ကျွန်တော့ရဲ့ blogger ညီငယ်၊နှမငယ်များက ကိုကြီးကျောက်တယောက်ထဲ သရဲတွေနဲ့ တွေ့ကိုတွေ့နိုင်လွန်းတယ်တဲ့၊ဘယ်လိုများသရဲတွေနဲ့ appointment လုပ်ထားပါလိမ့်တဲ့၊ဟုတ်တော့ဟုတ်ပါရဲ့ဗျာ၊ ကိုကြီးကျောက်တို့ကလဲ အရပ်တကာသွားပြီး သရဲတကာနဲ့တွေ့နေလိုက်တာ မိုက်ကယ်ဂျက်ဆင်လို သရဲတွေနဲ့အတူထမကယုံ တမယ်ပါပဲ၊
ကိုကျောက်တို့ငယ်ငယ် ကလေးဘဝက သရဲကိုမြင်ဖူးချင်လွန်းလို့ ကိုယ့်ထက်အသက်ကြီးသူတွေကို နည်းနာလေးများမေးကြည့်တော့ ခွေးမျက်ချေးနဲ့ မျက်စေ့ကိုကွင်းပြီး ကြည့်ရတယ်တဲ့ဗျ၊ ခွေးကသရဲကိုအလွယ်တကူ မြင်နိုင်တဲ့သတ္တဝါတဲ့၊ ဒါနဲ့ကိုကျောက်လဲသရဲတွေ့ချင်ဇောနဲ့ အိမ်ကခွေးကြီးကို မျက်ချေးအတင်းနှိုက်လိုက်တာ ခွေးခမြာမျက်စေ့တောင်နာယူရတယ်၊တွေ့လဲတွေ့ပေါင်ဗျာ၊ ဟော..တွေ့ချင်တော့လဲ ဒီလိုပါပဲ ရုပ်ရှင်လောကနဲ့ ပတ်သက်နေရင် ရုပ်ရှင်မင်းသားမင်းသမီးတွေနဲ့ နေ့တိုင်းတွေ့ရသလို၊ စာပေလောကနဲ့ ပတ်သက်နေပြန်ရင်လဲ စာရေးဆရာ၊ဆရာမတွေနဲ့ နေ့တိုင်းတွေ့တတ်တာပဲမို့လား၊( ဒီလိုဆိုပြန်တော့ ကိုကျောက်ကို နာနာဘာဝလောကနဲ့ပတ်သက်နေတဲ့ အောက်လမ်းဆရာကျောက်တော့ မထင်လိုက်နဲ့နော)၊
ကဲ..ကဲ...ကိုကြီးကျောက်ရဲ့ အမှတ်တမဲ့အကြောင်း စကြစို့လား၊ ကိုကျောက်ရဲ့ ငယ်သူငယ်ချင်းဦးပဉ္ဇင်း နှလုံးသွေးကြောကျဉ်းလို့ မန္တလေးမှာခွဲစိပ်ကုသဖို့ စီစဉ်ကြတုန်းကပေါ့၊ မန္တလေးဆေးရုံမပို့ခင်မြင်းခြံဆေးရုံမှာပဲ အရင်တင်ထားပြီး ပြင်ဆင်စရာတွေပြင်ဆင်ရတာပေါ့လေ၊ မန္တလေးကို ကားနဲ့သယ်ဖို့ လမ်းမှာခံနိုင်ရည်ရှိမရှိကလဲ လိုအပ်သေးတယ်လေ၊ ဗမာပြည်ကဆေးရုံတွေမှာကလဲ ambulance ရယ်လို့ ကောင်းကောင်းလဲမရှိပါဘူး၊မြင်းခြံဆေးရုံ ဘုန်းကြီး ward ကလဲခပ်သေးသေးပါပဲ၊ အခန်း ၄ ခန်းပဲရှိတယ်၊ ကပ်လျက် ၂ခန်းစီက တခန်းနဲ့တခန်းကူးသွားလို့ရတယ်၊ ကော်ရစ်ဒါက အဆောင်ပတ်ပတ်လည်မှာရှိတယ်၊
အဲဒီနေ့က မှတ်မှတ်ရရ တော်သလင်းလဆန်း (၁၄) ရက်နေ့ဗျ၊ အပြင်မှာလဲ လမင်းကြီးကထိန်ထိန်သာလို့ ၊ဦးပဉ္ဇင်းအခြေအနေကလဲ နေ့လားညလားဆိုတော့ ကျွန်တော်တို့ လူနာစောင့်နေကြတဲ့ သူတွေလဲ မအိပ်နိုင်ကြပါဘူး၊ အခြေအနေကိုစောင့်ကြည့်နေရတာပေါ့လေ၊ ဘုန်းကြီးဆောင်တဆောင်လုံးမှာလဲ လူနာက ကပ်လျက်အခန်းကဦးပဉ္ဇင်းတပါးနဲ့ စုစုပေါင်း နှစ်ပါးပဲရှိတယ်၊ လူနာဦးပဉ္ဇင်းက အိပ်နေသလား၊ မှိန်းပဲနေသလားမသိတော့ ကျွန်တော်တို့လူနာစောင့်နေတဲ့သူတွေလဲ ဦးပဉ္ဇင်းနိုးမှာစိုးလို့ စကားတောင်မပြောကြပါဘူး၊ စာအုပ်ကိုယ်စီနဲ့ စာဖတ်နေကြတာပေါ့၊ အဲဒီအချိန်မှာပဲ ကျွန်တော်နဲ့ ကပ်လျက်ထိုင်နေတဲ့ ဦးပဉ္ဇင်း ဦးဧသိက ကကျွန်တော်ကိုတံတောင်နဲ့ တွတ်ပြီးဝင်ပေါက် တံခါးကိုမေးထိုးပြတယ်၊ သူပြတာကိုကြည့်ပြီးကျွန်တော်လဲ နံဘေးမှာရှိတဲ့ တံပျက်စီးကို ကောက်ကိုင်လိုက်မိတာပဲ၊
ကျွန်တော်တို့မြင်ရတဲ့ အကြောင်းအရာကဘယ်လိုလဲဆိုတော့၊ ဝင်ပေါက်တံခါးမကြီးဟာ ဗမာပြည်က တံခါးတွေထုံးစံအတိုင်း တံခါးရွက် ၂ ခုနဲ့ ဆွဲပိတ်တာကိုး၊ အဲဒီဆွဲစေ့ပိတ်ထားတဲ့ တံခါးရွက်နှစ်ခုကြားကနေ လက်တချောင်းထွက်လာတာပါပဲ၊ ပိတ်ထားတဲ့ တံခါးရွက်ကြားကနေ ဘယ်ကဘယ်လိုလက်တချောင်းရအောင်ဝင်လာလဲတော့ မသိဖူးခင်ဗျ၊ ဒါနဲ့ ကျွန်တော်လဲ အဲဒီလက်ကို တံပျက်စီးရိုးနဲ့ ရိုက်မလို့ လုပ်ပြီးတော့မှ စဉ်းစားလိုက်မိတာက ဟာ..ဒီဟာက တကယ့်အကောင်အထည် ဟုတ်တာမဟုတ်ဘူး ၊ ငါရိုက်လိုက်လို့ ဒင်းကိုမရိုက်မိပဲ တံခါးကို ဘိုင်းကနဲရိုက်မိရင်ရင် လူနာအလန့်တကြားဖြစ်သွားလိမ့်မယ်၊ဆိုပြီး ဒီအတိုင်းပဲ ကြည့်နေလိုက်ပါတယ်၊ အဲဒီလက်တဖက်ဟာ ရှေ့ဆက်တက်မလာတော့ပဲ လက်ခါပြပြီးပျောက်သွားပါတယ်၊ အဲဒီလက်ပျောက်သွားပြီး ပြုတင်းပေါက်မှန်ကနေ လူတယောက်ဖြတ်လျှောက်သွားသလို မြင်လိုက်ရတာပါပဲ၊
ခနနေတော့ ဘေးခြင်းကပ်လျက်အခန်းက ဦးပဉ္ဖင်းက ကျွန်တော်တို့ဖက်ကိုကူးလာပြီး လာပြောပါတယ် တကာရာ ကျုပ် အခန်းပြူတင်းပေါက်မှာ ခုနက လူတယောက်လာရပ်နေတာဗျာ ဒီလောက်ရုပ်ဆိုး စက်ဆုပ်စရာကောင်းတဲ့မျက်နှာမျိုးတခါမှမတွေဖူးပါဘူးဗျာ၊ အရွယ်အစားကလူလောက်မို့သာ လူရဲ့ရုပ်ဆင်းအင်္ဂါတောင်မရှိတော့ပါဘူးလို့ ပြောရှာပါတယ်၊ ကျွန်တော်ကတော့ ဦးပဉ္ဖင်း နောက်တခါလာရင် အလှပြင်လာခဲ့လို့မှာလိုက်ရောပေါ့လို့ နောက်ပေမဲ့ အဲဒီဦးပဉ္ဖင်းခမြာ ကြောက်ကြောက်နဲ့ မချိပြုံးလေးပြုံးနေရှာတယ်၊
နောက်တရက် တော်သလင်းလပြည့်နေ့ညမှာတော့ ကျွန်တော့ဦးပဉ္ဇင်းပျံလွန်တော်မူရှာပါတယ်၊ အဲဒီတော့မှ ကျွန်တော်တွေးမိတယ် အဲဒီလက်ပြတ်က လက်ခါပြီးပြတာ မရတော့ဘူး လို့လာပြောတာနေမှာပဲလို့၊ ဒီလိုမှန်းသိ တခြားအကြောင်းတွေလဲဗေဒင်မေးကြည့်ရမကောင်းလားဗျာ၊ မေးလို့သာရခဲ့ရင် ကိုကြီးကျောက်တို့ သရဲဆီမှာဗေဒင်မေးဖူးတယ်ဆိုပြီး ခပ်ကြွားကြွားလေး ပြောနိုင်တာပေါ့ဗျာ၊
ဒီနှစ်ဆောင်းကတော့ အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်းတခွင် အင်မတန်အအေးပိုတဲ့နှစ်ပါပဲ၊ လေအေးတွေကလဲတိုက်၊ ကျွန်တော်နေတဲ့ ဝါရှင်တန်ဒီစီမြို့တော်ဧရိယာတဝိုက်မှာ အပူချိန်ကလဲ နေ့ခင်းမှာတောင်ရေခဲမှတ်အောက် ၂၀ံ ဖာရင်ဟိုက်ဝန်းကျင်မှာပဲရှိပါတယ်၊ ချမ်းချမ်းစီးစီး delivery လည်ပို့နေရတော့ ကားထဲဝင်ရင်နွေးလိုက်၊ အပြင်ထွက်ရင်အေးလိုက်ဆိုတော့ ပူလိုက်အေးလိုက်နဲ့ ဥတုသပ္ပါယမမျှလို့ အအေးမိပြီးစာရှည်ရှည် မရေးနိုင်တာ သည်းခံကြပါခင်ဗျာ၊
No comments:
Post a Comment