ကိုကြီးကျောက်တို့ မြိတ်ကျွန်းစုတွေမှာfieldဆင်းတော့ မြိတ်ခရိုင်ဘုတ်ပြင်းနယ်က ကော့ကနင်းဆိုတဲ့ကျွန်းလေးမှာ၂လလောက်နေခဲ့ဖူးတယ်၊ကျွန်းလေးကလဲ သေးသေးလေး ၊အဝေးကကြည့်ရင် ဒယ်အိုးလေးမှောက်ထားသလိုပဲ၊ အလယ်ကတောင်ကုန်းလေး၊ တကျွန်းလုံးမှဘောလုံးကွင်း တကွင်းစာလောက်ပဲကျယ်တယ်၊ ရွာကလှိုင်းလေကွယ်တဲ့ အရှေ့မြောက်ခြမ်းမှာရှိတယ်၊ သောက်ရေသုံးရေကို တော့နှစ်မိုင်လောက်ဝေးတဲ့ ကုန်းမကြီးပေါ်တက်ခပ်ရတယ်၊ လှေပေါ် စဉ့်အိုးတွေတင်ပြီး ဂလက်လို့ခေါ်တဲ့ ချောင်းကြိုမြောင်း ကြားထဲကဖြတ်ပြီး သွားရတာပေါ့လေ၊ ချောင်းဘေးတလျှောက်ကတော့ ဒီရေရောက်တောတွေချည့်ပါပဲ၊ ခုတော့ ဒီရေတောတွေလဲ ရှိမှရှိသေးရဲ့လား မသိဘူး၊ fieldဆင်းရင်လဲ ဂလက်ကြိုဂလက်ကြားကနေ ကုန်းပေါ်တက်ရတာပေါ့လေ၊ ကုန်းပေါ်မှာရွာတွေ ရှိပေမဲ့ လုံခြုံရေးအခြေအနေကြောင့် ကျွန်းပေါ်ပဲ ပြန်အိပ်ရတာပါပဲ၊
ရောက်စကတော့ field ဆင်းရင်းနဲ့ ပဲ့ထောင်ပေါ်ကနေ မျောက်တံငါလေးတွေ တွေ့ရင်ပစ်တတ်ပေမဲ့ မျောက်ညိုသားအမိကို လုံခြုံရေးလိုက်တဲ့ရဲဘော်တွေ ပစ်ရပြီးကထဲက မျောက်သားလဲမစားဖြစ်တော့ဘူး၊ မျောက်လဲမပစ်တော့ဘူး၊ မျောက်တံငါလေးတွေက နာမည်နဲ့လိုက်ဖက်စွာကို တံငါလုပ်ငန်းမှာ ကျွမ်းကျင်ပေသကိုး၊ သူတို့အမြီးလေးတွေနဲ့ ဂဏန်းမျှားတာပဲ၊ ဂဏန်းက သူတို့အမြီးကို လက်မနဲ့ညှပ်ထားပြီဆိုရင် ချက်ချင်းအမြီးကိုဆွဲတင်ပြီး ဂဏန်းကိုကျောက်တုံးနဲ့ထုပြီး စားတတ်တာမျိုး၊ အဲဒီမျောက်တံငါကို အုန်းနို့နဲ့ချက်စားရရင် သိတ်အရသာရှိသဗျ၊
တခါတော့ဗျာ တောထဲမှာကိုကြီးကျောက်တို့က ဖဲသမားမျောက်လို့ နာမည်ပေးထားတဲ့ မျောက်လွှဲကျော် ကို နားညီးလို့ ချောက်လွှတ်မယ်ဆိုပြီး သစ်ပင်တွေပေါ်လိုက်ကြည့်တော့ မျောက်ညိုတအုပ်တွေ့ပါလေရော၊ မျောက်လွှဲကျော်ဆိုတဲ့ကောင်တွေက တကောင်နှစ်ကောင်ထဲနဲ့ တတောလုံးပွက်ပွက်ညံအောင် ဘူ ကိုး...ဘူ ကိုး..နဲ့ အလွန်အော်တဲ့ကောင်တွေ..၊ မျောက်ညိုတွေကလဲ စပ်စုတဲ့နေရာမှာ နှစ်ယောက်မရှိဘူး၊ အောက်မှာ လူတွေရှိနေရင် ငြိမ်ငြိမ်မနေဘူး..၊ သစ်ရွက်လေးဖြဲပြီး ချောင်းကြည့်လိုက် လူတွေရှိရင်သစ်ရွက်လေး ပြန်ကွယ်လိုက်..ခနခနလုပ်နေတော့ သူတို့နေရာသိတော့တာပေါ့၊ ရဲဘော်တွေပစ်ချတဲ့အခါ မျောက်ညိုမကြီးက ကလေးနဲ့ ဆိုတော့ သေသာသေရော သစ်ကိုင်းကို လုံးဝမလွှတ်ဘူး၊ လက်ကိုထပ်ပြီးပစ်ချရသေးတယ်၊
