Monday, July 19, 2010

ကိုကိုကျောက်အသဲမှာ ဒဏ်ရာတွေနဲ့

ကိုကြီးကျောက် အခုရောက်နေတဲ့ နေရာက ဖလော်ရီဒါပြည်နယ် Stuart ဆိုတဲ့မြို့လေး၊ တကယ့်ကို ခပ်သေးသေးမြို့လေး၊ ရန်ကုန်နားက တိုက်ကြီးတို့ ဥက္ကံတို့၊ မန္တလေးနားက စဉ့်ကိုင်တို့ မတ္တရာ တို့လို မြို့လေးမျိုး၊ ပြီးခဲ့တဲ့လကတော့ ကိုကြီးကျောက် တရှောင်ရှောင်နဲ့ နေမကောင်းချင်ဘူး၊ ပထမ ခြေဖမိုးလေးတွေယောင်လာတယ်၊ လူကလဲ ခပ်ရွတ်တွတ်တွတ် ဆိုတော့ သိတ်အရေးစိုက်မနေဘူး၊ ပေပေတေတေနဲ့ ဆက်နေလိုက်တာ ဒီလထဲလဲရောက်ရော ကိုယ်တွေ လက်တွေပါ ယောင်လာတယ်၊ ဒီတော့မှ....ဟယ်.....မဖြစ်ခြေတော့ဘူး ဆိုပြီး၊ အနီးနားက ကောင်တီဆေးခန်းကို သွားပြဖြစ်တော့တယ်။


ဆေးခန်းလဲရောက်ရော ဆေးခန်းကဆရာဝန်က အပြင်ပန်းစမ်းသပ်စစ်ဆေးပြီး ချက်ချင်း ဆေးရုံအရေးပေါ်ဌာနကို ပို့လိုက်တော့တာပဲ၊ ကိုကြီးကျောက်ရောက်နေတာက မာတင်ကောင်တီ(မြို့နယ်)ဆေးခန်းဆိုတော့ မာတင်အထိမ်းအမှတ်ဆေးရုံကို ပို့လိုက်တာပေါ့လေ၊ ဆေးရုံကလဲ ရောက်တယ်ဆိုရင်ပဲ ကိုကြီးကျောက်ရဲ့ နာမည်၊ အသက် စတဲ့အချက်အလက်တွေမေးပြီးတော့ ချက်ချင်း အရေးပေါ်လူနာခန်းပို့လိုက်တော့တာပဲ၊ ဟင်..ဆေးရုံကလဲ ဆေးရုံနဲ့မတူလိုက်တာ...ဆေးနံ့လဲမနံဘူး၊ အဲဒီနောက်ကိုကြီးကျောက်ရဲ့ လက်မှာ ကိုကြီးကျောက်ရဲ့ နာမည်၊မွေးနေ့သက္ကရာဇ်၊ လူနာမှတ်ပုံတင်နံပါတ်၊ ဘားကုတ် တွေပါတဲ့ လက်ပါတ်တခု ပတ်ပေးလိုက်တယ်( ရွှေစင်ဦးလို လူနာယောင်ဆောင်ပြီး ဆေးခန်းကို တပတ်ရိုက်လို့ မရတော့ဘူး)၊

လူနာခန်းလဲရောက်ရော ကိုကြီးကျောက်ကို ဆေးရုံအဝတ်တွေလဲပေး၊ သွေးပေါင်တိုင်း၊သွေးတွေဖေါက်၊ ဆီးတွေယူ၊ ECG ရိုက် ၊အစုံလဲလုပ်ပြီးရော သူနာပြုဆရာမက ကိုကြီးကျောက်ကို ခနနားပြီး TVကြည့်နေတဲ့၊ ကိုကြီးကျောက်ရဲ့လူနာကုတင်ကို ကျောမှီထိုင်လို့ရအောင် ခေါက်ပေးပြီး တပေလောက်ရှိတဲ့ TVအပြား လေး ကိုကြီးကျောက်မျက်နှာရှေ့ထိုးပေးထားခဲ့တယ်၊ ကိုကြီးကျောက်လဲပျင်းပျင်းနဲ့ TV ထိုင်ကြည့်နေလိုက်တာ... ဘာမှန်းမသိတဲ့ လူတစုက ဘယ်နေရာမှန်းမသိတဲ့ကျွန်းပေါ်မှာ ဘာလုပ်ဖို့မှန်းမသိပဲ လျှောက်သွားနေချိန်မှာ မင်းသမီးရဲ့နောက်က ဘာကောင်ကြီးမှန်းမသိတာကြီးက လျှာတစ်လစ်နဲ့ရောက်လာပါလေရောလား..၊ ကိုကြီးကျောက်လဲစိတ်ပူပင်စွာနဲ့ မင်းသမီး...နောက်မှာ..နောက်မှာ...ဆိုပြီး ကုတင်ဘေးတန်းကို လက်နဲ့ဆုတ်လဲ ဆုတ်လိုက်ရော......


ဝုန်းကနဲ...ကုတင်က ပက်လက်လန်သွားပါရောလား၊ အမလေး...လန့်သွားတာ လိပ်ပြာလွင့်သွားသလား အောက်မေ့ရတယ်၊ ကုတင်ဘေးက ခလုတ်ကို နှိပ်မိတာကိုး၊ ကိုကြီးကျောက်ဖြင့် ဗမာပြည်မှာဆေးရုံတွေ တက်ခဲ့ပါ့ဗျာ၊ ဘယ်ဆေးရုံမှ ဒီလိုအလန့်တကြားကုတင်မှာ မအိပ်ခဲ့ရပေါင်၊ သစ်သားကုတင်လေးပေါ် ကြမ်းပိုးတွေစီနေတဲ့ ၊ဘာအကွက်တွေ ပေနေမှန်းမသိတဲ့၊ ညစ်ထပ်ထပ်ဆေးရုံမွေ့ယာလေးနဲ့ စိတ်အေးလက်အေး အိပ်ခဲ့ရတာ၊ ဒီလို အလန့်တကြားတွေမရှိပေါင်၊ ချက်ချင်းပဲသူနာပြုလေးက ပြေးလာသဗျ၊ ဒီအချိန်မှာ ကိုကြီးကျောက်ကိုသွင်းထားခဲ့တဲ့ ဆေးကအစွမ်းပြလာပြီ၊
၅မိနစ်တခါလောက် ဆီးသွားချင်လာတာ၊ အိမ်သာက အခန်းထဲမှာ၊ ၄,၅,၆လှမ်းလောက် သွားရင်ရောက်ပြီ်၊ ဒါပေမဲ့ သူနာပြုအကူမလေးက ကုတင်ပေါ်က အဆင်းမခံဘူးဗျ၊ ဆီးအိုးနဲ့သွားခိုင်းတယ် ၊ အမယ်...သူကိုယ်တိုင်ခွက်နဲ့ စွပ်မပေးယုံတမယ်ပဲ၊ ဂရုစိုက်ပုံများက၊


ကိုကြီးကျောက်တော့ မန္တလေးဆေးရုံကြီး တက်ခဲ့ရတုန်းက အိမ်သာကို သတိရမိပါ့ဗျာ၊ မန္တလေးမှာကိုကြီးကျောက်တက်ခဲ့ရတဲ့ ward က ဆောက်ထားတာသိတ်မကြာသေးဘူး၊ ၂၉ လမ်းဖက်ကိုမျက်နှာပြုထားတာ ၄ ထပ်လားရှိထင်ပါရဲ့၊ ကိုကြီးကျောက်အိမ်သာသွားတော့ အပေါက်ဝလဲရောက်ရော....အလို...အိမ်သာခန်းထဲမှာ ရေတွေပြည့်လျှံနေလိုက်တာ ဧရာဝတီမြစ်ထဲ ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုသလိုပါပဲ၊ အဟင်း...ဒါပေမဲ့ မပူပါနဲ့လေ...၊ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ အုတ်ခဲလေးတွေ စီချထားတယ်၊ ကိုကြီးကျောက်လဲ အုတ်ခဲလေးပေါ် ဆင်ထီးယဉ်သာလေး လျှောက်ပြီး ပထမတခန်းလဲဖွင့်လိုက်ရော.....အမလေး......ခြတောင်ပို့ကြီးလိုပါပဲဗျာ၊ ဒါနဲ့ ကဗျာကယာပိတ်ပြီး နောက်တခန်းလဲဖွင့်လိုက်တော့...ဟင်း...ဒါလဲအတူတူပဲ...အမယ် ...သူက တုတ်ချောင်းလေးတွေ စိုက်နေတာတောင်ပိုသေး၊ နောက်ထပ် ထပ်မကြိုးစားတော့ပဲ ကိုကြီးကျောက် အောင်မြင်စွာပြန်လှည့်လာခဲ့ရသဗျ၊


ကိုကြီးကျောက်ကုတင်ကို ခနနေတော့ အခန်းတခုထဲ တွန်းခေါ်သွားရော၊ အဲဒီအခန်းထဲမှာ ကိုကြီးကျောက်ဗိုက်ကိုလှန်လျော ဆေးကြောပြီး ဝိုင်ယာကြိုးတွေတပ်၊ စမ်းသပ်ကြ၊ အဲဒီနောက်တော့ နံဘေးကနေ အပ်နဲ့ ကိုကြီးကျောက် ဗိုက်ထဲကရေတွေဖောက်ထုတ်လိုက်တာ 500 mlပုလင်းနဲ့ ၃ ပုလင်းလောက်ရတယ်၊ ကိုကြီးကျောက်ဗိုက်ထဲကရေတွေ မကျန်အောင် သူနာပြုအကူလေးတွေက ဗိုက်တခုလုံးလျှောက်ညှစ်ကြတော့ ကိုကြီးကျောက်မှာ အလန့်တကြားအော်လိုက်ရတာ၊ သူတို့ညှစ်တဲ့နေရာက ဆီးအိမ်နေရာဆိုတော့ သေးထွက်ကျတော့မယ်လေ..
အဲဒီနောက်တော့ ကိုကြီးကျောက်ကို အခန်းတခုထဲ ခေါ်သွားတယ်၊ အဲဒီအခန်းထဲမှာ ပုံထဲကလို အဝိုင်းကြီးရှိသဗျ၊ ကိုကြီးကျောက်က အဲဒါကြီးကို ဓါတ်ပုံတွေ ဓါတ်ရှင်တွေထဲမှာတော့ မြင်ဖူးပါရဲ့ ဘာကြီးမှန်းတော့ မသိဘူး၊ အမလေး...အဲဒါကြီးထည့်ပြီး မွှေပစ်လိုက်မှာလား..ရင်တဖိုဖိုနဲ့ပေါ့၊ ကိုကြီးကျောက်ရဲ့ဗိုက်ကို သေချာထုပ်ပတ်ပြီးတော့ ဗိုက်ကို အဝိုင်းကြီးလှည့်ကြည့်တာ တခါကြည့် တမိနစ်နဲ့ ၃ခါလောက်ကြည့်ပြီးတော့ ကိုကြီးကျောက်ကို လူနာခန်းပို့လိုက်တယ်၊


လူနာခန်းထဲရောက်တော့ သူနာပြုလေးတွေက တော်ရှာပါပေတယ်၊ လုပ်တာကိုင်တာကလဲ စနစ်ကျ၊ သူတို့လာချိန်မှာ ဆေးတွန်းလှည်းပေါ်မှာ မော်နီတာလေးနဲ့ scan ဖတ်တာလေးလဲပါတယ်၊ ကိုကြီးကျောက်လက်မှာပတ်ထားတဲ့ ဘားကုတ်လေး scan ဖတ်လိုက်တာနဲ့ ကိုကြီးကျောက်ကို တိုက်ရမဲ့ဆေး၊ အခြေအနေတွေ မော်နီတာမှာတန်းပေါ်လာတာပဲ၊ ဆေးကိုလဲသူတို့ကိုယ်တိုင် သေချာတိုက်တယ်၊ မသောက်ပဲနေမှာစိုးလို့၊ ကိုကြီးကျောက်ဗမာပြည်မှာ ဆေးရုံတက်တုန်းကတော့ ဆေးရုံက ရေးပေးတဲ့ ဆေးစာထဲမှာ ဆိုင်တာတွေရော မဆိုင်တာတွေရော ဝယ်လိုက်ရတာ ဆေးရုံကလဲ ဆင်းရောကြွပ်ကြွပ်အိပ်နဲ့ တထုပ်ဆေးတွေပိုနေတာ၊


နောက်နေ့ကျ ဆရာဝန်က ကိုကြီးကျောက်ရဲ့ ရောဂါအခြေအနေကို လာပြောတယ်၊ ကိုကြီးကျောက်ဟာ ဟိုး...တချိန်က အသဲယောင်အသားဝါဖြစ်ခဲ့တာကြောင့် ကိုကြီးကျောက်အသဲမှာ အမာရွတ်တွေ ဒဏ်ရာတွေရှိသတဲ့..၊ ဪ........ကိုကြီးကျောက်အသဲမှာ ဒဏ်ရာတွေနဲ့ဆိုပါလား........၊ အင်း....ကိုကြီးကျောက်မှာ ဗမာပြည်နေတုန်းက field ထဲမှာဖြစ်သလို နေခဲ့ရစားခဲ့ရတော့ ငှက်ဖျားတို့ အသားဝါတို့ဆိုတာ ထမင်းစားရေသောက်လိုပါပဲ၊ ဆေးကုသရေးကလဲ အာနိသင်ညံ့ဖျင်းလှတဲ့ တရုပ်ဆေးတွေနဲ့ ဖြစ်သလိုကုခဲ့ရတာကိုး၊ ကိုကြီးကျောက်တို့ ဗမာပြည်အစိုးရရဲ့ ပြည်သူလူထုအပေါ် ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းလိုက်ပုံ များကတော့ စောင့်ရှောက်မှုကောင်းလှတဲ့ နိုင်ငံတွေမှာနေမှပဲ သိတော့တာပဲ၊


သတင်းစာတွေမှာတော့ ရေးပါရဲ့ ကုတင်ဘယ်နှစ်ရာဆန့် ဆေးရုံကြီးပေါ့လေ..၊ ကုတင်တွေဆန့်အောင် အတင်းထိုးထဲ့ရလို့နဲ့ တူပါရဲ့ ဆေးပစ္စည်းတွေ၊ ကုသမှုပိုင်းဆိုင်ရာပစ္စည်းတွေ ဆန့်ပုံမရတော့ ဆေးရုံတွေမှာ ဘာဆိုဘာမှမရှိပါဘူး၊ ကိုကြီးကျောက်အခု ရောက်နေတဲ့မြို့လေးဆိုရင် သေးသေးလေးပေမဲ့ နယူးယောက်လို ချီကာဂိုလို မြို့ကြီးတွေမှာလို တန်းတူဆေးကုသခံလို့ရတယ်၊ ဗမာပြည်မှာတော့ ရန်ကုန်၊မန္တလေးလို မြို့ကြီးတွေကို အရေးကြီး ကြီးသလို ပြေးရတာကလား၊ မသွားနိုင်လို့သေကြရတာတွေလဲ ကိုကြီးကျောက်တွေ့ဖူးတာပေါ့၊


ကိုကြီးကျောက်ဆေးရုံမှာဆေးကုသ စားရိတ်က ဒေါ်လာတသောင်းနီးပါး ကျပါရောလား၊ ကိုကြီးကျောက်က shellဓါတ်ဆီဆိုင်က အလုပ်ထွက်လိုက်ပြီဆိုတော့ ဆေးကုသမှုအာမခံကလဲ သက်တန်းလွန်သွားပြီ၊ ကိုကြီးကျောက်ရဲ့ ဘဏ်ငွေစာရင်းမှာလဲ ဘယ်မှာ ဒေါ်လာတသောင်းရှိပါ့မလဲ..၊ဒါပေမဲ့ မပူပါနဲ့.. ကိုကြီးကျောက်အတွက် အမေရိကန်ပြည်ထောင်စုအစိုးရက medicaidဆိုပြီး အခမဲ့ဆေးကုသခွင့်ပေးထားတယ်၊ ငွေကြေးလှူဒါန်းကြတဲ့ အလှူရှင်အဖွဲ့အစည်းတွေလဲရှိတော့ ဘယ်လိုလူနာလာလာ ဆေးရုံတွေက အဆင်သင့်ကုပေးကြတာပေါ့၊ ဗမာပြည်မှာတုန်းကတော့ လူနာရှင်က ပိုက်ဆံလိုက်ရှာနေလို့ လူနာကို ဆေးရုံမှာ ပေးမတင်သေးပဲ ထားတော့ဆေးရုံသမန်တလင်းမှာ လူနာခမြာ ဆန့်ငင်ဆန့်ငင် အသက်ငင်နေတာလဲ တွေ့ခဲ့ဖူးပါ့ဗျာ၊

ကိုင်း....ကိုကြီးကျောက် ဆေးရုံကဆင်းပြီမို့ ကျန်းမာပကတိ ကောင်းစွာရှိပါပြီဗျာ၊ နားနားနေနေ အေးအေးဆေးဆေး စာတွေဆက်ရေးပါဦးမယ်၊ ကိုယ့်ကျန်းမာရေးအတွက် ၉၆ပါးရောဂါကို လျက်ဆားလျက်ပြီး ကိုယ့်ဖာသာစောင့်ရှောက်နေကြတဲ့ မြန်မာပြည်သူပြည်သားများ ကျန်းမာကြပါစေ၊ ဘလော့ဂါညီငယ်နှမငယ်များ ကျန်းမာချမ်းသာကြပါစေ။

ကိုသက်တန့်၊ မအယ်၊ မယ်ကိ တို့ရေ ကိုကြီးကျောက် အခု Spirolactone 50 mg ကို တနေ့ ၂ကြိမ်၊ Furosemide 40 mg တကြိမ် ၊တလသောက်ရမယ်၊ ပြီးရင် medical check up ပြန်လုပ်ရမှာပေါ့၊ ကိုကြီးကျောက် ကို အစားအသောက်အနေထိုင် အကြံပေးကြပါဦး၊

Tuesday, July 13, 2010

မေ့အပေါ်ဝယ် အသွင်မတူလို့လား


ကိုကြီးကျောက်တို့ ဗမာစကားမှာ အသွင်မတူအိမ်သူမဖြစ်တဲ့.... ဆိုရိုးစကားရှိကြတာ၊ ဟုတ်လဲဟုတ်ပါရဲ့ ကိုကြီးကျောက်တွေ့ဖူးတဲ့ အိမ်ထောင်တော်တော်များများမှာ အသွင်တူတာလေးတော့ အနဲနဲ့အများရှိကြတာချည့်ပါပဲ၊


ကိုကြီးကျောက်ရဲ့ အမေမှာ အရင်းအချာမောင်နှမရယ်လို့မရှိပေမဲ့ တဝမ်းကွဲတွေကတော့ အများကြီးပါပဲ၊ ကိုကြီးကျောက်ရဲ့ အမေ့ညီမဝမ်းကွဲတယောက်က ဒေါ်ခင်ကြည်တဲ့၊ သူ့အိမ်ထောင်ဖက်က ဦးတင်အေးတဲ့၊ ဦးတင်အေးဆိုတာ မင်းသားရွှေဘ ခေတ်ကောင်းစဉ်က သမတလူကြမ်းအဖွဲ့ကပေါ့၊ ချီးဘူး၊စံတင်၊ညိုအေးကြီး၊ဌေးဝင်း၊တင်အေးကြီး ဆိုတာသမတလူကြမ်းအဖွဲ့တွေပေါ့၊( အဲဒီတုန်းက သမတရုပ်ရှင်လို့ စာလုံးပေါင်းပါတယ်၊ သမ္မတ လို့မပေါင်းဘူး)၊ ဦးတင်အေးက မဂိုကုလားစပ်၊ အရပ်ထောင်ထောင်မောင်းမောင်း၊ ရုပ်လဲမဆိုးဘူး၊ ဒါပေမဲ့ စကားပြောသရုပ်ဆောင်မရတော့ လူကြမ်းဘဝနဲ့ အရိုးထုတ်ရတာပဲ၊ ဦးတင်အေး လူကြမ်းမဖြစ်ခင်က စက်ချုပ်သတဲ့၊ Coat တွေ Suit တွေချုပ်တာ၊ အင်မတန်လက်ရာကောင်းတာပေါ့၊ ဒါပေမဲ့ သူက ရုပ်ရှင်ကိုအင်မတန် ဝါသနာပါတော့ စက်မချုပ်ပဲ မြင်းခြံက ဂုဏ်ရုံမှာ ရုပ်ရှင်ရုံပေါက်မှာ လက်မှတ်စောင့်သွားလုပ်နေသတဲ့၊ ကိုကြီးကျောက်တို့ အဒေါ်ကလဲ ရုပ်ရှင်ဝါသနာခပ်ပါပါဆိုတော့ ညားကြလေသတည်းပေါ့၊ အဲဒီက စလို့ မင်းသားကျော်ဆွေတို့ ရွှေဘတို့နဲ့ ဆက်သွယ်မိပြီး ရုပ်ရှင်ထဲမှာ ပျော်ပျော်ကြီးနေကြတာ အသက်ကြီးမှ အညာပြန်လာကြတော့တာပဲ၊ သူတို့ချင်းက ဘာသာလဲမတူ၊ အသွင်မတူတာခပ်များများပေမဲ့ ဝါသနာတူကြတာနဲ့ သေတပန်သက်ဆုံးပေါင်းသွား ကြတာပဲ၊


ကိုကြီးကျောက်တို့ကတော့ အသွင်တူတာတွေ မတူတာတွေ ထည့်မစဉ်းစားပါဘူး၊ ငယ်ငယ်ကတော့ လှတာမြင်ရင်ကြိုက်ပလိုက်တာပဲ၊ အတူတူတွဲတာကြာလာတော့မှ အသွင်မတူတာတွေက ပေါလောကြီးပေါ်လာတာကိုး၊


၊ ကိုကြီးကျောက်ကတော့ ယောင်္ကျားနဲ့မိန်းမ အသွင်မတူတာကြောင့် ဖြစ်ပေါ်လာတဲ့ ခြားနားချက်ကိုတော့ ထည့်ဂရုမစိုက်ပါဘူး၊ ကိုကြီးကျောက်တို့က အပြင်သွားမယ်ဆိုရင် ၅ စက္ကန့်လောက်အချိန်ယူပေမဲ့ သူတို့ကိုကြ ၂ နာရီလောက်စောင့်ရတာမျိုး ၊အစားအသောက်ဆိုရင်လဲ မိန်းမသဘာဝ ချဉ်ချဉ်စပ်စပ် လက်သုပ်တွေ၊ မုံ့ဟင်းခါးဆိုတာမျိုးတွေ သူတို့ကကြိုက်ပေမဲ့ ကိုကြီးကျောက်က လုံးဝမကြိုက်...သို့သော်ကိစ္စမရှိ၊ အဲ...ခြေလေးချောင်းမစားဘူးတို့၊ ငါးဆိုရင်အကြေးပါမှတို့ ဂဂျီဂဂျောင်တွေနဲ့ ဆိုရင်တော့ ဘယ်ဆိုင်မှာစားရမလဲဆိုတာ ကိုကြီးကျောက် ခေါင်းစားရပြီ၊ ကိုကြီးကျောက်ကတော့ ၄ချောင်းမကဘူး ရှစ်ချောင်းလဲစားတာပဲ( ရေဘဝဲကိုပြောတာ)၊ ခြေမပါတဲ့ မြွေတို့ တီကောင်တို့( တနင်္သာရီကမ်းရိုးတန်း beach တွေမှာရှိတဲ့ သဲပလုတ်ဟာ တီကောင်တမျိုးပါ ၊စားလို့ကောင်းတယ်) လဲစားတာပဲ၊


အစားအသောက်အသွင်မတူတာကလဲ ကိုကြီးကျောက်အတွက် ပြဿနာမဟုတ်ပါဘူး၊ ကိုကြီးကျောက်အသက် ၃၀ နားနီးလာတော့ ကိုယ့်အိမ်ထောင်လေးနဲ့ ကိုယ် နေချင်စိတ်ဖြစ်လာပြီး မိန်းမလိုချင်စိတ်တွေက တဖွားဖွားဖြစ်လာတော့တာပေါ့၊ ကိုင်း... ဒီလိုဆိုရင်ဘယ်သူကို ယူမလဲစဉ်းစားစမ်း...စဉ်းစားစမ်း.. ဆိုတော့၊ ဆယ်ကျော်သက်က ချစ်လက်ဟောင်းကိုပဲ ပြန်ပြီးသတိရတော့တာပေါ့၊ သူနဲ့ကိုယ်နဲ့က ရည်းစားသက် က ဆယ်မိုးဆယ်နွေ၊ ဒါပေမဲ့ သူ့အဖေက သဘောမတူတော့ မျှော်လေလေဝေး ဖြစ်နေတာပေါ့၊


ဒါနဲ့ သူငယ်ချင်းတယောက် အိမ်မှာ ချိန်းပြီးတွေ့ကြတော့ ကိုကြီးကျောက်က သူ့ကို ယူကြရအောင်လို့ ပြောတော့ ခါးခါးသီးသီး ငြင်းသဗျ၊ အဖေနဲ့ မဖြစ်ပါဘူးတဲ့.. ဒါက ကိုယ်လဲသိသားပဲ၊ သူကလဲ သူ့အဖေကို ဘယ်လိုမှလွန်ဆန်ဝံ့ပုံမရပါဘူး၊ ကိုယ်ကတော့ ငိုပြတာပေါ့၊ မောင့်အပေါ်ဝယ်...ဂုဏ်ရည်မတူလို့လား...ဘာလားညာလားပေါ့လေ၊ ဟင်း..တကယ်တော့ဘာမှ မဆိုင်ဘူး၊ အဲ..သူတို့ကချမ်းတော့ ချမ်းသာတယ် ၊သူတို့စီးပွားရေးလုပ်ငန်းတွေ ပြည်သူပိုင်သိမ်းခံရပြီးကထဲက သူအဖေက သေသာသေရော ဘာစီးပွားရေးမှမလုပ်တော့ပဲ နှစ်ပေါင်း ၃,၄ ဆယ် ထိုင်ပြီးစားနေတာ၊ နောက်တသက်တောင်စားမကုန်ဘူးတဲ့၊


ဒါနဲ့ ကိုကြီးကျောက်မိန်းမ ယူဖို့ကိစ္စဟာ သောင်မတင်ရေမကျနဲ့ ကိုကြီးကျောက်လဲ စင်ကာပူထွက်လာတော့ ခနနားသွားတော့တာပဲ၊ စင်ကာပူမှာကြ ကိုကြီးကျောက်က ရွှေကျင်ရတာဝါသနာမပါဘူး၊ ဖားပဲထွက်ရိုက်တယ်၊ စင်ကာပူနေတဲ့ ညီငယ်များကတော့ ရွှေကျင်တာ ဖားရိုက်တာကို နားလည်ကြပေမဲ့ တခြားမှာနေတဲ့ ညီငယ်တွေကိုတော့ နဲနဲတော့ ပြောပြရမှာပေါ့လေ၊ ရွှေကျင်တာကတော့ ကိုယ့်ရွှေဗမာချင်း အတည်ပဲဖြစ်ဖြစ် အပျော်ပဲဖြစ်ဖြစ် တွဲကြတာကိုး၊ ဖားရိုက်တာကတော့ ဖိလစ်ပီနိုမတွေကို ဖန်ထားတာလို့ပဲ ပြောပရစေတော့၊ သူတို့နဲ့ကိုယ်နဲ့ ဓလေ့စရိုက်ဘာသာ ဘာမှမတူတော့ ကြာရှည်လက်တွဲဖို့ကတော့ မလွယ်လှပါဘူး၊


အသေးစိတ်ကွဲပြားချက်ကလေးတွေ အသွင်မတူတာလေးတွေက အတော်များလှတာမို့ ကိုကြီးကျောက်သေချာရေးမပြတော့ပါဘူး၊ ဖားမတွေရဲ့ ဩဝါဒအတိုင်းပဲ လိုက်နာကျင့်သုံးပေးရတာပေါ့လေ၊ သူတို့ကတော့ရှင်းပါတယ် ယောင်္ကျားနဲ့ မိန်းမဟာ အပြန်အလှန်လိုအပ်တဲ့ အဟာရတွေဖြစ်တာကြောင့် ကိုယ်စားချင်ရင်စားမှာပဲတဲ့.......ဟုတ်ကဲ့ ..ကိုကြီးကျောက်ကလဲ သူတို့စားချင်ရင် သွားပြီးအစားခံပေးပါတယ်..၊ ဝတ္တရားမပျက်စေရပါဘူး၊


ဒီလိုနဲ့ ကိုကြီးကျောက် ဗမာပြည်ကို ပြန်တော့ ကိုယ့်ပတ်ဝန်းကျင်မှာ အပြောင်းအလဲတွေက အတော်များနေတာ တွေ့ရသဗျ၊ စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေနေတဲ့ သူငယ်ချင်းတွေက စမောလေးတွေ ကီပင်းလေးတွေ ကိုယ်စီနဲ့ဗျ၊ ကိုကြီးကျောက်မှာသာ ဖြစ်ဖြစ်မြောက်မြောက် မိန်းမတယောက်တောင်မရသေးတာ၊ ဒီမိန်းမမရရင် သတ်သေပါ့မယ် တကဲကဲ ကောင်ကလဲ စမောလေးနဲ့ဗျ၊ ဒါနဲ့ ကိုကြီးကျောက်လဲ သူ့မိန်းမကို ဟဲ့....မိလုံး...နင် ရာထူးတိုးနေဆိုပါလား ဆိုတော့ မိလုံးက ဟဲ့ ကောင်ရဲ့ မယားငယ်ဆိုတာ နာမည်တင်ငယ်တာမဟုတ်ဖူး အသက်ကလဲငယ်သဟဲ့..ငါ့အသက်က ပြန်ငယ်လို့မှမရတာ ..ဒင်းကို ငါ့မှာ ကြိုးရှည်ရှည်နဲ့လှန်ထားပြီး ချည်တိုင်ပြန်လာအောင်ပဲ ထားနေရတယ်တဲ့၊ ကဲ....သူတို့ချင်း အပေးအယူမျှနေတော့လဲ ပြီးတာပါပဲလေ၊


ကိုကြီးကျောက်ပြန်ရောက်ချိန်မှာ မတော်ရသေးတဲ့ ယောက္ဖတဝမ်းကွ္ဖဲတွေက သတင်းပေးကြသဗျ၊ ငယ်ချစ်ကြီးရဲ့ အဖေသေပြီမို့ ငယ်ချစ်ကြီးကို ယူဖို့အချိန်ကောင်းပါပဲတဲ့၊ သူနဲ့ကိုယ်နဲ့က အဲဒီအချိန်မှာ...ရည်းစားသက်က အနှစ် ၂၀ ကျော်ပြီ၊ လူချင်းမတွေ့ရတာကလဲ ၁၀နှစ် လောက်ရှိပြီ၊ ဒါနဲ့ ကိုကြီးကျောက်လဲ သူ့အဖေမရှိတော့ဘူးဆိုတော့ သူ့အိမ်ကို ဝင်လို့ထွက်လို့ ရပြီဆိုတာ သိပြီလေ၊ အရင်ကတော့ သူတို့အိမ်က တံခါးကအမြဲပိတ်ထားတာကိုး၊ ကိုကြီးကျောက်လဲ အချိန်ဆွဲမနေတော့ ပါဘူး၊ သူ့အိမ်ကိုသွားတော့ သူကဧည့်ခန်းထဲကို ဆင်းလာတယ်၊ ကိုကြီးကျောက်နဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာဝင်ထိုင်လိုက်တော့


အလို.......ကိုကြီးကျောက် လွန်ခဲ့တဲ့ အနှစ်၂၀ လောက်က စွဲလမ်းခဲ့...တပ်မက်ခဲ့ ...အရူးအမူးဖြစ်ခဲ့ရတဲ့ သူ့ရဲ့ အသွင်....အလှတွေဟာ ၆၀%လောက် ပျောက်ကွယ် သွားပါပေါ့လား....၊လည်ပင်းမှာလဲ အရစ်ရစ်တွေနဲ့ ဗိုက်ခေါက်ကလဲပူလာ၊ အသက်၄၀ နားနီးလာတဲ့ မိန်းမကြီးတယောက်ရဲ့အလှဟာ ဘယ်မှာ ဆယ်ကျော်သက်လေးလို ငွားငွားစွင့် လှနိုင်ပါတော့မလဲလေ....၊ ကိုကြီးကျောက်မျှော်လင့်လာခဲ့ တာနဲ့ တော်တော်ကြီးကွာခြားနေတာမို့ ကိုကြီးကျောက်ဖြင့် ဘာတောင်ဆက်ပြောရမှန်းမသိနိုင်ပါပဲ၊ ကိုကြီးကျောက်လဲ သူငယ်ချင်းတယောက်လို နှုတ်ဆက်စကားပဲ ပြောပြီးပြန်လာခဲ့တော့တယ်၊ လက်ထပ်ချင်တဲ့အကြောင်းတော့ မပြောခဲ့တော့ပါဘူး၊


ဪ.......ယောင်္ကျား...ယောင်္ကျား...၊အသက်ကြီးလေ မြက်နုကြိုက်လေ ယောင်္ကျားသဘာဝပါပဲ၊ ကိုကြီးကျောက်ကို အမျိုးသမီးသူငယ်ချင်းတွေက အချစ်စစ်အချစ်မှန်မဟုတ်ဖူး ဘာဘူး ညာဘူး နဲ့ ဆဲကြပေမဲ့ ကိုကြီးကျောက်ကတော့ မျှော်လင့်လာတဲ့ အသွင်နဲ့ မေက အသွင်မတူတော့တာမို့ ချစ်ရေးကြိုက်ရေး အိမ်ထောင်ရေးကို မပြောတော့ပဲ....အိမ်ရှောင်ပြေးခဲ့ရကြောင်းပါခင်ဗျာ....။ ။


နှမဖြစ်သူ မယ်သက် ရေးခိုင်းထားတဲ့ tag post ပါ ။ ကွန်ပျူတာရှေ့ ကြာကြာသိတ်မထိုင်နိုင်သေးလို့ တနေ့တနေ့ နဲနဲချင်းရိုက်လာတာ ခုမှပဲပြီးတော့တယ်၊ အားလုံးကျန်းမာရွှင်လန်းကြပါစေ။

(ပုံကို google မှယူပါသည်)

Wednesday, July 7, 2010

ဘိုထီးဘိုမ ဝိညာဉ်တို့ ကခုန်ခြင်း


ဗမာပြည်အုပ်ချုပ်ရေးကို အင်္ဂလိပ်တွေက သူတို့ရဲ့ အုပ်ချုပ်ရေးနဲ့ အစားထိုးတဲ့အခါမှာ ရန်ကုန်မြို့မှာ ဘုရင်ခံထားပြီး ဗမာပြည်မကို အုပ်ချုပ်၊ တောင်တန်းဒေသတွေမှာတော့ သက်ဆိုင်ရာ စော်ဘွားတွေ၊ ဒူဝါးတွေနဲ့ အဆင့်ဆင့်အုပ်ချုပ်သတဲ့။ အရေးပိုင်လို့ခေါ်တဲ့ ခရိုင်ဝန်က ခရိုင်မြို့ကြီးတွေမှာ ရုံးစိုက်ပြီး သူ့လက်အောက်မှာ နယ်ပိုင်ဝန်ထောက်က မြို့နယ်တွေကို အုပ်ချုပ်ရတာပေါ့၊ နယ်ပိုင်ရုံးကလဲ မြို့နယ်တိုင်းမရှိပါဘူး၊ ရမည်းသင်းအရေးပိုင်ရဲ့ လက်အောက်မှာ ပျဉ်းမနားနယ်ပိုင်က ပျဉ်းမနားနဲ့လယ်ဝေး ကို အုပ်ချုပ်ရတာပါ။



