ကြည့်တော့... အမယ်..ကုလားမခြေထောက်နဲ့ ပြောင်းခင်းထဲလျောက်သလို ပြောင်းခင်းထဲဝင်သွားကြပါလေရောလား..၊ ဒါပေမဲ့ ကားထွက်ထွက်ခြင်း ခေါင်မိုးပေါ်က သိမ့်ကနဲ လှုပ်သွားတော့ ..ဟယ်..ကားခေါင်မိုးပေါ်ငုတ်တုပ်ကြီး ပါလာပြီလားပေါ့..ပြဿနာပဲ..၊ ပါတော့မလာပါဘူး Rally ပြိုင်ပွဲဝင်ကား စီးရမှာကြောက်လို့ ခုန်ဆင်းနေတာ သိမ့်ကနဲ ဖြစ်သွားထင်ပါရဲ့..၊
ခုတော့ အဲဒီနေရာတွေလဲ စက်မှုဇုံရပ်ကွက်တွေ လုပ်လိုက်တော့ ကုလားမခြေထောက်နဲ့ သူတို့လဲ လူသူလေးပါးကင်းရှင်းရာ ဘယ်နေရာတွေ ရွှေ့ကုန်ကြပြီလဲ မသိတော့ပါဘူး၊ ကိုကြီးကျောက်တို့ ငယ်ငယ်ကတော့ မြို့ပြင်လူသေတွေ မီးထွက်ရှို့ကြတဲ့နေရာတွေ ဆိုတော့ သူတို့ အပိုင်နေရာကိုး..ဧည့်စာရင်းလာစစ်တာ ဖြစ်ချင်လဲဖြစ်မှာပေါ့လေ....။
ကိုကြီးကျောက်တို့တော့ နဲနဲ သက်တောင့်သက်သာရှိလာရင် ဟိုစာဒီစာလေးကလဲရေးချင်လာတော့တာပဲ ဘောပင်မကိုင်နိုင်သေးပေမဲ့ ကီးဘုတ်တော့ ရိုက်နိုင်ပါပြီ၊ ရာသီဥတုကလဲ အေးလွန်းတော့ (၂၃ံ ဖာရင်ဟိုက်ပဲရှိတယ်၊ ရေခဲမှတ်က ၃၂ံ ဆိုတော့ စဉ်းစားသာကြည့်ပေတော့) ဘယ်မှမထွက်နိုင်၊ တနင်္ဂနွေနေ့ကို snow ကျမယ်ဆိုတော့ အိမ်ထဲပဲ စာဖတ်နေရတော့မှာပဲ၊ ဓါတ်ပုံတွေကို wiki နဲ့ ခနွဲဆီက ယူသုံးထားပါတယ် ။ ။

Tuesday, November 30, 2010

စာဆိုတော်ကျောက် ခြေရာဖျောက်ခြင်း


နတ်တော်လ ရောက်ပြန်တော့ ဗမာပြည်က စာဆိုတော်ကြီးတွေ စာပေဟောပြောပွဲတွေ သွားကြလို့ မအားလပ်ကြဘူးတဲ့၊ အမေရိကရောက်နေတဲ့ စာဆိုတော်ကြီးတွေလဲ စာပေဟောပြောပွဲတွေ ထွက်ကြဖို့ ပြင်နေကြသံလဲကြားရဲ့...၊ Thanksgiving နေ့က မီမီ တို့အိမ် မုံ့တီသွားစားတော့ အန်ကယ် ဦးဝင်းဖေတောင် ကယ်လီဖိုးနီးယား ကို စာပေဟောပွဲပြောသွားမလို့ ဆိုပဲ၊ ကိုကြီးကျောက်တို့ကတော့ ဒီနေ့သတင်းစာတွေ ဂျာနယ်တွေက အလုအယက် ဖေါ်ပြနေတဲ့ စာရေးဆရာ ငါးမင်းဆွေ တို့လို မျိုးကို ဟောပြောပွဲ ဖိတ်စေချင်တာ၊ စီစဉ်သူများကလဲ ဒီလို ပေါ်ပြူလာစာရေးဆရာတွေကြ ဘာလို့ မဖိတ်မှန်းလဲ မသိပါဘူး၊


ကိုကြီးကျောက်လဲ ကိုယ့်ဖာသာကိုယ် စာဆိုတော်ကျောက်ရယ်လို့ အမည်ခံပြီး စာပေဟောပြောပွဲ ထွက်ချင်ယောင်ဆောင်ပြီး ဘလော့ ရေးတာ၊ စာလည်ဖတ်တာ ဒီဇင်ဘာ တလတော့နားဦးမယ်၊ Nexavar sorafenib ဆေးရဲ့ side effect ကလဲ တနေ့တမျိုးမရိုးရပါဘူး၊ ခုတခါကတော့ စာရေးစာရိုက်ဖို့ နဲနဲခက်လာတယ်၊ ခြေဖဝါးတွေ ၊လက်ဖဝါးတွေ ဒါးနဲ့ခွဲထားသလိုမို့ lotion တွေ မပြတ်လိမ်းနေရတယ်၊ အရေပြားတွေ ခြောက်ပြီးကွဲတာကလဲ ယားလို့ ကုတ်လိုက်ရင် သွေးတွေ တလဟောစိမ့်ထွက်တာမို့ ကျောက်ဟေကိုမှာ lotion နဲ့ လက်ကိုမလည်ပါဘူး၊


ဒွါရ ၉ ပေါက်က အသားနုဆိုတော့ အပူဖုတွေ ထွက်ပြီးယားလိုက်တာလဲ လူမြင်ကွင်းမျာ ကြာကြာမနေရဲဘူး၊ ဘာလို့လဲ ဆိုတော့ ဟိုအဝက ယားနေတာ ပွတ်နေတာ လူတွေမြင်ရင်လဲ ...အ..ဟင်း..ဟင်း..များ မှာ လင်ဆာနေတယ်ထင်မှာစိုးရသေး..၊


ကိုင်း....ဖြစ်ကြောင်းရယ် ကုန်စင်ကို အကုန်ရေးပြမနေတော့ ပါဘူး၊ စာမရိုက်နိုင်လို့ ဒီဇင်ဘာ တလတော့ စာရေးတာ စာလိုက်ဖတ်တာ ခန နားလိုက်ပါဦးမယ်၊ e mail လဲ တပတ် ၂ခါလောက် စစ်မှာမို့ mail တွေ မပြန်နိုင်ရင်လဲ နားလည်ပေးကြပါ၊ အခြေအနေကောင်းရင်တော့ ကောင်းသလို စာတွေကတော့ အဆင်သင့်တင်ဖို့ရှိပါတယ်၊ ခုတော့ စာဆိုတော်ကျောက် ခနခြေရာဖျောက်လိုက်ပါဦးမယ်....၊


ဒေါင်းတောင်ပုံကို google ကရှာပါသည်


Sunday, November 28, 2010

မယ်ခါရဲ့ အမှတ်တမဲ့ စုံနံသာမြိုင်


ဗမာစာပေလောကမှာ ဦးကြော့ရဲ့ စုံနံ့သာမြိုင်ဆိုတာနာမည်ကြီးပေါ့၊ မင်းသားလေးနာမည်က ဣန္ဒာဝံသ ထင်ပါရဲ့ (ဟုတ်ရောဟုတ်ရဲ့လားမသိဘူး၊ ခပ်တည်တည်ရမ်းတုပ်လိုက်တာပဲ) မင်းသမီးလေးနာမည်လဲ ကောင်းကောင်းမမှတ်မိတော့ပါဘူး၊ ဇတ်လမ်းသဘောကတော့ နတ်များက မင်းသားလေးကို အတိတ်မေ့အောင်လုပ်ထားတော့ မင်းသားက မင်းသမီးလေးကို မေ့လျော့နေပြီး မင်းသမီလေးဆီ ပြန်မလာတော့ဘူးတဲ့၊ မင်းသမီးခမြာ အချစ်ပျောက်ရှာပုံတော်ခရီးကို (၇)နှစ်တိုင်တိုင်အရှာထွက်ရသတဲ့၊ နောက်ဆုံးမင်းသားနဲ့ မင်းသမီးပြန်ဆုံဆည်းမိကြလို့ပျော်ရွှင်စွာ ပေါင်းကြလေသတည်းပေါ့ဗျာ..၊


ကိုကြီးကျောက် ဘွားအေကြီးမယ်ခါရဲ့ အမှတ်မထင်ကြုံရတဲ့ စုံနံ့သာမြိုင်အကြောင်းကတော့ ဒီလိုလေးဗျ...၊ မယ်ခါတို့ ကိုညိုနဲ့ အကြောင်းဆက် ပေါင်းဖက်လိုက်ကြတာ ကလေးက (၅) ယောက်တောင်ရသတဲ့ဗျ၊ ကလေးတွေသာမွေးနေတယ် ကိုညိုကလဲ အလုပ်ကဟုတ်တိပတ်တိ လုပ်တာမဟုတ်ဘူးတဲ့၊ ခေါင်းပေါင်းစလေးတလူလူနဲ့ ဆိုင်းထဲမှာ ကြေးနောင်တီးနေသတဲ့၊ ဆိုင်းဆိုတာမျိုးကလဲ အလှူလေး ပွဲလမ်းသဘင်လေးရှိမှ တီးရတာမျိုးဆိုတော့ ဘယ်မှာဝင်ငွေမှန်ပါ့မလဲ၊ မယ်ခါ့မှာကလေးတဖက် ဈေးတဖက်နဲ့ အေးကွက်ရယ်မမြင်ဆိုသလို မြင်းခြံတောင်ဈေးလေးထဲ ဈေးရောင်းနေရသတဲ့၊


အိမ်ထောင်သက်ကြာလာတော့လဲ ငယ်ငယ်ကချစ်တာတွေ၊ မေတ္တာတွေ၊ သစ္စာ တွေ ဆိုတာဘာမှမဟုတ်တော့သလို၊ အသဲတွေနှလုံးတွေ ဆိုတာဟာ အစာအိမ်အတွက် ပြဿနာရှင်းမပေးနိုင်တာသိလာတာပေါ့၊ ဒီတော့ မယ်ခါက ကိုညိုကိုနားပူလာပြီပေါ့၊ " ကျုပ်ကို ကျုပ်အမ မယ်သာယာ သဘောတူတဲ့ ဝါဂွမ်းပွဲစားသာယူရင် ကျုပ်ဒီလိုနေရမှာ မဟုတ်ဘူး၊ ခုတော့ မသာဆိုင်းတီးတဲ့ ငညိုကိုမျက်စေ့ကျမိတာကျုပ်မှားတာတာပဲ " လို့ ပြောသတဲ့၊ အစကတော့ သူပဲ ကိုညို့ နောင်..နောင်..သံလေး ကြားရင် ရင်သိမ့်ခုံဆိုသလို ဘာလိုနဲ့၊ ကိုညိုကလဲ နေနိုင်လိုက်ပုံများ သူ့မပြောသလိုပါပဲ၊


မယ်ခါ ဒေါသူပုန်ထပြီပေါ့၊ " ဟင်...နားလေး ငညို...ဦးဖိုးသစ်သစ်သားတံတားပေါ် လှည်းဖြတ်မောင်းတာတောင် ဆိုင်းဆရာက ဆိုင်းတိုက်ဖို့ ပတ်မတုပ်တယ် ထင်လို့ သွားတဲ့ကောင် ၊ နင် သူများတွေလို အောက်ပြေအောက်ရွာသွား အရောင်းအဝယ်ထွက် " လို့ အမိန့်ချလိုက်သတဲ့၊ ကိုညိုကလဲ ခုခေတ်လိုဆို အနုပညာအသဲနှလုံးမရှိတဲ့ မိန်းမ ...ငွေတမျက်နှာပဲ ကြည့်တဲ့ မိန်းမ..ဘာညာတွေ ပြောပြီး ရန်ဖြစ်ကြမှာပေါ့..၊ ဒါပေမဲ့လဲ ကိုညို့ခမြာ မယ်ခါကို ခွန်းတုံ့တင်ပြောမနေတော့ပါဘူး သင်္ဘောလိုက်ဖို့...အဲလေ ..လှေလိုက်ဖို့ ပြင်ရတော့တာပေါ့၊


ရှေးက အိမ်သူသက်ထားများနဲ့ ခုခေတ် အိမ်သူသက်ထားများကတော့ တယ်မထူးလှပါဘူး၊ ကိုကြီးကျောက်သူငယ်ချင်း သင်္ဘောသားများ ပြန်ရောက်လို့မှ ဘယ်နှလမှ မရှိသေးဘူး အိမ်ကမိန်းမက သင်္ဘောပြန်လိုက်ဖို့ ပူညံပူညံလုပ်နေပြီ၊ ခုလဲ မယ်ခါကပူညံပူညံလုပ်နေတော့ ကိုညိုလဲ နိုင်ငံခြားသင်္ဘောသားမဟုတ်ပေမဲ့ အဲဒီခေတ်က ခေတ်စားတဲ့ ဧရာဝတီ လှေသမားဘဝကို ကြေးနောင် လက်ခတ်လေး ချပြီးလိုက်သွားသတဲ့၊ အညာစုန်ကုန်တွေ အောက်ပြေမှာရောင်းဖို့ မယ်ခါက ထည့်ပေးလိုက်တာ ပုန်းရည်ကြီး၊ မန်ကျီးသီး၊ ဆီ၊ ဇီးသီး၊ ရှားစောင်းလက်ပတ် ကစလို့ အစုံပါပဲ၊ ကိုညို့ရဲ့ အောက်ပြေအောက်ရွာ အရောင်းအဝယ်ခရီးကို မြင်းခြံဆိပ်ကမ်းကနေ ထွက်သွားလိုက်တာ (၇)နှစ် (၇)မိုးတာကြာရော ..ပြန်ကိုပေါ်မလာတော့ဘူးတဲ့၊အင်း...နတ်မတင်မိလို့များ မယ်ခါကို ကိုညိုကမေ့လျော့နေအောင် နတ်များက ပြုစားထားလေသလား...၊


အတူလှေလိုက်သွားတဲ့သူတွေကလဲ ကိုညိုက ဘယ်လိုမှာထားသလဲတော့ မသိပါဘူး ဘယ်သူမှ ရေရေရာရာ ကိုညိုအကြောင်းကို မပြောနိုင်ကြဘူး၊ ဖျာပုံမှာ အိမ်ထောင်ကျနေသလိုလို၊ လပွတ္တာမှာ ဆားချက်နေသလိုလို၊ ပုသိန်မှာ စပါးပွဲစားပဲလုပ်နေသလိုလို မရေမရာတွေပဲ ပြောကြသတဲ့၊ မယ်ခါကလဲ ကိုညိုဘယ်သောင်ဘယ်ကမ်းရောက်ရောက် အရေးစိုက်မနေနိုင်အားပါဘူး၊ ကလေး (၅) ယောက်နဲ့ ရောင်းဟယ်ဝယ်ဟယ် မနားလိုက်ရတာ၊ သမီးအကြီးတွေ လူလားမြောက်ပြီး သမီးတွေက စီးပွားကိုရှာနိုင်ဖွေနိုင်လာတော့ မယ်ခါ အားလပ်ချိန်ရပြီပေါ့၊


ဒီတော့ မယ်ခါကလဲ အလုပ်မရှိတော့ အလုပ်ရှာတော့တာပဲ၊ ရန်ကုန်ကိုဆင်းပြီး ရွှေတိဂုံဘုရားဖူးထွက်ကြမယ်ပေါ့၊ အရပ်ထဲကမယ်ခါလို အားလပ်တဲ့သူတွေ၊ အောက်ပြေအောက်ရွာ ဈေးရောင်းဈေးဝယ်ထွက်ချင်တဲ့သူတွေ စုလို့ လှေကြီးတစင်းနဲ့ ရန်ကုန်ဘုရားဖူးထွက်ကြတာပေါ့၊ လမ်းစားရိတ်ကြေအောင်ဆိုပြီး အညာကုန်တွေကလဲ အပြည့်တင်သွားကြသလို အောက်က ငါးပိ၊ငါးခြောက်သယ်လာဖို့လဲ ဈေးစနည်းနာကြသတဲ့၊


အင်း...အမျိုးသမီးများ အသွားကုန်အပြန်ကုန်သယ်ရာမှာတော့ ကိုကြီးကျောက်ဖြင့် လက်ဖျားခါတယ်၊ ကိုကြီးကျောက်တို့ ယောင်္ကျားများကတော့ ရေတပုလင်းတောင် မတတ်သာလို့သယ်တာ၊ သူတို့မှာဖြင့် ခြင်းကြီးခြင်းငယ်နဲ့ ပစ္စည်းတွေသယ်၊ အနားရှိသမျှလူတွေလဲမနေရ၊ ဟိုလူ ကူပါဦး၊ဒီလူ မ ပေးပါဦးနဲ့၊ ငယ်ငယ်က ကိုကြီးကျောက်ရထားစီးလို့ အမျိုးသမီးအုပ်စုတွေကြည့်ရင် ရထားပေါ်ခြေတောင်မချသာဘူး၊ တောင်းတွေ၊ခြင်းတွေပြည့်နေတာ၊ သူတို့သယ်လာတဲ့ ပစ္စည်းတွေကို တဖက်လူက ဝယ်ချင်မှန်းမသိ မဝယ်ချင်မှန်းမသိ အိမ်လာပြီးအတင်းလာရောင်းတာတွေလဲ ခနခနကြုံရပါ့၊


မိန်းမဆိုတာ ယောင်္ကျားအသုံးအဆောင်တွေ နားမလည်သလို၊ ယောင်္ကျားတွေကလဲ မိန်းမသုံးပစ္စည်းတွေ စိတ်မဝင်စားပါဘူး..( ကိုကြီးကျောက်ဂျီးတော်ကြီးကတော့ မိန်းမသုံးအလှပြင်ပစ္စည်းလေးတွေ ခနခန ဘလော့ထဲမှာ ထုတ်ပြတာတော့ စိတ်ဝင်စားချင်ယောင်ဆောင်ပြီးကြည့်ဖူးပါရဲ့)၊ ကိုကြီးကျောက်မှာ Gillette လိုမျိုးနဲ့ နှတ်ခမ်းမွေးရိတ်တာကို တရုပ်blade ဓါးတွေ အတင်းလာရောင်းလို့ အားနာပါးနာ ဝယ်ရတာလဲ ကြုံဖူးပါ့ဗျာ၊


ကိုင်း...မယ်ခါရဲ့ ရွှေတိဂုံဘုရားဖူးခရီးဆက်ကြစို့၊ မယ်ခါတို့ ရွှေတိဂုံဘုရားကြီးဖူးပြီးတော့ အညာကိုတန်းမပြန်ကြသေးဘူးတဲ့၊ မြစ်ဝကျွန်းပေါ်ကမြို့တွေ ရွာတွေကို လည်ပြီး အညာကုန်တွေ လည်ရောင်းကြသေးသတဲ့၊ ဝါးခယ်မရောက်တော့ မယ်ခါက ဝါးခယ်မဈေးထဲဈေးဝင်ဝယ်သတဲ့၊ မယ်ခါက ငါးဝယ်တာ၊ ရောင်းသူက မေးသတဲ့ ရေရှင်လား ရေသေလားပေါ့၊ မယ်ခါတို့အညာမှာက ရေရှင်ဆိုတာ မြစ်ထဲကဖမ်းမိတဲ့ငါး၊ ရေသေဆိုတာက ကန်ထဲ၊ အိုင်ထဲက ဖမ်းလာတဲ့ငါး၊ မယ်ခါက မြစ်ငါးပဲစားတာကိုး၊ ကန်ငါးက ဒိုက်စော်နံသတဲ့၊


ဒီတော့မယ်ခါက ရေရှင်လို့ ပြောသတဲ့၊ ဒါနဲ့ ငါးရောင်းတဲ့အမျိုးသမီးက စည်ပိုင်းပြတ်ထဲက ငါးတကောင်ကို ကောက်ဆယ်တဲ့ပြီး ဒုတ်နဲ့ ခွပ်ကနဲ ထုသတ်လိုက်သတဲ့၊ မယ်ခါ အလန့်တကြားတွေဖြစ်သွားတာပေါ့.." တော်ပြီ..တော်ပြီ ဒီငါးကို ကျုပ်မယူဘူး၊ ကျုပ်မျက်စေ့အောက်သတ်တာ မစားဘူး " လို့ဆိုတော့ ငါးရောင်းတဲ့ အမျိုးသမီးနဲ့ ရန်ဖြစ်ကြတာ ဝါးခယ်မတဈေးလုံးကို ပွက်ပွက်ညံပါရောလား၊ အနားက အဲဒီအမျိုးသမီးရဲ့ သမီးလေးကလဲ ကလေးဆိုတော့ အိမ်ပြန်ပြေးပြီး သူ့အဖေခေါ်လာသတဲ့၊ အဲဒီ ငါးရောင်းတဲ့ အမျိုးသမီးရဲ့ ယောင်္ကျားက ခေါင်းပေါင်းကို ဘိုသီဘတ်သီ ပေါင်းပြီး လိုက်လာတာနဲ့...ကြည့်လိုက်တော့...အမယ်...ဘယ်သူများမှတ်တယ်...ကိုညို ဖြစ်နေတာကိုး၊


ဒီတင်ပဲ မယ်ခါလဲ ငါးသည်နဲ့ ရန်ဖြစ်တာရပ်တဲ့ပြီး...ကိုညို့ ရောင်တစောင်းကို ဆွဲတဲ့ပြီး " ဟဲ့...ငညို ..ငါနင့်ကို လိုက်ရှာနေတာ ကြာလှပြီ၊ နင်က ဒီလာပြီး အလေလိုက်နေတယ်ပေါ့လေ " ဆိုပြီး ကိုညိုကို တအုန်းအုန်း ထုရိုက်လိုက်ရော..ရန်ဖြစ်တာ ဝိုင်းကြည့်နေတဲ့ ဝါးခယ်မ တဈေးလုံးရော၊ ကိုညို့ အချစ်သစ်ရော ကြက်သေသေပြီး မီးကို ရေဖျန်းသလို ငြိမ်ဆင်းသွားကြသတဲ့၊ ဝါးခယ်မတဈေးလုံးလဲ အညာက မယားကြီးလိုက်လာလို့တဲ့ ဆိုပြီးပြောစရာစကားတွေ ရသွားတာပေါ့လေ၊ ကိုညို့ အမျိုးသမီးလေး ခမြာလဲ ရှက်လွန်းလို့ တရှုံ့ရှုံ့ငိုနေရှာသတဲ့၊


တကယ်တော့ မယ်ခါက ကိုညိုကို လိုက်လဲ ရှာမနေပါဘူး၊ တိုက်ဆိုင်ချင်တော့ ငါးဝယ်ရင်းရန်ဖြစ်ရတော့ ကိုညိုနဲ့ ဆုံပြီး နိုင်ကွက်ကိုင်လိုက်တာကိုး၊ ကိုညိုလဲ အောက်ပြေ မှာနေမဖြစ်တော့ မယ်ခါတို့နဲ့ အညာကို ပြန်ပါလာသတဲ့၊ ဒါပေမဲ့ မယ်ခါကလဲ ကိုညိုကို ပြန်မပေါင်းတော့တာမို့ ကိုညိုခမြာ မယ်ခါရဲ့ရေသေရေရှင် ပြဿနာကြောင့် ငါးရံ့နှစ်ကောင်လုံး လွတ်ရရှာသတဲ့၊ မြင်းခြံ တောင်ဈေးလေးတရပ်လုံးကတော့ ကိုညိုကို ရအောင်ရှာနိုင်တဲ့ မယ်ခါရဲ့ စုံနံ့သာမြိုင်ခရီးကို ပြောမဆုံးအောင်ဖြစ်ရတာပေါ့၊


ကိုကြီးကျောက်လဲ Thanksgiving ပိတ်ရက်မှာ နယူးယောက်ကို အလည်သွားမယ်ကြံပေမဲ့ မိုင် ၂၀၀ ကျော်ခရီးမှာ ကြုံရမဲ့ traffic ကိုကြောက်လို့ မေရီလန်းထဲမှာပဲ တအိမ်တက်ဆင်း အစားအသောက်ထွက်နေလို့ ဘလော့တောင် ဖွင့်မကြည့်အားပါဘူး၊ ခနလေးကိုယ်ယောင်ဖျောက်ပြီး၊ ပြီးမှ ကျောက်ဆုရတီစိုး ဆိုပြီး မေမေနဲ့ စိတ်ဆိုးလို့ပါ လင်နောက်လိုက်..အဲလေ..မိန်းမခိုးတာမဟုတ်ပါဘူးလို့ ဖြေရှင်းချက် ထုတ်မလားလို့ စိတ်ကူးနေတာ ဘယ်သူမှ မယုံဘူးဆိုတာသိနေလို့ ဒီအတိုင်းပဲ ကိုကြီးကျောက် ပြန်ပေါ်လာပါပြီ....။

(google က လှေပုံရှာထားပါသည်)

Sunday, November 21, 2010

ကျောက်လူလည်ကြီးနဲ့ မဆုံဆည်းခဲ့လေသောအချစ်များ

မောင်လဲလေလောကီသား...ပြောမည့်စကားခက်သလားလေကွယ်..
ပြောပါစေ ဆိုပါတော့လို့ ..နော့သော်လဲ မောင် နားမလည်....
ကိုကြီးကျောက်တို့ ငယ်ငယ် ကိုမြတ်လင်းရေးတဲ့သီချင်းလို့ ထင်တာပဲ၊ ဒေါ်မာမာအေးဆိုထားတာ၊ ယောင်္ကျားလေးက ချစ်ခွင့်မပန်လေတော့ မိန်းမသားခမြာ အားမလိုအားမရဖြစ်ပြီး သီချင်းလေးစောင်းဆိုရတာ၊ ကိုကြီးကျောက်တို့ငယ်ငယ်က အင်မတန်လည်ဝယ်လေတော့ ကိုယ့်ကိုမြောင်းပေးနေသလား၊ ကြွေနေသလား...၊နဲနဲမှ ကို အကဲမခတ်တတ်တာ၊ ဒါလဲကိုကြီးကျောက် အပြစ်ရယ်လို့ မပြောသာပေဘူး ၊ မျိုးရိုးကိုက အူတူတူ၊

ကိုကြီးကျောက်ဘိုးအေကြီးက ဦးညိုတဲ့၊ သူတို့ခေတ်ကတော့ ညဆိုရင်အပျို အိမ်လည်တဲ့ ဓလေ့ကရှိတုန်းပေါ့..၊ အပျိုအိမ်ကိုရောက်ရင် ဗိုင်းငင်နေတဲ့ အပျိုနံဘေးမှာဝင်ထိုင်ပြီး ရောက်တတ်ရာရာပြောကြတာကိုး၊ တညမှာတော့ အပျိုက သူခေါင်းပေါင်းလာတဲ့ တဘက်ကို ဘာမပြောညာမပြော ဆွဲယူတဲ့ပြီး အပျိုက သူ့အခန်းထဲကို ပစ်ထည့်လိုက်သတဲ့..၊ အပျိုက ကိုညိုကို တဘက်သွားကောက်သလိုနဲ့ အပျိုခန်းထဲဝင်ခိုင်းတာ..၊ ဒါကိုသဘောမပေါက်တဲ့ ကိုညိုက "ဟာဗျာ..မလုပ်ပါနဲ့ တဘက်မပါရင် ကျုပ်အမက ဆိုပါလိမ့်မယ်" လို့ပဲပြောနေသတဲ့၊ အမဆိုတာ အညာမှာတော့ အမေကိုခေါ်ကြတာ၊ ဒါပဲ ထပ်ခါတလဲလဲပြောနေတော့ အပျိုကစိတ်ဆိုးပြီး ကဲ...တော်..ရော့..တော့တဘက်..နောက်မလာနဲ့တော့လို့ပြောသတဲ့၊ ကဲ..အဲလိုလည်လည်ဝယ်ဝယ် ကိုကြီးကျောက်အဖိုး..၊

ကိုကြီးကျောက်ဘွားအေ မယ်ခါနဲ့ကြ စကားထာတွေဖွက်ကြသတဲ့.၊ မယ်ခါက ကိုညိုကို ကွမ်းကလပ်ကယ်အာနီ နင်ချီသလောမချီသလောလို့ ဖွက်သတဲ့၊ အဓိပ္ပါယ်က လွမ်းတတ်တာလဲကြာပြီ သင်သိသလောမသိသလောတဲ့..၊ မယ်ခါက ကိုညိုမလာရင်လွမ်းတဲ့အကြောင်းပြောချင်တာ..၊ကိုညိုလဲ အသဲအသန်စဉ်းစားပြီး ဘယ်လိုမှစဉ်းစားမရတော့ ကွမ်းကလပ်ကိုချီတဲ့ အာနီဟာ.....ကြက်တူရွေးခေါင်းကြီးလို့ ဖြေသတဲ့..၊ အဟင်းဟင်း...ကိုညို့အဖြေ မှန်တာပေါ့ရှင်..ဒီကနဂိုကထဲကကြိုက်နေသူလေ၊ အဲဒါမှပဲ ကိုညိုတို့မိန်းမရတော့သတဲ့၊

ကိုညိုရဲ့ မြစ်တော်တဲ့ ကိုကျောက်တို့ကလဲ ဘမျိုးဘိုးတူပေပေါ့၊ ကိုကြီးကျောက်ငယ်သူငယ်ချင်း တယောက်ရှိတယ်၊ သူ့နာမည်က နုနုတင်တဲ့၊ သူနဲ့ ကိုကြီးကျောက်က မူလတန်းတုန်းကတကျောင်းထဲနေခဲ့ကြပြီး ကွဲသွားလိုက်တာ၊ ၉ တန်းရောက်တော့ တကျောင်းထဲ ပြန်လာဆုံတယ်၊ တနေ့တော့ ကိုကြီးကျောက်ကို သူက စာအုပ်လေးတအုပ်လာပေးတယ်..၊ စာအုပ်ထဲမှာ ငယ်ငယ်ကအကြောင်းလေးတွေ ခုချိန်မှာပြန်တွေ့တော့ တယောက်နဲ့တယောက် ရင်ထဲရှိတာလေးတွေ စာအုပ်ထဲမှာ အပြန်အလှန်ရေးကြဖို့..၊ စာမျက်နှာ ၁၀ မျက်နှာလောက်တောင်ရေးထားတာ၊

ကိုကြီးကျောက်ကလဲ အဲဒါတွေဖတ်ပြီး သူမို့ အားအားယားယား စာတတန်ပေတတန်လုပ်နေတယ်ဆိုပြီး၊ မုန့်စားကျောင်းဆင်းတော့ နုနုတင်ကို ခေါ်ပြီး " နင် ဘာတွေအရူးထနေတာလဲ ၊ နင်နဲ့ငါနေ့တိုင်းလဲကျောင်းတွေ့နေတာပဲ၊ ပေါကြောင်ကြောင်တွေ လျှောက်လုပ်မနေနဲ့ ၊ရော့..နင့်စာအုပ်ဆိုတော့" နုနုတင် ကွက်ကနဲမျက်နှာပျက်သွားပြီး ကိုကြီးကျောက်ကို နောက်မခေါ်တော့ဘူးဗျား၊ နောက်မှစဉ်းစားမိတယ် မိန်းကလေး မြောင်းပေးတာကို စီးရမှန်းမသိတာ တော်တော်ညံ့တဲ့ ကိုကိုကျောက်ပါလားလို့...၊

ကိုကြီးကျောက်ပထမနှစ်ကျောင်းသားဘဝမှာ ပခုက္ကူကသူငယ်ချင်း မကြူတဲ့၊ သူက ကဗျာဝါသနာပါတယ်၊ ကိုယ်ကလဲကဗျာဆိုရင်တစက်မှခံစားလို့မရ..၊ သူတို့ဘာတွေရေးကြမှန်းကို နားလဲမလည် ၊ ခုလဲဒီလိုပါပဲ..၊ ဒါကြောင့်ကဗျာဘလော့တွေဆို ရောက်လဲမရောက်ဘူး..၊ ကဗျာတွေရေးထားရင်လဲ ကျော်ဖတ်သွားတာပဲ၊ အမယ်..ဟိုနေ့ကတော့ နှမဖြစ်သူမယ်ပန် ဆီရောက်တော့ ဘာရဲ့အလည်ဗဟိုဆိုလားမသိပါဘူး..၊အဲဒီမှာရေးထားတာတော့ စိတ်ဝင်စားစရာဗျ၊ ဘလော့ဂါ လေနုအေးက သူ့အမြီးကို တဘုတ်ဘုတ်ပုတ်လို့ ပန်းသီးတံဆိပ်ပုဆိုးကို ဖြန့်ကားနေတယ် ဆိုလားပဲ..၊

ကဲ...ကဲ ..မကြူနဲ့ကိုကြီးကျောက်အကြောင်းပြန်ဆက်ရအောင်..၊တနေ့တော့ မကြူက ကိုကြီးကျောက်ကို အဲဒီတုန်းကခေတ်စားတဲ့ ကဗျာဆရာမောင်ပန်းမွှေးရဲ့ ကဗျာတပုဒ်ပေးလာတယ်..
ကြာတတ်တာတွေ မကြာလေအောင်
ကြာတွေလှူကာ ဆုတောင်းပါသည်
မကြာခင်ပဲ ပြည့်ပါစေ.....တဲ့
ကိုကြီးကျောက်က သူ့ကို ဒီလောက်အချိန်တွေဆွဲပြီးဘာမှမပြောတာကို ပြောချင်တာထင်ပါရဲ့..၊ ဒီကလဲစကားထာဝှက်တာဆိုရင်တော့ ကြက်တူရွေးခေါင်းကြီးလို့ ဖြေစရာရှိသေး၊ သူ့ကဗျာက သူ့ဟာသူဘုရားမှာဆုတောင်းနေတာပဲတောင်းပေါ့၊ ကိုယ်နဲ့မဆိုင်သလိုပဲနေလိုက်တော့..၊နောက်ကဗျာတပုဒ်ပို့လာသဗျ..၊ ကျောက်ခဲအသဲနှလုံးနားမှာ စောင်းတီးမိတဲ့ မေ့အဖြစ် မေ့ဝဋ္ဋ်နဲ့မေရှိပါစေ ဆိုလားပဲ..၊ အဲလောက်ရေးမှ ကိုကြီးကျောက်တို့က ရေးတေးတေးရှိတယ်..၊

ဟော...သပိတ်ကျင်းကို field ဆင်းတော့ သပိတ်ကျင်းက ညီအမနှစ်ယောက်နဲ့ ခင်ကြတယ်၊ အငယ်မလေးက တူးတူးတဲ့၊ တနေ့တော့ ကိုကြီးကျောက်က သူတို့အိမ်အလည်သွားတော့ အိမ်မှာတူးတူး တယောက်ပဲရှိတယ်၊ ကိုကြီးကျောက်လာတော့ တူးတူးက အအေးတခွက်ယူလာပြီး စားပွဲမှာချ၊ ကိုကြီးကျောက်ဘေးခုံမှာ ဝင်ထိုင်ရင်း မူးလိုက်တာဆိုပြီး ....ကိုကြီးကျောက်ပခုံးပေါ်ခေါင်းလေးမှီလာတယ်၊ ဟာ....ကိုကြီးကျောက်လဲ စိတ်ပူသွားတာပေါ့..နေမကောင်းဘူးလား..အအေးမိတယ်ထင်ရဲ့ဆိုပြီး ပြာယီးပြာယာ စားပွဲပေါ်က ယိုးဒယားရှူဆေးဘူးယူလိုက်တော့ သူ့ကို ပခုန်းပေါ်ရှိတာသတိမထားမိဘူး၊ အို...ဘာပြောကောင်းမလဲ ကိုကြီးကျောက်ပခုန်းပေါ်ကနေ နောက်လန်ကျပြီး ကုလားထိုင်နောက်မှီနဲ့ဆောင့်မိတာ ဒိုင်းကနဲပဲ...

ဒီတော့မှ တကယ်မူးသွားပုံရတယ်..၊ ကိုကြီးကျောက်က သူ့နှာခေါင်းပေါက်ထဲ ရှူဆေးဘူးအတင်းတေ့ပေးတာတောင် လက်ပုတ်ချပြီး သူ့အိပ်ခန်းထဲ ဆောင့်ဆောင့်..ဆောင့်ဆောင့် နဲ့ ဝင်သွားပြီး အခန်းတခါးပိတ်ထားလိုက်တာ ပြန်ကို ထွက်မလာတော့ဘူး၊ တော်သေးတယ် ပခုံးပေါ်မျက်နှာအပ်ထားရင် နဖူးကွဲလောက်တယ်၊ နောက်မှ ကိုကြီးကျောက်စဉ်းစားမိတယ်..သူမူးတာရှူဆေးဘူးနဲ့ အတေ့ခံချင်တာမှမဟုတ်ပဲလို့..၊ အဲလို လည်လည်ဝယ်ဝယ်ရှိလို့လဲ ကိုကြီးကျောက်တို့ လူပျိုကြီးဖြစ်ရတာမဆန်းပါဘူးနော်.....

ကိုင်း....အင်တာနက်ချတ်တင်းတွေ ခေတ်စားလာတော့ အဖိုးကြီးတွေတောင် လူငယ်လေးလိုဆင်၊ ဘုန်းဘုန်းများကလဲ လူယောင်ဖန်ဆင်းပြီး ကောင်မလေးတွေနဲ့ ချတ်တင်းတွေလုပ်ပြီး အီစီကလီတွေ ဖြစ်ကြတဲ့ဇတ်လမ်းတွေ ကိုကြီးကျောက်ကြားတော့ ကိုယ်လဲလိုင်းဝင်ပြီး ရည်းစားတယောက်တော့ ဖန်ဦးမှလို့ စိတ်ကူးမိတာပေါ့၊ ဒါနဲ့ ကိုကြီးကျောက်လဲ အကောင့်တွေ နာမည်အမျိုးမျိုးနဲ့ဖွင့်လိုက်တာ...ကျောက်ဝေယံ...ကျောက်မြတ်...ကျောက်အောင်ရင်....အို..စုံတကာစေ့နေတာပဲ၊ ဒီလိုလေး..ကျောက်ဆလူးထလိုက်တော့ အွန်လိုင်းရည်းစား လေးတွေ ရလာတော့တာပဲ...၊

ရည်းစားသက်တန်းလေးကြာတော့ ကျောက်ဝေယံပုံလေး ကြည့်ချင်တာပေါ့လေ..၊ဒါနဲ့ ကိုကြီးကျောက်ကို ဓါတ်ပုံလေးကိုတောင်းတော့ ဘာမပေးနိုင်စရာရှိလဲ...၊ ကလေးအဖေတွေတောင် ငယ်ငယ်ကဓါတ်ပုံလေးတွေနဲ့ လုပ်စားနေကြသေးတာ၊ ဒါနဲ့ ကိုကြီးကျောက်လဲ အောက်မှာပြထားတဲ့ ကိုကြီးကျောက်ပုံလေးကို ပို့လဲပို့လိုက်ရော.........တခါထဲ အဆက်အသွယ်ကို ဖြတ်သွားလိုက်ကြတော့တာပါပဲ....

ဪ.....ကိုကိုကျောက်...ကိုကိုကျောက်.....ချစ်ကံခေလှချည့်လားကွယ်.....

ကိုကြီးကျောက်လူပျိုကြီး ဖြစ်ရခြင်းအကြောင်းကို စိတ်ဝင်တစားမေးလာကြတဲ့ ဂျစ်တူးနှဲ့စင်ကာပူကနှမများ၊ ဇီးဖြူသီးသနတ်လား တူမီးလား ဘာမှန်းမသိပို့လိုက်တဲ့ San Diego ကမဆွေ တို့ကို လူပျိုကြီးကျောက်ဘဝကို ရေးပေးလိုက်ပါသည်၊

နှင်းဆီပုံကို google ကရှာထားပြီး၊ ဗလတောင့်တောင့် ဆေးရုံကဆင်းကာစ စတားလုံးကျောက်ပုံ ကို သူငယ်ချင်းတယောက်က လက်စွမ်းပြထားပါသည်

Tuesday, November 16, 2010

အပျိုကြီးများနဲ့ လူပျိုကြီးကျောက်

အပျိုကြီးများနဲ့ လူပျိုကြီးဆိုတော့လဲ အပျိုကြီးတွေနဲ့ ကိုကြီးကျောက်ကို ဘာလိုလိုများ ထင်ကုန်ကြမလားမသိပါဘူး၊ ကိုကြီးကျောက် ခုရေးမဲ့ အပျိုကြီးတွေဟာ ကိုကြီးကျောက်နဲ့ ငယ်ပေါင်း ရင်းနှီးတဲ့ သူငယ်ချင်းတွေပါ၊ ဒါကိုရေးဖြစ်တာလဲ ဟိုတလောက နှမဖြစ်သူရွှေစင်က သူ့ဘလော့ရဲ့ ပန်းသတင်းမှာ ထားဝယ်မောင်သန်းဆွေရဲ့ ဗမာ့ တော်ဝင်မိသားစုနဲ့ တွေ့ဆုံတဲ့အကြောင်းတင်ထားတော့ အဲဒီမှာ မမျှော်လင့်ပဲ ကိုကြီးကျောက်ရဲ့ သူငယ်ချင်းတယောက်အကြောင်း ဖတ်မိတော့တာပါပဲ၊

သူက Rose Marie ခေါ် စုဖုယားနိုင် ခေါ် နိုင်နိုင်ဝင်းပါ၊ ကိုကြီးကျောက်ကတော့ လွယ်လွယ်ပဲ မနိုင် ပဲခေါ်တာပေါ့၊ မနိုင်က အပျိုကြီးဘဝနဲ့ မေမြို့ အထက (၁) မှာ အင်္ဂလိပ်စာဆရာမ လုပ်နေသတဲ့၊ မနိုင် က အင်မတန်အေးပြီး၊ တော်ဝင်မိသားစုရဲ့ သိက္ခာနဲ့နေတဲ့သူ၊ ကိုကြီးကျောက်က သူ့ကို မေမြို့ကသူငယ်ချင်းတွေကို အကြောင်းပြုပြီး ခင်ပေမဲ့ နောက်ပိုင်းမှာ ပိုပြီးရင်းနှီးလာစရာ အကြောင်းလေးတွေ ရှိလာတယ်၊

မနိုင်က ကိုကြီးကျောက်ထက် တတန်းကြီးတယ်၊ သခင်ကိုယ်တော်မှိုင်းရာပြည့် အရေးအခင်းမဖြစ်ခင်က ရွှေမန်းဆောင်မှာနေတယ်၊ မှိုင်းရာပြည့်ဖြစ်လာတော့ မန်းတက္ကသိုလ်ပင်မဆောင်ကြီးရဲ့ ရှေ့မှာကျောင်းသားတွေ စုရုံးကြပြီး ကျောင်းသားသမဂ္ဂဖွဲ့စည်းနိုင်ရေး၊ စစ်အာဏာရှင် စနစ်ဖယ်ရှားရေး စတာတွေ တောင်းဆိုခဲ့ကြတာပေါ့၊ ကျောင်းရှေ့မှာကျောင်းသားတွေရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ ကျောင်းသူတွေကို အဆောင်တံခါးတွေပိတ်ပြီး အပြင်မထွက်ခိုင်းဘူး၊

အပြင်ဆောင်နေကျောင်းသူတွေကတော့ လာတယ်၊ အဲဒီအချိန်မှာ လူအုပ်ကြီးကပြေးဟယ် လွှားဟယ် ဖြစ်လာတော့ ကျောင်းသူတယောက်က ဘူမိကျောင်းသားတယောက်ရဲ့ ရင်ခွင်ထဲဝင်ပြေးပြီး...ကြောက်တယ်..ကြောက်တယ်...အော်နေတယ်...၊ အ..ဟင်း..ဟင်း..ကျောက်တုံးလို မာတာတောင် ကိုင်တွယ်လာသူပဲ ရင်ခွင်ထဲဝင်လာတဲ့ မိန်းမလောက်တော့...ဟင်း..၊ ဖက်ထားလိုက်တာ လွှတ်ကို မလွှတ်တော့ဘူး..၊ နှစ်ဦးနှစ်ဖက် အဆင်ကိုပြေလို့၊ ဒီကျောင်းသားက တခြားသူတော့မဟုတ်ပါဘူး အခု မန္တလေးက အထက်မြန်မာပြည် အဆင့်မြင့် ပညာဦးစီးမှာ ဒု ညွှန်ချုပ် ဖြစ်နေတယ် ဆိုလားပဲ၊ (ငယ်ကျိုးငယ်နာ ဖေါ်လိုက်ပြီ ခိုင်မြဲရေ့) ၊

ကိုကြီးကျောက်တို့ ကျောင်းသားတွေ ကျောင်းသူဆောင်တွေကို ဆန္ဒပြဖို့ သွားခေါ်တော့ ရွှေမန်းဆောင်ကနေ ရှေ့ဆုံးက ဆင်းလာသူဟာ မနိုင် ပါ၊ ဒါ့ကြောင့် အဆောင်က အထုတ်ခံရပြီး ဗောဓိကုန်းက အပြင်ဆောင်မှာနေချိန်မှာ ကိုကြီးကျောက်နဲ့ ပိုရင်းနှီးစရာ ဖြစ်လာပါတယ်၊ ကိုကြီးကျောက်ရဲ့ အဆောင်အခန်းပါတနာက ရှမ်းစော်ဘွားတယောက်ရဲ့ အဆက်အနွယ်ပါ၊ ဒါ့ကြောင့်လဲ တော်ဝင်မိသားစုရဲ့ ဆွေမျိုးနီးစပ်လက်ထပ်တာကို သဘောမကျတဲ့ မနိုင် က သူ့ရဲ့ တော်ဝင်သွေးနဲ့ အဆင်ပြေနိုင်မဲ့ ရှမ်းစော်ဘွားမျိုးကို လက်ခံခဲ့ပေမဲ့ နဖူးစာမင်ရည်ကျဲခဲ့ကြပါတယ်၊ ခုသူ့သတင်းကို ပြန်ရတော့ အပျိုကြီးပါပဲတဲ့၊

ကိုင်း..နောက်အပျိုကြီးတယောက် အကြောင်းရေးလိုက်ဦးမယ်..၊ သူက စာရေးဆရာမ ဝင်းဝင်းမြင့်(နန်းတော်ရှေ့)၊ ကိုကြီးကျောက် မန္တလေးကိုရောက်ရင် သူငယ်ချင်းတွေဆုံမိရင် ဝင်းဝင်းဆီကို ရောက်တတ်ပါတယ်၊ ကိုကြီးကျောက်နဲ့ ဝင်းဝင်း နောက်ဆုံးတွေ့ခဲ့ချိန်မှာတော့ သူက အောင်မြင်နေတဲ့ မြန်မာစာပြဆရာမ၊ ကျော်ကြားတဲ့ စာရေးဆရာမ၊ ကိုကြီးကျောက်က သူ့ကို ငယ်ငယ်ကလဲ နင့်ကိုကြိုက်သူတွေရှိသားနဲ့၊ ခုထိဘာကိစ္စ အပျိုကြီးလုပ်နေသလဲဆိုတော့ ငါက ငါဝါသနာပါတဲ့ စာသင်တာနဲ့ စာရေးတာကလွဲရင်ဘာမှ မစဉ်းစားဘူးတဲ့၊ အင်း...အဲလိုပြောချိန်မှာ အသက်က ၄၀ ကနေ သာသာထိုးထိုးကြီးကို ကျော်နေပြီဆိုတော့ အရှက်ပြေပြောတာလဲဖြစ်နိုင်တယ်၊ ငယ်ငယ်က ပဲများနေလို့ အရွယ်လွန်တော့ ယူမဲ့သူမရှိတာလဲဖြစ်နိုင်တယ်၊ ကဲ..ဘယ်လိုပဲဖြစ်ဖြစ် အပျိုကြီးတော့ သေချာပေါက်ဖြစ်နေပါပြီ၊

နောက်အပျိုကြီးတယောက် အကြောင်းကတော့ ကိုကြီးကျောက်နဲ့ မြင်းခြံမှာ ကလေးဘဝကထဲက သူငယ်ချင်း ချိုချိုဝင်း..၊ သူက သုခိတာဆေးလိပ်နဲ့ လုပ်ငန်းပေါင်းစုံကို ဦးစီးလုပ်နေရတဲ့သူ၊ သမီးတွေပဲ မွေးထားတဲ့ သူ့တို့ ညီအမတတွေမှာ သူက အစစလုပ်ငန်းတွေ ဦးစီးနိုင်စွမ်းရှိတဲ့သူ၊ ကိုကြီးကျောက် ဗမာပြည်ကိုပြန်ရောက်တုန်းက သူ့ကို နင်ယောင်္ကျားလေး ဘာလေး မယူတော့ဘူးလား..ဟ၊ ဆိုတော့ ငါကယူတော့ ယူချင်တာပေါ့ဟယ်..ဒါပေမဲ့ ခုချိန်မှာ ငါ့ဆီမှာ ချဉ်းကပ်လာတဲ့ ယောင်္ကျားတွေက ငါ့ကိုရော လုပ်ငန်းတွေရော ဦးစီးဦးဆောင် လုပ်ပေးနိုင်တဲ့သူတွေမဟုတ်ပဲ ဒီမိန်းမရရင် ပွတာပဲဟာ့ ဆိုပြီးလာကြတာများတယ်တဲ့..၊

အင်း..သူထင်တာ ဟုတ်ချင်လဲဟုတ်မယ် ဟုတ်ချင်မှလဲဟုတ်ပေမဲ့ အသက် ၃၀ ကျော်လာရင် ဆယ်ကျော်သက်လို လွယ်လွယ်နဲ့ ရင်မခုံနိုင်တာလဲ ပါမှာပေါ့လေ၊ ဒါတောင် ကျောင်းတက်တုန်းက york လမ်းက သမတရုံနားမှာ သူတို့ ၄ ထပ်တိုက်ကြီးရှိပေမဲ့၊ Law ကျောင်းသူဆိုတော့ သီရိဆောင်မှာ ၅နှစ်လုံးနေသွားတာ၊ ဒါတောင်ကျောင်းပြီတော့ မစွန်ရှာဘူး၊ ကိုကြီးကျောက်ကတော့ နင် ငါတို့သူငယ်ချင်းတွေကိုတော့ စိတ်ကူးယဉ်မနေနဲ့နော် နင့်ကို ဘယ်သူမှမကြိုက်ဘူး လို့ ပြောတော့ သေနာကောင်တဲ့...၊

ကဲ...သူငယ်ချင်း..အပျိုကြီးတွေကို အပျိုကြီးဖြစ်ရခြင်းကို ကိုကြီးကျောက်ဘေးအမြင်နဲ့ ဆန်းစစ်ကြည့်လိုက်တော့..မနိုင်က တော်ဝင်မိသားစု ရဲ့ ဂုဏ်သိက္ခာနဲ့ လိုက်ဖက်မယ့် အိမ်ထောင်ဖက်ကိုရွေးချယ်ရင်း၊ အပျိုကြီးဖြစ်ရတယ်လို့ ထင်ရတာပဲ ၊ ဝင်းဝင်းမြင့်ကတော့ သူ့ဝါသနာ အလုပ်ကိုပဲ စိတ်ဝင်စားပြီးတစိုက်မတ်မတ်လုပ်ရင်း တဖြေးဖြေး အပျိုကြီး ဖြစ်လာထင်ပါရဲ့၊ ငွေကြေးပြည့်စုံချမ်းသာပြီး အောင်မြင်တဲ့ လုပ်ငန်းများပိုင်ရှင် ချိုချိုဝင်းကတော့ သူ့ဆီကိုချဉ်းကပ်လာကြသူယောင်္ကျားတွေကို ဆန်းစစ်ရင်း အပျိုကြီးဖြစ်ကြတယ် ထင်မိကြောင်းပါ၊ မှန်မမှန်တော့ ကာယကံရှင်တွေပဲ သိကြပါလိမ့်မယ်...၊

၃ ယောက်လုံးတော့ ဘယ်သူမှ ရုပ်မဆိုးကြတာတော့ အမှန်ပါ၊ သူတို့ကို ကြိုက်တဲ့သူတွေလဲ ရှိကြပါရဲ့..သူတို့မှာ တခြားအကြောင်းအချက်တော့ ရှိကြမယ်ထင်တာပါပဲ...

ကိုင်း...ဒီလိုဆိုရင် လူပျိုကြီးကျောက်ကတော့ဘာလို့ လူပျိုကြီး ဖြစ်နေပါလိမ့်...(ရုပ်ချော သဘောကောင်းလေးမှ ဖြစ်ရရှာတယ်) ...၊ အဖြေကတော့ အောက်မှာ ပုံလေးနဲ့ အဖြေပေးထားပါတယ်၊ ပထမအဆင့်အနေနဲ့ ခေါင်းတော့ ပြောင်နေပြီ..အေးလို့ ဦးထုပ်တော့ ဆောင်းထားတယ်..၊ အ ဟတ်ဟတ်...



(google က အပျိုကြီး ၃ယောက်ပုံယူပါသည်)

Thursday, November 11, 2010

တမာမြေကို ရောက်တဲ့ ကျောက်လေး

တမာမြေကိုရောက်တဲ့...ကျောက်လေး..ကျောင်းမှာခင်ကြတာ....
အစဉ်ပါကွယ်..ပွင့်လင်းကြတယ်....ဟန်ဆောင်တွေ..မလုပ်သူ...

ကိုကြီးကျောက်တို့ ကျောင်းသားဘဝက ကျောင်းကအဆိုတော်စိုင်းထီးဆိုင်နဲ့ ချိုပြုံးတို့ သီချင်းမှာတွဲဆိုသလို..
တကယ်ပါပဲ..၊ ကိုကြီးကျောက်တို့ ကျောက်ခဲ အဖွဲ့သားများ ခမြာ ဟန်ကိုဆောင်မနေနိုင်ပါဘူး၊ အတန်းထဲမှာ ကျောင်းသူရယ်လို့ မရှိလေတော့ ကျောင်းသူရှိတဲ့ အတန်းတွေ ပြေးကုန်ကြတော့ကြတော့တာပါပဲ၊ ကိုကြီးကျောက်တို့ခေတ်က ဘူမိမှာ ကျောင်းသူလက်မခံတော့တဲ့အချိန်ကိုး၊ ကိုကြီးကျောက်တို့ ကျောင်းသားဘဝက ဗမာပြည်မှာ တက္ကသိုလ်ကြီးရယ်လို့ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်ရယ်လို့ နှစ်ခုပဲရှိတာမှာ ကိုကြီးကျောက်တို့ အညာသားကျောက်ခဲများကတော့ အညာတက္ကသိုလ်မှာ စတည်းချရတာပေါ့၊

ကိုကြီးကျောက်ကလဲ မိန်းမလည်ပိုးပေမဲ့ တခြားမေဂျာက ကျောင်းသူတွေကလဲ ဘူမိဗေဒကျောင်းသားဆိုလိုက်တာနဲ့ ကြောက်လန့်တုန်လှုပ်ချောက်ချားသွားလိုက်ကြတာ....၊အင်း....သူတို့လဲ အပြစ်မပြောသာပေဘူး၊ အတန်းထဲမှာက ယောင်္ကျားတွေဆိုတော့ စကားပြောရင်အတုံးလိုက် အတစ်လိုက်ထွက်လာနေကြ သူတို့ကြောက်မယ်ဆိုလဲ ကြောက်စရာပေပေါ့၊ ဘလော့ဂါ MKS အောင်ပန်းသားလေး အမည်ခံ စိုင်းမော်ခမ်းတို့များ တောင်ငူသူ တင့်တင့် ကို ရည်းစားစာပေးတာ နွားသိုးကြီုးပြတ်ဆိုတော့ ဟိုခမြာ အခွေ့ခံရမှာကြောက်လို့ ပြေးလိုက်တာလုံးနေတာပဲ၊ (တင့်တင့်ကတော့ ခုထိ တောင်ငူမှာ အပျိုကြီးဆိုပဲ)၊

ကိုကြီးကျောက်တို့ ဘူမိဗေဒဌာနမှာ ကိုကြီးကျောက်တို့ခေတ်ကသာကျောင်းသားပဲရှိပေမဲ့၊ ကိုကြီးကျောက်တို့ပထမနှစ်မှာ တတိယနှစ်အတန်းတွေအထိ ကျောင်းသူတွေရှိသေးတာပေါ့၊ အဲဒီအတန်းမှာ မြစ်ကြီးနားက နော်လီဂျီးလျံ ဆိုတဲ့ အမကြီးဆိုရင် အရပ်က ၅ပေ ၁၀ လက္မလောက်၊မျက်နှာကျတာကအနောက်တိုင်းနွယ်လေတော့ မန်းတက္ကသိုလ်မှာ အလှဘုရင်မရယ်လို့ ဘူမိကျောင်းသူတွေ မျက်နှာပွင့်ကြတာပေါ့၊ ကိုကြီးကျောက်တို့ ဒုတိယနှစ်အထိ ကျောင်းမှာ အတန်း ၄ တန်းလုံးရှိပေမဲ့ ..အဲဒီနောက်နှစ်တွေမှာတော့ ဒေသကောလိပ်ဆိုတာတွေ ဖွင့်လာလေတော့ ကျောင်းသားသစ်မဝင်တာ ကိုကြီးကျောက်တို့ ကျောင်းပြီးတဲ့အထိပါပဲ၊

ကိုကြီးကျောက်တို့ မေဂျာမှာကလဲ ဆရာမ မမသောင်း(ဒေါ်နေသောင်းသောင်း ဘူမိဗေဒပါမောက္ခ ပြည်တက္ကသိုလ်) တယောက်ပဲ ရှိတယ်၊ မမသောင်းခမြာ အမြဲတမ်းကိုကြီးကျောက်တို့ အစအနောက်ခံနေရတာပဲ၊ ကိုကြီးကျောက်တို့ခေတ်ကတော့ တက္ကသိုလ်ကျောင်းသားတွေက ဟိုက်စကူးကျောင်းသားတွေနဲ့ ကွဲပြားအောင် အနေအထိုင်အပြောအဆိုကစ မတူအောင်နေကြတာ၊ ဆရာမတွေကို မမ ပဲခေါ်တယ်၊ ဆရာမလို့ခေါ်တာက အထက်တန်းကျောင်းသားလေ၊ တီချယ် လို့ ခေါ်တာက မူကြို ၊မူလတန်းကျောင်းသား၊ ဒါပေမဲ့လဲ ဒေသကောလိပ်တွေပေါ်လာ၊ ကျောင်းတွေက ခြုံကြိုခြုံကြားမကျန် အသစ်တွေဖွင့်လာတော့ ခါးဆက်ပြတ်ပြီး ရှေးက တက္ကသိုလ်ကျောင်းသား သမားစဉ်တွေပျောက်ကုန်တော့တာ ခုခေတ်တက္ကသိုလ်ကျောင်းသားဆိုတာတွေကြည့်ပြီး ကိုကြီးကျောက်ဖြင့် သနားတောင်သနားရဲ့...

ကိုကြီးကျောက်တို့ကျောင်းသားဘဝက အရေးအခင်းတွေကလဲများ ကျောင်းတွေကလဲ ခနခနပိတ်၊ ကျောင်းပိတ်တာနဲ့ အဆောင်ကနေ နေ့လည် ၁၂ နာရီအပြီးထွက်ရမယ်ဆိုတာကလဲ အမိန့်ထုတ်လေတော့ ကိုကြီးကျောက်တို့ မြင်းခြံအုပ်စုကတော့ ခရီးသည်တင်ကား ၅စီး ၆စီးလောက် ပြေးဆွဲ၊ အဆောင်တွေကို ပတ်ခေါ်၊ အပြန်လမ်းတလျောက် ဝင်တဲ့မြို့တိုင်းမှာ ဒို့အရေး...ဒို့အရေး ...နဲ့ တပျော်ကြီးအော်ခဲ့ကြတာ အိမ်ရောက်တဲ့အထိပါပဲ၊

ကိုကြီးကျောက်နဲ့ အတန်းတူသူငယ်ချင်းစာရေးဆရာက ကိုရိုးကွန့် အမည်ခံ ခင်မောင်ဦး..၊သူက ကာတွန်း အော်ပီကျယ်ရဲ့ အကို၊ လူထုဦးလှ၊ဒေါ်အမာသား ကိုငြိမ်းချမ်းက ကိုကြီးကျောက်တို့ နောက်နှစ်က၊ သူက စာရေးဆရာ ညီပုလေး၊ သူတို့က မန်းသား စာရေးဆရာကျောက်တွေပေါ့၊ ကိုကြီးကျောက်တို့ငယ်ငယ်ကတော့ ကိုယ့်ကျောင်းကို နာမည်တပ်တဲ့ မောင်ပေါက်စည်(မန်းတက္ကသိုလ်)၊ ပြေ(ဆေး၂)၊ ကိုကို(စက်မှုတက္ကသိုလ်) ကလျာ(ဝိဇ္ဇာသိပ္ပံ)၊ စတဲ့..စာရေးဆရာတွေ ပေါ်ခဲ့ဖူးတာပေါ့၊ ဟော......ခုလိုနိုင်ငံအဝှမ်း တက္ကသိုလ်ကြီးတွေ ပေါ်ပေါက်လာချိန်မှာ တက္ကသိုလ်အသစ်တွေက စာရေးဆရာတွေ လွန်းကျောက်ကျောက်( ဂွေးဆေး တက္ကသိုလ်)..(မကွေးဆေးတက္ကသိုလ် ပြောတာနော်...အဟတ်)၊ ကျောက်မိုမို( ပြွန်ဆေး...အဲလေ...တံဆာဆေး တက္ကသိုလ်)( ဟို တံဆာတွေမျက်စေ့ထဲမြင်မနေတဲ့နော်) ...ပေါ်လာနိုင်တာပေါ့၊

ကိုကြီးကျောက်တို့ မန်းတက္ကသိုလ်ခမြာလဲ နှစ်လည်မဂ္ဂဇင်းမှာ ရိုးရာမတင်မိလေလို့လားမသိပါဘူး၊ မဂ္ဂဇင်းမထွက်နိုင်တာ ၁၀ နှစ်လောက်ကြာတယ်၊ ကိုကြီးကျောက်တို့ နေခဲ့တဲ့ ၄နှစ်လုံးလုံး တအုပ်မှမထွက်နိုင်ရှာဘူး၊ ဆေးကျောင်းက နှစ်တိုင်းထွက်နိုင်တော့ ဂျူးတို့ လူမျိုးနော်တို့ ကျော်စွာထက်တို့ကကျောင်းမဂ္ဂဇင်းကနေ ရှုမဝတို့၊ ပေဖူးလွှာတို့လိုမဂ္ဂဇင်းကြီးတွေကို လှမ်းနိုင်တာပေါ့လေ၊ အဲဒီအချိန်မှာ မဂ္ဂဇင်းကြီးတွေမှာက ဘဝသရုပ်ဖေါ်ဆိုပြီး အပြိုင်အဆိုင်ဆင်းရဲပြနေတာတွေ ခေတ်စားနေချိန်ကိုး၊ ဟော......မန်းတက္ကသိုလ်ကျောင်းထွက် နုနုရည်တို့က ဆင်းရဲပြလိုက်ပုံများ ထမိန်မပါပဲ ရွာထဲလမ်းလျောက်ပြလိုက်တာ အကုန်နောက်ကောက်(Knock Out)၊ ကျကုန်တာပဲ၊

ကိုင်း...ကိုကြီးကျောက်ရဲ့ တခါကတက္ကသိုလ်ဇတ်လမ်းလေး ..ပြန်သွားကြည့်ရအောင်၊ အပေါ်ပုံက ရွှေမန်းဆောင်ပေါ့၊ ကိုကြီးကျောက်ရဲ့ မြစ်ကြီးနားသူလေးကလဲ အဲဒီမှာနေတယ်၊ အဆောင်ရှေ့ အုတ်ခုံလေးမှာညနေ ထိုင်စောင့်ရတာ ဝတ္တရားတခုပေါ့ဗျာ၊ အဲဒီအချိန်တုန်းကတော့ အဲဒီဇောပေါ့ဗျာ...၊ ခုချိန်မှာတော့ ထိုင်စောင့်မနေတော့ပါဘူး အေးရာအေးကြောင်း အနှိပ်ခန်းပဲသွားတော့မယ်၊ အပူလဲထုတ်ရသေး...လူလဲ.....အဲ..အဲ...အညောင်းပြေသေး၊
မန်းတက္ကသိုလ်ပင်မဆောင်ကြီးရဲ့ နောက်ဖက်မျက်နှာစာဟာ ကိုကြီးကျောက်တို့ ကျောင်းသား ဘဝက ဇတ်ခုံကြီးအပြည့်ထိုး ပြီး ဂီတဆည်းဆာပွဲတွေ၊ ဂီတပဒေသာပွဲတွေ ချိမ့်ချိမ့်သဲ ကျင်းပခဲ့တဲ့နေရာပေါ့၊ အဆိုတော် စိုင်းထီးဆိုင်၊ စိုင်းခမ်းသီ၊ ဆလိုင်းဆွန်ကျဲအို၊ စောသိန်းဝင်း၊ အဆိုတော်တွေ၊ပေါက်ဖွားခဲ့ရာပေါ့၊
စိုင်းထီးဆိုင်က ဘီးကလေးကိုစီး၊ မောင့်လပြည့်ဝန်း၊ ပျံသာပျံပါရွှေဟင်္သာ၊ နွေနံနက်ခင်း၊....စတဲ့သီချင်းတွေ စီးရီး မထွက်ခင် ကျောင်းပွဲမှာအရင်ဆိုပြီး၊ ကျောင်းသားတွေပါးစပ်ဖျားရေပန်းစားချိန်မှာ သီချင်းတွေ ထွက်တော့တာပဲ၊ကိုကြီးကျောက်တို့ကတော့ စိုင်းထီးဆိုင်က ဇတ်ခုံပေါ်က နွေနံနက်ခင်း....လို့အော်လိုက်...ဇတ်စင်အောက်နေ... ပဲ...ပြုတ်....လို့ အော်ပေးလိုက်နဲ့ တပျော်တပါးကြီး..၊

အဲဒီပွဲမှာ ကိုကြီးကျောက်သူငယ်ချင်း နိုရင်း( Noreen) လဲ သီချင်းတက်ဆိုတယ်၊ သူ့နာမည်က နိုရင်းဟောင်းတဲ့၊ အစီအစဉ်ကြေငြာသူက လျာလိပ်သွားရှာတော့ နို့သီးဟောင်း လို့ ကြေငြာမိတယ်၊ နိုရင်းခမြာ သူ့နို့သီးမဟောင်းသေးကြောင်း လူပုံအလည်ထုတ်ပြရမလို ဘာလိုလို မအီမလည်ဖြစ်သွားရှာတယ်၊ ကျောင်းပွဲတွေမှာ စိုင်းထီးဆိုင်က မပါမဖြစ်ဆိုတော့ ခရစ်စယန်ကျောင်းသူကျောင်းသားများ သစ်လွင်ကြိုဆိုပွဲမှာ စိုင်ထီးဆိုင်တယောက် ရည်းစားတယောက်ရပါလေရော..၊လားဟူမလေးနဲ့၊
သူ့ရဲ့လားဟူမက သစ္စာဆောင်မှာနေတယ်၊ အမယ်...လားဟူမလေး ကလဲ အဆိုတော့ မညံ့ရှာဘူးခင်ဗျ၊ အဲဒီပွဲမှာ ဘိုသီချင်းတပုဒ် ကိုမာန်ပါပါ ဆိုသွားလိုက်တာ ရှေ့က ဘာတွေဆိုမှန်းတော့မသိဘူး နောက်ဆုံးအကြောင်းက Have you do... လို့ဆိုတာတော့ မှတ်မိတယ်၊ ကိုကြီးကျောက်တို့ကလဲ ည အဆောင်ရှေ့ဖျော်ဖြေရေးအစီအစဉ်မှာ အဲဒီသီချင်းကို ....မစိုးရိမ်တိုက်က ဆရာတော်ဘုရားကြွတော်မူပါ ..have you do...မြတောင်တိုက်က ဆရာတော်ဘုရားကြွတော်မူပါ... have you do....ဆိုပြီးသူဆိုသလို ဝါးတားတား ဆိုပြလိုက်တာ အခန်းပြူတင်းပေါက်ကို ဆောင့်အောင့် ပိတ်သွားရှာတယ်၊ ကိုကြီးကျောက်တို့ ညည မှောင်ရိပ်ခိုပြီး သစ္စာမရှိတဲ့သူတွေ သစ္စာဆောင်မှာ မနေရဘူးလို့ အော်ခဲ့မိတာ....ခုတော့ သစ္စာမရှိသူတွေ တိုင်းပြည်မှာများနေလို့လား မသိပါဘူး၊ သစ္စာဆောင်လဲ ခြုံနွယ်ပိတ်ပေါင်း တွေနဲ့ ပျက်စီးနေတာ ဓါတ်ပုံထဲမြင်ရတော့ စိတ်တောင်မကောင်းမိပါဘူး၊
ကိုကြီးကျောက်တို့ ကျောင်းသားဘဝက ဆရာကြီးဦးရာဇက် အထိမ်းအမှတ် ရာဇက်ဟော မှာ မန်းတက္ကသိုလ် စာကြည့်တိုက်ဖွင့်ထားတာပေါ့၊ ခုတော့ စာကြည့်တိုက်အသစ်ကို ပြောင်းသွားပြီတဲ့၊ ဆရာကြီးဦးရာဇက်ဟာ မန္တလေးအမျိုးသားအထက်တန်းကျောင်းအုပ် ဆရာကြီးဖြစ်ခဲ့တဲ့အပြင်၊ မန္တလေးကောလိပ်ကို အင်္ဂလိပ်အစိုးရက ရံပုံငွေကိုအကြောင်းပြပြီးပိတ်မယ်လုပ်တော့ မပိတ်ရအောင် ဆောင်ရွက်ခဲ့သူမို့ မန္တလေးပညာရေးလောကအတွက် အင်မတန်ကျေးဇူးများတဲ့ ဆရာကြီးပါ၊
ကိုကြီးကျောက်တို့ တက္ကသိုလ်ကျောင်းသားခေတ်ကို ရေးမယ်ဆိုရင် ကိုကြီးကျောက်တို့ အဖေတို့ခေတ်၊ ဆရာဆရာမတွေခေတ်လို မစုံလင်လှပေမဲ့ သူ့ခေတ်နဲ့သူတော့ လွမ်းမောစရာပါ၊ ကိုကြီးကျောက်တို့ ၁၀ တန်းတုန်းက အင်္ဂလိပ်စာဆရာမ ဒေါ်နွယ်နွယ်ဝေက မန်းတက္ကသိုလ် ကျောင်းသားသမဂ္ဂတပ်ဦးကျောင်းသူပေါ့၊ ဆရာမက တပ်ဦးကျောင်းသားအလံကို ကိုင်ပြီးရှေ့ဆုံးကထွက်တော့ အင်အားအဖွဲ့က တပ်ဦးမကြီးပေါင်တန်ရှည်...နွယ်နွယ်ဝေ..နွယ်နွယ်ဝေ လို့ သံချပ်ထိုးကြသတဲ့..၊ဒီအကြောင်းကို ဆရာမက စာသင်ရင်းပြန်ပြောတော့ ကိုကြီးကျောက်တို့မှာ မမှီလိုက်တဲ့ ကျောင်းသားသမဂ္ဂခေတ်ကို လွမ်းလိုက်တာ...
ကိုင်း.....နွေကျောင်းပိတ်ရက်ဆိုတာ တောထဲမှာပဲ အချိန်ကုန်ခဲ့ရတဲ့ ကျောင်းသားဘဝကို ၄ နှစ်ပြီးမြောက်အောင်မြင်အောင်ဖြတ်သန်းလိုက်တော့ ......ကျောက်ခဲတလုံးဖြစ်လာကြောင်း သက်သေခံလက်မှတ်လေးကတော့ အောက်မှာပြထားတဲ့ ပုံလေးပါပဲ..........
ရေနီမြောင်းလေးရယ်....နှုတ်ဆက်ခဲ့တယ်...
တမာတောနဲ့ ဝေးရာ...သွားရတော့မယ်...မခွဲချင်ပါဘူး......မခွဲနိုင်ပါဘူး......ချစ်ရတဲ့...အမိမန်းတက္ကသိုလ်ရယ်........
ထိုင်ခုံဝိုင်းလေးရယ်....ပြောပြလိုက်ကွယ်...
ဟိုတုန်းက အဖြစ်တွေ ..မမေ့နဲ့ပေါ့ကွယ်...မြတမာသူရယ်...သစ္စာသူရယ်...မလွဲသာလို့..ခွဲရတော့မယ်ကွယ်...
အချိန်တွေဆိုတာ ...ဆွဲလို့ မရနိုင်မှန်းတော့...သိပါရဲ့.....
၎ နှစ်ပြည့်ပြီ.............ဝမ်းနည်းရပြီ....အချစ်ရေ့.............
တနေ့တော့ဒို့တတွေ....ခွဲကြရမယ်..မသိဘူးတော့ မဟုတ်ပါ...
သိတော့သိတယ်...မနက်ဖြန်ပြန်မယ်....အပြီးအပိုင်ပါပဲ..
နောက်တခါတော့ တွေ့ကြဖို့ရာမလွယ်..........
လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀ လောက်က ကျောင်းသားဘဝမှာ ဘယ်သူစပ်ခဲ့မှန်းမမှတ်မိတော့တဲ့သီချင်းလေးပါ၊ ကျောင်းပိတ်ခါနီးအဆောင်တွေရှေ့ သွားအော်နေကြသီချင်းလေးထဲက တပိုင်းတစပေါ့...၊ နှမကျောက် မကေ က tag ထားတော့ ငယ်မူတွေပြန်ပြီးရေးလိုက်တာ..တော်တော်တောင်ရှည်သွားတယ်၊ မန်းတက္ကသိုလ်ပုံတွေကို နှမ ရွှေစင်ဦးကို ရိုက်ခိုင်းလိုက်တော့ ၊အမယ်... နှမဖြစ်သူ စည်းစိမ်က သူလက်စွမ်းပြမတဲ့...၊
စည်းစိမ်ရဲ့လက်စွမ်းပြပုံတွေထဲမှာ အပေါ်ဆုံးပုံမပါပါဘူး..၊ google ထဲကယူထားတာပါ ၊ တချို့ပုံကခေါင်းကို တဖက်၆၀ံလောက်စောင်းကြည့်ရန်လိုပြီး၊ မှန်ပြောင်းဖြင့်ကြည့်မှ အဆောက်အဦးရေးရေးသာပေါ်သော ပုံများ၊ ကင်းမြီးကောက်ထောင်ကြည့်မှ အတည့်ဟုထင်ရသောပုံများကို ထည့်ပြီးပြမထားပါ၊ ပုရစ်ကြော်၊ ဆားချိုသီးနှင့် ဆေးမြစ်များပို့လိုက်သည် ဆိုသောကြောင့် ဓါတ်ပုံများမှာ အားကြီးကောင်း၊အများကြီးကောင်း၊ ဘုရားစူးရစေ့ကောင်းပါသည်ဟု စည်းစိမ်ကိုမျက်နှာချိုသွေးထားပါသည်...၊
ကိုကြီးကျောက်ကို ဒီpost အတွက် အစစကူညီပေးတဲ့ နှမများဖြစ်တဲ့ ရွှေစင် နဲ့ စည်းစိမ်၊ အဲ...ချစ်ချစ်ကြီးလဲပါတယ်၊ တို့ကို ကျေးဇူးတင်ကြောင်းပြောပါရစေ.....

Sunday, November 7, 2010

လတန်ဆောင် စစ်ကိုင်းတောင် နဲ့ ကျောက်အချစ်နဂါးမလေး


ကိုကြီးကျောက်တို့ အညာမှာ သီတင်းကျွတ်ပြီးပြီဆိုတာနဲ့ ကထိန်ပွဲတွေ ဟိုမှာ ဒီမှာခြိမ့်ခြိမ့်သဲ လုပ်ကြတာမျိုးကိုး၊ မန္တလေးဆိုရင် တန်ဆောင်တိုင်အဖိတ်နေ့ညမှာ တမြို့လုံးစစ်ကိုင်းတောင်ရောက်နေတတ်တာ၊ ကိုကြီးကျောက်တို့ငယ်ငယ်က မင်းသားကျော်ကျော်ဗိုလ်တို့အဖေ မင်းသားကြီးဦးဝင်းဗိုလ်က မင်းသမီး တင်တင်ညိုနဲ့ တွဲပြီး အာကာကိုလွှာပုံပြုပါ့မယ် ဆိုတဲ့ ဇတ်ကားလာရိုက်တဲ့ နှစ်ကဆို လူတွေစည်လိုက်တာ စစ်ကိုင်းတောင်ပေါ်မှာ မတိုးနိုင်ဘူး၊ အဲဒီဇတ်ကားက ဇတ်ဝင်သီချင်း စစ်ကိုင်းတောင်နဲ့လတန်ဆောင် ဆိုတဲ့ သီချင်း တင်ဦးလေး ဆိုတာ ငယ်ငယ်က မြန်မာ့အသံကနေ ခနခနကြားရတာပေါ့၊


ကထိန်ပွဲအပြင် ကိုကြီးကျောက်တို့ အညာမှာရှိတဲ့ ဓလေ့က လပြည့်ညဆို ဆေးပေါင်းခတယ်ဆိုပြီး ဟိုအိမ် ဒီအိမ်ကို မဲဇလီဖူးသုတ်တွေပို့ကြ၊ ပံ့သကူပစ်ကြ၊ ကာလသားတွေက အပျော်တမ်း ကျီးမနိုးပွဲတွေလုပ်ကြတာပေါ့၊ ကိုကြီးကျောက်တို့ ဘွားအေကြီးကတော့ ကိုကြီးကျောက်တို့ငယ်ငယ်ကဆို ဆန်၊ကြက်သွန်၊ ဆား၊ ငပိ၊ စတဲ့ မီးဖိုချောင်သုံးပစ္စည်းလေးတွေကို ဝါးခံတောင်းလေးမှာထည့်ပြီး လမ်းဆုံလမ်းခွမှာ ညသန်းကောင်ကျော်ရင် သွားပြီးချထားတာ၊ တွေ့တဲ့သူက ပံ့သကူကောက်ယူနိုင်တာပေါ့၊


ကိုကြီးကျောက်တို့ကြီးလာတော့ ကိုကြီးကျောက်ရယ်၊ ကိုကြီးကျောက်နှမရယ်က ည ၁ နာရီလောက်ဆိုထပြီး နှစ်တိုင်းပစ်တာကိုး၊ အရပ်ထဲကကလေးတွေကလဲ ပစ်နေကြဆိုတာသိတော့ မှောင်ရိပ်ကနေချောင်းနေကြတာပေါ့၊ အိမ်ထဲကနေ အထုပ်ဆွဲထွက်တာနဲ့ နောက်ကတပြုံကြီးပါလာတော့တာပဲ။ ကဲ.......ဘယ်မှာ ပံ့သကူဖြစ်ပါတော့မလဲ...၊ ဒါနဲ့ပြန်ယူလာ...၊အိမ်ထဲပြန်ဝင်..၊ နာရီဝက်လောက်ရှိတော့ ကိုကြီးကျောက်က ကြွတ်ကြွတ်အိပ်ထဲ အမှိုက်တွေထည့် ...၊ ပံ့သကူပစ်သလိုထွက်ပြလို့ ကလေးတွေ နောက်ကလိုက်လာမှ ကိုကြီးကျောက်နှမက ပံ့သကူပစ်မဲ့ စားစရာတွေ၊ တီရှပ်လေးတွေ၊ ကို အိမ်ခြံစည်းရိုးမှာ ကဗျာကယာချိပ်ရတာ..၊


၂၀၀၂ခုနှစ်က ဘန်ကောက်ကနေ ဗမာပြည်ပြန်လာတော့ ရန်ကုန်မှာ တန်ဆောင်မုန်းလပြည့်နဲ့ ကြုံပါရောလား၊ ကိုကြီးကျောက်က ဟာ...ဒီနေ့လပြည့်နေ့ ဘန်ကောက်ကပါလာတဲ့ တီရှပ်လေးတွေ ပံ့သကူပစ်မှပဲလို့ ရန်ကုန်အိမ်က ကလေးတွေပြောတော့ သူတို့က နားမလည်ကြဘူး၊ ဘာလဲ..ပံ့သကူပစ်တယ်ဆိုတာတဲ့..၊ လူပုဂ္ဂိုလ်ရည်ရွယ်မထားပဲ ဘယ်သူရရဆိုပြီး လမ်းဆုံလမ်းခွမှာ ပစ်ထားတာ ပံ့သကူပစ်တယ်လို့ခေါ်တယ်လို့ ရှင်းပြရသေးတယ်၊ သူတို့က ကျနော်တို့က သူခိုးကြီးညပဲသိတာတဲ့..၊ လပြည့်ကျော်တရက်ကြမှ သူများပစ္စည်းတွေကို ဖျက်လိုဖျက်ဆီးလုပ်တာကို သူခိုးကြီးညတဲ့..၊ ကိုကြီးကျောက်ဖြင့်အတော်စိတ်ပျက်မိတယ်၊ အဲဒီညက ဘန်ကောက်ကနေ အိမ်နံပါတ် ကြေးဆိုင်းဘုတ်လေး လုပ်ပြီးအသစ်ချိပ်ထားတာကို မှုတ်းဆေးတွေနဲ့ ဖတ်မရအောင်လုပ်သွား၊ အိမ်ခြံစည်းရိုးကို မဖွယ်မရာပုံပေါ် မှုတ်ဆေးနဲ့ ရေးသွားတွေ မြင်ရတော့ ကိုကြီးကျောက်တို့ အညာကကျီးမနိုးပွဲမှာ အပျော်ကျီစယ်တာလောက်ပဲ လုပ်ကြတာကို သတိရမိတယ်၊


အညာမှာ ကိုကြီးကျောက်တို့ငယ်ငယ်က ရေချမ်းစဉ်လေးတွေ ရှိတတ်တာကိုး၊ ရေအိုးတလုံးကို သံဃာတော်များသုံးဆောင်ဖို့နဲ့ နောက်တလုံးကလူတွေ အဖို့ကိုး၊ အဲ...ရေအိုးစဉ်က သံဃာတော်များသုံးဆောင်ရန် ဆိုတဲ့ စာကို ကိုကြီးကျောက်တို့က ဖြုတ်ပြီး အပျိုကြီးတွေ အိမ်မှာ သွားချိပ်ထားတာမျိုး..၊ အပျိုကြီးတွေခမြာ မနက်လင်းတော့ လူတွေပြုံးစိစိ ကို ကသိကအောက်ဖြစ်လို့၊ ရန်အလွန်ဖြစ်တဲ့ လင်မယားအိမ်နဲ့ မျက်နှာချင်းဆိုင်အိမ်မှာ မကွေး ဒါးအမျိုးမျိုးရသည် ဆိုတဲ့ ဆိုင်းဘုတ်ချိပ်ပေးတာမျိုးလောက်ပဲ အပျော်စကြနောက်ကြတာပါပဲ..၊ ရွာတွေမှာတော့ ကာလသားတွေက အပျော်ကြက်ခိုးပြီးဆီလေး ဆားဆနွင်းလေး ပါလေကာနဲ့ ရေချိုချက်စားကြလို့ ကာလသားချက် ဆိုတာနာမည်ကြီးတာမျိုးကိုး၊


ကဲ....လတန်ဆောင်မှာ စစ်ကိုင်းတောင်ပဲ ပြန်သွားကြစို့....၊ ကိုကြီးကျောက် မန်းတက္ကသိုလ်ကျောင်းသားဘဝက ကိုကြီးကျောက်ဘကြီး(အဖေ့ အကို) က စစ်ကိုင်းမှာနေတယ်၊ ကိုကြီးကျောက်က ကျောင်းပိတ်ရက်မှာ စစ်ကိုင်းအိမ်ကို သွားနေတတ်တယ်၊ ဘကြီးအိမ်က စစ်ကိုင်းတောင်ပေါ်သွားတဲ့လမ်း၊ နန်းဦးမြို့သစ်မှာရှိတယ်၊ အိမ်နားမှာ နန်းဦးရေကန်ရယ်၊ နန်းဦးဘုရားရယ်ရှိတယ်၊ ခပ်လှမ်းလှမ်းမှာ သူခိုးကြီးငတက်ပြားရဲ့ မရှိခန ဘုရားနဲ့ရေကန်ရှိတယ်၊ အဲဒီအချိန်တုန်းကတော့ ကိုကြီးကျောက်မှာ မရှိတာအမြဲတမ်းဖြစ်နေတော့ မရှိခနဘုရားကိုသွားပြီးဆုတောင်းတော့ ဆုတောင်းပြည့်လိုက်ပုံများ ခိုးစားဖွက်စားရင်ရတဲ့ field တွေချည့်ဖြစ်နေတယ်၊ တော်ပါသေးရဲ့ အလုပ်သာထွက်လာရော ခိုးတာဖွက်တာဆိုလို့ ကောလင်းက ရွှေတွင်းတွေ ငှားပြီးပိုက်ဆံယူခဲ့တာပဲရှိတယ်၊ ဒီငွေတွေကလဲ မသန့်စင်တော့ ၇၅ ကျပ်တန်တွေကြေငြာတော့ စက္ကူဖြစ်ကုန်တာပါပဲ...၊


ကိုင်း...ကိုယ်ပေါင်ကို လှန်ထောင်းပြမနေတော့ပါဘူး..ဇတ်လမ်းပဲ စကြပါစို့၊ ကိုကြီးကျောက်က တန်ဆောင်တိုင်ကျောင်းပိတ်တော့ စစ်ကိုင်းသွားနေတာပေါ့ ၊ အဲဒီ ..တန်ဆောင်မုန်းလပြည့်ညမှာ.....လကြီးကလဲသာလိုက်တာ...၊ ရာသီဥတုကလဲ အေးစပြုပြီဆိုတော့ နေလို့ကောင်းလိုက်တာ...၊ ကိုကြီးကျောက်က ည ၈ နာရီလောက် နန်းဦးဘုရားမှာ မီးပူဇော်ပြီး ဘုရားရင်ပြင်မှာထိုင်နေတာ..၊ အဲဒီတုန်းက ဘုရားကလဲ မြို့ပြင်လိုဖြစ်နေတော့ လူသူလေးပါးလဲ ဘယ်သူမှမရှိဘူး၊ ဘုရားတံတိုင်းနားမှာ ပွင့်နေတဲ့ ဆိပ်ဖလူးပန်းနံ့လေးကလဲ မွှေးလိုက်တာ ချိုအီနေတာပဲ..၊ ကိုကြီးကျောက်က ဘုရားတံတိုင်းကိုမှီပြီး မျက်စေ့လေးမှိတ်ပြီး feel ပေါ့လေ......


အဲဒီအချိန်မှာ နားထဲ ခေါ်သံသဲ့သဲ့ကြားလိုက်တယ်...မောင်ကြီး လိုလို ဘာလိုလိုမှန်းတော့မသိဘူး၊ ဒါနဲ့ ဆတ်ကနဲ မျက်စေ့ဖွင့်ကြည့်လိုက်တော့ ..........ကောင်မလေးတယောက်ဗျ..၊ ပြုံးလို့၊ အသားလေးက ရွှေဝါရောင်လေးလို ပြောင်လို့ ..၊မျက်စေ့ကတော့ စူးရှပြီးနီတဲ့ဖက်ကို လုနေတယ်၊ ကိုကြီးကျောက်ကို လက်ကမ်းပေးလိုက်တော့ ကိုကြီးကျောက်ကလဲ ကောင်မလေးက လက်ကမ်းတာပဲ ဘယ်နေမလဲ (အင်း...အဲဒီတုန်းက အသက်ကလဲ ၁၈ နှစ်လောက်ပဲရှိသေးတာလေ) ၊ သူနဲ့လက်ဆွဲပြီး နန်းဦးဘုရားပေါ်က ဆင်းလဲဆင်းလိုက်ရော.......


အဆောက်အဦးကြီးတခုထဲရောက်သွားပါရောလား...၊ အခန်းတွေလဲ အတွင်းမှာအများကြီး ဝင်ပေါက်က လှိုဏ်ဂူဝတွေလိုပဲ၊ အတွင်းထဲမှာ တချို့တွေ့တဲ့သူတွေကလဲ မြင်ဖူးသလိုပဲ၊ မတွေ့တာကြာပြီလို့ ပြောကြသလား ဘာလား မသဲကွဲပါဘူး၊ ရတနာလို ပြိုးပြိုးပြောင်ပြောင်တွေလဲ တွေ့ရရဲ့...၊ အဲဒါတွေကို ကိုကြီးကျောက်က စိတ်မဝင်စားတော့ ဘာတွေလဲတောင်ငုံ့မကြည့်မိပါဘူး၊ ကိုကြီးကျောက်တို့ ညီအကိုတတွေကတော့ လက်ဝတ်ရတနာရွှေငွေတွေ စိတ်မဝင်စားကြတာအမှန်၊ မိဘအမွေရွှေထည်တွေတောင် နှမအငယ်ဆုံးပဲ အကုန်ပေးကြတာ၊ သူတို့မိန်းမတွေကလဲ ယောင်္ကျားကစိတ်မဝင်စားတော့ ဘာမှမပြောရဲကြဘူးလေ၊ သူငယ်ချင်းတွေ နားကပ်ကြီးတွေတဝင်းဝင်းနဲ့ ဆိုရင် ကိုကြီးကျောက်က ကြားထဲက ရှက်နေလို့ သူတို့နဲ့ လမ်းတွဲမလျောက်ရဲဘူး...ဘယ့်နှယ်ဗျာ ...ယောင်္ကျားတန်မဲ့ စိန်နားကပ်ကြီးဝတ်ထားတာ ဘယ်မှာကြည့်ကောင်းပါ့မလဲဗျာ၊


ကဲ...ကောင်မလေးနဲ့ လျောက်သွားတာပဲကောင်းပါတယ်၊ အဲလိုနဲ့ သူနဲ့လက်တွဲပြီးလျောက်သွားရင်း မူလအခန်းကိုပြန်ရောက်လာတော့ ကိုကြီးကျောက်ကို တယောက်ယောက်က ဆောင့်တွန်းလိုက်သလိုမျိုးခံစားရပြီး ရုတ်တရက်လဲသွားချိန်မှာ နန်းဦးဘုရားရင်ပြင်မှာ ကိုကြီးကျောက်တယောက်ထဲ လဲနေပါ့လား......၊ ဟင်....ဒါဆို ခုနက အိပ်မက်ပေါ့ ...ဒါပေမဲ့ တကယ်ဖြစ်ပြီးကြုံတွေ့ ခဲ့ရသလိုကြီး....၊ ကိုကြီးကျောက်ဖြင့် ဇဝေဇဝါနဲ့ ...အို...အိမ်ပြန်အိပ်တာပဲ ကောင်းပါတယ်လေဆိုပြီး ဘုရားပေါ်ကဆင်းလဲဆင်းရော..........


အောင်မလေး....ဧရာမမြွေဟောက်ကြီး...ဘုရားလှေခါးခြေရင်းမယ်..၊ လရောင်အောက်မှာ ရွှေဝါရောင်ကိုပြောင်နေတာပဲ၊ ကိုကြီးကျောက်ကို ခေါင်းလေးထောင်ကြည့်လို့..၊မြွေဟောက်ထုံးစံက လူသံခြေသံကြားရင် အန္တရာယ်ကာကွယ်တဲ့အနေနဲ့ ပါးပြင်းထောင်တတ်တာမျိုး..၊ ဒီမြွေကြီးကတော့ လုံးဝပါးပြင်းမထောင်ပဲ ခေါင်းလေးထောင်ပြီးကိုကြီးကျောက်ကို စိုက်ကြည့်နေပြီး ဘုရားဘေးက ခြုံထဲ ဖြေးဖြးပဲ တိုးဝင်ပျောက်ကွယ်သွားတော့တာပါပဲ.....။


ဒီ post ကို နှမဖြစ်သူဒေါ်လေးမေ( မေဓါဝီ) ရဲ့ နဂါးသိုက်အကြောင်းဖတ်ပြီးကထဲက ရေးထားတာ၊ တန်ဆောင်မုန်းမှ ရာသီချိန်တင်ဖို့ပါပဲ၊ ဒါပေမဲ့လဲ ..အသဲကင်ဆာဆေး Nexavar (Sorafenib) သောက်ပြီးတပတ်လောက်ရှိတော့ မသွားနိုင် ၊ မထိုင်နိုင်အောင် ဆေးဒဏ်ခံနေရလို့ စာမရေးနိုင်တော့ ရေးထားတာပဲ တင်လိုက်ပါတယ်..၊ မကေရေ..tag ထားတာလဲ တနေ့ ၅ ကြောင်းနှုံးလောက်နဲ့ ရေးနေတယ်..။


Friday, October 29, 2010

Lotion လိမ်းတဲ့ ကျောက်ဟေကို




လွန်ခဲ့တဲ့ ၂ နှစ် ၃နှစ်ဆီလောက်က အင်တာနက်စာမျက်နှာမှာ ဗမာပြည်က မော်ဒယ်သရုပ်ဆောင်အမျိုးသမီးတယောက် ရေချိုးပြီး lotion လိမ်းတဲ့ video တခု ကိုကြီးကျောက်တို့ အုတ်အော်သောင်းတင်း ကြည့်ခဲ့ရဖူးပါ့ဗျာ၊ တယ်လီဖုန်းပြောတဲ့သူကလဲပြောလို့ မင်းသမီးကလဲ စိမ်ပြေနပြေကို lotion လိမ်းလို့...၊ ကိုကြီးကျောက်တို့မှာ ကြိတ်မနိုင်ခဲမရ သွားရည်တများများနဲ့ ကြည့်ခဲ့ရတာပေါ့ဗျာ၊ အင်း......ဝဋ်ဆိုတာက ချက်ချင်း လည်တတ်တာမျိုးကလား၊ ခုတော့ ကိုကြီးကျောက်မှာ lotion လိမ်းရတဲ့ အဖြစ်ကဖြစ်လာခဲ့ပြီပေါ့ဗျာ ၊

ကိုကြီးကျောက်လွန်ခဲ့တဲ့ ၄ လ လောက်ကစလို့ ပြည်နယ် ၃ ခုက ဆေးရုံ ၃ ရုံမှာ ဆေးကုခဲ့ရတာ ကိုကြီးကျောက်ရောဂါက အသဲကင်ဆာ (Hapatocellular CA) တဲ့..၊ ကင်ဆာရဲ့ ပမာဏကလဲ ၅ စင်တီမီတာ(၂ လက်မ) လောက်ရှိတာမို့ ခွဲစိတ်အစားထိုး ကုမရအောင်ပါပဲတဲ့ ၊ ၆ လလောက်ပဲ အသက်ရှင်နေနိုင်တဲ့ အခွင့်အရေးပဲရှိသတဲ့၊ အဲဒီတော့ ကိုကြီးကျောက်ရဲ့ အသဲဆရာဝန်က ကိုကြီးကျောက်ရဲ့ ကင်ဆာကို ရပ်တန့်နိုင်အောင် သောက်ဆေးတခုနဲ့ ကုသဖို့စီစဉ်ပါတော့တယ် ၊

ဆေးကလဲ နောက်ဆုံးပေါ်ဆေးမို့ ဈေးကြီးလိုက်တာ ..၊ ဆေးနာမည်က Nexavar တဲ့၊ ၂၀၀ မီလီဂရမ် ဆေးပြား ၁၂၀ (တလစာ) ကို ဒေါ်လာ ၈၀၀၀/- ပတ်ဝန်းကျင်မှာ ရှိသတဲ့ ၊ ကိုင်း......ဘယ့်နှယ်လုပ်ကြမတုန်း ၊ ကိုကြီးကျောက် ကျန်းမာပြီးအလုပ် လုပ်နိုင်တုန်းတောင် တလကို ဒေါ်လာ ၈၀၀၀ မဝင်ဘူး၊ ခု မကျန်းမာလို့ အမေရိကန်အစိုးရဆီက မကျန်းမမာ ထောက်ပံ့ကြေး တောင်းစားနေတဲ့ ဒွန်းစဏ္ဍားကျောက် ဘဝမှာဖြင့် ပိုခက်ပြီပေါ့ဗျာ ၊ ဒါပေမဲ့ မပူပါနဲ့လေ....၊ ကိုကြီးကျောက်အတွက် ဆရာဝန်က Nexavar REACH Program မှာ ဆေး အခမဲ့ရအောင် လျောက်ပေးတာမို့ တလ ဒေါ်လာ ၈၀၀၀ အတွက် စိတ်အေးရတာပေါ့ဗျာ ၊

အင်း....ဗမာပြည်မှာသာဆိုရင်တော့ ဆေးဖိုးမတတ်နိုင်တာနဲ့ ခုချိန်လောက်ဆို ကိုကြီးကျောက်တို့ နတ်သမီးလေးတွေ တဖက် ငါးရာနဲ့ တွေ့နေရလောက်ပြီပေါ့ဗျာ.....၊ ခုတော့ အမေရိကန်နိုင်ငံက နတ်ပြည်သွားဖို့အရေး ဇွတ်ကို ကန့်လန့်ကန့်လန့် လုပ်နေပါရောလား..၊ ဒါကိုတွေးမိတော့ ဗမာပြည်သူပြည်သားတွေအပေါ် ဗမာအစိုးရရဲ့ စေတနာဟာ အထူးကြီးလှတာကို သိမြင်လာတာပေါ့ဗျာ ၊ နတ်ပြည်ကိုမြန်မြန်ဆန်ရောက်နိုင်တဲ့ အခွင့်အရေးဆိုတာ လွယ်တာမှတ်လို့၊

အရင်အပတ်က Program က အာမန်ဒါ ဆိုတဲ့ သူနာပြုဆရာမလေးက ကိုကြီးကျောက်ကို ဖုန်းဆက်ပြီး ဆေးသောက်ရင် ဖြစ်လာမဲ့ အကျိုးဆက်တွေပြောပြတယ်၊ ဆေးသောက်ပြီးတဲ့နောက်မှာ ဆံပင်တွေ ကျွတ်မယ်တဲ့...၊ အို.....ဒါလေးများ..ကတုံးတုံးပြီး ဆံပင်တုတွေ အမျိုးမျိုးစွပ်ပြီး အဆိုတော်တောင်လုပ်လို့ရသေး ၊ အင်း....ဆံပင်တမျိုးပဲ ကျွတ်မှာပဲလား .....နှုတ်ခမ်းမွှေးတွေ ဘာတွေပါ ကျွတ်ကုန်မလား...မသိဘူး၊ ဒါဆိုလဲ ရိတ်ရတာ သက်သာတာပေါ့လေ ၊

သွေးပေါင်ချိန်ကလဲ တက်ဦးမှာမို့ တပတ်တခါ သွေးပေါင်ကလဲ တိုင်းပေးရမတဲ့ ၊ ဒါကလဲ လုပ်သင့်တဲ့ ကိစ္စတခုပါပဲလေ...၊ဆေးမသောက်ခင်တောင် ကောင်မလေးတွေ မြင်ရင် သွေးခုန်နှုန်းတွေ တဒိတ်ဒိတ်နဲ့ တက်လာတက်တာ၊ ဆေးသောက်ပြီဆိုမှတော့ ပိုတက်လာတော့ပေမပေါ့၊ သွေးထွက်လဲ လွန်တတ်တာမို့ ခွဲစိတ်စရာ၊ သွားနှုတ်စရာရှိရင် ဆေးသောက်တာကို ရပ်ထားပါတဲ့၊ သွားကတော့ ခုထိအကောင်းကြီးတွေ ပါပဲ ၊ပေါင်တွေ...အဲ..ကြက်ပေါင်တွေတောင် ဂျိုးဂျိုးဂျွတ်ဂျွတ် ဝါးစားနိုင်သေး..၊ ဒ့ါကြောင့် ဒီအတွက်တော့ စိတ်ပူရန်မလို ၊ ကိုယ်အလေးချိန်ကလဲ လျော့ဦးမတဲ့...၊ နဂိုကမှ မော်ဒယ်လေးလို ကိုယ်အလေးချိန်နဲ့ ခါးဆိုဒ်ကို နှစ်ပေါင်းများစွာ ထိမ်းသိမ်းလာတာ... ဒီထက်မှလျော့ ရရင်လဲ ခက်ရချည့်ရဲ့...မဖြစ်ဘူး....မဖြစ်ဘူး....အီသီယိုပီးယားကို အမြန်သွားပြီး မော်ဒယ်လုပ်မှဖြစ်တော့မယ်..၊

ဝမ်းကလဲလျောတတ်သတဲ့...အင်း........ဒါတော့ ကိုကြီးကျောက်အတွက် အထူးအရေးကြီးတဲ့ ကိစ္စတရပ်ပေပဲ ၊ ကိုကြီးကျောက်က အင်မတန် ဝမ်းလွယ်တဲ့လူမျိုး ..တသက်နဲ့တကိုယ် တခါမှဝမ်းနှုတ်ဆေးမသောက်ဖူးပေါင် ၊နွားနို့ကို သောက်နေကြ တံဆိပ်မဟုတ်ပဲ တံဆိပ်ပြောင်းရင်တောင် ဝမ်းသွားတတ်တဲ့ လူစားမျိုး ၊ ဝါရှင်တန်ဒီစီမြို့တော်ထဲက Omni Hotel က gift shop မှာလုပ်တုန်းက ကိုကြီးကျောက်က ဆိုင်မသွားခင် နွားနို့သောက်မယ်ဆိုတော့ အိမ်နားက super market မှာ သောက်နေကြတံဆိပ်က ရှာမရဘူး၊ ဒါနဲ့ တွေ့တဲ့ တံဆိပ်ဝယ်ပြီး သောက်ပြီးဆိုင်သွားရော...၊ ဆိုင်လဲရောက်ရော နွားနို့က အစွမ်းပြပါလေရောလား...၊ ဝမ်းကသွားချင်လာပြီ ဆိုင်ထဲမှာက ဈေးဝယ်တွေ မပြတ်သေးတော့ ဆိုင်ပိတ်သွားဖို့ကခက်..၊ ဝမ်းမသွားခင် ပဏာမအနေနဲ့ အီး တွေက တလုံးပြီး တလုံး ပေါက်လိုက်တာ gift shop က ဆိုင်ခန်းကျဉ်းကျဉ်းလေးထဲမှာ ...အို.........မွှန်ထူနေတာပဲ...နောက်ဆုံး..ဈေးဝယ်သူတယောက်က မနေနိုင်လွန်းလို့ ထင်ပါရဲ့ ကိုကြီးကျောက်ကို လာမေးတယ်......ဘယ်လို ရေမွှေးတွေများ သုံးထားပါသလဲ.......တဲ့၊

အင်း......ဒီတခါတော့ ကိုကြီးကျောက်လဲ diaper ဝယ်ပြီးဝတ်ထားမလားလို့ တွေးမိတာပဲ၊ လေနဲ့ ဝမ်းနဲ့ မကွဲတာလဲ စိတ်အေးရတာပေါ့ ၊ ကိုယ် diaper ဝတ်ထားကြောင်း လူတွေသိအောင် မန္တလေး ကိုသွားမလားလို့တောင်စိတ်ကူးမိတယ်၊ ဟိုနေ့က ဖေါ်ဝပ်မေး တခုမှာ မန္တလေးက ရတနာပုံ ဘောလုံးအသင်း ဂုဏ်ပြုပွဲမှာ အက မော်ဒယ် ခေမီကိုက ကရင်း အတွင်းခံဘောင်းဘီလှန်ပြနေတာ ကြည့်လိုက်ရတော့ ကိုယ်လဲ ခေမီကိုနဲ့ အတူကပြီး diaper လေးလှန်ပြရရင်ကောင်းမလားလို့တောင် တွေးမိတယ်၊ ကိုကြီးကျောက်ဖြင့် သူလှန်ပြတာ အတွင်းခံမှဟုတ်ရဲ့လားလို့ သေချာအောင် ပုံကြီးချဲ့ကြည့်လိုက်သေး...၊

ကိုကြီးကျောက်သူငယ်ချင်း အကိုရဲ့ အူလျောက်စုန်းပြကွက်မျိုးတော့ မဟုတ်လောက်ပါဘူးလို့..ထင်ရတာပဲ၊ ကိုကြီးကျောက် ငယ်ငယ်က သူငယ်ချင်းတယောက်ရှိတယ် သူတို့မိသားစုကို လူကြီးတွေက အူလျောက်စုန်းမျိုးလို့ ပြောကြတာပေါ့၊ အူလျောက်စုန်းဆိုတာက စုန်းပညာကို မသင်ကြားရပဲ အမိဝမ်းထဲကထဲက သားစဉ်မြေးဆက် အလိုလို တတ်ကြတာမျိုး..၊

ကိုကြီးကျောက်တို့ ကလေးတုန်းက ကိုကြီးကျောက်တို့ကို သူငယ်ချင်းအကိုက ရေတခွက်ခပ်လာပြီး.... ငါးလေးကြည့်မလား....ဆိုပြီးမေးပါလေရော ၊ ကိုကြီးကျောက်တို့ကလဲ ကြည့်မယ်ပေါ့လဲဆိုရော တမာရွက်လေးတရွက်ခူးပြီး ရေထဲထည့်လိုက်တော့ ....ဟယ်.....ငါးလေး...ဖြစ်ပြီး ရေထဲမှာကူးနေပါရောလား....၊ ကိုကြီးကျောက်တို့က ကလေးဆိုတော့ ငါးလေးလိုချင်တော့ ရေထဲလက်နှိုက်ပြီး ဖမ်းလိုက်ရော ...လက်ထဲ တမာရွက်ပဲပါလာတော့တယ်..၊ ခုလဲ ခေမီကိုရဲ့ အတွင်းခံဘောင်းဘီအစစ်လားလို့ လက်နှိုက်ပြီးကြည့်လိုက်ချင်တာ ဓါတ်ပုံထဲဆိုတော့လဲ လက်နဲ့နှိုက်လို့ကမရ.. အပြင်မှာ လှန်ပြရင်တော့ သေချာနှိုက်ကြည့်လိုက်မှာပေါ့..၊

ကဲ...ကဲ..သူလှန်ပြတဲ့အကြောင်းထားပါတော့..၊ ကိုယ့်ဆေးအကြောင်းပဲ ပြောရအောင်..၊ ဆေးသောက်ပြီးရင် အရေပြားတွေ ခြောက်သွေ့ယားယံတတ်လို့ မကြာမကြာ body lotion လိမ်းပေးပါတဲ့..၊ အထူးသဖြင့် ခြေဖဝါး တွေခြောက်သွေ့ကွဲကုန်တတ်လို့ lotion လိမ်းပြီးရင် ခြေအိပ်စွပ်ထားရမတဲ့ ၊ ရေချိုးရင်လဲ ရေပူရေနွေးနဲ့ မချိုးရဘူးတဲ့...၊ ဒီတခါတော့ ခက်ပြီ ...ဆောင်းတွင်းမှာ ရေနွေးနဲ့ မချိုးရပဲ ရေအေးနဲ့သာ ချိုးရမယ်ဆိုရင်ဖြင့် ကင်ဆာနဲ့မသေပဲ အအေးမိပြီးကိစ္စပြတ်သွားရမဲ့ သဘောရှိပါလား...၊ ကဲ....ဒါဆိုရင်တော့ ဒီဆောင်းမှာ ရေမချိုးမှဖြစ်တော့မယ်၊ အင်း....ဒါဆို ဆောင်းတွင်းမှာ ရည်းစားထားဖို့ အစီအစဉ်လဲ ရွှေ့ဆိုင်းရတော့မှာပေါ့လေ...၊ သူ့ခမြာ ရည်းစားနဲ့တွေ့ဖို့လာပါတယ် နှာခေါင်းမှာ mask စည်းပြီ တွေ့ရရင် အားနာစရာ...၊

ခုတော့ ကိုကြီးကျောက်လဲ မကြာမကြာ lotion လိမ်းနေရလို့ ကျောက်ဟေကို ဘဝတောင်ရောက်နေပါပြီ...၊ lotion လိမ်းမယ်ကြံရင်လဲ တယ်လီဖုန်းသံကြားမကြားနာစွင့်နေရသေး...၊ တော်ကြာ..ကျောက်ဟေကို ရဲ့ lotion လိမ်းတဲ့ video နဲ့ တယ်လီဖုန်းပြောနေတဲ့ အသံတွေ အင်တာနက်မှာပေါ်လာလိုက်ရင် ကျောက်ဟေကို အတွက် မခက်ပေဘူးလားဗျာ.....။

ကိုကြီးကျောက်ကို ကမ္ဘာအရပ်ရပ်ကပို့ကြတဲ့ မေတ္တာစေတနာကြောင့်ထင်ပါရဲ့ စားကောင်းသောက်ကောင်း ကျန်းမာဝဖြိုးအလှတွေ တိုးနေပြီး ဆတ်ကော့လတ်ကော့နဲ့ သွားလာနေလိုက်တာ ဆရာဝန်က ၆ လသာပြောတာ ခု ၂ လတောင်ရှိတော့မယ် ပိုပြီးတောင် ကျန်းမာပြီး ပေါင်ချိန်တွေတောင်တိုးနေပါသေးတယ်၊ အရင် ၂ လက ၁၂၈ ပေါင်ပဲရှိတာ ..ခု ၁၃၆ ပေါင်ရှိလာပါရောလား၊

ကိုကြီးကျောက်ရဲ့ စာဖတ်ပရိဿတ်တွေထဲက တချို့ကို နာမည်နဲ့ တကွ ကျေးဇူးတင်ကြောင်းလဲပြောပါရစေ...၊ ကိုကြီးကျောက် တရားနာရအောင် USB flash drive ပို့ပေးတဲ့ စင်ကာပူနိုင်ငံက ကိုတင်ထူး၊ ကိုကြီးကျောက်ရဲ့ ဆေးမှတ်တမ်းတွေဖတ်ပြီး အကြံဉာဏ်တွေပေးတဲ့ Boston မြို့က မို့မို့ ၊ ကိုကြီးကျောက်စားဖို့ဆိုပြီး တကူးတကပို့ပေးတဲ့ ဗီယက်နမ်နိုင်ငံဒါနန်းမြို့က နှမ မချော၊ ဆန်ဖရန်စစ်စကိုက နှမ လွင်၊ နဲ့ ဗာဂျီးနီယား၊မေရီလန်းပြည်နယ်များက မိတ်ဆွေသင်္ဂဟများ၊ ကိုကြီးကျောက်ရဲ့ နှမကျောက်တွေ ဖြစ်ကြတဲ့ ဝိပဿနာရှုနည်း လက်စွဲကျမ်း ပို့ပေးတဲ့ ဩစတေလျ နိုင်ငံ Perth မြို့က နှမ မကေ(ကေသွယ်)၊ ဒူးရင်းဩဇာရွက်ကို မရမက ရှာဖွေ အလစ်သုတ်...အဲလေ...ခူးယူပြီး အမြန်ပေးပို့တဲ့ ဖလော်ရီဒါပြည်နယ်က နှမ မဝေ (ဒေါ်ဝေဝေမြင့်၊ ဒဂုံတက္ကသိုလ်ဘူမိဗေဒဆရာမဟောင်း) တို့ကို ကိုကြီးကျောက်က အထူးကျေးဇူးတင်ကြောင်း ရေးလိုက်ပါရစေခင်ဗျာ....။

Thursday, October 21, 2010

ကျောက်မေတ္တာအရင်းခံ


ချင်းတွင်းဒေသကို ကိုကြီးကျောက်တို့ field ဆင်းတုန်းက စခန်းချနေတဲ့မြို့လေးက ကနီတဲ့၊ မုံရွာရဲ့အထက် ချင်းတွင်းမြစ်အနောက်ဖက်ကမ်းမှာ ရှိတာပေါ့၊ သူနဲ့မျက်နှာချင်းဆိုင် အရှေ့ဖက်ကမ်းမှာကနဲဆိုတဲ့ရွာလေး၊ မုံရွာကနေ ကနီကိုသွားချင်ရင် မော်တော်စီးသွားရင်သွား ဒါမှမဟုတ် တရက်မှ တစီးရှိတဲ့ ကန်နဲကားကိုစီးရင်စီး၊ ကနဲရောက်တာနဲ့ ကနီဖက်ကို ကူးတို့လှေလေးစီးလိုက်ရင်ရောက်ပြီ၊


မြို့လေးကမြစ်အနောက်ဖက်ကမ်းမှာ ဆိုတော့ ကိုကြီးကျောက်တို့ရောက်တုန်းက မော်တော်ကားလဲမရှိဘူး၊ ကတ္တရာလမ်းလဲ မရှိဘူး၊တစီးထဲသော မီးသတ်ကားကလဲ ဘီး ၄ ဘီးလုံး မရှိတော့လို့ သစ်တုံးတွေ ခုထားရတယ်၊ လူကလဲ ကမ်းနားတဝိုက်ပဲ စည်တယ်၊ ကိုကြီးကျောက်တို့ရောက်တော့ ရန်ကုန်ကလာတဲ့မြို့ကြီးသား အရာရှိလေးတွေ လူချောလေးတွေ ( အဟင်း..ကိုယ့်ကိုယ်ကို ဖေါ်ရာတောင်ကျသွားပြီ..အင်း..မှန်တာပြောတာပါလေ..ကိစ္စ မရှိပါဘူး) ဆိုပြီး ကနီက အပျိုတွေကြား ရင်သိမ့်တုန်စရာတွေပေါ့လေ၊ တယ်လဲဖေါ်ရွေပျူငှာကြတာပဲ ၊ ကိုကြီးကျောက်တို့ကလဲ ရောက်ကထဲက တည်းတဲ့မြို့ခမ်းမမှာ ဖဲရိုက်လိုက်ကြ၊ အရက်သောက်လိုက်ကြနဲ့ နေကြတာပေါ့၊


အဲဒီအချိန်က အဆိုတော်မေဆွိရဲ့ ခေတ်ဟောင်းအဆိုတော်ကြီးတွေ ဖြစ်တဲ့ ဒေါ်ကြည်အောင်တို့ ဒေါ်မေရှင်တို့ ဒေါ်အေးမိတို့ သီချင်းတွေပြန်ဆိုထားတဲ့ အခွေကလဲခေတ်စားနေချိန်ပေါ့၊ အဆိုတော်ကြီးဒေါ်အေးမိရဲ့ ...သိကြားမင်းဖျက်တောင်..မပျက်နိုင်ပါဘူးရှင်..ပျို့စိတ်ထဲက မောင့်ကိုသာချစ်ခင်....အစချီတဲ့ မေတ္တာအရင်းခံ သီချင်းမှာ..အရက်သောက်တာ မြင်းလောင်းတာတွေစုံလင်...ဒါ့ထက်တောင် ကဲအုန်းကွယ်..ဆယ်ဆပင်.. အေးမေတ္တာ သို့ပေမဲ့ မပျက်ပေါင်ရှင်.. လို့ ဆိုထားတာကို..၊ကိုကြီးကျောက်တို့စတည်းချတဲ့နားက အပျိုမများက ခနခနဖွင့်ပြီး ဖဲရိုက်တာ လို့တောင်ဖြည့်ပြီးဆိုလိုက်ကြသေး၊


ကဲ...ဒီလိုဆိုတော့ သားမယားတွေထားခဲ့ပြီး ကနီမှာ လာပြီးအလုပ်လုပ်ကြတဲ့ မောင်ကြီးတွေ ရုန်းမထွက်နိုင်ပေဘူးပေါ့၊ ဒါ့ကြောင့် ချင်းတွင်းမြစ်ရိုးသူတွေ ခမြာ စာဆိုတောင်ခံရတော့တာပဲ ..ကနီကနဲ လင်ခိုးရဲတဲ့၊ မုံရွာသူ ကြုံရာယူတဲ့၊ ဟုတ်မဟုတ်တော့ ဆရာဂျစ်တို့ တော်ကီတို့ ကိုရွာသားတို့ မေးကြည့်ကြပါတော့..၊ ကိုကြီးကျောက်သူငယ်ချင်း မုံရွာသူများကတော့ ခုထိအောင် အပျိုကြီးတွေပါပဲ..ကြုံရာယူမရလို့နဲ့တူပါရဲ့..၊


ကိုကြီးကျောက်တို့က ကနီနယ်ထဲက ကဲတောင်ဆိုတဲ့ ရွာလေးမှာ စခန်းချတော့ တလတခါဆိုသလို ကနီကို ရုံးကိစ္စအတွက်ဆင်းရတယ်၊ ကဲတောင်က ကနီအထက် နေ့တဝက်လောက်မော်တော်နဲ့ဆန်တက်ရတာပေါ့..၊ တရက်မှာတော့ ကနီကိုဆင်းစရာအကြောင်းရှိတော့ ကဲတောင်ကနေ မော်တော်လေးစီးပြီးစုန်လာတယ်..၊ ချင်းတွင်းမြစ်ရေကလဲ ဧပြီလဆန်းဆိုတော့ ရေကတော်တော် နဲနေပြီ၊ အနက်ဆုံးနေရာတောင် ၃ ပေလောက်ပဲရှိတယ်၊ ရေလေးကလဲ ကြည်ပြီးစိမ်းလဲ့နေလိုက်တာ..၊ မြစ်ကြောင်းကျဉ်းချိန်ဆိုတော့ ကိုကြီးကျောက်တို့ ချင်းတွင်းမြစ်ထဲ ရေဆင်းချိုးရင် ဟိုဖက်ကမ်းသည်ဖက်ကမ်း အသာလေးရေကူးသွားလိုက်တာပဲ၊


ကိုကြီးကျောက်စီးလာတဲ့မော်တော်ကလဲ တလမ်းလုံး ဟိုနေရာ သောင်တင်လိုက် ဒီနေရာသောင်တင်လိုက်၊ တပျော်တပါး ရေထဲဆင်းတွန်းလိုက်ကြ..၊ တွန်းမရရင် ဂွဲကြိတ်လိုက်ကြ၊ ဂွဲကြိတ်တယ်ဆိုတာက မြစ်ထဲမှာ သစ်သားဂွဲတိုင်စိုက်ပြီး မော်တော်ကို ရေနက်ထဲကျအောင်ကြိုးနဲ့ ဂွဲတိုင်မှာချည်ပြီးချရတာမျိုး..၊ ဒီလိုနဲ့ ညနေသာစောင်းသွားတယ် မော်တော်က ကနီကို မရောက်သေးဘူး၊ တနေ့လုံးလဲ ဘာမှ ကောင်းကောင်းမစားရသေးတော့ ဆာကလဲဆာနေပြီ..၊ မော်တော်ကလဲ ကနီအထက် ၆ မိုင်လောက်မှာသောင်တင်နေတုန်း..၊ ဒါနဲ့ ကိုကြီးကျောက်လဲ ဒီလိုတော့ မဖြစ်ချေဘူး..ဆာဆာနဲ့ မော်တော်ပေါ်တညလုံး ပုဆိုးခြုံပြီးကွေးမနေတော့ဘူး ကနီရောက်အောင် လျှောက်မှဆိုပြီး အနားရှိတဲ့ တံငါလှေလေးကို အရှေ့ဖက်ကမ်းပို့ခိုင်းပြီး လမ်းစလျှောက်တော့တာပဲ၊


လျှောက်စကတော့ နေရောင်ကလဲရှိသေးတော့ လျှောက်ရတာအဆင်ပြေတာပေါ့လေ..၊ အဝေးက ကနီတောင်ပေါ်ဘုရားကိုလဲ လှမ်းမြင်နေရတာပေါ့၊ ၂မိုင်လောက်လဲ လျှောက်ပြီးရော တဖြေးဖြေး မှောင်လာတယ်..၊ မြစ်နံဘေး ပြောင်းဖူးခင်း၊ မြေပဲခင်းတွေ ကြားလျှောက်ရတာဆိုတော့ လမ်းကလဲ ကောင်းကောင်းမရှိဘူး၊ အဝေးမှာမြင်နေရတဲ့ ကန်နီတောင်ပေါ်ဘုရားမီးရောင်ကို ဦးတည်ပြီးလျှောက်နေရတာ..၊ မြေပဲခင်းထဲက မြွေတွန်သံကြားတော့မှ ...ဟယ်...ညနေနေဝင်ဖြိုးဖြ မြွေအစာရှာထွက်ချိန်ပဲ..၊ ဘိနပ်ကလဲ တောစီးဘိနပ်မဟုတ်ဘူး..၊ ညှပ်ဘိနပ်... နဲနဲတောင် ရင်ခုံသွားတယ်..၊


ဒါပေမဲ့ ဘဂဝါဟိုက်စကူးမှာ တနှစ်တဝါ စာသင်လာတဲ့ ဘုန်းကြီးကျောင်းသားလက်ဟောင်းကျောက်ပဲ..၊အေးဆေးပေါ့.ပရိတ်ကြီး ၁၁ သုတ်လုံးရွတ်လာလိုက်တာ ..ရွတ်ရင်းနဲ့နောက်စဉ်းစားမိတယ်..၊ ဟာ.....အင်္ဂုလိမာလသုတ်တော့ ရွတ်လို့မဖြစ်ချေဘူး..၊ နေ့စေ့လစေ့ မြွေပွေးမများကြားရင်တော့ မြွေပွေးလေးတွေပေါက်ကုန်ရင်တော့ ပြဿနာပဲပေါ့..၊ ရှောင်စရာတိမ်းစရာတွေများနေရင် ခက်ချည်ရဲ့ဆိုပြီး ခန္ဓသုတ်ပဲ ရွတ်တော့တယ်..၊


အင်္ဂုလိမာလသုတ်ဆိုတော့ ကိုကြီးကျောက်ရဲ့ သူငယ်ချင်း မင်းချစ်စိန်ကို သွားပြီးသတိရမိတယ်၊ မင်းချစ်စိန်က ပေါင်မြို့သား...မွန်..၊ သူ့မိန်းမက မဒေစီတဲ့၊ မဒေစီကိုယ်လေးလက်ဝန်ရှိလာတော့ မင်းချစ်စိန် အင်္ဂုလိမာလသုတ်ကျက်လိုက်တာ ဗျမ်းဗျမ်းကွဲပါရောလား..၊ မဒေစီ မွေးခါနီးတော့ မင်းချစ်စိန် field ထဲကနေ ခွင့်ယူပြီး ပေါင်ကိုပြန်သွားတယ်၊ မဒေစီ ဗိုက်နာပြီလဲဆိုရော မင်းချစ်စိန်က သူ့အစွမ်းတွေ ပြချင်တော့ အဂုင်္လိမာလသုတ်ကို တရပ်လုံးကြားအောင် ရွတ်ပစ်ပါရောလား..၊ အရပ်ကလဲ မဒေစီမွေးတော့မယ်ပေါ့..၊ ဘယ်ဟုတ်မှာလဲ..လဘက်စားလို့ လေထိုးပြီး ဗိုက်နာတာ..၊ မဒေစီ အစားမှားလို့ဗိုက်နာတိုင်း မင်းချစ်စိန်က ပရိတ်ထွက်ရွတ်လွန်းလို့ မဒေစီခမြာ ဗိုက်နာတယ်တောင်မပြောဝံ့အောင် ဖြစ်သွားရှာတယ်၊ မဒေစီလဲ ကိုကြီးကျောက်တို့ အစအနောက်ခံရတာပဲ..၊ မဒေစီရန်ကုန်လာပြီး ပေါင်ကိုပြန်တော့ မီးရထားနဲ့ပြန်တာကိုး..၊ မဒေစီက သူ့ပစ္စည်းတွေမှာ သူ့နာမည်ရေးထားတယ်...မဒေစီ (ပေါင်) တဲ့..၊ ကိုကြီးကျောက်တို့က နောက်က ဆက်ဖြည့်ပေးလိုက်တယ်..ဖြေးဖြေးကုတ် ယားတတ်သည် လို့..၊


ကိုင်း..ချင်းတွင်းမြစ်ဘေး ပြန်သွားကြစို့.. ကိုကြီးကျောက်လဲ မြေပဲခင်းတွေကြား ခန္ဓသုတ်ပရိတ်တော်ကို ရွတ်လာလိုက်တာ....နာရီဝက်လောက် ကြာတော့ ရွတ်ရတာပျင်းလာပြီ ၊ ဒါနဲ့ ..ကိုကြီးကျောက်လဲ အဲဒီတုန်းက ကိုကြီးကျောက် ဖေးဘရိတ် ခိုင်ထူး နဲ့ပဲ ဆက်လျှောက်တော့တာပဲ...အဝေးဆုံးကို..လှမ်း...လှမ်း...လှမ်းကာ ..လှမ်းနေမယ်..အင်း..အဝတ်လှမ်းတာလား ဘာလှမ်းတာလဲမသိ လှမ်းနေတုန်း နောက်က ကောင်မလေးတွေ ရီသံသဲ့သဲ့ ကြားရသဗျ..၊ ဟာ....ဟန်ကျတာပဲ အဖေါ်ရတာပြီ..ဘယ်ရွာသွားမှာပါလိမ့်..၊ ဒါနဲ့ နောက်လှည့်ကြည့်တော့ ဘယ်သူမှမရှိသူးခင်ဗျ ၊ ဒါဆို အဝေး ကနဲရွာထဲက စကားသံ ရီသံတွေ အပြင်လျှံထွက်လာတာနေမှာပေါ့..၊


ကိုကြီးကျောက် ဆက်လျောက်လာပြန်တော့ ကိုကြီးကျောက်နောက်က ကောင်မလေးတွေရဲ့ တခစ်ခစ် ရီသံက ပိုပို ကျယ်လာပြီး..ကိုကြီးကျောက် နောက်ကထပ်ချပ်ပါလာတော့တာပေါ့..၊ ဒါနဲ့ ရပ်ပြီးနောက်လှည့်ြ့ကည့်လိုက်တော့...ကိုကြီးကျောက်နံဘေးကနေ ဝှီးကနဲ လေတိုး လိုက်ပြီး ရှေ့က ရီသံကြားရပြန်ရောဗျ..၊ အင်း...ဒီနယ်က ကောင်မလေးများကလဲ တယ်လဲ မေတ္တာပိုတတ်လိုက်ကြတာ သရဲဘဝတောင် ကြည်စယ်ကြတုန်း...လို့ ကိုကြီးကျောက်ကတွေးမိတာတာနဲ့..ကဲ...ကိုကြီးကျောက်ရဲ့ မေတ္တာလေးကို အရင်းခံပြီး မေတ္တာသုတ်ရွတ်လိုက်တော့မှ တဖြေးဖြေး အသံတွေဝေးဝေးကျန်နေခဲ့လိုက်တာ ကနဲရွာကူးတို့ဆိပ်ထိအောင်တောင် လိုက်မလာတော့ပါဘူး...၊

(google က ပုံရှာထားပါသည်)

Saturday, October 16, 2010

လွယ်လွယ်ချစ်တဲ့ ကိုကိုကျောက်

လူတိုင်းလူတိုင်းမှာ လူတကိုယ်အကျင့်တမျိုးစီတော့ရှိကြသဗျ၊ ကိုယ်ပိုင်စရိုက်လေးတွေက ငယ်ငယ်ကထဲက ပေါ်နေတတ်တာမျိုး ၊ ကိုကြီးကျောက်ကတော့ ငယ်ငယ်ကထဲက လွယ်လွယ်ချစ်တတ်တဲ့ လူပေကိုးဗျ၊ စကားပြောတတ်ခါစ ကထဲက ကိုကြီးကျောက်ကို မုန့်သာပြလိုက် အန်တီချစ်သလားလို့ဆိုလဲ..ချစ်တယ်..ဖွားဖွားချစ်သလားဆိုလဲ...ချစ်တယ်ပဲ၊ အိမ်ကိုဆွမ်းခံကြွနေကြ ဦးဇင်းက သပိတ်ထဲပါလာတဲ့ မုန့်ကို စွန့်ခဲ့ရင်လဲ ဘုန်းဘုန်းကိုချစ်တယ်ပဲ..၊ နောက်ဆုံး နေ့လည်ခင်းတိုင်းမှာ ကိုကြီးကျောက်ကို ဘွားအေကြီးက ဝယ်ကြွေးနေကြ မလိုင်လုံးရောင်းတဲ့ ကုလားကြီးလဲ ကိုကြီးကျောက်က ချစ်ပစ်တာပဲ၊

ကလေးကထဲက လက်ရဲဇက်ရဲ ဒီလောက်ချစ်တတ်တဲ့ ကိုကြီးကျောက်က လူပျိုပေါက်လဲဖြစ်ရော....အို...ချစ်စရာတွေ များမှများပါကလား၊ အတန်းကြီးတဲ့မမကြီးတွေကလဲ ကိုကြီးကျောက်အတွက် ချစ်စရာပဲ..၊ အတန်းငယ်တဲ့ သူလေးတွေကြရင်လဲ ချီပစ်လိုက်ချင်တာပဲ၊ တတန်းထည်းသားသူငယ်ချင်းတွေလဲ ပိုးပစ်လိုက်တာပဲ၊ ခု..ဒီသူငယ်ချင်းတွေနဲ့ပြန်တွေ့တော့ သူတို့ကိုပြောရတယ်..အမလေး..ကံကောင်းလို့ပါလားလို့.၊ သူတို့ကို ကိုရီးယားမင်းသမီးလေးလို စိတ်ကူးပြီး ဂုံးပိုးကြည့်မိတယ်၊ မြေပေါ်ကလက်မဝက်တောင် ကြွအောင် မဖို့မလွယ်ပေါင်ဗျာ..၊

လွယ်လွယ်ချစ်တဲ့ကိုကြီးကျောက်က သိတ်ခက်ခက်ဆိုရင်လဲ စိတ်ကမရှည်ဘူးခင်ဗျ..၊ များသောအားဖြင့် လှတယ်လို့နာမည်ကြီးသူများကို ချစ်ရဖို့ကိစ္စဟာ ကုလားကားလိုရှည်လျား ပေများတာတော့အမှန်၊ ဒီတော့ လွယ်လွယ်မှချစ်တတ်တဲ့ ကိုကြီးကျောက်ဟာ ခုထက်ထိ ဒီအကျင့်မပျောက်သေးတာတော့ ဝန်ခံရဲသဗျ..၊



ပြီးခဲ့တဲ့အင်္ဂါနေ့ (အောက်တိုဘာ ၁၂ ရက်)နေ့က ကိုကြီးကျောက်နဲ့ မေရီလန်းမှာရပ်ဆွေရပ်မျိုးလဲဖြစ်၊ ကိုကြီးကျောက်စာဖတ်ပရိဿတ်လဲဖြစ်တဲ့ နှမသန္တာက သူ့မွေးနေ့လဲဖြစ်တာတကြောင်း ကိုကြီးကျောက်ကို ကျန်းမာအသက်ရှည်ကြောင်းဆိုပြီး Maryland က Silver spring က မင်္ဂလာရာမ ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တာပေါ့၊ ဆွမ်းကပ်သွားတာကလဲ အိမ်နီးနားချင်း မောင်နှမ ၄ ယောက်ထဲပါ..၊ ကိုကြီးကျောက်ရယ်၊နှမဖြစ်သူတွေဖြစ်ကြတဲ့ မီမီ (မီမီဝင်းဖေ)ရယ်၊ မနှင်း နဲ့ သန္တာ တို့ရယ်ပါပဲ၊

ကိုကြီးကျောက်ကတော့ ဘုန်းကြီးတွေဆွမ်းဘုန်းပေးပြီးရင် စားဖို့ အသင့်အနေအထားပေါ့လေ ၊ ဝေယျာဝေစ္စများကတော့ နှမတွေပဲ လုပ်ကြတာပေါ့၊ အဲ..ဓါတ်ပုံတော့ လိုက်ရိုက်ပေးတယ်..၊ အမယ်..ဓါတ်ပုံထဲမှာ ကိုကြီးကျောက်က ကိုကြီးကျောက်ထက် အများကြီးငယ်တဲ့ မီမီ နဲ့ သိတ်မကွာပါလား...အဟင်း..အဟင်း..( ပုံနှင့် တကွသက်သေပြသည်)၊

ဦးဇင်းက ဆွမ်းဘုန်းပေးပြီး ကိုကြီးကျောက်ရဲ့ ကျန်းမာရေးကို မေးတော့ ကိုကြီးကျောက်လဲ နောက်ဆုံးအခြေအနေကို ပြောရတာပေါ့လေ၊ ကိုကြီးကျောက်ရဲ့ကျန်းမာရေးကလဲ ရှေ့တထစ် မက်ထရစ် ဆိုတာတောင် မရှိတော့လောက်အောင် အတန်းဆုံးနေပြီဆိုတော့ ကိုကြီးကျောက်ကို ကမ္ဘာအရပ်ရပ်က e mail နဲ့ပေးပို့တဲ့ ဆေးနည်းတွေ၊ စာတိုက်က ပို့ပေးကြတဲ့ ဆေးဝါးတွေ အကုန်မှီဝဲတော့တာပဲ၊ မုံရွာဆြာဂျစ်ရဲ့ အာလူးသီးနည်းတို့၊ ဗာဂျီးနီးယားက အပျိုကြီးမမများရဲ့ carrot ဖျော်ရည်တို့ အစုံပါပဲ၊ ကူးကူး(စန္ဒကူး) ရဲ့ ဒူးရင်းဩဇာ ဆိုတာတော့ ကိုကြီးကျောက်လဲ မမြင်ဖူးဘူး၊ ဘယ်မှာရှာရမှန်းလဲ မသိလို့ စမ်းမကြည့်ရသေးပါဘူး..၊
carrot ရည် ၊အာလူးရည်ကို ခြစ်ဖို့ညှစ်ဖို့ဆိုတာ လွယ်လွယ်ကူကူတော့ မဟုတ်ပေဘူးဗျ၊ ခြစ်တာညှစ်တာ မပြောနဲ့ ချစ်ဖို့ညှစ်ဖို့ကိစ္စတောင် ကိုကြီးကျောက်က လွယ်လွယ်ပဲ ချစ်ချင်ညှစ်ချင်တာ ဆိုတော့ ခက်ပြီပေါ့၊ အုန်းခြစ်နဲ့ချစ် ပြီးတော့ ပိတ်ပါးလေးနဲ့ ရေသန့်လေးသုံးပြီးညှစ်...၊အမယ်မင်း.....အာလူးရည်လေး တခွက်သောက်ဖို့ မလွယ်ပါလားနော်....၊ ဒီကိစ္စကို ဦးဇင်းက ဖြေရှင်းပေးသဗျ၊ အရင်က ဦးဇင်းကလဲ အာလူးရည် ဘုန်းပေးသုံးဆောင်သတဲ့၊ အဲဒီကိစ္စကို လွယ်ကူတဲ့နည်းကတော့ အရည်ညှစ်စက်သုံးပါသတဲ့၊ စက်ထဲထည့်ပြီးကြိတ်လိုက်ရင် အရည်တခြား အဖတ်တခြားထွက်လာတာမို့ ..ဟော ...ခြစ်ရတယ်လွယ်ကူတာပေါ့ဗျာ..၊ ဒါနဲ့ ကိုကြီးကျောက်လဲ ဘုန်းကြီးကျောင်းက ပြန်လာတော့ ဦးဇင်းဆီက အရည်ညှစ်စက် မ ပြီးလာခဲ့တော့တာပေါ့ဗျာ..၊ ကိုင်း....ကိုကိုကျောက်တို့ ခုလဲ လွယ်လွယ်ခြစ်နေပြန်ပြီ.....။

ဓါတ်ပုံတွေက ရက်စွဲမှားနေပါ့လား..ခုမှကြည့်မိတယ်..၊ oct /12/ 2010 ဖြစ်ရမှာ

Tuesday, October 12, 2010

ဝင်ကစွပ်ကျောက်


ကိုကြီးကျောက်တို့ တနင်္သာရီကျွန်းစုဒေသ ကော့သောင်းမြို့နယ်ထဲက Russell ကျွန်းမှာ field ခဲ့တုန်းကပေါ့၊ အဲဒီကျွန်းက ရွှေထွက်တော့ ဗမာလို ရွှေကျွန်းလို့ပဲ ဘာသာပြန်လိုက်တာပါပဲ၊ ကျွန်းက ကော့သောင်းအနောက်မြောက်ဖက် ရေမိုင်၂၈ မိုင်လောက်ဝေးတယ်၊ ကျွန်းအလည်မှာ ပေ ၅၀၀လောက်မြင့်တဲ့ တောင်ကုန်းနဲ့ ကျွန်းပတ်လည်မှာလဲ အင်မတန်သာယာတဲ့ beach တွေနဲ့ ရေကလဲ စိမ်းပြာနေတာမို့ အလွန်လှတဲ့နေရာပေါ့၊


ကိုကြီးကျောက်ရောက်တဲ့အချိန်မှာ ဘူမိဗေဒဆိုင်ရာအလုပ်တွေကလဲ ပြည့်စုံသလောက်ရှိနေပြီ ၊ ထုတ်လုပ်ရေးပိုင်းပဲလုပ်ဖို့ပဲရှိတော့တယ်၊ အဲဒီတော့ ကိုကြီးကျောက်တို့မှာ နေ့လည်လောက်ဆိုရင် အလုပ်က အားသလောက်ဖြစ်နေပြီ၊ အားပြီဆိုတာနဲ့ ကိုကြီးကျောက်ကတော့ အလုပ်သမားတွေနဲ့ တောထဲသွားပြီး ရှဉ့်ကိုက်ချထားတဲ့ ဓညင်းသီးသွားကောက်တယ်၊ ဆလုံမုံလာလို့ခေါ်တဲ့ မုံလာရွက်နဲ့တူတဲ့ အပင်လေးတွေ ချက်စားဖို့ သွားနှုတ်တယ်၊ ဒါမှမဟုတ် ကမ်းစပ်ရေတိမ်ကျောက်ကြားတွေမှာနေတဲ့ ငမန်းပေါက်လေးတွေ လိုက်ရိုက်တယ်၊ အဲလို အချိန်ကုန်အောင်နေရတာပေါ့၊


အညာသား ကိုကြီးကျောက်အတွက်တော့ field ဆင်းတာလို့တောင်မထင်မိဘူး၊ beach မှာအပန်းဖြေနေတယ်တောင်အောက်မေ့မိတယ်၊ အဲဒီမှာနေတုန်းက ကျမ်းမာရေးကလဲကောင်း ငယ်လဲငယ်သေးတော့ အလုပ်ကပြန်လာပြီဆိုရင် နေတဲ့စခန်းရောက်အောင် ၂ မိုင်လောက်ကို ရေကူးပြီးပြန်လာတာပဲ၊ အဝတ်အစားတွေကို အကုန်ချွတ်ပြီး အလုပ်သမားတွေ ထည့်ပေးလိုက်တာပေါ့၊ အင်း...ခုမှ စဉ်းစားရင်းကြက်သီးထမိတယ် ..၊ ကိုကြီးကျောက်က ဂျင်းဘောင်းဘီတင် မကဘူး အတွင်းခံပါ ချွတ်ပေးလိုက်တာ ဆိုတော့ အဲဒီတုန်းကသာ ငမန်းက အစာမှတ်လို့ အတွဲလိုက် ဆွဲသွားရင်...အမယ်မင်းမတွေးဝံ့စရာ..၊


စခန်းမှာ ကိုကြီးကျောက်နေတဲ့အခန်းက ပင်လယ်ဖက်ကို မျက်နှာမူထားတယ်၊ အဲဒီတော့ ပင်လယ်သတ္တဝါလေးတွေ ခရုလို ဝင်ကစွပ်လို ကောင်လေးတွေက ကိုကြီးကျောက်အခန်းရှေ့ ကော်ရစ်ဒါပေါ် ရောက်ရောက်နေတတ်တယ်၊ တညမှာတော့....ကိုကြီးကျောက်အခန်းရှေ့က ဂလောက်....ဂလောက်.....အသံကြားလို့ ထွက်ကြည့်တော့ နို့ဆီခွက်တလုံးက ကိုကြီးကျောက် အခန်းရှေ့မှာ ခေါက်တုန့်ခေါက်ပြန် သွားနေတယ် ၊ ဟင်....ဘယ်လိုပါလိမ့် နို့ဆီခွက်က အားအားယားယား အခန်းရှေ့ ဘာကိစ္စ လမ်းသလားနေပါလိမ့်လို့ ကောက်ကြည့် လိုက်တော့ ......


ဪ.....ကိုဝင်ကစွပ်က နို့ဆီခွက်ကို ဝင်ပြီးစွပ်နေတာကိုး...၊ကြုံဖူးပေါင်ဗျာ... ခရုခွံတို့ ဘာတို့သာစွပ်တာတွေ့ဖူးတယ် နို့ဆီခွက်ကိုစွပ်တဲ့ဝင်ကစွပ်တဲ့ဗျာ..၊ နောက်တော့ ကိုကြီးကျောက်လဲ စဉ်းစားမိတယ် ။ အရင်သူ့အခွံနဲ့အဆင်မပြေတဲ့ အချိန်မှာ အခွံသစ်ပြောင်းတဲ့အခါ တခါတလေလဲ ခရုခွံလှလှလေးရတတ်သလို တခါတလေလဲ အပဲ့အရွဲ့ရတတ်တာပေါ့ ၊ ခုလဲ သူနဲ့ ကိုက်တာက နို့ဆီခွက်ပဲရှိတော့ နို့ဆီခွက်ပဲစွပ်ရထင်ပါရဲ့..၊


ကိုကြီးကျောက်တို့ ၃၁ ဘုံမှာ ကျင်လည်နေကြတဲ့ သတ္တဝါတွေမှာလဲ သံသရာမှာ ကျင်လည်နေသမျှ ဝင်ကစွပ်များလို နီးရာအခွံမှာ ကိုယ့်ရဲ့ ကုသိုလ်ကံအလျောက်ဝင်နေကြရတာကလား၊ ကိုကြီးကျောက်ရဲ့ သူငယ်ချင်းတယောက်ရဲ့အဒေါ်က ဒေါ်တင်ထွေးတဲ့၊ သူက ရွှေဘိုတောင်လက် ဝက်လက်က ၊ ဝက်လက်ရဲ့တောင်ဖက်မှာ လှတောရွာရှိသလို မြောက်ဖက်မှာက အဆိုတော်ရီရီသန့်တို့ရွာထင်ပါရဲ့ သခွတ်တောဆိုတာရှိတယ်၊ ဒေါ်တင်ထွေးမွေးလို့ စကားပြောတတ်စအချိန်မှာ အိမ်ပြန်ပို့ပဲ ပူဆာနေသတဲ့..၊ ဘယ်အိမ်လဲမေးတော့လဲ မဖြေနိုင်ဘူးတဲ့၊


ဒေါ်တင်ထွေး ၉နှစ်၁၀ နှစ်သမီးလောက်ကြတော့ သူ့မိဘတွေက သခွတ်တောက အလှူတခုကဖိတ်လို့ သွားကြတော့ ဒေါ်တင်ထွေးလဲပါသွားတယ်၊ သခွတ်တောရောက်လို့ အိမ်တအိမ်ရှေ့လဲ ဖြတ်ရော....ဒါ..ငါ့အိမ်..ငါ့အိမ် ...ဆိုပြီးဝင်ပြေးသွားသတဲ့..၊ သူကအိမ်ထဲလဲရောက်ရော...ငါ ကိုရင်ဖိုးညိုလေ ...ဘယ်သူဘယ်ဝါတွေ ရှိသေးသလားနဲ့ စကားတွေ ရွှမ်းရွှမ်းဝေအောင်ပြောနေသတဲ့ ၊ ဒေါ်တင်ထွေးက အရင်ဘဝဟောင်းက ကိုရင်ကြီးဆိုပဲ၊ အပြင်းဖျားလို့ ပျံလွန်တော်မူတော့ ဝက်လက်မှာ မိန်းမဘဝနဲ့ လူပြန်လာဖြစ်ရသတဲ့..၊ အင်း......အရင်ဘဝကအရေခွံကိုချွတ်တော့ နောက်စွပ်ရတဲ့ ဘဝက မိန်းမဖြစ်နေရပါ့လား၊


ကိုကြီးကျောက်တို့ အဖေရဲ့ အမေက ဟင်္သာတသူတွေတဲ့၊ သူတို့ ညီအမတတွေ မြင်းခြံကိုလာပြီး ဆန်ပွဲရုံဖွင့်ကြတော့ မြင်းခြံသားတွေနဲ့ အိမ်ထောင်တွေကျကုန်ကြသတဲ့၊ ကိုကြီးကျောက်ရဲ့ အဖေ့အဒေါ်က ဒေါ်မတဲ့၊ သေးသေးသွယ်သွယ် ဖြူဖြူချောချောတဲ့၊ သူ့ယောင်္ကျားက ဦးဘတုတ်တဲ့၊ သူတို့ လင်မယားမှာ သားသမီးမရှိတော့ ကိုကြီးကျောက်အဖေကို သားလိုအင်မတန်ချစ်သတဲ့၊ ဒေါ်မ အသက်၅၀ ကျော်မှာ မီးယပ်သွေးဆုံးကိုင်လို့ သေရရှာသတဲ့၊ အဲဒီတော့ အမျိုးတွေက အသုဘကို ရေချိုးပေးရင်း ပေါင်မှာအိုးမဲနဲ့ အစင်းချစ်ပေးလိုက်သတဲ့၊


သူသေလို့ နှစ်နဲနဲကြာတော့ ကိုကြီးကျောက်အဖေကို လာနေမယ်လို့ အိပ်မက်ထဲမှာပြောသတဲ့၊ ကိုကြီးကျောက်မွေးတော့ ကိုကြီးကျောက်ပေါင်မှာ အမှတ်လို့ပြောတဲ့ မှဲ့နက်တွေ တစုတဝေးကြီးပေါက်နေတဲ့ အစင်းလဲပါသလို၊ ရုပ်ကလဲ ဒေါ်မနဲ့ သိတ်တူသတဲ့၊ ကိုကြီးကျောက်အဖေကတော့ ကိုကြီးကျောက်ကို သူ့ဒေါ်ကြီးဆိုပြီး လူပျိုပေါက်ထိ ပေါင်ပေါ်ကမချဘူး၊ ကိုကြီးကျောက်ကဖြင့် မောဟတွေများလို့လားမသိပေါင်..ဘာဆို ဘာမှ အတိတ်ဘဝတွေ မသိဘူး၊ ကိုကြီးကျောက်ကတော့ ရောက်ရာအရပ်ပျော်နေတာပဲ.. မန္တလေးရောက်ရင် မြင်းခြံကို သတိမရဘူး..ရန်ကုန်ရောက်ရင် မန်းကိုမေ့နေပြီ၊ ဟော..ဘန်ကောက်ရောက်ရင် ရန်ကုန်ကခေါင်းထဲမရှိတော့ဘူး၊ တခါ မြင်းခြံမှာ ဘော်ဒါတွေနဲ့ ဟေးလား..ဝါးလားနဲ့ ဘန်ကောက်ကို အာရုံထဲမှာ မရှိတော့ဘူး။


ခုလဲ အမေရိကမှာ နေတော့ မှန်တာပြောရရင် ဗမာပြည်ကို တခါတလေပဲ သတိရတယ်..၊ လွမ်းတယ်လဲမရှိပေါင်ဗျာ၊ ရောက်တဲ့အရပ် ကိုယ့်အရပ်ပဲ၊ ဒီတော့ ..အခုကိုကြီးကျောက် လဲ ဝင်ကစွပ်လို အခွံလဲချိန်တန်နေတယ်ဆိုရင်တော့ ..နောက် ၆လ ကျော်ရင်..လူဖြူအရေခွံစွပ်ပြီး How are you doing တွေ အော်နေရမလား၊ လူဖြူကိုချော်သွားပြီး...အမဲအရေခွံစွပ်နေရရင်လဲ မတန်တဆ အင်္ကျီကြီးဝတ်၊ ဘောင်းဘီကို အတွင်းခံတထည်လုံးပေါ်အောင် ဖင်လျောဝတ်၊ ဦးထုပ်နောက်ပြန်ဆောင်းပြီး....ဘလော့ တကာလည်ပြီး What's up လို့ လိုက်အော်နေရမယ်ထင်ပါရဲ့ဗျာ....။


ကိုကြီးကျောက်ရဲ့ကျန်းမာရေးကို စိတ်ပူပင်ကြလို့ ဆုတောင်းမေတ္တာပို့သကြတဲ့ စေတနာကြောင့် ကိုကြီးကျောက် ခုထိ နေလို့ထိုင်လို့ကောင်းဆဲပါ၊ ကိုကြီးကျောက်လဲ ကျောက်ခဲလို စိတ်ဓါတ်နဲ့ ကြံ့ကြံ့ခံရင်ဆိုင်ဖို့ ပြင်ထားတဲ့အတွက် အားလုံးစိုးရိမ်ပူပန်မှုတွေ လျော့ကျမယ်ထင်ပါတယ်၊