ရလာတဲ့မျောက်အမြီးနဲ့ မျောက်လည်ပင်းမှာချည်၊ အလုပ်သမားတွေကလွယ်၊ ပြီးတော့ ကိုကြီးကျောက်တို့ရှေ့ကနေ လျှောက်ကြတော့ တလမ်းလုံး မျောက်မျက်နှာကြည့်လာရတာ မျောက်သားစားချင်စိတ်ကို တခါထဲပျောက်သွားတော့တာပဲ၊ အဲ...ဒါပေမဲ့ မျောက်ချေးခါးတော့စားတယ်၊ မျောက်ချေးခါး ဆိုတာ မျောက်ရဲ့အူနုထဲက အစာတွေပေါ့၊ အစာအိမ်ထဲက ချေဖျက်ပြီးစအစာဆိုတော့ အူမထဲကအစာလို ချေးကမကြမ်းသေးဘူး၊ ကိုကြီးကျောက်ကတော့ စားသာစားတတ်တာ ချက်နည်းတော့မသိလို့ ဘယ်လိုချက်သလဲတော့မမေးကြပါနဲ့၊ စားလို့ကောင်းတာကတော့ အမှန်ပါပဲ ၊
ညနေ field ကနေရွာ ပြန်ရောက်တာနဲ့ ရွာဘေးပင်လယ်ထဲ ရေဆင်းချိုးတော့ တာပဲ၊ ပင်လယ်ဆိုလို့ beach ကိုသွားမမြင်လိုက်လေနဲ့၊ နောက်ကျိကျိရေငံထဲ ဆင်းချိုးရတာ၊ ဒါမှမချိုးလဲချိုးစရာ မရှိဘူးလေ၊ ပြီးမှအိမ်မှာ ရေချို၁၀ခွက်လောက် လောင်းချိုးရတာကိုး၊ တရက်မှာတော့ ကိုကြီးကျောက်တို့ ရေချိုးမဆင်းခင် ရွာနံဘေးမှာ မိချောင်းကြီးတကောင် စန့်စန့်ကြီးပေါ်နေပါရောလား၊ အကောင်ကလဲ အကြီးကြီး၊ ကျွန်းလေးကို ပတ်ချာလှည့်နေတာ၊ တရွာလုံးလဲ အုတ်အော်သောင်းတင်းနဲ့၊ နတ်မိချောင်းပေါ့လေ...၊ဘယ်သူ့မိချောင်းဖြစ်ဖြစ် ပစ်တယ်ကွာ..ဆိုပြီး သေနတ်ကိုယ်စီနဲ့ လိုက်ပစ်လိုက်ကြတာ ....အောင်မာ...သူကလဲမခေဘူးဗျ၊ အရှောင်အတိမ်း ဂျက်ဆီဂျိမ်း ပဲ၊ မင်းတို့လောက်တော့ ပျင်းတောင်ပျင်းသေးတယ် ဆိုပြီး လှန်တောင်ပြသွားသေးတယ်..အမြီးကိုပြောတာပါ၊ ရွာကလူတွေကတော့ နတ်လဲကြောက်ရ သေနတ်လဲကြောက်ရ ဆိုတော့ စိတ်ညစ်မှာပေါ့လေ၊
ဒါနဲ့..ရွာက နတ်မိချောင်းပေါ်တဲ့အတွက် ဦးရှင်ကြီးတင်ပွဲ ကျင်းပမယ်ဆိုတော့ ကိုကြီးကျောက်က မမြင်ဘူးတော့စိတ်ဝင်စားတာပေါ့၊ ကိုကြီးကျောက်တို့ အညာသားများကလဲ ဒေသထွက်Local နတ်တွေကလဲအင်မတန်ပေါလေတော့ နတ်တောင်export လုပ်လို့ရတာမို့အဝေးနတ်တွေ ဘာမှန်းမသိတာအမှန်ပဲ၊ ပဲခူးနံကရိုင်းပုံကို ကျွဲရိုင်း( Red Bull) အချိုရေ ကြော်ငြာထင်လို့ထင်၊ စောင်းတီးတဲ့မောင်ရှင်ဆိုရင် စောင်းမောင်နေဝါအဖွဲ့မှာတီးတာလား ဆိုပြီးမေးတဲ့သူကမေး၊ မန္တလေးနန်းတွင်းစောင်းပညာရှင် ဣန္ဒာဒေဝမောင်မောင်ကြီးတို့ သူငယ်ချင်းထင်သူကထင်ပေါ့လေ၊ အညာမှာက နတ်တွေက ဆိုက်စုံ၊အကြောင်းအရာအစုံရှိတာကိုးဗျ၊
မူးမူးရူးရူး မြူးချင်သလား.... ဦးမင်းကျော်ရှိတယ်၊ ကောင်းဘွိုင်လို မြင်းစီးတဲ့နတ်ကိုသဘောကျသလား ...ချိုသင်းတို့အဖေ ဦးဂျမ်း(ဦးတင်မိုး) တို့ရွာကို မြင်းခြံကနေသွားရင် ဖြတ်ရတဲ့ဆင်တဲဝချောင်းထဲမှာ မြင်းဖြူရှင်က ကားယားကြီးခွလို့..မြင်းကို..၊ ဟော...ရေကြောင်းကိုကြိုက်သပါ့ ဆိုရင် အမေရေယာဉ်က အဆင်သင့်ပဲ၊ မော်တော်လား..သင်္ဘောလားတော့မသိဘူးပေါ့လေ..၊ သံသေးသံညှောင်ကြိုက်ရင် ကိုနဗနတို့ရွာမှာ မနှဲလေး၊ ခပ်ကျယ်ကျယ်အော်ချင်ရင် ရွှေနားပေ...အို...အစုံရှိ၊ ခေတ်ပေါ် ကညန နတ်တောင်ရှိသေး၊ ဟော...မန္တလေးဘိုးဘိုးကြီးတဲ့..သူ့ခမြာ ဘယ်ကားလာလာ ကြည့်ပေးရှာတယ်..၊
ကဲ..ဦးရှင်ကြီးတင်ပွဲအကြောင်း ဆီသွားကြစို့ ၊ ဦးရှင်ကြီးကို ဘယ်လိုတင်သလဲ..ဘာတွေနဲ့ကန္နားပေးမှာလဲဆိုပြီး ကိုကြီးကျောက်လဲ စောင့်ကြည့်တာပေါ့လေ၊ မုန့်ပွဲတွေ ပြင်ထားပြီး၊ နတ်ကတော်တွေက အဆင်သင့်ပဲဗျ၊ ကိုကြီးကျောက်က ဦးရှင်ကြီးက စောင်းလေးတီးပြီးဝင်လာလေမလားလို့ စောင်းလိုက်ရှာတော့လဲ ကြိုးတပ်တူရိယာဆိုလို့ နှဲတလက်ပဲ ကြိုးတပ်ပြီးတိုင်မှာချိပ်ထားတာတွေ့တယ်၊ အဲ..မကြာပါဘူး နှဲလေးကို တတီတီမှုတ်ပြီး ဗြုံး..ဗြုံး နဲ့ဒုံးယိမ်းကပြီး ဦးရှင်ကြီးနတ်ကန္နားပေးတော့တာကိုး၊ မောင်ရှင် ခမြာ မိန်းမလှကျွန်းမှာ စောင်းလေးနဲ့ ငြိမ့်ရှာပေမဲ့ မြိတ်ကျွန်းစုရောက်မှပဲ သွက်သွက်လက်လက် ဒုံးကရရှာတယ်၊
မတော်တဆ နယ်စပ်ရောက်လို့ camp ထဲမျက်စေ့လည်ပြီး မောင်ရှင် ရောက်မိသွားလို့ အမေရိကား အပို့ခံရရင်တော့....စောင်းလေးကိုချ..ဘောင်းဘီဖင်လျောဝတ်..ဦးထုပ်နောက်ပြန် ဆောင်းပြီး ရက်(ပ)ပါ မောင်ရှင် များဖြစ်လေမလားမသိဘူး....။
No comments:
Post a Comment