မိုးကုတ်အနောက်ပိုင်း မှာ ရွှေဥဒေါင်တောင်ဆိုတဲ့ တောင်ကြီးရှိတယ်၊ မိုးကုတ်အနောက်ပိုင်းမှာ အမြင့်ဆုံးပါပဲ၊ ပေ၆၀၀၀ ကျော်မြင့်တယ်ခင်ဗျ၊ ရွှေဥဒေါင်ဘေးမဲ့တောမှာ ရှေးရှေးကတော့ ကြံ့တွေတောင်ရှိသတဲ့၊ ဒီတောင်ကြီးကိုတော့ အရပ်က ဘိုးတော်တောင်လို့ ခေါ်ကြသဗျ၊ သူလောက်မမြင့်တဲ့ တောင်ကြီး နှစ်လုံးကိုတော့ နှမတော်ကြီးတောင်နဲ့ နှမတော်လေးတောင်တဲ့၊
ဒီတောင်တွေကို ချောင်းဖျားခံပြီး စီးလာတဲ့ ချောင်းကြီးက ဥဒေါင်ချောင်းပါတဲ့၊ဥဒေါင်ချောင်းထဲမှာ ဥဒေါင်ကျောက်ကလေးတွေ ကလဲ ရဲလို့၊ ရုတ်တရက်ကြည့်ရင် ပတ္တမြားလို့တောင် ထင်ရတယ်၊ အင်္ဂလိပ်လိုတော့ Garnet လို့ ခေါ်တဲ့ ကျောက်တွေပေါ့၊
ဘိုးတော်ကြီးတောင် တဝိုက်မှာ ကျွန်တော်တို့ တတွေ fieldဆင်းကြတော့ မန္တလေး မိုးကုတ် ကားလမ်းနံဘေးက ပိုးစာ၊စိန်အင်း၊စိန်ကုန်း ဆိုတဲ့ လီစူး(လီရှော) ရွာတွေ၊ အုန်တန်ဆိုတဲ့ ရှမ်းရွာလေးတွေမှာ စခန်းချဖြစ်တာပေါ့၊ ရွာသားတွေက အများအားဖြင့်တော့ တောင်ယာစိုက် သစ်ခုတ် တောလိုက် ..ဒါတွေလုပ်ကြတာများတာပါပဲ၊ အဲဒီအရပ်ကို field ဆင်းတော့ ခုလို ဒီဇင်ဘာလထဲမှပဲ၊ ညဆိုရင် အိမ်ထဲကမီးလင်းဖိုမှာ မီးလှုံပြီး ခေါပုတ်ကင်စားရတာတော့ တကယ်လွမ်းသဗျာ၊ ပိုလွမ်းစရာကောင်းတာက ပိုးစာရွာက ဆရာမလေးနဲ့ ရည်းစားဖြစ်ခဲ့ရတာပဲ၊ ခုတော့လဲ တစိမ်းတွေလိုပါပဲလေ...( ရေးရင်းတောင် ငိုချင်လာပြီ..သူကတော့ ကလေးဘယ်နှစ်ယောက်ရနေပြီလဲ မသိဘူး..အဟီး)၊ ဆောင်းတွင်းဆိုတော့ ညဆိုရင် အပြင်မထွက်နိုင်တော့ မီးဖိုမှာ စောင်အတူခြုံရင်း ခေါပုတ်ကင်စားရတာ အဲဒီတုန်းကတော့ စားပြီးရင်လဲထပ်စားချင်တာပဲပေါ့လေ၊ ခုအိမ်ထောင်သက်ကြာလာတဲ့ ကျွန်တော့ဂျီးတော်ကြီး ခင်ဦးမေ ကတော့ လက်ချင်းတွဲထားသူများမြင်ရင်စိတ်တောင်နာသတဲ့၊
ကဲ...ဒါတွေထားပါတော့လေ၊ လီရှောရွာတွေ နေရင်းကြုံရတာတွေဆက်ရေးဦးစို့၊ လီရှောရွာမှာစခန်းချတော့ လီရှောအရက်တော့ မသောက်ဖူးခင်ဗျ၊ ပြင်းလဲပြင်းတယ် လည်ချောင်းကိုဒါးနဲ့ ခွဲဆင်းသွားသလိုပဲ၊ ကျွန်တော်ကတော့ ဂေါ်ရချိုမှကြိုက်တာ၊ မခါးဘူး ချိုတယ်၊ ခုတော့လဲ ဝိုင်တောင်မသောက်ဖြစ်တော့ဘူး၊ ကျွန်တော်တို့ စိန်အင်းဆိုတဲ့ လီရှောရွာမှာနေတော့ လိုတဲ့အလုပ်သမားကို ရွာခံလီရှောတွေပဲ ငှားရတာကိုး၊ အလုပ်သမားတွေအတွက် payroll ဆွဲရတော့ ခေါင်းနဲနဲစားတော့တာပဲ၊ လီရှောတွေက တရုတ်တို့ ကချင်တို့လို sir name ကအရင်လာတယ်၊ ပြီးတော့ နာမည်ကိုလဲ ဘယ်သူမှ အဆန်းတကျယ်မမှည့်ပဲ တစ်၊နှစ်၊သုံး၊လေး ၊နဲ့ပဲ မှည့်တာကိုး၊ family က ငွါး နဲ့စရင် သားအကြီးဆုံးက ငွါးတား၊ ဒုတိယသားက ငွါးလေး၊အဲဒီနောက်..ငွါးလန်း၊ငွါးဆီး....အစဉ်အတိုင်း မှည့်သွားတော့တာပဲ၊
အဲဒီတော့ ဘယ်လိုဖြစ်သလဲဆိုရင် အဖေ ဖြစ်သူက သားအကြီးဆုံးမို့ ငွါးတားဆိုပါတော့ သူ့သားအကြီးဆုံးကလဲ ငွါးတား ပဲ၊ အဖေ ငွါးတား ၊ သားငွါးတား မို့ နာမည်တူတွေ တော်တော်များပလေတာ၊ အလုပ်သမား ၁၀ယောက်ငှားရင် ၅ယောက်က နာမည်တူ၊ အဖေနာမည်နဲ့ခွဲရအောင် အဖေနာမည်တွေကလဲ အတူတူ၊ ရုံးကငွေစာရင်းဌာန ကိုဒီပြဿနာရှင်းရသေး၊ လီရှောရွာတွေက ကားလမ်းနဘေးဆိုတော့ အစားအသောက်ကလဲ မရှားပါးပါဘူး၊ တောအကောင်အလှောင်သားတွေလဲ ရတတ်ပေမဲ့ ဆတ် ကတော့ တော်တော်ရှားသွားပါပြီ၊ ဗမာပြည်မှာ ဆတ်သားခြောက်ဆိုပြီးရောင်းသမျှ တခုမှမယုံပါနဲ့ ခင်ဗျာ၊ ဘယ်သူမှလဲ ဆတ် ကို ဝက်တို့ကြက်တို့လို မွေးမထားသလို တောထဲမှာလဲ ဈေးမှာနေ့တိုင်းရောင်းနေရလောက်အောင် မရှိပါဘူး၊
ကျွန်တော်တောင် တောဆင်ခိုးသတ်သူတွေဆီက ဖမ်းမိတဲ့ ဆင်သားခြောက်တွေကို ရန်ကုန်ကလူတွေကို ဆတ်သားခြောက်ဆိုပြီးလက်ဆောင်ပေးဖူးသေး၊ ရန်ကုန်ကလူတွေ ကတော့ အလကားရလို့လားတော့မသိဘူး စားလို့အလွန်ကောင်းဆိုပဲ၊
မိုးကုတ်လမ်းက လီရှောရွာတွေက လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ တည်လာကြတော့ဆိုတော့ အင်္ဂလိပ်ခေတ်က ထူထောင်ခဲ့တဲ့ ရွှေဥဒေါင်ဘေးမဲ့တောကို မသိကြလေတော့ (သူတို့ကို စနစ်တကျ ပညာပေးတာလဲ လုပ်ခဲ့ပုံမရပါဘူး) ၊ဘေးမဲ့တောက တိရစ္ဆာန်တွေလဲ တော်တော်ပြောင်သွားတာပဲ၊ စွယ်စုံဆင် ဆိုရင် ပိုက်ဆံနဲ့ အကောင်တဲ့၊ အစွယ်မရှိရင် ဘေးမဲ့သမို့ ဆင်ဖြစ်တာတောင် အစွယ်မပေါက်ဝံ့အောင်ပါပဲ၊ ကျွန်တော်တို့ fieldဆင်းတော့ ကျားထောင်ထားတဲ့ သံမျှားကြီးတွေလဲ ဖြုတ်ခိုင်းရသေးတယ်၊ကျားနဲ့ကွက်တိ ချိန်ထားတာဆိုတော့၊ လူ့ပေါင်လောက်ချိန်ထားတာပေါ့ဗျာ၊ မှန်လိုက်ရင်အသက်မသေပေမဲ့ တခါထည်းပြတ်ထွက်သွားနိုင်တယ်၊ ပေါင်..ပေါင်..၊
ကဲ..ကျွန်တော်တို့ အလုပ်သမား ငွါးတားနဲ့ ဘိုးတော်တောင်တောရဲ့ အဖြစ်ကိုရေးပါဦးမယ်၊ အဲဒီနေ့က ကျွန်တော်တို့က အလုပ်နားတယ်၊ သား ငွါးတားက ဘိုးတော်တောင် ကြိုးဝိုင်းထဲ တောလိုက်ထွက်သွားသတဲ့၊ နေ့လည်လောက်ကြတော့ ငွါးတားကို ရွာကလူတွေ စောင်ပုခက်နဲ့ထမ်းတက်လာကြတော့ ကျွန်တော်တို့လဲ သပိတ်ကျင်းဆေးရုံပို့ရတော့တာပေါ့၊ ဆေးရုံမှာ ဒဏ်ရာကိုချုပ်လုပ် စည်းနှောင် ဆေးထည့်ပေးပြီး သတိရလာတော့မှ အကျိုးအကြောင်းမေးကြည့်ရတယ်၊
ငွါးတားပြောတာတော့ တောထဲမှာဘာကောင်မှ မတွေ့တာနဲ့ ငါးဖမ်းပြီးပြန်မယ်ဆိုပြီး ချောင်းထဲငါးလိုက်ဖမ်းသတဲ့၊ တောထဲက စိမ့်စမ်းချောင်းလေးဆိုတော့ အောက်ခြေတောင်အတိုင်းသား မြင်နေရလောက်အောင် ကြည်နေတာမို့ ချောင်းထဲကငါးကို ကမ်းပေါ်ကအတိုင်းသားမြင်နေရတာပဲလေ၊ တနေရာမှာတော့ ချောင်းထဲမှာ ငွေရောင်ငါးကြီးတကောင်တွေ့သတဲ့ အကောင်ကလဲကြီးလိုက်တာ ၅ ပိဿာလောက်ရှိမတဲ့၊ချောင်းသေးသေးမို့ကမ်းပေါ်က လှံနဲ့ထိုးတာ ဘယ်လိုထိုးထိုး မထိဘူးတဲ့၊ ဒါနဲ့ ရေထဲဆင်းလိုက်တော့ ရေကလဲခါးလောက်ပဲနက်သတဲ့၊ ထူးဆန်းတာက ငါးက ခွေးလေးကြောင်လေးလို သူ့ကိုပွတ်သီးပွတ်သတ် လာလုပ်နေသတဲ့၊ သူကငါးကိုချိန်ပြီးလှံနဲ့ထိုးလိုက်သတဲ့ ၊ ငါးကိုစွပ်ကနဲထိုးမိသတဲ့၊ လှံကိုဆွဲမလိုက်တော့ သူ့ပေါင်က ဖျင်းကနဲ မခံနိုင်အောင်နာပြီးသွေးတွေပန်းထွက်လာသတဲ့၊ သူကတော့ ငါးဆိုပြီးထိုးတာပဲ ဒါပေမဲ့ သူ့ပေါင်ဖြစ်နေသတဲ့၊ ငါးကလဲဘယ်ရောက်သွားမှန်းမသိဘူးတဲ့၊ ဒါနဲ့သူ့ဒဏ်ရာသူ ပုဆိုးနဲ့စည်းပြီး ရွာရောက်အောင်ကြိုးစားပြန်လာတာ ရွာနားမှာမေ့လဲသွားသတဲ့၊
ကျွန်တော်တို့ စိန်အင်းကနေ အုန်တန်ကိုရွှေ့စခန်းချကြတော့ အုန်တန်က လူတွေကို အဲဒီအကြောင်းပြောပြတော့ အုန်တန်က ရှမ်းတွေကတော့ ဘိုးတော်တောင်အကြောင်းကိုပြောပြကြပါတယ်၊ ဘိုးတော်အပိုင်တောမှာ အခါကြီးရက်ကြီး လပြည့်လကွယ်တွေမှာ အမဲလိုက်လို့မရပါဘူးတဲ့၊ လီရှောတွေကတော့ အဲဒီထုံးစံနားမလည်လို့ ဖြစ်တာနေမှာပါတဲ့၊ ဒါနဲ့ အဲဒီနေ့ကို ပြက္ခဒိန်မှာ ပြန်လှန်ကြည့်တော့....ဟုတ်ပါရဲ့..အဲဒီနေ့က နတ်တော်လကွယ်နေ့ဗျား။
No comments:
Post a Comment