အရေးပိုင်ရုံးစိုက်တဲ့မြို့ကြီးတွေမှာ ကောင်းပေ့လှပေ့ဆိုတဲ့ နေရာတွေ။ရပ်ကွက်တွေမှာ ရုံးတွေထားတတ်တာမျိုး၊ မန္တလေးမှာဆိုရင် နယူးစီပီလိုင်း၊ ပြည်မှာ မင်းကြီးတောင်၊ အင်းစိန်မှာ ဘိုကုန်း၊ ပခုက္ကူမှာ ဗုဒ္ဓကုန်း၊ မြင်းခြံမှာ ပြောင်းပြာ၊ အဲလိုနေရာတွေမှာ ရုံးတွေ အရေးပိုင်အိမ်တွေရှိသတဲ့၊ မူလကတော့ အရေးပိုင်လို ရာထူးကြီးမျိုးကို ဗမာလူမျိုးတွေထဲက မရှိပါဘူး၊ အင်္ဂလိပ်တွေပဲ ရာထူးကြီးတွေ ယူထားကြတာပေါ့၊ နောက်တော့ ဗမာလူမျိုးတွေက အဲလိုရာထူးတွေရလာကြတယ်၊



ပထမဆုံး ဗမာတွေထဲက အရေးပိုင်က ဦးဖေ တဲ့၊ ဦးဖေ ရဲ့သမီးက ရွှေရိုးဦးဘကလေးနဲ့ အကြောင်းပါသတဲ့၊ ဦးဘကလေး ဆိုတာက ခုထက်ထိအောင်ခေတ်စားဆဲ ဦးရွှေရိုးအက စပြီးကခဲ့တဲ့သူပေါ့၊ကာတွန်းလဲ အရေးကောင်း၊ ရုပ်ရှင်သရုပ်ဆောင်လဲလုပ်ခဲ့ဖူးတဲ့သူပေါ့၊ အရေးပိုင်ဦးဖေနဲ့ ကိုကြီးကျောက်တို့ ဖိုးအေ ဦးဘဦးနဲ့က အင်မတန်ရင်းနှီးတဲ့ မိတ်ဆွေတွေတဲ့၊ ဒါပေမဲ့ သူတို့ချင်းက သက်တူ ရွယ်တူ ကျောင်းနေဖက် သူငယ်ချင်းတော့ မဟုတ်ကြဘူးတဲ့၊



ကိုကြီးကျောက်တို့ ဖိုးအေ ဦးဘဦး ရဲ့ အဖေက ဦးဘိုးရီတဲ့၊ ဦးဘိုးရီက မြင်းခြံဌာနာအုပ်တဲ့၊ အင်္ဂလိပ်စာ ၄ တန်းအောင်တော့ မန္တလေးဆပ်ကျောင်း( ရဲသိပ္ပံ) မှာ ပုလိပ်သင်တန်းတက်ပြီး မြင်းခြံမှာ ဌာနာအုပ်လုပ်နေသတဲ့၊ သူ့သားမောင်ဘဦးကို လောကဓါတ်ပညာတွေ တတ်စေချင်တော့ ရန်ကုန်က မက်သဒစ်ကျောင်း( အခု ဒဂုံ အထက ၁) မှာ ကျောင်းထားသတဲ့၊ မောင်ဘဦးကလဲ တောက်မဲ့မီးခဲ တရဲရဲဆိုသလိုပါပဲ၊ ရန်ကုန်ကောလိပ်ကျောင်းသား ကိုဖေ တို့နဲ့ ပေါင်းမိပြီး ဖဲဝိုင်းနောက်ထ လုပ်နေသတဲ့၊ ကိုဖေတို့က မောင်ဘဦးကို ကလေးဆိုတော့ လက်စွပ်ပေါင်ခိုင်း၊ ပုဆိုးပေါင်ခိုင်း လက်တိုလက်တောင်း ခိုင်းမှာပေါ့လေ၊



သားဖြစ်သူ မောင်ဘဦး ပညာတွေအပတ်တကုတ် ကြိုးပမ်းနေတာကို ဦးဘိုးရီက သိတော့ သားလူပျိုပေါက်ကို ကာလကတ္တားပို့ပြီး စာသင်ခိုင်းဖို့ကြံသတဲ့၊ အင်္ဂလိပ်ခေတ်ကတော့ ဗမာတွေက ဒါဂျီလင်တို့ ကာလကတ္တားတို့ကို ပညာသွားသင်လေ့ရှိတာကိုး၊ ခုခေတ် စင်ကာပူတို့ သြစတေလျ တို့ သွားသင်ကြသလိုမျိုးပေါ့လေ၊ ပညာလိုလားတဲ့ မောင်ဘဦးခမြာ ကာလကတ္တား သွားရမယ်လဲဆိုရော မသွားချင်တာနဲ့ တခါထဲ ကိုကြီးကျောက်တို့ဖွားအေကြီးကို ခိုးပြီးပြေးလိုက်တာ ကိုကြီးကျောက်တို့အမေ အပျိုကြီးဖားဖားဖြစ်တော့ ကိုကြီးကျောက်တို့ ဖိုးအေက အသက် ၃၀ ကျော်ကာပဲရှိသေးသတဲ့၊



