
ဒီလဆန်းက ကိုကြီးကျောက် Las Vegas နဲ့ Grand Canyon ကို Las Vegas က ကိုကြီးကျောက်ရဲ့ စာဖတ်သူနှမတယောက်က အလည်ခေါ်လို့ သွားတော့ မြောက်အမေရိကတိုက်က အရီဇိုနားကန္တာရကို ရောက်ဖူးရတော့တာပဲ၊ အရီဇိုးနားကန္တာရဟာ ဆဟာရလို သဲကန္တာရမဟုတ်ပါပဲလား၊ လွင်တီးခေါင် မှာဆူးခြုံပုတ်လေးတွေနဲ့ ကျောက်တောင်ကုန်းတွေ ရှိနေတာကိုး၊ ကိုကြီးကျောက်တို့ ဗမာပြည်အလယ်ပိုင်းနဲ့တောင် ခပ်ဆင်ဆင်မို့ ကိုယ့်ရပ်ကိုယ့်ရွာတောင် ကန္တာရဖြစ်တော့မှာလားလို့ တွေးတောင် ပူမိသေး၊
အရီဇိုးနားကန္တာရကြီးမှာ ကန္တာရငယ်က လေးခု နဲ့ ဖွဲ့ထားလေတော့၊ Las Vegas က Mojave (မိုဟားဗီ လို့ အသံထွက်သတဲ့၊ ရက်ဒ် အင်ဒီးယန်း မိုဟားဗီလူမျိုးစုနေရာဒေသမို့တဲ့) ၊ ကန္တာရမှာရှိတာပေါ့၊ ကန္တာရထဲမို့ ဒီ နှစ်ဆယ်ရာစုအစ ၁၉၀၈ ခုနှစ်မှ မြို့စတည်လိုက်တာ၊ ခုတော့ မိုဟားဗီ ကန္တာရက ဧရာမမြို့ကြီးဖြစ်နေပါရော့လား၊ ကန္တာရထဲမှာ စိုက်ပျိုးလုပ်ကိုင်စားလို့မရလို့ လောင်းကစားဝိုင်းတွေထောင်ပြီး မြို့ကြီးကို ရပ်တည်နိုင်အောင်အားထုတ်ခဲ့ကြတာကိုး၊
ကိုကြီးကျောက်ဝါရှင်တန်ဒီစီ ရော်နယ်ရီဂင်လေဆိပ်ကနေ ညနေထွက်လာလိုက်တာ Las Vegas ရောက်တော့ ည သန်းကောင်နီးနေပြီ၊ ကိုကြီးကျောက်တို့ အမေရိကန်ပြည်ထောင်စုအရှေ့ဖက် ကမ်းရိုတန်းမှာက လူနေထူထပ်တော့ မြို့ကြီးမြို့ငယ်တွေက ဆက်နေတာ၊ မီးရောင်တွေက လင်းထိန်နေရာကနေ တဖြေးဖြေး အတွင်းပိုင်းရောက်တော့ မီးရောင်တွေ နဲနဲသွားလိုက်တာ ကန္တာရထဲမှာ မှောင်နေတာပဲ၊ Las Vegas ကို လှမ်းမြင်နေတဲ့အချိန်မှာတော့ကန္တာရထဲက လမိုက်ညမှာ လမင်းကြီးကို မမျှော်လင့်ပဲမြင်လိုက်ရသလိုပါပဲ၊ ကန္တာရထဲက မီးရောင်စုံတွေဟာ တလက်လက်နဲ့ ကြည့်လို့လှလိုက်တာ၊ လေယာဉ်ကွင်းကလဲ မြို့လယ်ခေါင်ဆိုတော့ မီးရောင်စုံထွန်းထားတဲ့ ဟိုတယ်ကြီးတွေ၊ ကာစီနိုတွေ အတိုင်းသားမြင်နေရပါရောလား၊
Las Vegas ကိုစလည်မယ်ဆိုတော့ ကိုကြီးကျောက်တည်းတဲ့နေရာကနေ Las Vegas Blvd လမ်းမကြီးအတိုင်း ဝင်လာတော့ ပထမဆုံးစတွေ့တာ Mandalay Bay ဟိုတယ်နဲ့ ကာစီနိုရုံကြီးပေါ့၊ ဒီဟိုတယ်ပိုင်ရှင်က မန္တလေးမြို့ကိုရောက်တော့ မန္တလေးနန်းမြို့ရိုးတွေ နဲ့ မန္တလေးဆိုတဲ့ နာမည်ကို သဘောကျလွန်းလို့ ဟိုတယ်နဲ့ ကာစီနိုရုံကြီးဆောက်တော့ မန္တလေးပင်လယ်အော် ဆိုတဲ့နာမည်ကို မှည့်လိုက်သတဲ့၊ မန္တလေးနန်းတော်မြို့ရိုးပုံ ဟိုတယ်အပြင်မှာလုပ်ထားပေမဲ့ နဲနဲလေးမှ မတူတာတော့အမှန်ပါ၊
ဟိုတယ်ဝန်းထဲမှာ ဗမာပြည်ရောက်နေသလိုခံစားနိုင်အောင် စေတီဘုရား၊ ထန်းပင်လေးတွေနဲ့ သစ်တောတခု ဖန်တီးထားကတော့ သဘောကျစရာပါ၊ ကန္တာရကြီးမှာ သစ်ပင်ပန်းပင်တွေ စိမ်းလန်းစိုပြေအောင် အားထုတ်နိုင်ဖို့ဆိုတာက ငွေကုန်အတော်များမဲ့ ကိစ္စပါ၊ ငွေကုန်ခံနိုင်တဲ့မြို့ဆိုတော့လဲ သစ်ပင်ပန်းပင်တွေ ပြုပြင်ထားလိုက်တာ... ကန္တာရထဲက ရေမရှိတဲ့ အရပ်ပေမဲ့ ရန်ကုန်မြို့ကြီးထက် စိမ်းလန်းစိုပြေ အလှဝေနေတာတော့ အမှန်ပါပဲ၊
Mandalay Bay ဟိုတယ်နဲ့ ကာစီနိုကြီးကတော့ ကိုကြီးကျောက်အတွက် သိတ်စိတ်ဝင်စားစရာမရှိပါဘူး၊ လောင်းကစားဝိုင်းတွေ ကလဲ ငွေပေါပေါနဲ့ ကစားမှနိုင်နိုင်တာမို့ တမတ်ငါးမူးနဲ့ ပွတ်ဖို့ မကြံစည်တော့ပါဘူး၊ ကာစီနိုပိုင်ရှင်တွေကလဲ ငါးစာပဲပြပြီးလူတွေကိုမျှားထားတာကလား၊ သူတို့သာဟိုတယ်တွေ ကာစီနိုကြီးတွေ တလုံးပြီးတလုံးပိုင်သွားကြတာ ကစားတဲ့သူတွေ သန်းကြွယ်သူဌေးဖြစ်သွားတယ်ဆိုတာ မရှိသလောက်ပါပဲ၊ ဟိုတယ်ထဲက ဆိုင်တွေကလဲ နာမည်ကျော် တံဆိပ်ဈေးကြီးတာတွေမို့ ဘာမှလဲမဝယ်ဖြစ်ပါဘူး၊ အဲ.....ရန်ကုန်အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်ရှေ့ မှာတော့ အမှတ်တရဓါတ်ပုံလေးရိုက်ယုံပါပဲ၊ (ကစားဝိုင်းတွေဘေးမှာ တိုင်ပတ်ပြီးကနေတဲ့ ကောင်မလေးတွေပုံရိုက်တော့လာတယ်၊ နောက်မှတင်ပေးမယ်)၊
Mandalay Bay နဲ့ ကပ်လျက်မှာက Luxor ဟိုတယ်နဲ့ ကာစီနိုကြီး၊Mandalay Bay ကနေ ကာစီနိုချင်းရထားစီးပြီးသွားလို့ရတာမို့ အလကားရတဲ့ရထားကို အားပေးလိုက်ပြီး သွားကြည့်ပြန်ပါတယ်၊ သူက အီဂျစ်က ပိရမစ်ပုံဆောက်ထားတာ၊ ဟိုတယ်ခန်းလေးတွေက ပိရမစ်ကြီးတွင်းပိုင်းမှာ ခိုအိမ်လေးတွေ ချိပ်ထားသလိုပါပ၊ဲ
လောင်းကစားဝိုင်း၊ ဟိုတယ်နဲ့ ဈေးဆိုင်တွေပဲရှိတာမို့ ကိုကြီးကျောက်တော့အပြင်ထွက်ပြီး အိုက်တင်အမျိုးအမျိုးနဲ့ ဓါတ်ပုံရိုက်နေတော့တာပဲ၊ အီဂျစ်က ဖာရိုဘုရင်တွေမှာ တချို့က ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရင်ဖြစ်ကြတော့ ရင်ခွင်ပိုက်ဘုရင်ရယ်လို့ ထီမွေနန်းမွေခံကြတာကလား၊ ကိုကြီးကျောက်ကလဲ အဟင်း..ဘာရမလဲ၊ ကြီးတောင့်ကြီးမားကြမှ ဖာရိုနဲ့တွေ့ရတော့ သူ့ရင်ခွင်မှာ တက်ထိုင်ပြီး ရင်ခွင်ပိုက် ဖာရိုကျောက် လုပ်လိုက်တာပေါ့၊ အင်း...ဒါပေမဲ့လဲ ဖာရိုကျောက်ခမြာ ဟိုတယ်အပေါက်ဝမှာဆိုတော့ ဖာကြိုကျောက် ပဲဖြစ်မယ်ထင်ပါရဲ့....။
ကိုကြီးကျောက်ခရီးကပြန်လာပြီး ခရီးပန်းတာရော၊ ကိုယ့်အသက်ကိုမတွက်စစ်ပဲ ကာလသားလေးလို ကျောက်တောင်တွေတက်၊ ဘူမိဗေဒဆိုင်ရာကျောက်လွှာကျောက်တောင်တွေကြည့်၊ လုပ်မိတာရောကြောင့် နေထိုင်မကောင်းဖြစ်နေပါရောလား၊ ခုမှ သက်သာလို့ စာလေးနဲနဲ ရေးတင်လိုက်ပါတယ်၊ Las Vegas မှာကြည့်စရာ ရေးစရာတွေ အများကြီးရှိပါတယ်၊ ဒါပေမဲ့လဲ ကိုကြီးကျောက်ကတော့ ကမ္ဘာ့ သဘာဝအံ့ဖွယ် ခုနစ်သွယ်မှာပါတဲ့ Grand Canyon တို့ Las Vegas ဆင်ခြေဖုံးက Keystone thrust fault ပြတ်ရွေ့ကိုသွားလည်ရတာလောက်တော့ စိတ်မဝင်စားခဲ့ပါဘူး၊၊ အဖိုးကြီးဖြစ်လာတော့ လူငယ်တွေ သဲသဲလှုပ်လွမ်းပြနေတဲ့ သင်္ကြန်တောင် မေ့နေတာအမှန်ပါပဲ၊ ဘလော့တွေ လည်တော့မှ ဪ...သင်္ကြန်ရောက်လို့ တနှစ်ကူးလို့ အသက်တွေ တနှစ်ကြီးလာတာ သတိထားမိတော့တယ်၊ ကိုကြီးကျောက်ကတော့ အသက်ကိုမေ့ထားချင်လို့ ခုထိသင်္ကြန်မကျသေးပါ။
Google ကနေ မြို့အပေါ်စီးပုံ ရှာထားပြီး ကျန်တာတွေကတော့ နှမများရိုက်ပေးထားပါသည်၊
38 comments:
ဖလန်း ဖလန်း ထတာ အမောဖောက်မှပဲ
အသက်သတိ၇တယ်ပေါ့လေ :P
Baby taster
ပုံလေးတွေကြည့်သွားတယ် ဘကျောက်ရေ..။
မင်္ဂလာရှိသော နှစ်သစ်မှာ ဘကျောက်တယောက် ကျန်းမာရွှင်လန်း ဖလန်းဖလန်း နိုင်ပါစေကြောင်း ဆုတောင်းပေးသွားပါတယ်....
