Saturday, May 15, 2010

ကျောက်Walker၏ 2F2F 2ဖလော်ရီဒါKeys

ကိုကြီးကျောက်တို့ခြေထောက်မှာ ဗွေပါနေတယ်ထင်ပါရဲ့၊ တနေရာမှာ ကြာကြာကိုမနေနိုင်ဘူး၊ လတ်လျားလတ်လျားသွားနေချင်တာ၊ ကျောင်းတက်တာတောင် မိုင် ၂၀ လမ်းလျောက်ပြပြီးမှ စာသင်ခဲ့ရတဲ့မေဂျာကို ယူခဲ့တာကလား၊ ခုလဲအလုပ်လဲ အားရောလျောက်သွားတော့တာပဲ၊ ဟိုနေ့က အမေရိကန်ပြည်ထောင်စုရဲ့ တောင်ဖက်အစွန်းက Key west ကို သွားလည်တာပေါ့၊ ကိုကြီးကျောက်နေတဲ့ နေရာကနေ မိုင်၂၀၀ ကျော်ဝေးတဲ့အရပ်မို့ သိတ်ဝေးတယ်လို့ ပြောလို့မရပေမဲ့ ၄နာရီလောက်တော့မောင်းရတာပေါ့လေ၊ Key ဆိုတဲ့အဓိပ္ပါယ်က စပိန်လို cayo ကလာတာတဲ့၊ ကျွန်းပြန့် (low,flat island)ကိုပြောတာတဲ့၊ စပိန်စကားကို ဘိုသံနဲ့ဗိလပ်မှုပြုလိုက်တော့ key ဖြစ်သွားတာပေါ့လေ၊ဒါ့ကြောင့် ဒို့ဗမာမှုပြုထားတဲ့ ပုလိပ်တို့စာသင်တို့ ဆားပုလင်းတို့ကို ဆက်သုံးရတာအားငယ်စရာတော့မရှိပါဘူး၊ ကိုကြီးကျောက်တို့တော့ ဒီလိုသုံးရတာ မရှက်ပေါင်ဗျာ၊ ကဲ..ကဲ..keys ကိုသွားကြစို့လား၊ အမေရိကန်ပြည်ထောင်စုမှာ တောင်မြောက် ဒိုးယိုပေါက်လမ်းမကြီးတွေမှာ ၉၅ လမ်းမကြီးက အရှေ့ဖက်ကမ်းရိုးတန်းတလျောက်က သွားတာ။ free wayပေါ့၊ မြို့ဝင်ကြေး၊ တံတားကြေး ဘာကြေးမှမရှိ၊ စိတ်တိုင်းကျမောင်းနိုင်တာမို့ မောင်းလာလိုက်တာ မိုင်ယာမီကို ရောက်လာတာပဲ၊


ဘယ်ဖက်ကိုထွက်ရင် မိုင်ယာမီကမ်းခြေရောက်တာမို့ ကြိုးလေးတချောင်းလောက်စည်းပြီး ပက်လက်မှောက်ခုံလုပ်နေတာလေးတွေ ကြည့်ချင်ရင်တော့ ကွေ့လိုက်ယုံပါပဲ၊ ဒါပေမဲ့လဲ ကိုကြီးကျောက်တို့ အာရုံ၅ပါးအလိုမလိုက်တော့ပဲ ရှေ့တည့်တည့်ကို ဆက်ထွက်လာလိုက်တာ down town ထဲဖြတ်လာတော့တာပါပဲ၊


ကိုကြီးကျောက်ကားမောင်းရင် စိတ်ညစ်ရတဲ့မြို့ထဲမှာ မိုင်ယာမီပါတယ်၊ နယူးယော့ခ်ကတော့ စိတ်အပျက်ဆုံးပေါ့၊ နယူးယော့ခ်မှာက Taxiသမားတွေက အတင်းလုမောင်း၊ parking ရှာရတာမလွယ်နဲ့၊ စိတ်ပျက်စရာပါ၊ ဝါရှင်တန်ဒီစီကတော့ လမ်းတွေကကျဉ်း၊ လမ်းတွေက ၅လမ်း ၆လမ်းတွေဆုံတာကများမို့ ညနေ ၃နာရီနောက်ပိုင်းဆိုရင် လမ်းတွေကပိတ်ဆို့နေပြီး မောင်းရင်း အိပ်ငိုက်သွားတတ်လို့တော်တော် သတိထားရတယ်၊ မိုင်ယာမီကတော့ လမ်းတွေကျဉ်းပြီး လူမဲများတာကလဲ စိတ်ညစ်စရာတမျိုးပါ၊

မိုင်ယာမီကျော်တာနဲ့ keysတွေထဲကို ဝင်လာတာပါပဲ၊ keysတွေက ကျွန်းပေါင်း ၈၀၀ ကျော်ရှိသတဲ့၊ ကျွန်းတွေကိုတံတားတွေနဲ့ဆက်ထားတာမို့ အကုန်တဆက်ထည်းလိုပါပဲ၊ အဲဒီကျွန်းတွေကို စပိန်တွေဆီက ဒေါ်လာ ၂၀၀၀ နဲ့ဝယ်ထားတာတဲ့၊ ကိုကြီးကျောက်လဲသတင်းကြားလို့ ၂၀၀၅ ဒေါ်လာ ချက်ရေးပြီး( အဟင်း..၅ကျပ်ပိုပေးထားတာ) လိုက်သွားပေမဲ့ ၁၈၂၁ ခုနှစ်အထိလိုက်ဝယ်ရမှာမို့ လက်လျော့လိုက်ရတာပေါ့လေ၊ ခုချိန်တော့ တကျွန်းထဲတောင် ၂၀၀၀နဲ့မရတော့ဘူး၊ Key west မရောက်ခင် လမ်းမှာ ၇မိုင် တံတားကိုဖြတ်ရတာပေါ့၊ တံတားက ၇မိုင်ရှည်ပေမဲ့ တံတားဖြတ်ခ တပြားမှပေးစရာမလိုပေါင်၊ ဒို့ရွာမှာဖြင့် ၇ ပေလောက် တံတားတောင် တံတားဖြတ်ခ တသိန်းလောက် တောင်းနေတာမို့၊ ခရီးတခါထွက်ဖို့အရေး မလွယ်တာတော့အမှန်ပါပဲ၊ ၇မိုင်တံတားကို အာနိုးပါတဲ့ True lies ၊ ဂျိမ်းစဘွန်းကား Licence to kill၊ မင်းသားPaul Walkerပါတဲ့ 2fast2furious ကားတွေမှာပါတာပေါ့၊ ကိုကြီးကျောက်ကလဲ Paul Walkerလို တလကြမ်းမောင်းတတ်တာမို့ ကျောက်Walker( ကျောက်ပေါ လို့မှည့်လို့တော့ မဖြစ်ဘူး) ပေါ့လေ၊

ဟော...၇မိုင် တံတားလဲရောက်တော့ အိုက်တင်အမျိုးမျိုးနဲ့ ဓါတ်ပုံရိုက်တာပေါ့လေ၊ ကိုယ့်ပုံကိုငယ်တယ်ထင်ရအောင် ဘောင်းဘီအတိုလေးဝတ်၊ ဦးထုပ်လေးဆောင်း(ဦးထုပ်ချွတ်လိုက်ရင် ဆံပင်ဖြူတွေ ပေါ်မှာလေ၊ MKS တို့ကတော့ ဆေးဆိုးထားသတဲ့၊ )၊ ဟိုနေ့က မိုးခါးတို့ ၂၅ နှစ်မွေးနေ့တဲ့၊ ကိုကြီးကျောက်လဲ လာမဲ့မေလ ၂၂ ရက်ဆို မွေးနေ့ပါပဲ၊ မိုးခါးနဲ့အသက်အတူတူပဲ ဂဏန်းကရှေ့နောက်ပြောင်းပြန်ဖြစ်သွားတာ တခုပဲ၊ ဗမာပြည်ကသူငယ်ချင်းတွေကတော့ မြေးတောင်ချီနေကြပြီမို့ စိတ်တွေလျော့လိုက်ကြလို့လားမသိပါဘူး သူတို့ကြည့်ရတာ အဖိုးကြီးပုံတွေ ဖြစ်နေကြတော့တာပဲ၊

ကိုကြီးကျောက်တို့ key west ကိုရောက်တာနဲ့ ပထမဆုံးသွားတာက အမေရိကန်ရဲ့တောင်ဖက်စွန်းနေရာပဲ၊ တောင်ဖက်စွန်းမှာရှိတဲ့ အိမ်ကြီးဟာနှစ်ပေါင်း တရာကျော်ပေမဲ့ ထိမ်းသိမ်းထားတာ သိတ်ကောင်းတာပဲ၊ ရန်ကုန်က ရှေးဟောင်းအဆောက်အဦးတွေ( ဝန်ကြီးများရုံးအပါအဝင်ပေါ့လေ)၊ ပျက်စီးနေတာကို ပြန်ပြန်တွေးပြီး...နှမျောလိုက်တာ..၊
USAရဲ့ တောင်ဖက်အစွန်ဆုံးpointတဲ့၊ ရှူဆေးဗူးနဲ့တူလိုက်တာ..၊ဧကန်တ မိုင်၉၀ပဲ ဝေးတဲ့ကျူးဘားကလူတွေ လှေလှော်ထွက်ပြေးလာတော့ အမောပြေရှူရအောင်လို့နဲ့တူပါရဲ့၊ ဗမာပြည်တောင်ဖက်စွန်း ကော့သောင်းက Victoria အငူကို ရောက်ဖူးပါရဲ့၊ခုတော့ ဘုရင့်နောင်အငူဆိုပြီး ဘုရင့်နောင်ကြီး မတ်တပ်ရပ်နေတယ်ပြောတာပဲ၊ တောင်ဖက်စွန်းကနေကြည့် လိုက်ရင်တော့ Navy ကိုလှမ်းမြင်နေရတာ၊ ကျူးဘားဖက်ကို ဒယ်အိုးတွေထောင်ပြနေတာပဲ၊ မင်းတို့လောက်တော့ ကျော်စားလို့ရတယ်ဆိုပြီးပြောချင်တာလားတော့ မသိဘူး၊ ဒို့ရွာက ဘဘကြီးတွေလဲ ခုလောက်ဆို ဒယ်အိုးထောင်ပြခံနေရလောက်ပြီ၊ အင်း...ထင်တာပြောတာပါလေ..ယမမင်းလဲ အဝီစိမှာ သူ့ဖာသာသူအလုပ်တွေရှုတ်နေလို့ ပြချိန်ရှိမထင်ပါဘူး။
Key west ကနေ အနောက်ဖက်ကြည့်ရင်တော့ သူဌေးကျွန်း၊ ဟောလီးဝုဒ်မင်းသား၊မင်းသမီးတွေရဲ့ အိမ်တွေရှိသတဲ့၊ တန်ဖိုးကလဲ သန်းဂဏန်းလောက်ပါပဲ၊ ဗမာငွေဆိုရင်တော့ သန်းဂဏန်းလောက်များ...ဟင်း၊ ခုတော့ဒေါ်လာနဲ့မှတဲ့၊ တော်ပါသေးရဲ့ FECနဲ့ဆိုရင် အခက်ပဲ၊
ကမ်းနားမှာတော့ နေဝင်ချိန်စောင့်ကြည့်နေကြတဲ့ သူတွေအပြည့်ပါပဲ၊ သီချင်းဆိုပြီးတောင်းတဲ့သူတွေရော..မျက်လှည့်တို့ဆပ်ကပ်တို့ ပြပြီးတောင်းနေသူတွေရော..လက်မှုပစ္စည်းလေးတွေလုပ်ရောင်းနေတဲ့သူတွေရော..စုံနေတာပါပဲ၊ ကိုကြီးကျောက်တော့ နေဝင်တာများအထူးအဆန်းလုပ်ပြီးလာကြည့်နေကြတာ စဉ်းစားလို့မရနိုင်အောင်ပါပဲ၊ ကိုယ်ပဲ မခံစားတတ်လို့လားတော့မသိပေါင်ဗျာ..၊နေဝင်တာကို သင်္ဘောနဲ့ လိုက်ကြည့်ရင် ဒေါ်လာ၄၀လောက် ပေးရသဗျား အဲဒီတော့ အလကားကြည့်ရတဲ့ ကမ်းနားကပဲ ဓါတ်ပုံရိုက်လိုက်ပါတယ်၊ ကိုကြီးကျောက်ဖြင့် ဗမာပြည်မှာ သူ့ထက်လှတဲ့နေရာတွေ အများကြီးမှာ နေဝင်ဆည်းဆာကို မြင်ခဲ့ဖူးတာမို့ ဒီကအဖြူတွေလို သဲသဲလှုပ်မဖြစ်တာတော့ အမှန်ပါပဲ....
တခါထဲ အပြီးpostတင်မလို့ပါပဲ မယ်ချစ်တို့ အားကျပြီး ဆက်ရန်လေး လုပ်လိုက်မယ်..အပိုင်း ၂ မျှော်.....

(မြေပုံနဲ့ ကောင်းကင်က ရိုက်တဲ့ပုံက google ကရတာပါ၊ ကျန်တာတွေကတော့ ကိုယ်တိုင် လက်စွမ်းပြတွေ)

No comments: