Saturday, October 16, 2010

လွယ်လွယ်ချစ်တဲ့ ကိုကိုကျောက်

လူတိုင်းလူတိုင်းမှာ လူတကိုယ်အကျင့်တမျိုးစီတော့ရှိကြသဗျ၊ ကိုယ်ပိုင်စရိုက်လေးတွေက ငယ်ငယ်ကထဲက ပေါ်နေတတ်တာမျိုး ၊ ကိုကြီးကျောက်ကတော့ ငယ်ငယ်ကထဲက လွယ်လွယ်ချစ်တတ်တဲ့ လူပေကိုးဗျ၊ စကားပြောတတ်ခါစ ကထဲက ကိုကြီးကျောက်ကို မုန့်သာပြလိုက် အန်တီချစ်သလားလို့ဆိုလဲ..ချစ်တယ်..ဖွားဖွားချစ်သလားဆိုလဲ...ချစ်တယ်ပဲ၊ အိမ်ကိုဆွမ်းခံကြွနေကြ ဦးဇင်းက သပိတ်ထဲပါလာတဲ့ မုန့်ကို စွန့်ခဲ့ရင်လဲ ဘုန်းဘုန်းကိုချစ်တယ်ပဲ..၊ နောက်ဆုံး နေ့လည်ခင်းတိုင်းမှာ ကိုကြီးကျောက်ကို ဘွားအေကြီးက ဝယ်ကြွေးနေကြ မလိုင်လုံးရောင်းတဲ့ ကုလားကြီးလဲ ကိုကြီးကျောက်က ချစ်ပစ်တာပဲ၊

ကလေးကထဲက လက်ရဲဇက်ရဲ ဒီလောက်ချစ်တတ်တဲ့ ကိုကြီးကျောက်က လူပျိုပေါက်လဲဖြစ်ရော....အို...ချစ်စရာတွေ များမှများပါကလား၊ အတန်းကြီးတဲ့မမကြီးတွေကလဲ ကိုကြီးကျောက်အတွက် ချစ်စရာပဲ..၊ အတန်းငယ်တဲ့ သူလေးတွေကြရင်လဲ ချီပစ်လိုက်ချင်တာပဲ၊ တတန်းထည်းသားသူငယ်ချင်းတွေလဲ ပိုးပစ်လိုက်တာပဲ၊ ခု..ဒီသူငယ်ချင်းတွေနဲ့ပြန်တွေ့တော့ သူတို့ကိုပြောရတယ်..အမလေး..ကံကောင်းလို့ပါလားလို့.၊ သူတို့ကို ကိုရီးယားမင်းသမီးလေးလို စိတ်ကူးပြီး ဂုံးပိုးကြည့်မိတယ်၊ မြေပေါ်ကလက်မဝက်တောင် ကြွအောင် မဖို့မလွယ်ပေါင်ဗျာ..၊

လွယ်လွယ်ချစ်တဲ့ကိုကြီးကျောက်က သိတ်ခက်ခက်ဆိုရင်လဲ စိတ်ကမရှည်ဘူးခင်ဗျ..၊ များသောအားဖြင့် လှတယ်လို့နာမည်ကြီးသူများကို ချစ်ရဖို့ကိစ္စဟာ ကုလားကားလိုရှည်လျား ပေများတာတော့အမှန်၊ ဒီတော့ လွယ်လွယ်မှချစ်တတ်တဲ့ ကိုကြီးကျောက်ဟာ ခုထက်ထိ ဒီအကျင့်မပျောက်သေးတာတော့ ဝန်ခံရဲသဗျ..၊



ပြီးခဲ့တဲ့အင်္ဂါနေ့ (အောက်တိုဘာ ၁၂ ရက်)နေ့က ကိုကြီးကျောက်နဲ့ မေရီလန်းမှာရပ်ဆွေရပ်မျိုးလဲဖြစ်၊ ကိုကြီးကျောက်စာဖတ်ပရိဿတ်လဲဖြစ်တဲ့ နှမသန္တာက သူ့မွေးနေ့လဲဖြစ်တာတကြောင်း ကိုကြီးကျောက်ကို ကျန်းမာအသက်ရှည်ကြောင်းဆိုပြီး Maryland က Silver spring က မင်္ဂလာရာမ ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တာပေါ့၊ ဆွမ်းကပ်သွားတာကလဲ အိမ်နီးနားချင်း မောင်နှမ ၄ ယောက်ထဲပါ..၊ ကိုကြီးကျောက်ရယ်၊နှမဖြစ်သူတွေဖြစ်ကြတဲ့ မီမီ (မီမီဝင်းဖေ)ရယ်၊ မနှင်း နဲ့ သန္တာ တို့ရယ်ပါပဲ၊

ကိုကြီးကျောက်ကတော့ ဘုန်းကြီးတွေဆွမ်းဘုန်းပေးပြီးရင် စားဖို့ အသင့်အနေအထားပေါ့လေ ၊ ဝေယျာဝေစ္စများကတော့ နှမတွေပဲ လုပ်ကြတာပေါ့၊ အဲ..ဓါတ်ပုံတော့ လိုက်ရိုက်ပေးတယ်..၊ အမယ်..ဓါတ်ပုံထဲမှာ ကိုကြီးကျောက်က ကိုကြီးကျောက်ထက် အများကြီးငယ်တဲ့ မီမီ နဲ့ သိတ်မကွာပါလား...အဟင်း..အဟင်း..( ပုံနှင့် တကွသက်သေပြသည်)၊

ဦးဇင်းက ဆွမ်းဘုန်းပေးပြီး ကိုကြီးကျောက်ရဲ့ ကျန်းမာရေးကို မေးတော့ ကိုကြီးကျောက်လဲ နောက်ဆုံးအခြေအနေကို ပြောရတာပေါ့လေ၊ ကိုကြီးကျောက်ရဲ့ကျန်းမာရေးကလဲ ရှေ့တထစ် မက်ထရစ် ဆိုတာတောင် မရှိတော့လောက်အောင် အတန်းဆုံးနေပြီဆိုတော့ ကိုကြီးကျောက်ကို ကမ္ဘာအရပ်ရပ်က e mail နဲ့ပေးပို့တဲ့ ဆေးနည်းတွေ၊ စာတိုက်က ပို့ပေးကြတဲ့ ဆေးဝါးတွေ အကုန်မှီဝဲတော့တာပဲ၊ မုံရွာဆြာဂျစ်ရဲ့ အာလူးသီးနည်းတို့၊ ဗာဂျီးနီးယားက အပျိုကြီးမမများရဲ့ carrot ဖျော်ရည်တို့ အစုံပါပဲ၊ ကူးကူး(စန္ဒကူး) ရဲ့ ဒူးရင်းဩဇာ ဆိုတာတော့ ကိုကြီးကျောက်လဲ မမြင်ဖူးဘူး၊ ဘယ်မှာရှာရမှန်းလဲ မသိလို့ စမ်းမကြည့်ရသေးပါဘူး..၊
carrot ရည် ၊အာလူးရည်ကို ခြစ်ဖို့ညှစ်ဖို့ဆိုတာ လွယ်လွယ်ကူကူတော့ မဟုတ်ပေဘူးဗျ၊ ခြစ်တာညှစ်တာ မပြောနဲ့ ချစ်ဖို့ညှစ်ဖို့ကိစ္စတောင် ကိုကြီးကျောက်က လွယ်လွယ်ပဲ ချစ်ချင်ညှစ်ချင်တာ ဆိုတော့ ခက်ပြီပေါ့၊ အုန်းခြစ်နဲ့ချစ် ပြီးတော့ ပိတ်ပါးလေးနဲ့ ရေသန့်လေးသုံးပြီးညှစ်...၊အမယ်မင်း.....အာလူးရည်လေး တခွက်သောက်ဖို့ မလွယ်ပါလားနော်....၊ ဒီကိစ္စကို ဦးဇင်းက ဖြေရှင်းပေးသဗျ၊ အရင်က ဦးဇင်းကလဲ အာလူးရည် ဘုန်းပေးသုံးဆောင်သတဲ့၊ အဲဒီကိစ္စကို လွယ်ကူတဲ့နည်းကတော့ အရည်ညှစ်စက်သုံးပါသတဲ့၊ စက်ထဲထည့်ပြီးကြိတ်လိုက်ရင် အရည်တခြား အဖတ်တခြားထွက်လာတာမို့ ..ဟော ...ခြစ်ရတယ်လွယ်ကူတာပေါ့ဗျာ..၊ ဒါနဲ့ ကိုကြီးကျောက်လဲ ဘုန်းကြီးကျောင်းက ပြန်လာတော့ ဦးဇင်းဆီက အရည်ညှစ်စက် မ ပြီးလာခဲ့တော့တာပေါ့ဗျာ..၊ ကိုင်း....ကိုကိုကျောက်တို့ ခုလဲ လွယ်လွယ်ခြစ်နေပြန်ပြီ.....။

ဓါတ်ပုံတွေက ရက်စွဲမှားနေပါ့လား..ခုမှကြည့်မိတယ်..၊ oct /12/ 2010 ဖြစ်ရမှာ

No comments: