Wednesday, March 30, 2011

ကသုတ်ကရက်နဲ့ ကုတ္တက်က ကိုကိုကျောက်

ကိုကြီးကျောက်တို့ ကျောင်းပြီးစ ဘဓရမှာ အလုပ်စဝင်တော့ ပထမဆုံးဆင်းရတဲ့ field ကရွှေဘိုခရိုင် ခင်ဦးနယ်က သင်ပေါင်း နဲ့ ကုတ္တက်ဆိုတဲ့ ရွာလေးတွေမှာ၊ ဒီရွာလေးတွေမှာစတည်းချရင်း အနီးပတ်ဝန်းကျင်ကချောင်းလေးတွေက ရွှေစနမူနာလေးတွေယူရတာပေါ့လေ၊ ဒီရွာလေးတွေက ဧရာဝတီမြစ်ရဲ့ တတိယမြစ်ကျဉ်းဒေသ မြစ်အနောက်ဖက်ကမ်းနယ်ပေါ့၊​ဧရာဝတီမြစ်ရဲ့ တတိယမြစ်ကျဉ်းဟာ နာမည်ကျော်စစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာ ရှိနေတာကလား၊ စစ်ကိုင်းပြတ်ရွေ့ကြောကြီးက မြန်မာပြည်မြောက်ပိုင်းကချင်ပြည်နယ် ကူမွန်တောင်ကြားကနေ တောင်ဖက်ကို တန်းဆင်းလာလိုက်တာ မိုးကောင်းလွင်ပြင်ကိုဖြတ် ကသာထီးချိုင့်ကနေ သပိတ်ကျင်း၊ စဉ်ကူး၊ စစ်ကိုင်းတောင်ရေခါးအင်း ၊ စစ်ကိုင်း ဆင်များရှင်ဘုရားနားကနေ ၊ နေပြည်တော်၊တောင်ငူ၊ဖြူး၊ ပဲခူး ၊ အဲဒီကနေ ကပ္ပလီပင်လယ်ထဲကို ဆင်းသွားတာကိုး၊ ဧရာဝတီမြစ် တတိယမြစ်ကျဉ်းကလဲ ပြတ်ရွေ့ကြောကြီးပေါ်ဆိုတော့ မြစ်ကြီးကလဲ တောင်မြောက်ဖြောင့်ဖြောင့်ကြီး မကွေ့မကောက်စီးနေတာကလား၊ အဲဒီမြစ်ကျဉ်းထဲက ကျွန်းလေးပေါ်မှာ အညာသီဟတောဘုရားကလဲ တည်နေတာအင်မတန်သာယာလိုက်တာ၊ ဟော..စဉ့်ကူးမင်းကတော့ အညာသီဟတောဘုရားဖူးထွက်လိုက်မိတာ ဖောင်းကားစားမောင်မောင်က နန်းသိမ်းထားလို့ ရာထူးလက်လွတ်ဖြစ်ရပါရောလား၊ ကိုကြီးကျောက်ကတော့ ကိုယ့်ရာထူးတက်သိမ်းမဲ့သူမရှိနိုင်တာမို့ အညာသီဟတောဘုရားတော့ ခနခနရောက်ပါ့ဗျာ၊ ဒီစစ်ကိုင်းပြတ်ရွေ့ကြောကြီးက ဗမာပြည်အလယ်လူနေထူထပ်တဲ့နေရာကို ဖြတ်သွားတော့ ဒီပြတ်ရွေ့ကြောကြီးရွေ့ရှားလို့ဖြစ်လာတဲ့ ငလျင်ဒဏ်ကို လူအများခံရတာပါပဲ၊ ၁၉၁၂ ခုနှစ်က ရစ်ချတာစကေး ၈.၀ နဲ့ အခုနေပြည်တော်နဲ့ မဝေးလှတဲ့ နေရာကို ဗဟိုပြုလှုပ်တဲ့ငလျင်ကြီး၊ ၁၉၃၀ ခုနှစ်က လှုပ်တဲ့ ပဲခူးငလျင်ကြီးဆိုလဲ ဖြူးနဲ့ပဲခူးမှာ လူတွေသေကြတာမနဲကလား၊ ရွှေမော်ဓေါဘုရားရင်ပြင်မှာတွေ့ရတဲ့ငှက်ပျောဖူးတော်ကြီးဟာ အဲဒီတုန်းကပြိုကျခဲ့တာပေါ့၊ ၁၉၅၆ခု စစ်ကိုင်းငလျင်ကြီးကလဲ စစ်ကိုင်းတမြို့လုံးပျက်စီးသွားတာ၊ ကိုကြီးကျောက်ကတော့ မမွေးသေးပါဘူး၊ ကိုကြီးကျောက်မိဘတွေက အဲဒီတုန်းက စစ်ကိုင်းမှာဆိုတော့ သူတို့ပြန်ပြောပြတာမှာ ဆင်များရှင်ဘုရားကြီးပြိုကျပြီး ဘုရားထဲမှာ ရှိနေတဲ့သူတွေ ရာဂဏန်းနီးပါးလောက်သေကြသတဲ့၊
ကိုင်း..ဒီလိုပြတ်ရွေ့ကြောကြီးတွေ ကမ္ဘာအနှံ့မှာ တည်နေပြီး ငလျင်ကြီးတွေ လှုပ်၊ ဆူနာမီတွေဖြစ်နေတာ လူတွေ မဆင်ချင်ကြ ဆပ်ဆော့ကြလွန်းလို့၊ ပတ်ဝန်းကျင်တွေ မထိန်းသိမ်းကြလို့ ဆိုပြီးခုမှစဖြစ်တာ မဟုတ်ပါဘူး ၊ ဟိုး..နှစ်ပေါင်းသန်းထောင်နဲ့ချီတဲ့ အချိန်ကထဲကဖြစ်ပျက်နေတာကလား၊ စစ်ကိုင်းပြတ်ရွေ့ကြောကြီးဖြစ်ဖို့ အကြောင်းမှာ အိန္ဒိယကျွန်းဆွယ်ရဲ့ ရွေ့ရှားနေမှုက အဓိကအကြောင်းပါပဲ၊ အိန္ဒိယကျွန်းဆွယ်က လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၂၅ သန်းလောက်က အာရှတိုက်နဲ့ တခြားစီ အဝေးကြီး၊ နှစ်သန်းပေါင်း ၂၀၀ လောက်ကမှ စလို့ တဖြေးဖြေး မြောက်ဖက်ကို ရွေ့လာလိုက်တာ နှစ်သန်းပေါင်း ၅၀ လောက်ကစလို့ ဟိမဝန္တာတောင်တန်းတွေ၊ ချင်းတောင်တန်းတွေ ၊ ရခိုင်ရိုးမတွေ သူ့ကြောင့် တွန့်ခေါက်ပြီး ပင်လယ်ထဲကနေ ထွက်လာရတော့တာပဲ၊


လွန်ခဲ့တဲ့နှစ်သန်း ၂၀၀ ဝန်းကျင်လောက်ကဆို ရှမ်းကုန်းပြင်မြင့်ကြီးဟာ ပင်လယ်ထဲမှာငုတ်ချည်ပေါ်ချည်ပေါ့ဗျာ၊ အောင်ပန်းသားဘလော့ဂါလေး MKS တို့ဆိုရင် အဲဒီအချိန်ကအောင်ပန်းမှာရှိရင် ဆလုံလေးလို လန်ကွတ်တိလေး ဝတ်ပြီးရေထဲခရုငုတ်နေမယ်ထင်ပါရဲ့ ..ခုတော့ဗျာ..တောင်ပေါ်သားတဲ့ ..အဟတ်၊ မယ်ချစ်တို့ ဆိုလဲ တောင်ကြီးကို သင်္ဘောစီးပြီးသွား၊ beachမှာ ရေမြင်းမကြီးလို အိုက်တင်ထုတ်၊ ကိုကြီးကျောက်ကတော့ သဲသောင်ပြင်မှာ ကောင်မလေးနဲ့ လူးလိုက်လှိမ့်လိုက်နဲ့ ဟို ..တောင်ကြီးက ဘာသာပြန်ဆရာမလေး ရောင်းတဲ့ ကင်းမွန်တို့ငါးတို့ အကင်လေးဝယ်စားနေမှာလို့ စဉ်းစားနေမိသဗျ၊


ဒီအိန္ဒိယကျွန်းဆွယ်က အာရှတိုက်ကို ဝင်တိုးနေတော့ တရုပ်ပြည်အနောက်တောင်ပိုင်းမှာလဲ ပြတ်ရွေ့ကြောတွေဖြစ်..ငလျင်တွေခနခနလှုပ်လိုက်တာ ၊တချို့ပြတ်ရွေ့ကြောတွေဆို ဗီယက်နမ်ကမြစ်နီမြစ်ဝှမ်း၊ ဗမာပြည်အရှေ့ပိုင်း ကျိုင်းတုံနယ်၊ မြောက်ပိုင်းက လားရှိုးနယ်က ပြတ်ရွေ့တွေနဲ့ ဆက်စပ်နေတော့တာပဲ၊ မတ်လ ၁၁ ရက်နေ့က တရုပ်ပြည်ယူနန်နယ်က ရင်ကျန်းမှာငလျင်လှုပ်ပြီးလို့ သိတ်တောင်မကြာသေးဘူး၊ ဗမာပြည် လွိုင်မွေမှာ ဆက်လှုပ်တော့တာပဲ၊


ကိုင်း...ကမ္ဘာကြီးကလဲ ဒီလောက်တောင် ဘာကိစ္စလှုပ်ရှားနေတာပါလိမ့်ဆိုတော့ ကမ္ဘာမြေကြီးဟာ ပထမအငွေ့ဘဝ၊ အဲဒီကမှ အရည်၊ တဖြေးဖြေးအေးခဲလာတော့ ကျောက်လွှာချပ်ကြီးတွေ ဖြစ်လာတာကိုး၊ ကျောက်လွှာချပ်တွေကလဲ မိုင် ၅၀ ကနေ မိုင်၂၅၀ လောက်ထိ ထူကြတယ်၊ သူတို့ကကမ္ဘာ့အတွင်းပိုင်းက ကျောက်ရည်ပူပေါ်မှာ မျောနေသလိုဖြစ်နေတော့ တခုနဲ့တခု တွန်းလိုက်ကြတိုက်လိုက်ကြ၊ တိုက်မိခိုက်မိတော့ ငလျင်တွေ လှုပ်၊ ကျောက်လွှာတွေမှာ ပြတ်ရွေ့ကြောင်းတွေ ဖြစ်၊ ကျောက်ရည်ပူတွေက အတွင်းပိုင်းကနေ အက်ကြောင်းအတိုင်းတိုးထွက်လာတော့ မီးတောင်တွေဖြစ်ကုန်ရတာပေါ့၊


ကဲ..ကိုကြီးကျောက်လဲ စစ်ကိုင်းပြတ်ရွေ့ကနေ ကမ္ဘာတောင်တပတ် ပတ်မိတော့မယ်၊ ကိုယ့် field ဆင်းတဲ့နေရာပဲပြန်ကြရအောင်၊ ကိုကြီးကျောက်တို့ ကုတ္တက်သွားတော့ ရွှေဘို ကျောက်မြောင်းကနေ မော်တော်စီးပြီးကဘွက်ဆိုတဲ့ ရွာမှာဆင်းတယ်၊ ကဘွက်ဆိုတဲ့ရွာက မြစ်ကျဉ်းရဲ့ တောင်ဖက်အဆုံး၊ ကဘွက်ကနေ ၂ မိုင်လောက်လျှောက်လိုက်ရင် ကုတ္တက်ရောက်ပြီ၊ ကိုကြီးကျောက်တို့က ရိက္ခာဝယ်ရင် ကဘွက်ရွှေတောမှာလဲ ဝယ်ရင်ရတယ်၊ ဒါပေမဲ့ ကျောက်မြောင်းပဲ သွားဝယ်တယ်၊ ပစ္စည်းပိုစုံတာကိုး၊


တနေ့ ရိက္ခာသွားဝယ်တော့ လမ်းမှာ ကောင်မလေး ၃ ယောက်နဲ့ တွေ့ရော၊ ကိုကြီးကျောက်တို့ကလဲ ကျောင်းပြီးစ အသက် ၂၀ ဝန်းကျင်၊ ကောင်မလေးတွေကလဲ အဲဒီဝန်းကျင် ဆိုတော့ ...အဟင်း...သိတယ်မို့လား..၊ ချက်ချင်းပဲ အဖွဲ့ကျသွားတော့တာပဲ၊ ကိုယ်ကလဲ အပျိုမြင်ရင် အာဝိဇ္ဇန်းကရွှင်၊ သူတို့ကလဲ ရွယ်တူကောင်လေးတွေ ဘာပြောပြောသဘောကျ ၊ ခိုးခိုးခစ်ခစ်နဲ့ ဖြစ်နေတာပဲ၊ သူတို့က ရွှေဘိုသူတွေ၊ ရွှေတောကို အလည်လာတာ၊ ရွှေဘိုပြန်မှာဆိုတော့ ကိုကြီးကျောက်က မေပျိုရယ် နေညိုရင် ရွှေဘို မှာဆုံစို့ကွယ်လို့ ပြောတော့ ...အင်း..လိုက်ခဲ့လေတဲ့..၊ ကိုကြီးကျောက်တို့ကို ဘယ်ရွာကလဲလို့ မေးတော့ ကသုတ်ကရက်နဲ့ ကုတ်တက် ကကိုးဗျ....လို့ဖြေတော့ မယုံပါဘူးတဲ၊့


အင်း...ယုံချင်စရာလဲမရှိပါဘူး..၊ မန္တလေးမှာကျောင်းနေ၊ ရန်ကုန်မှာအလုပ်ဝင်တဲ့ ကိုကြီးကျောက်တို့ ဒီဇိုင်းက အဲဒီဖက်က ရွာသားတွေနဲ့ မတူတာတော့ အမှန်ပါပဲ၊ ဒါနဲ့ ကိုကြီးကျောက်က လမ်းဘေးက ခြုံဖုတ်ကို လက်ညှိုးထိုးပြပြီး ဟိုမှာ...ယုံယုံ...လို့ ပြလို့ သူတို့လဲ ခြုံဖုတ်ကို လှမ်းကြည့်လိုက်ရော ကိုယ်ကလူပျိုလက်ဆိုတော့ သိတယ်မို့လား..ဘာလိုလိုဖြစ်နေတဲ့ ကောင်မလေး ကို ပခုန်းတန်းဖက်လိုက်တော့တာပဲ၊ ရုတ်တရက်အငိုက်ဆိုတော့ သူ့တကိုယ်လုံးတုန်သွားလိုက်တာ..စစ်ကိုင်းငလျင်လှုပ်သလိုပါပဲ..အဟင်း...စစ်ကိုင်းပြတ်ရွေ့ကလဲ မနီးမဝေးရှိတယ်မို့လား၊ ကျန်တဲ့ကောင်မလေးတွေက ဟေး...ဆိုပြီး လက်ခုတ်တီးကြသဗျ၊


အဲဒီနေ့က ကိုကြီးကျောက်တို့ ရွှေဘိုအထိတော့ မရောက်ပါဘူး၊ နောက်နေ့ အလုပ်ကရှိတော့ ကျောက်မြောင်းကနေပဲ ပြန်ခဲ့တော့တယ်၊ ကျောက်မြောင်းမှာလဲ မအိပ်တော့ပါဘူး..ကျောက်မြောင်းဘိုတဲက သရဲ သိတ်ကြမ်းသဗျ၊ သစ်သားနဲ့ အသေရိုက်ပိတ်ထားရတဲ့ အခန်းဆိုရင် အခန်းထဲအိပ်မရအောင် တညလုံး ကုတင်ပေါ်ကဆွဲချ၊ ကြမ်းပြင်ပေါ်တရွတ်တိုက်ဆွဲနဲ့၊ မနက်လင်းတော့ အသက်ပျောက်နေတဲ့ သူတွေရှိလာလို့ အသေကိုပိတ်ထားရတာ၊ ခုတော့ သရဲလဲ အနှစ် ၃၀ လောက်ရှိပြီဆိုတော့ မရှိလောက်တော့ပါဘူး၊


ကိုကြီးကျောက်ရဲ့ ဘလော့ဂါညီဖြစ်တဲ့ ကိုအောင်(ပျူနိုင်ငံ) က၊ စစ်ကိုင်းပြတ်ရွေ့နဲ့ သူ့ကြောင့် ငလျင်လှုပ်လာရင် ဘယ်လိုကာကွယ်နေထိုင်ရမယ်ဆိုတာ tag လာလို့ ရေးလိုက်ရပါတယ်၊ တကယ်တော့ ငလျင်လှုပ်လို့ လူသေတာမဟုတ်ပါဘူး၊ အဆောက်အဦးတွေပြိုကျ၊ ပိမိကြလို့ သေကြရတာပါ၊ စစ်ကိုင်းပြတ်ရွေ့ကြောင့် ငလျင်အကြီးစားမဖြစ်တာကြာပြီဖြစ်လို့ ခုတခါလှုပ်ရင် ပြင်းထန်နိုင်တာမို့ သတိရှိကြရင်တော့ အကောင်းဆုံးပါ၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူ၊ ဖြူး၊ ပဲခူး၊ တို့ဟာ အထူးသတိထားရမဲ့နေရာတွေပါ၊ ခေတ်မီနည်းပညာနဲ့ ဆောက်ထားတာမဟုတ်ပဲ ပြီးစလွယ်ဆောက်ထားတဲ့ မန္တလေးနဲ့ ပဲခူးက ကန်ထရိုက်တိုက်တွေမှာ နေသူတွေ အတွက်အန္တရာယ်ကြီးပါတယ်၊


LA မှာနေတဲ့ ကျောက်နှမချိုသင်းတို့ကတော့ ငလျင်လှုပ်ရင်ဘယ်လိုနေရမယ်ဆိုတာ သူ့ရုံးမှာလုပ်တုန်းက ခနခန ရုံးတွေမှာ လေ့ကျင့်နေရတာမို့ သူက ကိုကြီးကျောက်ထက်ပို သိပါမှာပါ၊ ကိုကြီးကျောက်ကတော့ ရွှေစင်တို့မန်းမှာနေတဲ့သူတွေ အကြံပေးချင်တာကတော့ ပြိုကျလဲမသေနိုင်တဲ့ ထန်းလက်တဲမှာနေကြပါ၊ ပိုကောင်းတာကတော့ သစ်တပင်အောက်၊ဝါးတပင်အောက်မှာ နေပြီးတရားအားထုတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ၊


ဒါနဲ့ စကားမစပ် ဖတ်ဖူးတဲ့အကြောင်းလေး တခုတော့ ပြောပါရစေ၊ မင်းတုန်းမင်းကြီးရဲ့ မိဖုယားခေါင် စင်္ကြာဒေဝီမိဖုယားကြီးဟာဗေဒင်ပညာမှာ အလွန်ကျွမ်းကျင်တယ်လို့ ဖတ်ခဲ့ရဖူးပါတယ်၊ မန္တလေးမှာ ငလျင်လှုပ်မယ်ဆိုတာ ဗေဒင်ပညာနဲ့ ကြိုတင်သိနှင့် နေပါသတဲ့၊ ဒါ့ကြောင့် ယတြာချေတဲ့အနေနဲ့ မန္တလေးနန်းတော်တိုင်တွေကို တတောင်လောက် မြေဖို့ထားခိုင်းပါသတဲ့၊ ငလျင်လှုပ်တော့ အင်းဝနဲ့ စစ်ကိုင်းမှာပျက်စီးကြပေမဲ့ မန္တလေးမှာ ဘာမှမဖြစ်ဘူးတဲ့၊ ကိုကြီးကျောက်တို့ရဲ့ စက်ကြိုင်ဗေတီ မိဖုယားကြီးလဲ ငလျင်ရပ်ဝန်းကသူ့အိမ်တော်ကို ယတြာချေတဲ့အနေနဲ့ ခေါင်မိုးမြုပ်အောင် မြေဖို့နေအုန်းမလားမသိပါဘူး...။


ဒီ post ကို အရင်တပတ်ကထဲက ရေးပြီး တင်လိုက်တာ err ပြပြီး ပျောက်သွားလို့ ဘာကိုစိတ်တိုရမှန်းမသိဖြစ်သွားပါတယ်၊ ခုမှ ထပ်ရေးပြီးတင်တာ နဂိုရေးသလောက်မရှည်ပဲ ဟိုရောက်သည်ရောက် အဆက်အစပ်ပျောက်နေတာလဲ သည်းခံပေးကြပါ၊ ပညာရပ်ဆိုင်ရာတွေကို အမှန်အတိုင်းပြောရရင် မရေးချင်ပါဘူး၊ ကျောင်းတုန်းက ဆရာတွေ reference ညွှန်းသလို ဟိုစာအုပ်၊ ဒီစာအုပ်ရှာဖတ်လို့သာပြောလိုက်ချင်တာပါပဲ၊ ကိုကြီးကျောက်ကိုယ်တိုင်ကလဲ ကိုယ်စိတ်မဝင်စားတဲ့အကြောင်းတွေကို အားနာပါးနာ သွားမဖတ်ချင်သလို သူများတွေကိုလဲ ရေးမပြချင်တာအမှန်ပါ ။


ပုံတွေအားလုံး google ကရှာပါသည်။


Wednesday, March 23, 2011

အစမ်းသပ်ခံကျောက်

မေရီလန်းပြည်နယ် Bethesda မှာရှိတဲ့ National Institute of Health က NCI မှာ မတ်လ ၂၂ ရက်နေ့က ကိုကြီးကျောက်ကို research အစီအစဉ်အတွက် စမ်းသပ်ဖို့ချိန်းတော့ ကိုကြီးကျောက်မှာဖြင့် သွားသာသွားရတယ် ရင်တဖိုဖိုပါပဲ၊ ကိုကြီးကျောက်မျက်စေ့ထဲမှာက ဓါတ်ခွဲခန်းထဲက ကြွက်ကလေးတွေ မြင်နေတာကိုး၊


NIH မှာကိုကြီးကျောက်ကိုဖန်ပေါင်းချောင်ထဲထည့်ပြီး ကြွက်လေးတွေလို ဆေးတိုက်လိုက် တပတ်လောက်ပြေးခိုင်းလိုက်၊ ပြေးပြီးရင် ပီဇာလေးကြွေးလိုက်၊ ဆေးထိုးလိုက် ဖန်ပြွန်ထဲ ဝမ်းလျားထိုးသွားခိုင်းလိုက် ..ဟိုဖက်ရောက်ရင် ဟော့ဒေါ့လေးကြွေးလိုက်နဲ့ ကိုကြီးကျောက်မှာဖြင့် စားရချည့်သေးပေါ့လေ..စိတ်ကူးတွေယဉ်လို့ ၊ ချိုရဲရဲ ဒိုးနတ်တွေ ကြွေးရင်တော့ ဒါတော့မကြိုက်ဘူး နောက်တခါ မုန့်ပေါင်းကြွေးလို့ ပြောရမယ်လို့ တွေးရင်း ချိန်းထားတဲ့ မနက် ၈ နာရီမှာ NIH ကို ရောက်ပါလေရောဗျား၊
NIH ရောက်တော့ ဝန်းကြီးက အကျယ်ကြီးကိုးဗျ၊ ဆေးပညာနဲ့ ပတ်သက်ပြီး သုတေသနလုပ်နေတာတွေကလဲ အများကြီး၊ ကိုကြီးကျောက်ဖြင့် ပညာရေးနဲ့ ကျန်းမာရေး မှာ တိုင်းပြည်ရဲ့ ဘတ်ဂျက်ရဲ့ ၅ % လောက်ပဲသုံးတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ ကိုယ့်ရဲ့ ရွှေနိုင်ငံကြီးရဲ့ ကျန်းမာရေးစီမံချက်ကို သတိရမိပါ့ဗျာ၊ ဒီလိုနဲ့ ကိုကြီးကျောက်လဲ စမ်းသပ်စစ်ဆေးမဲ့ အဆောက်အဦးကို shuttle bus စီးပြီးသွားရတယ်၊

ကိုကြီးကျောက် အဲဒီကို ရောက်တော့ ပထမ admissions မှာလူနာစာရင်းကိုသွင်း၊ လိုအပ်တဲ့လက်မှတ်တွေထိုး ၊ပြီးတဲ့နောက်မှာတော့ သွေးစစ်ရတော့မယ်၊ ဘယ်မှာစစ်ရမလဲဆိုတာ အဲဒီက အဖြူမလေးကိုမေးတော့ phlebotomy မှာစစ်ရမယ်တဲ့..၊ ကိုကြီးကျောက်ကလဲ ဆေးပညာရပ်ဆိုင်ရာ စကားလုံးတွေနဲ့ နားဝေးလိုက်တာ ၊ သူ ဘာပြောလို့ ပြောမှန်းမသိဘူး၊ အူတိအူကြောင်ဖြစ်နေတဲ့ ကိုကြီးကျောက်ကို သူက အင်္ဂလိပ်လို နားမလည်ဘူးလားတဲ့ ..၊ ကိုကြီးကျောက်ကလဲ လွယ်လွယ်ပါပဲ နားမလည်ဘူး လို့ပဲဖြေလိုက်တော့..ဟောဗျား..သူကိုယ်တိုင်လိုက်ပြီး လမ်းညွှန်ပေးလိုက်တာ ဆိုက်ဆိုက်မြိုက်မြိုက်ပါပဲ၊

အင်္ဂလိပ်လိုညံ့တာလောက်ကတော့ ကိုကြီးကျောက်တို့က အရေးမစိုက်ပေါင်၊ ဗမာပြည်သွားပြီး မော်ဒယ်လုပ်လို့ရပါ့..၊ ဗမာပြည်မှာ မော်ဒယ်တွေ မယ်တွေလုပ်ချင်ရင် အင်္ဂလိပ်လို ညံ့ဖျင်းရမယ်လို့များ သတ်မှတ်ထားသလားမသိပါဘူး..၊ ဟိုတနေ့က ဗီယက်နမ်မှာလုပ်တဲ့ အာစီယံမယ် ရွေးပွဲထင်ပါရဲ့ ဆန်ခါတင် ၅ ယောက်မှာ ကျန်တဲ့ နိုင်ငံက ကောင်မလေးတွေကအင်္ဂလိပ်လို သပ်သပ်ယပ်ယပ် ပြောသွားလိုက်ကြတာ...၊ ဗမာပြည်က သန္တာနွယ်တဲ့ဗျား....အင်္ဂလိပ် အသံထွက် လေယူလေသိမ်းကလဲ ညံ့ရတဲ့အထဲ ခွေးအ ကြီး လှည်းနင်းခံရသလို အိုင်....အိုင်...အိုင်...နဲ့ ရှေ့ကို ဆက်မတက်နိုင်ဘူး၊ အိုင် လဗ် ဗီယက်နမ် ကိုပဲ ထပ်ခါတလဲလဲ ပြောနေတော့ အစီအစဉ်တင်ဆက်တဲ့ ဗီယက်နမ်ကောင်လေးလဲ သူ ဒီလောက်တောင် လဗ်နေတာ ကြာတော့ လန့်လာသလားမသိဘူး တော်ပါတော့ကို ပြောယူရတယ်၊

အမယ်...သူက အပြောသာမရတာ ပေါင်တော့ကားတတ်သဗျ၊ ကိုကြီးကျောက်တောင် သူပေါင်ကားတာကြည့်ပြီး စပွန်ဆာလုပ်ချင်စိတ်တွေတောင် တဖွားဖွားဖြစ်လာသဗျ၊ ဒါပေမဲ့လဲ ဟို မော်ဒယ်မလေးလို နိုင်ငံခြားကို ဈေးဝယ်တခါထွက်ရင် ဒေါ်လာတသိန်းသုံးချင်တယ် ဆိုရင်ဖြင့် ကိုကြီးကျောက်အတွက် မခက်ပေဘူးလားခင်ဗျာ၊ ဒါနဲ့ ကိုကြီးကျောက်လဲ ကိုယ့်ဖာသာကိုယ်ပြန်ပြီး ဆုံးမနေရတယ်၊ စိတ်လျော့....မောင်ကျောက်...စိတ်လျော့ လို့၊ ဖလော်ရီဒါက ဖို့ဒ် လော်ဒါဒေးမှာရှိတဲ့ အာချန်းအိမ်ကဒေါ်လာ၁၅၀တန် ပြည်ကြီးမတွေလဲ သူလို ပေါင်ကားတတ်တာပဲလို့..ဘာမှမထူးပါဘူးလို့၊

သွေးဖောက်ပြီးတဲ့နောက်တော့ Radiology/ CT Scan ဌာနမှာ CT Scan ရိုက်ဖို့ CT Scan dosing အရည်သောက်ရသဗျ၊ NIH တော့ သုတေသနဌာနဆိုတော့ ပစ္စည်းပစ္စယတွေ ပေါပေါသီသီ သုံးနိုင်တာကိုး၊ ဆေးရုံတွေလို ဝင်ငွေနဲ့ တွက်ပြီးလုပ်ရတာမှ မဟုတ်တာ၊ ဒီတော့ ကိုကြီးကျောက် တက်ခဲ့တဲ့ ဆေးရုံတွေမှာတိုက်တဲ့ အရည်တွေကအရသာ မကောင်းလှဘူးခင်ဗျ၊ NIH မှာတော့ မိုချာလား၊ ဗနီလာလား၊ ငှက်ပျောလား ...အသီးကိုစုံနေတာပဲ၊ ကိုကြီးကျောက်ကတော့ ငှက်ပျောပဲ ရွေးလိုက်တယ်၊ ဘန်ကောက်မှာက ငှက်ပျောသီးနဲ့ အကျိုးပေးခဲ့တယ်လေ..၊

ကိုင်း...CT Scan ရိုက်တော့မယ်ဆိုတော့ ဆေးရုံအဝတ်အစားတွေ လဲရတော့ အင်္ကျီက တခါသုံး စက္ကူတွေဗျ၊ ကိုကြီးကျောက်မှာဖြင့် ဝတ်သာဝတ်ရတယ် ထိုင်လိုက်ရင် ပြဲသွားမှာလားပေါ့၊ အမယ်...သူက ခိုင်ခန့်လိုက်ပုံများ ဆွဲဖြဲတာတောင် တော်တော်နဲ့ မပြဲဘူး၊ Scan ရိုက်တော့ အဝိုင်းကြီးထည့်ပြီး အဝိုင်းကြီးကို လှည့်တာဘယ်လိုမှ မနေပေမဲ့ ၊အဲဒီ အချိန်မှာ လက်မောင်းကနေ ဆေးသွင်းတာ နာလိုက်တာ၊ ဆေးကလဲ တခါထဲ မြီးညှောင့်ရိုးတောင် ရောက်သွားသလားအောက်မေ့ရတယ်၊
ကိုင်း....CT Scan ရိုက်ပြီးပြီဆိုတော့ ဆရာဝန်နဲ့ တွေ့ဖို့ ၁၃ ထပ်ကို တက်ရတာပေါ့၊ အဲဒီမှာ ကိုကြီးကျောက်ကို အရပ်တိုင်း၊ အလေးချိန်ပြီးတော့၊ ကိုကြီးကျောက်ရယ်၊ coordinator ရယ်၊ ဆရာဝန်ရယ်၊ ဆွေးနွေးပွဲ စကြတော့တာပဲ၊ ကိုကြီးကျောက်ကို follow up လုပ်တဲ့ ဆရာဝန်က ဘာဆေးတွေတိုက်သလဲလို့ မေးတော့ spironolactone လို ဆီးဆေးလောက်ပဲတိုက်တာလို့ sorafenib က ကိုကြီးကျောက်နဲ့ မတည့်လို့ ဒီဇင်ဘာကထဲက ရပ်ထားတာလို့ ပြောလိုက်တယ်၊ ဒါပေမဲ့ သူ့တို့ နားမလည်နိုင်အောင်ဖြစ်နေတာက ကိုကြီးကျောက်ရဲ့ သွေးစစ်အဖြေတွေက ကောင်းနေတာ၊ သွေးထဲမှာ billirubin ဆိုတဲ့ အဝါရောင်ပါဝင်မှုက ဇန်နဝါရီမှာ ၆ ၊ ဖေဖေါ်ဝါရီမှာ ၄ ၊ ခု စစ်တော့ ၃ ၊ဖြစ်နေပြီ၊ တဖြေးဖြေး ကျလာတာ၊
ဒါနဲ့ ကိုကြီးကျောက်ကို တခြားဘာတွေလုပ်သလဲလို့မေးတော့ ...အ...ဟတ်...ဟတ်...ဒီတခါတော့ ကိုကြီးကျောက်က ကောင်းကောင်း ဒိုင်သွင်းတဲ့ အလှည့်ဖြစ်လာပြီလေ...၊ငါကတော့ တနေကုန် မထတန်း တရားမှတ်နေတာပဲလဲ ပြောလိုက်ရော...အို.... ရှားရှားပါးပါး တွေ့ရတဲ့ သူတော်စင်ကို ဖူးတောင့်ဖူးခဲ တွေ့လိုက်ရသလို ...သူတို့မှာလေ...စိတ်ဝင်တစားတွေဖြစ်ကုန်ရော၊ ဗမာတိုင်းရင်းဆေးလဲသောက်တာပဲလို့ ပြောတော့၊ ဘာတွေလဲ သိချင်ပြန်ရော..၊sour sop ဒူရင်းဩဇာ အရွက် ၂၀ လောက်ကို ရေ တဂါလံလောက်နဲ့ ကြိုပြီး တနေကုန်သာက်တာပဲလို့၊ အင်္ဂလိပ်လို ဘယ်လိုခေါ်မှန်းမသိတဲ့ တပင်တိုင်မြနန်းကိုလဲ ပျားရည်နဲ့ စားတယ်လို့ပြောတော့၊ ဗမာအသံကို အင်္ဂလိပ်လိုပေါင်းခိုင်းပြီး ဘာပင်လဲဆိုတာ ဗမာပြည်ကိုမေးမယ်တဲ့..၊
အဲဒီနောက်တော့ NIH ဆရာဝန်က ကိုကြီးကျောက်ကို CT Scan အရ ကင်ဆာလို့ ပြောချင်ပြောနိုင်ပေမဲ့ ကိုကြီးကျောက် သွေးစစ်ချက်တွေက ပြောဖို့ခက်နေသတဲ့၊ ကိုကြီးကျောက်ရဲ့ ဆရာဝန်ဆီကို ဧပြီ ၁ ရက်နေ့မှာသွားပြီး၊ သူဘာဆက်လုပ်မယ်ဆိုတာတိုင်ပင်ပါတဲ့၊ biopsy လုပ်ကြည့်မှ ကင်ဆာဆိုတာ သေသေချာချာကွဲကွဲပြားပြား သိနိုင်မယ်တဲ့၊ ကိုင်း....ဆရာဝန်တွေတောင် ကိုကြီးကျောက်ကို နားမလည်နိုင်အောင် ဖြစ်နေလေတော့ အရပ်ထဲကလူတွေ ကိုကြီးကျောက်ကို ကင်ဆာလား...လင်ဆာလား...ကွဲကွဲပြားပြား မသိကြတာ အပြစ်မတင်သာပေဘူးပေါ့ဗျာ....။ ။
ကဲ......ခုတော့ ကိုကြီးကျောက်လဲ ထောင်ထောင် ထောင်ထောင် ဖြစ်နေပြီ..။
ကာတွန်းပုံနဲ့ CT Scanner ပုံကို google က ရှာထားပြီး..ကျန်တာတွေကတော့ ကိုယ်တိုင် ရိုက်ချက်တွေပါ။

Friday, March 18, 2011

ငှက်မသိတော့ ဇရက်ကို ဘဲထင်


ကိုကြီးကျောက်တို့ ရေးဖေါ်ရေးဖက် မန်းကိုကိုက ကိုကြီးကျောက်တယောက် ဗမာပြည်အထက်ပိုင်းက အကြောင်းတွေရေးပြီးရင် ကရင်ပြည်နယ်ကို ကျော်ပြီး တနင်္သာရီတိုင်းဖက် ရောက်သွားတာမို့ ကရင်ပြည်နယ်မှာ ကိုကြီးကျောက် field ဆင်းတာလေးများရှိရင် ရေးပါဦးတဲ့၊ အင်း....ကရင်ပြည်နယ်မှာ ကိုကြီးကျောက်တို့ ဘဓရ မှာလုပ်စဉ်က field ဆင်းဖို့ အခွင့်အလမ်းမရခဲ့ပါဘူး၊ တနေရာကို field ဆင်းမယ်ဆိုရင် ပထမဆုံး ကက(ကြည်း) နဲ့ နယ်မြေအေးချမ်းမှု၊ ကိုကြီးကျောက်တို့ လုံခြုံရေး...အစစ ညှိနှိုင်းဆွေးနွေးရတာကိုး၊ ကိုကြီးကျောက်တို့ လုံခြုံရေးအတွက်နယ်မြေခံ အာဏာပိုင်တွေက ဘာမှစီစဉ်မပေးနိုင်ရင် ကိုကြီးကျောက်တို့ ကိုယ့်သဘောကို သွားလို့မရပါဘူး၊ ကရင်ပြည်နယ်မှာက ထုံးကျောက်တောင်တွေပဲရှိတော့ ဓါတ်သတ္တုရှာဖွေရနိုင်ဖို့ ဆိုတာက သိတ်မသေချာဘူးလေ၊


ဒါပေမဲ့လဲ လမ်းကြုံလို့ မြိုင်ကလေးဘိလပ်မြေစက်ရုံက ဘူမိဗေဒ သူငယ်ချင်းတယောက်ဆီ ဝင်ရင်းနဲ့ သာမည ဆရာတော်ဘုရားကိုလဲ ဖူးခဲ့ရ၊ ကရင်ပြည်နယ်ရဲ့ အထိမ်းအမှတ်လို ထင်ရှားတဲ့ ဇွဲကပင်တောင်ကိုလဲ တက်ခဲ့ရတာပေါ့၊ ခုလို တပေါင်းလမှာ ဇွဲကပင်တောင်ဘုရားပွဲဆိုတာတော့ ကိုကြီးကျောက်မှတ်မိတာပေါ့၊ အဲဒီတုန်းကတော့ မတ်စောက်လှတဲ့ဇွဲကပင်တောင်ကို ကရင်မလေးတွေနဲ့ တပျော်တပါးတက်ခဲ့နိုင်ပေမဲ့ ခုအရွယ်မှာတော့ တော်တော်ကြိုးစားရမယ်ထင်ပါရဲ့..၊ ကိုကြီးကျော် ဇွဲကပင်တောင်ကို တက်ခဲ့စဉ်က မမေ့နိုင်တဲ့ အကြောင်းအရာထဲမှာ တောင်ခွတ်လပ်က ရေတံခွန်တောင် ဘုန်းကြီးကျောင်းမှာ စားခဲ့ရတဲ့ ပိန္နဲသီးပါပဲ၊ အိမ်မာအကြွပ်သီးကို ချိုမြနေတာမို့ ခုထိအမှတ်ရဆဲပါပဲ၊


ဇွဲကပင်တောင်ကိုတက်တော့ တောင်ရဲ့အရှေ့ဖက် ခလောက်နို့်နယ်ဖက်ကနေတက်ပြီး ပြန်ဆင်းတော့ တောင်အနောက်ဖက်ခြမ်းမှာရှိတဲ့ ဒုံရင်းနယ်ဖက် ကိုဆင်းတာပေါ့၊ ခလောက်နို့နယ်က ဖားအံကနေ သာမညကို သွားတဲ့လမ်း၊ ဖားအံကနေထွက်လိုက်တာနဲ့ ခလောက်နို့နယ်ထဲ တန်းရောက်တော့တာပါပဲ၊ ခလောက်နို့နယ်ကို ကိုကြီးကျောက်က ငယ်ငယ်ကထဲက လူထုဦးလှရဲ့ ခလောက်နို့ကရင်ပုံပြင်များစာအုပ်ကို ဖတ်ပြီးကထဲက ရောက်ဖူးချင်နေတာကလား၊ ခလောက်နို့ နယ်သားတွေက အင်မတန် ဟာသဉာဏ်ရွှင်ပြီး အရာရာကို ပျော်ပျော်ပါးပါးပဲ ရင်ဆိုင်တတ်ကြတာမို့ ကိုကြီးကျောက်က အလွန်သဘောကျပေါ့၊ ခလောက်နို့ကို ကရင်လို ခလို လို့ခေါ်သတဲ့၊ ခလို ဆိုတာ ဗမာလိုဘာသာပြန်ရင် နတ်ချောင်းလို့ အဓိပ္ပါယ်ရသတဲ့၊ နတ်ချောင်းအနီးတဝိုက်က ရွာအုပ်စုကို ခလောက်နို့နယ်လို့ ခေါ်တာပေါ့၊


တခါက ခလောက်နို့နယ် ရွာတရွာက ရွာသားတယောက်က ခလောက်နို့နယ် နိုင်းကြာရွာမှာအိမ်ထောင်ကျသတဲ့၊ အိမ်ထောင်ကျတော့ ယောက္ခအိမ်လိုက်နေရသတဲ့၊ ယောက္ခမအိမ်မှာ ယောက္ခမကြီးတွေနဲ့ အတူထမင်းစားရတော့ ရဲရဲမနှိုက်ဝံ့ရှာဘူးတဲ့၊ အဲဒါနဲ့ သူ့ခမြာ ထမင်းမဝတဝနဲ့ ပြီးလိုက်ရသတဲ့၊ ညလယ်လောက်ရောက်တော့ ထမင်းကပြန်ဆာလာရောတဲ့ ၊ဒါနဲ့ သူကတိတ်တိတ်လေးထပြီး မီးဖိုမှာစားစရာရှာသတဲ့၊ ထမင်းအိုးက ထမင်းကျန်အကပ်အသတ်လေးကို ချစ်ချုပ်စားနေတုန်း မီးဖိုထဲက ချိုးချိုးချွတ်ချွတ်အသံကြားတော့ ယောက္ခမအဖိုးကြီးက သူခိုးထင်လို့ မီးဖိုထဲ မီးထွန်းကြည့်လိုက်တော့ သမက်အသစ်စက်စက် ဖြစ်နေသတဲ့၊ သမက်ကလဲ ထမင်းထစားတာ ယောက္ခမနဲ့မိသွားတော့ လန့်သွားသတဲ့၊ ဒါပေမဲ့ သူက ဘာပြောရမှန်းမသိတော့ ထမင်းအိုးကို ခေါင်းစွပ်ပြီး " အဖေရေ ဘီလူးက ကကြစို့လား " ဆိုပြီး ကပြတော့ အဖိုးကြီးက ဟက်ဟက် ပက်ပက် ရီပြီး " ဆာရင် ချက်စားကြတာပေါ့ကွာ " လို့ပြောပြီးမီးမွှေးပေးသတဲ့၊ ခလောက်နို့မှာ အချက်မသိသေးခင်တော့ သမက်မှာသူခိုးအထင်ခံရပါရောလား၊


ကိုကြီးကျောက်မှာ အိမ်နားနီးချင်း သူငယ်ချင်းမတယောက်ရှိတယ်၊ သူ့နာမည်က ခင်ချိုတဲ့၊ သူ့အမက မခင်ညိုတဲ့၊ သူတို့အမေက မြင်းခြံမြောက်လက်က နဘူးအိုင်ဆိုတဲ့ ရွာကမူလတန်းကျောင်းမှာ ကျောင်းအုပ်ဆရာမကြီး၊ ခင်ချိုက ကိုကြီးကျောက်တို့ ငယ်ငယ်ကခေသူတော့ မဟုတ်ပေဘူးဗျ..၊ ကိုကြီးကျောက်တို့ငယ်ငယ်က သင်္ကြန်ဆိုရင် အရပ်ထဲက မိန်းကလေးများက ရေသဘင်မဏ္ဍပ်တွေထိုးပြီး ယိမ်းကကြတယ်၊ ယောင်္ကျားတွေကတော့ အတီးအမှုတ်တွေနဲ့ သင်္ကြန်အလှပြကားတွေ ထွက်ကြတာကိုး၊ အဲဒီအချိန်ကတော့ တိုင်းပြည်ကလဲ စီးပွားရေးကောင်းတုန်း၊ လူတွေကလဲ စားဝတ်နေရေးပြေလည်ကြတော့ ပွဲလမ်းသဘင်တွေ အားတက်သရော လုပ်နိုင်တာပေါ့၊


အဲ..ခင်ချိုက မိန်းကလေး ယိမ်းတွေမှာ ဝင်မကဘူး၊ သင်္ကြန်ကားတွေနဲ့မှ လိုက်ကသဗျ၊ အမယ်..လိုက်ကတော့လဲ သူ့နာမည်ကို " ခင်ချိုချိုချောခက်ခက်ခိုင်ခန့် " လို့ ကြေငြာပေးရသဗျ၊ ကတော့လဲ သင်္ကြန်ကားတစင်းလုံး သွက်သွက်ခါနေအောင် လှုပ်ယမ်းကနေတာများ ဟိုတလောက လူပြောများတဲ့ ဗီဗာဟိန်း ဆိုတဲ့ အဆိုမ လောက်ကတော့ အေးဆေးပဲ၊ သူကဗီဗာဟိန်းထက် သာတာက ခါးသေးရင်ချီ ပဒုမ္မဏီလေးခင်ဗျ..၊


ဗီဗာဟိန်း ကနေတာမြင်ရတော့ ကိုကြီးကျောက်ကတော့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဆိုဗီယက်ပြန် ဦးမောင်မောင်နဲ့ အာဇာနည်စန်းစန်း တို့ ဆပ်ကပ်အဖွဲ့ကို သတိရမိတယ်၊ ဦးမောင်မောင်ဆပ်ကပ်မှာ ဂျွမ်းဘားတွေ ကောင်းကင်ဘားတွေ၊ ကြိုးတန်းလျှောက်တွေ၊ မျက်လှည့်တွေ၊ မျက်စေ့ကို အဝတ်စည်းပြီး ဒါးပေါက်တာတွေ ပြပြီးရင် ခွေးလိမ္မာ၊ မြင်းလိမ္မာ၊ ကျားလိမ္မာ၊ ဆင်လိမ္မာ တို့ အစွမ်းပြတာကိုး၊ ဗီဗာဟိန်း ကနေတာ ဦးမောင်မောင်ဆပ်ကပ်ထဲက ဆင်မကြီး ကဗျာလွတ်နေသလိုပါပဲ၊ ကိုကြီးကျောက်ဖြင့် ကြည့်ရင်းနဲ့ သားစိတ်မယားစိတ်တောင် ကုန်တယ်..တကယ်ပါပဲ ၊


ကိုကြီးကျောက်တို့ တက္ကသိုလ်ကျောင်းသားဘဝမှာ ကျောင်းတွေကလဲ ခနခနပိတ်လေတော့ တချို့သူငယ်ချင်းတွေလဲ ကျောင်းဆရာဝင်လုပ်ကုန်ကြတယ်၊ ခင်ချိုကလဲ သူ့အမေကျောင်းက တွဲဖက်ကျောင်းဖွင့်တော့ တွဲဖက်ကျောင်းဆရာမဝင်လုပ်နေတယ်၊ ကိုကြီးကျောက်သူငယ်ချင်းတချို့ကလဲ အဲဒီကျောင်းမှာ ဆရာဝင်လုပ်နေကြတယ်၊ ကျောင်းလေးက ခြေတန်ရှည်ကျောင်းလေး ဆောက်ထားတာ၊ အပေါ်ထပ်မှာ အတန်းကြီးတွေနဲ့ အဝေးက ဆရာ လူပျို ၃ ယောက်နေကြတယ်၊ အောက်ထပ်မှာ အတန်းငယ်တွေ၊ အောက်ထပ်ကတော့ အကာအရံမရှိဘူး၊ ခင်ချိုတို့ သားအမိ ၃ ယောက်က အောက်ထပ်မှာ အခန်းလေးဖွဲ့နေကြတယ်၊ ကိုကြီးကျောက်ကို ကျောင်းပိတ်ထားတုန်း သူငယ်ချင်းတွေက အလည်ခေါ်ကြတော့ ကိုကြီးကျောက်လဲ နဘူးအိုင်ကို အလည်လိုက်သွားတာပေါ့၊


အဲဒီကျောင်းက ဆရာ ဆရာမတွေ အားလုံးက မြင်းခြံကများပေမဲ့ ဆရာကိုမြင့်ဆွေကတော့ မြစ်အနောက်ဖက် မြောင်နယ် နဘက်က ၊ နဘက်ဆိုတဲ့ရွာမှာ အနောက်ဖက်လွန်မင်းတရားကြီး လက်ထက်က ပေါ်တူဂီလူမျိုး ဇွင်ကာကူ လို့ခေါ်တဲ့ ဖီးလစ် ဒီဘရစ်တို ကိုရှင်းလင်းပြီး သူ့နောက်လိုက်နောက်ပါတွေကို နေရာချထားတဲ့ရွာပေါ့၊ပေါ်တူဂီတွေလဲ ရွာခံတွေနဲ့ အိမ်ထောင်တွေကျကုန်ကြပြီး သူတို့အဆက်အနွယ်တွေ ကျန်သေးတာပေါ့၊ သူတို့က ဘုရင်ဂျီဘာသာဝင်တွေ ဆိုတော့ နဘက်က RC Church ကြီးဆိုရင် ဟိုး အဝေးကနေ လှမ်းမြင်ရတာကလား၊ မြင်းခြံမှာတော့ သူတို့အုပ်စုနေတဲ့နေရာကို ဘုရင်ဂျီဝင်းလို့ ခေါ်တယ်၊ ကိုမြင့်ဆွေက ဘုရင်ဂျီဘာသာဝင်၊ မဲမဲ ထောင်ထောင်မောင်းမောင်းနဲ့၊


ကိုကြီးကျောက် နဘူးအိုင်ရွာကို အလည်ရောက်ပြီး နောက်ညမှာပဲ....၊ ည နာရီပြန် တချက်လောက်မှာ အောက်ထပ်ကနေ အသံနက်ကြီးနဲ့ ထိတ်လန့်တကြား အော်သံကြားရတော့တာပဲ...." အမလေး.....လာကြပါအုန်း....သရဲ...သရဲ..မဲမဲကြီး.." ကုန်းအော်သံကြားတော့ ကိုကြီးကျောက်တို့ အကုန်လုံး ဝရုန်းသုန်းခပ် အောက်ထပ်ကိုဆင်းပြေးရတာပေါ့၊ အော်သံ ပိုင်ရှင်က ခင်ချိုတို့ အမေ ဆရာမကြီး၊ အတူအိပ်နေတဲ့ ခင်ညိုတို့ ခင်ချို တို့ သမီးတွေလဲ လူးလဲထကြတာပေါ့..၊ ဆရာမကြီး ဘယ်လိုဖြစ်တာလဲလို့မေးတော့ " အမလေး....ခြေထောက်ကို လာဆွဲလို့ရုတ်တရက် ကြည့်လိုက်တော့ မဲမဲရှည်ရှည် အကောင်ကြီး၊ ကျမလဲ ကြောက်လို့ စောင်ခေါင်းမြီးခြုံပြီး အော်နေရတာ " တဲ့၊ ခင်ချိုကတော့ ရေခပ်ပြီး သူ့အမေကိုတိုက်ပြီး " အမေ အိပ်မက် မက်တာနေမှာပါ " တဲ့၊ သူ့အမေကလဲ " တကယ်ပါအေ...ငါမျက်စေ့နဲ့မြင်ရတာပါ " တဲ့၊ အဲဒီညက အခန်းထဲမှာ အိပ်ရတာအိုက်လို့ ဆိုပြီး သားအမိတတွေ အပြင်ထွက်ပြီး ကွပ်ပြစ်ပေါ်မှာ တန်းစီအိပ်နေကြတာကိုး..၊ ဒါနဲ့ သူတို့လဲ အခန်းထဲ ပြန်ဝင်ပြေးကြရော၊


ကိုကြီးကျောက်တို့လဲ ဘယ်လိုသရဲပါလိမ့်ပေါ့ ၊ တယောက်တပေါက်ပြောရင်း ပြန်အိပ်ကြတာပေါ့၊ မနက်လင်းတော့ ကိုကြီးကျောက်တို့ လဘက်ရည်ဆိုင်မှာ ဒီအကြောင်းပြောတော့ ဆရာကိုမြင့်ဆွေက ပြုံးစိပြုံးစိနဲ့ မျက်နှာပိုးမသေဘူး၊ အဲဒီမှာ သူကဖွင့်ပြောလာတယ်၊ သူနဲ့ ခင်ချိုနဲ့ ရည်းစားဖြစ်နေတာကိုး၊ ခါတိုင်း ညည ချိန်းတွေ့ကြရင် ခင်ချိုအိပ်ယာဘေးက ပြူတင်းပေါက်ကနေ အသာအချက်ပေးလိုက်ရင် ခင်ချိုက သူ့အမေမသိအောင် တိတ်တိတ်လေး ထွက်လာနေကြပေါ့၊


အဲဒီ ညကမှ သားအမိ ၃ ယောက်လုံး အခန်းအပြင်ထွက်အိပ်ကြတော့ သူတို့ ၃ယောက်က မှောင်ထဲမှာ ပုံပန်းသဏ္ဍန်ကလဲ ခပ်ဆင်ဆင်၊ ကိုမြင့်ဆွေကလဲ ခပ်ထွေထွေလေးဆိုတော့ သူထင်တဲ့ခြေထောက်ဆွဲ နှိုးလိုက်တာ သူ့အမေဖြစ်နေပါရောလား..၊ မဲမဲရှည်ရှည် ကိုမြင့်ဆွေကို မှောင်ထဲရုတ်တရက်မြင်လိုက်တော့ ဆရာမကြီးခမြာ အော်လိုက်ရတာ ငယ်သံများတောင်ပါလို့၊ အင်း...ဒါကြောင့်လဲ ညက ခင်ချိုရော ကိုမြင့်ဆွေရော သူများတွေ စိတ်ဝင်တစားသရဲကြောင်းပြောနေတုန်း ဣနြေ္ဒရနေကြတာကိုး ၊ ဆရာမကြီးလဲ ငှက်မသိတော့ ဇရက် ကို ဘဲထင် သလို အချက်မသိတော့ သမက်ကို သရဲထင် လိုက်ရရှာသကိုး....။


ပြီးခဲ့တဲ့အပတ်က ဂျပန်မှာ ငလျင်ကြီးလှုပ်ပြီး ဆူနာမီရေလှိုင်းတော့ ဖြစ်ပြီးနောက် ကိုကြီးကျောက်လဲပစိဖိတ်၊မြောက်အမေရိက၊ ယူရေးရှား၊ အင်ဒိုဩစတေလျ ကျောက်လွှာချပ် ( plate ) တွေ စုဆုံရာဂျပန်နိုင်ငံနဲ့ ကိုယ့်field အတွေ့အကြုံလေးနဲ့ ပေါင်းစပ်ပြီး postလေး တပုဒ်လောက်တော့ ရေးကြည့်မယ်ဆိုပြီး ရေးလိုက်တာ ဖတ်မဲ့သူတော့မသိဘူး..ရေးတဲ့သူကတော့ ပညာရပ်ဆိုင်ရာတွေ ရေးရင်းပျင်းလိုက်တာ... ဒါနဲ့ ရေးလက်စကိုလွှင့်ပစ်လိုက်ပြီး ပေါ့ပေါ့ပါးပါး အကြောင်းအရာလေးပဲ ခုမှတင်ဖြစ်တော့တာပါပဲ၊


ကိုင်း..ဒါနဲ့ စကားမစပ် ကိုကြီးကျောက်ရဲ့ ဘလော့ဂ်ဂါ နှမတွေကိုတော့ ထောက်ခံမဲပေးလိုက်အုန်းမယ်၊ ငလျင်တွေလှုပ်၊ မီးတောင်တွေပေါက်၊ ဆူနာမီတွေ ဖြစ်တာ လူတွေ အရိပ်နေနေအခက်ချိုးချိုးလုပ်လို့ ကမ္ဘာကြီးက ရင်ထုငိုတယ်ဆိုတာဟုတ်လောက်သဗျ၊ လူတွေ မပေါ်ခင် နှစ်သန်းပေါင်းများစွာက ဒိုင်နိုဆောတွေကလဲ သစ်ပင်တွေ အရိပ်မှာနေပြီး အခက်တွေချိုးဖဲ့ စားကြတော့..ဟော..ဒိုင်နိုဆောတွေရှိတုန်းကလဲ ကမ္ဘာကြီးက ရင်ဘတ်ထုငိုလိုက်လို့ မီးတောင်တွေပေါက်၊ ငလျင်တွေလှုပ်၊ ဆူနာမီတွေ ဖြစ်နဲ့..၊ နောက်ဆုံး ဒိုင်နိုဆောတွေ ပျောက်ကုန်တော့တာပဲ၊ ဒါပေမဲ့ ခက်တာက ဒိုင်နိုဆောတွေက ကဗျာမရေးတတ်တော့ ကမ္ဘာကြီးက ရင်ဘတ်ကို ဘယ်လက်နဲ့ထုခဲ့သလား၊ ညာလက်နဲ့ထုခဲ့သလားဆိုတာတော့ မကွဲပြားဘူးပေါ့ဗျာ ။ ။


google က ရှာထားတဲ့ ဘဲပုံပါ။

Friday, March 11, 2011

ကူနီကျွန်းက နတ်လမ်းညွှန်


ကိုကြီးကျောက်တို့ ဗမာပြည်မှာ ဒီလို တပေါင်းလ ရာသီချိန်ဟာဖြင့် အသာယာဆုံးအချိန်ပါပဲ၊ ရာသီဥတုကလဲ မပူလွန်းမအေးလွန်း ရှစ်ခွင်တိုင်းမှာ မြူမင်းလွင်တွေဆိုင်းပြီး အင်မတန်လွမ်းစရာကောင်းပေတာကိုး၊ ကိုကြီးကျောက်တို့ တောထဲတောင်ထဲ field ဆင်းကြတဲ့အခါ ဒီလ ဒီရာသီမှာဖြင့် အင်ကြင်းပန်းတွေကလဲ တတောလုံးမွှေးပြီး ကြည်နူးစရာ အကောင်းဆုံးအချိန်ပေါ့၊ ဗမာပြည် တနံတလျား တောင်သူတွေလဲ လုပ်ငန်းကိုင်ငန်းတွေသိမ်းချိန်ဆိုတော့ တနိုင်ငံလုံး ဘုရားပွဲတွေ နတ်ပွဲတွေ ကျင်းပချိန်လဲဖြစ်တာပေါ့၊


ဧရာဝတီမြစ်ဖျား ခန္တီးရှမ်းတွေရဲ့ ဒေသ က ကောင်းမှုလုံဘုရား ကစလို့ အင်းတော်ကြီးရွှေမဉ္ဇူ ၊ အညာသီဟတော၊ မန္တလေးအရှေ့ က ရွှေစာရံ၊ ရွှေစက်တော်၊ ရွှေတောင်က ရွှေနတ်တောင်၊ ရွှေတိဂုံ၊ ပုသိန်မော်တင်စွန်းတိုင်အောင် ဘုရားပွဲတွေ ချည့်ပါပဲ၊ နတ်ပွဲတွေကလဲ အပြိုင်အဆိုင်ပါပဲ၊ တောင်ပြုံးမှာလဲ နတ်တော်စစ်ထွက် တပေါင်းစစ်ပြန် ဆိုပြီး တရုတ်ပြည်က စစ်ပြန်လာတဲ့ ပွဲရှိသလို ကိုကြီးကျောက်တို့ မြင်းခြံ အနောက်ဖက် ဧရာဝတီနဲ့ ချင်းတွင်းမြစ်ကြား ကူနီကျွန်းက ပခန်းကိုကြီးကျော်ရဲ့ နတ်ပွဲကလဲ ဒီအချိန်မှာ အထင်ရှားဆုံး နတ်ပွဲပါပဲ၊


ကိုကြီးကျောက်တို့ ငယ်ငယ်က တပေါင်းလဆန်း ရင် အိမ်စေ့ ပုန်းမကြီနတ်တင်ဖို့ မုန့်ဖြူ မုန့်နီ( မုန့်ဆီကြော်) ကြော်ကြပြီ၊ မုန့်ဖြူမှာ ပုန်းမကြီမဖို့ လက်ကောက်၊ ဆွဲကြိုး အရုပ်တွေလုပ်ပြီးကြော်ကြတာကိုး၊ ကိုကြီးကျောက်တို့ကတော့ ဘွားအေကြီးကြော်တဲ့ နားမှာထိုင်ပြီး နတ်အရင် တခုပြီးတခု အားပေးတော့တာပဲ၊ ပုန်းမကြီနတ်တင်ချိန်မှာတော့ မုန့်ဆီကြော်တွေ အိမ်တိုင်းမှာ အလျံပယ်ပါပဲ၊ (ဟိုနေ့ကတောင် သတိရလို့ အင်ဒိုနီးရှားက လာတဲ့ ထန်းလျက်လုံးကိုရည်ကြိုပြီး ကောက်ညှင်းမုန့်နဲ့ နယ်ပြီး ကြော်စားတာ ဗမာထန်းလျက်ရည်လောက်တော့ မကောင်းဘူး ၊ အာသာပြေပေါ့လေ)၊


ပုန်းမကြီနတ်ပြီးရင်တော့ ပခန်းကိုကြီးကျော်ပွဲကို သွားကြပြီ၊ ကိုကြီးကျောက်တို့ ငယ်ငယ်ကတော့ မြင်းခြံဆိပ်ကမ်းကနေ မော်တော်တွေ အပြိုင်အဆိုင် လော်စပီကာတွေဖွင့်ပြီးထွက်ကြတာ တပျော်တပါးကြီးပါပဲ၊ နတ်နန်းရှိရာ ထန်းတောရွာက ချင်းတွင်းမြစ်ကမ်းမှာ မော်တော်တွေ တန်းစီနေတာပဲ၊ ကိုကြီးကျောက်တို့ ငယ်ငယ်က နတ်ပွဲတွေ နတ်နန်းတွေက ဒီခေတ်လောက် ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားကြီးမဟုတ်ပါဘူး၊ ခုနောက်ပိုင်းတော့ လူတွေလဲ စီးပွားရေးကြီးပွားရေးတွေမှာ နတ်ပဲ အားကိုးနေကြတော့ နတ်တွေတန်ခိုးထွားလာထင်ပါရဲ့၊


ကိုကြီးကျောက်တို့ငယ်ငယ်ကတော့ နတ်ပွဲက ဈေးပွဲသဘောပါပဲ၊ ပခုက္ကူကစောင်တွေ၊ ပုဆိုးတွေ၊ ရေစကြိုနယ်က ရွှေလှံ ဆန်ကောဆန်ကာ၊တောင်းတွေ၊ရှင်မတောင်သနပ်ခါးတွေ၊ မြင်းခြံနယ် ရန္တပိုက အိုးတွေ၊ ကစားစရာအိုးပုတ်ဂျိုးရုပ် စုံနေအောင်ရောင်းကြတာ၊ နတ်ပွဲမှာ ငါးမြင်း၊ငါးတန်၊ကျောက်ပုဇွန်ထုပ်လတ်လတ်ဆတ်ဆတ်တွေကလဲ ပေါမှပေါ၊ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကစလို့ မြင်းခြံကနေ ပခန်းပွဲကို သွားကြတာ လမ်းကြောင်းတမျိုးပြောင်းသွားတယ်၊ ဟိုး..အင်္ဂလိပ်ခေတ်ဆီက အကြေအညာ စုန်ဆန်သွားတဲ့ မော်တော်၊ သင်္ဘောကြီးတွေ ဝင်နိုင်တဲ့ မြင်းခြံဆိပ်ကမ်းမှာ ဒီအချိန်မှာ ရေတစက်မှမရှိတော့ဘူး၊


ဟိုတနေ့ကတောင် အလဲဗင်းဂျာနယ်မှာ စစ်ကိုင်းတံတားအောက်မှာ ရေတွေခမ်းသွားတာ ဧရာဝတီမြစ်ကြီးခမြာ ပေ၁၀၀ ကျော်ပဲ ကျယ်တော့သတဲ့၊ ရင်ထဲမကောင်းလိုက်တာ....ရာဇဝင်များရဲ့သတို့သမီးလို့ ဆိုတဲ့ ဧရာဝတီခမြာ လူရမ်းကားတွေနဲ့ အချောင်နှိုက်တဲ့ အိမ်နီးချင်းပေါက်ဖေါ်တွေ လက်ထဲမှာ HIV စွဲကပ်နေတဲ့ ကြက်လို လူရုပ်တောင်မပေါ်တော့ပါဘူး၊


ကိုင်း..ဒါတွေရှိစေတော့ မြစ်ပြင်က ကျဉ်းပြီး သောင်ပြင်က ကျယ်လာတော့ မြင်းခြံကနေ ပခန်းကိုကြီးကျော်ပွဲ ကို လှည်းတွေနဲ့ တပျော်တပါးသွားကြတဲ့ ခေတ်ဖြစ်လာတယ်၊ ကိုကြီးကျောက်တို့ကတော့ လှည်းမစီးပါဘူး၊ ၄ မိုင်လောက်ခရီးဆိုတော့ လမ်းပဲလျှောက်တယ်၊ လှည်းစီးရတာ ဖုန်တလုံးလုံးနဲ့ လှည်းတန်းကြီးက တအိအိဆိုတော့ လမ်းလျောက်တာကပိုမြန်တယ်လေ၊ လမ်းတလျှောက်ဖြတ်သွားတဲ့ ဆင်တဲ၊ လှေကုတ်၊ နွယ်နီ၊ နန်းဦးရွာတွေက ပြောင်းဖူးပြုတ်၊ ဇီးသီး၊ ထန်းလျက်၊ လဘက်ကစလို့ နတ်ပွဲလာတဲ့သူတွေကို ကြွေးတာတွေစားပြီး လျှောက်ကြတာပဲ၊


မနက်စောစောထပြီးကူနီပွဲကို လျှောက်ကြတာ နေမမြင့်ခင် နတ်နန်းရောက်လို့ နတ်ဆက်တဲ့သူတွေက ဆက်ကြပေါ့လေ၊ ဈေးဝယ်ကြခြမ်းကြပြီးရင် ညနေ နေကောင်းကောင်းမချိုခင်ပြန်လာကြတာ မိုးချုပ်စမှာ မြင်းခြံပြန်ရောက်တော့တာကိုး၊ အဖိတ်၊ ဥပုသ် ရက်လိုမျိုးဆိုရင်တော့ တမြို့လုံးသွားကြတာ အဲဒီအချိန်ဆိုရင် သောင်ပြင်မှာ မနက်စောစော လမဝင်ခင် လူတွေလှည်းတွေ ဆိုတာဖွေးနေတာပဲပေါ့၊ ကိုကြီးကျောက်တို့ အရပ်ထဲမှာ မုဆိုးမအဖွားကြီးတွေရှိတယ်၊ သူတို့ကနတ်ပွဲချိန်ဆိုရင် သူတို့အုပ်စုက နတ်ပွဲနတ်ဆက်ဖို့ သွားနေကြကိုး၊ ဒီအဖွားကြီးတွေက သူတို့အချင်းချင်းအတင်းပြောလိုက်ကြ၊ ရန်ဖြစ်လိုက်ကြ၊ ပြန်ခေါ်လိုက်ကြနဲ့ ရှုတ်ရှက်ခတ်နေတာပါပဲ၊ အဲ...နတ်ပွဲချိန်တော့ ခေါ်ကြသဗျ၊ သူတို့အုပ်စုက အရပ်ထဲက ကလေးဘုစုခရုတွေ၊ အပျိုပေါက်တွေ ခေါ်ပြီးနတ်ပွဲ ကို လမ်းလျှောက်သွားကြတာကိုး၊


တနှစ်မှာတော့ သူတို့အုပ်စု နတ်ပွဲကိုသွားကြတော့ အပြန်မှာ ခါတိုင်းလိုပဲ နေမချိုခင် ပြန်လာကြသတဲ့၊ အဲဒီနေ့ကတပေါင်းလပြည့်နေ့၊ ပွဲတော်နောက်ဆုံးရက်ကိုး၊ ဦးမင်းကျော်ရဲ့ အမေအမေဂျမ်းကကျွဲလှည်းစီးပြီး သားဆီလာသတဲ့၊ သားကိုစိတ်ဆိုးလို့ လှည်းပေါ်နောက်ပြန်ထိုင်ပြီး နွယ်နီရွာကနေ ဒုန်းမောင်းပြီးလာတာ လှည်းဦးမှာတင်လာတဲ့ရေအိုးက လှည်းထောက်ဖြုတ်ချတာတောင် ကျ မကွဲဘူးဆိုပဲ၊ ဒီအကြောင်းကို အပြန်လမ်းမှာ ကလေးတွေက ယုံတယ်မယုံဘူးနဲ့ ငြင်းခုံလာကြသတဲ့၊ အဲလို ဆူညံပြီးစကားတွေပြောလာလိုက်တာ မှောင်ရီသာပျိုးလာတယ်၊ ဧရာဝတီမြစ်ကမ်းဖက်ကို မရောက်ကြဘူးတဲ့၊


ဘယ်နေရာရောက်လို့ ရောက်မှန်းမသိအောင် တဝဲလည်လည် ဖြစ်နေကြသတဲ့၊ ခါတိုင်းမြင်နေရတဲ့ မြင်းခြံဖက်က မီးရောင်တွေလဲမမြင်ရဘူးတဲ့၊ (မီးပျက်လို့နေမှာပါ)၊ ကလေးတွေကလဲ မောကလဲမော ဆာကလဲဆာဆိုတော့ အအိအိ ငိုကြပြီတဲ့၊ လူကြီးတွေကလဲ စိတ်ပူစပြုလာတော့ ငြင်းခုံလာတဲ့ အပျိုလူပျိုပေါက်တွေကို စကားမှားလို့သာ နတ်ဖွက်ခံရတယ်ဆိုပြီးမာန်မဲကြသတဲ့၊ ဒါနဲ့ မုဆိုးမတွေထဲက ဒေါ်ပွေးကြီးက ဦးမင်းကျော်ကို တိုင်တည်ပြီး တောင်းပန်သတဲ့ ၊ စောင့်ရှောက်ပါဆိုပြီးအကူအညီတောင်းသတဲ့၊ သိတ်မကြာဘူး မြင်းဖြူစီးလာတဲ့ လူတယောက်ရောက်လာပြီး မြင်းခြံဖက်ကမ်းကူးဖို့ လမ်းပြတာနဲ့ သူတို့ ည ၉ နာရီလောက်ကြအိမ်ပြန်ရောက်ကြသတဲ့၊ နောက်တနေ့ မနက်မှာတော့ နတ်လမ်းညွှန်တဲ့အကြောင်း သူတို့အုပ်စုမှာ အရပ်ထဲကို ပြောမဆုံးပေါင် တောသုံးတောင်ပေါ့ဗျာ...၊


ကိုကြီးကျောက်လဲ အမေရိကန်နိုင်ငံ တလံတလျားကို ကားတစီးနဲ့ပတ်နေတော့ Navigator လို့ခေါ်တဲ့ နတ်လမ်းညွှန်လေးကလဲ မရှိမဖြစ်ဆောင်ထားရသဗျ၊ အဲဒီ Navigator မှာ ကိုကြီးကျောက်တို့ နဲ့မတိမ်းတယိမ်း အဆိုတော်မကြီးရဲ့ အသံလို စွာတိစွာတာ မိန်းမအသံလဲရှိသလို၊ ပျင်းတိပျင်းတွဲနဲ့ ပြောနေတဲ့ ယောင်္ကျားအသံလဲရှိသဗျ၊ ကိုကြီးကျောက်ကတော့ ခပ်စွာစွာမိန်းမအသံကို မခံနိုင်လို့ ယောင်္ကျားသံပဲရွေးထားတယ်၊ ခု ကိုကြီးကျောက်က ဝါရှင်တန်ဒီစီမြို့တော် ဧရိယာမှာနေတော့ မြို့ထဲသွားရင် navigator နဲ့ပဲသွားတယ်၊မသွားလို့လဲမရဘူး၊ ဝါရှင်တန်မြို့တော်ဟာ ကိုကြီးကျောက်မောင်းခဲ့သမျှ မြို့တွေထဲမှာ အင်မတန် မောင်းရခက်ပေတာကိုး၊


ရှေးမြို့ဟောင်းကြီးဆိုတော့ လမ်းတွေက ၄ လမ်းဆုံတွေ၊ ၅ လမ်းဆုံတွေ၊ ၆လမ်း ဆုံတွေ ပေါမှပေါ၊ အဝိုင်းတွေကလဲ ဘယ်မှမလွတ်ရဘူး၊ ရောက်စက ကိုကြီးကျောက်က မြင်းစီးကျောက်ရုပ်ဆိုပြီး တည်နေရာတခုမှတ် ထားမိပါတယ်၊ တမြို့လုံး မြင်းစီးရုပ်တွေကလဲ မနဲတော့ ဘယ်နေရာမှန်းတောင်မသိတော့ဘူး၊ မီးပွိုင့်တွေကလဲ တခုနဲ့တခု ကား ၃စီးစာလောက်ပဲဝေးအောင် ကပ်နေတာ၊ ဒီတော့ မြို့ထဲမောင်းရရင် အင်မတန်စိတ်ညစ်တာ၊ navigator ခမြာလဲ မြို့ထဲမောင်းပြီဆိုရင် ပြောရတဲ့သူမှာ မျက်ကလဲဆန်ပြာကို ဖြစ်လို့၊ ခုပဲ turn left ပြောလိုက်ရ၊ ခု turn right ပြောလိုက်၊ ခု round about ပြောလိုက်နဲ့ သူ့ခမြာလဲ ချာချာလည်နေတာပဲ၊ တခါတလေ ကိုယ်သွားချင်တဲ့နေရာက ရောက်နေပြီ သူ့မှာ မျက်စေ့လည်ကောင်းတုန်း၊


ဒီတော့ ကိုကြီးကျောက်လဲ တပေါင်းလ ရောက်လို့ရှေးဟောင်း နှောင်းဖြစ်လေးစဉ်းစားရင်း ဦးမင်းကျော်က နတ်လမ်းညွှန်လုပ်တဲ့အကြောင်းသတိရမိတော့ ၊ခုကိုကြီးကျောက် တခုတွေးမိတာက ပခန်းကိုကြီးကျော် ကို အမေရိကကိုဖိတ်ပြီး နတ်လမ်းညွှန်လုပ်ခိုင်းချင်တော့တာပါပဲ၊ ကိုကြီးကျော်နဲ့ကိုကြီးကျောက်တို့ ဝါရှင်တန်မြို့တော်ထဲ သွားရင် သူကမြင်းဖြူကြီးစီးပြီး ရှေ့ကသွား၊ ကိုကြီးကျောက်က နောက်ကကားမောင်းလိုက်ရင်း သူ့ကို နံပါတ် ၁၃၀၀ ဖလော်ရီဒါ အဲဗင်းနယူး လို့ အော်ပြောလိုက်၊ သူက မြင်းဖြူကြီးဒုန်းစိုင်းပြီး 300 feet turn left ဆိုပြီးနောက်ပြန်အော်လိုက်နဲ့ တော်တော်အဆင်ပြေမယ်ထင်တာပဲ၊ ကျန်တဲ့ကားတွေကလဲ ကျော်နဲ့ကျောက် တို့ရဲ့ navigation system ကို အားကျနေကြလိမ့်မယ်ထင်ပါရဲ့ဗျာ....။


ကိုကြီးကျောက် ကျန်းမာရေးကောင်းနေပေမဲ့ NCI မှာ ဒီလ ၂၂ ရက် အင်္ဂါနေ့ကစလို့ ဆေးကုနေရပါတော့မယ်၊ ဘာတွေဘယ်လို ကုပေးမယ်တော့မသိပါ၊ အဆင်ပြေရင်တော့ စာရေးပါမယ်၊ ဆေးဒဏ်ခံနေရရင်တော့ မရေးနိုင်သေးပါဘူး၊ ကိုကြီးကျောက်ကတော့ တကမ္ဘာလုံးကပို့သတဲ့ မေတ္တာကြောင့် အမြန်ကုသပျောက်ကင်းမယ်လို့ ယုံကြည်ထားကြောင်းပါခင်ဗျာ.....။ ။


Jose de San Martin (Jose ကို ဟိုဆေး လို့ဖတ်ပါတယ်) ရဲ့ မြင်းစီးကျောက်ရုပ်ပုံကို google ကရှာထားပါသည်။

Sunday, March 6, 2011

ကျောက်သစ္စာရှင်


ကိုကြီးကျောက်တို့ ယောင်္ကျားတွေကို မိန်းမတွေက သစ္စာမရှိဘူး...ဘာဘူး..ညာဘူး..နဲ့ မကြာမကြာစွတ်စွဲပြောဆို တတ်ကြတာတွေ ခနခနတွေ့နေရတတ်ပါတယ်၊ တကယ်တော့ ကိုကြီးကျောက်တို့ ယောင်္ကျားတွေနဲ့ မိန်းမတွေ သစ္စာရှိခြင်းအကြောင်း အပေါ်မှာ ရှုမြင်တာတွေ ကွဲလွဲကြလို့သာ ဒီလိုစွတ်စွဲမှုတွေ ပေါ်ပေါက်လာရတယ်လို့ ကိုကြီးကျောက်တော့ ထင်တာပဲ၊

မိန်းမတွေရဲ့ သဘောသဘာဝက တယောက်ဆို တယောက် ပိတောက်ဆို ပိတောက် စွဲစွဲမြဲမြဲ သစ္စာရှိနေမှ သစ္စာရှိတယ်လို့ ထင်ကြတာမျိုးကိုး၊ နောက်ဆုံးကုန်ကုန်ပြောရရင် သူတို့ကြိုက်တဲ့ ရုပ်ရှင်မင်းသား၊ ဇာတ်မင်းသားကအစ ဒီတယောက်ဆို ဒီတယောက်ပဲ နောက်တယောက်ပြောင်းမကြိုက်ပဲ သစ္စာမြဲလှပါတယ်၊ ကိုကြီးကျောက်တို့ အဒေါ်တွေဆို ဝင်းဦး မှဝင်းဦး...၊ မင်းသားဝင်းဦးက စကားမပြောခင် မျက်စေ့လေး မှေးစဉ်းပြီး နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်နေတာကိုကြည့်ပြီး ကိုကြီးကျောက်တို့က တဟားဟား ရီနေပေမဲ့ ကိုကြီးကျောက်အဒေါ်မှာ အဲဒီအကြောင်းတွေးမိရင် ခု အသက် ၇၀ ကျော်တာတောင် ရင်တွေ တလှပ်လှပ် ဖြစ်နေတုန်းတဲ့၊ ဝင်းဦးနေရာမှာ မင်းသားရန်အောင်က ဝင်ရိုက်တာတောင် ကြည့်လို့မရဘူး၊ မကြိုက်ဘူးတဲ့၊

ကိုကြီးကျောက် သူငယ်ချင်းမကြီးတွေဆိုရင် သူတို့ခေတ်ကဇာတ်မင်းသား မန္တလေးသိန်းဇော်တို့ ချမ်းသာတို့ခေတ်...၊ သူတို့မှာ ခုထိ ဒီမင်းသားတွေကို လွမ်းတသသပြောနေတုန်း၊ ကိုကြီးကျောက်က ဟာ...ခုမင်းသားဖိုးချစ်ဆို အကကောင်းပါ့ သူ့အခွေကြည့်ဖူးတယ်လို့ပြောတော့ အမလေး....သိန်းဇော်လို အသံမကောင်းဘူးတဲ့..ဇာတ်သီချင်းကို Rap လိုဆိုတာတွေ ကြည့်မရဘူးတဲ့..၊ အမယ်...သူတို့သမီးတွေက သူတို့ကို ခေတ်ဟောင်းခေတ်ဆွေး အဖွားကြီးတွေဆိုပြီး နှာခေါင်းရှုံ့ပြကြသဗျ...၊ မိန်းမတွေများ သစ္စာရှိပုံက ဒါဆိုဒါပဲပေါ့ဗျာ..၊

ကိုကြီးကျောက်တို့ သစ္စာရှိတာမျိုးကိုကြ သူတို့က သဘောမပေါက်ကြဘူးခင်ဗျ..၊ ကိုကြီးကျောက်တို့ကတော့ လူပျိုပေါက်အရွယ် ၁၅ နှစ် ၁၆ နှစ်သား လောက်က အသက် ၂၀ နဲ့ ၂၅နှစ်ကြား မမကြီးတွေဆို အလွန်ကြိုက်ပလေတာ၊ ဟော.....ခု အသက်၅၀ ကျော်လာလဲ အသက် ၂၀ နဲ့ အစိတ်ကြား သမီးလေးတွေကို ကြိုက်တုန်းပဲ၊ ဒါဟာ ကိုကြီးကျောက်တို့ရဲ့ သစ္စာခိုင်မြဲမှုကို ပြတာပဲမဟုတ်ပါလားခင်ဗျာ...၊ သစ္စာရှိစွာနဲ့အဲဒီအရွယ်တွေပဲကြိုက်တယ်၊ ကိုယ်နဲ့ရွယ်တူ အသက်၄၀၊ ၅၀ အရွယ်ကြီးတွေကိုပြောင်းမကြိုက်ပေါင်ဗျာ...၊ကိုကြီးကျောက်တို့ ယောင်္ကျားတွေရဲ့ ဒီလိုသစ္စာရှိတာမျိုးကို မိန်းမတွေက သဘောမပေါက်ကြတာက ခက်တယ်၊

