Friday, March 18, 2011

ငှက်မသိတော့ ဇရက်ကို ဘဲထင်


ကိုကြီးကျောက်တို့ ရေးဖေါ်ရေးဖက် မန်းကိုကိုက ကိုကြီးကျောက်တယောက် ဗမာပြည်အထက်ပိုင်းက အကြောင်းတွေရေးပြီးရင် ကရင်ပြည်နယ်ကို ကျော်ပြီး တနင်္သာရီတိုင်းဖက် ရောက်သွားတာမို့ ကရင်ပြည်နယ်မှာ ကိုကြီးကျောက် field ဆင်းတာလေးများရှိရင် ရေးပါဦးတဲ့၊ အင်း....ကရင်ပြည်နယ်မှာ ကိုကြီးကျောက်တို့ ဘဓရ မှာလုပ်စဉ်က field ဆင်းဖို့ အခွင့်အလမ်းမရခဲ့ပါဘူး၊ တနေရာကို field ဆင်းမယ်ဆိုရင် ပထမဆုံး ကက(ကြည်း) နဲ့ နယ်မြေအေးချမ်းမှု၊ ကိုကြီးကျောက်တို့ လုံခြုံရေး...အစစ ညှိနှိုင်းဆွေးနွေးရတာကိုး၊ ကိုကြီးကျောက်တို့ လုံခြုံရေးအတွက်နယ်မြေခံ အာဏာပိုင်တွေက ဘာမှစီစဉ်မပေးနိုင်ရင် ကိုကြီးကျောက်တို့ ကိုယ့်သဘောကို သွားလို့မရပါဘူး၊ ကရင်ပြည်နယ်မှာက ထုံးကျောက်တောင်တွေပဲရှိတော့ ဓါတ်သတ္တုရှာဖွေရနိုင်ဖို့ ဆိုတာက သိတ်မသေချာဘူးလေ၊


ဒါပေမဲ့လဲ လမ်းကြုံလို့ မြိုင်ကလေးဘိလပ်မြေစက်ရုံက ဘူမိဗေဒ သူငယ်ချင်းတယောက်ဆီ ဝင်ရင်းနဲ့ သာမည ဆရာတော်ဘုရားကိုလဲ ဖူးခဲ့ရ၊ ကရင်ပြည်နယ်ရဲ့ အထိမ်းအမှတ်လို ထင်ရှားတဲ့ ဇွဲကပင်တောင်ကိုလဲ တက်ခဲ့ရတာပေါ့၊ ခုလို တပေါင်းလမှာ ဇွဲကပင်တောင်ဘုရားပွဲဆိုတာတော့ ကိုကြီးကျောက်မှတ်မိတာပေါ့၊ အဲဒီတုန်းကတော့ မတ်စောက်လှတဲ့ဇွဲကပင်တောင်ကို ကရင်မလေးတွေနဲ့ တပျော်တပါးတက်ခဲ့နိုင်ပေမဲ့ ခုအရွယ်မှာတော့ တော်တော်ကြိုးစားရမယ်ထင်ပါရဲ့..၊ ကိုကြီးကျော် ဇွဲကပင်တောင်ကို တက်ခဲ့စဉ်က မမေ့နိုင်တဲ့ အကြောင်းအရာထဲမှာ တောင်ခွတ်လပ်က ရေတံခွန်တောင် ဘုန်းကြီးကျောင်းမှာ စားခဲ့ရတဲ့ ပိန္နဲသီးပါပဲ၊ အိမ်မာအကြွပ်သီးကို ချိုမြနေတာမို့ ခုထိအမှတ်ရဆဲပါပဲ၊


ဇွဲကပင်တောင်ကိုတက်တော့ တောင်ရဲ့အရှေ့ဖက် ခလောက်နို့်နယ်ဖက်ကနေတက်ပြီး ပြန်ဆင်းတော့ တောင်အနောက်ဖက်ခြမ်းမှာရှိတဲ့ ဒုံရင်းနယ်ဖက် ကိုဆင်းတာပေါ့၊ ခလောက်နို့နယ်က ဖားအံကနေ သာမညကို သွားတဲ့လမ်း၊ ဖားအံကနေထွက်လိုက်တာနဲ့ ခလောက်နို့နယ်ထဲ တန်းရောက်တော့တာပါပဲ၊ ခလောက်နို့နယ်ကို ကိုကြီးကျောက်က ငယ်ငယ်ကထဲက လူထုဦးလှရဲ့ ခလောက်နို့ကရင်ပုံပြင်များစာအုပ်ကို ဖတ်ပြီးကထဲက ရောက်ဖူးချင်နေတာကလား၊ ခလောက်နို့ နယ်သားတွေက အင်မတန် ဟာသဉာဏ်ရွှင်ပြီး အရာရာကို ပျော်ပျော်ပါးပါးပဲ ရင်ဆိုင်တတ်ကြတာမို့ ကိုကြီးကျောက်က အလွန်သဘောကျပေါ့၊ ခလောက်နို့ကို ကရင်လို ခလို လို့ခေါ်သတဲ့၊ ခလို ဆိုတာ ဗမာလိုဘာသာပြန်ရင် နတ်ချောင်းလို့ အဓိပ္ပါယ်ရသတဲ့၊ နတ်ချောင်းအနီးတဝိုက်က ရွာအုပ်စုကို ခလောက်နို့နယ်လို့ ခေါ်တာပေါ့၊


တခါက ခလောက်နို့နယ် ရွာတရွာက ရွာသားတယောက်က ခလောက်နို့နယ် နိုင်းကြာရွာမှာအိမ်ထောင်ကျသတဲ့၊ အိမ်ထောင်ကျတော့ ယောက္ခအိမ်လိုက်နေရသတဲ့၊ ယောက္ခမအိမ်မှာ ယောက္ခမကြီးတွေနဲ့ အတူထမင်းစားရတော့ ရဲရဲမနှိုက်ဝံ့ရှာဘူးတဲ့၊ အဲဒါနဲ့ သူ့ခမြာ ထမင်းမဝတဝနဲ့ ပြီးလိုက်ရသတဲ့၊ ညလယ်လောက်ရောက်တော့ ထမင်းကပြန်ဆာလာရောတဲ့ ၊ဒါနဲ့ သူကတိတ်တိတ်လေးထပြီး မီးဖိုမှာစားစရာရှာသတဲ့၊ ထမင်းအိုးက ထမင်းကျန်အကပ်အသတ်လေးကို ချစ်ချုပ်စားနေတုန်း မီးဖိုထဲက ချိုးချိုးချွတ်ချွတ်အသံကြားတော့ ယောက္ခမအဖိုးကြီးက သူခိုးထင်လို့ မီးဖိုထဲ မီးထွန်းကြည့်လိုက်တော့ သမက်အသစ်စက်စက် ဖြစ်နေသတဲ့၊ သမက်ကလဲ ထမင်းထစားတာ ယောက္ခမနဲ့မိသွားတော့ လန့်သွားသတဲ့၊ ဒါပေမဲ့ သူက ဘာပြောရမှန်းမသိတော့ ထမင်းအိုးကို ခေါင်းစွပ်ပြီး " အဖေရေ ဘီလူးက ကကြစို့လား " ဆိုပြီး ကပြတော့ အဖိုးကြီးက ဟက်ဟက် ပက်ပက် ရီပြီး " ဆာရင် ချက်စားကြတာပေါ့ကွာ " လို့ပြောပြီးမီးမွှေးပေးသတဲ့၊ ခလောက်နို့မှာ အချက်မသိသေးခင်တော့ သမက်မှာသူခိုးအထင်ခံရပါရောလား၊


ကိုကြီးကျောက်မှာ အိမ်နားနီးချင်း သူငယ်ချင်းမတယောက်ရှိတယ်၊ သူ့နာမည်က ခင်ချိုတဲ့၊ သူ့အမက မခင်ညိုတဲ့၊ သူတို့အမေက မြင်းခြံမြောက်လက်က နဘူးအိုင်ဆိုတဲ့ ရွာကမူလတန်းကျောင်းမှာ ကျောင်းအုပ်ဆရာမကြီး၊ ခင်ချိုက ကိုကြီးကျောက်တို့ ငယ်ငယ်ကခေသူတော့ မဟုတ်ပေဘူးဗျ..၊ ကိုကြီးကျောက်တို့ငယ်ငယ်က သင်္ကြန်ဆိုရင် အရပ်ထဲက မိန်းကလေးများက ရေသဘင်မဏ္ဍပ်တွေထိုးပြီး ယိမ်းကကြတယ်၊ ယောင်္ကျားတွေကတော့ အတီးအမှုတ်တွေနဲ့ သင်္ကြန်အလှပြကားတွေ ထွက်ကြတာကိုး၊ အဲဒီအချိန်ကတော့ တိုင်းပြည်ကလဲ စီးပွားရေးကောင်းတုန်း၊ လူတွေကလဲ စားဝတ်နေရေးပြေလည်ကြတော့ ပွဲလမ်းသဘင်တွေ အားတက်သရော လုပ်နိုင်တာပေါ့၊


အဲ..ခင်ချိုက မိန်းကလေး ယိမ်းတွေမှာ ဝင်မကဘူး၊ သင်္ကြန်ကားတွေနဲ့မှ လိုက်ကသဗျ၊ အမယ်..လိုက်ကတော့လဲ သူ့နာမည်ကို " ခင်ချိုချိုချောခက်ခက်ခိုင်ခန့် " လို့ ကြေငြာပေးရသဗျ၊ ကတော့လဲ သင်္ကြန်ကားတစင်းလုံး သွက်သွက်ခါနေအောင် လှုပ်ယမ်းကနေတာများ ဟိုတလောက လူပြောများတဲ့ ဗီဗာဟိန်း ဆိုတဲ့ အဆိုမ လောက်ကတော့ အေးဆေးပဲ၊ သူကဗီဗာဟိန်းထက် သာတာက ခါးသေးရင်ချီ ပဒုမ္မဏီလေးခင်ဗျ..၊


ဗီဗာဟိန်း ကနေတာမြင်ရတော့ ကိုကြီးကျောက်ကတော့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဆိုဗီယက်ပြန် ဦးမောင်မောင်နဲ့ အာဇာနည်စန်းစန်း တို့ ဆပ်ကပ်အဖွဲ့ကို သတိရမိတယ်၊ ဦးမောင်မောင်ဆပ်ကပ်မှာ ဂျွမ်းဘားတွေ ကောင်းကင်ဘားတွေ၊ ကြိုးတန်းလျှောက်တွေ၊ မျက်လှည့်တွေ၊ မျက်စေ့ကို အဝတ်စည်းပြီး ဒါးပေါက်တာတွေ ပြပြီးရင် ခွေးလိမ္မာ၊ မြင်းလိမ္မာ၊ ကျားလိမ္မာ၊ ဆင်လိမ္မာ တို့ အစွမ်းပြတာကိုး၊ ဗီဗာဟိန်း ကနေတာ ဦးမောင်မောင်ဆပ်ကပ်ထဲက ဆင်မကြီး ကဗျာလွတ်နေသလိုပါပဲ၊ ကိုကြီးကျောက်ဖြင့် ကြည့်ရင်းနဲ့ သားစိတ်မယားစိတ်တောင် ကုန်တယ်..တကယ်ပါပဲ ၊