ဒါနဲ့ အရေးပိုင်ဦးဖေလဲ မြင်းခြံအရေးပိုင်အနေနဲ့ပြောင်းလာတော့ မြင်းခြံကမိတ်ဆွေထဲမှာ ကိုဘဦးနဲ့ပဲ ရင်းရင်းနှီးနှီးရှိရှာလေတော့ ကိုဘဦးနဲ့ ပုလင်းတူဗူးဆို့ ပေါင်းမိကြသတဲ့၊ ဦးဖေက သူ့မိသားစုကို ရန်ကုန်မှာပဲထားခဲ့တာမို့ အရေးပိုင်အိမ်ကြီးမှာ တယောက်ထည်းပဲနေသတဲ့၊ အင်္ဂလိပ်ခေတ်အရေးပိုင်ဆိုတော့ ထမင်းချက်၊ စားပွဲထိုး၊ မာလီ အစုံအလင်ရှိပေမဲ့ အလုပ်ချိန်မဟုတ်ရင် ဒီလူတွေက နောက်ဖေးတန်းလျားမှာပဲ ရှိတာကိုး၊ ခေါ်မှ အရေးပိုင်ဆီကို ဘုရားထူးပြီးလာကြသတဲ့၊ မြင်းခြံကအရေးပိုင်အိမ်ကြီးကလဲ အဲဒီခေတ်ကတော့ မြို့စွန်မှာ၊ ဝန်းကြီးခြံကြီးနဲ့၊ အခန်းတွေကလဲအများကြီး၊ အပေါ်ထပ်အောက်ထပ် အတက်အဆင်းလုပ်တဲ့ လှေခါးကလဲ ၃ စင်းရှိတယ်၊ ရှေးခေတ်အင်္ဂလိပ်ပုံစံအိမ်ကြီး၊ ဆင်ဝင်ကြီးကလဲ ပါသေး၊ ခုတော့ ဒီအိမ်ကြီးကို ရုံးလုပ်ထားထင်ပါရဲ့၊



တညမှာတော့ ဦးဖေနဲ့ ဦးဘဦးတို့ နှစ်ယောက် ဆင်ဝင်ပေါ်က လသာဆောင်မှာ အရက်သောက်နေကြသတဲ့၊ ဘွိုင်ကုလားကလဲ အနားမှာရှိသတဲ့၊ ဧည့်ခန်းက အပေါ်ထပ်မှာတခန်း၊ အောက်ထပ်မှာတခန်းရှိသတဲ့၊ အပေါ်ထပ်ကဧည့်ခန်းက ဆင်ဝင်ပေါ်ကလသာဆောင်နဲ့ တဆက်ထဲပေါ့၊ သူတို့ သောက်နေတဲ့အချိန်မှာ လှေခါးကနေ မျက်နှာဖြူဘိုထီးဘိုမ ၃ တွဲတက်လာကြသတဲ့၊ ဦးဖေကလဲ မင်းတို့ဘယ်ကကောင်တွေလဲ ငါ့အိမ်က အခုထွက်သွားစမ်းလို့ အော်ပြောပေမဲ့ သူတို့ကို မပြောသလိုပဲ အပေါ်ထပ်က ဧည့်ခန်းမှာ က လိုက်ကြတာ ဖိနပ်သံတွေကို ဆူညံနေတာပဲတဲ့၊ ဘွိုင်ကုလားကတော့ သခင်...သရဲ..သရဲ လို့ပြောပြီး ကြောက်လို့ တုန်နေသတဲ့၊ ဘိုထီးဘိုမတွေကလဲ အိမ်ပေါ်မှာ သူတို့ပါတီပေးနေသလိုကို ပျော်ပျော်ပါးပါးကြီးကို ကခုန်နေကြသတဲ့၊ ဦးဖေက စိတ်ဆိုးမာန်ဆိုးနဲ့ ဂက်ဒေါက်..ဂက်ဒေါက်နဲ့ ထပြီးနှင်တော့မှ ပျောက်သွားကြတယ်..၊ အဲဒီတရက် မှတ်မှတ်ရရလာ ကကြပြီး နောက်ရက်တွေတော့ လာကတာမတွေ့တော့ဘူးတဲ့၊ ဒီအဖြစ်အပျက်က နှစ်ပေါင်း ၉၀ လောက်ရှိပြီမို့ ခုချိန်မှာ အရေးပိုင်အိမ် တဖြစ်လဲစာရင်းရုံးပေါ်မှာ ဘိုထီးဘိုမတွေ လာကကြသေးလားတော့ မသိတော့ပါဘူး၊ ကချင်ရင်တောင် လူသူလေးပါးကင်းရှင်းတဲ့ နေပြည်တော်ကဂူထဲမှာ စိတ်အေးလက်အေး ကနေကြမယ်ထင်ပါရဲ့....။



အခုတလောကျန်းမာရေးကချူချာနေတာမို့ ကွန်ပျူတာရှေ့မှာတောင် ကြာကြာမထိုင်နိုင်ပါဘူး၊ သူများတွေကို စားပြီးပြီလား နေကောင်းလားမေးနိုင်ဖို့နေနေသာသာ ကိုယ့်ဘလော့ကိုတောင် ဖွင့်မကြည့်နိုင်ဘူး၊ နေမကောင်းတော့ ဟာသဉာဏ်လဲ မရွှင်တာမို့ ရီစရာတောင်မပြောဖြစ်ဘူး၊ တုတ်ကွေးလိုဖြစ်နေတော့ ဝက်တုတ်ကွေးလားလို့ မြီးညှောင့်ရိုးမှာ ဝက်မြီးများပေါက်နေပြီလားဆိုပြီး စမ်းစမ်းကြည့်ရသေး၊ အဖျားပျောက်တော့ ချောင်းကတဟွတ်ဟွတ်ဆိုး၊ အတွင်းကလီစာတွေက ဘာတွေချို့ယွင်းနေပြီလဲမသိပါဘူး၊ ခြေဖမိုးတွေယောင်နေတာမို့ ကွန်ပျူတာစားပွဲမှာလဲ ကြာကြာမထိုင်နိုင်၊ အင်း...ဇာတိရှိခဲ့တော့ ဇရာ၊ဗျာဓိ၊ မရဏာ ဆိုတာက ဆက်တိုက်ဖြစ်လာတာမျိုးဆိုတော့ ဒီနှစ်ကုန်တောင်ခံပါ့မလားမသိဘူး၊ တကိုယ်လုံးဆေးစစ်ပြီးရင်တော့ သိရမှာပေါ့လေ၊ ဒါကြောင့် ကိုကြီးကျောက် မလာလည်နိုင်သေးရင်လဲ နားလည်ပေးကြပါ၊ စာလဲကြိုးကြားကြိုးကြား ရေးပါ့မယ်၊ tag ထားတဲ့ နှမဖြစ်သူ မယ်သက်(သက်ဝေ) ကိုလဲ ကြိုးစားရေးပေးပါ့မယ်၊ ..ညီငယ်နှမငယ်များ ကျန်းမာရွှင်လန်းကြပါစေ.....