Sunday, November 28, 2010

မယ်ခါရဲ့ အမှတ်တမဲ့ စုံနံသာမြိုင်


ဗမာစာပေလောကမှာ ဦးကြော့ရဲ့ စုံနံ့သာမြိုင်ဆိုတာနာမည်ကြီးပေါ့၊ မင်းသားလေးနာမည်က ဣန္ဒာဝံသ ထင်ပါရဲ့ (ဟုတ်ရောဟုတ်ရဲ့လားမသိဘူး၊ ခပ်တည်တည်ရမ်းတုပ်လိုက်တာပဲ) မင်းသမီးလေးနာမည်လဲ ကောင်းကောင်းမမှတ်မိတော့ပါဘူး၊ ဇတ်လမ်းသဘောကတော့ နတ်များက မင်းသားလေးကို အတိတ်မေ့အောင်လုပ်ထားတော့ မင်းသားက မင်းသမီးလေးကို မေ့လျော့နေပြီး မင်းသမီလေးဆီ ပြန်မလာတော့ဘူးတဲ့၊ မင်းသမီးခမြာ အချစ်ပျောက်ရှာပုံတော်ခရီးကို (၇)နှစ်တိုင်တိုင်အရှာထွက်ရသတဲ့၊ နောက်ဆုံးမင်းသားနဲ့ မင်းသမီးပြန်ဆုံဆည်းမိကြလို့ပျော်ရွှင်စွာ ပေါင်းကြလေသတည်းပေါ့ဗျာ..၊


ကိုကြီးကျောက် ဘွားအေကြီးမယ်ခါရဲ့ အမှတ်မထင်ကြုံရတဲ့ စုံနံ့သာမြိုင်အကြောင်းကတော့ ဒီလိုလေးဗျ...၊ မယ်ခါတို့ ကိုညိုနဲ့ အကြောင်းဆက် ပေါင်းဖက်လိုက်ကြတာ ကလေးက (၅) ယောက်တောင်ရသတဲ့ဗျ၊ ကလေးတွေသာမွေးနေတယ် ကိုညိုကလဲ အလုပ်ကဟုတ်တိပတ်တိ လုပ်တာမဟုတ်ဘူးတဲ့၊ ခေါင်းပေါင်းစလေးတလူလူနဲ့ ဆိုင်းထဲမှာ ကြေးနောင်တီးနေသတဲ့၊ ဆိုင်းဆိုတာမျိုးကလဲ အလှူလေး ပွဲလမ်းသဘင်လေးရှိမှ တီးရတာမျိုးဆိုတော့ ဘယ်မှာဝင်ငွေမှန်ပါ့မလဲ၊ မယ်ခါ့မှာကလေးတဖက် ဈေးတဖက်နဲ့ အေးကွက်ရယ်မမြင်ဆိုသလို မြင်းခြံတောင်ဈေးလေးထဲ ဈေးရောင်းနေရသတဲ့၊


အိမ်ထောင်သက်ကြာလာတော့လဲ ငယ်ငယ်ကချစ်တာတွေ၊ မေတ္တာတွေ၊ သစ္စာ တွေ ဆိုတာဘာမှမဟုတ်တော့သလို၊ အသဲတွေနှလုံးတွေ ဆိုတာဟာ အစာအိမ်အတွက် ပြဿနာရှင်းမပေးနိုင်တာသိလာတာပေါ့၊ ဒီတော့ မယ်ခါက ကိုညိုကိုနားပူလာပြီပေါ့၊ " ကျုပ်ကို ကျုပ်အမ မယ်သာယာ သဘောတူတဲ့ ဝါဂွမ်းပွဲစားသာယူရင် ကျုပ်ဒီလိုနေရမှာ မဟုတ်ဘူး၊ ခုတော့ မသာဆိုင်းတီးတဲ့ ငညိုကိုမျက်စေ့ကျမိတာကျုပ်မှားတာတာပဲ " လို့ ပြောသတဲ့၊ အစကတော့ သူပဲ ကိုညို့ နောင်..နောင်..သံလေး ကြားရင် ရင်သိမ့်ခုံဆိုသလို ဘာလိုနဲ့၊ ကိုညိုကလဲ နေနိုင်လိုက်ပုံများ သူ့မပြောသလိုပါပဲ၊


မယ်ခါ ဒေါသူပုန်ထပြီပေါ့၊ " ဟင်...နားလေး ငညို...ဦးဖိုးသစ်သစ်သားတံတားပေါ် လှည်းဖြတ်မောင်းတာတောင် ဆိုင်းဆရာက ဆိုင်းတိုက်ဖို့ ပတ်မတုပ်တယ် ထင်လို့ သွားတဲ့ကောင် ၊ နင် သူများတွေလို အောက်ပြေအောက်ရွာသွား အရောင်းအဝယ်ထွက် " လို့ အမိန့်ချလိုက်သတဲ့၊ ကိုညိုကလဲ ခုခေတ်လိုဆို အနုပညာအသဲနှလုံးမရှိတဲ့ မိန်းမ ...ငွေတမျက်နှာပဲ ကြည့်တဲ့ မိန်းမ..ဘာညာတွေ ပြောပြီး ရန်ဖြစ်ကြမှာပေါ့..၊ ဒါပေမဲ့လဲ ကိုညို့ခမြာ မယ်ခါကို ခွန်းတုံ့တင်ပြောမနေတော့ပါဘူး သင်္ဘောလိုက်ဖို့...အဲလေ ..လှေလိုက်ဖို့ ပြင်ရတော့တာပေါ့၊


ရှေးက အိမ်သူသက်ထားများနဲ့ ခုခေတ် အိမ်သူသက်ထားများကတော့ တယ်မထူးလှပါဘူး၊ ကိုကြီးကျောက်သူငယ်ချင်း သင်္ဘောသားများ ပြန်ရောက်လို့မှ ဘယ်နှလမှ မရှိသေးဘူး အိမ်ကမိန်းမက သင်္ဘောပြန်လိုက်ဖို့ ပူညံပူညံလုပ်နေပြီ၊ ခုလဲ မယ်ခါကပူညံပူညံလုပ်နေတော့ ကိုညိုလဲ နိုင်ငံခြားသင်္ဘောသားမဟုတ်ပေမဲ့ အဲဒီခေတ်က ခေတ်စားတဲ့ ဧရာဝတီ လှေသမားဘဝကို ကြေးနောင် လက်ခတ်လေး ချပြီးလိုက်သွားသတဲ့၊ အညာစုန်ကုန်တွေ အောက်ပြေမှာရောင်းဖို့ မယ်ခါက ထည့်ပေးလိုက်တာ ပုန်းရည်ကြီး၊ မန်ကျီးသီး၊ ဆီ၊ ဇီးသီး၊ ရှားစောင်းလက်ပတ် ကစလို့ အစုံပါပဲ၊ ကိုညို့ရဲ့ အောက်ပြေအောက်ရွာ အရောင်းအဝယ်ခရီးကို မြင်းခြံဆိပ်ကမ်းကနေ ထွက်သွားလိုက်တာ (၇)နှစ် (၇)မိုးတာကြာရော ..ပြန်ကိုပေါ်မလာတော့ဘူးတဲ့၊အင်း...နတ်မတင်မိလို့များ မယ်ခါကို ကိုညိုကမေ့လျော့နေအောင် နတ်များက ပြုစားထားလေသလား...၊


အတူလှေလိုက်သွားတဲ့သူတွေကလဲ ကိုညိုက ဘယ်လိုမှာထားသလဲတော့ မသိပါဘူး ဘယ်သူမှ ရေရေရာရာ ကိုညိုအကြောင်းကို မပြောနိုင်ကြဘူး၊ ဖျာပုံမှာ အိမ်ထောင်ကျနေသလိုလို၊ လပွတ္တာမှာ ဆားချက်နေသလိုလို၊ ပုသိန်မှာ စပါးပွဲစားပဲလုပ်နေသလိုလို မရေမရာတွေပဲ ပြောကြသတဲ့၊ မယ်ခါကလဲ ကိုညိုဘယ်သောင်ဘယ်ကမ်းရောက်ရောက် အရေးစိုက်မနေနိုင်အားပါဘူး၊ ကလေး (၅) ယောက်နဲ့ ရောင်းဟယ်ဝယ်ဟယ် မနားလိုက်ရတာ၊ သမီးအကြီးတွေ လူလားမြောက်ပြီး သမီးတွေက စီးပွားကိုရှာနိုင်ဖွေနိုင်လာတော့ မယ်ခါ အားလပ်ချိန်ရပြီပေါ့၊


ဒီတော့ မယ်ခါကလဲ အလုပ်မရှိတော့ အလုပ်ရှာတော့တာပဲ၊ ရန်ကုန်ကိုဆင်းပြီး ရွှေတိဂုံဘုရားဖူးထွက်ကြမယ်ပေါ့၊ အရပ်ထဲကမယ်ခါလို အားလပ်တဲ့သူတွေ၊ အောက်ပြေအောက်ရွာ ဈေးရောင်းဈေးဝယ်ထွက်ချင်တဲ့သူတွေ စုလို့ လှေကြီးတစင်းနဲ့ ရန်ကုန်ဘုရားဖူးထွက်ကြတာပေါ့၊ လမ်းစားရိတ်ကြေအောင်ဆိုပြီး အညာကုန်တွေကလဲ အပြည့်တင်သွားကြသလို အောက်က ငါးပိ၊ငါးခြောက်သယ်လာဖို့လဲ ဈေးစနည်းနာကြသတဲ့၊


အင်း...အမျိုးသမီးများ အသွားကုန်အပြန်ကုန်သယ်ရာမှာတော့ ကိုကြီးကျောက်ဖြင့် လက်ဖျားခါတယ်၊ ကိုကြီးကျောက်တို့ ယောင်္ကျားများကတော့ ရေတပုလင်းတောင် မတတ်သာလို့သယ်တာ၊ သူတို့မှာဖြင့် ခြင်းကြီးခြင်းငယ်နဲ့ ပစ္စည်းတွေသယ်၊ အနားရှိသမျှလူတွေလဲမနေရ၊ ဟိုလူ ကူပါဦး၊ဒီလူ မ ပေးပါဦးနဲ့၊ ငယ်ငယ်က ကိုကြီးကျောက်ရထားစီးလို့ အမျိုးသမီးအုပ်စုတွေကြည့်ရင် ရထားပေါ်ခြေတောင်မချသာဘူး၊ တောင်းတွေ၊ခြင်းတွေပြည့်နေတာ၊ သူတို့သယ်လာတဲ့ ပစ္စည်းတွေကို တဖက်လူက ဝယ်ချင်မှန်းမသိ မဝယ်ချင်မှန်းမသိ အိမ်လာပြီးအတင်းလာရောင်းတာတွေလဲ ခနခနကြုံရပါ့၊


မိန်းမဆိုတာ ယောင်္ကျားအသုံးအဆောင်တွေ နားမလည်သလို၊ ယောင်္ကျားတွေကလဲ မိန်းမသုံးပစ္စည်းတွေ စိတ်မဝင်စားပါဘူး..( ကိုကြီးကျောက်ဂျီးတော်ကြီးကတော့ မိန်းမသုံးအလှပြင်ပစ္စည်းလေးတွေ ခနခန ဘလော့ထဲမှာ ထုတ်ပြတာတော့ စိတ်ဝင်စားချင်ယောင်ဆောင်ပြီးကြည့်ဖူးပါရဲ့)၊ ကိုကြီးကျောက်မှာ Gillette လိုမျိုးနဲ့ နှတ်ခမ်းမွေးရိတ်တာကို တရုပ်blade ဓါးတွေ အတင်းလာရောင်းလို့ အားနာပါးနာ ဝယ်ရတာလဲ ကြုံဖူးပါ့ဗျာ၊


ကိုင်း...မယ်ခါရဲ့ ရွှေတိဂုံဘုရားဖူးခရီးဆက်ကြစို့၊ မယ်ခါတို့ ရွှေတိဂုံဘုရားကြီးဖူးပြီးတော့ အညာကိုတန်းမပြန်ကြသေးဘူးတဲ့၊ မြစ်ဝကျွန်းပေါ်ကမြို့တွေ ရွာတွေကို လည်ပြီး အညာကုန်တွေ လည်ရောင်းကြသေးသတဲ့၊ ဝါးခယ်မရောက်တော့ မယ်ခါက ဝါးခယ်မဈေးထဲဈေးဝင်ဝယ်သတဲ့၊ မယ်ခါက ငါးဝယ်တာ၊ ရောင်းသူက မေးသတဲ့ ရေရှင်လား ရေသေလားပေါ့၊ မယ်ခါတို့အညာမှာက ရေရှင်ဆိုတာ မြစ်ထဲကဖမ်းမိတဲ့ငါး၊ ရေသေဆိုတာက ကန်ထဲ၊ အိုင်ထဲက ဖမ်းလာတဲ့ငါး၊ မယ်ခါက မြစ်ငါးပဲစားတာကိုး၊ ကန်ငါးက ဒိုက်စော်နံသတဲ့၊


ဒီတော့မယ်ခါက ရေရှင်လို့ ပြောသတဲ့၊ ဒါနဲ့ ငါးရောင်းတဲ့အမျိုးသမီးက စည်ပိုင်းပြတ်ထဲက ငါးတကောင်ကို ကောက်ဆယ်တဲ့ပြီး ဒုတ်နဲ့ ခွပ်ကနဲ ထုသတ်လိုက်သတဲ့၊ မယ်ခါ အလန့်တကြားတွေဖြစ်သွားတာပေါ့.." တော်ပြီ..တော်ပြီ ဒီငါးကို ကျုပ်မယူဘူး၊ ကျုပ်မျက်စေ့အောက်သတ်တာ မစားဘူး " လို့ဆိုတော့ ငါးရောင်းတဲ့ အမျိုးသမီးနဲ့ ရန်ဖြစ်ကြတာ ဝါးခယ်မတဈေးလုံးကို ပွက်ပွက်ညံပါရောလား၊ အနားက အဲဒီအမျိုးသမီးရဲ့ သမီးလေးကလဲ ကလေးဆိုတော့ အိမ်ပြန်ပြေးပြီး သူ့အဖေခေါ်လာသတဲ့၊ အဲဒီ ငါးရောင်းတဲ့ အမျိုးသမီးရဲ့ ယောင်္ကျားက ခေါင်းပေါင်းကို ဘိုသီဘတ်သီ ပေါင်းပြီး လိုက်လာတာနဲ့...ကြည့်လိုက်တော့...အမယ်...ဘယ်သူများမှတ်တယ်...ကိုညို ဖြစ်နေတာကိုး၊


ဒီတင်ပဲ မယ်ခါလဲ ငါးသည်နဲ့ ရန်ဖြစ်တာရပ်တဲ့ပြီး...ကိုညို့ ရောင်တစောင်းကို ဆွဲတဲ့ပြီး " ဟဲ့...ငညို ..ငါနင့်ကို လိုက်ရှာနေတာ ကြာလှပြီ၊ နင်က ဒီလာပြီး အလေလိုက်နေတယ်ပေါ့လေ " ဆိုပြီး ကိုညိုကို တအုန်းအုန်း ထုရိုက်လိုက်ရော..ရန်ဖြစ်တာ ဝိုင်းကြည့်နေတဲ့ ဝါးခယ်မ တဈေးလုံးရော၊ ကိုညို့ အချစ်သစ်ရော ကြက်သေသေပြီး မီးကို ရေဖျန်းသလို ငြိမ်ဆင်းသွားကြသတဲ့၊ ဝါးခယ်မတဈေးလုံးလဲ အညာက မယားကြီးလိုက်လာလို့တဲ့ ဆိုပြီးပြောစရာစကားတွေ ရသွားတာပေါ့လေ၊ ကိုညို့ အမျိုးသမီးလေး ခမြာလဲ ရှက်လွန်းလို့ တရှုံ့ရှုံ့ငိုနေရှာသတဲ့၊


တကယ်တော့ မယ်ခါက ကိုညိုကို လိုက်လဲ ရှာမနေပါဘူး၊ တိုက်ဆိုင်ချင်တော့ ငါးဝယ်ရင်းရန်ဖြစ်ရတော့ ကိုညိုနဲ့ ဆုံပြီး နိုင်ကွက်ကိုင်လိုက်တာကိုး၊ ကိုညိုလဲ အောက်ပြေ မှာနေမဖြစ်တော့ မယ်ခါတို့နဲ့ အညာကို ပြန်ပါလာသတဲ့၊ ဒါပေမဲ့ မယ်ခါကလဲ ကိုညိုကို ပြန်မပေါင်းတော့တာမို့ ကိုညိုခမြာ မယ်ခါရဲ့ရေသေရေရှင် ပြဿနာကြောင့် ငါးရံ့နှစ်ကောင်လုံး လွတ်ရရှာသတဲ့၊ မြင်းခြံ တောင်ဈေးလေးတရပ်လုံးကတော့ ကိုညိုကို ရအောင်ရှာနိုင်တဲ့ မယ်ခါရဲ့ စုံနံ့သာမြိုင်ခရီးကို ပြောမဆုံးအောင်ဖြစ်ရတာပေါ့၊


ကိုကြီးကျောက်လဲ Thanksgiving ပိတ်ရက်မှာ နယူးယောက်ကို အလည်သွားမယ်ကြံပေမဲ့ မိုင် ၂၀၀ ကျော်ခရီးမှာ ကြုံရမဲ့ traffic ကိုကြောက်လို့ မေရီလန်းထဲမှာပဲ တအိမ်တက်ဆင်း အစားအသောက်ထွက်နေလို့ ဘလော့တောင် ဖွင့်မကြည့်အားပါဘူး၊ ခနလေးကိုယ်ယောင်ဖျောက်ပြီး၊ ပြီးမှ ကျောက်ဆုရတီစိုး ဆိုပြီး မေမေနဲ့ စိတ်ဆိုးလို့ပါ လင်နောက်လိုက်..အဲလေ..မိန်းမခိုးတာမဟုတ်ပါဘူးလို့ ဖြေရှင်းချက် ထုတ်မလားလို့ စိတ်ကူးနေတာ ဘယ်သူမှ မယုံဘူးဆိုတာသိနေလို့ ဒီအတိုင်းပဲ ကိုကြီးကျောက် ပြန်ပေါ်လာပါပြီ....။

(google က လှေပုံရှာထားပါသည်)

No comments: