
ကိုကြီးကျောက်တို့ ကောင်မလေးတွေတွေ့ရင် ခြေလှမ်းသွက်သွက်နဲ့ ဇွတ်ကိုပြောလိုက်ဆိုလိုက် လုပ်နိုင်ပေမဲ့ အဖွားကြီးတွေနဲ့ဆို ကိုကြီးကျောက်မှာ လှုပ်တောင်မလှုပ်နိုင်ပါဘူး..အင်း...အတွေ့အကြုံကလဲ ကွာပေသကိုး၊ ကိုကြီးကျောက်တို့ ကျောင်းနေစဉ်ကလဲ အတန်းထဲမှာ ကျောင်းသူမရှိ၊ အလုပ်ထဲမှာလဲ အမျိုးသမီးတွေ မပါဆိုတော့ ကိုကြီးကျောက်တို့က စကားပြောရင် တခါတလေ လက်လွတ်စပယ်ဖြစ်တတ်ပေမဲ့ လူထဲသူထဲမှာတော့ ဘရိတ်လေးထားရတာပေါ့လေ၊ ဒါပေမဲ့လဲ ဖွားဖွားတို့နဲ့ ကြုံတော့......၊
ကိုကြီးကျောက်တို့ ဘဓရ မှာအလုပ်လုပ်တုန်းက တခါတလေ အရေးပေါ် field တွေ သွားရသဗျ၊ တချို့တပ်တွေက ရှေ့တန်းထွက်ရင်း တောထဲက ပြိုးပြိုးပြောင်ပြောင် သတ္တုနမူနာခဲတွေ ကောက်လာပြီး ရုံးပို့လာလို့ သွားကြည့်ပေးရတာမျိုး၊ သွားလေသူ ဦးနေဝင်းကြီး စိတ်ကူးယဉ်ပြီး ပုဂံခေတ်က ကုလား ပဋ္ဋိက္ခရားထွက်ကျတဲ့ ပြဒါးရှင်လုံးကို လိုချင်လို့ ဆိုပြီး ဘာကြီးမှန်းဘယ်သူမှမသိတဲ့ အကြောင်းအရာကို ဘယ်နေရာမှန်းမသိပဲ ရမ်းသန်းလိုက်ရှာပေးရတာမျိုး ၊ ဂျပန်ခေတ်က ဂျပန်တွေ မြှုပ်ခဲ့တဲ့ ရတနာသေတ္တာတွေ ရှာပေးပါဆိုတာမျိုးတွေ နဲ့ field တွေထွက်ရတာကိုးဗျ၊
တခါမှာတော့ ကိုကြီးကျောက်သူငယ်ချင်း ခင်မောင်လင်းရယ် ကိုကြီးကျောက်ရယ်၊နှစ်ယောက် အခု ဒုဋ္ဌဝတီမြစ်ပေါ်က ရဲယမန်းရေအားလျှပ်စစ်ဆည်လုပ်ထားတဲ့ အထက်ဖက်မှာ အရေးပေါ် field သွားရသဗျ၊ field က ပြောင်ပြောင်လက်လက် Glena သတ္တုခဲကို တပ်တတပ်က ရုံးပို့လာလို့ သွားကြည့်ပေးရတာပါ၊ ကိုကြီးကျောက်တို့လုံခြုံရေးကို တာဝန်ယူပေးတာက မန္တလေးတောင်ခြေက ခလရ (၉၅) တပ်ရင်းက၊ ကိုကြီးကျောက်တို့က မြစ်ဘယ်ညာမှာရှိတဲ့ ကျောက်ဆည်နယ်၊ မေမြို့နယ်တွေက ရွာတွေမှာ စခန်းချပြီး အလုပ်လုပ်ရတာပေါ့လေ၊
ကိုကြီးကျောက်တို့ တရက်မှာတော့ ရှမ်းရွာလေး တရွာ field ဆင်းရင်းရောက်သွားတယ်၊ ရွာရောက်တာနဲ့ ကိုကြီးကျောက်တို့က သူကြီးအိမ်ကို တခါထဲ တန်းသွားတာကိုး၊ သူကြီးအိမ်မှာ ခနနား ရေနွေးလေးသောက်ပေါ့လေ၊ အဲဒီ ရွာလေးက သူကြီးက အသက် ၆၀ ဝန်းကျင်လောက်ရှိပြီ၊ သူကြီးကတော်ကလဲ မတိမ်းတယိမ်းပဲ၊ သူကြီးအိမ်က ရှမ်းရွာကတောအိမ်လေးတွေ ပုံစံဆိုတော့ ခြေတန်ရှည်နဲ့ အိမ်ရှေ့မှာ ကပြင်(ကြမ်းပြင်) လေးထုတ်ထားတယ်၊ ကိုကြီးကျောက်တို့ အဖွဲ့က ကပြင်မှာ ထိုင်ပြီး ဘိနပ်ချွတ်၊ အိမ်ထဲဝင်တော့ ကပြင်မှာ သူကြီးကတော်က ပဲပုပ်တွေ လှမ်းထားတာအပြည့်ကိုး၊ ကိုကြီးကျောက်တို့ အိမ်ထဲဝင်ရင် သေချာဂရုစိုက်ဝင်မှ ပဲပုပ်တွေ မနင်းမိမှာ၊ သူကြီးကတော်ကလဲ သူ့ပဲပုပ်တွေ နင်းမိမှာစိုးတော့ လှမ်းပြောရှာတယ်၊ " ဆရာတို့ရယ် ပဲပုပ်တွေ မနင်းလိုက်ပါနဲ့ေ-ာက်ဖုတ်တာ နင်းချင်နင်းသွားပါ " တဲ့.....၊
