Thursday, February 25, 2010

ကျောက်သိင်္ခ ဂန္ဓာရီလှည့်နေခြင်း


ကျောက်သိင်္ခတို့ အခုလောလောဆယ် အလုပ်ကိစ္စနဲ့ ခရီးထွက်နေရလို့(ကြီးကြီးကျယ်ကျယ်ပြောရရင် ဂန္ဓရီလှည့်နေတာပေါ့လေ) တောင်ရေးမြောက်ရေးဘလော့လေးလဲ ပစ်ထား၊ သူများတွေရေးထားတာတွေကိုလဲ သေသေချာချာမဖတ်ပဲ ပြာပြာပြာပြာဖတ်၊ ကဘောက်တိကဘောက်ချာ comment တွေပေး( ကာယကံရှင်များမှာလဲ ဒီလူကြီးဘာတွေလာရေးနေပါလိမ့် ဆိုပြီးအူကြောင်ကြားနဲ့ကြည့်နေရရှာတယ်)၊

ကိုကိုကျောက်တို့ ဂန္ဓာရီလှည့်ပြီဆိုတော့ အများသိကြသလို ကိုကျောက်ရဲ့စီးတော်မြင်း...အဲ...ကားနဲ့ (ကိုကြီးကျော်နတ်ပွဲချိန် ဆိုတော့ကိုကြီးကျောက်လဲ နဲနဲတော့ ထင်ယောင်ထင်မှားလေး ဖြစ်သွားတာ)လှည့်ရပလေတာကိုး၊ ရုတ်တရက်ထွက်လာရတာမို့ ဗာဂျီးနီယားက Ballston က Holiday Inn မှာရောက်နေတဲ့ ကဗျာဘလော့ဂါ သိုးထိန်းနဲ့တောင်မတွေ့ခဲ့ရဘူး၊(သူ့ဆီကဖုန်းစောင့်နေတာ မဆက်လာသေးတော့ ဘယ်လိုတွေ့ရမှန်းမသိဖြစ်သွားတယ်)။

ကိုကြီးကျောက်တို့ ခရီးထွက်လာတော့ ဝါသနာအရသူများတွေကို ချွန်တွန်းလဲလုပ်လာခဲ့တာပဲ၊ ကိုကြီးကျောက်အခု ခရီးသွားရင် မီးရောင်စုံမှိတ်တုပ်မှိတ်တုပ် ထွန်းထားတဲ့ကားတွေ မေတ္တာလက်မှတ်လာပေးမှာကြောက်လို့ freeway တွေမှာ သတ်မှတ်မိုင်နှုန်းထက်ပိုပြီးမြန်မြန် မမောင်းတော့ပါဘူး၊

ဪ...ဒါနဲ့စကားမစပ်ပြောရအုန်းမယ်၊ အမေရိကနိုင်ငံမှာနေရတာ ကိုကျောက်တော့ ဗမာပြည်မှာနေရသလိုမျိုးခံစားရတဲ့ အကြောင်းတွေပါ၊ ခရီးအကွာအဝေးဆိုလဲမိုင်နဲ့ပဲပြောတယ် ၊ ဒီတော့တနေရာနဲ့တနေရာဘယ်လောက်ဝေးတယ်ဆိုတာ ကိုကြီးကျောက်မျက်စေ့ထဲတန်းမြင်တယ်၊ ဘယ်နှစ် ကီလို ဝေးတယ်ပြောရင် ဘယ်လောက်ဝေးလို့ဝေးမှန်းမသိတော့ဘူး၊ အတိုင်းအထွာကလဲ ပေနဲ့လက္မပဲ၊ သူ့အရပ်က ၅ပေပဲလို့ပြောရင် ပုမှန်းသိနေပြီ၊ ကျွန်တော့အရပ်ကို တိုင်းပြီး၁၆၇ စင်တီမီတာလို့လာပြောတော့ ကိုယ့်အရပ်က ရှည်နေသလား ပုနေသလားလဲမသိ..ဟော...အမေရိကမှာ ပေ တွေလက္မတွေပဲပြောတော့ သဘောကျတာပေါ့ဗျာ၊အလေးချိန်ကလဲ ပေါင်ပဲသုံးတယ်၊ ကိုကြီးကျောက်တို့ ငယ်ငယ်က အိမ်ကနေ ကော်ဖီမှုန့်ပေါင်တစိတ် ဝယ်ခဲ့တို့ ကိတ်ခြောက်တပေါင်ဝယ်ခဲ့တို့ ခိုင်းနေကြဆိုတော့ ဘန်ကောက်ရောက်စက ပုဇွန်တကီလိုဆိုရင် ဘယ်လောက်ရမယ်ဆိုတာ မမှန်းတတ်ဘူးခင်ဗျ၊

အပူချိန်ဆိုရင်လဲ ဖါရင်ဟိုက်ပဲသုံးတော့ ငယ်ငယ်ကဗမာပြည်မှာ လိုပါပဲ ၊ ကျွန်တော်တို့မြင်းခြံမှာက နွေဆိုရင် ၁၀၉၊ ၁၁၀ ဖါရင်ဟိုက်လောက်ပူတာကိုး၊ ဒီတော့ ဖါရင်ဟိုက်နဲ့ပြောရင် ကိုယ့်အရေပြားမှာဘယ်လောက်ပူလာမယ်၊အေးလာမယ်ဆိုတာ စိတ်ကသိနေပြီ၊ အခုမှဗမာပြည်မိုးလေဝသဌာနက ဆပ်ဆော့ပြီး ၅၀ဆဲစီးယပ်(စင်တီဂရိတ်တွေ)ပြောနေတော့ ကိုကြီးကျောက်ရဲ့စိတ်မှာမပေါ်လာဘူးပေါ့ဗျာ၊ ကားကလဲလကျာင်္ကပ်မောင်းဆိုတော့...အို....အမေရိကန်ပြည်ထောင်စုဟာ ဗမာပြည်လို့တောင်သဘောထားလို့ ရသဗျား၊

မထားချင်လို့တောင်မရတော့ဘူးလေ၊ဗမာပြည်ကလူတွေကလဲ တသုတ်ပြီးတသုတ် ရောက်ရောက်လာလိုက်ကြတာတနှစ်တနှစ်ကိုမနဲပါဘူး၊ တရုတ်ကဖိ ရှမ်းကအိ ရှိသည့်ဗမာ အနောက်မှာ ဆိုသလိုပါပဲ။ ဗမာအစစ်ဆိုရင်အနောက်နိုင်ငံတွေမှာရောက်နေပြီး ဗမာအတုတွေက ဗမာပြည်မှာနေကြထင်ပါရဲ့၊

ကဲ...ကဲ...ကျောက်သိင်္ခရဲ့ချွန်တွန်း ဂန္ဓာရီလေး ဆက်လိုက်ကြစို့၊ အင်း..ဘယ်ရောက်သွားပါလိမ့်၊ဪ... ကိုကျောက်မိုင်နှုန်းပိုမမောင်း တော့တဲ့အကြောင်း၊ ကိုကျောက်ကကိုယ့်ဖာသာတာ မမောင်းတာ ကိုကျောက်ဘေးကနေ ဗြူး..ဗြဲ နဲ့ ပိုပိုသာသာလေးမောင်းသွားရင် စိတ်ထဲက ကလိကလိဖြစ်လာပြီး နောက်ကနေ ဖင်လိုက်တွန်းပေးတာပဲ ၊ သူလဲမိုင်နှုန်းသာသာထိုးထိုးနဲ့လဲမောင်းရော ဟော...အသာလေး ကားအုပ်ထဲရောနေပြီး ကိုယ်မဟုတ်သလိုလေး နေပြလိုက်တာပေါ့၊ ဒီအချိန်မှာ မီးလေးမှိတ်တုပ်မှိတ်တုပ်နဲ့ ရဲကားက ခြုံထဲကထွက်လာပြီဆိုရင်တော့ ....ကိုကျောက်တို့က သနားတယ်ဆိုပြီး ထားခဲ့တော့တာပဲ၊

ကဲ..ဒီလိုနဲ့ ဂန္ဓာရီခရီးနှင်လာလိုက်တာ အခု ဂျော်ဂျီယာပြည်နယ်က ဆဗားနား(Savannah)မြို့ကို ရောက်နေပါတယ်၊ အလုပ်ကိစ္စက တပတ် ဆယ်ရက်တော့ကြာပါလိမ့်မယ်၊ ဆဗားနားကတော့ ရှေးဟောင်းဆိပ်ကမ်းမြို့ဖြစ်လို့ သမိုင်းဝင်အဆောက်အဦးတွေ အများကြီးပါ၊ ခုနစ်တန်းတုန်းက ပထဝီဝင်ဘာသာမှာ ဆဗားနားမြက်ခင်းအကြောင်း သင်ခဲ့ရတာမို့ ဒီနာမည်နဲ့တော့စိမ်းကြမယ် မထင်ပါဘူး၊ ကျောက်သိင်္ခရဲ့ ဂန္ဓာရီခရီးစဉ်ကတော့ စပါပြီ၊ တည်းနေတဲ့ မော်တယ်(Motel Super 8) ပုံပဲ လောလောရိုက်ပြလိုက်ပါတယ်။

Friday, February 19, 2010

ပျူနိုင်ငံမှာကြိုက်တဲ့တက်စာ


တနေ့က ကိုအောင်(ပျူနိုင်ငံ)က ကိုကြီးကျောက်အကြိုက် တက်စာလေးတဲ့၊ ကဲ..သူကဒီလိုဆိုတော့ ကိုကြီးကျောက်ကလဲ တက်စာလို့ဆိုတာနဲ့ ဒညင်းသီးကိုပြေးမြင်လိုက်တော့တာပဲ၊ ကိုကျောက်တို့ကလဲ ဒညင်းသီးဆိုကြိုက်မှကြိုက်၊ ဟော..အခုအမေရိကရောက်နေတာတောင် ယိုးဒယားကလာတဲ့ ဒညင်းသီးပြုတ်ပုလင်းကို ဆောင်ထားတတ်သဗျား၊ ပုလင်းထဲကအသီးက အနံ့တော့မပြင်းဘူးဗျ၊ အနံ့ပြင်းတဲ့ ဗမာဒညင်းကတော့ စားပြီးလို့ ရည်းစားနဲ့တွေ့စရာအကြောင်းရှိလာရင် တယ် ကရိကထများလှပေသကိုးဗျ၊ သွားတိုက်ရ၊ ပါးစပ်ဆေးရနဲ့၊ တခါတော့ ကိုကြီးကျောက်လဲ ပိုပြီးသေချာအောင် PK လေး ဝါးသွားလိုက်မိပါတယ်...ဟော......အာဝါး ဆိုပြီးလုပ်မယ်လဲကြံရော၊ပြာရီးပြာယာထွေးထုတ်လိုက်တာ သူ့ဆံပင်ကပ်နေလို့ မနဲခွါပေးလိုက်ရတယ်၊
တလောက အကြိုက်လေးတွေ ကိုယ်စီကိုယ်စီထုတ်ပြလိုက်ကြတာ၊ လူတကိုယ်အကြိုက်တမျိုးပါပဲ၊ ယေဘူယျတော့ အမျိုးသမီးတွေအကြိုက်က အဝတ်အထည်လက်ဝတ်ရတနာ။အလှအပ ပစ္စည်းတွေဖြစ်တတ်ပြီးတော့၊ ယောင်္ကျားများကတော့ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ စက်ကရိယာပစ္စည်းတွေ ပိုပြီးစိတ်ဝင်စားတာပါပဲ၊ အရင်ကတော့ ကိုကြီးကျောက်တို့ အီလက်ထရောနစ်ပစ္စည်းဆိုင်တွေ ရောက်ရင်ခွါကိုမခွါနိုင်ဘူး၊ ခုတော့လဲ ....စိတ်လျှော့..စိတ်လျှော့...စူ့ထက်စူလူစွမ်းဂေါင်းတွေ တနှစ်တမျိုးမရိုးအောင်ပေါ်နေတာ ဆိုပြီးကိုယ့်ဖာသာဆုံးမထားရတာ၊ လိမ္မာနေပြီ..၊ မမာလို့လဲမရဘူးလေ credit cardအကြွေးတွေက လစဉ်တောင်းလာပြီဆိုရင်အမိုက်အမဲလေးမို့ ခွင့်လွှတ်ပါပြောလို့ မရဘူးလေ၊ လူ့သဘာဝကလဲ မရခင်ကသာလိုချင်တာ ရပြီးတော့လဲ ခနလောက်တော့ ကိုင်လိုက်သေးတယ်၊ နောက်တော့လဲ ဟိုလိုလို သည်လိုလိုနဲ့ပစ်ထားလိုက်တာပါပဲ၊
အခု ကိုကျောက်တို့ ရာသီဥတုအေးစက်စက်ကြီးနဲ့ နေနေရပြန်တော့ အညာသားပီပီ ရာသီဥတု ပူပူအိုက်အိုက်လေးမှာ ထနောင်းပင်အောက် ကွပ်ပစ်မှာသင်ဖြူးလေးခင်း နေချင်ပြန်ရောဗျ၊ beach မှာရေကူးချင်စိတ်ကလဲတဖွားဖွားပါပဲ၊ beach ဆိုလို့ပြောရအုန်းမယ်၊ တလောကလူထုဦးစိန်ဝင်းရဲ့ဆောင်းပါးတပုဒ်မှာ အနောက်နိုင်ငံတွေက အားကစားသမားယောင်္ကျားတွေက ဝတ်စုံလုံလုံခြုံခြုံဝတ်ကြပေမဲ့ အမျိုးသမီးများက မလုံမလဲဝတ်ကြကြောင်း ဗမာမလေးတွေကလဲ အဲသလိုဖြစ်လာကြောင်း ရေးထားတာဖတ်ရသဗျ၊
အင်း.....ပြောရရင်တော့ အရှေ့နဲ့အနောက်က တကယ့်ကိုပြောင်းပြန်ပါပဲ၊ အနောက်မှာက အမျိုးသမီးများဖေါ်ချင်သလောက်ဖေါ် ၊..အဲ...ဗူးသီးခေါင်းတော့ပေါ်လို့မရဘူး၊ အလှပြတာလို့သတ်မှတ်ပေမဲ့ အမျိုးသားများကတော့ လူလည်ကောင်မှာ ဒူးပေါ်ပေါင်ပေါ် မနေရဘူးခင်ဗျ၊ ကိုကြီးကျောက်တို့များ အမေရိက ရောက်မှတကယ့် ဗိုင်းကောင်းကျောက်ဖိ ကိုကိုကျောက်ဖြစ်နေရတယ်၊ ရောက်စက မိုင်ယာမီက south beachမှာ ဘန်ကောက်ကဝယ်လာတဲ့swimming trunks ပိစိကွေးနဲ့ ရေကူးမလို့လဲလုပ်ရော၊ နံဘေးဘယ်ညာလဲ ကြည့်လိုက်တော့...အမျိုးကောင်းသားများက ဒူးဖုံးတဲ့ beach ဘောင်းဘီပဲ ဝတ်လို့ လှပျိုဖြူတွေပဲ ပိစိကွေးနဲ့ နေကြတာကိုး၊ ဟယ်...မဖြစ်ဘူး ..ကိုယ့်ကိုနောက်ကကြည့်ပြီး topless အလှမယ်လို့တော့အထင်မခံနိုင်တာနဲ့ ရေထဲဆင်းမဲ့အစီအစဉ်ကို ဖျက်သိမ်းလိုက်ရတယ်၊
ဒါနဲ့ south beach မှာ လမ်းသလားလိုက်တာ ခြုံပုတ်တွေကွယ်ထားတဲ့ beach တခုရောက်တော့ ကောင်မလေးတွေ..ခိုးခိုးခွတ်ခွတ်နဲ့ ရီသံကြားရသဗျ၊ ဒီတော့ ကိုကြီးကျောက်လဲ သိချင်စိတ်တွေ တဖွားဖွားဖြစ်လာလို့ ခြုံပုတ်ကျော်ပြီး အတွင်းထဲလဲဝင်လိုက်ရော....လား....လား....... မြီးကောင်ပေါက်မလေးတွေ ဝတ်လစ်စားလစ် ဖင်တုန်းလုံးbeach ပါလား..........၊ ဒါပေမဲ့ ဒီမြီးကောင်ပေါက်မလေးတွေက ၁၉၆၀ ခုနှစ်လောက်က မြီးကောင်ပေါက်မလေးတွေဆိုတော့ ခုချိန်မှာ နေလှန်းထားတဲ့ သူတို့ရဲ့ဖင်တုန်းလုံးတွေဟာ ဘဲကင်ကအရေခွံလိုရှုံ့တွ မဲချောက်နေတာမို့ ကိုကြီးကျောက်လဲ တခစ်..ခစ် နဲ့ ရီမိတာပေါ့၊ သူတို့ဘဲကြီးတွေက သူတို့ချစ်ချစ်အလှပဂေးတွေကို လှောင်ရက်လေခြင်းဆိုပြီး ဘုကြည့်ကြည့်ကြသဗျ၊ (အဲဒါကြီးတွေကတော့ ကျွန်တော့အကြိုက်ထဲ မပါဘူးကိုအောင်ရေ..)၊
ကဲ..မကြိုက်တာတွေအသာထားလို့..ကြိုက်တာပြောရရင်.....အင်း..စဉ်းစားလိုက်တော့... အဝတ်အစားလဲ မဟုတ်ဘူး၊ ဟိုပစ္စည်းဒီပစ္စည်းလဲမဟုတ်ဘူး၊ ကိုယ်ြ့ပည်ကိုယ့်ရွာ ကိုယ့်အညာမှာ အေးအေးဆေးဆေးနေပြီး မုန့်ပစ်သလက်လေးကို ဆီဆမ်းပြီးစားတော်ပဲပြုတ်လေး နဲ့စားရတာအကြိုက်ဆုံးပါပဲ. ကိုအောင်ရေ...(ခုနတောင် ဒိုးနတ်တွေမစားချင်လို့လွှင့်ပစ်လိုက်တယ်)

Saturday, February 13, 2010

ဟိုတယ်ချစ်သူမျက်နှာဖြူသရဲ


အခုတလော အလုပ်ကလဲပန်း ရာသီဥတုကလဲကြမ်းတာကြောင့် စာရေးဖို့တောင်မနဲအားယူနေရတယ်ခင်ဗျ၊ snow က ကျွန်တော်နေတဲ့ fairfaxမှာ ၂၈လက္မကျပြီးလို့ ၂ ရက်လောက်ရှိသေး တခါ ၁၀ လက္မလောက် ထပ်ကျပြန်တော့ သွားရေးလာရေးမှာဒုက္ခတွေများ၊ အေးလိုက်တာကလဲအလွန်ပါပဲ၊ကားပေါ်ထားတဲ့ ရေပုလင်းတွေ ခဲနေလို့ ရေသောက်ချင်ရင် heaterမှာရေဖျော်ရသေး၊ ဒါကြောင့် သမ္မတ ကနေဒီတို့ မိသားစုမြုပ်နှံထားတဲ့ Arlington စစ်သင်္ချိုင်းက အမေရိကန် marine တပ်သားသရဲတွေကို video ရိုက်ဖို့ကြံစည်ထားတာ နွေရောက်မှစီစဉ်ပါတော့မယ်၊ ရိုက်လို့ရရင်တော့ blog မှာတင်ပေးပါဦးမယ်၊ ဒါပေမဲ့video မှာမပေါ်ဘူးလို့တော့ပြောကြသဗျ၊ အာလင်တန်စစ်သင်္ချိုင်းဟာ လင်ကွန်းအထိမ်းအမှတ် အဆောက်အဦးနဲ့ ဟိုဖက်ကမ်းသည်ဖက်ကမ်းမို့ အလွန်သာယာပါတယ်၊ သရဲကလဲအလွန်ပေါဆိုပဲ၊

ဒီအကြောင်းကို ကျွန်တော်နဲ့ ဓါတ်ဆီဆိုင်မှာအလုပ်လုပ်ဖက် ကိုချမ်းသာ(ခ)ကိုပန်းသီး (ဒါရိုက်တာဦးဝင်းဖေ၏သား၊အဆိုတော်မီမီဝင်းဖေ၏အကို) ကိုပြောပြတော့ ကိုပန်းသီးက မေမြို့မှာရုပ်ရှင်ရိုက်ကြရင်း နန်းမြိုင်ဟိုတယ်က မျက်နှာဖြူ ဘိုထီးဘိုမ သရဲတွေနဲ့ ကြုံခဲ့တဲ့အကြောင်းပြောပြတာကိုး၊ အဲဒီတော့မှ ကျွန်တော်လဲ မေမြို့က နန်မြိုင်ဟိုတယ်မှာသရဲချောက်ခံရလို့ သူငယ်ချင်းစုံတွဲကို ဟိုတယ်ပြောင်းပေးရတာသတိရပါတော့တယ်၊

ကိုပန်းသီးတို့ကြုံကြတာက မင်းသမီးကြီး ဝါဝါဝင်းရွှေရဲ့ မယ်မင်းကြီးမ ဇတ်ကားရိုက်ကြတုန်းကတဲ့၊ရုပ်ရှင်အဖွဲ့သားတွေက ဟိုတယ်မှာအဆောင်တဆောင်ငှားထားသတဲ့၊ နေ့ခင်းမေမြို့ပတ်ဝန်းကျင်မှာ ရိုက်ပြီးလို့ ပြန်ရောက်တော့ ဟိုတယ်မှာကျန်ခဲ့တဲ့ လူငယ်တွေကပြောသတဲ့၊ အန်တီ..ဟိုတယ်အဆောင်ပေါ်မှာ tourist တွေရောက်နေတယ်ပေါ့၊ မင်းသမီးကြီးလဲအံ့အားသင့်သွားသတဲ့၊ ဟဲ့..ငါတို့ တဆောင်လုံးငှားထားတာပါပေါ့၊ ဘယ်ကtouristကရောက်နေသလဲပေါ့၊ ကလေးတွေကပြောသတဲ့ မသိဘူးအန်တီ မျက်နှာဖြူဘိုထီးဘိုမကြီးတွေ အဆောင်ပေါ်တက်လိုက်ဆင်းလိုက် ဝင်လိုက်ထွက်လိုက်လုပ်နေတာပဲတဲ့၊ ဒါနဲ့ လိုက်ရှာကြတော့ ဘာမှမတွေ့ဘူးတဲ့၊ ကြည့်စမ်း..ဘိုသရဲတွေ ဒီအခန်းတွေလူပြည့်နေလို့ တခြားအခန်းပြောင်းနေကြထင်ပါရဲ့၊

နောက်တခြားအကယ်ဒမီ မင်းသမီးကြီးတယောက်ကိုတော့ သရဲကလက်ထိလက်ရောက်တောင် ချောက်သွားသတဲ့၊ ဒီမင်းသမီးကြီးငယ်ငယ်က သူ့ရဲ့မျက်နှာပေးကိုက အင်မတန်ညှို့ဓါတ်ပါလေတော့ ဆန့်ကျင်ဖက်ပုရိသတွေကို မြူဆွယ်ညှို့ငင်ရတဲ့အခန်းတွေမှာ ပါရလေ့ရှိပါတယ်၊ ဒီမင်းသမီးကြီးနေတဲ့အခန်းကို တဒေါက်ဒေါက်နဲ့ လာခေါက်တော့ ဧည့်သည်ထင်လို့တံခါးဖွင့်အပေးမှာ ဘယ်သူမှမရှိ အကောင်အထည်မမြင်ရပဲ မင်းသမီးကြီးရဲ့ပါးကို ဖျောင်းကနဲ ရိုက်သွားသတဲ့၊ မင်းသမီးကြီးခမြာ ရုတ်တရက်မို့ အလန့်တကြားဖြစ်ပြီးမေ့တောင်သွားပါသတဲ့၊ မင်းသမီးကြီးက ညှို့အားကောင်းလေတော့ ဘိုထီးသရဲကြီးက ရစ်ဝဲရစ်ဝဲလုပ်နေတာကို သရဲဘိုမကြီးက သည်းညီးမခံနိုင်တော့ဘူးထင်ပါရဲ့၊ မုန့်သာဝေစားမယ်ဒါမျိုးတော့မရဘူး..ဟင်း၊ သရဲမှာလဲ အချစ်ကိုမဝေနိုင်ဘူးထင်ပါရဲ့၊ ကိုကျောက်တို့လဲ နန်းမြိုင်မှာတည်းရင် သတိတော့ထားမှ၊ ဘိုမသရဲကတိတ်တခိုးလေးကြိုက်နေတာကို သရဲဘိုထီးကြီးကအူနုကျွဲခတ်ခံရသလို ဒေါသတွေပွါးပြီး လက်သီးနဲ့ထိုးသွားမှဖြင့်...အမလေး..မတွေးရဲစရာ၊

ကိုကြီးကျောက်ရဲ့ သူငယ်ချင်းစုံတွဲကကြုံရပုံကတမျိုးခင်ဗျ၊ သူတို့က နန်းမြိုင်မှာတည်းပေမဲ့ ကိုကြီးကျောက်က တခြားအဖေါ်များတဲ့နေရာမှာသွားတည်းတယ်၊ ညနေစောင်းတော့ သူငယ်ချင်းဖြစ်သူကိုခေါ်ပြီးအပြင်ထွက်ကြတာပေါ့၊ မဒမ်ကလဲငယ်သူငယ်ချင်းပဲ ၊ သူ့မဒမ်က အပြင်မလိုက်တော့ပဲ လက်တိုလက်တောင်းခိုင်းဖို့ခေါ်လာတဲ့ ကောင်မလေးနဲ့နေခဲ့တယ်၊ ကျွန်တော်တို့လဲပြန်ရောက်ရော သူ့မဒမ်နဲ့ အဖေါ်ကောင်မလေး မျက်နှာငယ်လေးတွေနဲ့ ဧည့်ခမ်းမှာထိုင်နေကြတယ်ခင်ဗျ၊ ဘယ်လိုဖြစ်ကြတာတုန်းလို့မေးတော့ မဒမ်ခမြာငိုကြီးချက်မနဲ့ ပြောပြရှာတယ်၊ ကျွန်တော်တို့ထွက်ပြီးမကြာပါဘူး သူးယောင်္ကျားအသံနဲ့ သူ့ကိုခေါ်သံကြားသတဲ့၊ သူတို့လင်မယားချင်းခေါ်သလို သန့် ရေ လို့ခေါ်သတဲ့၊ အသံကလဲယောင်္ကျားအသံအစစ်လိုပဲတဲ့၊ ဒါနဲ့ ဝင်ခဲ့ကိုရေ ..လို့ခေါ်လိုက်ရော တံခါးက ကြွိ....ကနဲပွင့်သွားပြီး၊ ဘာမှန်းမသိတဲ့အလုံးတလုံးကလှိမ့်ဝင်လာသတဲ့၊ ကဲ..သရဲများကတော့ဗျာ အသံတုကလဲလုပ်တတ်သေး၊ ဘယ်သူမှန်းမသိအောင်လဲ ရုပ်ဖျက်လာသေး၊ စီပုံးတွေမှာ ရုပ်ဖျက်ပြီးအသံတုနဲ့လာအော်တာကြနေတာပဲနော်၊ အဲဒီအလုံးကြီးက ကုတင်တွေအောက်မှာလှိမ့်ပြေးနေသတဲ့၊ ဒါနဲ့ သူနဲ့ကောင်မလေးနှစ်ယောက်သား ကုတင်ပေါ်မတ်တပ်ရပ်ပြီး အလန့်တကြားအော်နေကြရသတဲ့၊ ၅မိနစ်လောက်ရှိမှ နံဘေးက အော်သံကြားကြလို့ တံခါးလာခေါက်ကြမှ ဒီအလုံးကပျောက်သွားသတဲ့၊

ဒါနဲ့ ညတွင်းချင်းပဲ နောက်ဟိုတယ်တခုကို ပြောင်းပေးရပါတယ်၊ ကဲ...ဟိုတယ်တွေမှာတည်းမယ်ဆိုရင်တော့ အသံတုသရဲလဲ ရှိတတ်သတဲ့ဗျာ၊ မေမြို့ နန်းမြိုင်ဟိုတယ်က သရဲတွေကတော့ မျက်နှာဖြူသရဲတွေမို့ ဟိုတယ်မှာပဲ တည်းနေချင်ကြတယ်နဲ့တူပါရဲ့၊ လွတ်လပ်ရေးရပြီးတာလဲ အနှစ်၆၀ကျော်ပြီမို့ ဒီသရဲတွေသက်တမ်းလဲကြာလှပြီပေါ့၊ ဒီတခါ ဗမာပြည်ပြန်ရင်တော့ ဟိုတယ်ချစ်သူ မျက်နှာဖြူသရဲတွေ ရှိသေးရဲ့လားလို့ သွားကြည့်လိုက်ဦးမယ်။

Tuesday, February 9, 2010

မှင်စာလေး(၇)ပတ်


တမြန်မနှစ်ဆီက ဖလော်ရီဒါပြည်နယ်Fort Myers မှာနေတုန်းမှာ အန်ကယ်ဦးသောင်း(ကြေးမုံဦးသောင်း (ခ) စာရေးဆရာအောင်ဗလ) ဆုံးပါတယ်၊ ဒါနဲ့ အန်ကယ်ဦးသောင်းရဲ့ အသုဘရှုသွားတော့ လာကြတဲ့မိတ်ဆွေအပေါင်းတွေနဲ့ ဆုံရတာပေါ့လေ၊ အန်တီခင်(စာရေးဆရာမကြီး ပတ္တမြားခင် ) နဲ့တွေ့တော့ အန်တီခင်ကလဲ မအိုသေးတဲ့သူ အပျိုလေးနဲ့တူ ဆိုသလို အသက်(၈၀)လို့ မထင်ရလောက်အောင် နုဆဲလှဆဲပါပဲ၊တခါ အမကြီးမာမာအေး နဲ့တွေ့ရပြန်တော့ ကျွန်တော့အမေ့ညီမ အန်တီဂွက်ထော်ကို သွားပြီးသတိရမိတယ်ခင်ဗျ၊
ရုပ်ချင်းတူလို့မဟုတ်ပါဘူး၊ ကျွန်တော်တို့ငယ်ငယ်က ဓါတ်ပြားနဲ့ဖွင့်ရတဲ့အသံချဲ့စက်ပဲရှိတာကိုး၊ ဓါတ်ပြားကထွက်လာတဲ့အသံကို မန်ကျီးပင်ထိပ်က လော်စပီကာကြီးကတဆင့် နားထောင်ရတာပေါ့၊ ဓါတ်ပြားကြီးကကြီးလိုက်တာ ထမင်းစားတဲ့ ပန်းကန်ပြားလောက်ရှိတယ်၊အသံချဲ့စက်ကဖွင့်တော့လဲအပ်နဲ့ထောက်ပြီးဖွင့်ရတာကိုး
၊ဓါတ်ပြားအပ်ကြောင်းထပ်နေရင် ကလေးတုန်းကအလွန်သဘောကျ၊

ကျွန်တော်တို့ငယ်ငယ်က လူတွေအပန်းဖြေစရာ ရုပ်ရှင်၊ဇတ်အငြိမ့်နဲ့အသံချဲ့စက်ပဲရှိတော့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ဆွေတော်မျိုးတော်တွေနေတဲ့ မြင်းခြံဆိပ်ကမ်းသဲဖြူဝ၊ရှားတောကလူတွေများအရပ်ထဲပိုက်ဆံစုပြီးအသံချဲ့စက်ငှားပြီးနားထောင်ကြသတဲ့၊ တွံတေးသိန်းတန်တို့ တင်တင်မြတို့ ချစ်စပယ်တို့ပါတဲ့ စိုးမိုးမေတ္တာဇတ်လမ်းမှာ ကိုရင်သိန်းတန်က စိုးစိုး(ချစ်စပယ်)ကို မိုးညိုကိုခိုးပြေးတော့ စိုးစိုးအဖေက ကိုရင်သိန်းတန်ကို စကောလောက်မှဇောက်မနက်လို့ပြောတာကိုး၊ အဲဒီတော့ငှားဖွင့်တဲ့သူက ကိုယ်နဲ့မတည့်တဲ့သူအိမ်ဖက်ကို ဒီ စကောလောက်မှဇောက်မနက်ဆိုတာကြီးကို အပ်ကြောင်းထပ်ထားပါရောလား၊ တဖက်ကခဲနဲ့ပေါက်တော့တခါရန်တွေဖြစ်ကြနဲ့ ခုချိန်မှာပြန်စဉ်းစားကြည့်တော့ ပြုံးမိပါသေးဗျာ၊

ဓါတ်ပြားရဲ့အသုံးဝင်ပုံများကတော့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ မင်းသားကြီးဦးမြတ်လေးနဲ့ မင်းသမီးကြီးဒေါ်ကြည်ကြည်ဌေးတို့ပါတဲ့ သီချင်းဆို၍ငိုရသည် ဇတ်ကားထဲမှာတော့ကြည်ကြည်ဌေးက ဓါတ်ပြားကို သောက်ရေအိုးအဖုံးတောင်လုပ်ထားလိုက်သေး၊ အမကြီးမာမာအေးရဲ့ဓါတ်ပြားတွေဟာ ကျွန်တော်တို့ငယ်ငယ်က best sellers တွေပေါ့ဗျာ၊ အမကြီးက မန်ကျီးပင်ထိပ်ကနေ မေ့ကွက်ကိုရှာ...ရှာသူမောင်ရေ....လို့ အော်နေတဲ့အချိန်မှာ ကျွန်တော်က ကလေးဆိုတော့ ဘာကိုရှာနေမှန်းသဘောမပေါက်ဘူး၊ မေ့ဂွက်ဆိုတော့ အန်တီဂွက်ထော်ကို ရှာတယ်ထင်နေတာ၊ အန်တီဂွက်ထော်ကို ဘာလို့ရှာမှန်းလဲမသိဘူး၊ ဖြစ်ရပုံများပြောပါတယ်၊

အန်တီဂွက်ထော်တို့အိမ်က ကျွန်တော်တို့အိမ်နဲ့ မျက်စောင်းထိုးမှာရှိတယ်၊ ကလေးတုန်းကတော့ ဟိုအိမ်သည်အိမ်ကူးပြီးဆော့ပေါ့လေ၊ ကျွန်တော်တို့ဦးကြီးက လမ်းမှာ မှင်စာက (၇)ပတ်ပတ်ရင် သေတတ်တယ်လို့ ခြောက်ထားတော့ မှင်စာ(၇)ပတ်ကိုယ့်ကို မပတ်မိခင် ဒီဖက်အိမ်ရောက်အောင် အတင်းပြေးလာလိုက်ရတာ၊ သေမှာကလဲကြောက်သေးတာကိုး၊ အသက်ကြီးလာတော့လဲ သေချင်သေ ရှင်ချင်ရှင်ဆိုပြီးလုပ်ချင်ရာလုပ်တော့တာပဲ၊ ဒါပေမဲ့ ပုထုဇဉ်ဆိုတော့ သေရမှာတော့ အနဲနဲ့အများကြောက်တာပါပဲ၊

ကလေးတုန်းက မှင်စာလေး (၇)ပတ် ကိုယ့်ကိုအပတ်ခံရမှာကြောက်ခဲ့တာ၊ သူများကို မှင်စာလိုက်ပတ်တာ အသက်ကြီးမှကြုံရတာပါပဲ၊ ကျွန်တော် ကျောက်ဆည်အရှေ့ပိုင်းမှာ fieldဆင်းတော့ ကျွန်တော်တို့အတွက်လုံခြုံရေးကို မန္တလေးတောင်ခြေက ခလရ(၉၅) ကတာဝန်ယူပါတယ်၊ တပ်ခွဲမှူးဗိုလ်ကြီးကလဲ ကျွန်တော့သူငယ်ချင်းနဲ့ တပတ်စဉ်ထဲဆင်းတာဆိုတော့ ကိုယ်နဲ့ကငယ်ပေါင်းကြီးဖေါ် သူငယ်ချင်းလိုဖြစ်သွားတာပါပဲ၊
ခလရ(၉၅)ရဲ့ရှေ့တန်းစခန်းလေးက ကုန်းသာဆိုတဲ့ ရွာလေးမှာရှိတယ်၊ စခန်းနေရာက ရွာကိုစီးပြီးမြင်ရတဲ့ တောင်ကုန်းလေးမှာလုပ်ထားတယ်၊ ရှမ်းပြည်မှာက တောင်ကုန်းမြင့်မြင့်လေးရှိရင် ဘုရားတည်ထားတတ်တာမို့ စခန်းအလယ်တောင်ကုန်းထိပ်မှာ ရှေးဟောင်းစေတီလေးတဆူရှိတယ်ခင်ဗျ၊ အဲဒီဘုရားကုန်းလေးကနေ ပတ်ဝန်းကျင်ကိုကြည့်ရင် ဒုဋ္ဌဝတီမြစ်ဟိုဖက်က မေမြို့နယ်က ဘော်ရွာတို့ ကျားတွင်းရေ သံသတ္တုမိုင်းဖက်ကို လှမ်းမြင်နေရတာပေါ့၊

ကုန်းသာရွာနဲ့မနီးမဝေးမှာ ဒုဋ္ဌဝတီမြစ်ထဲစီးဝင်တဲ့ ချောင်းလေးတချောင်းရှိတယ်၊ ပန်းပုချောင်းတဲ့၊ ရေးတော့အမှန် ဖတ်တော့အသံဆိုသလိုပါပဲ အရပ်အခေါ်ကတော့ ဗဗုချောင်းပေါ့ဗျာ၊ ဒီချောင်းလေးက တောင်ပေါ်ချောင်းပေမဲ့ ရေရှိတော့ငါးရှိတာပေါ့ဗျာ၊ ရှိတဲ့ငါးကလဲ စားလို့အင်မတန်အရသာရှိပါတယ်၊ အဲဒါကြောင့် အဲဒီအရပ်ကလူတွေက စာချိုးကြတယ်ခင်ဗျ၊ ငါးမှာ ပန်းပု၊လူမှာ.....(ကိုယ့်ဖာသာကိုယ် ကာရံထည့်ကြည့်ကြပေါ့ဗျာ)၊ ဪ..အရသာရှိတဲ့အကြောင်းပြောပါတယ်၊
အင်း...မှင်စာတောင်ဘယ်ရောက်သွားပါလိမ့်၊ စာချိုးခံရမှာကြောက်လို့ ပြေးပြီလားမသိဘူး၊ ကဲ..ပြန်ဆက်ကြဦးစို့၊ ကျွန်တော်တို့ကုန်းသာမှာနေတော့ စခန်းထဲမှာတော့ မတည်းဘူး၊ သူကြီးအိမ်မှာတည်းတယ်၊ ဒါပေမဲ့ ညမှာတော့ သွားသောက်ရင်းစကားစမြီပြော၊ ၈ နာရီလောက် ရွာထဲပြန်လာပေါ့လေ၊ ဒီလိုနဲ့ တပတ် ၁၀ ရက်လောက်ရှိတော့ တပ်ခွဲတခုလုံးနဲ့ အင်မတန်ရင်းနှီးလာလိုက်တာ ..နောက် မန္တလေး ရောက်လို့ အဲဒီတပ်ခွဲ က မိခင်တပ်ရင်းပြန်ရောက်နေရင် ကျွန်တော်လဲ အဲဒီရောက်နေတော့တာပဲ၊

ကုန်းသာတပ်ကုန်းမှာ တညမှာပေါ့ဗျာ၊ မှတ်မှတ်ရရ ကျွန်တော်နဲ့ခင်တဲ့ရဲဘော်လေးထဲက တယောက်က ခင်ဇော်တဲ့၊ တယောက်က ဇော်ခင်တဲ့၊ ဇော်ခင်က ကင်းချိန်မို့ ကင်းစောင့်ဖို့သွားထင်ပါရဲ့၊ ဘုရားကုန်းလေးနံဘေးကနေ ဖြတ်ပြီးကင်းတဲကိုသွားတယ်ခင်ဗျ၊ မကြာဖူး ဇော်ခင် ခမြာငယ်သံပါအောင် အော်ပြီးပြန်ပြေးလာတာကြည့်လိုက်တော့......

လား..လား...အကောင်ပုပုလေးတကောင်နဲ့ ဇော်ခင်နဲ့ထုပ်စည်းတိုးသလိုဖြစ်နေတာကိုး၊ ဒီကောင်လေးက သူ့ကိုပတ်ပြေးနေတယ်၊ ပြီးတော့ချက်ချင်းလှစ်ကနဲ ပျောက်သွားပြန်တယ်၊ ဇော်ခင်မှာကြောက်လို့တုန်လို့၊ ဒီကောင်ပုလေးက ဘုရားကုန်းပေါ်ကနေ ရုတ်တရက်ဆင်းလာတယ်ဆိုပဲ၊ ဒါ မှင်စာလေးလို့ အများကကောက်ချက်ချကြတယ်၊ နောက်တပတ်လောက်ရှိတော့ ဇော်ခင် တပ်ရင်းကိုပြန်သွားပြီး ကုန်းသာကိုပြန်မရောက်လာပဲ ဆည်တော်ကြီးဖက်ရောက်သွားတယ်၊ ကျွန်တော်တို့ field သိမ်းပြီးမန္တလေးပြန်ဆင်းလာချိန်မှာတော့ ဇော်ခင်တယောက် ဆည်တော်ကြီးမှာ ရေနစ်လို့ ဆုံးပြီဆိုတဲ့သတင်းကြားရတာပါပဲ၊
ကျွန်တော်က ငယ်ငယ်ကကြားဖူးတဲ့ မှင်စာလေး (၇)ပတ် ကိုယ့်ကိုပတ်ရင် သေတတ်တယ်ဆိုတာသွားသတိရမိသေးဗျာ၊ အင်း..တိုက်ဆိုင်မှုတခုလဲဖြစ်ချင်ဖြစ်မှာပေါ့လေ၊ ...

Saturday, February 6, 2010

မာမီကျောက်အကြိုက်

Remove Formatting from selection ခုတလော မာမီကျောက်တို့ အရပ်တကာလည် အတင်းပြောမလို့ကြံပါတယ် ရောက်ရာအရပ်မှာ ထမီတွေလျှော်ကြဖွပ်ကြ ထုတ်လှမ်းကြလုပ်နေတာတွေ့တာနဲ့ မာမီကျောက်လဲ အသာပြန်လှည့်လာခဲ့ရတယ်၊ အန်တီမမကြီးတွေ ဘယ်နှစ်ခုနှစ်သိမ်းထားကြတာတွေလဲ တော့မသိပေါင်၊ သူတို့ခေတ်ဆွေးထမီကြီးတွေ မာမီကျောက်တော့ တခုမှမကြိုက် ၊ မယ်ချစ်အိမ်သွားကြည့်တော့လဲ ထမီထုပ်ကြီးရွက်ပြီး တထည်ပြီးတထည်ထုတ်ပြလိုက်တာ မာမီကျောက်တို့ရုံးက လခထုတ်ပေး ဈေးရောင်းသလို bloggerဈေးပွဲတော်များလုပ်နေသလားအောက်မေ့ရတယ်၊

တချို့ကလဲ ထမီမြဲအောင်မဝတ်တတ်လို့ ကျွတ်ကျတဲ့ အကြောင်း ရှက်ရှက်နဲ့ထုတ်ပြောကြပေမဲ့ ခွေးလိုက်အဆွဲခံရကြောင်းတော့မပါဘူး၊ မာမီကျောက်တို့လဲ မရှက်မကြောက်ပြောရရင်မာမီလဲဝတ်နေကြမဟုတ်တော့ ကျွတ်ကျဖူးတာပေါ့၊ ခွေးတော့အဆွဲမခံရပါဘူး၊ ကလေးတွေက မာမီကြီးက ခေါင်းလောင်းကြီးနဲ့ လို့ဝိုင်းအော်ကြလို့ ရန်ထောင်ရတာအမော...ဟွန်း..၊ ဒါ့ကြောင့် ကလေးတွေ အအော်မခံရအောင် မာမီအကြိုက်လေးတွေ ရှာဖွေရတာပေါ့လေ၊ မာမီကျောက်ကြိုက်တာကတော့ ဝိတိုရိယရဲ့လှို့ဝှက်ချက်(Victoria's secret)ပါပဲ၊ မာမီက မော်ဒယ်မလေးတွေဝတ်ပြထားတာတွေ့တော့ အလွန့်အလွန်ကိုကြိုက်တာပဲ၊ ဒါ့ကြောင့်မာမီကြိုက်တာလေးတွေ ဓါတ်ပုံနဲ့တကွ ပြထားပါတယ်ကွယ်၊
မာမီကျောက်ကြိုက်သလို ကြိုက်မယ်ထင်လို့ ဆက်တက်မှာကတော့ မာမီမိုး၊ ညီမလေး ထက်ထက်တင်မင်း၊ ညီမလေး ချစ်စနိုးဖေ၊ စိုးမြတ်လူထွေး၊ ခေမီပီတာကို၊ တို့ပါပဲ ၊ညီမလေးတို့လှို့ဝှက်ချက်ကို ပြကြပါကွယ်၊

အခုရာသီဥတုက ဆိုးပြီး နှင်းက၂ပေလောက်ကျနေတာမို့ ဓါတ်ဆီဆိုင်မှာပဲ ညအိပ်နေရတယ်၊ ကားလဲမောင်းမရနဲ့ ခြေချုပ်မိနေတာကြောင့် ရေးလက်စ မှင်စာအကြောင်းကိုခနထားပြီး အိပ်ချင်ပြေ ပုံတွေ ကြားဖြတ်တင်လိုက်တာပါ၊ ရှိတဲ့ထမီထုတ်ပြနေတဲ့နှမများကတော့ ထမီမဟုတ်လို့ကြိုက်လောက်ဖူးထင်ပါရဲ့၊

Tuesday, February 2, 2010

အမေရိကန်ခြေထောက်၊ နတ်လမ်းညွှန် နှင့် မေတ္တာလက်မှတ်


(Hollywood မင်းသား Vin Diesel နဲ့ နင်လားငါလား အထင်မှားလောက်တယ်)

ကိုကြီးကျောက်တို့အမေရိကမှာလဲနေရော မရှိမဖြစ်လိုအပ်လာတာက အမေရိကန်ခြေထောက်ပါပဲ၊ New York မှာက ရထားရော ဘတ်စကားရောက ၂၄ နာရီရှိနေလို့ သွားရေးလာရေး အဆင်ပြေပေမဲ့ ကျန်တဲ့နေရာတွေမှာက ကားတစီးလောက်မှ မရှိရင် ခြေထောက်မရှိသလိုပါပဲ၊ ရောက်စက အကြောင်းမသိတော့ ချမ်းချမ်းစီးစီးမှာ ဘတ်စကားစောင့်လိုက်တာ တနာရီမှတစီးလာတယ်၊ နှစ်ယောက်ထဲဆိုရင် ဧဝရက်တောင်ကိုသီချင်းထဲမှာတော့ သွားကြမှာပေါ့လေ၊ တယောက်ထဲအပြင်မှာ ၁၇ံ ဖာရင်ဟိုက်မှာ ကားစောင့်ရတာတော့ ဟစ်ဟစ်ပြီးသာ ငိုချင်လာတာပဲ၊

ဒီတော့ မဖြစ်မနေကားတစင်းတော့ ဝယ်ရတော့မယ်လေ၊ ကားဝယ်မယ်ဆိုတော့ လိုင်စင်အရင်ဖြေရတာပေါ့၊ဖြေရမဲ့မေးခွန်းနဲ့ ပေးထားတဲ့ကားမောင်းသူလက်စွဲစာအုပ်ကို ဖတ်ကြည့်တော့လွယ်လွယ်လေး၊ ဒါနဲ့လိုင်စင်ရုံးမှာ မေးခွန်းတွေကို သာမန်ကာရှန်ကာဖတ်ပြီး ကွန်ပြူတာကို တိန်..တိန်...တိန်...နဲ့နှိပ်လိုက်တာ ဂိန်...ကနဲကျပါလေရော၊ အလိုလေး..မဖြစ်ဖူး၊ မဖြစ်ဖူးသေချာစာဖတ်ပြီး သေချာဖြေမှပဲဆိုပြီး နောက်တခါဖြေမှ အောင်တော့တယ်၊

ဟော.....ကားလေးတစင်းရှိလာပြီဆိုတော့ ကိုကြီးကျောက်တို့ ဘာပြောကောင်းမလဲ အမေရိကန်နိုင်ငံ တနံတလျား လိမ့်တော့တာပဲ၊ ရှိသမျှပစ္စည်းကားပေါ်တင်(တကယ်တော့ ဘာမှမရှိဘူး) ဟိုပြည်နယ်ပြောင်းလိုက်၊ ဒီပြည်နယ်ပြောင်းလိုက်နဲ့ ..အို...တယောက်ထဲ စိတ်ထင်တိုင်းကိုကြဲနေတာ၊ နောက်တွဲတွေတလှေကြီးနဲ့ ဆိုရင်တော့ ပြောင်းဖြစ်မယ်မထင်ပါဘူး၊ရောက်တဲ့အရပ် ကျောက်ချနေဖြစ်မှာပေါ့လေ၊

ဒီလောက်လမ်းသလားလှတဲ့ ကိုကျောက်အတွက် တခါ GPS ဆိုတဲ့ နတ်လမ်းညွှန်ကလဲ လိုလာပြီပေါ့လေ၊ ကိုယ်သွားချင်တဲ့နေရာကို GPS မှာ ရိုက်ထည့်လိုက်၊ သူကဘယ်ကွေ့ညာကွေ့တွေ ကိုယ့်ကိုအော်ပြောပြီးလမ်းညွှန်လိုက်၊ အမယ်..အဆင်ကိုပြေလို့ပါလား၊ ဒါပေမဲ့ အဲဒီအရပ်မှာနေသားကျလို့ ကိုယ်ကလမ်းတွေသိလာချိန်မှာ GPS နဲ့ကိုယ်နဲ့ ကားပေါ်မှာ ရန်ချည့်ဖြစ်နေရတော့တာပဲ၊ ကိုယ်က ခရီးဝေးသွားပြီး GPS မှာ အမြန်လမ်းတွေ set up လုပ်ထားမိရင် သူကကိုယ့်ကို အတင်း အမြန်လမ်းကနေပတ်ခေါ်နေတော့တာပဲ၊ ကိုယ်သွားချင်တဲ့အဆောက်အဦးကို မြင်နေပါလျက်နဲ့ GPS ကဘယ်တွေကကွေ့ခေါ်နေမှန်းမသိ၊တခါတလေ သူခေါ်တဲ့နောက်လိုက်နေရင် မရောက်နိုင်တော့ဘူး၊ ရွာလည်နေတာ၊ နောက်တော့သူကလဲ အော်ချင်ရာအော် ကိုယ်ကလဲ သွားချင်ရာသွား၊ သူ့ခမြာ turn back ,turn back နဲ့အော်နေရရှာတာ ငယ်သံတောင် ပါလေရော့လားမသိ၊ ကိုယ်ကလဲ သူအော်ချင်သလောက်အော် အရေးမစိုက်တော့ဘူး၊ တခါတလေ နားညီးတယ်ဆိုပြီး နောက်ခုံဖက်တောင် လွှင့်ပစ်လိုက်သေး၊

ဒီနတ်လမ်းညွှန်တွေက သူ့မှာရှိတဲ့အတိုင်းပဲ ညွှန်ရတာဆိုတော့ အမေမှာတဲ့ ဆန်တခွဲ ၃စိတ်နဲ့မလဲ၊ ဆိုသလိုပါပဲ၊ သူ့အားကိုးပြီး Texas ကနေ Virginia ကိုမောင်းလာလိုက်တာ လမ်းမှာ Tennessee ပြည်နယ်ကိုဖြတ်လာတော့ Knoxville ဆိုတဲ့မြို့မှာ တံတားတခုပြင်နေတယ်၊ တံတားပြင်လို့လမ်းလွှဲထားတဲ့အကြောင်း လမ်းမှာသတိပေးဆိုင်းဘုတ်ထောင်ထားပေမဲ့ ကိုယ်ကလဲသေချာမဖတ်ပဲ အမှတ်တမဲ့ဖြတ်လာခဲ့တယ်၊ အမယ်မင်း...ဘာပြောကောင်းမလဲGPSကတံတားပြင်တဲ့အထဲတည့်တည့်ခေါ်ချသွားတာပဲ၊ ဒါနဲ့ နောက်ပြန်ဆုတ် ဟိုကွေ့ဒီကွေ့လုပ်ပြီး လမ်းပြန်ရှာ၊ သူကလဲကြိုးစားပြီး ညွှန်ရှာတယ်၊ ညွှန်ရင်းညွှန်ရင်း တံတားပြင်တဲ့အထဲပဲ ဝင်ချသွားပြန်ရော၊ ပြန်ဆုတ်..ပြန်ရှာ၊ ဒီတံတားပဲ ပြန်ရောက်အောင် သူကပြန်ပို့၊ စိတ်ကအတော်တိုလာချိန်မှာ လမ်းလွှဲထားတဲ့ လမ်းမကြီးကို အမှတ်မထင်တွေ့လိုက်ရတော့ ဝမ်းသာအားရနဲ့ ပြေးတက်လိုက်ချိန်မှာ .......

ကိုယ့်နောက်က ခြုံပုတ်ထဲကနေ Disco nightclub များနေ့ခင်းကြောင်တောင် ဖွင့်ထားသလားအောက်မေ့ရတယ်၊ မီးနီ၊မီးဝါ၊မီးပြာတွေ မှီတ်တုတ်မှိတ်တုတ်နဲ့ ရဲကားတစီးထွက်ချလာတယ်၊ သူကဒီယုံမြင်လို့ ဒီခြုံထဲပုန်းနေတာကိုး၊ ဒါနဲ့ကားလဲရပ်ပေးလိုက်ရော ဆောက်လုပ်ရေးလုပ်ငန်းခွင်နားမှာ တနာရီမိုင်၄၀ထက် ပိုမောင်းမှုနဲ့ Ticket တစောင်ပေးသွားတယ်၊ ကဲ....strip club သွားဖို့မေတ္ထာလက်မှတ်တစောင်ရပြီပေါ့ဗျာ၊ အင်း...ကိုယ့်ရှိတာ ချွတ်ပေးရမယ့်မေတ္တာလက်မှတ်ပေပဲ၊ တခြားspeedy လက်မှတ်တွေထက် ၂ ဆပေးရတာမို့ နဲနဲတော့မှတ်လောက်သားလောက်ဖြစ်သွားတာပေါ့လေ၊ အဲဒီနောက် မေတ္တာလက်မှတ်တွေ ကို Delaware ပြည်နယ်မှာတခါ၊ ဗါဂျီးနီးယားမှာတခါ၊ ထပ်ခါထပ်ခါရနေတော့ pay chack တခုလောက်ပြောင်သွားတော့ လူလဲ အလျင်မမှီဘူးဖြစ်သွားတယ်၊ တန်ဆောင်တိုင်မီးထွန်းပွဲလို မီးတထိန်ထိန်မှိတ်တုတ်မှိတ်တုတ် မြင်ရင် ကိုယ့်မှာလန်ကွတ်တီနဲ့နေရတော့မလား လို့ ရင်တဖိုဖိုဖြစ်မိပါရဲ့၊

ဟိုနေ့ကတော့ Hollywood ကရိုက်တဲ့ Fast and Furious ဆိုတဲ့ကားကို ပျင်းပျင်းနဲ့ထိုင်ကြည့်လိုက်တော့ မင်းသား Vin Diesel တို့များ ကားတွေမောင်းလိုက်တာ အသားကုန်ပဲ၊ သူတို့များကြတော့လဲ အေးဆေးပဲ၊ ဘယ်ရဲကမှလဲ ticket လာမပေးဘူး၊ ဘယ်ရုံးမှသွားပြီးတော့လဲ ပိုက်ဆံပေးမနေရဘူး၊ ဒါါကြောင့် ကိုကြီးကျောက်တောင် ဓါတ်ရိုက်ဓါတ်ဆင်လုပ်တဲ့အနေနဲ့ ကျောက်Diesel လို့နာမည်ပြောင်းရကောင်းမလားလို့ စဉ်းစားနေတယ်၊ ပထမခြေလှမ်းအနေနဲ့ Vin Diesel လို ကတုံးတော့ ဖြစ်နေပြီ၊ ပြောင်ပြောင်ပဲနော်...၊ ဥပဓိရုပ်ကလဲမခေလေတော့ ကိုကြီးကျောက်လဲ Hollywood မှာ ကျောက် Diesel ဆိုပြီးနာမည်ကြီးမင်းသားမဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲနော်။