

လွန်ခဲ့တဲ့နှစ်သန်း ၂၀၀ ဝန်းကျင်လောက်ကဆို ရှမ်းကုန်းပြင်မြင့်ကြီးဟာ ပင်လယ်ထဲမှာငုတ်ချည်ပေါ်ချည်ပေါ့ဗျာ၊ အောင်ပန်းသားဘလော့ဂါလေး MKS တို့ဆိုရင် အဲဒီအချိန်ကအောင်ပန်းမှာရှိရင် ဆလုံလေးလို လန်ကွတ်တိလေး ဝတ်ပြီးရေထဲခရုငုတ်နေမယ်ထင်ပါရဲ့ ..ခုတော့ဗျာ..တောင်ပေါ်သားတဲ့ ..အဟတ်၊ မယ်ချစ်တို့ ဆိုလဲ တောင်ကြီးကို သင်္ဘောစီးပြီးသွား၊ beachမှာ ရေမြင်းမကြီးလို အိုက်တင်ထုတ်၊ ကိုကြီးကျောက်ကတော့ သဲသောင်ပြင်မှာ ကောင်မလေးနဲ့ လူးလိုက်လှိမ့်လိုက်နဲ့ ဟို ..တောင်ကြီးက ဘာသာပြန်ဆရာမလေး ရောင်းတဲ့ ကင်းမွန်တို့ငါးတို့ အကင်လေးဝယ်စားနေမှာလို့ စဉ်းစားနေမိသဗျ၊
ဒီအိန္ဒိယကျွန်းဆွယ်က အာရှတိုက်ကို ဝင်တိုးနေတော့ တရုပ်ပြည်အနောက်တောင်ပိုင်းမှာလဲ ပြတ်ရွေ့ကြောတွေဖြစ်..ငလျင်တွေခနခနလှုပ်လိုက်တာ ၊တချို့ပြတ်ရွေ့ကြောတွေဆို ဗီယက်နမ်ကမြစ်နီမြစ်ဝှမ်း၊ ဗမာပြည်အရှေ့ပိုင်း ကျိုင်းတုံနယ်၊ မြောက်ပိုင်းက လားရှိုးနယ်က ပြတ်ရွေ့တွေနဲ့ ဆက်စပ်နေတော့တာပဲ၊ မတ်လ ၁၁ ရက်နေ့က တရုပ်ပြည်ယူနန်နယ်က ရင်ကျန်းမှာငလျင်လှုပ်ပြီးလို့ သိတ်တောင်မကြာသေးဘူး၊ ဗမာပြည် လွိုင်မွေမှာ ဆက်လှုပ်တော့တာပဲ၊

ကဲ..ကိုကြီးကျောက်လဲ စစ်ကိုင်းပြတ်ရွေ့ကနေ ကမ္ဘာတောင်တပတ် ပတ်မိတော့မယ်၊ ကိုယ့် field ဆင်းတဲ့နေရာပဲပြန်ကြရအောင်၊ ကိုကြီးကျောက်တို့ ကုတ္တက်သွားတော့ ရွှေဘို ကျောက်မြောင်းကနေ မော်တော်စီးပြီးကဘွက်ဆိုတဲ့ ရွာမှာဆင်းတယ်၊ ကဘွက်ဆိုတဲ့ရွာက မြစ်ကျဉ်းရဲ့ တောင်ဖက်အဆုံး၊ ကဘွက်ကနေ ၂ မိုင်လောက်လျှောက်လိုက်ရင် ကုတ္တက်ရောက်ပြီ၊ ကိုကြီးကျောက်တို့က ရိက္ခာဝယ်ရင် ကဘွက်ရွှေတောမှာလဲ ဝယ်ရင်ရတယ်၊ ဒါပေမဲ့ ကျောက်မြောင်းပဲ သွားဝယ်တယ်၊ ပစ္စည်းပိုစုံတာကိုး၊
တနေ့ ရိက္ခာသွားဝယ်တော့ လမ်းမှာ ကောင်မလေး ၃ ယောက်နဲ့ တွေ့ရော၊ ကိုကြီးကျောက်တို့ကလဲ ကျောင်းပြီးစ အသက် ၂၀ ဝန်းကျင်၊ ကောင်မလေးတွေကလဲ အဲဒီဝန်းကျင် ဆိုတော့ ...အဟင်း...သိတယ်မို့လား..၊ ချက်ချင်းပဲ အဖွဲ့ကျသွားတော့တာပဲ၊ ကိုယ်ကလဲ အပျိုမြင်ရင် အာဝိဇ္ဇန်းကရွှင်၊ သူတို့ကလဲ ရွယ်တူကောင်လေးတွေ ဘာပြောပြောသဘောကျ ၊ ခိုးခိုးခစ်ခစ်နဲ့ ဖြစ်နေတာပဲ၊ သူတို့က ရွှေဘိုသူတွေ၊ ရွှေတောကို အလည်လာတာ၊ ရွှေဘိုပြန်မှာဆိုတော့ ကိုကြီးကျောက်က မေပျိုရယ် နေညိုရင် ရွှေဘို မှာဆုံစို့ကွယ်လို့ ပြောတော့ ...အင်း..လိုက်ခဲ့လေတဲ့..၊ ကိုကြီးကျောက်တို့ကို ဘယ်ရွာကလဲလို့ မေးတော့ ကသုတ်ကရက်နဲ့ ကုတ်တက် ကကိုးဗျ....လို့ဖြေတော့ မယုံပါဘူးတဲ၊့
အင်း...ယုံချင်စရာလဲမရှိပါဘူး..၊ မန္တလေးမှာကျောင်းနေ၊ ရန်ကုန်မှာအလုပ်ဝင်တဲ့ ကိုကြီးကျောက်တို့ ဒီဇိုင်းက အဲဒီဖက်က ရွာသားတွေနဲ့ မတူတာတော့ အမှန်ပါပဲ၊ ဒါနဲ့ ကိုကြီးကျောက်က လမ်းဘေးက ခြုံဖုတ်ကို လက်ညှိုးထိုးပြပြီး ဟိုမှာ...ယုံယုံ...လို့ ပြလို့ သူတို့လဲ ခြုံဖုတ်ကို လှမ်းကြည့်လိုက်ရော ကိုယ်ကလူပျိုလက်ဆိုတော့ သိတယ်မို့လား..ဘာလိုလိုဖြစ်နေတဲ့ ကောင်မလေး ကို ပခုန်းတန်းဖက်လိုက်တော့တာပဲ၊ ရုတ်တရက်အငိုက်ဆိုတော့ သူ့တကိုယ်လုံးတုန်သွားလိုက်တာ..စစ်ကိုင်းငလျင်လှုပ်သလိုပါပဲ..အဟင်း...စစ်ကိုင်းပြတ်ရွေ့ကလဲ မနီးမဝေးရှိတယ်မို့လား၊ ကျန်တဲ့ကောင်မလေးတွေက ဟေး...ဆိုပြီး လက်ခုတ်တီးကြသဗျ၊
အဲဒီနေ့က ကိုကြီးကျောက်တို့ ရွှေဘိုအထိတော့ မရောက်ပါဘူး၊ နောက်နေ့ အလုပ်ကရှိတော့ ကျောက်မြောင်းကနေပဲ ပြန်ခဲ့တော့တယ်၊ ကျောက်မြောင်းမှာလဲ မအိပ်တော့ပါဘူး..ကျောက်မြောင်းဘိုတဲက သရဲ သိတ်ကြမ်းသဗျ၊ သစ်သားနဲ့ အသေရိုက်ပိတ်ထားရတဲ့ အခန်းဆိုရင် အခန်းထဲအိပ်မရအောင် တညလုံး ကုတင်ပေါ်ကဆွဲချ၊ ကြမ်းပြင်ပေါ်တရွတ်တိုက်ဆွဲနဲ့၊ မနက်လင်းတော့ အသက်ပျောက်နေတဲ့ သူတွေရှိလာလို့ အသေကိုပိတ်ထားရတာ၊ ခုတော့ သရဲလဲ အနှစ် ၃၀ လောက်ရှိပြီဆိုတော့ မရှိလောက်တော့ပါဘူး၊
ကိုကြီးကျောက်ရဲ့ ဘလော့ဂါညီဖြစ်တဲ့ ကိုအောင်(ပျူနိုင်ငံ) က၊ စစ်ကိုင်းပြတ်ရွေ့နဲ့ သူ့ကြောင့် ငလျင်လှုပ်လာရင် ဘယ်လိုကာကွယ်နေထိုင်ရမယ်ဆိုတာ tag လာလို့ ရေးလိုက်ရပါတယ်၊ တကယ်တော့ ငလျင်လှုပ်လို့ လူသေတာမဟုတ်ပါဘူး၊ အဆောက်အဦးတွေပြိုကျ၊ ပိမိကြလို့ သေကြရတာပါ၊ စစ်ကိုင်းပြတ်ရွေ့ကြောင့် ငလျင်အကြီးစားမဖြစ်တာကြာပြီဖြစ်လို့ ခုတခါလှုပ်ရင် ပြင်းထန်နိုင်တာမို့ သတိရှိကြရင်တော့ အကောင်းဆုံးပါ၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူ၊ ဖြူး၊ ပဲခူး၊ တို့ဟာ အထူးသတိထားရမဲ့နေရာတွေပါ၊ ခေတ်မီနည်းပညာနဲ့ ဆောက်ထားတာမဟုတ်ပဲ ပြီးစလွယ်ဆောက်ထားတဲ့ မန္တလေးနဲ့ ပဲခူးက ကန်ထရိုက်တိုက်တွေမှာ နေသူတွေ အတွက်အန္တရာယ်ကြီးပါတယ်၊
LA မှာနေတဲ့ ကျောက်နှမချိုသင်းတို့ကတော့ ငလျင်လှုပ်ရင်ဘယ်လိုနေရမယ်ဆိုတာ သူ့ရုံးမှာလုပ်တုန်းက ခနခန ရုံးတွေမှာ လေ့ကျင့်နေရတာမို့ သူက ကိုကြီးကျောက်ထက်ပို သိပါမှာပါ၊ ကိုကြီးကျောက်ကတော့ ရွှေစင်တို့မန်းမှာနေတဲ့သူတွေ အကြံပေးချင်တာကတော့ ပြိုကျလဲမသေနိုင်တဲ့ ထန်းလက်တဲမှာနေကြပါ၊ ပိုကောင်းတာကတော့ သစ်တပင်အောက်၊ဝါးတပင်အောက်မှာ နေပြီးတရားအားထုတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ၊
ဒါနဲ့ စကားမစပ် ဖတ်ဖူးတဲ့အကြောင်းလေး တခုတော့ ပြောပါရစေ၊ မင်းတုန်းမင်းကြီးရဲ့ မိဖုယားခေါင် စင်္ကြာဒေဝီမိဖုယားကြီးဟာဗေဒင်ပညာမှာ အလွန်ကျွမ်းကျင်တယ်လို့ ဖတ်ခဲ့ရဖူးပါတယ်၊ မန္တလေးမှာ ငလျင်လှုပ်မယ်ဆိုတာ ဗေဒင်ပညာနဲ့ ကြိုတင်သိနှင့် နေပါသတဲ့၊ ဒါ့ကြောင့် ယတြာချေတဲ့အနေနဲ့ မန္တလေးနန်းတော်တိုင်တွေကို တတောင်လောက် မြေဖို့ထားခိုင်းပါသတဲ့၊ ငလျင်လှုပ်တော့ အင်းဝနဲ့ စစ်ကိုင်းမှာပျက်စီးကြပေမဲ့ မန္တလေးမှာ ဘာမှမဖြစ်ဘူးတဲ့၊ ကိုကြီးကျောက်တို့ရဲ့ စက်ကြိုင်ဗေတီ မိဖုယားကြီးလဲ ငလျင်ရပ်ဝန်းကသူ့အိမ်တော်ကို ယတြာချေတဲ့အနေနဲ့ ခေါင်မိုးမြုပ်အောင် မြေဖို့နေအုန်းမလားမသိပါဘူး...။
ဒီ post ကို အရင်တပတ်ကထဲက ရေးပြီး တင်လိုက်တာ err ပြပြီး ပျောက်သွားလို့ ဘာကိုစိတ်တိုရမှန်းမသိဖြစ်သွားပါတယ်၊ ခုမှ ထပ်ရေးပြီးတင်တာ နဂိုရေးသလောက်မရှည်ပဲ ဟိုရောက်သည်ရောက် အဆက်အစပ်ပျောက်နေတာလဲ သည်းခံပေးကြပါ၊ ပညာရပ်ဆိုင်ရာတွေကို အမှန်အတိုင်းပြောရရင် မရေးချင်ပါဘူး၊ ကျောင်းတုန်းက ဆရာတွေ reference ညွှန်းသလို ဟိုစာအုပ်၊ ဒီစာအုပ်ရှာဖတ်လို့သာပြောလိုက်ချင်တာပါပဲ၊ ကိုကြီးကျောက်ကိုယ်တိုင်ကလဲ ကိုယ်စိတ်မဝင်စားတဲ့အကြောင်းတွေကို အားနာပါးနာ သွားမဖတ်ချင်သလို သူများတွေကိုလဲ ရေးမပြချင်တာအမှန်ပါ ။
ပုံတွေအားလုံး google ကရှာပါသည်။
31 comments:
ဘာတွေများကသုပ် ကရက်လုပ်ရတာတုန်း ဖြေးဖြေးပေါ့ ကဘာကြီးကထွက်မပြေးလောက်သေးပါဘူး။ နေရာတွေအများကြီးကျန်ပါသေးတယ်ကွယ်။
နယူရောက်ကာ တယောက်
တော်တော်ဗဟုသုတရလိုက်ပါတယ် ကိုကြီးကျောက်။
စစ်ကိုင်းငလျင်ဆိုလို့ ပုဂံမှာ ငလျင်လှုပ်လို့ သေဆုံးသွားတဲ့ မောင်နှမနှစ်ဦး လူဝင်စားတဲ့အကြောင်း ရေးအုံးမှပဲ ကိုကြီးကျောက် အပျင်းပြေဖတ်ဖို့ :P
ကိုကြီးကျောက် ဒီတခါတော့ ဖတ်လို့ကောင်း နေတုန်းမှာ တိ ကနဲ ပြီးသွားပါ့ရောလားဗျ။ :P
လားရှိုး ၊ လွိုင်လင် နဲ့ လွိုင်ပန်က အရင်က သမုဒ္ဒရာထဲက ကျွန်းကလေး ၃ ကျွန်းဆိုပြီး ဒေါက်တာသန်းထွန်း ရေးတာ ဖတ်ဖူးတယ်။
ယုံယုံ ကိုကြီးကျောက်။ :D
ဗဟုသုတတွေအများကြိးရလို့ ကျေးဇူးပါနော်...
ကောင်းသောနေ့လေးဖြစ်ပါစေ။။
စာလာဖတ်သွားပါတယ်.. ခါတိုင်း တိတ်တိတ်လေးဖတ်ပြီး ပြန်သွားတာ များနေလို့.. :)
အင်း အိန္ဒယတိုင်းပြည်ကလည်း အာရှတိုက်ကိုများ ခွဲးပြီး ထွက်သွားအုံးမှာလား
ဒါပေမယ့် ပုဂံကရော အဲဒီပြတ်ရွေ့ နဲ့  မပတ်သတ်ဘူးလား၊ ပတ်သတ်သလား?
ပုဂံ ငလျှင်က ဘာနဲ့ ပတ်သတ်တ်ာလဲဟင်။
ပြန်ဖြေပေးနော်။
“..လှုပ်ပြီ လှုပ်ပြီ... ဝတ်..ဝတ်”
“ဓနိတဲအောက်ကို ပြေး..”
“ယုံ..ယုံ..”
“အဲ.. ရှုပ်ကုန်ပြရော်... ဘယ်ဟာ အရင်လုပ်ရမှာလဲ..ဘကျောက်..”
“လှုပ်”တာနဲ့ တဲအောက်ကို ပြေးပြီး
“ယုံ”ရမှာလား..”
:P
ကိုအောင် ရေ.. ရှင်းပြီနော်..
ငလျင် လှုပ်လာရင်..အနားမှာ ရှိတဲ့ ကောင်မလေး ကို ပခုံးဖက် လိုက် တဲ့..။
မိုးရွာတုန်း.. ၀ီဝီး သလိုပါ့..။း))
ဘကျောက်ရေ။ ဖတ်ရတာ တယ်လည်း ဗဟုသုတ ရသကိုး ဘကျောက်ရဲ့။ ဘကျောက်လက်သွက်တဲ့ ပုံစံကို လည်း ထပ်တူကျ တူနိုင်အောင် လေ့ကျင့်ရဦးမှာပ။ သစ်တစ်ပင်အောက် တရားကျင့်ဖို့ကလည်း....အင်း။။
ဗဟုသုတနဲ့အသောလေးတွေရောပြီးဖတ်ရတာ ပျော်စရာကောင်းတယ် ကိုကြီးကျောက်
ဘကျောက်။
မြန်မာပြတ်ရွေ့ကြော တစ်လျောက် ငလျင် လှုပ်ရင်တော့ ဘကျောက် ပယောဂမကင်းဘူးလို့ ယူဆလိုက်တော့မယ်။ ရောက်တဲ့နေရာတိုင်းမှာ ငလျင်လှုပ်ဖို့ ဘကျောက် အတော်လေး လက်ကမြင်းခဲ့တာကလား။း))))))။
ပြတ်ရွေ့ကြောတွေ အကြောင်း သိလိုက်ရတာကတော့ ရွှေဘဲဗျို့။ ဘကျောက်ပြောသလိုဘဲ မြန်မာပြန်ရောက်ရင်တော့ သစ်တစ်ပင်အောက် ၀ါးတစ်ပင်အောက် နေလိုက်တာဘဲ ကောင်းမယ်ထင်ပါတယ်။
ပျော်ရွှင်ပါစေ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ဘကျာက်အစွမ်း အံ့မခန်း၊..ရေးပုံများပြောပါတယ်
သမိုင်းပါတယ်.. ပထ၀ီပါတယ်..သိပ္ပံ ပါတယ်။ ဟာသ ပါတယ်.. ရသပါတယ်..
အံမယ် ဒီပို့စ်က ရယ်ရယ်မောမောနဲ့ ဗဟုသုတ တိုးတာအမှန်
ဟိုမှာ ယုံယုံ
သစ်တစ်ပင်အောက် ၀ါးတစ်ပင်အောက်မှာ... တရားကျင့်နေတုန်း ငလျင်လှုပ်လာရင်လည်း အနားမှာ ရှိတဲ့ မာတုဂါမလေးကို မနှေးအမြန် ပြေးဖက်လိုက်ယုံပေါ့။
စက်ကြိုင်ဗေတီ မိဖုရားကြီးကတော့ ငလျင်ကိုကြောက်လို့ ခေါင်မိုးမြုပ်အောင် မြေဖို့ပြီး အိမ်ခေါင်ပေါ်တက်နေတာ မိုးကြိုးပစ်ခံထိလို့တဲ့တော်ရေ.. လူကြားလို့မကောင်းဘူး။
ဒီလောက်လက်သွက်ရဲ့သားနဲ့ အထီးကျန်နေတာဟာ အမ ကလေးက ဘယ်နားမှာ ကျန်ခဲ့လို့လဲ နို့တစ်လုံးစိန် ကျောက်ကျောက်မိုးဦးရယ်။
မယ်စောရေ..ပုဂံငလျင် လှုပ်ရတာ ပုဂံကိုဖြတ်သွားတဲ့ တောာင်မြောက်တန်းနေတဲ့ ပြတ်ရွေ့ကြောတခုရဲ့ ရွေ့လျားမှုကြောင့်ပါ..
အဲဒါက ပခုက္ကူရေစကြို မုံရွာ ဖက်တွေကိုတန်းနေတာ..အိန္ဒိယ ပလိတ်က အာရှတိုက်ဖက်ကို ဆက်တိုးနေတုန်းပါပဲ..တရုပ်ပြည် အနောက်တောင်ပိုင်းတွေမှာ ငလျင်တွေ ဆက်ပြီးပြင်းပြင်းထန်ထန် လှုပ်နေအုန်းမှာပါ
ကျေးဇူးကမ္ဘာပါ ကိုကြီးကျောက်ရေ၊ မြေလွှာ
ပြတ်ရွေ့ကြောတွေကို ဂဟေဆော်လို့ရရင်
ကောင်းမယ်နော်၊ မယ်တော်ကြိုင်က လုပ်ချင်
လုပ်မှာ၊ မကေ လူလည်၊ ဘိုးတော်ကျောက်ဆီ
မှာ ဒိုက်ဗင်လာပြစ်သွားတယ် .... :P
အိုးဟိုးဟိုး ဘဘကျောက်.. တယ်လက်စွမ်းပြသကိုး.. ။
စကိုင်းပြတ်ရွေ့နဲ့  ငလျင် အကြောင်း သိချင်နေတာ အတော်ပဲဗျ။ ထန်းလက်တဲနဲ့  နေကြဖို့  ပြည်ထဲကလူတွေကို တိုက်တွန်းလိုက်ဦးမယ် နပတ မှတော့ ထန်းလက်တဲ တွေ ကြိုဆောက်ထားကြတယ် ဆိုပဲ ဘဘကျောက်ရေ... မဖုရားကြီးလဲ မြေဖို့ ရင်း သူ့ ပါ ၀ိုင်းဖို့  ကြလို့  ဒေါခီးနေတယ်ဆိုပဲ။
စကားမစပ် ဘာတွေစားလို့  ဒီလောက်ရဲတင်းနေရတာတုန်းဟင် ကိုဂျီးကျောက်။ ထက်ထက်မိုးဦးနဲ့  တွေ့ လို့  ကတော့ ဖြန်း.. ဖြန်း တွေ ဖစ်ကုန်မှာသေချာတယ်..
ိုကိုကျောက် ပြတ်ရွေ့ ဆိုတာတွေကို ဘက်ဂီယာ ထိုးပေးလို့မရနိုင်ဘူးလား ...
(ရုတ်တရက်အငိုက်ဆိုတော့ သူ့တကိုယ်လုံးတုန်သွားလိုက်တာ..စစ်ကိုင်းငလျင်လှုပ်သလိုပါပဲ..အဟင်း...)
ူတကိုယ်လုံးတုန် ဆိုတော့ ဘယ်နေရာလောက် က epicenter ဖြစ်ပြီး အတုန်ဆုံး ဖြစ်မလဲ ဗျို့ ...
Chinniah
စစ်ကိုင်းပြတ်ရွေ့၊ စစ်ကိုင်းနဲ့မင်းဝံတောင်တန်း.. အဲဒီ အကြောင်းတွေ သိချင်နေတာဗျ..၊ ဒီပို့စ်လေးမှာ တော်တော်များများ သိလိုက်ရတယ်၊ ပညာရပ်ဆိုင်ရာ တွေ အခုပုံစံနဲ့ရေးတာ မပျင်းပါဘူး၊ အဆင်ပြေရင် ဆက်ဖတ်ချင်ပါတယ်..။
ကိုကြီးကျောက် ရေ
ထန်းရွက်တဲ နဲ့ တော့ မနေချင်ဘူး မြူအိုးလေး နဲ့ တော့ နေချင်သား သူလဲ တူတူဘဲ ရတယ်မဟုတ်လား
ချစ်နှမ
ရွှေစင်
မရွှေစင်တို့ညီအစ်မဆီသွားပြီး ထန်းရွက်လေးတွေ ရောင်းမလားလို့စိတ်ကူးနေတာ။း)
ရှမ်းပြည်နယ်ကြီး ပင်လယ်ရေအောက်ရောက်ခဲ့တယ်ဆိုတာ ဟုတ်မှာ ထုံးကျောက်တောင်တွေချည်းဘဲ။
ရယ်လဲရယ်ရ ဗဟုသုတလဲရတာမို့ အလွန်ကောင်းပါတယ်။
ခုရော လက်သွက်တုန်းလား ကိုကြီးကျောက်း)
ရွှေဘိုသူလှုပ်သွားအောင်လုပ်ခဲ့ရသလားဗျာ၊ လှုပ်သွားပုံလေး ခုလက်ထိသတိရနေတာပေါ့၊
ငလျှင်လှုပ်တိုင်း သတိရနေမယ် ဖြစ်နေပြီ၊
မြန်မာပြည်ပြန်ရောက်ရင် ထန်းတောထဲသွားနေတော့မယ်။
ကောင်းဘူးလား ကိုကြီးကျောက်...:)
ငလျင်များနှင့် နေထိုင်ခြင်း (Living with Earthquakes) မြန်မာဘာသာဖြင့် စာအုပ်ကို ပိုမို ပျံ့နှံ့နိုင် စေရန်အတွက် Geolfriends မှ ဖော်ထုတ် တင်ပြအပ်ပါသည်။
http://www.geolfriends.com/?p=2169
တာလေငလျင်ဖြစ်ရပုံက ဒီလိုပါတဲ့။
http://www.earthobservatory.sg/media/news-and-features/295-myanmar-earthquake-of-march-24th-magnitude-68.html
ကိုကျောက်ပြောမှပဲ ငလျှင်တွေအကြောင်း ပိုသိရတော့တယ် ဟဲ..ကိုကိုကျောက်ကြောင့် လှုပ်တဲ့ စကိုင်းငလျှင်ကြောင့် ဘာတွေပြိုကျသွားသေးလဲ..
ပြတ်ရွေ့ကြောတွေကြားထဲ ရာဘာတွေဖျော်ပြီး လောင်းထည့်ရင် ကောင်းမလား........
နှစ်ကိုယ်ကြား ငလျင်လှုပ်ချက် အကွက်ကတော့ ပိုင်ပါ့ဗျာ...။ တလမ်းလုံး ဟိုလက်ညိုးထိုး၊ ဒီလက်ညိုးထိုးနဲ့ ယုန်တွေ ကျားတွေ ပြသွားမယ့် ပုံပဲ။
ပြတ်ရွေ့တွေကတော့ သူတို့ကလည်း ဆက်ရွေ့ ကိုယ်ကလည်း သံသရာမှာ ကျင်လည်နေရသေးဆိုတော့ တဘဝမဟုတ် တဘဝ ဆုံရမှာပါပဲ။ အနာတရ သက်သာဖို့ နည်းတွေကို သိထားဖို့ပဲ လုပ်ရတော့မှာပါပဲ။
ငလျင် အစ ကိုကြီးကျောက်က လို့ပဲ ပြောရတော့မှာပဲ။
ကျနော်လည်း အဲဒီလို စမ်းကြည့်ဦးမှပါပဲ။ သူက လှည့်တီးလိုက်လို့ သူ မတုန်ဘဲ ကိုယ်တုန်ရမဲ့ အဖြစ် ထင်ပါတယ်။
မယ်ကြိုင်ကို ပြောပေးပါဗျာ။ သူ့အိမ်ကို မြေဖို့ပြီးရင် ဟိုဘက် ရပ်ကွက်က လူတွေကလည်း ဖို့ချင်လို့ လာပါဦးတဲ့။
ကိုကြီးကျောက်ရေ... ငလျင်အကြောင်းလေးတွေကို ဗဟုသုတရအောင် ရေးပြတဲ့အတွက် သိုင်းကျူး...
ခင်တဲ့
မိုးငွေ့
Post a Comment