Monday, May 10, 2010

ဘုန်းကြီးတစ္ဆေနဲ့ဗိန္ဓောကျောက်တို့ရဲ့နပမ်းပွဲ


ကိုကြီးကျောက်တို့ငယ်ငယ်က နွေရာသီကျောင်းပိတ်ရက်ဆိုရင် လူကြီးတွေအတော်စိတ်ညစ်ကြတယ်၊ နေပူပူမှာ ညီအကိုတတွေဆော့လွန်းလို့ ပြောရဆိုရ အော်ရဟစ်ရ တော်တော်စိတ်ရှုတ်ရတာပေါ့၊ ဒါ့ကြောင့် ကိုကြီးကျောက်အကိုတွေကိုတော့ အဖေနဲ့ဦးကြီးက ဦးဆောင်ပြီး ဖဲဝိုင်းလုပ်လိုက်တော့ ငြိမ်ဆေးရသွားရတာပေါ့လေ၊


အဲ...ကိုကြီးကျောက်ကိုတော့ ဘုန်းကြီးကျောင်းပို့လိုက်သဗျ၊ အိမ်နားမှာကလဲ စာသင်တိုက်ကြီးတွေကလဲရှိတော့ ဘုန်းကြီးတွေနဲ့ကလဲ ဆရာ၊တကာအရင်းတွေ ဖြစ်နေတာကိုး၊ ကိုကြီးကျောက်ကလဲ ဘုန်းကြီးကျောင်းသားလုပ်ရတာ ပျော်သဗျ၊ ဆော့ဖေါ်ဆော့ဖက် ကိုရင်တွေကလဲအများသားကလား၊ နေ့လည်ဆိုရင် သင်ပုန်းကြီး၊ ပရိတ်ကြီး၊ နမကာရဘုရားရှိခိုး၊ ရတနာရွှေချိုင့်၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း ကနေစလို့ သဒ္ဒါ၊ သင်္ဂြိုလ်၊ သင်ခဲ့ရတာပေါ့၊


ကိုကြီးကျောက်ရဲ့ ငယ်ဆရာတွေထဲမှာ တချို့ကိုယ်တော်တွေက စာသင်စာချအပြင် သူတို့ဝါသနာပါတဲ့ ဗေဒင်၊ တိုင်းရင်းဆေး၊ အဂ္ဂိရတ်ပညာတွေလဲ လေ့လာကြသဗျ၊ ကိုကြီးကျောက် ငယ်ဆရာထဲက ဦးကေသရ ဆိုတဲ့ကိုယ်တော်က တိုင်းရင်းဆေးမှာ အလွန်ဝါသနာပါတယ်၊ သူက တောင်သာနယ်သားဆိုတော့ အဘိဓမ္မာတောင်သာဆေးကျမ်းတွေကိုလဲ အတော်တီးမိ ခေါက်မိတယ်၊ ပျံလွန်တော်မူပြီဖြစ်တဲ့ ကိုးဆောင်ဆရာတော်ဘုရားကြီးရဲ့လက်စွဲပေါ့၊


သူကလဲ ကိုကြီးကျောက်ကို တကာရင်း၊တပည့်ရင်းဆိုတော့ သူ့ပညာတွေ အမွေပေးရှာတယ်၊ ကိုကြီးကျောက်ကလဲ ဆေးပညာနဲ့ ပတ်သက်ရင်နားဝေးလိုက်တာ စိတ်ကိုမဝင်စားဘူး၊ အဲဒီတုန်းကသာ ပိပိစီးစီးလေ့လာခဲ့ရင် ခုချိန် ဘလော့လောကမှာ မယ်ကိ (idiotlove)၊ မငယ်(ငယ်နိုင်)၊ တို့နဲ့အပြိုင် ရေးပလိုက်နိုင်တာပေါ့၊ ကိုယ့်အိမ်ကို အဟမ်း..အဟမ်း..ဆိုပြီး လာနှုတ်ဆက်တဲ့သူကို....ချောင်းတွေဆိုးနေတယ်..တီဘီဖြစ်နေပြီ..HIV positive လဲဖြစ်နိုင်တယ် ဆိုပြီး အားပေးစကားတွေ ပြောလွှတ်လိုက်၊ ယောင်္ကျားတွေကိုလဲ prostate ကင်ဆာဖြစ်နိုင်တယ်၊ မိန်းမငယ်ငယ်လေး ထပ်ယူရင်ပျောက်တယ်လို့ မြှောက်ပေးလိုက်၊ မိန်းမတွေကိုလဲ ယောင်္ကျားတွေရဲ့ အန္တရာယ်ကင်းအောင် ကြွက်ထောင်ချောက်တွေ ဝတ်ဆင်ဖို့ အကြံပေးလိုက် ၊ဖျားလို့တုန်နေတဲ့ လူနာယောင်္ကျားကို မိန်းမဆီက ကူးစက်ခံရတဲ့မီးယပ်ချမ်းရောဂါဆိုပြီး ဘလော့မှာရေးလိုက်နဲ့ ကိုကြီးကျောက်ခမြာ အားရမယ်တောင်မထင်ဘူး၊ ခုတော့ဟုတ်တိပတ်တိ ဘာမှမတတ်ခဲ့တော့ ဗိန္ဓောကျောက်မှာ သိတ်မကြွားနိုင်ရှာဘူး၊


ဒါပေမဲ့လဲ ခေသူသူတော့မဟုတ်ပေဘူးဗျ၊ ယောင်္ကျားတွေအတွက် ပရန္နဝါ အားတိုးဆေးတို့၊ စတုမဓူတို့၊ အမျိုးသမီးများအတွက် ရှားစောင်းလက်ပတ်ချက်ဆေး တို့ မှာတော့ လာထားပဲ၊ သို့ပေမဲ့လဲ ဗိန္ဓောကျောက်ရယ်လို့ နာမည်မကြီးတာလဲ မပြောနဲ့ ဆေးထောင်းရမှာတယ်ပျင်းသကိုး၊ သံဆုံနဲ့ တဂျောင်းဂျောင်း ထောင်းပြီး စကာချနေ ရတာကို စိတ်မရှည်ဘူး၊


တခါတော့ ကိုကြီးကျောက်ဘုန်းကြီးက သူစားဖို့ ဝမ်းမှန်ချက်ဆေး ကို ချက်ခိုင်းလိုက်တာ ကိုကြီးကျောက်ကလဲ ဆေးထောင်းရမှာပျင်းတော့ အမှုန့်ကြိတ်စက်မှာ သွားကြိတ်ပလိုက်တယ်၊ ချက်ပြီးလို့ ဘုန်းကြီးကပ်ပြီး နောက်တရက်မှာတော့ ဘုန်းကြီးက ဟဲ့ကောင် မင်း ချက်ဆေးစားကြည့်ပြီးပလားတဲ့၊ မစားရသေးဘူးဦးဇင်း ဆိုတော့ စားကြည့်တဲ့ ၊ ဒါနဲ့စားလဲကြည့်ရော နောက်တရက်လဲရောက်ရော ဆေးစွမ်းပြပါလေရောလား...ဘာတွေ အချိုးအစားလွဲသွားသလဲမသိဘူး ..စအိုဝမှာ ရွစိရွစိနဲ့ ယားနေပါရောလား၊ လူကြားထဲ ဘယ်လိုကုပ်ရဖဲ့ရမှန်းမသိ..အို..ဒုက္ခ ရောက်ချက်များ၊ ဦးဇင်းရေ တပည့်တော်တော့ ဖင်ယားနေပြီဆိုတော့.. ဦးဇင်းက ဟက်ဟက်ပက်ပက် ရီပြီး..ငါလဲအဲလိုပဲ လွှင့်သာပစ်လိုက်ကွာတဲ့၊ ဟင်း...များတို့သိရင်တော့ နှမျောရှာမှာပဲ၊


ကိုကြီးကျောက်ရဲ့ဦးဇင်းကလဲ တိုင်းရင်းဆေးမှာနာမည်တလုံးနဲ့ဆိုတော့ သူ့ဆီမှာ လူနာတွေကလဲ မပြတ်ဖူး၊ ကိုကြီးကျောက်ကတော့ သူ့ဆေးခန်းကို နာမည်ပေးထားတယ် ၊ ပွဲချင်းပြီးဆေးတိုက် လို့၊ ကဲ..ဘယ်လောက်လှသလဲ..၊ ကိုသက်တန့်တို့ မအယ်တို့ သူတို့ဆေးခန်းတွေကို ဒီနာမည်လေးကိုကြိုက်လို့ မှည့်ချင်သပါ့ဆို မှည့်လို့ရပါ့ဗျာ..၊ တနေ့တော့ ပွဲချင်းပြီးဆေးတိုက်ကို လူနာအမျိုးသမီးတယောက်ရောက်လာတယ်၊ ကိုယ့်ဦးဇင်းကလဲ ဗိန္ဓောအပြင် ပယောဂကလဲကုတယ်၊ ဒီအမျိုးသမီးက ငိုလိုက်ရီလိုက် တယောက်ထဲဖြစ်နေတာ၊ ဦးဇင်းကလူနာအမျိုးသမီးကို ကြည့်ရှုပြီး ကိုကြီးကျောက်ကို အသာလက်ကုပ်ခေါ်တယ်၊ ပြီးတော့ သူ့အခန်းထဲမှာ ကိုကြီးကျောက်ကို ပုလင်းတလုံးပေးပြီး မင်း ဆီးကို ထည့်ယူလာခဲ့စမ်းတဲ့၊ ဘာလုပ်မလို့တုန်းဦးဇင်း ဆိုတော့ ဒီတကာမက ရိုးရိုးပယောဂမဟုတ်ဘူးကွ သွေးပယောဂ မိန်းမသဘာဝ သွေးလေဖေါက်ပြန်လို့ ဖြစ်တာ၊ သူ့ကိုပယောဂမျက်စဉ်းပေးရမှာ၊ မိန်းမဆိုတော့ ဖိုဓါတ်လိုတယ်ကွတဲ့၊ သူ့အတွက်မျက်စဉ်းကို မင်းရဲ့ဆီးနဲ့ စပ်ရမှာတဲ့...ငါကဘုန်းကြီးဆိုတော့ ငါ့ဆီးနဲ့ မလုပ်ကောင်းဘူးတဲ့၊...အမယ်....ဘုန်းကြီးမျက်စဉ်းကပဲ စွမ်းသလား၊ ကိုကြီးကျောက် ဖိုဓါတ်ကပဲ စွမ်းသလားမသိပေါင်ဗျာ....နောက်အခေါက်တွေလာတော့...သက်သာသက်သာလာလိုက်တာ..၊ ကိုကြီးကျောက်မှာဖြင့် သူတို့လာရင် ရေ၂ခွက်လောက်သောက်ပြီး အဆင်သင့်ပြင်ထားရတယ်၊


ဗိန္ဓောဆရာဆိုတော့ ဆေးပင်ဆေးရွက်ကလဲ သိထားရသေးသဗျား၊ ဆေးပင်ကို ကိုယ်တိုင်အရှာထွက်ရတာ၊ ဘယဆေးဆိုင်မှာက စစ်တာလဲရှိ၊ မစစ်တာလဲရှိ ဆိုတော့ ကိုယ့်အနီးပတ်ဝန်းကျင်မှာရနိုင်တာတော့ ကိုယ်တိုင်ခူးရ တူးရတာပေါ့လေ၊ တိုင်းရင်းဆေးပင်တွေမှာ ဗမာပြည်အလယ်ပိုင်းမှာပေါက်တဲ့အပင်က အောက်ပိုင်းမှာပေါက်တဲ့ အပင်ထက် ပိုအာနိသင်ပြင်းသဗျ၊ မိုးခေါင်ရေရှားအရပ်ဆိုတော့ ရှင်သန်ဖို့ကို ပိုပြီးအားထုတ်ရတာကိုး....ဒါကြောင့်အညာသားများ တော်တာနေမှာ( ဘာမှမဆိုင်ဘူး...အချောင်ဝင်ကြွားသွားတာ)၊


ကိုကြီးကျောက်တို့ ဆေးပင် ဆေးမြစ်တူးရင် ပုပ္ပားမြောက်ဖက်စောင်း တောင်သာနယ်ထဲကကုန်းစောင်းလေးတွေမှာ အတူးထွက်တာများတယ်၊ ကိုကြီးကျောက်တို့စိတ်ဝင်စားလိုက်ပုံများတော့ အပင်မြင်လို့ဘာမှန်းကိုမသိဘူး ၊ နာမည်ဆန်းဆန်း ခွေးသေးပန်းတို့ လဒလပျင်းပင်တို့တော့ မှတ်မိတယ်၊


တရက်မှာတော့ ကိုကြီးကျောက်တို့ ဆေးပင်တူးထွက်တော့ ဆင်တဲဝချောင်းဘေးက ရွာတရွာမှာညအိပ်ကြတယ်၊ အဲဒီရွာကို အရင်တလက ဘုန်းကြီးပျံရှိလို့ ရောက်ခဲ့ပြီးပြီ၊ နောက်တင်ထားတဲ့ ကျောင်းထိုင်က မြင်းခြံကိုးဆောင်ထွက်ဆိုတော့ သူ့ကျောင်းမှာညအိပ်စေချင်တော့ အိပ်ကြတာပေါ့၊ ညရောက်တော့စကားစမြည်ပြောကြပြီး ဦးဇင်းကေသရက ကုတင်ပေါ်အိပ်တယ်၊ ကိုကြီးကျောက်နဲ့ အဲဒီကျောင်းက ကိုရင်လေး ဝါယမက ကြမ်းပေါ်မှာအိပ်ကြတာပေါ့၊


ခနကြာတော့ ဦးဇင်းက ဟေ့ကောင်..ဟေ့ကောင်..လာဦးတဲ့..၊ ဘာလဲဦးဇင်းဆိုတော့ ... အရင်ဘုန်းကြီး ငါ့ခြေရင်းမှာ မတ်တပ်ရပ်နေတယ်ကွတဲ့..၊ ဟာ...ဟုတ်မထင်ပါဘူး ဦးဇင်းရာ.. ဆိုတော့ ၊ တကယ်ကွတဲ့၊ ကိုကြီးကျောက်ကလဲ ကိုယ့်ဘုန်းကြီးသရဲကြောက်တတ်တာ သိပြီးသား၊ ဦးဇင်းကလဲ အလကားနေရင်း သရဲကြောက်နေတယ်ဆိုတော့ မင်း ကုတင်ပေါ်လာအိပ်လှည့်တဲ့၊ ဒါနဲ့ ကိုကြီးကျောက်က ဦးဇင်းနဲ့ကုတင်ပေါ်အိပ်ဖို့ရွှေ့တော့ ကိုရင်ကလဲ တပါးထဲ မအိပ်ဝံ့တော့ လိုက်လာတယ်၊ အဲဒီတော့ ကုတင်ပေါ်မှာ ၂ပါးတယောက် ၃ယောက်ပူးအိပ်တာပေါ့၊ ပျံလွန်တော်မူသွားတဲ့ ဘုန်းကြီးကလဲ ကုတင်ခြေရင်းမတ်တပ်လာလာရပ်တာ ဦးဇင်းရော ကိုရင်ရော မြင်ပေမဲ့ ကိုကြီးကျောက်က မမြင်ရဘူး၊ ကိုရင်ကလဲ ကြောက်တော့ အလည်မှာခေါင်းမြီးခြုံလို့ တုတ်တုတ်မှမလှုပ်ရဲဘူး၊


ကိုကြီးကျောက်လဲ အဲဒီညက ကြက်အိပ်ကြက်နိုး ကောင်းကောင်းအိပ်မပျော်ဘူး၊ ဒီလိုနဲ့ မေ့ကနဲ အိပ်ပျော်သွားရော...ကိုကြီးကျောက်ရဲ့ခြေထောက်ကို တယောက်ယောက်က လာဆွဲသဗျ၊ အင်း...ဂျာအေးသီချင်းလို ခြေထောက်ကိုဆွဲလို့ တွဲလွဲတော့ဖြစ်မသွားပါဘူး..တော်သေးတယ် တွဲလွဲကိုဆက်မဆွဲလို့၊ ကိုကြီးကျောက်က ဆွဲတဲ့ခြေထောက်ကို ရုန်းလိုက်တော့ နောက်တဖက်ကိုဆက်ဆွဲပြန်ရော ကိုကြီးကျောက်ကအဆွဲမခံပဲ ကန်ပစ်လိုက်တော့ လေကိုကန်မိသဗျ၊ အို...သူကဆွဲလိုက်..ကိုယ်ကကန်လိုက် သူကရှောင်လိုက်နဲ့ ဗိန္ဓောကျောက်မှာ ကစ်ဘောက်ဆာကျောက်ကို ဖြစ်လို့၊ နောက်ဆုံး ကိုကြီးကျောက်က အားရပါးရ ကန်ပစ်ကန်လိုက်ရော.... ဝုန်းကနဲ ကုတင်ပေါ်က ပြုတ်ကျလိုက်တာ ဘုန်းကြီးကျောင်းလဲ သိမ့်သိမ့်တုန်သွားတာပဲ၊


အကုန်နိုးကုန်တော့ ကိုကြီးကျောက်လဲ ကုတင်ပေါ်ကအိပ်ရင်းလိမ့်ကျသလို နေလိုက်တာပေါ့၊ နာရီကြည့်တော့ မနက် ၄ နာရီထိုးပြီ၊ ဒါနဲ့ ကိုကြီးကျောက်လဲ အိပ်ယာကထ ရေနွေးအိုးတည်၊ မနက်အရုဏ်ဆွမ်းအတွက် ကိုရင်နဲ့ ၂ယောက်သားပြင်ကြဆင်ကြနဲ့ ဘုန်းကြီးတစ္ဆေနဲ့ ဆက်ပြီးနပမ်းမလုံးရတော့ပါဘူး၊


field ဆင်းရင်း ကိုကြီးကျောက်သူငယ်ချင်းတွေ အဲလို အဆွဲခံရတဲ့ ရွှေဘိုကျောက်မြောင်းက ဘိုတဲတို့၊ ကောလင်းဘူတာနားက တိုက်ဝါကြီးတို့၊ အခု ပြတိုက်လုပ်ထားတဲ့ ညောင်ရွှေဟော်တို့ မှာ ဘယ်လိုအဆွဲခံရမှန်းမသိပေမဲ့ ကိုကြီးကျောက်ဖြင့်ခြေထောက်လာဆွဲတဲ့ ဘုန်းကြီးတစ္ဆေနဲ့ ကန်လိုက်ကျောက်လိုက်ရတာ ကုတင်ပေါ်ကလိမ့်ကျယူရတာပဲ။
(muway thai fighting.com မှ ပုံယူပါသည်)

No comments: