Saturday, September 18, 2010

ရုံးမင်းတထိုင်နဲ့ တရားရေးမဏ္ဍိုင်


ကိုကြီးကျောက်တို့ ဘွားအေကြီးက မယ်ခါတဲ့၊ မယ်ခါရဲ့မောင်က ဦးဘိုးသောင်တဲ့၊ ရှေးခေတ် အင်္ဂလိပ်စာ ၄ တန်းအောင်တော့ ရှေ့နေစာမေးပွဲဖြေပြီးတော့ အမိန့်တော်ရရှေ့နေလုပ်နေသတဲ့၊ ဦးဘိုးသောင်ရဲ့ မိန်းမက ဒေါ်လေးကြီးတဲ့၊ ကိုဘိုးသောင်နဲ့မလေးကြီးတို့ အကြောင်းဆက်ပေါင်းဖက်လို့ သားသမီးတွေ ပွားစီးလိုက်တာ တကျိပ်တောင်ကျော်သတဲ့၊ ဦးဘိုးသောင်က နေ့တိုင်း မြင်းခြံကအရေးပိုင်ရုံးကို သွားနေတော့ သူ့သားသမီးတွေကို အင်္ဂလိပ်အစိုးရဝန်ထမ်း ရာထူးရာခံတွေနဲ့ ဖြစ်စေချင်သတဲ့၊

အမှုထမ်းအရာထမ်းဖြစ်ဖို့ဆိုတာကလဲ ပညာကလဲ တတ်မှဖြစ်ပေမှကိုး၊ သူ့ရှေ့နေဝင်ငွေလေးနဲ့ ဘယ်မှာ သားသမီးတကျိပ်ကို အင်္ဂလိပ်ကျောင်းမှာ ပညာသင်ပေးနိုင်ပါ့မလဲ၊ ဒါနဲ့ ဦးဘိုးသောင်တမိသားစုလုံး အမေရိကန် ဘက်ပတစ် မစ်ရှင်မှာ နှစ်ချင်းခံယူကြပြီး သားသမီးတွေကို အဲဒီကဖွင့်တဲ့ ABM အထက်တန်းကျောင်းမှာ အခမဲ့ပညာသင်ရသတဲ့၊ ABM ကျောင်းဟာ မြင်းခြံမှာ သက်တန်းအရှည်ဆုံးကျောင်းပေါ့ ၊နှစ်ပေါင်းတရာကျော်ပြီပေါ့၊ လွတ်လပ်ရေးရပြီး အစိုးရက မစ်ရှင်ကနေ လွှဲပြောင်းယူလို့ အလယ်တန်းကျောင်းပြန်ဖွင့်ထားတာမှာ စာရေးဆရာ လူမျိုးနော်တို့ ဆရာမ ခင်ခင်ထူးတို့ နေခဲ့တဲ့ကျောင်းပေါ့၊ ..

ဦးဘိုးသောင်လဲ ဆွေမျိုးတွေရဲ့ အပြောအဆိုခံပြီး နှစ်ခြင်းခံရကြိုးနပ်တယ်ပဲ ဆိုကြပါစို့ သားသမီးတွေ အကုန်နီးပါး ခေတ်ပညာတွေ တတ်မြောက်ကြရာမှာ သား ကိုဘဌေးက ဘိလပ်ကတောင် B.A ,B.L ဘွဲ့ ရသတဲ့၊ မယ်ခါကတော့ သူ့သမီးတွေ အမကမွေးတဲ့တူမတွေကို မိန်းကလေးပဲ သေစာရှင်စာတတ်ရင် တော်ပြီပေါ့ဆိုပြီး ဈေးရောင်း၊ ဆေးလိပ်လိပ် ခိုင်းသတဲ့၊ တူမတွေ သမီးတွေကို နာမည်ဆင်တူကလဲ မှည့်ထားသေး၊ မယ်ထင်၊မယ်ဆင်၊ မယ်အေး၊မယ်သေး၊မယ်ပွေး..တဲ့၊ မယ်သေးနဲ့မယ်ပွေးက မယ်ခါက မွေးတယ် ကျန်တာတွေနဲ့လဲ တဝမ်းကွဲပေမဲ့ အရင်းလို ချစ်ကြသတဲ့၊ မယ်ပွေးကတော့ မယ်ခါကိုတူလို့ အင်မတန် စွာသတဲ့၊

မယ်ပွေးက ပထမ ဘင်္ဂလားဆေးပြင်းလိပ်လိပ်သတဲ့၊ ဆေးလိပ်ခုံပိုင်ရှင်က လူထု ဦးလှ ရဲ့ ကျွန်တော်လှေသူကြီး စာအုပ်က ဦးရှိန်ပေါ့၊ ဆရာကြီးလူထုဦးလှရဲ့ ကျွန်တော်ဗျူရိုကရက်၊ ကျွန်တော်စတီးပွဲစား၊ ကျွန်တော်မြင်းသမား....စတဲ့ ကျွန်တော် series စာအုပ်တွေ ပြန်ဖတ်ချင်လိုက်တာ၊ ကိုကြီးကျောက်ဗမာပြည်မှာ ရှိတုန်းကတော့ ပြန်ထုတ်တာ မတွေ့မိဘူး၊ အဟောင်းဆိုင်တွေမှာ သွားရှာရင်တော့ရမယ်ထင်ပါရဲ့၊ ဒီတခါ ဗမာပြည်ပြန်ရင်တော့ ကိုငြိမ်းချမ်း(စာရေးဆရာ ညီပုလေး) တွေ့မှမေးကြည့်ဦးမယ်၊ ပြန်ထုတ်ပြန်ရင်လဲ ရှေးဆရာကြီးတွေ လက်ရာကို ဟိုဟာဖြုတ် ဒီဟာပြောင်းလုပ်ရင်လဲ ကိုကြီးကျောက်က သဘောမကျဘူးဗျာ၊..

တနေ့က ဆရာသော်တာဆွေရဲ့ ကျွန်တော့ ဘဝဇတ်ကြောင်းကိုစာပေလောကတိုက်က ထုတ်တာကြည့်လိုက်တော့ ဆရာက မေမြို့လို့ သုံးခဲ့တာကို ပြင်ဦးလွင်တွေ လျှောက်ပြင်ထားသဗျာ၊ ကိုကြီးကျောက်တို့ ငယ်ငယ်ကတော့ လွယ်လွယ်ကူကူ မေမြို့ပဲခေါ်တာပဲ၊ ဘယ်သူမှ ရှည်ရှည်ဝေးဝေး ပြင်ဦးလွင်မနေဘူး၊ ခုလဲ မေမြို့ပဲနှုတ်ကျိုးနေတာပဲ၊ သူ့ခေတ်ကာလအတိုင်း သူသုံးတာကို အတင်းလိုက်ပြင်တာတော့ ကိုကြီးကျောက်သဘောမတူတာအမှန်..၊ စိုင်းထီးဆိုင်သီချင်းကို...အို.....ပြင်ဦးလွင်မိုး...ပြောင်းဆိုကြည့်ပါ၊ ကိုင်း ဘယ်လောက်နားထောင်ရဆိုးလှသလဲ၊

ကဲ...ထားပါတော့ မယ်ပွေးအကြောင်းပဲ ဆက်ကြစို့၊ မယ်ပွေးက ဆေးလိပ်လိပ်ရတာ မပျော်ဘူးတဲ့၊ ဒါနဲ့ မြင်းခြံကမ်းနားက အထက်ဆန်တန်းက ဈေးလေးထဲမှာ ကုန်စုံရောင်းသတဲ့၊ အောက်ပြေအောက်ရွာက ကုန်လှေကြီးတွေဆီက ဆန်တို့ ငပိ၊ ငါးခြောက်တို့လဲယူရောင်းတယ်၊ ဆန်တန်းက ဆန်ကုန်သည်ကြီးတွေဆီကလဲ ဆန်ယူရောင်းသတဲ့၊ တနေ့တော့ဆန်ကုန်သည်ဆီက ဆန်တွေမှာထားသတဲ့၊ အဲဒီအချိန်မှာ မြင်းခြံက ဆန်ပွဲရုံတွေမှာလဲ ဆန်က ပြတ်သလောက်ဖြစ်နေတယ်၊ ကုန်သည်ကပို့လိုက်တဲ့ ဆန်အိပ်တွေကို အလုပ်သမားကဆိုင်ချင်းမှားပြီး ဘေးနားက ဆိုင်မှာချသွားသတဲ့၊

မယ်ပွေးက သူ့ဆီဆန်မရောက်တော့ ကုန်သည်ကိုမေးတော့ ပို့ပြီးပြီလို့ ပြောသတဲ့၊ ဒါနဲ့ စုံစမ်းလိုက်တော့ ဆိုင်မှားချသွားတာကိုး၊ မယ်ပွေးကမှားချတဲ့ဆိုင်ကို လိုက်ပြီးသူ့ဆန်လိုက်တောင်းတော့ ဟိုဆိုင်ကလဲ ဆန်ပြတ်နေချိန်ဆိုတော့ ပြန်မပေးဘူးတဲ့၊ ဒီမှာတင်ပဲ ...ရန်ဖြစ်ကြရောဆိုပါစို့...ပါးစပ်ကရန်ထောင်ရာကနေ မိန်းမခြင်းနပမ်းတွဲသတ်ကြတော့၊ လက်မြန်ခြေမြန် မယ်ပွေးက တဖက်က မိန်းမရဲ့ မိန်းမအင်္ဂါဇတ်ကို ဖနောင့်နဲ့ ၂ ချက်လောက်ပေါက်လိုက်တာ ဟိုမိန်းမလဲ အမြှပ်တစီစီနဲ့ တက်နေရှာပါလေရော..၊တဖက်က ပုလိပ်တိုင်တော့ မိန်းမချင်းရန်ဖြစ်ကြတဲ့ အမှုဆိုတော့ ချက်ချင်းတရားရုံးပို့လိုက်သတဲ့၊

တရားရုံးမှာအမှုဆိုင်တော့ တရားသူကြီးက ဦးဘဌေး ဖြစ်နေသတဲ့၊ မယ်ပွေးကလဲ မောင်က တရားသူကြီးဆိုတော့ သူ့တို့မောင်နှမ ပြောသလိုမျိုး တရားရုံးမှာတရားသူကြီးကို ..ဟဲ့..မောင်ဘဌေးလို့ ခေါ်သတဲ့..၊ တရားရုံးရှေ့ဖတ်စာရေးတွေက တရားရုံးကို မထီမဲ့မြင်မပြုပါနဲ့လို့ သတိပေးကြပေမဲ့၊ တရားသူကြီးကိုယ်တိုင်က ငါ့အမပါကွာ လို့ပြောတော့ ဆက်ပြောရခက်နေသတဲ့၊ တဖက်ကတရားစွဲသူများရော နားထောင်တဲ့သူတွေကရော တရားသူကြီးအမဆိုတော့ ပြစ်ဒဏ်မချလောက်ဖူးလို့ ထင်ကြသတဲ့၊ ဒါပေမဲ့ တရားသူကြီးက ဒဏ်ငွေ ၅ ကျပ် ပေးဆောင်စေ၊ မဆောင်နိုင်က ရုံမင်းတထိုင် ပြစ်ဒဏ်ကျခံစေလို့ အမိန့်ချတယ်၊ ရုံးမင်းတထိုင်ြပစ်ဒဏ်ဆိုတာ မနက်ရုံးဖွင့်ချိန်ကစလို့ ညနေ ၅ နာရီရုံးဆင်းချိန်ထိ တရားရုံးထဲမှာ အပြစ်ဒဏ်ခံရတာကိုး၊..

မယ်ပွေးက သူ့မောင်ကသူ့ကို ဒီလိုစီရင်ချက်ချတော့ အရမ်းစိတ်ဆိုးပေါ့ ၊ ဒါနဲ့ မယ်ပွေးက မောင်ဘဌေး ငါ့မှာ ၅ ကျပ်ပါတယ်ဟဲ့ ..ဒါပေမဲ့ ငါမဆောင်ဘူး ရုံးမင်းတထိုင်နေမယ် ဆိုပြီး ရုံးထဲမှာပဲဆက်နေသတဲ့၊ တရားသူကြီးကလဲ ကိုင်း..သူမဆောင်လဲ ငါဆောင်ပေးပ့ါမယ် ဆိုလဲ မယ်ပွေးက လက်မခံဘူး၊ ရွတ်ပေပေနဲ့ တရားရုံးမှာပဲ ရုံးမင်းတထိုင်နေတယ်..၊ မောင်ဖြစ်သူတရားသူကြီးက စားစရာတွေပို့ပေးလဲ မစားဘူး၊ ရုံးမင်းတထိုင်နေသွားတယ်၊

ရှေးအင်္ဂလိပ်ခေတ် တရားရေးမဏ္ဍိုင်မှာ ဥပဒေအထက်မှာဘယ်သူမှရှိရတာမျိုးမှ မဟုတ်ပဲလား ၊ ဆွေမျိုးမိဘ အသိအကျွမ်းဆိုတာမျိုးလဲ တရားစီရင်ရေးမှာမရှိပါဘူး၊ ဘယ်အာဏာပိုင်အဖွဲ့အစည်းကမှလဲ တရားစီရင်ရေးမှာ ဝင်ရောက်စွက်ဖက်ခွင့်မရှိသလို...လာဘ်ပေးလာဘ်ယူဆိုတာကလဲ အင်မတန်မှ ရှက်စရာကောင်းတဲ့ အလုပ်လို့ သတ်မှတ်ထားတာလေ..၊

ကိုကြီးကျောက်ရဲ့ သူငယ်ချင်းတချို့က ဥပဒေပညာနဲ့ ဘွဲ့ရပြီး တရားသူကြီးတွေ၊ ဥပဒေအရာရှိတွေ လုပ်နေကြသူတွေထဲမှာ တချို့က ဗမာပြည်တရားစီရင်ရေးနဲ့ ပတ်သက်ပြီးညည်းတွားကြတယ်..၊ ဘယ်သူ့သားသမီးမို့ လွှတ်ပေးပါ၊ ဘယ်အဖွဲ့အစည်းကမို့ ထောင်ဒဏ် အနှစ် ၈၀ ချပေးပါဆိုတဲ့ တရားစီရင်ရေးမှာ ဝင်ရောက်စွက်ဖက်တာကြုံရသလို..၊ အမှုအတွက် သိန်းဘယ်နှဆယ်ဆိုတဲ့ လာဘ်ပေးလာဘ်ယူမှုတွေကလဲ မရှောင်သာဘူးတဲ့...၊ ဒီငွေတွေစားပြီး အဆိပ်မျိုသလို ခံစားရကြောင်း ဗမာပြည်က တရားသူကြီးသူငယ်ချင်းတယောက်နဲ့ ကိုကြီးကျောက် စကားပြောရလို့ ကိုကြီးကျောက် အဖိုးအဖွားခေတ် အင်္ဂလိပ်လက်ထက်က တရားစီရင်ရေးလေးကို သတိရမိတာပါပဲဗျာ.....။

(google က ချိန်ခွင်ပုံရပါသည်)

No comments: