Wednesday, April 28, 2010

ချစ်ပလုပ်တုပ်ကျောက်


ကိုကြီးကျောက်တို့ ကိုယ့်အကြောင်းတွေချည့်ရေးနေရတာ ကြာလာတော့ ဒီတခါ သူများအကြောင်းရေးလိုက်ဦးမယ်၊ ပလုပ်တုပ်ကိုတော့ မြင်ဖူးကြလိမ့် ၊ ငယ်ငယ်ကကစားဖူးကြလိမ့်မယ်ထင်ပါရဲ့ ၊ ပလုပ်တုပ်ဆိုတာမျိုးက ဘေးကတီးတဲ့ အမျိုးဆိုတော့ သူများချစ်ကိစ္စမှာ ဘေးကတီးတဲ့ ကိုကြီးကျောက်ဟာဖြင့် ချစ်ပလုပ်တုပ်ကျောက် ဖြစ်ခဲ့ရတာပေါ့လေ၊


ကိုကြီးကျောက်ဘေးတီးခဲ့တဲ့ ဒီဇတ်လမ်းမှာ ပါဝင်တဲ့ ဇတ်ကောင်တွေကို မသိပေမဲ့ နာမည်ကိုတော့ကြားဖူးကြလိမ့်မယ်ထင်ပါရဲ့၊ ဒီငယ်ကျိုးငယ်နာတွေကို ကိုကြီးကျောက်ရေးတာ ကာယကံရှင်တွေ ဖတ်မိရင်တောင် သေနာကောင်လို့ ဆဲတာကလွဲရင် ဘာမှလုပ်မရပဲ အရှက်ပြေရီနေကြမှာမို့ ရဲရဲတင်းတင်းပဲရေးလိုက်မပေါ့ဗျာ..


ပထမဇတ်ကောင်ကိုပြောရရင်တော့ သူ့နာမည်ကိုရော သူ့အသံကိုရော ကြားဖူးကြလိမ့်မယ်ထင်ပါရဲ့ဗျာ၊ ဇတ်လိုက်ကျော်ကတော့ အခု BBC,VOA,RFAတို့မှာ စီးပွားပညာရှင်ဆိုပြီး အော်ကျယ်..အော်ကျယ်နဲ့ ပြောနေတဲ့ ကိုစိန်ဌေး၊ သူနဲ့ ကိုကြီးကျောက်နဲ့က အတန်းမတူ ကျောင်းမတူ ငယ်သူငယ်ချင်း ခင်ဗျ၊ သူက မြင်းခြံအနောက်တောင်ဖက်လက်သား၊ ခင်ခင်ထူးရဲ့ မအိမ်ကံ ဝတ္ထုထဲက ဆရာကိုပြေသိန်းရွာ ထနောင်းတိုင်ရွာသား၊ သူတို့ဖက်က တောင်သာနယ် ပခုက္ကူနယ်နဲ့ ပိုနီးတော့ စကားပြောရင် နသတ်(န်) သံနဲ့ ငသတ်(င်) သံကတယ်မကွဲချင်ဘူး၊ ရေတွင်းကို ရေတွန်း လို့ ပြောတတ်တာမျိုး၊ ကိုနဗနတို့ ခင်ခင်ထူးတို့ မြင်းခြံမြောက်လက်က အဲလိုအသံမျိုးမဟုတ်ဘူး၊


နောက်ဇတ်ကောင်ကို ထုတ်ပြရရင်တော့ စာရေးဆရာမ ဝင်းဝင်းမြင့်(နန်းတော်ရှေ့) ခင်ဗျ၊ ဝင်းဝင်းနဲ့ ကိုကြီးကျောက်က မြင်းခြံမှာ အတန်းတူ ကျောင်းတူ နေခဲ့တာကိုး၊ ငယ်သူငယ်ချင်းတွေပါပဲ၊ ဝင်းဝင်းက ငယ်ငယ်က ချစ်စရာဖြူဖြူလေး ဆိုတော့ ကိုစိန်ဌေးက မျက်စေ့ကျတာပေါ့လေ၊ အဲဒီတော့ ဝင်းဝင်းသူငယ်ချင်း ကိုကြီးကျောက်တို့ကို လာပေါင်းတာပေါ့လေ၊


ယောင်္ကျားဆိုတာမျိုးကလဲ မိန်းမလှတာမြင်ရင် တယ်ကြိုက်ချင်တာမျိုးကို၊ ကိုကြီးကျောက်တောင် ငယ်ငယ်က ရန်ကုန်တက္ကသိုလ်ထဲမှာ သူငယ်ချင်းတွေနဲ့ လျှောက်သွားရင်း လှတာလေးတယောက်တွေ့တော့ သဘောကျမိသဗျ၊ အဲဒီတုန်းက သူငယ်ချင်းတွေကတော့ ပြောသဗျ၊ အဲဒါ တက္ကသိုလ်တင့်တင့်ထွန်းဆိုပြီး ရုပ်ရှင်ရိုက်နေတဲ့ ကျောင်းသူတဲ့ဗျ... ကိုကျောက်ကတော့..ဘာဖြစ်ဖြစ်ရည်းစားစကားတော့ ပြောဖြစ်အောင်ပြောမယ်ဆိုပြီးလိုက်ပြောခဲ့သေးသဗျ၊ အမယ်..သူကလဲ အပြောခံရပေါင်းများနေလို့လားတော့မသိဘူး အပြုံးမပျက်ဖူး၊သူ့ကိုယ်မသိ ကိုယ့်သူမသိနဲ့ ပြောသမျှ နားထောင်နေလိုက်တာ ပြောရတဲ့သူတောင် ကြာတော့ပျင်းလာတာပဲ၊ တင့်တင့်ထွန်းကလဲ အဲဒီတုန်းက ကိုကြီးကျောက်တို့နဲ့ size တူ M ဆိုတော့ ကိုကြီးကျောက်အကြိုက်ပေါ့လေ၊ ခုတော့ ကိုကြီးကျောက်က small size ပဲမို့ ကိုကြီးကျောက်အကြိုက်ထဲမှာ တင့်တင့်ထွန်းမပါတော့ဘူးပေါ့ ၊ သူ့size က XL ဖြစ်နေပြီလေ...အသက်ကိုပြောပါတယ်၊ တလွဲတော့မတွေးကြပါနဲ့၊


ကဲ..ကိုကြီးကျောက်ရဲ့ ပလုပ်တုပ်ဖက်ပြန်လှည့်ကြစို့....ဝင်းဝင်းတို့ အဖေက အဲဒီတုန်းက မြင်းခြံထောင်မှာ ထောင်မှူးကြီး၊ ထောင်ဗူးဝရဲ့ အပေါ်ထပ်မှာနေတယ်၊ သူတို့နဲ့ကပ်လျက်က စာရေးဆရာ ဒေါက်တာရဲနိုင် တို့ အဖေက ထောင်ပိုင်ကြီး၊ ဒေါက်တာရဲနိုင်ရဲ့ ညီတွေ နှမတွေက ကိုကြီးကျောက်ရဲ့ အကိုအမတွေနဲ့ သူငယ်ချင်းဆိုတော့ ဒေါက်တာရဲနိုင်တို့ အိမ်ဖက်ကို မကြာမကြာရောက်တယ်၊ ကိုကြီးကျောက်တို့ငယ်ငယ်က လူပျိုလှည့်နည်းက လျှောက်ပြန်သံပေး ခြေအေးဝမ်းယောင်နည်းပဲ ဆိုတော့ ညနေမှာ ကိုစိန်ဌေးတို့ လူပျိုများနဲ့ ကိုကြီးကျောက်တို့ လူပျိုမပေါက်တပေါက်တို့ အုပ်စု မြင်းခြံထောင်ကို စက်ဘီးနဲ့ပတ်ကြတာပဲ၊ ထောင်အုတ်ရိုးကလဲ ကားလမ်းနဲ့ ကပ်လျက်ဖြစ်ပြန် ခုခေတ်လို သံဆူးကြိုးအထပ်ထပ်လဲရံမထားတော့ ပတ်လို့လွယ်တာပေါ့လေ၊ဒါပေမဲ့ ဒီနည်းကလဲ မဟန်ပြန်တော့ နောက်တနည်းကြံပြန်တယ်၊


ရှေးထုံးမပယ်တဲ့ စာပေးနည်း၊ ကိုစိန်ဌေးရဲ့ ရည်းစားစာကို ဝင်းဝင်းလက်ထဲရောက်ဖို့ကလဲ လွယ်မယောင်နဲ့ခက်သဗျ၊ မိန်းကလေးများ သူတို့မကြိုက်လို့ကတော့ ဆရာမတိုင်ရတာနဲ့ ဟိုလူ့တိုင်လိုက်ဒီလူ့တိုင်လိုက်နဲ့ဗျ၊...ဟော....သူတို့ကြိုက်ပါပြီဆိုတော့လဲ ..ဘယ်သူမှကိုမသိလိုက်ရဘူး... ၊ဘယ်အချိန် ခြုံထဲဝင်လို့ဝင်လိုက်ကြသလဲ မသိဘူး၊ ဟော....မွတ်တား..ဆိုပြီးဗိုက်ကြီးပူလာမှ လူကြီးတွေသိရတော့တာပဲ၊ ခုလဲ..ဝင်းဝင်းက မကြိုက်တော့ စာကိုလက်မခံဘူး၊ ဒါနဲ့ ကိုကြီးကျောက်က ဝင်းဝင်းမြင့် ညီမ တင်တင်ဝင်းနဲ့ကလဲ စာသင်ခန်းကတခန်းထဲဆိုတော့ တင်တင်ကိုချော့ရတာပေါ့လေ၊ ဝင်းဝင်းကို ဒီစာလေးပေးလိုက်ပါဟာ ပေါ့လေ၊ တင်တင်ကလဲ မယူဘူး၊ ကိုကြီးကျောက်ကလဲ နောက်ကအတင်းလိုက်ပေး၊ဟိုကအတင်းငြင်း၊ ဒီကအတင်းပေး၊ ကဲ......ကြည့်ပါအုန်း...ပေးသူရော အပေးခံရတဲ့သူရော သူတို့စာမဟုတ်ပဲဖြစ်ပျက်နေကြတာ၊..ပလုပ်တုပ်ကျောက်တို့လဲ တီးသာတီးနေရ အသံကိုမမြည်ပါဘူး၊


ဒါနဲ့...ဝင်းဝင်းတို့အဖေ မြောင်းမြထောင်ကို အလုပ်ပြောင်းပါလေရော ဘူတာကို သူငယ်ချင်းတအုပ်ကြီး လိုက်ပို့နှုတ်ဆက်တော့ ကိုကြီးကျောက်ကတော့ဝင်းဝင်းတို့ အဖေကို ဦး...ဝင်းဝင်းအတွက် သူငယ်ချင်းတွေလက်ဆောင်ဆိုပြီး ကိုစိန်ဌေးရဲ့ ရည်းစားစာနဲ့ လက်ဆောင်ကို ပေးလိုက်တော့ ယူသွားသဗျ၊ အင်း...ခုမှပဲ နည်းလမ်းရှာတွေ့တော့တယ်...သမီးကို ရည်းစားစာပေးချင်ရင် အဖေကိုပေးရသကိုးဗျ၊ ဂေါ်မစွံ ဘလော့ဂါညီငယ်များ ဖြစ်တဲ့ ကိုဏီး၊ကိုဇော်၊ ကိုရင်စည်၊ ပေါ်ပေါ်၊ ကိုမျှစ်ချိုးတို့ကို ဒီအကြံတော့ ပေးထားဦးမှ၊ ကိုကြီးကျောက်ရဲ့ သူငယ်ချင်းများကလဲ တချို့က သမီးရှင်တွေဖြစ်နေပြီမို့ သမီးတကောင်နွားတထောင်ပိုင်နေကြပြီပေါ့လေ၊ တချို့ကလဲ နွားတထောင်ကိုခိုင်းစားစရာ နွားတကောင်နဲ့လဲချင်ကြတာကိုး၊


ကဲ....ကိုကြီးကျောက်ရဲ့ ပလုပ်တုပ်အသံမြည်မမြည် ဇတ်ပေါင်းရရင်တော့.....ဝင်းဝင်းမြင့်ခမြာ...အပျိုကြီးဖြစ်ရရှာသတည်း...ဟိုး...လွန်ခဲ့တဲ့ ၆နှစ်ရနှစ် ကမန္တလေးနန်းရှေ့မှာရှိတဲ့ ဝင်းဝင်းတို့အိမ်ရောက်တော့ အပျိုကြီးဘဝပဲ ရှိသေးသဗျ၊ (ဟိုတလောက မေငြိမ်းနဲ့တွေ့တော့ အိမ်ထောင်ကျနေပြီလို့ ပြောတာပဲ၊ ) ကဲ...ကိုကြီးကျောက်အစွမ်းကို သဘောပေါက်ကြပြီလား...။

Thursday, April 22, 2010

နတ်မိချောင်းနဲ့ဦးရှင်ကြီးတင်တဲ့ပွဲ


ကိုကြီးကျောက်တို့ မြိတ်ကျွန်းစုတွေမှာfieldဆင်းတော့ မြိတ်ခရိုင်ဘုတ်ပြင်းနယ်က ကော့ကနင်းဆိုတဲ့ကျွန်းလေးမှာ၂လလောက်နေခဲ့ဖူးတယ်၊ကျွန်းလေးကလဲ သေးသေးလေး ၊အဝေးကကြည့်ရင် ဒယ်အိုးလေးမှောက်ထားသလိုပဲ၊ အလယ်ကတောင်ကုန်းလေး၊ တကျွန်းလုံးမှဘောလုံးကွင်း တကွင်းစာလောက်ပဲကျယ်တယ်၊ ရွာကလှိုင်းလေကွယ်တဲ့ အရှေ့မြောက်ခြမ်းမှာရှိတယ်၊ သောက်ရေသုံးရေကို တော့နှစ်မိုင်လောက်ဝေးတဲ့ ကုန်းမကြီးပေါ်တက်ခပ်ရတယ်၊ လှေပေါ် စဉ့်အိုးတွေတင်ပြီး ဂလက်လို့ခေါ်တဲ့ ချောင်းကြိုမြောင်း ကြားထဲကဖြတ်ပြီး သွားရတာပေါ့လေ၊ ချောင်းဘေးတလျှောက်ကတော့ ဒီရေရောက်တောတွေချည့်ပါပဲ၊ ခုတော့ ဒီရေတောတွေလဲ ရှိမှရှိသေးရဲ့လား မသိဘူး၊ fieldဆင်းရင်လဲ ဂလက်ကြိုဂလက်ကြားကနေ ကုန်းပေါ်တက်ရတာပေါ့လေ၊ ကုန်းပေါ်မှာရွာတွေ ရှိပေမဲ့ လုံခြုံရေးအခြေအနေကြောင့် ကျွန်းပေါ်ပဲ ပြန်အိပ်ရတာပါပဲ၊


ရောက်စကတော့ field ဆင်းရင်းနဲ့ ပဲ့ထောင်ပေါ်ကနေ မျောက်တံငါလေးတွေ တွေ့ရင်ပစ်တတ်ပေမဲ့ မျောက်ညိုသားအမိကို လုံခြုံရေးလိုက်တဲ့ရဲဘော်တွေ ပစ်ရပြီးကထဲက မျောက်သားလဲမစားဖြစ်တော့ဘူး၊ မျောက်လဲမပစ်တော့ဘူး၊ မျောက်တံငါလေးတွေက နာမည်နဲ့လိုက်ဖက်စွာကို တံငါလုပ်ငန်းမှာ ကျွမ်းကျင်ပေသကိုး၊ သူတို့အမြီးလေးတွေနဲ့ ဂဏန်းမျှားတာပဲ၊ ဂဏန်းက သူတို့အမြီးကို လက်မနဲ့ညှပ်ထားပြီဆိုရင် ချက်ချင်းအမြီးကိုဆွဲတင်ပြီး ဂဏန်းကိုကျောက်တုံးနဲ့ထုပြီး စားတတ်တာမျိုး၊ အဲဒီမျောက်တံငါကို အုန်းနို့နဲ့ချက်စားရရင် သိတ်အရသာရှိသဗျ၊


တခါတော့ဗျာ တောထဲမှာကိုကြီးကျောက်တို့က ဖဲသမားမျောက်လို့ နာမည်ပေးထားတဲ့ မျောက်လွှဲကျော် ကို နားညီးလို့ ချောက်လွှတ်မယ်ဆိုပြီး သစ်ပင်တွေပေါ်လိုက်ကြည့်တော့ မျောက်ညိုတအုပ်တွေ့ပါလေရော၊ မျောက်လွှဲကျော်ဆိုတဲ့ကောင်တွေက တကောင်နှစ်ကောင်ထဲနဲ့ တတောလုံးပွက်ပွက်ညံအောင် ဘူ ကိုး...ဘူ ကိုး..နဲ့ အလွန်အော်တဲ့ကောင်တွေ..၊ မျောက်ညိုတွေကလဲ စပ်စုတဲ့နေရာမှာ နှစ်ယောက်မရှိဘူး၊ အောက်မှာ လူတွေရှိနေရင် ငြိမ်ငြိမ်မနေဘူး..၊ သစ်ရွက်လေးဖြဲပြီး ချောင်းကြည့်လိုက် လူတွေရှိရင်သစ်ရွက်လေး ပြန်ကွယ်လိုက်..ခနခနလုပ်နေတော့ သူတို့နေရာသိတော့တာပေါ့၊ ရဲဘော်တွေပစ်ချတဲ့အခါ မျောက်ညိုမကြီးက ကလေးနဲ့ ဆိုတော့ သေသာသေရော သစ်ကိုင်းကို လုံးဝမလွှတ်ဘူး၊ လက်ကိုထပ်ပြီးပစ်ချရသေးတယ်၊


ရလာတဲ့မျောက်အမြီးနဲ့ မျောက်လည်ပင်းမှာချည်၊ အလုပ်သမားတွေကလွယ်၊ ပြီးတော့ ကိုကြီးကျောက်တို့ရှေ့ကနေ လျှောက်ကြတော့ တလမ်းလုံး မျောက်မျက်နှာကြည့်လာရတာ မျောက်သားစားချင်စိတ်ကို တခါထဲပျောက်သွားတော့တာပဲ၊ အဲ...ဒါပေမဲ့ မျောက်ချေးခါးတော့စားတယ်၊ မျောက်ချေးခါး ဆိုတာ မျောက်ရဲ့အူနုထဲက အစာတွေပေါ့၊ အစာအိမ်ထဲက ချေဖျက်ပြီးစအစာဆိုတော့ အူမထဲကအစာလို ချေးကမကြမ်းသေးဘူး၊ ကိုကြီးကျောက်ကတော့ စားသာစားတတ်တာ ချက်နည်းတော့မသိလို့ ဘယ်လိုချက်သလဲတော့မမေးကြပါနဲ့၊ စားလို့ကောင်းတာကတော့ အမှန်ပါပဲ ၊


ညနေ field ကနေရွာ ပြန်ရောက်တာနဲ့ ရွာဘေးပင်လယ်ထဲ ရေဆင်းချိုးတော့ တာပဲ၊ ပင်လယ်ဆိုလို့ beach ကိုသွားမမြင်လိုက်လေနဲ့၊ နောက်ကျိကျိရေငံထဲ ဆင်းချိုးရတာ၊ ဒါမှမချိုးလဲချိုးစရာ မရှိဘူးလေ၊ ပြီးမှအိမ်မှာ ရေချို၁၀ခွက်လောက် လောင်းချိုးရတာကိုး၊ တရက်မှာတော့ ကိုကြီးကျောက်တို့ ရေချိုးမဆင်းခင် ရွာနံဘေးမှာ မိချောင်းကြီးတကောင် စန့်စန့်ကြီးပေါ်နေပါရောလား၊ အကောင်ကလဲ အကြီးကြီး၊ ကျွန်းလေးကို ပတ်ချာလှည့်နေတာ၊ တရွာလုံးလဲ အုတ်အော်သောင်းတင်းနဲ့၊ နတ်မိချောင်းပေါ့လေ...၊ဘယ်သူ့မိချောင်းဖြစ်ဖြစ် ပစ်တယ်ကွာ..ဆိုပြီး သေနတ်ကိုယ်စီနဲ့ လိုက်ပစ်လိုက်ကြတာ ....အောင်မာ...သူကလဲမခေဘူးဗျ၊ အရှောင်အတိမ်း ဂျက်ဆီဂျိမ်း ပဲ၊ မင်းတို့လောက်တော့ ပျင်းတောင်ပျင်းသေးတယ် ဆိုပြီး လှန်တောင်ပြသွားသေးတယ်..အမြီးကိုပြောတာပါ၊ ရွာကလူတွေကတော့ နတ်လဲကြောက်ရ သေနတ်လဲကြောက်ရ ဆိုတော့ စိတ်ညစ်မှာပေါ့လေ၊


ဒါနဲ့..ရွာက နတ်မိချောင်းပေါ်တဲ့အတွက် ဦးရှင်ကြီးတင်ပွဲ ကျင်းပမယ်ဆိုတော့ ကိုကြီးကျောက်က မမြင်ဘူးတော့စိတ်ဝင်စားတာပေါ့၊ ကိုကြီးကျောက်တို့ အညာသားများကလဲ ဒေသထွက်Local နတ်တွေကလဲအင်မတန်ပေါလေတော့ နတ်တောင်export လုပ်လို့ရတာမို့အဝေးနတ်တွေ ဘာမှန်းမသိတာအမှန်ပဲ၊ ပဲခူးနံကရိုင်းပုံကို ကျွဲရိုင်း( Red Bull) အချိုရေ ကြော်ငြာထင်လို့ထင်၊ စောင်းတီးတဲ့မောင်ရှင်ဆိုရင် စောင်းမောင်နေဝါအဖွဲ့မှာတီးတာလား ဆိုပြီးမေးတဲ့သူကမေး၊ မန္တလေးနန်းတွင်းစောင်းပညာရှင် ဣန္ဒာဒေဝမောင်မောင်ကြီးတို့ သူငယ်ချင်းထင်သူကထင်ပေါ့လေ၊ အညာမှာက နတ်တွေက ဆိုက်စုံ၊အကြောင်းအရာအစုံရှိတာကိုးဗျ၊


မူးမူးရူးရူး မြူးချင်သလား.... ဦးမင်းကျော်ရှိတယ်၊ ကောင်းဘွိုင်လို မြင်းစီးတဲ့နတ်ကိုသဘောကျသလား ...ချိုသင်းတို့အဖေ ဦးဂျမ်း(ဦးတင်မိုး) တို့ရွာကို မြင်းခြံကနေသွားရင် ဖြတ်ရတဲ့ဆင်တဲဝချောင်းထဲမှာ မြင်းဖြူရှင်က ကားယားကြီးခွလို့..မြင်းကို..၊ ဟော...ရေကြောင်းကိုကြိုက်သပါ့ ဆိုရင် အမေရေယာဉ်က အဆင်သင့်ပဲ၊ မော်တော်လား..သင်္ဘောလားတော့မသိဘူးပေါ့လေ..၊ သံသေးသံညှောင်ကြိုက်ရင် ကိုနဗနတို့ရွာမှာ မနှဲလေး၊ ခပ်ကျယ်ကျယ်အော်ချင်ရင် ရွှေနားပေ...အို...အစုံရှိ၊ ခေတ်ပေါ် ကညန နတ်တောင်ရှိသေး၊ ဟော...မန္တလေးဘိုးဘိုးကြီးတဲ့..သူ့ခမြာ ဘယ်ကားလာလာ ကြည့်ပေးရှာတယ်..၊


ကဲ..ဦးရှင်ကြီးတင်ပွဲအကြောင်း ဆီသွားကြစို့ ၊ ဦးရှင်ကြီးကို ဘယ်လိုတင်သလဲ..ဘာတွေနဲ့ကန္နားပေးမှာလဲဆိုပြီး ကိုကြီးကျောက်လဲ စောင့်ကြည့်တာပေါ့လေ၊ မုန့်ပွဲတွေ ပြင်ထားပြီး၊ နတ်ကတော်တွေက အဆင်သင့်ပဲဗျ၊ ကိုကြီးကျောက်က ဦးရှင်ကြီးက စောင်းလေးတီးပြီးဝင်လာလေမလားလို့ စောင်းလိုက်ရှာတော့လဲ ကြိုးတပ်တူရိယာဆိုလို့ နှဲတလက်ပဲ ကြိုးတပ်ပြီးတိုင်မှာချိပ်ထားတာတွေ့တယ်၊ အဲ..မကြာပါဘူး နှဲလေးကို တတီတီမှုတ်ပြီး ဗြုံး..ဗြုံး နဲ့ဒုံးယိမ်းကပြီး ဦးရှင်ကြီးနတ်ကန္နားပေးတော့တာကိုး၊ မောင်ရှင် ခမြာ မိန်းမလှကျွန်းမှာ စောင်းလေးနဲ့ ငြိမ့်ရှာပေမဲ့ မြိတ်ကျွန်းစုရောက်မှပဲ သွက်သွက်လက်လက် ဒုံးကရရှာတယ်၊


မတော်တဆ နယ်စပ်ရောက်လို့ camp ထဲမျက်စေ့လည်ပြီး မောင်ရှင် ရောက်မိသွားလို့ အမေရိကား အပို့ခံရရင်တော့....စောင်းလေးကိုချ..ဘောင်းဘီဖင်လျောဝတ်..ဦးထုပ်နောက်ပြန် ဆောင်းပြီး ရက်(ပ)ပါ မောင်ရှင် များဖြစ်လေမလားမသိဘူး....။

Saturday, April 17, 2010

ဆားပုလင်းဘကျောက်နှင့်အဆန်းတကြယ်အမှုကြီး


ဘကျောက်တို့ ဗမာပြည်တောတကာတောင်တကာမှာ လှည့်ပြီးfield ဆင်းရင်းတဲ့အခါ တခါတလေ ကိုယ်နဲ့မသက်ဆိုင်ပဲ ဝင်ဝင်လုပ်ပေးရတဲ့ ကိစ္စတွေကလဲ ခနခနပါပဲ၊ ရိုးသားတဲ့တောသူတောင်သားတွေ မို့ မင်းပေါက်စိုးပေါက်ကလဲ ဖြစ်ချင်ကြသကိုး၊ မြို့ကြီးသားတွေဆိုတော့လဲ အထင်တကြီးနဲ့ပေါ့လေ၊ ဘကျောက်တို့ဆရာ ဒေါက်တာဝင်းဆွေ ဆိုရင် ပခုက္ကူက သူ့ယောက္ခမအမျိုးတွေက ဆေးကုတတ်တယ်တောင်ထင်တာတဲ့၊ ပြီးတော့မှ ဪ...ဒီဒေါက်တာကလဲ ဆေးကုတတ်တဲ့ ဒေါက်တာလဲ မဟုတ်ဘူးလို့ ပြောကြသတဲ့၊ ဘကျောက်ကတော့ တောထဲမှာ ရမ်းကုဘကျောက်လဲ လုပ်လိုက်တာပဲ၊ အဲဒီတုန်းကတော့ ဆရာဝန်ဆိုတာကတောထဲမှာ ဘယ်ရှိမလဲ ၊ဒီတော့ ကိုယ့်ဖာသာဆေးထိုးအပ်ကိုင်ပြီး ဆော်ထည့်လိုက်တာပဲ၊


ကဲ..ဒါတွေထားပါတော့၊ ဆားပုလင်းဘကျောက် နဲ့ အဆန်းတကြယ်အမှုကြီးအကြောင်း စလိုက်ကြစို့လား၊ ဘကျောက်တို့ သပိတ်ကျင်းနယ် အုန်းဇုန်းရွာတဝိုက်မှာ ဖေါ့စဖိတ်ရှာဖွေရေး လုပ်ကြတော့၊ ဇရပ်ကွင်းရွာမှာ စခန်းချကြတယ်၊ ဇရပ်ကွင်းကလဲ ခုလိုမြို့လေးတမြို့ မဟုတ်သေးဘူး၊ တည်စရွာလေး၊ အရပ်ပေါင်းစုံက လူပေါင်းစုံမို့ ရာဇဝတ်မှုကလဲ မကြာမကြာဖြစ်၊ ဘကျောက်တို့ရောက်မှ လူသတ်ဓါးပြတိုက်မှုကလဲ ဖြစ်သေး၊ အဲဒီတော့ ဇရပ်ကွင်းမှာ တည်းရင်ဥက္ကဌအိမ်မှာပဲတည်းတယ်၊


ဥက္ကဌနာမည်က ဦးလှောင် တဲ့၊ သူတို့မိသားစုက ရွှေဘိုမြောက်လက် ခင်ဦးနယ်က ပြောင်းလာကြတာ၊ အညာတောဓလေ့ မပျောက်သေးတော့ ကိုယ့်အိမ်မှာရှိတဲ့ ဧည့်သည်ကို အလွန်ဧည့်ဝတ်ပြုတတ်တာမျိုး၊ တညနေမှာတော့ ဘကျောက်တို့ ထမင်းစားပြီး ရေနွေးသောက်နေချိန် ဥက္ကဌ ဦးလှောင် ကပြောတယ်၊ ကိုကိုတို့ ည အပြင်မသွားရင် လေးလေးတို့နဲ့ လိုက်ပေးပါဦးကွယ်တဲ့၊ ဟုတ်ကဲ့လေးလေးပေါ့၊ ခင်ဦးနယ်က ယောင်္ကျားပျို ဆိုရင်နာမည်မခေါ်ဘူး ၊ ကိုကိုလို့ နမ်စားသုံးတတ်တာကိုး၊ ဒါနဲ့ ညဦးပိုင်းမှာ ဘကျောက်တို့ရယ် အစောင့်လိုက်လာတဲ့ရဲတွေ ရယ်၊ ရွာလူကြီးတချို့ရယ် ရေနွေးဝိုင်းထိုင်လိုက်ကြတာ ည ၁၁ နာရီထိုးလုရော၊ အဲဒီတော့မှ ကိုကိုတို့လဲ လိုက်ခဲ့ပါဦးဆိုတာနဲ့ တပြုံကြီးချီတက်သွားကြတာ မူလတန်းကျောင်းကိုရောက်တာပဲ ၊


အဲဒီချိန်က ဇရပ်ကွင်းမှာ အဆောက်အဦးကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့်ရှိတာဆိုလို့ အဲဒီစာသင်ကျောင်းပဲရှိတယ်၊ ကျောင်းနဲ့ မလှမ်းမကမ်းမှာလဲ သပိတ်ကျင်းရဲကား ကလဲရပ်လို့၊ စာသင်ကျောင်းဖက်လှမ်းကြည့်တော့ မီးရောင်မှိန်မှိန်လေး မြင်နေရတယ်၊ တိတ်ဆိတ်ငြိမ်နေလိုက်တာလဲ ဘာသံမှမကြားရဘူး၊ ဒါနဲ့ အသာအယာ စာသင်ခန်းထဲကိုကြည့်လိုက်တော့ ယောင်္ကျားပျိုပျိုအိုအို လူ၁၅၀...၂၀၀..လောက်က တိတ်တိတ်ဆိတ်ဆိတ် တနေရာကို စူးစိုက်ကြည့်နေကြပါလား၊ ဘာတွေများကြည့်နေသလဲလို့ အကဲခတ်လိုက်တော့.....


အလို.....မျက်နှာဖြူမောင်ကာက မယ်ကာက ဇတ်ထုပ်ကြည့်နေကြတာကိုး၊ ဘကျောက်ဖတ်ဖူးတဲ့ မောင်ကာကတို့ ဇတ်ထုပ်ကတော့ လင်မယားနှစ်ယောက်ပေါင်းမှ အဝတ်တစုံပဲရှိရှာတာကိုး၊ ဒီမျက်နှာဖြူမောင်ကာက တို့ ကတော့ ပိုဆင်းရဲပုံပေါက်တယ်၊ လင်မယားနှစ်ယောက်ပေါင်းတောင် တစုံမရှိရှာဘူး၊ အင်း....ဘကျောက်တို့ ကျောက်ကာက ဖြစ်နေရင်တောင် ဘလော့ထဲတော့ထည့်မရေးဝံ့ပေါင်၊ တော်ကြာ မဒမ်ကျောက်က ရှိုးစမိုးနဲ့ ကျော့ကျော့လေးထွက်သွားနေတုန်း ကျောက်ကာကနဲ့ စကားစမည်ပြောချင်လို့ ဆိုပြီးတခါးလာခေါက်နေကြမှဖြင့် ပူပူအိုက်အိုက်ကို စောင်ခြုံ ပြီးဧည့်ခံရမဲ့အရေး မတွေးဝံ့ပေါင်ဗျာ..၊


အင်း...လူသားချင်းစာနာထောက်ထားမှုကင်းမဲ့ စိတ်နဲ့ ဆင်းရဲတာကို ဗီဒီယိုလုပ်ကြည့်နေကြတဲ့ သူတွေကို သပိတ်ကျင်းရဲက ဖမ်းဖို့လာတာကိုး၊ ကြည့်တဲ့သူတွေကများနေတော့ ဖမ်းတဲ့အင်အားကိုလဲများအောင် ဘကျောက်တို့ကို အင်အားပြဆားပုလင်းအနေနဲ့ ရုပ်ပြထားတာကိုး၊ စာသင်ကျောင်းကို ပတ်ဝိုင်းထားပြီး မပြေးနဲ့ ဆိုပြီး ဖမ်းလဲဖမ်းရော....လူတွေကလဲ စကားနားထောင်စွာ ဝရုန်းသုန်းခတ်ပြေး လိုက်ကြတာ၊ လူ ၈၀ လောက်တော့ ပိတ်မိနေသဗျ၊ ဩ...အဲဒီအချိန်ကတော့ ...ဒါမျိုးတွေကလဲ ရှားရှားပါးပါး ကြည့်တောင့်ကြည့်ရခဲကို၊ ခုခေတ်လို ပေါပေါသီသီ မရှိသေးတော့လဲ ကြည့်ချင်ရှာမှာပေါ့လေ၊


မနက်လင်းတော့ ဦးလှောင် သမီးအပျိုမတွေ သန်းလွင်တို့ သန်းရင်တို့က ဘကျောက်ကို မနက်စာလဖက်ရည်နဲ့ပလာတာနဲ့ အကြော်နဲ့ ပြင်ဆင်ကြွေးမွေးနေတုန်း ဦးလှောင်ကတော်က ဘကျောက်ကိုပြောလာသဗျ..ဘယ်လိုလဲဆိုတော့...ကိုကိုရယ် လေးလေးတို့လဲ ငယ်ရာကကြီးလာတာပဲ ဒါမျိုးဆိုတာ သူ့ဟာသူအရွယ်ရောက်လာရင် သိလာတာပါ၊ ခုခေတ်က ဒီလိုမျိုးရိုက်ပြမှ သိကြသလားကွယ်..တဲ့၊ ဘကျောက်ကလဲ သူ့သမီးတွေရှေ့မှာဘာမှမသိနားမလည်တဲ့ပုံလေးနဲ့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နေပြတာပေါ့လေ၊ အဟင်း...ကျောက်တို့၏မာယာ ဆိုတာ ဒါမျိုးပေါ့၊ တကယ်တန်းက ဘကျောက်က အဲဒီအချိန်မှာကို တကရွတ်(gross)လောက် လက်တည့်စမ်းပြီးနေပြီ၊


ဒီလိုပြောနေတုန်း ကလေးတယောက်ချီလာတဲ့ မိန်းမတယောက်က စကားဝိုင်းထဲ ဝင်လာပြီး....မဟုတ်ဖူးလေးလေးရေ ..သွေးရိုးသားရိုးပုံမှန်မဟုတ်ပဲ အဆန်းတကြယ်တွေမို့ ကြည့်ကြတာလေးလေးရယ်၊ အိမ်ကလူတောင် ဗီဒီယိုတွေပေါ်မှ အဆန်းတကြယ်တွေဖြစ်လို့..တဲ့၊


ဘကျောက်လဲ ဒီအဆန်းတကြယ် အမှုကိုတော့ ဆားပုလင်းဘကျောက်နဲ့ မသက်ဆိုင်တာမို့ စားသောက်နေရာက ကဗျာကယာထပြီး အိမ်ပေါ်တက်ခဲ့ကြောင်းပါခင်ဗျာ ။

Monday, April 12, 2010

မရှိမဖြစ်ကျောက်


သင်္ကြန်အခါတော်ရောက်လာတော့ သင်္ကြန်နဲ့ ပတ်သက်သမျှလေးတွေ ပြန်ပြန်ပေါ်လာတတ်သဗျ၊ ကိုကြီးကျောက်တို့လို တောရိပ်ခိုမှီး မြိုင်ကြီးဝင်ရတဲ့ သူတွေကတော့ အခါတော်ရောက်ချိန်မှာလဲ တောတွင်းပဲနေရတာ များတာပေါ့လေ၊ တနှစ်သောသင်္ကြန်ကာလမှာတော့ ကိုကြီးကျောက်တို့ မုံရွာခရိုင်၊ ဘုတလင်နယ်က တွင်းတောင်မှာ သင်္ကြန်ကျခဲ့ဖူးပါသေးဗျား၊ ခုတော့ တွင်းတောင်ကိုတော့ အများသိကြပြီး နေမှာပါပဲ၊ ကိုကြီးကျောက်တို့ရောက်စဉ်ကတော့ လူသူသိတ်မသိကြသေးတဲ့ ဒေသကိုး၊ခုလို စိမ်းပြာရေညှိဆိုတာကလဲ လူသိမများသေးဘူးလေ၊


ကိုကြီးကျောက်တို့ သင်္ကြန်ကျတဲ့ တွင်းတောင်က အဲဒီနားတဝိုက်မှာရှိတဲ့ တွင်းတောင်တွေထဲမှာ အလှဆုံးပါပဲ၊ မီးတောင်ဟောင်းကြီးရဲ့ အလယ်မှာ ရေခါးအိုင်ကြီးနဲ့ ၊ အဲဒီရေအိုင်ရဲ့နံဘေး မှာအုန်းပင်တွေနဲ့ စိမ်းလန်းစိုပြေနေတဲ့ တွင်းရွာလေးနဲ့၊ တကယ်ကို သာယာတဲ့နေရာလေးပါ၊ ရွာရဲ့အဓိကစီးပွားရေးလုပ်ငန်း ကလည်း ကွမ်းရွက်ခြံတွေမို့ တရွာလုံးဘယ်ကြည့်ကြည့် စိမ်းစိုနေတာပဲ၊ ကိုကြီးကျောက်တို့ရောက်သွားတော့ အခါတွင်းရောက်ခါနီးပြီဆိုတော့ တရွာလုံးစားစရာ မုန့်တွေလုပ်ကြလို့ ဘယ်အိမ်သွားသွား စားစရာတွေချည့်ပါပဲ၊ ကိုကြီးကျောက်ကတော့ အဲဒီတုန်းက ကောင်စီဥက္ကဌ ကိုတင်လင်းရဲ့ စက်လှေနဲ့ ရေခါးအိုင်ထဲလျှောက်သွားရတာ အလွန်သဘောကျပေါ့ဗျာ၊


ကိုကြီးကျောက်တို့ ရောက်တော့ အခါတွင်းအတွက် အိမ်တိုင်းမှာ မုန့်တွေလုပ်နေကြပြီ၊ ကိုကြီးကျောက်တို့ကလဲ စားဖို့နဲ့ ရေလောင်းဖို့က အဆင်သင့်ပဲ၊ ရေခါးအိုင်ကြီးကသာ ရေတွေသုံးမရတာ၊ အိုင်ကြီးနံဘေး ရေတွင်းက ရေတွေကြ ချိုပါ့ဗျာ၊ သင်္ကြန်မှာ သင်္ကြန်မိုးလေးကလဲ တဖွဲဖွဲရွာလိုက်သေးသဗျ၊ မိုးလေးတဖျောက်နှစ်ဖျောက် ကျလိုက်တာနဲ့ တွင်းပိုးတက်တော့တာပါပဲ၊ တွင်းပိုးဆိုတာနဲ့ လဘက်ထဲ ထည့်စားတဲ့ အကောင်မဲမဲလေးတွေ မြင်ကြမယ်ထင်ပါရဲ့၊ တကယ်တော့အရွယ်ရောက်ပြီး တွင်းပိုးတွေက ပိုးဟပ်နဲ့ခပ်ဆင်ဆင် အင်းဆက်သတ္တဝါပါပဲ၊ ဒီကောင်လေးတွေက မိုးဦးကာလမှာ ရေခါးအိုင်ကြီးထဲ ဆင်းပြီးဥချကြတာကိုး၊ ရေအိုင်ထဲက တွင်းပိုးလောင်းတွေက ကုန်းပေါ်ပြန်တက်ပြီးမြေတွင်းပြန်အောင်းချိန် မှာပိုးလောင်းလေးတွေကို စောင့်ဖမ်းကြတာပဲ၊


ညအခါ လ လေးကလဲသာနေချိန် လေငြိမ်ငြိမ်မှာ ကမ်းစပ်ကိုလှိုင်းမရိုက်ဖူးဆိုရင် တွင်းပိုးလောင်းလေးတွေ သိန်းနဲ့သန်းနဲ့ ချီပြီးတက်လာလိုက်တာ ဖွေးဖွေးလှုပ်နေတာပဲ၊ ပိုးလောင်းလေးတွေ ကပုဇွန်ဆိတ်လေးနဲ့တူတယ်၊ ကမ်းစပ်မှာ ထန်းပလက်ပြား ၂ခုကို ထိပ်ချင်းဆိုင်ချ၊ ထန်းပလက်ပြားထိပ်ဆုံမှာ မြေကျင်းလေးတူး၊ မြေကျင်းလေးထဲ ဇလုံလေးမြှပ်ထား၊ တရွေ့ရွေ့တက်လာတဲ့ တွင်းပိုးလောင်းလေးတွေက ထန်းပလက်ပြားကို ကျော်မတက်နိုင်တော့ ထန်းပလက်ပြားနံဘေးက လျှောက်လာကြရင်း ဇလုံထဲ တဖြုတ်ဖြုတ်လိမ့်ကျလာသမျှကို ကောက်ထည့်နေယုံပဲ၊ တွင်းပိုးအစိုချက်ကလဲ အလွန်ဆိမ့်ပလေတာ၊ ကိုကြီးကျောက်တို့လို အဝေးကလူတွေအဖို့ အင်မတန်စားရခဲပေကိုး၊ တွင်းပိုးတက်ချိန်နဲ့ ကိုယ်ရောက်ချိန်က ကြုံကြိုက်မှသာ စားရပေမပေါ့၊


ကိုကြီးကျောက်တို့ တွင်းရွာထဲ ဟိုအိမ်ဒီအိမ်လည်စားလိုက် ကောင်မလေးတွေနဲ့ အပြန်အလှန်ရေလောင်းလိုက်နဲ့ ..တဟီးဟီး..တဟား..ဟား..ပေါ့လေ၊ အရမ်းကို ...ကဲနေကြတာ၊ အဲ....ည လဲရောက်ရော ပြဿနာ တက်ပါလေရော၊ တနေ့လုံးစားထားသမျှတွေက ဗိုက်ထဲမှာကြပ်သိပ်နေတော့ မနက်လင်းအောင်တောင် မနေတော့ဘူး ညကြီးသန်းကောင် ထွက်ပေါက်ရှာပါလေရော၊ ကိုကြီးကျောက်မှာ မနေနိုင်တော့ ထရတော့တာပေါ့၊


ကိုကြီးကျောက်က ညသန်းကောင်မှာ ချိုးချိုးချွတ်ချွတ်နဲ့ ထတော့ ကျန်တဲ့သူတွေလဲ နိုးကုန်တာပေါ့၊ ဒါနဲ့ ဘာလုပ်မလို့လဲလို့ မေးတော့ အိမ်သာသွားမလို့လို့ ဖြေတော့ နောက်ဖေးကွမ်းခြံထဲပဲ သွားလိုက်တဲ့၊ တွင်းရွာလေးက ရေအိုင်ကြီးနဲ့တောင်နံရံကြားနေရာ ကျဉ်းကျဉ်းမှာတည်ထားရတာ၊ ရှိတဲ့မြေလေးကလဲ ကွမ်းခြံတွေစိုက်ထားတယ်၊ ဒီတော့ရွာထဲမှာ အိမ်သာကသိတ်မရှိဘူး၊ ဒီကိစ္စကို တွင်းတောင်ထဲဆင်းဆင်းချင်း ရွာအဝင်က မူလတန်းကျောင်းလေးမှာ သွားဖြေရှင်းရတာကိုး၊ ကိုကြီးကျောက်ကလဲ ကွမ်းခြံထဲတွင် ကိစ္စပြီးလိုက်လို့ မနက်လင်းရင် ဥက္ကဌ ကိုတင်လင်းနှမတွေ တွေ့သွားရင် အိမ်မှာ စားလဲစားသွားသေး၊ ဒီမှာ ထားလဲထားသွားသေး ဆိုပြီး အပုံကြီးလက်ညှိုးထိုးပြရင် မခက်ပါပေလား၊ အဲဒီတုန်းကတော့ ကိုကြီးကျောက်က လူပျိုလူရွယ်လေး ဆိုတော့ရှက်တာပေါ့လေ..အဟဲ၊ ခုတော့...လူပျိုလူရွယ်ကြီး ဖြစ်သွားတော့...ရှက်ကို..မရှက်တတ်တော့ဘူး၊ ဒါနဲ့ စာသင်ကျောင်းထဲပဲ သွားမယ်ဆိုတော့ ကိုယ်လို အားပေးချင်သူတွေပါ လိုက်လာကြတာ လက်နှိပ်ဓါတ်မီး တဝင်းဝင်း ခွေးတစီစီနဲ့ တရွာလုံးကို ဆူညံပွက်သွားတာပဲ၊


စာရေးဆရာမ ဂျူး မရှိမဖြစ်မိုး ဝတ္တုရေးဖို့အတွက် တွင်းတောင်ကိုရောက်မှာတော့ သေချာတယ်၊ စေတနာကောင်းတဲ့ တွင်းရွာကအိမ်တွေက ဖိတ်ကျွေးလို့ လျှောက်လည်စားပြီး ဂျူးလဲ ကိုကြီးကျောက်လိုညကြီးသန်းကောင် အိမ်သာပြေးရင်ပြေးခဲ့ရမယ်ထင်တယ်၊ သူ့ဝတ္တုဇတ်ကောင် ခင်မိုးမြင့် သန်းကောင်ယံမှာ အိမ်သာကို ပြေးတဲ့အခန်းများပါမလားလို့ ဖတ်ကြည့်တာ ဝတ္တုသာဆုံးသွားတယ် ပါလဲမပါဘူး...ဟင်း...သဘာဝမကျလိုက်တာ..၊ အင်းပေါ့လေ..ဂျူး ကအပျိုကြီးဆိုတော့ ရှက်တတ်လို့နဲ့ တူပါရဲ့ ထည့်မရေးတာ၊


ကိုကြီးကျောက်သာ မရှိမဖြစ်မိုး ကို ပြန်ရေးပြီး ရုပ်ရှင်ပါပြန်ရိုက်လိုက်ရင် ရုပ်ရှင်ကြည့်ပရိဿတ်လဲ သဲထိတ်ရင်ဖိုဖြစ်၊ မင်းသမီးလဲ အကယ်ဒမီရှော့တွေ ရိုက်ပြလိုက်မှာပေါ့ဗျာ၊ မိုး အဖြစ်သရုပ်ဆောင်တဲ့ စိုးမြတ်သူဇာက ညသန်းကောင်မှာ ခွေးတစီစီနဲ့ အိမ်သာပြေးခန်းမှာ ပရိဿတ်က မင်းသမီးကို ခွေးလိုက်ဆွဲတော့မှာလား....လမ်းမှာပဲ ထွက်ကြကုန်မှာလား...နဲ့ ရင်တဖိုဖိုပေါ့ခင်ဗျာ..၊ မင်းသမီးကလဲ ကင်မရာဖက်လှည့်ပြီး မချိမဆန့်ပြုံးလေး ပြုံးပြလိုက်...ဗိုက်ကိုနှိပ်ပြီး..ခပ်သုပ်သုပ်ပြေးပြလိုက်..အကယ်ဒမီခန်းတွေပေါ့ဗျာ...၊ နောက်ခံဂီတ ကလဲ ဂွိ..ဂွိ..ဂုဂု..ဘွတ်..ဆိုတဲ့ အသံလေးတွေ ထည့်ပေးရင်..မင်းသမီး ခံစားချက်အပြည့်နေမှာပေါ့လေ၊ ...


တွင်းတောင်မှာ နေခဲ့တုန်းက ကိုကြီးကျောက် အတွက် မရှိမဖြစ်ဟာ...မိုး...မဟုတ်ပဲ..အိမ်သာတလုံးပါပဲခင်ဗျာ....။

Wednesday, April 7, 2010

ကြက်ဋီကာ ကျောက်ဋီကာ


ကိုကြီကျောက်ရဲ့ညီတော်မောင် ကိုပီတာက ကိုကြီးကျောက်ကို ကြက်ဋီကာ၊ကျောက်ဋီကာ ကျမ်း သာရေးလိုက်ရင်တော့ ဋီကာဝယ်မဲ့သူတွေ ကြက်ပျံမကျ စည်ကားနေမတဲ့ဗျ၊ သူမြှောက်ပေးတဲ့အတိုင်း ကိုကြီးကျောက်က ကိုယ်တွေ့ကြက်ဋီကာတွေသာ blog မှာတင်လိုက်ရင်တော့ ကိုကြီးကျောက်blogလေးလဲ porn blog ဘဝပြောင်းသွားပြီး ကိုကြီးကျောက်လဲ porn star ကျောက် ရယ်လို့ နာမည်တလုံးနဲ့ ထင်ရှားပေတော့မပေါ့ဗျာ၊

အင်း......ဒီလိုတော့လဲ မဖြစ်ချေသေးဘူး၊ ကိုကြီးကျောက်ရဲ့ ကိုယ်တွေ့ရင်သိမ့်တုန် အချစ်ဇတ်ကြမ်းကိုမှ ဖတ်ချင်သူညီငယ်များ အတွက်တော့ ကျောက်ကြက် ဘလော့လေးတခုတော့ ဖန်တီးပေးမှဖြစ်မယ်၊ ခုတော့ ဘဝတခုအတွက် ကြက်လမ်းစဉ်ကို ရွေးချယ်ခဲ့ရသူလေး အကြောင်းရေးလိုက်ပါဦးမယ်၊ ဒီိလိုဇတ်လမ်းတွေဟာ ဗမာပြည်မှာ မထူးဆန်းပေမဲ့ ခု ကိုကြီးကျောက်ရောက်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာ မျက်စေ့အောက်မှာမြင်နေတဲ့ ဇတ်လမ်းလေးနဲ့ နှိုင်းယှဉ်မိလို့ ရေးချင်စိတ်ပေါက်လာတာလဲပါတယ်၊


ကိုကြီးကျောက် ဗမာပြည်မှာတုန်းက ကြက်ကိစ္စဆိုရင် မြင်းခြံမှာ အင်မတန်ဆင်ခြင်တယ်၊ ကိုယ်က ဟိုမှာဒီမှာ ဂေါပကလူကြီးဆိုတော့ မြင်းခြံမှာ ရုပ်တည်ကြီးနဲ့ ကြောင်သူတော်လုပ်နေရတာပေါ့လေ၊ ဗမာပြည်မှာက ဘောင်းဘီဝတ်၊ ယောဂီတဘက်ပတ်၊ ဘုရားထီးတင်တို့ဘာတို့မှာ ရှေ့ဆုံးက နေရာယူကြပြီး ကွယ်ရာမှာ သောင်းကျန်းကြတာက တယ်ခေတ်စားလှပေတော့ ကိုကြီးကျောက်လဲ ခေတ်နဲ့အညီပေါ့လေ၊ ကဲချင်ရင် စစ်ကိုင်းတို့၊ ပခုက္ကူတို့ပဲသွားတယ်၊ ဒါပေမဲ့လဲ တနေ့သောအခါမှာပေါ့ဗျာ......


ကိုကြီးကျောက်ရဲ့ သူငယ်ချင်းတယောက်က မြင်းခြံကတည်းခိုခန်းတခုမှာ မန်နေဂျာလုပ်နေတယ်၊ ကိုကြီးကျောက်က အဲဒီတည်းခိုခန်းရှေ့ ကနေဖြတ်သွားတော့ သူကလှမ်းခေါ်တယ် ...ဟိတ်ကောင်..ဟိတ်ကောင်...လာအုန်းတဲ့၊ ကိုကြီးကျောက်က ဘာတုန်းဟ လို့ဆိုပြီး သူ့ဆီသွားတော့... အသစ်လေးရောက်တယ်ကွ တဲ့၊ ကိုကြီးကျောက်က ဘာလဲ မိတင်ကြီးလား ဆိုတော့ ဒီကောင်က ဟီး..ဟီး..မဟုတ်ပါဘူးကွာတဲ့၊ အဲဒီ မိတင်ကြီးအကြောင်းကို ကြုံတုန်းပြောရအုန်းမယ်၊ ကိုကြီးကျောက်တို့ ကျောင်းသားဘဝက မန်းတက္ကသိုလ် နားက ဗောဓိကုန်းမှာ ဆောင်ကြာမြိုင်တခုရှိတယ်၊ ခေါင်းက ကိုတင်အောင်တဲ့၊ ကိုကြီးကျောက်ရဲ့မေဂျာတူ အတန်းတူ ငယ်သူငယ်ချင်း ဘလော့ဂါ MKS ကတော့ ကိုတင်အောင် ကိုသတိတရပြောရှာတယ်၊ အင်း..သူကလဲဖောက်သည်ဟောင်းပေကိုး၊သတိရရှာပေမပေါ့၊


နောက်ထပ် ကြက်ခေါင်း ကိုတင်အောင်တယောက်ကလဲ ရှိသေးသဗျ၊ ဒီ ကိုတင်အောင်ကမန္တလေးက ကိုတင်အောင်မဟုတ်ဘူး မကွေးကောလိပ်နားက ကိုတင်အောင်၊ အဲဒီအချိန်က ကြက်ခေါင်းဆိုရင် ကိုတင်အောင်လို့ မှည့်ရမယ်လို့ သတ်မှတ်ထားသလား မသိဘူး၊ ကိုကြီးကျောက်ရဲ့ မြင်းခြံကသူငယ်ချင်းက မကွေးကောလိပ်မှာ ကျောင်းတက်တယ်၊ ကိုကြီးကျောက်မကွေးကို သွားတော့ သူငယ်ချင်းတွေနဲ့ မြို့ထဲလျှောက်လည်ပြီးအပြန်လမ်း မှာ ကိုတင်အောင်နဲ့တွေ့တော့ ကိုတင်အောင်ကလှမ်းပြောတယ်၊ ဟ..ကောင်လေးတွေ အသစ်လေး ရောက်နေတယ် တဲ့၊ ဒါနဲ့ ကိုကြီးကျောက်တို့ သူငယ်ချင်းတတွေ ညနေထမင်းစားပြီးတော့ အဆောင်ကနေ ကိုတင်အောင်အိမ် ချီတက်ကြတာပေါ့၊ ကိုကြီးကျောက်တို့အုပ်စုမှာ ချောက်သား ထွန်းဆွေလဲပါတယ်၊ ဟိုလဲရောက်ရော ကိုတင်အောင်ရဲ့အိမ်က အသစ်ကလေးဆိုတာက ချောက်တမြို့လုံး ကလေးရောခွေးရော သိနေတဲ့ မိတင်ကြီးဖြစ်နေတာကိုး၊ ထွန်းဆွေက ဆဲပလေတာ ၊ ချောက်မှာ မသုံးတော့တဲ့ မိတင်ကြီးက မကွေးမှာ အသစ်ကလေး ဖြစ်နေတာကိုး၊ ဒါ့ကြောင့် ကိုကြီးကျောက်က မိတင်ကြီးလားလို့မေးတော့ ဒီကောင် တဟီးဟီးနဲ့ ရီနေတာ၊


ဒါနဲ့ ဒီကောင်က မင်း..အခန်းနံပါတ် (၈) တက်ကြည့်တဲ့၊ ကိုကြီးကျောက်ကလဲနှစ်ခါတောင် မငြင်းဘူး၊ တည်းခိုခန်း ပေါ်တက်ပြီး အခန်းကိုတံခါးခေါက်လိုက်တော့ အသက် နှစ်ဆယ်လောက်ရှိတဲ့ အမျိုးသမီးတယောက်က တံခါးဖွင့်ပေးတယ်၊ သူ့ကြည့်ရတာ ဒီလောကကို သိတ်အကျွမ်းဝင်သေးတဲ့ပုံမပေါက်သေးဘူး၊ ဘယ်လိုသိသလဲ ဆိုတာကတော့ ကိုကြီးကျောက်ရဲ့ ပညာတွေပေါ့လေ..အဟဲ..၊ သူကလဲသူ့ဖာသာ ကုတင်စောင်းမှာထိုင်လို့၊ ကိုကြီးကျောက်ကလဲ ဘာမှအထူးအထွေ ပြောမနေတော့ပါဘူး၊ ဒါပေမဲ့ သူ့ကိုတော့ သေချာကြည့်မိသဗျ၊ သူ့ရင်အစုံက သိသိသာသာပြည့်တင်း နေတာမို့ ၊ကိုကြီးကျောက်က တစုံတခုတော့ မှားယွင်းနေပြီလို့ စိတ်ထဲမှာ ခံစားမိနေတယ်၊ ဒါကြောင့် ကိုကြီးကျောက်က လက်နဲ့ကိုင်ညှစ်လိုက်ရော ဖျစ်ကလဲ ပန်းထွက်လာလိုက်တာ ကိုကြီးကျောက်မျက်နှာရော ခေါင်းပေါ်တွေရော ပေပွကုန်တာပဲ၊ ဟ...နင့်မေကလွှား...အလန့်တကြားဖြစ်သွားတာပဲ၊ ဒါနဲ့ ကိုကြီးကျောက်လဲ ပေနေတာတွေ တစ်သျှူးနဲ့ သုတ်ပစ်ရင်း နင့်မှာနို့စို့ကလေး ရှိသလားဆိုတော့ ၆လသားလေးရှိတယ်တဲ့၊ ကလေးငယ်လေးနဲ့ဟာ ဘာလို့လုပ်နေတုန်းလို့ပြောတော့ ကလေးနေမကောင်းတော့ အလုပ်ကလဲပျက် ကလေးဆေးဖိုးလေးရအောင် နေ့လည်ခင်း ကလေးကို ဘာမီတွန်တိုက်လို့ သိတ်ထားပြီး ခနပြေးလာလုပ်တာတဲ့၊ ယောင်္ကျားကရောလို့ မေးတော့ ကလေးဗိုက်ထဲမှာကထဲက ကွဲတာတဲ့၊ အင်း...ကလေးတဖက် ဈေးတဖက်နဲ့ အေးကွက်ကယ်မမြင် ဆိုသလိုပါပဲ...ကလေးအတွက်ဆေးဖိုး ဝါးခလေးအတွက် နောက်ဆုံးကြံရာမရတော့ ဒီလမ်းကိုရွေးရတယ် ထင်ပါရဲ့၊


ကိုကြီးကျောက် အမေရိက ရောက်စက Florida မှာPublix ဆိုတဲ့ grocery storeမှာလုပ်တော့ sea foodမှာအတူတူလုပ်ကြတဲ့ Rebecca ဆိုတဲ့အမေရိကန်မလေးနဲ့ ခင်ကြတယ်၊ ဒီကောင်မလေးက ပြင်သစ်နွယ်ဖွားလေးဆိုတော့ ပုပုသေးသေးလေး၊ ကိုကြီးကျောက်တို့ကတော့ သူ့နာမည်ကို အတိုကောက် ဘက်ဂီ လို့ပဲခေါ်တယ်၊ ဘက်ဂီ က ကိုကြီးကျောက်တို့ အနွံတာခံရှာတယ်၊ ကိုကြီးကျောက်ကလဲ ရောက်စဆိုတော့ ကားမရှိသေး၊လိုင်စင်မရှိသေး ဆိုတော့ ကိုကြီးကျောက်ဘယ်သွားချင် သွားချင် ပို့ပေးရှာတယ်၊ ကိုကြီးကျောက် strip club သွားချင်လဲလိုက်ပို့ပြီး သူပါတညလုံးလိုက်ထိုင်ပေးတတ်တာမျိုး၊ သူတို့ကတော့ ဒီ club တွေမှာလိုက်ထိုင်ရတာ သိတ်အပန်းကြီးတာမဟုတ်ဘူးလေ၊ strip club တွေမှာပျင်းတယ်ဆိုရင် သူကနောက်ပြောင်ပြီး gay ,lesbian club တွေ ပို့ပေးတတ်တာ၊ ကိုကြီးကျောက်မှာတော့ ယောင်္ကျားချင်း ရင်ချင်းဖင်ချင်း ပွတ်ပြီးကနေတာတွေမြင်ရလို့ စိတ်တွေညစ်လို့၊


ကိုကြီးကျောက် Florida ကပြောင်းပြီးကွဲသွားလိုက်တာ ခုပြန်တွေ့တော့ ဘက်ဂီ မှာ သားလေးတယောက်နဲ့ ၊ အိမ်ထောင်ကျနေပြီလားဆိုတော့ မရှိဘူးတဲ့၊ ဒီနိုင်ငံမှာ လင်မရှိပဲကလေးမွေးတဲ့ single mother တွေကသိတ်တော့ မထူးဆန်းလှဘူး၊ မွေးလဲမွေးရဲတယ်လေ၊ ကိုယ့်ဝင်ငွေနဲ့မလုံလောက်ရင် အစိုးရဆီက ကလေးအတွက် ထောက်ပံ့ကြေးတောင်းလို့ရတာမျိုးကိုး၊ ဒီိလိုထောက်ပံ့နိုင်ဖို့ အမေရိကန်မှာရှိတဲ့ အလုပ်လုပ်သူတွေက အခွန်ထမ်းကြရတာမျိုးဆိုတော့ ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေ မပူပင်ကြရဘူးပေါ့လေ၊ ကိုကြီးကျောက်ကတော့ ဘက်ဂီရဲ့ သားလေးကိုကြည့်ရင်း ကလေးဆေးဖိုးလေးရအောင် ကလေးကို ခနသိတ်ထားပြီး တည်းခိုခန်းကို ပြေးလာပြီး ငွေရှာရတဲ့ ကောင်မလေးကို သတိရမိတယ်၊


ကိုကြီးကျောက်တို့ ပြည်ပမှာငွေရှာပြီး သံရုံးမှာထမ်းဆောင်ကြတဲ့ အခွန်ငွေတွေ ဗမာပြည်က ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေးမှာများ ဘယ်လောက်သုံးကြသလဲ ဆိုတာစဉ်းစားနေမိတယ်၊ စည်းကမ်းရှိတဲ့ ဒီမိုကရေစီအတွက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဥပဒေမှာ အနာဂတ် ကလေးလူငယ်တွေအတွက် ဘာတွေထည့်သွင်းရေးဆွဲထားသလဲ ဆိုတာတော့ နိုင်ငံရပ်ခြားမှာ အနေကြာနေပြီဖြစ်တဲ့ ကိုကြီးကျောက် အမှန်တကယ်မသိကြောင်းပါခင်ဗျာ။

Monday, April 5, 2010

ရော်ဂျာကျောက်၏စွန့်စားခန်း


ဒီနေ့ဧပြီလ ၄ ရက်နေ့ကတော့Easter Sunday နေ့ပါ၊ mall တွေရော store တွေရော အားလုံးပိတ်တာမို့ ကိုကြီးကျောက်အခုရောက်နေတဲ့ Florida မှာ သင်္ကြန်ပွဲတော်ကျင်းပပါတယ်၊ ပွဲတော်လုပ်မဲ့နေရာနဲ့ ကိုကြီးကျောက်နေတဲ့နေရာနဲ့က သိတ်တော့မဝေးလှပါဘူး၊ မိုင်၉၀ လောက်ပဲရှိတာမို့ တနာရီသာသာပဲ မောင်းရမှာပါ၊
ဒါနဲ့ ဘာအစီအစဉ်တွေရှိသလဲလို့ မေးတော့၊ ဗမာအစားအစာတွေ ဟိုကသည်က ချက်ပြုတ်ယူလာပြီး စတုဒီသာကြွေးကြမယ်ပေါ့၊ ဖျော်ဖြေရေး အစီအစဉ်လဲပါသပေါ့၊ အဆိုတော်တွေ သီချင်းဆိုကြမယ်ပေါ့၊ တက်သစ်စအဆိုတော်တွေ ဆိုမယ်ပေါ့၊ ဘယ်သူတွေလဲ ဆိုတော့ မြန်မာပြည်သိန်းတန်တဲ့၊ မေဆွိတဲ့....အလိုလေး..၅၀၊၆၀ အိုမင်းရွတ်တွကြီးတွေ၊ ကိုကြီးကျောက်နဲနဲစိတ်ဓါတ်ကျ သွားတယ်၊ တော်သေးတာပေါ့၊ ကိုအံ့ကြီးတို့၊ ကိုမင်းနောင်တို့မဟုတ်လို့၊ တကယ်ဆို ချမ်းချမ်းတို့ ဝိုင်းစုတို့ Rebacca ဝင်းတို့ဆို အများလဲကြိုက် ကိုကိုကျောက်လဲကြိုက်ပေါ့ဗျာ၊ ကိုကြီးကျောက်ကလဲ ကာလသားတွေနဲ့ တသဘောထဲပါပဲ၊ အင်း...စီစဉ်သူတွေကလဲ လက်လှမ်းမှီရာကို စီစဉ်ရထင်ပါရဲ့၊
ဒါနဲ့ ကိုကြီးကျောက်လဲ သင်္ကြန်ပွဲကိုတော့ မလာတော့ဘူးကွာ၊ James Bond ဇတ်ကား Live and Let Die ဇတ်ကားထဲက မင်းသား ရော်ဂျာမိုးလို Everglade swamp ထဲမှာ စွန့်စားခန်းသွားလိုက်ဦးမယ်လို့ မိတ်ဆွေတွေ ပြောလိုက်တယ်၊ မင်းသားရော်ဂျာမိုးက ရုပ်ရှင်ထဲမှာ မိချောင်းတွေပေါ်က ဖြတ်ပြေးတာတို့ hovercraft လို ပန်ကာနဲ့ ရေထဲလျပ်ပြေးယာဉ်စီးပြတာတို့ကို Florida မှာရိုက်သွားတာကိုး၊ ကိုကြီးကျောက်လဲ Florida ရောက်လို့မှ ရော်ဂျာကျောက်မဖြစ်ဖူးဆိုရင် ညံ့ရာကြလိမ့်မယ်။ ကဲ...ပြောနေကြာတယ် ခုသွားကြမယ်...၊ကိုကြီးကျောက်တို့သွားတဲ့နေရာက ရက်အင်ဒီးယန်း ရွာလေးနားမှာ Bailey swamp safari တဲ့၊ အကောင်အလှောင်တွေ ကလဲစုံလို့၊ flying boat နဲ့ရော လူတရပ်လောက် မြင့်တဲ့ဘီးတွေနဲ့ ကားနဲ့ရော ပတ်ကြည့်လို့ရတယ်၊ ရော်ဂျာကျောက်ရဲ့ ခရီးစဉ်စပါပြီခင်ဗျာ......

ကဲ...ဒီboatနဲ့ swamp ထဲမှာ စွန့်စားခန်းခရီးစတော့မယ်....boat ကစက်သံဆူလွန်းလို့ နားကိုဆို့ထားဖို့တော့လိုမယ်၊
သူကအမြီးနဲ့ လှမ်းရိုက်ချင်တာတဲ့၊boat ပေါ်ကရော်ဂျာကျောက်က အမြီးကနေဆွဲခေါ်သွားရင် ခက်ရချည့်လို့ တွေးမိပုံရတယ်၊ တုတ်တုတ်တောင်မလှုပ်တော့ဘူး



ဘာကောင်တွေမှန်းတော့ မသိပါဘူး ဂျိုတော့ပါတာပဲ၊ boatသံကြားတော့ တချို့အကောင်တွေလဲ ဓါတ်ပုံရိုက်ခံမှာရှက်လို့ထင်ပါရဲ့ ခြုံကြား ဝင်သွားကြတာပဲ၊ တောဝက်ပေါက်ကလေးတွေ ကလဲ ကမ်းနားမှာ လမ်းသလားနေရှာတယ်၊ လမ်းမတော်မိုးလောက် ဗိုက်မထွက်ရှာလို့ နဲနဲတော့အားငယ်ထင်ပါရဲ့ မိချောင်းလေးတွေ ချစ်စရာ၊ အပြန်မှာတကောင်လောက် ဖမ်းသွားပြီး အိမ်မှာမွေးထားရရင်ကောင်းမှာပဲ၊ ညနေဆို မိချောင်းလေးကို ကြိုးနဲ့ဆွဲပြီး လမ်းလျှောက်ထွက်...အို...ကိုကြီးကျောက်ရဲ့စတိုင် တော်တော်မိုက်မှာပဲ မိချောင်းတွေကို အစာကြွေးနေတဲ့ပုံရိုက်တာ လူကိုယ်တိုင်ရေထဲဆင်းမကြွေးလို့ ထင်ပါရဲ့ အနားမလာကြဘူးဗျား ဟိုသွားဒီသွား လမ်းသလားပြီးတော့ ခနနားတယ်၊ ပြီးရင် ကိုကြီးကျောက်ရဲ့ မိချောင်းshowလာမယ် ကိုကြီးကျောက်တို့ မိချောင်းshow ကတော့ ထိတ်လန့်အံ့ဩစရာပါ၊ သူများတွေလို မိချောင်းပါးစပ်ထဲ ခေါင်းထည့်ပြတဲ့ပြကွက်ပါ၊ မိချောင်းခေါင်းတော့ မိချောင်းခေါင်းပါပဲ အကောင်အစစ်မဟုတ်ပဲ အရုပ်မိချောင်းဖြစ်နေတာလေး တခုပါပဲ၊
ဤတွင်ဖျော်ဖြေရေးအစီအစဉ်ပြီးဆုံးပါပြီ။