Wednesday, February 16, 2011

နို့တလုံးစိန်စခန်းက ကျောက်ကျောက်မိုးဦး


နို့တလုံးစိန် ဆိုတာ ကိုကြီးကျောက်တို့ငယ်ငယ်က ဗမာပြည်အောက်ပိုင်းတခွင်မှာ သိမ့်သိမ့်တုန်အောင်ကြောက်ရတဲ့ သူပုန်မပေါ့၊ သူ့နာမည်အစစ်အမှန်ကတော့ နော် နဲ့စတဲ့ကရင်နာမည်ထင်ပါရဲ့..၊ ဒါပေမဲ့လဲ ဗမာသတင်းစာတွေက ဗမာအသံထွက်နဲ့ နီးစပ်အောင် ရေးလိုက်တော့ နို့တလုံးစိန်နာမည်ပဲ လူသိများတော့တာပဲ၊ ကိုကြီးကျောက်တို့က ကလေးဆိုတော့ တကယ်ကို နို့တလုံးပဲရှိလို့ နို့တလုံးစိန်လို့ ခေါ်တာလားပေါ့၊ ဒါဆို ကျန်တဲ့နို့တလုံးက ဘယ်ရောက်သွားသလဲ...၊ မွေးကထဲက တလုံးပဲ ပါတာလားပေါ့ ၊ ကလေးတွေးတွေးကြတာပေါ့လေ၊ မွေးကထဲကဆိုရင် သူများတွေလို ဘယ်ညာမရှိတော့ပဲ အလယ်မှာပဲ ချွန်ချွန်ကြီးဖြစ်နေမလားပေါ့ ၊


နို့တလုံးစိန် ဆိုတဲ့နာမည်ကို ငယ်ငယ်ကထဲက တော်တော်ရင်းရင်းနှီးနှီိး ဖြစ်လာတာ၊ ကိုကြီးကျောက်တို့ အထက်တန်းကျောင်းသားဘဝရောက်တော့ နို့တလုံးစိန်အဖွဲ့က ပဲခူးရိုးမထဲမှာစခန်းချပြီး ရိုးမရဲ့အရှေ့ခြမ်း၊ အနောက်ခြမ်းကမြို့တွေကို မကြာမကြာဆင်းပြီး တိုက်လေ့ရှိတာကိုး၊ ကြို့ပင်ကောက်တို့ လက်ပံတန်းတာဆုံနားက မှော်အင်းရွာတို့ဆို နို့တလုံးစိန်က ဝင်တိုက်ပြီး ကြို့ပင်ကောက်ဈေးကို မီးရှို့ထားခဲ့တာပေါ့၊ နို့တလုံးစိန်အကြောင်းကို ရုပ်ရှင်သာရိုက်ပြရင် ဟောလီဝုဒ်က ကောင်းဘွိုင်ကားတွေလို ကြမ်းရမ်းပြတာတွေနဲ့ ကြည့်ကောင်းမယ်ထင်တာပဲ။


ရိုးမထဲ သူပုန်တွေရှင်းသွားချိန်ရောက်တော့ လက်ပံတန်းမင်းလှ အရှေ့ဖက် ပဲခူးရိုးမထဲမှ ရွှေထွက်တယ်ဆိုတော့ လူတွေကြိတ်ကြိတ်တိုး သွားကြတာကလား၊ လက်ပံတန်းတာဆုံက သွားရင် ပဲခူးရိုးမအစပ်က ဆားချောင်းဆိုတဲ့ စခန်းလေးမှာ တညအိပ်ပြီး နောက်တရက် တနေကုန်တက်ရတယ်၊ မိုင် ၄၀ လောက်တော့ဝေးမှာပေါ့၊ လမ်းခရီးကလဲ အင်မတန်ထူထပ်တဲ့ တောကြီး၊ တောင်ပေါ်ကရင်ရွာဟောင်းနေရာတွေကလဲ ဖုန်းဆိုးတောကြီးဖြစ်နေတော့ ကျားတွေခိုအောင်းတဲ့နေရာတွေပေါ့၊ လူတွေလဲ အဖွဲ့လိုက်သွားမှ တက်ရဲကြတာ၊ ရိုးမထဲဆိုတော့ ငှက်ဖျားကထူ ၊ အစာအဟာရကမပြည့်စုံတော့ ရွှေလာကျင်တဲ့သူတွေ သေလိုက်ကြတာ သောက်သောက်လဲပါပဲ၊ ချောင်းကြား၊ ချပ်ကြား၊ တောင်စောင်းတွေမှာ လူသေတွေဆိုတာ မြင်မကောင်းဘူး၊ ကိုကြီးကျောက်တို့ ကတော့ လူသေလောင်းတွေတွေ့ရင် သစ်ရွက်တွေ ဝါးတွေပုံပြီး မီးရှို့ပေးခဲ့တာပဲ၊ မရှို့ရင် ညရောက်ရင် ကျားက လာစားတာကိုး၊


ကိုကြီးကျောက်တို့ ပဲခူးရိုးမထဲု field ဆင်းတော့ ကိုကြီးကျောက်တို့ စခန်းချနေတာက နို့တလုံးစိန်တို့ စခန်းနေရာဟောင်းမှာ၊ ချောင်းနံဘေးမှာပေါ့လေ၊ နောက်က တောင်ကြောကို ကျော်လိုက်ရင် ပဲခူးချောင်းဖျားရောက်သွားတာ၊ ရိုးမရဲ့အလယ်ပဲဆိုပါတော့၊ သူပုန်မရှိတော့ ကိုကြီးကျောက်တို့ လုံခြုံရေးအတွက်ဆိုပြီး လက်ပံတန်းက ရဲတွေပဲရှိတာ၊ သူတို့ကလဲ ကိုကြီးကျောက်တို့ လုံခြုံရေးအတွက်ထင်ပါရဲ့ စခန်းနဲ့ ၂ မိုင်လောက်ဝေးတဲ့ ရွှေတောမှာ အရက်ချက်ရောင်း၊ ရန်ကုန်က အငြိမ့်မင်းသမီးဆိုတာတွေ ခေါ်ခေါ်လာပြီး စီးပွားရေးလုပ်ငန်းတွေလုပ်နေရှာတယ်၊ ကျားတွေကလဲ လူသားစားနေကြဆိုတော့ ဘာအတင့်ရဲသလဲမမေးနဲ့...၊ ညဆိုရင် စခန်းနောက်မှာ ငုတ်တုပ်ကြီး လသာသာမှာလှမ်းမြင်နေရတာ၊ ကိုကြီးကျောက်တို့က ကျားမကြောက်ပါဘူး...၊ ကြောက်တာက ကျားထက် အဆပေါင်းများစွာငယ်တဲ့ ခြင်...၊


