Wednesday, March 31, 2010

မနူးမနပ်တောကြက်လေး နဲ့ ကယ်တင်ရှင်ကိုကိုကျောက်


ကိုကြီးကျောက်တို့ Charliesကျောက်ပြူး post လေးတင်ပြီးတော့ ကိုကြီးကျောက်သူငယ်ချင်းတွေကရော blogger ညီငယ်တွေကရော ကိုကြီးကျောက်ကို နယ်စပ်မှာ လူကုန်ကူးနေတယ်ဆိုပြီး ဝိုင်းပြီးကျီစယ်ကြတာပေါ့လေ၊ အဲဒါနဲ့ ကိုကြီးကျောက်လဲ ပြည်တွင်းမှာပဲလူကုန်ကူးခံရသလို အူတီးအူကြောင်နဲ့ ပချုပ်တန်းမှာရောက်ခဲ့ရတဲ့ ကောင်မလေးတယောက်ကို သွားသတိရမိတယ်၊


ကိုကြီးကျောက်တို့ ဗမာအမျိုးသမီး အများစုက ဒါမျိုးတွေနဲ့ အဆက်အဆံ ပတ်သက်မှုလဲမရှိကြတော့ ဘာမှမသိကြတာများတယ်လေ၊ကျောင်းနေ ပြီးရင်အလုပ်လုပ် နောက်အိမ်ထောင်ကျ၊ ဒီတော့ ဒီလောကကိုကြားတော့ကြားဖူးတယ်လောက်ပဲ ရှိတာများတယ်၊ ကိုကြီးကျောက် သပိတ်ကျင်းမှာ field ဆင်းတုန်းက ဝါးဖြူတောင်က ဘော်ဒါဆရာမတွေဆီ အလယ်သွားတော့ လိုင်းကားပေါ်ရွှေတောတွေမှာ ကြက်ဘဝနဲ့ ကျင်လည်နေတဲ့ အမျိုးသမီးတယောက်ပါလာတယ်၊ ကားကလဲ ဆရာမတွေနေတဲ့ အိမ်ရှေ့ မှာပဲရပ်တော့ ကိုကြီးကျောက်က ဆရာမတွေကို နင်တို့ကြက်မြင်ဖူးချင်ရင် ကားပေါ်မှာအင်္ကျီအပြာနဲ့ထိုင်နေတယ် သွားကြည့် လို့ပြောတော့ ဆရာမတွေတအုပ်ကြီး သွားကြည့်ကြပြီး ကိုကြီးကျောက်ကို ဟင်...ကြက်ကလဲ သူလိုကိုယ်လို ပါပဲတဲ့ ၊ ကဲ..ကြည့်စမ်းပါအုန်း သူတို့က ကြက် ဆိုတာကိုalien လိုသတ္တဝါများ ထင်နေသလားမသိဘူး၊ ဒါတောင် ဒီဆရာမတွေက တက္ကသိုလ်မှာ ၄နှစ်နေလာပြီးသား၊ ပြီးတော့ မန္တလေးနဲ့ မြင်းခြံသူတွေ၊


ကိုကြီးကျောက်တို့ ဗမာယောင်္ကျားများကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ၊ လူပျိုဖေါ်ဝင်တာနဲ့ ပချုပ်ဆိုင်သွား လက်တည့်စမ်းချင်ကြတာ များတာကိုး၊ အပေါင်းအသင်းစုံလို့ ကိုယ်မှမပါရင် gay လို့အထင်ခံရမှာလဲစိုး၊ ယောကျာင်္းမပီ လူစဉ်မမှီတဲ့ ရောဂါဖြစ်နေတယ်လို့ နာမည်ပျက်မှာကလဲ ကြောက်ကြသေးသကိုး၊ ကိုကြီးကျောက်ကတော့ အဖေါ်ကောင်းရင် ကျောက်ပန်းတောင်းတောင် လိုက်မယ့်သူဆိုတော့ ကြာသလားလာထားဆိုသလိုပါပဲ၊ ဘယ်တော့မှမငြင်းဘူး၊ မိုးကြိုးပစ်ငှက်ဖြစ်မဲ့ အလှဖန်တီးရှင်အလောင်းလျာလေးတွေ ကတော့ ကိုကြီးကျောက်တို့လို ဖဦးထုပ်လိုင်းပေါင်းစုံ အုပ်စုနဲ့တော့ မပတ်သက်ကြဘူးပေါ့လေ၊


ကိုကြီးကျောက်က ခြေငြိမ်ငြိမ်မနေတတ်တော့ ဗမာပြည်ပြန်ရောက်ရင် အရပ်တကာလျှောက်သွားတာပဲ၊ ဗမာပြည်အလယ်ပိုင်းတခွင်ကတော့ မြို့တိုင်းမှာဘော်ဒါတွေချည့်မို့ ဟိုဟိုဒီဒီ သွားတဲ့အခါ ညောင်ဦးနဲ့ ပခုက္ကူကတော့မြင်းခြံနဲ့နီးတော့ မကြာမကြာရောက်ဖြစ်တယ်၊ ကိုကြီးကျောက် ပခုက္ကူရောက်ရင် မရောက်မဖြစ်ရောက်တဲ့ နေရာ ၃ခုက သီဟိုဠ်ရှင်ဘုရားရယ်၊ အရှေ့တိုက်ရယ်(ပခုက္ကူက အထင်ကရ ပရိယတ္တိစာသင်တိုက်ကြီး ၃တိုက်မှာ အရှေ့တိုက်မှာ ဘော်ဒါဦးဇင်းတွေ များတယ်)၊ နောက်ပြီး ကျောက်ကုန်းရယ်ပါ၊ ပခုက္ကူကျောက်ကုန်းနဲ့ မန္တလေးကျောက်သပိတ် ဆိုတာ ဗမာပြည်အလယ်ပိုင်းမှာ အထင်ကရ နာမည်ကျော်ပချုပ်တန်းတွေကိုး၊ (နာမည်မှာ ကျောက် ပါတာကြောင့် နာမည်ကြီးတာဖြစ်မယ်)၊


ပခုက္ကူကျောက်ကုန်းဆိုရင် နေရာရွှေ့မပစ်ခင်က ပချုပ်ဆိုင် ၃၀၊ ၄၀ ထက်တော့ မလျော့လောက်ဖူး၊ ဘာစည်ကားသလဲ မမေးနဲ့၊ တအိမ်တအိမ်မှာ ကောင်မလေးတွေ အရွယ်စုံ မနဲဘူး၊ ဒါနဲ့ ကိုကြီးကျောက် ကျောက်ကုန်းကိုရောက်သွားတယ်ဆိုပါတော့၊ ကိုကြီးကျောက်က ဘယ်သွားသွား ကင်မရာလေးကလဲပါတယ်၊(နှစ်ကျပ်ခွဲတန်တော့ မဟုတ်ပါဘူး၊ ငါးမတ်တန်လောက်ပါ)၊ ကိုကြီးကျောက်လက်ထဲက ကင်မရာမြင်တော့ ကြက်ကလေးတွေက ဓါတ်ပုံအရိုက်ခံချင်လို့ ပြာယာခတ်နေပြီ၊ ကိုကြီးကျောက်လဲ လာကြစမ်းဟ ဆိုပြီး ကြက်တောင်ပျံပုံ၊ ကတော်..ကတော် ..အော်နေပုံ၊ ဆီဘူးခါနေပုံ၊...အို...စုံနေအောင် ရိုက်ပေးပစ်လိုက်တာ၊ လက်ကိုမလည်ဘူး၊


ကြက်ကလေးတွေ သူ့ထက်ငါပြာယာခပ် အိုက်တင်တွေပေးနေချိန်မှာ ဝင်မပါပဲ ငူတူတူထိုင်နေတဲ့ မဲတူးတူး တိန်ညင်မလေး ကို ကိုကြီးကျောက်သတိထားမိတယ်၊ သူ့ကြည့်တော့ သနပ်ခါးပါးကွက်ကြားနဲ့ အသားကလဲ မဲတဲ့ဟိုဖက် ပြာတောင်နေပြီ၊ရုပ်ကလဲ ရွက်ကြမ်းရေချိုထက်တောင် လျော့သေးတယ်၊ ခေါင်းလုပ်တဲ့ ဒေါ်ကြီးက သူ့ကို ဆိုပြောနေတယ်၊ ပြုံးပြုံးရွှင်ရွှင်နဲ့ ဧည့်ကြိုက်အောင်မနေဘူး၊ ခုထိလဲ ဈေးဦးမပေါက်ဘူးနဲ့ မြည်တွန်တောက်တီးနေတာပေါ့လေ၊ ကောင်မလေးကလဲ ဒီဖက်နားကဝင် ဟိုဖက်နားကထွက်နဲ့တူပါရဲ့၊ ဒါနဲ့ ကိုကြီးကျောက်လဲ ကဲ..ကဲ.. ကျွန်တော် သူ့ကိုခေါ်မယ်..လာခဲ့ ဆိုပြီး၊ ကောင်မလေးခေါ်ပြီး အခန်းထဲဝင်လိုက်တာပေါ့လေ....၊


အခန်းထဲရောက်တော့ ကိုကြီးကျောက်က သူ့ကို ညည်း..ဘယ်တုန်းကဒီကိုရောက်တာလဲ၊ ဘယ်ရွာကလဲလို့မေးတော့...၊ မနေ့ကရောက်တာတဲ့၊ သူရွာက ရှင်မတောင်အနောက်ဖက် မြိုင်နယ်ထဲက၊ ဘယ်လိုလုပ်ပြီး ဒီရောက်နေတုန်းလို့မေးတော့ ရွာကိုလာနေကြ ပခုက္ကူကအဒေါ်ကြီးနဲ့ သီဟိုဠ်ရှင်ဘုရားပွဲလိုက်လာတာတဲ့၊ သူငယ်ချင်းနောက်တယောက်လဲပါတယ်တဲ့၊ အဲဒီအဒေါ်ကြီးက ညည်းတို့ဘုရားပွဲမှာ အသုံးစားရိတ်ရအောင် ဒီမှာနေအုန်းဆိုထားခဲ့တာတဲ့၊ ဒါနဲ့ ကိုကြီးကျောက်က ညည်း အခုရောက်နေတဲ့နေရာ သိလား ဆိုတော့ မသိဘူးတဲ့၊ ဒီတော့ ကိုကြီးကျောက်က ပြောလိုက်ပါတယ်...ညည်းရောက်နေတာ ဖာတန်းလို့၊ ဒီတော့မှ ကောင်မလေးက ဟင်..ဒါ ဖာတန်းလားတဲ့...၊ အေး..ဟုတ်တယ်၊ ညည်း..ယောင်္ကျားတွေနဲ့ လိုက်အိပ်တာ ဖာခံတာပေါ့( နဲနဲရိုင်းရင်သည်းခံပါ၊ မူလပြောသလိုပဲရေးလိုက်တာပါ) လို့ပြောတော့၊ ဒါဆို ကျုပ် ..ဖာသယ်ဖြစ်ပြီပေါ့နော်တဲ့၊ အေး...လို့ဖြေတော့ ၊ ဒါဆို ကျုပ်မခံတော့ဘူး၊ အခုရွာပြန်မယ် လို့ပြောသဗျ၊ ဟိုကောင်မ ဖာသယ်ဖြစ်တဲ့ အကြောင်းလဲရွာပြန်ပြောမယ်တဲ့၊ ဘယ်ကောင်မလဲလို့ မေးတော့ သူနဲ့အတူ ရွာကလိုက်လာတဲ့ ကောင်မလေးကို ပြောတာကိုး၊ အဲဒီကောင်မလေးကတော့ ရုပ်ကလေးက မဆိုးတော့ လက်မလည်ဘူးပေါ့ဗျာ၊


ကဲ..ကြည့်ပါအုန်းဗျာ...ကိုယ့်ကို ဖာတန်းအပို့ခံရလို့မှ ပို့မှန်းမသိ၊ ဖာဖြစ်လို့မှ ဖြစ်နေမှန်း မသိတဲ့ တောကကောင်မလေးတွေ ဒီတခါပဲ ကိုကြီးကျောက်တွေ့ဖူးတယ်၊ ဒါနဲ့ ကိုကြီးကျောက်က ညည်း ရွာပြန်မယ် ဆိုရင် ဒီအတိုင်းပြန်လို့ မရလောက်ဖူး၊ ငါ ဖာခေါင်းနဲ့ညှိပေးမယ် ဆိုပြီး ခေါင်းနဲ့ သွားညှိလိုက်ပါတယ်၊ ခေါင်းက ဈေးကွက်မဝင်တဲ့ မဲတူမအတွက် ပြဿနာမရှိလှပေမဲ့ ဧည့်ကြိုက်မလေးကိုတော့ လက်လွှတ်ချင်ပုံမရပါဘူး၊ ကိုကြီးကျောက်လဲ ကောင်မလေးကြိုပြီးအသုံးယူတာပြန်ပေးပြီး ထုတ်ခဲ့ရတာပေါ့လေ၊ သိတ်တော့ မခဲယဉ်းလှပါဘူး၊ ကုလားကားထဲက မင်းသားရှရွတ်ခန်လို လူဆိုးတွေနဲ့ လက်သီးထိုးဖို့မလိုသလို ဒီတောကြက်လေးလဲ ကုလားမလေးလို အသံပြာနေအောင်သီချင်းတွေ မဆိုခဲ့ရပါဘူး၊ နောက်နေ့မှာတော့ ဒီတောကြက်လေးကို ရွာကားပေါ်တင်တော့ပေးလိုက်တာပဲ ရောက်လေသလား မရောက်လေသလားတော့ ဘာမှထပ်မသိတော့ပါဘူး၊


ဗမာပြည်မှာ ဆင်းရဲမွဲတေမှု ကျယ်ပြန့်လာတာနဲ့အမျှ လူကုန်ကူးမှုတွေဟာလဲ ဆက်လက်ကြီးထွားနေမှာပါပဲ ၊ပြည်မထဲမှာနေတဲ့တောက ဆင်းရဲသူလေးတွေဟာ လူကုန်ကူးသူတွေအတွက် ပစ်မှတ်တခုဖြစ်နေသလို နယ်စပ်ဒေသ တိုင်းရင်းသူ ကရင်မလေးတွေမွန်မလေးတွေကို တဖက်နိုင်ငံက ရေချိုးခန်းတွေ၊ မှန်လုံခန်းတွေမှာ ကိုကြီးကျောက်အများကြီးတွေ့ဖူးပါတယ်၊ လွန်ခဲ့တဲ့ ၁၂နှစ်လောက်က ဗမာမလေးတွေ ရောင်းရန်ရှိသည် ဆိုတဲ့ဆောင်းပါးတပုဒ် Bangkok Post သတင်းစာမှာဖတ်ခဲ့ရတုန်းက အများကြီးစိတ်မကောင်း ဖြစ်ခဲ့ရဖူးပါတယ်။ ဒီ ကိစ္စမှာ ဘယ်သူ့မှာ တာဝန်အများဆုံးရှိသလဲဆိုတာကတော့................

( google မှ ကြက်ပုံယူပါသည်)

Sunday, March 28, 2010

တောင်ခိုးဝေေ၀ မြူခြေဆိုင်းဆိုင်း


ကိုကြီးကျောက်တို့ငယ်ငယ်က စာရေးဆရာပွင့်လန်း(သတ္တုတွင်း) ရဲ့ဝတ္တုကို မင်းသားကြီးကျော်ဆွေနဲ့ မင်းသမီးကြီး ခင်ယုမေ တို့ရိုက်ကူးထားတဲ့ရုပ်ရှင်က တောင်ခိုးဝေေ၀ မြူခြေဆိုင်းဆိုင်း တဲ့၊ဇတ်လမ်းကိုတော့ကောင်းကောင်း မမှတ်မိတော့ပါဘူး၊ ဒီဇတ်လမ်းတည်နေရာက ကလောအနောက်ဖက်က ရွှေမင်းပုန်းတောင်တန်း လို့ခေါ်တဲ့ ပလောင်တောင်တန်းမှာ၊ ရုပ်ရှင်ကလဲ အဖြူအမဲပေမဲ့ မြင်ကွင်းကျယ်ကားကြီး၊ရှုခင်းတွေကလှ မင်းသမီးကလဲလှလှပပ၀တ်စားပြီး တောထဲတောင်ထဲ လျှောက်သွားနေတာတော့မှတ်မိပါရဲ့၊


ဘဓရမှာ အလုပ်ဝင်တော့ ဒီရွှေမင်းပုန်းတောင်ကို ရွှေရှာဖွေရေးနဲ့ fieldဆင်းတဲ့အခါ ရုပ်ရှင်ထဲမှာကြည့်ခဲ့ရတဲ့ ပလောင်တောင်တန်းနဲ့ ပလောင်ရွာတွေကို ရောက်တော့တာပဲ၊ ကိုယ်တိုင်ကိုယ်ကျရောက်တော့လဲ ရှုခင်းတွေကလဲ လှဆဲ၊ ပလောင်မလေးတွေကလဲလှဆဲပါပဲ၊ ပလောင်တွေအသက်မွေးဝမ်းကျောင်းကတော့ တောင်ယာစိုက်ကြ၊ သနပ်ဖက်ခြံ၊ လဖက်ခြံတွေစိုက်ကြတာပေါ့လေ၊ ကိုကြီးကျောက်တို့လိုတဲ့အလုပ်သမား ငှားတော့လဲ ရွာခံပလောင်တွေပဲ ငှားရတာပေါ့၊


အဲ...ပလောင်တွေနဲ့ ရင်းရင်းနှီးနှီး နေလာတော့မှ ပလောင်လူမျိုးတွေရဲ့ အခက်အခဲပြဿနာတခုကို သိလာတော့တယ်၊ အဲဒီပြဿနာက ပလောင်မလေးတွေရဲ့ပြဿနာပဲ၊ ရွာတွေက မြို့နဲ့သိတ်အလှမ်းမဝေးတော့ မြို့သူတွေ ၀တ်တာစားတာ video မင်းသမီးတွေဝတ်ကြစားကြတာ မြင်နေတော့ မိန်းကလေးပီပီ အဲသလိုမျိုးလေး လှလှပပ၀တ်စားချင်တယ်၊ ခက်တာက ရွာမှာနေရင် ရိုးရာ ပလောင်ဝတ်စုံပဲ ၀တ်နေရမှာဆိုတော့ ပလောင်မလေးတွေက ဗမာတွေနဲ့ယူကုန်ကြတယ်၊ ဗမာမင်းသမီးတွေလို လှလှပပဝတ်နိုင်တာပေါ့လေ။ဟယ်...ဒီလိုတော့ မဖြစ်ချေဘူးဆိုပြီး ပလောင်ချင်း ကလေးဘ၀ကထဲကဲပေးစားဖို့စေ့စပ်ထားကြပြန်သဗျ၊ ဒါပေမယ့်လဲ အချစ်ဆိုတာ ဘောင်ခတ်ထားလို့မရတဲ့အမျိုးဆိုတော့ ကလေးတွေအရွယ်ရောက်ချိန်မှာ ကိုယ့်စိတ်ကြိုက်လေးတွေ တွေ့လာတော့ အခက်တွေ့ရပြန်တာပေါ့၊ ဒီပြဿနာကို လျော်ကြေးပေးတဲ့နည်းနဲ့ ဖြေရှင်းရပြန်တာပေါ့လေ၊


ကိုကြီးကျောက်ကတော့ ပလောင်ထီးတွေကိုပြောပါတယ် မင်းတို့ပလောင်မတွေက ဗမာယောင်္ကျားတွေကိုယူတာပဲ မင်းတို့လဲ ဗမာမကို ယူပေါ့ကွလို့ ပြောတော့ ကိုရွှေပလောင်များကပြောရှာတယ်၊ မယူရဲဘူးဆရာ ကြောက်တယ်တဲ့၊ ဟ...ဘာကြောက်စရာရှိလဲ ဗမာမလဲ မိန်းမပဲ အကုန်အတူတူပဲဆိုတော့ ဗမာမကယောင်္ကျားကိုရိုက်တယ်ဆရာတဲ့ ပလောင်မကမရိုက်ဖူးတဲ့၊ ဟင်...မင်းတို့ကိုရိုက်လို့လား လို့မေးတော့ ဗမာမက သူ့ယောင်္ကျားကို ရိုက်နေတာ သာစည်မှာတွေ့ဖူးတယ်ဆရာတဲ့၊ အင်း....ပလောင်တွေပြောတာဟုတ်လောက်တယ် ဒို့ဗမာမများကလဲ လင်ကို တယ်ဩဇာပေးချင်ကြတာများတယ်၊ လူမြင်အောင်လက်နဲ့မရိုက်တောင် ပါးစပ်နဲ့ကတော့ သေချာပေါက်ပဲ၊


ကိုကြီးကျောက်ကို ဗမာမယူမလားမေးရင် ပလောင်တွေပြောသလို ကြောက်တယ်လို့ ဖြေရကောင်းမလားမသိဘူး၊ ပလောင်တွေအပြောတွင် မကပေါင်ဗျာ၊ ဟိုတနေ့က ကိုAndy ရဲ့ we she me ကိုသွားရင်း ဝိုင်းစုခိုင်သိန်း ပုံကိုမြင်လိုက်တော့ လူလဲ တဖျင်းဖျင်း ထသွားတာပဲ၊ ကြက်သီးတွေပြောပါတယ်...ကြောက်လို့..ကြောက်လို့...၊ အမလေး..သီချင်းဆိုဖို့ ဝတ်ထားတာ wrestling နပန်းမယ်ကြနေတာပဲ၊ ကိုကြီးကျောက်ဖြင့် ငါ့ကို James Bond ဇတ်ကားထဲက မင်းသမီးလို ပေါင်နဲ့လိမ်ပြီး ညှစ်သတ်လိုက်မှဖြင့် လို့စဉ်းစားမိပြီး ကျောချမ်းလိုက်တာ၊ တော်ပြီ..တော်ပြီ..ကြောက်ဖို့ကောင်းတာတွေ မတွေးတော့ဘူး၊


ကဲ..ကိုယ့်ပလောင်တောင်ပဲ ပြန်ကြစို့၊ ပလောင်ရွာတွေက တောင်ထိပ်တောင်ကျောတလျောက်မှာ တည်ကြတာများတော့ ရွာလယ်လမ်းမကြီးကို မျက်နှာချင်းဆိုင်ပြီး အိမ်တွေကတန်းစီလို့ ချောက်ကမ်းပါးစောင်းမှာ ဆောက်ထားတာကိုး၊ အိမ်နောက်ဖေးက ချောက်ကြီးဆိုတော့ အိမ်သာတွေက ချောက်ကမ်းပါးမှာ လေတဖြူးဖြူးပေါ့ဗျာ၊ မနက်လင်းရင် ချောက်ထဲမှာဝက်တွေ တရုံးရုံးပေါ့ဗျာ၊ နဲနဲနေမြင့်လာရင် ဝက်တွေရွာပေါ်တက်လာပြီဆိုရင် ခေါင်းမှာပန်းတွေဝေနေလို့ ၊ ပိတောက်ပန်းတွေ ဝေနေအောင်ပန်ထားတဲ့ မမဝဝတွေမြင်ရင် ပလောင်တောင်က ဝက်တွေ ကိုကြီးကျောက်တော့ သွားသွားသတိရမိသဗျ၊


တရက်မှာတော့ ကိုကျောက်တို့ အလုပ်သမားတယောက်က သူ့အိမ်မှာဝက်ပေါ်သဗျ၊ ဒါနဲ့ ကိုကြီးကျောက်တို့လဲ ဟင်းစားသွားယူကြတာပေါ့ဗျာ၊ ကိုကြီးကျောက်တို့ ရောက်ချိန်မှာ ဝက်ကိုမီးမြှိုက်ပြီး အမွှေးတွေသတ် ရေနွေးဖျောပြီး အရေခွံခြစ်ဖို့ လုပ်နေပြီ၊ ကိုကြီးကျောက်ရောက်တော့ ဧည့်ခံချင်တယ်၊ လူကလဲမအားသေးတော့ ဘာမှမလုပ်ပေးနိုင်သေး၊ ဒါနဲ့ ချက်ချင်းပဲ ရှိတဲ့ ဝက်နားရွက်ကို ဖြတ်တဲ့ပြီး မီးပုံထဲထဲ့ မီးဖုတ်ပြီး ကိုကြီးကျောက်ကို လှမ်းပေးတယ်၊ စား..ဆရာ..စား..တဲ့၊ ကိုကြီးကျောက်လဲ ဝက်နားရွက်မီးဖုတ်ကို ကြည့်လိုက်တော့ ....အမလေး...ဝက်နားရွက်မှာ ပန်းခြောက်လေးတွေနဲ့ပါလား..၊ ကိုကြီးကျောက်မှာ ကိုင်ထားရခက်၊ လွှင့်ပစ်ရခက်၊ သူကလဲ စား..ဆရာ၊ကောင်းတယ်၊ စား နဲ့ အတင်းတိုက်တွန်းနေ၊ ကိုကျောက်မှာ ပူလို့မစားနိုင်သေးတဲ့ပုံနဲ့ အသာချထားပြီး စကားရောဖွဲရောနဲ့ အမြန်ပြန်လစ်လာခဲ့ရပါတယ်၊


အားနာနာနဲ့ စားခဲ့မိရင်တော့ သူများထက်တမူထူးပြီး စားခဲ့ဖူးကြောင်း ခပ်ကြွားကြွား ပြောနိုင်တာပေါ့လေ၊ ခုတော့ဘယ်လို အရသာဆိုတာ သိချင်တဲ့သူတွေကို မပြောနိုင်တာတော့ မတတ်နိုင်ဘူးပေါ့၊ အဲ..မျောက်ချေးခါးနဲ့ ဂျီ(ချေ)ချေးခါးတော့ ကြိုက်တယ်၊ နောက်ကြုံမှ မျောက်ချေးခါးအကြောင်းပြောပါဦးမယ်ခင်ဗျာ။

Monday, March 22, 2010

ကတူးမလေးနဲ့ထမင်းလူးကြတဲ့ပွဲ


ကိုကိုမောင်(ပန်းရနံ့) ရဲ့ရင်ထဲရှိတာတွေ ဆိုတဲ့ tag post လေးဖတ်မိရင်း ကိုကိုမောင်တို့နယ်မှာ တခုသောသင်္ကြန်နှစ်ဦးက field ဆင်းခဲ့ရတာလေးကို သတိရမိပါသေးဗျာ၊ ကိုကိုမောင်တို့ရွာက စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးနယ်ထဲမှာပါ၊ ပင်လည်ဘူး ၊ဗန်းမောက်နယ်၊တွေဟာ ရှမ်း၊ ကတူး၊ကနန်း၊ဆိုတဲ့ တိုင်းရင်းသားတွေနေတဲ့နေရာပါ၊ ကတူးကနန်းလို့တွဲခေါ်ကြပေမဲ့ လူမျိုး၊ဘာသာစကားကတော့ မတူကြပါဘူး၊ ရိုးသားတာတော့တူကြပါတယ်၊ သူတို့ထွက်ကုန်သီးနှံလေးတွေကို ၅ ကျပ်နဲ့မှာထားရင် လမ်းမှာတွေ့တဲ့သူက ၅၀၀ နဲ့ဝယ်ဝယ်၊၅၀၀၀နဲ့ဝယ်ဝယ် မရောင်းပဲ၊ မူလက ၅ ကျပ်နဲ့မှာတဲ့သူဆီရောက်အောင်လာပို့ကြတဲ့ သူတွေပါ၊ ကနန်းရွာတွေရောက်တော့ ကနန်းတွေရဲ့အိမ်တွေက သံတချက်မသုံးပဲ ဆောက်ထားကြတာကိုး၊ သစ်သားတွေကို တချောင်းနဲ့တချောင်း စရွေးကိုက်အပေါက်ဖေါက် ပြီးစွပ်ထားကြတာမျိုး၊ သူတို့ဆီကို ကိုအီဘရာဟင်တို့ ကုန်မာဆိုင်သွားဖွင့်ရင် စီးပွားပျက်ပြီး ဒေဝါလီခံရလောက်တယ်၊


ရှမ်းတွေကတော့ ရှမ်းနီ လို့ခေါ်တဲ့မြေပြန့်ရှမ်းတွေ၊ တောင်ပေါ်ရှမ်းနဲ့ စကားခြင်းလဲမတူ၊ ရုပ်ချင်းလဲ မဆင်၊ရှမ်းကြီးလို နေကောင်းလား..ယူလီယူဟာ့ လို့မေးတာမျိုးကို ရှမ်းနီလို အူနီးလေး လို့ပြောရတာဆိုတော့ စကားကတော်တော်ကွဲပလေတာ၊ ရခိုင်တို့ ထားဝယ်တို့ ဗမာနဲ့စကားကွဲတာက မှနီးစပ်မှုရှိသေး၊၊ ဟော..ကိုကြီးကျောက်တို့ ထားဝယ်ဖက်ကို fieldဆင်းတော့ ပကာရီရွာက ထားဝယ်မလေးတွေကို တို့အောက်ကတံတား၊တံတားအောက်ကကျွဲ ဆိုတဲ့စကားလုံးကို ထားဝယ်သံနဲ့ပြောခိုင်းတော့ ထားဝယ်သံနဲ့ပြောလိုက်ပုံက နို့အောက်ကခါး၊ ခါးအောက်ကကွဲ တဲ့ ၊ ကိုကြီးကျောက်တို့ တော့ ထားဝယ်မလေးတွေ ခါးအောက်ကကွဲ တာ နားလည်ပ့ါ၊


ကဲ..ကဲ..ကတူးမလေးတွေနဲ့ ထမင်းလူးကြတဲ့ အကြောင်းပြန်ဆက်ရအောင်..၊ ကိုကြီးကျောက်တို့ သင်္ကြန်မတိုင်မှီလေးမှာပဲ ဝန်းသိုနယ်ထဲက ကတူးရွာလေး တရွာရောက်သွားပါလေရော၊ ကိုကြီးကျောက်တို့ အုပ်စုကလူကအများသားမို့ ရွာကဘုန်းကြီးကျောင်းမှာပဲဆန့်တယ်၊ ရောက်စအထုပ်အပိုးတွေလဲ ချပြီးရော ရွာခံကာလသားတွေလာဖိတ်တော့ ရွာထဲဟိုအိမ် ဒီအိမ် လျှောက်လည်ပေါ့လေ၊ နောက်တနေ့မှာတော့ နေ့ခင်းမှာ ဟင်းရွက်ခူးဖို့နဲ့ ညမှာ ထမင်းလူးပွဲလာဖို့ဖိတ်တယ်၊ ဒါပေမဲ့ ဖိတ်ကြားခံရသူတွေက အပျိုလူပျို အစစ်ဖြစ်ရမယ်တဲ့၊ တခုလပ်၊မုဆိုးဖို ပါလို့မရပါတဲ့၊ ကိုကြီးကျောက်တို့က အဲဒီတုန်းက brand new လူပျိုအစစ်လေ၊ ခုလဲ..အစစ်ပါပဲ ကိုကြီးကျောက်နာမည်နောက်က လူပျိုအစစ် R ဆိုတဲ့ စာလုံးတောင်ပါသေး၊ 


ဪ...ဟင်းရွက်ခူးနဲ့ ထမင်းလူးပွဲလုပ်တာကတော့ သင်္ကြန်အခါတွင်းမှာ အနီးအနားကရွာတွေက အဲဒီရွာဘုန်းကြီးကျောင်းကို အကန်တော့လာရင် ဧည့်ခံထမင်းကျွေးဖို့ပါပဲ၊ ဒါနဲ့နေ့လည်လဲ ရောက်ရော အပျိုလူပျိုအုပ်စု ရွာနားကချောင်းထဲမှာ ဟင်းရွက်ခူးထွက်ကြတာပေါ့လေ၊ ချောင်းထဲအလေ့ကျပေါက်နေတဲ့ ပြည်ပန်းညိုတို့ လိုအရွက်မျိုးတွေပေါ့လေ၊ ချောင်းဖျားကိုတဖြေးဖြေး တက်လာလိုက်တော့ လူစုကကွဲကွဲသွားလိုက်တာ ကတူးမလေး ၃,၄ ယောက်လောက်နဲ့ ကိုကြီးကျောက်တို့ပဲကျန်တော့တယ်..၊ ကိုကြီးကျောက်တို့ကလဲ မအူမလည်လေးတွေ ဆိုတော့ ကတူးမလေးတွေနဲ့ ချောင်းအလည်မှာ ဇောင်းဆွယ်ဖို့မြောင်းကလဲ မသွယ်တတ်သေးဘူးလေ၊ ၁၅မိနစ်လောက်ရှိတော့ တဝူးဝူးနဲ့ ဝူးထိုးရင်း ခြုံပုတ်ထဲက ဒွိယံဒွိယံ ထွက်လာလိုက်ကြတာ လူပြန်စုံတော့တယ်၊ သူတို့လဲခြုံကြားထဲ မှိုရှာမြှစ်ရှာထွက်ကြထင်ပါရဲ့၊


ညရောက်တော့ အပျိုလူပျိုထမင်းလူးပွဲစတော့တာပါပဲ၊ ဗမာပြည်အထက်ပိုင်း မှာက ထမင်းကိုချက်စားတာ မဟုတ်ပဲပေါင်းစားကြတာကိုးဗျ၊ အဲဒီတော့ ပေါင်းချောင်တွေနဲ့ ထမင်းတွေပေါင်းကြတာပေါ့၊ ထမင်းတပေါင်းကျက်ပြီ ဆိုတာနဲ့ ထမင်းတွေကိုစကောထဲထည့် လူပျိုဖြစ်သူက ကိုယ်ကြိုက်တဲ့အပျိုကို လက်ညှိုးထိုးခေါ်ပြီးတော့ ထမင်းထည့်တဲ့ စကောမှာ မျက်နှာချင်းဆိုင်ထိုင်လို့ အပျိုလူပျိုစကားပြောကြတာခင်ဗျ၊ စကားပြောရင်းနဲ့ အပျိုက ငှက်ပျောဖက်လေးနဲ့ ထမင်းကိုဖွပေး၊ လူပျိုက ထမင်းအေးအောင် ယပ်တောင်နဲ့ယပ်ခပ်ပေးပြီး ထမင်းမအေးမချင်းစကားပြောကြပေါ့ခင်ဗျာ..၊ ထမင်းအေးတော့ တောင်းတွေထဲထည့်ပြီး ဧည့်သည်တွေကျွေးဖို့ သိမ်းရတာပေါ့၊


ကိုကြီးကျောက်ကတော့ ဘယ်အပျိုနဲ့ ပြောရမှန်းမသိတော့ အပျိုအကြီးဆုံး အပျိုခေါင်းကိုရွေးခေါ်ပစ်လိုက်တယ် ၊ သူတို့ရွာက အပျိုကြီးလို့ခေါ်ပေမဲ့ အသက်က၂၀ ပဲရှိပါသေးတယ်၊ ဒါပေမဲ့ သူတို့ရွာတွေက ၁၆နှစ်၁၇နှစ်ဆို အိမ်ထောင် သည်တွေဖြစ်ကြပြီဆိုတော့ အသက်၂၀ ဟာအပျိုကြီးပေါ့၊ ကိုကိုမောင်တောင် သူ့ရွာမှာနေရင် ကလေး ၅ယောက်တော့အနဲဆုံးပဲ၊ခုတော့ မြို့ရောက်နေလို့ လူပျိုသိုး ဖြစ်ရရှာတယ်...ကျွတ်...ကျွတ်..ကျွတ်၊ ကိုကြီးကျောက်တို့ကျောင်းသားဘဝက နောင်ချိုနယ် ရတနာသိဂီ င်္ မိုင်း ဖက်ရောက်တော့ မိုင်းနားက ဒိုးပင်ဆိုတဲ့ရှမ်း၇ွာလေးက မေးကြတယ်၊ ဘာလုပ်သလဲပေါ့ ၊ကျောင်းသားတွေလို့ပြောတော့ ..ဟင်...ဒီအရွယ်ကြီးတောင် ကျောင်းနေတုန်းပဲလားလို့ပြောကြတယ်၊ သူတို့ဆီမှာက ၁၂နှစ်၁၃နှစ်ဆို ကျောင်းထွက် လယ်ထဲဆင်း၊ ၁၆နှစ်၁၇နှစ် ဆိုရင် မိန်းမတွေရကုန်ပြီဆိုတော့ ၁၈နှစ်၁၉နှစ်သားတွေက ကျောင်းသားဆိုတော့ အံ့ဩစရာဖြစ်နေတာပေါ့လေ၊


ကဲ..ဒါတွေထားတော့၊ အပျိုကြီးနဲ့ ကိုကြီးကျောက် ဘာတွေပြောသလဲ သိချင်ကြတယ်မို့လား..၊အို..ပြောမိမှတော့ ပြောကိုပြောတော့မယ်၊ ကိုကြီးကျောက်က သူ့ကိုမေးတာပေါ့လေ၊ ဘာလို့ အိမ်ထောင်မပြုတာလဲပေါ့၊ သူကလဲဖြေတော့ ဖြေတတ်သားဗျ ၊မိဘတွေနဲ့ မခွဲနိုင်လို့တဲ့၊ ပါးစပ်ကသာအဲသလိုပြောတာ ..သူ့ကြည့်ရတဲ့ပုံကတော့ လင်လိုချင်သူများတိုကင်ယူပါ ဆိုရင် နံပါတ်စောစောရအောင် မနက် ၄ နာရီကထဲက ထမင်းထုပ်နဲ့ တန်းစီမဲ့ပုံပဲ၊ ဒီလိုနဲ့ သူကမူလိုက် ကိုယ်ကကြူလိုက်နဲ့ ထမင်းကလဲ အအေးမြန်လိုက်တာ၊ အဲဒီတော့ နောက်တတွဲအလှည့် ဖြစ်သွားတာပေါ့၊ ဒါနဲ့ ကိုကြီးကျောက်တို့ဘုန်းကြီးကျောင်း ပြန်အိပ်တော့ညဉ့်နက်နေပြီ၊ ကိုယ့်အိပ်ယာကိုယ်ဝင်အိပ်ကြတာ ဘယ်သူမှတုတ်တုတ်မလှုပ်ဖူး၊


အဲဒီမှာတင် ပြဿနာက စတော့တာပါပဲ၊ ဘာလို့လဲဆိုတော့ နောက်တနေ့မှာ ဥပုသ်နေ့ကိုးဗျ၊ အဲဒီဖက်နယ်တွေက ဥပုသ်ကျောင်းလာရင် မနက် ၄ နာရီလောက်ဝေလီဝေလင်းလာပြီး သီလယူကြတာကိုးခင်ဗျ၊ ကိုကြီးကျောက်တို့ အိပ်ကောင်းနေတုန်း ဩကာသ...ဩကာသ...နဲ့ အသံတွေကြားလို့ မျက်စေ့လေးအသာဖွင့်ကြည့်လိုက်တော့ ကိုကြီးကျောက်တို့ခြေရင်းမှာ လူတွေက လက်အုပ်လေးတွေချီလို့ ..၊ အဲဒီနောက်တော့ ကိုကြီးကျောက်တို့ခေါင်းရင်း သံဃာစင်ပေါ်ကနေ ဘုန်းကြီးသီလပေးသံ ကြားရတာပါပဲ၊ အို..ဘုန်းကြီးနဲ့ လူတွေကြား ကိုကြီးကျောက်တို့က စောင်တွေခြုံပြီး စန့်စန့်ကြီးတွေပေါ့ဗျာ၊ဘာတွေနဲ့တူသလဲ စဉ်စားသာကြည့်ပါတော့၊ ကိုကြီးကျောက်တို့လဲ ဆက်အိပ်နေရမှာလား၊ ထသွားရမှာလား ဘာလုပ်ရမှန်းမသိဖြစ်နေတာပေါ့၊


အဆိုးဆုံးကတော့ မနက်အိပ်ယာထ ဆီးသွားချင်တဲ့ကိစ္စပါပဲ၊ ဆီးအိမ်တင်းတော့ နေရထိုင်ရဘယ်လိုဖြစ်တယ် ဆိုတာ ညီငယ်များလဲသိကြမှာပေါ့လေ၊ ကိုကြီးကျောက်လဲ လူပုံအလည်ထမသွားရဲတာနဲ့ ပေတေပြီးအိပ်လိုက်တာ ချွေးသီးချွေးပေါက်များတောင် ကြယူခဲ့ရကြောင်းပါဗျာ၊


ကိုကြီးကျောက်ကို စီပုံးမှာ၊comment မှာ လာပြီးနောက်ကြပြောင်ကြတာ စိတ်ဆိုးသလားလို့ တချို့ညီငယ်၊တူမငယ်တွေက gtalk မှာမေးကြပါတယ်၊ လုံးဝ(လုံးဝ)စိတ်မဆိုးပါ၊ အကိုကြီးလို သဘောထားပြီးရင်းရင်းနှီနှီးနေတာကို စိတ်ဆိုးရန် အကြောင်းမရှိပါခင်ဗျား။
ayeyarwady.com မှပုံယူပါသည်

Wednesday, March 17, 2010

ဟိုအကိုကြီးကျောက်ရဲ့ရွှေနှင်းဆီ


မှုန်ရွှေရီ..ခိုင်မာလာနှင်းဆီ..မိုင်ဒါလင်ဆွိတီ....ဆိုတဲ့ဟိုရှေးက ရွှေနှင်းဆီသီချင်းနဲ့ အကကိုကြည့်ဖူးကြမယ် ထင်ပါရဲ့၊ ကလေးဘဝ၊လူလတ်ပိုင်းဘဝ၊ လူကြီးဘဝနဲ့ အရွယ်သုံးပါး ပိုင်းခြား က သွားတာလဲကြည့်ဖူးပါရဲ့၊ အခုလဲ နှမဖြစ်သူမယ်ချစ်(ချစ်ကြည်အေး)က ရင်ထဲကအတွေးလေး ဆိုပြီးရေးခိုင်းပြန်တော့ ကိုကြီးကျောက်တို့လဲ ရွှေနှင်းဆီကသလို အရွယ်သုံးပါးအတွေးလေး ရေးရမှာပေါ့လေ၊


ကိုကြီးကျောက်တို့ကလေး ဘဝကတော့ အထူးအထွေမတွေးပါဘူး၊ ကလေးထုံးစံအတိုင်း ကစားဖို့နဲ့စားဖို့ပဲတွေးတာပါပဲ ကျောင်းကပြန်ရောက်တာနဲ့ လွယ်အိပ်ကို ဘုတ် ကနဲ ပစ်ချပြီး ကစားဖို့ပြေးထွက်တော့တာပဲ၊ ခုခေတ်ကလေးများလို ကျောင်းပြီးကျူရှင်၊ ကျူရှင်ပြီးကျောင်းဆိုတာမျိုးနဲ့ ကစားချိန်မရှိတာမျိုးလဲ မဟုတ်ပေါင်ဗျာ၊ ယောင်္ကျားလေးဆိုတော့ စစ်တိုက်တန်းတို့၊ ပြေးတန်းလိုက်တန်း၊တို့ကစားကြတော့ ကျန်းမာရေးနဲ့လဲညီညွတ်ပါ့၊ ခုခေတ် မြို့ကလေးတွေလို မော်နီတာရှေ့ထိုင်ပြီး စစ်တိုက်တာမျိုးမဟုတ်ပဲ ပြောင်းဖူးရိုးနဲ့ အသားကုန်ပစ်ပြီး ဆင်နွှဲရတာဆိုတော့..အို..ပျော်စရာကောင်းချက်များ၊ မိန်းကလေးများကလဲ အိုးပုတ်နဲ့ချက်တမ်းပြုတ်တမ်းကစားကြ၊ အိုးပုတ်ထဲ သဲထည့်ပြီးထမင်းချက်၊ တွေ့သမျှအရွက်တွေခူးပြီး ဟင်းချက်ပြီး ကိုကြီးကျောက်တို့စစ်မြေပြင်ကို ထမင်းလာပို့ကြသေးဗျား..ဖြစ်ရပုံများ၊တကယ်စားရတာလဲမဟုတ်ပဲနဲ့၊ အခုလဲ ငယ်ငယ်က အကျင့်မကုန်သေးလို့ထင်ပါရဲ့ blog ထဲချက်ပြုတ်ပြ၊ မစားရညှော်ခံလေးကြည့်ပြီး ကောင်းလိုက်တာဆိုပြီး ချီးကြူးပေးရသေးဗျား၊


ဟော...ကျောင်းပြီးလို့ ဘဝကို ကိုယ်တိုင်ကိုယ်ကြ ရင်ဆိုင်စ၊ လူလတ်ပိုင်းဘဝ ကို စ ဝင်ချိန်မှာတော့၊ ကိုကြီးကျောက်တို့အတွေးတွေကတော့ ကြီးကြီးကျယ်ကျယ်ချည့်ပဲ တခုမှပေါ့သေးသေးမပါဘူး၊ လူကလဲ ငါလုပ်ရင်ဖြစ်ရမယ်ဆိုတဲ့ မာနလေးတလူလူနဲ့ ကိုဗျ၊ မိန်းမယူရင်တောင် ကိုယ်ကပြည့်ပြည့်စုံစုံနဲ့ အစစအဆင်ပြေမှ၊ တင့်တောင်းတင့်တယ်ဖြစ်မှ ယူတော့မယ်ဆိုတာမျိုး၊ သူငယ်ချင်းတွေကတော့ ပြောပါရဲ့ ယူထားတော့ အဖတ်တင်တာပေါ့၊ယူသာယူပါလို့ အားပေးကြပေမဲ့ အဲဒီတင်နေတဲ့ အဖတ်ကြီးက အမေရိကမှာ ဈေးဝယ်သလို မကြိုက်ရင် return ပြန်လုပ်ဖို့ မလွယ်လှတာကြောင့် အသာငြိမ်ငြိမ်ပဲ နေလိုက်ပါတယ်၊ အဲဒီအရွယ်က ကိုကြီးကျောက်မတွေးခဲ့မိတာက လောကဓံရှစ်ပါး ပါပဲ၊ လူမှန်ရင်လောကဓံ ကိုခံရတတ်တယ်ဆိုတာ အတွေ့အကြုံတွေနဲ့ တဖြေးဖြေးသိလာချိန်ကြတော့ တတိယအရွယ်ကိုရောက်လာပြီလေ၊


ကိုကြီးကျောက်တို့ ဗမာတွေကတော့ အသက် ၄၀ ကျော်ရင်တတိယအရွယ်လို့ ပြောကြပြီပေါ့လေ၊ တတိယအရွယ်၏ ဒွါဒဿမ ဝေဒနာလေးတွေ ခံစားလို့ရပြီပေါ့နော်၊ အနောက်နိုင်ငံတွေကတော့ ၄၀ ကျော်မှဘဝကိုစဆိုပဲ၊ ဟုတ်တော့လဲဟုတ်မယ် ဒီအရွယ်က အင်မတန် အတွေးကောင်းတဲ့ အချိန်ပေပဲ၊ ကိုကြီးကျောက်လဲ ၄၀ ကျော်လာတော့ ဘာကို စတွေးမိသလဲဆိုတော့ လူ့ဘဝမှာ ပျော်စရာအကောင်းဆုံးလို့ ထင်မိတဲ့ အကြောင်းအရာတွေလျှောက်လုပ်ကြည့်ဖူးပါရဲ့ ဘာမှတကယ်တော့ ပျော်စရာအစစ်မဟုတ်တာ တွေးမိလာတယ်၊ အရက်သောက်လို့ ပျော်စရာထင်ရပေမဲ့ အရက်ဝိုင်းမှာ ဂဂျီဂကြောင်ကျတဲ့ကောင်ပါလာရင် စိတ်ညစ်နေရပြီ၊ မိန်းမတွေတရုန်ရုန်းနဲ့ နေရတာလဲ ခနပဲပျော်စရာကောင်းတာ၊ နောက်တော့လဲငြီးငွေ့သွားတာပဲ၊


အဲဒီတော့ လောကကြီးရဲ့ ပျော်စရာအစစ်အမှန်ဟာ ဘာလဲဆိုတာ စပြီးတွေးတတ်လာတာပါပဲ၊ အများကိုအကျိုးပြုနိုင်မဲ့ အကြောင်းလေးတွေလဲ တွေးတတ်ပါရဲ့၊ ခုချိန်မှာတော့ ကိုကြီးကျောက်အတွေးလေး ထဲမှာ သံသရာမှာအကြိမ်ကြိမ် အဖန်ဖန် မကျင်လည်ဖို့အရေး တွေးမိနေတာပါပဲ။( တွေးနေယုံနဲ့တော့ မပြီးဘူးပေါ့လေ လက်တွေ့အလုပ်တရားကလဲ ပါဦးမှ)။အမေရိကကဗမာတွေကလဲ ကိုကြီးကျောက် သံသရာကလွတ်လမ်းကို တွေးတောနေတာ မကြည့်ရက်နိုင်လို့ထင်ပါရဲ့ ဆေးပေးမီးယူရှာဖို့ပဲ အတင်းတိုက်တွန်းနေကြတယ်၊ ဘယ့်နှယ်ဗျာ..ဆေးလဲပေးရသေး ယူတော့မီးပဲယူရတာ တယ်မဟန်လှပါဘူး၊


တချို့ကလဲပြောသဗျ သားထောက်သမီးခံလေး လိုသပေါ့လေ၊ သားသမီးက ကိုယ့်ကိုစောင့်ရှောက်ပါ့မယ်လို့ ဘယ်သူအတတ်ပြောနိုင်မလဲ၊ အမေရိကမှာက မိဘကသားသမီးကို ကြောက်နေရတာခင်ဗျ၊ စာသင်ကျောင်းတွေကလဲ သင်ပေးလိုက်ပုံများက မိဘကဆုးံမရင်၉၁၁နှိပ်ပြီး ရဲခေါ်ပါတဲ့၊လုပ်ချလိုက်ပုံများက၊ အဲဒီတော့ ကလေးတွေက မိဘကို အချုပ်ထဲပို့ပို့နေတာတွေလဲကြားနေရတာပဲ၊ အခု ဖလော်ရီဒါရောက်မှကို ဗမာမိတ်ဆွေတယောက် မြီးကောင်ပေါက်သမီးကို ရေချိုးခန်းမှာipod တလုံးနဲ့ မထွက်နိုင်လွန်းလို့ ရေချိုးခန်းတံခါးခေါက်ပြီး ဆူမိတာနဲ့ စိတ်ကောက်ပြီးရဲကိုဖုန်းဆက်လို့ အဖေကို အချုပ်ထဲ ပို့သတဲ့ဗျာ၊ကျော်မကောင်း ကြားမကောင်း၊ ဒီတော့သားသမီးမွေးရမှာတောင်ကြားရတာနဲ့ ကြောက်မိပါရဲ့၊ ကဲ...ကိုကြီးကျောက်ရဲ့ ခုချိန်မှာ တကိုယ်တည်းဘာတွေ တွေးနေပြီဆိုတာ သဘောပေါက်လောက်ပြီ ထင်ပါရဲ့နော်...။


ဗမာပြည်မှာလဲ ဗမာပြည်အလျောက်၊ ပြည်ပမှာလဲပြည်ပအလျောက် အလုပ်၊စီးပွားရေး pressure တွေလူတိုင်းမှာရှိတာကြောင့် စာရေးရင်လဲ ပေါ့ပေါ့ပါးပါး၊ဖတ်ရင်လဲ ပေါ့ပေါ့ပါးပဲ ဖတ်ချင်တာမို့ ဒဿနတွေ သိတ်မရေးချင်ဘူး၊ ကိုကြီးကျောက်ကို tag စာရေးခိုင်းရင် ဟာသရေးချင်တာ ဒါပေမဲ့ မူလ tag သူတွေကိုအားနာလို့ ရုပ်တည်ကြီးနဲ့ ရေးလိုက်ပါတယ်၊ တွေးတာတွေကတော့ အမှန်ပါ လိမ်ပြောတတ်တာလေး တခုပဲ ခွင့်လွှတ်ပါ၊ ကိုရင်စည်နဲ့လမ်းမတော်ငမိုးက လဲ အသိတရား ဆိုပြီးရေးခိုင်းပါသေးတယ်၊ သူတို့ကအားမနာရမဲ့သူတွေမို့ မှတ်လောက်သားလောက်တဲ့ အသိတရားတော့ ပေးလိုက်ပါဦးမယ်။ ။
(ပုံကို akidsphoto.comမှယူပါသည်)

Friday, March 12, 2010

Charlies ကျောက်ပြူး 's Angles


ကျွန်တော့မိတ်ဆွေ ကိုချစ်ဖေကြီးက သူဘဝတက္ကသိုလ်တခုကို ရောက်ခဲ့ရစဉ်က ဆုံခဲ့ရတဲ့ ဗိုလ်ပြူးဆိုသူတယောက်အကြောင်းကို ရေးလာတော့ ကိုကြီးကျောက်လဲ ဗိုလ်ပြူးနဲ့ဆင်တူရိုးမှားအလုပ်မျိုးလေး စေတနာဝန်ထမ်းလုပ်ခဲ့ရတာလေးကို သတိရမိပ့ါဗျာ၊၊ ကိုချစ်ဖေရဲ့မိတ်ဆွေ ဗိုလ်ပြူးက ယဉ်ယဉ်ကျေးကျေးလေး ပြောရင် ပြည့်တန်ဆာခေါင်း၊ မိန်းမထိန်း၊ အဲလိုမျိုးလေးပေါ့ဗျာ၊ အရပ်လိုပြောရရင်တော့ -ါခေါင်း၊ ကြက်ခေါင်း၊ ပေါ့လေ။


ကဲ..ဗိုလ်ကျောက်ပြူး အဖြစ်ရောက်ရပုံလေး စကြစို့လား...၊ ကိုကြီးကျောက်တို့ ဘဓရ (ဘူမိဗေဒလေ့လာရေးနဲ့ဓါတ်သတ္တုရှာဖွေရေး ဦးစီးဌာန) ကနေအလုပ်ထွက်ပြီးနောက် ယောင်လည်လည်ဖြစ်နေတော့ ကိုယ့်စိတ်ကလဲ ကိုယ်ပိုင်အလုပ်လေးပဲလုပ်ချင်တော့တယ်၊ မြင်းခြံကသူငယ်ချင်းတွေကလဲ ဆေးလိပ်ခုံ၊သားရေရုံ၊ ကြက်သွန်နဲ့ ပဲ ပွဲစားတွေပဲများတယ်၊ ဒီတော့ကိုကြီးကျောက်လဲ ဆေးလိပ်လုပ်ငန်းပဲလုပ်မယ်ပေါ့( ကိုယ်တိုင်ကတော့ဆေးလိပ်မသောက်ဘူး၊သူများတွေတော့သောက်ခိုင်းတာပေါ့လေ)၊ ဒါနဲ့ ဆေးလိပ်လုပ်ငန်းကိုကြည့်တော့ မြင်းခြံကဆေးလိပ်တွေက သူ့နယ်နဲ့သူနေရာယူထားကြတာကိုး၊ ကဲ..ဒါဆိုရင် လားရှိုးဖက်ကို ဖြန့်ကြည့်မယ်ဆိုပြီး လုပ်ငန်းလေးစလိုက်တာ ၆လ တနှစ်လောက်ရှိတော့ အရှိန်လေးရလာတယ်၊


ဒီနောက်ကိုကြီးကျောက်လဲ တလတခါ လားရှိုးဈေးထဲက ဆေးလိပ်ဆိုင်တွေ သွားပြီးငွေသွားယူရတယ်၊ တခါတလေလဲ ၃,၄ရက်လောက် ငွေစောင့်ပြီးယူရတာပေါ့လေ၊ အဲဒီတုန်းက လားရှိုးရောက်ရင် ဈေးနားက ရှမ်းရိုးမတည်းခိုခန်းမှာ တည်းလေ့ရှိတာကိုး၊ အဲဒီတုန်းကတော့ တည်းခိုခန်းဆိုရင် ဟိုကောင်မလေးတွေ စတည်းချပြီးအလုပ်လုပ်ကြတာမျိုးကိုး၊ ကိုကြီးကျောက်ကလဲ တည်းခိုခန်းမှာ ၄,၅ ရက်ကြာနေတော့ နေ့တိုင်းဒီကောင်မလေးတွေ မြင်နေပြီး လူချင်းခင်နေပြီလေ၊ တရက်မှာတော့ သူတို့က ကိုကြီးကျောက်ကို လာပြောကြတယ်၊ အကို မန္တလေးကိုပြန်မဆင်းသေးဘူးလား တဲ့၊ အေး..ငါ ငွေတရက်နှစ်ရက်လောက် စောင့်ရဦးမယ် လို့ပြန်ပြောတော့ သူတို့က ဒါဆိုရင်သူတို့ကိုကူညီပါတဲ့၊ ဘာကူညီရမလဲဆိုတော့ မူဆယ်ကို တက်ပြီးအလုပ်လုပ်ချင်တာ မိန်းကလေးတွေချည့်ဆိုတော့ ကြောက်လို့ ယောကျာင်္းတယောက်အဖေါ်ခေါ်ချင်တာတဲ့၊


အို...ကိုကြီးကျောက်တို့ ကလဲသဘောကောင်းမနောကောင်း မိန်းကလေးတွေက အကူအညီတောင်းမှတော့ ပစ်စလက်ခတ်ကို ကူညီလိုက်ပြီပေါ့၊ ဟော...အမှတ်မထင် ဗိုလ်ကျောက်ပြူးဘွဲ့ ခံရတော့မယ်ပေါ့လေ၊ ဒီတော့ ကိုကြီးကျောက်တို့က ဈေးကွက်စီးပွားရေးခေတ်ကြီး မှာ ချစ်အကျိုးတော်ဆောင်လုပ်ငန်းရဲ့ MD ဗိုလ်ချုပ်ကျောက်ပြူးပေါ့ဗျာ...ဟင်း..ဟင်း...ဟင်း၊ ဒါနဲ့ မူဆယ်ကိုသွားကြမယ်ဆိုတော့ သူတို့က ၃ ယောက်ဗျ၊ ရန်ကုန်က ဗမာမလေးနဲ့ ကရင်မလေးရယ်၊ မိတ္ထီလာကကုလားမလေးရယ်၊ ပေါ့လေ၊ လားရှိုးတည်းခိုခန်းက ထွက်ကြမယ်ဆိုတော့ သူတို့ကိုကြည့်လိုက်တော့ ဂျင်းဘောင်းဘီကိုယ်စီနဲ့ စတိုင်ထွားနေလိုက်ကြတာ Charlies's Angles ထဲက မင်းသမီးတွေကြနေတာပဲ၊ ဟ..ဟ..သူတို့ဘောစိ(boss) ဗိုလ်ကျောက်ပြူးကလဲ ဘယ်ခေမလဲ၊ ဘယ်တုန်းကမှပုဆိုးကပ်တဲ့သူမှမဟုတ်တာ (တလွဲမတွေးကြပါနဲ့ ဘောင်းဘီပဲဝတ်နေကြမို့ပါ)၊ ပြီးတော့ရေသဘင် မျက်မှန်(Ray Ban) ကြီးနဲ့၊ ကောင်မလေးသုံးယောက်ခြံရံပြီးထွက်လာ လိုက်တာ ဗိုလ်ကျောက်ပြူးကနေ Charlies ကျောက်ပြူး ဖြစ်သွားတာပဲ၊


မူဆယ်လဲရောက်ရော ဈေးကွက်ကို promote လုပ်တဲ့အနေနဲ့ ကောင်မလေး ၃ယောက်နဲ့ လဘက်ရည်ဆိုင်ထိုင်လိုက်၊ လပ်လျားလပ်လျားနဲ့ ဈေးဖက်သွားလိုက်ကြနဲ့၊ စားသုံးသူတွေကို ကြော်ငြာပြရတာပေါ့လေ၊ စားသုံးသူတွေကိုလဲ ရုပ်တည်ကြီးနဲ့ ဘောစိပုံစံနဲ့ဆက်ဆံရ၊ သဘောကောင်းမနောကောင်းလေးတွေပါဗျ ဆိုပြီးguarranteeတွေ သာသာထိုးထိုးပေးရနဲ့ Charlies ကျောက်ပြူးခမြာ မအားရရှာပါဘူး၊ ဒီကြားထဲ ငွေကလဲလက်ခံရသေးတော့ MD မှာ cashier အလုပ်ပါတွဲလုပ်ရသေး၊ မူဆယ်မှာ ၅ရက်လောက်လဲနေပြီးရော တခါ ပန်ဆိုင်းကြူကုတ်ကို ဈေးကွက်သစ်ရှာထွက်ကြပြန်ရော၊


ပန်ဆိုင်းလဲရောက်ရော ပန်ဆိုင်းမှာက ရှမ်းပြည်ထုံးစံ အာဝါဒေးပွဲလုပ်နေတာကိုး၊ လောင်းကစားဝိုင်းတွေကတော့ စုံနေတာပါပဲ ၊၃၆ကောင်၊ ၄ကောင်ဂျင်ဝိုင်းတွေ၊ ကိုကြီးကျောက်တို့က ဂလုံးဂလုံးခေါ်တဲ့ ၆ ကောင်ပါတဲ့အန်စာတုံး လှိမ့်တာတွေ၊ ဝါသနာပါရင် ရှိသမျှမကုန်မချင်းဆော့နေ ယုံပါပဲ၊ ဒါနဲ့ Charliesကျောက်ပြူးနဲ့ သူရဲ့နတ်မိမယ်တွေလဲတည်းခိုခန်းမှာပစ္စည်းတွေ ချပြီး ပွဲဈေးတန်း ထွက်လာကြတာပေါ့လေ၊ နတ်မိမယ် ၃ယောက်ကိုတဖက်တချက်မှာ တွဲလာတဲ့ ချာလီကျောက်ပြူး ကလဲ ဟိုကစားဝိုင်းငေးလိုက် ဒီကစားဝိုင်းငေးလိုက်နဲ့ လျှောက်လိုက်တာ ဂလုံးဂလုံးအန်စာတုံး ဝိုင်းလဲရောက်ရော ထိုးချင်စိတ်ကတဖွားဖွားဖြစ်လာရောဗျ၊ ထိုးဖို့က ရေသတ္တဝါ ၃ကောင် ငါး၊လိပ်၊ပုဇွန်၊ ကုန်းသတ္တဝါက ကြက်၊ဆင်၊ ယုံ၊ ရှိသဗျ၊ ဒါနဲ့ ချာလီကျောက်ပြူးလဲ နတ်မိမယ်၃ယောက်နဲ့ ချီတက်လာတာမို့ ကြက်ပဲ ထိုးတယ်ကွာဆိုပြီး တရုပ်ငွေ ၃၀ ကို ကြက်ရုပ်မှာချ၊ ကစားတဲ့board ထိပ်မှာရှိတဲ့ အန်စာ ၃ တုံးကို ဖြုတ်ချလိုက်ရော.....


.အန်စာ၃တုံးက ဂလုံးဂလုံးနဲ့ ကျလာပြီး....ကြက် ၃ ကောင်က ငုတ်တုပ်လေးပေါ်နေသဗျ၊ ဒါနဲ့ Charliesကျောက်ပြူးလဲ ဝမ်းသာအားရနဲ့ ....ဟေး.....ကြက်၃ကောင်နဲ့လာတာ ကြက်၃ကောင် ပေါက်တယ်ကွလဲ အော်လိုက်ရော နတ်မိမယ်၃ယောက်က ဝိုင်းပြီးလက်သဲနဲ့ ဆွဲဆိတ်ကြတယ်ဗျ၊ နတ်မိမယ်တွေ လက်သံပြောင်ချက်ကတော့ မန်နေဂျင်းဒါရိုက်တာကြီးခမြာ လူလည်ခေါင်မှာ အမလေးဗျ အော်ယူရပါ့ခင်ဗျာ၊

ကဲ..ကိုကြီးကျောက်တို့ အမေရိက ရောက်မှမဟုတ်ပေါင် ဗမာပြည်ကထဲက အလုပ်ပေါင်းစုံလုပ်ခဲ့ဖူးကြောင်းပါခင်ဗျာ။

Monday, March 8, 2010

ကာလသားခေါင်းကိုကြီးကျောက်နဲ့ ပုဏ္ဏကတိုက်တဲ့အိမ်


၁၉၈၈ခုနှစ်အရေးအခင်းပြီးစက အောက်တိုဘာ(၃)ရက်နေ့မှာ ကိုကြီးကျောက်တို့ကို ရုံးတွေပြန်တက်ခိုင်းတော့ ကိုကြီးကျောက်လဲ ရုံးပြန်မတက်တော့ပဲ အလုပ်ထွက်တော့မယ်ဆိုပြီး အညာပြန်နေတော့တာပေါ့၊ ပြန်ရောက်တော့ အလုပ်ကမရှိ၊ အရပ်ထဲကကာလသားတွေနဲ့လဘက်ရည်ဆိုင်ထိုင်လိုက် အာဘောင်အာရင်းသန်သန်နဲ့ နိုင်ငံရေးအကြောင်းပြောလိုက် မိန်းမအကြောင်းပြောလိုက်နဲ့ အရပ်ထဲမှာ ကာလသားခေါင်းဖြစ်လာတော့တာပါပဲ၊ အရပ်ထဲကသာရေးနာရေးကိစ္စတွေမှာ ကိုကြီးကျောက်တို့က ဟိုပါဒီပါပေါ့လေ၊ ဒီလိုနဲ့တနေ့မှာ ကိုကြီးကျောက်တို့ကာလသားတွေ အလုပ်ရှုတ်စရာအကြောင်းတခုဖြစ်လာတယ်၊


ကိုကြီးကျောက်တို့အနောက်ဖက် တအိမ်ကျော်က ဒေါ်ငွေအောင်တို့အိမ်၊ အနောက်ဖက်ဆိုတာ west ကိုပြောတာ၊ကိုကြီးကျောက်တို့အညာမှာ တည်နေရာကိုညွှန်းရင် တောင်ဖက်မြောက်ဖက် အရှေ့ဖက်အနောက်ဖက် လို့ အရပ်မျက်နှာနဲ့ ညွှန်းတတ်တာကိုး၊ ရန်ကုန်ရောက်စက ကိုယ့်ကိုလမ်းလာမေးရင် တောင်ဖက်လမ်းလို့ပြောရင် လူတွေကမသိကြဘူး၊ ရန်ကုန်မှာက အရပ်မျက်နှာနဲ့ မသုံးကြတော့ တောင်မှန်းမြောက်မှန်းမသိသူကတယ်များသကိုး၊ ကဲ..ထားပါတော့လေ၊


ဒေါ်ငွေအောင်တို့ကမုံ့တီ၊ မုံ့ဟင်းခါးဖိုလုပ်ကြတယ်၊ ဒေါ်ငွေအောင်ညီမက ဒေါ်ငွေသောင်တဲ့၊ရှေးကအငြိမ့်မင်းသမီးကြီး၊ ကိုကြီးကျောက်တို့တောင်ဖက်ဘုရားလမ်းက ကိုကြီးကျောက်တို့ငယ်ငယ်ကတော့ အငြိမ့်တန်းကိုး၊ မင်းသမီးတွေက ချီကောက်လိုက်ကကြတယ်၊ အရပ်ကဘုရားပွဲမှာအရပ်ပြဇတ်တွေကလို့ ငှားရင်လိုက်ကရတယ်၊ ဘုန်းကြီးပျံဧယဉ်ကျူးတွေ လိုက်ရတယ်၊ ကိုကြီးကျောက်တို့ငယ်ငယ် ရုပ်ရှင်ရုံတွေပြည်သူပိုင် မသိမ်းခင်က မြို့ထဲကိုရုပ်ရှင်ကြော်ငြာလှည့်ရင်လဲ မင်းသမီးတွေအကနဲ့ကြော်ငြာတတ်တာမျိုး မှာလဲလိုက်ကကြရတာပေါ့၊


အဆိုအငိုအပြောကောင်းတဲ့ မင်းသမီးကြီးတွေ အသက်ကြီးလာတော့ အရပ်ထဲက အသုဘတွေမှာ အငှားငိုလိုက်ကြတယ်၊ တချို့ကပိုက်ဆံရရမရရ ဝါသနာပါလို့ကို အငှားသွားငိုနေကြတာကလား၊ ဒီဓလေ့ကို ကိုကျောက်တို့ မြင်းခြံ၊ပခုက္ကူ ဒေသမှာအရင်က ရှိခဲ့ပေမဲ့ခုတော့ ပျောက်သလောက်ဖြစ်သွားပါပြီ၊ အသုဘရှင်ကလဲ လာတဲ့ရပ်ဝေးရပ်နီးဧည့်တွေ ဧည့်ခံနေရ၊ ဝေယျာဝေစ္စတွေလုပ်ရနဲ့ မငိုအားကြလေတော့ ဖွဲ့ဖွဲ့နွဲ့နွဲ့ငိုတတ်တဲ့ မိန်းမကြီးများက လာငိုကြတာကိုး၊ အငိုကောင်းပုံများတော့ အသုဘရှင်တောင် ကိုယ့်ကိုယ်ကို အသုဘရှင်လို့သတိမရပဲ လာငိုတဲ့မိန်းမကြီးတွေသနားပြီးမျက်ရည်ကျယူရသတဲ၊့


ကိုကျောက်တို့ငယ်ငယ်က သုဿန်တွေကလဲ မြို့ထဲမှာပဲဆိုတော့ ခြေလျင်ပဲ အသုဘလိုက်ပို့ကြတာပဲ၊ အသုဘပို့ရင်လဲ ကိုကြီးကျောက်တို့ငယ်ငယ်က ဆိုင်းဝိုင်းလေးနဲ့၊ ကိုကြီးကျောက်တို့ကတော့ မသာဆိုင်းလို့ခေါ်တာပေါ့လေ၊ အဲဒီဆိုင်းဝိုင်းလေးက အသုဘပို့တဲ့သူတွေနောက်ကမှ လှည်းနဲ့ကိုး၊ မသာဆိုင်းတီးတဲ့လှည်းနောက်မှာတော့ ကိုကြီးကျောက်တို့ ကလေးတွေက တပျော်တပါးကြီးဆိုင်းချက်နဲ့ အညီကလိုက်သွားကြတော့တာ၊ အို...ပျော်စရာကောင်းချက်တော့၊ ခုနေမသာဆိုင်းလေးများရှိရင် လိုက်ကလိုက်ချင်ပါသေး၊


အဲ....မသာဆိုင်းနဲ့လိုက်ကနေလိုက်တာ ရေးလက်စတောင်ဘယ်ရောက်သွားပါလိမ့်၊ ဒေါ်ငွေအောင်တို့ကမုန့်တီဖိုဆိုတော့ မနက်ဖေါက်သည်တွေ အမှီပေးနိုင်အောင် ည နာရီပြန်တချက်လောက်ကထဲက မုန့်ထလုပ်ရတာဆိုတော့ ညစောစောအိပ်ကြတာကိုး၊ အရပ်ထဲကတော့ သူတို့အိမ်ကို နေဝင်ရင်ကုက္ကိုပင်လို့ ပြောကြတယ်၊ ကုက္ကိုပင်ကလဲနေတောင်ကောင်းကောင်းမဝင် သေးဘူးအရွက်တွေက အိပ်ကုန်ကြတာမျိုးကိုး၊ အဲဒီကုက္ကိုပင်အိမ်ခမြာ ကုက္ကိုစည်းစိမ်နှောင့်ယှက်မဲ့ အကြောင်းပေါ်လာတော့တာပါပဲ၊


ည၉ နာရီလောက်ရှိပြီဆိုရင် ဘယ်အရပ်ကလာမှန်းမသိတဲ့ အုတ်ခဲကြိုးတွေ၊ ကျောက်ခဲတွေနဲ့ အိမ်ကို တလစပ် အပစ်ခံရတော့တာပဲ ၊ ကိုကြီးကျောက်တို့ အရပ်ထဲက ကာလသားတသိုက်နဲ့ လူကြီးတွေအလုပ်များတော့တာပေါ့၊ ဒေါ်ငွေအောင်တို့ အိမ်ပတ်လည်မှာ လူတွေဝိုင်းထား၊ အနီးအနားအိမ်တွေခေါင်မိုးပေါ် တက်ပြီးခဲတွေလာရာလမ်းကို မှန်းဆကြပေမဲ့ ဘယ်ကလာမှန်းမသိအောင် တဝုန်းဝုန်း တဒိုင်းဒိုင်း အပစ်ခံနေရတာ ညသန်းခေါင်ထိအောင်ပါပဲ၊ အိမ်ထဲဝင်လာတဲ့ အုတ်ခဲကြိုးကို အိမ်အပြင်ပစ်ထုတ် လိုက်တာကို အဲဒီအုတ်ခဲကြိုးက ချက်ချင်း ဝှီးကနဲ အိမ်ထဲပြန်ဝင်လာတာကလဲ ဘယ်လိုစဉ်းစားရမှန်းမသိ၊ ကိုကြီးကျောက်တို့ကာလသား တသိုက် တပတ်လောက်ကြာအောင် လုံခြုံရေးကင်းစောင့်လိုက်ရပါတယ်၊ လူတွေဒီလောက်စောင့်နေတဲ့ ကြားက နေ့တိုင်းအချိန်မှန် ခဲနဲ့အပေါက်ခံနေတာမို့ လူတွေကတော့ ပုဏ္ဏကတိုက်တယ်လို့ပဲ ပြောကြတာပေါ့၊ တပတ်လောက်နေ့စဉ် အချိန်မှန်ခဲပေါက်ခံရပြီးနောက် သူ့အလိုလိုပဲ ရပ်သွားပါတယ်၊


ပုဏ္ဏကတိုက်တယ်ဆိုတာ အရင်ကတော့ ကြားဖူးနားဝရှိပေမဲ့ ဘယ်ကလာမှန်းမသိတဲ့ ခဲတွေနဲ့ တဝုန်းဝုန်း အပစ်ခံနေရတာတော့ ကိုကြီးကျောက်ဒီတခါပဲ ကြုံဖူးပါတယ်၊ သုတေသီများကတော့ ဆယ်ကျော်သက်တွေရှိတဲ့ အိမ်တွေမှာ ဖြစ်တတ်တယ်လို့ဆိုပေမဲ့ ဒေါ်ငွေအောင်တို့ အိမ်မှာတော့ မရှိပါဘူး၊ တခြားအကြောင်းအရာတွေ ရှိချင်ရှိမှာပေါ့လေ၊ အင်းတိုက်တာတွေ၊ စုန်းတိုက်တာတွေ ကလဲရှိတတ်တာမို့ ဒီအကြောင်းတွေ နောက်တခါရေးပါဦးမယ်။
(ကိုအောင်ကပုဏ္ဍက လို့ စာလုံးပေါင်းတယ်ခင်ဗျ၊ ကိုအောင်ပေါင်းတာ အမှန်ပါ၊ ကျွန်တော်တော့ ပျင်းလို့မပြင်တော့ဘူး)

Thursday, March 4, 2010

သူယောင်မယ်ဖြန်းတဲ့မေတ္တာရေစင်


အလုပ်လေးခနအားတုန်း ဗမာပြည်ကပို့လိုက်တဲ့ မဂ္ဂဇင်းတွေ၊ သီချင်းခွေလေးတွေ ထိုင်ကြည့်မိတော့ သင်္ကြန်သီချင်းတွေလဲ ပါလာသကိုးဗျ၊ ဪ...သင်္ကြန်နားနီးပြီပေါ့လေ၊ ရက်ကြည့်လိုက်တော့ တလလောက်လိုသေးသဗျ၊ ဒါပေမဲ့ ဖလော်ရီဒါ ရောက်တာနဲ့ ဖလော်ရီဒါသင်္ကြန်နဲ့ တိုးမှာပဲ၊ အမေရိကမှာတော့ ကိုယ့်ပြည်နယ်အလိုက် သင်္ကြန်ပွဲတော်ဆင်နွှဲကြတာမို့ မတ်လထဲမှာကျတတ်တဲ့ ဖလော်ရီဒါသင်္ကြန်ဟာအစောဆုံးပါပဲ၊ ကိုကြီးကျောက်တို့ ဒီအသက်အရွယ်တာရောက်ရော သူများတွေလို သင်္ကြန်တွင်း ရေပက်လိုက် မူးလိုက်ရူးလိုက်( ရွှေစင်ဦးကိုစောင်းပြောခြင်း)၊ မနေခဲ့ရပါဘူးဗျာ၊



ပါရမီ့ရှင်မို့လားတော့မသိပါဘူး ဒုလ္လဘဝတ်လိုက်၊ တရားစခန်းဝင်လိုက် (ကြည်ညိုဖွယ် ကိုကြီးကျောက်ပါလားနော်)၊ ကျောင်းသားဘဝမှာရော အလုပ်ထဲမှာရော သင်္ကြန်ကာလမှာfieldထဲနေရတာများတော့ မြို့ကြီးပြကြီးတွေက သင်္ကြန်ဆိုတာ အရုပ်ထဲပဲမြင်ဖူးတာပါပဲ၊ နိုင်ငံရပ်ခြားမှာနေရတာကြာတော့လဲ သင်္ကြန်ဆိုတာ ကလေးတွေရေပက်ကြ၊ ဗမာအစားအစာတွေစုပြီးစားကြတဲ့ ပွဲလို့ပဲသဘောထားမိတော့တာပါပဲ၊ ကလေးတုန်းကတော့ ရေပြွတ်လေးကိုင်ပြီး အပျိုပိန်ပိန် ရေမစိမ်နဲ့ အီကြာကွေး...အီကြာကွေး...၊အပျိုဝဝ ရေမချနဲ့ ပေါက်စီ...ပေါက်စီလို့ အော်ပြီး ရေပက်ခဲ့တာကိုးဗျ၊


တက္ကသိုလ်ကျောင်းသားဘဝ ဒီလိုအချိန်မှာ သခင်ကိုယ်တော်မှိုင်းနှစ်တရာပြည့်အရေးအခင်းဖြစ်လာတော့ ကျောင်းတွေပိတ်လိုက်ပါလေရော၊ အဆောင်ကနေ နေ့လည် ၁၂ နာရီ အပြီးထွက်ရမယ်နှင်တော့ ကျွန်တော်တို့မြင်းခြံအဖွဲ့ကတော့ မြင်းခြံမန္တလေးကားဂိတ်က ကားတွေသွားဆွဲပြီး အဆောင်တွေလှည့်ပတ်ခေါ် ပြန်ကြတာပဲ၊ အဲဒီတုန်းက ရတနာပုံဆောင်မှာ အတူနေခဲ့ရတဲ့ ဘလော့ဂါ MKS တို့တော့ ဘယ်လိုပြန်ကြသလဲတော့ မသိဘူး၊


ကျောင်းတွေလဲပိတ်လို့ မကြာပါဘူး သင်္ကြန်ရောက်လာတော့တာပါပဲ၊ ဒါနဲ့ ကျွန်တော်တို့ သင်္ကြန်ကို ပုပ္ပားမှာကျမယ်ဆိုပြီး ပုပ္ပားကို သူငယ်ချင်း (၃)ယောက်ချီတက်သွားတာပေါ့လေ၊ ပုပ္ပားလဲရောက်ရော အစီအစဉ်က ကိုရင်ဝတ်ဖို့ အစီအစဉ်ဖြစ်သွားတယ်ခင်ဗျ၊ ကိုရင်ကြီးတွေပေါ့လေ၊ ဦးပဉ္ဇင်းခံဖို့ကလဲ အသက်မပြည့်သေး၊ ဝတ်ဖြစ်တဲ့ကျောင်းက ကြောင်ပန်းကျောင်းမှာခင်ဗျ၊ ကျောင်းပတ်ဝန်းကျင်မှာလဲ စကားဝါပင်တွေနဲ့ စကားပန်းပွင့်ချိန်ဆိုတော့ တတောလုံးတတောင်လုံးမွှေးပြန့်နေပြီး လွမ်းစရာကောင်းလိုက်တာ၊ စကားဝါပင်ကလဲ ကျွန်တော်တို့နယ်မှာက နတ်ပန်းဆိုပြီး ဘယ်သူမှအိမ်မှာမစိုက်ဝံ့ကြဘူး၊ ပုပ္ပားမှာပဲရှိတယ်၊ တောင်တော်ပန်းရယ်လို့ အလေးအမြတ်ထားကြတာကိုး၊


ကြောင်ပန်းကျောင်းရဲ့ အထက်နားမှာ ပုပ္ပားတရွာလုံးကိုရေပေးတဲ့ နှမတော်ရေထွက်ရှိတယ်၊ နှမတော်ရေထွက် ကနေ ချောက်ထဲဆင်းလိုက်ရင် မောင်တော်ရေထွက်ရှိတယ်၊ အင်း...ရေထွက်တွေလဲ ရေရော ကောင်းကောင်းထွက်မှထွက်ကြသေးရဲ့လား မသိဘူး၊ မောင်တော်ရေထွက်ရဲ့ ကမ်းပါးထိပ်မှာ စေတီလေးတဆူရှိတယ်ခင်ဗျ၊ လူနေနဲ့ဝေးတော့ တော်ယုံတန်ယုံလူသူအရောက်အပေါက်လဲ နဲပါတယ်၊ ကိုကြီးကျောက်တို့ ကိုရင်ဝတ်တဲ့ကြောင်ပန်းကျောင်း နဲ့ နှမတော်ရေထွက်ကြားမှာ ရသေ့တပါးနေတဲ့ဂူရှိတယ်၊ ပုပ္ပားဆိုတာက ဝိဇ္ဇာ၊ဇော်ဂျီ၊ တပသီတွေ ပျော်မွေ့တဲ့အရပ်ပေမို့ ဘိုးတော်တွေ၊ ရသေ့တွေကလဲ တောင်အနှံ့မနဲပေဘူးကိုး၊ အဲဒီရသေ့က နူးညံ့လှပလိုက်တာ၊ စကားပြောရင်လဲ မာမီတို့ဟန်ထွက်နေလို့ ကျွန်တော်တို့အချင်းချင်း မာမီရသေ့လို့နာမည်ပေးထားတယ်၊


ကိုရင်ဝတ်လို့ ၂ ရက် ၃ ရက်ရှိတော့ ကိုကျောက်တို့အချင်းချင်း မောင်တော်ရေထွက်ကမ်းပါးထိပ်က စေတီလေးမှာ ပုတီးသွားစိတ်မယ်လို့တိုင်ပင်ကြတာပေါ့၊ ဒါနဲ့ ည ဘုရားဝတ်တက်လဲပြီးရော ကိုရင်(၃)ပါး အသာလေးလစ်ထွက်လာကြတာပေါ့လေ၊ ဘုရားရောက်တော့ ဘုရားမီးပူဇော်ပြီး ပုတီးလဲထိုင်စိတ်လို့ ၁၀ မိနစ်လောက်လဲရှိရော မောင်တော်ရေထွက်ရှိတဲ့ ချောက်ဖက်ကနေ ဖြန်းကနဲ ကိုရင် ၃ ပါးကို ရေသပ္ပါယ်လိုက်တာ ရွှဲရွှဲစိုပါရောလား၊ ဒါနဲ့ ဘာလဲဟ ဆိုပြီး ထကြည့်တော့လဲဘယ်သူမှမရှိ ၊ မောင်တော်ရေထွက်ကလဲ အောက်ချောက်ထဲ ပေ ၃၀ လောက်နက်တာဆိုတော့ တော်ယုံလူကတော့ ရောက်အောင်ရေမပက်နိုင်၊ ကိုကျောက်ကတော့ မာမီရသေ့ကို သိတ်မသင်္ကာချင်ပေမဲ့ ညမှောင်ထဲ ချောက်ထဲဆင်းပြီးရေပက်ဖို့အရေး သိတ်တော့မလွယ်လှပေဘူးပေါ့၊ ဒါနဲ့ ဒီတခါတော့ ရေနဲ့ပက်တဲ့သူ အမိဖမ်းမယ်ဆိုပြီး ပြန်ထိုင်ပြီးပုတီးစိတ်ကြတာပေါ့၊ မျက်စေ့ တဖက်ကိုမှိတ် တဖက်က အသာမှေးထားပြီး ချောင်းနေကြပေမဲ့ မပေါ်လာလို့ လက်လျှော့ပြီး ပြန်ခဲ့ရပါတယ်၊


ပုပ္ပားမှာက ဝိဇ္ဇာဓိုရ်ကြတဲ့သူတွေ အရပ်ဆိုတော့ ဇော်ဂျီတွေပျော်ပါးဖို့ သူယောင်သီးလဲရှိပေမပေါ့၊ ကိုကြီးကျောက်တို့တော့ ရှိစုမဲ့စုတောင်ဝှေးနဲ့ ဘယ်ဟာသူယောင်သီးမှန်းမသိလို့ မထိုးခဲ့ရပါဘူး၊ ကိုကြီးကျောက်တို့ကို ရေနဲ့လာပက်တာကလဲ ဘယ်ဝိဇ္ဇာကမှ အားအားယားယားလာပက်မယ်တော့ မထင်ပါဘူး၊ ကိုကြီးကျောက်တို့ တတွေကတော့ ကိုယ့်ဖာသာခပ်ကြွားကြွားပဲ မှတ်ချက်ချတာကတော့ ဇော်ဂျီက သစ်ပင်မှာပြန်ချိပ်ဖို့မေ့သွားတဲ့ သူယောင်မယ်က ရေနဲ့ဖြန်းသွားတာလို့၊ ကဲ...သူယောင်မယ်အစစ်ကပဲ ဖြန်းသလား အတုကပဲဖြန်းသလား၊ ဘယ်သူကပဲ ဖြန်းဖြန်း ၊ တခုသော သင်္ကြန်ကာလ ပုပ္ပားတောင် မောင်တော်ရေထွက်မှာ ရေပက်ခံခဲ့ရတာတော့ အမှန်ပါပဲခင်ဗျာ။
(ပုပ္ပားတောင်ပုံကို asiaexplorers.comမှယူပါသည်)

Monday, March 1, 2010

ဆဗားနားကြက်တန်းကကျောက်ဆင်ဘိုင်

ဆဗားနားကြက်တန်းလို့ဆိုတာနဲ့ ကိုကြီးကျောက်တယောက် ဆဗားနားကဂေလန်းကိုရောက်နေပြီလို့ စင်ကာပူကညီငယ်တွေ မထင်ကြလေနဲ့နော်၊ ရန်ကုန်ပုဇွန်တောင်၊မြေနီကုန်းက ကြက်တန်းလိုနေရာမျိုးမှာ အခုရောက်နေပါတယ်၊ ရန်ကုန်ကြက်တန်းတွေမှာတော့ ကားပစ္စည်းအဟောင်းတွေ၊ သံတိုသံစတွေကို မာမွတ်တို့ အပ္ပနားတို့ ကာဆင်တို့က ချိန်ကြတွယ်ကြ၊ရောင်းကြဝယ်ကြတာကိုး၊ ကိုကြီးကျောက်လဲ ကားပစ္စည်းအဟောင်းသံတိုသံစတွေကို ကွန်တိန်နာမှာထည့် ချိန်တွယ်ပြီး သင်္ဘောပေါ်တင်ပေးရတဲ့ အလုပ်ဆိုတော့ မာမွတ်တို့ ကာဆင်တို့နဲ့လုပ်ငန်းခြင်း မကွာလှတာမို့ နာမည်တောင် သူတို့နဲ့ မတိမ်းတယိမ်းလေး ကျောက်ဆင်ဘိုင်လို့ မှည့်မှဖြစ်မယ်၊


အမေရိကမှာကပစ္စည်းက ဈေးမကြီး(တခြားနိုင်ငံတွေနဲ့ယှဉ်ရင်တော့ဈေးကြီးတာပေါ့လေ)၊လုပ်အားခကဈေးကြီးတော့ ၁၉၉၀ လောက်ကကားတွေဆိုရင်ဂျုံးဂျုံးကျနေပြီမို့ လက်ပူတိုက်ပြင်မနေတော့ပါဘူး၊ ပုံမှာမြင်ရသလို စုပုံ
ထုထောင်းပစ်လိုက်တာပါပဲ၊ လင်မယားရန်ဖြစ်ရင် ဟိုဟာဒီဟာ ပေါက်ခွဲတတ်တဲ့ စုံတွဲတွေ ဒီစက်ကိုမောင်းခိုင်းရရင်တော့ တော်တော်အလုပ်ဖြစ်မယ်ထင်ပါရဲ့၊
ကားအဟောင်းအစုတ်တွေခမြာ ကားဘဝကနေ ငါးဖယ်ဖြစ်ရရှာတာမို့ ကားတွေသာကဗျာရေးတတ်ရင် ရင်နာစရာတွေဖတ်ရမှာပဲ၊(အခုတော့ ရင်ရောကျောရော နာယုံမကပါဘူး ၊ အေးချမ်းမေဖြစ်ကုန်တယ်
တစစီကျိုးပဲ့ကုန်တာပါပဲ၊) ၊ အဲလိုတစစီ ကျိုးပဲ့နေတာတွေကို ရေဒီယိုသတ္တိကြွပစ္စည်း ပါမပါလဲစစ်ပေးရသေး သဗျ၊ အင်း....နဂိုကထဲကဒီပစ္စည်းတွေသာပါရင် ကားမောင်းဖို့ စဉ်းတောင်မစဉ်းစားရဲလောက်အောင်ပါလား၊


ကားတွေမှာ ဘဝအမျိုးမျိုးပြောင်းလိုက်တာ နောက်ဆုံးတော့ သံတိုသံစပုံဖြစ်ရတာပါပဲ၊ ကိုကြီးကျောက်တော့ ဆိပ်ကမ်းမှာ နေပူပူ၊ လေကလဲ တဝှီးဝှီး တိုက်တဲ့ဒဏ်နဲ့ ကာဆင်တို့နဲအသားအရောင်ကလဲ နီးစပ်လာပြီလေ၊ အခုကွန်တိန်နာအလုံး ၄၀ တင်ပြီးလို့ ဖလော်ရီဒါ မသွားခင် နားချိန်လေးမှာ စာတွေရေးပါဦးမယ်၊ အမေရိကမှာ အလုပ်တွေ စုံနေအောင်လုပ်ဖူးတာမို့ တခါတလေ ကိုယ့်ဖာသာ ဘာမှန်းတောင်မသိအောင်ပါပဲ၊ ရောက်ကထဲက ဆူရှီးလိပ်တဲ့ကိုလိပ်ကျောက်ဖြစ်လိုက်၊ New York က laundry မှာ ဒိုဘီဝါလားကျောက်ဖြစ်လိုက်၊ shopping mall မှာ ယူနီဖောင်းလေးဝတ်ပြီးပြုံးပြုံးလေးရပ်နေတဲ့ ဒရဝမ်ကျောက် ဖြစ်နေလိုက်၊ gift shop မှာ ဟောင်းတာယူ အော်နေတဲ့ ဈေးသည်ကျောက်ဖြစ်လိုက်နဲ့ ၊ အခု ဆိပ်ကမ်းတကာလည်မဲ့ ကျောက်ဆင်ဘိုင် လာပါပြီခင်ဗျာ။