Sunday, January 3, 2010

စိုင်းကျောက်ခဲ၏ချစ်ကိစ္စ (ကျောက်မဲအလွမ်းသမား)


ကိုကြီးကျောက်က စာတိုပေစလေးတွေ blog ဖွင့်ရေးနေလို့ ကိုကြီးကျောက် ဘော်ဒါ မူလလက်ဟောင်းကျောက်ခဲကြီးတွေနဲ့ online မှာပြန်တွေ့ရတော့မန်းတက္ကသိုလ်ကျောင်းသား ငယ်ဘဝကို ပြန်သတိရမိပါရဲ့ဗျာ၊ နှမဖြစ်သူ မကေ ကလဲစိန်ပန်းနဲ့ကန့်ကော်တွေ ပွင့်ပြပြီး ရန်ကုန်တက္ကသိုလ်ကြီးကို လွမ်းပြပြန်တော့ တမာဖူးရင်စာကူး၊ထနောင်းဝေရင် စာကျေ ရတဲ့ ကျွန်တော်တို့ရဲ့ အညာတက္ကသိုလ်ကို အောင်းမေ့ရပြန်တာပေါ့ဗျာ၊

ဒါပေမဲ့ ကိုယ်ကလဲ မကေ လို လွမ်းလောက်အောင်ကလဲမဖွဲ့တတ်၊ သူများစာကို အသာကူးချပြီးလွမ်းပြဖို့ အကြံနဲ့ မန်းတက္ကသိုလ် ကျောင်းသားဟောင်းကြီး ဦးဂျမ်း(ဆရာတင်မိုး)ရဲ့ ..နေခြည်အစောင်းလေပြည်လောင်းတော့ ဆွေမဒီအပေါင်းက လမ်းလျှောက်လာ ရေနီမြောင်းက လွမ်းလောက်စရာရှင့် ..(ခပ်ဝါးဝါးပဲ၊ဟုတ်ရဲ့လားမသိဘူး)၊ ဆိုတဲ့ နွယ်သာကီသံချိုလေးကို တွေ့မိလားလို့နှမဖြစ်သူ ချိုသင်းကိုလှမ်းမေးကြည့်ပြန်တော့လဲ မသိဘူးအကိုကြီးတဲ့၊ နုနုရည်ဆီမှာတော့ ရှိမှန်းသိတယ်၊ ခက်တာကသူက online မှာမရှိ၊

တနေ့ကတော့ သူငယ်ချင်းဖြစ်သူ စိုင်းမော်ခမ်းနဲ့ online မှာပြန်တွေ့တော့ မန်းတက္ကသိုလ်နောက်ခံ စိုင်းကျောက်ခဲရဲ့ အလွမ်းဇတ်လမ်းလေး တရေးရေးပြန်ပေါ်လာတော့တာပါပဲ၊ အခုဇတ်လမ်းမှာ ပတ်သက်နေသူလေးက မော်ခမ်းနဲ့လဲ အမျိုးမကင်းဘူးခင်ဗျ၊ မော်ခမ်း ကတော့ အောင်ပန်းသား ဓနု၊ ကောင်မလေးက ကျောက်မဲသူ ရှမ်းနဲ့ဓနုအစပ်၊ နာမည်ကတော့ နန်းကေသီလို့ပဲဆိုကြပါစို့၊

ကိုကျောက်တို့က ဗမာစင်စစ်ကနေ ဘယ့်နှယ်ဘယ့်နှယ် စိုင်းကျောက်ခဲ ဖြစ်ရပြန်ပါလိမ့်ဆိုရင်တော့ သိတယ်မို့လား၊ ကိုကျောက်တို့ ဖွန်ကြောင်မိရင် သံပုရာခွံဦးထုပ်တောင် ဆောင်းမယ်တကဲကဲ လုပ်တတ်တာလေ၊ သူကလေးက Botany ကျောင်းသူဆိုတော့ ဌာနချင်းကလဲ ကပ်လျက်၊ စာသင်ခန်းချင်းကလဲနီးတော့ ကိုကျောက်နဲ့ကလဲ လမ်းမှာဆုံဆုံနေတာပေါ့၊ ကိုကြီးကျောက်ကလဲ မဆုံဆုံအောင် ဆုံပစ်တာပဲ၊ သူကလေးရဲ့နာမည်က ဘယ်သူ၊ဘယ်မြို့သူဆိုတာလဲ သိရော ကိုကြီးကျောက်လဲ တခါတည်း စိုင်းကျောက်ခဲ ဖြစ်သွားတော့တာပဲ၊

ကိုကျောက်တို့က ခေသူမဟုတ်တော့ အသားလွတ် စိုင်းကျောက်ခဲ လုပ်တာတော့မဟုတ်ပေဘူးခင်ဗျ၊ ရှမ်းလို တ'းလူင် လို့ခေါ်တဲ့ ရှမ်းကြီးစာပေရယ်၊ တိုင်းမောဝ်း လို့ခေါ်တဲ့ မောရှမ်းစာရယ်ကို ရေးနိုင်ဖတ်နိုင်တယ်၊ ဒါနဲ့ ရှမ်းစာပေအဖွဲ့မှာဝင်ပြီး အတည်ပေါက်ကို စိုင်းကျောက်ခဲလုပ်နေတာ၊ လူပုံကြည့်တော့ခပ်မဲမဲ..( အမယ်..စလုံးမှာ နေတုန်းကတော့ ခင်တဲ့မင်တဲ့ ဖားမတွေက tall , dark and handsome တဲ့ ၊ အဲဒီတုန်းက site ထဲမှာပဲနေတာများတော့ လူလဲ ဘကုန်းတွေနဲ့တသွေးထဲတရောင်ထဲပဲ )၊ ရှမ်းပြည်နယ်နေ့ ကပွဲတွေလဲ ကိုကျောက်တို့က ကွေးနေအောင်ဝင်က ပစ်လိုက်တာပဲ၊

သူကလေးနဲ့ကလဲ ခင်မင်ရင်းနှီးလာတော့ ရည်းစားမဟုတ်၊ဘာမှလဲမဟုတ်ပေါ့ဗျာ၊ သာမန်သူငယ်ချင်းထက်လဲ ပိုရင်းနှီးတယ်၊ ရည်းစားလားဆိုတော့လဲ မဟုတ်ဖူးခင်ဗျ၊ ဒီလို သူငယ်ချင်းမျိုးတွေကို ကြုံဖူးကြလိမ့်မယ် ထင်ပါရဲ့ဗျာ ၊ ဆရာတက္ကသိုလ်ဘုန်းနိုင်ကတော့ သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင် ဝတ္တုဟာ အဲလိုသူငယ်ချင်းမ ကိုအကြောင်းပြုပြီးရေးမိတာလို့ ဆိုတာပဲ၊ အဲဒီအချိန်မှာပဲ ကျွန်တော်ကမြစ်ကြီးနားက ထွေးထွေးနဲ့ ညိသွားတော့၊ ဆက်ရန်မရှိပေါ့ဗျာ၊ ထွေးထွေးနဲ့ တခန်းရပ်သွားတာလဲ ရွှေမန်း၊သစ္စာ၊မြတမာ အဆောင်သူတွေက ချက်ချင်းသိလိုက်ကြတာပဲ( ဗမာပြည်အင်တာနက်ကမှ speed နှေးချင်နှေးဦးမယ်၊ ) ၊

ဒီလိုနဲ့ပဲ ကျောင်းကြီးပိတ်ချိန်ရောက်လာတာပေါ့ဗျာ၊ သူတို့က စာမေးပွဲစောပြီးတော့ အိမ်ကိုစောပြန်ရတာပေါ့လေ၊ ကျွန်တော်တို့ Geology တွေကတော့ စာမေးပွဲရက်တွေကရှည်တော့ ကျွန်တော်တို့က နောက်ဆုံးမှပြန်ရတာပေါ့၊ သူပြန်မဲ့ရက်နဲ့ ကားစီးမလားရထားစီးမလား ဆိုတာ ကွဲကွဲပြားပြား သိလာတော့ ဘာရမလဲ ဘူတာမှာ လားရှိုးရထားမှာသွားစောင့်နေတာပေါ့၊ ရထားမထွက်ခင် စကားတွေပြော၊ ရထားထွက်ဖို့ ခရာမှုတ်တော့ မေမြို့ထိလိုက်ခဲ့မယ်ဆိုပြီး ရထားပေါ်တက်လိုက်၊ မေမြို့ရောက်တော့လဲ စကားတွေက အမျှင်တန်းနေတုန်းဆိုတော့ နောက်ဆုံး ကျောက်မဲထိပါသွားတော့ တာပေါ့၊ နောက်တဘာသာဖြေဖို့ကလဲ ၂ ရက်လောက် ပိတ်ထားတာဆိုတော့ လိုက်ဖြစ်သွားတာပေါ့လေ၊

ကျောက်မဲရောက်တော့ ကျွန်တော်က သူငယ်ချင်းအိမ်မှာ သွားအိပ်ပေမဲ့ ထမင်းစားတော့ သူတို့အိမ်မှာသွားစားတယ်၊ သူ့အဖေကလဲ ငယ်ရာကကြီးလာတာပဲလေ သမီးကခေါ်လာပြီဆိုကထဲက သဘောပေါက်ပြီပေါ့၊ ကိုယ်ကလဲ ကိုယ့် CV ကိုသဘောကျအောင်ပြောပြရတာပေါ့၊ စလုံးမှာ အလုပ်လိုက်လျှောက်သလို CV မှာပိုပိုသာသာလေး မတတ်တာရောတတ်တာရော ဝေဝေဆာဆာလေး ဖေါ်ပြရတာပေါ့ခင်ဗျာ၊ အစစ ok ပေါ့လေ၊

ဒါပေမယ့် ကံကြမ္မာက ok မပြဘူးခင်ဗျ၊ သူနဲ့ကျွန်တော်နဲ့ ရှေးရေစက်က တစက်နှစ်စက်ပဲ ပါတယ်ထင်ပါရဲ့ နောက်တလအကြာမှာ ကျောက်မဲက သူငယ်ချင်းက အကြောင်းကြားလာတယ်၊ သူကလေးနာမကျန်းဖြစ်ပြီး ဆုံးရှာပြီတဲ့၊ အော်...ကိုကျောက်ခမြာ ကျောက်မဲမှာ အိမ် "ထောင်" ကျတဲ့ ကျောက်မဲအကျဉ်းသား မဖြစ်ရှာပေတော့ဘူးပေါ့၊ အိမ်ထောင်ကျတယ်ဆိုတာကလဲ ဘဝဘဝတွေက အတူပြုခဲ့ကြတဲ့ ရှေးရေစက်တွေများကြရင်ဖြင့် ဒီဘဝမှာလဲ လွဲခဲပေတတ်တာကိုး၊

ခရစ်စမတ်နေ့က Maryland က မိတ်ဆွေ ကိုနေလင်းတို့အိမ်မှာ ဆရာမမေငြိမ်းနဲ့ တွေ့တော့ စကားတွေပြောကြရင်း သူနဲ့ရောကိုယ်နဲ့ပါသိတဲ့ ဗမာပြည်က သူငယ်ချင်းစာရေးဆရာမအပျိုကြီးတွေ ဘယ်သူဘယ်ဝါတွေကဖြင့် သူတို့ထက်ငယ်သူတွေနဲ့ အိမ်ထောင်တွေကျကုန်ကြတယ် ဆိုတာကြားရတော့ မြင်းခြံကရပ်ကွက်နီးချင်း အပျိုကြီးတွေ သတိရလို့ ပြုံးမိပါသေးရဲ့ဗျာ၊ ကျွန်တော်တို့ရပ်ကွက်မြောက်ဖက်မှာ ပခုက္ကူနယ်ကြူရွာကလူတွေ ရှေးကအခြေစိုက်နေကြတဲ့ အတန်းကို ကြူရွာတန်းတဲ့၊ တောင်သာနယ် နကူး(နွားကူးရွာ)ကလူတွေနေတဲ့အတန်းက နကူးတန်းတဲ့၊ အဲဒီနှစ်တန်းကြားက အိမ်အစုလေးကိုတော့ ကျွန်တော်တို့က လင်ငယ်ကုန်းလို့ခေါ်တယ်၊ ဘာလို့လဲဆိုတော့ အဲဒီရပ်ကွက်က အပျိုကြီးမှန်သမျှ လင်အငယ်လေးတွေရလို့လေ၊ (ဘလော့ဂါ အပျိုကြီးများအားတက်စရာပြောရတာ)၊ ရှေးရေစက်မှန်ရင် အသက်ကလဲပဓါန မကျပေဘူးပေါ့၊

ဟောတခါ..ကျွန်တော့ဘကြီး (အဖေ့အကိုကို ဘကြီးလို့ခေါ်တယ်)၊ နဲ့ သူ့သူငယ်ချင်းတွေ ပဲမျိုးစုံပွဲရုံထောင်ကြတော့ သူတို့ပွဲရုံကို မဟာမိတ်ပွဲရုံ လို့ဆိုင်းဘုတ်ချိပ်ထားတယ်၊ ဘယ်သူကမှ မဟာမိတ်ပွဲရုံလို့မခေါ်ဘူး၊ မယားကြီးပွဲရုံတဲ့၊ သူတို့မယားတွေအကုန်လုံးကသူတို့ထက် အသက်ကြီးကြသတဲ့၊ ဘဝအဆက်ဆက်က ပေါင်းဖက်ခဲ့ကြဖူးရရင်ဖြင့် ပုပု၊ပိန်ပိန်၊ဝဝ၊ကြီးကြီး၊ငယ်ငယ် မျက်စေ့ထဲမှာတော့ လှနေတော့တာပါပဲ၊

သိကြားမင်းကိုမာဃ တို့ အသုရာရဲ့သမီး သုဇိတာရဲ့ ကြင်ယာရွေးပွဲမှာ အဖိုးအိုယောင်ဆောင်ပြီး အရွေးခံတာတောင် ဒီအဖိုးကြီးမှ သုဇိတာကလဲ ရွေးပြီးပန်းကုန်းစွပ်ချင်သတဲ့၊ ဟော..အယောင်ဆောင်စရာမလို original သက်ကြားအို ကိုကိုကျောက်ကိုမှ ရွေးချင်ကြတဲ့ သုဇိတာလက်သစ်တွေကလဲ နှစ်သစ်မှာပေါ်ထွက်လာကြမှာမို့ ကိုကြီးကျောက်ရဲ့ ချစ်ကိစ္စတွေ ဒီလောက်နဲ့ပဲနားတော့မယ်။
(မန်းတက္ကသိုလ်ပုံကို မိုးကြိုးမှယူပါသည်)

No comments: