Tuesday, November 30, 2010

စာဆိုတော်ကျောက် ခြေရာဖျောက်ခြင်း


နတ်တော်လ ရောက်ပြန်တော့ ဗမာပြည်က စာဆိုတော်ကြီးတွေ စာပေဟောပြောပွဲတွေ သွားကြလို့ မအားလပ်ကြဘူးတဲ့၊ အမေရိကရောက်နေတဲ့ စာဆိုတော်ကြီးတွေလဲ စာပေဟောပြောပွဲတွေ ထွက်ကြဖို့ ပြင်နေကြသံလဲကြားရဲ့...၊ Thanksgiving နေ့က မီမီ တို့အိမ် မုံ့တီသွားစားတော့ အန်ကယ် ဦးဝင်းဖေတောင် ကယ်လီဖိုးနီးယား ကို စာပေဟောပွဲပြောသွားမလို့ ဆိုပဲ၊ ကိုကြီးကျောက်တို့ကတော့ ဒီနေ့သတင်းစာတွေ ဂျာနယ်တွေက အလုအယက် ဖေါ်ပြနေတဲ့ စာရေးဆရာ ငါးမင်းဆွေ တို့လို မျိုးကို ဟောပြောပွဲ ဖိတ်စေချင်တာ၊ စီစဉ်သူများကလဲ ဒီလို ပေါ်ပြူလာစာရေးဆရာတွေကြ ဘာလို့ မဖိတ်မှန်းလဲ မသိပါဘူး၊


ကိုကြီးကျောက်လဲ ကိုယ့်ဖာသာကိုယ် စာဆိုတော်ကျောက်ရယ်လို့ အမည်ခံပြီး စာပေဟောပြောပွဲ ထွက်ချင်ယောင်ဆောင်ပြီး ဘလော့ ရေးတာ၊ စာလည်ဖတ်တာ ဒီဇင်ဘာ တလတော့နားဦးမယ်၊ Nexavar sorafenib ဆေးရဲ့ side effect ကလဲ တနေ့တမျိုးမရိုးရပါဘူး၊ ခုတခါကတော့ စာရေးစာရိုက်ဖို့ နဲနဲခက်လာတယ်၊ ခြေဖဝါးတွေ ၊လက်ဖဝါးတွေ ဒါးနဲ့ခွဲထားသလိုမို့ lotion တွေ မပြတ်လိမ်းနေရတယ်၊ အရေပြားတွေ ခြောက်ပြီးကွဲတာကလဲ ယားလို့ ကုတ်လိုက်ရင် သွေးတွေ တလဟောစိမ့်ထွက်တာမို့ ကျောက်ဟေကိုမှာ lotion နဲ့ လက်ကိုမလည်ပါဘူး၊


ဒွါရ ၉ ပေါက်က အသားနုဆိုတော့ အပူဖုတွေ ထွက်ပြီးယားလိုက်တာလဲ လူမြင်ကွင်းမျာ ကြာကြာမနေရဲဘူး၊ ဘာလို့လဲ ဆိုတော့ ဟိုအဝက ယားနေတာ ပွတ်နေတာ လူတွေမြင်ရင်လဲ ...အ..ဟင်း..ဟင်း..များ မှာ လင်ဆာနေတယ်ထင်မှာစိုးရသေး..၊


ကိုင်း....ဖြစ်ကြောင်းရယ် ကုန်စင်ကို အကုန်ရေးပြမနေတော့ ပါဘူး၊ စာမရိုက်နိုင်လို့ ဒီဇင်ဘာ တလတော့ စာရေးတာ စာလိုက်ဖတ်တာ ခန နားလိုက်ပါဦးမယ်၊ e mail လဲ တပတ် ၂ခါလောက် စစ်မှာမို့ mail တွေ မပြန်နိုင်ရင်လဲ နားလည်ပေးကြပါ၊ အခြေအနေကောင်းရင်တော့ ကောင်းသလို စာတွေကတော့ အဆင်သင့်တင်ဖို့ရှိပါတယ်၊ ခုတော့ စာဆိုတော်ကျောက် ခနခြေရာဖျောက်လိုက်ပါဦးမယ်....၊


ဒေါင်းတောင်ပုံကို google ကရှာပါသည်


Sunday, November 28, 2010

မယ်ခါရဲ့ အမှတ်တမဲ့ စုံနံသာမြိုင်


ဗမာစာပေလောကမှာ ဦးကြော့ရဲ့ စုံနံ့သာမြိုင်ဆိုတာနာမည်ကြီးပေါ့၊ မင်းသားလေးနာမည်က ဣန္ဒာဝံသ ထင်ပါရဲ့ (ဟုတ်ရောဟုတ်ရဲ့လားမသိဘူး၊ ခပ်တည်တည်ရမ်းတုပ်လိုက်တာပဲ) မင်းသမီးလေးနာမည်လဲ ကောင်းကောင်းမမှတ်မိတော့ပါဘူး၊ ဇတ်လမ်းသဘောကတော့ နတ်များက မင်းသားလေးကို အတိတ်မေ့အောင်လုပ်ထားတော့ မင်းသားက မင်းသမီးလေးကို မေ့လျော့နေပြီး မင်းသမီလေးဆီ ပြန်မလာတော့ဘူးတဲ့၊ မင်းသမီးခမြာ အချစ်ပျောက်ရှာပုံတော်ခရီးကို (၇)နှစ်တိုင်တိုင်အရှာထွက်ရသတဲ့၊ နောက်ဆုံးမင်းသားနဲ့ မင်းသမီးပြန်ဆုံဆည်းမိကြလို့ပျော်ရွှင်စွာ ပေါင်းကြလေသတည်းပေါ့ဗျာ..၊


ကိုကြီးကျောက် ဘွားအေကြီးမယ်ခါရဲ့ အမှတ်မထင်ကြုံရတဲ့ စုံနံ့သာမြိုင်အကြောင်းကတော့ ဒီလိုလေးဗျ...၊ မယ်ခါတို့ ကိုညိုနဲ့ အကြောင်းဆက် ပေါင်းဖက်လိုက်ကြတာ ကလေးက (၅) ယောက်တောင်ရသတဲ့ဗျ၊ ကလေးတွေသာမွေးနေတယ် ကိုညိုကလဲ အလုပ်ကဟုတ်တိပတ်တိ လုပ်တာမဟုတ်ဘူးတဲ့၊ ခေါင်းပေါင်းစလေးတလူလူနဲ့ ဆိုင်းထဲမှာ ကြေးနောင်တီးနေသတဲ့၊ ဆိုင်းဆိုတာမျိုးကလဲ အလှူလေး ပွဲလမ်းသဘင်လေးရှိမှ တီးရတာမျိုးဆိုတော့ ဘယ်မှာဝင်ငွေမှန်ပါ့မလဲ၊ မယ်ခါ့မှာကလေးတဖက် ဈေးတဖက်နဲ့ အေးကွက်ရယ်မမြင်ဆိုသလို မြင်းခြံတောင်ဈေးလေးထဲ ဈေးရောင်းနေရသတဲ့၊


အိမ်ထောင်သက်ကြာလာတော့လဲ ငယ်ငယ်ကချစ်တာတွေ၊ မေတ္တာတွေ၊ သစ္စာ တွေ ဆိုတာဘာမှမဟုတ်တော့သလို၊ အသဲတွေနှလုံးတွေ ဆိုတာဟာ အစာအိမ်အတွက် ပြဿနာရှင်းမပေးနိုင်တာသိလာတာပေါ့၊ ဒီတော့ မယ်ခါက ကိုညိုကိုနားပူလာပြီပေါ့၊ " ကျုပ်ကို ကျုပ်အမ မယ်သာယာ သဘောတူတဲ့ ဝါဂွမ်းပွဲစားသာယူရင် ကျုပ်ဒီလိုနေရမှာ မဟုတ်ဘူး၊ ခုတော့ မသာဆိုင်းတီးတဲ့ ငညိုကိုမျက်စေ့ကျမိတာကျုပ်မှားတာတာပဲ " လို့ ပြောသတဲ့၊ အစကတော့ သူပဲ ကိုညို့ နောင်..နောင်..သံလေး ကြားရင် ရင်သိမ့်ခုံဆိုသလို ဘာလိုနဲ့၊ ကိုညိုကလဲ နေနိုင်လိုက်ပုံများ သူ့မပြောသလိုပါပဲ၊


မယ်ခါ ဒေါသူပုန်ထပြီပေါ့၊ " ဟင်...နားလေး ငညို...ဦးဖိုးသစ်သစ်သားတံတားပေါ် လှည်းဖြတ်မောင်းတာတောင် ဆိုင်းဆရာက ဆိုင်းတိုက်ဖို့ ပတ်မတုပ်တယ် ထင်လို့ သွားတဲ့ကောင် ၊ နင် သူများတွေလို အောက်ပြေအောက်ရွာသွား အရောင်းအဝယ်ထွက် " လို့ အမိန့်ချလိုက်သတဲ့၊ ကိုညိုကလဲ ခုခေတ်လိုဆို အနုပညာအသဲနှလုံးမရှိတဲ့ မိန်းမ ...ငွေတမျက်နှာပဲ ကြည့်တဲ့ မိန်းမ..ဘာညာတွေ ပြောပြီး ရန်ဖြစ်ကြမှာပေါ့..၊ ဒါပေမဲ့လဲ ကိုညို့ခမြာ မယ်ခါကို ခွန်းတုံ့တင်ပြောမနေတော့ပါဘူး သင်္ဘောလိုက်ဖို့...အဲလေ ..လှေလိုက်ဖို့ ပြင်ရတော့တာပေါ့၊


ရှေးက အိမ်သူသက်ထားများနဲ့ ခုခေတ် အိမ်သူသက်ထားများကတော့ တယ်မထူးလှပါဘူး၊ ကိုကြီးကျောက်သူငယ်ချင်း သင်္ဘောသားများ ပြန်ရောက်လို့မှ ဘယ်နှလမှ မရှိသေးဘူး အိမ်ကမိန်းမက သင်္ဘောပြန်လိုက်ဖို့ ပူညံပူညံလုပ်နေပြီ၊ ခုလဲ မယ်ခါကပူညံပူညံလုပ်နေတော့ ကိုညိုလဲ နိုင်ငံခြားသင်္ဘောသားမဟုတ်ပေမဲ့ အဲဒီခေတ်က ခေတ်စားတဲ့ ဧရာဝတီ လှေသမားဘဝကို ကြေးနောင် လက်ခတ်လေး ချပြီးလိုက်သွားသတဲ့၊ အညာစုန်ကုန်တွေ အောက်ပြေမှာရောင်းဖို့ မယ်ခါက ထည့်ပေးလိုက်တာ ပုန်းရည်ကြီး၊ မန်ကျီးသီး၊ ဆီ၊ ဇီးသီး၊ ရှားစောင်းလက်ပတ် ကစလို့ အစုံပါပဲ၊ ကိုညို့ရဲ့ အောက်ပြေအောက်ရွာ အရောင်းအဝယ်ခရီးကို မြင်းခြံဆိပ်ကမ်းကနေ ထွက်သွားလိုက်တာ (၇)နှစ် (၇)မိုးတာကြာရော ..ပြန်ကိုပေါ်မလာတော့ဘူးတဲ့၊အင်း...နတ်မတင်မိလို့များ မယ်ခါကို ကိုညိုကမေ့လျော့နေအောင် နတ်များက ပြုစားထားလေသလား...၊


အတူလှေလိုက်သွားတဲ့သူတွေကလဲ ကိုညိုက ဘယ်လိုမှာထားသလဲတော့ မသိပါဘူး ဘယ်သူမှ ရေရေရာရာ ကိုညိုအကြောင်းကို မပြောနိုင်ကြဘူး၊ ဖျာပုံမှာ အိမ်ထောင်ကျနေသလိုလို၊ လပွတ္တာမှာ ဆားချက်နေသလိုလို၊ ပုသိန်မှာ စပါးပွဲစားပဲလုပ်နေသလိုလို မရေမရာတွေပဲ ပြောကြသတဲ့၊ မယ်ခါကလဲ ကိုညိုဘယ်သောင်ဘယ်ကမ်းရောက်ရောက် အရေးစိုက်မနေနိုင်အားပါဘူး၊ ကလေး (၅) ယောက်နဲ့ ရောင်းဟယ်ဝယ်ဟယ် မနားလိုက်ရတာ၊ သမီးအကြီးတွေ လူလားမြောက်ပြီး သမီးတွေက စီးပွားကိုရှာနိုင်ဖွေနိုင်လာတော့ မယ်ခါ အားလပ်ချိန်ရပြီပေါ့၊


ဒီတော့ မယ်ခါကလဲ အလုပ်မရှိတော့ အလုပ်ရှာတော့တာပဲ၊ ရန်ကုန်ကိုဆင်းပြီး ရွှေတိဂုံဘုရားဖူးထွက်ကြမယ်ပေါ့၊ အရပ်ထဲကမယ်ခါလို အားလပ်တဲ့သူတွေ၊ အောက်ပြေအောက်ရွာ ဈေးရောင်းဈေးဝယ်ထွက်ချင်တဲ့သူတွေ စုလို့ လှေကြီးတစင်းနဲ့ ရန်ကုန်ဘုရားဖူးထွက်ကြတာပေါ့၊ လမ်းစားရိတ်ကြေအောင်ဆိုပြီး အညာကုန်တွေကလဲ အပြည့်တင်သွားကြသလို အောက်က ငါးပိ၊ငါးခြောက်သယ်လာဖို့လဲ ဈေးစနည်းနာကြသတဲ့၊


အင်း...အမျိုးသမီးများ အသွားကုန်အပြန်ကုန်သယ်ရာမှာတော့ ကိုကြီးကျောက်ဖြင့် လက်ဖျားခါတယ်၊ ကိုကြီးကျောက်တို့ ယောင်္ကျားများကတော့ ရေတပုလင်းတောင် မတတ်သာလို့သယ်တာ၊ သူတို့မှာဖြင့် ခြင်းကြီးခြင်းငယ်နဲ့ ပစ္စည်းတွေသယ်၊ အနားရှိသမျှလူတွေလဲမနေရ၊ ဟိုလူ ကူပါဦး၊ဒီလူ မ ပေးပါဦးနဲ့၊ ငယ်ငယ်က ကိုကြီးကျောက်ရထားစီးလို့ အမျိုးသမီးအုပ်စုတွေကြည့်ရင် ရထားပေါ်ခြေတောင်မချသာဘူး၊ တောင်းတွေ၊ခြင်းတွေပြည့်နေတာ၊ သူတို့သယ်လာတဲ့ ပစ္စည်းတွေကို တဖက်လူက ဝယ်ချင်မှန်းမသိ မဝယ်ချင်မှန်းမသိ အိမ်လာပြီးအတင်းလာရောင်းတာတွေလဲ ခနခနကြုံရပါ့၊


မိန်းမဆိုတာ ယောင်္ကျားအသုံးအဆောင်တွေ နားမလည်သလို၊ ယောင်္ကျားတွေကလဲ မိန်းမသုံးပစ္စည်းတွေ စိတ်မဝင်စားပါဘူး..( ကိုကြီးကျောက်ဂျီးတော်ကြီးကတော့ မိန်းမသုံးအလှပြင်ပစ္စည်းလေးတွေ ခနခန ဘလော့ထဲမှာ ထုတ်ပြတာတော့ စိတ်ဝင်စားချင်ယောင်ဆောင်ပြီးကြည့်ဖူးပါရဲ့)၊ ကိုကြီးကျောက်မှာ Gillette လိုမျိုးနဲ့ နှတ်ခမ်းမွေးရိတ်တာကို တရုပ်blade ဓါးတွေ အတင်းလာရောင်းလို့ အားနာပါးနာ ဝယ်ရတာလဲ ကြုံဖူးပါ့ဗျာ၊


ကိုင်း...မယ်ခါရဲ့ ရွှေတိဂုံဘုရားဖူးခရီးဆက်ကြစို့၊ မယ်ခါတို့ ရွှေတိဂုံဘုရားကြီးဖူးပြီးတော့ အညာကိုတန်းမပြန်ကြသေးဘူးတဲ့၊ မြစ်ဝကျွန်းပေါ်ကမြို့တွေ ရွာတွေကို လည်ပြီး အညာကုန်တွေ လည်ရောင်းကြသေးသတဲ့၊ ဝါးခယ်မရောက်တော့ မယ်ခါက ဝါးခယ်မဈေးထဲဈေးဝင်ဝယ်သတဲ့၊ မယ်ခါက ငါးဝယ်တာ၊ ရောင်းသူက မေးသတဲ့ ရေရှင်လား ရေသေလားပေါ့၊ မယ်ခါတို့အညာမှာက ရေရှင်ဆိုတာ မြစ်ထဲကဖမ်းမိတဲ့ငါး၊ ရေသေဆိုတာက ကန်ထဲ၊ အိုင်ထဲက ဖမ်းလာတဲ့ငါး၊ မယ်ခါက မြစ်ငါးပဲစားတာကိုး၊ ကန်ငါးက ဒိုက်စော်နံသတဲ့၊


ဒီတော့မယ်ခါက ရေရှင်လို့ ပြောသတဲ့၊ ဒါနဲ့ ငါးရောင်းတဲ့အမျိုးသမီးက စည်ပိုင်းပြတ်ထဲက ငါးတကောင်ကို ကောက်ဆယ်တဲ့ပြီး ဒုတ်နဲ့ ခွပ်ကနဲ ထုသတ်လိုက်သတဲ့၊ မယ်ခါ အလန့်တကြားတွေဖြစ်သွားတာပေါ့.." တော်ပြီ..တော်ပြီ ဒီငါးကို ကျုပ်မယူဘူး၊ ကျုပ်မျက်စေ့အောက်သတ်တာ မစားဘူး " လို့ဆိုတော့ ငါးရောင်းတဲ့ အမျိုးသမီးနဲ့ ရန်ဖြစ်ကြတာ ဝါးခယ်မတဈေးလုံးကို ပွက်ပွက်ညံပါရောလား၊ အနားက အဲဒီအမျိုးသမီးရဲ့ သမီးလေးကလဲ ကလေးဆိုတော့ အိမ်ပြန်ပြေးပြီး သူ့အဖေခေါ်လာသတဲ့၊ အဲဒီ ငါးရောင်းတဲ့ အမျိုးသမီးရဲ့ ယောင်္ကျားက ခေါင်းပေါင်းကို ဘိုသီဘတ်သီ ပေါင်းပြီး လိုက်လာတာနဲ့...ကြည့်လိုက်တော့...အမယ်...ဘယ်သူများမှတ်တယ်...ကိုညို ဖြစ်နေတာကိုး၊


ဒီတင်ပဲ မယ်ခါလဲ ငါးသည်နဲ့ ရန်ဖြစ်တာရပ်တဲ့ပြီး...ကိုညို့ ရောင်တစောင်းကို ဆွဲတဲ့ပြီး " ဟဲ့...ငညို ..ငါနင့်ကို လိုက်ရှာနေတာ ကြာလှပြီ၊ နင်က ဒီလာပြီး အလေလိုက်နေတယ်ပေါ့လေ " ဆိုပြီး ကိုညိုကို တအုန်းအုန်း ထုရိုက်လိုက်ရော..ရန်ဖြစ်တာ ဝိုင်းကြည့်နေတဲ့ ဝါးခယ်မ တဈေးလုံးရော၊ ကိုညို့ အချစ်သစ်ရော ကြက်သေသေပြီး မီးကို ရေဖျန်းသလို ငြိမ်ဆင်းသွားကြသတဲ့၊ ဝါးခယ်မတဈေးလုံးလဲ အညာက မယားကြီးလိုက်လာလို့တဲ့ ဆိုပြီးပြောစရာစကားတွေ ရသွားတာပေါ့လေ၊ ကိုညို့ အမျိုးသမီးလေး ခမြာလဲ ရှက်လွန်းလို့ တရှုံ့ရှုံ့ငိုနေရှာသတဲ့၊


တကယ်တော့ မယ်ခါက ကိုညိုကို လိုက်လဲ ရှာမနေပါဘူး၊ တိုက်ဆိုင်ချင်တော့ ငါးဝယ်ရင်းရန်ဖြစ်ရတော့ ကိုညိုနဲ့ ဆုံပြီး နိုင်ကွက်ကိုင်လိုက်တာကိုး၊ ကိုညိုလဲ အောက်ပြေ မှာနေမဖြစ်တော့ မယ်ခါတို့နဲ့ အညာကို ပြန်ပါလာသတဲ့၊ ဒါပေမဲ့ မယ်ခါကလဲ ကိုညိုကို ပြန်မပေါင်းတော့တာမို့ ကိုညိုခမြာ မယ်ခါရဲ့ရေသေရေရှင် ပြဿနာကြောင့် ငါးရံ့နှစ်ကောင်လုံး လွတ်ရရှာသတဲ့၊ မြင်းခြံ တောင်ဈေးလေးတရပ်လုံးကတော့ ကိုညိုကို ရအောင်ရှာနိုင်တဲ့ မယ်ခါရဲ့ စုံနံ့သာမြိုင်ခရီးကို ပြောမဆုံးအောင်ဖြစ်ရတာပေါ့၊


ကိုကြီးကျောက်လဲ Thanksgiving ပိတ်ရက်မှာ နယူးယောက်ကို အလည်သွားမယ်ကြံပေမဲ့ မိုင် ၂၀၀ ကျော်ခရီးမှာ ကြုံရမဲ့ traffic ကိုကြောက်လို့ မေရီလန်းထဲမှာပဲ တအိမ်တက်ဆင်း အစားအသောက်ထွက်နေလို့ ဘလော့တောင် ဖွင့်မကြည့်အားပါဘူး၊ ခနလေးကိုယ်ယောင်ဖျောက်ပြီး၊ ပြီးမှ ကျောက်ဆုရတီစိုး ဆိုပြီး မေမေနဲ့ စိတ်ဆိုးလို့ပါ လင်နောက်လိုက်..အဲလေ..မိန်းမခိုးတာမဟုတ်ပါဘူးလို့ ဖြေရှင်းချက် ထုတ်မလားလို့ စိတ်ကူးနေတာ ဘယ်သူမှ မယုံဘူးဆိုတာသိနေလို့ ဒီအတိုင်းပဲ ကိုကြီးကျောက် ပြန်ပေါ်လာပါပြီ....။

(google က လှေပုံရှာထားပါသည်)

Sunday, November 21, 2010

ကျောက်လူလည်ကြီးနဲ့ မဆုံဆည်းခဲ့လေသောအချစ်များ

မောင်လဲလေလောကီသား...ပြောမည့်စကားခက်သလားလေကွယ်..
ပြောပါစေ ဆိုပါတော့လို့ ..နော့သော်လဲ မောင် နားမလည်....
ကိုကြီးကျောက်တို့ ငယ်ငယ် ကိုမြတ်လင်းရေးတဲ့သီချင်းလို့ ထင်တာပဲ၊ ဒေါ်မာမာအေးဆိုထားတာ၊ ယောင်္ကျားလေးက ချစ်ခွင့်မပန်လေတော့ မိန်းမသားခမြာ အားမလိုအားမရဖြစ်ပြီး သီချင်းလေးစောင်းဆိုရတာ၊ ကိုကြီးကျောက်တို့ငယ်ငယ်က အင်မတန်လည်ဝယ်လေတော့ ကိုယ့်ကိုမြောင်းပေးနေသလား၊ ကြွေနေသလား...၊နဲနဲမှ ကို အကဲမခတ်တတ်တာ၊ ဒါလဲကိုကြီးကျောက် အပြစ်ရယ်လို့ မပြောသာပေဘူး ၊ မျိုးရိုးကိုက အူတူတူ၊

ကိုကြီးကျောက်ဘိုးအေကြီးက ဦးညိုတဲ့၊ သူတို့ခေတ်ကတော့ ညဆိုရင်အပျို အိမ်လည်တဲ့ ဓလေ့ကရှိတုန်းပေါ့..၊ အပျိုအိမ်ကိုရောက်ရင် ဗိုင်းငင်နေတဲ့ အပျိုနံဘေးမှာဝင်ထိုင်ပြီး ရောက်တတ်ရာရာပြောကြတာကိုး၊ တညမှာတော့ အပျိုက သူခေါင်းပေါင်းလာတဲ့ တဘက်ကို ဘာမပြောညာမပြော ဆွဲယူတဲ့ပြီး အပျိုက သူ့အခန်းထဲကို ပစ်ထည့်လိုက်သတဲ့..၊ အပျိုက ကိုညိုကို တဘက်သွားကောက်သလိုနဲ့ အပျိုခန်းထဲဝင်ခိုင်းတာ..၊ ဒါကိုသဘောမပေါက်တဲ့ ကိုညိုက "ဟာဗျာ..မလုပ်ပါနဲ့ တဘက်မပါရင် ကျုပ်အမက ဆိုပါလိမ့်မယ်" လို့ပဲပြောနေသတဲ့၊ အမဆိုတာ အညာမှာတော့ အမေကိုခေါ်ကြတာ၊ ဒါပဲ ထပ်ခါတလဲလဲပြောနေတော့ အပျိုကစိတ်ဆိုးပြီး ကဲ...တော်..ရော့..တော့တဘက်..နောက်မလာနဲ့တော့လို့ပြောသတဲ့၊ ကဲ..အဲလိုလည်လည်ဝယ်ဝယ် ကိုကြီးကျောက်အဖိုး..၊

ကိုကြီးကျောက်ဘွားအေ မယ်ခါနဲ့ကြ စကားထာတွေဖွက်ကြသတဲ့.၊ မယ်ခါက ကိုညိုကို ကွမ်းကလပ်ကယ်အာနီ နင်ချီသလောမချီသလောလို့ ဖွက်သတဲ့၊ အဓိပ္ပါယ်က လွမ်းတတ်တာလဲကြာပြီ သင်သိသလောမသိသလောတဲ့..၊ မယ်ခါက ကိုညိုမလာရင်လွမ်းတဲ့အကြောင်းပြောချင်တာ..၊ကိုညိုလဲ အသဲအသန်စဉ်းစားပြီး ဘယ်လိုမှစဉ်းစားမရတော့ ကွမ်းကလပ်ကိုချီတဲ့ အာနီဟာ.....ကြက်တူရွေးခေါင်းကြီးလို့ ဖြေသတဲ့..၊ အဟင်းဟင်း...ကိုညို့အဖြေ မှန်တာပေါ့ရှင်..ဒီကနဂိုကထဲကကြိုက်နေသူလေ၊ အဲဒါမှပဲ ကိုညိုတို့မိန်းမရတော့သတဲ့၊

ကိုညိုရဲ့ မြစ်တော်တဲ့ ကိုကျောက်တို့ကလဲ ဘမျိုးဘိုးတူပေပေါ့၊ ကိုကြီးကျောက်ငယ်သူငယ်ချင်း တယောက်ရှိတယ်၊ သူ့နာမည်က နုနုတင်တဲ့၊ သူနဲ့ ကိုကြီးကျောက်က မူလတန်းတုန်းကတကျောင်းထဲနေခဲ့ကြပြီး ကွဲသွားလိုက်တာ၊ ၉ တန်းရောက်တော့ တကျောင်းထဲ ပြန်လာဆုံတယ်၊ တနေ့တော့ ကိုကြီးကျောက်ကို သူက စာအုပ်လေးတအုပ်လာပေးတယ်..၊ စာအုပ်ထဲမှာ ငယ်ငယ်ကအကြောင်းလေးတွေ ခုချိန်မှာပြန်တွေ့တော့ တယောက်နဲ့တယောက် ရင်ထဲရှိတာလေးတွေ စာအုပ်ထဲမှာ အပြန်အလှန်ရေးကြဖို့..၊ စာမျက်နှာ ၁၀ မျက်နှာလောက်တောင်ရေးထားတာ၊

ကိုကြီးကျောက်ကလဲ အဲဒါတွေဖတ်ပြီး သူမို့ အားအားယားယား စာတတန်ပေတတန်လုပ်နေတယ်ဆိုပြီး၊ မုန့်စားကျောင်းဆင်းတော့ နုနုတင်ကို ခေါ်ပြီး " နင် ဘာတွေအရူးထနေတာလဲ ၊ နင်နဲ့ငါနေ့တိုင်းလဲကျောင်းတွေ့နေတာပဲ၊ ပေါကြောင်ကြောင်တွေ လျှောက်လုပ်မနေနဲ့ ၊ရော့..နင့်စာအုပ်ဆိုတော့" နုနုတင် ကွက်ကနဲမျက်နှာပျက်သွားပြီး ကိုကြီးကျောက်ကို နောက်မခေါ်တော့ဘူးဗျား၊ နောက်မှစဉ်းစားမိတယ် မိန်းကလေး မြောင်းပေးတာကို စီးရမှန်းမသိတာ တော်တော်ညံ့တဲ့ ကိုကိုကျောက်ပါလားလို့...၊

ကိုကြီးကျောက်ပထမနှစ်ကျောင်းသားဘဝမှာ ပခုက္ကူကသူငယ်ချင်း မကြူတဲ့၊ သူက ကဗျာဝါသနာပါတယ်၊ ကိုယ်ကလဲကဗျာဆိုရင်တစက်မှခံစားလို့မရ..၊ သူတို့ဘာတွေရေးကြမှန်းကို နားလဲမလည် ၊ ခုလဲဒီလိုပါပဲ..၊ ဒါကြောင့်ကဗျာဘလော့တွေဆို ရောက်လဲမရောက်ဘူး..၊ ကဗျာတွေရေးထားရင်လဲ ကျော်ဖတ်သွားတာပဲ၊ အမယ်..ဟိုနေ့ကတော့ နှမဖြစ်သူမယ်ပန် ဆီရောက်တော့ ဘာရဲ့အလည်ဗဟိုဆိုလားမသိပါဘူး..၊အဲဒီမှာရေးထားတာတော့ စိတ်ဝင်စားစရာဗျ၊ ဘလော့ဂါ လေနုအေးက သူ့အမြီးကို တဘုတ်ဘုတ်ပုတ်လို့ ပန်းသီးတံဆိပ်ပုဆိုးကို ဖြန့်ကားနေတယ် ဆိုလားပဲ..၊

ကဲ...ကဲ ..မကြူနဲ့ကိုကြီးကျောက်အကြောင်းပြန်ဆက်ရအောင်..၊တနေ့တော့ မကြူက ကိုကြီးကျောက်ကို အဲဒီတုန်းကခေတ်စားတဲ့ ကဗျာဆရာမောင်ပန်းမွှေးရဲ့ ကဗျာတပုဒ်ပေးလာတယ်..
ကြာတတ်တာတွေ မကြာလေအောင်
ကြာတွေလှူကာ ဆုတောင်းပါသည်
မကြာခင်ပဲ ပြည့်ပါစေ.....တဲ့
ကိုကြီးကျောက်က သူ့ကို ဒီလောက်အချိန်တွေဆွဲပြီးဘာမှမပြောတာကို ပြောချင်တာထင်ပါရဲ့..၊ ဒီကလဲစကားထာဝှက်တာဆိုရင်တော့ ကြက်တူရွေးခေါင်းကြီးလို့ ဖြေစရာရှိသေး၊ သူ့ကဗျာက သူ့ဟာသူဘုရားမှာဆုတောင်းနေတာပဲတောင်းပေါ့၊ ကိုယ်နဲ့မဆိုင်သလိုပဲနေလိုက်တော့..၊နောက်ကဗျာတပုဒ်ပို့လာသဗျ..၊ ကျောက်ခဲအသဲနှလုံးနားမှာ စောင်းတီးမိတဲ့ မေ့အဖြစ် မေ့ဝဋ္ဋ်နဲ့မေရှိပါစေ ဆိုလားပဲ..၊ အဲလောက်ရေးမှ ကိုကြီးကျောက်တို့က ရေးတေးတေးရှိတယ်..၊

ဟော...သပိတ်ကျင်းကို field ဆင်းတော့ သပိတ်ကျင်းက ညီအမနှစ်ယောက်နဲ့ ခင်ကြတယ်၊ အငယ်မလေးက တူးတူးတဲ့၊ တနေ့တော့ ကိုကြီးကျောက်က သူတို့အိမ်အလည်သွားတော့ အိမ်မှာတူးတူး တယောက်ပဲရှိတယ်၊ ကိုကြီးကျောက်လာတော့ တူးတူးက အအေးတခွက်ယူလာပြီး စားပွဲမှာချ၊ ကိုကြီးကျောက်ဘေးခုံမှာ ဝင်ထိုင်ရင်း မူးလိုက်တာဆိုပြီး ....ကိုကြီးကျောက်ပခုံးပေါ်ခေါင်းလေးမှီလာတယ်၊ ဟာ....ကိုကြီးကျောက်လဲ စိတ်ပူသွားတာပေါ့..နေမကောင်းဘူးလား..အအေးမိတယ်ထင်ရဲ့ဆိုပြီး ပြာယီးပြာယာ စားပွဲပေါ်က ယိုးဒယားရှူဆေးဘူးယူလိုက်တော့ သူ့ကို ပခုန်းပေါ်ရှိတာသတိမထားမိဘူး၊ အို...ဘာပြောကောင်းမလဲ ကိုကြီးကျောက်ပခုန်းပေါ်ကနေ နောက်လန်ကျပြီး ကုလားထိုင်နောက်မှီနဲ့ဆောင့်မိတာ ဒိုင်းကနဲပဲ...

ဒီတော့မှ တကယ်မူးသွားပုံရတယ်..၊ ကိုကြီးကျောက်က သူ့နှာခေါင်းပေါက်ထဲ ရှူဆေးဘူးအတင်းတေ့ပေးတာတောင် လက်ပုတ်ချပြီး သူ့အိပ်ခန်းထဲ ဆောင့်ဆောင့်..ဆောင့်ဆောင့် နဲ့ ဝင်သွားပြီး အခန်းတခါးပိတ်ထားလိုက်တာ ပြန်ကို ထွက်မလာတော့ဘူး၊ တော်သေးတယ် ပခုံးပေါ်မျက်နှာအပ်ထားရင် နဖူးကွဲလောက်တယ်၊ နောက်မှ ကိုကြီးကျောက်စဉ်းစားမိတယ်..သူမူးတာရှူဆေးဘူးနဲ့ အတေ့ခံချင်တာမှမဟုတ်ပဲလို့..၊ အဲလို လည်လည်ဝယ်ဝယ်ရှိလို့လဲ ကိုကြီးကျောက်တို့ လူပျိုကြီးဖြစ်ရတာမဆန်းပါဘူးနော်.....

ကိုင်း....အင်တာနက်ချတ်တင်းတွေ ခေတ်စားလာတော့ အဖိုးကြီးတွေတောင် လူငယ်လေးလိုဆင်၊ ဘုန်းဘုန်းများကလဲ လူယောင်ဖန်ဆင်းပြီး ကောင်မလေးတွေနဲ့ ချတ်တင်းတွေလုပ်ပြီး အီစီကလီတွေ ဖြစ်ကြတဲ့ဇတ်လမ်းတွေ ကိုကြီးကျောက်ကြားတော့ ကိုယ်လဲလိုင်းဝင်ပြီး ရည်းစားတယောက်တော့ ဖန်ဦးမှလို့ စိတ်ကူးမိတာပေါ့၊ ဒါနဲ့ ကိုကြီးကျောက်လဲ အကောင့်တွေ နာမည်အမျိုးမျိုးနဲ့ဖွင့်လိုက်တာ...ကျောက်ဝေယံ...ကျောက်မြတ်...ကျောက်အောင်ရင်....အို..စုံတကာစေ့နေတာပဲ၊ ဒီလိုလေး..ကျောက်ဆလူးထလိုက်တော့ အွန်လိုင်းရည်းစား လေးတွေ ရလာတော့တာပဲ...၊

ရည်းစားသက်တန်းလေးကြာတော့ ကျောက်ဝေယံပုံလေး ကြည့်ချင်တာပေါ့လေ..၊ဒါနဲ့ ကိုကြီးကျောက်ကို ဓါတ်ပုံလေးကိုတောင်းတော့ ဘာမပေးနိုင်စရာရှိလဲ...၊ ကလေးအဖေတွေတောင် ငယ်ငယ်ကဓါတ်ပုံလေးတွေနဲ့ လုပ်စားနေကြသေးတာ၊ ဒါနဲ့ ကိုကြီးကျောက်လဲ အောက်မှာပြထားတဲ့ ကိုကြီးကျောက်ပုံလေးကို ပို့လဲပို့လိုက်ရော.........တခါထဲ အဆက်အသွယ်ကို ဖြတ်သွားလိုက်ကြတော့တာပါပဲ....

ဪ.....ကိုကိုကျောက်...ကိုကိုကျောက်.....ချစ်ကံခေလှချည့်လားကွယ်.....

ကိုကြီးကျောက်လူပျိုကြီး ဖြစ်ရခြင်းအကြောင်းကို စိတ်ဝင်တစားမေးလာကြတဲ့ ဂျစ်တူးနှဲ့စင်ကာပူကနှမများ၊ ဇီးဖြူသီးသနတ်လား တူမီးလား ဘာမှန်းမသိပို့လိုက်တဲ့ San Diego ကမဆွေ တို့ကို လူပျိုကြီးကျောက်ဘဝကို ရေးပေးလိုက်ပါသည်၊

နှင်းဆီပုံကို google ကရှာထားပြီး၊ ဗလတောင့်တောင့် ဆေးရုံကဆင်းကာစ စတားလုံးကျောက်ပုံ ကို သူငယ်ချင်းတယောက်က လက်စွမ်းပြထားပါသည်

Tuesday, November 16, 2010

အပျိုကြီးများနဲ့ လူပျိုကြီးကျောက်

အပျိုကြီးများနဲ့ လူပျိုကြီးဆိုတော့လဲ အပျိုကြီးတွေနဲ့ ကိုကြီးကျောက်ကို ဘာလိုလိုများ ထင်ကုန်ကြမလားမသိပါဘူး၊ ကိုကြီးကျောက် ခုရေးမဲ့ အပျိုကြီးတွေဟာ ကိုကြီးကျောက်နဲ့ ငယ်ပေါင်း ရင်းနှီးတဲ့ သူငယ်ချင်းတွေပါ၊ ဒါကိုရေးဖြစ်တာလဲ ဟိုတလောက နှမဖြစ်သူရွှေစင်က သူ့ဘလော့ရဲ့ ပန်းသတင်းမှာ ထားဝယ်မောင်သန်းဆွေရဲ့ ဗမာ့ တော်ဝင်မိသားစုနဲ့ တွေ့ဆုံတဲ့အကြောင်းတင်ထားတော့ အဲဒီမှာ မမျှော်လင့်ပဲ ကိုကြီးကျောက်ရဲ့ သူငယ်ချင်းတယောက်အကြောင်း ဖတ်မိတော့တာပါပဲ၊

သူက Rose Marie ခေါ် စုဖုယားနိုင် ခေါ် နိုင်နိုင်ဝင်းပါ၊ ကိုကြီးကျောက်ကတော့ လွယ်လွယ်ပဲ မနိုင် ပဲခေါ်တာပေါ့၊ မနိုင်က အပျိုကြီးဘဝနဲ့ မေမြို့ အထက (၁) မှာ အင်္ဂလိပ်စာဆရာမ လုပ်နေသတဲ့၊ မနိုင် က အင်မတန်အေးပြီး၊ တော်ဝင်မိသားစုရဲ့ သိက္ခာနဲ့နေတဲ့သူ၊ ကိုကြီးကျောက်က သူ့ကို မေမြို့ကသူငယ်ချင်းတွေကို အကြောင်းပြုပြီး ခင်ပေမဲ့ နောက်ပိုင်းမှာ ပိုပြီးရင်းနှီးလာစရာ အကြောင်းလေးတွေ ရှိလာတယ်၊

မနိုင်က ကိုကြီးကျောက်ထက် တတန်းကြီးတယ်၊ သခင်ကိုယ်တော်မှိုင်းရာပြည့် အရေးအခင်းမဖြစ်ခင်က ရွှေမန်းဆောင်မှာနေတယ်၊ မှိုင်းရာပြည့်ဖြစ်လာတော့ မန်းတက္ကသိုလ်ပင်မဆောင်ကြီးရဲ့ ရှေ့မှာကျောင်းသားတွေ စုရုံးကြပြီး ကျောင်းသားသမဂ္ဂဖွဲ့စည်းနိုင်ရေး၊ စစ်အာဏာရှင် စနစ်ဖယ်ရှားရေး စတာတွေ တောင်းဆိုခဲ့ကြတာပေါ့၊ ကျောင်းရှေ့မှာကျောင်းသားတွေရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ ကျောင်းသူတွေကို အဆောင်တံခါးတွေပိတ်ပြီး အပြင်မထွက်ခိုင်းဘူး၊

အပြင်ဆောင်နေကျောင်းသူတွေကတော့ လာတယ်၊ အဲဒီအချိန်မှာ လူအုပ်ကြီးကပြေးဟယ် လွှားဟယ် ဖြစ်လာတော့ ကျောင်းသူတယောက်က ဘူမိကျောင်းသားတယောက်ရဲ့ ရင်ခွင်ထဲဝင်ပြေးပြီး...ကြောက်တယ်..ကြောက်တယ်...အော်နေတယ်...၊ အ..ဟင်း..ဟင်း..ကျောက်တုံးလို မာတာတောင် ကိုင်တွယ်လာသူပဲ ရင်ခွင်ထဲဝင်လာတဲ့ မိန်းမလောက်တော့...ဟင်း..၊ ဖက်ထားလိုက်တာ လွှတ်ကို မလွှတ်တော့ဘူး..၊ နှစ်ဦးနှစ်ဖက် အဆင်ကိုပြေလို့၊ ဒီကျောင်းသားက တခြားသူတော့မဟုတ်ပါဘူး အခု မန္တလေးက အထက်မြန်မာပြည် အဆင့်မြင့် ပညာဦးစီးမှာ ဒု ညွှန်ချုပ် ဖြစ်နေတယ် ဆိုလားပဲ၊ (ငယ်ကျိုးငယ်နာ ဖေါ်လိုက်ပြီ ခိုင်မြဲရေ့) ၊

ကိုကြီးကျောက်တို့ ကျောင်းသားတွေ ကျောင်းသူဆောင်တွေကို ဆန္ဒပြဖို့ သွားခေါ်တော့ ရွှေမန်းဆောင်ကနေ ရှေ့ဆုံးက ဆင်းလာသူဟာ မနိုင် ပါ၊ ဒါ့ကြောင့် အဆောင်က အထုတ်ခံရပြီး ဗောဓိကုန်းက အပြင်ဆောင်မှာနေချိန်မှာ ကိုကြီးကျောက်နဲ့ ပိုရင်းနှီးစရာ ဖြစ်လာပါတယ်၊ ကိုကြီးကျောက်ရဲ့ အဆောင်အခန်းပါတနာက ရှမ်းစော်ဘွားတယောက်ရဲ့ အဆက်အနွယ်ပါ၊ ဒါ့ကြောင့်လဲ တော်ဝင်မိသားစုရဲ့ ဆွေမျိုးနီးစပ်လက်ထပ်တာကို သဘောမကျတဲ့ မနိုင် က သူ့ရဲ့ တော်ဝင်သွေးနဲ့ အဆင်ပြေနိုင်မဲ့ ရှမ်းစော်ဘွားမျိုးကို လက်ခံခဲ့ပေမဲ့ နဖူးစာမင်ရည်ကျဲခဲ့ကြပါတယ်၊ ခုသူ့သတင်းကို ပြန်ရတော့ အပျိုကြီးပါပဲတဲ့၊

ကိုင်း..နောက်အပျိုကြီးတယောက် အကြောင်းရေးလိုက်ဦးမယ်..၊ သူက စာရေးဆရာမ ဝင်းဝင်းမြင့်(နန်းတော်ရှေ့)၊ ကိုကြီးကျောက် မန္တလေးကိုရောက်ရင် သူငယ်ချင်းတွေဆုံမိရင် ဝင်းဝင်းဆီကို ရောက်တတ်ပါတယ်၊ ကိုကြီးကျောက်နဲ့ ဝင်းဝင်း နောက်ဆုံးတွေ့ခဲ့ချိန်မှာတော့ သူက အောင်မြင်နေတဲ့ မြန်မာစာပြဆရာမ၊ ကျော်ကြားတဲ့ စာရေးဆရာမ၊ ကိုကြီးကျောက်က သူ့ကို ငယ်ငယ်ကလဲ နင့်ကိုကြိုက်သူတွေရှိသားနဲ့၊ ခုထိဘာကိစ္စ အပျိုကြီးလုပ်နေသလဲဆိုတော့ ငါက ငါဝါသနာပါတဲ့ စာသင်တာနဲ့ စာရေးတာကလွဲရင်ဘာမှ မစဉ်းစားဘူးတဲ့၊ အင်း...အဲလိုပြောချိန်မှာ အသက်က ၄၀ ကနေ သာသာထိုးထိုးကြီးကို ကျော်နေပြီဆိုတော့ အရှက်ပြေပြောတာလဲဖြစ်နိုင်တယ်၊ ငယ်ငယ်က ပဲများနေလို့ အရွယ်လွန်တော့ ယူမဲ့သူမရှိတာလဲဖြစ်နိုင်တယ်၊ ကဲ..ဘယ်လိုပဲဖြစ်ဖြစ် အပျိုကြီးတော့ သေချာပေါက်ဖြစ်နေပါပြီ၊

နောက်အပျိုကြီးတယောက် အကြောင်းကတော့ ကိုကြီးကျောက်နဲ့ မြင်းခြံမှာ ကလေးဘဝကထဲက သူငယ်ချင်း ချိုချိုဝင်း..၊ သူက သုခိတာဆေးလိပ်နဲ့ လုပ်ငန်းပေါင်းစုံကို ဦးစီးလုပ်နေရတဲ့သူ၊ သမီးတွေပဲ မွေးထားတဲ့ သူ့တို့ ညီအမတတွေမှာ သူက အစစလုပ်ငန်းတွေ ဦးစီးနိုင်စွမ်းရှိတဲ့သူ၊ ကိုကြီးကျောက် ဗမာပြည်ကိုပြန်ရောက်တုန်းက သူ့ကို နင်ယောင်္ကျားလေး ဘာလေး မယူတော့ဘူးလား..ဟ၊ ဆိုတော့ ငါကယူတော့ ယူချင်တာပေါ့ဟယ်..ဒါပေမဲ့ ခုချိန်မှာ ငါ့ဆီမှာ ချဉ်းကပ်လာတဲ့ ယောင်္ကျားတွေက ငါ့ကိုရော လုပ်ငန်းတွေရော ဦးစီးဦးဆောင် လုပ်ပေးနိုင်တဲ့သူတွေမဟုတ်ပဲ ဒီမိန်းမရရင် ပွတာပဲဟာ့ ဆိုပြီးလာကြတာများတယ်တဲ့..၊

အင်း..သူထင်တာ ဟုတ်ချင်လဲဟုတ်မယ် ဟုတ်ချင်မှလဲဟုတ်ပေမဲ့ အသက် ၃၀ ကျော်လာရင် ဆယ်ကျော်သက်လို လွယ်လွယ်နဲ့ ရင်မခုံနိုင်တာလဲ ပါမှာပေါ့လေ၊ ဒါတောင် ကျောင်းတက်တုန်းက york လမ်းက သမတရုံနားမှာ သူတို့ ၄ ထပ်တိုက်ကြီးရှိပေမဲ့၊ Law ကျောင်းသူဆိုတော့ သီရိဆောင်မှာ ၅နှစ်လုံးနေသွားတာ၊ ဒါတောင်ကျောင်းပြီတော့ မစွန်ရှာဘူး၊ ကိုကြီးကျောက်ကတော့ နင် ငါတို့သူငယ်ချင်းတွေကိုတော့ စိတ်ကူးယဉ်မနေနဲ့နော် နင့်ကို ဘယ်သူမှမကြိုက်ဘူး လို့ ပြောတော့ သေနာကောင်တဲ့...၊

ကဲ...သူငယ်ချင်း..အပျိုကြီးတွေကို အပျိုကြီးဖြစ်ရခြင်းကို ကိုကြီးကျောက်ဘေးအမြင်နဲ့ ဆန်းစစ်ကြည့်လိုက်တော့..မနိုင်က တော်ဝင်မိသားစု ရဲ့ ဂုဏ်သိက္ခာနဲ့ လိုက်ဖက်မယ့် အိမ်ထောင်ဖက်ကိုရွေးချယ်ရင်း၊ အပျိုကြီးဖြစ်ရတယ်လို့ ထင်ရတာပဲ ၊ ဝင်းဝင်းမြင့်ကတော့ သူ့ဝါသနာ အလုပ်ကိုပဲ စိတ်ဝင်စားပြီးတစိုက်မတ်မတ်လုပ်ရင်း တဖြေးဖြေး အပျိုကြီး ဖြစ်လာထင်ပါရဲ့၊ ငွေကြေးပြည့်စုံချမ်းသာပြီး အောင်မြင်တဲ့ လုပ်ငန်းများပိုင်ရှင် ချိုချိုဝင်းကတော့ သူ့ဆီကိုချဉ်းကပ်လာကြသူယောင်္ကျားတွေကို ဆန်းစစ်ရင်း အပျိုကြီးဖြစ်ကြတယ် ထင်မိကြောင်းပါ၊ မှန်မမှန်တော့ ကာယကံရှင်တွေပဲ သိကြပါလိမ့်မယ်...၊

၃ ယောက်လုံးတော့ ဘယ်သူမှ ရုပ်မဆိုးကြတာတော့ အမှန်ပါ၊ သူတို့ကို ကြိုက်တဲ့သူတွေလဲ ရှိကြပါရဲ့..သူတို့မှာ တခြားအကြောင်းအချက်တော့ ရှိကြမယ်ထင်တာပါပဲ...

ကိုင်း...ဒီလိုဆိုရင် လူပျိုကြီးကျောက်ကတော့ဘာလို့ လူပျိုကြီး ဖြစ်နေပါလိမ့်...(ရုပ်ချော သဘောကောင်းလေးမှ ဖြစ်ရရှာတယ်) ...၊ အဖြေကတော့ အောက်မှာ ပုံလေးနဲ့ အဖြေပေးထားပါတယ်၊ ပထမအဆင့်အနေနဲ့ ခေါင်းတော့ ပြောင်နေပြီ..အေးလို့ ဦးထုပ်တော့ ဆောင်းထားတယ်..၊ အ ဟတ်ဟတ်...



(google က အပျိုကြီး ၃ယောက်ပုံယူပါသည်)

Thursday, November 11, 2010

တမာမြေကို ရောက်တဲ့ ကျောက်လေး

တမာမြေကိုရောက်တဲ့...ကျောက်လေး..ကျောင်းမှာခင်ကြတာ....
အစဉ်ပါကွယ်..ပွင့်လင်းကြတယ်....ဟန်ဆောင်တွေ..မလုပ်သူ...

ကိုကြီးကျောက်တို့ ကျောင်းသားဘဝက ကျောင်းကအဆိုတော်စိုင်းထီးဆိုင်နဲ့ ချိုပြုံးတို့ သီချင်းမှာတွဲဆိုသလို..
တကယ်ပါပဲ..၊ ကိုကြီးကျောက်တို့ ကျောက်ခဲ အဖွဲ့သားများ ခမြာ ဟန်ကိုဆောင်မနေနိုင်ပါဘူး၊ အတန်းထဲမှာ ကျောင်းသူရယ်လို့ မရှိလေတော့ ကျောင်းသူရှိတဲ့ အတန်းတွေ ပြေးကုန်ကြတော့ကြတော့တာပါပဲ၊ ကိုကြီးကျောက်တို့ခေတ်က ဘူမိမှာ ကျောင်းသူလက်မခံတော့တဲ့အချိန်ကိုး၊ ကိုကြီးကျောက်တို့ ကျောင်းသားဘဝက ဗမာပြည်မှာ တက္ကသိုလ်ကြီးရယ်လို့ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်ရယ်လို့ နှစ်ခုပဲရှိတာမှာ ကိုကြီးကျောက်တို့ အညာသားကျောက်ခဲများကတော့ အညာတက္ကသိုလ်မှာ စတည်းချရတာပေါ့၊

ကိုကြီးကျောက်ကလဲ မိန်းမလည်ပိုးပေမဲ့ တခြားမေဂျာက ကျောင်းသူတွေကလဲ ဘူမိဗေဒကျောင်းသားဆိုလိုက်တာနဲ့ ကြောက်လန့်တုန်လှုပ်ချောက်ချားသွားလိုက်ကြတာ....၊အင်း....သူတို့လဲ အပြစ်မပြောသာပေဘူး၊ အတန်းထဲမှာက ယောင်္ကျားတွေဆိုတော့ စကားပြောရင်အတုံးလိုက် အတစ်လိုက်ထွက်လာနေကြ သူတို့ကြောက်မယ်ဆိုလဲ ကြောက်စရာပေပေါ့၊ ဘလော့ဂါ MKS အောင်ပန်းသားလေး အမည်ခံ စိုင်းမော်ခမ်းတို့များ တောင်ငူသူ တင့်တင့် ကို ရည်းစားစာပေးတာ နွားသိုးကြီုးပြတ်ဆိုတော့ ဟိုခမြာ အခွေ့ခံရမှာကြောက်လို့ ပြေးလိုက်တာလုံးနေတာပဲ၊ (တင့်တင့်ကတော့ ခုထိ တောင်ငူမှာ အပျိုကြီးဆိုပဲ)၊

ကိုကြီးကျောက်တို့ ဘူမိဗေဒဌာနမှာ ကိုကြီးကျောက်တို့ခေတ်ကသာကျောင်းသားပဲရှိပေမဲ့၊ ကိုကြီးကျောက်တို့ပထမနှစ်မှာ တတိယနှစ်အတန်းတွေအထိ ကျောင်းသူတွေရှိသေးတာပေါ့၊ အဲဒီအတန်းမှာ မြစ်ကြီးနားက နော်လီဂျီးလျံ ဆိုတဲ့ အမကြီးဆိုရင် အရပ်က ၅ပေ ၁၀ လက္မလောက်၊မျက်နှာကျတာကအနောက်တိုင်းနွယ်လေတော့ မန်းတက္ကသိုလ်မှာ အလှဘုရင်မရယ်လို့ ဘူမိကျောင်းသူတွေ မျက်နှာပွင့်ကြတာပေါ့၊ ကိုကြီးကျောက်တို့ ဒုတိယနှစ်အထိ ကျောင်းမှာ အတန်း ၄ တန်းလုံးရှိပေမဲ့ ..အဲဒီနောက်နှစ်တွေမှာတော့ ဒေသကောလိပ်ဆိုတာတွေ ဖွင့်လာလေတော့ ကျောင်းသားသစ်မဝင်တာ ကိုကြီးကျောက်တို့ ကျောင်းပြီးတဲ့အထိပါပဲ၊

ကိုကြီးကျောက်တို့ မေဂျာမှာကလဲ ဆရာမ မမသောင်း(ဒေါ်နေသောင်းသောင်း ဘူမိဗေဒပါမောက္ခ ပြည်တက္ကသိုလ်) တယောက်ပဲ ရှိတယ်၊ မမသောင်းခမြာ အမြဲတမ်းကိုကြီးကျောက်တို့ အစအနောက်ခံနေရတာပဲ၊ ကိုကြီးကျောက်တို့ခေတ်ကတော့ တက္ကသိုလ်ကျောင်းသားတွေက ဟိုက်စကူးကျောင်းသားတွေနဲ့ ကွဲပြားအောင် အနေအထိုင်အပြောအဆိုကစ မတူအောင်နေကြတာ၊ ဆရာမတွေကို မမ ပဲခေါ်တယ်၊ ဆရာမလို့ခေါ်တာက အထက်တန်းကျောင်းသားလေ၊ တီချယ် လို့ ခေါ်တာက မူကြို ၊မူလတန်းကျောင်းသား၊ ဒါပေမဲ့လဲ ဒေသကောလိပ်တွေပေါ်လာ၊ ကျောင်းတွေက ခြုံကြိုခြုံကြားမကျန် အသစ်တွေဖွင့်လာတော့ ခါးဆက်ပြတ်ပြီး ရှေးက တက္ကသိုလ်ကျောင်းသား သမားစဉ်တွေပျောက်ကုန်တော့တာ ခုခေတ်တက္ကသိုလ်ကျောင်းသားဆိုတာတွေကြည့်ပြီး ကိုကြီးကျောက်ဖြင့် သနားတောင်သနားရဲ့...

ကိုကြီးကျောက်တို့ကျောင်းသားဘဝက အရေးအခင်းတွေကလဲများ ကျောင်းတွေကလဲ ခနခနပိတ်၊ ကျောင်းပိတ်တာနဲ့ အဆောင်ကနေ နေ့လည် ၁၂ နာရီအပြီးထွက်ရမယ်ဆိုတာကလဲ အမိန့်ထုတ်လေတော့ ကိုကြီးကျောက်တို့ မြင်းခြံအုပ်စုကတော့ ခရီးသည်တင်ကား ၅စီး ၆စီးလောက် ပြေးဆွဲ၊ အဆောင်တွေကို ပတ်ခေါ်၊ အပြန်လမ်းတလျောက် ဝင်တဲ့မြို့တိုင်းမှာ ဒို့အရေး...ဒို့အရေး ...နဲ့ တပျော်ကြီးအော်ခဲ့ကြတာ အိမ်ရောက်တဲ့အထိပါပဲ၊

ကိုကြီးကျောက်နဲ့ အတန်းတူသူငယ်ချင်းစာရေးဆရာက ကိုရိုးကွန့် အမည်ခံ ခင်မောင်ဦး..၊သူက ကာတွန်း အော်ပီကျယ်ရဲ့ အကို၊ လူထုဦးလှ၊ဒေါ်အမာသား ကိုငြိမ်းချမ်းက ကိုကြီးကျောက်တို့ နောက်နှစ်က၊ သူက စာရေးဆရာ ညီပုလေး၊ သူတို့က မန်းသား စာရေးဆရာကျောက်တွေပေါ့၊ ကိုကြီးကျောက်တို့ငယ်ငယ်ကတော့ ကိုယ့်ကျောင်းကို နာမည်တပ်တဲ့ မောင်ပေါက်စည်(မန်းတက္ကသိုလ်)၊ ပြေ(ဆေး၂)၊ ကိုကို(စက်မှုတက္ကသိုလ်) ကလျာ(ဝိဇ္ဇာသိပ္ပံ)၊ စတဲ့..စာရေးဆရာတွေ ပေါ်ခဲ့ဖူးတာပေါ့၊ ဟော......ခုလိုနိုင်ငံအဝှမ်း တက္ကသိုလ်ကြီးတွေ ပေါ်ပေါက်လာချိန်မှာ တက္ကသိုလ်အသစ်တွေက စာရေးဆရာတွေ လွန်းကျောက်ကျောက်( ဂွေးဆေး တက္ကသိုလ်)..(မကွေးဆေးတက္ကသိုလ် ပြောတာနော်...အဟတ်)၊ ကျောက်မိုမို( ပြွန်ဆေး...အဲလေ...တံဆာဆေး တက္ကသိုလ်)( ဟို တံဆာတွေမျက်စေ့ထဲမြင်မနေတဲ့နော်) ...ပေါ်လာနိုင်တာပေါ့၊

ကိုကြီးကျောက်တို့ မန်းတက္ကသိုလ်ခမြာလဲ နှစ်လည်မဂ္ဂဇင်းမှာ ရိုးရာမတင်မိလေလို့လားမသိပါဘူး၊ မဂ္ဂဇင်းမထွက်နိုင်တာ ၁၀ နှစ်လောက်ကြာတယ်၊ ကိုကြီးကျောက်တို့ နေခဲ့တဲ့ ၄နှစ်လုံးလုံး တအုပ်မှမထွက်နိုင်ရှာဘူး၊ ဆေးကျောင်းက နှစ်တိုင်းထွက်နိုင်တော့ ဂျူးတို့ လူမျိုးနော်တို့ ကျော်စွာထက်တို့ကကျောင်းမဂ္ဂဇင်းကနေ ရှုမဝတို့၊ ပေဖူးလွှာတို့လိုမဂ္ဂဇင်းကြီးတွေကို လှမ်းနိုင်တာပေါ့လေ၊ အဲဒီအချိန်မှာ မဂ္ဂဇင်းကြီးတွေမှာက ဘဝသရုပ်ဖေါ်ဆိုပြီး အပြိုင်အဆိုင်ဆင်းရဲပြနေတာတွေ ခေတ်စားနေချိန်ကိုး၊ ဟော......မန်းတက္ကသိုလ်ကျောင်းထွက် နုနုရည်တို့က ဆင်းရဲပြလိုက်ပုံများ ထမိန်မပါပဲ ရွာထဲလမ်းလျောက်ပြလိုက်တာ အကုန်နောက်ကောက်(Knock Out)၊ ကျကုန်တာပဲ၊

ကိုင်း...ကိုကြီးကျောက်ရဲ့ တခါကတက္ကသိုလ်ဇတ်လမ်းလေး ..ပြန်သွားကြည့်ရအောင်၊ အပေါ်ပုံက ရွှေမန်းဆောင်ပေါ့၊ ကိုကြီးကျောက်ရဲ့ မြစ်ကြီးနားသူလေးကလဲ အဲဒီမှာနေတယ်၊ အဆောင်ရှေ့ အုတ်ခုံလေးမှာညနေ ထိုင်စောင့်ရတာ ဝတ္တရားတခုပေါ့ဗျာ၊ အဲဒီအချိန်တုန်းကတော့ အဲဒီဇောပေါ့ဗျာ...၊ ခုချိန်မှာတော့ ထိုင်စောင့်မနေတော့ပါဘူး အေးရာအေးကြောင်း အနှိပ်ခန်းပဲသွားတော့မယ်၊ အပူလဲထုတ်ရသေး...လူလဲ.....အဲ..အဲ...အညောင်းပြေသေး၊
မန်းတက္ကသိုလ်ပင်မဆောင်ကြီးရဲ့ နောက်ဖက်မျက်နှာစာဟာ ကိုကြီးကျောက်တို့ ကျောင်းသား ဘဝက ဇတ်ခုံကြီးအပြည့်ထိုး ပြီး ဂီတဆည်းဆာပွဲတွေ၊ ဂီတပဒေသာပွဲတွေ ချိမ့်ချိမ့်သဲ ကျင်းပခဲ့တဲ့နေရာပေါ့၊ အဆိုတော် စိုင်းထီးဆိုင်၊ စိုင်းခမ်းသီ၊ ဆလိုင်းဆွန်ကျဲအို၊ စောသိန်းဝင်း၊ အဆိုတော်တွေ၊ပေါက်ဖွားခဲ့ရာပေါ့၊
စိုင်းထီးဆိုင်က ဘီးကလေးကိုစီး၊ မောင့်လပြည့်ဝန်း၊ ပျံသာပျံပါရွှေဟင်္သာ၊ နွေနံနက်ခင်း၊....စတဲ့သီချင်းတွေ စီးရီး မထွက်ခင် ကျောင်းပွဲမှာအရင်ဆိုပြီး၊ ကျောင်းသားတွေပါးစပ်ဖျားရေပန်းစားချိန်မှာ သီချင်းတွေ ထွက်တော့တာပဲ၊ကိုကြီးကျောက်တို့ကတော့ စိုင်းထီးဆိုင်က ဇတ်ခုံပေါ်က နွေနံနက်ခင်း....လို့အော်လိုက်...ဇတ်စင်အောက်နေ... ပဲ...ပြုတ်....လို့ အော်ပေးလိုက်နဲ့ တပျော်တပါးကြီး..၊

အဲဒီပွဲမှာ ကိုကြီးကျောက်သူငယ်ချင်း နိုရင်း( Noreen) လဲ သီချင်းတက်ဆိုတယ်၊ သူ့နာမည်က နိုရင်းဟောင်းတဲ့၊ အစီအစဉ်ကြေငြာသူက လျာလိပ်သွားရှာတော့ နို့သီးဟောင်း လို့ ကြေငြာမိတယ်၊ နိုရင်းခမြာ သူ့နို့သီးမဟောင်းသေးကြောင်း လူပုံအလည်ထုတ်ပြရမလို ဘာလိုလို မအီမလည်ဖြစ်သွားရှာတယ်၊ ကျောင်းပွဲတွေမှာ စိုင်းထီးဆိုင်က မပါမဖြစ်ဆိုတော့ ခရစ်စယန်ကျောင်းသူကျောင်းသားများ သစ်လွင်ကြိုဆိုပွဲမှာ စိုင်ထီးဆိုင်တယောက် ရည်းစားတယောက်ရပါလေရော..၊လားဟူမလေးနဲ့၊
သူ့ရဲ့လားဟူမက သစ္စာဆောင်မှာနေတယ်၊ အမယ်...လားဟူမလေး ကလဲ အဆိုတော့ မညံ့ရှာဘူးခင်ဗျ၊ အဲဒီပွဲမှာ ဘိုသီချင်းတပုဒ် ကိုမာန်ပါပါ ဆိုသွားလိုက်တာ ရှေ့က ဘာတွေဆိုမှန်းတော့မသိဘူး နောက်ဆုံးအကြောင်းက Have you do... လို့ဆိုတာတော့ မှတ်မိတယ်၊ ကိုကြီးကျောက်တို့ကလဲ ည အဆောင်ရှေ့ဖျော်ဖြေရေးအစီအစဉ်မှာ အဲဒီသီချင်းကို ....မစိုးရိမ်တိုက်က ဆရာတော်ဘုရားကြွတော်မူပါ ..have you do...မြတောင်တိုက်က ဆရာတော်ဘုရားကြွတော်မူပါ... have you do....ဆိုပြီးသူဆိုသလို ဝါးတားတား ဆိုပြလိုက်တာ အခန်းပြူတင်းပေါက်ကို ဆောင့်အောင့် ပိတ်သွားရှာတယ်၊ ကိုကြီးကျောက်တို့ ညည မှောင်ရိပ်ခိုပြီး သစ္စာမရှိတဲ့သူတွေ သစ္စာဆောင်မှာ မနေရဘူးလို့ အော်ခဲ့မိတာ....ခုတော့ သစ္စာမရှိသူတွေ တိုင်းပြည်မှာများနေလို့လား မသိပါဘူး၊ သစ္စာဆောင်လဲ ခြုံနွယ်ပိတ်ပေါင်း တွေနဲ့ ပျက်စီးနေတာ ဓါတ်ပုံထဲမြင်ရတော့ စိတ်တောင်မကောင်းမိပါဘူး၊
ကိုကြီးကျောက်တို့ ကျောင်းသားဘဝက ဆရာကြီးဦးရာဇက် အထိမ်းအမှတ် ရာဇက်ဟော မှာ မန်းတက္ကသိုလ် စာကြည့်တိုက်ဖွင့်ထားတာပေါ့၊ ခုတော့ စာကြည့်တိုက်အသစ်ကို ပြောင်းသွားပြီတဲ့၊ ဆရာကြီးဦးရာဇက်ဟာ မန္တလေးအမျိုးသားအထက်တန်းကျောင်းအုပ် ဆရာကြီးဖြစ်ခဲ့တဲ့အပြင်၊ မန္တလေးကောလိပ်ကို အင်္ဂလိပ်အစိုးရက ရံပုံငွေကိုအကြောင်းပြပြီးပိတ်မယ်လုပ်တော့ မပိတ်ရအောင် ဆောင်ရွက်ခဲ့သူမို့ မန္တလေးပညာရေးလောကအတွက် အင်မတန်ကျေးဇူးများတဲ့ ဆရာကြီးပါ၊
ကိုကြီးကျောက်တို့ တက္ကသိုလ်ကျောင်းသားခေတ်ကို ရေးမယ်ဆိုရင် ကိုကြီးကျောက်တို့ အဖေတို့ခေတ်၊ ဆရာဆရာမတွေခေတ်လို မစုံလင်လှပေမဲ့ သူ့ခေတ်နဲ့သူတော့ လွမ်းမောစရာပါ၊ ကိုကြီးကျောက်တို့ ၁၀ တန်းတုန်းက အင်္ဂလိပ်စာဆရာမ ဒေါ်နွယ်နွယ်ဝေက မန်းတက္ကသိုလ် ကျောင်းသားသမဂ္ဂတပ်ဦးကျောင်းသူပေါ့၊ ဆရာမက တပ်ဦးကျောင်းသားအလံကို ကိုင်ပြီးရှေ့ဆုံးကထွက်တော့ အင်အားအဖွဲ့က တပ်ဦးမကြီးပေါင်တန်ရှည်...နွယ်နွယ်ဝေ..နွယ်နွယ်ဝေ လို့ သံချပ်ထိုးကြသတဲ့..၊ဒီအကြောင်းကို ဆရာမက စာသင်ရင်းပြန်ပြောတော့ ကိုကြီးကျောက်တို့မှာ မမှီလိုက်တဲ့ ကျောင်းသားသမဂ္ဂခေတ်ကို လွမ်းလိုက်တာ...
ကိုင်း.....နွေကျောင်းပိတ်ရက်ဆိုတာ တောထဲမှာပဲ အချိန်ကုန်ခဲ့ရတဲ့ ကျောင်းသားဘဝကို ၄ နှစ်ပြီးမြောက်အောင်မြင်အောင်ဖြတ်သန်းလိုက်တော့ ......ကျောက်ခဲတလုံးဖြစ်လာကြောင်း သက်သေခံလက်မှတ်လေးကတော့ အောက်မှာပြထားတဲ့ ပုံလေးပါပဲ..........
ရေနီမြောင်းလေးရယ်....နှုတ်ဆက်ခဲ့တယ်...
တမာတောနဲ့ ဝေးရာ...သွားရတော့မယ်...မခွဲချင်ပါဘူး......မခွဲနိုင်ပါဘူး......ချစ်ရတဲ့...အမိမန်းတက္ကသိုလ်ရယ်........
ထိုင်ခုံဝိုင်းလေးရယ်....ပြောပြလိုက်ကွယ်...
ဟိုတုန်းက အဖြစ်တွေ ..မမေ့နဲ့ပေါ့ကွယ်...မြတမာသူရယ်...သစ္စာသူရယ်...မလွဲသာလို့..ခွဲရတော့မယ်ကွယ်...
အချိန်တွေဆိုတာ ...ဆွဲလို့ မရနိုင်မှန်းတော့...သိပါရဲ့.....
၎ နှစ်ပြည့်ပြီ.............ဝမ်းနည်းရပြီ....အချစ်ရေ့.............
တနေ့တော့ဒို့တတွေ....ခွဲကြရမယ်..မသိဘူးတော့ မဟုတ်ပါ...
သိတော့သိတယ်...မနက်ဖြန်ပြန်မယ်....အပြီးအပိုင်ပါပဲ..
နောက်တခါတော့ တွေ့ကြဖို့ရာမလွယ်..........
လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀ လောက်က ကျောင်းသားဘဝမှာ ဘယ်သူစပ်ခဲ့မှန်းမမှတ်မိတော့တဲ့သီချင်းလေးပါ၊ ကျောင်းပိတ်ခါနီးအဆောင်တွေရှေ့ သွားအော်နေကြသီချင်းလေးထဲက တပိုင်းတစပေါ့...၊ နှမကျောက် မကေ က tag ထားတော့ ငယ်မူတွေပြန်ပြီးရေးလိုက်တာ..တော်တော်တောင်ရှည်သွားတယ်၊ မန်းတက္ကသိုလ်ပုံတွေကို နှမ ရွှေစင်ဦးကို ရိုက်ခိုင်းလိုက်တော့ ၊အမယ်... နှမဖြစ်သူ စည်းစိမ်က သူလက်စွမ်းပြမတဲ့...၊
စည်းစိမ်ရဲ့လက်စွမ်းပြပုံတွေထဲမှာ အပေါ်ဆုံးပုံမပါပါဘူး..၊ google ထဲကယူထားတာပါ ၊ တချို့ပုံကခေါင်းကို တဖက်၆၀ံလောက်စောင်းကြည့်ရန်လိုပြီး၊ မှန်ပြောင်းဖြင့်ကြည့်မှ အဆောက်အဦးရေးရေးသာပေါ်သော ပုံများ၊ ကင်းမြီးကောက်ထောင်ကြည့်မှ အတည့်ဟုထင်ရသောပုံများကို ထည့်ပြီးပြမထားပါ၊ ပုရစ်ကြော်၊ ဆားချိုသီးနှင့် ဆေးမြစ်များပို့လိုက်သည် ဆိုသောကြောင့် ဓါတ်ပုံများမှာ အားကြီးကောင်း၊အများကြီးကောင်း၊ ဘုရားစူးရစေ့ကောင်းပါသည်ဟု စည်းစိမ်ကိုမျက်နှာချိုသွေးထားပါသည်...၊
ကိုကြီးကျောက်ကို ဒီpost အတွက် အစစကူညီပေးတဲ့ နှမများဖြစ်တဲ့ ရွှေစင် နဲ့ စည်းစိမ်၊ အဲ...ချစ်ချစ်ကြီးလဲပါတယ်၊ တို့ကို ကျေးဇူးတင်ကြောင်းပြောပါရစေ.....

Sunday, November 7, 2010

လတန်ဆောင် စစ်ကိုင်းတောင် နဲ့ ကျောက်အချစ်နဂါးမလေး


ကိုကြီးကျောက်တို့ အညာမှာ သီတင်းကျွတ်ပြီးပြီဆိုတာနဲ့ ကထိန်ပွဲတွေ ဟိုမှာ ဒီမှာခြိမ့်ခြိမ့်သဲ လုပ်ကြတာမျိုးကိုး၊ မန္တလေးဆိုရင် တန်ဆောင်တိုင်အဖိတ်နေ့ညမှာ တမြို့လုံးစစ်ကိုင်းတောင်ရောက်နေတတ်တာ၊ ကိုကြီးကျောက်တို့ငယ်ငယ်က မင်းသားကျော်ကျော်ဗိုလ်တို့အဖေ မင်းသားကြီးဦးဝင်းဗိုလ်က မင်းသမီး တင်တင်ညိုနဲ့ တွဲပြီး အာကာကိုလွှာပုံပြုပါ့မယ် ဆိုတဲ့ ဇတ်ကားလာရိုက်တဲ့ နှစ်ကဆို လူတွေစည်လိုက်တာ စစ်ကိုင်းတောင်ပေါ်မှာ မတိုးနိုင်ဘူး၊ အဲဒီဇတ်ကားက ဇတ်ဝင်သီချင်း စစ်ကိုင်းတောင်နဲ့လတန်ဆောင် ဆိုတဲ့ သီချင်း တင်ဦးလေး ဆိုတာ ငယ်ငယ်က မြန်မာ့အသံကနေ ခနခနကြားရတာပေါ့၊


ကထိန်ပွဲအပြင် ကိုကြီးကျောက်တို့ အညာမှာရှိတဲ့ ဓလေ့က လပြည့်ညဆို ဆေးပေါင်းခတယ်ဆိုပြီး ဟိုအိမ် ဒီအိမ်ကို မဲဇလီဖူးသုတ်တွေပို့ကြ၊ ပံ့သကူပစ်ကြ၊ ကာလသားတွေက အပျော်တမ်း ကျီးမနိုးပွဲတွေလုပ်ကြတာပေါ့၊ ကိုကြီးကျောက်တို့ ဘွားအေကြီးကတော့ ကိုကြီးကျောက်တို့ငယ်ငယ်ကဆို ဆန်၊ကြက်သွန်၊ ဆား၊ ငပိ၊ စတဲ့ မီးဖိုချောင်သုံးပစ္စည်းလေးတွေကို ဝါးခံတောင်းလေးမှာထည့်ပြီး လမ်းဆုံလမ်းခွမှာ ညသန်းကောင်ကျော်ရင် သွားပြီးချထားတာ၊ တွေ့တဲ့သူက ပံ့သကူကောက်ယူနိုင်တာပေါ့၊


ကိုကြီးကျောက်တို့ကြီးလာတော့ ကိုကြီးကျောက်ရယ်၊ ကိုကြီးကျောက်နှမရယ်က ည ၁ နာရီလောက်ဆိုထပြီး နှစ်တိုင်းပစ်တာကိုး၊ အရပ်ထဲကကလေးတွေကလဲ ပစ်နေကြဆိုတာသိတော့ မှောင်ရိပ်ကနေချောင်းနေကြတာပေါ့၊ အိမ်ထဲကနေ အထုပ်ဆွဲထွက်တာနဲ့ နောက်ကတပြုံကြီးပါလာတော့တာပဲ။ ကဲ.......ဘယ်မှာ ပံ့သကူဖြစ်ပါတော့မလဲ...၊ ဒါနဲ့ပြန်ယူလာ...၊အိမ်ထဲပြန်ဝင်..၊ နာရီဝက်လောက်ရှိတော့ ကိုကြီးကျောက်က ကြွတ်ကြွတ်အိပ်ထဲ အမှိုက်တွေထည့် ...၊ ပံ့သကူပစ်သလိုထွက်ပြလို့ ကလေးတွေ နောက်ကလိုက်လာမှ ကိုကြီးကျောက်နှမက ပံ့သကူပစ်မဲ့ စားစရာတွေ၊ တီရှပ်လေးတွေ၊ ကို အိမ်ခြံစည်းရိုးမှာ ကဗျာကယာချိပ်ရတာ..၊


၂၀၀၂ခုနှစ်က ဘန်ကောက်ကနေ ဗမာပြည်ပြန်လာတော့ ရန်ကုန်မှာ တန်ဆောင်မုန်းလပြည့်နဲ့ ကြုံပါရောလား၊ ကိုကြီးကျောက်က ဟာ...ဒီနေ့လပြည့်နေ့ ဘန်ကောက်ကပါလာတဲ့ တီရှပ်လေးတွေ ပံ့သကူပစ်မှပဲလို့ ရန်ကုန်အိမ်က ကလေးတွေပြောတော့ သူတို့က နားမလည်ကြဘူး၊ ဘာလဲ..ပံ့သကူပစ်တယ်ဆိုတာတဲ့..၊ လူပုဂ္ဂိုလ်ရည်ရွယ်မထားပဲ ဘယ်သူရရဆိုပြီး လမ်းဆုံလမ်းခွမှာ ပစ်ထားတာ ပံ့သကူပစ်တယ်လို့ခေါ်တယ်လို့ ရှင်းပြရသေးတယ်၊ သူတို့က ကျနော်တို့က သူခိုးကြီးညပဲသိတာတဲ့..၊ လပြည့်ကျော်တရက်ကြမှ သူများပစ္စည်းတွေကို ဖျက်လိုဖျက်ဆီးလုပ်တာကို သူခိုးကြီးညတဲ့..၊ ကိုကြီးကျောက်ဖြင့်အတော်စိတ်ပျက်မိတယ်၊ အဲဒီညက ဘန်ကောက်ကနေ အိမ်နံပါတ် ကြေးဆိုင်းဘုတ်လေး လုပ်ပြီးအသစ်ချိပ်ထားတာကို မှုတ်းဆေးတွေနဲ့ ဖတ်မရအောင်လုပ်သွား၊ အိမ်ခြံစည်းရိုးကို မဖွယ်မရာပုံပေါ် မှုတ်ဆေးနဲ့ ရေးသွားတွေ မြင်ရတော့ ကိုကြီးကျောက်တို့ အညာကကျီးမနိုးပွဲမှာ အပျော်ကျီစယ်တာလောက်ပဲ လုပ်ကြတာကို သတိရမိတယ်၊


အညာမှာ ကိုကြီးကျောက်တို့ငယ်ငယ်က ရေချမ်းစဉ်လေးတွေ ရှိတတ်တာကိုး၊ ရေအိုးတလုံးကို သံဃာတော်များသုံးဆောင်ဖို့နဲ့ နောက်တလုံးကလူတွေ အဖို့ကိုး၊ အဲ...ရေအိုးစဉ်က သံဃာတော်များသုံးဆောင်ရန် ဆိုတဲ့ စာကို ကိုကြီးကျောက်တို့က ဖြုတ်ပြီး အပျိုကြီးတွေ အိမ်မှာ သွားချိပ်ထားတာမျိုး..၊ အပျိုကြီးတွေခမြာ မနက်လင်းတော့ လူတွေပြုံးစိစိ ကို ကသိကအောက်ဖြစ်လို့၊ ရန်အလွန်ဖြစ်တဲ့ လင်မယားအိမ်နဲ့ မျက်နှာချင်းဆိုင်အိမ်မှာ မကွေး ဒါးအမျိုးမျိုးရသည် ဆိုတဲ့ ဆိုင်းဘုတ်ချိပ်ပေးတာမျိုးလောက်ပဲ အပျော်စကြနောက်ကြတာပါပဲ..၊ ရွာတွေမှာတော့ ကာလသားတွေက အပျော်ကြက်ခိုးပြီးဆီလေး ဆားဆနွင်းလေး ပါလေကာနဲ့ ရေချိုချက်စားကြလို့ ကာလသားချက် ဆိုတာနာမည်ကြီးတာမျိုးကိုး၊


ကဲ....လတန်ဆောင်မှာ စစ်ကိုင်းတောင်ပဲ ပြန်သွားကြစို့....၊ ကိုကြီးကျောက် မန်းတက္ကသိုလ်ကျောင်းသားဘဝက ကိုကြီးကျောက်ဘကြီး(အဖေ့ အကို) က စစ်ကိုင်းမှာနေတယ်၊ ကိုကြီးကျောက်က ကျောင်းပိတ်ရက်မှာ စစ်ကိုင်းအိမ်ကို သွားနေတတ်တယ်၊ ဘကြီးအိမ်က စစ်ကိုင်းတောင်ပေါ်သွားတဲ့လမ်း၊ နန်းဦးမြို့သစ်မှာရှိတယ်၊ အိမ်နားမှာ နန်းဦးရေကန်ရယ်၊ နန်းဦးဘုရားရယ်ရှိတယ်၊ ခပ်လှမ်းလှမ်းမှာ သူခိုးကြီးငတက်ပြားရဲ့ မရှိခန ဘုရားနဲ့ရေကန်ရှိတယ်၊ အဲဒီအချိန်တုန်းကတော့ ကိုကြီးကျောက်မှာ မရှိတာအမြဲတမ်းဖြစ်နေတော့ မရှိခနဘုရားကိုသွားပြီးဆုတောင်းတော့ ဆုတောင်းပြည့်လိုက်ပုံများ ခိုးစားဖွက်စားရင်ရတဲ့ field တွေချည့်ဖြစ်နေတယ်၊ တော်ပါသေးရဲ့ အလုပ်သာထွက်လာရော ခိုးတာဖွက်တာဆိုလို့ ကောလင်းက ရွှေတွင်းတွေ ငှားပြီးပိုက်ဆံယူခဲ့တာပဲရှိတယ်၊ ဒီငွေတွေကလဲ မသန့်စင်တော့ ၇၅ ကျပ်တန်တွေကြေငြာတော့ စက္ကူဖြစ်ကုန်တာပါပဲ...၊


ကိုင်း...ကိုယ်ပေါင်ကို လှန်ထောင်းပြမနေတော့ပါဘူး..ဇတ်လမ်းပဲ စကြပါစို့၊ ကိုကြီးကျောက်က တန်ဆောင်တိုင်ကျောင်းပိတ်တော့ စစ်ကိုင်းသွားနေတာပေါ့ ၊ အဲဒီ ..တန်ဆောင်မုန်းလပြည့်ညမှာ.....လကြီးကလဲသာလိုက်တာ...၊ ရာသီဥတုကလဲ အေးစပြုပြီဆိုတော့ နေလို့ကောင်းလိုက်တာ...၊ ကိုကြီးကျောက်က ည ၈ နာရီလောက် နန်းဦးဘုရားမှာ မီးပူဇော်ပြီး ဘုရားရင်ပြင်မှာထိုင်နေတာ..၊ အဲဒီတုန်းက ဘုရားကလဲ မြို့ပြင်လိုဖြစ်နေတော့ လူသူလေးပါးလဲ ဘယ်သူမှမရှိဘူး၊ ဘုရားတံတိုင်းနားမှာ ပွင့်နေတဲ့ ဆိပ်ဖလူးပန်းနံ့လေးကလဲ မွှေးလိုက်တာ ချိုအီနေတာပဲ..၊ ကိုကြီးကျောက်က ဘုရားတံတိုင်းကိုမှီပြီး မျက်စေ့လေးမှိတ်ပြီး feel ပေါ့လေ......


အဲဒီအချိန်မှာ နားထဲ ခေါ်သံသဲ့သဲ့ကြားလိုက်တယ်...မောင်ကြီး လိုလို ဘာလိုလိုမှန်းတော့မသိဘူး၊ ဒါနဲ့ ဆတ်ကနဲ မျက်စေ့ဖွင့်ကြည့်လိုက်တော့ ..........ကောင်မလေးတယောက်ဗျ..၊ ပြုံးလို့၊ အသားလေးက ရွှေဝါရောင်လေးလို ပြောင်လို့ ..၊မျက်စေ့ကတော့ စူးရှပြီးနီတဲ့ဖက်ကို လုနေတယ်၊ ကိုကြီးကျောက်ကို လက်ကမ်းပေးလိုက်တော့ ကိုကြီးကျောက်ကလဲ ကောင်မလေးက လက်ကမ်းတာပဲ ဘယ်နေမလဲ (အင်း...အဲဒီတုန်းက အသက်ကလဲ ၁၈ နှစ်လောက်ပဲရှိသေးတာလေ) ၊ သူနဲ့လက်ဆွဲပြီး နန်းဦးဘုရားပေါ်က ဆင်းလဲဆင်းလိုက်ရော.......


အဆောက်အဦးကြီးတခုထဲရောက်သွားပါရောလား...၊ အခန်းတွေလဲ အတွင်းမှာအများကြီး ဝင်ပေါက်က လှိုဏ်ဂူဝတွေလိုပဲ၊ အတွင်းထဲမှာ တချို့တွေ့တဲ့သူတွေကလဲ မြင်ဖူးသလိုပဲ၊ မတွေ့တာကြာပြီလို့ ပြောကြသလား ဘာလား မသဲကွဲပါဘူး၊ ရတနာလို ပြိုးပြိုးပြောင်ပြောင်တွေလဲ တွေ့ရရဲ့...၊ အဲဒါတွေကို ကိုကြီးကျောက်က စိတ်မဝင်စားတော့ ဘာတွေလဲတောင်ငုံ့မကြည့်မိပါဘူး၊ ကိုကြီးကျောက်တို့ ညီအကိုတတွေကတော့ လက်ဝတ်ရတနာရွှေငွေတွေ စိတ်မဝင်စားကြတာအမှန်၊ မိဘအမွေရွှေထည်တွေတောင် နှမအငယ်ဆုံးပဲ အကုန်ပေးကြတာ၊ သူတို့မိန်းမတွေကလဲ ယောင်္ကျားကစိတ်မဝင်စားတော့ ဘာမှမပြောရဲကြဘူးလေ၊ သူငယ်ချင်းတွေ နားကပ်ကြီးတွေတဝင်းဝင်းနဲ့ ဆိုရင် ကိုကြီးကျောက်က ကြားထဲက ရှက်နေလို့ သူတို့နဲ့ လမ်းတွဲမလျောက်ရဲဘူး...ဘယ့်နှယ်ဗျာ ...ယောင်္ကျားတန်မဲ့ စိန်နားကပ်ကြီးဝတ်ထားတာ ဘယ်မှာကြည့်ကောင်းပါ့မလဲဗျာ၊


ကဲ...ကောင်မလေးနဲ့ လျောက်သွားတာပဲကောင်းပါတယ်၊ အဲလိုနဲ့ သူနဲ့လက်တွဲပြီးလျောက်သွားရင်း မူလအခန်းကိုပြန်ရောက်လာတော့ ကိုကြီးကျောက်ကို တယောက်ယောက်က ဆောင့်တွန်းလိုက်သလိုမျိုးခံစားရပြီး ရုတ်တရက်လဲသွားချိန်မှာ နန်းဦးဘုရားရင်ပြင်မှာ ကိုကြီးကျောက်တယောက်ထဲ လဲနေပါ့လား......၊ ဟင်....ဒါဆို ခုနက အိပ်မက်ပေါ့ ...ဒါပေမဲ့ တကယ်ဖြစ်ပြီးကြုံတွေ့ ခဲ့ရသလိုကြီး....၊ ကိုကြီးကျောက်ဖြင့် ဇဝေဇဝါနဲ့ ...အို...အိမ်ပြန်အိပ်တာပဲ ကောင်းပါတယ်လေဆိုပြီး ဘုရားပေါ်ကဆင်းလဲဆင်းရော..........


အောင်မလေး....ဧရာမမြွေဟောက်ကြီး...ဘုရားလှေခါးခြေရင်းမယ်..၊ လရောင်အောက်မှာ ရွှေဝါရောင်ကိုပြောင်နေတာပဲ၊ ကိုကြီးကျောက်ကို ခေါင်းလေးထောင်ကြည့်လို့..၊မြွေဟောက်ထုံးစံက လူသံခြေသံကြားရင် အန္တရာယ်ကာကွယ်တဲ့အနေနဲ့ ပါးပြင်းထောင်တတ်တာမျိုး..၊ ဒီမြွေကြီးကတော့ လုံးဝပါးပြင်းမထောင်ပဲ ခေါင်းလေးထောင်ပြီးကိုကြီးကျောက်ကို စိုက်ကြည့်နေပြီး ဘုရားဘေးက ခြုံထဲ ဖြေးဖြးပဲ တိုးဝင်ပျောက်ကွယ်သွားတော့တာပါပဲ.....။


ဒီ post ကို နှမဖြစ်သူဒေါ်လေးမေ( မေဓါဝီ) ရဲ့ နဂါးသိုက်အကြောင်းဖတ်ပြီးကထဲက ရေးထားတာ၊ တန်ဆောင်မုန်းမှ ရာသီချိန်တင်ဖို့ပါပဲ၊ ဒါပေမဲ့လဲ ..အသဲကင်ဆာဆေး Nexavar (Sorafenib) သောက်ပြီးတပတ်လောက်ရှိတော့ မသွားနိုင် ၊ မထိုင်နိုင်အောင် ဆေးဒဏ်ခံနေရလို့ စာမရေးနိုင်တော့ ရေးထားတာပဲ တင်လိုက်ပါတယ်..၊ မကေရေ..tag ထားတာလဲ တနေ့ ၅ ကြောင်းနှုံးလောက်နဲ့ ရေးနေတယ်..။