ကိုကြီးကျောက်နှမ မေဓါဝီက ဘဝတပါးကို ရောက်သွားတဲ့ သူ့သူငယ်ချင်းက သူ့ဆီဖုန်းဆက် ဂျီတော့မှာ မီးစိမ်းတွေ ပြနေတာတွေ ဖတ်လိုက်ရတော့ ကိုကြီးကျောက် ငယ်သူငယ်ချင်းတယောက် မမျှော်လင့်ပဲ ဆုံးသွားပြီး သူငယ်ချင်းတွေကို လာနှုတ်ဆက်ခဲ့တာလေးကို သတိရမိတယ်၊ အဲဒီတုန်းကတော့ ခုခေတ်လို hand phone တွေ၊ အင်တာနက်တွေ မပေါ်သေးတော့ သူကိုယ်တိုင်ကိုယ်ထင်လာပြရတာပေါ့၊ ခုခေတ်လို ဆိုရင်တော့ သရဲမလေးတွေနဲ့ အီစီကလီ ဖြစ်နေပြီတို့ ဘာတို့ text message တွေ မပို့ဘူးလို့ မပြောနိုင်ဘူးလေ၊
ကိုကြီးကျောက်တို့ မန်းတက္ကသိုလ်မှာ နေတုန်းက နယ်ကျောင်းသားတွေ အများစုက ကျောင်းကအဆောင်တွေမှာပဲနေကြရတာကလား..၊ မန်းတက္ကသိုလ်မှာက ရန်ကုန်တက္ကသိုလ်လို သူ့မေဂျာအလိုက် ခွဲပြီးအဆောင်တွေ ထားတာမျိုးမဟုတ်ပဲ မေဂျာပေါင်းစုံကို အဆောင်ပေါင်းစုံမှာ ထားတော့ ကိုကြီးကျောက်သူငယ်ချင်းတွေမှာ မေဂျာပေါင်းစုံက ရှိနေတာပေါ့၊ ဒီတော့ ကိုကြီးကျောက်က ကိုယ့်မေဂျာက သူငယ်ချင်းတွေနဲ့လဲ ဟိုသွားဒီလာလုပ်သလို တခြားမေဂျာက သူငယ်ချင်းတွေနဲ့လဲ သူတို့ အတန်းတွေကို လိုက်တက်ရင်း ကျောင်းသူတွေ ငမ်းရတာပေါ့လေ၊ ကိုယ့်အတန်းထဲမှာက ကျောင်းသူမှ မရှိတာကိုး၊ ကျောင်းသူများကလဲ စားမတတ်ဝါးမတတ် ကြည့်တတ်တဲ့ ကိုကြီးကျောက်တို့ ဘူမိကျောင်းသားတွေဆို တယ်ကြောက်ကြတာကိုး..၊ ဟော.....စင်ကာပူက ဘလော့ဂါ MKS တို့ ဆိုရင် တောင်ငူက တင့်တင့်ကိုအပိုး ကောင်းလိုက်တာ..လန့်ဖြန့်ပြီး တခါထဲ လင်စိတ်သားစိတ်တွေ ကုန်သွားပုံရတယ် ခုထိ တောင်ငူမှာ အပျိုကြီးတဲ့၊
ကိုကြီးကျောက်တို့ နယ်ကတက်တဲ့ ကျောင်းသားအများစုက ဗမာပြည် အထက်ပိုင်းကများပါတယ်၊ မုံရွာသားမြင်းခြံသားတွေများတော့ ကိုကြီးကျောက်တွဲမိတဲ့ သူငယ်ချင်း တွေမှာ မုံရွာသားအတော်ပါတယ်၊ အဲ...မိန်းမပိုးတာတော့ ကိုကြီးကျောက်က နယ်မရွေးပါဘူး..၊ မယ်ဆင်တို့မြို့ နတ္တလင်းကတောင်ပါသေး..( နှမ ဖြစ်သူမယ်ဆင်လဲ မတ်လထဲ စုဗူးဖောက်မယ်ပြောတယ်..ကလေးရော လူကြီးပါ ကျန်းမာချမ်းသာပါစေကြောင်း ကိုကြီးကျောက်က နေ့တိုင်းဆုတောင်းမေတ္တာ ပို့လိုက်ပါတယ် )၊ ကိုကြီးကျောက် ဒုတိယနှစ်ကျောင်းသားတုန်းက တခန်းထဲ အတူနေတဲ့ သူငယ်ချင်းက သောင်းထွန်းတဲ့၊ သူက မုံရွာသား..၊ နုနုရည်(အင်းဝ) တိုနဲ့ တမေဂျာထဲ..၊ သချာင်္က၊ သူနဲ့ပတ်သက်ပြီး ကိုကြီးကျောက်လဲ သူတို့မေဂျာက အတော်များများနဲ့ခင်တယ်၊
တတိယနှစ်မှာတော့ ကိုကြီးကျောက်နဲ့ သောင်းထွန်းနဲ့ အဆောင်ကွဲသွားတယ်၊ သူက အောင်မင်္ဂလာမှာ ကိုကြီးကျောက်က ဇေယျာဆောင်မှာ၊ အဆောင်ကွဲပေမဲ့လဲ သူငယ်ချင်းတွေ ဆိုတော့ ဟိုအဆောင် ဒီအဆောင်ကူးသန်းနေကြတာပါပဲ၊ သောင်းထွန်းက အောင်မင်္ဂလာမှာနေတော့ သူ့ အခန်းဖေါ်က မုံရွာသား သက်ဦး၊ ကိုကြီးကျောက်က သူတို့အဆောင်သွားလို့ စကားတွေပြော ညဉ့်နက်သန်းကောင် လဘက်ရည်ဆိုင်ထိုင်၊ တခါတလေ ကိုယ့်အဆောင်ကို မပြန်ပဲ ကုတင်တွေဆက်ပြီး သူငယ်ချင်းတတွေ တိုးခွေ့အိပ်ကြတာကိုး၊
တရက်မှာတော့ သက်ဦးက မုံရွာပြန်သွားတယ်၊ သောကြာနေ့ နေ့လည်အတန်းမတက်ပဲ ပြန်သွားတာ၊ ကိုကြီးကျောက်က သောင်းထွန်းကို သွားခေါ်ပြီး လထက်ရည်ဆိုင်ထိုင်၊ ပြန်မယ်လုပ်တော့ သောင်းထွန်းက "ငါ့အဆောင်လိုက်အိပ်ကွာ..သက်ဦးမုံရွာပြန်သွားလို့ သူ့ကုတင်လွတ်နေတာပဲ " ကိုကြီးကျောက်က " အေး...ကောင်းသားပဲ " ဆိုပြီး အောင်မင်္ဂလာကို ပြန်လိုက်သွားတော့ အဆောင်မှာရှိတဲ့ မုံရွာက ကိုထွန်းကျော်ရယ်၊ မြောင်က မျိုးမြင့်မောင်ရယ် အခန်းထဲ အတူစကားပြောနေကြတာပေါ့..၊ အဲဒီ အချိန်မှာ သက်ဦးက အခန်းကို ပြန်ရောက်လာတယ်၊ ကိုကြီးကျောက်တို့ကလဲ "သက်ဦး.. မင်း မပြန်ဖြစ်ဘူးလား " ဆိုတော့ " အေး..." တဲ့၊ သူ့ကုတင် မှာခနထိုင်ပြီး အပြင်ပြန်ထွက်သွားတော့ ကိုကြီးကျောက်တို့က ဒီကောင်အိမ်သာသွားတာနေမှာဆိုပြီး ထင်နေတာပေါ့၊ အိပ်ချိန်လဲ ပြန်မလာတော့ တခန်းခန်းမှာ ဝင်အိပ်နေပြီပဲ ထင်တာပေါ့၊
မနက်ရောက်တော့ မုံရွာက သတင်းတခု ဝင်လာတယ်...၊ မနေ့က ညနေက သက်ဦးစီးသွားတဲ့ မုံရွာကားနဲ့ တဖက်ကလာတဲ့ကား မြင်းမူနားမှာ ကားချင်းအရှောင် ဘေးချင်းပွတ်ပြီး တိုက်မိတာ သက်ဦးလဲ ပွဲချင်းပြီးဆုံးသတဲ့...၊ ဟင်....ဒါဆို မနေ့ညက တွေ့တဲ့သက်ဦးက လူစင်စစ်မဟုတ်ပေဘူးပေါ့..၊ ကိုကြီးကျောက်တို့ မုံရွာ လိုက်သွားတော့ သက်ဦးအလောင်းကို သင်္ဂြိုဖို့ ပြင်ဆင်နေတာ တွေ့ချိန်မှာ ကိုကြီးကျောက်တို့ သူငယ်ချင်းတတွေ မနေ့ညက သက်ဦးပြန်လာတာ အားလုံးအမြင်ပဲမို့ အံ့အားတွေသင့်ကုန်ကြရတာပါပဲ..၊ သောင်းထွန်းကတော့ တပတ်လောက် အခန်းပြန်မအိပ်ရဲဘူးဖြစ်သွားတယ်။ အင်း....ရုတ်တရက် ဘဝပြောင်းသွားတော့ သက်ဦးလဲ စွဲမိစွဲရာ အဆောင်ကို ပြန်လာတာထင်ပါရဲ့..၊ ကိုကြီးကျောက်ကတော့ နှစ်ပေါင်း ၃၀ လောက်ကြာခဲ့ပေမဲ့ မနေ့တနေ့က ဖြစ်ပျက်ခဲ့သလို ခံစားမိကြောင်းပါ....
ကိုကြီးကျောက်တို့ NCI က trial မှာ ဆေးကုဖို့စောင့်နေရင်း အနားရနေတော့ တနေ့တနေ့ အလုပ်မရှိတော့ အစားအသောက်အကြောင်းပဲ စဉ်းစားနေတော့တာပဲ၊ စာဖတ်တော့လဲ အန်တီဘေဘီ၊ကူးကူး၊ မယ်ဆွိ၊ မိုးကောင်းသူ၊ ထမင်းအိုး၊ မယ်မြူး၊ မယ်ချောတို့ရဲ့ အရသာရှိလှတဲ့ ရသစာပေ စားစရာဘလော့တွေပဲ ရောက်ဖြစ်ပြီး သွားရေတမြားမြားနဲ့ ပြန်ခဲ့ရတာပါပဲ၊ အကြော်အလှော် အညှော်တွေများတဲ့ ဗမာဟင်းတွေကလဲ ဆောင်းတွင်းမှာ အိမ်ထဲချက်ရင် ဟင်းနံ့တွေ အဝတ်တွေမှာစွဲနေသလို ခံစားမိတော့ မချက်ဖြစ်ပါဘူး..ချက်မယ်ဆိုလဲ ညှော်စုတ်စက်က တဝူးဝူးအော်၊ အနံ့ပျောက်ဖယာင်းတိုင်မွှေးတွေကိုလဲ ဓါတ်ဆင်ဓါတ်ရိုက်များလုပ်နေသလို တအိမ်လုံးထွန်းထားရသေးဆိုတော့ ချက်ချင်စိတ်မရှိပါဘူး..၊
ပြီးခဲ့တဲ့ အပတ်ကတော့ ရာသီဥတုလေး သာယာလာတော့ အိမ်နောက်ဖေး ကပြင်မှာ ထွက်ပြီးသူတို့ ဘလော့တွေလမ်းညွှန်သလို ကိုယ်စားချင်တာတွေ ချက်ကြည့်တာပေါ့လေ၊ ကွန်ပြူတာကလဲ ဖွင့်ထားရသေး၊ အပြင်ထွက်ချက်လိုက်..မေ့သွားရင် ကွန်ပြူတာကို ပြေးလာဖတ်လိုက်၊ ဆားတဇွန်းပဲ ထည့်ရမှာလား တပုလင်းလုံး ဟင်းအိုးထဲထည့်ရမှာလား...ပြေးပြီးပြန်လာကြည့်ရတာ အမော၊ တော်ပါသေးရဲ့ သူတို့ ရေးတဲ့ထဲမှာ ငံပြာရည်တပုလင်း၊ ဆားတဗူးထည့်ပါလို့ရေးပြီး နောက်ဆုံးမှ အမှားပြင်ဆင်ချက်...ငံပြာရည်တစက် ဆား နှစ်ပွင့်သာခတ်ပါဆိုရင် ပြဿနာ၊
ဟော...ချက်ပြုတ်လဲပြီးရော လက်စွမ်းပြထားတဲ့ ကိုယ့်လက်ရာကို ကိုယ့်ဖာသာကောင်းတယ်ဆိုပြီး အားပေးရင်း ငံညီးညီး တူးတူးခါးခါးလေးကို ကြိတ်မှိတ်စားပလိုက်တော့တာပါပဲ၊ ကဲ..ကိုကြီးကျောက်တို့ အပြင်ထွက် ဟင်းချက်ကောင်းလိုက်တာ အအေးမိသွားပြီး နေမကောင်းချင်ချင်ဖြစ်လို့ စာလဲမရေးနိုင်တာ တပတ်လောက်ရှိပြီ၊ ဘလော့တွေလဲ အကုန်မရောက်ဖြစ်ပဲ တနေ့ တခုနှစ်ခု သွားနိုင်တော့တယ်၊ ကြာကြာမထိုင်နိုင်တာကြောင့်ပေါ့..၊ ခုတော့ သက်သာပါပြီ..ဟင်းချက်ဖို့ အစီအစဉ်တော့ spring ရောက်အောင် ရွှေ့ဆိုင်းထားပါကြောင်း...။
google က ပုံကို သုံးထားပါသည်။
36 comments:
ဇောအဟုန်က တကယ်ထူးဆန်းတယ်၊
ညီမရဲ့ ဘကြီးလည်း ညီမဆီလာဖူးတယ်၊ သူဆုံးခါနီး ညီမကို နေကောင်းရဲ့လားလို့ မေးပြီးပြီးချင်း ဆုံးသွားလို့လေ။ ဘကြီးက ဆေးရုံမှာ၊ ညီမက အိမ်မှာ။
မေတ္တာပို့ အမျှဝေချက်ချင်းလုပ်ပေးလိုက်ပါတယ်။
ကျန်းမာရေး ဂရုစိုက်ပါ ကိုကြီးကျောက်ရေ။
နတ္တလင်း ကဘယ်သူလဲ ကိုကြီးကျောက်
သိမလားလို့။
အဲတုန်းကတော့
ပိစိကွေးပဲရှိဦးမ ယ် ဒါပေမဲ့သိများသိမလားလို့ စပ်စူကြည့်တာ .
ပေါင်.တည် နတ်တလင်း ကနော်
ဗောဓိကုန်းရှေ့ကအဆောင်တွေကိုကောဗျ...
လွမ်းစ၇ာပေါ့ဗျာ..
ကြားဖူးတာပဲများတယ် ။ တခါမှတော့ မကြုံဖူးဘူး (အဲလိုပြောရင်ကြုံရသတဲ့) အဟေးဟေး ။ သူငယ်ချင်းတွေနဲ့ အရက်သောက်ပီးပြန်လာတော့ လမ်းမှာ သရဲခြောက်တယ်ဆိုတဲ့ အပင်က အကိုင်းကို လိုက်ခဲ့ဆိုပြီး ချိုးလာပြီး အခန်းထဲ ထည့်အိပ်ဖူးတယ် ။ ငါ့ကို နှစ်လံးထီဂဏန်း ပေးလို့ မအိပ်ခင်ပြောတာပေါ့ ။ သူငယ်ချင်းတွေကတော့ ကြောက်လို့ လစ်ကုန်တော့ အိုက်ညက တစ်ယောက်တည်း သရဲခေါ်လာတဲ့ အကိုင်းနဲ့ အိပ်လိုက်တယ် ။ သရဲက လိုက်မလာတာပဲလား ၊ နှစ်လုံးထီ အတိတ်စိမ်း မပေးတတ်လို့ပဲလား ၊ သူပြောတာကို ကိုယ်က မူးနေလို့ မသိတာပဲလားတော့ မသိဘူး ။ ဘာမှမထူးလိုက်ဘူး ။ သရဲအရမ်း မကြောက်ပေမယ့် သူများပြောရင်တော့ ကျောတစိမ့်စိမ့်နဲ့ မဆုံးတမ်းကို နားထောင်ချင်တာ ဘကျောက်ရေ ... ရှိသေးရင် ထပ်ပြောပြဦး ။ အဟေးဟေး ။
ဒါထက် စားတော်ကဲကျောက် ဆိုပြီး ကျောက်ဟင်းလျာ ချက်နည်းလေးဘာလေး တင်ပါလား ။ သွားရည်ကျချင်လို့ ။ အဟေးဟေး
ဘကျောက် ကျန်းမာ လန်းဖြာ ပါစေ
ချစ်ခြင်းအားဖြင့်
ကိုရင်ညိန်း
တမလွန် ဆိုလို့  အလန့် ထညက် ထ လိုက်
လာမိတယ်ဗျာ..။ တယ်နောက်တဲ့  အကိုကျောက်။
အဲ့ ဒီ အဖြစ်အပျက်က တကယ်လဲရှိတယ်ဆိုတာ
လက်ခံတယ်ဗျ။ အစွဲ နဲ့  ကူးသွားရင် ကိုယ့်ကိုယ်
ကို လည်း ကူးသွား ပြောင်းသွားတာ သိလိုက်မှာ
မဟုတ်ပါဘူးနော်။ ဒါဆို ကျွန်တော်တို့  ဘယ်လို
လေ့ ကျင့် နေရမလဲ ဟင်..။
အိ... အဲ့ဒီလို လူလုံးလိုက်ကြီး လာချောက် သွားတာလား။ အင်းပေါ့လေ... ကိုကြီးကျောက် ကတော့ သူငယ်ချင်း ဖြစ်နေလို့ မကြောက်ဘူး ထင်တယ်။ ဆုံး ပြီးပြီးချင်းက လူတိုင်း အဲ့လိုပဲတဲ့။ တစ်ဘက်ကို မသွားနိုင်သေးဘူး။ အစိမ်းသေမှ မပာုတ်ဘူး။ ရို့စ် တို့ အမျိုးထဲက အစ်မ ၀မ်းကွဲ တစ်ယောက်ရဲ့ ယောက္ခထီးကြီးက အသက်ကြီးလို့ ရောဂါနဲ့ ဆုံးတာ။ ဒါပေမယ့် ၇ ရက် မပြည့်ခင် အိမ်မှာ သူ လုပ်နေကျ အတိုင်း လုပ်နေတာတဲ့။ ခြေသံ တရှပ်ရှပ်နဲ့ ကြားနေရတယ် ဆိုပဲ။ ရို့စ်တော့ သရဲ ကြောက်တတ် သလို သရဲ ရုပ်ရှင်တွေလည်း အရမ်း ကြည့်တယ်း)
အစိမ်းသေ ဆိုတော့လည်း စွဲမိစွဲရာ ၊ သူတို့ နောက်ဆုံး ရောက်ခဲ့တဲ့ နေရာ ၊ သွားနေတဲ့ နေရာကို သွားမိတတ်တာ ထင်တာပါပဲ။ စိတ်နယ်လွန် ဖြစ်ရပ်လို့ ဆိုရမလားပဲ။
ဆားတစ်ပုလင်းလုံး ထည့်မိပါက ဟင်း အဆ ၂၀၀ နှင့် ထပ်ပွားလိုက်ပါလို့ နောက်ထပ် ပို့မှာ ဖြည့်စွက် ရေးထားတယ်လေ ၊ ကိုကြီးကျောက် မဖတ်လိုက်ရဘူး ထင်တယ်။ အင်းလေ. . အဲဒီနေ့က ချက်ပြီး နေမကောင်းဖြစ်သွားလို့ လွတ်သွားတာ နေမယ် ဟဲဟဲ။
နတ္တလင်း က မယ်ဆငိဆိုလို့ မယ်ဆင် ဘလောက်က ပို့စ်တွေပြေးဖက်ရတာ မေမြို့ကြောင်းပဲတွေ့တယ် နတ္တလင်းတော့မတွေ့သေးဘူး ကိုကြီးကျောက် ရေ ။
သူများပြောပြတဲ့ ကိုယ်ထင်ပြတဲ့ ဇာတ်လမ်းရှိသေးတယ် ဘကျောက် ...
အိမ်နားမှာနေတဲ့ ဘူမိဗေဒက ဆရာမလေး၊ ငယ်ငယ် ချောချော အိမ်ထောင်လဲ မရှိဘူး။ ကားနဲ့ခရီးသွားတုန်း လမ်းမှာ သောင်းကျန်းသူတွေ ပစ်တဲ့ ကျည်ဆံ မှန်သွားပြီး နေရာမှာတွင် သေသွားတယ်။ အဲဒီညမှာပဲ သူက သူ့မိဘတွေဆီကို ရောက်လာတယ်တဲ့။ အထုတ်အပိုးတွေနဲ့ ခရီးက ပြန်လာတဲ့ ပုံစံမျိုးပဲတဲ့။
အဲဒီလို အဖြစ်အပျက်တွေကို သနားလဲ သနား၊ ကြောက်လဲ ကြောက်တယ် ဘကျောက်ရေ ... ။
ဘကျောက် တို့များ ဟင်းချက်ဖို့ အရေး spring ထိ ရွှေ့နေသေးတယ်။ ဟင်းချက်လို့ အနံ့စွဲမှာ မပူပါနဲ့။ လကမ္ဘာသွားတဲ့ ၀တ်စုံလိုမျိုး အထူးအော်ဒါမှာပြီး အဲဒီဝတ်စုံဝတ်ပြီး ဟင်းချက်ပေါ့။ ကောင်းဘူးလား ... ။
အဲလိုအဖြစ်အပျက်တွေ တကယ်ရှိတယ်နော်...
သေပြီးမှ လာနှုတ်ဆက်တာ...။
ထူးဆန်းပါပေ့ ဆကျောက်ရယ်။
သေမှန်းသိပြီးမှ ရောက်လာရင်ပိုကြောက်ဘို့ကောင်းမယ်၊ လန့်ပြေးမဲ့သူတွေထဲတော့၊ ကိုကြီးကျောက်မပါလောက်ဘူး၊
ဘကျောက်တို့များ တွေ့ လိုက် ကြုံလိုက် ရရင် အသည်းအသန် တွေပဲ ..ကိုယ်ထင်လာပြတာကလည်း.. မေးတာကိုတောင် ပြန်ဖြေတတ်တယ် နော်.. “အေး”.. တဲ့ .
တော်သေးတယ် ..
မယ်ကိလိုကြောက်တဲ့သူသာ ဒီလို တဲ့တဲ့တိုးလိုက်ရင်တော့ ..အမငီး ..တွေးရဲဘူး..
နေကောင်းသွားမှာပါ..
အကျီ င်္ပါးပါးဝတ် ..
ဘယ်မှာ နေတာလည်း..
ဩော်..နီးသားပဲ..
( ဇာဂနာ စကားလုံးတွေ ငှားသုံးသွားတယ် )
စားချင်ရာစားပါ.. များများစားပါ ..
အားမနာပဲ စားပါ ..
ကိုယ့်အိမ်မှတ်ပြီး စားပါ ..း))
မယ်ကိ
အန်ကယ်နိုင်ကတော့ သရဲနဲ့ ရေစက်ကို ဆုံနိုင်လွန်းတယ်။ ကျွန်မ ငယ်ငယ်က သရဲကို လူများများ ရှိတဲ့အချိန်မှာ တခါလောက် မြင်ဖူးချင်လို့ တွေ့ပါစေလို့ အမြဲဆုတောင်းပေမဲ့ တခါမှ မြင်ခွင့်မကြုံလို့ သရဲဆိုတာ မယုံခဲ့ဘူး။ ကြီးလာမှ စာအုပ်တွေဘာတွေ ဖတ်ပြီး သရဲဆိုတာ တကယ်ရှိတယ်ဆိုတာ သိသွားတယ်။ ငယ်ငယ်က မယုံဘူးလို့သာ ပြောပေမဲ့ တကယ်တမ်းကျတော့ တယောက်တည်း ရှိနေတဲ့ အချိန်ဆိုရင် သရဲချောက်ရင်တော့ ဒုက္ခပဲဆိုပြီး တွေးကြောက်တတ်တယ်။
ကိုယ်သာ အခန်းဖော်ဆို အခန်းပြောင်းရမယ် ထင်တယ်။ ညသန်းခေါင်ရောက်မှ စောင်လာစွဲ နေရင် မလွယ်ဘူး။
အစိမ်းသေဆိုတော့လည်း သေပြီးပြီးချင်း ဘာဖြစ်လို့ဖြစ်မှန်း မသိတာနဲ့တူပါတယ်။
အောင်မင်္ဂလာ ရေချိုးကန် မှာ ညဘက်ရေချိုးတော့ ရေငင်တဲ့ပုံးကို အောက်ကနေ ဆောင့်ဆွဲတယ်ဆိုလား..
နတ်တလင်း ဆိုတာ Netherland ကို မြန်မာလို အသံထွက်တာလား ... ;)
အိမ်နီးနားချင်းတွေကို ချစ်လို့ ငရုတ်သီး
ကြော်မလို့လား ... :P
ဘကျောက် ရေ ရဲရဲံတော့ကြောက်တတ်တယ် ကျော်ဖတ်သွားတယ် ...
ဟင်းချက်တာကတော့ ဒီညနေကျောင်းကပြန်လာတော့
အုန်းနို့ ခေါက်ဆွဲ ချက်မယ်ပေါ့ ရန်ကုန်က အထုပ်တွေ၇ှိတာကိုး
ခေါက်ဆွဲလည်းပြုတ်ပြီးပြီ ချက်တော့မယ်ဆိုခါမှ မုန့် ဟင်းခါးထုပ်ဖြစ်နေရော အုန်းနို့ က တစ်ထုပ်တည်း
သူငယ်ချင်းက ၅ယောက် ဟယ် ဂူုဂယ်မှာ အုန်းနို့ ခေါက်ဆွဲလို့ ရိုက်ထည့်လိုက်တာ
ချက်နည်းပေါ်လာရော အံမယ်ချက်သွားတာက ဥဇဘက် ကစ်စတန်က သူငယ်ချင်း သူက မြန်မာဟင်းချက်ချင်တယ်ဆိုလို့ လက်ဆင်ပေးနေတာ ကိုယ်က ဘလော့ဖတ်ရင်း လှမ်းအော် သူက ချက်မိုက်တယ် ....
အ၀တ်တွေ ဗီဒိုထဲထည့်သိမ်းလေ တို့ များတော့ ချက်တော့မယ်ဆိုရင် ခေါင်းတွေလည်းပေါင်းတစ်ကိုယ်လုံးကို ခေါင်းမြီးခြံပြီးမှ ချက်တာ.......
ကြည်ကြည်
ကိုကြီးကျောက်ရ..
ကျနော်ဆေးရုံတက်နေတုန်းကတော့ ည၁နာရီကျော်မှာ
ဆရာဝန်မတစ်ယောက်က ဆေးထိုးဘို့ လာနိုးတာဗျ..
လက်မောင်းမှာထိုးခံမလို့ လုပ်နေရင်း ကိုယ့်ကိုကိုင်ထားတဲ့ ဆရာဝန်မလက်တွေက
အေးစက်နေလို့ မထိုးတော့ဘူးလို့ ပြောတော့
သူစိတ်ဆိုးတယ်..ပြီးတော့ နံရံကို နောက်ပြန်ဆုတ်ပြီးဖောက်ထွက်သွားတာ...
နောက်ရက်မှသိရတာ..ဆရာဝန်မက မနှစ်ကဆုံးသွားတာ..
သူ့ အတွက် ညနေဆိုအမွှေးတိုင်တွေ ညောင်ပင်မှာ
ထွန်းပေးကြတယ်..အဲဒီညောင်ပင်က ကျနော့်အခန်းနားမှာလေ..အဲဒီအခန်းမှာလဲ လူနာက ကျနော် နဲ့ အခြား၁ယောက်ဘဲ ရှိတာ...။
ရုပ်တော့ ချောတယ်ဗျ..
ထားဝယ်ဆေးရုံကြီးက ဆရာဝန်မပေါ့..။
ဒါတွေဖတ်ရင်ကြောက်လို့ အကုန်ကျော်ဖတ်လိုက်တော့ ကော်မန့်ပိုင်းရောက်သွားတယ်.. ဘကျောက်ရေ.. သားသားကြောက်ကြောက်..
ဘကျောက်။။
နောက်တစ်ခါ အဲဒီလို သေပြီးမှ အရှင်လတ်လတ်ကြီး ပြန်လာခဲ့တာ တွေ့ရင် ဦးထုပ်ကို မရ ရအောင် လုယူထားလိုက်။ ပီယဆေး ကောင်းမှကောင်းဆိုဘဲ။ :D
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ကျနော်တော့ အသံကြားရတာပဲကြုံဖူးတယ်ကိုကြီးကျောက်ရေ... သိလို့ လားမသိဘူး ကြောက်လိုက်တာ လှုပ်လို့ကိုမရတော့တာပဲ...
ကဲ... ကွန်ပြုတာဖွင့်လိုက် ဟင်းချက်လိုက် လုပ်တာ ကြည့်ကျက်လုပ်ပါဦး... တော်ကြာမှ မီးထလောင်ကုန်လို့ ခက်ကုန်မယ်...
ဂရုစိုက်ဦးဗျာ...
ဘကျောက်
“သူက အေး လို့ ခေါင်းငုံပြောတာလား၊ ဒါမှမဟုတ် ဘကျောက်တို့ကို ကြည့်ပြောတာလား”
တွေးရင်း ကျောချမ်းလိုက်တာ ဘကျောက်ရာ။
ဘကျောက်ချက်တဲ့ ဟင်းလေးလည်း တင်ပါဦး။ မှတ်သားရတာပေါ့..း)))
In my 3rd yr final examtime, a final yr student from Aungmingalar hall hanged near by field.But he went tea shop from hall as usual without knowing he's dead.My friends n i from Shweman hall side wing can easily know by dogs making long sound n following.....
Gyidaw
saw(yellow-land)
အနံတွေ အသံတွေတော့ ကြားရဘူးတယ်။
အသံနှင့် နောက်ကလိုက်လာတာနော်။ ပြီးမှပဲ ရေးပါတော့မယ် Blog မှာ :P
ဘကျောက်ရေ
ကျန်းမာရေးကို ဂရုစိုက်ပါ။ ဟင်းချက်တာလေးတော့ ကိုယ်တိုင်ကြုံဖူးလို့ သိသဗျ။ ငန်ငန်တူးတူး ကိုယ့်ဘာသာ ချက်တာဆိုတော့ ကောင်းလိုက်ရတာပေါ့။
အမငီး
သူငယ်ချင်းတွေ တပြုံကြီးကို တခါတည်း လာနှုတ်ဆက်သွားတာပေါ့နော် .. ကျောချမ်းလိုက်တာ .. အိ
မိုးခါး
ဘလောက်ကို မကြာမကြာရောက်ဖြစ်သော်လဲ တခါမှမမန့်ဘူးပါ။
အခုတော့ ဟိုနို့တလုံးစိန်အကြောင်းရော ဒီလို တွယ်တာရာတွေဆီ လိုက်လာတတ်တဲ့ ဝိညာဉ်တွေအကြောင်း ဆက်ဖတ်လိုက်ရတော့ မမန့်ပဲမနေနိုင်တော့ဘူး။ ကျွန်တော့်ဦးလေး(အဖေ့ညီဝမ်းကွဲ)ဟာ ပဲခူးရိုးမထဲမှာ နို့တလုံးစိန်အဖွဲ့ရဲ့ လက်ချက် မိသွားတယ်။ နို့တလုံးစိန်အဖွဲ့က ချုံခိုတိုက်တော့ သူရယ် တခြားစစ်သားတယောက်ရယ်က လှိမ့်ချလိုက်တာ သူပုန်တွေမမြင်နိုင်တဲ့ ကုန်းလေးအောက် ရောက်သွားတယ်။ ပုန်းနေတာ လွတ်နေပြီ။ နောက်ဆုံး တပ်ခွဲလုံးနီးပါးအပြုတ် ဖြစ်သွားတဲ့အချိန် သူ့တပ်ခွဲမှူးကို တဘက်က ဖမ်းမိသွားတယ်။ ဒီတော့ အဲဒီစစ်ဗိုလ်ရဲ့လည်ပင်း မိန်းမတယောက်က ငှက်ကြီးတောင်နဲ့ ခုတ်သတ်မယ်လုပ်တော့ "ဝင်းဖေရေ ငါ့ကယ်ပါအုံး"လို့ အော်ရော။ အဲဒီအော်သံ ကြားလိုက်လို့ ကိုဝင်းဖေက ကုန်းပေါ်ပြန်တက်သွားတာ အပေါ်လဲရောက်ရော လှံစွပ်နဲ့ ဘယ်ဘက်ရင်ဘတ်မှာ လေးချက်၊ ညာဘက်ရင်ဘတ်မှာ လေးချက် အထိုးခံလိုက်ရတယ်။ သူ့ရဲ့မိန်းမက (တလလား၊ နှစ်လလား မမှတ်မိတော့)ကိုယ်ဝန်နဲ့ ကျန်ခဲ့တယ်။ ပိုပြီး စိတ်မကောင်းစရာကတော့ သူကျသွားတဲ့အချိန်မှာ သူ့မိန်းမကိုယ်ဝန်ရှိနေတာ သူမသိသွားရဘူး။
အဲဒီအချိန် (၁၉၇၁၊ ၇၂ လောက်)တုန်းက အလောင်းပြန်သယ်ဖို့တွေ ဘာတွေ စစ်တပ်ကတာဝန်ယူပြီး စီစဉ်ပေးတယ်လေ။ အခုလို ကြုံရာမြှုပ်ခဲ့တာမျိုးမှ မဟုတ်တာ။ တပ်က အကြောင်းကြားတော့ အမေနဲ့ အမျိုးသမီးက လုံးဝ မလိုက်နိုင်တော့ဘူး။ ဖိုးလေး(ကိုဝင်းဖယ်ရဲ့အဖေ)ရယ်၊ ကျွန်တော့် အဖေရယ်၊ ကျွန်တော့်အဖွားရယ်ကို စစ်တပ်က ကားနဲ့ ပဲခူးဘက် မြို့လေးတမြို့ကို ခေါ်သွားတယ်။ ကျသွားတာ သုံးလေးရက်ကြာပြီဆိုတော့ ဟိုရောက်တော့ မမှတ်မိအောင်ကို ရုပ်ပျက်နေပြီ။ ရင်ဘတ်ပေါ်တင်ထားတဲ့ ဘားနှစ်ဘား (အဲဒီအချိန်မှာ အပွင့်တွေမသုံးသေး)နဲ့ သူ့မိန်းမရဲ့ဓါတ်ပုံကြောင့်သာ ဗိုလ်ဝင်းဖေဆိုတာ သိရတာတဲ့။ မမှတ်မိအောင်ကို ရုပ်ပျက်နေပြီတဲ့။ အလောင်းတွေကိုလဲ အဲဒီကဆေးရုံလေးမှာ ဝါးကွပ်ပျစ်လေးပေါ်မှာ တင်ထားတာကိုတွေ့တော့ ဖိုးလေးက စစ်တပ်ကို တရားစွဲမယ်တွေ ဘာတွေ လုပ်သေးတယ်။ သူ့သားအလောင်းကို ပစ်ထားရလား ဆိုပြီးတော့ပေါ့။ နောက်တော့မှ သေနေပြီဟာ တရားစွဲလဲ မထူး၊ ပြန်သယ်နေလို့လဲ မထူးဘူး ဆိုပြီး အဲဒီမှာပဲ သင်္ဂြိုလိုက်ကြဖို့ ဖိုးလေးက စီစဉ်လိုက်တယ်။
သူတို့အပြန်မှာ ဇာတ်လမ်းက စ ပါလေရော။ တလမ်းလုံး အပုပ်နံ့ကြီးကမပျောက်ဘူး။ အခုဘဲ အသုဘကပြန်လာတာဆိုတော့ အဲဒီအနံ့ကျန်မှာပေါ့လေ၊ အိမ်ရောက် ရေမိုးချိုးပြီး ပျောက်သွားမှာလို့ဘဲ ထင်နေကြတာ။ ဘယ်ဟုတ်မလဲ။ လိုက်လာတာဗျ။ အမိန့်တွေဘာတွေပြန်၊ ပရိတ်တွေဘာတွေရွတ် လုပ်လိုက်ရတယ်တဲ့။ အဲဒီအချိန် ကျွန်တော် တတန်းလား နှစ်တန်းလားရှိသေးတယ်။ ကျွန်တော် ဆယ်တန်းအောင်ပြီး စစ်ထဲဝင်ချင်တယ်ဆိုတော့ တမျိုးလုံးဝိုင်းပြီး ပိတ်ကြတာ အဲဒီကိုဝင်းဖေအတွေ့အကြုံကြောင့်ပဲ။ လိုက်လာတတ်တာမျိုးမို့လို့ မဟုတ်၊ သေရင်တောင် အလောင်းကို ဖြစ်ချင်တိုင်းဖြစ် ထားတဲ့ စစ်တပ်ဆိုတဲ့ အတွေ့အကြုံကြောင့်။ ပါတ်သက်ရာ၊ ပါတ်သက်ကြောင်းတွေကပါ တားလို့ မဝင်ဖြစ်လိုက်ဘူး။ နောက်ပိုင်းမှ သူတို့တွေအားလုံးကို ကျေးဇူးတင်ရတယ်။
ကိုကြီးကျောက်ရေ...
မယ်သက်က ကြောက်တတ်လို့ အသာပဲ ရှပ်ပြီး ဖတ်သွားပါတယ်... (တကယ်ကြောက်တတ်တာပါ)
ကိုကြီးကျောက် အနာရောဂါ ကင်းစင်ပြီး နေကောင်း ကျန်းမာရှိပါစေလို့ အမြဲဆုတောင်းနေပါတယ်... ဟိုရက်တွေက မဲလ်ဝဲ နှိပ်စက်လို့ လင့်ခ်တွေ ပျောက်ကုန်တာရယ် ရုံးမှာ အလုပ်များတာရယ်ကြောင့် မရောက်တာ ကြာသွားတယ်...
အခုတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး လင့်တွေ ပြန်တပ်လိုက်ပြီ... စစ်လဲ မစစ်တော့ဘူး...
အများနဲ့ဆိုတော့ လာမယ့်ဘေး ပြေးတွေ့ရုံပဲလို့ သဘောထားလိုက်တယ်... အဟိ...း))
သရဲအကြောင်းဆို ကြောက်ပေမယ့်လည်း ဖတ်တယ် :P
လေးလေးကျန်းမာပျော်ရွှင်စွာ စာအမြဲရေးနိုင်ပါစေ။
ကျန်းမာပါစေမင်္ဂလာပါကိုကြီးကျောက်-
ဟင်းချက်ပြီးရင် “ မုန့်ပေါင်း ” လုပ်အုံးနော်-
ဒါဘဲ-
ကျွန်မလည်း မန္တလေးတက္ကသိုလ်မှာ ကျောင်းတက်ခဲ့တော့ ကျောင်းဝင်းထဲက အဆောင်တွေရဲက သရဲပုံပြင်တွေ တော်တော်များများ ကြားဖူးခဲ့တယ်။
ကျွန်မကတော့ ကိုကြီးကျောက်လို ကျောင်းဝင်းထဲက အဆောင်မှာ မတက်ခဲ့ရဘူး ကျောင်းဘေးနားက အပြင်ဆောင်တွေကနေ တက်ခဲ့တာ ဆိုတော့ ညည ဂစ်တာ တီးတဲ့ သရဲတွေဘဲ တွေ့ရတယ်။း)
ကိုကြီးကျောက်အတွက် ဟင်းကောင်းကောင်းလေးတွေ ရွေးချက်ဦးမှး)
ကျွန်မလည်း မန္တလေးတက္ကသိုလ်မှာ ကျောင်းတက်ခဲ့တော့ ကျောင်းဝင်းထဲက အဆောင်တွေရဲက သရဲပုံပြင်တွေ တော်တော်များများ ကြားဖူးခဲ့တယ်။
ကျွန်မကတော့ ကိုကြီးကျောက်လို ကျောင်းဝင်းထဲက အဆောင်မှာ မတက်ခဲ့ရဘူး ကျောင်းဘေးနားက အပြင်ဆောင်တွေကနေ တက်ခဲ့တာ ဆိုတော့ ညည ဂစ်တာ တီးတဲ့ သရဲတွေဘဲ တွေ့ရတယ်။း)
ကိုကြီးကျောက်အတွက် ဟင်းကောင်းကောင်းလေးတွေ ရွေးချက်ဦးမှး)
ကျောက်ကျောက် ချက်တဲ့ ငံတူးတူးလေး စားချင်သေးတယ်...သရဲများ ကြောက်စရာမှတ်လို့ ကိုယ့်သူချင်း အရင်းတွေလိုပဲဆက်ဆံလိုက်ပေါ့.
ဘလော့ဂ်တွေမှာ သရဲအကြောင်းရေးတာတွေ ခေတ်စားနေပါ့လား မူလ လက်ဟောင်း ကိုကြီးကျောက် ရေစ္စလီလုပ်ထားမှနော်....ဟီး ဟီး....:)
ငယ်ငယ်တုန်းကလိုပဲ ၀ယ်စားလိုက်ပြီးရောပေါ့ဗျာ။ ထမင်းဟင်းကိုပြောတာပါ
Post a Comment