Monday, September 28, 2009

Barbecue ဆိုကြိုက်ဘူးကွယ်


သာယာဝတီ သုံးဆယ်မြို့လယ်က ဖြတ်စီးသွားတဲ့ ချောင်းဖျားခံရာဒေသ...ပဲခူးရိုးမအလယ်မှာ ကွင်းဆင်းရတုန်းကပေါ့ခင်ဗျာ...ပဲခူးရိုးမအလယ်ဆိုတော့ တောကလည်းနက်ပါ့ ၊ တောဆင်အုပ်တွေ ကျားတွေကလဲပေါ....အဲဒီချောင်းဖျားမှာရွှေတွေ့ပါလေရော...၁၉၈၂ ခုနှစ်လောက်ပေါ့..တနိုင်ငံလုံးကလူတွေ အုတ်အုတ်သဲသဲနဲ့ကို လာကြတော့တာပဲ၊ ...တွေ့တဲ့နေရာကလည်း ကရင်သူပုန်မ နို့တလုံးစိန် ရဲ့ စခန်းနားမှာပေါ့ခင်ဗျာ.....အဲဒီအချိန်မှာ နို့တလုံးစိန်က မရှိတော့ပါဘူး....ဘာလို့နို့တလုံးစိန်လို့ ခေါ်သလဲတော့ ကျွန်တော်မသိဘူး၊ ကရင်နာမည် နော်တလုံးစိန် ကို ဗမာသတင်းစာတွေက နို့တလုံးစိန်ဆိုပြီး နာမည်ပေးလိုက်ကြသလားတော့ မသိပေါင်ခင်ဗျာ။

အဲဒီအချိန်က ဦးနေ၀င်းက ဖြတိ ၄ ဖြတ်ဆိုပြီး တောင်ပေါ်သောင်းကျန်းသူတွေကို ..ဆက်သွယ်ရေး..ရိက္ခာ...စတာတွေပြတ်တောက်အောင် တောင်ပေါ်ကရင် ၁၄ ရွာကို မြေပြန့်ကိုပြောင်းပို့ပလိုက်တာကို....တောင်ပေါ်ကရင်ရွာပျက်တွေ နေရာကို ကျား...တို့အကြိုက်ပေါ့ ..ဖုန်းဆိုးတွေထူထပ်ပြီး နေရာထိုင်ခင်းလေးက သိတ်ကောင်းတာကို....အဲဒီချောင်းဖျားဒေသကို လက်ပံတန်းကနေ မိုင် ၄၀ လောက် ပဲခူးရိုးးမထဲ ၀င်ရတယ်...ခြေလျင်တောင်တက်တောင်ဆင်းတွေ သွားရတာဆိုတော့ လမ်း တောထဲမှာ တညအိပ်ရတယ်။ တောဆင်တွေ ကျားတွေ ကြောက်တော့ လူတွေစုပြီး မီးပုံတွေဖိုပြီး အိပ်ကြရတာပေါ့ဗျာ...

ကျွန်တော်တို့စခန်းလေး ကလဲ သုံးဆယ်ချောင်းဘေး ကုန်းမြင့်လေးမှာ ဆောက်ထားတယ်..စခန်းကို ၀ါးလုံးတွေနဲ့ ခိုင်ခိုင်ခန့်ခန့် ခြံစည်းရိုး ခပ်ထားရသေးတယ်...မတော်လို့များ ကျားတွေ လမ်းကြုံလို့ ကိုယ့်အိမ်ဝင်လည်ရင် အခက်ဆို်ပြီး...[c box တို့ ဘာတို့ ဖြုတ်ထားသလိုမျိုးပေါ့ :D ] တောထဲရွှေလာကျင်တဲ့သူတွေကလဲ စားစရာသောက်စရာကို ကိုယ်နဲ့တပိုင်တနိုင်ထမ်းတက်ခဲ့ရတာကို ..ကုန်ရင် လက်ပံတန်းဆင်းဝယ်ရတယ်၊ တောင်ပေါ်တောင်အောက် မိုင် ၄၀ ခရီးကို ခြေလျင်ထမ်းပြီးရိက္ခာတွေ တင်ရတာဆိုတော့ တောထဲကဆိုင်တွေမှာ ဈေးကလဲကြီးမှကြီး ဒါပေမဲ့ ရွှေကလဲပေါပေါသီသီ ရကြတာဆိုတော့ လူတွေကလဲ ငွေကို တယ်ဂရုစိုက်မနေပေါင်ဗျာ.....

လူတွေကလဲ ရွှေကိုပဲ သဲသဲမဲမဲ ကျင်နေကြပြီး ကျန်းမာရေးကို ထည့်မတွက်ကြတော့...ဟောမကြာဘူး......ငှက်ဖျားတွေမိပြီး သေလိုက်ကြတာအတုံးအရုံး....ဆေးဝါးကလဲပြည့်ပြည့်စုံစုံမရှိ...လူနာကို လက်ပံတန်း ပြန်ပြီး ဆေးကုဖို့ကလဲ ..စောင်ပုခက်နဲ့ထမ်းပြီးပြန်ပို့ရမှာဆိုတော့မလွယ်..အထမ်းငှားဖို့ဆိုတာကလဲ ရွှေတကျပ်သားဗမာငွေ ၂၀၀၀ိ/_ လောက်ပဲပေးရချိန်မှာ လူနာတယောက် ကိုပို့ရင် ငွေသုံးသောင်း ဆိုတော့ မတတ်နိုင်ကြဘူးလေ........ဒီလိုနဲ့ ကိုယ်မချိ အမိသော်လည်းသားတော်ခဲ ဆိုသလို ကိုယ့်မိဘ သားသမီး ညီအကိုမောင်နှမ လင် မယား တွေရဲ့သေပြီးအလောင်းတွေရော အသက်ငင်နေတာရောကို ချောင်းကြိုမြောင်းကြား ချပ်ကြိုချပ်ကြားမှာ ဒီအတိုင်းပဲ စွန့်ပစ်ထားတော့တာပါပဲ...အလောင်းတွေက ပဲခူးရိုးမတောထဲမှာ မြင်မကောင်းပါဘူး....တချို့ကတော့ ကျွန်တော်တို့စခန်းနားကို အသက်ငင်နေတဲ့လူနာတွေ တိတ်တိတ်လေးလာပစ်ထားတယ် ကျွန်တော်တို့ဆီမှာတော့ ဆေးဝါးကပြည့်စုံတာကို ..ကိုယ့်အနားမှာ အမြင်မတော်တဲ့ လူနာတွေကို ကျွန်တော်တို့က ဆေးထိုးဆေးတိုက်လုပ်ပေးပေမဲ့ အနာက ကျွမ်းနေပြီလေ...

လူတွေရုတ်ရုတ်သဲသဲ လာသေကြတော့ ကျားတွေကတော့ သူတို့အတွက် food court တို့ hawker center တို့လာဖွင့်ပေးသလားလို့ထင်မှာပဲ...ညညဆို လူသေတွေကို လာစားနေကြတဲ့ ကျားတွေတရုန်းရုန်း...ကျားတွေ ခမြာ ကာရာအိုကေ မဆိုရတာတခုပဲ ကျွန်တော်တို့ကတော့ စခန်းနားဝန်းကျင် သန့်ရှင်းသွားအောင် လူသေအလောင်းတွေကို ၀ါးတဲပျက်တွေပေါ်မှာတင်ပြီး မီးရှို့ပစ်လိုက်တာပဲ...

ကျွန်တော်တို့စခန်းနားမှာ ယောကျာင်္ံးဖြစ်သူက တောထဲမှာ ရွှေလာကျင်တော့ နောက်ကလိုက်လာတဲ့ သူနာပြုဆရာမခမြာ ရောက်ပြီးလို့ တလမပြည့်သေးဘူး ငှက်ဖျားနဲ့ ဆုံးရှာတယ်၊ မောင်မင်းကြီးသားကလဲ မိန်းမအလောင်းကို ဒီအတိုင်းထားပြီး ထွက်သွားတော့တာပဲ..ဒါနဲ့ ဒီဆရာမအလောင်းကို တဲပေါ်မှာပဲ မီးတိုက်ပစ်လိုက်တယ် အကုန်မလောင်ပဲ ခေါင်းကြီး ကျန်တယ်ခင်ဗျ...ယောကျာင်္ံးကို စိတ်မချလို့ ခေါင်းကျန်နေသလားတော့ မသိဘူး....ကျွန်တော်တို့ field ထွက်တိုင်း ဒီခေါင်းက သွားတဲ့လမ်းနံဘေးဆိုတော့ ဟိုလူက ဘောလုံးလိုကန်လိုက် ဒီလူကကန်လိုက်နဲ့.........အဲဒီအချိန်က အာဂျင်တီးနား ဘောသမား မာရာဒိုနာ ကလဲနာမည်ကြီးချိန် .....သူ့ခမြာ ....ဗမာဒိုနာ တွေရဲ့အကန်ကိုကောင်းကောင်းခံနေရတယ်....

လူသေအလောင်းတွေကို မီးရှို့ပစ်တဲ့အတွက် ကျွန်တော်တို့ ဘာကိုသွားပြီး သတိထားမိသလဲဆိုတော့ မီးသင်းထားတဲ့ အလောင်းဆိုရင် ကျားကမစားတော့ဘူး.....

လူတွေကသာ အချက်၊အပြုတ်၊အကြော်၊အလှော်၊ အသုတ်၊အကင်၊ကြိုက်တာ ကျားများကတော့ လူသား sashimi ပဲကြိုက်တာကိုး....ဒါနဲ့ပဲ တောထဲမှာ အလောင်းတွေတွေ့ရင် ၀ါးရွက်ခြောကိ သစ်ရွက်ခြောက်တွေနဲ့ ပုံပြီးမီးရှို့ပစ်လိုက်တော့ ..ညမှာ ကျားတွေတရုန်းရုန်း သိတ်မဖြစ်တော့ဘူး

ကျွန်တော်သာမာဂဓဘာသာကို တတ်ရင် ကျားတွေက ကျွန်တော့ကို barbecue ဆိုကြိုက်ဖူးကွယ် လို့ပြောကြမလား မသိဘူး.......
(sashimi:ဂျပန်အစားအစာငါးအစိမ်း)

Friday, September 25, 2009

သရဲပြေးလျက်အာဏာစက်

kiki ကို သရဲ ဇာတ်လမ်းလေး ရေးပါဦးမယ်လို့ ပြောထားမိတော့ ကြုံခဲ့ရဘူးတဲ့ သရဲ အကြောင်းတွေ ရေးပြပါမယ်။ သရဲကိုယ်တွေ့ (အချို့လို ချစ်ကိုယ်တွေ့ မဟုတ်လေတော့ Romantic တော့ မဖြစ်ဖူးပေါ့လေ) တွေချည့် ရေးနေပြန်ရင်လည်း ကျွန်တော်တို့ မမွေးခင်က နာမည်ကြီး စုန်း၊ကဝေ၊ သရဲ၊ တစ္ဆေ စာရေး ဆရာ မြစင်္ကြာံလို blogger new မြ စင်္ကြာံ ဆိုပြီး နာမည်တွေ ကြီးနေမှဖြင့်....... ..... ကဲပါလေ... ဒီလိုနာမည်ကြီးပြန်လဲ ကံတရားပဲပေါ့လို့ အောက်မေ့ရမှာပေါ့လေ....

ဒီတခါ သရဲထွက်ပြေးရတာ သပိတ်ကျင်းက မှင်စာ stay ရှောင်တာနဲ့တော့ မတူဘူး။ မှင်စာ ခမျာတုန်းက ကျွန်တော်တို့ရဲ့ အထူးလက်စွမ်းပြ ဂစ်တာသံရယ် ပီပါ (၁၀) လုံးကို ကျောက်စရစ်လမ်းပေါ် လှိမ့်လာသကဲ့ သာယာ နာပျော်ဖွယ် သီဆိုသံများကြောင့် စိတ်ညစ်ညစ်နဲ့ တော်ရာ သွားနေပုံ ရပါတယ်။

ကဲကဲ.. သရဲနှင်ပုံ နှင်နည်းလေး စကြစို့လား.........
သပိတ်ကျင်းနယ် ၀ါးဖြူတောင်ရွာလေးမှာ စခန်းချ ကွင်းဆင်းကြစဉ်ကပေါ့ ခင်ဗျာ .....
.၀ါးဖြူတောင်မှာ ယာယီစခန်းလေး ဆောက်ကြမယ် ဆိုတော့ ၀ါးဖြူတောင် ရွာသူကြီးက ကျွန်တော်တို့ စခန်း ဆောက်ဖို့ မြေနေရာ ပေးပါတယ်၊ ရွာ အနောက်ဖျား သင်္ချိုင်းကုန်း နံဘေးက လောင်တိုက်ကုန်းမှာ မေတ္တာ ရှေ့ထားပြီး ပေးလိုက်တာပါပဲ။ လောင်တိုက်ကုန်း ဆိုတာက တခါတခါရံမှ လူသေ အလောင်းကို မီးရှို့တာ ဆိုတော့ လောလောဆယ်အားလပ်တဲ့ နေရာပေါ့ဗျာ။ အဲဒီ ကုန်းပြောင်ပြောင်မှာ ၀ါးကပ်မိုး၊ ထရံကာ (၄) ပင် ပတ်လည် တဲတလုံး ဆောက်လိုက်ကြပါတယ်၊ အဲဒီတုန်းက တောကလည်းထူ (၂၀၀၂) ခုနှစ်က တခေါက် ပြန်ရောက်တော့ ကွင်းပြောင်ကြီး ဖြစ်နေပြီ။ ဘာသစ်တောမှ မရှိတော့ဘူး) ကျားနာမကြီးက သောင်းကျန်းပြီး ညညဆို ရွာထဲဝင်ဝင်ပြီး နွားတွေ ၀င်ဆွဲတတ်တာမို့ ကျွန်တော်တို့ စခန်းကို ၁၂ ပေ လောက် အမြင့် ဆောက်ထား ရတယ်၊ ဒါတောင် တခါတရံ တဲအောက်က ဖြတ်သွားတတ်သမို့ ညဆိုရင် ကျွန်တော်တို့ တဲအောက် မဆင်း တော့ပဲ ၀ရံတာကပဲ ထွက်ရပ်ပေါက် geologistတွေ ဖြစ်ရရှာတော့တာပဲ။ (ဒညင်းသီးစားကြတဲ့နေ့ဆိုရင် ဖီနိုင် တပုလင်း လောက် ကုန်အောင် စခန်းရှေ့ ဖြန်းရတာ)



လောင်တိုက်ကုန်း စခန်းကို ဆောက်ပြီး ပထမဆုံး စအိပ်တဲ့ ညမှာတော့......... အားလုံး အိပ်မောကြသွားတဲ့ ညဥ့် သန်းကောင် အချိန်မှာပေါ့ ခင်ဗျာ....... ဟီး.. ဟီး.. ဟီး.. နဲ့ ကိုယ့်နံဘေးမှာ ကျယ်ကျယ်လောင်လောင်ကြီး လာထိုင်ငိုသလို ကြားလိုက်ကြရတော့ အားလုံး လန့်နိုးကုန်ကြပြီး ထထိုင်မိကြတာပါပဲ။ အမလေး.. လူလေးရဲ့ ကြာကြာတောင် မနေလိုက်ပါ့လား... ဟီး. ဟီး... သြော်.. ကလေးပေါက်စ အလောင်းကို ညတွင်းချင်း သဂြိင်္ုံဟ်ကြတာကို၊ လူခြေကလဲ တိတ်ချိန် သုဿန်ကလဲ စခန်းနဲ့ ၁၅ ပေ လောက်ပဲ ဝေးတော့ ကိုယ့်နံဘေးမှာ ထိုင်ငိုနေတဲ့ အတိုင်းပါပဲဗျာ၊ ပွဲဦးထွက် ညမှာ.. သရဲဇာတ် မကခင် အပျိုတော် ထွက်ပြတာလို့ အောက်မေ့ရမှာပေါ့လေ.... ပထမညမှာ သရဲက မပေါ်လာသေးဘူး ခင်ဗျ၊ ဒုတိယည.. တတိယည.. စတုတ္တည... ဘာမှ မတွေ့ဘူး ခင်ဗျ။ ကျွန်တော်တို့ ၀ါးဖြူတောင် ရောက်ချိန်မှာ ၀ါးဖြူတောင်ရွာ အလယ်တန်းကျောင်း စဖွင့်စ၊ ဆရာမလေးတွေကလဲ ကျွန်တော်တို့နဲ့ မန်းတက္ကသိုလ်မှာ ကျောင်းနေဖက်တွေ (အခု ပြန်တွေ့တော့ ဆရာမကြီးတွေ၊ ဘယ်လောက်ထိ ကြီးလဲဆို တချို့ပေါင် ၂၀၀ လောက်ရှိမယ်)၊ ညညဆို ဆရာမလေးတွေဆီ လည်ကြတာပေါ့လေ.... ရင်သိမ့်တုန်ပေါ့.. အဲဒီတုန်းက ပြောပါတယ်.. ခုများ လမ်းတွေ့ရင် အန်တီလို့ နှုတ်ဆက်လိုက်ရင်.. ပွက်ပွက်ညံအောင် ကလော်တုပ်တော့တာပဲ..

အဲဒီ ဆရာမတွေဆီ ညတိုင်း သွားနေတော့ သရဲနဲ့က ညတိုင်း လွဲနေတာပေါ့၊ ပဉ္စမမြောက် ညမှာတော့ ထုံးစံအတိုင်း ဆရာမတွေဆီ သွားမလို့လဲ လုပ်ရော... ကျွန်တော်တို့အတွက် ထမင်း၊ဟင်းချက်ဖို့ ရွာခံအဖွားကြီး တယောက် ငှားထားတယ်၊ ဒေါ်တင်ကြည်တဲ့၊ သူက ကျွန်တော်တို့ကို ဟဲ့ မောင်နိုင်တို့ရဲ့ စောစော ပြန်လာခဲ့ပါ ဟဲ့ ဆိုတော့ ဘာဖြစ်လို့လဲ ဂျီးတော် လို့ မေးတော့ ညဦးပိုင်း နေ၀င်ဖြိုးဖြမှာ မျက်နှာဖြူ ကုလားကြီး တယောက် တဲပေါ်ကို တက်တက်သွားတာ ထမင်းချက်ရင်း မြင်လိုက်ရကြောင်း နာရီဝက်လောက်မှာ ပြန်ဆင်းလာကြောင်း ပြောပြရှာပါတယ်၊ သူ့ခမြာ မျက်နှာငယ်လေးနဲ့ ကြောက်နေရှာပုံ ရပါတယ်၊ ဒါနဲ့ ဂျီးတော်ကြီး မကြောက်အောင် ဘယ်မှ မသွားတော့ပဲ တဲပေါ်မှာ ၀ိုင်းထိုင် စကားပြောနေကြတာပေါ့၊ အဲဒီအချိန်မှာပဲ ကျွန်တော်တို့ အလုပ်သမား ဦးစံတင့်က အပေါက်ဝကို လက်ညှိုး ထိုးပြရင်း.. ဆရာ. ဆရာ. ဟိုမှာလို့ ပြတော့ ကြည့်လိုက်တော့... ညှိုးခြုံးနေရှာတဲ့ မျက်နှာနဲ့ ဥရောပ တိုက်သား တယောက် ၀င်လာတာ တွေ့လိုက်ရတာပါပဲ၊ အဲဒီတုန်းက.. ကိုယ်ကလည်း ဘိုလို talking ပွားလေ့ ပွားထကလဲ မရှိတော့ ဘာပြောရမှန်းမသိ၊ ခုနေချိန် ဆိုရင်တော့ Hello, How are you တွေ ဘာတွေေ ပြာပလိုက်မှာပေါ့၊ သူက ဘယ်သူ့ကိုမှ မကြည့်ပဲ သူ့ဖာသာသူ မသဲမကွဲ ရေရွတ် ပြောဆို ပြန်ဆင်းသွားပါတယ်။ ကျွန်တော် နားထဲမှာတော့ မာဂဲ ဆိုလား မာဂရက် ဆိုလား ကြားလိုက်မိပါရဲ့.. မာဂရက်တော့ မသိဘူး.. မာဂဲ ဆိုရင်တော့ ကောက်ထားတဲ့ နမူနာ ကျောက်တုံးတွေ ပေးလိုက်တာပေါ့။ ဆင်းသွားပြီးနောက် အဲဒီညမှာ ပြန်တက်မလာတော့ပါဘူး။

မနက်လင်းတော့ ရွာထဲက ရှေ့မှီ နောက်မှီ လူကြီးတွေကို စုံစမ်းကြည့်တော့ အဲဒီနေရာမှာ အင်္ဂံလိပ် လက်ထက်က သစ်တော ဘိုတဲ တခု ရှိခဲ့ဖူးတယ် ဆိုတာ လောက်ပဲ မသဲမကွဲ ဖြေနိုင်ပါတယ်။ သရဲကလဲ မျက်နှာဖြူ သရဲ ဆိုတော့ ပရိတ်ရွတ်လဲ နားလည်မယ့်ပုံ မပေါ်နိုင်ဘူးလို့ ကောက်ချက်ချပြီး အင်္ဂံလိပ် သရဲကို အင်္ဂံလိပ် နည်းနဲ့ ဖြေရှင်းမယ်လို့ စဉ်းစားကြတာပေါ့လေ။ ရှေးခေတ် အင်္ဂံလိပ် အမှုထမ်း ဆိုတာ မျိုးက rules and discipline ကို အင်မတန် နာခံတတ်ကြတာမို့ သူ့ကို အမိန့် အာဏာနဲ့ တားမယ် ဆိုပြီး စိတ်ကူးမိတာပါပဲ။ အဲဒါနဲ့ အမိန့် ပြန်တမ်းကို အင်္ဂံလိပ် မြန်မာ နှစ်ဘာသာ ရေးပြီး ခပ်တည်တည်ဖတ်.. သေနတ်ဖေါက်.. သေနတ်ကိုတော့ မိုးကုတ် လမ်းဆုံက မြသန္တာ တပ်စခန်းက ရပါတယ်.. အဲဒီနောက်တော့ မျက်နှာ့ဖြူ သရဲလည်း ပေါ်မလာတော့ပါဘူး။ အရင်ကတော့ သူ့ဘိုတဲ မှတ်လို့ တက်တက် ကြည့်ရှာတာ ဖြစ်မှာပေါ့လေ၊ အပေါ် ရောက်မှ ၀ါးတဲလေး ဖြစ်နေတော့ မဟုတ်မှန်းသိပြီး ရှက်ရှက်နဲ့ ဆင်းပြေးတာနေမှာပေါ့......

ကျွန်တော်တို့ကတော့ ငါ့အာဏာစက်နဲ့ သရဲပြေးရတယ် ဆိုပြီး မြောက်ကားကားကြီးပေါ့ဗျာ....

Wednesday, September 23, 2009

Take me home country roads







ဗမာပြည်ကိုပြူံးဖြီးဖြီးနဲ့လွမ်းနေပုံ










Natural Bridge
















ကျွန်တော်တို့ ကျောင်းသား ဘ၀က စွဲစွဲလန်းလန်း သီဆိုခဲ့တဲ့ သီချင်း John Denver ရဲ့ Take me home country roads တဲ့၊ ဘူမိဝန်ထမ်း ဘ၀နဲ့ မြန်မာပြည် တောတောင် အရပ်ရပ်မှာ တာဝန်ထမ်းရင်း အိမ်ကို သတိရရင်လည်း ဒီသီချင်းကို ဆိုဖြစ်တာပဲ၊ စင်္ကာံပူမှာ နေတုန်းက သူများတွေ ဗမာပြည် အလည်ပြန်ကြလို့ ကိုယ်ပြန်ချင်ရင်လည်း ဒီသီချင်းကို ညည်းမိတာပဲ၊ တလောက KOM ဗမာပြည်ပြန်တုန်းက ဓါတ်ပုံတွေ မြင်ရတော့ ဗမာပြည်ကို လွမ်းလိုက်တာ..... ဒါနဲ့ပဲ... အလွမ်းပြေ ဒီသီချင်းကို ဖွင့်ပြီး ဒီသီချင်း ဖြစ်တည်ရာ ဋ္ဌာန ဗါဂျီးနီးယားနယ် အနောက်ပိုင်းကို မောင်းထွက်မိတော့ တာပါပဲ...၊ ဗမာပြည် အလွမ်းပြေ ခရီးပေါ့ဗျာ၊
သီချင်းထဲမှာ ပါတဲ့ Blue Ridge Mountain တို့ Shenandoah River တို့ ဆိုတာက ကျွန်တော် နေတဲ့ ဗာဂျီးနီးယား မြောက်ပိုင်း (၀ါရှင်တန်ဒီစီရဲ့ ဆင်ခြေဖုံး)နဲ့ ဆိုရင် မိုင်(၈၀)လောက်ပဲ ဝေးတော့ တနာရီသာသာပဲ မောင်းရပါတယ်။ Blue Ridge တောင်တန်းကြီးကို သစ်ပင်တွေနဲ့ စိမ်းစိုနေတာကို မြင်ရတော့ ကျွန်တော်တို့ ဗမာပြည် အလယ်ပိုင်းက သစ်ပင်တွေ ပြောင်နေတဲ့ ကတုံးမောင် တောင်တန်းတွေ သတိရမိပါ့ဗျာ၊
အညာက ထနောင်းပင်တန်းနဲ့ ထန်းတောအုပ်ကို လွမ်းပါ့ဗျာ (အထူးသဖြင့် ထန်းတောကိုပေါ့ဗျာ၊ ထန်းရည်ထဲမှာတော့ နှစ်ပေါင်း သန်း၄၀ သက်တန်း ရှိတဲ့ ကျောက်ကုန်းမှာ ပေါက်တဲ့ ထန်းတောက ထန်းရေဟာ အကောင်းဆုံးပါပဲ။ ဤကား စကားချပ်။) အမှတ် ၆၆ လမ်းမအတိုင်း မောင်းလာပြီး shenandoah မြစ် နံဘေးမှာ ၀င်ငေးချင်တာနဲ့ အမှတ် ၃၄၀ လမ်း အတိုင်း Luray မြို့ဘက်ဦးတည် လှည့်လိုက်တာပေါ့၊ shenandoah မြစ်ဟာ ကျွန်တော်တို့ရဲ့ မြစ်ကြီး ဧရာဝတီလို မကြီးကျယ်ပေမယ့် မြစ်ငယ် ဒုဋ္ဌ၀တီလို တောတောင်ကြားမှာ သာယာလိုက်တာ၊ shenandoah ကမ်းနံဘေးမှာ အလွမ်းတေးကို ကြာကြာ မဆိုတော့ပဲ Laray မြို့ကို ဆက်မောင်းလိုက်ပါတယ်၊
Luray မှာ နာမည်ကျော် Luray Caverns ရှိတယ်လေ၊ Luray caverns ဟာ ဗမာပြည်က ဘုရင်ညီဂူ၊ ဆဒ္ဒန်ဂူ၊ ပင်းတယဂူ၊ ပိတ်ချင်းမြှောင်တို့လို ကျောက်စက်ပန်းဆွဲတွေ၊ ကျောက်စက်မိုးမျှော်တွေနဲ့ အင်မတန် လှပါတယ်၊ ကွာခြားတာက သဘာဝအတိုင်း ထိမ်းသိမ်းတာပါပဲ၊ မြေအောက် ပေ ၁၆၀ ထိ နက်တဲ့ လှိုင်ဂူကြီး တခုလုံးကို အပူချိန် ၅၈ံFနဲ့ ထားပါတယ်၊ အပြန်မှာတော့ Blue Ridge တောင်တန်းကြီးရဲ့ တောင်ထိပ် တောင်ကြော တလျှောက်မှာ ဖေါက်ထားတဲ့ နာမည်ကြီး Skyline drive က မောင်းပြီး ပြန်ခဲ့ပါတယ်။ အဝေးမှာ လှမ်းမြင်နေရတဲ့ လယ်ကွင်းတွေ၊ စိုက်ခင်းတွေ၊ တောင်ပေါ်ရေတံခွန်တွေ၊ ငှက်ကလေးတွေ၊ သမင်လေးတွေ တောတောင် ကျောက်တုံးတွေ မြင်ရတော့ ဗမာပြည်မှာ field ဆင်းရင်း ကြုံရတဲ့ တောတောင် ရေမြေ အလွမ်းဓါတ်ခံလေး နဲနဲတော့ အာသာပြေသွားတာ အမှန်ပါပဲ။

Monday, September 21, 2009

မှားတဲ့အခါလည်း မှားပေမပေါ့

ငယ်ငယ်က ကာတွန်း ဦးအောင်ရှိန်ရဲ့ မော်ဒန်ကာတွန်းမှာ ဦးရှံစားနဲ့ ဦးဒိန်းဒေါင်တို့ တလွဲလုပ်ပြီးရင် မှားတဲ့ အခါလည်း မှားပေမပေါ့ လို့ ပျော်ပျော်ကြီး အော်လိုက်ကြပဲ ။ ကိုယ်ကိုယ်တိုင်လဲ တလွဲတွေ ခဏခဏမို့ ဦးရှံစားတို့လို အော်ရ ပေါင်းလည်း မနဲတော့ ပါဘူး။ တချို့ တလွဲတွေကို လူသိရှင်ကြား အော်ရမှာ ရှက်တာနဲ့ တိတ်တိတ်လေး နေရတာလည်း ရှိခဲ့ပါရဲ့။ ခုတော့ အသက်ကလဲ ရ လာတော့ သိတ်မရှက်တတ်တော့ ပါဘူး။

2007 ခုနှစ် နောက်ပိုင်း ကိုထိုက် တို့ နစ်နေမန်း တို့ blog တွေ ၀င်ကြည့်ရင်း နဲ့ blog တကာ လည်တတ်တဲ့ အကျင့် ရလာတော့တာပဲ ။ စာရေးကောင်းကြတဲ့ စင်္ကာံပူ ၊ ထိုင်း ၊ ထိုင်ဝမ် ၊ U S , UK , ဂျပန် ၊ သြစတေလျ၊ ဆိုက်ပရပ်(စ) က ညီငယ် နှမငယ်တွေ ရဲ့blog တွေကို သွားသွားချောင်းရတာ အမောပါပဲ ။ blogger နှမ အထွေးဆုံးလေး kom တယောက် ဗမာပြည်ပြန်ပြီး ရွာရိုးကိုးပေါက် လျှောက် ၊ အသွားမတော် တလှမ်း (သူကတော့ မလှမ်းဘူး ရထားစီးတာ )၊ အစားမတော် "ပန်း" တာလေးတွေ ဖတ်ရတော့ ကိုယ်ကိုယ်တိုင် အစား မတော်လို့ တလွဲ ဖြစ်ရပုံများ အထုပ်ဖြည်ချပြပါဦး မယ် ။

ဘန်ကောက် ကို stay ရှောင်ကြ ရတဲ့ ကာလကပေါ့ခင်ဗျာ ၊ အဲဒီ တုန်းက "စ" လုံး မှာ EP တင်ပြီးလို့ မကျသေးခင် visa extension တိုး မရရင် စင်္ကာံပူ ကနေ ဘန်ကောက်ကို stay ရှောင်ထွက် ရတယ်ခင်ဗျ ၊ ကျွန်တော် နဲ့ ကျွန်တော့ သူငယ်ချင်း ကိုခင်ဇော်တို့ နှစ်ယောက် ဘန်ကောက်ကို ချီတက်လာကြတာပေါ့ ခင်ဗျာ ၊ ဘန်ကောက်မှာ အားနေတော့ လပ်ယားလပ်ယားနဲ့ လည်ကြ ပတ်ကြ တာပေါ့လေ ၊ ဗမာပြည်မှာ မကြည့်ရတဲ့ အံ့ဖွယ် သုတတွေ ကိုလဲ သွားရောက်သောက်စား လေ့လာကြည့်ရှုခဲ့ပါသေးတယ် ။

အဲ...နေ့ခင်းမှာတော့ ဘုရားသွားတယ် ခင်ဗျ

မြဘုရား ဖူးပြီးပြန်ထွက်လာတော့ ၊ နှစ်ယောက်သား ဗိုက်ဆာဆာနဲ့ ကျောက်ဖယား မြစ်နံဘေးက သင်္ဘောံသီးထောင်း ဆိုင်မှာ ကောက်ညှင်းပေါင်းရော ကြက်ကင်ရော မှာစားကြတာပေါ့ ၊ ကျွန်တော်က ငရုတ်သီး မစားနိုင်ဘူး ၊ငရုတ်သီး မထည့်နဲ့လို့ ပြောတော့ "ယ" ပက်လက်မကြီးက ငရုတ်သီး မပါရင် စားမကောင်းဘူး ၊နဲနဲတော့ ထည့်ပါဆိုတော့ ကိုခင်ဇော်က စမ်းစားကြည့်တာပေါ့ ဆိုပြီးထည့်ခိုင်းလိုက်တာ ......

အမလေး..................

သင်္ဘောံသီးထောင်းကို ဆက်မစား နိုင်ဘူး ၊ coke တပုလင်းသောက်တယ် မရဘူး ၊ ရေ တပုလင်း... သူလည်း မကယ်နိုင်ဘူး ၊ တကိုယ်လုံး ချွေုးပြိုက်ပြိုက် ကျပြီး ၊ လျှာထုတ်ပြီး လျှာကိုယပ်ခပ်နေတယ်

ကဲ... တော်ပြီ ..တော်ပြီ...

ကျောက်ဖယားမြစ်ထဲ boat စီးပြီး လေညှင်းခံ ပြန်မယ် ပေါ့ ၊ မြဘုရား ဆိပ်ကနေ စီးလုံ လမ်းဘက်ကိုမြစ်အတွင်း လေတညှင်းညှင်း နဲ့ စုန်ဆင်းလာကြတာ....... အတူတူ ခရီးသွားတွေ သာယာ ကြည်နူးနေကြချိန်........ ကျွန်တော့မှာ... ငရုပ်သီး နဲ့ coke တို့ ရဲ့ ရောသမမွှေ ခြင်းကို ကောင်းကောင်းခံစားနေရတော့.. သားစိုးရဲ့ ရောသမမွှေ လို ဗိုက်ထဲမှာ ပွက်ပွက်ညံနေတာပါပဲ ၊ ထွက်ပေါက်ကို ဖြစ်ညှစ်ပိတ် ဆို့ ထားရင်း မြစ်တွင်းအလှကို ချွေးသီးချွေးပေါက်ကျအောင် ခံစားကြည်နူးနေတဲ့ မျက်နှာလေးကို စဉ်းစားသာကြည့်ကြပါတော့ ခင်ဗျာ......

စီးလုံလမ်း ဆိပ်ကမ်းလဲရောက်ရော ဒရောသောပါးနဲ့ မလှမ်းမကမ်းက Robinson Store ပေါ် ပြေးတက်လိုက်တာပေါ့..... store ထဲကအိမ်သာမှာ ထိုင်မယ်လဲလုပ်ရော....... ဘေး ကြည့်လိုက်တော့ လုံးဝ (လုံးဝ ) စက္ကူ လိပ်မရှိဘူး ၊ လက်ဆေး basin နားမှာ စက္ကူ ထားသလားဆိုတော့လည်း ........မတွေ့ဘူး ..... ဒါနဲ့ ပြာပြာသလဲ အပြင်ထွက်ကြည့်လိုက်တော့ ..... တွေ့ပါပြီ ခင်ဗျာ.....ကျား နဲ့ မ အိမ်သာ နှစ်ခုကြားမှာ ... ပိုက်ဆံ အကြွေ ထည့်မှ စက္ကူ ရတာကိုး ..... ပုံးလေး (၂) ခု .... တခု မှာ (၂)ဘတ် ၊တခု မှာ (၅ ဘတ်တဲ့.... (၅)ဘတ်က ဘူးပိုကြီးတော့ စက္ကူပိုများ မှာပေါ့လေ..အဲဒီအချိန်မှာ ကျောင်းသူတသိုက်ကလဲ ရောက်လာတော့ သူတို့ထက် အရင် လက်ဦးအောင် (၁၀)ဘတ် ထည့်ပြီး (၅)ဘတ် (၂)ဘူး ယူလိုက်တာပေါ့ .. ကိုယ်ကများများ သုံးရင်လဲ သုံးရမှာကို...

ကျောင်းသူတွေကလဲ ကိုယ့်ရဲ့အရေးတကြီးဖြစ်နေရှာ ပုံကို တအံ့တသြောတွေ ကြည့်လို့ .......

ကဲ .... ခုမှပဲ..စိတ်ချမ်းသာစွာအပြတ်ရှင်းလိုက်ရလို့ နေသာထိုင်သာ ရှိသွားတော့တယ်.....

ဒါနဲ့ သုတ်သင်ရှင်းလင်းမလို့ စက္ကူဘူးလည်းဖေါက်လိုက်ရော..............

အလိုလေး................

အမျိုးသမီး လစဉ်သုံး ဂွမ်းထုပ်တွေ ဖြစ်နေပါရောလား..... ဒါကြောင့် ကျောင်းသူတွေက တအံ့တသြော ကြည့်နေတာကိုး..... တယောက်ထည်း ရှက်လွန်းလို့ ထူပူသွားလိုက်တာ...... ဒါပေမယ့် လက်ထဲမှာဒါတွေပဲ ရှိတော့.. အဲဒါတွေနဲ့ အောင်မြင်စွာဖြေရှင်းခဲ့ပါတယ်..

နူးတော့ အနူးညံ့သား ခင်ဗျ

ရှက်ရှက် နဲ့ မြိုသိပ်ထားတာ ခုမှ ဖွင့်ချလိုက်ရလို့ နေသာထိုင်သာတော့ဖြစ်သွားပါပြီ ဖွင့် ချတဲ့အတွက် စက္ကူလည်းမလိုဘူးလေ ...

တခါတလေ တော့ မှားတဲ့အခါလည်းမှားပေမပေါ့ ဗျာ......

Friday, September 18, 2009

ဟိုင်း ဟောင်းတာယူ

နှမငယ် ချိုသင်း ကကိုယ်ပိုင် Gift Shop လေးဖွင့်ပြီး ပျော်ပျော်ရွှင်ရွှင် ဈေးရောင်းတာ ကိုဖတ်ရတော့ အမေရိကကို ရောက်စမှာ ရရာဝင်လုပ်ချိန် ၀ါရှင်တန် ဒီစီ Hilton Hotel က gift shop မှာ ကဘောက်တိ ကဘောက်ချာ ဈေးရောင်းရတာ သတိရမိပါ့ခင်ဗျာ ။

ပထမဆုံး ကြုံရတာက ဘာသာစကား...... အမေရိကန် accent ကို ရောက်စက ဖမ်းကို မဖမ်းနိုင်ဘူး။ အမေရိကမှာ သိသိ မသိသိ လူချင်းတွေ့တာနဲ့ How are you doing လို့ နှုတ်ဆက်ကြတာကိုး... ကိုယ်ကလဲ How are you လောက် သိတာဆိုတော့ ...အဲဒီ doing ကြီးက ဘာကိုပြောမှန်းမသိဘူး ။ ငါဘာလုပ်နေသလဲ မေးတာ ထင်ပါရဲ့လေ ဆိုပြီး .. အဲဒီအချိန်မှာ ကျွန်တော်က ဆိုင်မှာ ဖုံသုတ်နေတုန်း ဆိုတော့ I am cleaning လို့ ဖြေပလိုက်တာ .. နှုတ်ဆက်လာတဲ့ customer ခမျာ ဘာ ဆက်ပြောရမှန်းတောင် မသိရှာဘူ့း ဖြစ်သွားတယ်...။

နောက်ပြဿနာ က ပိုက်ဆံအကြွေ အခေါ်အဝေါ် ...

ရောက်စဆိုတော့ (၅)ပြားစေ့ ကို nickel (၁၀) ပြားစေ့ ကို dime လို့ခေါ်တာလဲ မသိ ။ (၁၀) ပြားစေ့ နဲ့ တပြားစေ့က တရွယ်ထည်း တဆိုက် ထည်း ဆိုတော့ ခနခန မှားအမ်းမိ ။ (၅)ပြား စေ့အရွယ်က (၁၀)ပြားစေ့ ထက် ပိုကြီးတော့.. ပိုကြီးတာက တန်ကြေး ပိုတယ်ထင်ပြီး (၅) ပြားနဲ့ (၁၀)ပြား လွဲပြီးပေး...။ အကြွေတွေ လွဲတာက ကိစ္စသိတ်မရှိပေမယ့် အရွက်ကြီးလာရင် ကိစ္စ ရှိလာပါတော့တယ်..။ အများဆုံးမှားတာက (၁၀) တန်နဲ့ (၂၀)တန် ၊ တချို့ ဈေးဝယ်တွေက ဈေးရောင်းတဲ့သူက မလည်မ၀ယ်လေးဆိုရင် ခပ်တည်တည် အချဉ်ဖမ်းတာပဲ ၊ ပစ္စည်း တခုဝယ် (၁၀)တန်ပေး.. ကိုယ်က သူ့ကို ပြန်အမ်းငွေ ပေးပြီး register အံဆွဲလဲ ပြန်ပိတ်ပြီးရော..... ခပ်တည်တည်ပဲ.. ငါ မင်းကို ပေးတာ (၂၀)လေ တဲ့.... မဟုတ်မှန်း သိသိကြီး နဲ့ သူ့ပိုက်ဆံကို confirm မလုပ်မိတော့ ငြင်းမရပဲ အမ်းလိုက်ရတာပဲ.. ဒါနဲ့ပဲ.. ပထမဆုံး စရောင်းတဲ့နေ့က (၂၀) စိုက်လိုက်ရတယ်လေ......

washington DC က Hilton Hotel က Republican ပါတီဝင်တွေကျက်စားရာဟိုတယ်ဆိုတော့ သမ္မတ Bush လက်ထက်က ဟိုတယ်မှာ အစည်းဝေး တွေ ခဏခဏလုပ်.. Bush နဲ့ Bush ကတော် ကလည်း ခနခနလာ.. Bush ကတော်က ဟိုတယ်ဝန်ထမ်းတွေကို လက်ဆောင်တွေဝေ.. အတူ ဈေးရောင်းတဲ့ အီသီယိုပီးယားမလေးက ပြေးပြေး ယူရှာတယ်..။ Republican တွေကလည်း ကိန်းကြီး ခန်းကြီးနိုင်လိုက်တာ .. gift shop ကို ခနပိတ်ပြီး အိမ်သာ သွားတာတောင် ဈေးလာဝယ်တာ စောင့်ရလို့ဆိုပြီး Hotel front deck ကို သွားတိုင်တယ်။ သတင်းစာ ကုန်သွားလို့ လဲ သွားတိုင်တယ်..။ အစကတော့ complaint တွေ များတော့ စိတ်ရှုတ်တာပေါ့လေ ။ နောက်တော့ .... တိုင်ချင်သလိုတိုင်.. တိုင်တလုံး တမတ် မ၀ယ်နိုင်ပါးရိုက်... ဒါပဲ.. အရေးကို မစိုက်တော့ဘူး....။

Hotel Gift shop မှာ ရောင်းတဲ့ ပစ္စည်းလေးတွေ ဆိုတော့ လာလည်တဲ့ သူတွေ အတွက် souvenir လေးတွေ များတာပေါ့လေ ..။ ၀ါရှင်တန်ဒီစီ ကထင်ရှားတဲ့ White House တို့ Capitol တို့ လင်ကွန်းရုပ်ထုတို့ ပုံစံငယ်လေးတွေ.၊ T shirt, Keychian ,Snowball စတာလေး တွေ အပြင် သွားတိုက်ဆေး၊ သွားတိုက်တန် ၊ Roll on တို့လို လူသုံးကုန်လေးတွေ ၊ ဆေးဝါးလေးတွေ စီးကရက်တွေ ရောင်းတာပေါ့လေ..။ ဈေးနှုန်းကတော့ သိတယ် မို့လား.. .ဒါ့ကြောင့် တချို့ customer က မင်းတို့ က Highway Robbery ပဲ ဘာပဲညာပဲနဲ့ ပြောသွားကြပါရဲ့.. ကိုယ်ကတော့ခပ်ပြုံးပြုံးပဲ.. မကျေနပ်လေဖြတ်ပေါ့..

customer တယောက်ဆိုင်ထဲ ၀င်လာတာနဲ့ Hi How are you ? ပြီး စနှုတ်ဆက်လိုက်ရတာပါပဲ ၊ customer သိတ်များလာရင်တော့ Hi လောက်နဲ့ ကိစ္စပြတ်သွားတာပဲ ။ အရောင်းပါးတဲ့နေ့ ..customer ခပ်ကြဲကြဲပဲ လာရင်တော့ အားရပါးရ ဗမာလို ပီပီသသ နှုတ်ဆက်လိုက်တာပဲ ။ ဆိုင်မှာပစ္စည်းလေးတွေ စီကာ စဉ်ကာ ထားတာ ကိုက ..အရင်ရောက်တဲ့ အဟောင်းလေးတွေက ရှေ့မှာထား နောက်ရောက်တဲ့ ပစ္စည်းက နောက်မှာ ထား တာကို.. ဒါကို သိတဲ့ တချို့ customer တွေက နောက်က ပစ္စည်းကို ဆွဲထုတ်ယူတယ်လေ...ဒီတော့ သူတို့ကို နှုတ်ဆက်သလို နဲ့ ဗမာလိုကလဲ သတိပေးရသေးတယ်...

ဟိုင်း.......ဟောင်းတာယူ ....လို့

တချို့ customer ကလဲ ဟိုကြည့် သည်ကြည့်နဲ့ Thank you ဆိုပြီး ပြန်ထွက်သွား ၊ တချို့ customer ကလဲ ဒီအတိုင်း ပြန်ထွက်ရမှာ အားနာတော့ မင်းတို့ဆိုင် ဘယ်အချိန် ပိတ်မလဲမေး.. ကိုယ်က ည (၁၁)နာရီ လို့ ဖြေတော့ ..မပိတ်ခင်မှ တခေါက်ပြန်လာခဲ့မယ်.. Thank you ဆိုပြီး ထွက်သွားပါလေရော... သူတို့က Thank you ဆိုတော့ ကိုယ်က You are welcome ပေါ့.. နောက်တော့ အဲလို Thank you မျိုး ကို ဗမာသံနဲ့ ပဲ ပြန်ပြောပါတယ်...

ယူ အာ ၀ဲစား.....လို့

ဆရာမမေငြိမ်းရောက်စက gift shop မှာဝင်လုပ်တာ ဗမာမန်နေဂျာမက lesson တွေပေးလိုက်တယ်ဆိုတာ ဖတ်လိုက်ရတော့ အချင်းချင်း တလုံး ပိုရှုတတ်တာ ဗမာ့ဝါဒ ..လို့ ပြောရမလိုတောင် ဖြစ်နေပြီ ၀ါရှင်တန် ဒီစီ တ၀ိုက် က gift shop တွေမှာ ၀န်ထမ်း အားလုံး နီးပါးဟာ မြန်မာ အမျိုးသမီး အများစု ဖြစ်ကြလေတော့ .. ထုံးစံအတိုင်း ..အရင်လူက နောက်လူကို နှိပ်ကွပ်တာ ..၀ါသနာကို ဖြစ်နေတော့တာပါပဲ ။ ကျွန်တော်ကတော့ မိန်းမတွေ ကြားထဲက ရှားရှားပါးပါး ယောင်္ကျာံးဆိုတော့ ပြဿနာမရှိ ပါဘူး ။ gift shop မှာ (၆) လလောက်တော့ လုပ်ခဲ့ပါတယ်..။

Gift Shop မှာလုပ်ခဲ့ တာ စကားတခွန်းတော့ ကျွန်တော်မှာ အကျင့်ပါလာပါတယ် ၊ ကျွန်တော်ကို Thank You လို့ ပြောတဲ့သူတိုင်းကို..............

ယူ အာ ၀ဲ စား......လို့

Thursday, September 17, 2009

Ghost (2) နတ်မစွမ်းလူမ

သပိတ်ကျင်းရောက်ရောက်ချင်း လာပြီး မိတ်ဆက်တဲ့ မှင်စာလိုလို သတ္တ၀ါ လေးဟာ ကျွန်တော်တို့ နေတဲ့ တပတ် အတွင်းမှာ နောက်ထပ် ပေါ်မလာ တော့ပါဘူး။ မူးမူးရူးရူးနဲ့ ဂစ်တာတွေခေါက်ပြီး အော်ကြီး ဟစ်ကျယ် သီချင်း ဆိုသံတွေကို စိတ်ညစ်ပြီး တော်ရာ သွားနေထင်ပါရဲ့

အဲဒီနောက်မှာတော့ ကျွန်တော်တို့လည်း ကိုယ်လုပ်ရမယ့် area ကို အသီးသီး ထွက်ကြရပါတယ်၊ မှင်စာလေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နဲ့ အဖွဲ့နီးချင်း ကိုခင်စိုး တယောက် ရုံးကိစ္စနဲ့ သပိတ်ကျင်းကို သွားရင်း အဲဒီ အိမ်မှာ ၀င်အိပ်တာ အရင်တခါ လိုပဲ မှင်စာလေးက အိပ်နေတုန်း ၀င်တက်ဖိလို့ ကန်လွှတ်လိုက် ရတယ်ပဲ ကြားရပါတယ်..။

မှင်စာအကြောင်း တခန်းရပ်ပြီး ...ဗမာပြည်တောတွင်းတနေရာက homeless တောနတ်လေး အကြောင်း စကြစို့လား....

ကျွန်တော်တို့ မန္တလေး၊ မိုးကုတ်၊ သပိတ်ကျင်း ကားလမ်းဆုံနားက ၀ါးဖြူတောင်ရွာမှာ ကွင်းဆင်းတုန်းကပေါ့။ အဲဒီမှာ ရွှေရှာဖွေရေး လုပ်ရတယ်.. ၀ါးဖြူတောင် တ၀ိုက်မှာ ရွှေ ရော ကျောက်ရော ထွက်ပါတယ်... ကျောက်က မိုးကုတ်ကို မမှီပေမယ့် ခေသူတော့မဟုတ်ပါ..။

ဝါးဖြုတောင်area က မြေနမူနာ၊ ကျောက်နမူနာတွေ ယူပြီး ရန်ကုန်ရုံးချုပ်နဲ့ ဧလာ သတ္တု သုတေသနကို ပို့ပေးရပါတယ် (ဧလာရုံးမှာလည်း သရဲမ မနီ က superstar ပဲ ။ ဦးနေ၀င်း ဧလာကို လာတော့ သူ့နောက်ပါ စစ်ဘိုတွေ ထမိန်နီ ၀တ်ထားတဲ့ သရဲမ မနီ ကချောက်လွှတ်လိုက်သတဲ့) စမ်းသပ်လုပ်ကွက်အတွက် နမူနာ ယူရာမှာ grid pattern ချ ပြီး စနစ်တကျ နမူနာ ကောက်ရပါတယ်.. မြေပုံ မှာပုံစံချ.. စမ်းသပ်လုပ်ကွက်မှာ အကွက်ချ လိုင်းခုတ်ကြရပါတယ်...

(၇) မိုင် လုပ်ကွက်မှာပေါ့ဗျာ... သတ်မှတ်ထားတဲ့ နေရာကစပြီး လိုင်းခုတ် ကြတာပေါ့ .. လိုင်း တလျှောက် မလွတ်ကင်းတဲ့ ခြုံပုတ်တွေ ၀ါးပင်တွေ ကိုင်းပင်တွေ အကုန် ခုတ်ပစ်တာပေါ့ဗျာ... အဲဒီ ခုတ်ပစ်တဲ့အထဲမှာ ခြုံပုတ် ကြားမှာ ၀ါးလုံးလေး စိုက်ပြီး ၀ါးလုံးထိပ်မှာ ခိုအိမ်လိုလို နတ်စင်လိုလိုလေး တင်ထားတာလဲ ပါသွားသဗျ.. ဒါလေးကို ဘယ်သူမှလဲ ဂရုစိုက်မနေပါဘူး.. ဒီလိုနဲ့ အလုပ်ပြီးတော့ စခန်းပြန်လာကြတာပေါ့ခင်ဗျာ.... စခန်း ပြန်ရောက်တော့ ခနနား.. ရေချိုး..ထမင်းစားမယ်လဲဆိုရော..... ပြဿနာ ကစတော့ တာပါပဲ.....

ကျွန်တော်တို့ ထမင်းချက် နာမည်က မောင်ကျော်.. တဲ့ ဟေ့ .. မောင်ကျော်.. ထမင်းစားမယ်.. ဆိုတော့... မောင်ကျော်က ဘာမှပြန်မပြောပဲ မျက်ထောင့်နီနဲ့ ကြည့်နေပါတယ်... ဟေ့ကောင် ဘာဖြစ်နေတာတုန်း ဆိုတော့ ..... တဟီးဟီး နဲ့ ငိုချလိုက်ပါတယ်..... ဘာလဲ အသဲကွဲ ပြန်တာလား.... ဆိုတော့ .. ရှိုက်ကြီး တငင်နဲ့.. သူ့မှာ နေစရာမရှိလို့ပါ တဲ့...

သြော်...လက်စသတ်တော့...ဒီလိုကိုး... ကျွန်တော့ အလုပ်သမားတွေ ခုတ်ပစ် လိုက်တဲ့.. ခိုအိမ်လို ဟာလေးဟာ သူ့ဂေဟာလေးပါ ဆိုပြီး မောင်ကျော်ကို ပူးကပ်ပြီး ငိုချင်းချပြရရှာတာကိုး... ဒို့လဲ ဒို့ဟာဒို့ ဆောက်နေတာပဲ.. မင်းလဲ မင်းဟာ ဆောက်နေ ဆိုတော့...ဒီလိုလဲ သူ့ခမြာ မစွမ်းပါဘူးတဲ့... ဟင်....ဖြစ်မှဖြစ်ရပလေ... ဒါဆိုရင်.. အစား ပြန်ဆောက်ပေးမယ်.. ငါတို့ကို ရွှေများများ ရအောင်လုပ်ပေး.. ဆိုတော့လဲ....... ဒါလဲ သူ မတတ်နိုင် ပါဘူးတဲ့..... တော်တော်ချာတူးလန်တဲ့ တောနတ်ပဲ.... ကိုယ်တော်ကြီး မ ပါ၊ ကိုယ်တော်လေး မ ပါ ဆိုတဲ့ နတ်ကတော်တွေ ဒီတောနတ်လေးနဲ့သာ တွေ့ရရင် တော်တော်စိတ်လေသွားမယ်....

ဒါနဲ့ final conversation အနေနဲ့ ခုတ်တဲ့ ငါတို့တော့ ဘာမှ မလုပ်ပဲ မောင်ကျော်ကို ဘာလို့ဝင် ပူးတာလဲလို့ မေးတော့... မင်းမှုထမ်းဖြစ်လို့ အာဏာစက်နဲ့ လုပ်တာမို့ .. သူ့အနေနဲ့ အနှောက်အယှက်ပေးလို့ မရပါဘူးတဲ့ (အဲဒီ အာဏာစက်ဆိုတာနဲ့ ဆောင်ရွက်ခဲ့တဲ့ အကြောင်းတခုကို ကြုံရင် ရေးပြပါဦးမယ် ) ကဲ ကဲ ဒါဆိုလဲ နေရာတခုမှာ ပြန်ဆောက်ပေးပါ့မယ် ဆိုတော့မှ မောင်ကျော်ကို ၀င်ပူးနေတာကို ခွာသွားပါတယ်။ သူ့ဂေဟာလေးကို ရှင်းလိုက်တုန်း ကျွန်တော်တို့လဲ အမှတ်တမဲ့ နဲ့ သတိမထားမိသလို.. စခန်းမှာ ထမင်း ချက်နေတဲ့ မောင်ကျော်လည်း မသိပါဘူး.. သူ့ ခမြာ homeless ဖြစ်လို့ ငိုကြီးချက်မ လာပြောရ ရှာတယ်......

သြော်.........နတ်မစွမ်းတော့လည်း....လူ မ ရတော့တာပဲ.....

Wednesday, September 16, 2009

GHOST

ဟိုတနေ့  က Ghost ဇတ်ကား ထဲ က မင်းသား Patrick Swayze ဆုံးသွားလို့ သူ့ရဲ့  နာမည်ကြီး အဲဒီဇတ်ကားကို ပြန်ကြည့်မိရင်း ဗမာပြည်မှာရှိစဉ်က geologist ဘ၀နဲ့  တောတကာတောင်တကာ မှာ field ဆင်းရင်းရော စင်္ကာပူမှာ အလုပ်လုပ်စဉ်က (စလုံး မှာတုန်းက ကိုယ့်ကိုယ်ကို geological engineer ကနေ တပြားမှ မလျှော့ဘူး.. တကယ် လုပ်နေရတာက အလုပ်သမားခေါင်း ဖိုမင်း)..) အမှတ်မထင် ကြုံခဲ့ဖူးတဲ့ နာနာဘာဝသားတွေကို သတိရမိတယ်..။

ဗမာပြည်မှာတုန်းက ပဲခူးရိုးမ၊ ရခိုင်ရိုးမ၊ ပုံတောင်ပုံညာ၊ ရှမ်းရိုးမ၊ မြိတ်ကျွန်းစုတွေ... တနိုင်ငံလုံး နေရာနှံ့ သလောက်ပါပဲ၊ အဲဒီဒေသတွေ ရောက်စဉ်က တောကြီးမျက်မဲထည်းမှာ တောချောက်တာ၊ တောမှောက်တာ တောစောင့် တောင်စောင့်နတ်တွေ အကြောင်းဟာ ကိုယ်တွေ့သာ မဟုတ်ရင် ယုံနိုင်စရာတောင် မရှိလောက်အောင်ပါပဲ ။

ကျွန်တော့ ကိုယ်တွေ့အရ ပြောရရင်တော့ နာနာဘာဝသားတွေဟာ ကြောက်စရာ လန့်စရာတွေ မဟုတ်ကြပါဘူး။ သူတို့လည်း သူတို့ဘာသာနေကြရင်း လူသားတွေနဲ့ ဆုံမိကြတဲ့ အခါ သူတို့ စိတ်အလိုမကျလို့ ချောက်လှန့်ပြကြတဲ့ သဘောနဲ့ တူပါရဲ့... မကြောက်တတ်တဲ့သူ ဆိုရင်တော့ သူတို့လည်း လက်မှိုင်ချနေရတာပါပဲ ...။

ကဲ ကဲ field ဆင်းရင်းနဲ့ကြုံခဲ့တဲ့ ghost အကြောင်းအရာတခုစကြစို့လား......

သပိတ်ကျင်း ဆိုတဲ့ မန္တလေးတိုင်း မြောက်ဖျားက မြို့ လေး မှာ phosphate ရှာဖွေရေး ကွင်းဆင်း တုန်းကပေါ့.... phosphate ကျောက်က T super phosphate ဆိုတဲ့ ဓါတ်မြေသြဇာထုတ်တဲ့နေရာမှာသုံးတယ်... သပိတ်ကျင်း ဆိုတဲ့ မြို့လေးကလည်း အဲဒီ အချိန်တုန်းက ခေါင်လိုက်တာ... ငှက်ဖျား ကလဲထူ.... လူဦးရေကလည်း ကျဲပါး.... တကယ့် တောခေါင်ခေါင်အရပ် ဖြစ်နေတဲ့ အချိန်ပေါ့..။

ကျွန်တော်တို့ က သပိတ်ကျင်း မြို့ ခံတွေကို နောက်ပါတယ်..။ မင်း တို့ မြို့  မှာ မြတ်စွာဘုရား ဆွမ်းစားပြီးတော့ ငှက်ဖျားဖြစ်မှာစိုးလို့ သပိတ်တောင် ပြောင်အောင်မဆေးနိုင်ပဲ.. ရေလေးနဲ့ အသာကျင်းပြီး ချက်ချင်း ပြန်ကြွပြေးတာမို့ သပိတ်ကျင်းလို့  မှည့်တာဆိုပြီး ပြောင်တတ်ပါတယ်...

အဲဒီအချိန်က မဆလခေတ် ဆိုတော့ သပိတ်ကျင်း ရောက်တယ်ဆိုရင်ပဲ ကောင်စီဥက္ကှဌ ဆီသွား ရောက်ကြောင်း သတင်းပို့ ...၊ နေစရာ ထိုင်စရာ စီစဉ်ကြတော့.. အဲဒီအချိန်က သပိတ်ကျင်းမှာ အကောင်း နေရာကို ပေးပါတယ်.. နေရာက သပိတ်ကျင်းမြို့ အပြင်မှာ အသစ်ဆောက်ပြီးခါစ ဆေးရုံအတွင်းက ဆရာဝန် အိမ်အသစ် တွေပါ။ အားလုံးအသစ်တွေ ဆိုတော့ လူနာတွေလည်း မရှိသေး..ဆရာဝန်တွေလည်း မနေသေးဘူးပေါ့..။ ဆောက်ထားတဲ့ နေရာ ကလည်း နဂိုက သုဿန်ဟောင်း ဆိုတော့ အိမ်နောက်ဖေး ကြည့်လိုက်ရင်...... ဘူဒိုဇာနဲ့ ထိုးထားတဲ့ အုတ်ဂူတွေက... တုံးလုံးပက်လက်.....

ကျွန်တော်တို့လည်း ရောက်တယ်ဆိုပဲ ... အထုပ်အပိုးတွေချ.. ချက်ကြ ပြုတ်ကြ .... စားတဲ့သူက .. စားကြ... သောက်တတ်တဲ့ သူက .. သောက်ကြနဲ့ .. ညရောက်ရော ဆိုပါတော့..... ည မှာတော့ ထုံးစံ အတိုင်း စုပေါင်း ဂဏန်း တွက်ကြ တာပေါ့ဗျာ... မနက် အလုပ် ရှိတော့ ညနက်အောင်တော့ ၀ိုင်း မထိုင်ကြပါဘူး... အားလုံး အသီးသီး အိပ်ယာ ကိုယ်စီဝင်ပြီး.. ရောက်တတ်ရာရာ ပြောနေချိန်မှာတော့....... အားလုံး အိပ်တဲ့ အိပ်ခန်းရဲ့ မျက်နှာကျက် ကနေ ... တတောင်လောက်ပဲ ရှိတဲ့ .. သတ္တ၀ါလေး စောက်ထိုး ဆင်းလာတာကို အားလုံး မြင်လိုက် ကြရတာပါပဲ...။ လသာ ရက်မို့ အခန်းမီး မရှိပေမယ့်.. မှန်ပြူတင်းက ၀င်လာတဲ့ လရောင်နဲ့  အထင်းသားပါပဲ..... သတ္တ၀ါ လေးက ကလေးလေးလောက် ရှိပေမယ့်... ခေါင်းခါး ခြေလက်က လူကြီးပုံစံလိုပဲ...၊ ဗမာလို ဆိုရင်တော့.. မှင်စာ..လို့ ခေါ်ရမလားပဲ... ဒီကောင်လေးက ..ဘာမပြော ညာမပြောနဲ့... ကျွန်တော်တို့ အဖွဲ့က အကိုကြီး တက်စိန်ရဲ့ ခြင်ထောင်ထဲ ၀င်သွားပြီး... သူ့လည်ပင်းကို တက်ခွပြီး ညှစ်ထား ပါရောလား.... အညှစ် ခံရသူ ကလည်း မအော်နိုင်.. ကျန်လူတွေကလည်း ရုတ်တရက် ဆိုတော့ .. ဘာလုပ်ရမှန်း မသိ.. အားလုံး အိပ်ယာက ထလိုက်ကြတော့..ဒီကောင်လေး ချက်ချင်း ပြန်တက်ပြေးပြီး ပျောက်သွားတယ်...

နောက်နေ့  မနက်မှာတော့ ဒီ မှင်စာလေးအကြောင်း ဟာ လဘက်ရည်ဆိုင်မှာ ရေပန်း အစားဆုံးပေါ့ဗျာ.. ဘယ်သူမှတော့ ဒီကောင်လေးကို ကြောက်မနေကြပါဘူး...၊ ဒါပေမယ့် ဒီည မှာဘယ်လို ဖြစ်လာဦးမလဲပဲ မျှော် နေကြတယ်.........။

Tuesday, September 15, 2009

မိုးပျံပူဘောင်းလေး

ကျွန်တော်တို့ ငယ်ငယ်တုန်းက ကလေးတိုင်းလိုလို မိုးပျံပူဘောင်းနဲ့ ဆော့ ကစားခဲ့ ကြဖူးမယ် ထင်ပါတယ်..။ ကျွန်တော် မှတ်မှတ်ရရ ပထမဆုံး အကြိမ် မိုးပျံပူဘောင်းလေး တခု ပိုင်ခဲ့ဖူးတာ ကျွန်တော် (၄)နှစ်သား အရွယ် မှာပါ။

အဲဒီကာလတုန်းက တော်လှန်ရေးကောင်စီလို့ အမည်ခံပြီး စစ်တပ်က အာဏာသိမ်းပြီးစ အချိန်မို့ နိုင်ငံ တ၀ှန်းမှာ လွတ်လပ်ရေး ပွဲတွေ အလုပ်သမား၊ တောင်သူ လယ်သမားနေ့ ပွဲတွေ၊ ကျောင်းသား ပွဲတော်တွေ ချိမ့်ချိမ့် သဲသဲ ကျင်းပနေတဲ့ အခါ ပေါ့ဗျာ။ အခုနောက်ပိုင်းတော့ အဲဒီပွဲတွေလဲ တခုမှ မရှိတော့ဘူး ထင်ပါရဲ့ ... အဲဒီတုန်းက လွတ်လပ်ရေးနေ့ပွဲကို ကျွန်တော်တို့ မြို့လေးမှာ ကျွန်တော်တို့ အိမ်နဲ့ မနီးမဝေးမှာ ရှိတဲ့ .. မင်းကျောင်းကွင်းမှာ ကျင်းပပါတယ် ။

ကျွန်တော်တို့ ဦးကြီး လူပျိုကြီးက ကျွန်တော်တို့ ကလေးတသိုက်ကို ခေါ်ပြီး ပွဲတော် သွားကြတာပေါ့ .. ကလေး တသိုက်လို့ ခေါ်ရလောက်အောင်လဲ ကျွန်တော်တို့ ကလေးဘ၀က မိသားစုတိုင်းဟာ သားသမီးတွေ အများကြီး မွေးကြပါတယ်၊ ကျွန်တော်တို့ အမေကလဲ အများနည်းတူ ရင်ဘောင်တန်းနိုင် ပါတယ်။ (၉) ယောက်မွေးရာမှာ (၆) ယောက် အဖတ်တင်ပါတယ် ..။ သားသမီးတွေ အများကြီး မွေးရလို့လဲ အမေ့မှာ ပင်ပန်းပုံလည်း မပေါ်ပါဘူး။ မနှစ် ကအသက် (၈၈) နှစ်မှာ လူကြီးနာနဲ့ အိုလို့ ဆုံးသွားချိန် တိုင်အောင် .. ဆံပင် မဖြူ၊ နား မလေး၊ မျက်စေ့ မမှုန်တာဟာ .. သဘာဝ မဟုတ်တဲ့ တားဆေးတွေကို မသုံးခဲ့လို့  ကျွန်တော် ထင်တာပဲ။

ကဲ လွတ်လပ်ရေး ပွဲတော်ကို ဆက်လက်ချီတက် ကြတာပေါ့ဗျာ....

ပွဲတော်ထဲမှာပြခန်းတွေကလည်း အများသားခင်ဗျ.... ကျွန်တော် ကောင်းကောင်း မှတ်မိတာ ကတော့ .. ကြက်မောက်တောင်ဆည် ပြခန်း ခင်ဗျ.. အဲသည်တုန်းက ကျွန်တော်တို့  မြင်းခြံခရိုင် က ပုပ္ပါးတောင်စောင်းမှာ Russia အကူအညီနဲ့ ဆောက်နေတဲ့ အထင်ကရ ဆည်ကြီးဆိုတော့ တခန်းတနား ပြတာပေါ့လေ ..။ ကျွန်တော်က ကလေးဆိုတော့ ဆည်ပုံစံငယ်ထဲမှာ ပြထားတဲ့ ဓါတ်ခဲသုံး ကား လေးတွေနဲ့  ကစား ချင်လို့ သွားရေ တများများနဲ့ ပါပဲ။ ရေခဲချောင်းသည်မြင်လဲ ရှေ့ဆက်လျှောက်နေရပေမယ့် .. ခေါင်းက သမင်လည်ပြန်..။ အာတာပူစီသည် က ဂရုန်း..ဂရုန်း နဲ့ အာတာပူစီ စက်ကို လှည့်နေရင်လဲ ၀ယ်စားမယ်ကြံ ရင် အကြီးတွေက ချောင်းဆိုးမယ်ဆိုတာ နဲ့  မစားရ ။ ဒါပေမယ့် ဦးကြီးက မုန့် တွေ အများကြီး ၀ယ်ကြွေးတာတော့ မှတ်မိတယ်။ ၀ယ်ကြွေးတဲ့ မုန့်ထဲ မှာ ကြံပန်းခိုင်ပါတယ်။ ကြံချောင်းကို အ၀ိုင်းလိုက် သေးသေးတုံးပြီးတော့.. ၀ါးကို သေးသေး ဒုတ်ချောင်းလေးတွေ မြွှာပြီး ကြံအ၀ိုင်းပြားလေးတွေ စွပ်ထားတာ .. စားဖူးကြမယ် ထင်ပါရဲ့ ..။ ကိုယ့် မှာရှိတဲ့ သွားသေးသေးလေးတွေနဲ့  ကြံ တွေ ၀ါးရတာ ပွဲတော်က ပြန်လာတဲ့ အထိမကုန်နိုင်ဘူး ..။ ကလေးတုန်းကတော့ ဘာဝါးသလဲ မမေး နဲ့ ...၊ ဇီးထုပ် တွေစားရင် ဇီးပေါင်း ကုန်သွားလဲ ပလပ်စတစ်အိပ်ကို ဆက်ဝါးနေတာပဲ... အချိုရည် ကုန်သွားမှ ပလပ်စတစ်အိပ်ကို ...ထွီး.... ဆိုပြီး ထုတ်ခဲ့တာလေ...

အိမ်အပြန်...ပွဲတော်က အထွက်..အပေါက်ဝမှာတော့..... ပူဘောင်းသည်က .. ငုတ်တုပ် ထိုင်လို့ ပါလား... မောင်နှမ တတွေ မိုးပျံ ပူဘောင်း ကိုယ်စီနဲ့  ပျော်ရွှင်စွာ ပြန်ခဲ့ ကြတာပေါ့ဗျာ..။ ဒါပေမဲ့ ............ မင်းကျောင်းကွင်း ကနေ ကျွန်တော်တို့ အိမ်အပြန်လမ်းမှာ.. သပြေပင် ကျောင်းတိုက်ကို ဖြတ်ပြီး ပြန်ရတယ်ခင်ဗျ .. ဘုန်းကြီးကျောင်းဝန်းထဲမှာ.. တမာ ကိုင်းတွေ ခုတ်ပြီး လမ်းနံဘေးမှာ စုပုံထားပါတယ်.. ကျွန်တော့်ထက် အကြီး အကိုတွေ အမတွေက တမာကိုင်းတွေ ချိုးပြီး သူတို့  ပူဘောင်းက အပ်ချည်ကြိုးနဲ့ ချည်ကြတာပေါ့ဗျာ..။ ကျွန်တော်ကလဲ ကိုယ်လည်း အညံ့တော့မခံဘူး ဆိုပြီး.. တမာကိုင်း ကိုချိုးပြီး ချည်လဲ ချည်လိုက်ရော ......... တခါတည်း ကြိုးက လက်က လွတ်ထွက် သွားပြီး ပူဘောင်းက ပျံတက်သွားပါရောလား....။ ကလေးဆိုတော့ နှမျောမျောနဲ့ ငိုလိုက်ရတာ... အိမ်ရောက်တော့.. အသံတောင် သိတ်မထွက်နိုင်တော့ဘူး ...။ ကျွန်တော့ အမ က ကျွန်တော်ကိုချော့ ရှာပါတယ်... မောင်လေး အငိုတိတ်ရင် ပျံတက်သွားတဲ့ ပူဘောင်းလေး ပြန်ရောက် လာမယ်တဲ့.. ကျွန်တော့မှာ ကိုယ့်ပူဘောင်းလေး ပြန်လာနိုးနဲ့  အဟုတ်မှတ်ပြီး ချက်ချင်း အငို တိတ်ပြီး... မောမောနဲ့  အိပ်ပျော်သွားလိုက်တာ.... အိပ်ယာက နိုးတော့ မုန့် စား... ညီ အကိုတတွေ ဘောလုံး ကန်ကြနဲ့ ... မိုးပျံပူဘောင်းလေးကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာပါပဲ ..။

အရွယ်ရောက်လာတော့လည်း ... မိုးပျံပူဘောင်းလေးဟာ ပုံစံတမျိုး နဲ့ ကျွန်တော့်ဆီ ရောက်လာပြန်ပါတယ်.. ဒီတခါလည်း အရင်လိုပါပဲ..... ကျွန်တော့ ဆီက ပျံထွက် သွားတဲ့ ပူပေါင်းလေးပြန်လာနိုး နဲ့  အငိုတိတ်ခဲ့ရပေမယ့်.. ပြန်မလာခဲ့ပါဘူး....။

အဲသည်နောက်မှာတော့.......... ဟိုး........အနှစ် (၂၀ ) လောက် က ပျံတက်သွား ခဲ့တဲ့ မိုးပျံပူဘောင်းလေး...... နောက်နှစ်မှာ.... ဘယ်လိုပဲပြန်လာ မယ်ပြောပြော.... ကျွန်တော် မယုံနိုင်တော့ပါဘူး.........။

နေ့ သစ်

စိတ်ကူးယဉ်ခဲ့တဲ့နေ့ သစ်စခဲ့ပြီလေ..
blog စရေးတဲ.နေ့ သစ်ပေါ့ဗျာ..။