Tuesday, February 22, 2011

သူကြီးမင်းနှင့် သူ၏ပံ့သကူအချစ်


ဟိုးတလော..ရွေးကောက်ပွဲဆိုတာမတိုင်ခင်က ဗမာပြည်က နိုင်ငံရေးသမားဟောင်းကြီးတွေရဲ့ ရွေးကောက်ပွဲဝင်မဲ့ သမီးတွေရယ်၊ အမတ်လောင်းအရွေးခံမဲ့ အရွယ်လတ်အမျိုးသမီးတယောက်ရယ် စုပေါင်းပြီးစကားပြောကြတာ youtube မှာလား၊ facebookမှာလားကြည့်လိုက်ရပါတယ်၊ အမတ်လောင်း အမျိုးသမီးငယ်ပြောတာကတော့ ဗမာပြည်မှာ အမျိုးသမီးတွေ နေရာအပေးမခံရတဲ့အကြောင်း၊ ရပ်ကွက်လူကြီးကို အမျိုးသမီးခန့်တာမတွေးဖူးကြောင်း၊ ဟိုအရင်ကလဲ အမျိုးသမီးသူကြီး ရှိချင်ရှိပေမဲ့ သူတော့ မတွေ့ဖူးဘူးလို့ ဆိုပါတယ်၊

သူပြောသလိုလဲ ဟုတ်ပါရဲ့ ကိုကြီးကျောက်တို့ အာရှနိုင်ငံတွေမှာ အမျိုးသမီးအခွင့်အရေးဘယ်လောက်ရှိတယ် ပြောပြော ရှေးယဉ်ကျေးမှုဓလေ့ထုံးစံတွေက အမျိုးသမီးတွေကို ဦးစားပေးတာမရှိသလောက်ပါပဲ၊ ပဒေသရာဇ်ခေတ်ကလဲ ဘုရင်တွေ ဒီလောက်များတာတောင် ဗမာပြည်မှာ ရှင်စောပုတယောက်ပဲ ဘုရင်မဖြစ်ခဲ့ရတာပါ၊

ဒီအမတ်လောင်းအမျိုးသမီးက ဒီလိုပြောတော့ ကိုကြီးကျောက်ကတော့ ကိုကြီးကျောက်ရဲ့ ဒေါ်ကြီး အမျိုးသမီးသူကြီး ဒေါ်ခင်ဆွေကို သွားပြီး သတိရမိတယ်၊ ဒေါ်ခင်ဆွေရဲ့ အကြောင်းကို ပြောမယ်ဆိုရင် ကိုကြီးကျောက်တို့ ဘွားအေကြီး မယ်ခါ ကနေစပြီးပြောရပါလိမ့်မယ်၊ မယ်ခါတို့ကညီအမ နှစ်ယောက်မွေးချင်းရှိတာကိုး၊ မယ်သာယာတဲ့၊ မယ်ခါတဲ့၊ မယ်ခါ့အမ မယ်သာယာက ဝါဂွမ်းပွဲစားနဲ့ အိမ်ထောင်ကျတော့ ဝါထွက်ရာ မလှိုင်၊ မြစ်သားနယ်တွေဖက်ကို လင်မယားနှစ်ယောက် ဝါအဝယ်ထွက်ကြသတဲ့၊ နေ့စေ့လစေ့နဲ့ ဝါဝယ်ထွက်တဲ့ မယ်သာယာခမြာ မလှိုင်မှာ ဝါဝယ်ရင်း မီးတွင်းမှာပဲ ဆုံးရှာသတဲ့၊ ပူပူနွေးနွေးမုဆိုးဖို ပွဲစားကလဲ ကလေးပိစိကွေးနဲ့ ဒုက္ခဖြစ်နေတော့ မလှိုင်က တည်းအိမ်ရှင်လင်မယားကလဲ သားသမီးမရှိတော့ တောင်းသတဲ့၊ မယ်ခါ ကလဲ ဒီကလေးမွေးလို့သာသူ့အမဆုံးရလေခြင်းဆိုပြီး ကလေးကို ပေးထားခဲ့ပြီး လူမမယ်တူမ(၃) ယောက်ကို မယ်ခါက အုပ်ထိမ်းထားသတဲ့၊

တူမ (၃) ယောက်က မယ်ထင်၊မယ်ဆင်၊ မယ်အေးတဲ့၊ မယ်ခါသမီးနှစ်ယောက်က မယ်သေး၊မယ်ပွေးတဲ့၊ ညီအမတဝမ်းကွဲ ပေမဲ့ အရင်းလိုငယ်ငယ်ကထဲက နေလာကြတဲ့အပြင် အဒေါ်ဖြစ်သူမယ်ခါ ကိုလဲ ဒွေးလေး ဆိုပြီး ဖိန့်ဖိန့်တုန်အောင် ကြောက်ရသတဲ့၊ ရှေးကတော့ မိန်းကလေးဆိုရင် သေစာရှင်စာတတ်ရင် ပြီးတာပဲဆိုပြီး လောကဓါတ်ကျောင်းတွေမှာ ထားလေ့မရှိပါဘူး၊ ဒီတော့ မယ်အေးတို့ အရွယ်လေးရလာတော့ မလှမ်းမကမ်းက ကွေ့ကြီးရပ်ထဲမှာ ဘင်္ဂလားလိပ် လိပ်ကြသတဲ့၊ ဘင်္ဂလားလိပ်ဆိုတာ ဆေးရွက်ကြီးနဲ့ လိပ်တဲ့ ဆေးပြင်းလိပ်ကို ခေါ်တာကလား၊ မယ်အေးက အပျိုကြီးဖားဖားဖြစ်စ၊ ညီအမတွေထဲမှာလဲ အလှဆုံးဆိုတော့ လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေပေမဲ့ မယ်ခါ့ကို ကြောက်ကြတော့ ဘယ်သူမှ စကားမစရဲကြဘူးတဲ့၊

ဒါပေမဲ့ ကွေ့ကြီးအရှေ့ရပ်က သူကြီးဦးမြတ်သာ ကတော့ အောင်သွယ်တွေကနေတဆင့် မယ်ခါ့ဆီကို ကြောင်းလမ်းသတဲ့၊ အဲဒီတုန်းက မြင်းခြံမှာ သူကြီး (၄) ယောက်က ခွဲဝေအုပ်ချုပ်ကြသတဲ့၊ မြို့မသူကြီး၊ ကွေ့ကြီးအရှေ့သူကြီး၊ ပြောင်းပြာသူကြီး၊ သပြေပင်သူကြီးတဲ့၊ သူကြီးဦးမြတ်သာက လာကြောင်းလမ်းတော့ မယ်ခါက အရမ်းစိတ်ဆိုးသတဲ့၊ ဘာလို့လဲ ဆိုတော့ သူကြီးဦးမြတ်သာက အဲဒီအချိန်က အသက်က ၃၅ နှစ်လောက်ရှိတဲ့ မုဆိုးဖိုတဲ့၊ မယ်အေးက ၁၇ နှစ်သမီးလှတုန်းပတုန်း၊ ဆိုတော့ အသက်ကလဲ ခေါက်ချိုးလောက်ဖြစ်ပြန်၊ မုဆိုးဖိုလဲ ဖြစ်ပြန်ဆိုတော့ သဘောမတူနိုင်ဘူးတဲ့၊

ဒါပေမယ့်လဲ သူကြီးဆိုတော့ စကားလှအောင်ပဲ အကြောင်းပြန်လိုက်သတဲ့၊ မယ်အေးကတော့ သူ့ကိုသူကြီးကလိုချင်နေမှန်းသိတောင်မသိရှာဘူးတဲ့၊ သူ့ဖာသာဆေးလိပ်သွားလိပ်နေတာကိုး၊ မယ်ခါကလဲ ကုလားမနိုင်တော့ ရခိုင်မဲ ဆိုသလိုပဲ သူကြီးကို ဘာမှမပြောသာတော့ တူမဖြစ်သူ ဆေးလိပ်လိပ်ရာကို ချက်ချင်းလိုက်ပြီး မယ်အေးကို ဆံပင်ကဆွဲပြီးစီးလာတဲ့ဖိနပ်နဲ့ ရိုက်သတဲ့..၊ ညည်း အနေအထိုင်မတတ်လို့ လာပြီးစကားကမ်းတာ ဆိုပြီးတော့တဲ့၊ မယ်အေးခမြာ ဘုမသိဘမသိ အရိုက်ခံလိုက်ရသတဲ့၊ နောက်ဆုံးတော့ အားလုံးက မယ်ခါကို ဝိုင်းဝန်းဖြောင့်ဖျ နားချကြတော့ သူကြီးဦးမြတ်သာနဲ့ သဘောတူပေးစားလိုက်သတဲ့၊