မနက်အိပ်ယာနိုးလာလာလို့ မျက်နှာသစ်ပြီး ထုံးစံအတိုင်းအိမ်သာ သွားမယ်ကြံတာနဲ့ ခြင်ဆေးတိုင် ၁၀ တိုင် ၁၅ တိုင်လောက်ကို ကိုင်၊ မီးခိုးလေး တလူတလူနဲ့ TV မှာ ထက်ထက်မိုးဦး အမွှေးတိုင်ကြော်ငြာသလို ခြင်ဆေးတိုင်လေး ဝေ့ကာယမ်းကာနဲ့ ကျောက်ကျောက်မိုးဦးကြော်ငြာ စတိုင်ပေါ့လေ..၊ အိမ်သာကလဲ..တောထဲဝါးနဲ့ ယာယီလုပ်ထားတာဆိုတော့ ဘယ်မှာအလုံအခြုံနေပါ့မလဲ..၊ ဒီတော့ အိမ်သာထဲမှာလဲ ခြင်တွေက အပြည့်ပေါ့၊ ဒါနဲ့ ကိုယ့်ပတ်လည်မှာ ခြင်ဆေးတိုင်တွေထွန်း၊ လက်မှာလဲ ခြင်ဆေးတိုင်ကိုင်ပြီးတော့ ရမ်းနေလိုက်ရတာ...ကိုကြီးကျောက်တို့ ကလေးဘဝက မင်းသမီးမို့မို့မြင့်အောင် အဖေ မင်းသားကြီးမြင့်အောင်ပါတဲ့ ညောင်ရမ်းညီနောင် ဇတ်ကားထဲမှာ ညောင်ရမ်းမင်းသားဒါးသိုင်းကသလိုပါပဲ ၊ ကိုကြီးကျောက်ကတော့ အိမ်သာထဲမှာဆိုတော့ ညောင်ရမ်းတော့ မဟုတ်ဘူး..ညှစ်ရမ်းမင်းသားလေး၊


ဒါပေမဲ့လဲ ခြင်အုပ်က တရာနှစ်ရာ ကျောက်ကျောက်က တယောက်ထဲဆိုတော့..၊ အသားပေါ်တဲ့နေရာတွေ ဝင်ကိုက်လိုက်ကြတာ၊ မနိုင်အောင်ပါပဲ၊ ..ကိုင်း...အိမ်သာထဲဆိုတော့ ဘယ်နေရာပေါ်မလဲ စဉ်းစားသာကြည့်ကြပါတော့..၊ ပြန်လဲဆင်းလာရော အကိုက်ခံရတဲ့နေရာတွေမှာ အဖုကြီးတွေ အပိန့်ကြီးတွေဆိုတာ မနဲပါလား..၊ ဒီတော့ စခန်းရောက်တာနဲ့ ကျောက်ကျောက်မိုးဦးတို့ အလှပြင်ခန်းပေါ့လေ၊ ဖင်မှာ သနပ်ခါးလေးအဖွေးသားနဲ့ ကျောက်ကျောက်မိုးဦးတို့ ဘယ်လောက်ကြည့်လှလိုက်သလဲလို့၊ ..


အမယ်..မှတ်မှတ်ရရ အဲဒီတုန်းကလိမ်းတာ မန္တလေးက ဒေါ်သီသနပ်ခါးဗျ၊ ..ကိုကြီးကျောက်တို့စဉ်းစားကြည့်မိတာပါ ၊ အဲဒီတုန်းကသာ ထက်ထက်မိုးဦးမိုး ကိုကြီးကျောက်တို့ စခန်းမှာသာရှိရင် ကျောက်ကျောက်မိုးဦးလို ခြင်ကိုက်ခံရတဲ့နေရာကို သနပ်ခါးလူးထားမလား မိတ်ကပ်လူးထားမလားမသိဘူးလို့..၊ မိတ်ကပ်လူးရင်တော့ နှုတ်ခမ်းနီပါဆိုးရမယ်ထင်ပါရဲ့၊


တောထဲအရက် ၂၀ လောက်ရှိရင် ရိက္ခာက ပြတ်ချင်သလိုဖြစ်လာပြီ၊ ယူလာတာတော့ တလစာပါပဲ တောင်ပေါ်မှာ မမာမကျန်းဂီလာနတွေ တွေ့ရင်ဝေငှပေးတော့ မလောက်ချင်တော့ဘူး၊ ဒီတော့ မကုန်ခင် လက်ပံတန်းဆင်းပြီး ရိက္ခာဝယ်ရတာပေါ့၊ တခါတော့ ကိုကြီးကျောက်နဲ့ အလုပ်သမားတယောက် နှစ်ယောက်ထဲပဲ ရိုးမအလယ်ကနေဆင်းလာလိုက်တာ....မနက် ၁၁ နာရီလောက် လမ်းတနေရာရောက်တော့ ရုတ်တရက် တောကြီးကမှောင်သွားလိုက်တာ..၊ လေလဲမတိုက် သစ်ပင်တွေလဲမလှုပ်ပဲ ဝေါ.....ဝေါ....ဝေါ....ဝေါ..နဲ့ တတောလုံးဆူညံနေတာပဲ..၊ မှောင်လိုက်တာကလဲ တယောက်နဲ့တယောက်တောင် မမြင်ရတော့ဘူး၊


အလုပ်သမားကလဲ ကြောက်တော့ ကိုကြီးကျောက် လက်မောင်းကို အတင်းဆုပ်ထားတယ်..၊ရှေ့ဆက်လဲ လျှောက်လို့ မရတော့ ကိုကြီးကျောက်တို့ မှာ နေရာမှာပဲရပ်နေရတာ ၅ မိနစ်လောက်ရှိထင်ပါရဲ့...၊ တောထူလွန်းတော့လဲ တောခြောက်တာပေါ့လေ..၊ တခြားသူတွေ တောခြောက်ခံရရင်တော့ ဘယ်လို နေသလဲတော့ မသိပါဘူး..ကိုကြီးကျောက်တို့တော့ ဘာမှအန္တရာယ်မရှိပါဘူး..တင်ပါးမှာ သနပ်ခါးအဖွေးသားနဲ့ ကျောက်ကျောက်မိုးဦးကို လှလို့နှုတ်ဆက်တာထင်ပါရဲ့..၊ တောထူတဲ့နေရာတွေမှာ တောခြောက်တာတွေ တောမှောက်တာ (တောမှောက်တာဆိုတာ သံလိုက်အိမ်မြှောင်နဲ့ ချိန်သွားလဲ ဒီနေရာပဲ တဝဲလည်လည်ဖြစ်နေတာ) ၊ မကြာမကြာ ကြုံတတ်ပါတယ် ၊ တောစောင့်နတ် တောင်စောင့်နတ်တွေကို မေတ္တာပို့ပေးရတာပေါ့လေ.၊


ဟိုတလောဆီက လက်ပံတန်းမင်းလှဖက်က မိတ်ဆွေတယောက်နဲ့ စကားပြောကြရင်း ပဲခူးရိုးမ တောကြီးအကြောင်းပြောမိတော့ သူပြောပြန်ပုံအရဆိုရင် ရိုးမထဲမှာ သစ်တောတွေ ကုန်သလောက်ရှိပြီမို့ တောဆင်တွေ ကျားတွေတောင် ပျောက်ကွယ်လုနီးပါးပါပဲတဲ့၊ တောပြုန်းသွားလို့ မနှစ်က ရန်ကုန်အပါအဝင် ဗမာပြည်အောက်ပိုင်းတခွင် နွေရာသီမှာ မကြုံစဖူး ပူလိုက်တာ အလွန်ပါပဲတဲ့၊ ကိုကြီးကျောက်က ဗမာပြည်မှာ သစ်တပင်ခုတ်အချုပ် ၃ လ ဆိုပြီး စာကပ်ထားတာတွေ့ဖူးတယ်လို့ ပြောတော့..သူကပြောတယ် အဲဒါက တပင်ပဲခုတ်တဲ့သူကိုပြောတာ တတောလုံးရှင်းပစ်တဲ့ သူတွေမပါလို့ လေယာဉ်ပျံတောင် ဝယ်ထားတယ်ဆိုပဲ..၊ ကိုကြီးကျောက်ကတော့ ဗမာပြည်မရောက်တာကြာပြီမို့ ဒီတခါ သွားလည်ဖြစ်ရင်တော့
ဟုတ်မဟုတ်သိရမှာပဲလေ...။

google မှာ မုတ်သုံသစ်တောပုံ ရှာထားပါသည်။

36 comments:

ဒေါ်လေးမေ said...

ဘကျောက် ... မန္တလေးက ဒေါ်သီသနပ်ခါးကို အမရွှေစင်တို့က တဆင့်ဆက်သွယ်ပြီး ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းပါလား ... မြန်မာ့ရုပ်သံနဲ့ မြ၀တီမှာ ကျောက်ကျောက်မိုးဦးကြော်ငြာလိုက်လို့ကတော့ ၀က်ဝက်ကွဲ အောင်မြင်သွားမယ်။
တလက်စတည်း ခြင်ဆေးပါ ကြော်ငြာပေါ့နော် ဘကျောက်။
ဘလော့မှာ ကျောက်ကျောက်မိုးဦး ကြော်ငြာလက်ခံသည် လို့ ဆိုင်းဘုတ်တင်ထားလိုက်လေ ... ။

မှတ်ချက်။ ။ ဆံပင်ဆွဲ ပါးရိုက် လည်ပင်းမညှစ်ကြေး :P

ကိုကိုမောင်(ပန်းရနံ့) said...

ဘကျောက်...
ခြင်ကိုက်ခံရတဲ့နေရာက အဖုတွေ အခုထက်ထိရှိသေးလား။ ရှိသေးရင် သနပ်ခါးလိမ်းပြီး အမေရိကားမှာ ကြော်ငြာရိုက်ပါလား။ နာမည်ကြီးချင် ကြီးနေမှာ။းဝ) ဟဲ ဟဲ စတာ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

ကျောက်ကျောက်မိုးဦးရဲ့ သနပ်ခါးအဖွေးသားနဲ့ အလှကို လာရောက်ခံစားသွားသည်။

အော် ကိုကြီးကျောက်ပြောမှ တောခြောက်တယ်ဆိုတာ တကယ်ရှိတာကိုး။ တခါတလေ အဲလိုထူးဆန်းတာတွေ ကိုယ်တိုင်တကယ်မကြုံဘူးတော့ ယုံတမ်းစကားလို ဖြစ်နေတာ။

တို့အကိုကြီး ကျန်းမာ၊ ချမ်းသာ၊ လန်းဖြာ ပို့စ်တွေများများရေးနိုင်ပါစေ။
ချစ်နှမ
မယ်ဆွိ
(၀ဲကုတ်ဖော်ကုတ်ဖက် -ညတိုင်းကုတ်သည် )

ဂျစ်တူး(မုံရွာ) said...

ကျန်းမာပါစေမင်္ဂလာပါ
ကိုကြီးကျောက်အိမ်သာထဲမှာအမွှေးတိုင်ကလေးရမ်းကာ
ရမ်းကာနဲ့ အိမ်သာတက်နေတဲ့ဗွီဒီယိုကလေးအမှတ်တရ
ရိုက်မလာဘူးလားဟင်---ညောင်ရမ်းမင်းသားကလေး
ဓါးသိုင်းကတာမမြင်ဘူးလို့ ပါ။ ဟားဟားဟား
သဘောကျစွာရီသွားပါတယ်ဗျာ-

ငွေစန္ဒာ said...

ဘကျောက်နေကောင်းနေတာသိရလို့ဝမ်းသာပါတယ်၊
ဒီထက်ပိုပြီးကျန်းမာပါစေနော်။
နို့တလုံးစိန်အကြောင်းလူကြီးတွေပြောတာကြားဖူးတယ်။

Anonymous said...

ဝဲပျောက်လို့မှ ဟင်းမချရသေးဘူး အနာဟောင်း (ပို့စ်တွေ update မဖြစ်တဲ့ရောဂါ) ပြန်ထလာတယ် ဘကျောက်ရေ .. ဒါပါနဲ့ဆို ရောဂါဖြစ်တာ ၃ ခါရှိပီ ။ ဘကျောက်လို အမွေးတိုင်လေးရမ်းပြီး သနပ်ခါးလူးထားရင်ကောင်မလား စဉ်းစားနေတယ် ။ အဟေးဟေး

စကားမစပ် “သစ်တောသစ်ပင် ချစ်ခင်သည့်လူမျိုး ” တို့
“ ဥတုရာသီ တောကိုမှီ၏ ” တို့ ရေးတဲ့ လူက ဆုံးသွားပြီဘကျောက်ရဲ့ ။

သစ်တပင်ခုတ် ထောင် ၃လ ၊ ၆လ ၊ ၃နှစ် ၊ ၆ နှစ် ဆိုတာ ထင်းသမားတွေ ကိုပြောတာ ၊ ဘကျောက် မိတ်ဆွေပြောတဲ့ လေယာဉ်ပျံစီးတဲ့ လူတွေက သစ်ပင်ခုတ် မဟုတ်ဘူး သူတို့က သစ်တောခုတ်တာ အဲမို့လို့ သူတို့ကျတော့ အဲဒီ ဥပဒေနဲ့ အကျုံးမ၀င်ဘူး သူတို့အတွက် ကျတော့ ဆောင်ပုဒ်ကတစ်မျိုး
(ထုတ်ကုန်နှစ်ဆ တိုးမြှင့်ကြ) တဲ့ ။ အဟေးဟေး

ကျန်းမာပကတိ ချမ်းသာစွာရှိစေသော်(၀်)
ချစ်ခြင်းအားဖြင့်
ကိုရင်ညိန်း

ကိုဇော် said...

သနပ်ခါးလိမ်းထားရတယ် ဆိုတာ လုံးဝကို မယုံနိုင်ပါဘူး ခင်ဗျား။ ဒါကြောင့် နောင်လာနောင်သားများ ဗဟုသုတ ဖြစ်စေဖို့ အခု ထပ်လိမ်းပြီး နှုတ်ခမ်းနီပါ ဆိုးကာ ဓါတ်ပုံတင်ပေး၍ သက်သေပြပေးစေလိုပါသည် ကျောက်ကျောက်မိုးဦး ခင်ဗျား။

ကျောက်ကျောက်မိုးဦး said...

ဟွင့်..ကိုအေအေတူ နော်...
ကျားကိုကို အာဘွားမပေးတာကို သူကပေးမယ်စိတ်မကူးဘူး..
သွား....လူဇိုး..
ကျောက်ကျောက် ရဲ့ဓါတ်ပုံကို ဇော် ဆီပို့လိုက်မယ်..
ထမင်းမစားခင် အမြဲထုတ်ကြည့်ပါ့မယ်..ဂတိပေး..
ဒါပဲ..

ပုံ
ကျောက်ကျောက်မိုးဦး

တောင်ငူသား said...

ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ ဆိုတဲ့ သနပ်ခါးသီချင်းကို ဘကျောက်အဖြစ်နဲ့ ပြောင်းဆိုရရင်တော့.. :P

Anonymous said...

ဒေါ်သီ သနပ်ခါးလဲ ရောင်းကောင်းလိုက်တာ စစ်ကိုင်းအထွက်ကမြေဝါတောင်လဲကုန်တာပါဘဲ

sosegado said...

ခြင်ဒုက္ခကမလွယ်ပါဘူး၊ ပူအိုက်တဲ့အထဲ ဝိုင်းအကိုက်ခံရရင်ပိုဆိုး၊
လျှပ်စစ်ယပ်တောင်နဲ့ ဓါတ်လိုက်ပြီးလုပ်တော့လဲ ဘုန်းကြီး အဆူခံရသေး၊ သူများအသက်သတ်လို့၊ ဆေးလိမ်းထားရင်လဲ ကိုယ်နား ခြင်လဲမကပ် ဘယ်သူ့မှ မကပ်တော့ဘူး၊ ဟော်တယ် အခန်းတွေထဲ၊ လေယာဉ်ပျံပေါ်၊ ကားတွေထဲ ပထမဦးဆုံးတွေ့ရတာကတော့ ကိုရွှေခြင်ပါပဲ။

ဆောင်း said...

အင်း ကြည်ကြည်သနပ်ခါးလိမ်း တာနဲ့ ပတ်သက်လို့  ပြောရအုန်းမယ်
ကပွဲတခုက အပြန် ကတဲ့ အမကြီး သနပ်ခါး ဘဲကြားလိမ်း ထားတာ သူစီးလာတဲ့ကား ပုလိပ်က stop sign မှာ မရပ်လို့ စစ်တာနဲ့ ကြုံတယ်။ ပုလိပ်က ဒီသူငယ်မ အရေပြားရောဂါ ရသလား ဘာဒုက်ခ ဖြစ်လာ သလဲနဲ့ မေးတာခံရဖူးသတဲ့

ဘကျောက်သာ တဏှပ်ခါး ကြော်ငြာ ၀င်ရင် ၀က်ဝက်ကွဲ အောင် ရောင်းရမှာ သေချာ တယ်။

အဖြူရောင်နတ်သမီး said...

တောခြောက်တဲ့အကြောင်းလေး ဆက်နားထောင်ချင်သေးတာ ဘကျောက်ကလည်း ၊ ကျောက်ကျောက်မိုးဦးနဲ့တင် ရပ်လိုက်တာကိုး...။
အဲဒီလိုတောခြောက်တာနဲ့ကြုံရင် ဘယ်လိုလုပ်ရလဲ ဆိုတာလေး သိချင်တာ၊ ဗဟုသုတပေါ့။
ဘကျောက်နေကောင်းတယ်ဆိုလို့ အတိုင်းထက်အလွန် ဝမ်းသာပါကြောင်း...

မောင်မျိုး said...

ဟဟား...မေကျောက်တို့ကတော့ လုပ်ပြီးဗျ တော်တော်ကိုပြောတတ်တယ် အမွှေတိုင်းကြော်ငြာတဲ့ပုံကိုမြင်ယောင်သွားတယ်း) တော်တော်ကိုဖီးလ်ပျက်မယ်နော့် ။

မြစ်ကျိုးအင်း said...

ရေးထားခဲ့ပြီးသမျှ တောတွင်းအတွေ့အကြုံတွေ ကို စုစည်းတည်းဖြတ် ထပ်မံဖြည့်စွက်ပြီး စာအုပ်ရှည် လုပ်ပါလား။
ကျန်းမာရေးကိုတော့ အဓိက ဦးစားပေးနော် ကိုကြီးကျောက်။
စာတွေဖတ်ရတာ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ပြုံးနေရတယ်။

Anonymous said...

သူများတွေလို ဘယ်ညာမရှိတော့ပဲ အလယ်မှာပဲ ချွန်ချွန်ကြီးဖြစ်နေ တာ တော့ နှာခေါင်း ပေါ့ နို့တလုံးကျောက် ရယ် ...

Chinniah

shwezinu said...

ကိုကြီးကျောက် ရေ

တောမှောက်တာတွေ တောခြောက်တာတွေ က ခုတော့ ပုံပြင်ဖြစ်သွားပြီလား တောမရှိတော့ဘူးလေ

နေကောင်းနေလို့ဝမ်းသာတယ် စာတွေဖတ်ရတာ စိတ်ချမ်းသာတယ် ကျောက်ရေ

ချစ်နှမ
ရွှေစင်

ကိုအောင်(ပျူနိုင်ငံ) said...

ပဲခူးရိုးမမှာ တော ရှိခဲ့ဖူးတယ်ဆိုတာကို
နောင်ကြရင် တော်တော်ကို ပြောယူရမယ် ...

သစ်နက်ဆူး said...

ကိုကျောက်.
တကယ်စုံတာဘဲဗျာ...ချီးကျူးတယ်..ကိုကျောက်ကို..။
တကယ်လို့ တီဗီမှာ သနပ်ခါးနဲ့ ခြင်ဆေးကို ကိုကျောက်တယောက်ထဲကြော်ငြာရင် ပျင်းစရာကြီး..
ထက်ထက်လေးနဲ့ နှစ်ယောက်သားသနပ်ခါးလူးပြိုင်တာလေးလုပ်ပြီးရိုက်ဗျ
အိုင်ဒီယာအလန်းလေးပေါ့..။း)

Anonymous said...

ကျောက်ကျောက်မိုးဦးကို ပြောရှာရှိတယ်၊ မအားလို့ခုမှပွားတော့မယ် နို့တလုံးစိန်ရဲ့ ကရင်နာမည်အရင်းက နော်တလူးစိန် ဖြစ်ပါတယ်ရှင့်၊ သူမကတိုက်ခိုက်ရေးဘက်မှာ တချိန်က နာမည်ကြီးခဲ့တဲ့ ကရင်သူပုန်ခေါင်းဆောင်လေးဦးထဲကတဦးဖြစ်ပါတယ်၊

အဲဒီလေးဦးထဲမှာ သုံးဦးကယောက်ကျားလေးတွေဖြစ်ပြီး သူမတယောက်သာ လျှင်မိန်းမဖြစ်ပါတယ်၊ ဒမြတိုက်တာမဟုတ်ပါ ဆက်ကြေး ကောက်တာပါရှင့် သာယာဝတီအပေါ်ဖက် နားက သူမစခန်းချနေခဲ့တာ ဖြစ်မယ်လို့ သိမှတ်ခဲ့ရပါတယ်။ အင်း ကိုကြီးကျောက်ပြောသလို သူအကြောင်းကို ရုပ်ရှင်ရိုက်ရရင်တော့ အလွန်လွန် ဝကဝက်ကွဲကို အောင်မြင်မှာပါဘဲ။ သူမသမိုင်းအစုံကို မှတ်တမ်းတင်ထား ပေးပါ့မယ်။ကိုကြီးကျောက် ရုပ်ရှင်ရိုက်ဘို့ အတွက်ပါ။ သူမက KNU သမိုင်းမှာ တိုက်ခိုက်ရေးနဲ့ နာမည်ကြီးခဲ့တဲ့ အမျိုးသမီး တဦးဖြစ်ခဲ့ပါတယ်။ အဲဒီခေတ်က တိုက်ခိုက်ရေးမှာ နာမည်ကြီးတဲ့ အမျိုးသမီး နှစ်ဦးရှိခဲ့ပါတယ် နော်တလူးစိန်နှင့် ဗမာပြည်
ကွန်မြူနစ်ပါတီ ဖျာပုံခရိုင် အထူးတပ်က မိုးပြာမယ်ပါ။ နောက်တချက် ထူးခြားတာက သူပုန်နယ်မြေမှာ ဒါးမြလုံးဝမရှိခဲ့ပါလို့ သိမှတ်ရပါကြောင်းပါ။ KNU က နာမည်ကြီ်းယောက်ကျားသုံးယောက်ကတော့ ကမ္ဘာရှားအေးမောင်( သူကစစ်တပ်နှင့်တိုက်ရင်း အသေခံသွားပါတယ်) တချက်တကောင်ချစ်လေးမောင်( သူကတော့တိုက်ပွဲတိုက်ရင် ဖမ်းမိလို့ လက်နှက်ချသွားခဲ့ပါတယ်) မြပုခက်ကျော်လှိုင် ( သူကတော့ ပုခက်ထဲမှာဘဲနေရလို့ မြပုခက်ကျော်လှိုင် လို့ခေါ်ပါတယ် ) ခြေထောက်မသန်တဲ့ အတွက်သူတပည့်တွေက သူကိုပုခက်နဲ့ ထမ်းခေါ်သွားပြီးသူက ပုခက်ပေါ်ကနေ စစ်တိုက်ပါတယ်၊ ၇၃ မြစ်ဝကျွှန်းပေါ်မှာ တိုက်ပွဲဖြစ်ပြီး သူကိုအသေ ဖမ်းမိတော့ ဥိးနေဝင်းကလေးစားတဲ့အတွက် သူအလောင်းကို ညောင်တုန်းနားက ခလောက်ကျေးရွာမှာ ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ပါတယ်၊ ရန်သူတွေပေမဲ့ ဒီတချက်တော့ ဦးနေဝင်းကို လေးစားရပါကြောင်း။ သိသလောက်သာ ရေးရရင်ဖြင့် ပြီးဆုံးမည် မဟုတ်ပါ
အတင်းခေါင်းစဉ်ပြီးဆုံးကြောင်း ကြေငြာအပ်ပါသည်။

နှမမယ်လွင်

ဟန်ကြည် said...

အင်း ထီးဆောင်းပြီး အိမ်သာတက်ဖူးပေမယ့် အမွှေးတိုင်ရမ်းရင်းနဲ့တော့ အိမ်သာမတက်ဖူးဘူးဗျာ...မတက်ရပါစေနဲ့လို့လည်း ဆုတောင်းမိပါရဲ့...ရိုးမတောတွေတော့ အခုနောက်ပိုင်းမှာ သစ်ပင်ပါးပါးပဲကျန်ပါတော့တယ်...၂၀၂၀လောက်ဆိုရင်တော့ အဲဒီတောတွေနေရာမှာ ကမ္ဘာ့ဖလားဖြစ်ဖြစ် ကမ္ဘာ့အုန်းမှုတ်ခွက်ပဲဖြစ်ဖြစ် ကျင်းပမယ့် ဘောလုံးကွင်းကြီးတွေ ဆောက်လို့ရသွားမယ်ထင်ပါရဲ့...

ကိုအောင်(ပျူနိုင်ငံ) said...

ကိုကြီးကျောက်ဆီက ကော်မန့် ဖတ်ကြည့်ပြီး
ကော်မန့် ရေးချင်စိတ် ပေါက်သွားလို့။
နို့တလုံးစိန် သမိုင်းကို ကိုကြီးကျောက် သေသေ
ချာချာ မရှင်းထားတော့ တချို့လည်း ဟိုထင်
ဒီထင် ဖြစ်မှာဆိုးလို့ ...
နို့တလုံးစိန်ရဲ့ နာမည်အရင်းက မစိန်ဝင်း၊
သူ့မှာ နာမည် (၅)ခုရှိပါတယ်၊ ပီကင်းပြန်
မမျိုးသန့် (ခ) မစိန်ဝင်း (ခ) နို့တလုံးစိန် (ခ)
မအေးသာ (ခ) ခင်ခင်ကြည် ပါ။ ဗကပ ရဲ့
“အလင်းရောင်” ပူးတွဲဆေးကျောင်းမှာ
တာဝန် ထမ်းဆောင်ခဲ့သူပါ၊ ၁၉၇၄ ခုနှစ်၊
နိုဝင်ဘာ (၁)နေ့မှာ တိုက်ပွဲကျသွားတယ်၊
KNU က မဟုတ်ပါ ...

Anonymous said...

အဲဒီတုန်းတည်းက ဒေါ်သီရှိတာကိုး .. မိုးခါးတို့က မသိဘူး ကြော်ငြာမှ သိတာ .. :D

ရွှေရတုမှတ်တမ်း said...

ကူးကူး၊ ကြည်ကြည်၊ rose၊ မိုးယံ၊ AATO၊ Justic99 တို့ comment တွေထဲက ဝဲ တွေ ပါလာပါတယ်..ခု ရှင်းထားပါတယ်၊ comment ရေးရင်..Name ထည့်ပြီးရင်..URL ကို ဘလော့နာမည်မထည့်ကြပါနဲ့

IDIOT-Ki said...

ရာဇဝင်ထဲမှာ ကျန်ခဲ့ရတော့မဲ့ ပဲခူးရိုးမ အကြောင်း ..မှတ်တမ်းလေး တခု သိရတာပေါ့ ကျောက်ကျောက်မိုးဦး ရယ် ။

နို့ တလုံးစိန် အကြောင်းတော့ အဖေတို့ပြောတာ ကြားဖူးတယ် ။ သူက ခလရ ၃၅ သာယာဝတီ ဆိုတော့ ရိုးမ တောင်ခြေ နားမှာ ပဲ..သိပ် မမှတ်မိတော့ဘူး ။

တောခြောက်တာလေး သိချင်ပါသေးတယ်။
ရှမ်းပြည်ဖက်မှာတော့ ချီးစားစုန်း ဆို လား.. ညည မှ မီးအလုံးတွေနဲ့ ကောင်းကင်မှာ ပျံနေကြတာတွေ ရှိတယ် တဲ့..နေ့ဖက် ဆို လူ လိုပဲ တဲ့ နှာခေါင်းနီနီတွေ နဲ့ တဲ့..

Anonymous said...

ကျမ ၈၈ တောခိုပြီးတော့ ABSDF ဖွဲ့ဘို့ ဘုရားသုံးဆူကနေမဲဆောက်အသွား ကားပေါ်မှာ KNU ကဗိုလ်ကြီးတယောက်ကပြောခဲ့တာ ဆိုတော့ပါးစပ်ရာဇဝင်ပါ။ ပြောတဲ့အချိန်က သူကသေချာပြောပြတော့ မှတ်ထားမိပါတယ်။ ဒါပေမဲ့ကျမမှာရှိတဲ့ သခင်သန်းထွန်း နောက်ဆုံးနေ့များ Hard Copy စာအုပ် ထဲမှာတော့ နာမည်နှစ်ခုတော့ တူနေ ပြန်ပါတယ်။ ကျမမှာရှိတဲ့ စာအုပ်ထဲမှာ မမျိုးသန့်(ခေါ်)မစိန်ဝင်း(ခေါ်)ဝမ်းယွင်း (တရုပ်ပြည် ပညာတော်သင်သွားတုန်းက ပေးတဲ့ တရုပ်နာမည် ဖြစ်ပုံရပါတယ် )ဘဲပါတော့ ကျမကနို့တလုံးစိန်လို့
မထင်မိပါဘူး သခင်သန်းထွန်းစာအုပ်အရတော့
သူက မြန်မာပြည် ကွန်မြူနစ်ပါတီက ကေဒါတယောက်ဖြစ်ပြီး၊ တရုပ်ပြည်မှာ ပညာတော်သင်ပါသွားတဲ့ အကြောင်းလောက်ဘဲ ရေးထားပါတယ်။သူရဲ့ ဓါတ်ပုံပါ သခင်သန်းထွန်း စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ ကိုကြီးကျောက်ကိုတော့ ဓါတ်ပုံ စကင်ဖတ်ပြီးပို့ပေးလိုက်ပါမယ်။

နှမမယ်လွင်

ကိုချစ်ဖေ said...

ကျနော်တို့ မြစ်ဝကျွန်းပေါ်မှာလဲ နို့တလုံးစိန် ဆိုတဲ့ နာမည်ကြီး တိုက်ခိုက်ရေးကောင်းတဲ့ သူပုန်အမျိုးသမီးရှိတယ်ဆိုတာ ကြားခဲ့ဘူးပေမဲ့ တကယ့်တကယ် နိုင်ငံရေးလဲ စိတ်ဝင်တစား ရှိခဲ့ပေမဲ့ သေသေချာချာတော့ မလေ့လာမိတာ ကျနော့်ညံတာပ ကျနော့်အထင်တော့ ကေအန်ယူ ကလို့ပဲ ထင်ပါတယ် ဗကပ ကလဲ ဖြစ်နိုင်တာပါပဲ သေသေချာသိသောသူများ ပြောပြကြပါဦး ဒုက္ခသည်စခန်းတခုထဲမှာပဲ ရှိနေသေးသလိုလို စခန်းထဲမှာပဲ ကွယ်လွန်သွားပြီလိုလိုလဲ ကြားဘူးလို့ပါ

ကျောက်ကျောက်မိုးဦး အဲ့ဒီတုန်းက သနပ်ခါးလိမ်းပြီးကြော်ငြာတာလား မိတ်ကပ်လိမ်းပြီး နှုတ်ခမ်းနီဆိုးတာလား.မိတ်ကပ်တွေ သနပ်ခါးတွေ နှုတ်ခမ်းနီတွေ ဆိုးတဲ့လိမ်းတဲ့သူတွေမြင်တိုင်း ကျောက်ကျောက်မိုးဦးကိုတော့ မြင်ယောင်နေတော့မှာပဲ..ဗျာ

နေကောင်းတယ်ကြားတော့
ဝမ်းသာတယ် ကိုကျောက်.ရေ..

ချစ်ခင်လျှက်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုကြီးကျောက်တို့ဖြစ်လိုက်မှဖြင့် အသည်းအသန်
သနပ်ခါးလိမ်းရတဲ့အဆင့်ကိုရောက်ရော
အဲ ကျွန်မလဲ လေယာဉ်ဝယ်ချင်လို့ ကချင်ပြည်နယ်ပြန်ပြီး တောတွေခုတ်မလို့ စဉ်းစားတာ
ကိုယ်ရောက်တော့ ကုန်သလောက်ဖြစ်နေပြီ။
ဘာခုတ်ရမှန်းတောင် မသိတော့ပါဘူးး)
ကိုကြီးကျောက် နေကောင်းကျန်းမာ လန်းဖြာ အဆင်ပြေပါစေနော်

Anonymous said...

နို့တလုံးစိန်အကြောင်း ပိုသိချင်သွားတယ်... ဒီနာမည် ဘယ်လိုစတွင်သွားတယ်ဆိုတာ...
Rose of sharon

ကိုအောင်(ပျူနိုင်ငံ) said...

ဗိုလ်ကျောက်တော့ နို့တလုံးစိန် ရေးတာ ကော်
မန့် ပြန်ဖျက်နေတာနဲ့တင် ၀ဲတလုံးစိန် ဖြစ်
နေပြီ ... :P
အကိုကြီး ကိုချစ်ဖေတို့ မမယ်လွင်တို့ ...
ဇင်+ချစ် နောက်ဆုံး(၂)ရဲ့ စာမျက်နှာ ၂၆၃ မှာ
နို့တလုံးစိန် ဓါတ်ပုံနဲ့ “အလင်းရောင်စခန်း”
သမိုင်းကို မ.ဆ.လ လက်ထက်က ရေးထားတာ
ဖတ်လို့ရပါတယ်။ နို့တလုံးစိန်က စစ်တပ်
လက်ချက်နဲ့ သေတာလား၊ ဘယ်သူ့လက်ချက်
နဲ့ သေတာလား ဆိုတာ ပြောဖို့တော့ ခက်ပါ
တယ်၊ သူနဲ့ ဗကပမှာ တာဝန် ထမ်းဆောင်
ခဲ့တဲ့ “ကိုစစ်နိုင်” ဆိုတဲ့လူကို တောင်ငူမှာ
ကျနော်ကိုယ်တိုင် တွေ့ဖူးပါတယ်။
KNU သမိုင်းမှာ နို့တလုံးစိန် ဆိုတဲ့ နာမည်
တူ မရှိပါဘူး၊ “နော်” နဲ့ “စိန်” ပါတဲ့ နာမည်
တွေ့တော့ ကြားဘူးပါတယ်၊ ဥပမာ ၉၁
မြစ်ဝကျွန်းပေါ်ကို ၀င်ခဲ့တဲ့ တိုက်ပွဲတွေမှာ
ဘိုကလေး ထိုးစစ်အတွင်း စစ်တပ်က အသေ
ရခဲ့တဲ့ “ကျောင်းဆရာမ” ကိုလည်း တချို့
သော သူတွေက “နော်နူးယားစိန်” ၊ တချို့
က နော်တလုံးစိန်၊ နို့တလုံးစိန်လို့ ခေါ်
ချင်သလို ခေါ်တာမျိုးတွေ ကျနော် ကြား
ဖူးပါတယ် ခင်ဗျာ ....

Anonymous said...

ဟုတ်ကဲ့ ကျေးဇူးပါ။ ရှာဖတ်ကြည့်ပါမယ် သခင်သန်းထွန်းနောက်ဆုံးနေ့များ စာအုပ်ထဲမှာ နာမည် ၃ခုဘဲပါပါတယ် အဲဒါကြောင့်မို့ ကျမအနေနဲ့ ယူဆရခက်နေတာပါ။ အရင်ကွန်မြူနစ်ပါတီဝင် အဟောင်းတွေ ကိုမေးတော့ လည်းအဲဒီအကြောင်းကို သေချာမသိလှပါဘူး။ တရုပ်နယ်စပ်က တယောက်ကိုတော့ လှမ်းမေးထားပါသေးတယ်။ စိတ်ဝင်စားစရာကောင်းတာရယ်၊ သမိုင်းအမှန်ကိုသိချင်တာပါ။ စစ်အစိုးရထုပ်တဲ့ သမိုင်းစာအုပ်တွေက ဘယ်တော့မှ အမှန်မပါတဲ့ အတွက် သိပ်တော့ယုံရဘို့ခက်ပါတယ် ရှာဖတ်ကြည့်ပါမယ်။
မယ်လွင်

ကိုအောင်(ပျူနိုင်ငံ) said...

မမယ်လွင်ရေ ...
ပဲခူးရိုးမမှာ မြန်မာပြည်မှာ နို့တလုံးစိန်ဆိုတာ
ဒီတစ်ယောက်ပဲ ရှိတာပါ၊ မဆလ လက်ထက်က
ရေးခဲ့တယ် ဆိုပေမယ့် သတင်းစာမှတ်တမ်း
သမိုင်းမှတ်တမ်းမှာ မူကွဲလို့ပဲ ရပါတယ်၊ လူကွဲ
လို့တော့ မရလောက်ဘူး ထင်ပါတယ်။

Anonymous said...

မဆလလက်ထက်က သမိုင်းဆိုတာ ၇၀% ကမမှန်ပါဘူး လူတိုင်းလည်းသိမှာပါ ကျမအနေနဲ့ မမှန်ဘူးလို့မပြောပါဘူး ဘာကြောင့်တခါထဲမရေးထားတာလဲဆိုတာသိချင်တာပါ။ facebook မှာလူတယောက်ကတော့ ဒီလိုမှတ်ချက်ပေးထားပါတယ်....
ကျနော် ဖတ်ဘူးတဲ့ သခင်တင်မြ ရဲ့  ဘုံဘ၀မှာ ဖြစ် ထပ်ကြပ်မကွာ မှာ နီု့ တလုံးစိန် နာမည် က မစိုးမြင့်ပါ ပဲခူးရိုးမ BCP ဌာနချုပ်မှာ နေဘူးတဲ့ပုံမရှိလိုသခင်သန်းထွန်းနောက်ဆုံးနေ့များထဲစာအုပ်ထဲကတယောက်ဆိုတာဖြစ်နိုင်ချေ မရှိပါဘူး မ...စိုးမြင့် ခေါ်နီု့တလုံးစိန် က ၁၉၅၁ ခုနှစ် ဇန်န၀ါရီ ထဲမှာ သခင်ဗသိန်းတင် က အဆုတ်အနာ ဆေးကုဖို့ တရုပ်ပြည်သွားဖို့ နို့တလုံးစိန် က သူနာပြု အဖြစ်ပါသွားတယ် ပျဉ်းမနားခရိုင် မှာ ကျင်းပတဲ့ အထက်မြန်မာပြည်တပ်ပေါင်းစုကွန်ဂရက်အပြီးမှာပါ(ကိုးကား -သခင်တင်မြ ရဲ့  ဘုံဘ၀မှာ ဖြစ် ထပ်ကြပ်မကွာ)
မယ်လွင်

ကိုအောင်(ပျူနိုင်ငံ) said...

မမယ်လွင်က ကျနော်ပြောတာကို နည်းနည်း
လေး ရှုပ်သွားပုံရတယ်၊ အမက ဟိုအပေါ်ဆုံးက
ကော်မန့်မှာ “နို့တလုံးစိန်”က KNU ကလို့
ပြောထားလို့ ကျနော်က မဟုတ်ပါဘူး၊ ဗကပ
ကပါလို့ ပြောတာပါ၊၁၉၅၁ မှာပဲ တရုတ်ပြည်
ထဲ သွားခဲ့တဲ့ အုပ်စုမှာပဲ ပါပါ၊ သူမရဲ့ အလောင်း
ကို ၁၉၇၄ နိုဝင်ဘာလ (၁)ရက်နေ့မှာ တွေ့
ခဲ့တယ်လို့ သတင်းစာ မှတ်တမ်းတွေထဲမှာ
ဖော်ပြခဲ့ပြီးသားပါ၊ အဲဒီနောက်ပိုင်း “နို့တလုံးစိန်”
ဆိုတဲ့ နာမည်နဲ့ နောက်ထပ် အမျိုးသမီး
တစ်ဦး မြန်မာပြည်သမိုင်းမှာ မရှိတော့ပါဘူး။

Anonymous said...

ဘာတွေရေးထားလည်း တော့မသိဘူး။ ပုံလေးတွေတော့ ကြည့်လို့ရတယ်။
------------
မြန်မာတဲ့ မြန်မာ
ကိုယ့်ဘာသာ ကိုယ့်စကားရယ်နဲ့
ကိုယ့်စာပေ တမူခြားတာကြောင့်
ကမ္ဘာမှာ ငါတကားရယ်လို့
ကြွားဝံ့စရာ
အရေးမှာ တကယ်မိပါမှ
ထူးပါဘိ မြန်မာစာ
ဂုဏ်ယူပါစေသား
အို မြန်မာ... ကိုယ့်ဂုဏ်ကိုယ်.... မဖျက်ပါနဲ့

Unknown said...

နို့တလုံးစိန် ရဲ့ photo ရရင် အမှတ်တရသိမ်းထားခြင်လိုက်