Las Vegas မှာရော ငှက်ပျောသီး ပစ်တာတွေ ဘာတွေ မရှိဘူးလား။ :D
မန္တလေးရော ရန်ကုန်ရော အီဂျစ်ပါ ပါသေး။ အကုန်ရောက်သွားတော့ တစ်နေရာထဲ အကုန်နှံ့သွားတာပေါ့။ မဟာဝိဇယစေတီတော်ထဲ ၀င်ပြီး တစ်နိုင်ငံလုံး ဘုရားအနှံ့ဖူးရသလိုဘဲပေါ့။
မန္တလေးဘေး ရန်ကုန်လို့ နာမည်မှည့်ထားကြပြီး ရန်ကုန် မန္တလေးလို သင်္ကြန်တော့ ကျကြပုံမရဘူး။ ဒီလူတွေ အကြံပေးရဦးမယ်။း)))))
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
နေမ၀င်မြို့ ကို အလည်သွားတာကိုး လောင်းကြေးစက်တွေက ၂-၃ခါ အနိုင် ပေးပြီးရင် ဒိုင်စားတာဘဲ ဘယ်တော့မှ မနိုင်ဘူး နိုင်ပြီဆိုရင် စက်ကို လာလှည့်ရော ရှုံးပြီးရင်ရှုံး ဒါကြောင့် ဖဲဘက်မှာ လူပိုများတယ် စကားစက်တွေမှာ လူတွေ သိပ်မရှိလှဘူး ထင်တယ် ရှုံးပေါင်းများလို့ ထင်ပါရဲ့ နေရာ တိုင်း ဒီစက်တွေ ဒါတွေဘဲဆို တော့ မမိုက်ပါဘူး။ မိုက်တဲ့ ကောင်မလေးတွေဘဲ ကြည့်ခဲ့ ဖူးတယ်
ကိုကြီးကျောက်လက်စသတ်တော့ လျှောက်လည်နေတာကိုး...
အခုမှပြန်တွေ့တော့တယ်...
သြော်. . . ကိုကြီးကျောက်တောင်မှ ဖာကြို ရင်ငွေ့ . . အဲလေ. . . ဖာရို ရင်ငွေ့ ခိုလှုံပြီးသွားပြီပေါ့။ ဂွတ်ထ . . ဂွတ်ထ . . .
တုံးကျော်ကျောက်ရေ ဝမ်းသာပါတယ်။
ကင်ဆာကို ကြံကြံခံနိုင်တဲ့ ကိုကျောက်ရဲ့ အသဲ၊ ကောင်မလေးတွေ အခွဲခံနိုင် မခံနိုင် စမ်းကြည့်ပါလား။
Bally show ကြည့်ခဲ့မယ်လို့ထင်ပါတယ်၊ ဓါတ်ပုံမရိုက်ရဆိုပေမဲ့ ရိုက်လို့ရပါတယ်၊
ကိုကြီးကျောက်က မကစားဘူးဆိုလို့၊ Mega jack pot တော့သွားလည့် ကံရှိရင်ထပေါက်မှာ၊ ပျော်ရွှင်ပါစေ။
ကိုကြီးကျောက် နောက်က ကျောက်ရုတ်ကြီး လှုပ်လှုပ် လှုပ်လှုပ်နဲ့  ထလာမှာ မကြောက်ဘူးလား?
သူတို့ ဝိညည်တွေက ခုထိ မကျွတ်ကြသေးဘူးနော် ...
