Thursday, May 27, 2010

အသုံးလုံးဖိုင်နယ်ကျောင်းသား မောင်ဘကျောက်


ဘကျောက်တို့ ရွာမယ်ခုတလော စာအံသံတွေစီစီညံလို့ခင်ဗျ၊ အင်း....ကျောင်းတွေဖွင့်ခါနီးလို့ ထင်ပါရဲ့၊ ဟိုဘက်အိမ် နားစွင့်လိုက်လဲ...ကကြီး...ခကွေး..၊ ဒီဘက်အိမ်ကလဲ ကကြီး..ခကွေး..နဲ့ စာအပြိုင်အံနေလိုက်ကြတာ..၊ ဒီကြားထဲ..သိုးဆောင်းဘာသာနဲ့ စပယ်ရိုး...စာကလေး ဆိုပြီး အော်သံဟစ်သံတွေလဲ ကြားရပါ့ဗျာ၊ သူတို့က ဒီလိုတွေ အော်နေမှတော့ ဘကျောက်ကလဲ ကိုယ့်ဂုဏ်ကို ဖေါ်ရတော့မှာပေါ့ဗျာ....ဟင်း....ဟင်း...ဟင်း..၊

ဘကျောက်က သူတို့လို ခုမှသင်ပုန်းကြီး စတာမဟုတ်ဘူးခင်ဗျ၊ ဟိုအရင် အသုံးလုံးခေတ်က ကျောင်းသား၊ အသုံးလုံးသင်တန်းမှာ ဖိုင်နယ်ရောက်နေပြီ၊ ဘကျောက်ဂျီးတော်ကြီးနဲ့ ပြိုင်တူသင်တန်းတက်ခဲ့တာ သူက အားအားရှိ ရန်ကုန်သွားဘုရားဖူးလိုက်၊ ဈေးဝယ်ထွက်လိုက်နဲ့ ဆိုတော့ ခုထိ သတ်ပုံမှန်အောင် မပေါင်းတတ်သေးဘူး၊ ဟို အဆိုတော်လို..ည မှာသတ်ပုံမှားတာမဟုတ်ဖူး၊ နေ့ခင်းကြောင်တောင်လဲ မှားတာပဲ၊

ဟိုတလောဆီက မန္တလေး မဟာသင်္ကြန်စာ ကို ဝယ်လာပြီးမိုးဦး၊မိုးလယ်၊မိုးနှောင်း ကောင်းတာညံ့တာကို ရွာကလူတွေ သိရအောင် ပျဉ်ပြားပေါ်ကူးရေးထောင်ထားတာက....မှိုဥ ကောင်း လတံ..။မိလဲ့...ညှုပ် ..လတန်၊..မိနှင်း ကောင်း လတန်..တဲ့၊ဒါနဲ့. သူ့ယောင်္ကျား ကိုငရုပ်ကောင်းက လတန် ညှုပ်ချင်အုန်းဟဲ့..ဆိုပြီး ရိုက်ပါရောလား၊ ဟော...ဘကျောက်ကလဲ အသုံးလုံးသင်တန်း တက်နေတာ သွေးရိုးသားရိုးမှမဟုတ်ပါပဲ အကြံနဲ့တက်နေတာလေ ၊ ကိုယ့်ကိုယ်ကို ဓါတ်ရှင်မင်းသား ကျော်သူနဲ့ မီးဝင်မီးထွက်ပေမဲ့ အသက်ကြီးပြီး မပျက်စီးသေးပါဘူး ဆိုပြီးကြွားလုံးတွေထုတ်၊ စိုးမြတ်လုံးတင်တို့ကို အီစီကလီလုပ်နေတာ၊ ဒါကို ဖွားညိန်းတို့ကလဲ အားကျထင်ပါရဲ့ မြို့ဘုရားပွဲက ဓါတ်ပုံဆိုင်မှာ ဓါတ်ပုံတွေရိုက် ခေါင်းစုတ်ဖွားနဲ့ ပြူးတူးပြဲတဲ သူ့ဓါတ်ပုံကြီးပြပြီး အဆိုတော် တာတေကြီးနဲ့ ချွပ်စွပ်တူပါတယ်ဆိုပြီး သင်တန်းမှာ ကြွားလိုက်တာ အသုံးလုံးသင်တန်းသူတွေ ည တပိုတပါးထွက်ချင်တာတောင် တယောက်ထဲမသွားရဲဘူး ဖြစ်သွားတယ်၊

ကဲ..ကဲ.. အသုံးလုံးသင်တန်းသားဆိုတော့ သင်ပုန်းကြီးဖတ်စာလို ကကြီး ကနေ အ အထိ မရေးတော့ပါဘူး၊ သင်ရိုးညွှန်းတန်းအတိုင်း ဝ၊ထ၊က၊လ၊သ ပဲရေးရမှာပေါ့လေ၊

ဝ......ဝတ်မှုံရွှေရည် ပေါ့ဗျာ...၊ ဟိုနေ့က ဖေါ်ဝပ်မေး မှာဒီကောင်မလေးကို တွေ့လိုက်သဗျ၊ အမယ်..အုန်းမှုတ်ခွက်လေးကိုင်လို့ ဆောင့်ကြောင့်ထိုင်လို့ဗျ၊ မျက်နှာသစ်နေတာတော့ မဖြစ်နိုင်ဘူး၊ တခုခု ဆေးချင်ကြောချင်လို့ပဲဖြစ်မယ်၊ ခြေဆေးချင်တာလား၊ လက်ဆေးချင်တာလား၊ အင်း....အောက်စကလဲလွှတ်ထားတော့.....ဘာများဆေးချင်သလဲ မစဉ်းစားတတ်ပေါင်ဗျာ....၊

ထ...ထက်ထက်မိုးဦး...၊ သူကလဲ ခုတလော တော်တော်ရေပန်းစားလှသဗျ၊ သတင်းထောက်မလေး ကို ဆံပင်ဆွဲပါးရိုက်ဆိုပဲ၊ ဘကျောက်တောင် သတင်းထောက်လုပ်ရင် သူနဲ့အင်တာဗျူးမှာ တော်တော်သတိထားမှ၊ ဘကျောက်က ခေါင်းတုံးခနခန တုံးတတ်တော့ ဆွဲစရာဆံပင်မရှိရင် ရှိတာဆွဲရိုက်လိုက်မှဖြင့်...ခါးကော့နေအောင်ခံရမှာ၊ ရွာဆော်လေးတယောက်ကတော့ ဘယ်သူမှားသလဲဆိုပြီး အရပ်ထဲမေးနေလေရဲ့၊ ဘကျောက်ကတော့ ရွာကမဘုမတို့လို လူလည်ခေါင်အဝတ်မကပ်အောင် တွဲမသတ်ကြလို့ သိတ်စိတ်မဝင်စားပေါင်၊

က....ကလူသစ်.....၊ သူကလဲ ခေသူမဟုတ်ဘူးဗျ...၊ သူက ဟို အဆိုတော် ဓါတ်ရှင်မင်းသမီးလေးရဲ့ လိုတိုရှင်း ပုံကို သေချာပုံနှိပ်ပြီး အိမ်မှာကပ်ထားဆိုပဲ၊ အတုယူသင့်သူပေပဲ၊

လ.......လမ်းမတော်မောင်မိုး....၊ နာမည်နဲ့လိုက်အောင် အရပ်ထဲမှာ စိန်ခေါ်တတ်သူမို့..ဘကျောက်တို့ သူ့မြင်ရင်မျက်နှာချိုသွေး နေရတာပေါ့၊ လမ်းမတော်ကြီး ထမင်းစားပြီးပြီလား၊ အီအီးပါပြီးပြီလားတို့ အစုံပါပဲ၊..

သ.......သက်မွန်မြင့်၊ သင်ဇာဝင့်ကျော်၊ သင်းမြစန္ဒီ....အို.....အကုန်လုံး ဘကျောက် အကြိုက်ချည့်ပါပဲ..၊ မကြိုက်တာဆိုလို့..သက်တန့်ချိုကိုတော့ ယောင်္ကျားကြီးဆိုတော့ ဘကျောက်တို့က မကြိုက်ပေဘူးပေါ့ဗျာ၊ ကိုင်း...အသုံးလုံးမောင်ဘကျောက်ကို ဘယ်သူမှ မtag လို့ ကိုယ့်ဖာသာtag လိုက်တယ်၊ ဘကျောက်တို့က အရှေ့နေမျိုးနွယ် နိပွန်ပြည်က မိုးမင်းကြီးတို့ ရွှေနတ်သားတို့ကို ဆက်ပြီး နိပွန်စာ ဘူးသီးပေါင်း ကနေ စာကလေးခွေထိ ရေးဖို့ ဆက် tagလိုက်ပါတယ်။

Friday, May 21, 2010

ရွှေမန်းတင်မောင် လက်ဝဲသုန္ဒရ ကတဲ့နှစ်

ကိုကြီးကျောက်တို့ လူမျိုးကမှတ်တမ်းမှတ်ရာထားတဲ့နေရာမှာတော့ အနောက်တိုင်းက လူတွေလို စံနစ်တကျမဖြစ်တာတော့ အမှန်ပဲ၊ ကိုကြီးကျောက်လဲ ဒီပုတ်ထဲက ဒီပဲမို့ မထူးလှပါဘူး၊ ဒို့ဗမာတွေ ရဲ့တိုင်းတာမှုစနစ်ကို ကြည့်လိုက်လေ....ကွမ်းတယာညက်ခန့်တို့၊ ထမင်းတအိုးချက်ခန့်တို့၊ အာဏာကုန်ပူတာပဲတို့ ဆိုတာမျိုးတွေပေါ့၊ ကိုကြီးကျောက်တို့ ဝန်းကျင်မှာ ဘယ်သူနဲ့ဘယ်သူကဖြင့် မီးဝင်မီးထွက်၊ တလကြီးတလငယ် ဒီလိုပဲ မှတ်ကြတာများတာကိုး၊ သေသေချာချာမှတ်သား ထားတာကလဲ ကိုကြီးကျောက်တို့ မိသားစုပဲရှိတော့ ကျောင်းအပ်ချိန်ဆိုရင် အရပ်ထဲက ကိုကြီးကျောက် သူငယ်ချင်းတွေ ကိုကြီးကျောက်မွေးသက္ကရာဇ်ကို လာလာပြီးမေးကြတာ...၊

ကိုကြီးကျောက်ကလဲ ခေသူမှမဟုတ်တာ ငါတို့မွေးတာ ရွှေမန်းတင်မောင် လက်ဝဲသုန္ဒရ ကတဲ့နှစ်ကွလို့ ခပ်ကြွားကြွားပြောရတာ၊ ကိုကြီးကျောက်တို့ အညာက ဂေဇက်ဝင်ဘုရားပွဲတွေက မိုးတွင်းမှာလုပ်ကြတာကိုး၊ ဆယ့်နှစ်ပွဲဈေးသည်တွေကလဲ ဘုရားပွဲ တပွဲပြီးတပွဲဆက်ကြတာမျိုး၊ နယုန်လဆန်းရင် ပခုက္ကူသီဟိုဠ်ရှင်ပွဲ နဲ့ မလှိုင်ပန်းအိုင်ဘုရားပွဲ ကစလို့ မြင်းခြံ၊ ကူမဲ၊တောင်ပြုံး၊ ရတနာ့ဂူ၊ ရွှေဘိုမြို့ထောင့်၊ မုံရွာဘုရားကြီး၊မန္တလေးတောင်ခြေ ကျောက်တော်ကြီး၊ ပွဲတော်တွေဆက်သွားတာကိုး။ ကိုကြီးကျောက်တို့ငယ်ငယ်ကတော့ ရွှေမန်းမှ ရွှေမန်း ခေတ်ဆိုတော့ ဘာအကြောင်းလေးပြောပြော ရွှေမန်းနဲ့တိုက်ပြောကြတာကလား၊

ကိုကြီးကျောက်မွေးနေ့က ဗမာလိုဆိုရင် နယုန်လဆန်း ၅ ရက်နေ့တဲ့၊ ခရစ်သက္ကရာဇ်က မေလ၂၂ ရက်တဲ့၊ ဇာတာထဲမှာ ၁၃၂၀ခုနယုန်လဆန်း၅ရက်၅တေးနေ့ မွန်းလွဲစက်နာရီ ၄နာရီ၃၆မိနစ်လို့ပါသဗျ၊ ဒါပေမဲ့ဗမာနဲ့ ခရစ်ရက်က မဆုံတာများပါတယ်၊ ဗမာပီပီ မွေးနေ့ဆိုတာကိုလဲ သိတ်ရေးကြီးခွင်ကျယ်လုပ်မနေတော့ တချို့နှစ်တွေဆိုရင် မွေးနေ့ကျော်သွားတောင် သတိမထားမိဘူး၊ (ဒီနှစ်ကတော့ post တခုရလဲနဲလားဆိုပြီး အတင်းသတိရခိုင်းထားတာ)၊ မှတ်တမ်းမှတ်ရာ အရေးပျင်းလိုက်ပုံများကလဲ ဘဓရ မှာလုပ်တုန်းက dairy တနှစ်တအုပ်ရုံးကပေးတာ နှစ်သာကုန်ရော မှတ်ထားတာ တခုမှမရှိ၊ တခါfield ဆင်းတုန်းက ကိုကြီးကျောက်က field အဖွဲ့ရဲ့ mess အသုံးစားရိတ်ကို ကိုင်တဲ့အခါ ငွေအသုံးစာရင်းကို ထမင်းချက် မောင်ဝင်းကို မှတ်ခိုင်းလိုက်မိပါတယ်၊ အပြည့်အစုံကိုမှတ်ပြလိုက်ပုံများက..... လူစား...ကြက် တပိဿာ...၄၀ ကျပ် ၊ -ီး စား....ကြက်.....၁၅၀ ကျပ်၊ ဆိုတာမျိုး ဆိုတော့ ...အင်း....ငွေစာရင်းကို ဘယ်လိုခေါင်းစဉ်နဲ့ ပြမလဲနော်၊

မနှစ်က မိုက်ကယ်ဂျက်ဆင်သေတော့ မိုက်ကယ်ဂျက်ဆင်ရဲ့ မွေးသက္ကရာဇ် ကိုကြည့်လိုက်တော့ ကိုကြီးကျောက်ရယ်၊ မိုက်ကယ်ဂျက်ဆင်ရယ်၊ မက်ဒေါနားရယ် တနှစ်ထဲမွေးကြတာကိုး၊ ဒီတော့မှကိုကြီးကျောက်စဉ်းစားမိတယ် အဲဒီနှစ်မွေးတဲ့သူတွေက အသံကောင်း အဆိုတော်တွေဖြစ်တတ်တယ်ဆိုတာပဲ၊ ဒီလိုမှန်းသိ ရင် ကျောက်ခဲကြက်ဆင် ဆိုပြီးသီချင်းတွေ ဆိုပလိုက်တာပေါ့၊

အင်း...ဘာပဲပြောပြော...အသက်တွေကတော့ တနှစ်ပြီး တနှစ်ကြီးလာလိုက်တာ ခု ကိုကြီးကျောက်အသက် ၅၂ နှစ်ဖြစ်လာတာပဲ၊ ခုရောက်နေတဲ့ အမေရိကမှာ ၂၁ ရက်နေ့ပဲ ရှိသေးပေမဲ့ ကိုယ်မွေးခဲ့ရာ ကမ္ဘာ့တဖက်ခြမ်းမှာတော့ မေလ ၂၂ ရက်ရောက်ပြီမို့ ဒီpostလေးတင်လိုက်တာပါပဲ၊ လက်ဝဲသုန္ဒရအမတ်ကြီး မဲဇာအပို့ခံရတော့ တောကြီးမျက်မဲမှာ ဆွေဝေးမျိုးဝေး ရွှေပြည်တော်နဲ့ဝေးလေတာမို့ မဲဇာတောင်ခြေရတု ကိုရေးသတဲ့၊ ရွှေမန်းတို့ မဲဇာတောင်ခြေရတုကို ရွတ်လေတော့ ပွဲကြည့်ပရိဿတ်မှာ တသသပါပဲ၊

ကိုကြီးကျောက်လဲ ဆွေဝေးမျိုးဝေး ပြည်တော်နဲ့ဝေးရာ အရပ်နေရလေတော့ တောကြီးမျက်မဲမဟုတ်ပေလေမဲ့ မဲဇာနေရသလိုခံစားရမိကြောင်းပါခင်ဗျာ။ (ဘယ်သူတွေပြောပြောကိုကြီးကျောက် ကတော့၅၂နှစ်ပြည့် ကိုယ့်ပုံကိုယ်တင်လိုက်ပါတယ် ဆံပင်လေးဖြူနေတာကလွဲရင် ဒီလိုခန့်ညားတာကို မီးငယ်တို့က မနာလိုဖြစ်နေတာ..အဟဲ..၊ သစ်ပင်ပုံကတော့ google ကရှာထားတာ)

Tuesday, May 18, 2010

2ဖလော်ရီဒါkeys 2

Key West ဆိုတာကလဲ ကျွန်းသေးသေးလေးပေါ်က မြို့သေးသေးလေး ဆိုတော့ ကိုကြီးကျောက်လျောက်လည်မယ်ကြံရော...မြို့ကလမ်းကုန်နေပြီ၊ မြို့လည်အစည်ကားဆုံးလမ်းက Duval လမ်းတဲ့၊ တမိုင်တောင်မရှည်ပါဘူး၊
Duvalလမ်းက ညမှာတော့ကြိတ်ကြိတ်တိုး စည်ကားတာပေါ့လေ၊ pub တွေ၊ night clubတွေ ၊bar တွေ၊ လက်မှုပစ္စည်းအရောင်းဆိုင်တွေ၊ ဆေးပြင်းလိပ်ဆိုင်တွေ၊ တလမ်းလုံးဆိုင်တွေချည့်ပါပဲ၊ ကျူးဘားကထွက်ပြေးလာကြတဲ့ ဆေးပြင်းလိပ်လုပ်ငန်းကလဲ ပထမဆုံးKey west မှာအခြေချကြတာကိုး၊ လမ်းတလျောက်လုံး ဆေးပြင်းလိပ်နံ့တွေရတာကတော့ စိတ်ညစ်ဖို့ကောင်းပါ့ဗျား၊

ဆိုက်ကားစီးပြီးလျှောက်လည်ချင်လဲရပါ့၊ ဒါပေမဲ့လဲ ဆိုင်တွေကို ဟိုငေးဒီငေး..ငေးချင်တာနဲ့ လမ်းပဲလျှောက်လိုက်တာ.....တနေရာမှာတော့ အတီးကောင်း အဆိုကောင်းpubတွေ့လို့ အပြင်ကနေငေးမိပါတယ်..သူ့ဘေးက..များတို့ရဲ့ barကိုး...Key westမှာ များတို့ရဲ့အုပ်စုက တော်တော်အင်အားတောင့်ပလေတာ၊ မြို့လည် Duval st နဲ့ Truman Ave လမ်းဒေါင့်နားမှာ များတို့ရဲ့community center လဲရှိပါ့ဗျာ၊ အဲ...များတို့ဘားမှာstripကနေတဲ့ ကောင်လေးတွေက အပြင်ထွက်လာပြီး သူတို့ဘောင်းဘီပိစိကွေးမှာ ထိုးထည့်ပေးထားတဲ့ ပိုက်ဆံလေးတွေ ကိုကြီးကျောက်ဘေးနားမှာ
လာထုတ်နေကြတော့ ကိုကြီးကျောက်တောင် တိုင်ပတ်အကလေး လေ့ကျင့်ရရင်ကောင်းမလား စိတ်ကူးမိပါရဲ့၊ ဒါပေမဲ့ များတို့က ပိုက်ဆံထည့်ပေးရင်း ဟိုနှိုက်ဒီနှိုက်မှာ ကြောက်တာနဲ့ ဒီအကြံကို ဒီမှာပဲ ရပ်လိုက်ရတယ်...အမလေး...တွေးရင်းတောင်..ကြက်သီးထလာတယ်..

ဆိုင်တွေကို ငေးရင်းလျှောက်လာလိုက်တာ တနေရာမှာတော့ ကိုယ့်ဆီကကိုယ်တော်တပါး key westမှာ မော်ဒယ်လာလုပ်နေတာကိုး၊ ကိုယ့်ဆီမှာကလဲ မော်ဒယ်ဆိုတာတွေက အုန်းအုန်းထနေလေတော့ ကိုယ်တော်လဲ နိုင်ငံရပ်ခြားမှာပဲ လာလုပ်ရထင်ပါရဲ.့..၊ကိုယ့်ဆီကမော်ဒယ်တွေလို ဒူးပေါ်ပေါင်ပေါ်တွေ ဖေါ်စရာမလိုပဲ အိနြေ္ဒရရ လက်ကိုင်အိပ်လေးကိုင်နေယုံပါပဲ..၊အင်း....ရွာပြန်ရင်လဲ ရာသီဥတုကပူ..အဆင်မသင့်ရင် အရိုက်အနှက်ခံရပြီး သင်္ကန်းပါအချွတ်ခံရနိုင်တာမို့ key westမှာပဲ မော်ဒယ်လုပ်နေထင်ပါ့၊

ငေးရင်းမောရင်းလမ်းလျှောက်လာလိုက်တာ အနုပညာပြတိုက်ကိုရောက်လာပါရောလား...၊ပြတိုက်ကပိတ်ပြီမို့ အပြင်ကပဲ ဓါတ်ပုံရိုက်လာလိုက်တယ်၊


ကဲ....အပြင်မှာထားတဲ့ အရုပ်တွေတဲ့..ကိုကြီးကျောက်ကတော့ အရုပ်လဲချမ်းသာမပေး ဟိုကိုင်ဒီကိုင် ကိုင်နေတာလို့အတွေးမမှားကြပါနဲ့ အနုပညာကို ခံစားနေတာပါ၊

ကိုကြီးကျောက်တို့ မမွေးခင် ဗမာပြည်လွတ်လပ်ရေးရစက ပြည်တော်သာစီမံကိန်းဆိုတာ ဗမာပြည်မှာရှိခဲ့ဖူးတယ်၊ လူတယောက်တိုက်တလုံး၊ကားတစီး၊ တလဝင်ငွေ ၈၀၀ တဲ့၊ အဲဒီတုန်းက ဆန်တပြီ ဆယ်ပြား၊ ဆီတပိဿာ တကျပ်ခေတ်ဆိုတော့ ငွေ၈၀၀ ဆိုတာ ဘယ်နဲမလဲ၊ ဒါပေမဲ့လဲ ကိုကြီးကျောက်တို့မွေးတော့ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးနဲ့ ကြုံလိုက်တာ ကိုကြီးကျောက်ဝန်ထမ်းလုပ်ခဲ့တုန်းက တဲတလုံးနဲ့ဆိုက်ကားတစီးတောင်
မပိုင်ခဲ့ပါဘူး၊ အခုအမေရိကမှာတော့ ဘာကားစီးချင်သလဲ...အလွယ်လေးပါပဲ၊ လူတိုင်းကားကိုယ်စီရှိတာမို့ ချမ်းသာတာပြိုင်ရင် တန်ဖိုးကြီးတဲ့ ဇိမ်ခံသင်္ဘောတွေပိုင်ဆိုင်မှုတွေ ပြိုင်ကြတာမျိုးကိုး၊ ကိုယ်ပိုင်boat တွေဆိုတာ အရွယ်စုံဆိုက်စုံ key west ဆိပ်ကမ်းမှာအစီအရီပါပဲ၊ ကိုကြီးကျောက်ကတော့ သူများboatတွေပဲ ငေးမောပြန်လာရတယ်၊ boatတန်ဖိုးကမသေးသလို ကမ်းနားမှာကိုယ့်boat ထားဖို့နေရာခကလဲ မသေးလှပါဘူး၊ ကိုကြီးကျောက်ကတော့ ရွာပြန်ရင်boatတစင်းလောက်တော့ ဝယ်သွားချင်သား ၊ အိမ်ကနေ boatကို ကားလေးနဲ့ မြစ်နံဘေးဆွဲသွား မြစ်ထဲချပြီးboatလေးစီး...စိတ်ကူးတွေယဉ်နေလိုက်တာ....ဟိုနေ့ကအညာကို ဖုန်းဆက်တော့ မြစ်ထဲမှာရေတောင်မရှိဘူးတဲ့... Key westကမ်းနားမှာရှိတဲ့ လက်မှုဆိုင်လေးတွေမှာ မာယာယဉ်ကျေးမှုလက်မှုပစ္စည်းတွေလဲပါရဲ့၊ အရောင်စုံစုံလင်လင် ပြူးကြောင်ကြောင်မို့ ကိုကြီးကျောက်တော့ ခံစားလို့မရပေါင်ဗျာ..၊ ဒါနဲ့ ကမ်းနားမှာပဲ ပင်လယ်စာ ခရုသုတ်တို့ ငါးကြော်တို့ပဲ စားပြီးပြန်ဖို့ပြင်တော့.... တောင်ဖက်အစွန်းရဲ့ အစUS1 လမ်းမကြီး ၀ မိုင်ကနေစထွက်တာပေါ့လေ..၊ ရန်ကုန်မန္တလေးလမ်းမကြီးရဲ့အစ ဟာရန်ကုန်မြို့တော်ခမ်းမရှေ့ ကစပြီးမိုင်တိုင်ရေသတဲ့၊ မန္တလေးကတော့ မူဆယ်တို့ တမူးတို့ဖက်ကို ဈေးချိုနာရီစဉ်က စရေသတဲ့၊ ဒါပေမဲ့လဲ ဘယ်မှာမှ ၀ မိုင်ဆိုတာ မတွေ့ဘူးလို့ (ဘဘကြီးတို့က ကိုးမီးသမားတွေဆိုတော့ ဘူကြမှာကြောက်ထင်ပါရဲ့)၊ သေချာတပ်အပ်တော့ မပြောနိုင်ဘူးပေါ့လေ၊ key westမှာ များ တို့ကချမ်းကလဲချမ်းသာ၊ အုပ်စုကလဲတောင့်လေတော့...သွားလေသူ များတို့ကိုရည်စူးပြီး ဆိပ်ခံpierကြီးတခုဆောက်ထားပါရောလား၊ နေရာထိုင်ခင်းကလဲ သာသာယာယာရှိတာမို့ ကိုကြီးကျောက်တို့ခနဝင်နားတာပေါ့၊ ဒါပေမဲ့ခက်တာက အဲဒီနားမှာ အမေရိကမှာ Rest Roomလို့ခေါ်တဲ့ အိမ်သာကမရှိဘူး၊ ကိုကြီးကျောက်တို့တော့ လွယ်လွယ်လေးပါဗျာ..ကမ်းစပ်ကခြုံထဲမှာ ပန်းထည့်လိုက်တာ....အောင်မလေး....ကံကောင်းလို့ ..ခြုံရိပ်မှာအိပ်နေတာလေးတွေ ပန်းမိတော့မလို့...လေအဝှေ့မှာ နဲနဲတော့စင်မိမှာပေါ့၊ သူတို့က လှိုင်းပုတ်လို့ ရေစင်တာထင်လို့နဲ့တူပါရဲ့..တုတ်တုတ်တောင်မှ မလှုပ်ကြဘူး၊.. အပြန်မှာလဲ များတို့နဲ့ ရှေ့နောက်ပါပဲ၊ များတို့ကလဲ..အဲသလို စပ်ဖြဲဖြဲဝါထိန်ထိန်မှ ဘာလို့ များတို့အကြိုက်ဖြစ်နေသလဲ ဆိုတာတော့ ကိုကြီးကျောက်မသိကြောင်းပါခင်ဗျာ။
(နောက်တပတ် လူဝီဇီးယားနားပြည်နယ် နယူးအော်လန် ကိုသွားရမှာမို့ အခုတော့အနားယူ အားမွေးလိုက်ဦးမယ်)

Saturday, May 15, 2010

ကျောက်Walker၏ 2F2F 2ဖလော်ရီဒါKeys

ကိုကြီးကျောက်တို့ခြေထောက်မှာ ဗွေပါနေတယ်ထင်ပါရဲ့၊ တနေရာမှာ ကြာကြာကိုမနေနိုင်ဘူး၊ လတ်လျားလတ်လျားသွားနေချင်တာ၊ ကျောင်းတက်တာတောင် မိုင် ၂၀ လမ်းလျောက်ပြပြီးမှ စာသင်ခဲ့ရတဲ့မေဂျာကို ယူခဲ့တာကလား၊ ခုလဲအလုပ်လဲ အားရောလျောက်သွားတော့တာပဲ၊ ဟိုနေ့က အမေရိကန်ပြည်ထောင်စုရဲ့ တောင်ဖက်အစွန်းက Key west ကို သွားလည်တာပေါ့၊ ကိုကြီးကျောက်နေတဲ့ နေရာကနေ မိုင်၂၀၀ ကျော်ဝေးတဲ့အရပ်မို့ သိတ်ဝေးတယ်လို့ ပြောလို့မရပေမဲ့ ၄နာရီလောက်တော့မောင်းရတာပေါ့လေ၊ Key ဆိုတဲ့အဓိပ္ပါယ်က စပိန်လို cayo ကလာတာတဲ့၊ ကျွန်းပြန့် (low,flat island)ကိုပြောတာတဲ့၊ စပိန်စကားကို ဘိုသံနဲ့ဗိလပ်မှုပြုလိုက်တော့ key ဖြစ်သွားတာပေါ့လေ၊ဒါ့ကြောင့် ဒို့ဗမာမှုပြုထားတဲ့ ပုလိပ်တို့စာသင်တို့ ဆားပုလင်းတို့ကို ဆက်သုံးရတာအားငယ်စရာတော့မရှိပါဘူး၊ ကိုကြီးကျောက်တို့တော့ ဒီလိုသုံးရတာ မရှက်ပေါင်ဗျာ၊ ကဲ..ကဲ..keys ကိုသွားကြစို့လား၊ အမေရိကန်ပြည်ထောင်စုမှာ တောင်မြောက် ဒိုးယိုပေါက်လမ်းမကြီးတွေမှာ ၉၅ လမ်းမကြီးက အရှေ့ဖက်ကမ်းရိုးတန်းတလျောက်က သွားတာ။ free wayပေါ့၊ မြို့ဝင်ကြေး၊ တံတားကြေး ဘာကြေးမှမရှိ၊ စိတ်တိုင်းကျမောင်းနိုင်တာမို့ မောင်းလာလိုက်တာ မိုင်ယာမီကို ရောက်လာတာပဲ၊


ဘယ်ဖက်ကိုထွက်ရင် မိုင်ယာမီကမ်းခြေရောက်တာမို့ ကြိုးလေးတချောင်းလောက်စည်းပြီး ပက်လက်မှောက်ခုံလုပ်နေတာလေးတွေ ကြည့်ချင်ရင်တော့ ကွေ့လိုက်ယုံပါပဲ၊ ဒါပေမဲ့လဲ ကိုကြီးကျောက်တို့ အာရုံ၅ပါးအလိုမလိုက်တော့ပဲ ရှေ့တည့်တည့်ကို ဆက်ထွက်လာလိုက်တာ down town ထဲဖြတ်လာတော့တာပါပဲ၊


ကိုကြီးကျောက်ကားမောင်းရင် စိတ်ညစ်ရတဲ့မြို့ထဲမှာ မိုင်ယာမီပါတယ်၊ နယူးယော့ခ်ကတော့ စိတ်အပျက်ဆုံးပေါ့၊ နယူးယော့ခ်မှာက Taxiသမားတွေက အတင်းလုမောင်း၊ parking ရှာရတာမလွယ်နဲ့၊ စိတ်ပျက်စရာပါ၊ ဝါရှင်တန်ဒီစီကတော့ လမ်းတွေကကျဉ်း၊ လမ်းတွေက ၅လမ်း ၆လမ်းတွေဆုံတာကများမို့ ညနေ ၃နာရီနောက်ပိုင်းဆိုရင် လမ်းတွေကပိတ်ဆို့နေပြီး မောင်းရင်း အိပ်ငိုက်သွားတတ်လို့တော်တော် သတိထားရတယ်၊ မိုင်ယာမီကတော့ လမ်းတွေကျဉ်းပြီး လူမဲများတာကလဲ စိတ်ညစ်စရာတမျိုးပါ၊

မိုင်ယာမီကျော်တာနဲ့ keysတွေထဲကို ဝင်လာတာပါပဲ၊ keysတွေက ကျွန်းပေါင်း ၈၀၀ ကျော်ရှိသတဲ့၊ ကျွန်းတွေကိုတံတားတွေနဲ့ဆက်ထားတာမို့ အကုန်တဆက်ထည်းလိုပါပဲ၊ အဲဒီကျွန်းတွေကို စပိန်တွေဆီက ဒေါ်လာ ၂၀၀၀ နဲ့ဝယ်ထားတာတဲ့၊ ကိုကြီးကျောက်လဲသတင်းကြားလို့ ၂၀၀၅ ဒေါ်လာ ချက်ရေးပြီး( အဟင်း..၅ကျပ်ပိုပေးထားတာ) လိုက်သွားပေမဲ့ ၁၈၂၁ ခုနှစ်အထိလိုက်ဝယ်ရမှာမို့ လက်လျော့လိုက်ရတာပေါ့လေ၊ ခုချိန်တော့ တကျွန်းထဲတောင် ၂၀၀၀နဲ့မရတော့ဘူး၊ Key west မရောက်ခင် လမ်းမှာ ၇မိုင် တံတားကိုဖြတ်ရတာပေါ့၊ တံတားက ၇မိုင်ရှည်ပေမဲ့ တံတားဖြတ်ခ တပြားမှပေးစရာမလိုပေါင်၊ ဒို့ရွာမှာဖြင့် ၇ ပေလောက် တံတားတောင် တံတားဖြတ်ခ တသိန်းလောက် တောင်းနေတာမို့၊ ခရီးတခါထွက်ဖို့အရေး မလွယ်တာတော့အမှန်ပါပဲ၊ ၇မိုင်တံတားကို အာနိုးပါတဲ့ True lies ၊ ဂျိမ်းစဘွန်းကား Licence to kill၊ မင်းသားPaul Walkerပါတဲ့ 2fast2furious ကားတွေမှာပါတာပေါ့၊ ကိုကြီးကျောက်ကလဲ Paul Walkerလို တလကြမ်းမောင်းတတ်တာမို့ ကျောက်Walker( ကျောက်ပေါ လို့မှည့်လို့တော့ မဖြစ်ဘူး) ပေါ့လေ၊

ဟော...၇မိုင် တံတားလဲရောက်တော့ အိုက်တင်အမျိုးမျိုးနဲ့ ဓါတ်ပုံရိုက်တာပေါ့လေ၊ ကိုယ့်ပုံကိုငယ်တယ်ထင်ရအောင် ဘောင်းဘီအတိုလေးဝတ်၊ ဦးထုပ်လေးဆောင်း(ဦးထုပ်ချွတ်လိုက်ရင် ဆံပင်ဖြူတွေ ပေါ်မှာလေ၊ MKS တို့ကတော့ ဆေးဆိုးထားသတဲ့၊ )၊ ဟိုနေ့က မိုးခါးတို့ ၂၅ နှစ်မွေးနေ့တဲ့၊ ကိုကြီးကျောက်လဲ လာမဲ့မေလ ၂၂ ရက်ဆို မွေးနေ့ပါပဲ၊ မိုးခါးနဲ့အသက်အတူတူပဲ ဂဏန်းကရှေ့နောက်ပြောင်းပြန်ဖြစ်သွားတာ တခုပဲ၊ ဗမာပြည်ကသူငယ်ချင်းတွေကတော့ မြေးတောင်ချီနေကြပြီမို့ စိတ်တွေလျော့လိုက်ကြလို့လားမသိပါဘူး သူတို့ကြည့်ရတာ အဖိုးကြီးပုံတွေ ဖြစ်နေကြတော့တာပဲ၊

ကိုကြီးကျောက်တို့ key west ကိုရောက်တာနဲ့ ပထမဆုံးသွားတာက အမေရိကန်ရဲ့တောင်ဖက်စွန်းနေရာပဲ၊ တောင်ဖက်စွန်းမှာရှိတဲ့ အိမ်ကြီးဟာနှစ်ပေါင်း တရာကျော်ပေမဲ့ ထိမ်းသိမ်းထားတာ သိတ်ကောင်းတာပဲ၊ ရန်ကုန်က ရှေးဟောင်းအဆောက်အဦးတွေ( ဝန်ကြီးများရုံးအပါအဝင်ပေါ့လေ)၊ ပျက်စီးနေတာကို ပြန်ပြန်တွေးပြီး...နှမျောလိုက်တာ..၊
USAရဲ့ တောင်ဖက်အစွန်ဆုံးpointတဲ့၊ ရှူဆေးဗူးနဲ့တူလိုက်တာ..၊ဧကန်တ မိုင်၉၀ပဲ ဝေးတဲ့ကျူးဘားကလူတွေ လှေလှော်ထွက်ပြေးလာတော့ အမောပြေရှူရအောင်လို့နဲ့တူပါရဲ့၊ ဗမာပြည်တောင်ဖက်စွန်း ကော့သောင်းက Victoria အငူကို ရောက်ဖူးပါရဲ့၊ခုတော့ ဘုရင့်နောင်အငူဆိုပြီး ဘုရင့်နောင်ကြီး မတ်တပ်ရပ်နေတယ်ပြောတာပဲ၊ တောင်ဖက်စွန်းကနေကြည့် လိုက်ရင်တော့ Navy ကိုလှမ်းမြင်နေရတာ၊ ကျူးဘားဖက်ကို ဒယ်အိုးတွေထောင်ပြနေတာပဲ၊ မင်းတို့လောက်တော့ ကျော်စားလို့ရတယ်ဆိုပြီးပြောချင်တာလားတော့ မသိဘူး၊ ဒို့ရွာက ဘဘကြီးတွေလဲ ခုလောက်ဆို ဒယ်အိုးထောင်ပြခံနေရလောက်ပြီ၊ အင်း...ထင်တာပြောတာပါလေ..ယမမင်းလဲ အဝီစိမှာ သူ့ဖာသာသူအလုပ်တွေရှုတ်နေလို့ ပြချိန်ရှိမထင်ပါဘူး။
Key west ကနေ အနောက်ဖက်ကြည့်ရင်တော့ သူဌေးကျွန်း၊ ဟောလီးဝုဒ်မင်းသား၊မင်းသမီးတွေရဲ့ အိမ်တွေရှိသတဲ့၊ တန်ဖိုးကလဲ သန်းဂဏန်းလောက်ပါပဲ၊ ဗမာငွေဆိုရင်တော့ သန်းဂဏန်းလောက်များ...ဟင်း၊ ခုတော့ဒေါ်လာနဲ့မှတဲ့၊ တော်ပါသေးရဲ့ FECနဲ့ဆိုရင် အခက်ပဲ၊
ကမ်းနားမှာတော့ နေဝင်ချိန်စောင့်ကြည့်နေကြတဲ့ သူတွေအပြည့်ပါပဲ၊ သီချင်းဆိုပြီးတောင်းတဲ့သူတွေရော..မျက်လှည့်တို့ဆပ်ကပ်တို့ ပြပြီးတောင်းနေသူတွေရော..လက်မှုပစ္စည်းလေးတွေလုပ်ရောင်းနေတဲ့သူတွေရော..စုံနေတာပါပဲ၊ ကိုကြီးကျောက်တော့ နေဝင်တာများအထူးအဆန်းလုပ်ပြီးလာကြည့်နေကြတာ စဉ်းစားလို့မရနိုင်အောင်ပါပဲ၊ ကိုယ်ပဲ မခံစားတတ်လို့လားတော့မသိပေါင်ဗျာ..၊နေဝင်တာကို သင်္ဘောနဲ့ လိုက်ကြည့်ရင် ဒေါ်လာ၄၀လောက် ပေးရသဗျား အဲဒီတော့ အလကားကြည့်ရတဲ့ ကမ်းနားကပဲ ဓါတ်ပုံရိုက်လိုက်ပါတယ်၊ ကိုကြီးကျောက်ဖြင့် ဗမာပြည်မှာ သူ့ထက်လှတဲ့နေရာတွေ အများကြီးမှာ နေဝင်ဆည်းဆာကို မြင်ခဲ့ဖူးတာမို့ ဒီကအဖြူတွေလို သဲသဲလှုပ်မဖြစ်တာတော့ အမှန်ပါပဲ....
တခါထဲ အပြီးpostတင်မလို့ပါပဲ မယ်ချစ်တို့ အားကျပြီး ဆက်ရန်လေး လုပ်လိုက်မယ်..အပိုင်း ၂ မျှော်.....

(မြေပုံနဲ့ ကောင်းကင်က ရိုက်တဲ့ပုံက google ကရတာပါ၊ ကျန်တာတွေကတော့ ကိုယ်တိုင် လက်စွမ်းပြတွေ)

Monday, May 10, 2010

ဘုန်းကြီးတစ္ဆေနဲ့ဗိန္ဓောကျောက်တို့ရဲ့နပမ်းပွဲ


ကိုကြီးကျောက်တို့ငယ်ငယ်က နွေရာသီကျောင်းပိတ်ရက်ဆိုရင် လူကြီးတွေအတော်စိတ်ညစ်ကြတယ်၊ နေပူပူမှာ ညီအကိုတတွေဆော့လွန်းလို့ ပြောရဆိုရ အော်ရဟစ်ရ တော်တော်စိတ်ရှုတ်ရတာပေါ့၊ ဒါ့ကြောင့် ကိုကြီးကျောက်အကိုတွေကိုတော့ အဖေနဲ့ဦးကြီးက ဦးဆောင်ပြီး ဖဲဝိုင်းလုပ်လိုက်တော့ ငြိမ်ဆေးရသွားရတာပေါ့လေ၊


အဲ...ကိုကြီးကျောက်ကိုတော့ ဘုန်းကြီးကျောင်းပို့လိုက်သဗျ၊ အိမ်နားမှာကလဲ စာသင်တိုက်ကြီးတွေကလဲရှိတော့ ဘုန်းကြီးတွေနဲ့ကလဲ ဆရာ၊တကာအရင်းတွေ ဖြစ်နေတာကိုး၊ ကိုကြီးကျောက်ကလဲ ဘုန်းကြီးကျောင်းသားလုပ်ရတာ ပျော်သဗျ၊ ဆော့ဖေါ်ဆော့ဖက် ကိုရင်တွေကလဲအများသားကလား၊ နေ့လည်ဆိုရင် သင်ပုန်းကြီး၊ ပရိတ်ကြီး၊ နမကာရဘုရားရှိခိုး၊ ရတနာရွှေချိုင့်၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း ကနေစလို့ သဒ္ဒါ၊ သင်္ဂြိုလ်၊ သင်ခဲ့ရတာပေါ့၊


ကိုကြီးကျောက်ရဲ့ ငယ်ဆရာတွေထဲမှာ တချို့ကိုယ်တော်တွေက စာသင်စာချအပြင် သူတို့ဝါသနာပါတဲ့ ဗေဒင်၊ တိုင်းရင်းဆေး၊ အဂ္ဂိရတ်ပညာတွေလဲ လေ့လာကြသဗျ၊ ကိုကြီးကျောက် ငယ်ဆရာထဲက ဦးကေသရ ဆိုတဲ့ကိုယ်တော်က တိုင်းရင်းဆေးမှာ အလွန်ဝါသနာပါတယ်၊ သူက တောင်သာနယ်သားဆိုတော့ အဘိဓမ္မာတောင်သာဆေးကျမ်းတွေကိုလဲ အတော်တီးမိ ခေါက်မိတယ်၊ ပျံလွန်တော်မူပြီဖြစ်တဲ့ ကိုးဆောင်ဆရာတော်ဘုရားကြီးရဲ့လက်စွဲပေါ့၊


သူကလဲ ကိုကြီးကျောက်ကို တကာရင်း၊တပည့်ရင်းဆိုတော့ သူ့ပညာတွေ အမွေပေးရှာတယ်၊ ကိုကြီးကျောက်ကလဲ ဆေးပညာနဲ့ ပတ်သက်ရင်နားဝေးလိုက်တာ စိတ်ကိုမဝင်စားဘူး၊ အဲဒီတုန်းကသာ ပိပိစီးစီးလေ့လာခဲ့ရင် ခုချိန် ဘလော့လောကမှာ မယ်ကိ (idiotlove)၊ မငယ်(ငယ်နိုင်)၊ တို့နဲ့အပြိုင် ရေးပလိုက်နိုင်တာပေါ့၊ ကိုယ့်အိမ်ကို အဟမ်း..အဟမ်း..ဆိုပြီး လာနှုတ်ဆက်တဲ့သူကို....ချောင်းတွေဆိုးနေတယ်..တီဘီဖြစ်နေပြီ..HIV positive လဲဖြစ်နိုင်တယ် ဆိုပြီး အားပေးစကားတွေ ပြောလွှတ်လိုက်၊ ယောင်္ကျားတွေကိုလဲ prostate ကင်ဆာဖြစ်နိုင်တယ်၊ မိန်းမငယ်ငယ်လေး ထပ်ယူရင်ပျောက်တယ်လို့ မြှောက်ပေးလိုက်၊ မိန်းမတွေကိုလဲ ယောင်္ကျားတွေရဲ့ အန္တရာယ်ကင်းအောင် ကြွက်ထောင်ချောက်တွေ ဝတ်ဆင်ဖို့ အကြံပေးလိုက် ၊ဖျားလို့တုန်နေတဲ့ လူနာယောင်္ကျားကို မိန်းမဆီက ကူးစက်ခံရတဲ့မီးယပ်ချမ်းရောဂါဆိုပြီး ဘလော့မှာရေးလိုက်နဲ့ ကိုကြီးကျောက်ခမြာ အားရမယ်တောင်မထင်ဘူး၊ ခုတော့ဟုတ်တိပတ်တိ ဘာမှမတတ်ခဲ့တော့ ဗိန္ဓောကျောက်မှာ သိတ်မကြွားနိုင်ရှာဘူး၊


ဒါပေမဲ့လဲ ခေသူသူတော့မဟုတ်ပေဘူးဗျ၊ ယောင်္ကျားတွေအတွက် ပရန္နဝါ အားတိုးဆေးတို့၊ စတုမဓူတို့၊ အမျိုးသမီးများအတွက် ရှားစောင်းလက်ပတ်ချက်ဆေး တို့ မှာတော့ လာထားပဲ၊ သို့ပေမဲ့လဲ ဗိန္ဓောကျောက်ရယ်လို့ နာမည်မကြီးတာလဲ မပြောနဲ့ ဆေးထောင်းရမှာတယ်ပျင်းသကိုး၊ သံဆုံနဲ့ တဂျောင်းဂျောင်း ထောင်းပြီး စကာချနေ ရတာကို စိတ်မရှည်ဘူး၊


တခါတော့ ကိုကြီးကျောက်ဘုန်းကြီးက သူစားဖို့ ဝမ်းမှန်ချက်ဆေး ကို ချက်ခိုင်းလိုက်တာ ကိုကြီးကျောက်ကလဲ ဆေးထောင်းရမှာပျင်းတော့ အမှုန့်ကြိတ်စက်မှာ သွားကြိတ်ပလိုက်တယ်၊ ချက်ပြီးလို့ ဘုန်းကြီးကပ်ပြီး နောက်တရက်မှာတော့ ဘုန်းကြီးက ဟဲ့ကောင် မင်း ချက်ဆေးစားကြည့်ပြီးပလားတဲ့၊ မစားရသေးဘူးဦးဇင်း ဆိုတော့ စားကြည့်တဲ့ ၊ ဒါနဲ့စားလဲကြည့်ရော နောက်တရက်လဲရောက်ရော ဆေးစွမ်းပြပါလေရောလား...ဘာတွေ အချိုးအစားလွဲသွားသလဲမသိဘူး ..စအိုဝမှာ ရွစိရွစိနဲ့ ယားနေပါရောလား၊ လူကြားထဲ ဘယ်လိုကုပ်ရဖဲ့ရမှန်းမသိ..အို..ဒုက္ခ ရောက်ချက်များ၊ ဦးဇင်းရေ တပည့်တော်တော့ ဖင်ယားနေပြီဆိုတော့.. ဦးဇင်းက ဟက်ဟက်ပက်ပက် ရီပြီး..ငါလဲအဲလိုပဲ လွှင့်သာပစ်လိုက်ကွာတဲ့၊ ဟင်း...များတို့သိရင်တော့ နှမျောရှာမှာပဲ၊


ကိုကြီးကျောက်ရဲ့ဦးဇင်းကလဲ တိုင်းရင်းဆေးမှာနာမည်တလုံးနဲ့ဆိုတော့ သူ့ဆီမှာ လူနာတွေကလဲ မပြတ်ဖူး၊ ကိုကြီးကျောက်ကတော့ သူ့ဆေးခန်းကို နာမည်ပေးထားတယ် ၊ ပွဲချင်းပြီးဆေးတိုက် လို့၊ ကဲ..ဘယ်လောက်လှသလဲ..၊ ကိုသက်တန့်တို့ မအယ်တို့ သူတို့ဆေးခန်းတွေကို ဒီနာမည်လေးကိုကြိုက်လို့ မှည့်ချင်သပါ့ဆို မှည့်လို့ရပါ့ဗျာ..၊ တနေ့တော့ ပွဲချင်းပြီးဆေးတိုက်ကို လူနာအမျိုးသမီးတယောက်ရောက်လာတယ်၊ ကိုယ့်ဦးဇင်းကလဲ ဗိန္ဓောအပြင် ပယောဂကလဲကုတယ်၊ ဒီအမျိုးသမီးက ငိုလိုက်ရီလိုက် တယောက်ထဲဖြစ်နေတာ၊ ဦးဇင်းကလူနာအမျိုးသမီးကို ကြည့်ရှုပြီး ကိုကြီးကျောက်ကို အသာလက်ကုပ်ခေါ်တယ်၊ ပြီးတော့ သူ့အခန်းထဲမှာ ကိုကြီးကျောက်ကို ပုလင်းတလုံးပေးပြီး မင်း ဆီးကို ထည့်ယူလာခဲ့စမ်းတဲ့၊ ဘာလုပ်မလို့တုန်းဦးဇင်း ဆိုတော့ ဒီတကာမက ရိုးရိုးပယောဂမဟုတ်ဘူးကွ သွေးပယောဂ မိန်းမသဘာဝ သွေးလေဖေါက်ပြန်လို့ ဖြစ်တာ၊ သူ့ကိုပယောဂမျက်စဉ်းပေးရမှာ၊ မိန်းမဆိုတော့ ဖိုဓါတ်လိုတယ်ကွတဲ့၊ သူ့အတွက်မျက်စဉ်းကို မင်းရဲ့ဆီးနဲ့ စပ်ရမှာတဲ့...ငါကဘုန်းကြီးဆိုတော့ ငါ့ဆီးနဲ့ မလုပ်ကောင်းဘူးတဲ့၊...အမယ်....ဘုန်းကြီးမျက်စဉ်းကပဲ စွမ်းသလား၊ ကိုကြီးကျောက် ဖိုဓါတ်ကပဲ စွမ်းသလားမသိပေါင်ဗျာ....နောက်အခေါက်တွေလာတော့...သက်သာသက်သာလာလိုက်တာ..၊ ကိုကြီးကျောက်မှာဖြင့် သူတို့လာရင် ရေ၂ခွက်လောက်သောက်ပြီး အဆင်သင့်ပြင်ထားရတယ်၊


ဗိန္ဓောဆရာဆိုတော့ ဆေးပင်ဆေးရွက်ကလဲ သိထားရသေးသဗျား၊ ဆေးပင်ကို ကိုယ်တိုင်အရှာထွက်ရတာ၊ ဘယဆေးဆိုင်မှာက စစ်တာလဲရှိ၊ မစစ်တာလဲရှိ ဆိုတော့ ကိုယ့်အနီးပတ်ဝန်းကျင်မှာရနိုင်တာတော့ ကိုယ်တိုင်ခူးရ တူးရတာပေါ့လေ၊ တိုင်းရင်းဆေးပင်တွေမှာ ဗမာပြည်အလယ်ပိုင်းမှာပေါက်တဲ့အပင်က အောက်ပိုင်းမှာပေါက်တဲ့ အပင်ထက် ပိုအာနိသင်ပြင်းသဗျ၊ မိုးခေါင်ရေရှားအရပ်ဆိုတော့ ရှင်သန်ဖို့ကို ပိုပြီးအားထုတ်ရတာကိုး....ဒါကြောင့်အညာသားများ တော်တာနေမှာ( ဘာမှမဆိုင်ဘူး...အချောင်ဝင်ကြွားသွားတာ)၊


ကိုကြီးကျောက်တို့ ဆေးပင် ဆေးမြစ်တူးရင် ပုပ္ပားမြောက်ဖက်စောင်း တောင်သာနယ်ထဲကကုန်းစောင်းလေးတွေမှာ အတူးထွက်တာများတယ်၊ ကိုကြီးကျောက်တို့စိတ်ဝင်စားလိုက်ပုံများတော့ အပင်မြင်လို့ဘာမှန်းကိုမသိဘူး ၊ နာမည်ဆန်းဆန်း ခွေးသေးပန်းတို့ လဒလပျင်းပင်တို့တော့ မှတ်မိတယ်၊


တရက်မှာတော့ ကိုကြီးကျောက်တို့ ဆေးပင်တူးထွက်တော့ ဆင်တဲဝချောင်းဘေးက ရွာတရွာမှာညအိပ်ကြတယ်၊ အဲဒီရွာကို အရင်တလက ဘုန်းကြီးပျံရှိလို့ ရောက်ခဲ့ပြီးပြီ၊ နောက်တင်ထားတဲ့ ကျောင်းထိုင်က မြင်းခြံကိုးဆောင်ထွက်ဆိုတော့ သူ့ကျောင်းမှာညအိပ်စေချင်တော့ အိပ်ကြတာပေါ့၊ ညရောက်တော့စကားစမြည်ပြောကြပြီး ဦးဇင်းကေသရက ကုတင်ပေါ်အိပ်တယ်၊ ကိုကြီးကျောက်နဲ့ အဲဒီကျောင်းက ကိုရင်လေး ဝါယမက ကြမ်းပေါ်မှာအိပ်ကြတာပေါ့၊


ခနကြာတော့ ဦးဇင်းက ဟေ့ကောင်..ဟေ့ကောင်..လာဦးတဲ့..၊ ဘာလဲဦးဇင်းဆိုတော့ ... အရင်ဘုန်းကြီး ငါ့ခြေရင်းမှာ မတ်တပ်ရပ်နေတယ်ကွတဲ့..၊ ဟာ...ဟုတ်မထင်ပါဘူး ဦးဇင်းရာ.. ဆိုတော့ ၊ တကယ်ကွတဲ့၊ ကိုကြီးကျောက်ကလဲ ကိုယ့်ဘုန်းကြီးသရဲကြောက်တတ်တာ သိပြီးသား၊ ဦးဇင်းကလဲ အလကားနေရင်း သရဲကြောက်နေတယ်ဆိုတော့ မင်း ကုတင်ပေါ်လာအိပ်လှည့်တဲ့၊ ဒါနဲ့ ကိုကြီးကျောက်က ဦးဇင်းနဲ့ကုတင်ပေါ်အိပ်ဖို့ရွှေ့တော့ ကိုရင်ကလဲ တပါးထဲ မအိပ်ဝံ့တော့ လိုက်လာတယ်၊ အဲဒီတော့ ကုတင်ပေါ်မှာ ၂ပါးတယောက် ၃ယောက်ပူးအိပ်တာပေါ့၊ ပျံလွန်တော်မူသွားတဲ့ ဘုန်းကြီးကလဲ ကုတင်ခြေရင်းမတ်တပ်လာလာရပ်တာ ဦးဇင်းရော ကိုရင်ရော မြင်ပေမဲ့ ကိုကြီးကျောက်က မမြင်ရဘူး၊ ကိုရင်ကလဲ ကြောက်တော့ အလည်မှာခေါင်းမြီးခြုံလို့ တုတ်တုတ်မှမလှုပ်ရဲဘူး၊


ကိုကြီးကျောက်လဲ အဲဒီညက ကြက်အိပ်ကြက်နိုး ကောင်းကောင်းအိပ်မပျော်ဘူး၊ ဒီလိုနဲ့ မေ့ကနဲ အိပ်ပျော်သွားရော...ကိုကြီးကျောက်ရဲ့ခြေထောက်ကို တယောက်ယောက်က လာဆွဲသဗျ၊ အင်း...ဂျာအေးသီချင်းလို ခြေထောက်ကိုဆွဲလို့ တွဲလွဲတော့ဖြစ်မသွားပါဘူး..တော်သေးတယ် တွဲလွဲကိုဆက်မဆွဲလို့၊ ကိုကြီးကျောက်က ဆွဲတဲ့ခြေထောက်ကို ရုန်းလိုက်တော့ နောက်တဖက်ကိုဆက်ဆွဲပြန်ရော ကိုကြီးကျောက်ကအဆွဲမခံပဲ ကန်ပစ်လိုက်တော့ လေကိုကန်မိသဗျ၊ အို...သူကဆွဲလိုက်..ကိုယ်ကကန်လိုက် သူကရှောင်လိုက်နဲ့ ဗိန္ဓောကျောက်မှာ ကစ်ဘောက်ဆာကျောက်ကို ဖြစ်လို့၊ နောက်ဆုံး ကိုကြီးကျောက်က အားရပါးရ ကန်ပစ်ကန်လိုက်ရော.... ဝုန်းကနဲ ကုတင်ပေါ်က ပြုတ်ကျလိုက်တာ ဘုန်းကြီးကျောင်းလဲ သိမ့်သိမ့်တုန်သွားတာပဲ၊


အကုန်နိုးကုန်တော့ ကိုကြီးကျောက်လဲ ကုတင်ပေါ်ကအိပ်ရင်းလိမ့်ကျသလို နေလိုက်တာပေါ့၊ နာရီကြည့်တော့ မနက် ၄ နာရီထိုးပြီ၊ ဒါနဲ့ ကိုကြီးကျောက်လဲ အိပ်ယာကထ ရေနွေးအိုးတည်၊ မနက်အရုဏ်ဆွမ်းအတွက် ကိုရင်နဲ့ ၂ယောက်သားပြင်ကြဆင်ကြနဲ့ ဘုန်းကြီးတစ္ဆေနဲ့ ဆက်ပြီးနပမ်းမလုံးရတော့ပါဘူး၊


field ဆင်းရင်း ကိုကြီးကျောက်သူငယ်ချင်းတွေ အဲလို အဆွဲခံရတဲ့ ရွှေဘိုကျောက်မြောင်းက ဘိုတဲတို့၊ ကောလင်းဘူတာနားက တိုက်ဝါကြီးတို့၊ အခု ပြတိုက်လုပ်ထားတဲ့ ညောင်ရွှေဟော်တို့ မှာ ဘယ်လိုအဆွဲခံရမှန်းမသိပေမဲ့ ကိုကြီးကျောက်ဖြင့်ခြေထောက်လာဆွဲတဲ့ ဘုန်းကြီးတစ္ဆေနဲ့ ကန်လိုက်ကျောက်လိုက်ရတာ ကုတင်ပေါ်ကလိမ့်ကျယူရတာပဲ။
(muway thai fighting.com မှ ပုံယူပါသည်)

Saturday, May 8, 2010

ကျောက်အချစ် "များ" စူး


အရင်တပတ်က အလုပ်ကလဲ မနားရ၊ ကျန်းမာရေးကလဲချူချာ( အင်း...အသက်ကလဲ ရလာပြီကိုး..ကျန်းမာရေးသာချူချာတာ နှလုံး(နှစ်လုံး ဟုလွဲမဖတ်ပါရန်) ကတော့ ဒေါင်ဒေါင်မည်ပါပဲ) ၊ စာလေးတပုဒ်တောင် မရေးအားဘူးဖြစ်သွားတယ်၊ အပြင်မှာက ရာသီဥတုကပူ၊ အလုပ်ထဲမှာက လေအေးစက်က အသားကုန်အေး၊ အအေးထဲကြာကြာနေတော့ နှာစေး၊ အပြင်ထွက်တော့ အပူလျပ်၊ အလုပ်ကပန်းနဲ့ အိမ်ပြန်ရောက်ရင် ဘလော့လေးတောင် ဖွင့်မကြည့်နိုင်အောင်ပါပဲ။ အိပ်ယာထဲ ခွေနေချင်တော့တာ။ ခုတော့ ဖလော်ရီဒါမှာ အလုပ်ပြီးပြီမို့ အနီးနား ပတ်ဝန်းကျင်မှာ လျှောက်လည်ပြီးရင်တော့ Texas ပြည်နယ် Houston မြို့ကို ခရီးဆက်ရဦးမယ်၊ ဟိုတလောဆီက ကိုရင်စည်သူနဲ့ ဂျီတော့မှာ ပြောကြတော့ သူက နောက်သဗျ..၊ ဘကျောက်တို့က စာဖတ်သူတွေကို သရဲနဲ့မျှားလိုက်..၊ ကြက် နဲ့မျှားလိုက်တဲ့၊ အင်း...ကိုယ့်ဘလော့လေး ပြန်ကြည့်တော့ သူပြောတာ ဟုတ်တုတ်တုတ်ဗျ၊ ဒါ့ကြောင့် ဒီတပတ် သရဲအကြောင်းလေး ရေးမလို့ကြံစီထားတာလေး ခနထားပြီး သရဲမဟုတ်ကြက်မဟုတ် တာလေး ရေးလိုက်မယ်..ကိုင်း.......လာလေရော့.......


ကိုကြီးကျောက်တို့ ဘဓရ ကနေအလုပ်ထွက်ပြီး ( အံမယ်..လွယ်လွယ်နဲ့ အလုပ်ကလဲ အထွက်မခံဘူးဗျ.. ထွက်ခွင့်မပြုဆိုတဲ့စာတွေ အိမ်ကို ခနခန ပို့နေတာ..ဘူမိစီမံက သူငယ်ချင်းတွေကို ပြုပြုမပြုပြု ငါတော့ ရုံးမလာတော့ဘူးလို့ ဖုန်းဆက်ပြောရသေး၊ ဒါလဲ..စာတော့ပို့နေသေးတာပဲ၊ ) ကိုကြီးကျောက်လဲ လားရှိုးမှာနေပြီး ဈေးရောင်းနေတုန်းကပေါ့၊ အဲဒီတုန်းက မန္တလေးကနေလားရှိုးကို ကားနဲ့သွားသွား ရထားနဲ့သွားသွား တနေကုန်စီးရတာ၊ မိုင်၁ရ၀ လောက်ပဲဝေးတဲ့ခရီး၊ ကိုကြီးကျောက်တို့ USမှာမောင်းရင်တော့ ၂ နာရီသာသာလောက် ခရီးလေးပေါ့လေ၊ ကားနဲ့သွားရင် လမ်းမှာ ဓါးပြတိုက်မှာကလဲ ကြောက်ရသေးတဲ့အချိန်ပေါ့၊ ကိုကြီးကျောက်သူငယ်ချင်းဆို လားရှိုးကို အတွင်းခံဘောင်းဘီလေးနဲ့တောင် ရောက်လာခဲ့ဖူးသေး၊ဓါးပြကလဲရတာယူရထင်ပါရဲ့၊ လမ်းကလဲသိတ်မကောင်းတော့ အိမ်ရောက်ရင်တကိုယ်လုံးကို ကိုင်ရိုက်ထားသလိုပဲ၊


အမေရိကကို ရောက်စက အပလေချီယံ တောင်တန်းကြီးကိုဖြတ်ပြီး west virginia ဖက်ကိုခရီးထွက်တော့ ရှမ်းပြည်မှာခရီးသွားရသလိုပဲ၊တောတွေ တောင်တွေရှုမျှော်ခင်း တွေကတယ်တူတာပဲ၊လမ်းတွေပဲကွာတယ်၊ အမေရိကမှာတော့ တောင်ကြီးတွေကို ပေါင်မုန့်လှီးသလိုလှီးပစ်ပြီး ဟိုဖက်တောင်ဒီဖက်တောင် မြေဖို့ပြီးဆက်ပစ်တာမျိုးဆိုတော့ အတက်အဆင်းကလဲနဲလိုက်တာ ကားက ပေ၃၀၀၀ လောက်အမြင့်သာရောက်တယ် တက်လိုက်ရတယ်တောင်မထင်ရဘူး၊


အင်း..လားရှိုးသွားတဲ့အကြောင်းပြန်ဆက်ဦးမှ၊ ကိုကြီးကျောက်က လားရှိုးကိုတက်ရင် အေးအေးဆေးဆေး ရထားနဲ့ပဲသွားတာများတယ်၊ တခါတော့ မေမြို့ရောက်ချိန် ရထားပေါ်ကို ခရီးသည်တအုပ်တက်လာတယ် ၊ ရှမ်းမလေး ၂ ယောက်ရယ်၊ ဗမာမ ၃ ,၄ ယောက်လောက်ရယ် ဂေါ်ရခါးလေး တယောက်ရယ်၊ ကောင်မလေးတွေက ကိုကြီးကျောက်နဲ့ မျက်စောင်းထိုးမှာထိုင်ကြတယ်၊ ဂေါ်ရခါးလေးကကိုကြီးကျောက်ဘေးမှာထိုင်တယ်၊ ကိုကြီးကျောက်ကလဲ ရှမ်းမလေးတွေက ချစ်စရာလေးတွေ ဆိုတော့ သူတို့ကိုငေးနေတာပေါ့လေ၊ မိန်းကလေးတွေဆိုတော့ စကားတွေတွတ်ထိုးနေအောင်ပြောကြတာ၊ ထုံးစံအတိုင်း ယောကျာင်္းလေး အကြောင်းပါပဲ၊ ရှမ်းလိုပြောနေကြတာ၊ သူတို့ရည်းစားကဘယ်လို ၊ဘယ်သူကသူတို့ကို ကြိုက်နေတာ.. စသဖြင့်ပေါ့လေ၊ ကိုကြီးကျောက်ကလဲရှမ်းလို အတော်အသင့်နားလည်တော့ အသာနားထောင်နေတာပေါ့၊ ရှမ်းမလေးတယောက်က ပြောတာက ငါ့ကိုကြိုက်တဲ့လူကြီးက အသက်က ၃၀ တဲ့ ငါ့အဖေလောက်ရှိတာ ငါမကြိုက်ပေါင်တဲ့..၊ ကိုကြီးကျောက်ကလဲ အဲဒီတုန်းက အသက်က ၃၀ ဆိုတော့ ငါ့များစောင်းပြောသလားလို့ လန့်တောင်သွားတယ်၊ ကိုယ်ကသူတို့ကို ငမ်းနေတာ သူတို့ကကိုယ့်ကို အဖေအရွယ်လို့သတ်မှတ်နေပြီလားလို့၊


ဒါနဲ့ ဘေးက ဗမာမလေးတွေ အကဲခတ်လိုက်တော့ သူတို့ကကိုယ့်ခုံဖက်ကို ကြည့်နေကြတာကိုး၊ အဟင်း...ရင်တောင် နဲနဲခုန်သွားတာပဲ၊ ဒါပေမဲ့ သူတို့မျက်စေ့က ကိုကြီးကျောက်နံဘေးက ဂေါ်ရခါးလေးဆီမှာ ၊ ကိုကြီးကျောက်လဲ ဘေးက ဂေါ်ရခါးလေးကိုခုမှသေချာ ကြည့်မိတော့ ..အမယ်...ဒီကောင်က လူချောဗျ၊ မင်းသား ကိနူးရိဗ် လို မျက်နှာမျိုး၊ ကောင်မလေးတွေက ဂေါ်ရခါးလေးကို စကားတွေလှမ်းပြော၊ မုန့်တွေအတင်းပေး၊ ကောင်လေးကလဲ သူတို့ကိုစကားလေး မပွင့်တပွင့်ပြန်ပြောပြီး ပေးသမျှမုန့်တွေကို ကိုကြီးကျောက်ကို အတင်းကြွေး၊ ကိုကြီးကျောက်ကလဲ ဘာလာလာမငြင်းတတ်တော့ စားပြီးရင်းစားရင်းပေါ့လေ၊ ကောင်မလေးတွေက ဂေါ်ရခါးလေးကို ကြွေလေသမျှ၊ ဝေလေသမျှ ကိုကြီးကျောက်ဆီပဲ ရောက်ရောက်လာတာပါပဲ၊


ဒါနဲ့ လားရှိုးရောက်တော့ ဂေါ်ရခါးလေးက ကိုကြီးကျောက်ကို အကိုတည်းတဲ့တည်းခိုခန်း လိုက်ခဲ့မယ်တဲ့၊ ကိုကြီးကျောက်ကိုပြောနေပုံလေးက ကနွဲ့ကရလေး...၊ ကောင်မလေးတွေဖက်ကို လှည့်တောင်မကြည့်ဘူး၊ ကိုကြီးကျောက်ကသာ ကောင်မလေးတွေကို စောင်းငန်းစောင်းငန်းနဲ့ လက်ပြနေတာ၊ ဘူတာကနေ လားရှိုးမြို့ထဲ ကားစီးလာတော့ ဂေါ်ရခါးလေးက ပြောသဗျ၊ အကို့ကိုမြင်မြင်ခြင်း သဘောကျနေတာတဲ့...အလို...ဘုရား..ဘုရား..တခုခုတော့မှားပြီထင်တယ်၊ လူပုံက မိန်းကလေးကျတဲ့ရုပ်ပေမဲ့ သူက ယောကျာင်္းတွေကို ကျနေတာကိုး၊ ဒါကြောင့် ရထားပေါ်မှာ ကောင်မလေးတွေက သူ့ကိုသဘောကျ၊ သူက ကိုကြီးကျောက်ကို ရင်တွေခုံ၊ ကိုကြီးကျောက်က ကောင်မလေးတွေကို အားမနာတမ်းကြည့်နဲ့ ပတ်ချာလည်နေတာကိုး၊


ကိုကြီးကျောက်ရဲ့ တူတော်မောင် ပေါက်ကြီးတို့ အဆိုတော်လေးဖြူနဲ့ ပေါင်းပြီး ၃၅လမ်းမှာထင်ပါရဲ့ လေးဖြူပေါက်ကြီးတေးသံသွင်း ဆိုပြီးဖွင့်ကြတုန်းက သူတို့ဆိုင်အပေါ်ထပ်မှာ အလှဖန်တီးရှင် မာမီခင်စန်းဝင်းတို့ ရှိတယ် ၊ မာမီတပည့်လုံးမလေးတွေထဲမှာ ယောကျာင်္းဥပဓိရုပ်ကောင်းတဲ့သူတွေ ပါတာတွေ့ရပေမဲ့ သူတို့ကိုယ်က အလှဖန်တီးရှင်ဖြစ်ချင်နေတာ၊ ခုလဲ ဂေါ်ရခါးကိုလူချောက ကိုကြီးကျောက်ကို ကပ်နေတာ တည်းခိုခန်းရောက်ရောဆိုပါတော့၊ တည်းခိုခန်းမှာ ကိုကြီးကျောက်က ကြက်လေးတကောင် အခန်းထဲသွင်းထားတော့ သူ့ခမြာကိုကြီးကျောက်ကို ကပ်ဖို့အခွင့်မသာဘူးပေါ့လေ၊


ဒါနဲ့ ကိုကြီးကျောက်နဲ့ ကြက်လေးတွေတိုင်ပင်ပြီး သူ့အခန်းတံခါးကိုခေါက်လိုက်ရော သူကကိုကြီးကျောက်ဆိုပြီး အားရဝမ်းသာ တံခါးဖွင့်ပေးတာပေါ့လေ၊ ကိုကြီးကျောက်က ကြက်လေး ၂ယောက်ကို သူ့အခန်းထဲထည့်ပြီး အပြင်က ကနေတံခါးပိတ်ထားလိုက်တာပေါ့၊..ဟောဗျား...သူ့အသံတွေ အပြင်ကအတိုင်းသားကြားရတာပါပဲ...အိုကွယ်...ဘယ်လိုတွေလုပ်နေတာလဲ....ဒီမှာလေ ...ဖီလင်တွေတက်နေပြီ....ဟယ်....ဒို့ကို ဒီလိုတွေမလုပ်နဲ့လေ....၊ ကိုကြီးကျောက်နဲ့ ကြက်လေးတွေ အခန်းအပြင်ကနေ တခွိခွိ...ရီလိုက်ရတာ..၊ ခနကြာတော့ သူ့အခန်းတံခါး ဝုန်းကနဲ ပွင့်လာပြီး ကြက်လေးနှစ်ယောက် စပ်ဖြဲဖြဲ နဲ့ထွက်လာတယ်၊ အကို့လူက အလုပ်မဖြစ်ပါဘူးတဲ့၊ သူတို့နောက်က ကိုဂေါ်ရခါးကပြေးထွက်လာပြီး ကိုကြီးကျောက်ပြေးလာဖက်၊ ရင်ခွင်ထဲ ခေါင်းလေးထိုးပြီး... ဟင်း....အကိုသိတ်ဆိုးတာပဲ၊ လူဆိုးကြီး မုန်းစရာကောင်းတယ်တဲ့....


ဪ.....လက်စသတ်တော့...ကျောက်အချစ်က...များ မှာသွားစူးနေတာကိုး...မှားပါတယ်ဗျာ....အဲဒါနဲ့ပဲ ကိုကြီးကျောက်ရဲ့ အချစ်မြှားက တလွဲတွေမှာ သွားစူးနေတော့ ခုထိလူပျိုကြီးဖြစ်နေရတော့တာပါပဲဗျာ။
(cupid ပုံကို bing.com မှယူပါသည်)