Tuesday, October 12, 2010

ဝင်ကစွပ်ကျောက်


ကိုကြီးကျောက်တို့ တနင်္သာရီကျွန်းစုဒေသ ကော့သောင်းမြို့နယ်ထဲက Russell ကျွန်းမှာ field ခဲ့တုန်းကပေါ့၊ အဲဒီကျွန်းက ရွှေထွက်တော့ ဗမာလို ရွှေကျွန်းလို့ပဲ ဘာသာပြန်လိုက်တာပါပဲ၊ ကျွန်းက ကော့သောင်းအနောက်မြောက်ဖက် ရေမိုင်၂၈ မိုင်လောက်ဝေးတယ်၊ ကျွန်းအလည်မှာ ပေ ၅၀၀လောက်မြင့်တဲ့ တောင်ကုန်းနဲ့ ကျွန်းပတ်လည်မှာလဲ အင်မတန်သာယာတဲ့ beach တွေနဲ့ ရေကလဲ စိမ်းပြာနေတာမို့ အလွန်လှတဲ့နေရာပေါ့၊


ကိုကြီးကျောက်ရောက်တဲ့အချိန်မှာ ဘူမိဗေဒဆိုင်ရာအလုပ်တွေကလဲ ပြည့်စုံသလောက်ရှိနေပြီ ၊ ထုတ်လုပ်ရေးပိုင်းပဲလုပ်ဖို့ပဲရှိတော့တယ်၊ အဲဒီတော့ ကိုကြီးကျောက်တို့မှာ နေ့လည်လောက်ဆိုရင် အလုပ်က အားသလောက်ဖြစ်နေပြီ၊ အားပြီဆိုတာနဲ့ ကိုကြီးကျောက်ကတော့ အလုပ်သမားတွေနဲ့ တောထဲသွားပြီး ရှဉ့်ကိုက်ချထားတဲ့ ဓညင်းသီးသွားကောက်တယ်၊ ဆလုံမုံလာလို့ခေါ်တဲ့ မုံလာရွက်နဲ့တူတဲ့ အပင်လေးတွေ ချက်စားဖို့ သွားနှုတ်တယ်၊ ဒါမှမဟုတ် ကမ်းစပ်ရေတိမ်ကျောက်ကြားတွေမှာနေတဲ့ ငမန်းပေါက်လေးတွေ လိုက်ရိုက်တယ်၊ အဲလို အချိန်ကုန်အောင်နေရတာပေါ့၊


အညာသား ကိုကြီးကျောက်အတွက်တော့ field ဆင်းတာလို့တောင်မထင်မိဘူး၊ beach မှာအပန်းဖြေနေတယ်တောင်အောက်မေ့မိတယ်၊ အဲဒီမှာနေတုန်းက ကျမ်းမာရေးကလဲကောင်း ငယ်လဲငယ်သေးတော့ အလုပ်ကပြန်လာပြီဆိုရင် နေတဲ့စခန်းရောက်အောင် ၂ မိုင်လောက်ကို ရေကူးပြီးပြန်လာတာပဲ၊ အဝတ်အစားတွေကို အကုန်ချွတ်ပြီး အလုပ်သမားတွေ ထည့်ပေးလိုက်တာပေါ့၊ အင်း...ခုမှ စဉ်းစားရင်းကြက်သီးထမိတယ် ..၊ ကိုကြီးကျောက်က ဂျင်းဘောင်းဘီတင် မကဘူး အတွင်းခံပါ ချွတ်ပေးလိုက်တာ ဆိုတော့ အဲဒီတုန်းကသာ ငမန်းက အစာမှတ်လို့ အတွဲလိုက် ဆွဲသွားရင်...အမယ်မင်းမတွေးဝံ့စရာ..၊


စခန်းမှာ ကိုကြီးကျောက်နေတဲ့အခန်းက ပင်လယ်ဖက်ကို မျက်နှာမူထားတယ်၊ အဲဒီတော့ ပင်လယ်သတ္တဝါလေးတွေ ခရုလို ဝင်ကစွပ်လို ကောင်လေးတွေက ကိုကြီးကျောက်အခန်းရှေ့ ကော်ရစ်ဒါပေါ် ရောက်ရောက်နေတတ်တယ်၊ တညမှာတော့....ကိုကြီးကျောက်အခန်းရှေ့က ဂလောက်....ဂလောက်.....အသံကြားလို့ ထွက်ကြည့်တော့ နို့ဆီခွက်တလုံးက ကိုကြီးကျောက် အခန်းရှေ့မှာ ခေါက်တုန့်ခေါက်ပြန် သွားနေတယ် ၊ ဟင်....ဘယ်လိုပါလိမ့် နို့ဆီခွက်က အားအားယားယား အခန်းရှေ့ ဘာကိစ္စ လမ်းသလားနေပါလိမ့်လို့ ကောက်ကြည့် လိုက်တော့ ......


ဪ.....ကိုဝင်ကစွပ်က နို့ဆီခွက်ကို ဝင်ပြီးစွပ်နေတာကိုး...၊ကြုံဖူးပေါင်ဗျာ... ခရုခွံတို့ ဘာတို့သာစွပ်တာတွေ့ဖူးတယ် နို့ဆီခွက်ကိုစွပ်တဲ့ဝင်ကစွပ်တဲ့ဗျာ..၊ နောက်တော့ ကိုကြီးကျောက်လဲ စဉ်းစားမိတယ် ။ အရင်သူ့အခွံနဲ့အဆင်မပြေတဲ့ အချိန်မှာ အခွံသစ်ပြောင်းတဲ့အခါ တခါတလေလဲ ခရုခွံလှလှလေးရတတ်သလို တခါတလေလဲ အပဲ့အရွဲ့ရတတ်တာပေါ့ ၊ ခုလဲ သူနဲ့ ကိုက်တာက နို့ဆီခွက်ပဲရှိတော့ နို့ဆီခွက်ပဲစွပ်ရထင်ပါရဲ့..၊


ကိုကြီးကျောက်တို့ ၃၁ ဘုံမှာ ကျင်လည်နေကြတဲ့ သတ္တဝါတွေမှာလဲ သံသရာမှာ ကျင်လည်နေသမျှ ဝင်ကစွပ်များလို နီးရာအခွံမှာ ကိုယ့်ရဲ့ ကုသိုလ်ကံအလျောက်ဝင်နေကြရတာကလား၊ ကိုကြီးကျောက်ရဲ့ သူငယ်ချင်းတယောက်ရဲ့အဒေါ်က ဒေါ်တင်ထွေးတဲ့၊ သူက ရွှေဘိုတောင်လက် ဝက်လက်က ၊ ဝက်လက်ရဲ့တောင်ဖက်မှာ လှတောရွာရှိသလို မြောက်ဖက်မှာက အဆိုတော်ရီရီသန့်တို့ရွာထင်ပါရဲ့ သခွတ်တောဆိုတာရှိတယ်၊ ဒေါ်တင်ထွေးမွေးလို့ စကားပြောတတ်စအချိန်မှာ အိမ်ပြန်ပို့ပဲ ပူဆာနေသတဲ့..၊ ဘယ်အိမ်လဲမေးတော့လဲ မဖြေနိုင်ဘူးတဲ့၊


ဒေါ်တင်ထွေး ၉နှစ်၁၀ နှစ်သမီးလောက်ကြတော့ သူ့မိဘတွေက သခွတ်တောက အလှူတခုကဖိတ်လို့ သွားကြတော့ ဒေါ်တင်ထွေးလဲပါသွားတယ်၊ သခွတ်တောရောက်လို့ အိမ်တအိမ်ရှေ့လဲ ဖြတ်ရော....ဒါ..ငါ့အိမ်..ငါ့အိမ် ...ဆိုပြီးဝင်ပြေးသွားသတဲ့..၊ သူကအိမ်ထဲလဲရောက်ရော...ငါ ကိုရင်ဖိုးညိုလေ ...ဘယ်သူဘယ်ဝါတွေ ရှိသေးသလားနဲ့ စကားတွေ ရွှမ်းရွှမ်းဝေအောင်ပြောနေသတဲ့ ၊ ဒေါ်တင်ထွေးက အရင်ဘဝဟောင်းက ကိုရင်ကြီးဆိုပဲ၊ အပြင်းဖျားလို့ ပျံလွန်တော်မူတော့ ဝက်လက်မှာ မိန်းမဘဝနဲ့ လူပြန်လာဖြစ်ရသတဲ့..၊ အင်း......အရင်ဘဝကအရေခွံကိုချွတ်တော့ နောက်စွပ်ရတဲ့ ဘဝက မိန်းမဖြစ်နေရပါ့လား၊


ကိုကြီးကျောက်တို့ အဖေရဲ့ အမေက ဟင်္သာတသူတွေတဲ့၊ သူတို့ ညီအမတတွေ မြင်းခြံကိုလာပြီး ဆန်ပွဲရုံဖွင့်ကြတော့ မြင်းခြံသားတွေနဲ့ အိမ်ထောင်တွေကျကုန်ကြသတဲ့၊ ကိုကြီးကျောက်ရဲ့ အဖေ့အဒေါ်က ဒေါ်မတဲ့၊ သေးသေးသွယ်သွယ် ဖြူဖြူချောချောတဲ့၊ သူ့ယောင်္ကျားက ဦးဘတုတ်တဲ့၊ သူတို့ လင်မယားမှာ သားသမီးမရှိတော့ ကိုကြီးကျောက်အဖေကို သားလိုအင်မတန်ချစ်သတဲ့၊ ဒေါ်မ အသက်၅၀ ကျော်မှာ မီးယပ်သွေးဆုံးကိုင်လို့ သေရရှာသတဲ့၊ အဲဒီတော့ အမျိုးတွေက အသုဘကို ရေချိုးပေးရင်း ပေါင်မှာအိုးမဲနဲ့ အစင်းချစ်ပေးလိုက်သတဲ့၊


သူသေလို့ နှစ်နဲနဲကြာတော့ ကိုကြီးကျောက်အဖေကို လာနေမယ်လို့ အိပ်မက်ထဲမှာပြောသတဲ့၊ ကိုကြီးကျောက်မွေးတော့ ကိုကြီးကျောက်ပေါင်မှာ အမှတ်လို့ပြောတဲ့ မှဲ့နက်တွေ တစုတဝေးကြီးပေါက်နေတဲ့ အစင်းလဲပါသလို၊ ရုပ်ကလဲ ဒေါ်မနဲ့ သိတ်တူသတဲ့၊ ကိုကြီးကျောက်အဖေကတော့ ကိုကြီးကျောက်ကို သူ့ဒေါ်ကြီးဆိုပြီး လူပျိုပေါက်ထိ ပေါင်ပေါ်ကမချဘူး၊ ကိုကြီးကျောက်ကဖြင့် မောဟတွေများလို့လားမသိပေါင်..ဘာဆို ဘာမှ အတိတ်ဘဝတွေ မသိဘူး၊ ကိုကြီးကျောက်ကတော့ ရောက်ရာအရပ်ပျော်နေတာပဲ.. မန္တလေးရောက်ရင် မြင်းခြံကို သတိမရဘူး..ရန်ကုန်ရောက်ရင် မန်းကိုမေ့နေပြီ၊ ဟော..ဘန်ကောက်ရောက်ရင် ရန်ကုန်ကခေါင်းထဲမရှိတော့ဘူး၊ တခါ မြင်းခြံမှာ ဘော်ဒါတွေနဲ့ ဟေးလား..ဝါးလားနဲ့ ဘန်ကောက်ကို အာရုံထဲမှာ မရှိတော့ဘူး။


ခုလဲ အမေရိကမှာ နေတော့ မှန်တာပြောရရင် ဗမာပြည်ကို တခါတလေပဲ သတိရတယ်..၊ လွမ်းတယ်လဲမရှိပေါင်ဗျာ၊ ရောက်တဲ့အရပ် ကိုယ့်အရပ်ပဲ၊ ဒီတော့ ..အခုကိုကြီးကျောက် လဲ ဝင်ကစွပ်လို အခွံလဲချိန်တန်နေတယ်ဆိုရင်တော့ ..နောက် ၆လ ကျော်ရင်..လူဖြူအရေခွံစွပ်ပြီး How are you doing တွေ အော်နေရမလား၊ လူဖြူကိုချော်သွားပြီး...အမဲအရေခွံစွပ်နေရရင်လဲ မတန်တဆ အင်္ကျီကြီးဝတ်၊ ဘောင်းဘီကို အတွင်းခံတထည်လုံးပေါ်အောင် ဖင်လျောဝတ်၊ ဦးထုပ်နောက်ပြန်ဆောင်းပြီး....ဘလော့ တကာလည်ပြီး What's up လို့ လိုက်အော်နေရမယ်ထင်ပါရဲ့ဗျာ....။


ကိုကြီးကျောက်ရဲ့ကျန်းမာရေးကို စိတ်ပူပင်ကြလို့ ဆုတောင်းမေတ္တာပို့သကြတဲ့ စေတနာကြောင့် ကိုကြီးကျောက် ခုထိ နေလို့ထိုင်လို့ကောင်းဆဲပါ၊ ကိုကြီးကျောက်လဲ ကျောက်ခဲလို စိတ်ဓါတ်နဲ့ ကြံ့ကြံ့ခံရင်ဆိုင်ဖို့ ပြင်ထားတဲ့အတွက် အားလုံးစိုးရိမ်ပူပန်မှုတွေ လျော့ကျမယ်ထင်ပါတယ်၊


ဒါနဲ့စကားမစပ်...ဆရာဝန်တွေပြောချက်အရ ဘဝနေဝင်နီးလူတယောက်အနေနဲ့ သခင်မျိုးဟုကြွေးကျော်နေသော ကိုဇော်မျိုးကို မေတ္တာရပ်ခံပါရစေ ၊ ကျွန်တော်၏post နဲ့ ဘာမှမဆိုင်ပဲ comment မှာ ကျွန်တော်မသိသော လူများ၊ အကြောင်းအရာများကို လာရောက်ဆဲဆိုခြင်းမပြုရန်ဖြစ်ပါသည်၊ သေခါနီးလူတယောက်ကို သက်သက်မထေမဲ့မြင်လာရောက်ပြုသည်ဟု ခံစားမိပါသည်၊ ကျွန်တော်အနေနဲ့ လူလူချင်းတန်းတူသဘောထားလို့ ဘယ်သူ့ကိုမှ ကျွန်လို့ မထင်သလို ကိုယ့်ကိုကိုယ်လဲ သခင်လို့မထင်ပါခင်ဗျား၊ မိမိကိုယ်ကို သခင်လို့သဘောထားသူများအနေနဲ့ သခင်များမှာလဲ ပြည်သူ့နီတိ(ethic )ရှိမည်ထင်ပါသည်၊ လူလူချင်းစာနာထောက်ထားတဲ့ အနေဖြင့် post နဲ့မဆိုင်သောအကြောင်းအရာများ လာရောက်မရေးပါနဲ့ခင်ဗျား၊ ခင်ဗျားက အညာသားလို့လဲဆိုပါသည် ကျွန်တော်ကတော့ မြင်းခြံမွေး၊ မန္တလေးတက္ကသိုလ်ထွက် အညာသားအစစ်ဖြစ်ကြောင်း ပုံနှင့်တကွ အာမခံပါသည်၊ အညာသားများ နာမည်ပျက်အောင် သက်သက်မဲ့ ပြုလုပ်နေတာဆိုရင်တော့ ဝမ်းနည်းပါသည်ခင်ဗျား ။

No comments: