Monday, January 24, 2011

ပွစိပွစိအပျိုကြီးနှင့်တုဏှိဘာဝေကျောက်တုံးကြီး

ကိုကြီးကျောက်တို့ မန်းတက္ကသိုလ်ဘူမိဗေဒကျောင်းသားဘဝနဲ့ အတန်းကြီးလာတော့ ကိုယ့်မေဂျာဘာသာတွေပဲ သင်ရတော့တယ်၊ တခြားဘာသာတွဲတွေ မယူရတော့ဘူး၊ ဒီတော့ တခြားစာသင်ခန်းတွေမသွားရတော့ပဲ၊ ကိုယ့်ဌာနကစာသင်ခန်းတွေပဲ သင်ရတော့တာပေါ့၊ ကိုကြီးကျောက်တို့ဘူမိဗေဒဌာနစာသင်ခန်းတွေနဲ့ ကပ်လျက်က သမိုင်းဌာနက စာသင်ခန်းတွေရှိတယ်၊ အဲဒီတုန်းက ကိုကြီးကျောက်တို့ ဘူမိဗေဒမှာကကျောင်းသူလက်မခံတော့ အတန်းထဲမှာကယောင်္ကျားတွေ ချည့်ဖြစ်နေတာပေါ့၊

ဒီတော့ဖိုသတ္တဝါတို့ထုံးစံအတိုင်း မသတ္တဝါရှိရာသမိုင်းဌာန စာသင်ခန်းအပေါက်ဝမှာ စခန်းချကြတော့တာပေါ့၊ သမိုင်းဌာနပါမောက္ခက ဆရာကြီးဒေါက်တာသန်းထွန်း၊ ဆရာကြီးအိမ်က ရွှေမန်းဆောင်နဲ့မျက်နှာချင်းဆိုင်မှာ၊ သူ့ခြံကို ကွန်သာယာ လို့နာမည်ပေးထားတယ်၊ ဆရာကြီးကအင်မတန်အပြောကောင်း၊ မန်းတက္ကသိုလ်ပင်မဆောင်ရှေ့ အဝိုင်းကြီးက ခေါင်းလောင်းစင်မှာ မြန်မာပြည်လွတ်လပ်ရေးအထိမ်းအမှတ် လွတ်လပ်ရေးခေါင်းလောင်းဖြုတ်ပြီး အခိုးခံရတော့ အမေရိကန်ပြည်ထောင်စု ဖီလာဒဲဖီးယားက လွတ်လပ်ရေးခေါင်းလောင်းနဲ့ သမိုင်းတန်ဖိုးယှဉ်ပြီး ပြောတော့ကိုယ့်ကျောင်းက လွတ်လပ်ရေးခေါင်းလောင်းကို နှမြောလိုက်တာ၊ ခုတော့လဲ ခေါင်းလောင်းတောင်မကတော့ပါဘူး..ကျောင်းကြီးပါပျောက်တော့မယ်ထင်ပါရဲ့၊

ကိုကြီးကျောက်တို့ သမိုင်းကစာသင်ခန်းပေါက်ဝတွေမှာ ပြုံပြီးကျောင်းသူတွေကိုကြည့်၊ ကျောင်းသူများကလဲ ထုံးစံအတိုင်း မျက်စေ့ထောင့်ကပ်ပြီး ဘူမိကျောင်းသားတွေကို တိတ်တခိုးပြန်ကြည့်နဲ့ အလုပ်ဖြစ်နေလိုက်ကြတာ၊ သမိုင်းကတခြားဆရာဆရာမတွေနဲ့ ပြဿနာမရှိပေမဲ့ အပျိုကြီးကထိကဆရာမကြီး ဒေါ်သောင်းသောင်းနဲ့ ကနေ့တိုင်းပြဿနာပါပဲ၊ ဒေါ်သောင်းသောင်း စာသင်ရင်းတန်းလန်းရပ်ပြီး အပြင်ထွက်လာ၊ စာသင်ခန်းပေါက်ဝက ကိုကြီးကျောက်တို့ကို " ဟဲ့..ငါ့ကျောင်းသူတွေက မင်းတို့ဘာလုပ်ပြနေလို့ ငါ့အခန်းဝမှာ ရပ်နေကြတာတုန်း၊ သွားကြစမ်း " ဆိုပြီးလာဆိုလိုက်၊ နှင်လိုက်၊ ကိုကြီးကျောက်တို့ကလဲ ကိုယ့်မပြောသလို၊ မကြားသလိုနဲ့ သူဘာပြောပြော အရေးမစိုက်တဲ့အမူအယာနဲ့ အတန်းထဲကကျောင်းသူတွေပဲ ကြည့်နေတော့ စိတ်ဆိုးမာန်ဆိုးပြန်ဝင်ပြီး၊ စာသင်လိုက်၊ ခနနေပြန်ထွက်ပြီး လာပြောလိုက်နဲ့ ..နေ့တိုင်းပုံမှန်လိုကို ဖြစ်နေပါရောလား၊

ကထိကဆရာမကြီးဒေါ်သောင်းသောင်းက တခြားကတော့မဟုတ်ပါဘူး၊ ကိုကြီးကျောက်တို့ မြင်းခြံက ပမညတ အမတ် ဦးမောင်ကိုရဲ့နှမပေါ့၊ ဦးမောင်ကိုက ကိုကြီးကျောက်တို့ငယ်ငယ်က မြင်းခြံမှာ စာချိုးခံရတဲ့ပုဂ္ဂိုလ်ပေါ့၊ ကားမှာ ဒေါ်အို၊ တိုက်မှာ မောင်ကို၊ သမီးမှာ ဦးဘို..တဲ့၊ ကိုကြီးကျောက်တို့ငယ်ငယ်က အညာကတောမြို့လေးတွေမှာက ပိုက်ဆံရှိရင် ဂျစ်ကားလောက်ပဲ ဝယ်စီးကြတာ၊ နဲနဲပိုချမ်းသာသူတွေက လင်းရိုဘာ လောက်စီးတယ်၊ ဆလွန်းကားစီးချင်သူတွေက ဖီးယက်တို့၊ ဗောက်ဆောတို့၊စကိုဒါ တို့လောက်ပဲ စီးချိန်မှာ ဗမာဆေးရွက်ကြီးကုန်သည် ဒေါ်အိုက မာစီးဒီး တွေတစီးပြီးတစီး စီးပြတော့ ကားမှာ ဒေါ်အိုတဲ့..၊

ဦးမောင်ကိုရဲ့ တိုက်ကြီးကလဲ လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်ကတော့ အင်မတန်ခေတ်မီ ဆန်းပြားတဲ့ ပုံစံနဲ့ တိုက်ကြီးမို့ တိုက်မှာ မောင်ကိုတဲ့၊ ဦးဘိုရဲ့ သမီး ဘာဘရာဘို ဆိုတဲ့ အမကြီးကလဲ ကိုကြီးကျောက်တို့ ကလေးဘဝက မန်းတက္ကသိုလ် အလှဘုရင်မပေါ့၊ မြေလတ်ပိုင်းအညာသူပေမဲ့ အသားအရည်က ဝင်းအိပြီးရုပ်ကလဲချော ပိုက်ဆံကလဲရှိ၊ မန်းတက္ကသိုလ်မှာ ဘတ်စကက်ဘောလက်ရွေးစင် ဆိုတော့ကိုယ်လုံးကိုယ်ပေါက် ခြေသလုံးပေါင်တန်ကအစ အစွန်းအထင်းမရှိအောင်လှပေတာမို့ သမီးမှာ ဦးဘို ဆိုပြီး အင်မတန်နာမည်ကြီးပဲ၊

ကိုင်း..ဒ်ါသောင်းသောင်းအကြောင်းပဲ ပြန်ဆက်ရအောင်၊ ဒီသမိုင်းဆရာမကြီးနဲ့ ဘူမိကျောင်းသားတွေကလဲ နေ့တိုင်းထိတ်တိုက်ဆိုသလို တွေ့နေကြ၊ သူကလဲ ကျောင်းသားတွေသူ့စာသင်ခန်းဝမှာ အုံခဲနေတာကို ပွစိပွစိနဲ့ ထွက်လာပြောလိုက်၊ ပြန်ဝင်ပြီးစာသင်လိုက်နဲ့၊ ပုံမှန်ကိုဖြစ်လို့၊ ကိုကြီးကျောက်တို့ကလဲ ဒီအပျိုကြီး ကိုယ်လင်မရတိုင်း လင်ရဖို့အလားအလာရှိသူလေးတွေကို ပိတ်ပင်တားဆီးနေတယ်ပေါ့၊

တရက်မှာတော့ ကိုကြီးကျောက်တို့ကျောင်းသားတွေကို ဘာမှမပြောတော့ပဲ ဒေါနဲ့မောနဲ့ ဆောင့်အောင့်ပြီး ကိုကြီးကျောက်တို့ ဌာနမှူး ဆရာဦးသော်တင့် အခန်းကိုတက်သွားပါလေရော၊ ကိုကြီးကျောက်တို့ကလဲမယောင်မလည်နဲ့ နောက်ကအသာလိုက်သွားတာပေါ့၊ ဒေါ်သောင်းသောင်းက ဆရာဦးသော်တင့်ကို " ကိုသော်တင့်...ကိုသော်တင့်...အို....ကိုသော်တင့် " လို့ခေါ်တော့ ဆရာဦးသော်တင့်က ဘာမှပြန်ထူးဘူး သူ့ကိုပြုံးပြုံးကြီးကြည့်နေတယ်၊ " တော့ကျောင်းသားတွေ ပြောမှာလား..မပြောတော့ဘူးလား၊ ကျုပ် ကျောင်းသူတွေကို လာလာပြီးနှောင့်ယှက်နေတယ်....."ဘာညာဆို ပြီး ရန်တွေတွေ့နေပါရောလား၊ ဆရာဦးသော်တင့်ကလဲ သူဘာပြောပြော ဘာမှပြန်မပြောပဲ ပြုံးပြီးဟိုဖက်လှည့်နေတော့ အပျိုကြီးလဲ ဒေါသပုန်တွေထပြီး " တော့ပြောရတာ တုဏှိဘာဝေနဲ့ ဟောဒီ ကျောက်တုံးကြီး ပြောရသလိုပဲ..ဟောဒီကျောက်တုံးကြီးပြောရသလိုပဲ " ဆိုပြီး ဌာနကကော်ရစ်ဒါမှာ ပြထားတဲ့ နမူနာကျောက်တုံးကြီးတွေ လက်ညှိုးထိုးပြပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ဆင်းသွားတော့ ကိုကြီးကျောက်တို့မှာ ရီလိုက်ရတာ၊

အဲဒီတုန်းကတော့ ကိုကြီးကျောက်တို့က ဒီအပျိုကြီးပစိပစာများလိုက်တာ၊လို့ထင်ခဲ့မိပေမဲ့၊ နဲနဲလေးအရွယ်ရလာတော့ စဉ်းစားမိလာတယ်၊ ဒါဟာကိုယ့်ကျောင်းသူတွေကို ကိုယ့်တပည့်သားမြေးဖြစ်ချိန်မှာ စောင့်ရှောက်တာပဲ၊ အပျိုကြီးဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ၊ ကိုယ့်အုပ်ထိမ်းမှုအောက်မှာ တူ၊တူမ၊သားသမီးတပည့်တွေကို စောင့်ရှောက်မယ် ဆိုတဲ့ အမျိုးသမီးတိုင်းရင်တွင်းမှာ ခိုအောင်းနေတဲ့ မိခင်စိတ်ဓါတ်ပါပဲ၊ ရွှေစွန်ညိုတွေဝဲနေတာကို အတောင်အုပ်သာကွယ်ပေးတဲ့ မိခင်ကြက်မကြီးရဲ့ သဘောသဘာဝမျိုးပေါ့၊

ကိုကြီးကျောက်ကတော့ အမျိုးသမီးတိုင်းမှာ ရှိနေတဲ့ နှစ်သက်စရာ မိခင်စိတ်ကို အသိအမှတ်ပြုရင်း၊ ပြာသိုလ်လပြည့်အမေများနေ့ အတွက် ဒီ post ကိုခုမှပဲ လက်စသတ်နိုင်ပါတော့တယ်။
ကိုကြီးကျောက်ကို ကျန်းမာပါရဲ့လားလို့ စာတွေပို့ကြ ဖုန်းတွေဆက်ကြတဲ့ ညီအကိုမောင်နှမများကို ကျန်းမာကြောင်းဓါတ်ပုံနှင့်တကွ တင်ပြလိုက်ပါတယ်၊ ဒီလတလလုံး ကိုယ်ရေးကိုယ်တာကိစ္စ၊ ဆေးခန်းသွားပြီးဆေးစစ်ရ၊ဓါတ်မှန်ရိုက်ရ၊ NIH ကကင်ဆာဌာနနဲ့ ဖုန်းတွေပြောရ၊ e mailတွေပို့ရနဲ့ အလုပ်များနေလို့ အင်တာနက်တောင် mail စစ်ယုံလောက်တက်ဖြစ်တယ်၊ ဆေးခန်းသွားတာကလဲ ကားမမောင်းနိုင်တော့(မောင်းလို့လဲမဖြစ်ဘူး၊ကြာကြာမောင်းရင်ရောဂါကြောင့် မျက်စေ့ကအားမစိုက်နိုင်ပဲ မောင်းရင်းအိပ်ပျော်သွားတော့ မမောင်းရဲဘူး)၊ ဘတ်စကား၊ရထားနဲ့ သွားရတော့ တနေကုန်၊ပြန်လာတော့ ပင်ပန်းပြီးမလှုပ်နိုင်၊ တက္ကစီကလဲမစီးနိုင်ဘူးလေ၊ အသွားအပြန်ဒေါ်လာ ၁၀၀ လောက်ကုန်တော့ ကိုယ်တိုင်တောင် အစိုးရဆီကတောင်းစားနေရတာ၊ ဒါကြောင့်ဒီ post ကို ပြာသိုလပြည့်အမေနေ့အတွက် မှီအောင်မရေးနိုင်ဘူး၊

ကိုကြီးကျောက်က ကိုကြီးကျောက်အတွက် ဆုတောင်းမေတ္တာပို့ကြ၊ ဆေးဝါးနဲ့ စားစရာကောင်းနိုးရာရာ ပို့ပေးကြတဲ့ စာဖတ်သူနဲ့ ဘလော့ဂါနှမများ၊တူမများကို သူတို့ရင်တွင်းမှာမွေးကထဲကပါလာတဲ့ မိခင်စိတ်နဲ့ ကိုကြီးကျောက်ကိုစောင့်ရှောက်တာပဲလို့ ကျေးဇူးတင်စကားပြောချင်တာပါပဲ၊ (တော်ကြာမပြောလိုက်ရခင် သေမှာစိုးရသေး၊ သူသူကိုယ်ကိုယ် အနတ္တချည့်ပဲမဟုတ်လား)၊ ကဲ..အားလုံးကိုကျေးဇူးတင်ကြောင်းပြောရင်း အေးလို့ပြန်ကွေးလိုက်ပါဦးမယ်။( အပြင်မှာ ၁၃ံ ဖါရင်ဟိုက်ဆိုတော့ အနှုတ် -၁၂ံ စင်တီဂရိတ်လောက်ပဲရှိမယ်ထင်တယ် )။

(granite ကျောက်တုံးပုံကို google ကယူပါသည်)

Sunday, January 9, 2011

ယံနာရီ.....အကြင်မိန်းမတို့သည်


ကိုကြီးကျောက်တို့ ငယ်ငယ်က နွေရာသီရောက်ပြီ ဆိုတာနဲ့ လူကြီးမိဘတွေ အတော်စိတ်ရှုတ်ကုန်တော့တာ၊ ကျောင်းပိတ်ရက်ဆိုတော့ အိမ်မှာညီအကိုတတွေ စုမိကြရင် ဆော့လိုက်တာ မီးဝင်းဝင်းတောက်လို့ ဆိုသလိုပါပဲ၊ နေပူထဲ ထွက်ဆော့ကြတော့ လူကြီးတွေမှာ ..တဟဲ့ဟဲ့ နဲ့ အော်နေကြရတော့တာပဲ၊ အဲဒီတော့ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ စီစဉ်ကြတော့ ကိုကြီးကျောက်အကိုတွေကို အဖေနဲ့ဦးကြီးက ဦးဆောင်ပြီး ဖဲဝိုင်းလုပ်လိုက်ကြရော သူတို့ကို ငြိမ်ဆေးကြွေးလိုက်သလိုပါပဲ၊


အဲ...ကိုကြီးကျောက်ကိုတော့ အိမ်နားမှာ ပရိယတ္တိစာသင်တိုက်ကြီးတွေရှိတော့ ဘုန်းကြီးကျောင်းမှာ စာသင်သားအဖြစ်ပို့လိုက်ရော ဘဂဝါကျောင်းသား မောင်ဘကျောက် ဖြစ်ရရှာတာပေါ့၊ ကိုကြီးကျောက်ကလဲ ဘုန်းကြီးကျောင်းစာလိုက်ရတာပျော်သဗျ..၊ ဘာလို့လဲ ဆိုတော့ ဆော့စရာ အဖေါ်တွေက ပိုများလာတယ်လေ၊ နေ့လည်ခင်းတော့ စာသင်ရတာပေါ့လေ၊ စာကလဲ သင်ပုန်းကြီးကစလို့..ပရိတ်ကြီး၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း၊ နမက္ကာယဘုရားရှိခိုး ..စတဲ့ ဆယ်စောင်တွဲ အလယ်၊ သဒ္ဒါ၊ သင်္ဂြိုဟ် ပါမကျန်သင်ရတာကလား၊ ဒီတော့ ကိုကြီးကျောက်လဲ မူလတန်းကျောင်းသားဘဝကထဲက ပါဠိဘာသာကို နားမစိမ်းဘူးပေါ့လေ၊


ကိုကြီးကျောက်စာလိုက်တဲ့အထဲမှာ တခါတော့ ယံနာရီ..ယံ အကြင် နာရီ မိန်းမတို့သည် ဆိုတဲ့ စာတကြောင်းပါလာတယ်၊ ကိုကြီးကျောက်က ပါဠိလို နာရီ ဆိုတာဗမာလို အနက်အဓိပ္ပါယ်ပြန်တော့မိန်းမလို့ဆိုတာ ချက်ချင်းသဘောပေါက်သွားတယ်၊ ဘာကြောင့်လဲဆိုတော့ ကိုကြီးကျောက်စာလိုက်တဲ့ တန်ဆောင်းကြီးတိုက် စာချကျောင်းက ရှေးကျောင်းကြီးကိုး၊ တိုင်လုံးတွေက အလုံး ၃၀ လောက်ရှိတယ်၊ တိုင်လုံးတိုင်းမှာလဲ သံစုံတိုင်ကပ်နာရီကြီးတွေ ချိပ်ထားတယ်၊ ဒီနာရီကြီးတွေက သံပတ်ပေးရတဲ့နာရီကြီးတွေ၊ Made in England ဆိုတာကြီးတွေ၊ နာရီကြီးတွေကို မနက်တိုင်း ဦးဇင်းတပါးက သံပတ်ပေးရတယ်၊ တလုံးပြီးတလုံး နာရီတွေအများကြီး သံပတ်ပေးရတော့ ဘယ်မှာအချိန်တွေက ကွက်တိတူပါတော့မလဲ..၊ ဒီတော့ ကျောင်းကြီးမှာ နာရီထိုးသံတွေက တလုံးပြီးတလုံး ဆူညံနေတော့တာပဲ၊ ဒီတော့ ကိုကြီးကျောက်ကတွေးမိတယ် မိန်းမတွေလဲ နာရီများလိုပဲ အမြဲတန်း ဆူညံနေအောင် စကားတွေ ပြောတတ်ကြတော့ မိန်းမ ကို ပါဠိလို နာရီလို့ခေါ်တာနေမှာလို့၊ ငယ်ငယ်က တွေးမိတာပေါ့ဗျာ၊


အဲဒီနောက် မာန်လည်ဆရာတော်ကြီးရဲ့ မာဃဒေဝလင်္ကာမှာ ဣတ္ထိယခေါ် မိန်းမတို့သည် လှေနဲ့မြင်းလို မယွင်းပဲတူညီ ဆိုတာပါလာတယ်၊ ကိုင်း..ဒီတခါတော့ မိန်းမ ဆိုတာ ဣတ္ထိယ ဆိုပါ့လား..၊ ပြီးတော့..မိန်းမက လှေနဲ့မြင်းနဲ့လည်း တူတယ်ဆိုတော့ ဘယ်လိုကြီးပါလိမ့်ပေါ့၊ မိန်းမတယောက်ကို ရေထဲပစ်ချပြီး တက်စီးပြီး လှော်လို့လဲမရ ၊ ဘယ်မိန်းမ မှလဲ မြင်းလို လေးဘက်ကဆုန်ပေါက်ပြေးတာလဲမဟုတ်..၊ ဒါကို ဘာလို့ လှေနဲ့မြင်းလို မိန်းမက တူနေပါလိမ့်ပေါ့၊ ကိုင်း...ဒါတော့ရှိစေတော့ ၊ ဒါပေမဲ့ နားမရှင်းတာက မိန်းမကို နာရီလို့လဲ ခေါ်သေးတယ်၊ ခုတခါ ဣတ္ထိယလို့ ခေါ်ပြန်သေးတော..ဟင်း..ဘာလို့ အမျိုးမျိုးတွေ ခေါ်နေပါလိမ့်ပေါ့ ၊


စိတ်ထဲသိတ်မရှင်းတော့ ကျောင်းက ဦးဇင်း ဦးအာသဖကို မေးမိတယ်.." ဦးဇင်း.. မိန်းမကို ဘာလို့ ဣတ္ထိယလို့ခေါ်သလဲ ဘုရား " လို့ဆိုတော့ ဦးဇင်းကလဲ လွယ်လွယ်ကူကူပဲ ဖြေလိုက်တယ် ၊ " ဟ.....အိပ်ရင်ထိလို့ရလို့ အိပ်ထိရ လို့ခေါ်တာပေါ့ကွ " တဲ့ ၊ ကဲ...အဖြေကတော့ရှင်းချက် ၊ ဒါပေမဲ့လဲ ကိုကြီးကျောက်က မိန်းမကို မအိပ်ရင်လဲ ထိလို့ရတာပဲလို့တော့ တွေးတော့တွေးမိတယ်၊ ဒါနဲ့ ညနေကျောင်းကပြန်ရောက်တော့ စားသောက်ပြီးအိပ်ယာဝင်မယ်လဲ လုပ်ရော ကိုကြီးကျောက်က လူကြီးတွေကို ကိုယ်ဘယ်လောက် ပါဠိတွေကျွမ်းကျင်လာပြီလဲ ကြွားချင်တော့.." ကျွန်တော့ကို ဟို ဣတ္ထိယလေး ပေးပါဦး " ဆိုတော့ လူကြီးတွေကလဲ ဘာတောင်းတာလဲပေါ့ ၊ ကိုကြီးကျောက်လက်ညှိုးညွှန်ရာ ကြည့်ကြတော့ စောင်တထည်ဖြစ်နေတယ်၊ ဟုတ်တယ်လေ...ကိုကြီးကျောက်မှာက အိပ်ထိရစရာ မိန်းမမှမရှိတာ၊ စောင်နဲ့ခေါင်းအုန်းပဲ ရှိတာ..မဟုတ်ဘူးလားဗျာ၊ အားလုံးက ဝိုင်းရီကြသဗျ ၊ ပါဠိပါရဂူအရှက်ကွဲပါလေရောလား ၊


ကိုကြီးကျောက် အမေရိကရောက်တော့ ဗာဂျီးနီးယားမြောက်ပိုင်း ဝါရှင်တန်မြို့တော် ဆင်ခြေဖုန်းမှာနေတော့ ကိုကြီးကျောက် ငှားနေတဲ့ အိမ်မှာ အပျိုကြီးနှစ်ယောက်ကလဲ အခန်းငှားနေကြတယ်၊တယောက်ကပိန်ပိန် တယောက်က ဝဝ ပေါ့လေ၊ သူတို့နဲ့ တအိမ်ထဲငှားနေရတာ ကိုကြီးကျောက်အတွက်တော့ အဆင်ပြေသဗျ၊ မိန်းမဆိုတာ ပါဠိလို နာရီခေါ်ပေမဲ့ ခေတ်နဲ့အညီခေါ်ရင်တော့ မီဒီယာပေါ့ဗျာ၊ အတင်း...အဲလေ..သတင်း ပေါင်းစုံသူတို့ဆီက သိရသဗျ ၊ ရပ်ကွက်ထဲကသတင်း ၊ အလုပ်ထဲကသတင်း စုံနေတာပါပဲ၊ နှစ်ယောက်ဆုံရင် သတင်းတွေကတမျိုး၊ တယောက်စီဆိုရင်တော့ သတင်းကတမျိုးပေါ့ဗျာ ၊


ကိုကြီးကျောက်ကတော့ ဘာဖြစ်ဖြစ် နားထောင်တယ်၊ သူတို့ကချက်ရင်းပြုတ်ရင်းပြောရင်းနဲ့ ကိုကြီးကျောက်ကို ချက်ပြုတ်ထားသမျှ ကြွေးကြတာကိုး..၊ ကိုကြီးကျောက်ကလဲ ချက်မှမချက်တတ်တာ ဒီတော့ စားလို့သောက်လို့ကောင်းအောင် သူတို့ပြောသမျှ အပြတ်ထောက်ခံတာပဲ၊ ဒါပေမဲ့..သတိတော့ထားရသဗျ ၊ရမ်းသန်းမထောက်ခံရဲဘူး၊


ဝဝ မရှိရင် ပိန်ပိန်က ဝဝ အကြောင်းပြောတော့တာပဲ...၊ ဒီကောင်မက သူ့မန်နေဂျာ ဂျော့ ဆိုတာနဲ့တွဲနေပြီး ဆပ်စလူးထနေတာပဲ..တို့ဘာတို့ လိုမျိုးပေါ့ဗျာ၊ ဒီလိုသတင်းမျိုးကြ အံ့ဩတဲ့ အမူအယာနဲ့ မျက်နှာကို အိုက်တင်အမျိုးမျိုးလုပ်ပြီးနားထောင်ပေးပေမဲ့ မထောက်ခံရဲဘူး ခင်ဗျ၊ ဟောတခါ ပိန်ပိန် မရှိရင် ဝဝက ..."အမလေး..အဲဒီ ပိန်ပိန်ဝတ်နေတာတွေ သိတယ်မို့လား"..ကိုကြီးကျောက်ကလဲ "ဟင်..သိပါဘူး" ၊ လို့၊ ဟုတ်တယ်လေ သူတို့ ဘာတွေဝတ်နေမှန်းစိတ်ကိုမဝင်စားဘူး " ဒီပိန်မကြီး ပိုးကြေးပန်းကြေး ရတာတွေ ဝတ်နေတာ"...၊ " ဟယ်...မမပိန်ပိန်ကြီးကို ပိုးတဲ့ပန်းတဲ့သူ ရှိသေးတယ်" ကိုကြီးကျောက်က စကားတောက်လိုက်တာနဲ့ ဟော....မမပိန်ပိန် သတင်းတွေ ထွက်လာတော့တာပဲ၊ ကိုင်း..မီဒီယာတွေနေရတာ ဘယ်လောက်ပျော်ဖို့ကောင်းလဲ၊


ဒါနဲ့ တရက်မှာ ကိုကြီးကျောက်က အရပ်ထဲက ဗမာပြည်က စားစရာတိုလီမိုလီ ရောင်းတဲ့ အမကြီးတယောက်အိမ် လျက်ဆားသွားဝယ်တော့၊ အဲဒီအမကြီးက " ကိုကျောက်ကို ပြောရအုန်းမယ်..ကိုကျောက်အိမ်က အပျိုကြီးမတွေက ကိုကျောက်ကို ပြောနေကြတယ် သူတို့ဆီက ညာစားနေတယ်လို့ " ကိုကြီးကျောက်ကလဲ " အင်း..ဟုတ်တယ်လေ၊ သူတို့ကအချက်အပြုတ်ကောင်းတယ်လေ၊ ကျွန်တော်မှ သူတို့လိုမချက်တတ်ပဲ ၊ဒါဟုတ်တာပဲ ၊ ဒါပေမဲ့လဲ အမ ရာ ကျွန်တော်က စားတာနဲ့တန်အောင် သူတို့ပြောသမျှ နားထောင်ပေးနေတာပဲ" ဆိုတော့ ၊ အဲဒီ အမကြီးက " အဲ..ဘာတွေပြောကြတာတုန်း " လို့ပြောသဗျ၊ ကိုကြီးကျောက်ကလဲ " ဒီလိုပါပဲ အမရာ အရပ်ထဲ ရွာထဲက သတင်းစုံပေါ့ " လို့ ဆိုတော့ ၊ အဲဒီအမကြီး မျက်နှာမှာ ဒီကောင်မတွေ ငါ့အကြောင်းလဲ ပြောနေကြပြီလို့ တပ်အပ်သိနေသလိုပဲ ၊ ဒါနဲ့ ကိုကြီးကျောက်ကို " ထိုင်ပါအုန်း ကိုကျောက်ရဲ့ အိမ်မှာလုပ်တဲ့ မုန့်ဟင်းခါးလေး စားပါအုန်း" အ..ဟတ်..ဟတ်..ကိုကြီးကျောက်ကို စားစရာပြပြီး သတင်းမေးတော့မှာကိုး၊ ကိုကြီးကျောက်ကို ပါဠိလို နာရီလို့ မခေါ်ဘူးလေ၊ ဘယ်သံစုံထွက်ပါ့မလဲ ၊ " နောက်မှစားမယ် အမရေ့ အလုပ်သွားရအုန်းမယ်" ဆိုပြီး အသာပြန်လာခဲ့တော့တာပဲ၊ ထို့ကြောင့် ယံနာရီ...အကြင်မိန်းမတို့သည်....မီဒီယာလဲ ဖြစ်ကြပါပေ၏ ။


ကိုကြီးကျောက်ရဲ့ ကျန်းမာရေးက လောလောဆယ် ကောင်းနေပါတယ်၊ စာရေးဖို့ ပျင်းနေတာနဲ့ မရေးဖြစ်တာပါ၊ ဒါပေမဲ့ National Institute of Cancer ဌာနမှာ ဆေး ၂ လလောက်ကုရအုန်းမှာ မို့ဆေးဒဏ်ခံနေရရင်လဲ စာရေးကြဲနေပါအုန်းမယ်။