သူငယ်ချင်းတယောက်ဆိုရင် မယားငယ်လေးတယောက် ထပ်ယူထားတော့ သူ့မိန်းမ ကိုကြီးကျောက်ရဲ့ သူငယ်ချင်းမက နင့်လူကို ကြည့်ပြောပါအုန်း ..ဒီအရွယ်ကြီးကြမှ သစ္စာဖောက်တာတော့ မကောင်းဘူးဟယ်..လို့ပြောလို့ သူငယ်ချင်းမကို သေချာကြည့်တော့ အပျိုဘဝကထက် ကိုယ်လုံးက ၃ ဆလောက်ဖြစ်နေပြီ၊ ကိုကြီးကျောက်က ဒါနဲ့ သူ့ကိုပြောရတယ်...ဒီကောင်သစ္စာမဖောက်ပါဘူးဟာ အပျိုတုန်းကသူကြိုက်တဲ့ နင့်ကိုယ်လုံးလေးရှိတာမျိုးကို သစ္စာရှိရှိရှာထားတာပါဆိုတော့...ကိုကြီးကျောက်ကို သေနာကောင်..သူ့ပြောမှ ပိုဆိုးနေတယ်တဲ့..ကဲ...မိန်းမများ ယောင်္ကျားတွေရဲ့ သစ္စာကို ဒီလောက်ပေါင်းလာတာတောင် ခုထိသဘောမပေါက်သေးဘူး..၊ ဟိုတလောကတောင်..ဂျီးတော်ကြီးတယောက် သူ့အိမ်မှာ သူမရှိတုန်း ဘယ်ကရောက်လာမှန်းမသိတဲ့ ဘရာစီယာဆိုဒ်သေးတွေ တွေ့လို့ဆိုလား ဘလော့မှာရေးနေသေးတယ်..တကယ်တော့ ဂျီးတော်ကြီးက ဝ နေတဲ့ သူ့ကိုယ်လုံးကြီးကို သတိမထားတော့ ယောင်္ကျားတွေရဲ့ သစ္စာကိုနားမလည် နိုင်ဘူးဖြစ်သွားတာပေါ့၊

ကိုင်း...သစ္စာရှင်ကျောက်ရဲ့အကြောင်းကို စကြစို့လား..၊ကိုကြီးကျောက်တို့ မြိတ်နဲ့ဘုတ်ပြင်းမြို့ကြားက စဉ့်ကူကျွန်းမှာ field ဆင်းကြတော့ အဲဒီကျွန်းပေါ်က ရွာလေးတရွာမှာ မူလတန်းကျောင်းလေးက ဆရာမလေးနှစ်ယောက်ရှိတယ်၊ တယောက်က မြင့်မြင့်စန်းတဲ့၊ သူက စစ်ကိုင်းရွာသစ်ကြီးတိုင်းရင်းသားဖွံ့ဖြိုးရေးသိပ္ပံကနေ ကျောင်းဆင်းပြီး ဆရာမပေါက်စလေးပေါ့၊ ကိုကြီးကျောက်တို့ထက် ၃, ၄နှစ်လောက်ငယ်တယ်၊ မြိတ်သူလေး၊ သူက ရွာသစ်ကြီးမှာ ၄ နှစ်လောက်နေခဲ့တော့ ဗမာလိုလဲ မြိတ်သံမဝဲပဲ ပီပီသသပြောနိုင်တယ်၊ အညာကအစားအသောက်တွေလဲ ချက်တတ်လုပ်တတ်တယ်၊

သူက ကိုကြီးကျောက်ကို ဗမာထုံးစံအတိုင်း အကိုလို့ခေါ်တယ်၊ ကိုကြီးကျောက်က မိစန်းလို့ခေါ်တယ်၊ ဒီလိုခေါ်တာပြောတာတွေ မြိတ်နယ်က လူတွေကြားတော့ အံ့ဩကြတာပေါ့၊ ဘာလို့လဲဆိုတော့ ကိုယ့်ရည်းစားတို့ ယောင်္ကျားတို့မှ မြိတ်ကမိန်းမတွေက အကိုခေါ်တာကိုး..၊ တစိမ်းဆိုရင် ဦး လို့ခေါ်ကြတာ၊ ကိုကြီးကျောက်ဆို မြိတ်ရောက်စက အသက် ၆၀၊ ၇၀ အဖွားကြီးတွေကလဲ ကိုယ့်ကို ဦး လို့ခေါ်တော့ ကြားရတာအဆင်မပြေဘူး၊ နောက်တော့လဲ ရိုးသွားတာပေါ့လေ၊

မြင့်မြင့်စန်းနဲ့ ကိုကြီးကျောက်တို့ ဒီလိုတွေပြောနေကြတော့ ရွာကလူတွေက ဆရာမလေးနဲ့ ဒီပုဂံသားကတော့ ( ကိုကြီးကျောက်တို့ ဗမာပြည်မက လူတွေကို မြိတ်နယ်ကလူတွေက ပုဂံသားလို့ သုံးတာကိုး) ရည်းစားဖြစ်နေပြီလား ....သို့လော..သို့လော..ပေါ့လေ၊ ကိုကြီးကျောက်ကလဲ လူတွေဒီလိုထင်နေကြတာ မှန်ပါစေတော့ ဆိုပြီးစေတနာထားပြီး အားထုတ်လိုက်တာ မြင့်မြင့်စန်းနဲ့ ၂ပတ်လောက်ကြာတော့ ရည်းစားဖြစ်သွားရော...၊ ကိုကြီးကျောက်တို့ field သိမ်းဖို့ မြိတ်ကိုပြန်တော့ မြင့်မြင့်စန်းကလဲ နွေကျောင်းပိတ်ရက်ဆိုတော့ မြိတ်ကို ပြန်ရောက်ပြီ၊ ကိုကြီးကျောက်အတွက်တော့ ဟန်ကျတာပေါ့၊ မြင့်မြင့်စန်းတို့အိမ်ကလဲ သိမ်တော်ကြီးဘုရားကနေ ရဲစခန်းဖက်သွားတဲ့လမ်းမှာဆိုတော့ သူတို့အိမ်ကိုလဲ ခနခနရောက်ပေါ့လေ..၊

ကိုကြီးကျောက်ရောက်ခဲ့သမျှ ဗမာပြည်တွင်းက မြို့တွေမှာတော့ ကိုကြီးကျောက်ကတော့ မြိတ်ကို အကြိုက်ဆုံးပါပဲ၊ ကိုယ်ကြိုက်တဲ့ ပင်လယ်စာကလဲ အဲဒီအချိန်ကပေါ (ခုတော့မသိဘူး)၊ မြို့လယ်ကတောင်ကုန်းပေါ်က သိမ်တော်ကြီး ဘုရားကနေကြည့်ရင် တမြို့လုံးနဲ့ ကျွန်းစုတွေ၊ ကပ္ပလီ ပင်လယ်ကြီးပါ မြင်နေရတာ အင်မတန်သာယာတာကိုး၊ ပိုပြီးသာယာတာကတော့ ညနေစောင်းရင် တမြို့လုံးက အပျိုတွေက ဘုရား လာကြတာကလား၊ ကိုကြီးကျောက်တို့ အကြိုက်ပေါ့ဗျာ..၊ အပျိုအုပ်စုမြင်ရင် အတင်းရောအဓမ္မရော စကားတွေဝင်ပြော နာမည်တွေမေး၊ နေရပ်မေး၊ သူတို့အိမ်တွေ နောက်ရက်မှာ ဇွတ်သွားလည်၊ အဲဒီအချိန်က မြိတ်မှာ ပုဂံသားလေသံနဲ့ပြောတာရှားလေတော့ ကိုကြီးကျောက်တို့စကားပြောရင် ဧည့်သည်မှန်းသိတော့ မိန်းကလေးများကလဲ လိုလိုလားစကားပြောကြသဗျ၊

မြိတ်မှာကလဲ ကိုကြီးကျောက်တို့က အားနေချိန်ဆိုတော့ နေ့တိုင်း ဘုရားဖူးလိုက် လိပ်မလေးတွေနဲ့ စကားပြောလိုက်ပေါ့ဗျာ၊ အဲ....မြင့်မြင့်စန်းဆီကိုလဲ မပျက်ကွက်ရဘူးပေါ့ဗျာ၊ သူ့အိမ်သွားရင် ကိုကြီးကျောက်ကတော့ မြိတ်အရေးပိုင် မောရစ်ကောလစ်စ် နေခဲ့တဲ့ သရဲချောက်တယ်ဆိုတဲ့ အိမ်ကြီးကိုဖြတ်သွားရင်း စိတ်ဝင်တစားကြည့်ရတာအမော၊ အဲဒီအချိန်မှာ အဲဒီအိမ်ကြီးကို မြိတ်အနောက်မြို့နယ်ရုံးလုပ်ထားတာမို့ ကိုကြီးကျောက် ၃,၄ ခေါက်လောက်တော့ရောက်ဖူးတယ်၊ မြိတ်အနောက်မြို့နယ်က ကတန်ကျွန်းကို ရွှေ့ဖို့ပြင်တုန်းမို့ မြိတ်မှာပဲ မြိတ်အရှေ့၊ မြိတ်အနောက်ရုံးတွေရှိတာကိုး၊ နောက် ..သိမ်တော်ကြီးဘုရားခြေရင်းမှာ ပင်လယ်ဓါးပြဗိုလ် Siamese White ရဲ့ မိန်းမ မေရီပိုဗေးလ်ရဲ့ အုတ်ဂူကျောက်စာလေးရှိနေတုန်း၊ ခုတော့ ရှေးအမွေတွေ ဖျက်ဆီးပစ်လိုက်သလားမသိတော့ပါဘူး၊

ကိုင်း..ဒါတွေထားတော့ ကိုကြီးကျောက်ဇာတ်လမ်းလေး ပြန်ဆက်ရအောင်၊ ကိုကြီးကျောက်တို့က ကန်ခေါင်းရပ်မှာ အိမ်ငှားနေကြတော့ အရပ်ထဲက မအေး ဆိုတာနဲ့ကလဲ မြင်ပါများတော့ ဘာလိုလိုဖြစ်လာတယ်၊ သူကသာသာထိုးထိုးကြိုက်တာပါလေ..၊ ကိုကြီးကျောက်က ဒီလောက်လောဘမရှိပါဘူး၊ ဒါနဲ့ တညနေတော့ သူက ကိုကြီးကျောက်ကို ဘုရားသွားရအောင်လို့လာခေါ်လာတယ်၊ ကိုကြီးကျောက်လဲ မိန်းကလေးတွေနဲ့သွားရမယ်ဆိုရင် မငြင်းတတ်တော့ မအေးနဲ့ ဘုရားအတူတူ သွားကြတာပေါ့လေ..၊ အမယ်...ဘုရားလဲရောက်ရော မရွှေအေးက ဘုရားမှာ လေညှင်းခံရင်း ခနထိုင်ကြမယ်ဆိုပြီး ဘာမပြောညာမပြော ပခုံးမှာမှီပြီး ပင်လယ်လေညှင်းခံပလေတာကိုး...၊

ဘုရားမှာကလဲ မြင့်မြင့်စန်းသူငယ်ချင်း ဆရာမလေးကလဲ ရှိနေတော့ဘုရားကုန်းတော်ပေါ်ကနေ လော်စပီကာကြီးနဲ့ အရပ်ရှစ်မျက်နှာကြားအောင် အော်လိုက်တာကမှ မြင့်မြင့်စန်းနားထဲကို ဒုတ်ဒုတ်ထိအောင်ရောက်ချင်မှရောက်မယ်၊ခုတော့ ဗမာပြည်က ကွန်နက်ရှင်ထက်တောင်မြန်သေး၊ ဒီမျက်နှာက ကိုကိုကျောက် ဆိုတာကလဲ ဒီတကျောက်ပဲရှိတာကိုး..နောက်တကျောက်ရှိတာမျိုးမဟုတ်တော့ လူကမလွဲပေဘူးပေါ့..၊ ဘုရားနဲ့ မြင့်မြင့်စန်းတို့အိမ်ကလဲ သိတ်မဝေးလေတော့ သတင်းကချက်ချင်းရောက်သွားပြီးသူ ဘုရားပေါ်တက်လာချိန်မှာဘုရားမှာ ကိုကြီးကျောက်နဲ့မအေးတို့ အတွဲကို ပက်ပင်းတွေ့ပါလေရောဗျာ...၊

နောက်တနေ့မနက်မှာ ကိုကြီးကျောက်က အယူခံဝင်ဖို့မြင့်မြင့်စန်းဆီသွားတော့ သူက ကိုကြီးကျောက်ကို ပြောသဗျ..ကိုကြီးကျောက်ကို မြင်မြင်ခြင်း အေးအေးဆေးဆေးလေးမို့ မရှုတ်မပွေတတ်တဲ့ သစ္စာရှိတဲ့ သစ္စာရှင်လို့ ထင်မှတ်ထားတာ မှားပါတယ်ပေါ့၊ သစ္စာမရှိတဲ့သူနဲ့ လက်တွဲဖို့ မစဉ်းစားရဲပါဘူးလို့ ငိုကြီးချက်မနဲ့ပြောသဗျ..၊ ကိုကြီးကျောက်ကလဲ သူစိတ်ဆိုးလဲခနပေါ့လေဆိုပြီး နောက်မဖြစ်စေရပါဘူးတို့ ၊ဘာဘာညာညာ ပြောပြီးချော့ပေမဲ့မရဘူးခင်ဗျ၊ ဒါနဲ့ သူ စိတ်ဆိုးမပြေနိုင်သေးခင် ကိုကြီးကျောက်တို့ ရန်ကုန်ကို ချက်ချင်းပြန်စရာအကြောင်းဖြစ်လာတော့ ပြန်သာလာခဲ့ရတယ် သူစိတ်ကောက်ပြေအောင် မချော့နိုင်ခဲ့ပါဘူးဗျာ၊

တကယ်တော့ ကိုကြီးကျောက်တို့ယောင်္ကျားတွေဟာ သစ္စာရှင်တွေဆိုတာ သူတို့မိန်းမတွေက သဘောမပေါက်ကြတာက တော်တော်ခက်သဗျ၊ ကိုကြီးကျောက်ရဲ့ သစ္စာဆိုရင် တယောက်ထဲမှာပဲ သေမနေပဲ မိန်းမအများအတွက် အမြဲရှင်သန်တာမို့ သစ္စာရှင်ကိုကြီးကျောက်ဟာ ခုထိလူပျိုကြီးဖြစ်နေတာ မဟုတ်ပါလားခင်ဗျာ။.......။

(စာရေးရင် မြိတ် လို့ရေးပေမဲ့ စကားပြောရင် ဘိတ်လို့ ခေါ်ရတာ စီးစီးပိုင်ပိုင်နဲ့ အားရပါးရရှိလှတယ်လို့ ကိုကြီးကျောက်က ထင်သဗျ)

google ကပုံလေးရှာထားပါသည်။

Tuesday, March 1, 2011

တမလွန်က သူငယ်ချင်း


ကိုကြီးကျောက်နှမ မေဓါဝီက ဘဝတပါးကို ရောက်သွားတဲ့ သူ့သူငယ်ချင်းက သူ့ဆီဖုန်းဆက် ဂျီတော့မှာ မီးစိမ်းတွေ ပြနေတာတွေ ဖတ်လိုက်ရတော့ ကိုကြီးကျောက် ငယ်သူငယ်ချင်းတယောက် မမျှော်လင့်ပဲ ဆုံးသွားပြီး သူငယ်ချင်းတွေကို လာနှုတ်ဆက်ခဲ့တာလေးကို သတိရမိတယ်၊ အဲဒီတုန်းကတော့ ခုခေတ်လို hand phone တွေ၊ အင်တာနက်တွေ မပေါ်သေးတော့ သူကိုယ်တိုင်ကိုယ်ထင်လာပြရတာပေါ့၊ ခုခေတ်လို ဆိုရင်တော့ သရဲမလေးတွေနဲ့ အီစီကလီ ဖြစ်နေပြီတို့ ဘာတို့ text message တွေ မပို့ဘူးလို့ မပြောနိုင်ဘူးလေ၊


ကိုကြီးကျောက်တို့ မန်းတက္ကသိုလ်မှာ နေတုန်းက နယ်ကျောင်းသားတွေ အများစုက ကျောင်းကအဆောင်တွေမှာပဲနေကြရတာကလား..၊ မန်းတက္ကသိုလ်မှာက ရန်ကုန်တက္ကသိုလ်လို သူ့မေဂျာအလိုက် ခွဲပြီးအဆောင်တွေ ထားတာမျိုးမဟုတ်ပဲ မေဂျာပေါင်းစုံကို အဆောင်ပေါင်းစုံမှာ ထားတော့ ကိုကြီးကျောက်သူငယ်ချင်းတွေမှာ မေဂျာပေါင်းစုံက ရှိနေတာပေါ့၊ ဒီတော့ ကိုကြီးကျောက်က ကိုယ့်မေဂျာက သူငယ်ချင်းတွေနဲ့လဲ ဟိုသွားဒီလာလုပ်သလို တခြားမေဂျာက သူငယ်ချင်းတွေနဲ့လဲ သူတို့ အတန်းတွေကို လိုက်တက်ရင်း ကျောင်းသူတွေ ငမ်းရတာပေါ့လေ၊ ကိုယ့်အတန်းထဲမှာက ကျောင်းသူမှ မရှိတာကိုး၊ ကျောင်းသူများကလဲ စားမတတ်ဝါးမတတ် ကြည့်တတ်တဲ့ ကိုကြီးကျောက်တို့ ဘူမိကျောင်းသားတွေဆို တယ်ကြောက်ကြတာကိုး..၊ ဟော.....စင်ကာပူက ဘလော့ဂါ MKS တို့ ဆိုရင် တောင်ငူက တင့်တင့်ကိုအပိုး ကောင်းလိုက်တာ..လန့်ဖြန့်ပြီး တခါထဲ လင်စိတ်သားစိတ်တွေ ကုန်သွားပုံရတယ် ခုထိ တောင်ငူမှာ အပျိုကြီးတဲ့၊


ကိုကြီးကျောက်တို့ နယ်ကတက်တဲ့ ကျောင်းသားအများစုက ဗမာပြည် အထက်ပိုင်းကများပါတယ်၊ မုံရွာသားမြင်းခြံသားတွေများတော့ ကိုကြီးကျောက်တွဲမိတဲ့ သူငယ်ချင်း တွေမှာ မုံရွာသားအတော်ပါတယ်၊ အဲ...မိန်းမပိုးတာတော့ ကိုကြီးကျောက်က နယ်မရွေးပါဘူး..၊ မယ်ဆင်တို့မြို့ နတ္တလင်းကတောင်ပါသေး..( နှမ ဖြစ်သူမယ်ဆင်လဲ မတ်လထဲ စုဗူးဖောက်မယ်ပြောတယ်..ကလေးရော လူကြီးပါ ကျန်းမာချမ်းသာပါစေကြောင်း ကိုကြီးကျောက်က နေ့တိုင်းဆုတောင်းမေတ္တာ ပို့လိုက်ပါတယ် )၊ ကိုကြီးကျောက် ဒုတိယနှစ်ကျောင်းသားတုန်းက တခန်းထဲ အတူနေတဲ့ သူငယ်ချင်းက သောင်းထွန်းတဲ့၊ သူက မုံရွာသား..၊ နုနုရည်(အင်းဝ) တိုနဲ့ တမေဂျာထဲ..၊ သချာင်္က၊ သူနဲ့ပတ်သက်ပြီး ကိုကြီးကျောက်လဲ သူတို့မေဂျာက အတော်များများနဲ့ခင်တယ်၊


တတိယနှစ်မှာတော့ ကိုကြီးကျောက်နဲ့ သောင်းထွန်းနဲ့ အဆောင်ကွဲသွားတယ်၊ သူက အောင်မင်္ဂလာမှာ ကိုကြီးကျောက်က ဇေယျာဆောင်မှာ၊ အဆောင်ကွဲပေမဲ့လဲ သူငယ်ချင်းတွေ ဆိုတော့ ဟိုအဆောင် ဒီအဆောင်ကူးသန်းနေကြတာပါပဲ၊ သောင်းထွန်းက အောင်မင်္ဂလာမှာနေတော့ သူ့ အခန်းဖေါ်က မုံရွာသား သက်ဦး၊ ကိုကြီးကျောက်က သူတို့အဆောင်သွားလို့ စကားတွေပြော ညဉ့်နက်သန်းကောင် လဘက်ရည်ဆိုင်ထိုင်၊ တခါတလေ ကိုယ့်အဆောင်ကို မပြန်ပဲ ကုတင်တွေဆက်ပြီး သူငယ်ချင်းတတွေ တိုးခွေ့အိပ်ကြတာကိုး၊


တရက်မှာတော့ သက်ဦးက မုံရွာပြန်သွားတယ်၊ သောကြာနေ့ နေ့လည်အတန်းမတက်ပဲ ပြန်သွားတာ၊ ကိုကြီးကျောက်က သောင်းထွန်းကို သွားခေါ်ပြီး လထက်ရည်ဆိုင်ထိုင်၊ ပြန်မယ်လုပ်တော့ သောင်းထွန်းက "ငါ့အဆောင်လိုက်အိပ်ကွာ..သက်ဦးမုံရွာပြန်သွားလို့ သူ့ကုတင်လွတ်နေတာပဲ " ကိုကြီးကျောက်က " အေး...ကောင်းသားပဲ " ဆိုပြီး အောင်မင်္ဂလာကို ပြန်လိုက်သွားတော့ အဆောင်မှာရှိတဲ့ မုံရွာက ကိုထွန်းကျော်ရယ်၊ မြောင်က မျိုးမြင့်မောင်ရယ် အခန်းထဲ အတူစကားပြောနေကြတာပေါ့..၊ အဲဒီ အချိန်မှာ သက်ဦးက အခန်းကို ပြန်ရောက်လာတယ်၊ ကိုကြီးကျောက်တို့ကလဲ "သက်ဦး.. မင်း မပြန်ဖြစ်ဘူးလား " ဆိုတော့ " အေး..." တဲ့၊ သူ့ကုတင် မှာခနထိုင်ပြီး အပြင်ပြန်ထွက်သွားတော့ ကိုကြီးကျောက်တို့က ဒီကောင်အိမ်သာသွားတာနေမှာဆိုပြီး ထင်နေတာပေါ့၊ အိပ်ချိန်လဲ ပြန်မလာတော့ တခန်းခန်းမှာ ဝင်အိပ်နေပြီပဲ ထင်တာပေါ့၊


မနက်ရောက်တော့ မုံရွာက သတင်းတခု ဝင်လာတယ်...၊ မနေ့က ညနေက သက်ဦးစီးသွားတဲ့ မုံရွာကားနဲ့ တဖက်ကလာတဲ့ကား မြင်းမူနားမှာ ကားချင်းအရှောင် ဘေးချင်းပွတ်ပြီး တိုက်မိတာ သက်ဦးလဲ ပွဲချင်းပြီးဆုံးသတဲ့...၊ ဟင်....ဒါဆို မနေ့ညက တွေ့တဲ့သက်ဦးက လူစင်စစ်မဟုတ်ပေဘူးပေါ့..၊ ကိုကြီးကျောက်တို့ မုံရွာ လိုက်သွားတော့ သက်ဦးအလောင်းကို သင်္ဂြိုဖို့ ပြင်ဆင်နေတာ တွေ့ချိန်မှာ ကိုကြီးကျောက်တို့ သူငယ်ချင်းတတွေ မနေ့ညက သက်ဦးပြန်လာတာ အားလုံးအမြင်ပဲမို့ အံ့အားတွေသင့်ကုန်ကြရတာပါပဲ..၊ သောင်းထွန်းကတော့ တပတ်လောက် အခန်းပြန်မအိပ်ရဲဘူးဖြစ်သွားတယ်။ အင်း....ရုတ်တရက် ဘဝပြောင်းသွားတော့ သက်ဦးလဲ စွဲမိစွဲရာ အဆောင်ကို ပြန်လာတာထင်ပါရဲ့..၊ ကိုကြီးကျောက်ကတော့ နှစ်ပေါင်း ၃၀ လောက်ကြာခဲ့ပေမဲ့ မနေ့တနေ့က ဖြစ်ပျက်ခဲ့သလို ခံစားမိကြောင်းပါ....



ကိုကြီးကျောက်တို့ NCI က trial မှာ ဆေးကုဖို့စောင့်နေရင်း အနားရနေတော့ တနေ့တနေ့ အလုပ်မရှိတော့ အစားအသောက်အကြောင်းပဲ စဉ်းစားနေတော့တာပဲ၊ စာဖတ်တော့လဲ အန်တီဘေဘီ၊ကူးကူး၊ မယ်ဆွိ၊ မိုးကောင်းသူ၊ ထမင်းအိုး၊ မယ်မြူး၊ မယ်ချောတို့ရဲ့ အရသာရှိလှတဲ့ ရသစာပေ စားစရာဘလော့တွေပဲ ရောက်ဖြစ်ပြီး သွားရေတမြားမြားနဲ့ ပြန်ခဲ့ရတာပါပဲ၊ အကြော်အလှော် အညှော်တွေများတဲ့ ဗမာဟင်းတွေကလဲ ဆောင်းတွင်းမှာ အိမ်ထဲချက်ရင် ဟင်းနံ့တွေ အဝတ်တွေမှာစွဲနေသလို ခံစားမိတော့ မချက်ဖြစ်ပါဘူး..ချက်မယ်ဆိုလဲ ညှော်စုတ်စက်က တဝူးဝူးအော်၊ အနံ့ပျောက်ဖယာင်းတိုင်မွှေးတွေကိုလဲ ဓါတ်ဆင်ဓါတ်ရိုက်များလုပ်နေသလို တအိမ်လုံးထွန်းထားရသေးဆိုတော့ ချက်ချင်စိတ်မရှိပါဘူး..၊


ပြီးခဲ့တဲ့ အပတ်ကတော့ ရာသီဥတုလေး သာယာလာတော့ အိမ်နောက်ဖေး ကပြင်မှာ ထွက်ပြီးသူတို့ ဘလော့တွေလမ်းညွှန်သလို ကိုယ်စားချင်တာတွေ ချက်ကြည့်တာပေါ့လေ၊ ကွန်ပြူတာကလဲ ဖွင့်ထားရသေး၊ အပြင်ထွက်ချက်လိုက်..မေ့သွားရင် ကွန်ပြူတာကို ပြေးလာဖတ်လိုက်၊ ဆားတဇွန်းပဲ ထည့်ရမှာလား တပုလင်းလုံး ဟင်းအိုးထဲထည့်ရမှာလား...ပြေးပြီးပြန်လာကြည့်ရတာ အမော၊ တော်ပါသေးရဲ့ သူတို့ ရေးတဲ့ထဲမှာ ငံပြာရည်တပုလင်း၊ ဆားတဗူးထည့်ပါလို့ရေးပြီး နောက်ဆုံးမှ အမှားပြင်ဆင်ချက်...ငံပြာရည်တစက် ဆား နှစ်ပွင့်သာခတ်ပါဆိုရင် ပြဿနာ၊


ဟော...ချက်ပြုတ်လဲပြီးရော လက်စွမ်းပြထားတဲ့ ကိုယ့်လက်ရာကို ကိုယ့်ဖာသာကောင်းတယ်ဆိုပြီး အားပေးရင်း ငံညီးညီး တူးတူးခါးခါးလေးကို ကြိတ်မှိတ်စားပလိုက်တော့တာပါပဲ၊ ကဲ..ကိုကြီးကျောက်တို့ အပြင်ထွက် ဟင်းချက်ကောင်းလိုက်တာ အအေးမိသွားပြီး နေမကောင်းချင်ချင်ဖြစ်လို့ စာလဲမရေးနိုင်တာ တပတ်လောက်ရှိပြီ၊ ဘလော့တွေလဲ အကုန်မရောက်ဖြစ်ပဲ တနေ့ တခုနှစ်ခု သွားနိုင်တော့တယ်၊ ကြာကြာမထိုင်နိုင်တာကြောင့်ပေါ့..၊ ခုတော့ သက်သာပါပြီ..ဟင်းချက်ဖို့ အစီအစဉ်တော့ spring ရောက်အောင် ရွှေ့ဆိုင်းထားပါကြောင်း...။


google က ပုံကို သုံးထားပါသည်။