Wednesday, January 27, 2010

အမေရဲ့ ဝိုင်အိုလက်ပေါင်ဒါ

အင်္ဂလိပ်လက်ထက်က ပေါ်တူဂီလူမျိုးဇနီးမောင်နှံနှစ်ယောက်တို့ စင်္ကာပူကိုစီးပွားရှာဖို့လာကြသတဲ့၊ အဲဒီခေတ်ကတော့ ရေကြောင်းခရီးကိုပဲအားကိုးကြရလေတော့ သင်္ဘောနဲ့လာကြတာပေါ့လေ၊ စင်္ကာပူမရောက်ခင် ရန်ကုန်ဆိပ်ကမ်းကို သင်္ဘောကအရင်ဆိုက်တော့ ရန်ကုန်မြို့ကို ဆင်းကြည့်ကြသတဲ့၊ အဲဒီတော့ရန်ကုန်ကိုအရမ်းသဘောကျကြလို့ ရန်ကုန်မှာနေဖို့ဆုံးဖြတ်ကြသတဲ့၊ ရန်ကုန်မှာ ဒီဇူဇာဆေးတိုက်ရယ်လို့ စီးပွားလုပ်ငန်းကြီးတခု ထူထောင်ခဲ့ကြတာပေါ့၊

ဒီဇူဇာဆေးတိုက်ကို ခုခေတ်လူငယ်တွေကြားဖူးကောင်းကြားဖူးမယ်ထင်ပါရဲ့၊ ဒီဇူဇာဆေးတိုက်အဆောက်အဦးဟာ ဆူးလေဘုရားအနီးက မဟာဗန္ဓုလလလမ်းပေါ်မှာပါ၊ ပြည်သူပိုင်သိမ်းလိုက်တော့ ဆက်သွယ်ရေးကယူထားတယ် ထင်ပါရဲ့ ၊ ကျွန်တော်တို့ငယ်ငယ်က ခမ်းနားလှတဲ့ဆေးတိုက်ကြီးဟာ ခုတော့ဖြင့် ကျွန်စုတ်တဲ့သရက်စေ့ကမှ ပြောင်ရောင်ပေအုန်းမယ်၊ရှေးဟောင်းအဆောက်အဦးကို ကောင်းကောင်းမွန်မွန် ထိမ်းသိမ်းမထားတော့ နှမြောလိုက်တာ၊

ကဲပါလေ ဒီဇူဇာအကြောင်းပဲပြောကြတာပေါ့၊ ဒီဇူဇာဆေးတိုက်က ကျွန်တော်တို့ငယ်ငယ်က အိမ်သုံးဆေးဝါးအမျိုးမျိုးထုတ်ပလေတာကိုး၊ သူ့ရဲ့ကြော်ငြာက ဆေးဝယ်ရင်ဒီဇူဇာမှာ စိတ်ချရသည် တဲ့၊ ကလေးဆေးဝါးမျိုးစုံ၊ ကလေးပေါင်ဒါကအစထုတ်တာကိုး၊ ကလေးပေါင်ဒါက ဒါးတံဆိပ် ဝိုင်အိုလက်ပေါင်ဒါတဲ့၊ ကျွန်တော်တို့ငယ်ငယ်ကတော့ ဒီဝိုင်အိုလက်ပေါင်ဒါနဲ့ ကြီးလာရတာပါပဲ၊ ကျွန်တော်တို့ ညီအကိုတတွေရေချိုးပြီးရင် အမေက သနပ်ခါးလိမ်းပေး၊ ဝိုင်အိုလက်ပေါင်ဒါကို တကိုယ်လုံးလိမ်းပေးတာပေါ့၊ နောက်တော့ အမေက ဝိုင်အိုလက်ပေါင်ဒါကို သူ့ဖာသူလဲကိုယ်လိမ်းတာ ကျွန်တော်တို့ညီအကိုတတွေကြီးထိအောင်ပါပဲ၊

ဒါနဲ့ ကျွန်တော်က အမေရယ် တခြားပေါင်ဒါတွေလဲ အများကြီးရှိတာပဲ ဒီဝိုင်အိုလက် ကလေးပေါင်ဒါတော့ လိမ်းမနေပါနဲ့လို့ပြောတော့... ကျွန်တော့အမေက ကျွန်တော့ကိုပြောတယ်... ဝိုင်အိုလက်ပေါင်ဒါနံ့လေးရတော့ ငါ့သားတွေအလွမ်းပြေတာပေါ့ကွယ်..တဲ့၊ အင်း....ဟုတ်တော့လဲ ဟုတ်ပါရဲ့ အမေ့ရင်ခွင်ထဲမှာ နို့စို့ကလေးဘဝ တုန်းကသာ ကိုယ့်သားကိုပိုင်တာကိုး၊ တောက်တောက်ပြေးပါပြီ ဆိုကထဲက သားတွေကိုမပိုင်နိုင်တော့တာပဲ၊ အဲဒီတော့ ဒီပေါင်ဒါနံ့လေးက သားတွေရင်ခွင်ထဲမှာ ရှိနေဆဲပဲလို့ အမေ့မှာခံစားမိရှာမှာပေါ့လေ၊

ဒါကြောင့်အဲဒီနောက်ပိုင်းမှာ ကျွန်တော် ဘယ်မှာfield ဆင်းဆင်း အမေ့ဆီတော့ ရောက်အောင်တော့ ပြေးတာပဲ၊ မိဘဆိုတာ သားသမီးကို အမြဲမျှော်ကြတာကိုး၊သားများကလဲကိုယ့်အိုး ကိုယ့်အိမ်ထောင်နဲ့ဆိုရင် မိဘဆီတနှစ်တခေါက်ရောက်ဖို့ ခဲယဉ်းဘိခြင်း၊ လွန်ခဲ့တဲ့ ၁၅နှစ် ၁၆နှစ်လောက်ကတော့ ကျွန်တော်က ဝိုင်အိုလက်ပေါင်ဒါအစား Johnson and Johnson baby pounder ကိုအမြဲဝယ်ပေးတယ်၊ သားကဝယ်ပေးတာဆိုတော့ ကျေကျေနပ်နပ်နဲ့ လိမ်းတာ တမြန်နှစ်က ဆုံးတဲ့ထိအောင်ပါပဲ၊ အမေတို့အမျိုးက အသက်ရှည်တဲ့အမျိုးဆိုတော့ အမေဆုံးတော့ ၈၈ နှစ်ရှိပြီ၊

အမေဆုံးပြီး၆လလောက်ရှိတော့ အမေနဲ့ရင်ကပ်နေတဲ့ နှမအပျိုကြီးက ဖုန်းဆက်တယ်၊ ညညတွေမှာ မကြာမကြာဆိုသလို Johnson ပေါင်ဒါနံ့တွေ တအိမ်လုံးမွှေးနေသတဲ့၊ အဲလိုမွှေးပြီးရင် နှစ်လုံးထီပေါက်သတဲ့.. ကဲ...ကြည့်စမ်း..သူတို့များဟန်ကျလိုက်တာ၊ အမေ့ခမြာ သားဇောသမီးဇော စွဲလန်းမှုတွေကျန်ထင်ပါရဲ့၊ ဒါနဲ့ သူတို့ကျောင်းကဆရာမအုပ်စုတွေ ကျောင်းပိတ်ရက်မှာ မြင်းခြံအနောက်ဖက်ကမ်းက ရေစကြိုနယ် ပေါက်တောဆိုတဲ့ ရွာမှာ တမလွန်ကသူတွေနဲ့ ဆက်သွယ်ပေးနိုင်တဲ့ အမျိုးသမီးဆီသွားကြသတဲ့ ၊ ကြို့ပင်ကောက်က နတ်လေချွန်မျိုးနေမှာပေါ့လေ၊ ကျွန်တော့နှမအပြောအရဆိုရင် တကယ်လဲ ဆက်သွယ်နိုင်ခဲ့သတဲ့၊ အဲဒီနောက်ပိုင်းမှာတော့ ပေါင်ဒါနံ့လဲမရတော့တာမို့ တဘုံတဘဝကိုတော့ ကူးပြောင်းသွားပြီထင်ပါရဲ့တဲ့၊

အမေဆိုတာမျိုးက သားသမီးဇောကြီးတတ်တာမျိုး မဟုတ်ပါလား၊ အမေရိကမှာ လူမပြောနဲ့ တိရစ္ဆာန်တောင် အေးအေးချမ်းချမ်းနေရတာဆိုတော့ ဘယ်တိရစ္ဆာန်မှ လူကိုကြောက်စရာလို့မထင်ကြပါဘူး၊ တောငန်းကြီးတွေ၊ သမင်တွေများလူမြင်ရင်ဖုတ်လေတဲ့ငပိ ရှိတယ်တောင်မထင်ဘူး၊ ဖလောရီဒါမှာနေတုန်းက ကွန်တော်လုပ်တဲ့ super market ဘေးက ပန်းခြုံထဲမှာ ရေဘဲလေးတွေပေါက်နေတာကိုး ဘဲပေါက်လေးတွေ သဘောကျလို့ ရပ်ကြည့်နေတုန်း ဘဲမကြီးက ရန်ထောင်လိုက်တာ ကက်ကက်လန်နေတာပဲ၊ ဪ...သားသမီးဇောကိုး၊ သူ့ဖာသူဆိုရင် လူတွေကိုတယ်အရေးစိုက်လှတာမဟုတ်ဘူး၊

တပို့တွဲလပြည့်နေ့ကို စာရေးဆရာ၊ဒါရိုက်တာဘဘဦးသုခတို့က မြန်မာ့အမေနေ့လို့ သတ်မှတ်ပြီး အမေကို ပူဇော်ပွဲအခန်းအနားကျင်းပကြတာမို့ အမေနေ့ အမှတ်တရလေး ရေးဖြစ်ပါတယ်၊ သားရှင်bloggerနှမများ ဝိုင်အိုလက်ပေါင်ဒါတော့ ဆောင်ထားရင်မမှားဘူးပေါ့ခင်ဗျာ၊ သားများကတော့ မယားနောက်ကောက်ကောက်ပါ ဖို့ကတော့ ၉၀%ပါပဲ၊

စာကြွင်း။ ။ ကိုယောတို့ ကိုချစ်ဖေကြီးတို့က အမေနေ့က ပြာသိုလပြည့်လို့ပြောတယ်၊ ကျွန်တော်အမှတ်မှားတာဖြစ်ပါလိမ့်မယ်၊ တလပဲကွာတာပါ..အဟဲ၊ဘကျောက်တို့ အသက်ကြီးလာတော့လဲ ပမာဒ လေခသွားတယ်ထင်ပါရဲ့

Saturday, January 23, 2010

ပုဂံဘုရားကျိန်စာနှင့်ဘုရားအစောင့်အရှောက်များ


ရှေးခေတ်ပုဂံဘုရားတွေမှာ ကုသိုလ်ရှင်တွေက ကိုယ့်ကောင်းမှုကုသိုလ်ကို မသမာသူတွေဖျက်ဆီးကြမှာစိုးလို့ ကျိန်စာဆိုခဲ့ရေးထိုးထားခဲ့တာတွေ ရှိခဲ့တာကိုး၊ ကျန်စစ်မင်းကြီးနဲ့ မိဖုယားဦးဆောက်ပန်း (တြိလောကဝဋံသကာဒေဝီ) တို့ရဲ့သား ရာဇကုမာရ်မင်းသားရဲ့ ကောင်းမှုကျောက်စာမှာလည်း ရေးထိုးထားတာက အရိမေတ္တယျဘုရားသခင်ကို မဖူးရပါစေနဲ့တဲ့၊

အမျိုးမျိုးကျိန်စာဆိုခဲ့တာတွေ ကလဲခုထိမပျယ်သေးဘူးထင်ပါရဲ့၊ ၁၉၉၀ ပြည့်နှစ်တွေလောက်က ဇင်းမယ်(Chaingmai)နဲ့ ညောင်ဦး လေယာဉ်ခရီးစဉ်တွေ ပြေးဆွဲတုန်းက ရှေးဟောင်းဘုရားတွေ ခိုးပြီးရောင်းကြဝယ်ကြ လုပ်ကြတာကိုး၊ အဲဒီဘုရားရောင်းကြတဲ့ကိစ္စ ဖမ်းမိတော့ ညောင်ဦးကရောပုဂံကပါ ကျွန်တော့အသိတွေ ပါကြတယ်၊ ဒီဘုရားတွေကလဲ အစောင့်အရှောက်ပုဂ္ဂိုလ်တွေ ဘယ်လိုရှိသလဲတော့မသိဘူး၊ ဘုရားတွေကိုရဲစခန်းမှာ သက်သေခံပစ္စည်းဆိုပြီးထားတာ ညဆိုရင်ဆင်းတုတွေက ခုန်နေလို့ရဲတွေတောင် လန့်ကုန်ကြသတဲ့၊ အမှုကိုညောင်ဦးမှာ မစစ်ပဲ မြင်းခြံမှာစစ်ရတယ်၊ အရပ်စကားကတော့ လာဘ်စားတဲ့ တရားသူကြီးဝမ်းတောင်လျှောသတဲ့၊

ပုဂံမှာ စေတီပုထိုးတွေ တည်ကြတော့ တချို့ကုသိုလ်ရှင်များက ဘုရားဝေယျာဝေစ္စအတွက် ဘုရားကျွန်တွေလှူခဲ့ကြသတဲ့၊ ဒီဘုရားကျွန်တွေရဲ့ စွဲလန်းယုံကြည်မှုတွေကလဲ ခုထိမပျောက်သေးပါခင်ဗျာ၊ ညောင်ဦးနဲ့မြင်းခြံဆိုတာက မိုင်၃၀ကျော်ပဲ ဝေးတော့ ရေအိုးနဲ့ရေမှုတ်ဆိုသလိုပါပဲ၊ ဒီတော့ ပုဂံက ဘုရားကျွန်တွေက ရေကြည်ရာမြက်နုရာဆိုသလို မြင်းခြံမှာ သူတို့အစုလေးနဲ့နေကြတာကိုး၊ သူတို့ရပ်ကွက်လေး ၂ ခုရှိတယ်၊ တောင်ရွာလေးနဲ့ မြောက်ရွာလေးတဲ့၊

သူတို့က တချို့ကအစိုးရဝန်ထမ်းတွေ၊တချို့ကိုယ်ပိုင်လုပ်ငန်းလေးတွေနဲ့ ပြေပြေလည်လည်ရှိပေမဲ့ တနှစ်မှာတခါတော့ အနဲဆုံး တောင်းစားတဲ့အမှုပြုရသတဲ့၊ ကျွန်တော်တို့ ရပ်ကွက်ထဲက ဘုရားမှာဆွမ်းတော်တင်ရင် သင်ပုတ်ပေါ်စွန့်တဲ့ ဆွမ်းတော်ကို စတိတော့ စားကြသတဲ့၊ ဒီလိုမှမလုပ်ကြရင် စီးပွားရေးအိမ်တွင်းရေးတွေ အဆင်မပြေဘူးတဲ့၊ကျွန်တော့ အမေဖက်က အကိုနှစ်ဝမ်းကွဲ ကိုရဲမြင့်ရဲ့ ဒုတိယအိမ်ထောင်က ရွာလေးသူဆိုတော့ သူကမွေးတဲ့ ကျွန်တော့တူတူမတွေက ကျွန်တော်တို့နဲ့ဆက်ဆံဖို့ သူတို့ဖာသာအားငယ်ပြီး မဝံ့မရဲဖြစ်ကြရှာတယ်၊ သူတို့ယုံကြည်စွဲလမ်းမှုဆိုတော့လဲ အခက်သား၊

ကဲ..မျက်စေ့နဲ့မြင်ဖို့မလွယ်တဲ့ အစောင့်အရှောက်အကြောင်း ဆက်ပြောသေးတာပေါ့၊ ကျွန်တော့အမေ့အကိုကြီးက လူပျိုကြီး ၊ အခွန်ရုံးစာရေးကြီး၊ ABMကျောင်းက ၇ တန်းအောင်တေြာ့မင်းခြံအခွန်ရုံးမှာစာရေးဝင်လုပ်သတဲ့၊ သူကသောက်ရရင်ကျေနပ်တဲ့သူဆိုတော့ လစာကတဝက်တောင်ပြန်မပါလာတတ်ဖူးတဲ့၊ အဲဒီခေတ်ကတော့ အရက်ကောင်းတွေသောက်ရလို့ထင်ပါ့ ကျွန်တော့ဦးကြီးဆုံးတော့ ၈၆ နှစ်၊ ခုခေတ်တော့ ဗမာပြည်ကလူတွေ အရက်သောက်လို့ အသက် ၃၀၊၄၀ အရွယ်တွေ သေကုန်ကြတာပဲ၊

ကျွန်တော့ဦးကြီးအကြောင်း ဆက်ကြဦးစို့၊ကျွန်တော့ဦးကြီးက လုပ်သက်တွေရလို့ ရာထူးတိုးပေးလဲမယူဘူးတဲ့၊ တခြားမသွားချင်ဘူးလေ၊ သူကအစားရောအသောက်ရော မက်တာဆိုတော့ တခြားတမြို့မှာဆိုရင်ခက်မယ်ပေါ့လေ၊ နောက်ဆုံး ရုံးအုပ်စာရေးကြီးကိုယ်တိုင် အိမ်လိုက်လာပြီး ညောင်ဦးကို ရာထူးတိုးယူပြီး တနှစ်လောက်တော့ သွားနေပါ၊ တနှစ်ရှိရင်မြင်းခြံပြန်ခေါ်ပါ့မယ် ဂတိပေးမှသွားသတဲ့၊ ညောင်ဦးမှာ တနှစ်နေပြီး ကျွန်တော့ဦးကြီးအစား သွားတာက ကျွန်တော်တို့တောင်ဖက်လမ်းက ဘကြီးပွ၊ အဲဒီမှာညောင်ဦးကလူတွေလဲ တအံ့အောဖြစ်ကြတော့တာပဲ၊ ဘာလို့လဲဆိုတော့ ဘကြီးပွက မယားနှစ်ယောက်နဲ့သွားတာကိုး၊ မြင်းခြံက အခွန်စာရေးကြီးတွေ မရှိပြန်တော့လူပျိုကြီးအရှင်း၊ ရှိပြန်တော့ မယားနှစ်ယောက်ဆိုသလိုဖြစ်နေတာမျိုးပါ့၊

ကျွန်တော့ဦးကြီး ညောင်ဦးမှာနေတုန်း တရက်မှာတော့ မိတ်ဆွေတချို့နဲ့ ဝက်ကြီးအင်းဖက်အလည်သွားကြသတဲ့၊ သောက်ဖို့သွားတာနေမှာပေါ့လေ၊ ဝက်ကြီးအင်းကတော့ ပျူစောထီးရာဇဝင်နဲ့တော့ဆက်စပ်တာပဲ၊ကောင်းကောင်းတော့မမှတ်မိတော့ဘူး၊ အပြန်လသာသာ မူးမူးနဲ့ပြန်လာကြတာမှာ လမ်းနဲ့မလှမ်းမကမ်း ဂူဘုရားတဆူမှာ ဝင်းဝင်းပြောင်ပြောင်လှမ်းမြင်ရသတဲ့၊ ဘာလဲလို့သိချင်ကြတာနဲ့ ဘုရားထဲဝင်ကြည့်ကြတော့၊ အဲဒီဝင်းဝင်းပြောင်ပြောင်က ဘုရားကြမ်းပြင်အုတ်ချပ်အောက်က ထွက်နေသတဲ့၊

ဒါနဲ့ အဲဒီအုတ်ချပ်ကို အနီးအနားကရတဲ့ ဝါးချွန် တုတ်ချွန်တွေနဲ့ ထိုးကော်ကြသတဲ့၊ နွေရာသီဆိုတော့ အိုက်ကလဲအိုက်သမို့ အင်္ကျီတောင်မဝတ်နိုင်ဘူးပေါ့၊ အုတ်ခဲကိုမဲပြီးရအောင်ကော်ထုတ်နေတုန်း မောင်ရင်တို့ ဘာလုပ်နေကြသတုန်းလို့ မေးသံကြားကြသတဲ့ ၊ ဒါနဲ့အသံလာရာကို ဟိုဟိုဒီဒီကြည့်ကြတာပေါ့၊ မေးတဲ့ပုဂ္ဂိုလ်က ဘုရားဆင်းတုတော်နောက်ကနေ ထွက်လာတာ အရပ်ကြီးကလဲ ဂူဘုရားခေါင်မိုးထိနေတာပဲတဲ့၊ အို....ဘာပြောကောင်းမလဲ လက်ထဲရှိသမျှ အကုန်ပစ်ချပြီး ဝရုံးသုန်းခတ်ပြေးလိုက်ကြတာ၊ မူးတာတွေလဲဘယ်ရောက်ကုန်မှန်းမသိ၊ ပုဆိုးတွေလဲ ဘယ်ခြုံမှာငြိကျန်ခဲ့လဲမသိ၊ အိမ်မှာပြန်ဆုံတော့ အကုန်လုံး တုန်းလုံးချွတ်တွေမို့ အိမ်မှာရှိတဲ့သူတွေကဝိုင်းရီကြသတဲ့၊

ပုဂံရှေးဘုရားတွေမှာ အစောင့်ရှောက်ပုဂ္ဂိုလ်တွေ ရှိတတ်တာမျိုးမို့၊ ဒီလိုမျိုးကြုံတတ်ကြပါတယ်၊ ကိုကြီးကျောက် ဗမာပြည်ရောက်ရင် ညနေစောင်းမှ စိတ်ကူးပေါက်ရင် ရွှေစည်းခုံဘုရားကြီးကို မြင်းခြံကနေ သွားဖူးတတ်တာမျိုး၊ လူသူလေးပါးတိတ်ဆိတ်တဲ့ ဂူဘုရားတွေမှာ ပုတီးစိတ်တာမျိုးလုပ်တတ်ပေမဲ့ ညောင်ဦးကို ပုဆိုးမပါပဲပြေးရအောင်တော့ မကြုံခဲ့ရဘူးပါခင်ဗျာ။
(ပုံကို AncientBagan.com မှယူပါသည်)

Wednesday, January 20, 2010

ပိန်ဆေး သရဲ

ကျွန်တော်တို့ ချင်းတွင်းနယ်တကြောမှာ field ဆင်းကြပြီဆိုရင် ပထမစခန်းတထောက်ကတော့ မုံရွာပဲ၊ မန္တလေး၊မုံရွာ၊ရွှေဘို၊ပခုက္ကူ၊မြင်းခြံ၊မိတ္ထီလာ၊ ဆိုတဲ့ဗမာပြည်အလယ်ပိုင်းက မြို့တွေကကျွန်တော့အတွက်တော့ ကိုယ့်မြို့ကိုယ့်ရွာလိုချည်းပါပဲ၊ မုံရွာရောက်ပြီဆိုရင်မုံရွာကသူငယ်ချင်းတွေနဲ့ ဟိုဟိုသည်သည်လျှောက်လည်၊ ချင်းတွင်းမြစ်ကိုကူးပြီး ကြေးစင်တောင်၊လက်ပံတောင်းတောင်မှာ field ဆင်းနေတဲ့သူငယ်ချင်းတွေဆီလဲ ရောက်တဲ့အခါရောက်ပေါ့လေ၊

မုံရွာအနောက်ဖက်ကမ်းက ဆားလင်းကြီးမြို့နယ်ထဲမှာပါတယ်၊ ချင်းတွင်းမြစ်အနောက်ဖက်ကမ်းဒေသဟာ ကျွန်တော်တို့ငယ်ငယ်ကတော့ နာမည်ကျော်နယ် နှစ်နယ်ရှိတယ်၊ ပခန်းနယ်နဲ့ ဗန့်ကျီ(ဗဂျီ လို့အသံထွက်တယ်) နယ်တွေပါပဲ၊ ပခုက္ကူမြောက်ဖက်၊မြင်းခြံအနောက်ဖက်က ပခန်းနယ်တဲ့၊ ပခန်းနယ်မြောက်ဖက်၊မုံရွာအနောက်ဖက်က ယင်းမာပင်၊ပုလဲ၊ဆားလင်းကြီးဒေသက ဗန့်ကျီနယ်တဲ့၊ဗန့်ကျီနယ်ကယောနယ်နဲ့ကလဲ တဆက်ထည်းဆိုတော့ ကျွန်တော်တို့ငယ်ငယ်ကတော့ ပညာသည်တွေအလွန်ပေါတယ်လို့ကျော်စောတာပေါ့၊ ပညာသည်ဆိုတာ စုန်း ပညာရှင်တွေကိုပြောတာပါ၊ စုန်းတွေအကြောင်းတော့ သီးခြားရေးပါဦးမယ်၊

ကဲ..အခုတော့ ဗန့်ကျီနယ်က သရဲအကြောင်းပဲ ဆက်ကြဦးစို့၊ ကျွန်တော်ကြေးစင်တောင်ရောက်တော့ မိုင်း ထဲမှာ စက်ကြီးမောင်းတဲ့ ကိုပေသီးက အတွေ့အကြုံရှင်းလင်းပွဲတရပ်လုပ်နေတယ်၊ ကိုပေသီးက ထန်းတောရွာသား၊ သူ့ရွာက မုံရွာတဖက်ကမ်းညောင်ပင်ကြီးရွာကနေ အတွင်းထဲဆက်ဝင်ရတယ်၊ သူကနေ့တိုင်းကြေးစင်တောင်မိုင်းကို ထန်းတောကနေ စက်ဘီးစီးပြီးအလုပ်ဆင်းတယ်၊ ၆မိုင် ၇မိုင်လောက်တော့ဝေးတာပေါ့လေ၊ ထန်းတောကနေ ညောင်ပင်ကြီး၊အဲဒီကမှ ကတ္တရာလမ်းအတိုင်းဆက်နင်းရတာပေါ့၊

ဒါနဲ့ ကိုပေသီး ဘာအကြောင်းတွေများ အာပေါင်အာရင်းသန်သန်နဲ့ ပြောနေပါလိမ့်လို့ မေးလိုက်တော့ ကိုပေသီးလဲ သူ့ဘိုကေအလယ်ခွဲ ကိုအသာသပ်ပြီးတော့မှ ဖြစ်ကြောင်းရယ်ကုန်စင်ပြောပြရှာပါတယ်၊ မနေ့က ကိုပေသီး ပြန်တော့ ညောင်ပင်ကြီးရောက်ချိန်မှာ ၅နာရီခွဲလောက်တော့ ရှိပါပြီတဲ့၊ ဒါပေမဲ့ ဆောင်းနေဆိုတော့ နေဝင်စောတာမို့ နေဝင်ဖြိုးဖြ ဖြစ်နေပြီ၊ ထန်းတောကို သွားတဲ့လမ်းက ညောင်ပင်ကြီးရွာ သင်္ချိုင်းနံဘေးက ဖြတ်သွားရတယ်၊ ရွာပြန်နေကြလမ်းဆိုတော့လဲ သင်္ချိုင်းကိုသတိတောင်မရတော့ဘူး၊ အမြဲသွားနေကြဆိုတော့ ဖာသိဖာသာပါပဲ၊ မနေ့ကတော့ စက်ဘီးလေးစီးရင်း ကိုယ့်အတွေးလေးနဲ့ကိုယ်နင်းလာလိုက်တာ ညောင်ပင်ကြီး
သင်္ချိုင်းအလွန်လောက်မှာ နောက်က တဝုန်းဝုန်း အသံကြားလို့ လှည့်လဲ ကြည့်လိုက်ရော.....

ရှိသမျှဆံပင်တွေတောင် ထောင်သွားသလားအောက်မေ့ရတယ် ဘာကိုတွေ့လိုက်ရသလဲဆိုတော့ ...ဗမာရွာတွေမှာက နာရေးကိစ္စဆိုရင် ပြဿဒ်စင်ကလေးနဲ့ လူတွေကထမ်းပြီးသင်္ချိုင်းကို ထမ်းပို့ရတာကိုး၊ ပြီးရင် အဲဒီပြဿဒ်လေးကို သုဿန်ဇရပ်မှာပဲ ထားခဲ့ပြီး နောက်ကိစ္စပေါ်မှ ယူသုံးကြတာလေ၊ အဲဒီအလောင်းတင်ပြဿဒ်က ထမ်းသူမပါပဲ ကိုပေသီးနောက် ဝါးတရိုက်လောက်အကွာကနေ တဝုန်းဝုန်းနဲ့ လိုက်လာတာကိုး၊

အို...ဘာပြောကောင်းမလဲ ကိုပေသီး လဲ speed ကို၂ဆ၊၃ဆ တိုးပြီးနင်းတော့တာပဲ၊ မောလွန်းမက မောလို့ နောက်လှည့်ကြည့် ပြန်တော့လဲ ဒီပြဿဒ်က ဝါးတရိုက်လောက်က ခုန်ဆွခုန်ဆွပါလာတုန်း၊ ဟယ်..မလျှော့လေနဲ့ ဆက်နင်းဆက်နင်းဆိုပြီး နင်းလိုက်တာ ဆောင်းတွင်းမှာ ချွေးပြိုက်ပြိုက်ကိုကျလိုက်ပုံများ ရေချိုးထားသလိုပါပဲတဲ့၊ လမ်းကလဲ လူသွားလူလာပြတ်လိုက်ပုံများက ထန်းတောရွာသာမြင်ရရော လမ်းမှာဘယ်သူမှမရှိတဲ့၊ ရွာနားရောက်လို့ အားရှိလာလို့ နောက်လှည့်ကြည့်တော့လဲ မောင်မင်းကြီးသားက တလှုပ်လှုပ်နဲ့နောက်ကပါလာတုန်းတဲ့၊ ရွာထိပ်ရောက်လို့ ဘယ်သူရေ၊ဘယ်ဝါရေနဲ့ အော်ခေါ်ပြီး နောက်လှည့်ကြည့်တော့ မရှိတော့ဘူးတဲ့၊

ရွာထိပ်က အိမ်တအိမ်မှာ တော်တော်အမောပြေအောင်နားပြီးမှ အိမ်ကိုပြန်နိုင်သတဲ့၊ အခုမနက် အလုပ်လာတော့ ပေါင်တွေ ခြေသလုံးတွေတင်းတောင့်နေတာပဲတဲ့ ၊ မနက်က အလာမှာ ညောင်ပင်ကြီးသုဿန်ဇရပ်မှာ ပြဿဒ်ကိုလှမ်းကြည့်တော့..အမယ် .သူမဟုတ်သလိုပဲတဲ့ ဇရပ်ပေါ်မှာ အိနြေ္ဒရလို့တဲ့၊ ကျွန်တော်တို့က ကိုပေသီးကို ညောင်ပင်ကြီးသုဿန်က သရဲသူငယ်ချင်းတွေ ခင်ဗျားကို နောက်ချင်ပြောင်လို့ လိုက်လာတာနေမှာပေါ့လို့ပြောတော့ နေ့တိုင်းသာဒီလိုနင်းရရင် လူလဲခြေသလုံးပဲကျန်တော့မယ်ဆရာရေ့လို့ပြောပါတယ်၊ ဝတဲ့သူတွေ ဒီလိုစက်ဘီးသာစီးရရင် ချက်ချင်းပိန်စေရမယ်ဆရာရေတဲ့...၊

ပိန်ချင်လို့ fitness center သွားကြတဲ့ blogger မမများ၊ ဝက်မလေးအခေါ်ခံရသူများ ကိုကြီးကျောက်နဲ့ ညောင်ပင်ကြီးလိုက်ခဲ့ပြီး တလလောက်စက်ဘီးစီးလေ့ကျင့်ရရင်ဖြင့် မသွေမုချပိန်မှာဧကန်ပါပဲခင်ဗျာ၊

Sunday, January 17, 2010

နေပြည်တော်ပြောင်းရွှေ့ဖို့ ကျွန်တော်တို့ကြံရွယ်ခဲ့စဉ်က

နေပြည်တော်ကိုရန်ကုန်မြို့တော်ကနေ ဘဘဘိုချုပ်ကြီးများက ခုမှရွှေ့ပြောင်းကြပေမဲ့ ကျွန်တော်တို့ရွှေ့ပြောင်းဖို့ ကြံရွယ်ခဲ့ကြတာ ကြာပြီခင်ဗျ၊ လွန်ခဲ့တဲ့ အနှစ်အစိတ်လောက် ကထဲကခင်ဗျ၊
ပြောင်းဖို့ကြံရွယ်ခဲ့တာတော့ ရခိုင်ရိုးမကို ဘူမိဗေဒမြေပုံရေးဆွဲဖို့ကွင်းဆင်းခဲ့ကြပြီး အပြန်မှာကျွန်တော်တို့သူငယ်ချင်း တတွေစိတ်ကူးမိကြတာပါပဲ၊

ကျွန်တော်တို့ ဘူမိဗေဒလေ့လာရေးနဲ့ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာန မှာဘူမိဗေဒပညာရှင်က တထောင်ကျော်ရှိတယ်
အများအားဖြင့် ယောင်္ကျားတွေဆိုတော့ အမျိုးသားရုံးလို့ ခေါ်ရမှာပေါ့ခင်ဗျာ၊ အမျိုးသမီးကရှိတော့ရှိပါရဲ့ အုပ်ချုပ်ရေးတို့၊ ငွေစာရင်းတို့၊ ဓါတုဗေဒဓါတ်ခွဲခန်းတို့လောက်မှာပဲ ငယ်ငယ်ရွယ်ရွယ်ရှိတယ်၊ ကျန်တာကတော့ ကျွန်တော်တို့အခေါ် အဖွားကြီးတွေပေါ့ခင်ဗျာ၊ ဓါတ်ခွဲခန်းကအမျိုးသမီးများကလဲ ယောင်္ကျားတွေတပြုံချည်းထဲမှာ သူတို့ကရှားရှားပါးပါးဆိုတော့ အကဲကခပ်ပါပါ၊ ပြီးတော့ မဆလခေတ်မှာ ဓါတုဗေဒတယောက်အနေနဲ့ ရန်ကုန်ရုံးချုပ်မှာ အလုပ်ရဖို့ဆိုတာက ပတ်သက်ရာပတ်သက်ကြောင်းမှဆိုတော့...အဲဒီတော့ ကျွန်တော်တို့နဲ့ သိတ်အစေးမကပ်လှဘူးပေါ့ဗျာ၊

ကဲ..ရခိုင်ရိုးမ field အကြောင်းပြန်ဆက်ရအောင်၊ ရခိုင်ရိုးမကို ဘူမိမြေပုံထုတ်မယ်ဆိုတော့ အရှေ့ခြမ်းနဲ့အနောက်ဖက်ခြမ်း နှစ်ပိုင်းခွဲလိုက်တာကိုး၊ အရှေ့ခြမ်းက မင်းတုန်း၊သရက်၊ ရွှေစက်တော်တို့လို အပိုင်း၊ အနောက်ပိုင်းကတော့ အခု ငွေဆောင်ကမ်းခြေဖက်ကနေ ကမ်းရိုးတန်းအတိုင်း စစ်တွေ၊ မြောက်ဦး၊နဲ့ ချင်းပြည်နယ် ပလက်ဝဒေသအထိအပိုင်း၊

ရခိုင်ရိုးမကလဲ အဲဒီအချိန်က တောကလဲထူ၊တောကောင်တွေကလဲပေါလိုက်တာ field အတွက်လုံခြုံရေးလိုက်ပေးတဲ့ စစ်တပ်က point အဖွဲ့နဲ့ နောက်ကလိုက်တဲ့ ကျွန်တော်တို့ အဖွဲ့ကြား ၅ မိနစ်လောက်အတွင်းမှာကို ကျားက ဖြတ်သွားတတ်တာမျိုး၊ ကျားတွေကလဲ ဘယ်လောက်တောင်ရဲတင်းသလဲဆိုရင် ညမှာတောတွင်းမှာစခန်းချ ချက်ပြုတ်စားသောက်ကြပြီးလို့ မီးဖိုပြီးဝိုင်းထိုင် စကားပြောနေကြတုန်းကို အတင်းဝင်ဆွဲတာ၊ မိတ္ထီလာက သူငယ်ချင်းတင်ဝင်း ဆိုရင် ကံကြီးပေလို့သာပေါ့၊ ကျားကခုန်အုပ်ဝင်ဆွဲတော့ ကျားကအစာပဲမြင်ပြီး အိပ်ဖို့ထောင်ထားတဲ့ခြင်ထောင် ကြိုးတန်းမမြင်တော့ ကြိုးတန်းနဲ့တိုက်ပြီး ဟန်ချက်ပျက်လို့ သူတို့မီးလှုံတဲ့နံဘေး ဘိုင်းကနဲ ကျလာသတဲ့၊ ဒါတောင် ကျားလက်ဝါးနဲ့ ပုခုန်းလျပ်ပြီးအပုတ်ခံရတာ အနွေးထည် ၃ထပ်လောက်ဝတ်ထားတာ ပြဲပြီးပါသွားသတဲ့၊

ကျွန်တော်တို့ရောက်တဲ့နေရာကတော့ ချင်းပြည်နယ်အနောက်ခြမ်း၊စစ်တွေကနေ ကျောက်တော်၊ အဲဒီကမှ ကုလားတန်မြစ်အတိုင်းဆန်တက်သွားပြီး ပလက်ဝ ရောက်တာကိုး၊ ပလက်ဝနယ်ကတော့ ခမွီးချင်းတွေအများစုနေတာပါပဲ၊ ခမွီးချင်းတွေ ကအဲဒီအချိန်က လူသူအရောက်အပေါက်နဲ တဲ့ဒေသမှာနေကြတာဆိုတော့ အင်မတန်ရိုးသားကြတာ၊ သူတို့ကိုင်တဲ့ဒါးက အသွားတဖက်ပဲရှိတယ်၊ ဒါ့ကြောင့် သူတို့စကားပုံမှာ ဒါးကိုတဖက်ပဲသွေးသတဲ့စကားကိုတခွန်းပဲပြောသတဲ့ ၊

သူတို့ဝတ်စားဆင်ယင်မှု ပြောရရင်တော့ အမျိုးသမီးများက စကပ်တိုတိုလေးဝတ်ထားသလိုမျိုး၊ ထမိန်တိုတိုလေး ဒူးအထက်မှာပတ်ထားတာ၊ ဒီလိုတိုတိုဝတ်ပေမဲ့ အနေအထိုင်ကလဲပိယိလိုက်တာ အမြင်မတော်မဖြစ်စေရဘူး၊ ကျွန်တော်စင်ကာပူမှာရှိတုန်းက ရွာကရောက်စဗမာမတွေ သူများတိုသလိုအတင်းလိုက်တိုလိုက်ကြတာ MRT ပေါ်မှာထိုင်ကြပြီဆိုရင် ဒလဟောမြင်နေရတော့တာပဲ၊ ကုန်တိုက်ကြော်ငြာလားတော့မသိပေါင်ခင်ဗျာ၊

ကဲ..ကဲ..ခမွီးမလေးတွေအကြောင်း ဆက်ပြောရအောင်၊ သူတို့ကပိုစိတ်ဝင်စားဖို့ကောင်းတယ်၊ ခမွီးမလေးတွေက အပေါ်ပိုင်းကြတော့ topless ခင်ဗျ၊ သူတို့စပါးထောင်းပြီဆိုရင် လက်ဆုံနဲ့ထောင်းတာကိုး၊ ဒီတော့ စပါးထောင်းရင် သူတို့ဗူးသီးလေးတွေက တုန်တုန်တုန်တုန်နဲ့ တယ်ကြည့်လို့ကောင်းတာကိုး..ရောက်စကပြောပါတယ်၊ နောက်တော့လဲရိုးသွားတော့ ဗူးသီးမကလို့ ဖရုံသီးတုန်တုန် အရေးမစိုက်တာ့ပါဘူး၊

ဒါပေမဲ့ သူတို့ရိုးရာနှုတ်ဆက်ဓလေ့ ကတော့ ဘယ်တော့မှရိုးမသွားဘူးခင်ဗျ၊ ခမွီးမလေးတယောက်နဲ့ လမ်းမှာတွေ့ရင်နှုတ်ဆက်လို့သိတ်ကောင်းတယ်၊ သူတို့ရဲ့ ဘယ်ဖက်အလုံးကိုကိုင်ပြီး နှုတ်ဆက်လို့ရတယ်၊ ညာဖက်ကကိုင်လို့မရဘူး၊ ညာဖက်ကသူ့ ယောင်္ကျားအတွက်သီးသန့်ထားတာ၊ကိုင်မိရင်လျော်ကြေးပေးရတယ်၊ အဲဒီတော့နှုတ်ဆက်ချင်ရင် ဘယ်လားညာလားတော့သတိထားပေါ့ဗျာ၊ ဒါပေမဲ့အထူးသတိထားစရာမလိုပါဘူး ဘယ်ဖက်ကခနခနနှုတ်ဆက်ခံရတော့ ညာဖက်ထက်ပိုကြီးနေတယ်၊ ချင်းရွာတရွာက သူကြီးသမီးအပျိုပေါက်လေးဆို မျက်စေ့အောက်မှာပဲ ဘယ်ဖက်ကတအားကိုကြီးလာတာပဲ၊ အင်း..ကျွန်တော်တို့အဖွဲ့က လူများတယ်လေ၊ လုံခြုံရေးရဲဘော်တွေရောဆိုတော့ လူ၂၀ လောက်က နှုတ်ဆက်နေကြတာကိုး၊

ဒီအကြောင်းကို ရန်ကုန်မှာ field တွေပြန်နားကြတော့ သူငယ်ချင်းတတွေစုပြီးပြောမိတာပေါါ့၊ အဲဒီတော့ သူငယ်ချင်းဖြစ်သူ မျိုးဝေက စတင်အကြံပြုတယ်၊ ဒီလိုဆိုရင် မြို့တော်ကို ပလက်ဝကိုရွှေ့ပြောင်းသင့်တယ်လို့ဆိုပါတယ်၊ ဘဓရ ရုံးချုပ်ကိုလဲ မြို့တော်ပြောင်းရွှေ့ရာမှာပြောင်းပြီး ရုံးဝတ်စုံကိုလဲ ခမွီးဝတ်စုံပြောင်းလဲဝတ်သင့်ကြောင်း အဆိုတင်သွင်းလာပါတယ်၊ ဘယ်လိုရည်ရွယ်ချက်ကြောင့်ပါလဲလို့မေးတော့ ဓါတ်ခွဲခန်းကအမျိုးသမီးများကို ခမွီးလိုနှုတ်ဆက်ရန်ပါတဲ့၊

ဘုရား...ဘုရား...အကြံကြီးလှချည့်လား၊ geologist ၁၀၀၀ လောက်က ဓါတ်ခွဲခန်းက အမျိုးသမီး ၁၀ ယောက်လောက်ကို ခမွီးလို နေ့တိုင်းနှုတ်ဆက်ကြရင်ဖြင့် သူတို့ခမြာကြာရင် အမြစ်ကပါကျွတ်ထွက်တော့မယ်၊ သူငယ်ချင်းဖြစ်သူ ခင်အောင်တင် ကြားရင်လဲ veto အာဏာနဲ့ပယ်ချလိမ့်မယ်၊ သူက ဓါတ်ခွဲခန်းက ဒေါင်းကြီးနဲ့ ရည်းစားဖြစ်နေပြီ၊ ဒါပေမဲ့လဘက်ရည်ဆိုင်မှာ မဲခွဲတော့ နေပြည်တော်ပြောင်းရွှေ့ရေးကို အများသဘောတူမှုရပေမဲ့ မဆလလွှတ်တော်ကို တင်ပြနိုင်ခြင်းမရှိခဲ့တာကြောင့် နေပြည်တော်ပြောင်းရွှေ့ရေး အစီအစဉ်မဖြစ်မြောက်ခဲ့ကြောင်းပါခင်ဗျာ။

blogger ညီငယ်များ ခမွီးချင်းနယ်ကို နေပြည်တော်ပြောင်းရွှေ့သင့်မသင့် ကိုကြီးကျောက်ထံ ဆန္ဒမဲပေးနိုင်ပါသည်။

Tuesday, January 12, 2010

အမှတ်တမဲ့လက်ပြတ်တစ္ဆေ

(ပုံကို google မှယူပါသည်)
ကျွန်တော့ရဲ့ blogger ညီငယ်၊နှမငယ်များက ကိုကြီးကျောက်တယောက်ထဲ သရဲတွေနဲ့ တွေ့ကိုတွေ့နိုင်လွန်းတယ်တဲ့၊ဘယ်လိုများသရဲတွေနဲ့ appointment လုပ်ထားပါလိမ့်တဲ့၊ဟုတ်တော့ဟုတ်ပါရဲ့ဗျာ၊ ကိုကြီးကျောက်တို့ကလဲ အရပ်တကာသွားပြီး သရဲတကာနဲ့တွေ့နေလိုက်တာ မိုက်ကယ်ဂျက်ဆင်လို သရဲတွေနဲ့အတူထမကယုံ တမယ်ပါပဲ၊

ကိုကျောက်တို့ငယ်ငယ် ကလေးဘဝက သရဲကိုမြင်ဖူးချင်လွန်းလို့ ကိုယ့်ထက်အသက်ကြီးသူတွေကို နည်းနာလေးများမေးကြည့်တော့ ခွေးမျက်ချေးနဲ့ မျက်စေ့ကိုကွင်းပြီး ကြည့်ရတယ်တဲ့ဗျ၊ ခွေးကသရဲကိုအလွယ်တကူ မြင်နိုင်တဲ့သတ္တဝါတဲ့၊ ဒါနဲ့ကိုကျောက်လဲသရဲတွေ့ချင်ဇောနဲ့ အိမ်ကခွေးကြီးကို မျက်ချေးအတင်းနှိုက်လိုက်တာ ခွေးခမြာမျက်စေ့တောင်နာယူရတယ်၊တွေ့လဲတွေ့ပေါင်ဗျာ၊ ဟော..တွေ့ချင်တော့လဲ ဒီလိုပါပဲ ရုပ်ရှင်လောကနဲ့ ပတ်သက်နေရင် ရုပ်ရှင်မင်းသားမင်းသမီးတွေနဲ့ နေ့တိုင်းတွေ့ရသလို၊ စာပေလောကနဲ့ ပတ်သက်နေပြန်ရင်လဲ စာရေးဆရာ၊ဆရာမတွေနဲ့ နေ့တိုင်းတွေ့တတ်တာပဲမို့လား၊( ဒီလိုဆိုပြန်တော့ ကိုကျောက်ကို နာနာဘာဝလောကနဲ့ပတ်သက်နေတဲ့ အောက်လမ်းဆရာကျောက်တော့ မထင်လိုက်နဲ့နော)၊

ကဲ..ကဲ...ကိုကြီးကျောက်ရဲ့ အမှတ်တမဲ့အကြောင်း စကြစို့လား၊ ကိုကျောက်ရဲ့ ငယ်သူငယ်ချင်းဦးပဉ္ဇင်း နှလုံးသွေးကြောကျဉ်းလို့ မန္တလေးမှာခွဲစိပ်ကုသဖို့ စီစဉ်ကြတုန်းကပေါ့၊ မန္တလေးဆေးရုံမပို့ခင်မြင်းခြံဆေးရုံမှာပဲ အရင်တင်ထားပြီး ပြင်ဆင်စရာတွေပြင်ဆင်ရတာပေါ့လေ၊ မန္တလေးကို ကားနဲ့သယ်ဖို့ လမ်းမှာခံနိုင်ရည်ရှိမရှိကလဲ လိုအပ်သေးတယ်လေ၊ ဗမာပြည်ကဆေးရုံတွေမှာကလဲ ambulance ရယ်လို့ ကောင်းကောင်းလဲမရှိပါဘူး၊မြင်းခြံဆေးရုံ ဘုန်းကြီး ward ကလဲခပ်သေးသေးပါပဲ၊ အခန်း ၄ ခန်းပဲရှိတယ်၊ ကပ်လျက် ၂ခန်းစီက တခန်းနဲ့တခန်းကူးသွားလို့ရတယ်၊ ကော်ရစ်ဒါက အဆောင်ပတ်ပတ်လည်မှာရှိတယ်၊

အဲဒီနေ့က မှတ်မှတ်ရရ တော်သလင်းလဆန်း (၁၄) ရက်နေ့ဗျ၊ အပြင်မှာလဲ လမင်းကြီးကထိန်ထိန်သာလို့ ၊ဦးပဉ္ဇင်းအခြေအနေကလဲ နေ့လားညလားဆိုတော့ ကျွန်တော်တို့ လူနာစောင့်နေကြတဲ့ သူတွေလဲ မအိပ်နိုင်ကြပါဘူး၊ အခြေအနေကိုစောင့်ကြည့်နေရတာပေါ့လေ၊ ဘုန်းကြီးဆောင်တဆောင်လုံးမှာလဲ လူနာက ကပ်လျက်အခန်းကဦးပဉ္ဇင်းတပါးနဲ့ စုစုပေါင်း နှစ်ပါးပဲရှိတယ်၊ လူနာဦးပဉ္ဇင်းက အိပ်နေသလား၊ မှိန်းပဲနေသလားမသိတော့ ကျွန်တော်တို့လူနာစောင့်နေတဲ့သူတွေလဲ ဦးပဉ္ဇင်းနိုးမှာစိုးလို့ စကားတောင်မပြောကြပါဘူး၊ စာအုပ်ကိုယ်စီနဲ့ စာဖတ်နေကြတာပေါ့၊ အဲဒီအချိန်မှာပဲ ကျွန်တော်နဲ့ ကပ်လျက်ထိုင်နေတဲ့ ဦးပဉ္ဇင်း ဦးဧသိက ကကျွန်တော်ကိုတံတောင်နဲ့ တွတ်ပြီးဝင်ပေါက် တံခါးကိုမေးထိုးပြတယ်၊ သူပြတာကိုကြည့်ပြီးကျွန်တော်လဲ နံဘေးမှာရှိတဲ့ တံပျက်စီးကို ကောက်ကိုင်လိုက်မိတာပဲ၊

ကျွန်တော်တို့မြင်ရတဲ့ အကြောင်းအရာကဘယ်လိုလဲဆိုတော့၊ ဝင်ပေါက်တံခါးမကြီးဟာ ဗမာပြည်က တံခါးတွေထုံးစံအတိုင်း တံခါးရွက် ၂ ခုနဲ့ ဆွဲပိတ်တာကိုး၊ အဲဒီဆွဲစေ့ပိတ်ထားတဲ့ တံခါးရွက်နှစ်ခုကြားကနေ လက်တချောင်းထွက်လာတာပါပဲ၊ ပိတ်ထားတဲ့ တံခါးရွက်ကြားကနေ ဘယ်ကဘယ်လိုလက်တချောင်းရအောင်ဝင်လာလဲတော့ မသိဖူးခင်ဗျ၊ ဒါနဲ့ ကျွန်တော်လဲ အဲဒီလက်ကို တံပျက်စီးရိုးနဲ့ ရိုက်မလို့ လုပ်ပြီးတော့မှ စဉ်းစားလိုက်မိတာက ဟာ..ဒီဟာက တကယ့်အကောင်အထည် ဟုတ်တာမဟုတ်ဘူး ၊ ငါရိုက်လိုက်လို့ ဒင်းကိုမရိုက်မိပဲ တံခါးကို ဘိုင်းကနဲရိုက်မိရင်ရင် လူနာအလန့်တကြားဖြစ်သွားလိမ့်မယ်၊ဆိုပြီး ဒီအတိုင်းပဲ ကြည့်နေလိုက်ပါတယ်၊ အဲဒီလက်တဖက်ဟာ ရှေ့ဆက်တက်မလာတော့ပဲ လက်ခါပြပြီးပျောက်သွားပါတယ်၊ အဲဒီလက်ပျောက်သွားပြီး ပြုတင်းပေါက်မှန်ကနေ လူတယောက်ဖြတ်လျှောက်သွားသလို မြင်လိုက်ရတာပါပဲ၊

ခနနေတော့ ဘေးခြင်းကပ်လျက်အခန်းက ဦးပဉ္ဖင်းက ကျွန်တော်တို့ဖက်ကိုကူးလာပြီး လာပြောပါတယ် တကာရာ ကျုပ် အခန်းပြူတင်းပေါက်မှာ ခုနက လူတယောက်လာရပ်နေတာဗျာ ဒီလောက်ရုပ်ဆိုး စက်ဆုပ်စရာကောင်းတဲ့မျက်နှာမျိုးတခါမှမတွေဖူးပါဘူးဗျာ၊ အရွယ်အစားကလူလောက်မို့သာ လူရဲ့ရုပ်ဆင်းအင်္ဂါတောင်မရှိတော့ပါဘူးလို့ ပြောရှာပါတယ်၊ ကျွန်တော်ကတော့ ဦးပဉ္ဖင်း နောက်တခါလာရင် အလှပြင်လာခဲ့လို့မှာလိုက်ရောပေါ့လို့ နောက်ပေမဲ့ အဲဒီဦးပဉ္ဖင်းခမြာ ကြောက်ကြောက်နဲ့ မချိပြုံးလေးပြုံးနေရှာတယ်၊

နောက်တရက် တော်သလင်းလပြည့်နေ့ညမှာတော့ ကျွန်တော့ဦးပဉ္ဇင်းပျံလွန်တော်မူရှာပါတယ်၊ အဲဒီတော့မှ ကျွန်တော်တွေးမိတယ် အဲဒီလက်ပြတ်က လက်ခါပြီးပြတာ မရတော့ဘူး လို့လာပြောတာနေမှာပဲလို့၊ ဒီလိုမှန်းသိ တခြားအကြောင်းတွေလဲဗေဒင်မေးကြည့်ရမကောင်းလားဗျာ၊ မေးလို့သာရခဲ့ရင် ကိုကြီးကျောက်တို့ သရဲဆီမှာဗေဒင်မေးဖူးတယ်ဆိုပြီး ခပ်ကြွားကြွားလေး ပြောနိုင်တာပေါ့ဗျာ၊

ဒီနှစ်ဆောင်းကတော့ အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်းတခွင် အင်မတန်အအေးပိုတဲ့နှစ်ပါပဲ၊ လေအေးတွေကလဲတိုက်၊ ကျွန်တော်နေတဲ့ ဝါရှင်တန်ဒီစီမြို့တော်ဧရိယာတဝိုက်မှာ အပူချိန်ကလဲ နေ့ခင်းမှာတောင်ရေခဲမှတ်အောက် ၂၀ံ ဖာရင်ဟိုက်ဝန်းကျင်မှာပဲရှိပါတယ်၊ ချမ်းချမ်းစီးစီး delivery လည်ပို့နေရတော့ ကားထဲဝင်ရင်နွေးလိုက်၊ အပြင်ထွက်ရင်အေးလိုက်ဆိုတော့ ပူလိုက်အေးလိုက်နဲ့ ဥတုသပ္ပါယမမျှလို့ အအေးမိပြီးစာရှည်ရှည် မရေးနိုင်တာ သည်းခံကြပါခင်ဗျာ၊

Wednesday, January 6, 2010

အကယ်ဒမီ ကျောက်ရဲအောင်



(ကျောက်ရဲအောင်နှင့် စိုးမြတ်လုံးတင်)

တနေ့က ဒူကဘာကြီးအိမ်မရောက်တာကြာလို့ မယောင်မလည်နဲ့ သွားတော့၊ အမယ်..ဒူကဘာကြီးက အိမ်ရှေ့မှာပက်လက်ကုလားထိုင်ကြီးနဲ့ထိုင်လို့ ဂျာနယ်တစောင်ကို အော်ကြီးဟစ်ကျယ်နဲ့ စာလုံးပေါင်းပြီးဖတ်နေတာကိုး၊ ဘာတွေများပါလိမ့်လို့ အသာရပ်နားထောင်လိုက်ပြီး နားစွန်နားဖျားကြားမိတာတော့ အကယ်ဒမီပေးပွဲ ကျင်းတော့မယ်ဆိုပါ့လား၊

အင်း...အကယ်ဒမီရာသီရောက်လာပြီပေါ့လေ၊ မင်းသားတွေကတော့ ဘယ်သူရရ စိတ်မဝင်စားပါဘူး မင်းသမီးတွေကတော့ ကိုယ့်အကြိုက်လေးရစေချင်တာပေါ့လေ၊ ဘယ်သူတွေများ တစ်ကြိုပေးခံရနေရပါလိမ့်လို့ ဆက်နားထောင်ကြည့်မိတော့မှ....

ဟာ.....ဓါတ်ရှင်အကယ်ဒမီမဟုတ်ဘူးတဲ့၊ ဘလော့ဂါ အကယ်ဒမီဆိုပါလား၊ အလို..ဘယ်သူတွေတစ်ပြေးနေပါလိမ့် ၊ ကိုကျောက်တော့ အရမ်းအရမ်းကို စိတ်ဝင်းစားမိသွားပြီ၊ နားထောင်ဦးမှ..နားထောင်ဦးမှ၊ ဟယ်......အကယ်ဒမီလိုချင်ရင် ကိုယ့်နာမည်ကို စာရင်းပေးရမယ်ဆိုပါ့လား၊ ဒါဆိုရင်တော့ သူများထက်လက်ဦးအောင်ပြေးပြီး စာရင်းပေးမှဖြစ်မယ် ၊ အမယ်..မဲပေးပြီးအရွေးခံရမှာတဲ့၊ ဒါဆိုရင် မဲများများရအောင် ကလူသစ်တို့ ကိုမိုးတို့ ကိုချစ်ဖေကြီးတို့ကို ဘီယာတိုက်ပါ့မယ်ဆိုပြီး မဲဆွယ်စည်းရုံးထားမှ၊ မယ်ဆွိတို့ နတ်သမီးတို့ ရွှေဇင် တို့ကို သရဲနဲ့ချောက်ပြီး ကိုကြီးကျောက်ကို မဲထည့်ခိုင်းရမယ်၊အငြိမ့်ထောင်ဆရာကိုမျှစ်ချိုးလဲ အကယ်ဒမီရရင် သူ့အငြိမ့်ငှားပါ့မယ်ဆိုပြီး တမဲရအောင်ဆွယ်ထားဦးမှ၊

ကိုယ့်ဖာသာလဲ ဘလော့ ဆယ်ခုလောက်ဖွင့် ၊ ကဗျာမရေးတတ်ပေမဲ့လဲ ခပ်တည်တည်နဲ့ ကဗျာဘလော့တခုလောက်လုပ်၊ ကဗျာမြို့ဟောင်းတူးဖေါ်ချက်ဆိုပြီး မယ်သီလရင်သေးပေါက်ချင် နန်းတော်အောက်ကိုဝင် နန်းတော်အောက်ကတစ္ဆေချောက်....ဘာညာဘာညာဆိုရေးပြီး ကိုကိုကျောက်ကို မဲပေးပါတယ်ဆိုပြီး မဲပေးလိုက်၊ ဘာမှမချက်မပြုတ်တတ်ပေမဲ့ အီကြာကွေးရှည်အောင်ကြော်နည်းတို့ နံပြားရွအောင်ဖုတ်နည်းတို့နဲ့ ဘလော့တခုလုပ်၊ မီးကဦးကျောက်ကို မဲထည့်ချင်တာရှင့်ဆိုပြီးမဲထည့်လိုက်၊ စာလာဖတ်ကြတဲ့ ပုရိသများကိုလဲ ကိုကြီးကျောက်ကိုမဲထည့်ရင်တော့ ပီယဆေးတပုလင်းစီ ဝေမယ်လို့ စည်းရုံးသိမ်းသွင်းလိုက်ရင် ကိုကြီးကျောက် အကယ်ဒမီရဖို့ မြေကြီးလက်ခတ်မလွဲပေါ့ဗျာ၊

ဒါဆိုရင် ကိုကြီးကျောက်နာမည်ရှေ့က အကယ်ဒမီတပ်ပြီး အကယ်ဒမီကိုကြီးကျောက်ဖြစ်လာပြီပေါ့၊ ဟင်...ဒီနာမည်ကတော့ မမိုက်သေးဘူး၊ အကယ်ဒမီရရင်တော့ နာမည်လှလှပြောင်းမှဖြစ်မယ်၊ စိုင်းစိုင်းကျောက်လှိုင်....အင်း...ဒီနာမည်က ကိုယ့်အရွယ်နဲ့ မလိုက်ဘူး၊ ပြေတီကျောက်....ဒါတော့မဆိုးဘူး...ပြေတီကျောက်..ပြေတီကျောက်...တီတီကျောက်...ဟာ...ဒါတော့မဖြစ်ဘူး၊ လူတွေကကိုယ့်ကို အလှဖန်တီးရှင်ထင်ကြရင်ခက်မယ်၊ ထင်ကြယုံအပြင် ဖင်ပြောင်မဲမဲလေးနဲ့ ကုတင်ပေါ်မှောက်လျက်လဲနေတဲ့ ကိုယ့်ဓါတ်ပုံပါ ဘလော့ပေါ်တင်ခိုင်းကြရင်ဖြင့် ကိုယ်ကျိုးနဲရချည့်ရဲ့၊

ဟား...ခုမှသတိရပြီ အခုပြန်ပြီးခေတ်စား ကိုယ်နဲ့လဲ အရွယ်မကွာတဲ့ ဓါတ်ရှင်မင်းသား....အကယ်ဒမီချင်းလဲ ဆင်တူရိုးမှား....ကဲခုအကယ်ဒမီရရင် ခုနာမည်ပြောင်းလိုက်မယ်....ကျောက်ရဲအောင်၊ ကိုယ်နဲ့လဲကွက်တိ၊ ကိုယ်နဲ့တွဲမဲ့ မင်းသမီးတွေ စိုးမြတ်လုံးတင်တို့ လုံးဟေကို တို့ လုံးနဒီတင် တို့ကလဲ ready ပဲ၊ အင်း..စိတ်ကူးယဉ်လို့ကကောင်းပါပေ့၊ သေချာအောင် ဒူကဘာကြီးတော့မေးကြည့်မှ၊

ဒူကဘာကြီးကပြန်မေးသဗျ ခင်ဗျားဘာဆုအတွက်စာရင်းသွင်းမှာလဲတဲ့၊ ကိုကျောက်လဲ မျက်စေ့လေးပုတ်ခပ်ပုတ်ခပ်လုပ်ပြီး သိဘူးဗျ အကယ်ဒမီလိုချင်တာပဲ သိတာ၊ ဒူကဘာကြီးက ခင်ဗျား သာသနာအကျိုးပြုစာပေရေးတာလားဆိုတော့ အင်း...ဒါတော့ဟုတ်ဖူးဗျ ဘုရားပုံတောင်ချိပ်မထားဘူးလို့ တော်ကြာ မင်းသမီးကိုဖက်ပြနေတဲ့ပုံတွေ ဘလော့မှာတင်မိရင် ဘုရားအားနာလို့ဖြေရတာပေါ့၊ ဒါနဲ့ သူဆက်ပြောတဲ့ဆုတွေကလဲ ကိုကျောက်နဲ့က လားလားမှမဆိုင်၊နည်းပညာအကျိုးပြုဆုတဲ့၊ အင်း..ပညာနည်းဆုဆိုရင်တော့ ရရင်ရဦးမယ်၊

နိုင်ငံအကျိုးပြုသတင်းဆိုပါလား..ဒါကလဲ ကိုယ်ကသတင်းတွေရေးနေတာမဟုတ်တော့လဲ မယ်သီလနဲ့နှုတ်ခမ်းနီလောက်မှ နီးစပ်မှုမရှိ၊ဘာသင်းညာသင်းဆုဆိုလဲပါသေး၊ ပညာရေးနဲ့ပညာပေးတဲ့၊ ဘာသာပြန်တဲ့...အင်း..ဘာသာပြန်တော့စိတ်ဝင်စားသား၊ Reader's Digest ကဘာသာပြန်ရင် လူတိုင်းဖတ်ဖူးပြီးတာမို့ ၊ဟို တရုတ်ဘာသာပြန်ဆရာမလေးလို ဘယ်သူမှမဖတ်ဖူးသေးတဲ့ အကြောင်းအရာတွေ ပြန်နိုင်အောင် အီသီယိုပီးယားဘာသာတော့ သင်ထားဦးမှ၊ ရင်တွင်းခံစားမှုနဲ့ ရသကဗျာတဲ့ ၊ ကိုကျောက်တို့ကလဲ ရသကဗျာဆိုရင် ဖ ဖရုံယိုအလွန်ချို တို့ မ မုန့်ပေါင်းစားလို့ကောင်းတို့လောက်ပဲသိတာ၊

ဒါနဲ့ ဒူကဘာကြီးကို မျက်နှာငယ်လေးနဲ့ ကျွန်တော်ရေးတာ တခုမှမပါဘူးဗျ၊လို့ ပြောရတော့တာပေါ့၊ဒူကဘာကြီးက စိတ်မရှည်တဲ့လေသံနဲ့ ခင်ဗျားကဘာတွေရေးနေတာတုန်း လို့မေးတော့ ဂမ္ဘီရတွေပါခင်ဗျာ လို့ဖြေရတာပေါ့လေ၊ ဒီမှာတင်ပဲ ဒူကဘာကြီးက ခင်ဗျားဂမ္ဘီရတွေ ဘယ်တုန်းကများ အကယ်ဒမီရခဲ့ဖူးလို့တုန်း၊ ဆရာမနိုင်နှစ်ဆောင်ပြိုင်ဇတ်ကား အကယ်ဒမီရလား၊ ဒေါ်မြလေးတို့ တာတေကြီးတို့ စက္ကောမ၊သွေးစုပ်ဖုတ်ကောင်ဇတ်ကားတွေနဲ့ အကယ်ဒမီဆုရှင်တွေလား ဆိုတော့ ကိုကြီးကျောက်ခမြာ အကယ်ဒမီ ကျောက်ရဲအောင် ဆိုပြီးစိတ်ကူးယဉ် ထားသမျှ ခဲလေသမျှသဲရေကျရှာတာပါပဲခင်ဗျာ၊

( ကျောက်ရဲအောင် နဲ့ စိုးမြတ်လုံးတင် တို့ရဲ့ ပုံကို မေတ္တာလက်ဆောင် တင်ပေးလိုက်ပါသည်။ ဇတ်ဝင်သရုပ်ဆောင်ပုံဖြစ်ပါသည်၊ )

Sunday, January 3, 2010

စိုင်းကျောက်ခဲ၏ချစ်ကိစ္စ (ကျောက်မဲအလွမ်းသမား)


ကိုကြီးကျောက်က စာတိုပေစလေးတွေ blog ဖွင့်ရေးနေလို့ ကိုကြီးကျောက် ဘော်ဒါ မူလလက်ဟောင်းကျောက်ခဲကြီးတွေနဲ့ online မှာပြန်တွေ့ရတော့မန်းတက္ကသိုလ်ကျောင်းသား ငယ်ဘဝကို ပြန်သတိရမိပါရဲ့ဗျာ၊ နှမဖြစ်သူ မကေ ကလဲစိန်ပန်းနဲ့ကန့်ကော်တွေ ပွင့်ပြပြီး ရန်ကုန်တက္ကသိုလ်ကြီးကို လွမ်းပြပြန်တော့ တမာဖူးရင်စာကူး၊ထနောင်းဝေရင် စာကျေ ရတဲ့ ကျွန်တော်တို့ရဲ့ အညာတက္ကသိုလ်ကို အောင်းမေ့ရပြန်တာပေါ့ဗျာ၊

ဒါပေမဲ့ ကိုယ်ကလဲ မကေ လို လွမ်းလောက်အောင်ကလဲမဖွဲ့တတ်၊ သူများစာကို အသာကူးချပြီးလွမ်းပြဖို့ အကြံနဲ့ မန်းတက္ကသိုလ် ကျောင်းသားဟောင်းကြီး ဦးဂျမ်း(ဆရာတင်မိုး)ရဲ့ ..နေခြည်အစောင်းလေပြည်လောင်းတော့ ဆွေမဒီအပေါင်းက လမ်းလျှောက်လာ ရေနီမြောင်းက လွမ်းလောက်စရာရှင့် ..(ခပ်ဝါးဝါးပဲ၊ဟုတ်ရဲ့လားမသိဘူး)၊ ဆိုတဲ့ နွယ်သာကီသံချိုလေးကို တွေ့မိလားလို့နှမဖြစ်သူ ချိုသင်းကိုလှမ်းမေးကြည့်ပြန်တော့လဲ မသိဘူးအကိုကြီးတဲ့၊ နုနုရည်ဆီမှာတော့ ရှိမှန်းသိတယ်၊ ခက်တာကသူက online မှာမရှိ၊

တနေ့ကတော့ သူငယ်ချင်းဖြစ်သူ စိုင်းမော်ခမ်းနဲ့ online မှာပြန်တွေ့တော့ မန်းတက္ကသိုလ်နောက်ခံ စိုင်းကျောက်ခဲရဲ့ အလွမ်းဇတ်လမ်းလေး တရေးရေးပြန်ပေါ်လာတော့တာပါပဲ၊ အခုဇတ်လမ်းမှာ ပတ်သက်နေသူလေးက မော်ခမ်းနဲ့လဲ အမျိုးမကင်းဘူးခင်ဗျ၊ မော်ခမ်း ကတော့ အောင်ပန်းသား ဓနု၊ ကောင်မလေးက ကျောက်မဲသူ ရှမ်းနဲ့ဓနုအစပ်၊ နာမည်ကတော့ နန်းကေသီလို့ပဲဆိုကြပါစို့၊

ကိုကျောက်တို့က ဗမာစင်စစ်ကနေ ဘယ့်နှယ်ဘယ့်နှယ် စိုင်းကျောက်ခဲ ဖြစ်ရပြန်ပါလိမ့်ဆိုရင်တော့ သိတယ်မို့လား၊ ကိုကျောက်တို့ ဖွန်ကြောင်မိရင် သံပုရာခွံဦးထုပ်တောင် ဆောင်းမယ်တကဲကဲ လုပ်တတ်တာလေ၊ သူကလေးက Botany ကျောင်းသူဆိုတော့ ဌာနချင်းကလဲ ကပ်လျက်၊ စာသင်ခန်းချင်းကလဲနီးတော့ ကိုကျောက်နဲ့ကလဲ လမ်းမှာဆုံဆုံနေတာပေါ့၊ ကိုကြီးကျောက်ကလဲ မဆုံဆုံအောင် ဆုံပစ်တာပဲ၊ သူကလေးရဲ့နာမည်က ဘယ်သူ၊ဘယ်မြို့သူဆိုတာလဲ သိရော ကိုကြီးကျောက်လဲ တခါတည်း စိုင်းကျောက်ခဲ ဖြစ်သွားတော့တာပဲ၊

ကိုကျောက်တို့က ခေသူမဟုတ်တော့ အသားလွတ် စိုင်းကျောက်ခဲ လုပ်တာတော့မဟုတ်ပေဘူးခင်ဗျ၊ ရှမ်းလို တ'းလူင် လို့ခေါ်တဲ့ ရှမ်းကြီးစာပေရယ်၊ တိုင်းမောဝ်း လို့ခေါ်တဲ့ မောရှမ်းစာရယ်ကို ရေးနိုင်ဖတ်နိုင်တယ်၊ ဒါနဲ့ ရှမ်းစာပေအဖွဲ့မှာဝင်ပြီး အတည်ပေါက်ကို စိုင်းကျောက်ခဲလုပ်နေတာ၊ လူပုံကြည့်တော့ခပ်မဲမဲ..( အမယ်..စလုံးမှာ နေတုန်းကတော့ ခင်တဲ့မင်တဲ့ ဖားမတွေက tall , dark and handsome တဲ့ ၊ အဲဒီတုန်းက site ထဲမှာပဲနေတာများတော့ လူလဲ ဘကုန်းတွေနဲ့တသွေးထဲတရောင်ထဲပဲ )၊ ရှမ်းပြည်နယ်နေ့ ကပွဲတွေလဲ ကိုကျောက်တို့က ကွေးနေအောင်ဝင်က ပစ်လိုက်တာပဲ၊

သူကလေးနဲ့ကလဲ ခင်မင်ရင်းနှီးလာတော့ ရည်းစားမဟုတ်၊ဘာမှလဲမဟုတ်ပေါ့ဗျာ၊ သာမန်သူငယ်ချင်းထက်လဲ ပိုရင်းနှီးတယ်၊ ရည်းစားလားဆိုတော့လဲ မဟုတ်ဖူးခင်ဗျ၊ ဒီလို သူငယ်ချင်းမျိုးတွေကို ကြုံဖူးကြလိမ့်မယ် ထင်ပါရဲ့ဗျာ ၊ ဆရာတက္ကသိုလ်ဘုန်းနိုင်ကတော့ သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင် ဝတ္တုဟာ အဲလိုသူငယ်ချင်းမ ကိုအကြောင်းပြုပြီးရေးမိတာလို့ ဆိုတာပဲ၊ အဲဒီအချိန်မှာပဲ ကျွန်တော်ကမြစ်ကြီးနားက ထွေးထွေးနဲ့ ညိသွားတော့၊ ဆက်ရန်မရှိပေါ့ဗျာ၊ ထွေးထွေးနဲ့ တခန်းရပ်သွားတာလဲ ရွှေမန်း၊သစ္စာ၊မြတမာ အဆောင်သူတွေက ချက်ချင်းသိလိုက်ကြတာပဲ( ဗမာပြည်အင်တာနက်ကမှ speed နှေးချင်နှေးဦးမယ်၊ ) ၊

ဒီလိုနဲ့ပဲ ကျောင်းကြီးပိတ်ချိန်ရောက်လာတာပေါ့ဗျာ၊ သူတို့က စာမေးပွဲစောပြီးတော့ အိမ်ကိုစောပြန်ရတာပေါ့လေ၊ ကျွန်တော်တို့ Geology တွေကတော့ စာမေးပွဲရက်တွေကရှည်တော့ ကျွန်တော်တို့က နောက်ဆုံးမှပြန်ရတာပေါ့၊ သူပြန်မဲ့ရက်နဲ့ ကားစီးမလားရထားစီးမလား ဆိုတာ ကွဲကွဲပြားပြား သိလာတော့ ဘာရမလဲ ဘူတာမှာ လားရှိုးရထားမှာသွားစောင့်နေတာပေါ့၊ ရထားမထွက်ခင် စကားတွေပြော၊ ရထားထွက်ဖို့ ခရာမှုတ်တော့ မေမြို့ထိလိုက်ခဲ့မယ်ဆိုပြီး ရထားပေါ်တက်လိုက်၊ မေမြို့ရောက်တော့လဲ စကားတွေက အမျှင်တန်းနေတုန်းဆိုတော့ နောက်ဆုံး ကျောက်မဲထိပါသွားတော့ တာပေါ့၊ နောက်တဘာသာဖြေဖို့ကလဲ ၂ ရက်လောက် ပိတ်ထားတာဆိုတော့ လိုက်ဖြစ်သွားတာပေါ့လေ၊

ကျောက်မဲရောက်တော့ ကျွန်တော်က သူငယ်ချင်းအိမ်မှာ သွားအိပ်ပေမဲ့ ထမင်းစားတော့ သူတို့အိမ်မှာသွားစားတယ်၊ သူ့အဖေကလဲ ငယ်ရာကကြီးလာတာပဲလေ သမီးကခေါ်လာပြီဆိုကထဲက သဘောပေါက်ပြီပေါ့၊ ကိုယ်ကလဲ ကိုယ့် CV ကိုသဘောကျအောင်ပြောပြရတာပေါ့၊ စလုံးမှာ အလုပ်လိုက်လျှောက်သလို CV မှာပိုပိုသာသာလေး မတတ်တာရောတတ်တာရော ဝေဝေဆာဆာလေး ဖေါ်ပြရတာပေါ့ခင်ဗျာ၊ အစစ ok ပေါ့လေ၊

ဒါပေမယ့် ကံကြမ္မာက ok မပြဘူးခင်ဗျ၊ သူနဲ့ကျွန်တော်နဲ့ ရှေးရေစက်က တစက်နှစ်စက်ပဲ ပါတယ်ထင်ပါရဲ့ နောက်တလအကြာမှာ ကျောက်မဲက သူငယ်ချင်းက အကြောင်းကြားလာတယ်၊ သူကလေးနာမကျန်းဖြစ်ပြီး ဆုံးရှာပြီတဲ့၊ အော်...ကိုကျောက်ခမြာ ကျောက်မဲမှာ အိမ် "ထောင်" ကျတဲ့ ကျောက်မဲအကျဉ်းသား မဖြစ်ရှာပေတော့ဘူးပေါ့၊ အိမ်ထောင်ကျတယ်ဆိုတာကလဲ ဘဝဘဝတွေက အတူပြုခဲ့ကြတဲ့ ရှေးရေစက်တွေများကြရင်ဖြင့် ဒီဘဝမှာလဲ လွဲခဲပေတတ်တာကိုး၊

ခရစ်စမတ်နေ့က Maryland က မိတ်ဆွေ ကိုနေလင်းတို့အိမ်မှာ ဆရာမမေငြိမ်းနဲ့ တွေ့တော့ စကားတွေပြောကြရင်း သူနဲ့ရောကိုယ်နဲ့ပါသိတဲ့ ဗမာပြည်က သူငယ်ချင်းစာရေးဆရာမအပျိုကြီးတွေ ဘယ်သူဘယ်ဝါတွေကဖြင့် သူတို့ထက်ငယ်သူတွေနဲ့ အိမ်ထောင်တွေကျကုန်ကြတယ် ဆိုတာကြားရတော့ မြင်းခြံကရပ်ကွက်နီးချင်း အပျိုကြီးတွေ သတိရလို့ ပြုံးမိပါသေးရဲ့ဗျာ၊ ကျွန်တော်တို့ရပ်ကွက်မြောက်ဖက်မှာ ပခုက္ကူနယ်ကြူရွာကလူတွေ ရှေးကအခြေစိုက်နေကြတဲ့ အတန်းကို ကြူရွာတန်းတဲ့၊ တောင်သာနယ် နကူး(နွားကူးရွာ)ကလူတွေနေတဲ့အတန်းက နကူးတန်းတဲ့၊ အဲဒီနှစ်တန်းကြားက အိမ်အစုလေးကိုတော့ ကျွန်တော်တို့က လင်ငယ်ကုန်းလို့ခေါ်တယ်၊ ဘာလို့လဲဆိုတော့ အဲဒီရပ်ကွက်က အပျိုကြီးမှန်သမျှ လင်အငယ်လေးတွေရလို့လေ၊ (ဘလော့ဂါ အပျိုကြီးများအားတက်စရာပြောရတာ)၊ ရှေးရေစက်မှန်ရင် အသက်ကလဲပဓါန မကျပေဘူးပေါ့၊

ဟောတခါ..ကျွန်တော့ဘကြီး (အဖေ့အကိုကို ဘကြီးလို့ခေါ်တယ်)၊ နဲ့ သူ့သူငယ်ချင်းတွေ ပဲမျိုးစုံပွဲရုံထောင်ကြတော့ သူတို့ပွဲရုံကို မဟာမိတ်ပွဲရုံ လို့ဆိုင်းဘုတ်ချိပ်ထားတယ်၊ ဘယ်သူကမှ မဟာမိတ်ပွဲရုံလို့မခေါ်ဘူး၊ မယားကြီးပွဲရုံတဲ့၊ သူတို့မယားတွေအကုန်လုံးကသူတို့ထက် အသက်ကြီးကြသတဲ့၊ ဘဝအဆက်ဆက်က ပေါင်းဖက်ခဲ့ကြဖူးရရင်ဖြင့် ပုပု၊ပိန်ပိန်၊ဝဝ၊ကြီးကြီး၊ငယ်ငယ် မျက်စေ့ထဲမှာတော့ လှနေတော့တာပါပဲ၊

သိကြားမင်းကိုမာဃ တို့ အသုရာရဲ့သမီး သုဇိတာရဲ့ ကြင်ယာရွေးပွဲမှာ အဖိုးအိုယောင်ဆောင်ပြီး အရွေးခံတာတောင် ဒီအဖိုးကြီးမှ သုဇိတာကလဲ ရွေးပြီးပန်းကုန်းစွပ်ချင်သတဲ့၊ ဟော..အယောင်ဆောင်စရာမလို original သက်ကြားအို ကိုကိုကျောက်ကိုမှ ရွေးချင်ကြတဲ့ သုဇိတာလက်သစ်တွေကလဲ နှစ်သစ်မှာပေါ်ထွက်လာကြမှာမို့ ကိုကြီးကျောက်ရဲ့ ချစ်ကိစ္စတွေ ဒီလောက်နဲ့ပဲနားတော့မယ်။
(မန်းတက္ကသိုလ်ပုံကို မိုးကြိုးမှယူပါသည်)