Monday, November 9, 2009

ဝံတွေ့ကိုက် ကျားနတ်တိုက်


ချင်းတွင်းမြစ်အောက်ပိုင်း တကြော ကနီနယ် နဲ့ မင်းကင်းနယ် တွေမှာ field ဆင်းရတော့ အဲဒီဒေသတွေ ရဲ့ ဓလေ့ ထုံးစံလေးတွေ သိခဲ့ရတာပေါ့ဗျာ။ ကနီနယ် နဲ့ မင်းကင်းနယ် အစပ်က မဟူတောင်တန်း နဲ့ ရွှေသမင် တောင်တန်းကြီးတွေ အကြား သင်ကတုံချောင်း ဘေးက ရွာအုပ်စုတွေ နဲ့ ပုထိုးလုံးချောင်း ဘေး က ဆယ်ရွာချောင်အုပ်စုတွေ မှာ ဆိုရိုးစကားရှိပါတယ်။ ဝံတွေ့ကိုက် ကျားနတ်တိုက် ပါတဲ့။


ဒီရွာတွေက ပုံတောင် ပုံညာတောင်တန်းကြီး ရဲ့ အရှေ့ဖက်ခြမ်းမှာ ရှိပါတယ်။ ရွှေသမင်တောင်တန်း ဆိုရင်လဲ ဗမာပြည်မှာ အင်မတန် ရှုခင်းလှတဲ့ နေရာတခုပါ။ ဘူမိဗေဒ ကျောက်လွှာစုတွေ ထဲမှာ ရွှေသမင် formation ဆိုတာ နာမည် တလုံးနဲ့ပါ။ ကျွန်တော်တို့ မဟူတောင်တန်းမှာ တန်ဖိုးနဲ မဟူရာကျောက် ရှာဖွေရေးဆိုပြီး fieldဆင်းတော့ သင်ကတုံ ဘက်မှာ စခန်းချကြပါတယ်။ ပေ၂၀၀၀လောက်မြင့်တဲ့ တောင်တန်းကို နေ့စဉ် တက်လိုက်ဆင်းလိုက် လုပ်နေတာ ငယ်တဲ့အရွယ်ဆိုတော့ ပင်ပန်းတယ် မထင်မိပေါင်ဗျာ၊ (အခုတော့ ၂ ထပ် ၃ ထပ် အဆောက်အဦးတောင် ဓါတ်လှေခါးနဲ့ပဲ တက်တော့တယ်...း)) အဲဒီအချိန်က ဗမာ့ကျေးလက်တွေမှာ ရွာတိုင်းက မိန်းမပျို လေးတွေဟာ ယက္ကန်းခတ်တတ်ကြပါတယ်။ အိမ်တိုင်းနီးပါးကလဲ ယက္ကန်းစင်တွေ ရှိကြပါတယ်။ ညအခါ လသာသာ ယက္ကန်းခတ်တဲ့ မိန်းမငယ်လေးတွေဆီကို လူပျိုလှည့်ရတဲ့ အရသာကလဲ ခုနေပြန်တွေးမိတော့ ရင်အခုန်သားခင်ဗျ။ တကယ်တော့ သူတို့ကလည်း ယက္ကန်းခတ်ချင်လို့မှ မဟုတ်တာ၊ ကိုယ်နဲ့ရောက်တတ်ရာရာ ပြောချင်တာလေ။
ကျွန်တော့ဘွားအေကြီးကတော့ ညအခါ သူ့ကို လူပျိုလာလှည့်တဲ့ ကျွန်တော့ဘိုးအေကြီးကို ထောပနာပြုရှာပါတယ်။ ကျွန်တော့ဘွားအေကြီးက စကားထာဖွက်ရှာပါသတဲ့ ကွမ်းကလပ်အာနီ နင်ချီသလောမချီသလောတဲ့ ကျွန်တော့ဘိုးအေကြီးကလဲမိန်းမတာပိုးတတ်တာ စကားထာကြမသိရှာဘူးတဲ့ (မြေးတွေနဲ့များ ကွာချက်တော့)၊ နောက်ဆုံးဘယ်လိုမှ အဖြေရှာ မရတဲ့အဆုံး ဖြေမိဖြေရာ ကြက်တူရွေးခေါင်းကြီးလို့ ဖြေပါသတဲ့၊အဖြေမှန်က လွမ်းတတ်တာကြာပြီ နင်သိသလောမသိသလောတဲ့ ကျွန်တော့ဘွားအေကြီးက သူလွမ်းတဲ့အကြောင်း သိစေချင်တာ၊ ဒါပေမယ့် ကျွန်တော့ဘွားအေကြီး ခမြာ အဲဒီကြက်တူရွေးခေါင်းကြီးကိုပဲ အဖြေမှန်လုပ်ပြီး ပြန်ကြိုက်လိုက်ပါသတဲ့ (ကဲ..သူတို့ပြန်ကြိုက်ချင်တော့လဲနော်)။ ကျွန်တော်လည်း ကြက်တူရွေးခေါင်းကြီး အားကိုးနဲ့ လူပျိုတော့လှည့်ခဲ့တာပဲ အဲဒီအရပ်နဲ့ နဖူးစာမှင်ရေကြဲခဲ့ ထင်ပါ့ ရန်ကုန်ကို original အတိုင်းပဲ ပြန်ခဲ့ရပါတယ်။


အဲဒီကာလက မဟူတောင်ရိုး နဲ့ ပုံတောင်ပုံညာဘက်မှာ တောဆင်အုပ်တွေ ကျားတွေကလဲ ရှိသေးခင်ဗျ၊ အခုတော့ အကုန်ကုန်ပြီနဲ့ တူပါရဲ့။ ကျားတွေကတော့ တော်ရုံတန်ရုံနဲ့ ရွာတွေဘက်ကို ဆင်းမလာတတ်ပါဘူး။ ဆင်းလာလို့ ကျားဆွဲသွားရင်လဲ ယက္ကန်းခတ်တဲ့ အပျိုမလေးတွေ ရွေးပြီးဆွဲတတ်တာကြောင့် နတ်ကျားမို့သာ ဒီလိုဆွဲတယ်ဆိုပြီး ကျားဆွဲခံရရင် နတ်ကကျားနဲ့ တိုက်တယ်လို့ အဆိုရှိပါတယ်။ တောထဲမှာ ဝက်ဝံတွေလဲ ရှိပါတယ်၊ ဝက်ဝံတွေလဲ ဗမာပြည်မှာ ရှားပါးသတ္တဝါ ဖြစ်သွားပါပြီ။ ဝံသည်းချေက နာမည်ကြီးတာကိုး၊ တပေါင်းတန်ခူး ကာလတွေမှာ တောထဲက အရိုင်းပေါက်တဲ့ တယ်ပင်ကအသီးတွေ မှည့်ချိန်ဆိုရင် တယ်ပင်အောက်မှာ ဝံနဲ့တွေ့ဖို့ ၈၀%လောက် သေချာပါတယ်။ တယ်သီးမှည့်က တယ်ချိုတာကိုးခင်ဗျ။ မွှေးကလဲမွှေးတယ်၊ တယ်သီးမှည့်ရရင်တော့ ကောက်ပြီးအမြန်သာပြေးပေတော့။ ဝံနဲ့တွေ့လို့ကတော့ တွေ့တဲ့နေရာ သူကကိုယ့်ကို ဆော်မှာပဲ။ ဒီကောင်တွေ ပတပ်ရပ်လိုက်ရင် လူတရပ်လောက်တော့ အသာလေးမြင့်တယ်။ ဝံကတော့တွေ့ရင် ကိုက်ပါသတဲ့။


ဆင်သွားလမ်းဖြစ်ဆိုတဲ့ ဗမာစကားပုံကို အဲဒီရောက်မှပဲ ကျွန်တော်သဘောပေါက်တယ်၊ ဆင်အုပ်တအုပ်သွားထားပြီဆိုရင် အဲဒီဆင်အုပ်သွားထားတဲ့ နေရာဟာ လှည်းတစီးမောင်းလို့ရအောင် လမ်းကြီးဖြစ်ပြီးကျန်ခဲ့တာပါ။ ဆင်ရဲ့သဘာဝအသိဉာဏ်ဟာ ဘယ်လိုသိကြသလဲတော့ မသိပါ၊ တောင်ကြောတလျှောက် ဆင်သွားတဲ့ဆင်လမ်းတွေဟာ အတက်အဆင်း အင်မတန်နဲပါးပြီး သက်တောင့်သက်သာရှိလှတာမို့ ကျွန်တော်တို့ကတော့ ဆင်လမ်းကို အထူးဦးစားပေး ရွေးချယ်သွားတတ်ပါတယ်။ အလောင်းတော်ကဿပကို တောလမ်းကနေ မိုင်၄၀လောက် လျှောက်ပြီးသွားတုန်းက တောဆင်လမ်းအတိုင်းသွားတာ အတော်ကိုအဆင်ပြေပါတယ်။


ကဲ......နတ်တိုက်တဲ့နတ်ကျားနဲ့ ကျွန်တော်တို့ ဘယ်လိုဖြစ်ကြသလဲဆိုတာ ဆက်ကြစို့လား.....။မဟူတောင်တန်းရဲ့ အရှေ့ဖက်ခြမ်းဟာ သလင်းအနွယ်ဝင် fancy ကျောက်တွေထွက်ပြီး အနောက်ဖက်ခြမ်းမျာတော့ ဆေးဘက်ဝင်တဲ့ အပင်တွေပေါက်တယ်လို့ အဆိုရှိပါတယ်။ ကျွန်တော်တို့က မတ်စောက်တဲ့အရှေ့ဘက်အခြမ်းကို အတက်အဆင်းလုပ်ပြီး နေ့တိုင်းရွာပြန်နေရတော့ တပတ်လောက် တောထဲမှာစခန်းချပြီးနေကြဖို့ ပြင်ကြပါတယ်။ တောထဲမှာပဲ သစ်ခုတ်ဝါးခုတ်ပြီး ယာယီတဲလေးတွေ ဆောက်ပြီးနေကြတာပေါ့။ ရွာခံအလုပ်သမား ၅ယောက်လောက်နဲ့ပါ၊ နယ်မြေကလဲ အေးချမ်းသာယာတော့ လုံခြုံရေးအတွက် ရဲကိုတောင်ပေါ် မခေါ်တော့ပါဘူး။ အလုပ်သမားတွေကလဲ တူမီးသေနတ် ကိုယ်စီပါတယ်၊ ကျွန်တော်က သူတို့တူမီးတွေကို အမြဲနောက်တယ် ရှေ့လေးနောက်ခြောက်ငါပေါင်းဆယ့်တစ် ပစ်သမျှ အကုန်မှန်...။ မဟူတောင်ကြောမှာ တောထဲနေပေမဲ့ အစားအသောက်တော့ မရှားဘူးခင်ဗျ။ တောကြက်တွေ၊ရစ်တွေကပေါ၊ ဖွတ်တွေပဒတ်တွေကပေါ၊ တောကြက်ဟင်းခါးသီးခြုံလေး တွေကလဲ တောင်အနှံ့ ကြိုက်သလောက်ခူး။ အဲ..ထူးခြားတာလေးတခုတော့ ပြောရဦးမယ် ဒီကိစ္စကို သတ္တဗေဒပညာရှင်များ သိမယ်ထင်တာပဲ၊ ပဒတ်အထီးမှာ နှစ်ချောင်းပါတယ်ဗျာ၊ ဘယ်လိုလဲတော့ မသိဘူး၊ တချောင်းမအား တချောင်းဆိုရအောင်လဲ နှစ်ချောင်းလုံး ပြိုင်တူသုံးလို့မှမရတာ....။ တွေးရခက်ကြီးနော်......။


မဟူတောင်တန်းပေါ် နေတဲ့တရက်မှာပေါ့ဗျာ၊ ကျွန်တော်တို့ အလုပ်ကနေ စခန်းချတဲ့ တဲလေးတွေဆီ ပြန်လာတော့ ကျွန်တော်တို့တတွေ စကားတပြောပြောပေါ့လေ တနေရာရောက်တော့ ကျွန်တော့အလုပ်သမား ခင်မောင်ဝင်းက သစ်ပင်တပင်ပေါ်မော့ကြည့်ရင်း.....ဟာ...ဆရာ..ဟိုမှာ..ဟိုမှာ.. သစ်ကလေး..သစ်ကလေး..ပေါ့လေ၊ မော့ကြည့်လိုက်တော့ အနက်ပျောက်လေးတွေနဲ့ ကျားသစ်လေးတကောင် ..သစ်ပင်ပေါ်မှာရှိနေတယ်၊ ဒီကောင်က သိတ်အကောင်မကြီးဘူး ဆိုပေမဲ့ ခွေးတကောင်နီးနီးတော့ ရှိနေပြီ။ ခင်မောင်ဝင်းက ပစ်ချလိုက်ရမလား ဆရာတဲ့၊ ဒီကောင်ကလဲ သူ့တူမီးစွမ်းပြချင်နေတာကိုး။ မင်းသဘောလို့ ပြောလိုက်တော့ ..ဒုန်း....ကနဲ ပစ်ချလိုက်တာ ပစ်တဲ့ဘက်နဲ့ ရှောင်တဲ့ဘက် ကိုက်သွားလို့လားမသိပေါင်ခင်ဗျာ ...ကျားသစ်လေးခမြာ သစ်ပင်ပေါ်က ကားယားကျလာတယ်။ ရလာတဲ့ကျားသစ်လေးနဲ့ ပြန်လာချိန်မှာ စခန်းမှာလဲ ဖွတ်သားကျော်နဲ့ ခင်ဗျ၊ ကျွန်တော်တို့နေတဲ့ တဲပေါ်ကို ဖွတ်မွဲတကောင် တက်လာလို့ ထမင်းချက် အလုပ်သမားလေး ကျော်သန်းက လက်မြန်ခြေမြန် ရိုက်ထည့်လိုက်တော့ ဖွတ်ခမြာကိစ္စချောသွားရှာတယ်။ ကျွန်တော်တို့ကလဲ ရန်ကုန်ရုံးက ငွေရောက်မလာသေးလို့ ပိုက်ဆံပြတ်နေချိန် ဖွတ်မွဲက တက်လာတယ်ဆိုတော့ ဒီကောင်သေတာ အေးတယ်ပေါ့။ အဲဒီနေ့ညစာကတော့ ဖွတ်သားကျော်နဲ့ ကျားသစ်သားဟင်းပေါ့ဗျာ၊ ကျားသစ်သား အရသာ ဘယ်လိုနေသလဲတော့ မမေးပါနဲ့တော့ခင်ဗျာ..၊ သူများအသားကတော့ အားလုံးအတူတူပါပဲ၊ ကြမ်းတာနဲ့နုတာ အဆီများတာနဲ့နဲတာ ဒါပဲကွာတာပါပဲ။


အဲဒီညက ထူးခြားတာကတော့ ကျွန်တော်တို့စခန်း မနီးမဝေးမှာ ကျားတစ်သံတွေ ကြားနေရတော့တာပါပဲ။ ကျားတစ်တယ်ဆိုတာ ကျားအော်သံတမျိုးပါပဲ တိန်..တိန်..နဲ့ မြည်သလိုပါပဲ။ ဟိန်းတာဟောက်တာမျိုး မဟုတ်ဘူး။ မနက်လင်းတော့ အနီးအနား လျှောက်သွားကြည့်တော့ ညက စခန်းနား လာသွားတဲ့ ကျားခြေရာလတ်လတ်ဆတ်ဆတ်တွေ တွေ့ရတာပါပဲ။ အကောင်ကမသေးဘူးခင်ဗျ ၊ ကျားခြေရာအဝိုင်းက ၅ လက္မ လောက်တော့ရှိမယ်။ တောရိုင်းကျားဆိုတာ လူနံ့ရရင် လာခဲပါတယ်၊ အဲဒီနေ့က ကျွန်တော်တို့ ကျားသစ်သားစားထားတော့ ကျားသစ်နံ့ရပြီး ကျားကသူ့နယ်မှာ ရန်သူဝင်တယ်ထင်လို့ ရန်လုပ်ချင်လို့ လာတာနေမှာပေါ့လေ။


ဒါပေမဲ့....နတ်ခမြာ သူ့ရှိစုမဲ့စု ကျားလေး ဟင်းအိုးထဲရောက်သွားမှာ ကြောက်လို့လားမသိ သူ့ကျားသူ ပြာရီးပြာယာခေါ်ပြီး ပြန်ပြေးသွားထင်ပါရဲ့..၊ နောက်ထပ် ပေါ်ကိုမလာတော့ပါခင်ဗျာ....။

33 comments:

အဖြူရောင်နတ်သမီး said...

ဟား.ဟား...
တော်လိုက်တဲ့..“ဘကျောက်”...
ကျားနဲ့နတ်တောင်..လစ်ပြေးရသတဲ့....

kiki said...

လူပျိုလှည့်ရတဲ့ အရသာကလဲ ခုနေပြန်တွေးမိတော့ ရင်အခုန်သား.....
ရင်ပဲခုံတာလား ဘဘကျောက်ရ . ။

ဆင်သွားရင် လမ်းဖြစ်တယ် ဆိုလို့ ခုဆို ဆင်တွေ ဗုံးဘောလအော လှိမ့်ပိတ်ထုတ် နေကြတာ ထင်ပါရဲ့ နော် ... ဆင်အဖြူဆို လမ်းပိုကျယ်တယ် တဲ့လေ ..ဘဘဂျီး ကပြောတာ ပဲ ..

ဟယ်... ကျားသစ်လေး သနားပါတယ် .. သူမရှောင်ရင် လွတ်အုံး မှာနော် ..... ကျားသစ်သား နဲ့ ဖွတ်မွဲ စားလိုက်တော့ .. ဟီးဟီး . ခုတော့ ဖွတ် ကျား လေးဖြစ်နေတာ ပေါ့ လေ .. ဟေးဟေးဟေး ..
စားကောင်းလားဟင်း)...
စကားမစပ် ... ပဒပ်အထီးက နှစ်ချောင်းဆိုတာ ဘာ လဲ .. အမြှီးလားးးးး ဂိန်..

ကိုအောင်(ပျူနိုင်ငံ) said...

ကျားသစ်ပေါက်စလေး သနားပါတယ် အကိုကြီးရယ်။

ခရေညို said...

ဟယ် ကျားသစ်ကလေးသနားပါတယ်။
ဦးလေးကြီးတို့များ ရက်စက်ပ ဟင့်။

မောင်ဘကြိုင် said...

ဝါးးးဟားဟားးးး)
လူကြံဆင်တောင်မခံမှတော့
ကျားဆိုဝေးပေါ့ဗျာ
း)

မမသီရိ said...

ကိုပိုက် တို့ ခင်မောင်အေး(မန္တလေး) တို့ရဲ့
စာတွေ ပြေးမြင်မိတယ်
တောအကြောင်း တောင်အကြောင်း.. အမဲကောင်တွေ တောကောင်တွေ အကြောင်း

ဒါနဲ့ စာကဆူရှီလိပ်ရင်း ရေးတာလား အကိုကြီး..း)

မြစ်ကျိုးအင်း said...

အဲဒီလို တောထဲတောင်ထဲတော့ တကယ်သွားချင်စိတ် ရှိတယ် ။ မုဆိုးဝတ္ထုတွေဆို သိပ်ကြိုက်တာပေါ့ဗျာ

ရင်ခုန်စိတ်လှုပ်ရှာဘို့ ကောင်းသလို နေရာအသစ် အဆန်းလေးလည်း ရောက်ရမှာဆိုတော့ အခါအခွင့် သင့်ရင် သွားချင်ပါသေးတယ်။

နတ်ကျား သမိုင်းက နေရာတော်တော်များများ မှာ ကြားရတယ်။

မြစ်ကျိုးအင်း said...

ဗဟုသုတ လေးတွေပါ ညှပ်ရေးပေးလို့ သဘောကျတယ်

P.Ti said...

အကို့စာတွေလာဖတ်ရတာ ဖိုးကျော့ စာအုပ်ဖတ်နေရသလိုပဲ။ စိတ်ဝင်စားဖို့ကောင်းတယ်။

အကောင်းတွေ ဘယ်လောက်စွမ်းစွမ်း.. ဒီလိုလူတွေနဲ့တွေ့တော့ ဟင်းဖြစ်သွားတာပဲ ... :D

ဆက်ရေးပါဦး...

ဂျူနို said...

ကျားသစ်သား တကယ် စားခဲ့တာလား။
ဘကျောက်ကတော့ စံပဲ.


မအယ်

stan said...

Dear my brother,
That is called hemipenis and it is commonly found in the snakes and lizards. Although they have two, they use only one at a time during copulation. In order to use either their right or left, it is depending on the position of male during mounting (see Goin & Goin 1969: An Introduction to Herpetology).

jeffrey said...

Dear Ko Paut

I really enjoy reading your blog with lots of life experience which seem to me very colorful.Try to spare time for writing such a wonderful experience. Sharing is a good idea.Wish you best of luck and success.

ကိုချစ်ဖေ said...

ကိုဘကျောက် အဲသူများတွေ ဘကျောက်ဆိုတော့ ကိုဘကျောက်ပဲခေါ်လိုက်ပါတယ်ဗျာ.ကိုရွှေ လိုခေါ်ရင်
လည်းကျနော်တို့ ဘကြီးလူဆိုးကြီးနဲ့တူနေမှာစိုးလို့..
ဟဲ.ခုရက်ထဲ ဆရာဖိုးကျော့ ၀ထ္ထုတွေပြန်ဖတ်ချင်နေတာ
ကိုဘကျောက်ရဲ့ တောအတွေ့အကြုံ ရွာရိုးရာဓလေ့နဲ့ ယက္ကန်းသမလေးကို ချစ်မိတာ တွေရေးပါဦး..ကျနော်လည်း ကြက်တူရွေးခေါင်းကြီးပဲ နမူနာယူသွားပါတယ်.ဗျား..

momiji said...

ဒါပေမဲ့....နတ်ခမြာ သူ့ရှိစုမဲ့စု ကျားလေး ဟင်းအိုးထဲရောက်သွားမှာ ကြောက်လို့လားမသိ သူ့ကျားသူ ပြာရီးပြာယာခေါ်ပြီး ပြန်ပြေးသွားထင်ပါရဲ့..၊ နောက်ထပ် ပေါ်ကိုမလာတော့ပါခင်ဗျာ....။
:)

good to read.

thoehtane said...

hin...
padat htee mhar 2 rods shi yin, padat ma tot 2 tongues shi mha phyit mae...LOL
thats good to know. it never occoured to me they have two :D
darn...we still need to learn alot from our elder generation =:)

ဖြူတုတ်လေး said...

ဘဘရေ... ဖြူတုတ်က ကျားသစ်ငယ်လေးဆိုတော့ မပစ်နဲ့လို့ ပြောလိုက်မယ်ထင်နေတာ။ ကလေးလေးကို သနားပါတယ်။ ဘဘတို့မှာကလည်း မုဆိုးတပိုင်း ဘူမိပညာရှင်တပိုင်းဖြစ်နေတော့ ဘယ်တတ်နိုင်မလဲနော။ လူပျိုလှည့်တဲ့အပိုင်းကတော့ ရယ်ရတယ်။

Kay said...

နေကျေက်ခဲ စာတွေကတော့..ပရိသတ် တောင်းသကိုး။ အပေါ်က ပြောကြသလို..ဖိုးကျော့ လိုလို ဘာကလို တိုတို..
အကိုကြီး..ရွာနာမည်တွေက အစ မှတ်မိနေတာတော့..ချီးကျူးပါ့..။ ဖတ်လို့ ကောင်းသဗျို။

sweetpeony said...

ဘကျောက်ကလဲ ကျားသစ်လေး သနားပါတယ်.. မွေးထားလိုက်တာမဟုတ်ဘူးးး
:P:P

မယ်ကိုး said...

နောက် လေးလေး မအားတော့ဘူး ဆိုရင် နောက်ဆို ဒီလို ဗဟုသုတပြည့်ဝတဲ့ စာတွေ မရေးတော့ဘူးပေါ့။
စိတ်မကောင်းလိုက်တာ။

ကိုမျိုး said...

မင်္ဂလာပါ...
တကယ့်ကို မှတ်သားစရာ ဗဟုသုတ စုံလင်စွာနဲ့ အတွေ့အကြုံလေးတွေ ရေးထားတာ အားရစရာပါ ခင်ဗျား... ဆရာကြီး ရွှေဥဒေါင်း ရဲ့ တသက်တာမှတ်တမ်း ထဲက ဆင်စီးပြီး တောလိုက်တာကိုပါ ပြန်လည်မြင်ယောင်လာမိတယ်ဗျာ.. အတွေ့အကြုံလေးတွေ ဝေမျှပေးတာ ကျေးဇူးပါ...

ခင်မင်စွာဖြင့်
ကိုမျိုး

Maung said...

ကျွန်တော်လည်း ဒီမှာခြေရာချန်မယ်ချန်မယ်နဲ့ မကြုံသေးတာ..အခုမှပဲ မန့်ဖြစ်တော့တယ်.

ချိုသင်း..Kay တို့အပြင်..Sr. G တစ်ယာက်ရဲ့စာဖတ်ရတာ အရမ်းကောင်းပါ့ခင်ဗျာ..

G ဆိုလို့ gay လို့မထင်လိုက်ပါနဲ့..:) ကျွန်တော်တို့ Generation မှာ ကျောက်ခဲလို့မခေါ်ဖြစ်ဘဲ G လို့သုံးပါတယ်..

မှတ်မှတ်ရရ အဆောင်မှာ Maths ကြိုးစားသင်နေစဉ် အခါက..လက်ထဲ 1,9,K
ရှိနေတာတောင် မင်းG မဟုတ်ဘူးလား လို့
ကိုအောင်သီက မေးလို့ ရှိုးလိုက်တာ ထမင်းတောင်ငတ်
ဖူးပါတယ်..အဲဒီလောက် G ကိုချစ်ရသူပါ..:))

နောက်လာမဲ့စာတွေလည်းမျှော်နေပါတယ်..Maryland
ေ၇ာက်ခဲ့ရင်လည်းဆက်သွယ်လို့ရပါတယ်..
ဒီမှာ အကိုတို့Batch လောက်က G တွေအများကြီးရှိပါတယ်..

Long Live G!!!!

NL :)

Maung said...

မေ့သွားလို့ ချိုသင်းပြောတာ..ကိုအောင်သာငယ်
ဆိုတာလဲ G တစ်ဦး ဆိုဘဲ..
Blog မရေးပေမဲ့ G တွေရဲ့ စာ တွေ ဖတ်နေရတာ
ဝမ်းသာဂုဏ်ယူပါတယ်ခင်ဗျာ..:)

MieMie said...

ကျားသစ်လေးကို သနားတယ်... အတွေ့အကြုံတွေ အကုန်မှတ်မိနေတာ ချီးကျုးတယ်...

mie nge

tg.nwai said...

ဖတ်လို့ကောင်းလိုက်တာ အစ်ကိုရေ... တောတွင်းအတွေ့အကြုံလေးတွေနဲ့ ဗဟုသုတတွေ ရပါ့။ ကျားသစ်ကလေးနဲ့ ဖွတ်မွဲကတော့ ကံဆိုးရှာတယ်..နတ်ကျားများဖြစ်သွားမလားလို့...:)

မောင်မိုး said...

ဟုတ်တယ်ဗျို့...ပဒတ်ကနှစ်ချောင်းဗျ..ဟဲ..ဟဲ...မိုးရွာပြီးစ နေပြင်းပြင်းလေးပူလိုက်ရင်....စားပေရော့ ပဒတ်တွေ..ငရုတ်သီးခွဲကြမ်းလေးနဲ့ ကြော်ပြီးတော့...ရှယ်ပဲနော်..ဘကျောက်

ဆောင်းယွန်းလ said...

ကြက်တူရွေးခေါင်းကြီးဆိုတာနဲ့ မိန်းမရတယ်ဆိုရင်
ကျနော်လည်း တခါလောက်တော့ ထပ်ပြောကြည့်ချင်သား.......
စိတ်ဝင်စားစရာကောင်းတဲ့ တောတွင်းခရီးသွားပုံပြင်လေးတွေရှိရင် ဆက်ပါဦးအကိုကြီးရေ

Moe Cho Thinn said...

ကျားသစ်လေး သနားပါတယ် အကိုကြီးရာ..ချိုသင်းသာဆိုရင် ယဉ်အောင် လိမ်မာအောင် လုပ်ပြီး မွေးထားချင်လိုက်တာ..။ ရမရတော့ မသိဘူးပေါ့နော်။ တိရိစ္ဆာန်ဆို ချစ်လို့ပါဗျ။

အကိုကြီးတို့ခေတ်က အတော် field ဆင်းရတာပဲနော်။ ပျော်စရာကောင်းလိုက်တာ။ ချိုသင်းတို့ကျတော့ အရေးအခင်းတွေနဲ့မို့ တတိယနှစ်မှာ ကျောက်ဆည်၊ စတုတ္ထနှစ်မှာ ရှမ်းတောင်ဦး ပဲ ဆင်းရတယ်။ အကိုတို့တုန်းက သေနတ်လဲ ကိုင်ရတယ်နော်။ မိုက်တယ်ဗျာ..၊ လူဖြစ်နောက်ကျသွားတယ်။

ကြက်တူရွေးခေါင်းကြီးကိစ္စကတော့ ချစ်တဲ့သူဖက် အတော်ယိမ်းလိုက်တာပဲ။ morderation တောင် ဂုဏ်ထူးတန်းပေးသလို ဖြစ်နေပြီ။ :)

Aung M said...

ဘကျောက် ပဒပ်အထီးက နှစ်ချောင်းပါတယ်ဆို တော့ တော်တော့ကို စွမ်းမဲ့ပုံပဲနော်

မောင်မောင် said...

ပီနိုင်း ရေ ကျားသစ်သား က မိုက်လားဗျ။
အတွေ့ အကြုံ ကတော့ရှယ်ပဲဗျာ။
အဲလို တောထဲ တစ်ခါမှ သွားဖုးဘူးဗျာ။
ကျားသစ်လေး ကလဲ မရှောင်ယင်လွတ်တယ်နော်။
ဟဟဟ

ရွှေရတုမှတ်တမ်း said...

ကို stan ရေ
မျှဝေပေးတဲ့ ဗဟုသုတ အတွက် ကျေးဇူးပဲ
ကိုနေလင်း
ကျနော် ဆိုင်အသစ်ယူထားတယ် wheaton က University Blvd က Giant မှာ လာလည်ပါဦး
နေ့တိုင်းရှိတယ်

Maung said...

အကိုပြောတာ..မဝိုင်းတို့ဆိုင်လား?

HAPPY CLOUD said...

တောတွင်းဗဟုသုတလေးတွေ ဖတ်ကောင်းသဗျာ။ အခွင့်သင့်တဲ့အခါ တောတွင်းအတွေ့အကြုံလေးတွေ ဆက်ပါအုံး။


ခင်မင်လျက်..
မိုးမောင်

Nge Naing said...

အန်ကယ်ကျောက်ရေ လာဖတ်သွားပါတယ်။ ကျောင်းလည်းပိတ်သွားပြီ နောက်ထပ် သုံးလစာ ကြိုက်သလောက်တင် မပျက်မကွက်လာဖတ်လို့ ရသွားပြီ။ အန်ကယ်ကျောက်ရေးတာကို အရင်က ကျွန်မတို့မတိုင်ခင် ရ တန်းနဲ့ ရှစ်တန်း ကျောင်းသုံးမြန်မာဖတ်စာအုပ် အဟောင်းတွေ ထဲက ဆင်ဖိုးထွန်းတို့၊ ဆင်လိုက်ခြင်းတို့ကို သတိရသလို၊ ရွာတွေမှာ လူပျိုတွေ အပျိုလှည့်တဲ့အကြောင်း ဖတ်ရတော့ ရန်ကုန်ဗဆွေရေးတဲ့ မြန်မာပြည်သားနဲ့ မင်းသိင်္ခရေးတဲ့ ငနက်ကျော်ကို သတိရသွားတယ်။ စကားထာဝှက်တာ မပါပေမယ့် ကျွန်မတို့ ရွာတွေမှာ အခုထိ အပျိုအိမ်တွေကိုသွားပြီး လူပျိုတွေက ညဘက် လူပျိုလှည့်တာ ရှိသေးတယ်။ ဒါပေယ့် နှစ်ယောက်တည်းတော့ မဟုတ်ဘူး အအိမ်လုံး ၀ိုင်းထိုင်ပြီး စကားပြောကြတာပါပဲ။ ညသန်းခေါင်မတိုင်ခင် ညဦးပိုင်း ၁၀ နာရီ ပတ်ဝန်းကျင်လောက်မှာ တွန်တဲ့ ကြက်တွန်သံကို လူပျိုတွေ အမျိုလှည့်ရာကအပြန် အိမ်ပြန်အိပ်ချိန်မို့ လူပျိုပြန်ကြက်တွန်သံလို့ ကျွန်မတို့နယ်မှာ ခေါ်ကြတယ်။