ကိုကြီးကျောက်တို့ တက္ကသိုလ်ကျောင်းသားဘဝမှာ ကျောင်းတွေကလဲ ခနခနပိတ်လေတော့ တချို့သူငယ်ချင်းတွေလဲ ကျောင်းဆရာဝင်လုပ်ကုန်ကြတယ်၊ ခင်ချိုကလဲ သူ့အမေကျောင်းက တွဲဖက်ကျောင်းဖွင့်တော့ တွဲဖက်ကျောင်းဆရာမဝင်လုပ်နေတယ်၊ ကိုကြီးကျောက်သူငယ်ချင်းတချို့ကလဲ အဲဒီကျောင်းမှာ ဆရာဝင်လုပ်နေကြတယ်၊ ကျောင်းလေးက ခြေတန်ရှည်ကျောင်းလေး ဆောက်ထားတာ၊ အပေါ်ထပ်မှာ အတန်းကြီးတွေနဲ့ အဝေးက ဆရာ လူပျို ၃ ယောက်နေကြတယ်၊ အောက်ထပ်မှာ အတန်းငယ်တွေ၊ အောက်ထပ်ကတော့ အကာအရံမရှိဘူး၊ ခင်ချိုတို့ သားအမိ ၃ ယောက်က အောက်ထပ်မှာ အခန်းလေးဖွဲ့နေကြတယ်၊ ကိုကြီးကျောက်ကို ကျောင်းပိတ်ထားတုန်း သူငယ်ချင်းတွေက အလည်ခေါ်ကြတော့ ကိုကြီးကျောက်လဲ နဘူးအိုင်ကို အလည်လိုက်သွားတာပေါ့၊


အဲဒီကျောင်းက ဆရာ ဆရာမတွေ အားလုံးက မြင်းခြံကများပေမဲ့ ဆရာကိုမြင့်ဆွေကတော့ မြစ်အနောက်ဖက် မြောင်နယ် နဘက်က ၊ နဘက်ဆိုတဲ့ရွာမှာ အနောက်ဖက်လွန်မင်းတရားကြီး လက်ထက်က ပေါ်တူဂီလူမျိုး ဇွင်ကာကူ လို့ခေါ်တဲ့ ဖီးလစ် ဒီဘရစ်တို ကိုရှင်းလင်းပြီး သူ့နောက်လိုက်နောက်ပါတွေကို နေရာချထားတဲ့ရွာပေါ့၊ပေါ်တူဂီတွေလဲ ရွာခံတွေနဲ့ အိမ်ထောင်တွေကျကုန်ကြပြီး သူတို့အဆက်အနွယ်တွေ ကျန်သေးတာပေါ့၊ သူတို့က ဘုရင်ဂျီဘာသာဝင်တွေ ဆိုတော့ နဘက်က RC Church ကြီးဆိုရင် ဟိုး အဝေးကနေ လှမ်းမြင်ရတာကလား၊ မြင်းခြံမှာတော့ သူတို့အုပ်စုနေတဲ့နေရာကို ဘုရင်ဂျီဝင်းလို့ ခေါ်တယ်၊ ကိုမြင့်ဆွေက ဘုရင်ဂျီဘာသာဝင်၊ မဲမဲ ထောင်ထောင်မောင်းမောင်းနဲ့၊


ကိုကြီးကျောက် နဘူးအိုင်ရွာကို အလည်ရောက်ပြီး နောက်ညမှာပဲ....၊ ည နာရီပြန် တချက်လောက်မှာ အောက်ထပ်ကနေ အသံနက်ကြီးနဲ့ ထိတ်လန့်တကြား အော်သံကြားရတော့တာပဲ...." အမလေး.....လာကြပါအုန်း....သရဲ...သရဲ..မဲမဲကြီး.." ကုန်းအော်သံကြားတော့ ကိုကြီးကျောက်တို့ အကုန်လုံး ဝရုန်းသုန်းခပ် အောက်ထပ်ကိုဆင်းပြေးရတာပေါ့၊ အော်သံ ပိုင်ရှင်က ခင်ချိုတို့ အမေ ဆရာမကြီး၊ အတူအိပ်နေတဲ့ ခင်ညိုတို့ ခင်ချို တို့ သမီးတွေလဲ လူးလဲထကြတာပေါ့..၊ ဆရာမကြီး ဘယ်လိုဖြစ်တာလဲလို့မေးတော့ " အမလေး....ခြေထောက်ကို လာဆွဲလို့ရုတ်တရက် ကြည့်လိုက်တော့ မဲမဲရှည်ရှည် အကောင်ကြီး၊ ကျမလဲ ကြောက်လို့ စောင်ခေါင်းမြီးခြုံပြီး အော်နေရတာ " တဲ့၊ ခင်ချိုကတော့ ရေခပ်ပြီး သူ့အမေကိုတိုက်ပြီး " အမေ အိပ်မက် မက်တာနေမှာပါ " တဲ့၊ သူ့အမေကလဲ " တကယ်ပါအေ...ငါမျက်စေ့နဲ့မြင်ရတာပါ " တဲ့၊ အဲဒီညက အခန်းထဲမှာ အိပ်ရတာအိုက်လို့ ဆိုပြီး သားအမိတတွေ အပြင်ထွက်ပြီး ကွပ်ပြစ်ပေါ်မှာ တန်းစီအိပ်နေကြတာကိုး..၊ ဒါနဲ့ သူတို့လဲ အခန်းထဲ ပြန်ဝင်ပြေးကြရော၊


ကိုကြီးကျောက်တို့လဲ ဘယ်လိုသရဲပါလိမ့်ပေါ့ ၊ တယောက်တပေါက်ပြောရင်း ပြန်အိပ်ကြတာပေါ့၊ မနက်လင်းတော့ ကိုကြီးကျောက်တို့ လဘက်ရည်ဆိုင်မှာ ဒီအကြောင်းပြောတော့ ဆရာကိုမြင့်ဆွေက ပြုံးစိပြုံးစိနဲ့ မျက်နှာပိုးမသေဘူး၊ အဲဒီမှာ သူကဖွင့်ပြောလာတယ်၊ သူနဲ့ ခင်ချိုနဲ့ ရည်းစားဖြစ်နေတာကိုး၊ ခါတိုင်း ညည ချိန်းတွေ့ကြရင် ခင်ချိုအိပ်ယာဘေးက ပြူတင်းပေါက်ကနေ အသာအချက်ပေးလိုက်ရင် ခင်ချိုက သူ့အမေမသိအောင် တိတ်တိတ်လေး ထွက်လာနေကြပေါ့၊


အဲဒီ ညကမှ သားအမိ ၃ ယောက်လုံး အခန်းအပြင်ထွက်အိပ်ကြတော့ သူတို့ ၃ယောက်က မှောင်ထဲမှာ ပုံပန်းသဏ္ဍန်ကလဲ ခပ်ဆင်ဆင်၊ ကိုမြင့်ဆွေကလဲ ခပ်ထွေထွေလေးဆိုတော့ သူထင်တဲ့ခြေထောက်ဆွဲ နှိုးလိုက်တာ သူ့အမေဖြစ်နေပါရောလား..၊ မဲမဲရှည်ရှည် ကိုမြင့်ဆွေကို မှောင်ထဲရုတ်တရက်မြင်လိုက်တော့ ဆရာမကြီးခမြာ အော်လိုက်ရတာ ငယ်သံများတောင်ပါလို့၊ အင်း...ဒါကြောင့်လဲ ညက ခင်ချိုရော ကိုမြင့်ဆွေရော သူများတွေ စိတ်ဝင်တစားသရဲကြောင်းပြောနေတုန်း ဣနြေ္ဒရနေကြတာကိုး ၊ ဆရာမကြီးလဲ ငှက်မသိတော့ ဇရက် ကို ဘဲထင် သလို အချက်မသိတော့ သမက်ကို သရဲထင် လိုက်ရရှာသကိုး....။


ပြီးခဲ့တဲ့အပတ်က ဂျပန်မှာ ငလျင်ကြီးလှုပ်ပြီး ဆူနာမီရေလှိုင်းတော့ ဖြစ်ပြီးနောက် ကိုကြီးကျောက်လဲပစိဖိတ်၊မြောက်အမေရိက၊ ယူရေးရှား၊ အင်ဒိုဩစတေလျ ကျောက်လွှာချပ် ( plate ) တွေ စုဆုံရာဂျပန်နိုင်ငံနဲ့ ကိုယ့်field အတွေ့အကြုံလေးနဲ့ ပေါင်းစပ်ပြီး postလေး တပုဒ်လောက်တော့ ရေးကြည့်မယ်ဆိုပြီး ရေးလိုက်တာ ဖတ်မဲ့သူတော့မသိဘူး..ရေးတဲ့သူကတော့ ပညာရပ်ဆိုင်ရာတွေ ရေးရင်းပျင်းလိုက်တာ... ဒါနဲ့ ရေးလက်စကိုလွှင့်ပစ်လိုက်ပြီး ပေါ့ပေါ့ပါးပါး အကြောင်းအရာလေးပဲ ခုမှတင်ဖြစ်တော့တာပါပဲ၊


ကိုင်း..ဒါနဲ့ စကားမစပ် ကိုကြီးကျောက်ရဲ့ ဘလော့ဂ်ဂါ နှမတွေကိုတော့ ထောက်ခံမဲပေးလိုက်အုန်းမယ်၊ ငလျင်တွေလှုပ်၊ မီးတောင်တွေပေါက်၊ ဆူနာမီတွေ ဖြစ်တာ လူတွေ အရိပ်နေနေအခက်ချိုးချိုးလုပ်လို့ ကမ္ဘာကြီးက ရင်ထုငိုတယ်ဆိုတာဟုတ်လောက်သဗျ၊ လူတွေ မပေါ်ခင် နှစ်သန်းပေါင်းများစွာက ဒိုင်နိုဆောတွေကလဲ သစ်ပင်တွေ အရိပ်မှာနေပြီး အခက်တွေချိုးဖဲ့ စားကြတော့..ဟော..ဒိုင်နိုဆောတွေရှိတုန်းကလဲ ကမ္ဘာကြီးက ရင်ဘတ်ထုငိုလိုက်လို့ မီးတောင်တွေပေါက်၊ ငလျင်တွေလှုပ်၊ ဆူနာမီတွေ ဖြစ်နဲ့..၊ နောက်ဆုံး ဒိုင်နိုဆောတွေ ပျောက်ကုန်တော့တာပဲ၊ ဒါပေမဲ့ ခက်တာက ဒိုင်နိုဆောတွေက ကဗျာမရေးတတ်တော့ ကမ္ဘာကြီးက ရင်ဘတ်ကို ဘယ်လက်နဲ့ထုခဲ့သလား၊ ညာလက်နဲ့ထုခဲ့သလားဆိုတာတော့ မကွဲပြားဘူးပေါ့ဗျာ ။ ။


google က ရှာထားတဲ့ ဘဲပုံပါ။

37 comments:

Anonymous said...

ဘကျောက်စာတွေက အမြဲ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ကောင်းနေတာပါပဲ .. အတွေ့အကြုံတွေလည်း သိရတယ် ..
ကျန်းမာ ချမ်းသာ လန်းဖြာပါစေကြောင်း ...း))

မိုးခါး

မိုးယံ said...

အော်..သမက်ကို သရဲထင်ရလောက်အောင် မြင့်ဆွေက မဲသကိုး...

ကမ္ဘာကြီးက ရင်ထု ငိုရလောက်အောင် မိုးပျံမနဲ့ ကျောက်မမတို့ လင်လု ကြတာကိုးကွယ်။

seesein said...

ဘကျောက်ရေ
သမက်ဘီလူးနဲ့ သမက်သရဲ အကြောင်းဖတ်သွားတယ်

ခင်တဲ့
seesein

ချစ်ကြည်အေး said...

ကိုကြီးကျောက် ဘလူးအကြောင်းတွေ ရေးနေပါတယ်ဗျိုးးးP

ကိုကြီးကျောက် အဲဒီ ပလိတ်တွေ တိုက်တဲ့ အကြောင်း ဖတ်ချင်တယ်... .ရေးပေးပါ။ ပေါ့ပေါ့ပါးပါးလေး
ဖြစ်အောင် ကိုကြီးကျောက် ဘယ်လက်မှာ မိုးပျံပူဘောင်းအတွဲလိုက် ကိုင်ရေးပေါ့ဗျာ...... ဟိဟိ...:)

ဟန်ကြည် said...

အင်း ကိုကျောက်ကမှ ကရင်ပြည်နယ်အနှံ့ရောက်ဖြစ်သေးတယ် ခလောက်နို့ဆိုတာ ကြားဖူးတာကြာပေါ့ ကရင်ပြည်နယ်ကမှန်း အခုမှပဲ သိတော့တယ် အင်း သွားကြည့်ချင်ပေမယ့်လည်း အကြောင်းကြောင်းကြောင့် ကိုကျောက်ရေးတဲ့စာပဲဖတ်ပြီး ရသေ့စိတ်ဖြေလုပ်နေလိုက်ပါတော့မယ်...

စော(အဝါရောင်မြေ) said...

ကိုကြီးကျောက်
မြန်မာပြည်က ငလျှင်ကျော အကြောင်းရော။
ငဇင်ဂါမျိုးတွေက ရေဦးနားက ရွာတရွာမှာဆို။ ဒါပေမယ့် သူတို့ ရွာမှာ လုတ်တဲ့ပွဲးတွေက ဗုဒ်ဓဘာသာကို ပုတ်ခတ်တဲ့ အငြိမ့်တွေပဲပြသတဲ့။
ဟုတ်လားဟင်?

ညီလင်းသစ် said...

ကိုကြီးကျောက် စာတွေဖတ်ရတာ ကောင်းတယ်၊ မြန်မာပြည်တလွှားကို မောက်စ်လေး တချက်နှိပ်ရုံနဲ့ ရောက်,ရောက်သွားလို့..၊ အင်း..အခုတော့ ကမ္ဘာကြီးက ဘယ်ညာအစုံနဲ့ ရင်ဘတ်စည်တီး လုပ်နေတာ ဖြစ်မယ်ဗျ၊ လွှင့်ပစ်လိုက်တဲ့ ကျောက်လွှာချပ်တွေ အကြောင်း ပို့စ်လေး အမှိုက်ပုံးထဲမှာ ရှိနေသေးရင် ဖတ်ချင်ပါတယ်..။

KiKi said...

ဘကျောက် သင်္ကြန် ကားနဲ့ ထွက် ပြီး ခ ၈လုံး -" ခင်ချိုချိုချောခက်ခက်ခိုင်ခန့် " နဲ့ တွဲက တဲ့ အခန်းတော့ မပါဘူးလား..
အဲ့တုံးက ဘကျောက်နာမည်
“ကျောက်ကိုကိုကြိုင်ကျော်ကျော်ကြက်ကဲ” လို့များ ကြော်ငြာပေးရလား မသိ..
ဇွဲကပင်တောင်ပေါ်တက်တဲ့ အကြောင်းလေးများရော မသိရဘူးလားဟင်..မရောက်ဖူးသေးလို့ ပါ။

ဗီဗာ ကိ.. ခွိခွိ

ZT said...

ဆင်မကြီး ကဗျာလွတ်ကနေတာတော့ မျက်စိထဲ တန်းကနဲ ပေါ်တာပဲဗျ။ :D

ကိုဇော် said...

အဲသလိုတွေ ပြောနေတာ ခဏခဏ ကြားဖူးသဗျ။ ချိန်းတွေ့ဖို့ သွားတာ လူမှားနိုးတာတို့ ၊ ကြမ်းအောက်က တုတ်နဲ့ထိုးတာ လူမှားထိုးတာတို့ ၊ အမေ နဲ့ သမီး အခန်း မှားနိုးတာတို့ . . . . . ကိုယ်တွေများ ဖြစ်မဖြစ်ဘူး။ ဖြစ်ရင်လည်း ဘာဖြစ်သလိုလေ ၊ ပစ်မဲ့ပစ် ခေါင်ကို ပစ်မှာပေါ့လို့ ( ခေါင်ထိ အကုန်စားကိုး . . ဟဲဟဲ ) ဒါနဲ့ ပညာရပ် ဖြစ်ဖြစ် ဘာဖြစ်ဖြစ် တင်ပေါ့ ကိုကြီးကျောက်။ ဒါက ပိုစိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဒိုင်နိုဆောက ရင်ဘတ်ကို ကင်းကောင်တွေလို ဘယ်ညာ စည်းချက် ကျကျ ထုကြောင်းပါ။

sosegado said...

သမက် သရဲထင်ခံရတာ ဖတ်ရင်းရယ်မိတယ်၊ သမီးမမွေးထားတာတော်သေးတယ်၊
" ခင်ချိုချိုချောခက်ခက်ခိုင်ခန့် " မမေ့တာလား၊ သွက်သွက်ခါနေအောင် လှုပ်ယမ်းကနေတာကို မမေ့တာလား၊
ဗီဗာဟိန်းကတာကိုမြင်ပြီး သတိရသွားတာဖြစ်လိမ့်မယ်။

အဖြူရောင်နတ်သမီး said...

မြို့က သမီးရည်းစားတွေ ရွာက သမီးရည်းစားတွေ ညဘက်ချိန်းတွေ့ပုံကို မမှီဘူးနော်..။
ကြမ်းကြားထဲကနေ အိမ်ပေါ်က ချစ်သူကို တုတ်နဲ့ထိုးပြီး အချက်ပေးတာ...
ချစ်သူအိပ်တဲ့အခန်းမှာ လက်တဝင်စာ အပေါက်ဖောက်ထားတာတို့..
စုံနေတာပဲ...။
ရွှေကိုကိုတို့ ဥာဏ်ကြီးလိုက်ကြပုံများ...ပြောပါတယ်။

ဘကျောက် ကျန်းမာ ပျော်ရွှင်ပါစေကြောင်း....

An Asian Tour Operator said...

ဂုရုကျောက် တို့ ပိုင်ချက်များ ပို့စ်တခုတည်းမှာ အားလုံး ပါသကိုးဗျ။

tin min htet said...

ဆင်မကြီး ကတာတော့ ဟုတ်ပါပြီ။ ဘကျောက်များ ဆင်ဦးစီး လုပ်ချင်နေလားမသိ။

ခနွဲ said...

ဗီဗာဟိန်းတော့ ဘကျောက်မပြောပါနဲ့ သားတို့တောင် မကြိုက်ဖူးရယ်။ အဲ...သမက်ကို သရဲထင်သွားတာတော့ ဖတ်မှတ်သွားတယ်။ ကိုယ်လဲဆွဲရင် သေချာကြည့်ဆွဲမှ ယောက္ခမ နဲ့တွေ့နေဦးမယ်။ အဲ..အဲ..ခြေထောက်ပြောပါတယ် ဘကျောက်ရယ်။
ကျန်းမာပါစေခင်ဗျ။

chinniah said...

ကျောက်ဆည်၊ စဥ့်ကိုင် ဘက်တွေ မှာ လည်း ကာသိုလိတ် ဗမာ ရွာတွေ ရှိသဗျ ... ခရစ်စမတ် ဆိုရင် မုန့်ဆီကျော် တွေ ကျော်ကြွေးသဗျ ..

ကိုမြင့်ဆွေ ထရံပေါက် ကခြေထောက် ကိုဆွဲဆရာမကြီး တွဲလဲ ... တော်သေးတာပေါ့ .. ခုမှတော့ မထူးတော့ပါဘူး ဆိုပြီး ..

ရွှေရတုမှတ်တမ်း said...

ရွှေဘိုနယ်က ဘုရင်ဂျီရွာတွေလဲ ရောက်ဖူးပါတယ်..
မယ်စော ကြားသလို မဟုတ်ပါဘူးကွယ်..သူတို့က ရွာမှာ လူနဲစုတွေ ဆိုတော့ အဲသလို ပုတ်ခတ်ပြီး မ ကရဲပါဘူး..

Anonymous said...

Veva Kyauk
Dance urself n post the file on face book:P...Just kidding.Glad to know u r feeling well.write geological point of view on Japan earthquake n sunami pls.I'm sure it won't be dull n gonna be interesting when u do it:D
Little sis by a big lake

rose said...

ခစ် ခစ်... ကျောင်းအုပ် ဆရာမကြီးက သူ့ သမက်ကို သရဲ ထင်သွားတာကိုး။ ရယ်ရတယ်...။ ကိုမြင့်ဆွေ ကလည်း အမှောင်ထဲမှာ အဲ့လောက် မဲတော့ သရဲ အထင်ခံ ရတော့ တာပေါ့။ ရို့စ် ကတော့ ကိုကြီးကျောက်ရေ... အသားဖြူလို့ ဒီက လူတွေက ကိုယ်က မြန်မာလို ပြောရင် မယုံကြဘူး။ အမြဲ တရုတ်လားလို့ အမေးခံရတယ်း)

ကိုကြီးကျောက် ကျန်းမာ ရွှင်လန်းပါစေရှင်။

http://redroseofburma.blogspot.com/

ကိုအောင်(ပျူနိုင်ငံ) said...

ရေးလက်စ စာတမ်းလေး ရှိရင် ဆက်ရေးပါအုံး
အကိုရေ၊ ညဖက် ညဖက် လိုက်လိုက်ဆွဲတမ်း
ကစားရရင်း ပျော်စရာကြီးနော် ...

ဂျစ်တူး(မုံရွာ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
အင်းကိုကြီးကျောက်ပြောသလိုဒိုင်နိုဆောတွေမျိုးပြုံးသွားသ
လိုကျနော်တို့တစ်တွေလည်းမျိုးပြုံးတော့မယ်ထင်ပါရဲ့ဗျာ-

ကိုချစ်ဖေ said...

တဒိုင်းဒိုင်း ပစ်ခဲ့တဲ့ သေနတ်ကြီးမို့လို့ ကျည်ဆံကုန်သွားတာလား ဒါမှမဟုတ် အသံပဲမြည်တဲ့ ဗလာကျည်တွေနဲ့ ပဲ ပစ်ခဲ့လို့လား ဇွဲကပင်တောင် တက်တာတောင် ကရင်မလေးတွေက ပါလာသေးနော..ခုလို သေရွာပြန်ဘကျောက် ဘ၀မျိုးမှာ အနားမှာ တယောက်မှ ရှိမနေတာ(ဒါမှမဟုတ် မရှိချင်ယောင်ဆောင်နေတာ) လားမသိ..ပါဗျားးးးးးးး နေကောင်းပျော်ရွှင် စာရေးနိုင်ပါစေဗျား

ကိုချစ်ဖေ

ahphyulay said...

အားကိုဂျီး ..
ဘယ်အချိန်ပဲ ရောက်ရောက် ဖတ်ပြီးရင် ပျော်ရတာ
ချဉ်းပါပဲ။ ကျွန်တော်မရောက်ဖြစ်တာကတော့  အချိန်
ကို လိုက်လုနေရလို့ လေ၊ မနည်းပြေးပြေးလိုက်နေရ
တယ်ဗျာ။ သူက ဘယ်တော့ မှ ကျွန်တော့် ကို
မစောင့် ဘူးလေ။
အကိုကြီး .. ကျန်းမာပျော်ရွှင်ပါစေဗျာ..။

ခင်တဲ့  ..
အဖြေးလူ။

မန်းကိုကို said...

မေ့များသွားပြီလားလို့ဗျာ ၊ ရေးမယ့်ရေးတော့ ခလောက်နို့အကြောင်းတဲ့ ၊ အဲဒီပုံပြင်ကို မေ့တောင်မေ့နေပြီဗျ ။

ဘကျောက်က ခဏရောက်တယ်သာဆိုတယ် မှတ်သားတာတွေက တယ်တိကျတာကိုး ၊ ဘားအံသားအားလုံးတောင် အဲဒီလိုပြောနိုင်မယ် မထင်ဘူး ။

ဒါပေမယ့် ရောက်တုန်းရောက်ခိုက် ကျနော့်နဲ့မတွေ့လိုက်တာနာတယ် ၊ လုံခြုံရေးကို အဲဒီခေတ်ကထုံးစံအတိုင်း ဝါးချွန်တွေနဲ့ လိုက်ပို့မှာပေါ့ဗျာ ။ (တော်သေးတယ် အဲဒီတုန်းက သောင်းကျန်းသူဆန့်ကျင်ရေးဆိုပြီး ခိုင်းတဲ့အတိုင်းလုပ်ရတဲ့ ဝါးချွန်ကိုင်တွေ တစ်ခါမှ KNU က မပစ်ပေလို့) ။

နောက်ပြီး ဘကျောက်ပြောတဲ့ ထုံးကျောက်တောင်တွေပဲရှိတဲ့ ကရင်ပြည်နယ်လို့သိထားတာ ကောင်းပါတယ်ဗျာ ၊ ပတ္တမြားငမောက် အပြကောင်းလို့ မြန်မာတစ်ပြည်လုံး အသိမ်းခံခဲ့ရတာဗျ ၊ ကိုယ့်နယ်အကြောင်းတော့ သိပ်မပြောရဲတော့ပါဘူး ... :-)

Anonymous said...

မမန့်ပေမယ့် စာအမြဲလာဖတ်ပါတယ်..soil test lab(YGN) မှာအလုပ်လုပ်ခဲ့ဘူးပြီး အခု AIT, BKK မှာ EQ mitigation course ၁ခု ယူထားလို့ ကိုဋ္ဌကီးကျောက်ရဲ့ဆောင်းပါးကို အရမ်းစိတ်ဝင်စားနေပါတယ်.ပြီးအောင်ရေးပြီး တင်ပေးရင်ကောင်းမှာပဲ..

Anonymous said...

အပေါ်က ကွန်မန့်မှာ ရရစ် ရိုက်လိုက်တာ ဘာဖြစ်သွားလဲမသိဘူး.. :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုကြီးကျောက်တို့များ ဘယ်ပြည်နယ်ရောက်ရောက် ဘယ်မြို့သွားသွား မိန်းခလေးတွေ ၀ိုင်းဝိုင်းကိုလည်နေတာပဲ.. လူချစ်လူခင် တယ်လည်းများသကိုး နော်။
ငလျှင်လှုပ်တဲ့ ကျောက်လွှာချပ်တွေအကြောင်း ရေးထားတာလေးလည်း ဖတ်ချင်ပါသေးတယ်.. ဗဟုသုတလိုချင်ပါတယ်.. ကိုကြီးကျောက်ရေ..
ပြီးအောင် ဆက်ပြီး ရေးပါဦးလို့

crystal said...

ကိုကြီးကျောက် ရင်ဘတ်ထုတဲ့ အပြင် ခြေလေးတောင်ဆောင့်ငိုလိုက်သေးတယ်
ဒါကြောင့် မဟာပထဝီမြေကြီး သိမ့်သိမ့်ခါ သွက်သွက်ခါသွားတာပေါ့။

ကျောက်လွှာချပ်တွေအကြောင်း စိတ်ဝင်စားပါ၏။
တောင်းဆိုသူတွေလည်း များပါ၏၊
ဆက်ရေးနေမည်ဟု မျှော်လင့်မိပါ၏။

ကျန်းမာရေးလည်း ဂရုစိုက်စေချင်ပါတယ်။
ချမ်းမြေ့ပါစေ။

rose of sharon said...

ကမ္ဘာကြီးက အခုတော့ ဘယ်လက်ရောညာလက်ရောပေါင်းပြီး ရင်ထုငိုပစ်လိုက်တယ်ထင်ပါရဲ့...

ငွေစန္ဒ္ဒာ said...

ဘကျောက်စာတွေဖတ်ရလို့ဝမ်းသာပါတယ်။နေကောင်း
ပျော်ရွှင်အသက်ရှည်ပြီးပေါ့ပေါ့ပါးပါးစာတွေအများကြီး
ရေးနိုင်ပါစေရှင်။

T T Sweet said...

ပလိပ်တိုက်တာပဲဖြစ်ဖြစ် ကိုကြီးကျောက် ၀င်တိုက်မိတာပဲဖြစ်ဖြစ် ကိုကြီးကျောက်ရေးသမျှ ဖတ်လို့ကောင်းတာပဲ၊ ရေးသာရေးပါ ကိုကြီးကျောက် ။ အစဉ်အမြဲအားပေးလျက်ပါ။ ကျန်းမာချမ်းသာပါစေ။
မယ်ဆွိ

Anonymous said...

တော်သေးတာပေါ့ သရဲထင်လို့။
သတ္တိရှိရှိနဲ့သာ ခြေထောက်လာဆွဲတဲ့ လက်ကို ဖမ်းဆွဲထားလိုက်ရင် အိမ်ထောင်ကျကိန်းပဲ။

ကဗျာလွတ်ကတဲ့ ဆင်မကြီး လည်း ဟော့သွားတယ်။
ကိုယ်တွေတော့ စိတ်ကုန်လွန်းလို့ဗျာ။


မြစ်ကျိုးအင်း

...အလင်းစက်များ said...

အောင်မငေး .. လန်းထှာတော်... ကိုဂျီးကျောက်ရေ... ဘယ်လက်နဲ့  ဗျ.. ဘယ်လက်နဲ့  တဲ့.. ဟီး။

ဗာဗီဟိန်းအကြောင်းရေးထှာများ မျက်စိထဲ ကွက်ကနဲ ကို မြင်မိတယ်။

ကျောက်လွှာချပ်တွေအကြောင်းလဲ လုပ်ပါဦး ဖြည်းဖြည်းပေါ့... စောင့်ဖတ်မယ်။ ကိုကြီးကျောက်တို့ က ပိုနားလည်မလားလို့  ကျနော်တော့ ဖတ်မူးပဲ ဖတ်လိုက်မူးသွားလိုက်နဲ့  ။

ဂုစိုက်ပါဗျိုး သိပ်လဲ အရေးမစိတ်နဲ့  ဦး တော်ကြာ လက်တွေပြန်နာနေဦးမယ်..

Anonymous said...

ကိုကြီးကျောက်

ဒိုင်နိုဆောနဲ့ ပိုးဟတ်အကြောင်းကိုဖတ်ဘူးတယ် ကမ္ဘာကြီးနဲ့ လိုက်ရော့ညီထွေမနေတတ်လို့ ဒိုင်နိုဆော မျိုးပြုတ်သွားတယ် ကိုကြီးကျောက်ကတော့ ပိုးဟတ်လို လူမျိုးဘဲ အမြဲရှင်သန်နိုင်ပါစေ

ဆုတောင်းနေပါတယ်
ချစ်နှမ
ရွှေစင်ဦး

ကိုကိုမောင်(ပန်းရနံ့) said...

ဘကျောက်..
ဆရာမြင့်ဆွေက အမေကို ဆွဲမှားတာလား။ မှားဆွဲတာလား။ မှားဆွဲလိုက်တာ ဖြစ်နိုင်တယ်နော်။ အမှန်ကို သိရဲ့သားနဲ့ တမင် မှားဆွဲလိုက်တာ ဖြစ်နိုင်မယ်ထင်တယ်။ ဟာ ဟ။

ပျော်ရွှင်ပါစေ။

Anonymous said...

ဗီဗာကျောက်ကို လင်စိတ် သားစိတ် ကုန်အောင်လုပ်ပေနိုင် တာကိုး

ဇွဲကပင်တောင်ကို မြန်မာနိုင်ငံက မထွက်ခင်မှာ တက်ခဲ့သေးတယ်။ အဲဒီတုန်းက တောင်ခြေမှာ ထမင်းဆိုင်လေး ရှိတယ် ဗယာကြော် ၁၂ခု ၅ကျပ်လား အဲဒါ တဒါဇင်ဝယ်လို့  အမေရော အမရော ဆူလိုက် ကြတာ အဟီး အခုတော့ ဗယာကြော်လေး စားချင်တာ တောင် ၀ယ်မစားနိုင် တဲ့ ဘ၀ ဒါကြောင့် ကိုယ်တိုင် ဘဲ ကြော်စားဖို့ လုပ်ရတော့မယ်။ ဗီဗာကျောက် ဗီဗာကြော်ရင် ဗယာကြော်ရင် နည်းနည်းကျွေးပါ
ဆောင်း

Anonymous said...

ချမ်းသာရွာတဲ့လေရွာနာမည်ကအငြိမ့်တွေအကြောင်းတော့သိဘူး