Tuesday, February 22, 2011

သူကြီးမင်းနှင့် သူ၏ပံ့သကူအချစ်


ဟိုးတလော..ရွေးကောက်ပွဲဆိုတာမတိုင်ခင်က ဗမာပြည်က နိုင်ငံရေးသမားဟောင်းကြီးတွေရဲ့ ရွေးကောက်ပွဲဝင်မဲ့ သမီးတွေရယ်၊ အမတ်လောင်းအရွေးခံမဲ့ အရွယ်လတ်အမျိုးသမီးတယောက်ရယ် စုပေါင်းပြီးစကားပြောကြတာ youtube မှာလား၊ facebookမှာလားကြည့်လိုက်ရပါတယ်၊ အမတ်လောင်း အမျိုးသမီးငယ်ပြောတာကတော့ ဗမာပြည်မှာ အမျိုးသမီးတွေ နေရာအပေးမခံရတဲ့အကြောင်း၊ ရပ်ကွက်လူကြီးကို အမျိုးသမီးခန့်တာမတွေးဖူးကြောင်း၊ ဟိုအရင်ကလဲ အမျိုးသမီးသူကြီး ရှိချင်ရှိပေမဲ့ သူတော့ မတွေ့ဖူးဘူးလို့ ဆိုပါတယ်၊

သူပြောသလိုလဲ ဟုတ်ပါရဲ့ ကိုကြီးကျောက်တို့ အာရှနိုင်ငံတွေမှာ အမျိုးသမီးအခွင့်အရေးဘယ်လောက်ရှိတယ် ပြောပြော ရှေးယဉ်ကျေးမှုဓလေ့ထုံးစံတွေက အမျိုးသမီးတွေကို ဦးစားပေးတာမရှိသလောက်ပါပဲ၊ ပဒေသရာဇ်ခေတ်ကလဲ ဘုရင်တွေ ဒီလောက်များတာတောင် ဗမာပြည်မှာ ရှင်စောပုတယောက်ပဲ ဘုရင်မဖြစ်ခဲ့ရတာပါ၊

ဒီအမတ်လောင်းအမျိုးသမီးက ဒီလိုပြောတော့ ကိုကြီးကျောက်ကတော့ ကိုကြီးကျောက်ရဲ့ ဒေါ်ကြီး အမျိုးသမီးသူကြီး ဒေါ်ခင်ဆွေကို သွားပြီး သတိရမိတယ်၊ ဒေါ်ခင်ဆွေရဲ့ အကြောင်းကို ပြောမယ်ဆိုရင် ကိုကြီးကျောက်တို့ ဘွားအေကြီး မယ်ခါ ကနေစပြီးပြောရပါလိမ့်မယ်၊ မယ်ခါတို့ကညီအမ နှစ်ယောက်မွေးချင်းရှိတာကိုး၊ မယ်သာယာတဲ့၊ မယ်ခါတဲ့၊ မယ်ခါ့အမ မယ်သာယာက ဝါဂွမ်းပွဲစားနဲ့ အိမ်ထောင်ကျတော့ ဝါထွက်ရာ မလှိုင်၊ မြစ်သားနယ်တွေဖက်ကို လင်မယားနှစ်ယောက် ဝါအဝယ်ထွက်ကြသတဲ့၊ နေ့စေ့လစေ့နဲ့ ဝါဝယ်ထွက်တဲ့ မယ်သာယာခမြာ မလှိုင်မှာ ဝါဝယ်ရင်း မီးတွင်းမှာပဲ ဆုံးရှာသတဲ့၊ ပူပူနွေးနွေးမုဆိုးဖို ပွဲစားကလဲ ကလေးပိစိကွေးနဲ့ ဒုက္ခဖြစ်နေတော့ မလှိုင်က တည်းအိမ်ရှင်လင်မယားကလဲ သားသမီးမရှိတော့ တောင်းသတဲ့၊ မယ်ခါ ကလဲ ဒီကလေးမွေးလို့သာသူ့အမဆုံးရလေခြင်းဆိုပြီး ကလေးကို ပေးထားခဲ့ပြီး လူမမယ်တူမ(၃) ယောက်ကို မယ်ခါက အုပ်ထိမ်းထားသတဲ့၊

တူမ (၃) ယောက်က မယ်ထင်၊မယ်ဆင်၊ မယ်အေးတဲ့၊ မယ်ခါသမီးနှစ်ယောက်က မယ်သေး၊မယ်ပွေးတဲ့၊ ညီအမတဝမ်းကွဲ ပေမဲ့ အရင်းလိုငယ်ငယ်ကထဲက နေလာကြတဲ့အပြင် အဒေါ်ဖြစ်သူမယ်ခါ ကိုလဲ ဒွေးလေး ဆိုပြီး ဖိန့်ဖိန့်တုန်အောင် ကြောက်ရသတဲ့၊ ရှေးကတော့ မိန်းကလေးဆိုရင် သေစာရှင်စာတတ်ရင် ပြီးတာပဲဆိုပြီး လောကဓါတ်ကျောင်းတွေမှာ ထားလေ့မရှိပါဘူး၊ ဒီတော့ မယ်အေးတို့ အရွယ်လေးရလာတော့ မလှမ်းမကမ်းက ကွေ့ကြီးရပ်ထဲမှာ ဘင်္ဂလားလိပ် လိပ်ကြသတဲ့၊ ဘင်္ဂလားလိပ်ဆိုတာ ဆေးရွက်ကြီးနဲ့ လိပ်တဲ့ ဆေးပြင်းလိပ်ကို ခေါ်တာကလား၊ မယ်အေးက အပျိုကြီးဖားဖားဖြစ်စ၊ ညီအမတွေထဲမှာလဲ အလှဆုံးဆိုတော့ လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေပေမဲ့ မယ်ခါ့ကို ကြောက်ကြတော့ ဘယ်သူမှ စကားမစရဲကြဘူးတဲ့၊

ဒါပေမဲ့ ကွေ့ကြီးအရှေ့ရပ်က သူကြီးဦးမြတ်သာ ကတော့ အောင်သွယ်တွေကနေတဆင့် မယ်ခါ့ဆီကို ကြောင်းလမ်းသတဲ့၊ အဲဒီတုန်းက မြင်းခြံမှာ သူကြီး (၄) ယောက်က ခွဲဝေအုပ်ချုပ်ကြသတဲ့၊ မြို့မသူကြီး၊ ကွေ့ကြီးအရှေ့သူကြီး၊ ပြောင်းပြာသူကြီး၊ သပြေပင်သူကြီးတဲ့၊ သူကြီးဦးမြတ်သာက လာကြောင်းလမ်းတော့ မယ်ခါက အရမ်းစိတ်ဆိုးသတဲ့၊ ဘာလို့လဲ ဆိုတော့ သူကြီးဦးမြတ်သာက အဲဒီအချိန်က အသက်က ၃၅ နှစ်လောက်ရှိတဲ့ မုဆိုးဖိုတဲ့၊ မယ်အေးက ၁၇ နှစ်သမီးလှတုန်းပတုန်း၊ ဆိုတော့ အသက်ကလဲ ခေါက်ချိုးလောက်ဖြစ်ပြန်၊ မုဆိုးဖိုလဲ ဖြစ်ပြန်ဆိုတော့ သဘောမတူနိုင်ဘူးတဲ့၊

ဒါပေမယ့်လဲ သူကြီးဆိုတော့ စကားလှအောင်ပဲ အကြောင်းပြန်လိုက်သတဲ့၊ မယ်အေးကတော့ သူ့ကိုသူကြီးကလိုချင်နေမှန်းသိတောင်မသိရှာဘူးတဲ့၊ သူ့ဖာသာဆေးလိပ်သွားလိပ်နေတာကိုး၊ မယ်ခါကလဲ ကုလားမနိုင်တော့ ရခိုင်မဲ ဆိုသလိုပဲ သူကြီးကို ဘာမှမပြောသာတော့ တူမဖြစ်သူ ဆေးလိပ်လိပ်ရာကို ချက်ချင်းလိုက်ပြီး မယ်အေးကို ဆံပင်ကဆွဲပြီးစီးလာတဲ့ဖိနပ်နဲ့ ရိုက်သတဲ့..၊ ညည်း အနေအထိုင်မတတ်လို့ လာပြီးစကားကမ်းတာ ဆိုပြီးတော့တဲ့၊ မယ်အေးခမြာ ဘုမသိဘမသိ အရိုက်ခံလိုက်ရသတဲ့၊ နောက်ဆုံးတော့ အားလုံးက မယ်ခါကို ဝိုင်းဝန်းဖြောင့်ဖျ နားချကြတော့ သူကြီးဦးမြတ်သာနဲ့ သဘောတူပေးစားလိုက်သတဲ့၊

ဦးမြတ်သာနဲ့ မယ်အေးတို့မှာ သားသမီး (၃)ယောက်မွေးသတဲ့၊ ဒေါ်ခင်ဆွေ၊ ဦးမောင်လေး၊ဒေါ်လှကြည်တဲ့၊ သူတို့ကို ကိုကြီးကျောက်အမေက မမဆွေ၊ မမကြည်၊ အကိုကြီးလို့ ခေါ်တော့ သူတို့ရှိမယ်ဆိုရင် အသက် ၁၀၀ ကျော်ပြီပေါ့၊ ကိုကြီးကျောက်အမေတောင် တမြန်နှစ်ကဆုံးတော့ အသက် ၉၀ ၊ သူကြီးဦးမြတ်သာ ဆုံးတော့ သူကြီးအရိုက်အရာကို သားဖြစ်သူဦးမောင်လေးက ဆက်ခံရမှာဖြစ်ပေမဲ့ ၉နှစ် ၁၀ နှစ်သားလောက်ပဲရှိသေးတော့ အရွယ်က မရောက်သေးဘူးဖြစ်နေသတဲ့၊ ဒီတော့ သူကြီးသမီးဒေါ်ခင်ဆွေကို သူကြီးရာထူးဆက်ခံဖို့ အရပ်ကတင်ကြသတဲ့၊

ဒေါ်ခင်ဆွေကလဲ မောင်ဖြစ်သူ ကိုမောင်လေး အရွယ်ရောက်ချိန်ထိ လုပ်ပေးပါ့မယ်၊ ကိုမောင်လေးအရွယ်ရောက်ရင် သူ့ကိုလွှဲပေးမယ် ဆိုပြီးကိုမောင်လေးကို ရင်ခွင်ပိုက်သူကြီးအရာထားပြီး သူကြီးမရာထူးယူသတဲ့၊ ဒေါ်ခင်ဆွေက သူကြီးသမီးလဲဖြစ်ပြန် ပညာလဲတတ်၊ ရုပ်ကလဲအမေတူဆိုတော့ အင်မတန်ချောတော့ အရပ်က လေးစားကြသတဲ့၊ တရားအမှုအခင်းဖြစ်ကြရင် ရုံးတွေ၊ ဂါတ်တွေ မရောက်ရဘူးတဲ့၊ ဒေါ်ခင်ဆွေက ဆုံးဖြတ်တာပဲ နာခံကြသတဲ့၊

ရင်ခွင်ပိုက်သူကြီး ကိုမောင်လေးကတော့ အမဖြစ်သူက ရပ်ရွာကိစ္စတွေ စီမံအုပ်ချုပ်နေတော့ သူကလပ်လျားလပ်လျားနဲ့ မိန်းမပဲ လည်ပိုးနေသတဲ့၊ သူက ဘယ်လောက်ပိုးပိုး မိန်းမကျလောက်အောင် စကားကလဲမပြောတတ်၊ ရုပ်ကလဲ ဦးမြတ်သာလို ရုပ်ဆိုးလေတော့ ဘယ်သူကမှလဲမကြိုက်ကြဘူးတဲ့၊ သူ့အသက် ၁၈ နှစ်ပြည့်လို့ သူ့ကိုသူကြီးရာထူးယူခိုင်းတော့လဲ လူငယ်စိတ်ပဲဆိုတော့ သူငယ်ချင်းတွေ မိန်းမပိုးလဲ အဖေါ်လိုက်လိုက်တာပဲ၊ မိန်းမခိုးလဲ သူကြီးမင်းက နောက်ကနေအထုပ်ထမ်းလိုက်ပေးတာပဲ၊

တနေ့တော့ သူကြီးကိုမောင်လေးရဲ့ သူငယ်ချင်းတယောက်က မိန်းမခိုးဖို့အကူအညီတောင်းသတဲ့၊ သူကြီးသူငယ်ချင်းရည်းစားက မဖွားချစ်တဲ့၊ ပြောင်းပြာသူ၊ သူငယ်ချင်းမိဘတွေက မဖွားချစ်နဲ့ သဘောမတူဘူးတဲ့၊ ဒီတော့ ကိုမောင်လေးသူငယ်ချင်းက မဖွားချစ်ကိုခိုးဖို့ ကိုမောင်လေး အကူညီတောင်းသတဲ့၊ ကိုမောင်လေးက သူငယ်ချင်းခိုးလာတဲ့ မဖွားချစ်ကို သူ့အိမ်မှာလက်ခံထားသတဲ့၊ သူငယ်ချင်းကလဲ မဖွားချစ်ကိုခိုးလာပြီး သူ့အိမ်အခြေအနေကြည့်ဖို့ ခနဆိုပြီးပြန်သွားလိုက်တာ တရက်နဲ့လဲမပေါ်လာ နှစ်ရက်နဲ့လဲ မပေါ်လာ၊ တပတ်နဲ့လဲမပေါ်လာ၊မဖွားချစ်ကလဲ လင်နောက်လိုက်ပြေးပြီးမှ လင်ကပစ်ပြေးတာမို့ မပြန်ရဲနဲ့ ကိုမောင်လေးဆီမှာ သောင်တင်နေလိုက်တာနောက်ဆုံးတော့ ကိုမောင်လေးနဲ့ ညားသွားကြလေသတဲ့၊ ကိုမောင်လေးခမြာ သူ့အစွမ်းအစနဲ့ မိန်းမပိုးတာ မရနိုင်လိုက်တာ သူငယ်ချင်းက မိန်းမခိုးလာပြီး ပံ့သကူပစ်သွားမှ မိန်းမရရှာတော့တယ်၊

ဟော...ကိုကြီးကျောက်လဲ သူကြီးဦးမောင်လေး တူပေပဲ မိန်းမတွေ ပိုးလိုက်တာ ချာချာလည်နေတာပဲ ဘယ်လိုမှမရခဲ့တာ ခုထိပါပဲ....ဒါ့ကြောင့် မိန်းမခိုးလာပြီး ပံ့သကူထားသွားလိုသူများ ကိုကြီးကျောက်ဆီ ခိုးလာနိုင်ကြပါတယ်၊ ကိုကြီးကျောက်ကတော့ မိန်းမခိုးလာကြရင် (၆) ယောက်လောက်တော့ လက်ခံမယ်စိတ်ကူးတာပဲ၊ ဒါမှ ဟိုတလောက မင်းသားလေးမင်္ဂလာဆောင်နဲ့အပြိုင် မင်္ဂလာဆောင်နိုင်မှာ၊ ဒါပေမဲ့မင်းသားလေးက မိန်းမ တယောက်ထဲ ၆ ခါ မင်္ဂလာဆောင်တာမို့ ကိုကြီးကျောက်က မိန်းမ (၆) ယောက်နဲ့ (၆) ခါ မင်္ဂလာဆောင်ရတာ ပိုမကောင်းပေဘူးလားဗျာ...၊

စာကြွင်း ။ ။ တုံဖလားရွာသူကြီးကိုကိုမောင် ကလဲ ပံ့သကူပစ်ရင်လက်ခံတဲ့အကြောင်း သတင်းသဲ့သဲ့ကြားထားပါသည်။

ကိုကြီးကျောက်ကျေးဇူးစကားလေးဆိုပါရစေ.. ကိုကြီးကျောက်ကို ကျန်းမာရေးမကောင်းတော့ အမေရိကန်အစိုးရက ကမ္ဘာ့ထိပ်တန်းဆေးရုံကြီးတွေမှာ ဆေးကုပေး၊ တလစာဆေးဖိုး ဗမာငွေ သိန်း ၈၀ လောက်ကျတဲ့ sorafenib လိုဆေးတွေ အခမဲ့ပေးပြီးဆေးကုသပေးပေမဲ့ ဆေးနဲ့ ကိုကြီးကျောက်က မတည့်တော့ အသဲတွေအဆမတန်ယောင်လာ အသဲက အဝါရောင်ဓါတ်ထုတ်ပေးမှုတွေ တအားများလာ၊ အဖုအပိန့်တွေထွက်လာနဲ့ ဖြစ်လာလို့ ကိုကြီးကျောက်ရဲ့ ဆရာဝန်က ဆေးတွေရပ်ပြီး ကမ္ဘာမှာနာမည်ကြီးတဲ့ အမျိုးသားကျန်းမာရေးသုတေသနကို လွှဲလိုက်ပြီး ကိုကြီးကျောက်ကို ၆ လပဲအသက်ရှင်နိုင်မယ်လို့ ပြောခဲ့ပါတယ်၊ ကိုကြီးကျောက်ကို ဘာဆေးမှ မတိုက်တာ ၃ လလောက်ရှိပါပြီ၊ ဒါပေမဲ့ အပတ်စဉ် သွေးစစ်ပြီး ကိုကြီးကျောက်ရဲ့ အသဲတွေ ကလီစာတွေ အလုပ်လုပ်တာကို စမ်းသပ်ပါတယ်၊ အပတ်စဉ်သွေးစစ်တဲ့အဖြေက တပတ်ထက်တပတ် တိုးတက်လာလို့ ဘာဆေးမှ မသောက်ပဲ ကောင်းလာတာကို ဆရာဝန်က အံ့ဩနေပါတယ်၊

၆လနဲ့ သေမဲ့ ကိုကြီးကျောက်က (၈) လရှိပြီ မသေပဲ ဖလန်းဖလန်းထနေပါတယ်၊ တကယ်တော့ ကိုကြီးကျောက်က ဗမာပီပီ ဆေးမီးတိုသုံးနေတယ်ဆိုတာ သူတို့မသိလို့ပါ၊ ကိုကြီးကျောက်သောက်တဲ့ ဆေးမီးတိုက ကူးကူး(စန္ဒကူး) ပြောတဲ့ ဒူးရင်းဩဇာရွက်ကို တနေ့လုံးကြိုသောက်ပါတယ်၊ မန္တလေးက ရွှေစင်တို့ စည်းစိမ်တို့ ပို့ပေးတဲ့ တပင်တိုင်မြနန်းဆေးမြစ်ကို သွေးပြီးပျားရည်နဲ့သောက်ပါတယ်၊ အာလူးကတော့ ခြစ်ရတာလက်ဝင်လို့ မသောက်ဖြစ်တာများပါတယ်၊ ဟိုတလောက 7day news မှာလားVoice မှာလားမမှတ်မိပါဘူး၊ ဒူးရင်းဩဇာရွက်က ကင်ဆာမပျောက်ဘူး..ဘာမှအကျိုးမရှိဘူးတွေရေးထားတာဖတ်ရပါတယ်၊ ရှင်းရှင်းကြီး ပျောက်ချင်မှတော့ပျောက်ပါလိမ့်မယ်၊ ကိုကြီးကျောက် ကိုယ်တွေ့ကတော့ သက်သာလာတာအမှန်ပါပဲ၊ ဒါကြောင့် ကိုကြီးကျောက်ကတော့ ကူးကူးရယ်၊ ဒူးရင်းဩဇာရွက်ပို့ပေးတဲ့ နယူးယောက်ပြည်နယ် ယူတီကာက ရုံလေး၊ဖလော်ရီဒါက မဝေ နဲ့ ကိုအေးမင်းမောင်၊ မန်းက နှမရွှေစင် နဲ့ စစ တို့ကို ကျေးဇူးတင်ကြောင်းပြောပါရစေ...။

google က ပုံရှာထားတာပါ။

35 comments:

Anonymous said...

သြ ဘကျောက်တို့ ဖလန်းဖလန်းထနိုင်တော့လည်း မိန်းမ ၆ယောက်နဲ့တောင် မင်လာဆောင်ချင်နေတယ်ပေါ့ ကျန်းမာလာတယ်ဆိုလို့ဝမ်းသာပါတယ် ဒီထက်ပိုပြီး လန်းနိုင် ဂွမ်းနိုင် စာတွေ ရေးပေးနိုင်ပါစေ

ခင်မင်တဲ့
နှမငယ်
စစ

Anonymous said...

သြ ဘကျောက်တို့ ဖလန်းဖလန်းထနိုင်တော့လည်း မိန်းမ ၆ယောက်နဲ့တောင် မင်လာဆောင်ချင်နေတယ်ပေါ့ ကျန်းမာလာတယ်ဆိုလို့ဝမ်းသာပါတယ် ဒီထက်ပိုပြီး လန်းနိုင် ဂွမ်းနိုင် စာတွေ ရေးပေးနိုင်ပါစေ

ခင်မင်တဲ့
နှမငယ်
စစ

sosegado said...

သက်သာ၍ ဖလန်းဖလန်းထနိုင်သည်ဆို၍ ဝမ်းသာပါသည်၊
ကိုကြီးကျောက်၏ထောက်ခံချက်အရ အမျိုးသမီးများပါ စစ်မှုထမ်းရမည် ဖြစ်လာပါလိမ့်မည်။

မေဓာဝီ said...

ဖလန်းဖလန်းထနိုင်တာ ၀မ်းသာပါတယ် ဘကျောက် ။ သူကြီးကို အားကျပြီး ပံ့သကူလက်ခံရင်တော့ သတိထားနော်။ ပံ့သကူသားဆိုတာ လတ်တာမဟုတ်ဘူး။ ပံ့သကူလက်ခံပြီး မဖလန်းနိုင်တော့ရင် ဒုက္ခ။

Anonymous said...

ခုလိုကြားရတာ ၀မ်းသာလိုက်တာ :D
ရှေ့ဆက်ပီး နောက်ထပ် နှစ်များစွာ ဖလမ်း ဖလမ်း ထနိုင်ပါစေ ..
သြော်
ဒါခု ခုက ရောဂါဟောင်း ပြန်ထတာပေါ့နော် .. :P:P

အနောနိမတ် (မိုးခါး) :P

Anonymous said...

ဦးကျောက် ကျန်းမာရေးတိုးတက်မှုအကြောင်းကြားရတာ အင်မတန်မှဝမ်းသာကြောင်းပါ။ ဆက်လက်ပြီးလဲ ကျန်းမာလာပါစေ။ ကျန်းကျန်းမာမာ အသက်ရှည်ရှည်နဲ့ ဖလန်း ဖလန်း ဘလော့ဂ်ဂင်းနိုင်ပါစေ။ အသားကို တတ်နိုင်သလောက်လျှော့စားပါ။ ဟင်းသီး ဟင်းရွက် အသီးအနှံ လတ်ဆတ်တဲ့အသီးဖျော်ရည်များကို နေ့စဉ်များများသုံးဆောင်ပါ။ ဒူးရင်းသြဇာက အရွက်တော့မသိပါ ဒူးရင်းသြဇာသီးဖျော်ရည်ကတော့ ကင်ဆာအတွက် အကျိုးကျေးဇူးရှိကြောင်းတော့ ကြားဖူးပါတယ်။ ဖျော်ရည်ရရင်သောက်ကြည့်ပါ။ ကျန်းမာစေရန် မေတ္တာပို့ပါတယ်။

ဦးကျောက်ရဲ့ ဘလော့ဂ် စာဖတ်ပရိသတ်တစ်ဦးပါ။

ရွှေရတုမှတ်တမ်း said...

ဝဲတွေတွေ့ပြန်ပြီ..မာမည်ထည့်ရင် URL မထည့်ကြပါနဲ့..comment တွေက ဝဲတွေပြန်စစ်ပြီး တချို့တွေကို span လုပ်ရလိမ့်မယ်..အမည်မသိနဲ့ သတိထားပြီး comment ပေးကြပါ..အဘတော့ နေ့တိုင်းဝဲစစ်နေရတာ စိတ်ညစ်လာပြီ

မောင်လေး said...

ဟင်း....သကြီးဦးမောင်လေးမှ မဟုတ်ဘူး....၊ကျွန်တော်
လည်း ချာချာလည်နေတာပဲ ကိုကြီးကျောက်ရ...:)
ပန့်သကူတော့ လက်မခံတော့ပါဘူး ကိုကြီးရာ...၊
တနေ့တခြား ကျမ်းမာရေးတိုးတတ်လာတယ်ဆိုတော့
ဝမ်းသာပါတယ်ခင်ဗျ....၊

ကိုကိုမောင်(ပန်းရနံ့) said...

ဘကျောက်..
ကျန်းမာပျော်ရွှင်နေလို့ ၀မ်းသာသဗျား။ အခုလို စာလေးတွေ ဖတ်ရတာ လူကို တက်ကြွနေတာဘဲ။ ဘကျောက်က ပံသုကူ ၆ ယောက်ဘဲလား။ နည်းသေးတာပေါ့။းဝ)

တုံးဖလားသူကြီးမင်းလဲ ဘယ် ပံသုကူ ကောက်ရမလဲ စဉ်းစားနေတာ။ ကျိုက်ထီးရိုးဘုရားဖူးသွားတုန်းကတော့ ပံသုကူ တစ်ခု တွေ့ဖူးတယ်။ ဒါပေမဲ့ အဲဒီ ပံသုကူက သင်္ကန်းတစ်စုံ ဖြစ်နေတယ်။ ဟာ ဟ။

ပျော်ရွှင်လန်းဆန်းတက်ကြွ နေကောင်း ကျန်းမာ လိုအင်ဆန္ဒတွေ ပြည့်ပါစေဗျာ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

လသာည said...

ဘကျောက်..
နေကောင်းပြီဆိုတော့ ၆ ယောက်အထိ လက်ခံနိုင်ပြီဆိုပါတော့..း)))

အဲဒီဆေးမြစ်အစွမ်း ကောင်းတယ်လို့ ကြားတယ်..။ ကျန်းမာရေးအတွက် လက်တွေ့စမ်းမလို့ စဉ်းစားနေတာ. ဘကျောက်ညွှန်းတာနဲ့ အတော်ပဲ..။ အဲ့ဆေး မှာသောက်ဦးမယ်..

Anonymous said...

ကိုအိပ်မက်ကျောက် ရေ.....
ဖလန်းဖလန်းထပြီး တော့ မိန်းမခြောက်ယောက်တောင်
ယူဦးမတဲ့ ........
သူကြီးမင်းတူ ကလဲ ခုထိမစွန်သေးတာ ပံ့ သကူစောင့်နေပုံ ရပါ့နော်....

မောင်မောင်

ကိုအောင်(ပျူနိုင်ငံ) said...

ကောင်းတယ် ဗိုလ်ကျောက်၊ ဖြစ်နိုင်ရင် ကော်မန့်ကို မော့ဒရိတ် လုပ်ထားလေ အကိုကြီး၊
အခုဟာက ၀ဲပျောက်ပြီးသား ဘလော့တွေ ကော်မန့်ကတဆင့် မဲဝဲ ပြန်ဖြစ်နေတာ အကိုရေ ...

Chinniah.ramasamy said...

ကိုကျောက် ...

ပံ့သကူ နောက်တွဲတွေ ပါလာဦးမယ် ...

အဲဒီက စပါယ်ရှယ်လစ်တွေကို .. ကြုံတုံး မှတ်ကွဲ့ ဆိုပြီး ဗမာ ဆေးမီးတိုလေး ပေးလိုက်ပါလား....

ချင်နယား

Anonymous said...

ပုံပြောကောင်းတဲ့ ကိုကြီးကျောက်... ဒီထက်ပိုပြီး ပုံတွေပြောနိုင်ပါစေ.....ဖလန်းဖလန်းထနိုင်ပါစေလို့ ဆုတောင်းပါတယ်။

ကျမအမေကတော့ sorafenib(အိန္ဒိယဖြစ်) သောက်နေတာ ၄လလောက်ရှိပါပြီ။ generic ဆေးမို့ US-made ထက် ဈေးအများကြီး သက်သာပါတယ်။ သောက်စက အဖု လေးတွေ ထွက်လာပေမဲ့ လိမ်းဆေးနဲ့ အခု ပျောက် သွားပါပြီ။ တပင်တိုင်မြနန်းတို့ ရဲယိုဖျော်ရည် တို့လည်းသောက်ပါတယ်...။ ဟိုတခါဆေးစစ်ပြီး ဆရာဝန်က အခြေအနေက မဆိုးဘူးလို့ ပြောပါတယ်။

ဗမာဆေးနဲ့ သက်သာတာ သိရလို့ ၀မ်းသာပါတယ်။ ဖြစ်နိုင်ရင် ပရိတ်ခွေဖွင့်လို့ဖြစ်ဖြစ်၊ ကိုယ်တိုင်ရွတ်လို့ဖြစ်ဖြစ် သောက်စေချင်ပါတယ်..။

ခင်မင်စွာဖြင့်

မိုးစက်ပွင့်

mgmyo said...

ကျနော့် ကော့မန့်ကြီးပျက်သွားပြီးး(

ငွေစန္ဒာ said...

ဘကျောက် ရောဂါသက်သာပြီးကျန်းမာရေးတိုးတက်ကောင်းမွန်
လာတယ်ဆိုလို့ဝမ်းသာပါတယ်။
ကျန်းမာပျော်ရွှင်အသက်ရှည်ပါစေနော်။

IDIOT-Ki said...
This comment has been removed by the author.
KiKi said...

ဘကျောက်..ပံ့သကူ ၆ ယောက်ဆိုတော့ ၊ နောက် အနည်းလေး ၆ နှစ်လောက်ကတော့ ဖလန်းဖလန်း နဲ့ ကို ၊ ရှည် အုံး မှာ .... အသက် ပြော ပါ တယ် ..

ဗမာ့ ဆေးမြီးတိုတွေ ဘယ်လောက် စွမ်းကြောင်း သူတို့ ကို အသိပေးသင့်တယ်...
ဒါလေးပဲ ဂုဏ်ယူစရာ ကျန်တော့မှာ လေ ..

ပံ့သကူများစွာ ပံ့နိုင် ပါ စေ..

မယ်ကိ ..

ကိုဇော် said...

ကိုကြီးကျောက် နေကောင်းခါစ နလန်ထခါစ ဆိုတော့ ဒီလို ပံ့သကူတွေကို လက်မခံသင့်သေးဘူး။ အဲဒီလို တွေ့တယ် ဆိုရင် ကျနော့်ဆီမှာ ခဏအပ်ထားဗျာ။ အယောက်ရေ အကန့်အသတ် မရှိ အပ်ထားနိုင်ပါတယ်။ နေကောင်းပြီ ဆိုမှ ယူစေဗျား..:D

နေကောင်းလာလို့ ဝမ်းသာပါတယ်ဗျာ။ ဗမာဆေးမြီးတိုတွေကိုတော့ ( တိုင်းရင်းဆေးကို ပိုတာပေါ့ ) လက်ခံပါတယ်။ ဒီထက် သက်သာလာရင် သူတို့ကိုလည်း နည်းနည်းလောက် ကြွားလိုက်စမ်းပါဗျာ။

ဆထက်တပိုး ဖလမ်း ဖလမ်း ထနိုင်ပါစေဗျာ။

Anonymous said...

ဒယ်ကျောက်တို့ ကတော့ တဆိတ်လွန်နေပြီထင်တယ်...ဆေးပို့ ပေးတဲ့ အမတွေကို မပို့ ခိုင်း တော့ရင်ကောင်းမလားမသိဘူး...သက်သာလာပြီဆိုတာနဲ့ ဖလမ်းဖလမ်းတွေဖြစ်ပြီး ခြောက်ယောက်တဲ့..အရှင်းသာသက်သာမယ်ဆိုရင် ကိုပီတာဘလော့ကလူကြီးထက်သာမယ် ..ဘယ်လောက် ၃၉ယောက်....ဒယ်ကျောက်နေကောင်းပါစေ

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုကြီးကျောက် သက်သာလာတယ်ဆိုလို့ ကြားရတာ ၀မ်းသာလိုက်တာ
သက်သာလာလို့ကတော့ ၆ယောက်မကဘူး
၁၀ယောက်လဲ ယူပါ ကိုကြီးကျောက်ရေ။
ကိုကြီးကျောက်သာ သက်သာပျောက်ကင်းသွားရင် အမေရိကားမှာ မြန်မာဆေးဖော်ရောင်းရင် သူဌေးဖြစ်နိုင်သေးတယ်နော် စိတ်ကူးမလွဲနဲ့။
ဘီလ်ဂိတ်တို့လိုသာ မီလျှံနာဖြစ်လာရင် ပံ့သကူ ဘယ်လိုတော့မလဲနော် အလိုလိုရောက်လာတော့မှား)
ရှေ့ဆက်ပြီး နေကောင်းကျန်းမာ သက်သာပျောက်ကင်းပါစေ ကိုကြီးကျောက်ရေ။

rose said...

သူကြီးသမီး ဒေါ်ခင်ဆွေ အကြောင်း လာဖတ်သွားပါတယ် ကိုကြီးကျောက်ရေ... အမျိုးစပ်ထားတာ ဖတ်ပြီး ခေါင်းတောင် နည်းနည်း မူးသွားတယ်။

ပြေတီဦးလေးကို အဲ့ရို မကြောပါနဲ့ ကိုကြီးကျောက် ခစ် ခစ်း)

ကိုကြီးကျောက် ကျန်းမာ ရွှင်လန်းပြီး ဘလော့ဂ်မှာ စာတွေ အများကြီး ရေးနိုင်ပါစေရှင်။

ခနွဲ said...

ဘကျောက်။
ကျန်းမာရေး ကောင်းလာတာ ကြားရတော့ ၀မ်းသာပါတယ်ခင်ဗျာ။ ကျန်းမာရေးကို ဂရုစိုက်ပါ။ အဲ..ကျွန်တော်လည်း ပံ့သကူ ရှာနေတာ။ ဟီးးးးးး။

shwezinu said...

ကိုကြီးကျောက် ရေ

နေကောင်းသွားတယ်ဆိုလိုဝမ်းသာပါတယ် ပံ့သကူ ၆ယောက် ဆို လောက်တောင်မလောက်ဘူးတဲ့ ကိုကိုမောင်က

ချစ်နှမ
ရွှေစင်

Anonymous said...

ကိုကျောက်ရေ ပံ့သကူဆိုပြီး လွယ်လွယ်လဲ မကောက်လိုက်နဲ့ဦး မေရိကားရဲမ ဖြစ်နေလို့ ပြန်ပစ်လို့လဲမရနဲ့ နေရင်းအမှုတက်နေမယ်ဗျာ.

ဖလန်းဖလန်းထနေတာကို ၀မ်းသာသွားပါသည်

ကိုချစ်ဖေ

Anonymous said...

ကျောက်တီဦး ရေ ..
နေကောင်းဆိုလို့ ၀မ်းသာသဗျို့ ။ ကျွန်တော်တို့ အလုပ်ထဲမယ် Accident ဖြစ်တော့ လူကြီးရောက်လာပီး မေးတယ် (နောက်တာပေါ့) “ လူပျိုလား အိမ်ထောင်သည်လားကွ ၊ အိမ်ထောင်သည်ဆိုရင်တော့ နေရတာ တန်နေပါပြီ ၊ လူပျိုဆိုရင်တော့ မတန်သေးဘူးကွ ” တဲ့ ။
ခုလည်း ဘကျောက်က မတန်သေးလို့ ၊ တန်အောင်လို့ အားပြန်မွေးဖို့ရာ ရောဂါက လက်လျော့သွားပုံပဲ ။ ပံ့သကူ၆ ယောက် နဲ့ ကျောက်တီဦးလေး လုပ်လိုက်ဦးပေါ့ ။

ဖလန်းဖလန်းထပြီး အရမ်းအရမ်း ၀ လာပါစေဗျာ
ချစ်ခြင်းအားဖြင့်
ကိုရင်ညိန်း

Anonymous said...

ကိုကြီးကျောက် ရေ

နေကောင်းသွားတယ်ဆိုလိုဝမ်းသာပါတယ်

with kind metta.

tinhtoo

သစ်နက်ဆူး said...

ကိုကျောက်
ဖလန်းဖလန်းထနေပြီပေါ့လေ...
ဒါဆိုရင်တော့ ၆လပြည့်လဲ မသေနိုင်ဘူး..လို့ အာမခံပြီး
ကျနော်ပြောခဲ့ တာ မှန်နေပြီပေါ့လေ....
ကဲ...ကိုကျောက်နဲ့ ကျနော် ၂ယောက်ပေါင်းပြီး ဗေဒင်ဆိုက်လေးတခုထောင်ကြစို့ ...
ဆိုက်ဖွင့်ပြီးတာနဲ့  စ..မှားကြတာပေါ့လေ..။
..
ဒီလူနာလေးကတော့..ခမဲလိုနေပြီထင်တယ်း)

Han Kyi said...

ကြားရဖတ်ရတာ ၀မ်းသာသဗျာ...ဒါပေမယ့် ခြောက်ယောက်တော့ မကောင်းဘူးထင်တယ်...ခြောက်ခြောက်ကပ်ကပ်ကြီးဖြစ်နေလိမ့်မယ်...ဘာပဲဖြစ်ဖြစ် ဒီအတောအတွင်း စာတွေ အင်တိုက်အားတိုက်ရေးဖြစ်နေတာကို ဖတ်ရင်း မုဒိတာပွားပါတယ်...ဆထက်ထမ်းပိုး ရေးနိုင်ပါစေဗျာ...

Anonymous said...

သူ ဒါပဲတွေးနေတယ်း)
နေကောင်းလာတယ် သိရတာ တအားဝမ်းသာတယ်
ကိုကြီးကျောက်ရေ။ ဆေးနဲ့အစာ မျှတအောင် သတိထားပြီး ဆက်သောက်သွားနော် ကိုကြီး။
နောက်ထပ်သတင်းကောင်းလေးတွေလည်း ကြားရအုံးမယ်လို့ ယုံကြည်ပါတယ်။

မြစ်ကျိုးအင်း

အဖြူရောင်နတ်သမီး said...

သတင်းကြားရတာ တော်တော်ဝမ်းသာသွားတယ် ဘကျောက်ရယ်...။
ဖလန်း ဖလန်း ဘယ်လောက်ပဲ ထ ထ.. ထချင်သလောက်ထ ပါစေ။
ဘကျောက်နေကောင်းဖို့က အရေးကြီးတယ်..။
ဆိုက်ပရပ်စ်က မဒီချောချောလေး(၆)ယောက် ဘကျောက်ဆီပို့ပေးလိုက်မယ်..။

Anonymous said...

ဟုတ်တယ် အန်ကယ်ကျောက်
တပင်တိုင်မြနန်းက အကြိတ်အကုန်ပျောက်တယ်
ကိုယ်ပေါ်ကအဖုအပိန့် ထွက်တာဆို
သုံးကြိမ်လောက်ပဲသွေးလိမ်းရတာ
အဲ့ဒါတော့နာမည်ကြီးတယ်တပင်တိုင်မြနန်းကလေ

Anonymous said...

လင့်ခ်တွေ ခုမှ ပြန်ချိတ်လို့ ကိုကြီးကျောက်ရေ....ခုမှ လာနိုင်တာ ၊ ခုလို ဖလမ်းဖလမ်းထနေတာ အရမ်း ဝမ်းသာတယ်ဗျိုး၊ ပံ့သကူစောင့်နေရမှာလား ဒီပုံက အလန်းကြီးပဲဟာ...:)

မယ်ချစ်

ကလူသစ် said...

ဖလန်း ဖလန်းကို ဖတ်ရလို့ စိတ်ချမ်းသာသဗျို့

nawphaw said...

ကိုကြီးကျောက် သက်သာပြီး ဖလမ်းဖလမ်းထနေတယ်ဆိုလို့ ဝမ်းသာလိုက်တာ....