အောင်မလေး.......ကိုကြီးကျောက်တို့ အိမ်ထဲဝင်ဖို့တောင် အလန့်တကြားဖြစ်သွားတာပဲ၊ ပဲပုပ်ကို မနင်းရအောင် သူနင်းခိုင်းတဲ့ အကြောင်းအရာကိုလဲ အိမ်ထဲဝင်ပြီးလဲ မနင်းရဲပေါင်ဗျာ ၊ သူက အသက် ၆၀ လောက်အဖွားကြီး၊ သူနင်းခိုင်းတိုင်းနင်းလို့ မတော် ခြေတချောင်းလုံးကျွံကျရင် မခက်ပါလားဗျာ၊ ဟင်း...တော်ကြာ တောထဲမှာ ပျားဒူအုံမှာ ခြေကျွံကျလို့ ခြေထောက်ပြန်နှုတ်ရင် အရိုးချည့် ကျန်တော့တယ်ဆိုတာမျိုးလို ....အမလေး...တွေးရင်းတောင် ကြက်သီးထလာပြီ၊ ကိုကြီးကျောက်တို့မှာ သူကြီးကတော် အဖွားကြီးပြောတာကြားပြီး တယောက်မျက်နှာတယောက်ကြည့်ပြီး အိမ်ထဲဝင်ရမလို မဝင်ရမလို ဖြစ်သွားတာပဲ၊
ကိုကြီးကျောက်တို့ field က မေမြို့ဖက်အခြမ်းက ရွာတွေကိုလဲ သွားရသေးသဗျ၊ မေမြို့နယ်ထဲက ဘော်၊ ကျားတွင်းရေ၊ ဖာသင်း၊ အဲဒီရွာလေးတွေဖက်ပေါ့ဗျာ၊ ကျားတွင်းရေမှာတော့ သံသတ္တုမိုင်းရှိတော့ ကိုကြီးကျောက်တို့က တာဝန်မရှိပါဘူး၊ ကိုကြီးကျောက်တို့က ဖာသင်းဆိုတဲ့ ရှမ်းရွာလေးမှာနေတယ်၊ ရှမ်းရွာလေးတွေ ထုံးစံအတိုင်း ရေကိုတောင်ကျရေလေးတွေကို ဝါးရေတံလျှောက်လေးတွေနဲ့ အဆင့်ဆင့် ရွာကိုသုံးဖို့သွယ်ယူတာကိုး၊ ရေချိုးဆိပ်ဆိုရင်လဲ ချောင်းနံဘေးမှာ ရေတံလျှောက်နဲ့ သွယ်ပြီးမှ လူကအောက်မှာဝင်ချိုးကြတာ၊ ယောင်္ကျားနဲ့ မိန်းမရေချိုးဆိပ် သီးခြားစီရှိတယ်၊ မမြင်ရအောင် ချောင်းကွေ့ အကွယ်လေးတွေမှာ ထားတယ်၊
အပျိုမတွေကတော့ ဘယ်လို ရေချိုးတယ် မသိပါဘူး၊ ကိုကြီးကျောက်တို့ ယောင်္ကျားရေချိုးဆိပ်ကတော့ ရှမ်းတွေက လူရှိရင် ကန်တော့ခါ့ လို့ပြောပြီး ရှမ်းဘောင်းဘီလေး ချွတ်ပုံလိုက်ပြီး သူတို့ဟာလေး လက်ဝါးနဲ့ အုပ်ပြီး ရေတံလျှောက်အောက်မှာ ထိုင်ချပြီးချိုးကြတာပဲ၊ ကိုကြီးကျောက်တို့ကတော့ ဘယ်သူ့မှလဲ ကန်တော့မနေတော့ဘူး ဒီအတိုင်း ချွတ်ပုံလိုက်ပြီး တယောက်နဲ့တယောက် တွန်းထိုးဆော့ရင်း တိုးလို့တန်းလန်းတွေနဲ့ ချိုးကြတာ ဆူညံနေတာပဲ၊
တရက်မှာတော့ ကိုကြီးကျောက်တို့ လုံခြုံရေးလိုက်တဲ့ ရဲဘော်လေး ခင်ဇော်နဲ့ တင်ဝင်းက " အကို.....ရေချိုးသွားမယ်လေ " ဆိုတော့ မလိုက်သေးဘူးပြောတာကို အတင်းကပ်ခေါ်နေတာနဲ့ လိုက်သွားရောဗျ၊ အမယ်...သူတို့က ယောင်္ကျားရေဆိပ်ဖက် မသွားပဲ မိန်းမဆိပ်ဖက်ကို ဦးတည်နေတာကိုး၊ ရောက်ခါနီးတော့ ခြုံကြိုခြုံကြားဝင် အသာဝပ်ပြီးသွားကြတော့....အမယ် ရှမ်းမလေးတယောက် ခေါင်းပေါင်းလေးပေါင်းလို့ ကိုကြီးကျောက်တို့ ကို ကျောပေးပြီး ရေထိုင်ချိုးနေတာကိုး၊ ဟယ်......လက်စသတ်တော့..ရှမ်းမလေး..ဖြူဖြူဖွေးဖွေးလေး ဖင်ပြောင်လေးနဲ့ ရေချိုးနေတာကြည့်ဖို့ ခေါ်လာတာကိုး၊ ကြည့်နေရင်း..ရှမ်းမလေး ကရေချိုးပြီးလို့ အင်္ကျီဝတ်ဖို့ ကိုကြီးကျောက်တို့ ဖက်လဲ လှည့်လိုက်ရော.........
ဟင်း...အသက် ၆၀ ကျော် အဖွားကြီးဖြစ်နေပါလား၊ သူပိုင် ရှေ့ပစ္စည်းအစုံကလဲ မနှစ်က သီးတဲ့ ခရမ်းသီးကို ဒီနှစ်မှ ထုတ်ကြည့်ရသလို ပိန်ညှောင်ရှုံ့တွ တွဲကျနေတာကိုး၊ ကိုကြီးကျောက်က မအီမလည်ဖြစ်နေတဲ့ ခင်ဇော်မျက်နှာကို ကြည့်ပြီး တခစ်ခစ် ကြိတ်ရီသံ အဖွားကြီးက ကြားသွားတယ်ထင်ပါရဲ့ ရင်ကော့ပြီးတော့တောင် သူ့ပစ္စည်းကို ရမ်းပြနေတာ TZA တို့သာမြင်ရင် ဓါတ်ပုံရိုက်ပြီး သူ့ ဘလော့မှာ တင်လောက်တယ်၊ ကိုင်း...မှတ်ပြီလား..ကိုကြီးကျောက်တို့ တခါချောင်းတခါကြုံရပလေတာ၊
ကိုကြီးကျောက် အမေရိကန်ပြည်ထောင်စုကို ရောက်တော့ ကိုယ့်မိတ်ဆွေဟောင်းတွေ ဒီမှာရောက်နှင့်နေတာတွေနဲ့ ပြန်ပြီးဆုံရတွေ့ရတယ်၊ အဲဒီ ထဲမှာအသိအကျွမ်းဟောင်း ဆရာမကြီးတယောက်လဲပါတယ်၊ ဆရာမက ကိုကြီးကျောက်တို့ကို စာတော့မသင်ဘူးပါဘူး၊ သူက ရန်ကုန်စီးပွားရေးတက္ကသိုလ်က ဝါဏိဇ္ဇဗေဒဌာနက ဆရာမကြီး၊ နောက်..ဘန်ကောက်က Assumption တက္ကသိုလ်မှာ ဆရာမ၊ ကိုကြီးကျောက်အထက်က အကိုကလဲ အဲဒီကျောင်းမှာ အင်္ဂလိပ်စာဌာနကဆရာ၊ ဒီတော့ တနွယ်ငင်တစင်ပါ ဆိုသလို ကိုကြီးကျောက်က အဲဒီကျောင်းက ဗမာဆရာဆရာမတွေနဲ့ ခင်နေတာပေါ့၊ ဆရာမကြီးကလဲ တွေ့ရင်အမြဲအရွှတ်အနောက်ပြောနေကြ ဆိုတော့ ကိုကြီးကျောက်တို့နဲ့က တဝါးဝါး တဟားဟား ပါပဲ၊
ဆရာမကဝါရှင်တန်ဒီစီကို Maryland ဖက်အခြမ်းမှာနေတယ်၊ ကိုကြီးကျောက်က ဗာဂျီးနီယားဖက်အခြမ်းမှာ နေတယ်၊ ကိုကြီးကျောက်နေတာက East Falls Church မှာ၊ ဆရာမက တွေ့တော့ " ဟဲ့ကောင်လေး....နင်ဘယ်မှာနေလဲ " တဲ့၊ ကိုကြီးကျောက်က " အန်တီ... ကျွန်တော် East Falls Church " မှာနေတယ်ဆိုတော့ " အော..အေးအေး " တဲ့၊ ဒါပေမဲ့လဲ...နောက်တွေ့လို့ ကိုကြီးကျောက်ကို ခေါ်ရင် " ဟဲ့.....South Falls Church ကကောင်လေး "လို့ခေါ်တာ ၊ South Falls Church ကို ဗမာလို ပီပီသသ အသံထွက်ပြီး ခေါ်တာ ဆရာမခေါ်တာကြည့်အုန်းလေ..၊ " ဟဲ့...ေ-ာက်ဖုတ်ချပ် ကကောင်လေး " တဲ့၊
ကိုင်း.....ကိုကြီးကျောက်မှာဖြင့် အသက် ၆၀ ကျော် အဖွားကြီးတွေနဲ့ တွေ့ရရင်...သူတို့ပြောသမျှ ငြိမ်ခံနေရတော့တာပဲ၊ strip ကပြတဲ့ အဖွားကြီးနဲ့ သူတို့ဟာ တက်နင်းခိုင်းတာနဲ့၊ အဲဒီချပ်ကြားနေခိုင်းတာနဲ့ ကိုကြီးကျောက်မှာ လှုပ်ကို မလှုပ်နိုင်ပါဘူး..၊ အင်း....ကိုကြီးကျောက်လဲ လူပျိုကြီးဘဝနဲ့ ယင်မမသန်းပဲ နေလာသမျှ အမေရိက ရောက်မှပဲ ..ဟို ချပ်ကြားထဲ နေရတော့တယ်..။ ။
ကိုကြီးကျောက် မတ်လ ၃၁ ရက်နေ့က ရက်ချိန်းပေးလို့ ဆရာဝန်နဲ့တွေ့တော့ NIH က ကိုကြီးကျောက်ရဲ့ အသဲက ဒဏ်ရာတွေဟာ ကင်ဆာ မဟုတ်ပါဘူးလို့ ပြောသတဲ့၊ ကိုကြီးကျောက်မှာဖြင့် မနှစ်က ဒီလိုအချိန်လောက်က စပြီး ရောဂါလက္ခဏာတွေပြလာလိုက်တာ ဖလော်ရီဒါက Martin memorial ဆေးရုံ၊ တက်ကဆပ်ပြည်နယ် Houston မြို့က Bayshore ဆေးရုံ၊ Maryland ပြည်နယ် Silverspring က Holy Cross ဆေးရုံ တွေမှာ တက်ခဲ့ရတော့၊ MRI , CT scan တွေရိုက်ကြည့်ကြပြီး အားလုံးက ကိုကြီးကျောက်ကို အသဲကင်ဆာလို့ပြောပြီး ရောဂါ လွန်နေတာကြောင့် ကြာကြာမနေရတော့ဘူးလို့ ပြောကြပါတယ်၊
ခု NIH မှာ ကိုကြီးကျောက်ရဲ့ အကြိုအကြားတွေက ကင်ဆာအကျိတ်တွေနှိုက်ပြီး ရှာကြည့်တော့လဲ မတွေ့၊ သွေးစစ်မှတ်တမ်းကလဲ တဖြေးဖြေး ဘာဆေးမှမသောက်ပဲ ကောင်းလာတော့ ကင်ဆာလို့ မသတ်မှတ်လို့ NCI ကလဲ ကုမပေးပါဘူး၊ ကိုင်း...ကိုကြီးကျောက်ကတော့ တုံးကျော်ကျောက် ဖြစ်ပါပြီ၊
အဲ...ဒါပေမဲ့ အသဲမှာ စီပိုးကြောင့်ဖြစ်တဲ့ ဒဏ်ရာနဲ့ စီပိုးကို သတ်ဖို့ ၄လ လောက်အနဲဆုံး အပတ်စဉ် ဆေးထိုးဆေးကုရပါလိမ့်မယ်၊ စီပိုးက ဒီမှာတော့ ရှင်းရှင်းလင်းလင်းပျောက်ကင်းအောင် ကုပေးနိုင်တဲ့ ဆေးတွေရှိနေပါပြီ၊ သူတို့သိချင်တဲ့ အချက်ထဲမှာ ကိုကြီးကျောက် စားကောင်းသောက်ကောင်း နေထိုင်ကျန်းမာနေတဲ့ အကြောင်းရင်းပါပဲ၊ ဧပြီလ ၁၄ ရက်နေ့ဆေးခန်းကို သွားရရင် သူတို့ သိချင်တဲ့ တပင်တိုင်မြနန်းကို ယူသွားပေးရပါဦးမယ်၊ သူတို့ကတော့ ကိုကြီးကျောက်မှာ ကင်ဆာအကျိတ်တွေ မရှိအောင် တပင်တိုင်မြနန်းက ဘယ်လိုစွမ်းသလဲဆိုတာ သိချင်နေပုံပါပဲ၊ မန္တလေးက ရွှေစင်တို့ ညီအမ ပို့ထားတဲ့ ဆေးမြစ်အပြင် ကိုကြီးကျောက်ရဲ့ စာဖတ်ပရိဿတ် LA ကအမကြီး မမသိန်း ပို့ပေးတာတွေ ရှိနေလို့ တော်ပါသေးရဲ့၊
ကိုကြီးကျောက်ကတော့ မေတ္တာအစွမ်းလဲ အထူးယုံကြည်မိပါတယ်၊ ကိုကြီးကျောက် နေမကောင်းဘူးလို့ ကြားကထဲက ကိုကြီးကျောက်ကို ကမ္ဘာအရပ်ရပ်က ဝိုင်းဝန်းမေတ္တာပို့ကြတာကိုက ရောဂါကို တဝက်လောက်ပျောက်သွားတယ် ထင်တာပါပဲ၊ ဒါ့ကြောင့် အားလုံးကို အထူးကျေးဇူးတင်ကြောင်း ကိုကြီးကျောက်ရင်တွင်းစကားကို လှိုက်လှိုက်လှဲလှဲ ဆိုပါရစေ.....ကိုကြီးကျောက် ဖလန်းဖလန်း ထနေပြီမို့ April ၅ ရက်နေ့ Las Vegas ၊ Grand Canyon နဲ့ LA ကို သွားလိုက်ပါဦးမယ် ၊ ပြန်လာမှပဲ စာတွေရေးပါ့မယ်...
google map က မြေပုံပါ
56 comments:
အင်း ..
မေတ္တာရဲ့  စွမ်းအားကိုတော့  ယုံပါတယ်။
ဘာပဲပြောပြော အကိုဂျီး ဒီတောင်ကို ကျော်ပြီလို့ 
ထင်ပါတယ်။
ခုန .. ရေချိုးဆိပ်ဆင်းတာတော့  ရေနံအလုပ်
သမားဘဝက ကလေးဝမြို့ မှာ ကြုံဘူးခဲ့ တယ်။
မြစ်ဆိပ်ဆိုတော့ လည်း မမြင်ချင်မှ အဆုံးလေ..။
မြင်ချင်လည်း မမြင်ရပါဘူး၊ ကျွမ်းချက်က...။
ရေထဲဆင်းလေ ဖြည်းဖြည်း မ တင်လေပဲ။
ကျွန်တော်တို့  လိုက်လုပ်ကြည့် တယ် မရဘူး..။
ဝမ်းသာတယ် ကိုကြီးကျောက်ရေ....ဒီတုံးကကျော်ပြီး ဟို
အချပ်ထဲရောက်သွားတယ်ပေါ့...ဟီး...၊ရီလိုက်ရတာ...။
သွားသာသွားပါ မောင်ကျောက်ရယ်...ဒီတခါတော့ အဖွားကြီးတွေနဲ့တွေ့မှ ကျွှပ်တော့တာဘဲ ရီလိုက်ရတာလဲ မပြောပါနဲ့တော့ အူနှိပ်နေပြီ...ဒီမှာက ဘုရားဖူးစရာမရှိတော့...ခရီးထွက်ရင်း လိပ်ဥတူးဖို့ သွားတာမဟုတ်လား...အဖွားကြီးနဲ့တွေ့ပါစေ...
ကျန်းမာရေးသတင်းကြားရတာ အရမ်းဝမ်းသာပါတယ်..
Have a safe trip...!
ရီလိုက်ရတာ ကိုကြီးကျောက်ရယ်...
တုံးကျော်သွားပြီဆိုလို့ ဝမ်းသာတယ်ကိုကြီးရေ... ခရီးစဉ်တလျှောက်လုံးအစစအရာရာ အဆင်ပြေပြီး ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
တုံးကျော်တာတော့ ဟုတ်ပါပြီ။ ခလုပ်တိုက်မလဲမိအောင် သိတ်လဲ ဖလန်း ဖလန်းထမနေနဲ့အုန်း။ နားနားနေနေလေး နေပါဦးလား။ ဘုရားတရားလဲ ပြီးပြီးရောလုပ်မနေနဲ့အုန်း။ ဘာပဲဖြစ်ဖြစ် ကြားရတာ ၀မ်းသာသဗျာ
ဘကျောက်ရာ
ရီလိုက်ရတာ တနေကုန်အမောတွေပြေသွားသလိုပဲ
ကဲ ဘကျောက်နေကောင်းပြီဆိုတော့ ၀မ်းသာတယ်ကွယ်။ ဘကျောက်ရဲ့ ကျောက်ခဲလို မာတဲ့စိတ်ဓတ်လေး၎ ပုံ တစ်ပုံလောက်ရချင်လိုက်တာ ကွာ..
နိပွန်ကျောက် နှမ
ကြည်ကြည်
သတင်းကောင်းပါလား ကိုကြီးကျောက်.... ကျမ်းကျမ်းမာမာနဲ့ စာတွေဆက်ရေးနိုင်ပါစေ
မိုးစက်ပွင့်
အာလေလုယ...( မပီအောင်တော့ မဖတ်နဲ့နော်..)
----
အမေ တို့ ရဲ့ မေတ္တာ..ဘွားဘွားတို့ က..ချစ်တာ..
စေတနာက.. ထူးတာ...
အဝေယာ..ဟွန်းထု ပါလို့..
မြတပင်တိုင် ကို သောက်ပါသည် ( သည်........)
ကျမ.. မသေပါဘူး...( အဲ...)
ကျောက်.. မသေပါဘူး.....ရှင့်...
သတ်သေ လို့ တေင်..မသေ..သည်...
း)))
အကိုကြီးကျောက်အတွက်.. တုံးကျော်သီချင်းလက်ဆောင်.. နယူးဗားရှင်း...ဒီဂျေ ငှားပီး..ပွတ်မွှေ ပြီး ဆိုလိုက်..
နောင်ကို ၊ ပဲပုပ်နဲ့ ခရမ်းသီးစားတိုင်း ဘကျောက် ပြောတာတွေ ကြားယောင်နေတော့မှာ ပဲ ။
အမေတို့ ငယ်ငယ် တုံးက လည်း အဲ့လို ချိုးကြတဲ့ အကြောင်း ပြောပြဖူးတယ် ။
ဘကျောက်ပြောတဲ့ ၆၀ ကျော် အဖွားကြီးနေရာမှာ ကိုယ့်အမေ ကိုယ်ပြန်စဉ်းစား မိလိုက်တော့၊ စာဖတ်ရင်း တခွိခွိ နဲ့ ရီနေမိတယ် ။
တုံးကျော်ကျောက်ကြီး အကြောင်း ..သိရတာ ဝမ်းသာ သဗျိုးးးး ၊
တပင်တိုင်မြနန်းက တကယ်စွမ်းတာပဲ ..
များလည်း နာမည်ပြောင်းလိုက်အုံးမှ..
နှစ်ပင်ယိုင် .ကိ ..း))
ဝမ်းသာလိုက်တာ ဘကျောက်ရယ်...
ဟေး..သူငယ်ချင်းတို့ရေ..
ဘကျောက် မသေတော့ဘူးတဲ့...
ပျော်စရာကြီး...
နှစ်သစ်အကြို မင်္ဂလာသတင်းပါပဲ....
ဒါနဲ့ စကားမစပ်..
ဘကျောက်က ဘယ်မြို့မှာနေတာ..”??????
