အင်္ဂလိပ်လက်ထက်က ပေါ်တူဂီလူမျိုးဇနီးမောင်နှံနှစ်ယောက်တို့ စင်္ကာပူကိုစီးပွားရှာဖို့လာကြသတဲ့၊ အဲဒီခေတ်ကတော့ ရေကြောင်းခရီးကိုပဲအားကိုးကြရလေတော့ သင်္ဘောနဲ့လာကြတာပေါ့လေ၊ စင်္ကာပူမရောက်ခင် ရန်ကုန်ဆိပ်ကမ်းကို သင်္ဘောကအရင်ဆိုက်တော့ ရန်ကုန်မြို့ကို ဆင်းကြည့်ကြသတဲ့၊ အဲဒီတော့ရန်ကုန်ကိုအရမ်းသဘောကျကြလို့ ရန်ကုန်မှာနေဖို့ဆုံးဖြတ်ကြသတဲ့၊ ရန်ကုန်မှာ ဒီဇူဇာဆေးတိုက်ရယ်လို့ စီးပွားလုပ်ငန်းကြီးတခု ထူထောင်ခဲ့ကြတာပေါ့၊
ဒီဇူဇာဆေးတိုက်ကို ခုခေတ်လူငယ်တွေကြားဖူးကောင်းကြားဖူးမယ်ထင်ပါရဲ့၊ ဒီဇူဇာဆေးတိုက်အဆောက်အဦးဟာ ဆူးလေဘုရားအနီးက မဟာဗန္ဓုလလလမ်းပေါ်မှာပါ၊ ပြည်သူပိုင်သိမ်းလိုက်တော့ ဆက်သွယ်ရေးကယူထားတယ် ထင်ပါရဲ့ ၊ ကျွန်တော်တို့ငယ်ငယ်က ခမ်းနားလှတဲ့ဆေးတိုက်ကြီးဟာ ခုတော့ဖြင့် ကျွန်စုတ်တဲ့သရက်စေ့ကမှ ပြောင်ရောင်ပေအုန်းမယ်၊ရှေးဟောင်းအဆောက်အဦးကို ကောင်းကောင်းမွန်မွန် ထိမ်းသိမ်းမထားတော့ နှမြောလိုက်တာ၊
ကဲပါလေ ဒီဇူဇာအကြောင်းပဲပြောကြတာပေါ့၊ ဒီဇူဇာဆေးတိုက်က ကျွန်တော်တို့ငယ်ငယ်က အိမ်သုံးဆေးဝါးအမျိုးမျိုးထုတ်ပလေတာကိုး၊ သူ့ရဲ့ကြော်ငြာက ဆေးဝယ်ရင်ဒီဇူဇာမှာ စိတ်ချရသည် တဲ့၊ ကလေးဆေးဝါးမျိုးစုံ၊ ကလေးပေါင်ဒါကအစထုတ်တာကိုး၊ ကလေးပေါင်ဒါက ဒါးတံဆိပ် ဝိုင်အိုလက်ပေါင်ဒါတဲ့၊ ကျွန်တော်တို့ငယ်ငယ်ကတော့ ဒီဝိုင်အိုလက်ပေါင်ဒါနဲ့ ကြီးလာရတာပါပဲ၊ ကျွန်တော်တို့ ညီအကိုတတွေရေချိုးပြီးရင် အမေက သနပ်ခါးလိမ်းပေး၊ ဝိုင်အိုလက်ပေါင်ဒါကို တကိုယ်လုံးလိမ်းပေးတာပေါ့၊ နောက်တော့ အမေက ဝိုင်အိုလက်ပေါင်ဒါကို သူ့ဖာသူလဲကိုယ်လိမ်းတာ ကျွန်တော်တို့ညီအကိုတတွေကြီးထိအောင်ပါပဲ၊
ဒါနဲ့ ကျွန်တော်က အမေရယ် တခြားပေါင်ဒါတွေလဲ အများကြီးရှိတာပဲ ဒီဝိုင်အိုလက် ကလေးပေါင်ဒါတော့ လိမ်းမနေပါနဲ့လို့ပြောတော့... ကျွန်တော့အမေက ကျွန်တော့ကိုပြောတယ်... ဝိုင်အိုလက်ပေါင်ဒါနံ့လေးရတော့ ငါ့သားတွေအလွမ်းပြေတာပေါ့ကွယ်..တဲ့၊ အင်း....ဟုတ်တော့လဲ ဟုတ်ပါရဲ့ အမေ့ရင်ခွင်ထဲမှာ နို့စို့ကလေးဘဝ တုန်းကသာ ကိုယ့်သားကိုပိုင်တာကိုး၊ တောက်တောက်ပြေးပါပြီ ဆိုကထဲက သားတွေကိုမပိုင်နိုင်တော့တာပဲ၊ အဲဒီတော့ ဒီပေါင်ဒါနံ့လေးက သားတွေရင်ခွင်ထဲမှာ ရှိနေဆဲပဲလို့ အမေ့မှာခံစားမိရှာမှာပေါ့လေ၊
ဒါကြောင့်အဲဒီနောက်ပိုင်းမှာ ကျွန်တော် ဘယ်မှာfield ဆင်းဆင်း အမေ့ဆီတော့ ရောက်အောင်တော့ ပြေးတာပဲ၊ မိဘဆိုတာ သားသမီးကို အမြဲမျှော်ကြတာကိုး၊သားများကလဲကိုယ့်အိုး ကိုယ့်အိမ်ထောင်နဲ့ဆိုရင် မိဘဆီတနှစ်တခေါက်ရောက်ဖို့ ခဲယဉ်းဘိခြင်း၊ လွန်ခဲ့တဲ့ ၁၅နှစ် ၁၆နှစ်လောက်ကတော့ ကျွန်တော်က ဝိုင်အိုလက်ပေါင်ဒါအစား Johnson and Johnson baby pounder ကိုအမြဲဝယ်ပေးတယ်၊ သားကဝယ်ပေးတာဆိုတော့ ကျေကျေနပ်နပ်နဲ့ လိမ်းတာ တမြန်နှစ်က ဆုံးတဲ့ထိအောင်ပါပဲ၊ အမေတို့အမျိုးက အသက်ရှည်တဲ့အမျိုးဆိုတော့ အမေဆုံးတော့ ၈၈ နှစ်ရှိပြီ၊
အမေဆုံးပြီး၆လလောက်ရှိတော့ အမေနဲ့ရင်ကပ်နေတဲ့ နှမအပျိုကြီးက ဖုန်းဆက်တယ်၊ ညညတွေမှာ မကြာမကြာဆိုသလို Johnson ပေါင်ဒါနံ့တွေ တအိမ်လုံးမွှေးနေသတဲ့၊ အဲလိုမွှေးပြီးရင် နှစ်လုံးထီပေါက်သတဲ့.. ကဲ...ကြည့်စမ်း..သူတို့များဟန်ကျလိုက်တာ၊ အမေ့ခမြာ သားဇောသမီးဇော စွဲလန်းမှုတွေကျန်ထင်ပါရဲ့၊ ဒါနဲ့ သူတို့ကျောင်းကဆရာမအုပ်စုတွေ ကျောင်းပိတ်ရက်မှာ မြင်းခြံအနောက်ဖက်ကမ်းက ရေစကြိုနယ် ပေါက်တောဆိုတဲ့ ရွာမှာ တမလွန်ကသူတွေနဲ့ ဆက်သွယ်ပေးနိုင်တဲ့ အမျိုးသမီးဆီသွားကြသတဲ့ ၊ ကြို့ပင်ကောက်က နတ်လေချွန်မျိုးနေမှာပေါ့လေ၊ ကျွန်တော့နှမအပြောအရဆိုရင် တကယ်လဲ ဆက်သွယ်နိုင်ခဲ့သတဲ့၊ အဲဒီနောက်ပိုင်းမှာတော့ ပေါင်ဒါနံ့လဲမရတော့တာမို့ တဘုံတဘဝကိုတော့ ကူးပြောင်းသွားပြီထင်ပါရဲ့တဲ့၊
အမေဆိုတာမျိုးက သားသမီးဇောကြီးတတ်တာမျိုး မဟုတ်ပါလား၊ အမေရိကမှာ လူမပြောနဲ့ တိရစ္ဆာန်တောင် အေးအေးချမ်းချမ်းနေရတာဆိုတော့ ဘယ်တိရစ္ဆာန်မှ လူကိုကြောက်စရာလို့မထင်ကြပါဘူး၊ တောငန်းကြီးတွေ၊ သမင်တွေများလူမြင်ရင်ဖုတ်လေတဲ့ငပိ ရှိတယ်တောင်မထင်ဘူး၊ ဖလောရီဒါမှာနေတုန်းက ကွန်တော်လုပ်တဲ့ super market ဘေးက ပန်းခြုံထဲမှာ ရေဘဲလေးတွေပေါက်နေတာကိုး ဘဲပေါက်လေးတွေ သဘောကျလို့ ရပ်ကြည့်နေတုန်း ဘဲမကြီးက ရန်ထောင်လိုက်တာ ကက်ကက်လန်နေတာပဲ၊ ဪ...သားသမီးဇောကိုး၊ သူ့ဖာသူဆိုရင် လူတွေကိုတယ်အရေးစိုက်လှတာမဟုတ်ဘူး၊
တပို့တွဲလပြည့်နေ့ကို စာရေးဆရာ၊ဒါရိုက်တာဘဘဦးသုခတို့က မြန်မာ့အမေနေ့လို့ သတ်မှတ်ပြီး အမေကို ပူဇော်ပွဲအခန်းအနားကျင်းပကြတာမို့ အမေနေ့ အမှတ်တရလေး ရေးဖြစ်ပါတယ်၊ သားရှင်bloggerနှမများ ဝိုင်အိုလက်ပေါင်ဒါတော့ ဆောင်ထားရင်မမှားဘူးပေါ့ခင်ဗျာ၊ သားများကတော့ မယားနောက်ကောက်ကောက်ပါ ဖို့ကတော့ ၉၀%ပါပဲ၊
စာကြွင်း။ ။ ကိုယောတို့ ကိုချစ်ဖေကြီးတို့က အမေနေ့က ပြာသိုလပြည့်လို့ပြောတယ်၊ ကျွန်တော်အမှတ်မှားတာဖြစ်ပါလိမ့်မယ်၊ တလပဲကွာတာပါ..အဟဲ၊ဘကျောက်တို့ အသက်ကြီးလာတော့လဲ ပမာဒ လေခသွားတယ်ထင်ပါရဲ့
No comments:
Post a Comment