ဘူး ထွား ထွား
အင်း အောက်မှာလဲ ပစ္စည်းလေးတွေ သူများ မသွားဦးမယ်။
မန္တလေးဘေ မှာ ထိုးမုန့်လေး၊ မုန်တီ လေး ရော မစားခဲ့ဘူးလား ဗျ။ :P
သော်တာဆွေရေးတဲ့ ပြောရဦးမယ် မမြရီရေ လိုဘဲ ပြောလိုက်တာ ပြောလိုက်တာ ပို့စ်ရေးတဲ့သူ အနှောက်အရှက်ဖြစ်သွားတယ်ထင်တာဘဲ...ဒါပေမဲ့ကြော်ငြာပေးမယ်...ကိုကြီးကျောက် အသက်၂၅ နှင့် ၃၀ အတွင်း ရီးစားတယောက်ရချင်တဲ့အကြောင်း ချစ်ကြောင်း၊ ကြိုက်ကြောင်းလာပြောမယ်ဆိုရင်လည်း လက်ခံနေပြီဆိုတဲ့အကြောင်း ကောင်းမလေး ငယ်ငယ်လေးတွေပြောရင် ပိုပြီးစိတ်ဝင်စားပါကြောင်း၊ သူကိုယ်တိုင်ကတော့ အသက်အရွယ်အရ ဆင်ခြင်ရပေမဲ့ သူများလာပြောရင်တော့ အရမ်းအရမ်းက်ုနှစ်သက် ကြည်နူးမိပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။ မှတ်ချက် ဆေးပေးမီးယူအတွက်ပါ။
အဝေးကနှမလေးတယောက်
ကိုကြီးကျောက်က တဝကြီး လည်ဖြစ်ခဲ့တာကိုး..၊ ဝမ်းသာတယ်ဗျာ၊ အမှတ်တရ ဓါတ်ပုံတွေနဲ့ အလန်းစား ပဲကိုးဗျ....။း)
Baby taster ပြောသလိုပဲ .. :D
ဖါ Xို ကျောက်ကြီး.. အဲ့လောက်မြင့်တဲ့ ဖါရိုကြီး အပေါ် ဘယ်လိုလုပ်တက် သွားတာ တုံးးး ဓါတ်တူ နံတူ ဆေးဘက်ယူနေတာ မှတ်တယ်..(သူတို့ ကာစီနိုတွေအထဲမှာ ဓါတ်ပုံ မရိုက်ရဘူး လေ..ဘကျောက် ဘယ်လို ရိုက်လာတာလည်း ။
ဟုတ်ပါ့ ၊ Grand canyon ရှုခင်းတွေကြည့်ရတာ ပိုစိတ်ချမ်းသာပါလိမ့်မယ် .. အသက်က စကား မပြောပါဘူး.. အတူးက ပဲ ပြော တာလေ ။။း))
စိတ်ပျို ကိုယ်နူ လို့  ဆြိုကတော့ အမြဲ နု နိုင်ပါစေ ဘကျောက် ရေ..
ရှင်ဂွမ်း ကိ..
ကိုကိုကျောက်ဖလန်းဖလန်းထနေတာတွေ့တော့
ဝမ်းသလိုက်ပါဘိ
တိုင်ပတ်ကနေတဲ့ ကောင်မလေးတွေပုံမျှော်နေမယ်နော်
ကိုကိုကျောက် (ဂလု ဂလု)း)း)
ဒို့ကိုကြီးကျောက်ကအမိုက်စားလေးဘဲ.... ဖာရိုဘုရင်ရဲ့ရင်ခွင်ထဲမှာ ကိုကြီးကျောက်ကသေးသေးလေးရယ်... :)
လျှောက်လည်နေတာ ဆိုတော့ အားကျလိုက်တာနော်...
ပျောက်လှချည်လားဆရာ
ဖာရိုပေါင်ပေါ်တက်ထိုင်နေပါလား..
ကြည့်ကျက်ထိုင်နော ....
Chinniah
အကိုကြီး ကျန်းမာတာပဲ ဟုတ်လှပြီ
ပျော်စရာတွေ မြင်ရလို့ ကူ ပြီး ပျော်မိတယ်
အခု ဖာရိုကျောက် တော်ကြာ ဖာကြိုကျောက် နဲ့ အမျိုးမျိုး တတ်လဲ တတ်နိုင်သူဂျီး... တိုင်ပတ် ကသော ကောင်မလေးများပုံ အမြန်တင်ပါရန်။...
ရင်ခွင်ပိုက်ဖာရိုကျောက်ဆိုပဲ
သဘောကျပါ့...။
ရင်ခွင်ပိုက်ဖာရိုကျောက်တဲ့ ။ ရိုက်ထားတဲ့ ပုံလေး စိတ်ကူးကောင်းတာ:)
ဖာရို ရဲ့ ရင်ခွင်ကြားမှာ ကိုကြီးကျောက် တယောက် ပျော်ပိုက်လို့ နေတာ ဝမ်းသာပါ့ဗျာ
ချစ်နှမ
ရွှေစင်
ကိုကြီးကျောက်...
ဘုရားသနား ထားတာလေး.. မျက်စိနောက်အောင် လုပ်တာကိုး.. ငြိမ်ငြိမ်နေအုံး..း)
AS Kay said.....:)
Take care.You still look slim down.
Little sis by a big lake
အန်ကယ်နိုင်ကလည်း တိုက်ကြီး ၆ တိုက်မဟုတ်ပါဘူး။ တိုက်ကြီးခုနှစ်တိုက်(အာရှ၊ အာဖရိက၊ ဥရောပ၊ မြောက်အမေရိက၊ တောင်အမေရိက၊ သြစကြေးလျှ၊ အန္တာတိက) ပါ။ Mandalay Bay ဆိုတော့ ကိုယ့်နိုင်ငံက မြို့ကို သဲကန္တာရမှာ စိမ်းလန်းစိုပြေအောင် ဖန်တီးထားတဲ့ နေရာမှာ နာမည်ပေးထားတာ တွေ့ရလို့ ၀မ်းသာပါတယ်။ ဒါလောင်းကစားရုံ လုပ်ထားတာကိုတော့ သိပ်ဘ၀င်မကျဘူး။
နှစ်သစ်ကူးသွားလို့ အသက်ကိုမေ့ထားပေမယ့် ကျန်းမာပျော်ရွှင်ပါစေကြောင်း... စာကောင်းများလည်း မကြာမကြာရေးနိုင်ပါစေလို့ ဆုမွန်တောင်းပေးပါတယ်..။
ခင်တဲ့
မိုးငွေ့
ရင်ခွင်ပိုက် ဖာရိုကျောက် ကျန်းမာနေတာ မြင်တော့ ၀မ်းသာတယ်ခင်ဗျ
ကောင်းပါလေ့ ကိုကျောက်ရေ ... ကျန်းမာလန်းဖြာနေပါပေါ့လား... ခရီးသွားနေလို့ ဘလော့တွေနဲ့ အဆက်ပြတ်နေတုန်း ကိုကျောက်ကတော့ ဒေါင်ဒေါင်မြည်နေသကိုးဗျ...မင်္ဂလာနှစ်သစ်ပါဗျား...
(ကစားဝိုင်းတွေဘေးမှာ တိုင်ပတ်ပြီးကနေတဲ့ ကောင်မလေးတွေပုံရိုက်တော့လာတယ်၊ နောက်မှတင်ပေးမယ်)
တင်ပြီးရင် မှီရာလမ်းကြောင်းဖြင့် ကလူသစ်ထံ သတင်းပို့ပါရန်
ဘလော့ကာ ကျောက် ဆေးရုံးတွင် သူ့ဘဝ၏ နောက်ဆုံးအချိန်များကို ဖြတ်သန်းနေသည်။
သူ၏ သူငယ်ချင်းများ ဘလော့ကာ ကျောက် ဘဝကူးကောင်းရန် ဆုတောင်းပေးရုံမှ တပါး.....
Regards,
ညီညီမြန်မာ
http://www.nyinyimyanmar.co.cc/
အကိုကြီးရေ..
သတင်းကြားတယ်။ လုံးဝ စိတ်မကောင်းပါ။
ဒီတောင်ကိုလဲ ကျော်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ ဆုတောင်းပေးရုံသာ တတ်နိုင်ပါတော့တယ် အကိုရယ်..
အကို့ ညီမ
ချိုသင်း
ကိုကြီးကျောက်နောက်ဆုံးရေးသွားတဲ့ ပို့စ်လေးပါ။
ဘာပြောလို့ ပြောရမှန်းတောင်မသိတော့ပါ။
အကိုကြီး ကျောက် ကောင်းရာသုဂတိ လားပါစေ ....
mie nge
ကိုကြီးကျောက်
ဘဝသစ်မှာ ကုသိုလ်ကောင်းမှုတွေ များစွာ ပြုနိုင်ပါစေ။
နောက်ဆုံးရက်တွေအထိ ဟာသမပျက်တာကို အားရပေမယ့် သေမင်းမလာတော့လောက်ဘူးထင်ပြီး အစ်ကိုကြီး ပျော်နေတာမှန်း ရိပ်မိလို့ စိတ်ပူမိတယ်။ အမှန်က သေမင်းက အစ်ကိုကြီးအခန်းဝမှာ ရပ်နေပြီ။ ပျော်တာလဲပျော် သွားရမယ့်ခရီးအတွက်လဲ ကုသိုလ်ဆိုတဲ့ ရိက္ခာထုပ်ကို ပြင်ဆင်သင့်ပြီလေ။
ကျန်းမာတုန်းကတော့ ဘော်ဒါတွေနဲ့ သွားလိုက်လာလိုက် ပျော်လိုက်ဆိုတော့ ဒါတွေ ဘယ်သတိမရမိကြမလဲ အစ်ကိုကြီးရာ။ အစ်ကိုကြီးကို အနည်းဆုံး ဒါနပါသွားအောင် ငှက်လေးတွေ အစာကျွေးတာတွေ ပုံမှန်လုပ်စေချင်တယ်။ အစ်ကိုကြီး စိတ်မပါဘူး။ ဒီတောင်ကို ကျော်သွားပြီ ထင်နေတာကိုလဲ အမှန်မပြောပြရက်။
မြန်မာပြည်က ဘုန်းကြီးရဟန်းတွေကို ဆွမ်းကပ်ဆွမ်းလောင်းလုပ်ပါ။ ဘယ်လောက်မှ မကုန်ပါဘူးလို့ အကြံပေးတယ်။ လုပ်ပေးမယ့် ဘော်ဒါတွေ မရှိတာလဲ မဟုတ်ဘဲနဲ့ အစ်ကိုကြီး မလုပ်ဖြစ်ဘူး။ ကျနော့်ငွေနဲ့ လုပ်ပေးလို့ ရတယ်။ ဒါပေမယ့် ကာယကံရှင် စိတ်မပါဘဲ ဘေးကအတင်းလုပ်လို့ သူ့ဒါနမဖြစ်ဘူးလေ။ အစ်ကိုကြီး ဘာမှမတုံ့ပြန်တော့ ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး။ ခွင့်လွှတ်ပါ အစ်ကိုကြီးရာ။
တကယ်တော့ မနေရတော့ဘူးဆိုတာ အမှန်အတိုင်း ပြောလိုက်ရင်ရော အစ်ကိုကြီး ပိုစိတ်ဓာတ်ကျသွားမလား။ သေခါနီး စိတ်အားငယ်သွားမလား။ ဒါတွေလဲ ရှိသေးတယ်။
ကျနော်တို့အားလုံး အစ်ကိုကြီးနောက် လိုက်ရမှာပါ။ မသေခင် အထုပ်ပြင်ဖို့ အစ်ကိုကြီးက သတိပေးသွားသလိုပါပဲလား။
ဇင်လှိုင် ဆုံးတော့ ၂၃-၂၄ နှစ်လောက် .. ငါခုဖြစ်နေတာ ဇင်လှိုင် လိုဘဲ တဲ့ ..
ကြားရသိရ သလောက်
၁.ဇင်လှိုင် (တောင်သာ)
၂.ကိုအောင်ဝင်း (ကသာ)
၃.အောင်ကြီး (တောင်တွင်းကြီး)
၎.ဌေးမင်းထွန်း ( ဗိုလ်ကြီး)
၅.မောင်ချို (ဗန်းမော်?) ဘဓရ Field မှာဆုံး
၆.မြင့်ဆွေ ခေါ် ဗလ (တောင်သာ)
နံပါတ် ရ ကတော့ မင်းပေါ့ ...
ငါတို့လည်း တန်းစီ ထားတယ် သူငယ်ချင်း ..
သွားနှင့်ကွာ ...
Chinniah
ဘကျောက် တယောက် ကောင်းရာဘုံဘဝမှာ လွတ်လပ် အေးချမ်းနိုင်ပါစေ...
ဝမ်းနည်းကြေကွဲခြင်းများစွာဖြင့်
မယ်ကိ
Post a Comment