Tuesday, November 17, 2009

ရှူရှူငယ် ပန်ရွယ် သွန်းတာကြောင့်


ကျွန်တော်တို့ မန္တလေးမိုးကုပ်လမ်းက ဇရပ်ကွင်း၊အုန်းဇုံး၊ချောင်းကြီး၊ ရွာတွေတဝိုက်ကို ဖေါ့စဖိတ်ကျောက် ရှာဖွေရေး field ဆင်းခဲ့ရတုန်းကပေါ့ခင်ဗျာ၊ ဇရပ်ကွင်း ဆိုတဲ့ရွာဟာ အဲဒီနား တဝိုက်မှာတော့ အစည်ကားဆုံး ပါပဲ၊ ကျွန်တော်တို့ ရောက်တဲ့ အချိန်က အဲဒီနယ်ဟာ တကယ့်ကို သစ်တော၊ဝါးတောတွေ ထုထပ်တဲ့အရပ်ပါ၊ ကျော်ဟိန်း၊နေအောင်၊နော်လီဇာ၊ တို့ပါဝင်တဲ့ မီလာရှီကာ စိုင်းဗေဒါ ဆိုတဲ့ ဇတ်ကားကို အုန်းဇုံးရွာနားက ကွင်းသုံးဆယ်စခန်း တဝိုက်မှာရိုက်သွားတာပါ၊

ကျွန်တော် ရောက်တဲ့အချိန်မှာ သစ်ထုတ်လုပ်ရေး စခန်းက မိတ်ဆွေတွေက သစ်ထုတ်လုပ်ရေးအောင်ပွဲတခုကို ဖိတ်ပါတယ်၊ တောထဲမှာခုတ်လှဲခဲ့တဲ့ လုံးပတ် လူတရပ် နီးပါးမြင့်တဲ့ သစ်လုံးကြီးကို ဇရပ်ကွင်းစခန်းကို သယ်လာနိုင်လို့ပါ၊ အဲဒီ သစ်လုံးကြီးကို တောထဲကနေ အပြင်ရောက်ဖို့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတာပါ၊ ခုတ်လှဲချိန်တုန်းက လူအချို့ သေခဲ့ရသလို ကားပေါ်တင်ပြီး သယ်လာတော့လဲ သစ်လုံးကြီးက ရှေ့ကိုရွေ့လာပြီး ကားခေါင်းခန်းကို ဖေါက်ထွက်ကာ ကားမောင်းသူနဲ့ သူ့အဖေါ်တို့ အသက်ဆုံးရပြန်ပါတယ်၊ တခါ ကရိန်းနဲ့ချချိန်မှာလည်း သံကြိုးတွေပြတ်ကျပြီး လူတချို့ ထိခိုက် ဒဏ်ရာရကုန်ပြန်ပါတယ်၊ အဲဒီသစ်လုံးကြီးရဲ့ အစောင့်ရုက္ခစိုး အကြောင်းကတော့ ဇရပ်ကွင်းမှာ ပြောစမှတ်ကိုပြုရတာပဲ၊

ကျွန်တော်တို့ အဖွဲ့ခေါင်းဆောင် ဦးမြင့်သိန်းနဲ့ ရုက္ခစိုးနဲ့ ကြုံရပုံလေး ကတော့ ဒီလိုခင်ဗျ၊ ကျွန်တော်တို့က ဇရပ်ကွင်း မှာနေတဲ့အချိန်မှာ ဦးမြင့်သိန်းက ဝါးဖြူတောင်မှာနေတယ်၊ ဝါးဖြူတောင်စခန်းက ရွာအပြင် လောင်တိုက်ကုန်းမှာလေ၊ သူ ဝါးဖြူတောင်စခန်းနေလို့ ၁၅ ရက်လောက်ပဲ ရှိသေးတယ် ကျန်းမာရေးက ချူချာလာတယ် ဖျားတယ်၊ တောဆိုတော့ ငှက်ဖျားပဲ ဖြစ်ရမယ်လေ၊ အဲဒီတော့ ငှက်ဖျားဆေးတွေတိုက် ငှက်ဖျားဆေးတွေထိုးပေါ့လေ၊ ဝါးဖြူတောင်စခန်းနဲ့ မျက်နှာချင်းဆိုင်မှာ သစ်ထုတ်လုပ်ရေးက ဆင်စခန်းရှိတယ်၊ ဆင်စခန်းမှာက ဆင်ဦးစီး မိသားစုတွေ၊ ဆင်ပဲ့ချိပ်တွေ နေတယ်၊ ဆင်ပဲ့ချိပ်ဆိုတာ ကားစပယ်ယာလိုမျိုး ဆင်စပယ်ယာပေါ့လေ၊ သိတ်ဆိုးတဲ့ ဆင်ဆိုရင် လမ်းဖြောင့်ဖြောင့်သွားဖို့ ဘေးက ဆင်ပဲ့ချိပ်က လိုက်ရတယ်၊ဆင်ဦးစီးက ဆင်ပေါ်ထိုင်ပြီး ဆင်ဦးကင်းကို ဒါးမြှောင်နဲ့ ဆွတာလောက်ကတော့ တချို့ဆင်တွေက အရေးမစိုက်ဘူး၊ ဘေးကပဲ့ချိပ်က လှံနဲ့လိုက်ရသေးတယ်၊ ဆင်ရဲ့လက်တွေခြေတွေကို လှံနဲ့ထိုးမှ တချို့ဆင်တွေက လမ်းအဖြောင့်သွားတယ်၊ မုန်ကျတဲ့ဆင် ဆိုရင် အလုပ်မပျက်အောင် ဘိန်းကြွေးရတယ်၊ ဒါပေမယ့် ဆင်ဦးစီး တော်တော်များများက ဆင်မကြွေးပဲ သူတို့ပဲ စားပစ်ကြတော့ ဆင်ဦးစီးတွေ ဘိန်းစားဖြစ်ကုန်ကြတာများတာပဲ၊ အောင်မယ်..သူတို့ကမှပြောရတယ် ရှိသေး ဘိန်းစားမှ မယားချစ် ဆိုပဲ ကျွန်တော်မြင်တာတော့ သူတို့မယားတွေခမြာ စားစရာတောင် မရှိလို့ တလည်လည်နဲ့ အတော်သနားဖို့ကောင်းရှာပါတယ်၊

အဲဒီဆင်စခန်းမှာ ဆင်တွေနာမကျန်းရင် ကုဖို့ ဆင်ဆရာဝန် ဆိုတာလဲရှိတယ် ဆင်ဆရာဝန်ခမြာလဲ ဆင်တွင်မက လူရောကုရတာပါပဲ၊ အဲဒီ အချိန်က ဆရာဝန်ဆိုတာ ကလဲ တောနယ်မှာ ရှားပါးပစ္စည်းလေ၊ ကျွန်တော်တို့ field ထဲမှာဖျားရင်လဲ ရမ်းကုနဲ့ပဲ ပျောက်စေလုပ်ရတာပဲ၊ ဆင်ကိုဆေးထိုးတဲ့ အပ်က ဆင်ရဲ့အရေပြားကို ဖေါက်နိုင်ဖို့ တထွာလောက်ရှည်တယ်၊ အပ်ကြီးကလဲ အတုတ်ကြီး၊ ဦးမြင့်သိန်းနေမကောင်းတာ ဆင်ဆရာဝန်နဲ့ ကုတယ်ဆိုတော့ ကျွန်တော်တို့မှာ အလန့်တကြားတောင် ဖြစ်သွားတယ်၊ ဆင်ဆေးထိုးအပ်ကြီး မျက်စေ့ထဲ သွားမြင်လိုက်လို့လေ..၊ ဆင်ဆရာဝန်ကလဲ လူချင်းရင်းနှီးနေတော့ သူတတ်စွမ်းသမျှတော့ ကုပေးရှာတာပါပဲ၊ ဒါပေမဲ့ တနေ့တခြား ပိုပိုဆိုးလာတယ်၊ သွေးဝမ်းတွေပါလာတယ်၊ အဲဒါနဲ့ တောမှာ ဒီလိုနေလို့တော့ မဖြစ်တော့ဘူးဆိုပြီး ချက်ချင်း မန္တလေးကနေ ရန်ကုန်ကို လေယာဉ်နဲ့ အမြန်ပို့လိုက်ရပါတယ်၊ သူလဲ ရန်ကုန်မှာ တလလောက် ဆေးကုလိုက်ရပါတယ်၊

ကျွန်တော် ရန်ကုန်ပြန်ရောက်တော့ ဦးမြင့်သိန်း မိန်းမ မအေးသီက မေးပါတယ်၊ ဟဲ့..နင်တို့ စခန်းမှာ ခုတ်လှဲထားတဲ့ သစ်တုံးကြီး ရှိသလားပေါ့၊ ရှိတယ် အမကြီးရဲ့ ဘာဖြစ် လို့တုန်း လို့ပြန်မေးတော့ မအေးသီက အကြောင်းစုံ ပြောပါတယ် ဦးမြင့်သိန်းကို ဆေးကုရင်း ဗမာအမျိုးသမီးတို့ ထုံးစံအတိုင်း ယတြာချေ၊ နတ်မေး၊ အကုန်လုပ်ပါသတဲ့၊ နတ်ရဲ့ဟောပြောချက်အရ စခန်းထဲမှာ ခုတ်လှဲထားတဲ့ သစ်ပင်ကြီး တပင်ရှိပါသတဲ့၊ အဲဒီ သစ်တုံးမှာနေတဲ့ ရုက္ခစိုးက သူ့ကို ဦးမြင့်သိန်းက နေ့တိုင်း သေးနဲ့ပန်းလို့ စိတ်အတော်ဆိုးကြောင်း ကြာရှည်သီးမခံနိုင်လို့ ပြုစားလိုက်ကြောင်း၊ သေအောင်ပင် လုပ်ပစ်ချင်ကြောင်း (ဒါတော့.နတ်ကတော် က နဲနဲရွှီးတာထင်ပါရဲ့) ၊ ဒါပေမဲ့ ရန်ကုန်ကို ချက်ချင်းပြန်သွားလို့ သူ့နယ်မဟုတ်တော့လို့ ဘာမှဆက်မလုပ်နိင်ကြောင်း ဖြေပါသတဲ့၊

ဒါနဲ့ ဦးမြင့်သိန်းနေကောင်းတော့ မေးကြည့်အခါ သူက မနက်မျက်နှာသစ်ရင် ခြေထောက်ကို ရေစိုမှာစိုးလို့ သစ်တုံးပေါ် ဆောင့်ကြောင့်ထိုင်ပြီးမှ သစ်ပါသတဲ့၊ field ထဲမှာဆိုတော့ basin ကလဲမရှိဘူးလေ၊ စည်ပိုင်းကနေ ခွက်နဲ့ခပ်သစ်ရတာကိုး၊ ဒီတော့ မျက်နှာသစ်ရင်းနဲ့ အလုပ် ၂ခု တပြိုင်နက်ပြီးအောင် လုပ်တဲ့အကြောင်း ပြောပြပါတယ်၊ ကဲ..သူက အလုပ် ၂ခု တချိန်ထဲပြီးချင်တော့ ရုက္ခစိုးခမြာ နေ့တိုင်း အောင့်သက်သက်ခံနေရတာ နေမှာပေါ့လေ၊ နှာခေါင်းကို လက်တဖက်နဲ့ပိတ်ပြီး ထီးဆောင်းပြီးနေရမယ်နဲ့ တူပါရဲ့၊ ဒီရုက္ခစိုးမှာ ထီးကလဲ မရှိ ဆပ်ပြာလဲမရှိရှာလို့ သည်းညည်းမခံနိုင်တဲ့အဆုံး ဆော်ထည့်လိုက်တယ် ထင်ပါရဲ့၊

အင်း.....တောထဲတောင်ထဲ ဒီလိုဒီလို အရမ်းအရမ်း ရှူရှူပန်းပြန်တော့လည်း စိတ်ဆိုးတတ်တဲ့သူနဲ့ တွေ့ရင် မလွယ်ပါလားနော်....

No comments: