Wednesday, December 30, 2009
ဂဝံရုပ်များနှင့်ဘဝခြားလေသူတဦး
ဂဝံရုပ်တွေအကြောင်းကို ကြားဖူးသူရှိသလို မသိကြသေးတဲ့သူတွေလဲ ရှိမယ်ထင်ပါတယ်၊ ဒီဂဝံရုပ်ဆိုတာက လောကီအဆောင်အယောင်တမျိုးပါပဲခင်ဗျာ၊ အထူးသဖြင့် ယောင်္ကျားတွေရဲ့ ပီယဆေးအဆောင်ပါပဲ၊ မမြင်ဖူးသေးတဲ့သူတွေကို ပုံနဲ့တကွ ပြချင်ပေမဲ့ ဒီအရုပ်တွေက ကိုကြီးကျောက် ဗမာပြည်မှာချန်ထားပစ်ခဲ့လို့ မပြနိုင်သေးတာတော့ သည်းခံပေးကြပါ၊
ဒီအရုပ်တွေနဲ့ ကိုကျောက်တို့ ဘယ်လိုဆက်စပ်ခဲ့သလဲ ဆိုရင်တော့ ကိုကျောက်ငယ်ငယ် ကိုရင်ဘဝကစပြောရလိမ့်မယ်၊ ကိုကျောက်တို့အိမ်နားမှာ ပရိယတ္တိစာသင်တိုက်ကြီးတွေရှိတော့ ကိုကျောက်က အားရင်သင်္ကန်းကို ဝတ်နေတော့တာကိုး၊ အဲဒီတော့ စာဝါလိုက်ဖက် သူငယ်ချင်းကိုရင်တွေက အများသား၊ ဦးပဉ္ဇင်းတွေဖြစ်လာတော့ တချို့လဲ စာချကိုယ်တော်တွေ တချို့ လဲ တောရွာလေးတွေမှာ ကျောင်းထိုင်ကိုယ်တော်တွေဖြစ်ကုန်ကြတာပေါ့၊ ဒီတော့စာသင်သားဘဝလိုမဟုတ်တော့ အားလပ်ချိန်တွေမှာ ဝါသနာပါရာတွေ လုပ်ကြတော့တာပဲ၊
ငယ်သူငယ်ချင်း လက်ထောက်ကျောင်းထိုင် ဦးပဉ္ဇင်းတပါးက ရှေးဟောင်းထူးဆန်းတဲ့ပစ္စည်းတွေစုတာ ဝါသနာပါတယ်၊ ဒီတော့ တကာကျောက်နဲ့ တွဲမိတော့တာပေါ့၊ နှစ်ယောက်သားဗမာပြည်အလည်ပိုင်းက ပတ်သက်ရာပတ်သက်ကြောင်း ရွာတွေကနေပစ္စည်းတွေစုကြတဲ့အခါ ညာတင်ကုတ်ဘုရားတဆူလဲ ရလာတယ်၊ ဘုရားရဟန်းတော်တွေမှာ သင်္ကန်းကိုတင်တဲ့အခါ ဘယ်ဖက်ပခုန်းပေါ်တင်လေ့ရှိပေမဲ့ အဲဒီဆင်းတုမှာတော့ ညာဖက်ပခုန်းမှာတင်တယ်၊ ကျွန်တော်တို့ကတော့ ဘုရားမဟုတ်ညာတင်ကုတ်လို့ပဲသတ်မှတ်တယ်၊ လောကီအစီအရင်တွေနဲ့ ဆောင်ရွက်ထားတာဆိုတော့ အနေကဇာတင်ဖို့မလိုပါဘူး၊
ကျွန်တော်တို့လက်ထဲမှာ အများဆုံးရောက်လာတာတော့ ဂဝံရုပ်တွေပဲ၊ မူလပိုင်ရှင်တွေက အသက်အရွယ်ရလာတော့ ဒါတွေဆောင်မထားချင်တာလဲပါတာပေါ့၊ ကျွန်တော်လက်ထဲမှာ ဂဝံရုပ်(၃)မျိုးရှိတယ်၊ ဂဝံမျက်နှာဖုံး၊ ဂဝံသားပိုက်၊နဲ့ ဂဝံကုပ်ဖြဲတဲ့၊ ဂဝံရုပ်တွေအားလုံးဟာ အင်္ဂါအပြည့်အစုံပါတဲ့ မိန်းမရုပ်တွေချည့်ပဲ၊ မျက်နှာဖုံးအရုပ်က မျက်နှာကိုလက်ဖဝါးနှစ်ဖက်နဲ့ဖုံးအုပ်ထားတယ်၊ သားပိုက်အရုပ်က ကလေးကိုပွေ့ပိုက်ထားတယ်၊ ကုပ်ဖြဲကတော့...အင်း..ကုပ်ဖြဲလို့ပဲထားလိုက်ပါတော့၊
ဒီအရုပ်တွေကိုဂါထာစုပ်ပြီး အသက်သွင်းပေးမှ အသက်ဝင်သဗျ၊ ဒီအရုပ်ရဲ့သခင်ပဲဖြစ်ဖြစ် သခင်ရဲ့အိမ်သူအိမ်သားဖြစ်ဖြစ် သေရင်လဲ အရုပ်မှာအစောင့်ကမနေတော့ဘူး၊ တနေရာရာဖြစ်ဖြစ် ပိုင်ရှင်အသစ်လက်ထဲဖြစ်ဖြစ် ပြောင်းထားမှအရုပ်ကစွမ်းတယ်၊ ဘာတွေစွမ်းသလဲလို့မေးရင်တော့ မိန်းမတွေအကြောင်းမရှိ အကြောင်းရှာပြီး ကိုယ့်ဆီလာနေတာရှိတာပါပဲ၊ ငယ်ငယ်ကလိုဆိုရင်တော့လဲ သဘောကျရင်ကြမှာပေါ့လေ၊ နဲနဲအသက်လေးရလာတော့ ကိုယ်ပိုင်အချိန်တွေထဲက သူတို့ကိုခွဲဝေပေးရတာ အတော်ငြီးငွေ့စရာကောင်းတာပဲ၊ မိန်းမယူရတာမငြီးငွေ့တတ်တဲ့ ကျွန်တော်တို့မြင်းခြံမြို့မရပ်သူကြီး ဦးအင်စွန်ဆိုရင် သူ့ဆီမှာအဲလိုလောကီအစီရင်အရုပ်တွေ ဆိုတာ ဖလားစုံကွမ်းအစ်ကြီးနဲ့ အပြည့်ပဲ၊ သူကလဲမိန်းမဘယ်နှစ်ယောက်ယူခဲ့သလဲ ဆိုရင် တချို့ကိုလမ်းတွေ့ရင်တောင် မမှတ်မိဘူးတဲ့၊
အဲဒီပီယဆေးဆိုတာတွေထဲမှာ ကျွန်တော် မေမြို့နယ် ဘော်၊ ပဒါန်း၊ ရှမ်းရွာတွေဖက် field ဆင်းတုန်းက ရှမ်းအဖိုးကြီးတယောက်ပေးတဲ့ ရွှေကလောင်ဆေးဆိုရင် တကယ်စွမ်းသဗျ၊ အဲဒီဆေးနဲ့တို့ပြီး ရည်းစားစာရေးရင် ချက်ချင်းစာပြန်တာပဲ၊
ကဲ..အရုပ်တွေအကြောင်းခနထားလို့ ဦးဇင်းအကြောင်းဆက်ကြစို့၊ ကျွန်တော့ဦးဇင်းမှာလဲ ဒီအရုပ်တွေရှိကထဲက တကာမတွေက ဟိုဟာလာလှူ ဒီဟာလာလှူနဲ့ သူ့ကျောင်းမှာတကာမတွေ တရုံးရုံးဖြစ်နေတယ်၊ သူကလောကီအစီအရင်ပညာတွေလဲတီးမိခေါက်မိထင်ပါရဲ့ ဒီအရုပ်တွေကို သူအသက်ပြန်သွင်းပေးထားတာ၊ မြွေတွေဘာတွေဆိုရင်လဲ တကယ်နိုင်တယ်၊ သူ့ကျောင်းဝန်းထဲမှာ ရှေးဟောင်းစေတီပုထိုးတွေက အများကြီး၊ ဘုရားတွေရဲ့ အုတ်အကြိုအကြားမှာ မြွေဟောက်တွေက အေးလို့အသိုက်ဖွဲ့နေတတ်တယ်၊ ညဆိုရင် မြွေဟောက်တွေက အစာရှာထွက်တတ်တာကိုး၊ နွေရာသီညတွေ အိုက်လို့ ကျောင်းရှေ့ကွပ်ပစ်မှာထိုင်ပြီး စကားပြောနေကြတုန်း မြွေဟောက်တကောင်လောက်လာရင် သိတ်သိသာတယ်၊ မြွေဟောက်ကနှာမှုတ်သံအရမ်းပြင်းတာပဲ၊ မြေကြီးကိုတရှူးရှူးမှုတ်ပြီးလာတယ်၊ ဦးဇင်းက ဟိတ်ကောင် ခေါင်းမထောင်နဲ့ဆိုရင် လုံးဝပါးပျဉ်းမထောင်ဘူး၊ ကျွန်တော်တောင်ဦးဇင်းနဲ့ပေါင်းမိတာနဲ့ မြွေဆိုရင်သိတ်တောင်ဂရုမစိုက်တော့ဘူး၊
ဒီလိုနဲ့တနေ့တော့ ကျွန်တော့ဦးဇင်းဒူးနာပြီး ဒူးကြီးယောင်လာတယ်၊ အမှန်ရောဂါက နှလုံးသွေးကြောကျဉ်းလို့ ဖြစ်တာ၊ ဗမာပြည်လဲ ဒီရောဂါခုမှခေတ်စားလာတော့တာလေ၊ ကိုလက်စထရောတွေအလွန်များတဲ့ လူမစားသင့်တဲ့အုန်းဆီတွေ ဒီဖက်ခေတ်မှာ စားဖို့သွင်းလာကြတာကိုး၊ ပထမတော့ ကျွန်တော်တို့ကရိုးရိုးဒူးနာတာလောက်ပဲထင်လို့ ဒူးကိုဆေးလိမ်းနေကြတာ၊ တနေ့တခြားမသက်သာပဲ ပုံပုံလဲတော့မှ ECG ရိုက်ကြည့်တော့ နှလုံးသွေးကြောက တအားကျဉ်းနေပြီ၊ ဦးဇင်းကလဲ ဆေးကုမခံချင်ဘူး၊ သူ့အသက်(၄၀) ထက်ပိုမနေရဘူးပဲ တွင်တွင်ပြောနေတယ်၊
အဲလိုပြောပြီး နောက်တညမှာတော့ အထူးအဆန်းတခု ဖြစ်လာတယ်၊ ဦးဇင်းကျောင်းက တယ်လီဖုန်းက ဗမာပြည်က တယ်လီဖုန်းထုံးစံအတိုင်း သစ်သားအိမ်လေးနဲ့ သော့ခတ်ထားတာလေ၊ မြင်ဖူးကြတယ်မို့လား၊ အဲဒီသစ်သားအိမ်လေးက ဂေါက်..ဂေါက်..ဂေါက်..နဲ့ အသံတွေမြည်နေတာပဲ၊ ဒါနဲ့ သော့ဖွင့်ကြည့်လိုက်တော့....လား..လား...ဂဝံရုပ်တွေက ထခုန်နေတာကိုး၊ ဦးဇင်းက သူ့အရုပ်တွေကို ဖုန်းအိမ်ထဲမှာထည့်ထားတာကိုး၊ ဦးဇင်းက ခပ်အေးအေးပဲ ..အင်း....ကျုပ်သေမှာသိလို့ သူတို့ နေရာပြောင်းချင်လို့ခုန်နေတာဗျတဲ့၊ ဦးဇင်းလဲ အဲဒီအရုပ်တွေကို ရေစကြိုနယ် မင်းလှက ဦးဇင်းတပါးဆီပို့လိုက်တယ်၊ နောက်တလမှာ ဦးဇင်းလဲ ပျံလွန်တော်မူပါတယ်၊ ဝါ(၂၀)၊ အသက်တော်(၄၀)မှာပါ၊
ရက်မလည်ခင်မှာတော့ ညတိုင်းကျွန်တော်ဘုန်းကြီးကျောင်း သွားပါတယ်၊ မနက်ဖန်မှာ ရက်လည်တော့မယ့်ညမှာတော့ ကျွန်တော်လဲရောက်ရော မီးတွေဖွင့်လိုက်ပိတ်လိုက် ဖြစ်ပြီး သော့ပိတ်ထားတဲ့ ဦးဇင်းအခန်းတံခါးဟာ တဝုန်းဝုန်း..တဒိုင်းဒိုင်း..ဆွဲခါနေတော့တာပဲ၊ ဖဲဝိုင်းကလူတွေလဲ အလန့်တကြားဖြစ်ပြီး ထပြေးကြမလို့ပြင်နေကြပြီ၊ ကျွန်တော်က သူတို့ကိုအသာလက်ကာပြပြီး အခန်းတံခါးကို ရသလောက်ဟပြီး အတွင်းကို ချောင်းကြည့်လိုက်တော့.....ကျွန်တော့ဦးဇင်းဟာ သင်္ကန်းဝတ်နဲ့မဟုတ်ပဲ အဝတ်ဖြူဝတ်ပြီး အခန်းထဲမှာလမ်းလျှောက်နေတာတွေ့လိုက်တော့ တော်တော်အံ့အားသင့်သွားပါတယ်ခင်ဗျာ၊ ဒါပေမဲ့ ဖဲဝိုင်းကအဖွဲ့တွေ ကြောက်မှာစိုးလို့ ဘာမှမတွေ့သလိုနေပြလိုက်ပါတယ်၊ ဘဝချင်းခြားခဲ့လေပြီဖြစ်သောတယောက်ကို ဒီလောက်ထင်ထင်ရှားဒီတခါပဲတွေ့ဖူးပါတယ်ခင်ဗျာ။
ကျွန်တော် ၂၀၁၀ ခုနှစ်မှာ ဗမာပြည်ကို ခနအလည်ပြန်ရန် အစီအစဉ်ရှိပါသည်။ ကျွန်တော့ဂဝံရုပ်များ အသက်ဝင်မဝင်ကြည့်ပြီး စီမံစရာရှိတာများစီမံပြီး ယူလာခဲ့ပါမည်၊ စိတ်ဝင်စားသူ ဘလော့ဂါ ညီငယ်များ ကျွန်တော်ဗမာပြည်ရောက်လျင် ဆက်သွယ်နိုင်ပါသည်၊ မိန်းမများတရုံးရုံးဖြစ်၍ ဒုက္ခများပါက ကိုကြီးကျောက်တာဝန်မယူပါ။
Saturday, December 26, 2009
နှစ်သစ်မင်္ဂလာ မေတ္တာပို့
၂၀၀၉ ခုနှစ်ကုန်လို့ ၂၀၁၀ နှစ်ကူးတော့မယ်ဆိုတော့ နှစ်သစ်အတွက် ဆုတောင်းမေတ္တာပို့သသံတွေ တကမ္ဘာလုံး ညံစီနေပြီပေါ့ဗျာ၊ ကျွန်တော်တို့ဗုဒ္ဓဘာသာမှာတော့ အဟံအဝေယျောဟောမိ ဆိုပြီး ကိုယ့်ကိုယ်ကို အရင်စပြီး မေတ္တာပို့ရတာကိုး၊ဘယ်သူမဆို ကိုယ့်ကိုယ်ကို က အချစ်ဆုံးမို့လား၊အဲဒီနောက်မှ ဆွေမျိုးသားချင်း ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ အရပ် ၁၀ မျက်နှာ စင်္ကြဝဠာအနန္တ ၃၁ ဘုံသားအားလုံးကို မေတ္တာပို့ရတာကိုး၊ ကဲ...ကိုယ့်ဖာသာကိုယ်ကတော့ မေတ္တာပို့ပြီးပါပြီ၊ Mega Million ထီဆုကြီးလဲ ပေါက်ပါစေလို့ အားတက်သရောလဲ ပို့ပေးရသေးသဗျား၊ ဒီနောက်တော့ ဝေးနေနီးနေ မိတ်ဆွေတွေ မေတ္တာပို့ရမှာပေါ့ဗျာ၊
ဆုတောင်းမေတ္တာပို့တော့ ကျွန်တော့ဘွားအေကြီးရဲ့ သံသေးသံကြောင် ဆုတောင်းမေတ္တာပို့လဲ သတိရမိပါ့ခင်ဗျာ၊ ကျွန်တော့ဘွားအေကြီးက မယ်ခါတဲ့၊ သူ့မောင်က ဦးဘိုးသောင်တဲ့၊ အမိန့်တော်ရရှေ့နေကြီးပေါ့၊ အမိန့်တော်ရရှေ့နေဆိုတော့ ဝတ်လုံတော်ရရှေ့နေကြီးတွေလို B.A BL တော့ မဟုတ်ပါဘူး၊ အင်္ဂလိပ်စာ ၄ တန်းအောင်တော့ ရှေ့နေစာမေးပွဲဖြေပြီး အမိန့်တော်ရမင်းဖြစ်ရတာပါ၊ အမိန့်တော်ရမင်းကလဲ အလုပ်ကြိုးစားလိုက်ပုံများက ကလေးက တကျိပ်လောက်ရှိသတဲ့၊ မြင်းခြံအရေးပိုင်ရုံးမှာ နေ့တိုင်းသွားနေရတော့ အင်္ဂလိပ်စာတတ် ဗမာတွေ ရာထူးရာခံတွေနဲ့ မြင်ရလို့ သားတွေသမီးတွေကို အင်္ဂလိပ်စာပညာတတ်တွေဖြစ်စေချင်သတဲ့၊ သားသမီးတွေ အင်္ဂလိပ်စာသင်ကျောင်း ထားဖို့ကလဲ အဲဒီအချိန်က မြင်းခြံမှာ အမေရိကန်ဘက်ပတစ် မစ်ရှင်က ဖွင့်ထားတဲ့ ABM အထက်တန်းကျောင်းနဲ့ အစိုးရအထက်တန်းကျောင်းတွေ ကလဲ ပညာသင်စားရိတ်ကြီးလွန်းတော့ ရှေ့နေဝင်ငွေလေးနဲ့ မထားနိုင်ရှာဘူး၊ ဒီတော့ သားသမီးတွေ အင်္ဂလိပ်ကျောင်းထားနိုင်ဖို့ အမေရိကန်နှစ်ခြင်းအသင်းတော်မှာနှစ်ခြင်း ခံဖို့ဆုံးဖြတ်သတဲ့၊ ဒါမှလဲ အခမဲ့ ပညာသင်ခွင့် ရမှာကိုး၊ ဒီကိစ္စကိုတော့ ရှေးရိုးအညာသူမကြီး ဖြစ်တဲ့ ကျွန်တော့ဘွားအေကြီးနဲ့ ဆွေမျိုးတသိုက်က မကျေလည်ကြဘူးပေါ့ဗျာ၊
ဒါပေမဲ့လဲ အမိန့်တော်ရမင်းရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ဘာမှမပြောသာဘူးပေါ့၊ ဒါနဲ့ အမိန့်တော်ရ ဦးဘိုးသောင် မိသားတစုလုံးနှစ်ခြင်းခံလိုက်တယ်ပေါ့ဗျာ၊ အဲဒီအချိန်ကစလို့ ဦးဘိုးသောင်ရဲ့အိမ်မှာ ခရစ်စမတ် Eve နဲ့ နှစ်သစ်ကူးအကြိုညတွေမှာ ရင်းနှီးတဲ့မိတ်သင်္ဂဟများကို ဖိတ်ကြားလို့ ဆုတောင်းမေတ္တာပို့ပွဲတွေ ကျင်းပတော့တာပါပဲ၊ ကျွန်တော့ဘွားအေကြီးကလဲ နှစ်တိုင်းမပျက်မကွက်တက်တယ်၊ ဒါပေမဲ့ အိမ်ထဲမှာ အများနဲ့ညီညီညာညာ ဆုတောင်းတာမျိုးမဟုတ်ပဲ ဦးဘိုးသောင်ရဲ့အိမ်ထောင့်က မီးသတ်ရေပိုက်ခေါင်းပေါ်တက်ပြီး (အင်္ဂလိပ်ခေတ်က ကိုလိုနီဆိုပေမဲ့ မြို့တွေဆိုရင် မြို့နဲ့တူအောင် လမ်း၊ရေ၊မီး အားလုံး စနစ်တကျ ဆောင်ရွက်ပေးထားတာကိုး၊လမ်းထောင့်တွေမှာ မီးသတ်ရေခေါင်းတွေနဲ့ ဘယ်မြို့မှလဲ အကြီးအကျယ်မီးလောင်တယ် မရှိဘူး၊ မြို့တွေကလဲ အလွန်သန့်ရှင်း၊ ခုများတော့ ပြောကိုမပြောချင်ပါဘူး ) သံသေးသံကြောင်နဲ့ အော်ဟစ်ပြီး ဆုတောင်းတော့တာပဲတဲ့၊ အမိန့်တော်ရမင်းခမြာ ဧည့်သည်တွေကိုအားနာ၊ အမကြီးကိုလဲ ကြောက်ရနဲ့၊ ဘာလုပ်ရမှန်းမသိ ဖြစ်နေသတဲ့၊ ဒါနဲ့ အိမ်ရှေ့ထွက်ပြီး သူ့အမကြီးကို အိမ်ထဲဝင်ဖို့ပြောသတဲ့၊ အဲလိုပြောကာမှ ပိုဆိုးလိုက်ပုံများက မယ်ခါက မီးသတ်ရေခေါင်းပေါ် မတ်တပ်ရပ်နေရင်း ထမိန်ကို ကွင်းလုံးပုံချလိုက်သတဲ့ ၊ပြီးတော့ပြောလိုက်ပုံများက ...မင်းက စာဖြူဖြစ်တာမရှက်တော့ ငါကလဲ မင်းထက်တောင်ပိုပြီး အရှက်နဲသေး သဟဲ့ တဲ့၊ ...ကဲ မခက်ပေဘူးလား..၊ ဧည့်သည်အားလုံးက ခင်မင်ရင်းနှီးသူများဖြစ်ကြတော့ အားလုံးက ရီရီမောမောနဲ့ ဆုတောင်းပွဲ ဆက်လုပ်ကြသတဲ့၊
ကိုကြီးကျောက်ကတော့ သံသေးသံကြောင်နဲ့ မဟုတ်ပဲ အမှန်အကန်ကို မေတ္တာပို့မှာမို့ ရင်းနှီးသူတွေထဲက လက်ဦးပထမ စပြီးပို့မှာတော့ ကျွန်တော့ဂျီးတော်ကြီး ခင်ဦးမေပါပဲ၊ ဂျီးတော်ကြီးက ကျွန်တော်blog လုပ်တတ်အောင် အစစနှုတ်၏ စောင်မခြင်းနဲ့ ကူညီပေးခဲ့သူပါ၊သူ့အားပေးကူညီမှုနဲ့ ဒီblog လေး စ ဖြစ်လာတာပါ၊ နောက် ညီညီမြန်မာ (သူက ကျွန်တော့အကိုအရင်းကမွေးတဲ့ တူအရင်း)၊ ကျွန်တော်တို့ရဲ့ ကျောက်ခဲ မိသားစု ဖြစ်တဲ့ အောင်သာငယ်၊ ချိုသင်း၊ မကေ၊ ကိုထိုက်၊ ငချမ်းကောင်၊ တို့ကလဲ ရှေ့ဆုံးက မေတ္တာပို့ရမဲ့အဖွဲ့တွေပါ၊
အညာသူအညာသား ကျွန်တော့ဆွေမျိုးများဖြစ်ကြတဲ့ ကိုမျိုး (မွေးရပ်မြေအညာ)၊ကိုနဗန၊ညောင်ဦးဖီး(ကိုပီတိ)၊စစ်ကိုင်းသူမယ်ခရေ(ခရေညို)၊ ရေစကြိုသူ Rita၊ ကျွန်တော့ကို အကိုအရင်းလို စလိုက်ပြောင်လိုက်နေတတ်တဲ့ မအယ်(ဂျူနို)၊ မယ်ကိ(kiki) ၊သဂျီးကိုလူထွင်း (ကိုလူထွေး)၊ ကိုမိုး (ဘလော့ဂါမောင်မိုး)၊ ချဉ်ပေါင်ရွက်သည်မောင်ကြိုင်(ကိုဘကြိုင် (ချဉ်ပေါင်ခြံ))၊ကျွန်တော့ဆီက သူရဲပုံပြင်တွေ နားထောင်ချင်တတ်တဲ့ တူမများဖြစ်သော မိုးမင်းကြီး (mingalarmomiji)၊ မယ်ဆွိ(sweetpeony)၊ ဖြူဒုတ်၊မိုးခါး၊စာရေးရင် အချက်အလက်တွေ စနစ်တကျတင်ပြတတ်တဲ့ တူမ မငယ် (ငယ်နိုင်)၊နဲ့ မယ်ဆု(မဆုမွန်)၊တူတော်မောင် တောင်ပေါ်သား (သူ့တော့ဖားထားမှ အဒေါ်အပျိုကြီးတွေ ရှိသတဲ့)၊ ကျွန်တော့မိတ်ဆွေကြီးများ ဖြစ်ကြတဲ့ ကိုချစ်ဖေကြီး၊ ကိုဆောင်း(ဆောင်းယွန်းလ)၊ကိုအောင်(ပျုနိုင်ငံ)၊ကိုတင်မင်းထက်၊ကိုမောင်(မောင်မောင်ဘလော့)၊ဒူဂဘာကြီး၊ ကလူသစ်၊ကိုလင်းဦး(လင်းဦး (စိတ်ပညာ)၊ ကိုဝင်းကြည်(ရွှေလမ်းငွေလမ်း)၊ ကိုရင်နော်(ကိုရင်နော် ခင်လေးငယ်)၊ ကိုလင်းဒီပ၊ ညီငယ်တွေထဲက ကိုမျှစ်ချိုး(မြစ်ကျိုးအင်း)၊ဂရိတ်ဖိုးစိန်၊ဏီလင်းညို၊ ဗညား(နတ်ဆိုးရေးတဲ့ပရပိုဒ်)၊လင်းနေ(အိပ်မက်ခြေရာ)၊ နည်းပညာနဲ့ပတ်သက်ရင် အားကိုးရတဲ့ မောင်ကျော်စွာ၊ စာရေးကောင်းလှတဲ့နှမတွေထဲက မယ်သက်(သက်ဝေ)၊မယ်ချစ်(ချစ်ကြည်အေး)၊ မယ်ကိုး၊ မသိင်္ဂီ(သိင်္ဂီနွယ်)၊မနှင်း (နှင်းနဲ့မာယာ)၊ ရွှေဇင်(ရွှေဇင်ဦး)၊လှို့ဝှက်သဲဖိုဆရာမကြီး သိင်္ဂါကျော်၊ အချောအလှပဂေးနတ်သမီးလေး(အဖြူရောင်နတ်သမီး)၊ တို့နှစ်သစ်ကူးမှာ ကျန်းမာချမ်းသာစေဖို့မေတ္တာပို့သပါတယ်၊
ကျွန်တော်က စကားပြေကို အားသန်တော့တော်ရုံတန်ရုံနဲ့ ကဗျာဘလော့တွေ မရောက်တတ်ပါဘူး၊ အဟဲ..ပွင့်ပွင့်လင်းလင်းပြောရရင် နားမလည်တာလဲပါတယ်၊ ကိုယ်က အကောင်ပြလို့မှ ဘာကောင်မှန်းမသိတတ်တာမျိုးကလဲ ခနခန၊အမေရိကန် Eagle ကို လင်းတလို့ထင်တတ်တဲ့သူဆိုတော့ ကဗျာတွေက အတိတ်တွေ၊နမိတ်တွေ၊ တဘောင်တွေ၊စနည်းတွေနဲ့ ရေးထားရင် ဘာမှမသိဘူးဗျ၊ ဒါပေမယ့် ကျွန်တော်အမြဲရောက်တဲ့ ကဗျာဘလော့တွေတော့ရှိတယ်၊ မိန်းကလေးသဘာဝကို လှလှပပဖွဲ့ဆိုပြတတ်တဲ့ ကျွန်တော့နှမ ပန်းကလေး(မမသိရီ)၊ အရေးအသားရဲတင်းလှတဲ့ သိုးထိန်း၊ညီငယ် မောင်ဖုန်းမြင့်၊ နဲ့ မိုးလှိုင်ည တို့ဆီတော့ ရောက်ပါတယ်၊ သူတို့လဲ ကျွန်တော့မေတ္တာပို့ကို ရကြပါစေ၊
တကယ်မကြွေးပဲ ချက်ပြုတ်ပြတတ်တဲ့ မယ်မြူးလေး(မြူးသျှရီ)၊ အထူးအဆန်းတွေ ဖတ်ရတဲ့ သက်တန့်ချို၊ ကိုပီတာ၊ကိုယ်တိုင် ဘလော့မရေးပေမဲ့ ဘလော့ဂါမိသားစုဝင်လို ဖြစ်နေတဲ့ New York က မီးငယ်၊ ဂွမ်းပုံခေါ် ဂွိပုံခေါ် မယ်ဆင် (SDL)၊ တို့နဲ့တကွ ကျန်ရှိသော ရောက်နေကြ ဘလော့ဂါအားလုံးကျန်းမာချမ်းသာကြဖို့ နှစ်သစ်ကိုကြိုလို့ ဆုတောင်းလိုက်ပါတယ်၊ အလည်လာရောက် ဖတ်ရှုသူများနှင့် ညီအကိုမောင်နှမ ဘလော့ဂါအားလုံး ကျန်းမာချမ်းသာ၍ နှစ်သစ်မင်္ဂလာဖြစ်ကြပါစေသောဝ်။
နှစ်ကုန်တဲ့အထိမအားတာကြောင့် ခုကထဲက ကြိုပြီး မေတ္တာပို့ထားနှင့်ပါတယ်
Sunday, December 20, 2009
၂၄ နာရီ ၂၄ လက္မ
ဓါတ်ဆီဆိုင်ရှေ့ နှင်းအလှကိုခံစားနေပုံ(အမှန်တော့ မဟုတ်ဘူး ပဲများနေတာ)
(ချောချောမောမော ဆိုင်တော့ရောက်ပြီ)
ချာလည်ချာလည်နဲ့ တလိမ့်ချင်းမောင်းနေရတယ်
၄၅မိနစ်လောက်ချွေးပြန်အောင်ဖေါ်မှ ဒီလောက်ပေါ်သေး
အမေရိကန်ပြည်ထောင်စုကို စရောက်တော့ fall ရာသီချိန်ဆိုတော့ ရာသီဥတုကလဲ သာယာလိုက်တာ၊ မေပယ်ပင်တွေကလည်း အရောင်အမျိုးမျိုးပြောင်းနေတုန်းဆိုတော့ မြင်မြင်သမျှအကုန်လှနေတာပါပဲ။ အဲဒီနောက် ဆောင်းရောက်လာပြီး snow တွေကျတော့လဲ ပျော်စရာကြီးပေါ့လေ၊ snow ကျပြီးနောက် snow တွေကခဲသွားပြီး ရေခဲပြင်ပေါ်လမ်းလျှောက်ရသလို ချော်လဲတော့မှ မှတ်ပြီလား ဖြစ်သွားတယ်
၊ဆောင်းတွင်းအေးချိန်ကတော့ စောင်အပြင် လိုတာလေးကလဲ လိုသေးတာပေါ့လေ၊ မေလှမြိုင်ရဲ့ ဆောင်းအမှီ သီချင်းလို ပြန်စရာ မေကလဲမရှိတော့ အခက်သား၊ တကိုယ်တည်းလူပျိုကြီး (မမသိရီတို့ ချိုသင်းတို့က သတ်ပုံဂရုမစိုက်ကြတော့ လူပြိုကြီးတဲ့..) ဆိုတော့ ဟိုကဒီက မိန်းမပေးစားချင်လို့ စပ်လိုက်ဟပ်လိုက်ကြတာ၊ ကိုယ်တိုင်ကလည်း နာမည်ပျက်မခံနိုင်လို့ ယူဖို့စဉ်းစားရတာပေါ့လေ၊ ဘာလို့လဲဆိုတော့ အမေရိကမှာ မိန်းမမရှိရင် လူတွေက gay လို့ ထင်ကြတာကိုး၊ ဒီလိုတော့ ဟိုထင်ဒီထင် အထင်တော့မခံနိုင်ဘူးလေ၊
အမယ်..ဒီမှာ gay တယောက်ဖြစ်ဖို့ လွယ်တော့မလွယ်ဖူးခင်ဗျ၊ ဒီကgayတွေက အာနိုးလိုဗလကြီးတွေနဲ့ ကိုယ်ကြပ်အင်္ကျီတွေဝတ်လို့ဗျ၊ ကြီးတောင့်ကြီးမgay ဖြစ်ချင်လွန်းလို့ အလေးမနေရင် gay မဖြစ်ခင် အလေးပိပြီးသေလောက်တယ်၊ နောက်ပြီး သူတို့စီးတဲ့ကားတွေကလဲ ဆနွင်းမှုန့်ရောင် စပ်ဖြဲဖြဲ ဝါဝါထိန်ထိန်ကြီးတွေ၊ ဒီအရောင်စီးမဲ့အစားမီးနေသည်ထမ်းပြီး လမ်းလျှောက်ပစ်လိုက်ချင်သေးတော့တယ်၊
ကဲ..သူတို့အကြောင်းထားတော့ ကိုကြီးကျောက်ကို မိန်းမစပ်ကြတဲ့အခန်း ပြန်ဆက်ရအောင်၊ ဗါဂျီးနီးယားမှာနေတော့ ကိုကြီးကျောက်စိတ်ကြိုက်ရွေးဖို့ အခမဲ့သတ္တဘာဂ အကျိုးဆောင်အဖွဲ့က အပျိုကြီးတွေ ဟော တယောက်..ဟော..တယောက် ထုတ်ပြလာတယ်ခင်ဗျ၊ အပျိုလေးတွေတော့ သူတို့ခမြာထုတ်မပြနိုင်ရှာဘူး၊ အပျိုလေးတွေက အဖြူမှတွဲချင်တာကိုး၊ သူတို့နဲ့တွဲနိုင်ဖို့ ခရုသင်းလောက်တော့ စွဲနေမှဖြစ်မယ်ထင်တယ်၊ ခက်တာက ခရုသင်းမပြောနဲ့ ညှင်းလောက်မှ ပေါက်မနေတော့လဲ ကိုယ့်မှာ အဖြူနဲ့ကမတူ၊
အပျိုကြီးတွေ ခမြာလဲ ငယ်ငယ်ကသူတို့က ရွေးခဲ့ရပေမဲ့ ခုတော့လဲ သူတို့ကိုရွေးလာမဲ့သူပေါ်ပါစေ ဆုတောင်းနေရရှာတာကိုး၊ ကိုကြီးကျောက်ကို ပွဲထုတ်ပြလာတဲ့ အပျိုကြီးတွေကလဲ ဗမာအပျိုကြီးဆိုတော့ သိတယ်မို့လား၊ မော်ဒယ်မီးယပ်ပိန်ဒီဇိုင်းတွေ ဆိုတော့ ကိုကြီးကျောက်ကလဲ သာသာထိုးထိုးကြီးကို ငြင်းပစ်လိုက်တာပဲ၊ ဘယ့်နှယ်ဗျာ မိန်းမဆိုတာ အသားလေးလဲပါဦးမှပေါ့ဗျာ၊ ဒါမှ ဖက်ရပြုရ အဆင်ပြေတော့မပေါ့..အဟဲ၊
ပြီးခဲ့တဲ့လကတော့ မေရီလန်းမှာ ဆူရှီဆိုင်ဖွင့်မယ်ဆိုတော့ ဆိုင်က Giant ဆိုတဲ့ supermarket ထဲမှာ၊ deli(delicatessen) နဲ့တွဲထားတယ်၊ အဲဒီဌာနမှာက မိန်းမချည့်ပဲ၊ ဗမာမ မရှိဘူးဆိုတော့ ၊ ဟန်ကျပြီပေါ့လေ၊ သူတို့နဲ့ living togetherနေရလဲ နာမည်ပျက်ချင်ပျက်ပါစေ နေရမှာပေါ့လို့ ၊ ဒီလောက်တော့ အနစ်နာခံရမှာပေါ့လေ၊ ဒါနဲ့ ဆိုင်ရောက်လို့ သူတို့နဲ့လဲတွေ့ရော အသားပါယုံတင်မကဘူးဗျာ အဆီရော အခေါက်ရော အကုန်ပါတယ်၊ ကိုကြီးကျောက်နဲ့တွဲပြီး ဓါတ်ပုံရိုက်ထားတာကြည့်မိတော့ မသေးမျှင်နဲ့တွတ်ပီ လိုလို၊
ကျွန်တော်ကတော့ သူတို့ကိုနာမည်တွေပေးထားတယ်၊ လုံးတင်တို့ အဖွဲ့လို့၊ ရေအိုးတလုံးတင်နိုင်တဲ့ တင် ပိုင်ရှင်ကို လုံးတင်၊ ညောင်ရေအိုးလောက်ဆိုရင် သေးသေးတင်၊ လုံးတင်တွေများလို့ လုံးကြီးတင် က သပ်သပ်ရှိသေး ၊ ကဲ...ကိုကြီးကျောက်လိုချင်တာထက် နှစ်ဘူတာလောက်လွန်တာတွေမို့ ကိုကြီးကျောက်ခမြာ မနက်မနက် ဆူရှီဆိုင်သွားဖို့အရေး အားကသိတ်မရှိချင်ဘူး...သြော်..လူ့အလို နတ်မလိုက်နိုင်ဆိုတာ ဒါမျိုးနဲ့တူတယ်၊
ဟော...မနေ့ကတော့စနေနေ့မှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်းကျမယ် snow က ၁၂ လက္မကနေ ၂၄ လက္မ အထိ ကျနိုင်တယ်လဲ weather channel ကကြေငြာနေတော့ ၊ဗါဂျီးနီးယား ကနေ မေရီလန်းဆိုင်ကို မိုင် အစိတ်လောက်မောင်းဖို့ စဉ်းစားရတော့မယ်၊ အထူးတောင်မစဉ်းစားတော့ပါဘူး လုံးတင်တို့နဲ့ တရက်လောက်ဝေးရလဲ မဆိုးပါဘူး ဆိုပြီး ဆူရှီဆိုင်တော့ မသွားတော့ဘူး နေ့လည်မှ အိမ်နားက ဓါတ်ဆီဆိုင်မှာပဲ အလုပ်ဆင်းတော့မယ်ဆိုပြီး ၉ နာရီမှအိပ်ယာထ အိမ်အပြင်တခါးဖွင့်ကြည့်လိုက်တော့...snow တွေ ပုံနေပြီ၊ နေ့လည် ဓါတ်ဆီဆိုင်လဲသွားမယ်လုပ်ရော snow တွေအောက်က ကားကို ၄၅ မိနစ်လောက် ချွေးပြန်အောင်ဖေါ်ရသေး၊
ကားစမောင်းတော့လဲ ဟိုထိုးဒီထိုးနဲ့ တလိမ့်ချင်းရွေ့နေရတယ်၊သံဗုဒ္ဓေတောင် မရွတ်အားနိုင်ဘူး ရှေ့ကကားနောက်က မှေးလိုက်နေရတာ၊ ဆိုင်ရောက်မှ ဟင်းချနိုင်တော့တယ် ၊ သြော်....ကိုယ်ကလုံးတင်တို့နဲ့ ခနဝေးချင်တော့လဲ ဒီလောက်တော့ ရှိမှာပေါ့လေ၊
(နှင်းကျတုန်း ရိုက်ထားတဲ့ပုံတွေ စာပိုဒ်တွေကြားထည့်ချင်တာ မထည့်တတ်တော့ အကုန်လုံး အပေါ်ရောက်နေတယ်၊ ဓါတ်ပုံထဲမှာ လူပျိုကြီး လတ်လတ်ဆတ်ဆတ်ကြီး ရှိပါသေးတယ်နော်(အချပ်ပိုကြော်ငြာ)
Thursday, December 17, 2009
နတ်လေချွန်
ဘလော့ဂါတူမ မဆုမွန်တို့ ဘယ်ပျောက်နေသလဲလို့ မေးလိုက်တော့ facebook ထဲမှာ လယ်စိုက်နေသတဲ့ဗျား၊ မယ်ကိတောင် ပါသေးသတဲ့၊ ဒီလိုဆိုပြန်တော့ လက်ပံတန်းနယ် မှော်အင်းရွာမှာ fieldဆင်းတုန်းက မိုးညိုနယ်က ကောက်စိုက်သူမတွေကို ပြေးသတိရပါသေးတော့ဗျာ၊
ကျွန်တော်တို့ ပဲခူးရိုးမထဲ fieldဆင်းကြတော့ လက်ပံတန်းအဝင် ကျွန်းကလေးတာဆုံကနေ အရှေ့ဖက် ၆ မိုင်လောက်ဝေးတဲ့ မှော်အင်းမှာ စခန်းချလေ့ရှိပါတယ်၊မှော်အင်းက ပဲခူးရိုးမနဲ့ အတော်နီးသွားပြီလေ၊ မိုးလယ်ကာလ မိုးတွေသိတ်များလို့ ရိုးမထဲမတက်ဖြစ်ရင် မှော်အင်းမှာအေးအေးဆေးဆေး နှပ်နေတာပေါ့လေ၊ အဲဒိအချိန်က လယ်စိုက်ချိန်ဆိုတော့ သူ့လယ်ကိုယ့်လယ် အချိန်မီအောင်စိုက်ကြရတာကိုး၊ ဒီတော့ အနီးပတ်ဝန်းကျင်က ကောက်စိုက်သူမတွေ အကူအညီလိုတော့တာပေါ့၊ စိုက်လို့ပျိုးလို့ပြီးတဲ့နယ်က ကောက်စိုက်သူမတွေက မစိုက်ရမပျိုးရသေးတဲ့ နယ်တွေမှာသွားလုပ်ကြတာပေါ့၊
ကျွန်တော်တို့ မှော်အင်းမှာရှိနေချိန် ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင်မှာ မိုးညိုကကောက်စိုက်သူမတဖွဲ့ စတည်းချနေကြတယ်၊ ကျွန်တော်တို့ကလည်း လူပျိုလူရွယ်အုပ်စု၊ ရန်ကုန်မြို့ကလာတာဆိုတော့ စတိုင်နဲ့ မလိုင်နဲ့၊ သူတို့ကလဲ ၁၇ နှစ် ၁၈နှစ်အရွယ် အကြီးဆုံးမှ၂၀ ဝန်းကျင်၊ သူတို့ကို အုပ်ထိမ်းစောင့်ရှောက်တဲ့ အသက် ၃၀ ကျော် ကောက်စိုက်သူမ ခေါင်းဆောင်လဲပါတယ်၊(facebook ထဲမှာဆိုရင်တော့ မယ်ကိ နေရာပေါ့လေ)၊ ညနေစောင်းလို့ လယ်ထဲက ပြန်လာပြီဆိုရင် ရေမိုးချိုး ဖီးလိမ်းဝတ်စားပြီး ရွှံ့တွေဗွက်တွေ ထူလှတဲ့ ရွာလယ်လမ်းမှာ တထွာလောက်မြင့်တဲ့ ဒေါက်ဖိနပ်တွေစီးပြီး လူလုံးပြတော့တာပဲ၊ အထူးသဖြင့် မြို့ကြီးသားကျွန်တော်တို့ကို ပင်လယ်ကူးတတ်တဲ့အကြောင်း သိစေချင်တာကိုး၊
ဒီဖက်ကလဲ ဒေါင်ဒေါင်ဒင်ဒင်တွေ တီးပြီး ဖိုသံပေး၊ သူတို့ကလဲ သူတို့ချင်းပြောသလိုနဲ့ ဒီဖက်ကို မြောင်းသွယ်တဲ့စကားတွေပြော၊ ကြာတော့ သူတို့ကိုအုပ်ထိမ်းတဲ့ ကောက်စိုက်သူမခေါင်းက ဒီကောင်မလေးတွေကို ပြောမရဆိုမရတော့ တော်တော်စိတ်အချဉ်ပေါက်လာတယ်နဲ့တူပါရဲ့ ၊တရက်မှာတော့ ကျွန်တော်တို့အိမ်ဖက်ကူးလာတယ်၊ ကျွန်တော်တို့နဲ့ အလ္လာပသလ္လာပ စကားတွေလာပြောပြီး သူ့အိမ်က ကောင်မလေးတွေကို လှမ်းပြီးကလော်တုပ်တော့တာပဲ၊ ကဲ..သူပြောပုံလဲ နားထောင်ကြည့်ပါအုန်း၊ ဖင်ထဲရွှံ့အပြည့်နဲ့ တနေကုန်ကုန်းမှ ၇ ကျပ်ရတဲ့ကောင်မတွေက ကြည့်စမ်းပါအုန်းတော် ခွေးနဲ့မတန် ဆီအိုးလှန်နေတယ်၊ ကောက်စိုက်သူမ..ကောက်စိုက်သူမလောက်ဝတ်မှပေါ့.....နောက်ထပ်ထွက်လာတဲ့စကားတွေကတော့ ဆင်ဆာများလို့ ဒီလောက်နဲ့ ပဲတော်ထားကြစို့၊ ကျွန်တော့သူငယ်ချင်းဇော်ထွန်းကို ကလည်း အနှောင့်အသွားမလွတ်တဲ့ စကားတွေနဲ့ ပင့်ပင့်ပေးတော့ ပွဲကတော့ အတော်ကြမ်းပေါ့ဗျာ၊
အဲဒီအချိန်က ကောက်စိုက်သမ တနေ့လုပ်အားခကလဲ ဗမာငွေ ၇ကျပ်ပဲရတယ်၊ ဆန်တပြီကလဲ ၂ကျပ်ခွဲလောက်ပဲ ပေးရတာကိုး၊ ကောက်စိုက်သမအုပ်စုကလဲ သူတို့အုပ်စုတောင့်ရင် တော်ယုံတန်ယုံ ယောကျာင်္းမျက်နှာမထားတတ်အောင် စကြနောက်ကြတာလေ၊ လူပျိုပေါက်အရွယ်ဆိုရင် အသက်ကြီးကြီး ကောက်စိုက်သမကြီးတွေက အတင်းဖမ်းချုပ် နို့တိုက်တာမျိုးတွေလဲ လုပ်ကြတာကိုး၊ ကျွန်တော်တို့ ၂ယောက်၃ယောက်လောက်တော့ သူတို့က မကြားနိုးနား စကြတော့တာပဲ၊
အထူးသဖြင့် နေဝင်း ကို အစခံရဆုံး၊ နေဝင်းကလဲ သူတို့ စချင်အောင် အရပ်ကလဲ အရှည်ဆုံး၊ နောက်ကနေ သူတို့ချင်း ဘယ်လိုပြောသလဲဆိုတော့ ဟယ်..အရပ်ကလဲရှည်လိုက်တာ ဟိုဟာလဲ ရှည်မှာပဲနော်တဲ့..သူတို့ဟာသူတို့ ဝါးကနဲ ပွဲကြသွားပြီး ..ကောင်မ..ဘာရှည်တာလဲ ရှင်းရှင်းပြော ဆိုတော့..အော်..ခြေသလုံးပြောတာပါဆိုတော့..တခါ ဝါးကနဲ ရီကြပြန်ရော၊ နောက်တယောက်က လမ်းလျှောက်တာ သုံချောင်းထောက်သွားနေတယ်တော့ ဆိုတော့ အတောမသတ်ရီကြပြန်ရော၊ နေဝင်းမှာ ရှက်လွန်းလို့ မျက်နှာကိုနီလို့၊ ကျွန်တော့သူငယ်ချင်း နေဝင်းခမြာ အဲဒီ field မှာပဲ ငှက်ဖျားမိပြီး လက်ပံတန်းဆေးရုံအပို့ မှာ ဆုံးရှာတယ်၊ သူဆုံးတဲ့အချိန်က ကျောင်းပြီးအလုပ်ဝင်စ ဆိုတော့ အသက် ဘာရှိဦးမှာလဲ ၂၀ ဝန်းကျင် အရွယ်ကောင်းချိန်ပေါ့၊
ဒါနဲ့ တောင်ငူက သူ့မိဘတွေကိုအကြောင်းကြားပြီး သဂြိုလ်ဖို့ စီစဉ်ရတာပေါ့လေ ၊ နေဝင်းကိုသဂြိုလ်ပြီးတော့ သူ့မိဘတွေက ကြို့ပင်ကောက်က နတ်လေချွန် မေးချင်တယ် ဆိုတော့ သွားကြတာပေါ့၊ အဲဒီ နတ်လေချွန်ဆိုတာက သေပြီးတဲ့သူနဲ့ ကျန်ရစ်သူတွေကို ဆက်သွယ်ပေးတာကိုး၊ အဲလိုဆက်သွယ်ပေးတဲ့ ကြားခံပုဂ္ဂိုလ်က အဲဒီအချိန်က အသက် ၆၀လောက်ရှိတဲ့ အဖွားကြီးဗျ၊ အိမ်က ပြည်ရထားလမ်းဘေးမှာ၊
ဒီ လေချွန်နတ်ကို အဖွားကြီးကခေါ်တော့ အိမ်ခေါင်မိုး တစက်မြိတ်ကနေ လေချွန်သံလေးလိုကြားပြီး ဝင်လာတယ်၊ မေးစရာရှိတာမေးပါဆိုတော့ တကယ်ဟုတ်မဟုတ်သိရအောင် ဒါဘယ်သူလဲ မင်းနဲ့ ဘယ်လို တော်သလဲ ကစပြီး မေးရတာပေါ့၊ ဒီအဖွားကြီးကနေပြောတာ အကုန်အမှန်တွေချည့်ဆိုတော့ မယုံလို့ မရတော့ဘူး၊ ဒါနဲ့ အခုဘယ်မှာနေလဲ မေးတော့ မလေးတောင်နဲ့ တောင်ငူနဲ့ ကူးလိုက်သန်းလိုက်လုပ်နေတယ်လဲဆိုရော နေဝင်းအမေခမြာ ကြိတ်မှိတ်မျိုသိတ်မရနိုင်တော့ ချုံးပွဲချပြီး ငိုရှာတယ်၊ နေဝင်းလဲ သူ့အမေငိုတာမြင်လို့ထင်ပါရဲ့ လေချွန်နတ်စီးတဲ့ အဖွားကြီးဆီက ခွါသွားတာ ဘယ်လိုပြန်ခေါ်ခေါ် ခေါ်လို့မရတော့ဘူး၊
Ghost ဇတ်ကားထဲမှာ သေပြီးသူတွေနဲ့ ဆက်သွယ်ပေးတဲ့ လူမဲသရုပ်ဆောင် မင်းသမီးကြီးကို ကြည့်ပြီး အပြင်မှာ တကယ်ဆက်သွယ်ပေးနိုင်တဲ့ ကြို့ပင်ကောက်က နတ်လေချွန် အဖွားကြီးကိုအမှတ်ရပါသေးဗျား၊ ဒီအဖွားကြီးက ရုပ်ရှင်ထဲကလိုတော့ ဖန်လုံးကြီးတော့ ကိုင်မထားဘူးပေါ့ဗျာ၊ ခုချိန်မှာတော့ ဒီနတ်လေချွန် အဖွားကြီး သက်ရှိထင်ရှား မရှိလောက်တော့ဘူးထင်ပါရဲ့ ။
Monday, December 14, 2009
ဘိုးတော်တောင်နဲ့ လကွယ်နေ့
မိုးကုတ်အနောက်ပိုင်း မှာ ရွှေဥဒေါင်တောင်ဆိုတဲ့ တောင်ကြီးရှိတယ်၊ မိုးကုတ်အနောက်ပိုင်းမှာ အမြင့်ဆုံးပါပဲ၊ ပေ၆၀၀၀ ကျော်မြင့်တယ်ခင်ဗျ၊ ရွှေဥဒေါင်ဘေးမဲ့တောမှာ ရှေးရှေးကတော့ ကြံ့တွေတောင်ရှိသတဲ့၊ ဒီတောင်ကြီးကိုတော့ အရပ်က ဘိုးတော်တောင်လို့ ခေါ်ကြသဗျ၊ သူလောက်မမြင့်တဲ့ တောင်ကြီး နှစ်လုံးကိုတော့ နှမတော်ကြီးတောင်နဲ့ နှမတော်လေးတောင်တဲ့၊
ဒီတောင်တွေကို ချောင်းဖျားခံပြီး စီးလာတဲ့ ချောင်းကြီးက ဥဒေါင်ချောင်းပါတဲ့၊ဥဒေါင်ချောင်းထဲမှာ ဥဒေါင်ကျောက်ကလေးတွေ ကလဲ ရဲလို့၊ ရုတ်တရက်ကြည့်ရင် ပတ္တမြားလို့တောင် ထင်ရတယ်၊ အင်္ဂလိပ်လိုတော့ Garnet လို့ ခေါ်တဲ့ ကျောက်တွေပေါ့၊
ဘိုးတော်ကြီးတောင် တဝိုက်မှာ ကျွန်တော်တို့ တတွေ fieldဆင်းကြတော့ မန္တလေး မိုးကုတ် ကားလမ်းနံဘေးက ပိုးစာ၊စိန်အင်း၊စိန်ကုန်း ဆိုတဲ့ လီစူး(လီရှော) ရွာတွေ၊ အုန်တန်ဆိုတဲ့ ရှမ်းရွာလေးတွေမှာ စခန်းချဖြစ်တာပေါ့၊ ရွာသားတွေက အများအားဖြင့်တော့ တောင်ယာစိုက် သစ်ခုတ် တောလိုက် ..ဒါတွေလုပ်ကြတာများတာပါပဲ၊ အဲဒီအရပ်ကို field ဆင်းတော့ ခုလို ဒီဇင်ဘာလထဲမှပဲ၊ ညဆိုရင် အိမ်ထဲကမီးလင်းဖိုမှာ မီးလှုံပြီး ခေါပုတ်ကင်စားရတာတော့ တကယ်လွမ်းသဗျာ၊ ပိုလွမ်းစရာကောင်းတာက ပိုးစာရွာက ဆရာမလေးနဲ့ ရည်းစားဖြစ်ခဲ့ရတာပဲ၊ ခုတော့လဲ တစိမ်းတွေလိုပါပဲလေ...( ရေးရင်းတောင် ငိုချင်လာပြီ..သူကတော့ ကလေးဘယ်နှစ်ယောက်ရနေပြီလဲ မသိဘူး..အဟီး)၊ ဆောင်းတွင်းဆိုတော့ ညဆိုရင် အပြင်မထွက်နိုင်တော့ မီးဖိုမှာ စောင်အတူခြုံရင်း ခေါပုတ်ကင်စားရတာ အဲဒီတုန်းကတော့ စားပြီးရင်လဲထပ်စားချင်တာပဲပေါ့လေ၊ ခုအိမ်ထောင်သက်ကြာလာတဲ့ ကျွန်တော့ဂျီးတော်ကြီး ခင်ဦးမေ ကတော့ လက်ချင်းတွဲထားသူများမြင်ရင်စိတ်တောင်နာသတဲ့၊
ကဲ...ဒါတွေထားပါတော့လေ၊ လီရှောရွာတွေ နေရင်းကြုံရတာတွေဆက်ရေးဦးစို့၊ လီရှောရွာမှာစခန်းချတော့ လီရှောအရက်တော့ မသောက်ဖူးခင်ဗျ၊ ပြင်းလဲပြင်းတယ် လည်ချောင်းကိုဒါးနဲ့ ခွဲဆင်းသွားသလိုပဲ၊ ကျွန်တော်ကတော့ ဂေါ်ရချိုမှကြိုက်တာ၊ မခါးဘူး ချိုတယ်၊ ခုတော့လဲ ဝိုင်တောင်မသောက်ဖြစ်တော့ဘူး၊ ကျွန်တော်တို့ စိန်အင်းဆိုတဲ့ လီရှောရွာမှာနေတော့ လိုတဲ့အလုပ်သမားကို ရွာခံလီရှောတွေပဲ ငှားရတာကိုး၊ အလုပ်သမားတွေအတွက် payroll ဆွဲရတော့ ခေါင်းနဲနဲစားတော့တာပဲ၊ လီရှောတွေက တရုတ်တို့ ကချင်တို့လို sir name ကအရင်လာတယ်၊ ပြီးတော့ နာမည်ကိုလဲ ဘယ်သူမှ အဆန်းတကျယ်မမှည့်ပဲ တစ်၊နှစ်၊သုံး၊လေး ၊နဲ့ပဲ မှည့်တာကိုး၊ family က ငွါး နဲ့စရင် သားအကြီးဆုံးက ငွါးတား၊ ဒုတိယသားက ငွါးလေး၊အဲဒီနောက်..ငွါးလန်း၊ငွါးဆီး....အစဉ်အတိုင်း မှည့်သွားတော့တာပဲ၊
အဲဒီတော့ ဘယ်လိုဖြစ်သလဲဆိုရင် အဖေ ဖြစ်သူက သားအကြီးဆုံးမို့ ငွါးတားဆိုပါတော့ သူ့သားအကြီးဆုံးကလဲ ငွါးတား ပဲ၊ အဖေ ငွါးတား ၊ သားငွါးတား မို့ နာမည်တူတွေ တော်တော်များပလေတာ၊ အလုပ်သမား ၁၀ယောက်ငှားရင် ၅ယောက်က နာမည်တူ၊ အဖေနာမည်နဲ့ခွဲရအောင် အဖေနာမည်တွေကလဲ အတူတူ၊ ရုံးကငွေစာရင်းဌာန ကိုဒီပြဿနာရှင်းရသေး၊ လီရှောရွာတွေက ကားလမ်းနဘေးဆိုတော့ အစားအသောက်ကလဲ မရှားပါးပါဘူး၊ တောအကောင်အလှောင်သားတွေလဲ ရတတ်ပေမဲ့ ဆတ် ကတော့ တော်တော်ရှားသွားပါပြီ၊ ဗမာပြည်မှာ ဆတ်သားခြောက်ဆိုပြီးရောင်းသမျှ တခုမှမယုံပါနဲ့ ခင်ဗျာ၊ ဘယ်သူမှလဲ ဆတ် ကို ဝက်တို့ကြက်တို့လို မွေးမထားသလို တောထဲမှာလဲ ဈေးမှာနေ့တိုင်းရောင်းနေရလောက်အောင် မရှိပါဘူး၊
ကျွန်တော်တောင် တောဆင်ခိုးသတ်သူတွေဆီက ဖမ်းမိတဲ့ ဆင်သားခြောက်တွေကို ရန်ကုန်ကလူတွေကို ဆတ်သားခြောက်ဆိုပြီးလက်ဆောင်ပေးဖူးသေး၊ ရန်ကုန်ကလူတွေ ကတော့ အလကားရလို့လားတော့မသိဘူး စားလို့အလွန်ကောင်းဆိုပဲ၊
မိုးကုတ်လမ်းက လီရှောရွာတွေက လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ တည်လာကြတော့ဆိုတော့ အင်္ဂလိပ်ခေတ်က ထူထောင်ခဲ့တဲ့ ရွှေဥဒေါင်ဘေးမဲ့တောကို မသိကြလေတော့ (သူတို့ကို စနစ်တကျ ပညာပေးတာလဲ လုပ်ခဲ့ပုံမရပါဘူး) ၊ဘေးမဲ့တောက တိရစ္ဆာန်တွေလဲ တော်တော်ပြောင်သွားတာပဲ၊ စွယ်စုံဆင် ဆိုရင် ပိုက်ဆံနဲ့ အကောင်တဲ့၊ အစွယ်မရှိရင် ဘေးမဲ့သမို့ ဆင်ဖြစ်တာတောင် အစွယ်မပေါက်ဝံ့အောင်ပါပဲ၊ ကျွန်တော်တို့ fieldဆင်းတော့ ကျားထောင်ထားတဲ့ သံမျှားကြီးတွေလဲ ဖြုတ်ခိုင်းရသေးတယ်၊ကျားနဲ့ကွက်တိ ချိန်ထားတာဆိုတော့၊ လူ့ပေါင်လောက်ချိန်ထားတာပေါ့ဗျာ၊ မှန်လိုက်ရင်အသက်မသေပေမဲ့ တခါထည်းပြတ်ထွက်သွားနိုင်တယ်၊ ပေါင်..ပေါင်..၊
ကဲ..ကျွန်တော်တို့ အလုပ်သမား ငွါးတားနဲ့ ဘိုးတော်တောင်တောရဲ့ အဖြစ်ကိုရေးပါဦးမယ်၊ အဲဒီနေ့က ကျွန်တော်တို့က အလုပ်နားတယ်၊ သား ငွါးတားက ဘိုးတော်တောင် ကြိုးဝိုင်းထဲ တောလိုက်ထွက်သွားသတဲ့၊ နေ့လည်လောက်ကြတော့ ငွါးတားကို ရွာကလူတွေ စောင်ပုခက်နဲ့ထမ်းတက်လာကြတော့ ကျွန်တော်တို့လဲ သပိတ်ကျင်းဆေးရုံပို့ရတော့တာပေါ့၊ ဆေးရုံမှာ ဒဏ်ရာကိုချုပ်လုပ် စည်းနှောင် ဆေးထည့်ပေးပြီး သတိရလာတော့မှ အကျိုးအကြောင်းမေးကြည့်ရတယ်၊
ငွါးတားပြောတာတော့ တောထဲမှာဘာကောင်မှ မတွေ့တာနဲ့ ငါးဖမ်းပြီးပြန်မယ်ဆိုပြီး ချောင်းထဲငါးလိုက်ဖမ်းသတဲ့၊ တောထဲက စိမ့်စမ်းချောင်းလေးဆိုတော့ အောက်ခြေတောင်အတိုင်းသား မြင်နေရလောက်အောင် ကြည်နေတာမို့ ချောင်းထဲကငါးကို ကမ်းပေါ်ကအတိုင်းသားမြင်နေရတာပဲလေ၊ တနေရာမှာတော့ ချောင်းထဲမှာ ငွေရောင်ငါးကြီးတကောင်တွေ့သတဲ့ အကောင်ကလဲကြီးလိုက်တာ ၅ ပိဿာလောက်ရှိမတဲ့၊ချောင်းသေးသေးမို့ကမ်းပေါ်က လှံနဲ့ထိုးတာ ဘယ်လိုထိုးထိုး မထိဘူးတဲ့၊ ဒါနဲ့ ရေထဲဆင်းလိုက်တော့ ရေကလဲခါးလောက်ပဲနက်သတဲ့၊ ထူးဆန်းတာက ငါးက ခွေးလေးကြောင်လေးလို သူ့ကိုပွတ်သီးပွတ်သတ် လာလုပ်နေသတဲ့၊ သူကငါးကိုချိန်ပြီးလှံနဲ့ထိုးလိုက်သတဲ့ ၊ ငါးကိုစွပ်ကနဲထိုးမိသတဲ့၊ လှံကိုဆွဲမလိုက်တော့ သူ့ပေါင်က ဖျင်းကနဲ မခံနိုင်အောင်နာပြီးသွေးတွေပန်းထွက်လာသတဲ့၊ သူကတော့ ငါးဆိုပြီးထိုးတာပဲ ဒါပေမဲ့ သူ့ပေါင်ဖြစ်နေသတဲ့၊ ငါးကလဲဘယ်ရောက်သွားမှန်းမသိဘူးတဲ့၊ ဒါနဲ့သူ့ဒဏ်ရာသူ ပုဆိုးနဲ့စည်းပြီး ရွာရောက်အောင်ကြိုးစားပြန်လာတာ ရွာနားမှာမေ့လဲသွားသတဲ့၊
ကျွန်တော်တို့ စိန်အင်းကနေ အုန်တန်ကိုရွှေ့စခန်းချကြတော့ အုန်တန်က လူတွေကို အဲဒီအကြောင်းပြောပြတော့ အုန်တန်က ရှမ်းတွေကတော့ ဘိုးတော်တောင်အကြောင်းကိုပြောပြကြပါတယ်၊ ဘိုးတော်အပိုင်တောမှာ အခါကြီးရက်ကြီး လပြည့်လကွယ်တွေမှာ အမဲလိုက်လို့မရပါဘူးတဲ့၊ လီရှောတွေကတော့ အဲဒီထုံးစံနားမလည်လို့ ဖြစ်တာနေမှာပါတဲ့၊ ဒါနဲ့ အဲဒီနေ့ကို ပြက္ခဒိန်မှာ ပြန်လှန်ကြည့်တော့....ဟုတ်ပါရဲ့..အဲဒီနေ့က နတ်တော်လကွယ်နေ့ဗျား။
Thursday, December 10, 2009
အရညဝါသီ ဆရာတော်ကျောက် မဖြစ်ရသည့်အကြောင်း
ဗမာသတင်းစာတွေထဲမှာ ဒုဋ္ဌဝတီမြစ်ကို ရဲရွာနားမှာရေလှောင်တမံ ဆောက်လို့ ရေအားလျှပ်စစ်တွေထုတ်တော့မဲ့ အကြောင်းတွေ ဖတ်ရတော့ ရဲယမန်းဒေသမှာ field ဆင်းခဲ့ရတဲ့ အကြောင်းလေးတွေ သတိရမိပါရဲ့၊ အဲဒီဒေသက ရှမ်းရိုးမကြီးရဲ့ ခြေရင်းဆိုတော့ ပတ်ဝန်းကျင်တောတောင် ရေမြေသဘာဝကလဲ သာယာလိုက်တာ အလွန်ပါပဲ၊ ငှက်ဖျားထူတာလေးတခုပါပဲ ပြောစရာရှိတယ်၊
အဲလိုအေးချမ်းသာယာတဲ့ တောအရပ်ကိုရောက်လေတိုင်း တောအရပ်မှာပဲ သင်္ကန်းဆီးပြီး တရားဘာဝနာအားထုတ်လို့ နေချင်စိတ်တွေကလဲ မကြာမကြာပေါ်မိသဗျ၊ ဒီလူကြီးတော့ မိန်းမ မရလို့ စတိုင်တမျိုးပြောင်းပြီး ဘုန်းကြီးဝတ်မယ်ကြံနေပြန်ပြီလို့တော့ မထင်လိုက်ကြနဲ့နော်၊ ဇာတိချက်ကြွေ ရေခံမြေခံကိုက သာသနာ့အာဇာနည်တွေ ထွန်းကားရာအရပ်ပေပဲ၊ ပရိပတ်မှာ စွန်းလွန်း ၊ပရိယတ်မှာ မင်းကွန်း ရယ်လို့ သာသနာမှာ နေနဲ့လ လိုထွန်းတောက်ခဲ့တဲ့ ဆရာတော်ကြီး နှစ်ပါးဖွားမြင်ရာဒေသပေမို့ ကိုကြီးကျောက်လဲ သာသနာနဲ့ အလှမ်းတော့ မဝေးလှဘူးခင်ဗျ၊ မင်းကွန်းဆရာတော်ကြီးရဲ့ ဓမ္မနာဒကျောင်းမှာဆိုရင် ကျက်သရေခန်း(စတိုခန်း) နဲ့ အလှမ်းမဝေးတဲ့နေရာမှာပဲ နေတယ်၊ ဗိုက်ဆာရင်လွယ်အောင်လို့၊ ကျက်သရေခန်းသော့ကိုင် ဦးဇင်းပဏ် လဲအပိုင်ပေါင်းရတာပေါ့၊ ဆရာကောင်းသမားကောင်းတွေရဲ့ တပည့်ရင်း တကာရင်း ဖြစ်ခဲ့ပေမဲ့ ပါရမီက မရင့်သန်ခဲ့လေတော့ သင်္ကန်းနဲ့လဲ တဝါအပြင် နှစ်ဝါမဆိုခဲ့ဘူးပါခင်ဗျာ၊
ဟော...တခါ တောင်တန်းသာသနာပြု မဲ့အကြံ စွန့်လွှတ်ခဲ့ရတာကလဲ ဒီလိုခင်ဗျ၊ ကျွန်တော်တို့ ရုံးကို မန္တလေးတောင်ခြေက ခလရ (၉၅) ကနေ အကြောင်းကြားလာတာက ရှေ့တန်းတနေရာမှာ လုံခြုံရေးကင်းလှည့်လည်ရင်းနဲ့ အမျိုးအမည်မသိ သတ္တုရိုင်းတွေ တွေ့ခဲ့ပါတယ်လိုပြီး ကျောက်နမူနာနဲ့တကွ တင်ပြလာပါတယ်၊ တွေ့ခဲ့တဲ့နေရာက ရဲရွာ အရှေ့ဖက်က စရစ်ခဲ၊ကုန်းသာဒေသမှာပါ၊ ဒီရွာတွေကလဲ လမ်းပန်းဆက်သွယ်ရေးခေါင်လိုက်တာ၊ ကျောက်ဆည်နယ် အရှေ့ဖျား၊ ရပ်စောက်နယ်မြောက်ဖျား၊ ဘယ်မြို့ဘယ်ရွာနဲ့မှမနီး၊ တကယ့်ကိုတသီးတသန့်လေး၊ ဒီfieldကိုကျွန်တော်နဲ့ ကျွန်တော့သူငယ်ချင်း ခင်မောင်လင်းတို့ သွားခဲ့ရတာပေါ့၊
သွားရတာကလဲ မလွယ်လှပေဘူးခင်ဗျ၊ မန္တလေးကနေ ဒုဋ္ဌဝတီမြစ်ဘေးက ကျွဲနဖားရွာရောက်အောင်သွား၊ အဲဒီကမှ ပဲ့ထောင်လေးစီးပြီး ရဲယမန်းရောက်အောင်သွား၊ ရဲယမန်းမှာတညအိပ်၊ မနက်စောစောထပြီး ပေ ၃၀၀၀ ကျော်မြင့်တဲ့ တောင်တန်းကြီးကို မိုင်၃၀လောက် တနေကုန် ခြေလျင်တက်ရတာကိုး၊ အဲဒီကိုသွားဖို့ ခလရ (၉၅) ကပဲ စီစဉ်ပေးတာပါပဲ၊ သူတို့လဲအထူးတော့မစီစဉ်ရပါဘူး၊ ကုန်းသာမှာရှိတဲ့ရှေ့တန်းအခြေစိုက်စခန်းအတွက် dumping ပစ္စည်းပို့ချိန်မှာ အနီးပတ်ဝန်းကျင်က ပေါ့တာဆွဲလာတဲ့ အထမ်းသမားတွေနဲ့ အတူတူသွားခိုင်းတာပါပဲ၊ အထမ်းသမားကလဲ ၅၀၀ လောက်ရှိမယ်၊ လူတွေ အဲဒီလောက် အများကြီးနဲ့ ရှင်လောင်းလှည့်သလို တစီတတန်းကြီးသွားရတာကိုး၊ ရဲယမန်းကို ရောက်တော့ ကျွန်တော်တို့နှစ်ယောက်ရယ် တပ်ခွဲမှူးဗိုလ်ကြီးရယ် တပ်ကြပ်ဆရာကြီးတွေ ကတော့ အိပ်စရာ ရှေ့တန်းစခန်းလေးရှိပေမဲ့ ကျန်တဲ့လူ ၅၀၀ စာ အတွက်တော့ ဘယ်ရှိပါ့မလဲ၊ အဲဒီတော့ ဒုဋ္ဌဝတီမြစ်နဘေးမှာ မီးပုံတွေဖိုပြီး ဖဲရိုက်နေကြတော့တာကိုး၊
ကုန်းသာကိုတက်ကြတော့ ဖဲရှုံးသူတွေကို ဖဲနိုင်တဲ့သူတွေက သူတို့အိပ်တွေထမ်းဖို့ ပိုက်ဆံပေးပြီးငှားလိုက်သေးဗျာ၊ ကျွန်တော်တို့ကလဲ ဘာအိပ်မှထမ်းမထားတော့ ကျွန်တော့ကို ဖဲနိုင်သူထင်လို့လာမသိဘူး လာမေးကြသေးဗျ၊ ဆရာအတော်နိုင်သလားတဲ့၊ ကဲ...လူက ဖဲသမားရုပ်များ ထွက်နေသလားမသိဘူး၊ ဒါနဲ့ ကျွန်တော်က မနိုင်ပေါင်ဗျာ၊ မထမ်းချင်လို့ ချောက်ထဲ လွှင့်ပစ်ထားခဲ့တယ်လို့ ဖြေလိုက်တာ လာမေးတဲ့သူလဲ ယုံရခက်မယုံရခက် ဇဝေဇဝါ ဖြစ်နေလေရဲ့၊
ကုန်းသာရှေ့တန်းစခန်း ကိုရောက်တော့ အဲဒီမှာနေပြီး နမူနာရထားတဲ့ Glena သတ္တုရိုင်းနေရာကို သွားကြည့်၊ ဘူမိဗေဒဆိုင်ရာတိုင်းတာတာတွေ လုပ်နေလိုက်တာ တပတ်လောက်ကြာတော့ အနားက ဟဲလည်ဆိုတဲ့ရွာက ဘုန်းကြီးပျံ ဖိတ်ပါလေရောဗျာ၊ ဒါနဲ့ ဘုန်းကြီးပျံကိုရောက်တော့ ဘုန်းကြီးကျောင်းမှာ အာဂန္ဓု ကိုယ်တော်တွေတော့တွေ့ပါရဲ့ ဒီကျောင်းကို ဆက်ထိုင်ဖို့ ကျောင်းထိုင် ကိုယ်တော် ဘယ်ကမှပင့်လို့မရနိုင်သေးဘူးတဲ့၊ ဘုန်းကြီးပျံတာကလဲ တလလောက် ရှိပြီ၊ ဘုန်းကြီးအလောင်းကို ဘုန်းကြီးပျံကျင်းပဖို့ တာရှည်ခံအောင်စီစဉ်ထားရသတဲ့
အဲဒီတော့ ကိုကြီးကျောက်ကလဲ စဉ်းစားတာပေါ့လေ အေးအေးဆေးဆေး ဒီလိုတောင်တန်းဒေသမှာ ဘုန်းကြီးဝတ်နေရရင်တော့ ကောင်းမှာပဲလို့၊
သီလပေး၊ရေစက်ချ၊တရားဟော၊ပရိတ်ရွတ်၊ကမ္မဝါဖတ်လောက်ကတော့ ဒုလ္လဘကလဲခနခနဝတ်၊ ငယ်ငယ်ကလဲ တနှစ်တဝါ စာလိုက်ဖူးလေတော့ မခဲယဉ်းလှပေဖူးပေါ၊့ ပခုက္ကူမှာတဝါနှစ်ဝါလောက် ထပ်ပြီးစာလိုက်ရင်တော့ အတိုင်းထက် အလွန်ပေါ့လေ ဒီလိုတွေးလိုက်တာပေါ့လေ၊
ဒါနဲ့ ကျောင်းထိုင်ကိုယ်တော် ပျံလွန်တော်မူရသည့်အကြောင်းမေးကြည့်လိုက်တော့ ငှက်ဖျားဖျားတာတဲ့..၊ သြော် ငှက်ဖျားလောက်ကတော့ ကိစ္စမရှိနေလို့ဖြစ်တယ်၊ ဒါနဲ့ ဆရာတော်ကို ဘယ်လိုကုပေးကြတုန်းလို့မေးတော့၊ မက်ကလောင်လဲဖေါက်ပေးလိုက်ရော တခါထည်းအသက်ထွက်သွားတော့တာပဲတဲ့၊
ရှမ်းပြည်ဒေသကလူတွေက ဖျားရင်နာရင် မက်ကလောင်ဖေါက်တဲ့အလေ့ရှိတာကိုး၊ သူ့အရပ်နဲ့သူ့ဇတ်ကတော့ ဟုတ်နေတာပဲလေ၊ မက်ကလောင်ကို ဘယ်လိုဖေါက်သလဲလို့မေးလိုက်တော့ သူတို့အဖြေကြားတော့ တော်တော်လန့်သွားသဗျ၊ ယောကျာင်္းဆိုရင် စအိုဝ၊မိန်းမဆိုရင် သူတို့အင်္ဂါအဝမှာ ဖျားရင်မက်ကလောင်ဖုထွက်သတဲ့၊ အဲဒါကိုမှ ခရမ်းဆူးနဲ့ ထိုးဖေါက်ရသတဲ့....အမလေး မလွယ်ပါ့လား၊ မြေပြန့်ကကြွလာတဲ့ဘုန်းကြီးခမြာ တကာတွေက ဝိုင်းချုပ်ပြီး ခရမ်းဆူးနဲ့ အတင်းထိုးဖေါက်တော့ တခါထည်းလန့်ဖြတ်ပြီး အသက်ထွက်သွားတာနေမှာပေါ့၊
အင်း...ဒါဆိုရင်တော့ ဒီမှာနေဖို့ စဉ်းစားရတော့မယ်၊ ဘုန်းကြီးအလောင်းကိုဘယ်လို တာရှည်ခံအောင်လုပ်သလဲလို့ မေးတော့၊ သေလဲသေရော အူတွေ အသဲတွေထုတ်ပြီး ဒီဇယ်ဆီတွေပါးစပ်ထဲ လောင်းထည့် ကျွန်းမီးသွေးတွေအခေါင်းထဲခံပြီး ကျောက်ဖရုံသီးတွေ ရံထားပါသတဲ့၊
အလို...ဆရာတော်ခမြာ ဘဝနတ်ထံပျံလွန်ရှုာမှ ဒီဇယ်သောက်ပြီး ရင်ကွဲပက်လက်နဲ့ မီးသွေးပေါ်မှာလဲနေရပါ့လား၊ လူပျိုကြီးသေရင် ငှက်ပျောတုံးဖက်ရမယ်ဆိုပေမဲ့ တကယ်မဖက်ရဘူး၊ ခုတော့ ဘုန်းကြီးသေတော့ ကျောက်ဖရုံသီးဖက်နေရပါ့လား၊..ကိုကျောက်တော့ ဒီရွာမှာ ဘုန်းကြီးဝတ်နေဖို့ ဖြစ်မှဖြစ်ပါ့မလား...
ဒါနဲ့ ဘုန်းကြီးပျံဈာပနအစီအစဉ်စတာပေါ့လေ၊ ရွာက စွပ်ဖါးလို့ခေါ်တဲ့ ဘီးမပါတဲ့ သစ်သားလှည်းပေါ်မှာ ဘုန်းကြီးအခေါင်းကိုတင် မူးနေကြတဲ့ ကာလသားတသိုက်က ဘုန်းကြီးပျံကွင်းတလျှောက်မှာ ကြိုးနဲ့ဆွဲပြီး ပတ်ပြေးလိုက်ကြတာ ဘုန်းကြီးခမြာပျံလွန်တော်မူမှပဲ ရိုလာကို့စတာ စီးရတော့တာပဲ၊ အခေါင်းထဲက အပုတ်ရည်တွေက ဝေါကနဲ အပြင်ကို စင်ထွက်လာတော့ ကျွန်တော်တို့မှာ ရှေ့ဂျွမ်းနောက်ဂျွမ်းသိုင်းကွက်နင်းပြီး ရှောင်ပြေးလိုက်ရတာ၊ အားရအောင်အလောင်းကိုဆော့ပြီး မှ မီးသဂြိုလ် တော့တာပါပဲ။
ဒါနဲ့ဘုန်းကြီးပျံက ပြန်လဲလာရော ကျွန်တော်လဲ တောင်တန်းဒေသမှာ ဘုန်းကြီးဝတ်ရေးစိတ်ကူးယဉ်ချက်ကို အောင်မြင်စွာစွန့်လွှတ်လိုက်ပါတော့တယ်ခင်ဗျာ၊ ဒီရုပ်ခန္ဓာကြီး ပိုင်ဆိုင်နေတဲ့ သူသူကိုယ်ကိုယ် မဖျားမနာပဲ ရှိပါ့မလားခင်ဗျာ..အဲဒီအချိန်မှာ မက်ကလောင်အဖေါက်ခံရဖို့အရေး မတွေးရဲတာမို့ တောနေရဟန်းမဖြစ်ခဲ့ကြောင်းပါခင်ဗျာ။
Friday, December 4, 2009
ကိုကြီးကျောက် ၏ ချစ်ကိစ္စများ (စလယ်ဝင် ဖင်မမဲခင်က တရုတ်အမဲ)
ကိုကြီးကျောက်က တောင်ပြုံးဇတ်လမ်းလေး ရေးလိုက်တော့ လူတွေစိတ်ထဲ ကိုကျောက်ခမြာ အစစ်နဲ့ မညားရလို့ အတုနဲ့ နှစ်ပါးသွားနေပြီဆိုပြီး လူတွေစိတ်ထဲ သို့လောသို့လောတွေးကုန်ကြပါလေရော...ဒီလိုတော့မဖြစ်ချေဘူး၊ နာမည်မပျက်အောင် ပြန်လည်ကာကွယ်မှဖြစ်တော့မယ်။
ကိုကျောက်တို့များငယ်ငယ်က ဆိုရင် ချောချောလှလှလေးများ မြင်ရင်တယ်သဘောကျတာပဲ၊ခုလဲ မထူးပါဘူးလေ၊ စစ်တွေမှာတုန်းက ထီဆိုင်ကရခိုင်မလေးကို လှလို့ နေ့တိုင်းထီထိုးလိုက် ထီနံပတ်ရွေးလိုက် နဲ့ ဇွတ်ရောအတင်းရော ပဲ၊ တနေ့တော့ စကားစပြီး ညီမရှေ က ဒီမှာနေတာလားလို့ မေးလိုက်တော့ ရခိုင်မလေးကလဲ ပြန်ဖြေသဗျ၊ ဇာကိုက်စလဲ တဲ့၊ ကျွန်တော်က အားရဝမ်းသာ ချိုက်ကိုက်စ ချိုက်ကိုက်စ လို့ပြောပြီးကထဲက နောက်ကျွန်တော်ကိုမြင်ရင် အိမ်ထဲဝင်ပြေးတော့တာပဲ၊ ခေါ်တောတထောင်အားနဲ့ နေ့တိုင်းလာငမ်းနေတော့ ခေါ်တောမှတ်လို့ ကြောက်သွားသလားမသိဘူး၊
ရခိုင်မှာခေါ်တောနည်းက အဆင်မပြေပေမဲ့ မြိတ်ရောက်တော့ ok တယ်ခင်ဗျ၊ မြိတ်မှာ မြိတ်ရုံးက မြို့စွန် ကြံတောဆိုတဲ့ ရပ်ကွက်မှာဆိုတော့ ကျွန်တော်တို့ မြိတ်ရောက်ရင် မြို့လည်က ရွှေကျောင်းကြီးမှာပဲ တည်းတယ်၊ ရုပ်ရှင်ရုံတွေ ၊ဈေး၊ သိမ်တော်ကြီးဘုရား အကုန်လုံးနဲ့ နီးတော့ တော်တော်အဆင်ပြေလှသဗျ၊ နောက်ထပ်အကြောင်းအရာတခုကတော့ ကျွန်တော်တို့ တည်းတဲ့နေရာနဲ့ မျက်နှာချင်းဆိုင် အိမ်ကကောင်မလေးက ချစ်စရာလေးဗျ..အဟ၊ဲ
ဟိုဘက်နဲ့ ဒီဘက် အပျိုလူပျို စက္ခုရူပေန သံဝါသကြလေတော့ တဖြေးဖြေးနဲ့ လက်ဟန် ကိုယ်ဟန်လေးကလဲပါလာကြတယ်၊ သူကလေးက မနက်ဆိုရင် မြိတ်ဈေးထဲမှာ ဈေးထွက်တယ်၊ သူတို့က ယိုးဒယားလုပ် လူသုံးပစ္စည်းအစုံရောင်းတာခင်ဗျ၊ ဆိုင်က ညီမသုံးယောက် ရောင်းကြတာ၊ သူကအငယ်ဆုံး ၊ ကျွန်တော်တို့ကလဲ အားရင်မြိတ်ဈေးထဲ ပတ်နေတာဆိုတော့ သူတို့ဆိုင်ရှေ့ကို တနေ့ ၁၀ ခေါက်လောက်ရောက်တယ်၊ ရောက်တိုင်းလဲ သူတို့ဆိုင်မှာ ဟိုဟာမေး ဒီဟာမေး၊ အနဲဆုံး သွားတိုက်ဆေး၊ဆပ်ပြာတော့ ဝယ်ပြီးပြန်တာမို့ အားရင်ရေချိုးသွားတိုက်တဲ့ အလုပ်ပဲလုပ်နေတယ်လို့များ ကောင်မလေးက ထင်မှာစိုးရသေးသဗျ၊
နေ့တိုင်းရောက်တာဆိုတော့ ကြာတော့ ရင်းနှီးစပြုလာတယ်၊ တနေ့တော့ ကောင်မလေးက ဈေးကတယောက်ထဲပြန်လာတယ်၊ ကျွန်တော်ကလဲ အဲဒီအချိန်မျိုးကို ချောင်းနေတာလေ၊ မယောင်မလည်နဲ့ သူနားသွားတော့ အကိုဘယ်သွားမလို့လဲတဲ့.. ဟာ...ဒါဆိုရင်တော့ ပြေလည်တော့မယ့်ပုံပဲလို့ တွက်လိုက်တာပေါ့၊ ဘိတ်သူတွေက လူစိမ်းယောင်္ကျားဆိုရင် ဦး လို့ပဲခေါ်တတ်တာကိုး၊ကျွန်တော်တို့ မြိတ်ရောက်စက အသက် ၄၀ ကျော် ၅၀ ကျော် ဂျီးတော်တွေ ကလဲ ကျွန်တော်တို့ကို ဦး လို့ ခေါ်ကြတော့ နားထောင်ရတာ အဆင်မပြေလိုက်တာ၊ အကိုလို့ခေါ်တာက ရည်းစားတို့ လင်တို့မှ ခေါ်တာတဲ့၊
ကဲ..၅၀% တော့ပြေလည်လောက်ပြီ ဆိုပြီးရည်းစားစကားပြောတော့ သူကလဲမငြင်းပါဘူး၊ ဒါပေမဲ့ ပြောစရာတွေ အများကြီးရှိတယ်တဲ့၊ အေးအေးဆေးဆေး ပြောကြဖို့ နေရာစဉ်းစား လိုက်တာ... နောက်ဆုံး ရုပ်ရှင်ကြည့်ရင်း ပြောကြမယ်ဆိုတော့ ဂုဏ်ရုံမှာ ချိန်းလိုက်တာပေါ့၊ ဂုဏ်ရုံက နောက်ဆုံးတန်း နောက်ဆုံးထောင့်လေးကို နေရာရွေးဝယ်လိုက်တာ ဖြစ်ပုံများကတော့ဗျာ လူဝင်ပေါက်ကလဲ နောက်ဆုံးထောင့်မှာဗျား၊ ပခုံးလေးဖက်မယ်ကြံကာရှိသေး လူတွေကကိုယ့်ဘေးက ဝင်လာလိုက်၊ ပါးကလေးအပ်ကာ ရှိသေး အပေါ့အပါးသွားဖို့ အပြင်ထွက်တဲ့သူနဲ့ ၊အဆင်မပြေချက်များတော့၊ ရုပ်ရှင်ရုံထဲမှာ သူပြောတာတွေကတော့ အများကြီးပါပဲ၊ အဓိကအချက်ကတော့ ဘာသာမတူလို့ သူ့အိမ်က သဘောမတူနိုင်မှန်းသိရက်နဲ့ စွန်စားပြီးကြိုက်ရတာမို့ တကယ်ချစ်လို့ တကယ်ယူမယ်ဆိုရင် မိဘတွေသဘောကြအောင် လိုက်လျောပေးပါပေါ့၊ ဒီကလဲ မွှန်နေချိန်ဆိုတော့ ok ပေါ့၊
ဒီအကြောင်းကို သူငယ်ချင်းတွေသိတော့ ဟာ..ဖြစ်ပါ့မလားတဲ့၊ ဘာမဖြစ်နိုင်စရာ ရှိလို့လဲ ငါ့အိမ်ကလဲ ငါ့သဘော ဆိုတော့ ၊ ဒါဆို..မင်း ကုလားလို ရှင်ပြုခံရလိမ့်မဗျတဲ့၊ အို..ဖြတ်ဖြတ်..အရင်းကဖြတ်မပစ်ရင်ပြီးတာပဲလို့ဖြေလိုက်တော့ မင်းကအရှေ့ခေါင်းပြုအိပ်၊ မင်း ကောင်မလေးကအနောက်ခေါင်းပြုအိပ်တော့ တယောက် လည်ပင်းတယောက်က ဖနောင့်နဲ့နင်းမိမှာပေါ့တဲ့၊ အသက်အန္တရာယ် စိုးရိမ်နေလိုက်ကြတာ၊ ငါလဲအနောက်ခေါင်းပြုမှာပေါ့ ဘာခက်တာလိုက်လို့ ပြောတော့၊ မင်း ဝက်သားငတ်မှာပေါ့ကွာတဲ့၊ ငါ့ဖာသာ တိတ်တိတ်လေး တရုတ်ဆိုင်သွားစားလဲ ရတာပဲ၊ ဆိုတော့ သြော်...အချစ်ဆိပ်တွေ တက်နေရှာတယ်လို့ စုပ်တသတ်သတ်ဖြစ်ကုန်ကြတော့တာပဲ၊ ဒီလောက် အချစ်ကြီးချစ်ခဲ့ရှာတဲ့ ကိုကြီးကျောက်တို့ အဲဒီတုန်းကသာ မြိတ်မှာ အိမ်ထောင်ကျခဲ့ရင် ခုနေခါမှာ ဟာဂျီကျောက် ဆိုပြီးဖြစ်နေလောက်ပြီပေါ့ခင်ဗျာ၊
ဒါပေမယ့် ..အဲဒီဒါပေမဲ့ကတော့ ဒီလိုခင်ဗျ....၊ မြိတ်မြို့ရဲ့ အထင်ကရ သိမ်တော်ကြီးဘုရားကုန်းဟာ ဗမာပြည်မှာ အသာယာဆုံးဘုရားကုန်းတော် ပါပဲ၊ ဘုရားရင်ပြင်ကနေ ကြည့်လိုက်ရင် မြိတ်မြို့ကိုလဲ စီးမိုးမြင်နေရသလို ကပ္ပလီပြင်နဲ့ မြိတ်ကျွန်းစုတွေကို တမျှော်တခေါ်ကြီးမြင်နေရတာ အင်မတန်လှတဲ့ရှုခင်းပါ၊ ပိုပြီးသာယာတာကတော့ မြိတ်သူ အပျိုချောတွေ ညဦးပိုင်းမှာ ဘုရားလာကြတာပါပဲ၊ ကျွန်တော်တို့ကလဲ ညတိုင်း ဘုရားပေါ် မရောက်မရှိဆိုတော့ ကျွန်တော်တို့ပုဂံသား တွေနဲ့ (ဗမာပြည်မကလူတွေကို ဘိတ်ကလူတွေက ပုဂံသားလို့ခေါ်တယ်) မြိတ်သူလေးတွေနဲ့ စကားလက်ဆုံကလဲကျကြတာပေါ့၊ စကားလက်ဆုံထက်ကို ပိုပိုသာသာဖြစ်ချင်လာသူလေး တယောက်နဲ့ထပ်ဆုံ လာတော့လဲ သူနဲ့ကလဲ ဘုရားမှာဆုံတာပေါ့လေ၊ ကဲ..ဒီလိုဆိုတော့ ကိုကြီးကျောက်ကို မျက်နှာများတတ်သူ၊ လို့ ဆိုချင်လဲဆိုကြတော့ ငယ်ငယ်ကတော့ လောဘလဲတယ်ကြီးတာကိုး မုန့်တောင် အကြီးကြီးလိုချင်တာလေ၊ ခု အသက်ကြီးလာတော့ လောဘနဲသွားလိုက်ပုံများ မိန်းမကြီးကြီးဆိုရင် မလိုချင်တော့ဘူး၊ ငယ်ငယ်ပဲ၊အ ဟဲ၊
ကဲပါလေ..ဘုရားမှာ ဆုံသူလေးနဲ့ ဇတ်လမ်းဆက်ကြပါဦးစို့၊ သူလေးက ကျွန်တော်တို့ နှစ်ယောက် ရေစက်ဆုံအောင်ဆိုပြီး ဘုရားမှာ ရွှေသင်္ကန်းဖိုးလှူကြတော့ နှစ်ယောက်နာမည်နဲ့ စုံတွဲလှူသဗျား၊ ဘုရားအလှူခံဌာနကလဲ လော်စပီကာကြီးနဲ့ ဟစ်လိုက်တာ လေသင့်သမျှ တမြို့လုံးကြားရတာပဲ၊ အဲဒီညက မြိတ်ဈေးသူလေးက ကြားတော့ကြားတယ် သိတ်မသေချာဘူးတဲ့ ဖြစ်ချင်တော့ ဘုရားမှာဆုံသူလေးနဲ့ မြိတ်ဈေးသူလေးကလဲ သူငယ်ချင်းတွေတဲ့ဗျား၊ ဘုရားမှာဆုံသူလေးက ဈေးသူလေးတို့နောက်ဖက် လမ်းကြားမှာနေသတဲ့၊ တယောက်နဲ့တယောက် ရည်းစားကြောင်းပြောကြတော့ သူတို့ကို နှစ်ဖက်နင်းတဲ့ ကိုကျောက်အကြောင်းက ပေါလောကြီးပေါ့ဗျာ၊ ဒါနဲ့ ကိုကျောက်ကို ရေးလာတဲ့စာထဲ မှာ ကိုကျောက်ဟာ ဝက်သား(တရုတ်အမဲ)လို ရွံရှာစက်ဆုတ်ဖွယ်ကောင်းသူ၊ ဂတိမတည်သူ ၊သစ္စာဖေါက်ဖျက်သူ...အို..ပုဒ်မတွေကို စုံနေပါရောလား၊ ခုနေခါသာဆိုရင် ကိုကြီးကျောက်လဲ ထောင် ၆၅ နှစ်ကျလောက်တယ်၊ ခုခေတ်ကြီးက လမ်းပေါ်လမ်းလျှောက်တာတောင် ထောင် ၆၅ နှစ် ကျတတ်တယ်လေ၊ ကိုကြီးကျောက်တို့ စွန်ပုံများကတော့ ရည်းစားရတာ တလကိုသီတင်းပဲရှိသေး စလယ်ဝင် ဖင်တောင်မမဲရသေးဘူး တရုတ်အမဲ ဖြစ်သွားပါရောလား၊ တယောက်ယောက်နဲ့ကွဲရင် အပိုရှိအောင် ဆောင်မလို့ ကြံကာရှိသေး ငရံ့နှစ်ကောင်လုံး လွတ်ရတော့တာပဲ၊ သြော်..ချစ်ကံလွဲပုံများကတော့၊
field ကလဲ ဘုတ်ပြင်းဖက် ဆင်းရပြန်တော့ မြိတ်သူတွေနဲ့ ထပ်မဆုံဖြစ်တော့ပါဘူး၊ ကိုကြီးကျောက်ခမြာ တနသာင်္ရီကမ်းရိုးတန်းသူ တွေနဲ့ လွဲချင်တော့လဲနော် ။
Monday, November 30, 2009
တောင်ပြုံးမင်း နှစ်ပါး နဲ့ ပုလင်းပြားပျောက်မှုကြီး
ဒီလကိုနတ်တော်လတဲ့၊ ရှေးရှေးကတော့ နတ်တော်လကို နတ်လ လို့ဆိုကြပါတယ်၊ ကျွန်တော်တို့ အညာဒေသ ကတော့ နတ်တွေကလဲ ပေါချက်က ကမ်းကုန်ပါရောလား၊ ညောင်ဦးက ရွှေစည်းခုံ ဘုရားထဲမှာ နတ်တွေ စုံစီနဖာတွေ့ရတော့တာပါပဲ၊ ပွဲစားကြီး ဦးနေဒွန်း ဆိုပြီး ပွဲစားကတောင် နတ်ဖြစ်နေပါရောလား၊
ကျွန်တော့မွေးရပ်ဌာနေ မြင်းခြံ ကလဲ နတ်တွေဝိုင်းဝိုင်းလည်နေသေး သဗျ၊ ဧရာဝတီမြစ် ကူးလိုက်တာနဲ့ ဦးမင်းကျော်ရဲ့ ကူနီကျွန်းဗျား၊ အနောက်မြောက်ဖက်ကမ်း လှမ်းကြည့်လိုက်တော့ လေးကျွန်းမောင်မောင် နတ်နန်းတဲ့၊ မြင်းခြံမြောက်ဖက်လက် ကိုနဗန တို့ ဆီမီးခုံ မှာကြ ဘဲဥပိုင်ရှင် ရှင်နဲမိ ကနေရာယူထားသဗျား၊ မနဲလေးခမြာ နတ်ဖြစ်စောရှာပေလို့သာ ဘဲဥ ကိုင်နိုင်တာ၊ ခုမှသာ နတ်ဖြစ်ရင် ဘဲဥဈေးကြီးလို့ ဘာဥကိုင်ရရှာမယ် မသိဘူး၊ ကန်စွန်းဥလောက်တော့ ကိုင်နိုင်မယ် ထင်တာပါပဲလေ။ အနောက်တောင်ဖက်နယ် ကတော့ မြင်းဖြူရှင် အပိုင်နယ်ခင်ဗျ၊ ပုပ္ပါးတောင်မှာ မိုးညို့နေတုန်း ဆင်တဲဝချောင်းကို မြင်းနဲ့ ဖြတ်ကူးတာ ချောင်းရေထဲပါ သွားပြီး သူကလဲ နတ်သန်းခေါင်စာရင်း မှာအမည်ပေါက်သွားတာပဲ၊ မြင်းခြံတောင်ဖက်နယ် ပုပ္ပါးကတော့ နတ်တွေ ရဲ့ condo ပါပဲ၊ မင်းမဟာဂီရိ ဦးစီးတဲ့ နတ်ပေါင်းစုံရာဒေသခင်ဗျ၊ အညာသားများ နတ်ဖြစ်ရတာ တယ်လွယ်တာပဲ၊
အောက်ပြေအောက်ရွာ နေတဲ့သူတွေထဲက မောင်ရှင်တယောက်ပဲ ကံစမ်းမဲပေါက်လို့ နတ်ဖြစ်ရရှာတာ၊ ခုနေခါ မောင်ရှင်ရှိရင်လဲ အရက်ပုလင်းတို့၊ စီးကရက်တို့ ထဲက ကံစမ်းမဲသေချာပေါက် ပေါက်မှာပဲ၊ ဗမာပြည်က ကျွန်တော့ သူငယ်ချင်းတချို့တော့ အရက်ပုလင်းနဲ့ ကံစမ်းလိုက်ကြတာ တဖြေးဖြေး ပြုတ်ကုန်ကြလို့ နတ်ပဲဖြစ်နေကြသလား အဝီစိက အချက်အပြုတ် blogger တွေ လက်ထဲ အကြော်အလှော် ခံနေရသလား မသိပေါင်ခင်ဗျာ၊
အညာကနတ်ပွဲတွေထဲမှာ တောင်ပြုံးပွဲကအစည်ကားဆုံးပါပဲ၊ကျွန်တော်တို့ မန်းတက္ကသိုလ်ကျောင်းသားဘဝတုန်းကတော့ တောင်ပြူံးချိန်ဆိုရင် တောင်ပြုံး၊ ရတနာ့ဂူဆိုရင် ရတနာ့ဂူ၊ မရောက်မရှိ အမြဲရောက်တာပါပဲ၊ သွားရတာကလဲလွယ်တယ်လေ၊ညနေ ထမင်းစားပြီးတာနဲ့ အဆောင်ကနေ ဘုရားကြီးဖက်ကို လမ်းလျှောက် ဘုရားကြီးအနောက်မုခ်ကနေ စစ်ကိုင်းကား၊ တောင်မြို့(အမရပူရ) ကားကို စီးလိုက်ရင်ရတနာ့ဂူပွဲ တန်းရောက်တာပါပဲ၊တောင်ပြုံးဆိုလဲ ဘူတာကြီးသွား ရထားစီးလိုက်ယုံပဲ၊ ကျွန်တော်နဲ့ မေဂျာမတူ အတန်းမတူပဲ တွဲဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ဟာ နတ်ပွဲတွေမှာ ကတဲ့ မြို့တော်သိန်းအောင်ဇတ်တို့ စိန်မာဒင်၊ မိုးဝင်းတို့ဇတ်ကို ကြည့်ဖေါ်ကြည့်ဖက် တွေပါပဲ၊ ဟုမ္မလင်းသား ဖေသိန်းနဲ့ မင်းကင်းသားကျော်ညွန့် တို့ဟာ နတ်ပွဲသွားဖက် ဘော်ဒါတွေပေါ့ဗျာ၊
တောင်ပြုံးကို ဖေသိန်းတို့နဲ့သွားတဲ့ တရက်ပေါ့ဗျာ၊ ပွဲဈေးတန်းထဲလဲရောက်ရော မိုးကရွာချပါလေရောဗျာ၊ဒါနဲ့ အနီးအနားက တွေ့တဲ့နတ်နန်းမှာ ဝင်ပြီးမိုးခိုကြတာပေါ့၊ နတ်နန်းကနန်းထိမ်းမာမီကြီးကလဲ သားတို့လာကြထိုင်ကြပေါ့လေ၊သားတို့ဘယ်ကလာကြသလဲပေါ့၊ ကျွန်တော်တို့ကလဲ မန်းတက္ကသိုလ်ကျောင်းသားတွေ နတ်ပွဲလာလည်တာပေါ့၊ကျွန်တော်တို့ကလဲ ၁၈နှစ် ၁၉နှစ် လူပျိုလေးတွေဆိုတော့ မာမီကြီးနဲ့ အပေါင်းအဖေါ်များကလဲ ကျွန်တော်တို့ကို စားရကံကြုံလို့မုတ်ဆိပ်ပျားစွဲတဲ့မျက်လုံးတွေနဲ့၊ အမလေး..ကြက်သီးတောင်ထတယ်၊ သူတို့ချင်းပြောတာလဲ ကြည့်ဦးလေ...ဟယ်..အစင်လေးတွေတော့..တက္ကသိုလ်ကျောင်းသားလေးတွေ၊ ဟိုသူငယ်လေးက မိုက်တယ်နော်...၊ သိတယ်လေသိနေတယ်၊ ဟိုချင်းတွင်းမြစ်ရိုးက နှစ်ကောင်ကို မိုက်တယ်ပြောတာ မဟုတ်မှန်းသိတယ်၊ဒီကောင်နှစ်ကောင်ကို ကြည့်လိုက်တော့ သူတို့မျက်လုံးက နတ်စင်ပေါ်ကအရက်ပုလင်းတွေပေါ်ဝဲနေကြတာကိုး၊ မာမီမျက်လုံးက ကိုယ့်အပေါ်ဝဲလို့၊ မာမီကြီးက သားတို့ထမင်းစားပြီး မိုးစဲမှ အေးဆေးပြန် ညအိပ်မယ်ဆိုလဲ မာမီနန်းမှာအကျယ်ကြီးတဲ့၊စကားရော ဖွဲရောနဲ့ ကျွန်တော်အနားကပ်လာတယ်၊ ဖေသိန်းက ကျွန်တော့ကို လှမ်းကြည့်တယ်၊ သူငယ်ချင်းချင်း ဒီလောက်တော့ သဘောပေါက်တာပေါ့၊ မာမီကိုကြည့်ထိမ်းထားပေါ့၊ ဒီကောင်တွေ နတ်ဆက်ထားတဲ့ ပုလင်းတပြားကို သုတ်တော့မယ်ပေါ့၊ကျွန်တော်ကလည်း မာမီ...သားတို့က ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ဖေါလျှောတွေ မာမီကြီးကိုပြောပြီး နေရတာပေါ့၊ အဲဒီမာမီဆိုတာကြီးကလဲ သူ့ပုံကြီးနဲ့ တဟင့်..ဟင့် နဲ့ နွဲ့ပြီးတဖြေးတဖြေး အနားကိုတိုးကပ်လာလေ စိတ်ထဲက ဖေသိန်းကို ဆဲလေ၊ သိတ်တော့မကြာလိုက် လိုက်ပါဘူး၊ ခါးပိုက်နှိုက်ပညာမှာ ကြိုးစားသင်ယူရင် ပါရဂူဘွဲ့ ရလောက်တဲ့ ကျော်ညွန့် လွယ်အိပ်ထဲကို ပုလင်းပြားက အစင်းသားရောက်သွားတာမို့ ၊သားတို့ နန်းကြီးဖက် ခနသွားလိုက်အုန်းမယ်ဆိုပြီး မာမီလက်ကနေ အမြန် အရှောင်အတိမ်း ဂျက်စီဂျိမ်းနဲ့ ပြေးဖို့ပြင်ရတာပေါ့၊ တော်ပါသေးရဲ့ မိုးကလဲတိတ်သွားလို့၊ ညကျတော့မာမီလိုက်ပို့မှာပေါ့ ပြောပေမဲ့ ခနလေးပါလို့ပြောပြီး အမြန်လစ်ထွက်ခဲ့တာပါပဲ၊
အားလုံးသဘောတူ အဆောင်ပဲ ပြန်မယ်ဆိုပြီး ရထားနဲ့ ပြန်ခဲ့ကြတာပေါ့၊ ရထားကလဲပွဲတော်ချိန်ဆိုတော့ ကြပ်လိုက်တာ၊ ဘယ်လောက်ကြပ်သလဲဆိုရင် လူတွေကြား တိုးလိုက်ဝှေ့လိုက်တာနဲ့ကို ကျော်ညွန့်လွယ်အိပ်ထဲက ရမ်ပုလင်းဟာ မုန့်လေပွေလို အစိတ်စိတ်ကြေမွသွားတော့တာပဲ၊ ရထားတတွဲလုံးလဲ အရက်နံ့ မွှန်ထူသွားတာပဲ၊ အရက်ပုလင်းကို ကြက်ဥခွံနဲ့များ လုပ်ထားသလားအောက်မေ့ရတယ်၊ ကျွန်တော်တို့အားလုံး မချင့်မရဲနဲ့ အဆောင်ပြန်ခဲ့ရတယ်၊
နောက်နှစ်ရက်လောက်ရှိတော့ ကျွန်တော်တို့ တောင်ပြုံးကို နေက်တခေါက်ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါပဲ အဲဒီ မာမီကြီးနဲ့ တခါပြန်တွေ့တယ်ခင်ဗျ၊ ကျွန်တော်တို့က ဘာမှမဟုတ်သလိုနဲ့ နှုတ်ဆက်တော့ အမယ် သူကပြောသဗျ၊ နင်တို့ မသောက်ရဘူးမို့လားတဲ့၊ ကျွန်တော်ကလဲ မငြင်းပါဘူး၊ ဟုတ်ကဲ့လို့ ပြောတော့ မာမီကလဲ သားတို့ယူသွားမယ်ပဲထင်လို့ ကိုယ်တော်နှစ်ပါးကို တိုင်တယ်ပြီး လူတွေတော့ အမိုက်အမဲလေးတွေမို့ ဘာမှမလုပ်ပါနဲ့၊ ပုလင်းကိုတော့ သောက်မရအောင်တားပေးပါလို့ ဆုတောင်းလိုက်တာပေါ့တဲ့၊ ကဲ..ဘယ့်နှယ်ရှိစ..၊ ဒါနဲ့ကျွန်တော်က ဒီပုလင်း က သူတို့ကိုဆက်ထားတဲ့ပုလင်းလားဆိုတော့ မဟုတ်ဖူးတဲ့ ပခန်းကိုကြီးကျော်ကို ဆက်ထားတဲ့ ပုလင်းတဲ့ ၊ တောင်ပြုံးနှစ်ပါးက မသောက်ကြဘူးတဲ့ ဥပုသ်ဆောင်ဝင်နေကြသတဲ့၊ ဟင် ..ဒါဖြင့် ဘာလို့ သူတို့နှစ်ပါးကို ဘာလို့ တိုင်တယ်ရသလဲ လို့မေးတော့၊ ဒါသူတို့အပိုင်နယ်မို့တဲ့၊ သြော်...လက်စသတ်တော့ တောင်ပြုံးနှစ်ပါးကိုဒီမာမီက ဆားပုလင်းခန့်လိုက်တာကိုး၊ တောင်ပြုံးညီနောင်ခမြာ မာမီနဲ့ပေါင်းမှပဲ နတ်စင်စစ်ကနေ ဆားပုလင်းဖျဉ်းညီနောင် ဖြစ်ရရှာတယ်၊ မာမီကြီးက မင်းတို့သောက်ချင်ရင်ရင် ည မာမီတက်ပွဲပြီးရင် သောက်ပွဲကျင်းမယ် အဲဒီကြမှအမူးသောက်တဲ့၊ ဖေသိန်းက ဘယ်လိုလဲဆိုတဲ့ သဘောနဲ့ ကျွန်တော့ကို လှမ်းကြည့်တယ်၊ ဒီကောင်ကိုကြည့်ရတာ မာမီဆီမှာ ကျွန်တော်ကိုပုလင်းနဲ့ လဲသောက်မလို့များစိတ်ကူးနေသလား မသိဘူး၊ ဘာရမလဲ ..ကျွန်တော်က သွက်လက်စွာနဲ့ သားဥပုသ်ဆောင်ဝင်တယ် မာမီ မသောက်တော့ဘူးလို့ဖြေလိုက်တာပေါ့၊ တော်သေးတာပေါ့..တောင်ပြုံးနှစ်ပါးလဲ ဥပုသ်ဆောင်ဝင်နေကြပေလို့...၊
အရက်ပုလင်းတလုံးကို ကြက်ဥကိုဖိမိလို့ ကွဲလိုမျိုး အဲဒီတခါကြုံဖူး ရတာပါပဲ၊ နတ်တွေခမြာလဲ မာမီတွေက ဟိုဟာသည်ဟာ မ စပါ ဆိုပြီး နားပူခံလိုက်ရ၊ ဟိုအမှုဒီအမှုတွေကို လာပြီး တိုင်ကြတောကြတာတွေလဲ နားထောင်လိုက်ရနဲ့ ဗမာပြည် နတ်ဖြစ်ရတာ တယ် ဇိမ်မကြလှဘူး လို့ထင်မိကြောင်းပါခင်ဗျာ။
စာကြွင်း။ ။ ဗမာပြည်ကနတ်တွေဇိမ်မကျဘူး ပြောနေတဲ့ ကျွန်တော်လဲ U Sမှာ ဇိမ်မကျပါဘူးခင်ဗျာ၊ တလတလ ကားဖိုးအိမ်ဖိုး credit card အကြွေးတွေနဲ့ မို့ အလုပ်တွေ မအားအောင်လုပ်နေရတာကြောင့် စာတောင်ရှည်ရှည်မရေးနိုင်၊ အိမ်တွေလဲ မလည်နိုင်ဖြစ်နေရကြောင်းပါခင်ဗျာ၊ညီတော်မောင်ကိုမိုးက မိန်းမရှိတာလဲမဟုတ်ပဲလို့ ပြောပေမဲ့ လင်မရှိပဲ ကလေးတွေ တပြွတ်ပြွတ်မွေးပြီး အစိုးရဆီက ထောက်ပံ့ကြေးတောင်းစားနေတဲ့ အမဲမတွေ ပဲမ(စပိန်စကားပြောမ)တွေ၊အတွက် လစဉ် Tax လဲပေးနိုင်အောင် ကြိုးစားရသေးတယ် ကိုမိုးရေ..
Wednesday, November 25, 2009
ကိုကြီးကျောက် ၏ ချစ်ကိစ္စများ(နိဒါန်းပိုင်း)
ကျွန်တော့မိတ်ဆွေ ကိုချစ်ဖေကြီးက အချစ်အကြောင်းလေး တွေ ရေးပါဦးလို့ တိုက်တွန်းလာသဗျ၊ (အံမယ် .သူကတော့ အခုရေးပြီးတင်ထားပြီးပြီဗျ၊ မောင်..မောင်..နဲ့ ချစ်ကိုယ်တွေ့များလားလို့ ဟုတ်ဖူးဗျို့) ၊သူပြောမယ်ဆိုလဲ ပြောလောက်စရာ ပါပဲ၊ ကျွန်တော်ရေးတာတွေ ကလဲ ဂမ္ဘီရတွေ များနေတော့ သူ့ခမျာ ဖေ..ဖေ..ချင်း ခြေမမြင်ဘူး ဖြစ်သွားမှာပေါ့၊ ကျွန်တော်တို့ နှစ်ယောက်လုံး ကလည်း အမေရိကန်က လူပျိုကြီးတွေ ဆိုတော့ ..( ကိုချစ်ဖေရေ..ကြော်ငြာဝင်ပြီဗျို့..ဒန်..တန်..တန်.. ကြော်ငြာက လဲ အရမ်းမဝင်ရဲဘူး၊ ကျွန်တော်လုပ်နေတဲ့ ဗာဂျီးနီးယားက ဓါတ်ဆီဆိုင်က John ဆိုတဲ့ကောင် ကြော်ငြာကောင်းတော့ အာဂျင်တီးနားက ကောင်မလေးနဲ့ ချိပ်မိပါရောလား၊ လက်တင်အမေရိကနိုင်ငံတွေက မိန်းမများကလဲ အမေရိကန်ကို လာဖို့ဆိုရင်..အို..ငရံ့ပြာလူး ဖြစ်နေလိုက်ကြတာ၊ ဗင်နီဇွဲလားတို့ ဘရာဇီးတို့ အာဂျင်တီးနားကမိန်းမတွေ ကလဲ လှသူများတယ်လေ၊ ဒီတော့ John လဲ သူ့ကောင်မလေး အမေရိက လာဖို့ ငွေတော်တော် အကုန်ခံလိုက်ရတယ်၊ ဟော..မရွှေချောက ရောက်လဲရောက်ရော လေယာဉ်ကွင်းကထဲက ပျောက်သွားလိုက်တာ John ခမြာ မအီမလည်ဖြစ်ကျန်ရရှာတယ်..) ၊
ဒ့ါကြောင့် ဘိုလိုတော့ ကြော်ငြာရဲပေါင်ဗျာ၊ ဗမာလို TV ကြော်ငြာမယ် ကြံတော့လဲ ဗမာမင်းသမီးတွေနဲ့က မဖြစ်သေးပါဘူး၊ သူတို့က တယ်လီဖုန်းသံကြားရင် တယ်လဲအိုက်တတ်ကြသကိုး၊ ဟို တနေ့က အင်တာနက်မှာဗျာ..ကြည့်လိုက်ရပါရဲ့ ၊တယ်လီဖုန်းပြောတဲ့သူကပြောလို့ မင်းသမီးကလဲ အရမ်းကို အိုက်နေပုံရတယ်၊ အဝတ်တောင်မကပ်ရှာဘူး၊ မဖြစ်ဖူး..မဖြစ်ဖူး..ကိုယ်က လဲ ဖုန်းအလွန်ပြောတဲ့သူ..သူတို့အအေးမိမှဖြင့် ကိုယ့်လာအမှုပတ်နေလိမ့်မယ်၊ ကဲ..ကဲ...ကိုယ့်အကြောင်းကိုယ်ပဲ ဆက်ကြစို့၊ ရှိစုမဲ့စု အချစ်တွေ မြေလှန်လို့ပြန်ရှာပြရမှာဖြင့် ကျောင်းသားဘဝက ပြန်စပြမှ ရင်ခုံလှိုက်မောဖွယ် အချစ်နံ့လေးတွေ ပြန်ရမယ်လေ ( ရေးသာရေးရတယ် ကဗျာမဆန်လိုက်တာ အောင်သာငယ် တို့များ ကလေး ၃ယောက်တောင်ရလို့ သားကြီးတောင် လူပျိုပေါက်ဖြစ်နေပြီ ခုထိ အချစ်ကဗျာလေးတွေက နူးနူးညံ့ညံ့ ခံစားလို့ကောင်းတုန်း၊ ချစ်တတ်လိုက်ပုံများ ပြောပါတယ်)
ကျောင်းသားဘဝက အတန်းထဲ မိန်းမကလဲ မရှိတော့ မိန်းမရှိတဲ့ အတန်းတွေမှာ Geology က ကောင်တွေလာရင် အို....ဝေသာလီပြည် ဘီလူးဝင်သလား အောက်မေ့ရတယ် အငမ်းမရဖြစ်နေကြတာ၊ ကျွန်တော်ကလဲ ဘယ်အတန်းမှာသွားပြီး အားပေးသလဲ ဆိုတော့ နုနုရည်(အင်းဝ)တို့ အတန်းခင်ဗျ၊ နုနုရည်ကိုတော့ သွားငမ်းတာမဟုတ်ပါဘူး ၊သူတို့အတန်းမှာ အချောအလှတွေ အများကြီး၊ သူတို့အတန်းက မုံရွာသား သောင်းထွန်းနဲ့ ကျွန်တော်က အဆောင်မှာ အတူနေတော့ ခနခနလဲ ရောက်ဖြစ်တာပေါ့လေ၊ အံမယ်..အဲဒီတုန်းက နုနုရည်ကို ကြိုက်နေတဲ့ကောင်က ရှိသေးသဗျား၊ ကလေးမြို့ကကောင် ၊ ခုတော့ဒီကောင်လဲ ကလေးဘယ်နှစ်ယောက် ရနေပြီလဲ မသိပါဘူး၊ ကျွန်တော်က ဒီကောင်ကိုနောက်ချင်တာနဲ့ ဖိုးသူတော်ဦးမင်းတို့ ကွမ်းစာချိုးလေး ကိုပြင်ပြီး..တံတားဦးက နုနုရည်၊ငမြာက ခင်မာအေး၊တင့်တင့်တောင်ငူနဲ့ ကိုင်း ခင်မာဝေ၊ ပြည် မို့မို့အေး သာဝါးလို့ထွေး ဆိုပြီး စာချိုးလိုက်တာ တမနက်ခင်းလောက် စိတ်ကောက်နေသေးဗျား၊
ကိုင်း..မန်းတက္ကသိုလ် သချာင်္ ကျောင်းသူများကို ဘူမိဗေဒက ကိုကိုကျောက်က ပိုးခန်းဆက်ကြစို့လား၊ ပိုးတုန်းကတော့ ဘာရရပေါ့ဗျာ၊ ကျောင်းသူများကလဲ ကျွန်တော်တို့ဆိုရင် ရွံကြောက်ကြီးဆိုတော့ ခက်ပေဖူးလား၊ ကိုယ်ကလဲ ကျလောက်အောင် မပြောတတ် ၊ ကိုယ်ပြောတတ်သလို ...အေးသာရေ ..နင်နဲ့ငါနဲ့ ကောက်ရိုးပုံထဲ သွားကြစို့လား လို့ပြောလိုက်လို့ကတော့ သေချာပေါက်ပါပဲ ပါးရိုက်ခံရမှာ၊ အဲ..ရည်းစားလေး တယောက် ရချင်တော့ အလွယ်လေးဗျာ၊ ဟို အသင်းဒီအသင်းတွေနဲ့ ပစ်ကနစ်ဆင်းလိုက်တော့ တယောက်နဲ့တယောက် ဘာလိုလိုတွေဖြစ်လာတာ ပေါ့ဗျာ၊ သူက မြစ်ကြီးနားကောလိပ်က ပြောင်းလာတာ ၊ ရွှေမန်းဆောင်မှာနေတယ်၊ ညနေညနေဆိုရင် ရေချိုး၊ထမင်းစား ၊ ပြီးရင် ရွှေမန်းဆောင်ကို ချီတက်၊ အချိန်ကိုမှန်လို့၊ ကျောင်းထဲက အုတ်ခုံတွေမှာ ဟိုနားထိုင် ဒီနားထိုင်ပေါ့လေ၊ မိန်းကလေးထုံးစံအတိုင်း သူကပဲ ရေပက်မဝင် ပြောတာပဲ။ ကိုယ်ကfollow လိုက်ရတာပေါ့လေ၊ သူစွတ်စွဲတာတွေကိုလဲ ဖြေရှင်းချက်တွေကပေးရသေး၊ တကယ်မဟုတ်မှန်းလဲသူသိသားပဲ၊ ဒါပေမယ့် သမီးရည်းစား ထုံးစံကို ဖေါက်ဖျက်လို့မရဘူးလေ၊ စိတ်ကိုလဲခနခနကောက်ပြပေါ့လေ၊ ကိုယ်ကလဲ ညံ့ချက်တော့ သူကောက်နေသလားကွေးနေသလားတောင် မသိဘူး၊
အဲ..သိတ်မကြာဘူး တညနေ အဆောင်ပေါ်ကဆင်းလာပြီးတော့ အပြင်တောင်မသွားတောင်ဘူး၊ အဆောင်ရှေ့ အုတ်ခုံမှာပဲ သူငယ်ချင်းလိုပဲ နေရအောင်တဲ့ ၊သူ့ကြည့်ရတာ အေးဆေးပဲ၊ ဒီမှာဖြင့် ပြာပြာသလဲ ပဲ ၊ဘာဖြစ်တာလဲ ဆိုတော့ .. မြစ်ကြီးနားတုန်းက ရည်းစားက မန္တလေးရောက်တော့ သူ့ကို ရှောင်ဖယ်ဖယ်လုပ်နေတာတဲ့ ဒါကြောင့် သူ့နှလုံးသားမှာ ကျွန်တော့ကို အစားထိုးကြည့်တာတဲ့ ခု ဟိုကောင်က သူနဲ့ကျွန်တော် တွဲတာမြင်မှ လွတ်တဲ့ငါးကြီးသွားလို့ ပြန်ချဉ်းကပ်လို့ ပြန်လက်ခံရပါတယ်တဲ့..
ကဲ....ကောင်းကြသေးရဲ့လားဗျာ..ကိုကြီးကျောက်တို့တော့ ဗေထိ ဆိုတာနဲ့ နှဲကြီးတက်နင်းမိပြီး ..ဟက်တက်ကြီးကွဲတော့တာပါပဲ.. အရပ်ကတို့ရေ.....ဒါပေမယ့်ဝါးများလို တသက် တခါပဲ သီးတတ်တဲ့ အမျိုးမဟုတ်လေတော့...နောက်ဆက်တွဲတွေရှိသေးပါ့ဗျား...ဒီညတော့..အိပ်ပြီဗျို့....
Sunday, November 22, 2009
ခြောက်မူးမင်းသား နှင့်သူ၏ချစ်သက်ဝေ
ကျွန်တော်နဲ့ စာရေးဆရာမ ခင်ခင်ထူး တို့ငယ်ငယ်က ကျွန်တော်တို့ မြင်းခြံမှာ ရွာရိုးကိုးပေါက် လျှောက်သွားနေတဲ့ စိတ်မမှန်ရှာတဲ့သူတွေ အရပ်အခေါ် အရူးတွေပေါ့ဗျာ အလွန်ပေါလိုက်တာ၊ အရွယ်စုံ ဆိုက်စုံပါပဲ၊ ရပ်ကွက်ပေါင်းစုံကလဲ သူတို့ကို ကျွေးကြမွေးကြ အမြင်မတော်ရင် အဝတ်အစားဆင်ပေးကြတော့ သူတို့ကလဲ အရပ်တကာရောက်ကြတာပဲ၊ သူတို့ကို တမြို့လုံး သိကြတာမို့ ခင်ခင်ထူး ပြောစကားနဲ့ ပြောရမယ်ဆိုရင် အဲဒီကာလက မြင်းခြံသားစစ်မစစ် သိချင်ရင် အရူးနဲ့တိုက် စစ်ရင်သိလိမ့်မယ် ဆိုသလိုပါပဲ၊ခင်ခင်ထူး ရဲ့ မြို့ကလေးသူ ဆိုတဲ့ ဝတ္တုထဲမှာ ရာဂုတ္တမအိုးတယောက် ရဲ့သောင်းကျန်းမှု ဒဏ်ကြောင့် မပေါ့မပါး ဖြစ်ခဲ့ရသူ အရူးမလေးအကြောင်းဟာ ကျွန်တော်တို့ ကလေး ဘဝ ကဖြစ်ခဲ့တာတွေကို ရေးထားတာပါ၊
ဒီအရူးတွေ ထဲမှာ ထူးထူးခြားခြား အရူးနှစ်ယောက် အကြောင်းကတော့ ကျွန်တော့ အဖို့တော့ ခုထိဝေခွဲရခက်နေဆဲပါခင်ဗျာ၊...ပထမ အရူးတယောက်က ဦးလောကိံ တဲ့ ၊ လူတွေကတော့ ဘလော လို့ခေါ်ကြတယ်၊ သူသေတဲ့ အချိန်မှာ ကျွန်တော်က တော်တော်ငယ်ငယ်ပဲ ရှိသေးတော့ လူကြီးတွေ ပြောစကားနဲ့ပဲ တဆင့်စကားပြန်သိရခဲ့တာပါ၊ ဦးလောကိံပါးစပ်က တောင်စဉ်ရေမရာတွေ လျှောက်ရွတ်နေပေမဲ့ တခါတလေကြတော့ လူတွေကို ခပ်တည်တည် ပြောတဲ့အခါလဲ ရှိတယ်၊ လူတယောက်နဲ့တွေ့လို့ ဦးလောကိံက မင်းထီပေါက်လိမ့်မယ် ပြောတယ်ဆိုပါတော့၊ အဲဒီလူ က ဘာနံပါတ်ထိုးရမလဲ ဘာဆုပေါက်မလဲ ဘာညာဆက်မေးနေရင် ပါးစပ်က ကိန်..ကိန်..လောကိန် လို့အော်ပြီး အော်ချင်ရာတွေလျှောက်အော်နေတာမျိုးလား၊ ဒီလူကတော့ တကယ်ထီပေါက်တယ်၊
တခါတလေကြ မုန့်ဟင်းခါးဆိုင်သွားပြီး ဟင်းရည်အိုးကို တံထွေးတွေ နဲ့ လှမ်းထွေးတာမျိုးလဲ ဦးလောကိံက လုပ်တတ်တာပဲ၊ မုန့်ဟင်းခါးသည်က ပြာပြာ ပြာပြာနဲ့ နောက်တအိုး ထပ်ချက်ရော မုန့်လာစားသူတွေ တပြုံကြီးရောက်လာလို့ အဲဒီနေ့က ချက်မနိုင်အောင် ရောင်းရတာမျိုးလဲ ရှိတာပဲ၊ ကျွန်တော်တို့ အရပ်ထဲမှာ ဦးကင်းလွင်တဲ့ တရုပ်ကြီးက ခေါက်ဆွဲဆိုင် အရက်ဆိုင်ရောင်းတယ်၊ ဦးလောကိံက ဦးကင်းလွင် ခေါက်ဆွဲပြုတ်တဲ့ ဒယ်အိုးကိုသေးနဲ့ ပန်းတဲ့ရက်ဆိုရင် တရုပ်ကြီးခါးချိအောင် ခေါက်ဆွဲကျော်ရတာပဲ၊ အရက်ကလဲ ဘာရောင်းကောင်းသလဲမမေးနဲ့၊ ကျွန်တော့ အဒေါ်ယောင်္ကျား ဦးကြီးမောင် ကတော့ ကုန်ကားတစင်းထောင်ထားပြီး ရန်ကုန်နဲ့ ပြေးနေတာပေါ့၊ အခုနေပြည်တော်ကြပ်ပြေး နေရာဟာ ကျွန်တော်တို့ ငယ်ငယ်က ပျဉ်းမနားတောင်ကြား ဆိုပြီး အလွန်ဓါးပြတိုက်တဲ့နေရာပေါ့၊ ကျွန်တော်တို့ ဘဓရ ရုံးက အမကြီး ၃ယောက် အဲဒီမှာ သူပုန်က ပြန်ပေးဆွဲသွားလို့ ကျွန်တော်တို့ တက္ကသိုလ်ရောက်တော့ Geology မှာ အမျိုးသမီးတွေ လက်မခံလို့ အတန်းထဲ ယောင်္ကျားတွေချည့် စာသင်ခဲ့ရပါသေးသဗျာ၊ အဲဒီပျဉ်းမနားတောင်ကြားကို ဓါးပြရန်ကနေ အရဲစွန့် သွားရတဲ့ တရက်မှာ ဦးလောကိံက ဦးကြီးမောင်ကားပေါ်လိုက်လာသတဲ့၊ ဦးလောကိံက တောင်ကြားလဲ ဖြတ်မောင်းရော ဟေ...ဓါးပြတွေ လာကြ ကြီးမောင် -ီးတောင် လာပြီ ဆိုပြီး အသားကုန်အော်တော့ တာပဲတဲ့ ၊ ကားလမ်းဘေး သေနတ်တွေ ဒါးတွေ ကိုင်ထားတဲ့ ဓါးပြတွေက သူတို့ကားကို ပါးစပ်အဟောင်းသားနဲ့ ကြည့်ပြီး ကျန်ခဲ့သတဲ့၊ ဦးလောကိံသေတော့ သူ့အလောင်းကို ပြင်ထားတဲ့ ကုတင်ပေါ်မှာပဲ သူ့ဖာသူမီးလောင်ပြာကြ သွားတာ အောက်မှာခင်းထားတဲ့ အိပ်ယာခင်းနဲ့ သင်ဖြူးပဲမီးကျွမ်းသတဲ့ ကုတင်တောင်မီးမလောင်ဘူးတဲ့၊ လူကြီးတွေ ကတော့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ပေါ့ ၊ အရူးယောင်ဆောင်ပြီး ဒဏ်ထမ်းရတာပေါ့၊ ဒီလိုပြောကြတာပေါ့လေ၊ ကျွန်တော်ကတော့ ဘာမှန်းမသိလို့ ဘာမှတော့မပြောနိုင်ပါဘူး၊
ခြောက်မူးမင်းသားကြတော့ ကျွန်တော်က တော်တော်လေးသိသဗျ၊ သိဆို ကျွန်တော်တို့က သူ့ရဲ့ အမာခံ ပွဲကြည့်ပရိဿတ်လေ၊ နေတာကလဲ ကျွန်တော်တို့ အိမ်နဲ့ မျက်စောင်းထိုးက ဓါတ်မီးတိုင်အောင်မှာလေ၊ သူကလဲ အရူးပေမဲ့ခေသူတော့မဟုတ်ဖူးဗျ၊ သူ့ရဲ့ အိမ်သူသက်ဝေ မဟေသီက လဲရှိသေးသဗျ၊ ဒေါ်သိန်းညွန့်တဲ့၊ သူတို့မှာ ကလေးကလဲ ၁၀ ကောင်လောက်ရှိတယ်၊ မနက်လင်းလာရင် ဒေါ်သိန်းညွန့် သူ့ကလေးတွေ တပြုံတောင်ကြီးနဲ့ ရေတွင်းမှာရေသွားချိုးတော့တာပဲ၊ ရေချိုးပြီးရင် သူ့ကလေးတွေကို အကုန်သနပ်ခါးလိမ်းပေးတာပဲ၊ သနပ်ခါးအဖွေးသားနဲ့ ခွေးတွေကို မျက်စေ့ထဲသာမြင်ယောင်ကြည့်ကြ ပါတော့၊ အညာဆိုတာကလဲ မိုးရွာခဲဘိခြင်း၊ တခါတလေ မိုးရွာတဲ့ညဆိုရင် သူတို့ကလေးတအုပ်နဲ့ ဟိုပြေးသည်ပြေးနဲ့ ဆူညံပွက်နေပါရောလား၊ လသာသာညတွေဆိုရင်တော့ ကျွန်တော်တို့ ကလေးတွေအတွက် ဖျော်ဖြေရေး အစီအစဉ်ပေါ့ခင်ဗျာ၊ ခြောက်မူးမင်းသားရဲ့ သစ္စာထားနှစ်ပါးသွားပေါ့လေ၊ လင်မယားနှစ်ယောက် အချီအချ ဆိုကြကကြနဲ့ လိုက်လဲလိုက်ပါပေ့ဗျာ၊ ဒါပေမယ့် ဒေါ်သိနုးညွန့်က ပြဇတ်တွေ ဘာတွေကြ ဦးခြောက်မူးထက် သာသဗျ ၊ တယောက်ထဲ သေနတ်တလက်နဲ့ တဒိုင်းဒိုင်း ပစ်နေတာမျိုးလား၊ ဇတ်သိမ်းကြတော့ ဘယ်လိုသိမ်းရမှန်းမသိတော့ ကိုယ့်နားထင်ကို သေနတ်ချိန်ပြီးပွဲသိမ်းလိုက်တော့ ပြီးပါလေရောလား၊
သူတို့လင်မယား ကျွန်တော်တို့ အရပ်ထဲရောက်လာတာ ဆန်းတော့ အဆန်းသားခင်ဗျ၊ ကျွန်တော်တို့ အရပ်ထဲမှာ မင်းကြီးစွာစော်ကဲ ခေတ်လောက်က ဘုရားကြီးတဆူရှိတယ်၊ ဒီဘုရားကြီးပြိုကြနေတာနှစ်ပေါင်း၆၀,၇၀ လောက်ရှိပြီပေါ့ဗျာ၊ ဘုရားပြင်ဖို့ကြိုးစား ကြပေမဲ့ ဘယ်လိုမှမအောင်မြင်ကြဘူး၊ ဦးစီးဦးဆောင် လုပ်တဲ့သူတွေ သေသေကုန်လို့ ဘယ်သူမှမပြင်ရဲကြဘူး၊ လွန်ခဲ့တဲ့ နှစ်၃၀လောက်က ဘိုးတော်ကြီးတယောက်လာပြင်တဲ့ အချိန်က စလို့ သူတို့လင်မယား ကျွန်တော်တို့ အရပ်ထဲ ရောက်လာတော့တာပဲ၊ ခြောက်မူးမင်းသားကတော့ နေ့ခင်းဆိုရင် အရပ်တကာလည်ပြီး ကနေတာပဲ၊ ညဆိုရင်တော့ အိမ်နားက ဓါတ်မီးတိုင်အောက် မှာလင်မယားနှစ်ယောက် ခွေးတအုပ်နဲ့အိပ်ကြတာပဲ၊ ဦးခြောက်မူးဆီကို ဆရာကြီးဆိုပြီး စကားစမြီလာပြောတဲ့သူတွေ လဲ ရှိသေးသဗျ၊ အဲဒီလူတွေနဲ့စကားပြောတော့ လူကောင်းပကတိဗျ၊ ခြောက်မူးမင်းသား သေတော့ အဲဒီလူတွေကပဲ ဂူသွင်းသဂြိုလ် လိုက်ကြတာပါပဲ၊
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မြို့လည်က ကန်ဦးသုဿန်ကို ဖျက်တော့ တချို့လဲ သုဿန်အသစ်ကို ဆွေမျိုးသားချင်းတွေက ရွှေ့ကြပေမဲ့ အများအားဖြင့်တော့ မရွှေ့ကြတော့ပါဘူး၊ အဲဒီတော့ အုတ်ဂူအဟောင်းတွေကို ဘူဒိုဇာနဲ့ထိုးဖျက်တဲ့အခါမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀ နီးပါးက သေသွားတဲ့ ခြောက်မူးမင်းသားရဲ့ အလောင်းဟာ မဆွေးမမြေ့ မပုတ်မသိုးပဲ ဘူဒိုဇာဂေါ်ပြားမှာ ငုတ်တုပ်ထိုင်ရက်ကြီး ပါလာလို့ လူတွေ တအံ့တသြောဖြစ်ကြရပါတယ်ခင်ဗျာ၊ ခင်ခင်ထူးရဲ့ ဝတ္တုကိုဖတ်ရင်းနဲ့ ငယ်ငယ်က ကြုံခဲ့ရတဲ့ စိတ်ဝေဒနာသည်တွေကို ပြန်စဉ်းစားမိရင်း ရေးလိုက်မိတာပါပဲ၊
Tuesday, November 17, 2009
ရှူရှူငယ် ပန်ရွယ် သွန်းတာကြောင့်
ကျွန်တော်တို့ မန္တလေးမိုးကုပ်လမ်းက ဇရပ်ကွင်း၊အုန်းဇုံး၊ချောင်းကြီး၊ ရွာတွေတဝိုက်ကို ဖေါ့စဖိတ်ကျောက် ရှာဖွေရေး field ဆင်းခဲ့ရတုန်းကပေါ့ခင်ဗျာ၊ ဇရပ်ကွင်း ဆိုတဲ့ရွာဟာ အဲဒီနား တဝိုက်မှာတော့ အစည်ကားဆုံး ပါပဲ၊ ကျွန်တော်တို့ ရောက်တဲ့ အချိန်က အဲဒီနယ်ဟာ တကယ့်ကို သစ်တော၊ဝါးတောတွေ ထုထပ်တဲ့အရပ်ပါ၊ ကျော်ဟိန်း၊နေအောင်၊နော်လီဇာ၊ တို့ပါဝင်တဲ့ မီလာရှီကာ စိုင်းဗေဒါ ဆိုတဲ့ ဇတ်ကားကို အုန်းဇုံးရွာနားက ကွင်းသုံးဆယ်စခန်း တဝိုက်မှာရိုက်သွားတာပါ၊
ကျွန်တော် ရောက်တဲ့အချိန်မှာ သစ်ထုတ်လုပ်ရေး စခန်းက မိတ်ဆွေတွေက သစ်ထုတ်လုပ်ရေးအောင်ပွဲတခုကို ဖိတ်ပါတယ်၊ တောထဲမှာခုတ်လှဲခဲ့တဲ့ လုံးပတ် လူတရပ် နီးပါးမြင့်တဲ့ သစ်လုံးကြီးကို ဇရပ်ကွင်းစခန်းကို သယ်လာနိုင်လို့ပါ၊ အဲဒီ သစ်လုံးကြီးကို တောထဲကနေ အပြင်ရောက်ဖို့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတာပါ၊ ခုတ်လှဲချိန်တုန်းက လူအချို့ သေခဲ့ရသလို ကားပေါ်တင်ပြီး သယ်လာတော့လဲ သစ်လုံးကြီးက ရှေ့ကိုရွေ့လာပြီး ကားခေါင်းခန်းကို ဖေါက်ထွက်ကာ ကားမောင်းသူနဲ့ သူ့အဖေါ်တို့ အသက်ဆုံးရပြန်ပါတယ်၊ တခါ ကရိန်းနဲ့ချချိန်မှာလည်း သံကြိုးတွေပြတ်ကျပြီး လူတချို့ ထိခိုက် ဒဏ်ရာရကုန်ပြန်ပါတယ်၊ အဲဒီသစ်လုံးကြီးရဲ့ အစောင့်ရုက္ခစိုး အကြောင်းကတော့ ဇရပ်ကွင်းမှာ ပြောစမှတ်ကိုပြုရတာပဲ၊
ကျွန်တော်တို့ အဖွဲ့ခေါင်းဆောင် ဦးမြင့်သိန်းနဲ့ ရုက္ခစိုးနဲ့ ကြုံရပုံလေး ကတော့ ဒီလိုခင်ဗျ၊ ကျွန်တော်တို့က ဇရပ်ကွင်း မှာနေတဲ့အချိန်မှာ ဦးမြင့်သိန်းက ဝါးဖြူတောင်မှာနေတယ်၊ ဝါးဖြူတောင်စခန်းက ရွာအပြင် လောင်တိုက်ကုန်းမှာလေ၊ သူ ဝါးဖြူတောင်စခန်းနေလို့ ၁၅ ရက်လောက်ပဲ ရှိသေးတယ် ကျန်းမာရေးက ချူချာလာတယ် ဖျားတယ်၊ တောဆိုတော့ ငှက်ဖျားပဲ ဖြစ်ရမယ်လေ၊ အဲဒီတော့ ငှက်ဖျားဆေးတွေတိုက် ငှက်ဖျားဆေးတွေထိုးပေါ့လေ၊ ဝါးဖြူတောင်စခန်းနဲ့ မျက်နှာချင်းဆိုင်မှာ သစ်ထုတ်လုပ်ရေးက ဆင်စခန်းရှိတယ်၊ ဆင်စခန်းမှာက ဆင်ဦးစီး မိသားစုတွေ၊ ဆင်ပဲ့ချိပ်တွေ နေတယ်၊ ဆင်ပဲ့ချိပ်ဆိုတာ ကားစပယ်ယာလိုမျိုး ဆင်စပယ်ယာပေါ့လေ၊ သိတ်ဆိုးတဲ့ ဆင်ဆိုရင် လမ်းဖြောင့်ဖြောင့်သွားဖို့ ဘေးက ဆင်ပဲ့ချိပ်က လိုက်ရတယ်၊ဆင်ဦးစီးက ဆင်ပေါ်ထိုင်ပြီး ဆင်ဦးကင်းကို ဒါးမြှောင်နဲ့ ဆွတာလောက်ကတော့ တချို့ဆင်တွေက အရေးမစိုက်ဘူး၊ ဘေးကပဲ့ချိပ်က လှံနဲ့လိုက်ရသေးတယ်၊ ဆင်ရဲ့လက်တွေခြေတွေကို လှံနဲ့ထိုးမှ တချို့ဆင်တွေက လမ်းအဖြောင့်သွားတယ်၊ မုန်ကျတဲ့ဆင် ဆိုရင် အလုပ်မပျက်အောင် ဘိန်းကြွေးရတယ်၊ ဒါပေမယ့် ဆင်ဦးစီး တော်တော်များများက ဆင်မကြွေးပဲ သူတို့ပဲ စားပစ်ကြတော့ ဆင်ဦးစီးတွေ ဘိန်းစားဖြစ်ကုန်ကြတာများတာပဲ၊ အောင်မယ်..သူတို့ကမှပြောရတယ် ရှိသေး ဘိန်းစားမှ မယားချစ် ဆိုပဲ ကျွန်တော်မြင်တာတော့ သူတို့မယားတွေခမြာ စားစရာတောင် မရှိလို့ တလည်လည်နဲ့ အတော်သနားဖို့ကောင်းရှာပါတယ်၊
အဲဒီဆင်စခန်းမှာ ဆင်တွေနာမကျန်းရင် ကုဖို့ ဆင်ဆရာဝန် ဆိုတာလဲရှိတယ် ဆင်ဆရာဝန်ခမြာလဲ ဆင်တွင်မက လူရောကုရတာပါပဲ၊ အဲဒီ အချိန်က ဆရာဝန်ဆိုတာ ကလဲ တောနယ်မှာ ရှားပါးပစ္စည်းလေ၊ ကျွန်တော်တို့ field ထဲမှာဖျားရင်လဲ ရမ်းကုနဲ့ပဲ ပျောက်စေလုပ်ရတာပဲ၊ ဆင်ကိုဆေးထိုးတဲ့ အပ်က ဆင်ရဲ့အရေပြားကို ဖေါက်နိုင်ဖို့ တထွာလောက်ရှည်တယ်၊ အပ်ကြီးကလဲ အတုတ်ကြီး၊ ဦးမြင့်သိန်းနေမကောင်းတာ ဆင်ဆရာဝန်နဲ့ ကုတယ်ဆိုတော့ ကျွန်တော်တို့မှာ အလန့်တကြားတောင် ဖြစ်သွားတယ်၊ ဆင်ဆေးထိုးအပ်ကြီး မျက်စေ့ထဲ သွားမြင်လိုက်လို့လေ..၊ ဆင်ဆရာဝန်ကလဲ လူချင်းရင်းနှီးနေတော့ သူတတ်စွမ်းသမျှတော့ ကုပေးရှာတာပါပဲ၊ ဒါပေမဲ့ တနေ့တခြား ပိုပိုဆိုးလာတယ်၊ သွေးဝမ်းတွေပါလာတယ်၊ အဲဒါနဲ့ တောမှာ ဒီလိုနေလို့တော့ မဖြစ်တော့ဘူးဆိုပြီး ချက်ချင်း မန္တလေးကနေ ရန်ကုန်ကို လေယာဉ်နဲ့ အမြန်ပို့လိုက်ရပါတယ်၊ သူလဲ ရန်ကုန်မှာ တလလောက် ဆေးကုလိုက်ရပါတယ်၊
ကျွန်တော် ရန်ကုန်ပြန်ရောက်တော့ ဦးမြင့်သိန်း မိန်းမ မအေးသီက မေးပါတယ်၊ ဟဲ့..နင်တို့ စခန်းမှာ ခုတ်လှဲထားတဲ့ သစ်တုံးကြီး ရှိသလားပေါ့၊ ရှိတယ် အမကြီးရဲ့ ဘာဖြစ် လို့တုန်း လို့ပြန်မေးတော့ မအေးသီက အကြောင်းစုံ ပြောပါတယ် ဦးမြင့်သိန်းကို ဆေးကုရင်း ဗမာအမျိုးသမီးတို့ ထုံးစံအတိုင်း ယတြာချေ၊ နတ်မေး၊ အကုန်လုပ်ပါသတဲ့၊ နတ်ရဲ့ဟောပြောချက်အရ စခန်းထဲမှာ ခုတ်လှဲထားတဲ့ သစ်ပင်ကြီး တပင်ရှိပါသတဲ့၊ အဲဒီ သစ်တုံးမှာနေတဲ့ ရုက္ခစိုးက သူ့ကို ဦးမြင့်သိန်းက နေ့တိုင်း သေးနဲ့ပန်းလို့ စိတ်အတော်ဆိုးကြောင်း ကြာရှည်သီးမခံနိုင်လို့ ပြုစားလိုက်ကြောင်း၊ သေအောင်ပင် လုပ်ပစ်ချင်ကြောင်း (ဒါတော့.နတ်ကတော် က နဲနဲရွှီးတာထင်ပါရဲ့) ၊ ဒါပေမဲ့ ရန်ကုန်ကို ချက်ချင်းပြန်သွားလို့ သူ့နယ်မဟုတ်တော့လို့ ဘာမှဆက်မလုပ်နိင်ကြောင်း ဖြေပါသတဲ့၊
ဒါနဲ့ ဦးမြင့်သိန်းနေကောင်းတော့ မေးကြည့်အခါ သူက မနက်မျက်နှာသစ်ရင် ခြေထောက်ကို ရေစိုမှာစိုးလို့ သစ်တုံးပေါ် ဆောင့်ကြောင့်ထိုင်ပြီးမှ သစ်ပါသတဲ့၊ field ထဲမှာဆိုတော့ basin ကလဲမရှိဘူးလေ၊ စည်ပိုင်းကနေ ခွက်နဲ့ခပ်သစ်ရတာကိုး၊ ဒီတော့ မျက်နှာသစ်ရင်းနဲ့ အလုပ် ၂ခု တပြိုင်နက်ပြီးအောင် လုပ်တဲ့အကြောင်း ပြောပြပါတယ်၊ ကဲ..သူက အလုပ် ၂ခု တချိန်ထဲပြီးချင်တော့ ရုက္ခစိုးခမြာ နေ့တိုင်း အောင့်သက်သက်ခံနေရတာ နေမှာပေါ့လေ၊ နှာခေါင်းကို လက်တဖက်နဲ့ပိတ်ပြီး ထီးဆောင်းပြီးနေရမယ်နဲ့ တူပါရဲ့၊ ဒီရုက္ခစိုးမှာ ထီးကလဲ မရှိ ဆပ်ပြာလဲမရှိရှာလို့ သည်းညည်းမခံနိုင်တဲ့အဆုံး ဆော်ထည့်လိုက်တယ် ထင်ပါရဲ့၊
အင်း.....တောထဲတောင်ထဲ ဒီလိုဒီလို အရမ်းအရမ်း ရှူရှူပန်းပြန်တော့လည်း စိတ်ဆိုးတတ်တဲ့သူနဲ့ တွေ့ရင် မလွယ်ပါလားနော်....
Friday, November 13, 2009
ဘိုးဘိုးကျောက် ကို စားတော်တိုက်တဲ့ပွဲ
အဖြူရောင် နတ်သမီးလေး အတွက် မွေးနေ့လက်ဆောင်ပုံပြင်တပုဒ် အမှတ်တရရေးပေးလိုက်ပါတယ်..
မွေးနေ့ရှင်ကလဲ နတ်သမီးလေး ဆိုတော့ ဘဘကျောက်ကလဲ အနဲဆုံးနတ်မင်းကြီးတော့ ဖြစ်မှ နတ်တို့ဘာသာစကားနဲ့ ပုံပြောလို့ရမယ်..
ဘဘကျောက်တို့ အညာသားများကလဲ နတ်ဖြစ်ရတာ အင်မတန် ဝါသနာပါတယ်ခင်ဗျ၊ အတွင်း ၃၇ မင်း အပြင် ၃၇ မင်းကို ကြည့်လိုက်ရင် အညာသားက ခပ်များများကိုးဗျ၊ မဇ္ဈိမတိုင်းက သင်္ဘောသား ကုလားလေး တောင် အညာမှာမိန်းမလာရတော့ မွေးလာတဲ့သားတွေလဲ နတ်ဖြစ်ကုန်တာပဲ၊ ကဲ..ဘဘကျောက်လဲ နောက် နှစ် ၂၀၀ လောက်ကြာရင် ခြံတွင်းဘိုးဘိုးကျောက် ဆိုပြီး နတ်ဘဝကို အော်တိုမက်တစ် ဖြစ်တော့မှာပါပဲ၊
ခပ်လှမ်းလှမ်းမှာကလဲကာလသားခေါင်းကိုလူထွေးဦးစီးတဲ့ ကိုမြစ်ကျိုး၊ကိုပီတိ၊ဒူကဘာ၊ကိုဘကြိုင်၊လင်းနေ၊တောင်ပေါ်သားလေး၊ကိုရွာသားတို့ ကာလသား တသိုက်ကလဲရှိနေတော့ ဘိုးဘိုးကျောက် ကို ဆက်ထားတဲ့ ကြက်ကောင်လုံးကျော်ကို အလစ်သုတ် သွားမှာကလဲ စိုးရိမ်ရသေးတယ်၊
ကဲ..ဒီလိုဆိုရင်တော့ ဘိုးဘိုးကျောက် တပါးစာအတွက် စဉ်းစားလိုက်ကြတာ နောက်ဆုံး စာကလေးတကောင်လုံးကျော် ဖို့ အတည်ပြုချက်ရသွားတာပေါ့၊ စာကလေးကျော်မယ်လဲ ဆိုရော ဘယ်သူမှ မကျော်တတ်တာနဲ့ နောက်ဆုံး မယ်မြူးလေး ဆီ စာကလေးကျော် အော်ဒါမှာလိုက်ရတာပေါ့၊ ဘိုးဘိုးကျောက်ကို စားတော်တိုက်ဖို့ စာကလေးကျော်ကြီး ကိုလင်ပန်းနဲ့ရွက်ပြီး ဂျီးတော်Kom ၊ဦးဆောင်ချီတက်လာတာ မြင်ရတော့ ဘိုးဘိုးကျောက်က လဲ စားရချည့်သေးပေါ့လေ၊ ဘိုးဘိုးကျောက်က ဆီထမင်းရော မပါဘူးလားလို့ နတ်တို့တန်ခိုးနဲ့ အောင်သာငယ် ကိုပူးပြီးမေးလိုက်မိတာ ခုစာလေးကျော် ခုဆီထမင်း မလုပ်နဲ့ ဆိုပြီးဝိုင်းရန်တွေ့ကြတာနဲ့ ဘိုးဘိုးကျောက် လဲ ပြာရီးပြာယာနဲ့ နတ်နန်းပေါ်ပြန်ပြေးလို့ စားတော်တိုက်ပွဲ ကို အောင်မြင်စွာ ပြီးဆုံးရကြောင်းပါခင်ဗျာ..။
ကိုင်းပုံပြင်လေး ကို ဒီလောက်နဲ့ပဲ ကျေနပ်ပါ နတ်သမီးရေ ..ဘဘအိပ်ချိန်ရောက်နေလို့၊ နေ့တိုင်း မနက် ၄နာရီ ထနေရတယ်၊ Many Happy returns of the day to you ပါ နတ်သမီးရေ...၊
Monday, November 9, 2009
ဝံတွေ့ကိုက် ကျားနတ်တိုက်
ချင်းတွင်းမြစ်အောက်ပိုင်း တကြော ကနီနယ် နဲ့ မင်းကင်းနယ် တွေမှာ field ဆင်းရတော့ အဲဒီဒေသတွေ ရဲ့ ဓလေ့ ထုံးစံလေးတွေ သိခဲ့ရတာပေါ့ဗျာ။ ကနီနယ် နဲ့ မင်းကင်းနယ် အစပ်က မဟူတောင်တန်း နဲ့ ရွှေသမင် တောင်တန်းကြီးတွေ အကြား သင်ကတုံချောင်း ဘေးက ရွာအုပ်စုတွေ နဲ့ ပုထိုးလုံးချောင်း ဘေး က ဆယ်ရွာချောင်အုပ်စုတွေ မှာ ဆိုရိုးစကားရှိပါတယ်။ ဝံတွေ့ကိုက် ကျားနတ်တိုက် ပါတဲ့။
ဒီရွာတွေက ပုံတောင် ပုံညာတောင်တန်းကြီး ရဲ့ အရှေ့ဖက်ခြမ်းမှာ ရှိပါတယ်။ ရွှေသမင်တောင်တန်း ဆိုရင်လဲ ဗမာပြည်မှာ အင်မတန် ရှုခင်းလှတဲ့ နေရာတခုပါ။ ဘူမိဗေဒ ကျောက်လွှာစုတွေ ထဲမှာ ရွှေသမင် formation ဆိုတာ နာမည် တလုံးနဲ့ပါ။ ကျွန်တော်တို့ မဟူတောင်တန်းမှာ တန်ဖိုးနဲ မဟူရာကျောက် ရှာဖွေရေးဆိုပြီး fieldဆင်းတော့ သင်ကတုံ ဘက်မှာ စခန်းချကြပါတယ်။ ပေ၂၀၀၀လောက်မြင့်တဲ့ တောင်တန်းကို နေ့စဉ် တက်လိုက်ဆင်းလိုက် လုပ်နေတာ ငယ်တဲ့အရွယ်ဆိုတော့ ပင်ပန်းတယ် မထင်မိပေါင်ဗျာ၊ (အခုတော့ ၂ ထပ် ၃ ထပ် အဆောက်အဦးတောင် ဓါတ်လှေခါးနဲ့ပဲ တက်တော့တယ်...း)) အဲဒီအချိန်က ဗမာ့ကျေးလက်တွေမှာ ရွာတိုင်းက မိန်းမပျို လေးတွေဟာ ယက္ကန်းခတ်တတ်ကြပါတယ်။ အိမ်တိုင်းနီးပါးကလဲ ယက္ကန်းစင်တွေ ရှိကြပါတယ်။ ညအခါ လသာသာ ယက္ကန်းခတ်တဲ့ မိန်းမငယ်လေးတွေဆီကို လူပျိုလှည့်ရတဲ့ အရသာကလဲ ခုနေပြန်တွေးမိတော့ ရင်အခုန်သားခင်ဗျ။ တကယ်တော့ သူတို့ကလည်း ယက္ကန်းခတ်ချင်လို့မှ မဟုတ်တာ၊ ကိုယ်နဲ့ရောက်တတ်ရာရာ ပြောချင်တာလေ။
ကျွန်တော့ဘွားအေကြီးကတော့ ညအခါ သူ့ကို လူပျိုလာလှည့်တဲ့ ကျွန်တော့ဘိုးအေကြီးကို ထောပနာပြုရှာပါတယ်။ ကျွန်တော့ဘွားအေကြီးက စကားထာဖွက်ရှာပါသတဲ့ ကွမ်းကလပ်အာနီ နင်ချီသလောမချီသလောတဲ့ ကျွန်တော့ဘိုးအေကြီးကလဲမိန်းမတာပိုးတတ်တာ စကားထာကြမသိရှာဘူးတဲ့ (မြေးတွေနဲ့များ ကွာချက်တော့)၊ နောက်ဆုံးဘယ်လိုမှ အဖြေရှာ မရတဲ့အဆုံး ဖြေမိဖြေရာ ကြက်တူရွေးခေါင်းကြီးလို့ ဖြေပါသတဲ့၊အဖြေမှန်က လွမ်းတတ်တာကြာပြီ နင်သိသလောမသိသလောတဲ့ ကျွန်တော့ဘွားအေကြီးက သူလွမ်းတဲ့အကြောင်း သိစေချင်တာ၊ ဒါပေမယ့် ကျွန်တော့ဘွားအေကြီး ခမြာ အဲဒီကြက်တူရွေးခေါင်းကြီးကိုပဲ အဖြေမှန်လုပ်ပြီး ပြန်ကြိုက်လိုက်ပါသတဲ့ (ကဲ..သူတို့ပြန်ကြိုက်ချင်တော့လဲနော်)။ ကျွန်တော်လည်း ကြက်တူရွေးခေါင်းကြီး အားကိုးနဲ့ လူပျိုတော့လှည့်ခဲ့တာပဲ အဲဒီအရပ်နဲ့ နဖူးစာမှင်ရေကြဲခဲ့ ထင်ပါ့ ရန်ကုန်ကို original အတိုင်းပဲ ပြန်ခဲ့ရပါတယ်။
အဲဒီကာလက မဟူတောင်ရိုး နဲ့ ပုံတောင်ပုံညာဘက်မှာ တောဆင်အုပ်တွေ ကျားတွေကလဲ ရှိသေးခင်ဗျ၊ အခုတော့ အကုန်ကုန်ပြီနဲ့ တူပါရဲ့။ ကျားတွေကတော့ တော်ရုံတန်ရုံနဲ့ ရွာတွေဘက်ကို ဆင်းမလာတတ်ပါဘူး။ ဆင်းလာလို့ ကျားဆွဲသွားရင်လဲ ယက္ကန်းခတ်တဲ့ အပျိုမလေးတွေ ရွေးပြီးဆွဲတတ်တာကြောင့် နတ်ကျားမို့သာ ဒီလိုဆွဲတယ်ဆိုပြီး ကျားဆွဲခံရရင် နတ်ကကျားနဲ့ တိုက်တယ်လို့ အဆိုရှိပါတယ်။ တောထဲမှာ ဝက်ဝံတွေလဲ ရှိပါတယ်၊ ဝက်ဝံတွေလဲ ဗမာပြည်မှာ ရှားပါးသတ္တဝါ ဖြစ်သွားပါပြီ။ ဝံသည်းချေက နာမည်ကြီးတာကိုး၊ တပေါင်းတန်ခူး ကာလတွေမှာ တောထဲက အရိုင်းပေါက်တဲ့ တယ်ပင်ကအသီးတွေ မှည့်ချိန်ဆိုရင် တယ်ပင်အောက်မှာ ဝံနဲ့တွေ့ဖို့ ၈၀%လောက် သေချာပါတယ်။ တယ်သီးမှည့်က တယ်ချိုတာကိုးခင်ဗျ။ မွှေးကလဲမွှေးတယ်၊ တယ်သီးမှည့်ရရင်တော့ ကောက်ပြီးအမြန်သာပြေးပေတော့။ ဝံနဲ့တွေ့လို့ကတော့ တွေ့တဲ့နေရာ သူကကိုယ့်ကို ဆော်မှာပဲ။ ဒီကောင်တွေ ပတပ်ရပ်လိုက်ရင် လူတရပ်လောက်တော့ အသာလေးမြင့်တယ်။ ဝံကတော့တွေ့ရင် ကိုက်ပါသတဲ့။
ဆင်သွားလမ်းဖြစ်ဆိုတဲ့ ဗမာစကားပုံကို အဲဒီရောက်မှပဲ ကျွန်တော်သဘောပေါက်တယ်၊ ဆင်အုပ်တအုပ်သွားထားပြီဆိုရင် အဲဒီဆင်အုပ်သွားထားတဲ့ နေရာဟာ လှည်းတစီးမောင်းလို့ရအောင် လမ်းကြီးဖြစ်ပြီးကျန်ခဲ့တာပါ။ ဆင်ရဲ့သဘာဝအသိဉာဏ်ဟာ ဘယ်လိုသိကြသလဲတော့ မသိပါ၊ တောင်ကြောတလျှောက် ဆင်သွားတဲ့ဆင်လမ်းတွေဟာ အတက်အဆင်း အင်မတန်နဲပါးပြီး သက်တောင့်သက်သာရှိလှတာမို့ ကျွန်တော်တို့ကတော့ ဆင်လမ်းကို အထူးဦးစားပေး ရွေးချယ်သွားတတ်ပါတယ်။ အလောင်းတော်ကဿပကို တောလမ်းကနေ မိုင်၄၀လောက် လျှောက်ပြီးသွားတုန်းက တောဆင်လမ်းအတိုင်းသွားတာ အတော်ကိုအဆင်ပြေပါတယ်။
ကဲ......နတ်တိုက်တဲ့နတ်ကျားနဲ့ ကျွန်တော်တို့ ဘယ်လိုဖြစ်ကြသလဲဆိုတာ ဆက်ကြစို့လား.....။မဟူတောင်တန်းရဲ့ အရှေ့ဖက်ခြမ်းဟာ သလင်းအနွယ်ဝင် fancy ကျောက်တွေထွက်ပြီး အနောက်ဖက်ခြမ်းမျာတော့ ဆေးဘက်ဝင်တဲ့ အပင်တွေပေါက်တယ်လို့ အဆိုရှိပါတယ်။ ကျွန်တော်တို့က မတ်စောက်တဲ့အရှေ့ဘက်အခြမ်းကို အတက်အဆင်းလုပ်ပြီး နေ့တိုင်းရွာပြန်နေရတော့ တပတ်လောက် တောထဲမှာစခန်းချပြီးနေကြဖို့ ပြင်ကြပါတယ်။ တောထဲမှာပဲ သစ်ခုတ်ဝါးခုတ်ပြီး ယာယီတဲလေးတွေ ဆောက်ပြီးနေကြတာပေါ့။ ရွာခံအလုပ်သမား ၅ယောက်လောက်နဲ့ပါ၊ နယ်မြေကလဲ အေးချမ်းသာယာတော့ လုံခြုံရေးအတွက် ရဲကိုတောင်ပေါ် မခေါ်တော့ပါဘူး။ အလုပ်သမားတွေကလဲ တူမီးသေနတ် ကိုယ်စီပါတယ်၊ ကျွန်တော်က သူတို့တူမီးတွေကို အမြဲနောက်တယ် ရှေ့လေးနောက်ခြောက်ငါပေါင်းဆယ့်တစ် ပစ်သမျှ အကုန်မှန်...။ မဟူတောင်ကြောမှာ တောထဲနေပေမဲ့ အစားအသောက်တော့ မရှားဘူးခင်ဗျ။ တောကြက်တွေ၊ရစ်တွေကပေါ၊ ဖွတ်တွေပဒတ်တွေကပေါ၊ တောကြက်ဟင်းခါးသီးခြုံလေး တွေကလဲ တောင်အနှံ့ ကြိုက်သလောက်ခူး။ အဲ..ထူးခြားတာလေးတခုတော့ ပြောရဦးမယ် ဒီကိစ္စကို သတ္တဗေဒပညာရှင်များ သိမယ်ထင်တာပဲ၊ ပဒတ်အထီးမှာ နှစ်ချောင်းပါတယ်ဗျာ၊ ဘယ်လိုလဲတော့ မသိဘူး၊ တချောင်းမအား တချောင်းဆိုရအောင်လဲ နှစ်ချောင်းလုံး ပြိုင်တူသုံးလို့မှမရတာ....။ တွေးရခက်ကြီးနော်......။
မဟူတောင်တန်းပေါ် နေတဲ့တရက်မှာပေါ့ဗျာ၊ ကျွန်တော်တို့ အလုပ်ကနေ စခန်းချတဲ့ တဲလေးတွေဆီ ပြန်လာတော့ ကျွန်တော်တို့တတွေ စကားတပြောပြောပေါ့လေ တနေရာရောက်တော့ ကျွန်တော့အလုပ်သမား ခင်မောင်ဝင်းက သစ်ပင်တပင်ပေါ်မော့ကြည့်ရင်း.....ဟာ...ဆရာ..ဟိုမှာ..ဟိုမှာ.. သစ်ကလေး..သစ်ကလေး..ပေါ့လေ၊ မော့ကြည့်လိုက်တော့ အနက်ပျောက်လေးတွေနဲ့ ကျားသစ်လေးတကောင် ..သစ်ပင်ပေါ်မှာရှိနေတယ်၊ ဒီကောင်က သိတ်အကောင်မကြီးဘူး ဆိုပေမဲ့ ခွေးတကောင်နီးနီးတော့ ရှိနေပြီ။ ခင်မောင်ဝင်းက ပစ်ချလိုက်ရမလား ဆရာတဲ့၊ ဒီကောင်ကလဲ သူ့တူမီးစွမ်းပြချင်နေတာကိုး။ မင်းသဘောလို့ ပြောလိုက်တော့ ..ဒုန်း....ကနဲ ပစ်ချလိုက်တာ ပစ်တဲ့ဘက်နဲ့ ရှောင်တဲ့ဘက် ကိုက်သွားလို့လားမသိပေါင်ခင်ဗျာ ...ကျားသစ်လေးခမြာ သစ်ပင်ပေါ်က ကားယားကျလာတယ်။ ရလာတဲ့ကျားသစ်လေးနဲ့ ပြန်လာချိန်မှာ စခန်းမှာလဲ ဖွတ်သားကျော်နဲ့ ခင်ဗျ၊ ကျွန်တော်တို့နေတဲ့ တဲပေါ်ကို ဖွတ်မွဲတကောင် တက်လာလို့ ထမင်းချက် အလုပ်သမားလေး ကျော်သန်းက လက်မြန်ခြေမြန် ရိုက်ထည့်လိုက်တော့ ဖွတ်ခမြာကိစ္စချောသွားရှာတယ်။ ကျွန်တော်တို့ကလဲ ရန်ကုန်ရုံးက ငွေရောက်မလာသေးလို့ ပိုက်ဆံပြတ်နေချိန် ဖွတ်မွဲက တက်လာတယ်ဆိုတော့ ဒီကောင်သေတာ အေးတယ်ပေါ့။ အဲဒီနေ့ညစာကတော့ ဖွတ်သားကျော်နဲ့ ကျားသစ်သားဟင်းပေါ့ဗျာ၊ ကျားသစ်သား အရသာ ဘယ်လိုနေသလဲတော့ မမေးပါနဲ့တော့ခင်ဗျာ..၊ သူများအသားကတော့ အားလုံးအတူတူပါပဲ၊ ကြမ်းတာနဲ့နုတာ အဆီများတာနဲ့နဲတာ ဒါပဲကွာတာပါပဲ။
အဲဒီညက ထူးခြားတာကတော့ ကျွန်တော်တို့စခန်း မနီးမဝေးမှာ ကျားတစ်သံတွေ ကြားနေရတော့တာပါပဲ။ ကျားတစ်တယ်ဆိုတာ ကျားအော်သံတမျိုးပါပဲ တိန်..တိန်..နဲ့ မြည်သလိုပါပဲ။ ဟိန်းတာဟောက်တာမျိုး မဟုတ်ဘူး။ မနက်လင်းတော့ အနီးအနား လျှောက်သွားကြည့်တော့ ညက စခန်းနား လာသွားတဲ့ ကျားခြေရာလတ်လတ်ဆတ်ဆတ်တွေ တွေ့ရတာပါပဲ။ အကောင်ကမသေးဘူးခင်ဗျ ၊ ကျားခြေရာအဝိုင်းက ၅ လက္မ လောက်တော့ရှိမယ်။ တောရိုင်းကျားဆိုတာ လူနံ့ရရင် လာခဲပါတယ်၊ အဲဒီနေ့က ကျွန်တော်တို့ ကျားသစ်သားစားထားတော့ ကျားသစ်နံ့ရပြီး ကျားကသူ့နယ်မှာ ရန်သူဝင်တယ်ထင်လို့ ရန်လုပ်ချင်လို့ လာတာနေမှာပေါ့လေ။
ဒါပေမဲ့....နတ်ခမြာ သူ့ရှိစုမဲ့စု ကျားလေး ဟင်းအိုးထဲရောက်သွားမှာ ကြောက်လို့လားမသိ သူ့ကျားသူ ပြာရီးပြာယာခေါ်ပြီး ပြန်ပြေးသွားထင်ပါရဲ့..၊ နောက်ထပ် ပေါ်ကိုမလာတော့ပါခင်ဗျာ....။
Monday, November 2, 2009
စောင်းအိုလုလင် နဲ့ သရဲဖွားဖွား
စောင်းအိုကလေး တလက်ကို တီးပြီး အဖွား အရွယ် သရဲ ကို သီချင်း ဆိုပြီး ဖျော်ဖြေခဲ့ ရဖူးတယ် ဆိုရင် ယုံနိုင် ကြပါ့မလား ခင်ဗျာ.......
ကျွန်တော်တို့ ကျောင်းသား ဘဝ က ဆရာကြီး စောင်း ဦးဘသန်း တယောက် မြင်းခြံ မှာ ကာလ အတန်ကြာ နေခဲ့ဖူးပါတယ် ၊ အဲဒီ အချိန်က ကျောင်းတွေ ကလဲ ဟိုအရေးအခင်း သည်အရေးအခင်း နဲ့ ခနခန ပိတ်ကြလေတော့ ..ကျောင်းပိတ်ရက်တွေ မှာ ကျွန်တော်တို့ သူငယ်ချင်း တတွေ ဆရာကြီး စောင်း ဦးဘသန်း ရဲ့ တပည့်တွေ ဖြစ်ခဲ့ကြ ရဖူးပါတယ်.... ဒီလို ရေးပြန်တော့ ကျွန်တော့ကို စောင်းဆရာ အကျော် အမော် ရယ်လို့တော့ အထင်တွေ မကြီး လိုက်ပါနဲ့ ကျွန်တော့ ခမြာ ဂီတ နဲ့ အထုံ ပါရမီ ပါသမျှကို ကိုယ်ရည်သွေး ပြောရရင် ....ပိုးသာကုန် မောင်ကျုံ အဲလေ ဟုတ်ပါဘူး မောင်ကျောက် စောင်းမတတ် ခဲ့ရှာပါဘူး.... ဒါပေမယ့် ကျွန်တော်က အတီးသာ မစွန်ပါတာ.. အဆိုမှာတော့ သိတ်မညံ့လှဖူး လို့ ပြောကြတာပဲ... (အဟဲ..နဲနဲတော့ ရှက်သား..ကြွားရာကြနေမလား လို့ ) သီချင်းကြီး နဲနဲ ပါးပါး နဲ့ ခေတ်ဟောင်း သီချင်းတွေ အပြတ်ဟဲ နိုင်ပါတယ်....ဆရာကြီး စောင်းဦးဘသန်းရဲ့ ပွဲကြိုက်ခင် ဆိုရင် အေးဆေး လာထားပဲ...ကျွန်တော့ သူငယ်ချင်း ကိုစိုး ကတော့ ဆရာကြီးပညာအမွေကို အတော်ရ လိုက်ပါတယ်..
ကျွန်တော် တို့ သူငယ်ချင်း တတွေ ကျောင်းတွေ ပြီးကြလို့ အလုပ်ထဲ ရောက်ကြတဲ့ အခါ ရန်ကုန်မှာ အားလုံးလာ စုမိကြပါတယ်.. စုမိတဲ့ နေရာကလဲ ရန်ကုန်တက္ကသိုလ် နယ်မြေပါ ။ တချို့ သူငယ်ချင်းတွေ က ရန်ကုန် ပညာရေး တက္ကသိုလ် အတွင်းမှာ ဖွင့်တဲ့ RL သင်တန်း (မှတ်ပုံတင် ရှေ့နေ လို့ ခေါ်တယ်ထင်တာပဲ)၊ ကိုလာတက်ကြတယ်။ ကျွန်တော် ကတော့ ဘူမိဗေဒလေ့လာရေး နဲ့ ဓါတ်သတ္တု ရှာဖွေရေး ဦးစီးဌာနမှာ အလုပ်ဝင်တယ် ။
အဲဒီ အချိန်က အဝေးသင် တက္ကသိုလ် ဆိုတာ ရန်ကုန် တက္ကသိုလ် စာပေးစာယူ သင်တန်းဌာန အနေနဲ့ပဲ ရှိပါသေးတယ်။ လက်ရှိ သထုံလမ်း နေရာမှာပါပဲ။ အဲဒီ ရန်ကုန် တက္ကသိုလ် စာပေးစာယူ သင်တန်း နဲ့ ပညာရေး တက္ကသိုလ် က နဝဒေး ဆောင်တို့ အကြားမှာ ပညာရေး တက္ကသိုလ် စာပေးစာယူ သင်တန်းဌာန ရှိတယ်။ သင်တန်းဌာနမှူးက ဆရာကြီး ဦးသန့်ဇင် ပါ၊ အဲဒီသင်တန်းဌာန ရဲ့ ရုံးနေရာဟာ နဂိုက တက္ကသိုလ် ပါမောက္ခ ဆရာကြီးတွေ အိမ်ပါ။ အိမ်ဆိုတော့ အိမ် ရဲ့ အင်္ဂါရပ် နဲ့ ညီမျှတဲ့ ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖို၊ ကားဂိုထောင်၊ အကုန်ပါဝင် ပါတယ်။ အဲဒီတော့ ဆရာကြီး က ပညာရေးတက္ကသိုလ် မှာ ဖွင့်ထားတဲ့ RL သင်တန်းကို မြင်းခြံ ကလာတက်တဲ့ တူတော်မောင် ရယ်၊ တူတော်မောင် သူငယ်ချင်းတွေ ရယ် ကားဂိုထောင် မှာလာရောက် စခန်းချတာကို ခွင့်ပြုထားတယ်။ ကျွန်တော် ကတော့ သူငယ်ချင်းတွေ စုမိတဲ့ နေရာ ဆိုတော့ သောကြာည နဲ့ စနေ၊တနင်္ဂနွေ လိုနေ့တွေ မှာ သွား ကဲတော့တာ ပဲ၊ ရုံးပိတ်ရက်တွေ မှာပေါ့။ ဖဲရိုက်ကြ၊ ချက်ပြုတ်စားကြ သောက်ကြ၊ စကားတွေပြောကြပေါ့လေ၊ သီချင်း ဆိုတဲ့အခါ ဆိုပေါ့။
အဲဒီတော့ အဲဒီအိမ်မှာ သရဲ ဖွားဖွား နဲ့ တွေ့ကြတော့ တာပဲ၊ ကျွန်တော်တို့ က ရေချိုးခန်း၊ အိမ်သာကို အပေါ်ထပ်က အခန်းက ကောင်းတော့ အဲဒီအခန်း မှာပဲ သုံးတယ်၊ အဲဒီအခန်း ကို သုံးနေလို့ တံခါးပိတ်ထားရင် တံခါးလက်ကိုင် ကို တချပ်ချပ် လာလှည့်နေတာပဲ၊ အပြင်က လူဝင်ချင်လို့ လှည့်သလားဆိုပြီး တံခါးဖွင့် ကြည့်ရင် အပြင်မှာ ဘယ်သူမှ မရှိ၊ တံခါးပြန်ပိတ်ရင် တံခါးလက်ကိုင် ကို တခါလာလှည့်ပြန်ရော၊ နောက်တော့ ယောင်္ကျားလေး တွေချည့်ဆိုတော့ တံခါးကို ဖွင့်ထားရင်လဲ တံခါးကိုလာ ပိတ်ပေးတယ်၊ ရေချိုးတာ မကြည့်ရဲ လို့ထင်ပါရဲ့..။ နေ့ခင်းကြောင်တောင် အဲလိုလာ လုပ်တာ ဆိုတော့ ဘယ်သူမှတော့ မကြောက်ကြဘူးပေါ့။ ဘာလို့ ရေချိုးခန်း ကိုမှ လာလာလုပ် သလဲဆိုတာ စုံစမ်းကြည့်တော့ အဲဒီအိမ်မှာ နေသွားတဲ့ ဆရာတယောက်ရဲ့ အမေအို ဟာ ရေချိုးခန်းထဲမှာ ချော်လဲပြီး ပွဲခြင်းပြီး ဆုံးသွားတယ် လို့သိရပါတယ်။
အဲဒီတော့ ကျွန်တော်တို့ က သရဲဖွားဖွား လို့ပဲ ခေါ်တယ်၊ သရဲဖွားဖွားက ညကြရင် ရေချိုးခန်း တံခါးကို ပိတ်တာ ဖွင့်တာလောက် မဟုတ်တော့ဘူး၊ ကျွန်တော်တို့ အောက်ထပ်မှာ ဖဲရိုက်နေကြရင် အပေါ်ထပ်က ကြမ်းပြင်ပေါ်ကို ပစ္စည်းတွေ တွန်းရွှေ့တဲ့ အသံ ၊ ပုလင်းခွံ လိုမျိုးကို ဂလုံး ဂလုံးနဲ့ လှိမ့်ပစ်တဲ့ အသံတွေ တလစပ် လုပ်နေတာပဲ။ အဲလို လုပ်နေတာ ကျွန်တော်တို့ က ဂရုမစိုက်ပြန်တော့ နောက်တမျိုး လုပ်ပြပြန်ရော။ သောက်ရေအိုးက ရေခွက်ကို တခွပ်ခွပ် မ နေတာပဲ။ ကျွန်တော်တို့ က သူဘာလုပ်ပြပြ ဖုတ်လေသည့် ငပိ ရှိသည် မထင်တော့ သူ့ခမြာ အတော်တော့ စိတ်ပျက်ရှာမှာပဲ။ ကျွန်တော်တို့ ဂစ်တာတီးပြီး ဆူနေရင်တော့ ဖွားဖွားက သိတ်သည်းညည်းခံ နိုင်ပုံ မရတော့ပါဘူး။ နားအတော် ညီး လို့လားမသိပါဘူး နဲနဲ ပိုကြမ်းပြတယ်၊ ရုံးခန်းထဲ က ပန်ကာကြီး ရဲ့ခလုတ် ကိုမဖွင့်ပါပဲ ပန်ကာက ပုခက်လွှဲ သလို လွှဲပြနေတာ။ ပန်ကာလည် သလိုလဲ မဟုတ် ။ ရှေ့နောက် လွှဲနေတာ ။ ကိုယ်က ပိုပြီးဆူပြရင် သူကပိုပြီး ပြင်းပြင်းလွှဲပေးတယ်။
ဒါပေမယ့် ဂီတာမတီးပဲ ကိုစိုးက စောင်းတီးတဲ့ ညဆိုရင်တော့ ဘာမှမလုပ် တော့ပဲ ငြိမ်နေတော့ တာပဲ။ အပေါ်ထပ်ကလဲ ဘာသံမှ မကြားတော့။ တအိမ်လုံး ဆိပ်ငြိမ်သွားတာပဲ။ ကိုစိုး နဲ့ ကျွန်တော့ ခမြာ သူများတွေ ဖဲဝိုင်းကောင်း နေတဲ့ အချိန်မှာ စောင်းတလက် နဲ့ စည်းလေးဝါးလေး ကိုင်ပြီး သီချင်းဆိုလိုက်ရတာ၊ အဖွားကြီး ဆိုတော့ အဲလို သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်း ကြိုက်ထင်ပါရဲ့၊ အနီးအနားမှာ လူနေအိမ်ခြေ ရယ်လို့ မရှိလှပဲ ဆိပ်ငြိမ်တဲ့ နေရာမှာ ညအခါ စောင်းသံကြားရတာ လူမပြောနဲ့ သရဲတောင် ကြွေလုကြွေခင် ဖြစ်သွားပုံရတယ်။ နောက်တော့ စောင်းပဲ အမြဲတီးနေ လို့လားတော့ မသိပါဘူး ဟိုအသံ ဒီအသံပေးတာ မကြားရ သလောက်ပါပဲ။ သရဲဖွားဖွား လဲ စောင်းသံ နားမထောင်ရမှာ ကြောက်လို့ထင်ပါရဲ့ ကျွန်တော်တို့ ကိုဘာမှ အနှောက်အယှက် ထပ်ပေးတာ မရှိတော့ဘူး။
စောင်းအိုလေး တလက်နဲ့ သီချင်းတွေ ဆိုပြီး သရဲဖွားဖွား ကို ဖျော်ဖြေ ပေးခဲ့ရတာတော့ ကျွန်တော့ဘဝမှာ အမှတ်တရလေး တခုပါပဲ.....။
ပြီးခဲ့တဲ့ ၃ လလောက်က အလုပ်နာရီ ချိန်တွေ့ လျော့လို့ အားလပ်ချိန်များများ ရှိလာတာကြောင့် blog လေးဖွင့်ပြီးစာလေးရေးဖြစ်ပါတယ်။အားလပ်ချိန်များတော့ ကျနော့် bank account မှာ ခါလီပြလာတာကြောင့် ဒီလကစလို့ တပတ်မှာ ၇ ရက် အလုပ်လုပ်ရပါမယ်၊ တလစာ စာရေးပြီး အင်္ဂါနေ့တိုင်း schedule တင်ထားပါတယ်။ အရင်လို ဂဒီးဂဒီး လာမလည်နိုင်တာ ညီငယ် နှမငယ်များနားလည်ပေးကြပါ။ စာလည်ဖတ်ကြတဲ့ မီးငယ်နဲ့ မယ်ဆင်တို့ စာကောင်းလေးဖတ်ရရင် ကိုကြီးကျောက် ကို လက်တို့ကြပါဦး။ ဘလော့ရွာဟာ လူ့အဖွဲ့အစည်းရှိသမျှ ဘယ်တော့မှ မပျက်စီးပါ မီးငယ်ရေ။
Friday, October 30, 2009
ယမမင်း နဲ့ တွေ့ဆုံသူခဲ့ဖူး တယောက်အကြောင်း
ယမမင်း နဲ့ တွေ့ဆုံခဲ့ဖူးသူ နဲ့ မိတ်ဆက်ရရင်တော့ ဘကျောက် ကိုယ်တိုင်ပါပဲ..ဒီနှစ် ဘကျောက်တို့ ကြီးမှ ဝက်သက်ပေါက်ပါတယ်၊ တလွဲတော့ မတွေးကြပါနဲ့... လူငယ်တွေ သူ ဘလော့ ကိုယ်ဘလော့ နေကြလို့ ကြီးတောင်ကြီးမား ကြမှ ဘလော့ လိုက်တာ... တခါထဲ ဝက်သက်ပေါက်ပြီး ဘလေဂေတ္တရာပြည် ထဲ ရောက်သွား ပါရောလား......ကြီးမှဝက်သက်ပေါက် တော့ ဝက်ရူးပြန်တာပေါ့လေ...ဝက်ရူးပြန်မှ တော့ အမြှုပ် တစီစီ နဲ့ တက်တက်နေတော့ တာပဲ...
ဘလေဂေတ္တရာပြည် ကလဲ တက်တာတွေ က တယ်ခေတ်စား ပေသကိုး...... ဟော......တလောကတင် ဝဲစားရနံ့ လို့ နာမည်ချိပ်ထားတဲ့ ခွေးသိုးကြီး က ခ ဖေါ် ခွေးသိုး ဆိုပြီး တက်လိုက်တာ....ဗိုင်းတာမ တို့ ကလဲ ဗထက်ချိုင့် ဖေါ် ဗိုင်းတာမ နငယ် ဖေါ် နဝေတိမ်တောင် နဲ့ တပြုံတောင်ကြီး တက်ကြပါရောလား......အရပ်ထဲ က အသုပ်စုံ ရောင်းတဲ့ မခင်ဂွိ တို့တောင် ကြီးကြီးဂွိ ဆိုပြီး အကြော် အလှော် အသုပ် အဖုတ်ဘလော့ ရေးပြီး ဂငယ် ဖေါ် ဂွိ ဆိုပြီး အဖေါ် ကောင်းလိုက်တာ ယောင်္ကျားက ဖေါ်ချင်အုန်း ဟဲ့ ဆိုပြီးအရိုက်ခံ ထားရပါရောလား...ဘကျောက် လဲ အဲဒီတုန်းက ကကြီး ဖေါ် ကိုကိုကျောက် ဆိုပြီး အတက် ကောင်းလိုက်တာ အဝတ်အစားတောင် မကပ်လို့ ခွေးတစီစီ နဲ့ ဖြစ်သွားတာပဲ........
ဘကျောက် ခုမှ နေထိုင်ကောင်းခါရှိသေး အရပ်ထဲ က အိမ်သာ က ဝုန်း.ဒိုင်း..ဂွမ်း..သံတွေ ကြားတာကို ဟိုးလို့ဟောင်းလောင်း ကွင်းပြင် မှာနေတဲ့ အောင့်ဟာငယ် က တွေ့သမျှ လူတွေ လက်တို့ပြီး ..ကမ္ဘာပျက်ပြီ ပြောလိုက်တာနဲ့...တခါထည်း...ဘလေဂေတ္တရာပြည်ကြီး တခုလုံး ငစကောတပ်ကြီး ချီတက် လာပြီ ဆိုတဲ့ အသံကြား သလို ရုန်းရင်းဆန်ခတ် ပြေးလိုက် လွှားလိုက် ဖြစ်ကုန်ကြတော့တာပါပဲ......
သဂျီးကိုလူထွင်း က သူလေလည်တာပါ ပြောလဲမရ ...ဗမာပြီပြီ..ကြောက်စရာ ရှိရင် သူ့ထက်ငါ ဦးအောင် ကြောက်လိုက်ကြတာ ဘာပြောကောင်းမလဲ...ပြေးလိုက်ကြတာ ..ဖိုးချက် နဲ့ မိညှက် တို့အတွဲက ရှေ့ဆုံးက အဲဒီ နောက်က ပါနီငပျော့ တို့ ပျင်းတဲ့မယားတို့..ပဒိုင်းပြာ..ယောင်ခြောက်ဆယ်..ဒုက္ခပုံး..မောင်အန်ပုံ..ဗူးနို့..တပြုံတောင်ကြီး ပါလာတာပဲ..နိပွန်ပြည်က အဂ္ဂပဇ္စုန်ရာဇာ ကလဲ ဆားထုပ်ကြီး ဆွဲလို့..မြသီဒါ လဘက် အကြော်စုံ ရောင်းတဲ့ အဖွားဘေသိမ်း တောင် ဘေထုပ် ခေါင်းပေါ်ရွက်ပြီး နောက်ကျန် မနေဘူး...... လူအုပ်ကြီး ဒီလောက် ရုံးရင်းဆန်ခတ် ဖြစ်တော့ ဘကျောက် လဲ ဝက်ရူးပြန် ပြီး တခါထဲ သတိကို ပြန်မလည် လာတော့ဘူး....
ဒါနဲ့ ဘကျောက် ခမြာ အဝီစိ ကို online ကနေ လက်မှတ်တောင် ဝယ်စရာ မလိုဘူး ...ဒါရိုက် ရောက်သွားတော့တာပဲ...ရောက်ရောက်ချင်း ယမမင်း နဲ့ appointment တောင် မလိုဘူး...ချက်ချင်းတွေ့ရ တာပဲ.... အမယ် ...ကမ္ဘာပျက်မဲ့ သတင်း ကလဲ အဝီစိမှာ breaking news အနေနဲ့ hit ဖြစ်နေတာ ကိုး....ဖြစ်ရမယ်လေ...အဝီစိ ကလဲ ကမ္ဘာကြီး ရဲ့ basement မှာမို့လား.... ကမ္ဘာမြေကနေ အခုမှ ရောက်လာတဲ့ ဘကျောက် ကို ယမမင်းက အပြတ်ကို ဗျုး တော့ တာပဲ...
ကမ္ဘာပျက် ခါနီး မင်းဘယ်သူနဲ့ နေချင်သလဲတဲ့... ကဲ..မေးလိုက်ပုံက.. အို...ကမ္ဘာပျက်ခါ နီးမှတော့ ဘယ်သူနဲ့မှ မနေချင်ပါဘူး..သူတို့က ကြောက်လန့်တကြား ဖြစ်နေရင် ကိုယ့်မှာ ချော့မော့ နေရတာ အလုပ်ပိုသေး..ဘလေဂေတ္တရာသူ တွေဆို ခုကထဲက တောင်ပြေး မြောက်ပြေး..ပြေးနေကြတာ..ဖြေလိုက်တာပေါ့.. နောက်မေးခွန်းတွေ မှာလဲ ထူးမခြားနားပါပဲ .ကမ္ဘာပျက်မှတော့ ဘာလုပ်လုပ် ဘာတွေးတွေး ဘာရေးရေး အပိုတွေပါ လို့ဆိုတော့....ယမမင်းခမြာ...အနုအရွ ရသ စုံလင်လေး ဖတ်ရမလားလို့ ဘလော့ လည် ထွက်ပါတယ်..တရားတွေရေး..တရားတွေ ပိတ်ဟော နေတဲ့ ဘလော့ထဲ ရောက်သွားသလို..မအီမလည်ကြီး ခံစားနေရတာပေါ့.....
ဒါနဲ့ စိတ်မရှည်တဲ့ မျက်နှာပေးနဲ့....ကဲ..ကဲ...ဘာတွေများ ဥဒါန်းကျုးချင် တုန်းလို့လဲ ဆိုရော....ယမမင်း ကို ယောက္ခမ တော်ချင်ပါတယ် လို့ ဘကျောက်က ဥဒါန်းကျုးလိုက်ရော...ယမမင်းက သမက်တော် ချင်ပုံ မရလို့လား မသိဘူး...သွား...သွား..မင်းနေရာ မင်းပြန် ဆိုတာ နဲ့ ..ဘကျောက် လဲ ဘလေဂေတ္တရာ ကို ပြန်ရောက်လာ တာပါပဲ........
ယမမင်း နဲ့ တွေ့ဆုံခန်း ဤတွင်ပြီး၏။ ။
အောင်သာငယ်ရေးခိုင်း လို့ ရေးရတဲ့ tag post ပါ..တစုံတယောက် ထိခိုက် နစ်နာတယ် ထင်ရင် တောင်းပန်ပါတယ်..အမှန်အတိုင်း ပြောရရင် ၊ကျွန်တော် blog မရေးခင်က စာလည်ဖတ်ရင် tag တွေကို တခုအပြင် နှစ်ခုမဖတ်ပါ၊blog တိုင်းက ဒါတွေချည့် ဆိုရင် လူ့သဘာဝကအင်မတန် ငြီးငွေ့ပါတယ် ၊tag post တွေက မူလတန်းကလေးစာစီစာကုံးလို ပုံစံခွက်နဲ့ ရေးထားတာမျိုးဆိုရင် ပိုစိတ်ပျက် ပါတယ်၊၊ လွတ်လွတ်လပ်လပ် ရေးနိုင်တဲ့blog စာမျက်နှာတွေ ပေါ်မှာရသပေါင်းစုံ ဖန်တီးနိုင်တဲ့ လူငယ်ခြေတက်တွေ အများကြီး မျှော်လင့်ထားပါတယ်.. ။
Tuesday, October 27, 2009
သူ့ကျွန်မခံပြီ နဲ့ ကျွန်တော့ဘွားအေကြီး
အခု ဗမာလို တန်ဆောင်မုန်းလထဲ ရောက်လာပါပြီ.... ကျွန်တော်တို့ ငယ်ငယ်က ပြက္ခဒိန်မှာ ပါတော်မူနေ့ရယ်လို့ တန်ဆောင်မုန်း လဆန်းလား လပြည့်ကျော်လား ဘယ်နှစ်ရက်မှန်းတော့ မမှတ်မိပါ အမြဲ ပါတတ်ပါသည်...... အင်္ဂလိပ်လို ကတော့ နိုဝင်ဘာ ၂၈ ရက်နေ့ ပါ....... အဲဒီနေ့မှာ.... ဗမာဘုရင် သီပေါမင်းနဲ့ မိဖုရားကို အင်္ဂလိပ်တို့ ဖမ်းဆီး ခေါ်ဆောင်သွား လို့ပါ...........
ဒီအင်္ဂလိပ် ကိုလိုနီ လက်အောက် ကျရောက်ခါနီး အခြေအနေကို ဒဂုန်ခင်ခင်လေးရဲ့ ရည်းစားဓါးပြ (ငယ်ငယ်က ဝင်းဦးတို့ ခင်သန်းနုတို့ ရုပ်ရှင်ရိုက် ပြတာ ကြည့်ဖူးတယ်..) ၊ တက္ကသိုလ် ဘုန်းနိုင်ရဲ့ သူ့ကျွန်မခံပြီ တို့မှာ ဖတ်ဖူးပါတယ်။ ၁၉၉၀ ပြည့် လွန်နှစ်တွေကတော့ သူ့ကျွန်မခံပြီကို ရုပ်ရှင် ရိုက်ပြတာ တွေ့ဖူးပါရဲ့..... ဒါပေမယ့်.... အင်္ဂလိပ် ရေတပ်နဲ့ မြင်းခြံတိုက်ပွဲမှာ ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ကျွန်တော့ ဘွားအေကြီးက ကျွန်တော်တို့ကို ငယ်ငယ်က ပြောပြခဲ့တဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ကြားယောင်မိရင် မကြာမကြာတော့ ပြုံးမိကြောင်းပါ ခင်ဗျာ........
သီပေါမင်း လက်ထက်မှာ အင်္ဂလိပ်ကို ခုခံ ကာကွယ်ဖို့ မြင်းခြံမှာ အောက်မြစ်စဉ် စစ်ကြောင်း ရေတပ်ဌာနချုပ်ကို ဖွင့်ပြီး လှေသင်း အတွင်းဝန် ဦးရွှေမောင်က ကွပ်ကဲ ပါသတဲ့.... အင်္ဂလိပ် ရေတပ်ကလဲ ပခုက္ကူ ကွမ်းရွာ ဆိပ်က ဆန်တက် လာကြပြီး မြင်းခြံ ဆိပ်ကမ်းမှာ နောက်ဆုံး တိုက်ပွဲ ဖြစ်ပွါးခဲ့ကြတာပါ.... ဒီတိုက်ပွဲဟာ အများသိကြတဲ့ အတိုင်း ဗမာတွေ အရေးရှုံး နိမ့်ခဲ့ ကြပြီး... အင်္ဂလိပ် ရေတပ်က မန္တလေး နေပြည်တော်ကို ချီတက် သိမ်းပိုက် နိုင်ခဲ့ပါတယ်......
သူ့ကျွန်မခံပြီ ဇတ်ကားမှာတော့ မင်းသားကြီး ညွန့်ဝင်းက လှေသင်း အတွင်းဝန် လို သရုပ်ဆောင်ပြီး ရိုက်ပြ ထားတာလဲ ကြည့်လိုက်ရပါရဲ့.......
လက်တွေ့ ဒီတိုက်ပွဲ နဲ့ ကြုံခဲ့ရတဲ့ ကျွန်တော့ ဘွားအေကြီး ရဲ့ ကိုယ်တွေ့ ပြောပြချက်မှာတော့ ဒီလိုဗျ..... အင်္ဂလိပ် ရေတပ်တွေ ချီတက် လာချိန်မှာ ... ဗမာတွေကလဲ ခုခံဖို့ မြင်းခြံ သပြေပင် ဆိပ်မှာ ပြင်ဆင် နေကြပါသတဲ့... ခုခံမယ် ဆိုပြီး ပြင်ဆင် လို့သာ နေတာ လုံလောက်တဲ့ လက်နက်ရယ်လို့ ရှိရှာတာ ဟုတ်မယ် မထင်ပါဘူး.... အမြောက် နဲနဲနဲ့ ကမ်းနားကစောင့် နေနိုင်တာပါ.... ဒါပေမယ့်... ဗမာထုံးစံ အတိုင်း ရှိတာနဲနဲ .. ပိုပြချင်တာ များများ ဆိုတော့... အမြောက်တွေ အများကြီးနဲ့ အင်္ဂလိပ်ရေတပ်ကို ပြန်ပြီး ခြိမ်းခြောက်နိုင်ဖို့အတွက် .. လူတွေကို.. ကမ်းနားမှာ.. ဖင်ကို ထုံးနဲ့ ဝလုံးကွင်းပြီး.. လေးဘက် ကုန်းခိုင်း ထားပါသတဲ့.... အဝေးက ကြည့်ရင်.. အမြောက်တွေ တန်းစီ နေတာပေါ့လေ......
ကျွန်တော်တို့ကတော့ ကလေးဆိုတော့ ဘွားအေကြီး ပြောတာ အလွန် သဘောကျပေါ့ဗျာ.... ဖင်ကို ဝလုံးကွင်းပြီး ဖင်ဘူးတောင်း ထောင်လို့ အင်္ဂလိပ်ကို ခြိမ်းခြောက် ပြနေတာကိုး.... အင်္ဂလိပ်ကလဲ ပစ္စည်း၊ လက်နက်၊ လူ အင်အား အပြည့်အစုံနဲ့ ချီတက် လာတာပဲ.... အင်္ဂလိပ် ရေတပ်က မှန်ပြောင်းနဲ့ လှမ်းကြည့်လိုက်တော့.... ကမ်းနားမှာ လူတွေ လေးဘက်ကုန်းနေတာ မြင်ရပါသတဲ့ . (ကြည့်စမ်း... ကျွန်တော့ ဘွားအေကြီးက အင်္ဂလိပ်ရေတပ် ဗိုလ်ချုပ် အစီရင်ခံစာကို သူကိုယ်တိုင် ဖတ်လိုက်ရတဲ့ အတိုင်းပဲ ပြောနေ လိုက်တာ..းဝ ) အဲဒီတော့ ကမ်းနားက လူတွေကျော်ပြီး မြို့ဖက်ကို အမြောက်နဲ့ ထုပါသတဲ့... ကျွန်တော့ ဘွားအေကြီးတို့ ကတော့ တိုက်ပွဲ ကာလမှာ ဧရာဝတီမြစ် ကမ်းပါးမှာ ဝပ်နေကြရ ပါသတဲ့.. တခြားလဲ ပြေးစရာက မရှိဘူးလေ...... အင်္ဂလိပ်ရေတပ်က .. အမြောက်နဲ့ တလစပ်လဲ ထုရော ... ဗမာ့သတ္တိပဲ... ဘယ်ခေမလဲ.. မြစ်ကမ်းပါးမှာ ဖင်ဝလုံးကွင်းပြီး လေးဘက်ကုန်း နေရာကနေ ထွက်ပြေးလိုက်ကြတာ.... မြို့အရှေ့ဘက်က ကျောက်ရံကုန်း ရောက်ရောဆိုပဲ......
အဲဒါနဲ့ပဲ အင်္ဂလိပ်တပ်က မြင်းခြံ ကို သိမ်းပိုက်မိတယ် ဆိုပါတယ်.......မြို့သိမ်းပြီးတဲ့အချိန်မှာ မြို့မြောက်ဖျား သံလျက်စွန်း ကစလို့ မီးရှို့ပစ် ပါသတဲ့ ..ကျွန်တော့ဘွားအေကြီး ကတော့ ကုလားမီးကြီး လို့ ဆိုပါတယ်..နောက်မှမြို့ကွက်ရိုက်ပြီး လမ်းတွေ၊ မီးနဲ့ ရေပေးစနစ်တွေ..စနစ်တကျ စီစဉ်ပေးပါသတဲ့...တမြို့လုံး မီးလောင်နေချိန်မှာ မိသားစု တစုကတော့ သူတို့တိုက်က မီးခံတိုက် ဆိုပြီး တံခါးပိတ်ပြီး တိုက်ထဲမှာ နေကြပါသတဲ့ ..တိုက်ကတော့ မီးခံ ပါရဲ့ လူက မီးမခံတော့ တမိသားစုလုံး နံပြားဖုတ်ထား သလိုပါပဲ......
မန္တလေးနေပြည်တော်ကို အင်္ဂလိပ်က သိမ်းပြီးတဲ့နောက် သီပေါဘုရင်နဲ့ အဖွဲ့ကို ဧရာဝတီမြစ်ကြောင်းကနေ သင်္ဘောနဲ့ ခေါ်လာတော့လဲ ကျွန်တော့ ဘွားအေကြီး တို့က ဧရာဝတီမြစ် ကမ်းနဘေးကနေ ပန်းအိုးလေးတွေနဲ့ ကြိုကြရသတဲ့... ဘုရင်ကို သယ်ဆောင်လာတဲ့ သင်္ဘောလာချိန်မှာ ရေစပ်မှာ ပန်းအိုးလေး တွေ ချ ဒူးတုပ်ပြီး လက်အုပ် ချီ နေကြပါသတဲ့...သင်္ဘောက အရှိန်ပြင်းပြင်းနဲ့ ရေလည်က မောင်းသွားတော့ ...ရေလှိုင်းတွေက ကမ်းစပ်ကို လာရိုက်တဲ့ အခါ ပန်းအိုးတွေ အကုန် မြစ်ထဲ မျောပါ ကုန်တော့တာပေါ့....မြို့သူမြို့သားတွေက ဘုရင် မရှိတော့ဘူး ဆိုပြီး ငိုကြပါသတဲ့.....
ကျွန်တော် ကတော့ သူ့ကျွန်မခံပြီ ဇတ်ကားမှာ ဘွားအေကြီး ကိုယ်တွေ့လိုများ ရိုက်ပြမလား လို့ တွေးထင် ကြည့်မိပါတယ်.. ညွန့်ဝင်းကြီး ကျောက်ရံ ကိုထွက်ပြေးခန်းတော့ ပါတယ်..ဗမာ့နည်း ဗမာ့ဟန် အမြောက်တော့ မပါဘူး ခင်ဗျ..... ကျွန်တော်တို့ ဗမာပြည် ကိုလိုနီ ဖြစ်ရတဲ့ အကြောင်းတွေ ထဲမှာ တိုင်းပြည် အုပ်ချုပ်သူ လူတန်းစား ရဲ့ ခေတ်မမှီမှု၊ ဉာဏ်အမျှော်အမြင် နဲပါးမှု၊ ကိုယ့်ကိုယ်ကို အထင်တခွဲသား ဖြစ်နေမှု တွေ အများဆုံး ပါပါတယ်...အုတ်တံတိုင်း လေးဘက် ကာရန်ထားတဲ့ မန္တလေးနန်းတော် ထဲက ဘယ်မှမထွက် ..ခေတ်မှီ ပြောင်းလဲနေတဲ့ ..ကမ္ဘာကြီးကို မကြည့်ဘဲ ဇမ္ဗူဒီပါ လက်ျာ တောင်ကျွန်း ရဲ့ ဗဟိုလ် ချက်မ ဆိုပြီး ကိုယ့်ဖာသာ အော်နေကြတာပါ......
ခုချိန်မှာလည်း အဲဒီလိုမျိုး အင်္ဂလိပ် ရေတပ် ကသာလာရင် ကျွန်တော်တို့ ဘဘ ဘိုချုပ်ကြီးတွေ ဖင်ကို ထုံးနဲ့ ဝလုံးကွင်း လေးဘက်ကုန်း ပြီး အမြောက် ယောင် ဆောင် နေကြဦး မလား မသိပါခင်ဗျာ.........
(Florida ကPalm city မှာ နေတဲ့ ကျောက်ခဲ နှမငယ် မဝေ က ကြားဖူးနားဝ ရှေးစကားလေးတွေ ရေးပါဦး ဆိုလို့ ရေးလိုက်ပါတယ် )
Friday, October 23, 2009
ဗူဒူးရုပ် (Voodoo) နဲ့ စိန်လက်စွပ်
ဒီဗူဒူးရုပ် တွေနဲ့ ကျွန်တော် ဘယ်လိုမှ ပတ်သက်စရာ အကြောင်းမရှိ သလို ပတ်သက်လာလိမ့်မယ်လို့လဲ ဘယ်တုန်းကမှ မတွေးထင် ခဲ့မိတာ အမှန်ပါ ခင်ဗျား.......ကျွန်တော့ကို တိုက်ရိုက် မဟုတ် ပေမယ့် အမေရိကန် ပြည်ထောင်စု ရောက်မှ သွယ်ဝိုက်ပတ်သက်လာတဲ့ အကြောင်း ကိုတော့ ရေးပြဦးမယ်ခင်ဗျာ.........ဒီ ဗူဒူးရုပ်တွေ ရဲ့ နဂို ဇာတိ ဟာ အာဖရိကတိုက် ကလို့ အဆိုရှိပါတယ်... ကိုယ် ပြုစားချင် တဲ့ လူကို ဒီ ဗူဒူးရုပ် နဲ့ ပြုစားပြီး အရုပ်ကို အပ်တွေနဲ့ ထိုးတာလဲ ရုပ်ရှင်ထဲ မှာကြည့်ဖူးပါရဲ့......ဂျိမ်းစဘွန်း ဇတ်ကား Live and Let Die မှာတောင် ပါသေး...... ကာရစ်ဘီယံ ပင်လယ် ထဲ က Hati ကျွန်းမှာ တော့ အတော်ခေတ်စားတယ်ဆိုပဲ......
ကဲ ..ဒီ ဗူဒူး တွေနဲ့ ကျွန်တော် နဲ့ အမှတ်မထင် နှီးနွယ်ခဲ့ရပုံ ကတော့ ဒီလိုခင်ဗျ ...........
၂၀၀ဂ ခုနှစ် ဆန်းလောက်က ကျွန်တော် Texas ပြည်နယ် San Antonio မြို့ကို ပြောင်းရွှေ့ နေခဲ့ဖူးတယ် ခင်ဗျ.. .. Texas ပြည်နယ် က Mexico နဲ့ က နယ်စပ်ချင်း ကဆက်စပ်နေလေ တော့ Spanish စကားပြော သူက ၇၅% လောက်ရှိတယ်....ကျွန်တော်မှာ လည်း ကိုယ့်ဖေါက်သည်တွေ က Mexican အနွယ်တွေ ဆိုတော့....ကိုမိုစတား (နေကောင်းလား) ၊ မူချို ကရာ့စီးယာ့စ် (ကျေးဇူးတင်ပါတယ် )..တို့ ပြောနေရတာ လက်ကို မလည်နိုင်အောင်ပါပဲ......Texas ပြည်နယ် ဆိုတာကလဲ..ဗမာပြည်လောက် ကျယ်ဝန်းတာမို့ အင်မတန်ကြီးတဲ့ ပြည်နယ်ကြီးပါ.... ရာသီဥတု ကလည်း ကျွန်တော် တို့ ဗမာပြည် အလယ်ပိုင်းလိုပဲ...နေကပူ..ဖုန်ကထူ (အညာသံနဲ့ ပြောရမယ်ဆိုရင်...ဖုတ်ကထူ...းဝ ) ..နယ်ကလဲ ကောင်းဘွိုင်နယ် ဆိုတော့...စရိုက် ကကြမ်း.... Texas က pawn shop လို့ ဆိုရင် အပေါင်ဆိုင်တော့ အပေါင်ဆိုင်ပဲ....လာပေါင်တဲ့ ပစ္စည်းက သေနတ် ချည့်ပဲမို့....pawn shop မှာ အပေါင်ဆုံး ပစ္စည်း ဝယ်ချင်ရင် သေနတ် ပဲ ရမယ်.... ကျွန်တော်တောင် ရောက်စက သေနတ်တလက် ဝယ်ကိုင်မလို့... နောက်တော့..ကိုယ်ဖာသာကိုယ်ပဲ.. စိတ်ထိမ်း..စိတ်ထိမ်း..ဆိုပြီး..ငြိမ်ငြိမ်ပဲ နေလိုက်ပါတယ်....
ကဲ..ပါလေ.. ဗူးဒူးရုပ် အကြောင်း ပြန်ဆက်ကြပါစို့.... အဲဒီ ဗူဒူးရုပ် နဲ့ ပြုစားတာဟာ..လက်တင်အမေရိက နိုင်ငံတွေကနေ Texas တောနယ်တွေမှာ အထိ ရှိတတ်တယ် လို့ ကြားဖူးခဲ့တာပေါ့လေ...... ဒီနှစ် ၂၀၀၉ မတ် လ ပိုင်း လောက်က ..အလယ်ပိုင်းဒေသ...Utah ပြည်နယ် Salt Lake City က ကျွန်တော့ သူငယ်ချင်းတယောက်က သူ့ကောင်မလေး မလေးရှားကနေ အမေရိကန် ပြည်ထောင်စု ကို ပြောင်းရွှေ့နေထိုင်ခွင့် ရလာတော့ Texas ဘက်ကို honeymoon လာခဲ့မယ်ပေါ့..... OK လာခဲ့ပေါ့.... အဲဒါနဲ့ ..သူတို့စုံတွဲ ...Utah ကနေ Texas ရောက်အောင် မိုင် ၁၃၀၀ လောက် မောင်းလာခဲ့ ကြတာပေါ့..... Texas ပြည်နယ် ထဲရောက်လို့ အမှတ် ၁၀ အမြန်လမ်းမ ကြီးပေါ်မှာ... car accident ဖြစ်ပါတယ်..... လူတွေ ဘာမှထိခိုက် နာကျင် မှု မရှိပါဘူး...ဘယ်ကားနဲ့ မှလဲ တိုက်မိတာ မဟုတ်ပါဘူး....
ဖြစ်ပုံက ဒီလိုခင်ဗျ..... Van Hom ဆိုတဲ့ မြို့လေး အလွန်မှာပေါ့ခင်ဗျာ..... သူတို့ အပြောအရ ဆိုရင်...ကားဟာမောင်းနေရင်း လမ်းဘေးကို.. တစုံတယောက်က စတီယာရင် ကို အတင်းဆွဲချသလို ခံစားရ ပါသတဲ့...ကားကို လမ်းပေါ်ကို ဘယ်လို ဆွဲတင်ဆွဲတင် စတီယာရင် ဟာ လုံးဝ လှည့်လို့ မရပါဘူးတဲ့.....ဒါနဲ့..အသွားအပြန် လမ်းနှစ်လမ်းကြား မြောင်းထဲ ကို ထိုးဆင်းသွားပြီး ချက်ချင်း လမ်းပေါ် ကို ပြန်မောင်းတက် နိုင်ခဲ့ပါတယ်..... လမ်းပေါ်မှာ အရေးပေါ် မီးဖွင့် ပြီး ကားပေါ်က ဆင်းကြည့်လိုက်တော့.....ကားနောက်မှန်တခုလုံး ကွဲကြေနေပြီး..ကားနောက်ခန်း အမိုးကလည်း နို့ဆီခွက် ကို ဖနောင့်နဲ့ ပေါက်ထားသလို ပိန်လိန်နေတာပါပဲ... နောက်ခုံမှာ လူထိုင်ရင်တော့ ..ပွဲချင်းပြီးပေါ့လေ... သူ့ကားက ၂၀၀၈ ခုနှစ်ကထုတ်တဲ့..Dodge Charger ...ကားသက်ကလည်း တနှစ် ပဲရှိသေးတာမို့ ဗမာပြည် က ဂျုံးဂျုံးကျ ဆရာတော်ဘုရားရဲ့ ကပ္ပိယရဲ့ အဖိုးတဝမ်းကွဲ ပိုင် ၁၉၄၀ ခုနှစ် model ဒေါ့ ဂျစ် ထက်တော့ အများကြီးလတ်ပါတယ်....
အဲဒီ အချိန်မှာ.... ရဲ ကား ရောက်လာပြီး လိုအပ်တဲ့ အကူအညီ ပေးဖို့မေးပါသတဲ့..( ဗမာပြည်က ရဲတွေ အတိုင်းပဲနော်..း))... ဗမာပြည်တုန်းက field ထဲမှာ ကားဘရိတ်ပေါက်ပြီး လမ်းဘေး ကျသွားတာ..လာတဲ့ ရဲ ကို ကားပေါ်ပါလာတဲ့ ဆန်တအိတ် ပေးခဲ့ရသေးတယ် ..ကိုယ်ကပဲ ..သူတို့ကို..ကူညီပါရစေ ကူညီပါရစေ ခင်ဗျ ..လို့ပြောခဲ့ရတာ )... ရဲတွေ ကလည်း ဘာနဲ့မှ လဲတိုက်ထားတာ..ခိုက်ထားတာ..မရှိပဲ ကားက အသားလွတ် နောက် ထိုင်ခုံအမိုး ချိုင့်ဝင် ပိန်ရှုံ့ နေတာကို.. သူတို့လဲ စဉ်းစားရခက်နေတယ်... ကျွန်တော့ သူငယ်ချင်းစုံတွဲ ကလည်း ..လမ်းဘေး ..မြက်ခင်း မှာ စိတ်ပျက်လက်ပျက် ထိုင်နေကြတာပေါ့... ထိုင်နေရင်းနဲ့ ကျွန်တော့ သူငယ်ချင်း ထိုင်နေတဲ့တင်ပါး အောက်ကနေ တစုံတခု ရွစိရွစိ သွားနေသလို ခံစားရတာမို့ တင်ပါးအောက်ကို စမ်းကြည့်တဲ့ အခါမှာတော့......လက်ထပ်စိန်လက်စွပ် တကွင်း တွေ့ရတာပါပဲ....
သူကလည်း အဲဒီလက်စွပ် ကို သူ့ကောင်မလေး ကို စွပ်ပေးလိုက်ချိန်ခိုက်မှာပဲ........ကားအောက်ကို ငုံ့ကြည့်နေတဲ့ ..ရဲ က...OH..my goddess.....ဆိုတဲ့ အော်သံကြား လို့ ကြည့် လိုက်တဲ့ အခါမှာတော့........... ကား အောက်ကနေ ဗူဒူးရုပ် တရုပ် ထွက်လာတော့ တာပါပဲ..... ဒါနဲ့ ရဲက ဒါမကောင်းဘူး ဆိုပြီး ..သူ့ဘိနပ်နဲ့ နင်းခြေ ပစ်လိုက်ပါတယ်..... ဒီ ဗူဒူးရုပ်ဟာ ဘယ်ကနေ ဘယ်လို ကားအောက်ရောက်နေသလဲ...ကားအောက်ကနေ ဘယ်လို ထွက်လာသလဲ ဆိုတာ ဘယ်သူမှတွေးမရတဲ့ ကိစ္စဖြစ်နေတယ်...ကျွန်တော် သူငယ်ချင်း က အနီးဝန်းကျင်..ဟိုဟို သည်သည် လျှောက်ကြည့်တော့ .. အဲဒီနားမှာ ပျက်စီးနေတဲ့ ကား ဘော်ဒီ အစိတ်အပိုင်း တချို့ နဲ့ ကားမှန်ကွဲ အစအနတွေ တွေ့ ရတာမို့ တချိန်တခါက ဒီနေရာမှာ မတော်တဆ မှု တခု ဖြစ်ခဲ့ဖူး မယ်လို့ ထင်မြင်မိပါသတဲ့...........
ဒါနဲ့ အဲဒီကားကို San Antonio ရောက်အောင် မောင်းတော့ လာနိုင်ခဲ့ပါတယ်....အဲဒီနေရာနဲ့ ဆို မိုင် ၄၀၀ ခရီးမို့ ရန်ကုန် မန္တလေး လောက်တော့ မောင်းရပါသေးတယ်..... San Antonio ရောက်တော့...workshop မှာ စစ်ဆေးကြည့်တဲ့ အခါ ကားအောက်ပိုင်း တခုလုံး စုတ်ပြတ်နေပြီး သည်လောက် စုတ်ပြတ်နေတာနဲ့ မိုင် ၄၀၀ လောက် မောင်းလာ နိုင်တာ တအံ့တသြော ဖြစ်နေကြတယ်.......San Antonio ရောက်လာပြီ ဆိုတော့ ကျွန်တော်ရဲ့ အခန်းကဏ္ဍ ပါဝင်လာပြီပေါ့ခင်ဗျာ......သူတို့ကားက bodyshop ကို ပို့ထားရတော့ သူတို့ သွားစရာ လာစရာ ရှိရင် တျွန်တော်ပဲ လိုက်မောင်းပို့ပေးရတာပေါ့.... အမေရိက ဆိုတာကလည်း ကားမရှိရင် ခြေထောက်မရှိသလို ပဲလေ...နယူးယောက် ကလွဲရင် ကျန်တဲ့နေရာတွေကတော့ သူတောင်းစားတောင် ကားမရှိရင် ကိုယ်ကြိုက်တဲ့နေရာ သွားတောင်းဖို့ သိတ်မလွယ်ကူ လှပါဘူး။
သူတို့ ရောက်ပြီး နောက်တရက် မှာပေါ့ခင်ဗျာ... သူတို့ အတွဲက မြို့ထဲ က Catholic Charity ကို သွားစရာ ကိစ္စကလဲ ရှိတယ်.....အဲဒီတော့ ကျွန်တော်က လိုက်ပို့တယ်...သိတ်မဝေးပါဘူး.. ၆ မိုင် ၇ မိုင် လောက်ပါပဲ ကောင်မလေး ကလဲ လမ်းကကောက်ရ တဲ့ လက်ထပ် စိန်လက်စွပ်ကြီး တဝင်းဝင်းနဲ့ ..တကယ်တော့ တရားဝင် Church မှာ လက်မထပ်ရသေးဘူး..... Catholic Charity ရုံးနားရောက်တော့... ရုံးဘက်ကို ဘယ်ကွေ့ ပြီး ဝင်ရမယ်.. အမေရိက မှာ က ဗမာပြည်လို လင်္ကျာကပ်မောင်း .... ကျွန်တော် လဲ ဘယ်ကွေ့လိုက်ရော...တဖက် ယာဉ်ကြော ကို ကန့်လန့်ဖြစ်နေချိန်မှာ....ကျွန်တော်ကား ဟာ လီဘာ ဘယ်လို နင်းနင်း ရှေ့ဆက်မသွားတော့ပဲ... တဘက်ကလာတဲ့ ယာဉ်ကြော ကို ကန့်လန့်ခံပေးထားတယ်.... ကားက ချူချာတယ် ဆိုရအောင်လဲ .. ကျွန်တော့ကားက ၂၀၀၉ model Toyota Corolla အသစ်...မိုင် ၅၀၀ ပြည့်အောင်တောင် ..မမောင်းရသေး.... တဘက်က အရှိန်နဲ့ ပြေးလာတဲ့ ကားတွေကလဲ ..တကယ့် heavy truck ကြီးတွေ.. Texas မှာက ကျွန်တော် လို ကားအသေးစီးတဲ့ သူက ရှားပါဘိခြင်း... လူအတော်များများက truck တွေစီးကြတာ ..ဘယ်ကားကြည့်ကြည့် ..တိုက်ထား တာလဲ ..ပိန်လိန်နေတာပဲ..car insurance ကလဲ တခြားပြည်နယ်တွေ ထက် ၂ ဆ.... လမ်းလယ်မှာ ကန့်လန့်ခံနေတဲ့ ကျွန်တော့ကားကြောင့် တဖက်က ကားတွေ ပြာရီးပြာယာ ဘရိတ် အုပ်ကြတော့... နောက်ခုံမှာ ထိုင်နေတဲ့ ကောင်မလေး ကို တိုက်မိဖို့ တပေ လောက်ပဲ ဝေးပါတော့တယ်....ကားတွေ အားလုံးရပ် သွားမှ ကျွန်တော့ ကားလဲ ဝေါကနဲ ..ဆက်ထွက်သွားတော့ တယ်... ကားမောင်းလာတဲ့ သက်တန်းတလျှောက် ..ဒီလိုမျိုး တခါမှ မကြုံဘူး တာမို့ ..ကျွန်တော်ဖြင့် ဘယ်လိုစဉ်းစားရမှန်း မသိအောင်ပါပဲ..... သူငယ်ချင်း ကောင်မလေး လဲ ..အဲဒီစိန်လက်စွပ် ကို ဝတ်ဖို့နေနေသာသာ ..ကိုင်တောင် မကြည့်ရဲဘူး ဖြစ်သွားတယ်.....
အဲဒီ ဗူဒူး ရုပ် ရယ်..လက်ထပ် စိန်လက်စွပ်ရယ်...ကြင်စဦး မောင်နှံရယ်..ဘယ်လို ဆက်စပ်မှု ရှိကြတယ် ဆိုတာတော့ ကျွန်တော် ခုထိ အဖြေရှာလို့ မရသေးပါခင်ဗျာ......