ဒါနဲ့စကားမစပ်...ဆရာဝန်တွေပြောချက်အရ ဘဝနေဝင်နီးလူတယောက်အနေနဲ့ သခင်မျိုးဟုကြွေးကျော်နေသော ကိုဇော်မျိုးကို မေတ္တာရပ်ခံပါရစေ ၊ ကျွန်တော်၏post နဲ့ ဘာမှမဆိုင်ပဲ comment မှာ ကျွန်တော်မသိသော လူများ၊ အကြောင်းအရာများကို လာရောက်ဆဲဆိုခြင်းမပြုရန်ဖြစ်ပါသည်၊ သေခါနီးလူတယောက်ကို သက်သက်မထေမဲ့မြင်လာရောက်ပြုသည်ဟု ခံစားမိပါသည်၊ ကျွန်တော်အနေနဲ့ လူလူချင်းတန်းတူသဘောထားလို့ ဘယ်သူ့ကိုမှ ကျွန်လို့ မထင်သလို ကိုယ့်ကိုကိုယ်လဲ သခင်လို့မထင်ပါခင်ဗျား၊ မိမိကိုယ်ကို သခင်လို့သဘောထားသူများအနေနဲ့ သခင်များမှာလဲ ပြည်သူ့နီတိ(ethic )ရှိမည်ထင်ပါသည်၊ လူလူချင်းစာနာထောက်ထားတဲ့ အနေဖြင့် post နဲ့မဆိုင်သောအကြောင်းအရာများ လာရောက်မရေးပါနဲ့ခင်ဗျား၊ ခင်ဗျားက အညာသားလို့လဲဆိုပါသည် ကျွန်တော်ကတော့ မြင်းခြံမွေး၊ မန္တလေးတက္ကသိုလ်ထွက် အညာသားအစစ်ဖြစ်ကြောင်း ပုံနှင့်တကွ အာမခံပါသည်၊ အညာသားများ နာမည်ပျက်အောင် သက်သက်မဲ့ ပြုလုပ်နေတာဆိုရင်တော့ ဝမ်းနည်းပါသည်ခင်ဗျား ။

Saturday, October 9, 2010

ယမမင်းထံသို့ခြေလှမ်း၁၈၀

(ခု လောလောဆယ်ရိုက်ထားတဲ့ ပုံထဲမှာတော့ အလတ်ကြီးရှိသေးတယ်နော်..နောက်တပတ်ဆိုရင်တော့ ကတုံးနဲ့ဖြစ်လောက်ပြီ)
ကိုကြီးကျောက်ကို အရင်တပတ်က မေရီလန်းတက္ကသိုလ် ဆေးရုံမှာ စစ်ဆေးမှုတွေလုပ်ပြီး ကိုကြီးကျောက်ရဲ့ transplant team အဖွဲ့ခေါင်းဆောင် Linda က ကိုကြီးကျောက်ရဲ့ ဆရာဝန် Dr Firozvi ဆီပြန်လွှတ်သဗျ၊ တကယ်တော့ သူကိုယ်တိုင်ပြောရမှာ အားနာလို့ထင်ပါရဲ့..၊ ကိုကြီးကျောက်ရဲ့ အသဲခြောက်တာက ကင်ဆာအဖြစ်ပြောင်းပြီး ခွဲစိပ်လို့မရတော့ဘူးလို့ ဆိုပါတော့၊ ဆရာဝန်က ကိုကြီးကျောက်ကို နောက် ၆လ ကနေ ၉လ အထိပဲ နေနိုင်မယ်တဲ့၊ ဒါပေမဲ့ သူ့အနေနဲ့ ဈေးကြီးပြီး ကင်ဆာကိုဆွဲဆန့်နိုင်မဲ့ ဆေးနဲ့ကြိုးစားကြည့်မယ်လို့ ဆိုပါတယ်၊ နေ့တိုင်းဆေးမှန်မှန်သောက်ပြီး တပတ်တခါ chack up လုပ်မယ်လို့ ပြောတာပေါ့၊


ကဲ..၆လ ဆိုတော့ ရက်ပေါင်း၁၈၀ ပေါ့၊ အချိန်ဆိုတာ အင်မတန်မြန်လေတော့ ဟိုလှည့်ဒီလှည့်နဲ့ ၆ လဆိုတာ ရောက်လာတော့မယ်လေ....၊ ဆရာဝန်ခန့်မှန်းသလို ဆိုရင်တော့ ကိုကြီးကျောက်ဟာ ရက်ပေါင်း ၁၈၀ ပြည့်တာနဲ့ ယမမင်းနဲ့ တွေ့ရတော့မှာပေါ့၊ အင်း...ယမမင်းဆိုတာက လူတွေပြောသလို ရောက်လာတာနဲ့ တောင်မေးမြောက်မေးတွေ မေးနေဦးမလားမသိဘူး..၊ unseen မေးခွန်းတွေဆိုရင်တော့ ပြဿနာပဲ ကိုကြီးကျောက် တော်တော်စဉ်းစားဖြေရလိမ့်မယ်..၊ ခုကထဲပ စပေါ့ရိုက်ကျက်ထားရမလား..၊ ဘယ်ဆရာဆီသွားလို့ မေးခွန်း တစ်ကြိုယူရမလဲ မသိဘူးနော်..၊


ဘလော့ ထဲက tag မေးခွန်းတွေလို သင်၏နာမည်ဘယ်လို ခေါ်သလဲ၊ သင် ပထမဆုံးနှပ်ချေးနဲ့ သုတ်ဖူးသော သူငယ်ချင်းအမည်၊ ညသန်းခေါင် ပုဆိုးခြုံပြီး ဆိုခဲ့သောသီချင်း....၊ ဒါမျိုးတွေဆိုရင်တော့ ကိုကြီးကျောက်က ကြာသလား လာထားပဲ..။ ယမပြည်တပြည်လုံးတောင် tag ပစ်လိုက်ရင်အုတ်အော်သောင်းတင်းတောင် ဖြစ်သွားဦးမယ် ၊ ၂၀၁၂ အထိဘာလို့ မစောင့်သလဲမေးရင်လဲ အဖြေက ရှိပြီးသား၊ အဲဒီ အချိန်မှသာဆိုရင် လူတွေများလွန်းလို့ စင်ကာပူက ဗမာသံရုံးမှာ အခွန်ဆောင်ရသလို မနက်ခေါက် ညနေတခေါက် သွားမနေနိုင်ပေါင်..၊


အင်း....ယမမင်းနဲ့ တည့်တည့်တွေ့ရင် ဖြေဖို့ကတော့ ခုကထဲက ပြင်ထားမှပါလေ ၊ကိုကြီးကျောက်တော့ တနေ့တလှမ်းနဲ့ ၆လ ဆို ရက် ၁၈၀ ...ခြေလှမ်းပေါင်း၁၈၀ လှမ်းနိုင်ဖို့...စိတ်ဓါတ်အင်အား...ဝိပဿနာ စွမ်းအားနဲ့ ခြေလှမ်းတွေ ပြင်ထားကြောင်းပါ ခင်ဗျာ.......။ ။

Monday, October 4, 2010

သာစည်ရေချိုး၊ ဘန်ကောက်ရေချိုး ၊ အမေရိကမှာရေမချိုး


ကိုကြီးကျောက်တို့နေတဲ့ အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ကမ်းရိုတန်းမှာ အခုရက်ပိုင်းမယ် Nicholဆိုတဲ့ မုန်တိုင်းကြောင့် မိုးတွေကရွာ၊ မိုးအေးအေးလိုက်ပုံများက အိမ်ထဲကအိမ်ပြင်တောင် မထွက်ချင်လောက်အောင်ပါပဲ၊ ရေချိုးတော့ ရေချိုးကန်ထဲ ရေနွေးအပြည့်ထည့် တနာရီလောက်ကြာအောင် စိမ်ချိုးချင်ပေမဲ့ သွားစရာလာစရာလေးတွေကရှိ၊ တခါတလေ ဧည့်သည်ကလာဆိုတော့ ပျာရီးပျာယာရေချိုးရတော့ ပူလိုက်အေးလိုက်နဲ့ အအေးမိချင်သလိုဖြစ်သွားလို့ ဒီတပတ်တော့ ရေမချိုးတော့ဘူး၊


ရေချိုး..ရေချိုး..ဆိုတော့ ငယ်ငယ်က ဆောင်းတွင်းမှာ ရေချိုးပျင်းတဲ့အကြောင်း သတိရမိပ့ါဗျာ ၊ ဆောင်းတွင်းဆိုရင် ကိုကြီးကျောက်တို့ငယ်ငယ်က နှပ်တရှုံ့ရှုံ့နဲ့ပေါ့ဗျာ၊ ကလေးဆိုတော့ လွယ်လွယ်ပဲ လက်မောင်းနဲ့ နှပ်ချေးသုတ်ပလိုက်တာ လက်မောင်းမှာ နှပ်ချေးကြောင်းကထင်းလို့ ၊နှပ်ချေးလက်လေးသစ်နဲ့ ကိုကြီးကျောက်ကိုဘွားအေကြီးကလဲ ရေချိုးဖို့ ပြင်လဲပေးရော..အို...ဘာပြောကောင်းမလဲ..ရေချိုးရမှာကြောက်လို့ လှည့်ပတ်ပြီးထွက်ပြေးနေတာ..တရပ်လုံးကို ပွက်ပွက်ညံရောဆိုပါတော့..၊ ဟော...လူပျိုပေါက်လဲဖြစ်လာရော မိန်းမက ပိုးတတ်လာပြီဆိုတော့ တနေ့..တနေ့ မနက်ပြန် ညပြန် ချိုးလိုက်ရတဲ့ရေ..၊တိုက်လိုက်ရတဲ့ ဆပ်ပြာ..ဖွေးဖွေးလှုပ်လိုက်သမှ စကျင်ကျောက်ရုပ်လား အောက်မေ့ရတယ်၊


ကိုကြီးကျောက်တို့ ငယ်ငယ်ကတော့ မြင်းခြံကနေရန်ကုန်သွားချင်ရင် မီးရထားပဲ စီးကြရတာကိုး၊ ရထားက မြင်းခြံကနေ နေ့လည်ထွက်၊ သာစည်ကိုညနေရောက်တာပေါ့ ၊ သာစည်ရောက်တော့ ရွှေညောင်က ဆင်းလာတဲ့ရထားနဲ့ ချိပ်ပြီးည ၁၀ နာရီမှ ရန်ကုန်ကို ဆင်းတာဆိုတော့ သာစည်မှာ အချိန်တွေပိုနေတာပေါ့လေ..၊ အဲဒီ အချိန်မှာရထားတွဲတွေဘေးမှာ ရေချိုးမလား...ရေချိုးမလား..ဆိုတဲ့အသံတွေက ဆူညံနေပေါ့ဗျာ..အင်း......သာစည်ကလဲ ရာသီဥတုပူပေတာကိုး၊


ကိုကြီးကျောက်ခုံနားကလူတွေ တယောက်ပြီးတယောက် ရေချိုးဆင်းသွားလိုက်ကြတာ...၊ ပြန်လာတော့လဲ ရေမချိုးရသေးခင်ကပုံပဲ..၊ ဆပ်ပြာတောင်တိုက်ခဲ့ရဲ့လားမသိဘူး..ကိုကြီးကျောက်ဖြင့် ရေချိုးဆိုပြီး ..ချွေးတလုံးလုံးနဲ့ ပြန်လာကြတာတွေကို ငယ်ငယ်ကတော့ နားမလည်ခဲ့တာအမှန်...၊

ဒါနဲ့ အလုပ်ထဲရောက်တော့ ယင်းမာပင်မှာ field ဆင်းရင်း သာစည်ကို ရုံးကိစ္စနဲ့ သွားမှ သာစည်ရေချိုးအကြောင်းသိတော့တယ်.. ရေတွေကြည့်ရတာလဲ ဝဲပေါက်နိုင်မဲ့ရေတွေမို့ ကိုကြီးကျောက်တော့ တခါမှမချိုးခဲ့ဖူးပါဘူးဗျာ..၊


ဒီလိုနဲ့..စင်ကာပူကိုထွက်လာတော့ EP မကျသေးခင် ဘန်ကောက်မှာ stay ရှောင်ဖို့ကြုံလာသဗျ ၊ ဘန်ကောက်မှာ ရောက်နှင့်နေတဲ့ ဘော်ဒါများက ရိုးရိုးသားသားတောသားလေး ကိုကြီးကျောက်ကို ညစ်ပတ်ပေရေတယ်ဆိုပြီး ရေချိုးပေးဖို့ ရေချိုးခန်းကို ခေါ်သွားကြသဗျ..၊ အမယ်မင်း...ရေချိုးခန်းလို့သာဆိုတာ အတွင်းထဲလဲဝင်လိုက်ရော..ဘုံအဆင့်ဆင့်မှာ နတ်မိမယ်လေးတွေ ထိုင်လို့နေပါလား...၊ မှန်ခန်းထဲက မီးရောင်အောက်မှာ လှချက်များတော့ ..ဗမာပြည်က ဓါတ်ရှင်မင်းသမီးတွေထက်တောင် သာပါသေးလား..၊ နံပါတ်ပြားလေးတွေကလဲ ခါးမှာချိပ်လို့ ၊


ဗမာပြည်က ဓါတ်ရှင်မင်းသမီးတွေကတော့ ကိုကြီးကျောက်တွေ့ဖူးသမျှတော့ အပြင်မှာ သူလိုကိုယ်လို ရွက်ကြမ်းရေချိုတွေချည့်ပါပဲ..၊ အဲ..ဓါတ်ပုံထဲမှာကြတော့ ဓါတ်ရှင်မင်းသမီးများက တယ်လှကြသကိုး၊ ကိုကြီးကျောက်မှတ်မှတ်ရရ ပြောရရင်ဖြင့်..၁၉၉၆ခုနှစ် စင်ကာပူမှာ လွတ်လပ်ရေးနေ့ပွဲလုပ်တော့ အဆိုတော်တွေထဲက ဇော်ဝင်းထွဋ္ဋ်တို့ ဟေမာနေဝင်းတို့ ရုပ်ရှင်မင်းသမီး ထွန်းအိန္ဒြာဗို တို့ သီချင်းလာဆိုကြတော့..၊ ဟေမာနေဝင်းက ကိုကြီးကျောက်ကြိုက်တဲ့အဆိုတော်ဆိုတော့ ဇတ်ခုံနောက်ထဲသွားပြီး ဟေမာ..လာ..ဓါတ်ပုံရိုက်မယ် ဆိုပြီး ဓါတ်ပုံတွဲရိုက်လိုက်ရော...၊


ရိုက်လဲပြီးရော ဘေးမှာကြည့်လိုက်တော့ ထွန်းအိန္ဒြာဗိုက ထိုင်နေသဗျ..၊ အဲဒီအချိန်က မင်းသမီးကြည့်ရတာ ပိန်ညောင်ညောင် စုတ်ချွန်းချွန်းနဲ့ မျက်နှာမှာ မိတ်ကပ်တွေကဖွေးနေလိုက်တာ..ဖျာလိပ်နတ် မအောင်ဖြူကို ပြင်ပေးထားတာကြနေတာပဲ..၊ ကိုကြီးကျောက်က ဟေမာ ကိုတော့ခေါ်ပြီး မင်းသမီးမခေါ်ရင် အားနာစရာပါလေ ဆိုပြီး...မင်းသမီး..ဓါတ်ပုံရိုက်မယ်နော်..ဆိုတော့..မင်းသမီးက ကိုကြီးကျောက်နံဘေး ပြုံးပြုံးလေး လာရပ်သဗျ..၊ ဓါတ်ပုံကူးပြီးလို့ ကြည့်လဲကြည့်လိုက်ရော....အလို......မင်းသမီးက ဓါတ်ပုံထဲမှာ လှလိုက်ပုံများ... ကိုကြီးကျောက်ပုံက လူကြမ်းလိုလို မင်းသမီးသက်တော်စောင့်လိုလို ...မင်းသမီးနဲ့ ဘယ်လိုမှတောင်မလိုက်ဖက်ဘူးဗျား..၊ အင်း...နဂိုကတော့ ရှိပါတယ်...မိတ်ကပ်မပါလို့ နဂိုင်းမထွက်ရှာတာပါ လို့ ကိုယ့်ဖာသာ တရားနဲ့ဖြေလိုက်ပါတယ်၊


ကိုင်း...မင်းသမီးနဲ့ကတော့ ရေချိုးစရာအကြောင်းမရှိလို့..ဘန်ကောက်သွားရေချိုးတဲ့ အကြောင်းဆက်ကြစို့လား..၊ ဘန်ကောက်မှာက ရေချိုး အနင်းအနှိပ်ခံ ဖို့ နေရာတွေက ပေါမှပေါဗျား..၊ ကျောက်ဖယား ၁ ၊ ကျောက်ဖယား ၂ တို့က ရှရီအယုဒ္ဒယလမ်းမှာ..၊ မိုနာလီစာတို့ ရေသူမတို့ က ပက်ဘူရီလမ်းမကြီးပေါ်မှာ..၊ အို...စုံမှစုံ....နာမည်တွေတောင် ကောင်းကောင်း မမှတ်မိတော့ပါဘူး ၊အိုဆာကာ ဆိုတာလဲ ရှိသေး....၊ အတွင်းထဲမှာတော့ အသက်၊ရုပ်ရည်၊ ပေါ်မူတည်လို့ ဈေးကအစားစား...၊ အနင်းအနှိပ်ခံချင်ရင်လဲ နှိပ်နည်းကပေါင်းစုံပါလား ၊ ကိုကြီးကျောက်ကတော့ မညောင်းတတ်လို့ အနှိပ်မခံတော့ပါဘူး..၊ ရေကတော့ဘာချိုးသလဲ မမေးနဲ့.....၊ဘန်ကောက်ကလဲ ရာသီဥတုက ပူတယ်မဟုတ်လား..၊ ဈေးကလဲချိုးပျော်တယ်လေ..၊


ဒီနောက်တော့ အမေရိကရောက်လာပြီး ဖလော်ရီဒါကို ပထမဆုံးအကြိမ် ဆူရှီ လိပ်ဖို့ရောက်တော့ ဖလော်ရီဒါရောက်နှင့်နေတဲ့ ဘော်ဒါများက ကိုကြီးကျောက်ကို ရေချိုးဖို့ခေါ်ကြသဗျ..၊ ပင်လယ်ထဲမှာချိုးဖို့တော့မဟုတ်ပါဘူး၊ ဖို့ဒ် လော်ဒါဒေး ဆိုတဲ့မြို့က အားရှောင် ဆိုတဲ့ တရုတ်အိမ်မှာချိုးရမှာကိုး...၊ ကိုကြီးကျောက်ကလဲ အဖေါ်များရင် လှော်ကားမှာတောင် ၁၀ ပတ်လောက်ပတ်တတ်တာမျိုးဆိုတော့... မညင်းပါဘူး..၊


ဟော...အားရှောင်အိမ်လဲ ရောက်ရော....ပြည်ကြီးကရောက်လာတဲ့ တရုတ်မလေးတွေ တန်းစီထိုင်လို့..၊ ကိုကြီးကျောက်ကတော့ သူတို့မျက်နှာလေးတွေ ကြည့်ပြီး ပွဲစားက အမေရိကမှာ ဘာတွေလုပ်ရမယ်..ပိုက်ဆံတွေဘယ်လောက်ရမယ် ဆိုတဲ့ မက်လုံးတွေပေးပြီး ခေါ်လာသလဲ လို့ပဲ တွေးမိတာပဲ၊ သူတို့ကို ကွန်တိန်နာထဲထည့်ခေါ်လာသလား ..ဘယ်လိုဘယ်နည်းနဲ့ ခေါ်လာသလဲတော့ မသိပါဘူး...၊ သေချာတာကတော့ အမေရိကမှာ ကြက်ဖြစ်ဖို့ အရေး..ဒေါ်လာ ငါးသောင်းပေး လိုက်လာရတာပါပဲ..၊ သူတို့နဲ့ရေချိုးဖို့အရေး ဈေးကလဲမသေးဘူးခင်ဗျ..၊ ရေတခါချိုး ဒေါ်လာ ၁၈၀ ဆိုတော့ ကိုကြီးကျောက်ရဲ့ ၂ ရက်စာလုပ်ခပဲ ၊ အင်း.....စီးပွားရေးအင်အားရှိတဲ့ နိုင်ငံကြီးတွေကို ဆင်းရဲတဲ့နိုင်ငံတွေက အမျိုးသမီးတွေ အထင်တကြီးနဲ့ ရရာအလုပ်လာလုပ်ကြရင်း တချို့လဲ ဒီလိုင်းထဲ ရောက်ကုန်ကြလေတာကိုး..၊


ဘန်ကောက်က ရမ်ခမ်ဟန်လမ်းမကြီးနဲ့ ရမ်ခမ်ဟန်ဆွိုင် ၅၆ လမ်းသွယ်ထောင့်က snooker လို့အမည်တပ်ထားပြီး မှန်ကာထားတဲ့ အခန်းထဲမှာရှိတဲ့ မိန်းကလေးတွေ ရဲ့၉၂.၄% ဟာ ဗမာပြည်ကလာပြီးအလုပ်လုပ်နေကြတာပါ..၊ ပွဲခလဲပေးရသေး၊ ဒီအလုပ်ကိုလဲ တပြားတချပ်မှမရပဲ အလကားမတ်တင်း လုပ်ပေးရသေးမို့ မိအေး အကြိမ်ကြိမ်နာနေကြတာပါ..၊ တိုင်းပြည်က ငွေကြေးရော အသိဉာဏ်ရော ဆင်းရဲနေလေသမျှ ဒီပြဿနာကတော့ ရှိနေဦးမှာပါပဲ......။


ဒီ post ကို နှမဖြစ်သူ မယ်ချစ်(ချစ်ကြည်အေး) ရဲ့ မြန်မာအိမ်ဖေါ်ကို ဖတ်ပြီးကထဲက ရေးထားတာပါ..၊ ခုမှပဲ ပြင်ဆင်ပြီးတင်လိုက်တာပါ..နဲနဲတော့ စာဖတ်ရတာလေးနေမလားမသိဘူး....။ကိုယ်ဆိုလိုချင်တဲ့ message ကို ပေါ်အောင်မရေးနိုင်ဘူးလို့လဲ ခံစားမိပါရဲ့..စာများများရိုက်ရင် လက်တွေ အကြောကပ်တတ်လို့ ဒီလောက်ပဲရေးပါရစေ...၊

ကျောက်ဖယား၂ ပုံကို google ကပဲ ရှာထားတာပါ