:P
:D
စာတွေက ကျော်ခွပြီး ဖတ်နေရတော့ ဘယ်လိုလုပ်မောင်မျိုး ဘလော့ပေါ်မှားပြီး ရောက်သွားတယ် မသိတော့ဘူး ကိုကြီးကျောက်ရေ
ကိုကြီးကျောက် မပြောရင် သိမှာမဟုတ်ဘူး။
ကိုကြီးကျောက်
ဒီပိုစ့် ဆင်ဆာများတယ်.. ကွက်ကွက်ကွင်းကွင်းတွေမို့လို့။း)
တုံးကျော်ကျောက်ဖြစ်ပြီဆိုလို့ ၀မ်းသာရပါတယ်. မြန်မာတပင်တိုင်မြနန်းတော့ ကမ္ဘာကျော်ရချည်သေးရဲ့။
သေချာ လေ့လာသုတေသနလုပ်ပြီး ကင်ဆာအတွက် အစွမ်းထက်တယ်ဆိုရင် ဆေးဝါးအဖြစ် များများထုတ်လုပ်သင့်တယ်နော်။ အင်း ခုကတည်းက ခြံကျယ်ကျယ်ဝယ်ပြီး တပင်တိုင်မြနန်း ကြိုတင် စိုက်ထားရ ကောင်းမယ်ထင်ပါတယ်.. ဟဲဟဲ သူဌေးဖြစ်စီမံကိန်းလေ
ဒါနဲ့ Grand Canyon တို့ဘက်သွားရင် ဓာတ်ပုံတွေ များများရိုက်လာပြီး ဖလန်းဖလန်းထနေကြောင်း ကြွားပါဦးလို့။
ပြန်ကူးလာပြီး မန့်သွားတယ်း)
ကြားရတာ အရမ်းဝမ်းသာပါတယ် ဘတုံးကျော်ကျောက်
ကြားရတာ ၀မ်းသာပါတယ်
ဖလန်းဖလန်းထတော့မယ်ပေါ့လေ
မျက်စီထဲစွဲခဲ့တာတွေရေးထားတာဖတ်သွားပါတယ်။
Las Vegas ရောက်ရင် အဖွားကြီးတွေကြားထဲဝင်ပြီး စလော့မရှင်း ၁၀၀ ဘိုးလောက် ဆော့ခဲ့
ဘကျောက်ရေ
အပေါ်မှာ တအားရယ်ရပြီး
အောက်ရောက်တော့ တအားဝမ်းသာသွားပါတယ်။
အမည်ဖော်လိုသူ တောင်ငူသား
ကိုကြီးကျောက်ရေ .. ကြားသိရတာ အရမ်းဝမ်းသာပါတယ်။ အမြဲဆုတောင်းပေးနေပါတယ်။ ကိုကြီးကျောက် ဒီတောင်ကို ကျော်နိုင်ပြီမို့ ဆက်ပြီး ဖလမ်းဖလမ်း နိုင်ပါစေလို့ ပါ ဆက်ပြီး ဆုတောင်း ပေးနေလျှက်ပါ။
စာဖတ်သူတစ်ဦး
ဘကျောက်...
တုံးကျော်နိုင်တယ်ကြားရလို့ အမှန် ၀မ်းသာမိသဗျား...
အားလုံးရဲ့ ပံ့ပိုးမှု၊ ကာယကံရှင်ရဲ့ စိတ်ဓါတ်နဲ့ မြန်မာ့ဆေးအစွမ်းတွေကြောင့် မထင်မှတ်တဲ့ ရောဂါဆိုးကြီး ထွက်ပြေးသွားရတာပါ။ တကယ်ကို ပျော်ပါတယ်။ စာတွေ အများကြီး ဖတ်ရဦးတော့မယ်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ဘကျောက် ဘကျောက် ... အသက် ၆၀ ကျော် အဘွားကြီးတွေကို သွားပြောနေတယ်။ ကိုယ်တိုင် အဲဒီအရွယ်ရောက်မှ သူများ အပြောခံနေရအုံးမယ်နော် ... ဟွန်းးးးး သတိလဲထားအုံး။
ဖလန်းဖလန်းထတာ ၀မ်းသာတယ် ... ရှေးဟောင်း နှောင်းဖြစ်လေးတွေ သတိတရ စမြုံ့ပြန်တဲ့အနေနဲ့ ခရမ်းချဉ်သီးနဲ့ ပဲပုပ်ချက်စားပါလား။ ဟိဟိ
တုံးကျော်ကျောက်ကြီး တုံးလဲကျော် ကပ်လဲ ကျော်နိုင်ပါစေ ... ။
အမည်မဖော်လိုသူ
ဒေါ်လေးမေ
I am so glad to hear about getting through the illness and burst out laughing while reading your post. Have a safe trip too!
Mon Petit Avatar
မေကျောက်ပို့စ်ဖတ်ရတာ ကြက်သီးတွေ ဖျန်းဖျန်းထတယ် ခေါထော့လုပ်ပြီး လက်ဝါကလေးနဲ့ အုပ်တဲ့သူနဲ့ ခရမ်းသီးကြီးနဲ့ သားတို့က ဒါမျိုးတွေ ဖတ်ရရင် နားရှက် မျက်စိရှက်တယ်ဗျး))))
ကိုကြီးကျောက် ရေ
သတင်းကောင်းတွေ အတွက် ဝမ်းသာပြီးရင်း သာရင်းပါဘဲ အတိုးချပြိး ဖလန်းဖလန်း ထခဲ့ပါ
ချစ်နှမ
ရွှေစင်
ဘကျောက်ရေ.. မင်္ဂလာနစ်သစ်အမှီ မင်္ဂလာရှိတဲ့ သတင်းကြားရတာ ၀မ်းသာစရာ သတင်းပါဘဲ
ဆောင်း
တို့ကိုကြီးကျောက်တို့ကတော့ လုပ်ပြီ။ သူလုပ်မှပဲ ပဲပုပ်တွေ၊ ခရမ်းသီးတွေစားရင်း တခစ်ခစ်နဲ့ ရယ်ချင်နေတော့မှာပဲ။
အင်မတန်ဝမ်းသာစရာ အံ့သြစရာ သတင်းကောင်းပါပဲ ကိုကြီးကျောက်ရေ။ ဒီက နှမများ ပို့သတဲ့ မေတ္တာတွေလဲပါမယ်နော်။ ထပ်တူထပ်မျှ ၀မ်းသာပါတယ်။
ကိုကြီးကျောက်နှမ မယ်ဆွိ
အော်လူကံဝကံ
ဝမ်းသာလိုက်တာ
အောင်မငေး ဒီတောင်းကြီးကျော်သွားပါပေါ့လား .. ၀မ်းသာထှာကွယ်...
ဒါထက် တပင်တိုင်မြနန်း မှာတော့ မလား ကိုဂျီးကျောက်... မှာမယ်ဆိုကြိုပြောနော်...
(တပင်တိုင်မြနန်းအိတ်စပို့ လုပ်ရန်ကြိုးစားနေသူတစ်ဦး)
သြော်....
ကင်ဆာဖြစ်သူများ အဲဒီရပ်ကွက်မှာနေရမလိုဖြစ်နေပြီ
ဘေးကင်းရန်ကင်း၊ အန္တရယ်ကင်းတယ်နော်...
ကိုကြိးကျောက်ရေ ပျော်ရွင်ဖွယ် ခရီးစဉ်လေးဖြစ်ပါစေလို့
ှဆန္ဒပြု ဆုတောင်းရင်း ကောင်းသောနေ့လေးဖြစ်ပါစေ။
ဖွားဖွားတို့ရဲ့ ကျောက်... ကျမ်းမာပကတိ လန်းဖြာစွာ ရှိတယ်လို့ ကြားရတဲ့အတွက် လွန်စွာဝမ်းသာပါကြောင်း....
တုံးကျော်နိုင်လို့လား မပြောတတ်ဘူး ရယ်စရာ
တွေနဲ့ ပျော်နေပြီလား ဗိုလ်ကျောက် ...
ကိုကျောက်က တုံးကျော်ကျောက် သေရွာပြန်ကျောက် ဖြစ်တာတော့ သေချာပြီ ဒါဆို ကင်ဆာမဟုတ်တော့ ဘူးပေါ့ ကင်ဆာမဟုတ်ရင်တော့ -င်ဆာ ဖြစ်နေမလား.ဟဲ.အဲ့ ဘာပဲဖြစ်ဖြစ် ကိုကျောက်နေတာ ဘာ.. အဲ့ဒီမှာ နေလို့များ ရောဂါပျောက်သွားတာ များလားဗျာ..
ကိုချစ်ဖေ
အဲဒီရောဂါ ဖြစ်တယ်ဆိုတော့ တော်တော် စိတ်မကောင်းဖြစ်ရတယ်။
ခု က စီပိုး အဆင့်ဆို ပေမယ့် မပေါ့နဲ့ ဦးနော် အမြစ်ပြတ် ကုနိုင်တဲ့ ဆေးတွေ ရှိပေမယ့် ဆေးဒဏ်က ဘာမှန်းမသိဘူးလေ။
စားလတ်စဆေးနှင့် တရားအလုပ်လေးကိုလဲ မဖြတ် လုပ်ဖြစ်နေရင်တော့ ကိုကြီးကျောက် အတွက် အကောင်းဆုံး အဆောင်ဖြစ်မှာ သေခြာပါတယ်။
ဝမ်းသာစွာဖြင့်
ဂုရု ကျောက် ပဲပုပ်တွေ၊ ခရမ်းချဉ်သီး ပိန်တွေ စားပြီး တုံး သွား ကျော်ခဲ့တာ ဖြစ်ရမယ်။
ကိုကြီးကျောက်ရေကျန်းမာရေးသတင်းအတွက်အရမ်း
ကိုဝမ်းသာပါတယ်။
ဝိပဿနာတရားကိုဆက်လက်အားထုတ်ပါ။ကျန်းမာ
ပျော်ရွှင်စွာဖြင့်စာတွေ အများကြီးရေးနိုင်ပါစေ။
လေးကျောက်
ပြောသားပဲ အမြန်ဆုံးပြန်သက်သာလာမှာပါလို့..
း)
ဝမ်းသာတယ်လေးကျောက်ရေ...
း)
ဖွားဖွားတို့ရဲ့ဘကျောက်။ နေကောင်းတယ်ဆိုတာ ကြားသိရတော့ အတိုင်းမသိ ၀မ်းသာမိတယ်ခင်ဗျ။ ကျွန်တော်သာဆိုရင်တော့ ပဲပုပ် ကိုပဲ နင်းပစ်တယ်။ အဟီးးးးးးး။ နေတဲ့နေရာက..???။ ကျန်းမာပါစေဘကျောက်။
တုံးကျော်ရင်တော့ မိန်းမ တစ်ယောက်လောက် ယူဖို့ ကြိုးစားပါ ကိုကြီးကျော်။
ငြိမ်ငြိမ်ထိုင်နေတာကို မကြည့်နိုင်သူ။ :D
ဟင် ဘာတွေဒုံး ကိုကြီးကျောက် ရေးထားတာတွေ ချက်ချာကြီး...ညက်ချိ တလုံးပိတ်ပြီး ဖတ်တွား၏....:P
ဝမ်းသာပါတယ် .. အရမ်း အရမ်းကိုပဲ ..း)))
နောက်ဒါထက်ပို ဖလန်းဖလန်းထနေမှာ မြင်ယောင်ရင်း .. :P
ဆရာမ တီမေသိန်း ဖြစ်မယ်လို့ ထင်ပါတယ်။ ဆရာမက အဲလိုပဲ ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်။ ကျောင်းသူကျောင်းသားတွေကလည်း ချစ်ခင်ကြတယ်။ ဒါကြောင့်လည်း နုပျိုတာနေမှာ။ ကိုကြီးကျောက်လည်း အခုလို ပျော်အောင်နေရင်းနဲ့ လူ့ဘ၀မုန်းအောင် နေသွားရမယ်လို့ မျှော်လင့်မိပါတယ်။
တကယ့်ကိုပဲ ဝမ်းသာစရာ သတင်းကောင်းပါဗျာ၊ စာကြောင်းတွေကိုက ပေါ့ပါး သွက်လက်နေလို့ ပျော်ရွှင်သော ခရီး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်..။
ဖလန်းဖလန်းထနေတယ်ဆိုလို့ ၀မ်းသာပါတယ်...။ ခရီးကပြန်လာရင်အတွေ့အကြုံလေး စာရေးပါဦး ကိုကြီးကျောက်ရဲ့ မျှော်နေပါ့မယ်...။
ခင်တဲ့
မိုးငွေ့
မသွားနိုင် မလာနိုင်ဘဲ တပိန်ပိန် တလိမ်လိမ် ဖြစ်နေတာထက် စာရင်တော့ ဒိုးသာဒိုး ကိုကြီးကျောက်ရေ. . . . အဲ. . ခြေထောက် ကျွံမကျရင် ပြီးတာပဲ ၊ လူကတော့ ကျွံကျကျပေါ့ . . ဟဲဟဲ..
ပိပိပြားပြားနေမှ.
အရယ်သန်တဲ့အမေကို ဘာလို့ရီနေတာလဲတဲ့... ကိုကျောက်ရေ...
အထူးဝမ်းသာမိသေးတော့သည်...
စိန်ဒါဒါ
လင်ဆာ...အဲ...ကင်ဆာလိုလို ရောဂါ..ပျောက်သွားတာကို အရမ်းစိတ်ဝင်စားတယ်.. ၀မ်းလဲသာတယ်..
ရေးထားတာတွေတော့ ရွှက်ရွှက်နဲ့ ဖတ်သွားတယ် ကျောက်ကျောက်ရယ်...
အခု သွားမယ်ဆိုလဲသွား... ကျောက်ဒိုး တစ်လုံးလို လိမ့်နိုင်ပါစေ...အဲ..မလိမ့်ချင်လို့ လျှောက်မယ်ဆိုလဲ ပဲပုတ်တွေသာ တက်နင်းလိုက်ပါ..ပဒူ အုံထဲရောက်တာထက်တော့ သက်သာတာပေါ့။
ခရီးကပြန်လာရင်တော့လဲ ..နေရပ်မှာ ပြန်နေမှာပဲ မဟုတ်လား... ဘာတဲ့ အခုနေတဲ့နေရာ..
မိုးကျောက်
ဟေးးးးးဝမ်းသားတယ်
နေပြန်ကောင်းလာတာသိရလို့ဝမ်းသာပါတယ်။ စာတွေများများဆက်ရေးနိုင်ပါစေနော်
Very happy to hear your health condition.
ဘကျောက်
မင်္ဂလာသတင်းလေးကြောင့် ဝမ်းသာပါ၏...
နှင်း
You gave us(ur bloggers n readers)good news as new year gift.Go on medition n take care.Keep ur promise n come to Europe.
Little sis by a big lake
ဟယ် အန်ကယ်နိုင်ရေ - ၀မ်းသာလိုက်တာ ဘယ်လိုပြောရမှန်းတောင် မသိဘူ။ အဲဒါဘုရားတရားကို အာရုံပြုခြင်းရဲ့ တန်ခိုးပဲ ဖြစ်မယ်။ နှစ်သစ်အတွက် မင်္ဂလာပါပဲ။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးဖို့လာတာ ဆုတောင် ဆုမတောင်းရသေးဘူး မင်္ဂလာစကားကြားရတာ ၀မ်းသာတယ် တကယ်ကို ၀မ်းသာတယ်။
ကောင်းသတင်းလေးကို မျှော်လင့်ထားသလို ကြားလိုက်ရတော့ သိပ်ဝမ်းသာမိပါတယ်။
မေတ္တာစွမ်းအားဆိုတာလည်း ဟုတ်မှာပါပဲ။
ရောဂါတွေအရှင်းပျောက်ပြီး အရင်ထက် ကျန်းမာလန်းဆန်းတော့မှာပါ။
အန်ကယ်ကျောက် ရောဂါပျောက်သတင်းကြားရတာ ဝမ်းသာလိုက်တာ။
ဥုံဖွ.. ဘကျောက်.. ရောဂါအမြန်ပျောက်ပါစေ။
အမေရိကန်ဆရာဝန်တွေ မှန်းခဲ့တဲ့ ၆လပြည့်ချိန် အေပရယ်လ၃၀၂၀၁၁ နေ့လည်၁နာရီမှာ ဘလော့ဂါ ကိုကျောက် တကယ်သေဆုံးခဲ့ပါပြီ။
ကိုကြီးကျောက်ကို လူကိုလည်း မသိပါဘူး. ဘလော့ကိုလည်း မသိခဲ့ဘူး.. ဖေ့ဘွတ်မှာ နာရေးသတင်းတွေ့မှ လင်ခ့်ကနေလာကြည့်တာ.. စာတွေဖတ်ကြည့်တာ ဘလော့ကနေ ပြန်မထွက်ချင်လောက်တဲ့အထိ စာရေးကောင်းပါတယ်။း-(
အိုးဘားမား
(တပင်တိုင်မြနန်းသဘာဝဆေးဥ) ကိုလိုချင်သူများအတွက်
facebook website မှာ link တခု တွေ့ထားပါတယ်။
စေတနာဖြင့် ညွန်ပေးပါသည်။
အောက်တွင်ဖော်ပြထားသော link မှဆက်သွယ်မှာယူနိုင်သည်ဟု ရေးထားပါသည်။ info ထဲသို့ဝင်ကြည့်နိုင်ပါသည်။
https://www.facebook.com/home.php#!/pages/%E1%80%90%E1%80%95%E1%80%84%E1%80%B9%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%81%BF%E1%80%99%E1%80%94%E1%80%94%E1%80%B9%E1%80%B8/216047435086051?sk=info
Post a Comment