ဦးမြတ်သာနဲ့ မယ်အေးတို့မှာ သားသမီး (၃)ယောက်မွေးသတဲ့၊ ဒေါ်ခင်ဆွေ၊ ဦးမောင်လေး၊ဒေါ်လှကြည်တဲ့၊ သူတို့ကို ကိုကြီးကျောက်အမေက မမဆွေ၊ မမကြည်၊ အကိုကြီးလို့ ခေါ်တော့ သူတို့ရှိမယ်ဆိုရင် အသက် ၁၀၀ ကျော်ပြီပေါ့၊ ကိုကြီးကျောက်အမေတောင် တမြန်နှစ်ကဆုံးတော့ အသက် ၉၀ ၊ သူကြီးဦးမြတ်သာ ဆုံးတော့ သူကြီးအရိုက်အရာကို သားဖြစ်သူဦးမောင်လေးက ဆက်ခံရမှာဖြစ်ပေမဲ့ ၉နှစ် ၁၀ နှစ်သားလောက်ပဲရှိသေးတော့ အရွယ်က မရောက်သေးဘူးဖြစ်နေသတဲ့၊ ဒီတော့ သူကြီးသမီးဒေါ်ခင်ဆွေကို သူကြီးရာထူးဆက်ခံဖို့ အရပ်ကတင်ကြသတဲ့၊

ဒေါ်ခင်ဆွေကလဲ မောင်ဖြစ်သူ ကိုမောင်လေး အရွယ်ရောက်ချိန်ထိ လုပ်ပေးပါ့မယ်၊ ကိုမောင်လေးအရွယ်ရောက်ရင် သူ့ကိုလွှဲပေးမယ် ဆိုပြီးကိုမောင်လေးကို ရင်ခွင်ပိုက်သူကြီးအရာထားပြီး သူကြီးမရာထူးယူသတဲ့၊ ဒေါ်ခင်ဆွေက သူကြီးသမီးလဲဖြစ်ပြန် ပညာလဲတတ်၊ ရုပ်ကလဲအမေတူဆိုတော့ အင်မတန်ချောတော့ အရပ်က လေးစားကြသတဲ့၊ တရားအမှုအခင်းဖြစ်ကြရင် ရုံးတွေ၊ ဂါတ်တွေ မရောက်ရဘူးတဲ့၊ ဒေါ်ခင်ဆွေက ဆုံးဖြတ်တာပဲ နာခံကြသတဲ့၊

ရင်ခွင်ပိုက်သူကြီး ကိုမောင်လေးကတော့ အမဖြစ်သူက ရပ်ရွာကိစ္စတွေ စီမံအုပ်ချုပ်နေတော့ သူကလပ်လျားလပ်လျားနဲ့ မိန်းမပဲ လည်ပိုးနေသတဲ့၊ သူက ဘယ်လောက်ပိုးပိုး မိန်းမကျလောက်အောင် စကားကလဲမပြောတတ်၊ ရုပ်ကလဲ ဦးမြတ်သာလို ရုပ်ဆိုးလေတော့ ဘယ်သူကမှလဲမကြိုက်ကြဘူးတဲ့၊ သူ့အသက် ၁၈ နှစ်ပြည့်လို့ သူ့ကိုသူကြီးရာထူးယူခိုင်းတော့လဲ လူငယ်စိတ်ပဲဆိုတော့ သူငယ်ချင်းတွေ မိန်းမပိုးလဲ အဖေါ်လိုက်လိုက်တာပဲ၊ မိန်းမခိုးလဲ သူကြီးမင်းက နောက်ကနေအထုပ်ထမ်းလိုက်ပေးတာပဲ၊

တနေ့တော့ သူကြီးကိုမောင်လေးရဲ့ သူငယ်ချင်းတယောက်က မိန်းမခိုးဖို့အကူအညီတောင်းသတဲ့၊ သူကြီးသူငယ်ချင်းရည်းစားက မဖွားချစ်တဲ့၊ ပြောင်းပြာသူ၊ သူငယ်ချင်းမိဘတွေက မဖွားချစ်နဲ့ သဘောမတူဘူးတဲ့၊ ဒီတော့ ကိုမောင်လေးသူငယ်ချင်းက မဖွားချစ်ကိုခိုးဖို့ ကိုမောင်လေး အကူညီတောင်းသတဲ့၊ ကိုမောင်လေးက သူငယ်ချင်းခိုးလာတဲ့ မဖွားချစ်ကို သူ့အိမ်မှာလက်ခံထားသတဲ့၊ သူငယ်ချင်းကလဲ မဖွားချစ်ကိုခိုးလာပြီး သူ့အိမ်အခြေအနေကြည့်ဖို့ ခနဆိုပြီးပြန်သွားလိုက်တာ တရက်နဲ့လဲမပေါ်လာ နှစ်ရက်နဲ့လဲ မပေါ်လာ၊ တပတ်နဲ့လဲမပေါ်လာ၊မဖွားချစ်ကလဲ လင်နောက်လိုက်ပြေးပြီးမှ လင်ကပစ်ပြေးတာမို့ မပြန်ရဲနဲ့ ကိုမောင်လေးဆီမှာ သောင်တင်နေလိုက်တာနောက်ဆုံးတော့ ကိုမောင်လေးနဲ့ ညားသွားကြလေသတဲ့၊ ကိုမောင်လေးခမြာ သူ့အစွမ်းအစနဲ့ မိန်းမပိုးတာ မရနိုင်လိုက်တာ သူငယ်ချင်းက မိန်းမခိုးလာပြီး ပံ့သကူပစ်သွားမှ မိန်းမရရှာတော့တယ်၊

ဟော...ကိုကြီးကျောက်လဲ သူကြီးဦးမောင်လေး တူပေပဲ မိန်းမတွေ ပိုးလိုက်တာ ချာချာလည်နေတာပဲ ဘယ်လိုမှမရခဲ့တာ ခုထိပါပဲ....ဒါ့ကြောင့် မိန်းမခိုးလာပြီး ပံ့သကူထားသွားလိုသူများ ကိုကြီးကျောက်ဆီ ခိုးလာနိုင်ကြပါတယ်၊ ကိုကြီးကျောက်ကတော့ မိန်းမခိုးလာကြရင် (၆) ယောက်လောက်တော့ လက်ခံမယ်စိတ်ကူးတာပဲ၊ ဒါမှ ဟိုတလောက မင်းသားလေးမင်္ဂလာဆောင်နဲ့အပြိုင် မင်္ဂလာဆောင်နိုင်မှာ၊ ဒါပေမဲ့မင်းသားလေးက မိန်းမ တယောက်ထဲ ၆ ခါ မင်္ဂလာဆောင်တာမို့ ကိုကြီးကျောက်က မိန်းမ (၆) ယောက်နဲ့ (၆) ခါ မင်္ဂလာဆောင်ရတာ ပိုမကောင်းပေဘူးလားဗျာ...၊

စာကြွင်း ။ ။ တုံဖလားရွာသူကြီးကိုကိုမောင် ကလဲ ပံ့သကူပစ်ရင်လက်ခံတဲ့အကြောင်း သတင်းသဲ့သဲ့ကြားထားပါသည်။

ကိုကြီးကျောက်ကျေးဇူးစကားလေးဆိုပါရစေ.. ကိုကြီးကျောက်ကို ကျန်းမာရေးမကောင်းတော့ အမေရိကန်အစိုးရက ကမ္ဘာ့ထိပ်တန်းဆေးရုံကြီးတွေမှာ ဆေးကုပေး၊ တလစာဆေးဖိုး ဗမာငွေ သိန်း ၈၀ လောက်ကျတဲ့ sorafenib လိုဆေးတွေ အခမဲ့ပေးပြီးဆေးကုသပေးပေမဲ့ ဆေးနဲ့ ကိုကြီးကျောက်က မတည့်တော့ အသဲတွေအဆမတန်ယောင်လာ အသဲက အဝါရောင်ဓါတ်ထုတ်ပေးမှုတွေ တအားများလာ၊ အဖုအပိန့်တွေထွက်လာနဲ့ ဖြစ်လာလို့ ကိုကြီးကျောက်ရဲ့ ဆရာဝန်က ဆေးတွေရပ်ပြီး ကမ္ဘာမှာနာမည်ကြီးတဲ့ အမျိုးသားကျန်းမာရေးသုတေသနကို လွှဲလိုက်ပြီး ကိုကြီးကျောက်ကို ၆ လပဲအသက်ရှင်နိုင်မယ်လို့ ပြောခဲ့ပါတယ်၊ ကိုကြီးကျောက်ကို ဘာဆေးမှ မတိုက်တာ ၃ လလောက်ရှိပါပြီ၊ ဒါပေမဲ့ အပတ်စဉ် သွေးစစ်ပြီး ကိုကြီးကျောက်ရဲ့ အသဲတွေ ကလီစာတွေ အလုပ်လုပ်တာကို စမ်းသပ်ပါတယ်၊ အပတ်စဉ်သွေးစစ်တဲ့အဖြေက တပတ်ထက်တပတ် တိုးတက်လာလို့ ဘာဆေးမှ မသောက်ပဲ ကောင်းလာတာကို ဆရာဝန်က အံ့ဩနေပါတယ်၊

၆လနဲ့ သေမဲ့ ကိုကြီးကျောက်က (၈) လရှိပြီ မသေပဲ ဖလန်းဖလန်းထနေပါတယ်၊ တကယ်တော့ ကိုကြီးကျောက်က ဗမာပီပီ ဆေးမီးတိုသုံးနေတယ်ဆိုတာ သူတို့မသိလို့ပါ၊ ကိုကြီးကျောက်သောက်တဲ့ ဆေးမီးတိုက ကူးကူး(စန္ဒကူး) ပြောတဲ့ ဒူးရင်းဩဇာရွက်ကို တနေ့လုံးကြိုသောက်ပါတယ်၊ မန္တလေးက ရွှေစင်တို့ စည်းစိမ်တို့ ပို့ပေးတဲ့ တပင်တိုင်မြနန်းဆေးမြစ်ကို သွေးပြီးပျားရည်နဲ့သောက်ပါတယ်၊ အာလူးကတော့ ခြစ်ရတာလက်ဝင်လို့ မသောက်ဖြစ်တာများပါတယ်၊ ဟိုတလောက 7day news မှာလားVoice မှာလားမမှတ်မိပါဘူး၊ ဒူးရင်းဩဇာရွက်က ကင်ဆာမပျောက်ဘူး..ဘာမှအကျိုးမရှိဘူးတွေရေးထားတာဖတ်ရပါတယ်၊ ရှင်းရှင်းကြီး ပျောက်ချင်မှတော့ပျောက်ပါလိမ့်မယ်၊ ကိုကြီးကျောက် ကိုယ်တွေ့ကတော့ သက်သာလာတာအမှန်ပါပဲ၊ ဒါကြောင့် ကိုကြီးကျောက်ကတော့ ကူးကူးရယ်၊ ဒူးရင်းဩဇာရွက်ပို့ပေးတဲ့ နယူးယောက်ပြည်နယ် ယူတီကာက ရုံလေး၊ဖလော်ရီဒါက မဝေ နဲ့ ကိုအေးမင်းမောင်၊ မန်းက နှမရွှေစင် နဲ့ စစ တို့ကို ကျေးဇူးတင်ကြောင်းပြောပါရစေ...။

google က ပုံရှာထားတာပါ။

Wednesday, February 16, 2011

နို့တလုံးစိန်စခန်းက ကျောက်ကျောက်မိုးဦး


နို့တလုံးစိန် ဆိုတာ ကိုကြီးကျောက်တို့ငယ်ငယ်က ဗမာပြည်အောက်ပိုင်းတခွင်မှာ သိမ့်သိမ့်တုန်အောင်ကြောက်ရတဲ့ သူပုန်မပေါ့၊ သူ့နာမည်အစစ်အမှန်ကတော့ နော် နဲ့စတဲ့ကရင်နာမည်ထင်ပါရဲ့..၊ ဒါပေမဲ့လဲ ဗမာသတင်းစာတွေက ဗမာအသံထွက်နဲ့ နီးစပ်အောင် ရေးလိုက်တော့ နို့တလုံးစိန်နာမည်ပဲ လူသိများတော့တာပဲ၊ ကိုကြီးကျောက်တို့က ကလေးဆိုတော့ တကယ်ကို နို့တလုံးပဲရှိလို့ နို့တလုံးစိန်လို့ ခေါ်တာလားပေါ့၊ ဒါဆို ကျန်တဲ့နို့တလုံးက ဘယ်ရောက်သွားသလဲ...၊ မွေးကထဲက တလုံးပဲ ပါတာလားပေါ့ ၊ ကလေးတွေးတွေးကြတာပေါ့လေ၊ မွေးကထဲကဆိုရင် သူများတွေလို ဘယ်ညာမရှိတော့ပဲ အလယ်မှာပဲ ချွန်ချွန်ကြီးဖြစ်နေမလားပေါ့ ၊


နို့တလုံးစိန် ဆိုတဲ့နာမည်ကို ငယ်ငယ်ကထဲက တော်တော်ရင်းရင်းနှီးနှီိး ဖြစ်လာတာ၊ ကိုကြီးကျောက်တို့ အထက်တန်းကျောင်းသားဘဝရောက်တော့ နို့တလုံးစိန်အဖွဲ့က ပဲခူးရိုးမထဲမှာစခန်းချပြီး ရိုးမရဲ့အရှေ့ခြမ်း၊ အနောက်ခြမ်းကမြို့တွေကို မကြာမကြာဆင်းပြီး တိုက်လေ့ရှိတာကိုး၊ ကြို့ပင်ကောက်တို့ လက်ပံတန်းတာဆုံနားက မှော်အင်းရွာတို့ဆို နို့တလုံးစိန်က ဝင်တိုက်ပြီး ကြို့ပင်ကောက်ဈေးကို မီးရှို့ထားခဲ့တာပေါ့၊ နို့တလုံးစိန်အကြောင်းကို ရုပ်ရှင်သာရိုက်ပြရင် ဟောလီဝုဒ်က ကောင်းဘွိုင်ကားတွေလို ကြမ်းရမ်းပြတာတွေနဲ့ ကြည့်ကောင်းမယ်ထင်တာပဲ။


ရိုးမထဲ သူပုန်တွေရှင်းသွားချိန်ရောက်တော့ လက်ပံတန်းမင်းလှ အရှေ့ဖက် ပဲခူးရိုးမထဲမှ ရွှေထွက်တယ်ဆိုတော့ လူတွေကြိတ်ကြိတ်တိုး သွားကြတာကလား၊ လက်ပံတန်းတာဆုံက သွားရင် ပဲခူးရိုးမအစပ်က ဆားချောင်းဆိုတဲ့ စခန်းလေးမှာ တညအိပ်ပြီး နောက်တရက် တနေကုန်တက်ရတယ်၊ မိုင် ၄၀ လောက်တော့ဝေးမှာပေါ့၊ လမ်းခရီးကလဲ အင်မတန်ထူထပ်တဲ့ တောကြီး၊ တောင်ပေါ်ကရင်ရွာဟောင်းနေရာတွေကလဲ ဖုန်းဆိုးတောကြီးဖြစ်နေတော့ ကျားတွေခိုအောင်းတဲ့နေရာတွေပေါ့၊ လူတွေလဲ အဖွဲ့လိုက်သွားမှ တက်ရဲကြတာ၊ ရိုးမထဲဆိုတော့ ငှက်ဖျားကထူ ၊ အစာအဟာရကမပြည့်စုံတော့ ရွှေလာကျင်တဲ့သူတွေ သေလိုက်ကြတာ သောက်သောက်လဲပါပဲ၊ ချောင်းကြား၊ ချပ်ကြား၊ တောင်စောင်းတွေမှာ လူသေတွေဆိုတာ မြင်မကောင်းဘူး၊ ကိုကြီးကျောက်တို့ ကတော့ လူသေလောင်းတွေတွေ့ရင် သစ်ရွက်တွေ ဝါးတွေပုံပြီး မီးရှို့ပေးခဲ့တာပဲ၊ မရှို့ရင် ညရောက်ရင် ကျားက လာစားတာကိုး၊


ကိုကြီးကျောက်တို့ ပဲခူးရိုးမထဲု field ဆင်းတော့ ကိုကြီးကျောက်တို့ စခန်းချနေတာက နို့တလုံးစိန်တို့ စခန်းနေရာဟောင်းမှာ၊ ချောင်းနံဘေးမှာပေါ့လေ၊ နောက်က တောင်ကြောကို ကျော်လိုက်ရင် ပဲခူးချောင်းဖျားရောက်သွားတာ၊ ရိုးမရဲ့အလယ်ပဲဆိုပါတော့၊ သူပုန်မရှိတော့ ကိုကြီးကျောက်တို့ လုံခြုံရေးအတွက်ဆိုပြီး လက်ပံတန်းက ရဲတွေပဲရှိတာ၊ သူတို့ကလဲ ကိုကြီးကျောက်တို့ လုံခြုံရေးအတွက်ထင်ပါရဲ့ စခန်းနဲ့ ၂ မိုင်လောက်ဝေးတဲ့ ရွှေတောမှာ အရက်ချက်ရောင်း၊ ရန်ကုန်က အငြိမ့်မင်းသမီးဆိုတာတွေ ခေါ်ခေါ်လာပြီး စီးပွားရေးလုပ်ငန်းတွေလုပ်နေရှာတယ်၊ ကျားတွေကလဲ လူသားစားနေကြဆိုတော့ ဘာအတင့်ရဲသလဲမမေးနဲ့...၊ ညဆိုရင် စခန်းနောက်မှာ ငုတ်တုပ်ကြီး လသာသာမှာလှမ်းမြင်နေရတာ၊ ကိုကြီးကျောက်တို့က ကျားမကြောက်ပါဘူး...၊ ကြောက်တာက ကျားထက် အဆပေါင်းများစွာငယ်တဲ့ ခြင်...၊


မနက်အိပ်ယာနိုးလာလာလို့ မျက်နှာသစ်ပြီး ထုံးစံအတိုင်းအိမ်သာ သွားမယ်ကြံတာနဲ့ ခြင်ဆေးတိုင် ၁၀ တိုင် ၁၅ တိုင်လောက်ကို ကိုင်၊ မီးခိုးလေး တလူတလူနဲ့ TV မှာ ထက်ထက်မိုးဦး အမွှေးတိုင်ကြော်ငြာသလို ခြင်ဆေးတိုင်လေး ဝေ့ကာယမ်းကာနဲ့ ကျောက်ကျောက်မိုးဦးကြော်ငြာ စတိုင်ပေါ့လေ..၊ အိမ်သာကလဲ..တောထဲဝါးနဲ့ ယာယီလုပ်ထားတာဆိုတော့ ဘယ်မှာအလုံအခြုံနေပါ့မလဲ..၊ ဒီတော့ အိမ်သာထဲမှာလဲ ခြင်တွေက အပြည့်ပေါ့၊ ဒါနဲ့ ကိုယ့်ပတ်လည်မှာ ခြင်ဆေးတိုင်တွေထွန်း၊ လက်မှာလဲ ခြင်ဆေးတိုင်ကိုင်ပြီးတော့ ရမ်းနေလိုက်ရတာ...ကိုကြီးကျောက်တို့ ကလေးဘဝက မင်းသမီးမို့မို့မြင့်အောင် အဖေ မင်းသားကြီးမြင့်အောင်ပါတဲ့ ညောင်ရမ်းညီနောင် ဇတ်ကားထဲမှာ ညောင်ရမ်းမင်းသားဒါးသိုင်းကသလိုပါပဲ ၊ ကိုကြီးကျောက်ကတော့ အိမ်သာထဲမှာဆိုတော့ ညောင်ရမ်းတော့ မဟုတ်ဘူး..ညှစ်ရမ်းမင်းသားလေး၊


ဒါပေမဲ့လဲ ခြင်အုပ်က တရာနှစ်ရာ ကျောက်ကျောက်က တယောက်ထဲဆိုတော့..၊ အသားပေါ်တဲ့နေရာတွေ ဝင်ကိုက်လိုက်ကြတာ၊ မနိုင်အောင်ပါပဲ၊ ..ကိုင်း...အိမ်သာထဲဆိုတော့ ဘယ်နေရာပေါ်မလဲ စဉ်းစားသာကြည့်ကြပါတော့..၊ ပြန်လဲဆင်းလာရော အကိုက်ခံရတဲ့နေရာတွေမှာ အဖုကြီးတွေ အပိန့်ကြီးတွေဆိုတာ မနဲပါလား..၊ ဒီတော့ စခန်းရောက်တာနဲ့ ကျောက်ကျောက်မိုးဦးတို့ အလှပြင်ခန်းပေါ့လေ၊ ဖင်မှာ သနပ်ခါးလေးအဖွေးသားနဲ့ ကျောက်ကျောက်မိုးဦးတို့ ဘယ်လောက်ကြည့်လှလိုက်သလဲလို့၊ ..


အမယ်..မှတ်မှတ်ရရ အဲဒီတုန်းကလိမ်းတာ မန္တလေးက ဒေါ်သီသနပ်ခါးဗျ၊ ..ကိုကြီးကျောက်တို့စဉ်းစားကြည့်မိတာပါ ၊ အဲဒီတုန်းကသာ ထက်ထက်မိုးဦးမိုး ကိုကြီးကျောက်တို့ စခန်းမှာသာရှိရင် ကျောက်ကျောက်မိုးဦးလို ခြင်ကိုက်ခံရတဲ့နေရာကို သနပ်ခါးလူးထားမလား မိတ်ကပ်လူးထားမလားမသိဘူးလို့..၊ မိတ်ကပ်လူးရင်တော့ နှုတ်ခမ်းနီပါဆိုးရမယ်ထင်ပါရဲ့၊


တောထဲအရက် ၂၀ လောက်ရှိရင် ရိက္ခာက ပြတ်ချင်သလိုဖြစ်လာပြီ၊ ယူလာတာတော့ တလစာပါပဲ တောင်ပေါ်မှာ မမာမကျန်းဂီလာနတွေ တွေ့ရင်ဝေငှပေးတော့ မလောက်ချင်တော့ဘူး၊ ဒီတော့ မကုန်ခင် လက်ပံတန်းဆင်းပြီး ရိက္ခာဝယ်ရတာပေါ့၊ တခါတော့ ကိုကြီးကျောက်နဲ့ အလုပ်သမားတယောက် နှစ်ယောက်ထဲပဲ ရိုးမအလယ်ကနေဆင်းလာလိုက်တာ....မနက် ၁၁ နာရီလောက် လမ်းတနေရာရောက်တော့ ရုတ်တရက် တောကြီးကမှောင်သွားလိုက်တာ..၊ လေလဲမတိုက် သစ်ပင်တွေလဲမလှုပ်ပဲ ဝေါ.....ဝေါ....ဝေါ....ဝေါ..နဲ့ တတောလုံးဆူညံနေတာပဲ..၊ မှောင်လိုက်တာကလဲ တယောက်နဲ့တယောက်တောင် မမြင်ရတော့ဘူး၊


အလုပ်သမားကလဲ ကြောက်တော့ ကိုကြီးကျောက် လက်မောင်းကို အတင်းဆုပ်ထားတယ်..၊ရှေ့ဆက်လဲ လျှောက်လို့ မရတော့ ကိုကြီးကျောက်တို့ မှာ နေရာမှာပဲရပ်နေရတာ ၅ မိနစ်လောက်ရှိထင်ပါရဲ့...၊ တောထူလွန်းတော့လဲ တောခြောက်တာပေါ့လေ..၊ တခြားသူတွေ တောခြောက်ခံရရင်တော့ ဘယ်လို နေသလဲတော့ မသိပါဘူး..ကိုကြီးကျောက်တို့တော့ ဘာမှအန္တရာယ်မရှိပါဘူး..တင်ပါးမှာ သနပ်ခါးအဖွေးသားနဲ့ ကျောက်ကျောက်မိုးဦးကို လှလို့နှုတ်ဆက်တာထင်ပါရဲ့..၊ တောထူတဲ့နေရာတွေမှာ တောခြောက်တာတွေ တောမှောက်တာ (တောမှောက်တာဆိုတာ သံလိုက်အိမ်မြှောင်နဲ့ ချိန်သွားလဲ ဒီနေရာပဲ တဝဲလည်လည်ဖြစ်နေတာ) ၊ မကြာမကြာ ကြုံတတ်ပါတယ် ၊ တောစောင့်နတ် တောင်စောင့်နတ်တွေကို မေတ္တာပို့ပေးရတာပေါ့လေ.၊


ဟိုတလောဆီက လက်ပံတန်းမင်းလှဖက်က မိတ်ဆွေတယောက်နဲ့ စကားပြောကြရင်း ပဲခူးရိုးမ တောကြီးအကြောင်းပြောမိတော့ သူပြောပြန်ပုံအရဆိုရင် ရိုးမထဲမှာ သစ်တောတွေ ကုန်သလောက်ရှိပြီမို့ တောဆင်တွေ ကျားတွေတောင် ပျောက်ကွယ်လုနီးပါးပါပဲတဲ့၊ တောပြုန်းသွားလို့ မနှစ်က ရန်ကုန်အပါအဝင် ဗမာပြည်အောက်ပိုင်းတခွင် နွေရာသီမှာ မကြုံစဖူး ပူလိုက်တာ အလွန်ပါပဲတဲ့၊ ကိုကြီးကျောက်က ဗမာပြည်မှာ သစ်တပင်ခုတ်အချုပ် ၃ လ ဆိုပြီး စာကပ်ထားတာတွေ့ဖူးတယ်လို့ ပြောတော့..သူကပြောတယ် အဲဒါက တပင်ပဲခုတ်တဲ့သူကိုပြောတာ တတောလုံးရှင်းပစ်တဲ့ သူတွေမပါလို့ လေယာဉ်ပျံတောင် ဝယ်ထားတယ်ဆိုပဲ..၊ ကိုကြီးကျောက်ကတော့ ဗမာပြည်မရောက်တာကြာပြီမို့ ဒီတခါ သွားလည်ဖြစ်ရင်တော့
ဟုတ်မဟုတ်သိရမှာပဲလေ...။

google မှာ မုတ်သုံသစ်တောပုံ ရှာထားပါသည်။

Saturday, February 12, 2011

ကိုးမြို့ရှင်မောင်နှမ၏ ရွှေအိုးရွှေခွက်များ


ကိုးမြို့ရှင်ဆိုတာနဲ့ အားလုံးသိကြတဲ့အတိုင်း ရှမ်းမောင်နှမနတ်တွေကိုး၊ ရှမ်းနတ်ဆိုတော့လဲ ရှမ်းကုန်းမြင့် တခွင်လုံးကို အပိုင်စားတာမို့ ရှမ်းပြည်ထဲမှာ မပါပဲ ပြည်မထဲမှာရှိတဲ့ မေမြို့တို့ ယင်းမာပင်၊လယ်ပြင်တို့၊ သပိတ်ကျင်းမိုးကုပ် တို့လို ရှမ်းကုန်းမြင့်အစပ်က နယ်တွေကလဲ ကိုးမြို့ရှင်အပိုင်တွေပါပဲ၊ ကိုးမြို့ဆိုတော့ ဘယ်ကိုးမြို့လဲတော့မသိပါဘူး၊


ကိုကြီးကျောက်တို့ငယ်ငယ်က ဖတ်စာမှာသင်ရတာတော့ ရှမ်းလေးမြို့သမိုင်းတဲ့၊ တရုပ်ပြည်က ဥတည်ဘွား သမီးတော်နဲ့ ကျားဖြူမင်းနဲ့ ညားတော့ သားလေးယောက်ရသတဲ့၊ သားတွေကို အရွယ်ရောက်လာတော့ အမွေပေးလိုက်တာကလဲ တယောက်ကိုတော့ ဒါးမြှောင်၊ တယောက်ကိုတော့ အိုးစည်၊ တယောက်ကိုတော့ ဗျိုင်းတဲ့၊ ဘုရင်လဲ မချမ်းသာဘူးထင်ပါရဲ့ ၊ သား သုံးယောက်ကို ရှိတာပေးလိုက်တော့ နောက်သားတယောက်ကတော့ သူနေတဲ့မြို့ကိုပေးသတဲ့၊ အမွေရတဲ့ သားသုံးယောက်ကလဲ မြို့တွေတည်ပြီးနေကြတာ၊ မိုးမိတ်၊ မိုးကောင်း၊ မိုးညှင်းတဲ့၊ အဖေမြို့ရတဲ့သားက ဝန်းသိုတဲ့၊ မိုးမိတ်ကလွဲရင် ကျန်တဲ့မြို့တွေက ရှမ်းပြည်ထဲမရှိပါဘူး၊ ဒါပေမဲ့လဲ နတ်ကတော့ ကိုးမြို့ပြည့်အောင်ဖြည့်ပြီး ကိုးမြို့ရှင်လို့ ခေါ်ထင်ပါရဲ့၊


ကိုကြီးကျောက်တို့ သပိတ်ကျင်းနယ်ကွင်းသုံးဆယ်ဒေသကို field ဆင်းကြတော့ ၁၉၈၀ ပြည့်လွန်နှစ်တွေပေါ့၊ အဲဒီတုန်းက မန္တလေး၊ သပိတ်ကျင်း၊ မိုးကုပ် ကားလမ်းက တကယ့်ကို သစ်တောကြီးထဲမှာမောင်းရတာ၊ဝါးတောကြီးတွေမှာ ဝါးဘိုးဝါးကြီးတွေဆို လူ့ပေါင်လောက်ကို ကြီးတာကလား၊ ၂၀၀၂ ခုနှစ်က ကိုကြီးကျောက် အဲဒီလမ်းကို ရောက်တော့ ကွင်းပြောင်ကြီးဖြစ်နေပြီး ဘာပင်မှတောင်မရှိတာတွေ့ရတော့ နှမျောလိုက်တာ၊အဲဒီတုန်းက ကိုကြီးကျောက်တို့ကားလမ်းဘေး field ဆင်းရင်း အင်တောထဲ အင်ဥကောက်ကြ၊ တရော်ပင်တွေ့ရင် အခေါက်ခွာကြ၊ တယ်သီးကောက်ကြနဲ့ သစ်တောထွက်ပစ္စည်းတွေ အလွန်ပေါတာကလား၊


ကိုကြီးကျောက်တို့ စခန်းချတဲ့ ကွင်းသုံးဆယ်ကလဲ တောဆင်တွေ၊ ကျားတွေ၊ ဝံတွေ ကျက်စားနေတုန်း၊ ကိုကြီးကျောက်တို့က အဲဒီမှာရွှေရှာရတာကိုး၊ ရှာလဲရှာ ထုတ်လဲထုတ်၊ ရတဲ့ရွှေတွေ တလတခါ ရန်ကုန်ပို့ပေးရတာပေါ့လေ၊ ကိုကြီးကျောက်တို့ ရွှေထုတ်တော့ placer deposit ဆိုတဲ့ ချောင်းထဲမှာ အနယ်ကျပြီး စုနေတဲ့ ရွှေတွေကို တူးထုတ်ပေးရသလို ရွှေတွင်းတူးပြီး ရွှေကြောကိုလိုက်ပြီး တွင်းဖောက်ပေးရတာလဲလုပ်တာပေါ့၊ ချောင်းထဲတူးရတာတော့ အင်မတန်လွယ်တာပေါ့၊ ချောင်းအောက်ကြမ်းပြင်ရောက်အောင် အင်းကြီးတူးရတာ၊ ဘူဒိုဇာနဲ့ တူးထုတ်လိုက်တော့ ချောင်းထဲမှာ အဝကျယ်ကျယ် အင်းပြဲကြီးပေါ့၊ တွင်းဖောက်ရတာတော့ ရွှေကြောရောက်အောင် တွင်းကိုလူအားနဲ့ တူးပြီးမှ ရွှေကြောရောက်တော့ ကြွက်တွင်းများလို သွားရတာကိုး၊


ကိုကြီးကျောက်တို့ စခန်းက ရွှေလုပ်ကွက်ရှိရာ ကွင်းသုံးဆယ်ချောင်းနံဘေးမှာ၊ ချောင်းဘေးဆိုတော့ တောငှက်ပျောပင်တွေ၊ တောသရက်ပင်တွေနဲ့၊ အမယ်..စခန်းနဲ့ မနီးမဝေးမှာလဲ ရွှေလာကျင်တဲ့ သူတွေ ပူဇော်ကြတဲ့ ကိုးမြို့ရှင်မောင်နှမနန်းကလဲရှိသဗျ၊ နတ်ပုံတွေတော့ မရှိပါဘူး၊ အထိမ်းအမှတ် နတ်စင်လေးပေါ့လေ၊ ကိုကြီးကျောက်တို့စခန်းမှာ ကိုကြီးကျောက်တို့ ဝန်ထမ်းတွေရယ်၊ ဒေသခံနေ့စားအလုပ်သမားတွေရယ် နေကြတယ်၊ သူတို့ကတဝန်း၊ ကိုကြီးကျောက်တို့ကတဝန်း၊ ကပ်တော့ကပ်လျက်ပေါ့လေ၊ အလုပ်သမားတွေက လူလွတ်တွေက တအုပ်စု၊ အိမ်ထောင်သည်တွေက တလိုင်းပေါ့လေ နေကြတာ၊


အိမ်ထောင်သည်အလုပ်သမားထဲမှာ ကိုချစ်ပု က အသက်အကြီးဆုံး၊ တင်စိုးက အငယ်ဆုံး၊ ကိုချစ်ပုမိန်းမက မခင်စန်းတဲ့၊ ကလေးက ၅ယောက်၊ အကုန်အရွယ်ရောက်ကုန်ကြပြီ၊ ကလေးတွေက ခင်ဦးနယ်ထဲက သူတို့ရွာမှာပဲ၊ တင်စိုးမိန်းမက အေးခိုင်တဲ့၊ ကလေး အခါလည်သားလေးနဲ့၊ ယောင်္ကျားတွေ အလုပ်ဆင်းတော့ မိန်းမတွေက အင်ဝိုင်းလေးတွေနဲ့ ချောင်းကြိုမြောင်းကြားမှာ ရွှေလိုက်ကျင်ကြ၊ ဟင်းဖိုးတော့အနဲဆုံးရတာပေါ့လေ၊ တခါတလေလဲ မြိုးမြိုးမျက်မျက်လေးရကြရဲ့၊


မခင်စန်းနဲ့ အေးခိုင် တို့ကို ကျန်တဲ့သူတွေက အကုန်ကြောက်တယ်၊ သူတို့က အစွာဆုံး၊ ရန်အဖြစ်နိုင်ဆုံး၊ အလုပ်သမားတွေဘက်မှာ ဆူဆူညံညံ ကြားရင် သူတို့နှစ်ယောက်ထဲက တယောက်ကတော့ သေချာတယ်၊ တခါတလေလဲ သူတို့နှစ်ယောက်ပွဲ၊ ဒါပေမဲ့လဲ ခုရန်ဖြစ်လိုက်ကြ၊ ခုပဲ တယောက်ဆီက ငါးပိယူ ဆားယူနဲ့ ပြန်ခေါ်လိုက်ကြ၊ သန်းရှာရင်းအတင်းတုပ်နေကြနဲ့ ကိုကြီးကျောက်ဖြင့်မျက်စေ့တောင်လည်တယ်၊


