Wednesday, July 7, 2010

ဘိုထီးဘိုမ ဝိညာဉ်တို့ ကခုန်ခြင်း


ဗမာပြည်အုပ်ချုပ်ရေးကို အင်္ဂလိပ်တွေက သူတို့ရဲ့ အုပ်ချုပ်ရေးနဲ့ အစားထိုးတဲ့အခါမှာ ရန်ကုန်မြို့မှာ ဘုရင်ခံထားပြီး ဗမာပြည်မကို အုပ်ချုပ်၊ တောင်တန်းဒေသတွေမှာတော့ သက်ဆိုင်ရာ စော်ဘွားတွေ၊ ဒူဝါးတွေနဲ့ အဆင့်ဆင့်အုပ်ချုပ်သတဲ့။ အရေးပိုင်လို့ခေါ်တဲ့ ခရိုင်ဝန်က ခရိုင်မြို့ကြီးတွေမှာ ရုံးစိုက်ပြီး သူ့လက်အောက်မှာ နယ်ပိုင်ဝန်ထောက်က မြို့နယ်တွေကို အုပ်ချုပ်ရတာပေါ့၊ နယ်ပိုင်ရုံးကလဲ မြို့နယ်တိုင်းမရှိပါဘူး၊ ရမည်းသင်းအရေးပိုင်ရဲ့ လက်အောက်မှာ ပျဉ်းမနားနယ်ပိုင်က ပျဉ်းမနားနဲ့လယ်ဝေး ကို အုပ်ချုပ်ရတာပါ။



အရေးပိုင်ရုံးစိုက်တဲ့မြို့ကြီးတွေမှာ ကောင်းပေ့လှပေ့ဆိုတဲ့ နေရာတွေ။ရပ်ကွက်တွေမှာ ရုံးတွေထားတတ်တာမျိုး၊ မန္တလေးမှာဆိုရင် နယူးစီပီလိုင်း၊ ပြည်မှာ မင်းကြီးတောင်၊ အင်းစိန်မှာ ဘိုကုန်း၊ ပခုက္ကူမှာ ဗုဒ္ဓကုန်း၊ မြင်းခြံမှာ ပြောင်းပြာ၊ အဲလိုနေရာတွေမှာ ရုံးတွေ အရေးပိုင်အိမ်တွေရှိသတဲ့၊ မူလကတော့ အရေးပိုင်လို ရာထူးကြီးမျိုးကို ဗမာလူမျိုးတွေထဲက မရှိပါဘူး၊ အင်္ဂလိပ်တွေပဲ ရာထူးကြီးတွေ ယူထားကြတာပေါ့၊ နောက်တော့ ဗမာလူမျိုးတွေက အဲလိုရာထူးတွေရလာကြတယ်၊



ပထမဆုံး ဗမာတွေထဲက အရေးပိုင်က ဦးဖေ တဲ့၊ ဦးဖေ ရဲ့သမီးက ရွှေရိုးဦးဘကလေးနဲ့ အကြောင်းပါသတဲ့၊ ဦးဘကလေး ဆိုတာက ခုထက်ထိအောင်ခေတ်စားဆဲ ဦးရွှေရိုးအက စပြီးကခဲ့တဲ့သူပေါ့၊ကာတွန်းလဲ အရေးကောင်း၊ ရုပ်ရှင်သရုပ်ဆောင်လဲလုပ်ခဲ့ဖူးတဲ့သူပေါ့၊ အရေးပိုင်ဦးဖေနဲ့ ကိုကြီးကျောက်တို့ ဖိုးအေ ဦးဘဦးနဲ့က အင်မတန်ရင်းနှီးတဲ့ မိတ်ဆွေတွေတဲ့၊ ဒါပေမဲ့ သူတို့ချင်းက သက်တူ ရွယ်တူ ကျောင်းနေဖက် သူငယ်ချင်းတော့ မဟုတ်ကြဘူးတဲ့၊



ကိုကြီးကျောက်တို့ ဖိုးအေ ဦးဘဦး ရဲ့ အဖေက ဦးဘိုးရီတဲ့၊ ဦးဘိုးရီက မြင်းခြံဌာနာအုပ်တဲ့၊ အင်္ဂလိပ်စာ ၄ တန်းအောင်တော့ မန္တလေးဆပ်ကျောင်း( ရဲသိပ္ပံ) မှာ ပုလိပ်သင်တန်းတက်ပြီး မြင်းခြံမှာ ဌာနာအုပ်လုပ်နေသတဲ့၊ သူ့သားမောင်ဘဦးကို လောကဓါတ်ပညာတွေ တတ်စေချင်တော့ ရန်ကုန်က မက်သဒစ်ကျောင်း( အခု ဒဂုံ အထက ၁) မှာ ကျောင်းထားသတဲ့၊ မောင်ဘဦးကလဲ တောက်မဲ့မီးခဲ တရဲရဲဆိုသလိုပါပဲ၊ ရန်ကုန်ကောလိပ်ကျောင်းသား ကိုဖေ တို့နဲ့ ပေါင်းမိပြီး ဖဲဝိုင်းနောက်ထ လုပ်နေသတဲ့၊ ကိုဖေတို့က မောင်ဘဦးကို ကလေးဆိုတော့ လက်စွပ်ပေါင်ခိုင်း၊ ပုဆိုးပေါင်ခိုင်း လက်တိုလက်တောင်း ခိုင်းမှာပေါ့လေ၊



သားဖြစ်သူ မောင်ဘဦး ပညာတွေအပတ်တကုတ် ကြိုးပမ်းနေတာကို ဦးဘိုးရီက သိတော့ သားလူပျိုပေါက်ကို ကာလကတ္တားပို့ပြီး စာသင်ခိုင်းဖို့ကြံသတဲ့၊ အင်္ဂလိပ်ခေတ်ကတော့ ဗမာတွေက ဒါဂျီလင်တို့ ကာလကတ္တားတို့ကို ပညာသွားသင်လေ့ရှိတာကိုး၊ ခုခေတ် စင်ကာပူတို့ သြစတေလျ တို့ သွားသင်ကြသလိုမျိုးပေါ့လေ၊ ပညာလိုလားတဲ့ မောင်ဘဦးခမြာ ကာလကတ္တား သွားရမယ်လဲဆိုရော မသွားချင်တာနဲ့ တခါထဲ ကိုကြီးကျောက်တို့ဖွားအေကြီးကို ခိုးပြီးပြေးလိုက်တာ ကိုကြီးကျောက်တို့အမေ အပျိုကြီးဖားဖားဖြစ်တော့ ကိုကြီးကျောက်တို့ ဖိုးအေက အသက် ၃၀ ကျော်ကာပဲရှိသေးသတဲ့၊



ဒါနဲ့ အရေးပိုင်ဦးဖေလဲ မြင်းခြံအရေးပိုင်အနေနဲ့ပြောင်းလာတော့ မြင်းခြံကမိတ်ဆွေထဲမှာ ကိုဘဦးနဲ့ပဲ ရင်းရင်းနှီးနှီးရှိရှာလေတော့ ကိုဘဦးနဲ့ ပုလင်းတူဗူးဆို့ ပေါင်းမိကြသတဲ့၊ ဦးဖေက သူ့မိသားစုကို ရန်ကုန်မှာပဲထားခဲ့တာမို့ အရေးပိုင်အိမ်ကြီးမှာ တယောက်ထည်းပဲနေသတဲ့၊ အင်္ဂလိပ်ခေတ်အရေးပိုင်ဆိုတော့ ထမင်းချက်၊ စားပွဲထိုး၊ မာလီ အစုံအလင်ရှိပေမဲ့ အလုပ်ချိန်မဟုတ်ရင် ဒီလူတွေက နောက်ဖေးတန်းလျားမှာပဲ ရှိတာကိုး၊ ခေါ်မှ အရေးပိုင်ဆီကို ဘုရားထူးပြီးလာကြသတဲ့၊ မြင်းခြံကအရေးပိုင်အိမ်ကြီးကလဲ အဲဒီခေတ်ကတော့ မြို့စွန်မှာ၊ ဝန်းကြီးခြံကြီးနဲ့၊ အခန်းတွေကလဲအများကြီး၊ အပေါ်ထပ်အောက်ထပ် အတက်အဆင်းလုပ်တဲ့ လှေခါးကလဲ ၃ စင်းရှိတယ်၊ ရှေးခေတ်အင်္ဂလိပ်ပုံစံအိမ်ကြီး၊ ဆင်ဝင်ကြီးကလဲ ပါသေး၊ ခုတော့ ဒီအိမ်ကြီးကို ရုံးလုပ်ထားထင်ပါရဲ့၊



တညမှာတော့ ဦးဖေနဲ့ ဦးဘဦးတို့ နှစ်ယောက် ဆင်ဝင်ပေါ်က လသာဆောင်မှာ အရက်သောက်နေကြသတဲ့၊ ဘွိုင်ကုလားကလဲ အနားမှာရှိသတဲ့၊ ဧည့်ခန်းက အပေါ်ထပ်မှာတခန်း၊ အောက်ထပ်မှာတခန်းရှိသတဲ့၊ အပေါ်ထပ်ကဧည့်ခန်းက ဆင်ဝင်ပေါ်ကလသာဆောင်နဲ့ တဆက်ထဲပေါ့၊ သူတို့ သောက်နေတဲ့အချိန်မှာ လှေခါးကနေ မျက်နှာဖြူဘိုထီးဘိုမ ၃ တွဲတက်လာကြသတဲ့၊ ဦးဖေကလဲ မင်းတို့ဘယ်ကကောင်တွေလဲ ငါ့အိမ်က အခုထွက်သွားစမ်းလို့ အော်ပြောပေမဲ့ သူတို့ကို မပြောသလိုပဲ အပေါ်ထပ်က ဧည့်ခန်းမှာ က လိုက်ကြတာ ဖိနပ်သံတွေကို ဆူညံနေတာပဲတဲ့၊ ဘွိုင်ကုလားကတော့ သခင်...သရဲ..သရဲ လို့ပြောပြီး ကြောက်လို့ တုန်နေသတဲ့၊ ဘိုထီးဘိုမတွေကလဲ အိမ်ပေါ်မှာ သူတို့ပါတီပေးနေသလိုကို ပျော်ပျော်ပါးပါးကြီးကို ကခုန်နေကြသတဲ့၊ ဦးဖေက စိတ်ဆိုးမာန်ဆိုးနဲ့ ဂက်ဒေါက်..ဂက်ဒေါက်နဲ့ ထပြီးနှင်တော့မှ ပျောက်သွားကြတယ်..၊ အဲဒီတရက် မှတ်မှတ်ရရလာ ကကြပြီး နောက်ရက်တွေတော့ လာကတာမတွေ့တော့ဘူးတဲ့၊ ဒီအဖြစ်အပျက်က နှစ်ပေါင်း ၉၀ လောက်ရှိပြီမို့ ခုချိန်မှာ အရေးပိုင်အိမ် တဖြစ်လဲစာရင်းရုံးပေါ်မှာ ဘိုထီးဘိုမတွေ လာကကြသေးလားတော့ မသိတော့ပါဘူး၊ ကချင်ရင်တောင် လူသူလေးပါးကင်းရှင်းတဲ့ နေပြည်တော်ကဂူထဲမှာ စိတ်အေးလက်အေး ကနေကြမယ်ထင်ပါရဲ့....။



အခုတလောကျန်းမာရေးကချူချာနေတာမို့ ကွန်ပျူတာရှေ့မှာတောင် ကြာကြာမထိုင်နိုင်ပါဘူး၊ သူများတွေကို စားပြီးပြီလား နေကောင်းလားမေးနိုင်ဖို့နေနေသာသာ ကိုယ့်ဘလော့ကိုတောင် ဖွင့်မကြည့်နိုင်ဘူး၊ နေမကောင်းတော့ ဟာသဉာဏ်လဲ မရွှင်တာမို့ ရီစရာတောင်မပြောဖြစ်ဘူး၊ တုတ်ကွေးလိုဖြစ်နေတော့ ဝက်တုတ်ကွေးလားလို့ မြီးညှောင့်ရိုးမှာ ဝက်မြီးများပေါက်နေပြီလားဆိုပြီး စမ်းစမ်းကြည့်ရသေး၊ အဖျားပျောက်တော့ ချောင်းကတဟွတ်ဟွတ်ဆိုး၊ အတွင်းကလီစာတွေက ဘာတွေချို့ယွင်းနေပြီလဲမသိပါဘူး၊ ခြေဖမိုးတွေယောင်နေတာမို့ ကွန်ပျူတာစားပွဲမှာလဲ ကြာကြာမထိုင်နိုင်၊ အင်း...ဇာတိရှိခဲ့တော့ ဇရာ၊ဗျာဓိ၊ မရဏာ ဆိုတာက ဆက်တိုက်ဖြစ်လာတာမျိုးဆိုတော့ ဒီနှစ်ကုန်တောင်ခံပါ့မလားမသိဘူး၊ တကိုယ်လုံးဆေးစစ်ပြီးရင်တော့ သိရမှာပေါ့လေ၊ ဒါကြောင့် ကိုကြီးကျောက် မလာလည်နိုင်သေးရင်လဲ နားလည်ပေးကြပါ၊ စာလဲကြိုးကြားကြိုးကြား ရေးပါ့မယ်၊ tag ထားတဲ့ နှမဖြစ်သူ မယ်သက်(သက်ဝေ) ကိုလဲ ကြိုးစားရေးပေးပါ့မယ်၊ ..ညီငယ်နှမငယ်များ ကျန်းမာရွှင်လန်းကြပါစေ.....

No comments: