Saturday, February 12, 2011

ကိုးမြို့ရှင်မောင်နှမ၏ ရွှေအိုးရွှေခွက်များ


ကိုးမြို့ရှင်ဆိုတာနဲ့ အားလုံးသိကြတဲ့အတိုင်း ရှမ်းမောင်နှမနတ်တွေကိုး၊ ရှမ်းနတ်ဆိုတော့လဲ ရှမ်းကုန်းမြင့် တခွင်လုံးကို အပိုင်စားတာမို့ ရှမ်းပြည်ထဲမှာ မပါပဲ ပြည်မထဲမှာရှိတဲ့ မေမြို့တို့ ယင်းမာပင်၊လယ်ပြင်တို့၊ သပိတ်ကျင်းမိုးကုပ် တို့လို ရှမ်းကုန်းမြင့်အစပ်က နယ်တွေကလဲ ကိုးမြို့ရှင်အပိုင်တွေပါပဲ၊ ကိုးမြို့ဆိုတော့ ဘယ်ကိုးမြို့လဲတော့မသိပါဘူး၊


ကိုကြီးကျောက်တို့ငယ်ငယ်က ဖတ်စာမှာသင်ရတာတော့ ရှမ်းလေးမြို့သမိုင်းတဲ့၊ တရုပ်ပြည်က ဥတည်ဘွား သမီးတော်နဲ့ ကျားဖြူမင်းနဲ့ ညားတော့ သားလေးယောက်ရသတဲ့၊ သားတွေကို အရွယ်ရောက်လာတော့ အမွေပေးလိုက်တာကလဲ တယောက်ကိုတော့ ဒါးမြှောင်၊ တယောက်ကိုတော့ အိုးစည်၊ တယောက်ကိုတော့ ဗျိုင်းတဲ့၊ ဘုရင်လဲ မချမ်းသာဘူးထင်ပါရဲ့ ၊ သား သုံးယောက်ကို ရှိတာပေးလိုက်တော့ နောက်သားတယောက်ကတော့ သူနေတဲ့မြို့ကိုပေးသတဲ့၊ အမွေရတဲ့ သားသုံးယောက်ကလဲ မြို့တွေတည်ပြီးနေကြတာ၊ မိုးမိတ်၊ မိုးကောင်း၊ မိုးညှင်းတဲ့၊ အဖေမြို့ရတဲ့သားက ဝန်းသိုတဲ့၊ မိုးမိတ်ကလွဲရင် ကျန်တဲ့မြို့တွေက ရှမ်းပြည်ထဲမရှိပါဘူး၊ ဒါပေမဲ့လဲ နတ်ကတော့ ကိုးမြို့ပြည့်အောင်ဖြည့်ပြီး ကိုးမြို့ရှင်လို့ ခေါ်ထင်ပါရဲ့၊


ကိုကြီးကျောက်တို့ သပိတ်ကျင်းနယ်ကွင်းသုံးဆယ်ဒေသကို field ဆင်းကြတော့ ၁၉၈၀ ပြည့်လွန်နှစ်တွေပေါ့၊ အဲဒီတုန်းက မန္တလေး၊ သပိတ်ကျင်း၊ မိုးကုပ် ကားလမ်းက တကယ့်ကို သစ်တောကြီးထဲမှာမောင်းရတာ၊ဝါးတောကြီးတွေမှာ ဝါးဘိုးဝါးကြီးတွေဆို လူ့ပေါင်လောက်ကို ကြီးတာကလား၊ ၂၀၀၂ ခုနှစ်က ကိုကြီးကျောက် အဲဒီလမ်းကို ရောက်တော့ ကွင်းပြောင်ကြီးဖြစ်နေပြီး ဘာပင်မှတောင်မရှိတာတွေ့ရတော့ နှမျောလိုက်တာ၊အဲဒီတုန်းက ကိုကြီးကျောက်တို့ကားလမ်းဘေး field ဆင်းရင်း အင်တောထဲ အင်ဥကောက်ကြ၊ တရော်ပင်တွေ့ရင် အခေါက်ခွာကြ၊ တယ်သီးကောက်ကြနဲ့ သစ်တောထွက်ပစ္စည်းတွေ အလွန်ပေါတာကလား၊


ကိုကြီးကျောက်တို့ စခန်းချတဲ့ ကွင်းသုံးဆယ်ကလဲ တောဆင်တွေ၊ ကျားတွေ၊ ဝံတွေ ကျက်စားနေတုန်း၊ ကိုကြီးကျောက်တို့က အဲဒီမှာရွှေရှာရတာကိုး၊ ရှာလဲရှာ ထုတ်လဲထုတ်၊ ရတဲ့ရွှေတွေ တလတခါ ရန်ကုန်ပို့ပေးရတာပေါ့လေ၊ ကိုကြီးကျောက်တို့ ရွှေထုတ်တော့ placer deposit ဆိုတဲ့ ချောင်းထဲမှာ အနယ်ကျပြီး စုနေတဲ့ ရွှေတွေကို တူးထုတ်ပေးရသလို ရွှေတွင်းတူးပြီး ရွှေကြောကိုလိုက်ပြီး တွင်းဖောက်ပေးရတာလဲလုပ်တာပေါ့၊ ချောင်းထဲတူးရတာတော့ အင်မတန်လွယ်တာပေါ့၊ ချောင်းအောက်ကြမ်းပြင်ရောက်အောင် အင်းကြီးတူးရတာ၊ ဘူဒိုဇာနဲ့ တူးထုတ်လိုက်တော့ ချောင်းထဲမှာ အဝကျယ်ကျယ် အင်းပြဲကြီးပေါ့၊ တွင်းဖောက်ရတာတော့ ရွှေကြောရောက်အောင် တွင်းကိုလူအားနဲ့ တူးပြီးမှ ရွှေကြောရောက်တော့ ကြွက်တွင်းများလို သွားရတာကိုး၊


ကိုကြီးကျောက်တို့ စခန်းက ရွှေလုပ်ကွက်ရှိရာ ကွင်းသုံးဆယ်ချောင်းနံဘေးမှာ၊ ချောင်းဘေးဆိုတော့ တောငှက်ပျောပင်တွေ၊ တောသရက်ပင်တွေနဲ့၊ အမယ်..စခန်းနဲ့ မနီးမဝေးမှာလဲ ရွှေလာကျင်တဲ့ သူတွေ ပူဇော်ကြတဲ့ ကိုးမြို့ရှင်မောင်နှမနန်းကလဲရှိသဗျ၊ နတ်ပုံတွေတော့ မရှိပါဘူး၊ အထိမ်းအမှတ် နတ်စင်လေးပေါ့လေ၊ ကိုကြီးကျောက်တို့စခန်းမှာ ကိုကြီးကျောက်တို့ ဝန်ထမ်းတွေရယ်၊ ဒေသခံနေ့စားအလုပ်သမားတွေရယ် နေကြတယ်၊ သူတို့ကတဝန်း၊ ကိုကြီးကျောက်တို့ကတဝန်း၊ ကပ်တော့ကပ်လျက်ပေါ့လေ၊ အလုပ်သမားတွေက လူလွတ်တွေက တအုပ်စု၊ အိမ်ထောင်သည်တွေက တလိုင်းပေါ့လေ နေကြတာ၊


အိမ်ထောင်သည်အလုပ်သမားထဲမှာ ကိုချစ်ပု က အသက်အကြီးဆုံး၊ တင်စိုးက အငယ်ဆုံး၊ ကိုချစ်ပုမိန်းမက မခင်စန်းတဲ့၊ ကလေးက ၅ယောက်၊ အကုန်အရွယ်ရောက်ကုန်ကြပြီ၊ ကလေးတွေက ခင်ဦးနယ်ထဲက သူတို့ရွာမှာပဲ၊ တင်စိုးမိန်းမက အေးခိုင်တဲ့၊ ကလေး အခါလည်သားလေးနဲ့၊ ယောင်္ကျားတွေ အလုပ်ဆင်းတော့ မိန်းမတွေက အင်ဝိုင်းလေးတွေနဲ့ ချောင်းကြိုမြောင်းကြားမှာ ရွှေလိုက်ကျင်ကြ၊ ဟင်းဖိုးတော့အနဲဆုံးရတာပေါ့လေ၊ တခါတလေလဲ မြိုးမြိုးမျက်မျက်လေးရကြရဲ့၊


မခင်စန်းနဲ့ အေးခိုင် တို့ကို ကျန်တဲ့သူတွေက အကုန်ကြောက်တယ်၊ သူတို့က အစွာဆုံး၊ ရန်အဖြစ်နိုင်ဆုံး၊ အလုပ်သမားတွေဘက်မှာ ဆူဆူညံညံ ကြားရင် သူတို့နှစ်ယောက်ထဲက တယောက်ကတော့ သေချာတယ်၊ တခါတလေလဲ သူတို့နှစ်ယောက်ပွဲ၊ ဒါပေမဲ့လဲ ခုရန်ဖြစ်လိုက်ကြ၊ ခုပဲ တယောက်ဆီက ငါးပိယူ ဆားယူနဲ့ ပြန်ခေါ်လိုက်ကြ၊ သန်းရှာရင်းအတင်းတုပ်နေကြနဲ့ ကိုကြီးကျောက်ဖြင့်မျက်စေ့တောင်လည်တယ်၊


သူတို့ရန်ဖြစ်ကြရင်လဲ အလဇ္ဇီကိုးပါးအကုန်စုံတဲ့ အပြင် ..အမယ်..တခါတလေများ သူတို့ဘာဆဲတယ်ဆိုတာ ပဟေဠိမှာ အဖြေညှိရသေးသဗျ၊ အေးခိုင်က မခင်စန်းကို ကောင်မကြီး..အင်းပြဲမကြီး လို့ဆဲလိုက်ရော၊ ဟော...မခင်စန်းကလဲ.. အောင်မာ တောသရက်သီးမကများ...လို့ပြန်ပြောတော့ ကိုကြီးကျောက်မှာ အဖြေစဉ်းစားရပြီပေါ့၊ အင်းပြဲမကြီး ဆိုတာကတော့ လွယ်ပါတယ်၊ ကိုယ်လဲ နေ့တိုင်းအင်းပြဲထဲဆင်းနေတာကိုး၊ အင်းပြဲဆိုတော့...အဝကျယ်ကျယ်ပြဲပြဲ တွင်းကြီး၊ လူလဲများများဆင်းလို့ ရသလေ..၊ အင်း....မခင်စန်းက ကလေး ၅ ယောက်အမေ ဆိုတော့လဲ...ကိုကြီးကျောက်လဲ သဘောပေါက်လိုက်ပါတယ်၊


တောသရက်သီးမ အဓိပ္ပါယ်ကြတော့ စေ့စေ့တွေးမှပေါ်တော့တယ်၊ ကိုကြီးကျောက်တို့ စခန်းဘေးက တောသရက်ပင်တွေများ သီးလိုက်ရင်ပြွတ်ခဲနေတာပဲ၊စားချင်လို့ ခူးပြီးအခွံခွာလိုက်တော့ အခွံအောက်မှာ အသားကမရှိသလောက်ပဲ၊ ဧရာမအစေ့ကြီးက ပြူးလို့ပေါ့၊...အင်း...ဒါဆိုရင်တော့....အေးခိုင် တောသရက်သီးမှန်းတော့ သိရပြီ၊ ဒါပေမဲ့ မရှင်းတာက မခင်စန်းက ဘယ်အချိန် အေးခိုင်ကို အခွံနွှာကြည့်ထားပါလိမ့်ပေါ့၊ နောက်မှစဉ်းစားမိတယ် ..အေးခိုင်ကလေးမွေးတော့ စခန်းကနေ ဇရပ်ကွင်းရွာသွားမွေးတာကိုး၊ အဲဒီတုန်းက မခင်စန်းတို့ လိုက်သွားကြတာပဲ၊ ကိုင်း...လောလောဆယ် မွေးမဲ့ဖွားမဲ့သူများ သူငယ်ချင်းဆိုပြီး စိတ်မချလိုက်လေနဲ့နော်...တောသရက်သီးမ ဆိုပြီးအတင်းတုပ်ခံရမယ်၊


တညမှာတော့ အလုပ်သမားတွေဖက်က ဆူဆူညံညံကြားတော့ မခင်စန်းတို့ ရန်ဖြစ်နေတယ်ပဲထင်တာပေါ့၊ ဒါပေမဲ့ အလုပ်သမားတွေက ဆရာတို့လာပါအုန်းဆိုတော့ လိုက်သွားလိုက်တော့ မနေ့တနေ့ကမှရောက်တဲ့ အလုပ်သမားလေးတယောက်က အော်ဟစ်နေတာကိုး၊ လူတွေကလဲ သူ့ကိုဝိုင်းချုပ်ထားကြတယ်..၊ သူက ကြောက်လန့်တကြားအော်နေတာ.." ဟိုမှာဗျ...အနက်ရောင်ဝတ်ထားတဲ့ လူကြီးနဲ့ မိန်းမကြီးက ကျွန်တော့ကို ရွှေအိုးတွေရွှေခွက်တွေပြနေတယ်ဗျ " သူလက်ညှိုးထိုးပြတဲ့ နေရာကြည်တော့လဲ ဘာမှမမြင်ရဘူး၊ အလုပ်သမားတွေကလဲ ဒါ ကိုးမြို့ရှင်မောင်နှမဖြစ်ရမယ်ပေါ့၊ ကိုကြီးကျောက်တို့ကတော့ ရွှေအိုးတွေရွှေခွက်တွေပဲ စိတ်ဝင်စားတာ၊ ကိုယ့်ကိုပြလိုက်ရင်တော့ ပြေးယူလိုက်မပေါ့၊ ဒီတိုင်းမပေးလဲ နတ်ဆီက မလိမ့်တပတ်နဲ့ ရွှေအထည်ပျက်ဈေးနဲ့ဝယ်ပြီး ဗမာပြည်က နတ်သုံးတဲ့ အိုးတွေခွက်တွေဆိုပြီး ရှေးဟောင်းပစ္စည်းရောင်းတဲ့နေရာမှာ လေလံတင်လိုက်ရလို့ကတော့ ကိုကြီးကျောက်တို့မီလျံနာပေါ့ဗျာ..၊ ဒါပေမဲ့လဲ နတ်ကလဲသိပုံရသဗျ..၊ ကိုကြီးကျောက်တို့ကို အရိပ်အယောင်လေးတောင်မပြဘူး၊


ကောင်လေးကလဲအော်ဟစ်နေတော့ မဖြစ်ချေဘူး ဇရပ်ကွင်းသွားပြီး နတ်ကတော်ဒေါ်ပန်ဆီမှာ နတ်မေးမှဆိုပြီး ညတွင်းချင်းပဲ စခန်းကထွန်စက်ထွေလာနဲ့ အလုပ်သမားလေးကိုတင်ပြီး ရွာကိုဆင်းရတော့တာပဲ၊ အမယ် နတ်မောင်နှမကလဲ တလမ်းလုံးလိုက်လာသဗျ၊ နတ်ကတော်ဆီရောက်မှ နတ်ကိုတောင်းပန်မှ အလုပ်သမားလေးလဲ သတိပြန်လည်လာပြီး အိပ်ပျော်သွားတယ်၊ မနက်ရောက်မှ အလုပ်သမားလေးက ပြောတယ် သူကမန္တလေးက ခေတ်လူငယ်ဆိုတော့ နတ်တွေဘာတွေ အယုံအကြည်မရှိဘူးပေါ့၊ ဒါနဲ့ သူတို့ကလဲ ရောက်စဆိုတော့ ဟိုဟိုဒီဒီလျောက်ကြည့်ရင်း ကိုးမြို့ရှင်နန်းကိုတွေတော့ ဘာနတ်လဲ မယုံဘူး ဘာဘူးနဲ့ ပြောခဲ့သတဲ့ ည မှောင်စပျိုးတော့ သူ့နာမည်ခေါ်သံကြားတာနဲ့ အပြင်ကိုကြည့်တော့ အနက်ရောင်ဝတ်စုံနဲ့ လူတွေက သူ့ကို ရွှေအိုးတွေ ရွှေခွက်တွေပြပြီး လက်ယပ်ခေါ်သတဲ့၊ ဒီမှာတင် သူလဲတော်တော်ကြောက်ပြီး အော်မိအော်ရာတွေ အော်နေရတာတဲ့၊ ဒီကောင်လေးလဲ ကွင်းသုံးဆယ်ထဲ ပြန်မလိုက်တော့ပဲ မန္တလေးကို ပြန်ဆင်းသွားတော့တယ်၊ ကိုကြီးကျောက်ကတော့ အဲဒီတုန်းကသာ ကိုးမြို့ရှင်ရဲ့ရွှေအိုးတလုံးလောက်သာ ရခဲ့ရင်တော့ ခုချိန်မှာ Bill Gates တို့လောက်တော့ ...ဟင်း...ပျင်းတောင်ပျင်းသေး..။

17 comments:

ရွှေရတုမှတ်တမ်း said...

comment တွေထဲက ဝဲတွေ ပါလာလို့ လောလောဆယ် comment တွေကို span လုပ်ထားရတာပါတယ်၊ C box မှာသာအော်သွားပါ။

ရွှေရတုမှတ်တမ်း said...

ဒုက္ခပါပဲ C box ကပျောက်သွားပြန်ပြီ..ပြန်တပ်လို့လဲမရဘူး..အသက်ကြီးတော့ လိုက်မမှိတော့ဘူး..စိတ်ရှုတ်တယ်၊ comment မှာ အမည်မသိနဲ့ ရေးကြပါ၊ နာမည်ထဲ့ရင် ဝဲတွေကူးလာလို့ပါ

ကိုအောင်(ပျူနိုင်ငံ) said...

ဟုတ်ပါတယ်၊ ဘိုးတော်ကျောက်ကို ကူညီကြပါ၊
အပေါ်ဆုံးက Leave your comment
မှာ ကိုယ့်ရေးချင်တာ ရေးပါ၊ Name/URL
နေရာမှာ Name နေရာမှာ နာမည်
ကို ထည့်ပြီး URL နေရာမှာ ဘာမှ လုံးဝ မထည့်
ပဲနဲ့ ကော်မန့် ရေးလို့ရကြောင်း ၀င်ပြီး
ကြော်ငြာပါတယ်၊ နောက်မို့ဆိုရင် ဘိုးတော်
ကျောက်ရဲ့ ဘလော့လေး ၀ဲဆွဲတာ ပျောက်
မယ်လို့ မထင် ... :P

Anonymous said...

ဒါပေါ့..ဘကျောက်ရဲ့..
ကျနော်က ငပျင်းမို့.. ကော်မန့်ပေးတဲ့နေရာတော်တော်များများမှာ အနော်နီးမတ်ပဲလုပ်တာ..ဘကျောက်ဆိုအမြဲ မေးလ်ဝင်ရတယ်..ခုတော့.... အေးဆေး..ဟီးဟီး

စာတွေများများရေးပါ။ ကျန်းမာရေးလဲဂရုစိုက်ပါ။



ငပျင်းမြတ်နိုး

Anonymous said...

ရွှေအိုးပေးမလို့ ခေါ်တာနေမှာ သူက ကြောက်စရာလား နော့ .. ဘကျောက်နဲ့များ သွေးချင်း ကွာပ :D

အမည် မသိ မိုးခါး :P

ကိုဇော် said...

အဲဒီလို တောထဲတောင်ထဲတွေကို စိတ်ဝင်စားသဗျ။ ဒါပေမဲ့ ကိုယ်ကျောင်းတတ်မဲ့ နှစ်မှာ ဘူမိတွေက ပိတ်ထားတော့ ဝါသနာရာပဲ ယူလိုက်တာ။ သူတို့ကို မယုံဘူးလည်း မဟုတ်ဘူး ၊ ယုံတယ်လည်း မဟုတ်ဘူး။ ရှိတာကိုတော့ လက်ခံထားပါတယ်။ ဒီလိုပါပဲ။ ရွှေခွက်မပေးဘဲ ရွှေပြွန်က သွန်တဲ့ ခွက်ကြီး လှမ်းပေးလိုက်မှ ဟုတ်ပေ့ ဖြစ်နေဦးမယ် ဟဲဟဲ။

နာမည်ပဲ ထည့်ရေးသွားတယ်နော်။

ကျန်းမာပျော်ရွှင်ပါစေ။

Anonymous said...

နေကောင်းနေတာ သိရလို့ ၀မ်းသာပါကြောင်း

Anonymous said...

ဘကျောက်..
ဝဲတွေ ထပ်ပေါက်ပြန်ပြီလား။ ဒါကြောင့်ပြောတာပေါ့။ အစားအစာရှောင်ပါလို့။းဝ)

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

sosegado said...

ဥပမာ အင်္လကာများကား လက်တွေ့ကြပါသည်၊ အနက်အဓိပ္ပါယ်ကို ရှင်းပြလိုက်တော့ ကွက်ကွက်ကွင်းကွင်းပဲ ဗဟုသုတကြွယ်လိုက်တာ၊ ကိုကြီးကျောက်ရေ။

Anonymous said...

ရယ်ရလို့ ဗိုက်တောင် နာတယ်..
ကိုကြီးကျောက်ရေ
စာတွေရေးနေတာ တွေ့တော့ ၀မ်းသာပါတယ်.
ခုထက်ပို နေကောင်း အဆင်ပြေ ကျန်းမာပါစေနော်
အရေးထဲ ၀ဲက စွဲကြသေးတယ်..း)
ဝဲစွဲတာလည်း အမြန်ပျောက်ကြပါစေ

ချော(အစိမ်းရောင်လွင်ပြင်)

Anonymous said...

ဦးကြီး ၀ဲရှောင်ကျောက် ရေ ဘာတဲ့ အင်းပြဲမကြီး နဲ့ 
တောသရက်သီးစေ့ ဆိုတာ မရှင်းမရှင်းဘူး ဖြစ်နေတယ်။
အကျယ်တ၀င့်လေး ရှင်းပြပေးပါဦးခင်ဗျ။


သိချင်သော
မောင်မောင်စပ်စု

Anonymous said...

ကိုကြီိးကျောက်ကစုံပါ့ဗျာ..
ခက်ဆစ်ဖွင့်ဆိုပုံကတော့ လက်လန်တယ်..။
နေကောင်းနေတယ်ဆိုလို့ ဝမ်းသာပါတယ်..။

သစ်နက်ဆူး

ကျနော်လဲ ၀ဲမနိုင်လို့ 
ဘလော့ဂ်အသစ်လုပ်ထား၇တယ်..
http://suenyinyi.blogspot.com/

Boyz said...

မိုးကုတ်၊ သပိတ်ကျင်း၊ မေမြို့ဆိုတာ အရင်က ရှမ်းပြည်နယ်ထဲ ပါတယ် ကြားဖူးတယ်။ ဒီဘက်ခေတ်မှ မန္တလေးတိုင်းထဲ ဆွဲသွင်းလိုက်တာတဲ့။

မြစ်ကျိုးအင်း said...

ပဟေဠိကို အဖြေညှိလိုက်တာများ ရယ်လိုက်ရတာ။
အဟုတ်ပြောတာကိုကြီးကျောက်ရ တောတွင်းအတွေ့အကြုံတွေကို စုစည်းပြီး စာအုပ်ရှည်လေး လုပ်ဗျာ။ ဘလော့မောင်နှမတွေ အမှတ်တရပေါ့။
ကျန်းမာရေး ကောင်းနေမှ လုပ်ပေါ့နော်။

Anonymous said...

ထက်ထက်ကျောက် ဖြစ်သွားပြန်ပီနော်း)
ဘကျောက်မလဲ မိုးဟေကိုဖြစ်လိုက် ထက်ထက်ဖြစ်လိုက်နဲ့
လုပ်ပါဦး အိန္ဒြာကျောက် ..


နေကောင်းကျန်းမာပျော်ရွှင်ပါစေ

မြတ်နိုး

dangerous said...

သီသီလည်းနတ်တွေရှိတာယုံဖူးခုယုံရတော့မယ်ထင်ရဲ့

Unknown said...

ကိုမြို့ ရှင် မှာညီအကိုဘယ်နှစ်ရှိသလည်း