သူတို့ရန်ဖြစ်ကြရင်လဲ အလဇ္ဇီကိုးပါးအကုန်စုံတဲ့ အပြင် ..အမယ်..တခါတလေများ သူတို့ဘာဆဲတယ်ဆိုတာ ပဟေဠိမှာ အဖြေညှိရသေးသဗျ၊ အေးခိုင်က မခင်စန်းကို ကောင်မကြီး..အင်းပြဲမကြီး လို့ဆဲလိုက်ရော၊ ဟော...မခင်စန်းကလဲ.. အောင်မာ တောသရက်သီးမကများ...လို့ပြန်ပြောတော့ ကိုကြီးကျောက်မှာ အဖြေစဉ်းစားရပြီပေါ့၊ အင်းပြဲမကြီး ဆိုတာကတော့ လွယ်ပါတယ်၊ ကိုယ်လဲ နေ့တိုင်းအင်းပြဲထဲဆင်းနေတာကိုး၊ အင်းပြဲဆိုတော့...အဝကျယ်ကျယ်ပြဲပြဲ တွင်းကြီး၊ လူလဲများများဆင်းလို့ ရသလေ..၊ အင်း....မခင်စန်းက ကလေး ၅ ယောက်အမေ ဆိုတော့လဲ...ကိုကြီးကျောက်လဲ သဘောပေါက်လိုက်ပါတယ်၊


တောသရက်သီးမ အဓိပ္ပါယ်ကြတော့ စေ့စေ့တွေးမှပေါ်တော့တယ်၊ ကိုကြီးကျောက်တို့ စခန်းဘေးက တောသရက်ပင်တွေများ သီးလိုက်ရင်ပြွတ်ခဲနေတာပဲ၊စားချင်လို့ ခူးပြီးအခွံခွာလိုက်တော့ အခွံအောက်မှာ အသားကမရှိသလောက်ပဲ၊ ဧရာမအစေ့ကြီးက ပြူးလို့ပေါ့၊...အင်း...ဒါဆိုရင်တော့....အေးခိုင် တောသရက်သီးမှန်းတော့ သိရပြီ၊ ဒါပေမဲ့ မရှင်းတာက မခင်စန်းက ဘယ်အချိန် အေးခိုင်ကို အခွံနွှာကြည့်ထားပါလိမ့်ပေါ့၊ နောက်မှစဉ်းစားမိတယ် ..အေးခိုင်ကလေးမွေးတော့ စခန်းကနေ ဇရပ်ကွင်းရွာသွားမွေးတာကိုး၊ အဲဒီတုန်းက မခင်စန်းတို့ လိုက်သွားကြတာပဲ၊ ကိုင်း...လောလောဆယ် မွေးမဲ့ဖွားမဲ့သူများ သူငယ်ချင်းဆိုပြီး စိတ်မချလိုက်လေနဲ့နော်...တောသရက်သီးမ ဆိုပြီးအတင်းတုပ်ခံရမယ်၊


တညမှာတော့ အလုပ်သမားတွေဖက်က ဆူဆူညံညံကြားတော့ မခင်စန်းတို့ ရန်ဖြစ်နေတယ်ပဲထင်တာပေါ့၊ ဒါပေမဲ့ အလုပ်သမားတွေက ဆရာတို့လာပါအုန်းဆိုတော့ လိုက်သွားလိုက်တော့ မနေ့တနေ့ကမှရောက်တဲ့ အလုပ်သမားလေးတယောက်က အော်ဟစ်နေတာကိုး၊ လူတွေကလဲ သူ့ကိုဝိုင်းချုပ်ထားကြတယ်..၊ သူက ကြောက်လန့်တကြားအော်နေတာ.." ဟိုမှာဗျ...အနက်ရောင်ဝတ်ထားတဲ့ လူကြီးနဲ့ မိန်းမကြီးက ကျွန်တော့ကို ရွှေအိုးတွေရွှေခွက်တွေပြနေတယ်ဗျ " သူလက်ညှိုးထိုးပြတဲ့ နေရာကြည်တော့လဲ ဘာမှမမြင်ရဘူး၊ အလုပ်သမားတွေကလဲ ဒါ ကိုးမြို့ရှင်မောင်နှမဖြစ်ရမယ်ပေါ့၊ ကိုကြီးကျောက်တို့ကတော့ ရွှေအိုးတွေရွှေခွက်တွေပဲ စိတ်ဝင်စားတာ၊ ကိုယ့်ကိုပြလိုက်ရင်တော့ ပြေးယူလိုက်မပေါ့၊ ဒီတိုင်းမပေးလဲ နတ်ဆီက မလိမ့်တပတ်နဲ့ ရွှေအထည်ပျက်ဈေးနဲ့ဝယ်ပြီး ဗမာပြည်က နတ်သုံးတဲ့ အိုးတွေခွက်တွေဆိုပြီး ရှေးဟောင်းပစ္စည်းရောင်းတဲ့နေရာမှာ လေလံတင်လိုက်ရလို့ကတော့ ကိုကြီးကျောက်တို့မီလျံနာပေါ့ဗျာ..၊ ဒါပေမဲ့လဲ နတ်ကလဲသိပုံရသဗျ..၊ ကိုကြီးကျောက်တို့ကို အရိပ်အယောင်လေးတောင်မပြဘူး၊


ကောင်လေးကလဲအော်ဟစ်နေတော့ မဖြစ်ချေဘူး ဇရပ်ကွင်းသွားပြီး နတ်ကတော်ဒေါ်ပန်ဆီမှာ နတ်မေးမှဆိုပြီး ညတွင်းချင်းပဲ စခန်းကထွန်စက်ထွေလာနဲ့ အလုပ်သမားလေးကိုတင်ပြီး ရွာကိုဆင်းရတော့တာပဲ၊ အမယ် နတ်မောင်နှမကလဲ တလမ်းလုံးလိုက်လာသဗျ၊ နတ်ကတော်ဆီရောက်မှ နတ်ကိုတောင်းပန်မှ အလုပ်သမားလေးလဲ သတိပြန်လည်လာပြီး အိပ်ပျော်သွားတယ်၊ မနက်ရောက်မှ အလုပ်သမားလေးက ပြောတယ် သူကမန္တလေးက ခေတ်လူငယ်ဆိုတော့ နတ်တွေဘာတွေ အယုံအကြည်မရှိဘူးပေါ့၊ ဒါနဲ့ သူတို့ကလဲ ရောက်စဆိုတော့ ဟိုဟိုဒီဒီလျောက်ကြည့်ရင်း ကိုးမြို့ရှင်နန်းကိုတွေတော့ ဘာနတ်လဲ မယုံဘူး ဘာဘူးနဲ့ ပြောခဲ့သတဲ့ ည မှောင်စပျိုးတော့ သူ့နာမည်ခေါ်သံကြားတာနဲ့ အပြင်ကိုကြည့်တော့ အနက်ရောင်ဝတ်စုံနဲ့ လူတွေက သူ့ကို ရွှေအိုးတွေ ရွှေခွက်တွေပြပြီး လက်ယပ်ခေါ်သတဲ့၊ ဒီမှာတင် သူလဲတော်တော်ကြောက်ပြီး အော်မိအော်ရာတွေ အော်နေရတာတဲ့၊ ဒီကောင်လေးလဲ ကွင်းသုံးဆယ်ထဲ ပြန်မလိုက်တော့ပဲ မန္တလေးကို ပြန်ဆင်းသွားတော့တယ်၊ ကိုကြီးကျောက်ကတော့ အဲဒီတုန်းကသာ ကိုးမြို့ရှင်ရဲ့ရွှေအိုးတလုံးလောက်သာ ရခဲ့ရင်တော့ ခုချိန်မှာ Bill Gates တို့လောက်တော့ ...ဟင်း...ပျင်းတောင်ပျင်းသေး..။

Friday, February 11, 2011

ခေတ်မီသူတိုင်း ဝဲပေါက်ကြသည်

ဟိုနားက တဗျင်းဗျင်း..ဒီနားက..တဗျင်းဗျင်းနဲ့ ...ဝဲကုပ်သံတွေ ဘလော့လောကကြီးတခုလုံး ပွက်ပွက်ညံနေတော့..ကိုကြီးကျောက်ကလဲ ငါ့မှာ ပွေးတွေ ဝဲတွေ ရှိနေပြီလားလို့ ကိုယ့်ဟာကိုယ် လှန်လှောကြည့်တော့.....အမလေး....ငါ့မှာလဲ ဝဲစို ဝဲခြောက်တွေနဲ့ပါလား..၊ ဟင်း...ကိုကြီးကျောက်တို့လဲ သိကြားသားမဟုတ်လေတော့ လွတ်နိုင်ရိုးလား၊ ကိုင်း......နေရင်းထိုင်ရင်း ဝဲစားကျောက်ဘဝကို ရောက်တော့တာပါပဲ။

ဝဲတွေကလဲ comment တွေထဲက ဆိုတော့ ဝဲစားနေတဲ့ comment တွေ ဖြုတ်ချမယ်ဆိုတော့ ဘယ်လိုဖြုတ်ရမှန်းမသိ၊ အကုန်လုံးဖျက်ပစ်ရအောင်ကလဲ comment က ၅၀၀၀ နီးပါးလောက်ရှိနေတော့ ဖျက်ရင်းဖျက်ရင်း စိတ်ကမရှည်တော့ဘူး၊ လောလောဆယ် setting မှာ comment တွေကို Hide လုပ်ထားတော့ ...အမယ်..ဝဲကင်းကြောင်း ဆရာဝန်ထောက်ခံစာရသဗျ..၊ ဒါနဲ့ comment တွေ ကိုပြန်လဲ ထဲ့ကြည့်လိုက်ရော..ဟောဗျ......သမင်သားစားမိတဲ့ ကုဋ္ဌနူနာဝေဒနာရှင်လို အနာဟောင်းက ပြန်ပေါ်လာပြန်ရော၊

ကိုင်း....ခုတော့ အရပ်ကူခိုင်းရတော့မှာပဲ ဝဲစားနေတဲ့ comment တွေကို ဘယ်လိုရွေးပြီးဘယ်လို ဖြုတ်ရမလဲ ပြောကြပါအုန်းဗျာ...၊

Tuesday, February 1, 2011

သောင်းကျန်းသူ ကိုကိုကျောက်


သောင်းကျန်းသူဆိုတဲ့ အသုံးအနှုန်းကို ကိုကြီးကျောက်တို့ ငယ်ငယ်ကမသုံးခဲ့ကြပါဘူး၊ မဆလခေတ်ရောက်မှ ဒီအသုံးအနှုန်းကို စပြီးတွေ့ဖူးတာကလား၊ ကိုကြီးကျောက်တို့ ငယ်ငယ်ကရော ဟိုရှေးကိုတုန်းကရော သူပုန်လို့ပဲ သုံးခဲ့ကြတာ၊ လွတ်လပ်ရေးရစက အလံနီအလံဖြူ ပြည်တွင်းရောင်စုံသူပုန်တွေလို့ သတင်းစာမှာ ဖတ်ရတာ၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကိုလဲ ဘာသူပုန်ညာသူပုန် ဒီလိုပဲရေးခဲ့ကြတာ၊ အဲဒီနောက်တော့ မဆလခေတ်မှာ သူပုန်ဆိုတာ မသုံးတော့ပဲ သောင်းကျန်းသူလို့ ရေးတာဖတ်ရတော့တာပဲ၊


ကိုကြီးကျောက်တို့ ဖွားအေကြီးတို့ခေတ်ကလဲ သူပုန်လို့ပြောကြဆိုတာပေါ့၊ ဆရာစံသူပုန်ထတုန်းကတို့ စံဖဲသူပုန်ထတုန်းကတို့ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင် ဒီလိုပဲပြောကြတာကိုး၊ စံဖဲဆိုတာက သာစည်နယ်သား၊ မတရားတဲ့ သူကြီးနဲ့ ပုလိပ်ကို သတ်ပစ်လိုက်ရာ တောပုန်းသူပုန်ဖြစ်သွားရရှာတဲ့ ရိုးရိုးသားသားတောကတောင်သူ၊ အဲဒီအချိန်မှာ ဗမာတွေကလဲ အင်္ဂလိပ်ဆန့်ကျင်ရေး စိတ်ဓါတ်တွေအရှိန်အဟုန်မြင့်ချိန်ဆိုတော့ သတင်းစာတွေကလဲ စံဖဲကို ရော်ဘင်ဟုဒ်လို အုပ်ချုပ်သူကိုတော်လှန်ပြီး ဆင်းရဲသားတွေကို စောင့်ရှောက်သူလိုရေးကြပြောကြ၊ နန်းတော်ရှေ့ဆရာတင်ကလဲ သာစည်ကစံဖဲ ဆိုပြီးသီချင်းရေးလို့ လောဘာတီမမြရင်ကဆိုလို့ပေါ့၊ ဒါပေမဲ့လဲ အုပ်ချုပ်ရေးပရိယာယ်ကြွယ်တဲ့ အင်္ဂလိပ်လက်မှာ စံဖဲအဖမ်းခံရတာပါပဲ။


ဒီအကြောင်းကို ကိုကြီးကျောက်တို့်ငယ်ငယ်က မင်းသားရွှေဘက တောပုန်းကြီးစံဖဲ ဆိုပြီးရုပ်ရှင်ရိုက်ထားပါသေးတယ်၊ စံဖဲလဲ မြင်းခြံထောင်မှာကြိုးပေးခံလိုက်ရတယ်၊ စံဖဲကိုထောင်နားကချောင်းဒေါင်းသုဿန်မှာ သင်္ဂြိုလ်ထားတော့ လူကြီးတွေက ကိုကြီးကျောက်တို့ကလေးတုန်းက စံဖဲဒီမှာမြှုပ်ထားတာပေါ့လို့ ပြကြတယ်၊ ခုတော့လဲ လူနေရပ်ကွက်ဖြစ်နေပြီပြီမို့ စံဖဲလဲဘယ်သူ့အိမ်ထဲပါသွားသလဲတော့ မသိတော့ပါဘူး ၊


လွတ်လပ်ရေးရပြီးစရောင်စုံသူပုန်တွေ ထကြွနေချိန်မှာပဲ ချန်ကေရှိတ်ရဲ့ တရုတ်ဖြူတပ်တွေက ဗမာပြည်ထဲရောက်လာပါရောလား၊ အဲဒီအချိန်က မော်လမြိုင်ရထားကို သူပုန်တွေစီးပြီး ရထားပေါ်ပါတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသူတွေကို ဖမ်းပြီးတရုတ်ဖြူကိုရောင်းစားတဲ့ သတင်းကလဲ တနိုင်ငံလုံးတုန်လှုပ်သွားခဲ့တာပေါ့၊ ကိုကြီးကျောက်တို့ လူမှန်းသိချိန်မှာတော့ ပဲခူးရိုးမက ကွန်မြူနစ်သောင်းကျန်းသူတွေက ရန်ကုန်မန္တလေးရထားကို ခနခနမိုင်းထောင်တာတွေကြုံရတာပဲ၊


ကိုကြီးကျောက်တို့ဗမာပြည်အလယ်ပိုင်းမှာတော့ အဲဒီအချိန်မှာ သောင်းကျန်းသူ သူပုန်ဆိုတာမရှိတော့ပေမဲ့ ဒါးပြတွေသောင်းကျန်းနေတာပေါ့၊ ရေစကြိုနယ်က ရှင်မတောင်ဒါးပြဂိုဏ်းက ပခုက္ကူ၊ရေစကြို ၊မြိုင်နယ်တကြောဖိန့်ဖိန့်တုန်ပေါ့၊ ဒါးပြခေါင်းဆောင်က ရှင်မတောင်ခင်မောင်တဲ့၊ သူ့ညီက မောင်ကျော်တဲ့၊ ဒါးပြတိုက်ပြန်ပေးဆွဲတဲ့ ဒဏ်ကိုဧရာဝတီမြစ်အနောက်ဖက်တကြောမှာ အင်မတန်ခံရတော့ မြစ်အရှေ့ဖက်မြင်းခြံနယ်ကို ပိုက်ဆံရှိသူတွေအကုန်ပြေးလာကြတာ ကိုကြီးကျောက်တို့ တော်တော်ကြီးတဲ့အထိတိုင်အောင်ပါပဲ၊


ကိုင်း...သူပုန် သောင်ကျန်းသူ ဒါးပြတွေ အကြောင်းပြောနေလိုက်တာ ကိုကြီးကျောက် သောင်းကျန်းသူဖြစ်နေတဲ့အကြောင်း ပြောရတော့မှာပေါ့၊ ကိုကြီးကျောက်သောင်းကျန်းနေတာက တခြားဟုတ်ရိုးလား၊ ဆေးရုံကဆင်းပြီး အိမ်မှာနားနေကထဲက အစားအသောက်သောင်းကျန်းနေတာပါပဲ၊ မနက်လင်းပြီဆိုရင် ဘုရားရှိခိုး ဆွမ်းတော်ကပ်ပြီး ပထမဆုံးစဉ်းစားတာကတော့ ဘာစားရင်ကောင်းမလဲ ဆိုတာပါပဲ၊ ကော်ဖီနဲ့ ပဲနံပြားစားမလား၊ ခိုတောင်မုန့်တီလေး အသားမပါပဲသုတ်စားမလား၊ ထမင်းပူပူလေးနဲ့ ပဲပြုတ်ဆီဆမ်းပြီး ကုလားဆိုင်ကဝယ်ထားတဲ့ ဘယာကျော်လေးနဲ့ စားမလား၊ဆီထမင်း၊ကောက်ညှင်းပေါင်း၊ဘာစားမလဲ..စဉ်းစားနေရတာ၊ အဲဒါကိုက အလုပ်တလုပ်ဖြစ်နေတာ၊


စားသောက်ပြီးပြန်တော့ ကွန်ပြူတာရှေ့ထိုင် e mail လေးစစ်ရင်း လဖက်သားလေးမြုံ့နေလိုက်၊ ရှောက်သီးဆေးပြားတို့ ဇီးပြားမရမ်းပြားတို့ မြုံ့နေလိုက်နဲ့ နေ့လည်ထမင်းစားချိန်ရောက်ပါလေရော ၊ ထမင်းစားချိန်ကြ အိမ်မှာချက်တဲ့ဟင်းတွေအပြင် စာဖတ်သူနှမ မဆွေ က ကိုကြီးကျောက်စားချင်တာတွေ ဖုန်းဆက်မေးပြီး သူနေတဲ့ ကယ်လီဖိုးနီးယားကနေ မိုင် ၃၀၀၀ လောက်ဝေးတဲ့ ကိုကြီးကျောက်ရှိရာ ဝါရှင်တန်မြို့တော်ကို ပို့ပေးတဲ့အညာစာဟင်းတွေလဲ ဘယ်တော့မှမငြင်းဘူး၊ မရမ်းသီးငပိချက်၊ မန်ကျီးသီးစိမ်းထောင်း၊နှမ်းဖတ်ချဉ်၊ ပုန်းရည်ကြီးလက်ပံခေါင်း၊ ဇီးဖြူသီးသနပ်၊ တွင်းပိုးကျော်၊....သူကမုံရွာသူဆိုတော့ သူချက်တာတွေက အညာသားကိုကြီးကျောက်ကို အစားသောင်းကျန်းခိုင်းသလိုပါပဲ၊


ထမင်းလဲစားပြီးတော့ သစ်သီးမျိုးစုံစားချိန်ပါပဲ၊ စားတဲ့အသီးတွေထဲမှာ စိမ်းစားသရက်သီးကို လျက်ဆားနဲ့ တို့စားတာတောင်ပါသေး၊ နေ့လည်တရေးတမောအိပ်ပြီးရင်တော့ မုန့်လုပ်စားချိန်ပဲ၊ မုန့်လင်မယား၊ မုန့်လုံးရေပေါ်၊ အကြော်စုံ...စိတ်ထင်ရာလျောက်လုပ်စားတာ..ဖြစ်တော့ဖြစ်သွားတာပဲ၊ ခုဆို တော်တော်တောင် လက်ရည်တက်လာပြီ၊ဟိုကဒီက ပို့ပေးတဲ့မုန့်တွေလဲအားပေးလိုက်တာပဲ၊ ဟိုတခါ မန္တလေးက ရွှေစင်ဦး ပို့လိုက်တဲ့ ပုရစ်ကြော်ဆိုရင် ရေနွေးနဲ့ တထိုင်ထဲမြည်းလိုက်တာ အိမ်ကလူတွေတောင် ကိုကြီးကျောက် ဖုတ်ဝင်နေသလားဆိုပြီး အလန့်တကြားတွေ ဖြစ်ကုန်ကြတာပဲ၊


အဲ...မုန့်ဟင်းခါး၊ခေါက်ဆွဲကြော်၊ ကြာဇံကျော်တော့ မကြိုက်လို့ တခါမှလုပ်မစားဖြစ်ပါဘူး၊ ကြာဇံကျော်ဆိုလို့ ပြောရအုန်းမယ်၊ ကိုကြီးကျောက်တို့ငယ်ငယ်က ကိုကြီးကျောက်တို့ အိမ်နားမှာ ဒေါ်ဖွားမြစ်ဆိုတဲ့ အဖွားကြီးရှိတယ်၊ သူကအပျိုကြီးလား၊မုဆိုးမလားတော့ မသိပါဘူး၊ ကိုကြီးကျောက်တို့လူမှန်းသိတော့ သူ့အိမ်မှာ သူတယောက်ထဲပဲရှိတယ်၊ ခွေးတွေ၊ ကြောင်တွေ၊ ရှဉ့်တွေတော့ ရှိတာပေါ့၊ သူ့ဘေးကပ်လျက်က သူ့မောင် ဆရာဦးဖေတင်တို့ လင်မယားအိမ်၊ ဒေါ်ဖွားမြစ်က ယောင်းမဖြစ်သူ ဒေါ်ဖွားဇုံနဲ့က လုံးဝမတည့်ဘူး၊ ထမင်းဟင်းချက်ရင် မီးရေးထင်းရေးစိတ်မချဘူးဆိုပြီ အိမ်ရှေ့ကွက်လပ်မှာ အမြဲထွက်ချက်တယ်၊ လမ်းပေါ်ကလူတွေကလဲ သူ့အိမ်ရှေ့ ဖြတ်သွားရင်း သူချက်ပြုတ်ကြော်လှော်နေတာတွေ့ရင်..." အမေမြစ်..ဘာတွေချက်နေတုန်း".. လို့ နှုတ်ဆက်ကြလို့ ကြာဇံကြော်နေရင်တော့...သူ့ယောင်းမအိမ်ဖက်ကိုလှည့်...ခါးထောက်ပြီး..." ငါတို့က ကြာဇံလဲ ကြော်သဟေ့...ဖာခံလဲ တော်သဟေ့ " ဆိုပြီးကုန်းအော်ပါရောလား၊ ကိုကြီးကျောက်တို့က ကလေးဆိုတော့ သဘောကျပြီးရီကြတာ၊ အင်း...ဘလော့တွေထဲမှာ ကြာဇံကြော်ပြ နေသူတွေ ဒေါ်ဖွားမြစ်နဲ့တွေ့ရင်.....ကြာဇံကြော်အိုးလေးမပြီး ပြေးကြမယ်ထင်တယ်၊..အဟတ်ဟတ်..၊


နေ့လည်အဆာပြေမုန့်လဲလုပ်စားပြီးရော ညစာစားချိန်ရောက်ပါရော....၊ ညစာကတော့ အိပ်ယာဝင်ခါနီးဆိုတော့ များများမစားတော့ပါဘူး ၊ ထမင်းနဲနဲနဲ့ အရည်သောက်လေးတခုခုပေါ့လေ..ဟိုနေ့ကတော့ တရုတ်ဆိုင်ကနေ အမဲအစာအိမ်ဝယ်လာပြီး ဝမ်းတွင်းသားဟင်း အရည်ကြဲကြဲလေးနဲ့ သောက်ပလိုက်တယ်၊ စိတ်လိုလက်ရရှိရင်တော့ ကိုယ့်ဖာသာ ဆူရှီးတလိပ်လောက်လိပ်ပြီး green tea နဲ့ပေါ့လေ၊ စားပြီးလို့ ကွန်ပြူတာမှာ သတင်းလေးဘာလေး ဖွင့်နားထောင်ချိန်မှာတော့ အာလူးကြော်လေးကို မက္ကစီကိုပန်ထွေဖျော် (salsa) လေးနဲ့ တို့စားချိန်ပေါ့၊...


ကိုင်း.....ကိုကြီးကျောက်တို့ ဒီလောက်အစားသောင်းကျန်းနေတာကို လူသိရှင်ကြားရေးဖို့တော့ အစကစိတ်မကူးပါဘူး၊ ဟိုနေ့က DVB မှာ လွှတ်တော်အမတ်မင်း တယောက်က လွှတ်တော်ကြီးမှာ ဆိတ်သားတွေ၊ ဝက်သားတွေ သွားဖြဲနားဖြဲနဲ့ စားနေရကြောင်း ငပိရည်ကြိုးတိုးကြဲတဲပဲ စားနေရတဲ့ သောတရှင်များကို သွားရည်တများများကျအောင် ပြောသွားတာ နားထောင်လိုက်ရတော့ ကိုကြီးကျောက်ကလဲ ကိုယ်စားရတာတွေ ကြွားချင်လာတာပေါ့၊ ဒါ့ကြောင့်..ဒီလောက်အစားသောင်းကျန်းလှတဲ့ ကိုကြီးကျောက် နောက်တပတ်ရွေးကောက်မှာ အမတ်တနေရာတော့ ဝင်ပြီးအရွေးခံမလားစိတ်ကူးတာပဲ၊ ဝန်ကြီးဖြစ်ရင် ဝတ်တတ်အောင် ခုကထဲက ချိပ်ထမီတော့ အဝတ်ကျင့်ထားအုန်းမှ ..ဟုတ်တယ်မို့လားဗျာ။

google ကပုံ ဖြစ်ပါသည်