Thursday, December 30, 2010

မ သုံးလုံး ဗိုလ်ကျောက်၏ ရဲစွမ်းသတ္တိ


မသုံးလုံးဆိုတဲ့ အခေါ်အဝေါ်ကို ဒီဖက်ခေတ်လူငယ်တွေ ကြားဖူးချင်းမှကြားဖူးကြပါလိမ့်မယ် ၊ ကိုကြီးကျောက်တို့ မမွေးခင်အချိန်ကတော့ ဒီ မသုံးလုံးနယ်မြေဟာ အင်မတန်နာမည်ကြီးခဲ့တာပေါ့၊ မသုံးလုံးနယ်မြေဆိုတာ ဗမာပြည်အလယ်ပိုင်း မကွေး၊ မြင်းခြံ ၊ မိတ္ထီလာ၊ ခရိုင် သုံးခု ဆက်စပ်ရာနယ်မြေဟာ မသုံးလုံးနယ်မြေပေါ့၊ဒီနယ်မြေက ဗမာပြည်အလယ်ပိုင်း တကယ့်ကို မိုးခေါင်ရေရှားရပ်ဝန်းဒေသဆိုတော့ တောင်သူတွေမှာ လုပ်ကိုင်စားရတာလဲ ဗမာပြည်အောက်ပိုင်းဒေသလို ရေမိုးကအဆင်မပြေ၊ အင်မတန်မှ ဘဝရပ်တည်ရေးအတွက် ခက်ခက်ခဲခဲ ကြိုးပမ်းရတဲ့ဒေသတွေပေါ့၊


ဟိုရှေးကဆိုရင် မြို့ပေါ်တွေကလွဲလို့ တောနေလူတန်းစားတွေမှာ ဆန်အစား ပြောင်းဆန်စားရရှာတာပေါ့၊ ပြောင်းကလဲ ချက်ပြီးစ ပူပူနွေးနွေးစားပါမှ အေးသွားရင် ကျောက်စရစ်ခဲမြိုချရသလိုပါပဲ၊ သူတို့မှာ ဆန်တော့ရှိပါရဲ့ အဝေးကလာတဲ့ ဧည့်သည်ကို တကူးတကချက်ကြွေးဖို့ သိမ်းထားရှာကြတာ၊ဒီတော့... ဒီဒေသမှာကြီးပျင်းရတဲ့ သူတွေမှာ အများအားဖြင့် စိတ်ကြမ်းလူကြမ်း သန်သန်မာမာတွေများကြတာကလား၊ အင်မတန်မှလဲ ရိုးသားဆင်းရဲရှာလေတော့ သူတို့ကို နားဝင်အောင်ပြောတတ်ရင် ယုံတော့တာပဲ၊


ဒီတော့ အလံနီကွန်မြူနစ်ခေတ်မှာ ပစ္စည်းမဲ့တော်လှန်ရေးသမား အလံနီတွေ သိမ်းသွင်းတဲ့အောက်မှာ မသုံလုံးနယ်မြေဟာ အလံနီကွန်မြူနစ်ပါတီရဲ့ အမာခံနယ်မြေဖြစ်တော့တာပေါ့၊ ကွန်မြူနစ်တွေရဲ့ ပစ္စည်းမဲ့တော်လှန်ရေးကလဲ ကိုကြီးကျောက်တို့ ငယ်ငယ်အထိ အတော်ခေတ်စားပေခဲ့တာပဲ၊ ကိုကြီးကျောက်တို့ အရပ်ထဲမှာလဲ တောခို အလံနီဗိုလ် လူထွက်တွေ အများသားကလား၊


ကိုကြီးကျောက်တို့ အိမ်နဲ့မျက်နှာချင်းဆိုင်အိမ်က သခင်ဗဟံရဲ့အိမ်၊ သူ့အကိုကြီးက ဦးဗစိန်တဲ့၊ သူတို့နှမက ဒေါ်နုနု တဲ့၊ ကိုကြီးကျောက်ကတော့ ဘဘစိန်၊ ဘဘဟံ၊ မမနု၊ ဒီလိုပဲခေါ်တယ်၊ သခင်ဗဟံနဲ့ မမနုတို့ မောင်နှမက အလံနီကွန်မြူနစ်တွေ၊ သူတို့ကတောခိုပြီး အဲဒီခေတ်က ဖဆပလ အစိုးရကို တော်လှန်နေကြတာ၊ မမနုက ဘောင်းဘီရှည်နဲ့ သေနတ်ခါးထိုးပြီး မြင်းတစီးနဲ့ ရွာစဉ်လှည့် စည်းရုံးရေးဆင်းနေတာ၊ ကိုကြီးကျောက်တို့ လူမှန်းသိချိန်မှာတော့ မသုံးလုံးနယ်မြေမှာ အလံနီတွေလဲမရှိတော့ပါဘူး၊ ဘဘဟံတို့ မမနုတို့ အလင်းဝင်လာတယ်ဆိုပြီး မြို့ပေါ်ပြန်ရောက်နေကြပါပြီ၊ မမနု သားတင်မောင်ဝင်းက ကိုကြီးကျောက်သူငယ်ချင်း၊ အမယ်...သူကလဲခေသူတော့မဟုတ်ဘူး၊ ၁၉၇၈ ခုနှစ်လောက်မှာ ဥပဒေကျောင်းသားဘဝမယ် မြင်းခြံက စာရေးဆရာမောင်စွမ်းရည် ရဲ့ညီ ကိုကျော်ဆွေ တို့နဲ့ ဗကပ လုပ်ပြီးတောခိုသွားကြတာ၊ ၁၉၉၀ ခုလောက်မှာ ဗကပ နဲ့ ဝ တွေ ကွဲကြပြီးမှ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ပြန်ရောက်လာတော့တယ်၊


ကိုင်း...ဘဘဟံအကြောင်းပြန်ဆက်ရအောင်၊ ဘဘဟံက မြို့ပေါ်ပြန်ရောက်တော့ သခင်ဗဟံ မဟုတ်တော့ဘူး၊ ပန်းချီဗဟံ ဖြစ်သွားပြီ၊ မြင်းခြံဝန်းကျင် ဘုရားစောင်းတန်းတော်တော် များများမှာ ဘဘဟံရဲ့ ဇတ်နိပါတ် ပန်းချီကားတွေ အတော်ရှိပါတယ်၊ အင်း...ခုတော့ ကျန်သေးရဲ့လားမသိဘူး၊ ဘဘဟံက ပန်းချီဆွဲရင် ကိုကြီးကျောက်တို့က ကလေးဆိုတော့ ဘေးကဝိုင်းကြည့်ကြတာပေါ့လေ၊ ဘဘစိန်ကလဲ ဘဘဟံတို့ ကွန်မြူနစ်တွေဆိုရင် အလွန်မုန်း၊ ရှေးရိုးဗမာ လူကြီးတွေ မုန်းမယ်ဆိုလဲမုန်းလောက်စရာပါပဲ...၊ အဲဒီခေတ်က အလံနီကွန်မြူနစ်တွေ ပြောတာကလဲကြည့်အုန်းလေ...၊ ဘုရားဆွမ်းတော်ကပ်တာက ကြွက်စာတို့၊ ဘုရားပန်းလှူတာကို ကြွက်သိုက်လုပ်တယ်လို့ ပြောတော့ ရှေးလူကြီးတွေကဘာသာတရားကို အင်မတန်အလေးထားကြတာ၊ အရမ်းစိတ်ဆိုးတာပေါ့၊


ဘဘစိန်က ဘဘဟံနံဘေးမှာကြည့်နေတဲ့ ကိုကြီးကျောက်တို့ကို ဘာပြောသလဲဆိုတော့...၊ အဲဒီအချိန်မှာ ဘဘဟံကလဲ ဝေဿန္တရာ ဇတ်တော်ကြီးထဲက မဒ္ဒီဒေဝီတောထဲမှာ သစ်သီးရှာတာဆွဲနေတာ၊ "ဗဟံတို့ တောခိုတုန်းတောထဲ ဘာရှာစားသလဲ သိလားကွ ..မသိရင်မှတ်ထား..မြက်စားနေတာ.".တဲ့၊ အဲ..ဘဘစိန် ပြောချင်တဲ့ ရည်ရွယ်ချက်ကတော့ ဘာသာတရားမရှိတဲ့ တိရစ္ဆာန်လို့ပြောချင်တာ..၊ ဒါပေမဲ့ ကိုကြီးကျောက်က ကလေးဆိုတော့ ဘယ်နားလည်ပ့ါမလဲ၊ ကိုကြီးကျောက်စိတ်ထဲမှာ မမနုက မြက်တွေ ကြော်လှော်ပေး၊ ဘဘဟံက မြက်တွေ အားရပါးရစား၊ ငံပြာရည်ချက်နဲ့ တို့စားလိုက် ဒီအတိုင်း နှုတ်စားလိုက် အဲလိုပဲ မျက်စေ့ထဲမြင်နေတာ....၊


အင်း...မသုံးလုံးနယ်သားကျောက်တို့ တောခိုတော့လဲ မြက်မစားရယုံတမယ်ပါပဲ၊ ကိုကြီးကျောက်တို့ဘူမိဗေဒဝန်ထမ်းဘဝ ဘဓရမှာ အလုပ်လုပ်စဉ်က တနှစ်ကို ၁၀ လ လောက်တောမှာပဲနေရတာကိုး၊ တောထဲမှာ ရိက္ခာပြတ်တော့ တောငှက်ပျောအူပြုတ်စားရ၊ မြောက်ဥ၊ ကြွေးဥရှာစားရ၊ ငှက်ဖျားနဲ့ နပမ်းလုံးရ။ ကိုယ်သင်ခဲ့တဲ့ ပညာနဲ့ ဝါသနာအရသာလုပ်ရတယ်...အင်မတန်ဆင်းရဲခဲ့တာကလား၊ ရန်ကုန်ရုံးပြန်ရောက်တော့ အဆောင်ကြေး၊ လမ်းစားရိတ်၊ အပြင် ...ဆေးကုလိုက်ရရင်...အဲဒီလမှာ အလျင်မမီတော့လို့ လကုန်ခါနီး ၁၀ ရက်လောက်မှာ ညစာကို အကြော်မပါ မုန့်ဟင်းခါးတပွဲ ရေနွေးကြမ်းတအိုး နဲ့ ပြီးခဲ့ရတာမို့ မုန့်ဟင်းခါးဆိုရင် ခုထိအသံတောင်မကြားချင်လောက်အောင်ပါပဲ၊ ၊


၁၀ နှစ်၁၀ မိုး တိုင်းပြည် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းဘဝမှာ ငှက်ဖျားပဲ အမွေရတာ၊ အမယ်....ကိုကြီးကျောက်တို့သူငယ်ချင်းတယောက် ကတော့ ကျောင်းပြီးတော့ OTS သင်တန်းတက်ပြီး စစ်ထဲဝင်သွားလိုက်တာ ခု ဌာနတခုမှာ ညွှန်ချုပ်ဖြစ်နေပြီး ဟိုတလောက နေပြည်တော်မှာ သူရတဲ့မြေကွက် (ရန်ကုန်မန္တလေးကမြေကွက်တွေမပါသေးဘူး) ကိုရောင်းတာ ကျပ်သိန်း၂၈၀၀ တောင်ရသတဲ့၊ ဒါ့ကြောင့်လဲ အမိမြေကိုချစ်မြတ်နိုးတာနေမှာ၊ မုဒိတာပွားစရာပါပဲ၊ ဒါပေမဲ့လဲ.. အခု ကိုကြီးကျောက်မကျန်းမာတော့ ဆေးကုဖို့ နေဖို့ စားဖို့ အစစ တာဝန်ယူတဲ့ အမေရိကန်အစိုးရလို တိုင်းသူပြည်သားအပေါ် လူမှုဖူလုံရေးတာဝန်ယူတဲ့ အစိုးရမျိုး ဗမာပြည်မှာ ရစေချင်တာအမှန်ပါပဲ၊


ကိုင်း....တောပျော် မသုံးလုံးကျောက်ရဲ့ ရဲစွမ်းသတ္တိတွေကို သာသာထိုးထိုးကြီး ခပ်ကြွားကြွားလေး ပြောတော့ ပြရဦးမယ်..၊ ကိုကြီးကျောက်တို့ မြိတ်ခရိုင် ဘုတ်ပြင်းနယ်ထဲက ပြည်ကြီးမဏ္ဍိုင်တို့ လေညာတို့ ဖက်တွေ ကွင်းဆင်းကြတုန်းကပေါ့၊ အဲဒီတုန်းက ကိုကြီးကျောက်တို့ အဖွဲ့ခေါင်းဆောင်က ကိုတင်မောင်ဝင်း၊ သူက ဒေါ်ခင်ဝင်းရွှေရဲ့ မောင်၊ ဗိုလ်ချုပ်ဟောင်းခင်ညွန့်ယောက္ဖအရင်း၊ အင်မတန် သဘောကောင်းတဲ့သူ၊ ကိုကြီးကျောက်တို့ထက် (၈)နှစ်လောက်ကြီးပေမဲ့ သူငယ်ချင်းလို ပေါင်းကြတာ၊ ၈၈ အရေးအခင်းပြီးစက သူ့ကို ခင်ဗျားယောက္ဖကြီး စန္ဒာဝင်းနဲ့ ညားနေဆို လို့ပြောပြီး ဝိုင်းနောက်ကြတာတောင် ဟုတ်ချင်ဟုတ်မှာပေါ့ကွာဆိုပြီး ရီနေတတ်တဲ့သူ၊


ကိုကြီးကျောက်တို့အဖွဲ့ ဘုတ်ပြင်းနယ် ကမ်းရိုးတန်းတလျောက် ကျွန်းတွေမှာလဲ field ဆင်းကြတော့ အဖွဲ့လုံခြုံရေးကို မြိတ်က ခလရ(၁၇) ကတပ်ခွဲတခွဲပေးတယ်၊ ကျွန်းတွေပေါ်က ကရင်ရွာတွေမှာလဲ လက်နက်ကိုင်ကရင်အဖွဲ့တွေကရှိတယ်..၊ ဒါပေမဲ့လဲ စိတ်ပူစရာတော့မရှိပါဘူး၊ ကိုယ့်အဖွဲ့လာမယ်ဆိုရင် သူတို့ကိုကြိုအကြောင်းကြားထား၊ သူတို့က ရှောင်နေတာပါပဲ၊ တဖွဲ့နဲ့တဖွဲ့ ဘယ်တော့မှ ထိပ်တိုက်မတွေ့ကြပါဘူး၊


ဒီလိုနဲ့ ကော့ကနင်းဆိုတဲ့ ရွာလေးမှာစခန်းချနေတုန်း၊ တရက်မှာတော့ field နားပြီး အဖွဲ့သားများ ဖဲရိုက်နေကြတာပေါ့၊ ရွာကကျွန်းသေးသေးလေးပေါ်မှာ၊ ကျွန်းလေးက အဝေးကကြည့်ရင် ဒယ်အိုးလေး မှောက်ထားသလိုပဲ၊ ဖဲဝိုင်းကောင်းနေတုန်းရှိသေး စက်လှေတစင်း အရှိန်ခပ်ပြင်းပြင်း မောင်းလာသံနဲ့ အတူ ...တ..ရွှီ....ရွှီ....တဖြောင်း..ဖြောင်း...သေနတ်သံတွေ စကြားရတော့တာပဲ၊ကျည်ဆံတွေကလဲ ရွာထဲက အိမ်တွေကို တဖြောက်ဖြောက် လာမှန်နေတော့ ၊တရွာလုံးလဲ ကြောက်လန့်တကြား ပြေးကြ လွှားကြတာ ဆူညံပွက်နေတာပဲ၊


ကိုကြီးကျောက်တို့လဲ ဖဲဝိုင်းလေး အသာသိမ်းပြီး အခြေအနေကြည့်နေတုန်း ပစ်သံခတ်သံက ပိုပြင်းလာတော့ ...အို...မသုံးလုံးကျောက်ပဲ ဖဲထုပ်လေး အသာသိမ်း ပုဆိုးလေး တထည်ယူပြီး ကျည်ကွယ်မျက်ကွယ် တဲ့နေရာ ကျောက်တုံးတွေ သစ်တုံးတွေ ကွယ်နေတဲ့ ကျွန်းထောင့်ချိုးလေးမှာ တယောက်ထဲ ဖဲတဝိုင်းကစားနေလိုက်တော့တာပဲ..၊ ကျည်ဆံတွေ ခေါင်းပေါ်က တရွှီရွှီ ဖြတ်နေလဲ အေးဆေးပဲ..၊ ကျွန်းသေးသေးလေးမှာ ပြေးစရာနေရာမှမရှိပဲ ပြေးနေလဲ တိုက်ပွဲကြားရောက်ပြီး အချောင်မှန်နေဦးမယ်..၊ဒီတော့....အေးဆေး..တယောက်ထဲ ဖဲရိုက်နေလိုက်တာ ပိုမကောင်းပေဘူးလားဗျာ..၊


တိုက်ပွဲကလဲ ၁၅ မိနစ်တောင်မကြာပါဘူး ပြီးသွားရော...၊ တကယ်တော့ တိုက်ပွဲက ကရင်နဲ့ တိုက်တဲ့တိုက်ပွဲမဟုတ်ပါဘူး။ မှောင်ခိုစက်လှေတစီးကို ရေတပ်က အမြောက်နဲ့လိုက်ထုတော့ ကျွန်းကြိုကျွန်းကြားက ပတ်ပြီးထွက်ပြေးလာတာ၊ သူကအမြန်မောင်းလာတာကို ကင်းစောင့်တဲ့ရဲဘော်လေးက လှမ်းခေါ်ရာ မလာတော့ သေနတ်နဲ့ပစ်လိုက်တော့ စက်လှေပေါ်ကလဲ လက်နက်အစုံအဆင်သင့် ဖြစ်နေတော့ ပစ်ကြခတ်ကြဖြစ်ကုန်တာပေါ့၊ နောက်တော့ အချင်းချင်း နားလည်မှုယူလိုက်ကြပြီး တပ်ကိုလဲ ငွေပေး၊ ကိုကြီးကျောက်တို့ကတော့ cokeတို့ဘာတို့ လက်ဆောင်လေးရတာပေါ့လေ၊ စက်လှေလဲ ဆက်ထွက်သွားတော့တာပေါ့...၊


ဒီလိုနဲ့ အပစ်အခတ်ပြီးသွားတော့ အဖွဲ့သားများက ကိုကြီးကျောက်ကို လိုက်ရှာတော့ တယောက်ထဲ ဖဲတဝိုင်းလုပ်နေတော့ ဆဲလိုက်ကြတာ၊ ကဲ...ဒီလိုမလုပ်လို့ ဘယ်လိုလုပ်ရမှာတုန်း ၊ ပြေးစရာကလဲ မြေမရှိ၊ တပ်က လိုရမယ်ရ လာပေးတဲ့ စတင်းဂန်း ဆိုတာကလဲ ဝေးဝေးပစ်ရတာမှမဟုတ်တာ၊ ပြောင်းပူလာရင် ရှေ့တတောင်လောက်ပဲ ကျည်ဆံကရောက်တော့တာ၊ ဒီတော့ ပစ်ခတ်နေတဲ့ကြားမှာ စိတ်အေးလက်အေးပဲ တယောက်ထဲ ဖဲရိုက်နေတာ မကောင်းပေဘူးလားဗျာ...၊ ကိုင်း.....ဒါဟာ တကယ်တော့ မသုံလုံးကျောက်ရဲ့ တိုက်ပွဲကြားက ရဲစွမ်းသတ္တိပဲ မဟုတ်ပါလားခင်ဗျာ.....။


ကိုကြီးကျောက်ကို မသုံးလုံးနယ်မြေ အကြောင်းရေးပေးပါဆိုတဲ့ မယ်လွင် ကို သတိရသလောက်ရေးပေးလိုက်ပါတယ်..၊ တကယ်တော့ မသုံးလုံးနယ်မြေ ဟာ တခေတ်တခါက အလံနီကွန်မြူနစ်တွေရဲ့ ဗဟိုဌာနဖြစ်ခဲ့သလို အစဉ်အလာအင်မတန်ကြီးခဲ့တဲ့ဒေသပါ၊ ကိုကြီးကျောက်မှာ စာအုပ်စာတန်းတွေ ပြန်ဖတ်စရာ ဗမာပြည်မှာကျန်ခဲ့လို့ သဘောလောက်ပဲရေးနိုင်တာကို ခွင့်လွှတ်မယ်ထင်ပါတယ်၊ မကွေးခရိုင်က ဂွေးချိုတောင်တန်းနဲ့ ရေကန်ပုံကို google ယူပါသည်။ကိုကြီးကျောက်ကျန်းမာရေးကတော့ တနေ့ရွှေ တနေ့ငွေ ပါပဲ၊ ဆရာဝန်တွေကတော့ ၁၀၀% လို့ပြောပေမဲ့ ကိုယ့်ဖာသာ ၅၀/၅၀ လို့ သဘောထားပြီး ရှင်သန်အောင်နေ နေပါတယ်။

1 comment:

ck said...

မသုံးလုံးက မိတ္ထီလာ၊ မြင်းခြံ၊ မန္တလေး ကို ဆိုလိုတာ ဖြစ်ပါလိမ့်မယ်၊ ဗမာပြည် ကွန်မြူနစ်ပါတီကို သိမီလိုက်သူ လူကြီးများနဲ့ ပြန်လည် တိုက်ဆိုင် စိစစ်စေလိုပါတယ်။