Wednesday, December 30, 2009

ဂဝံရုပ်များနှင့်ဘဝခြားလေသူတဦး

ဂဝံရုပ်တွေအကြောင်းကို ကြားဖူးသူရှိသလို မသိကြသေးတဲ့သူတွေလဲ ရှိမယ်ထင်ပါတယ်၊ ဒီဂဝံရုပ်ဆိုတာက လောကီအဆောင်အယောင်တမျိုးပါပဲခင်ဗျာ၊ အထူးသဖြင့် ယောင်္ကျားတွေရဲ့ ပီယဆေးအဆောင်ပါပဲ၊ မမြင်ဖူးသေးတဲ့သူတွေကို ပုံနဲ့တကွ ပြချင်ပေမဲ့ ဒီအရုပ်တွေက ကိုကြီးကျောက် ဗမာပြည်မှာချန်ထားပစ်ခဲ့လို့ မပြနိုင်သေးတာတော့ သည်းခံပေးကြပါ၊

ဒီအရုပ်တွေနဲ့ ကိုကျောက်တို့ ဘယ်လိုဆက်စပ်ခဲ့သလဲ ဆိုရင်တော့ ကိုကျောက်ငယ်ငယ် ကိုရင်ဘဝကစပြောရလိမ့်မယ်၊ ကိုကျောက်တို့အိမ်နားမှာ ပရိယတ္တိစာသင်တိုက်ကြီးတွေရှိတော့ ကိုကျောက်က အားရင်သင်္ကန်းကို ဝတ်နေတော့တာကိုး၊ အဲဒီတော့ စာဝါလိုက်ဖက် သူငယ်ချင်းကိုရင်တွေက အများသား၊ ဦးပဉ္ဇင်းတွေဖြစ်လာတော့ တချို့လဲ စာချကိုယ်တော်တွေ တချို့ လဲ တောရွာလေးတွေမှာ ကျောင်းထိုင်ကိုယ်တော်တွေဖြစ်ကုန်ကြတာပေါ့၊ ဒီတော့စာသင်သားဘဝလိုမဟုတ်တော့ အားလပ်ချိန်တွေမှာ ဝါသနာပါရာတွေ လုပ်ကြတော့တာပဲ၊

ငယ်သူငယ်ချင်း လက်ထောက်ကျောင်းထိုင် ဦးပဉ္ဇင်းတပါးက ရှေးဟောင်းထူးဆန်းတဲ့ပစ္စည်းတွေစုတာ ဝါသနာပါတယ်၊ ဒီတော့ တကာကျောက်နဲ့ တွဲမိတော့တာပေါ့၊ နှစ်ယောက်သားဗမာပြည်အလည်ပိုင်းက ပတ်သက်ရာပတ်သက်ကြောင်း ရွာတွေကနေပစ္စည်းတွေစုကြတဲ့အခါ ညာတင်ကုတ်ဘုရားတဆူလဲ ရလာတယ်၊ ဘုရားရဟန်းတော်တွေမှာ သင်္ကန်းကိုတင်တဲ့အခါ ဘယ်ဖက်ပခုန်းပေါ်တင်လေ့ရှိပေမဲ့ အဲဒီဆင်းတုမှာတော့ ညာဖက်ပခုန်းမှာတင်တယ်၊ ကျွန်တော်တို့ကတော့ ဘုရားမဟုတ်ညာတင်ကုတ်လို့ပဲသတ်မှတ်တယ်၊ လောကီအစီအရင်တွေနဲ့ ဆောင်ရွက်ထားတာဆိုတော့ အနေကဇာတင်ဖို့မလိုပါဘူး၊

ကျွန်တော်တို့လက်ထဲမှာ အများဆုံးရောက်လာတာတော့ ဂဝံရုပ်တွေပဲ၊ မူလပိုင်ရှင်တွေက အသက်အရွယ်ရလာတော့ ဒါတွေဆောင်မထားချင်တာလဲပါတာပေါ့၊ ကျွန်တော်လက်ထဲမှာ ဂဝံရုပ်(၃)မျိုးရှိတယ်၊ ဂဝံမျက်နှာဖုံး၊ ဂဝံသားပိုက်၊နဲ့ ဂဝံကုပ်ဖြဲတဲ့၊ ဂဝံရုပ်တွေအားလုံးဟာ အင်္ဂါအပြည့်အစုံပါတဲ့ မိန်းမရုပ်တွေချည့်ပဲ၊ မျက်နှာဖုံးအရုပ်က မျက်နှာကိုလက်ဖဝါးနှစ်ဖက်နဲ့ဖုံးအုပ်ထားတယ်၊ သားပိုက်အရုပ်က ကလေးကိုပွေ့ပိုက်ထားတယ်၊ ကုပ်ဖြဲကတော့...အင်း..ကုပ်ဖြဲလို့ပဲထားလိုက်ပါတော့၊

ဒီအရုပ်တွေကိုဂါထာစုပ်ပြီး အသက်သွင်းပေးမှ အသက်ဝင်သဗျ၊ ဒီအရုပ်ရဲ့သခင်ပဲဖြစ်ဖြစ် သခင်ရဲ့အိမ်သူအိမ်သားဖြစ်ဖြစ် သေရင်လဲ အရုပ်မှာအစောင့်ကမနေတော့ဘူး၊ တနေရာရာဖြစ်ဖြစ် ပိုင်ရှင်အသစ်လက်ထဲဖြစ်ဖြစ် ပြောင်းထားမှအရုပ်ကစွမ်းတယ်၊ ဘာတွေစွမ်းသလဲလို့မေးရင်တော့ မိန်းမတွေအကြောင်းမရှိ အကြောင်းရှာပြီး ကိုယ့်ဆီလာနေတာရှိတာပါပဲ၊ ငယ်ငယ်ကလိုဆိုရင်တော့လဲ သဘောကျရင်ကြမှာပေါ့လေ၊ နဲနဲအသက်လေးရလာတော့ ကိုယ်ပိုင်အချိန်တွေထဲက သူတို့ကိုခွဲဝေပေးရတာ အတော်ငြီးငွေ့စရာကောင်းတာပဲ၊ မိန်းမယူရတာမငြီးငွေ့တတ်တဲ့ ကျွန်တော်တို့မြင်းခြံမြို့မရပ်သူကြီး ဦးအင်စွန်ဆိုရင် သူ့ဆီမှာအဲလိုလောကီအစီရင်အရုပ်တွေ ဆိုတာ ဖလားစုံကွမ်းအစ်ကြီးနဲ့ အပြည့်ပဲ၊ သူကလဲမိန်းမဘယ်နှစ်ယောက်ယူခဲ့သလဲ ဆိုရင် တချို့ကိုလမ်းတွေ့ရင်တောင် မမှတ်မိဘူးတဲ့၊

အဲဒီပီယဆေးဆိုတာတွေထဲမှာ ကျွန်တော် မေမြို့နယ် ဘော်၊ ပဒါန်း၊ ရှမ်းရွာတွေဖက် field ဆင်းတုန်းက ရှမ်းအဖိုးကြီးတယောက်ပေးတဲ့ ရွှေကလောင်ဆေးဆိုရင် တကယ်စွမ်းသဗျ၊ အဲဒီဆေးနဲ့တို့ပြီး ရည်းစားစာရေးရင် ချက်ချင်းစာပြန်တာပဲ၊

ကဲ..အရုပ်တွေအကြောင်းခနထားလို့ ဦးဇင်းအကြောင်းဆက်ကြစို့၊ ကျွန်တော့ဦးဇင်းမှာလဲ ဒီအရုပ်တွေရှိကထဲက တကာမတွေက ဟိုဟာလာလှူ ဒီဟာလာလှူနဲ့ သူ့ကျောင်းမှာတကာမတွေ တရုံးရုံးဖြစ်နေတယ်၊ သူကလောကီအစီအရင်ပညာတွေလဲတီးမိခေါက်မိထင်ပါရဲ့ ဒီအရုပ်တွေကို သူအသက်ပြန်သွင်းပေးထားတာ၊ မြွေတွေဘာတွေဆိုရင်လဲ တကယ်နိုင်တယ်၊ သူ့ကျောင်းဝန်းထဲမှာ ရှေးဟောင်းစေတီပုထိုးတွေက အများကြီး၊ ဘုရားတွေရဲ့ အုတ်အကြိုအကြားမှာ မြွေဟောက်တွေက အေးလို့အသိုက်ဖွဲ့နေတတ်တယ်၊ ညဆိုရင် မြွေဟောက်တွေက အစာရှာထွက်တတ်တာကိုး၊ နွေရာသီညတွေ အိုက်လို့ ကျောင်းရှေ့ကွပ်ပစ်မှာထိုင်ပြီး စကားပြောနေကြတုန်း မြွေဟောက်တကောင်လောက်လာရင် သိတ်သိသာတယ်၊ မြွေဟောက်ကနှာမှုတ်သံအရမ်းပြင်းတာပဲ၊ မြေကြီးကိုတရှူးရှူးမှုတ်ပြီးလာတယ်၊ ဦးဇင်းက ဟိတ်ကောင် ခေါင်းမထောင်နဲ့ဆိုရင် လုံးဝပါးပျဉ်းမထောင်ဘူး၊ ကျွန်တော်တောင်ဦးဇင်းနဲ့ပေါင်းမိတာနဲ့ မြွေဆိုရင်သိတ်တောင်ဂရုမစိုက်တော့ဘူး၊

ဒီလိုနဲ့တနေ့တော့ ကျွန်တော့ဦးဇင်းဒူးနာပြီး ဒူးကြီးယောင်လာတယ်၊ အမှန်ရောဂါက နှလုံးသွေးကြောကျဉ်းလို့ ဖြစ်တာ၊ ဗမာပြည်လဲ ဒီရောဂါခုမှခေတ်စားလာတော့တာလေ၊ ကိုလက်စထရောတွေအလွန်များတဲ့ လူမစားသင့်တဲ့အုန်းဆီတွေ ဒီဖက်ခေတ်မှာ စားဖို့သွင်းလာကြတာကိုး၊ ပထမတော့ ကျွန်တော်တို့ကရိုးရိုးဒူးနာတာလောက်ပဲထင်လို့ ဒူးကိုဆေးလိမ်းနေကြတာ၊ တနေ့တခြားမသက်သာပဲ ပုံပုံလဲတော့မှ ECG ရိုက်ကြည့်တော့ နှလုံးသွေးကြောက တအားကျဉ်းနေပြီ၊ ဦးဇင်းကလဲ ဆေးကုမခံချင်ဘူး၊ သူ့အသက်(၄၀) ထက်ပိုမနေရဘူးပဲ တွင်တွင်ပြောနေတယ်၊

အဲလိုပြောပြီး နောက်တညမှာတော့ အထူးအဆန်းတခု ဖြစ်လာတယ်၊ ဦးဇင်းကျောင်းက တယ်လီဖုန်းက ဗမာပြည်က တယ်လီဖုန်းထုံးစံအတိုင်း သစ်သားအိမ်လေးနဲ့ သော့ခတ်ထားတာလေ၊ မြင်ဖူးကြတယ်မို့လား၊ အဲဒီသစ်သားအိမ်လေးက ဂေါက်..ဂေါက်..ဂေါက်..နဲ့ အသံတွေမြည်နေတာပဲ၊ ဒါနဲ့ သော့ဖွင့်ကြည့်လိုက်တော့....လား..လား...ဂဝံရုပ်တွေက ထခုန်နေတာကိုး၊ ဦးဇင်းက သူ့အရုပ်တွေကို ဖုန်းအိမ်ထဲမှာထည့်ထားတာကိုး၊ ဦးဇင်းက ခပ်အေးအေးပဲ ..အင်း....ကျုပ်သေမှာသိလို့ သူတို့ နေရာပြောင်းချင်လို့ခုန်နေတာဗျတဲ့၊ ဦးဇင်းလဲ အဲဒီအရုပ်တွေကို ရေစကြိုနယ် မင်းလှက ဦးဇင်းတပါးဆီပို့လိုက်တယ်၊ နောက်တလမှာ ဦးဇင်းလဲ ပျံလွန်တော်မူပါတယ်၊ ဝါ(၂၀)၊ အသက်တော်(၄၀)မှာပါ၊

ရက်မလည်ခင်မှာတော့ ညတိုင်းကျွန်တော်ဘုန်းကြီးကျောင်း သွားပါတယ်၊ မနက်ဖန်မှာ ရက်လည်တော့မယ့်ညမှာတော့ ကျွန်တော်လဲရောက်ရော မီးတွေဖွင့်လိုက်ပိတ်လိုက် ဖြစ်ပြီး သော့ပိတ်ထားတဲ့ ဦးဇင်းအခန်းတံခါးဟာ တဝုန်းဝုန်း..တဒိုင်းဒိုင်း..ဆွဲခါနေတော့တာပဲ၊ ဖဲဝိုင်းကလူတွေလဲ အလန့်တကြားဖြစ်ပြီး ထပြေးကြမလို့ပြင်နေကြပြီ၊ ကျွန်တော်က သူတို့ကိုအသာလက်ကာပြပြီး အခန်းတံခါးကို ရသလောက်ဟပြီး အတွင်းကို ချောင်းကြည့်လိုက်တော့.....ကျွန်တော့ဦးဇင်းဟာ သင်္ကန်းဝတ်နဲ့မဟုတ်ပဲ အဝတ်ဖြူဝတ်ပြီး အခန်းထဲမှာလမ်းလျှောက်နေတာတွေ့လိုက်တော့ တော်တော်အံ့အားသင့်သွားပါတယ်ခင်ဗျာ၊ ဒါပေမဲ့ ဖဲဝိုင်းကအဖွဲ့တွေ ကြောက်မှာစိုးလို့ ဘာမှမတွေ့သလိုနေပြလိုက်ပါတယ်၊ ဘဝချင်းခြားခဲ့လေပြီဖြစ်သောတယောက်ကို ဒီလောက်ထင်ထင်ရှားဒီတခါပဲတွေ့ဖူးပါတယ်ခင်ဗျာ။

ကျွန်တော် ၂၀၁၀ ခုနှစ်မှာ ဗမာပြည်ကို ခနအလည်ပြန်ရန် အစီအစဉ်ရှိပါသည်။ ကျွန်တော့ဂဝံရုပ်များ အသက်ဝင်မဝင်ကြည့်ပြီး စီမံစရာရှိတာများစီမံပြီး ယူလာခဲ့ပါမည်၊ စိတ်ဝင်စားသူ ဘလော့ဂါ ညီငယ်များ ကျွန်တော်ဗမာပြည်ရောက်လျင် ဆက်သွယ်နိုင်ပါသည်၊ မိန်းမများတရုံးရုံးဖြစ်၍ ဒုက္ခများပါက ကိုကြီးကျောက်တာဝန်မယူပါ။

1 comment:

ingermgmg said...

'''ကျေးဇူးတင်ပါတယ်ဗျာ''''' ကျွန်တော့မှာဂဝံမျက်နှာဖုံးရှိတယ် ဘယ်လိုလုပ်ရင်အစွမ်းသတ္တိရှိနိုင်မလဲမသိဘူး နောက်ပီး အိမ်သူအိမ်သားတယောက်ယောက်ဆုံးရင်အစောင့်ဘယ်လိုပြန်ထည့်ရမှာလဲ ဂဝံရုပ်တွေအကြောင်းကို ကိုကြီးကျောက် သီးသန့် post လေးရေးပေးပါလား