Tuesday, June 22, 2010

ငရုပ်ဆုံတစ္ဆေ နှင့် ဝေဒဆရာကျောက်


ကိုကြီးကျောက်တို့ ကျောင်းသားဘဝက ဆရာကျောက်..ဆရာကျောက်နဲ့ မန္တလေး၃၇ လမ်းက အမျိုးသမီးဆောင်တွေ မှာတယ်ထင်ပေါ်ကျော်ကြားခဲ့တာပေါ့ဗျာ၊ ထင်ပေါ်ကျော်ကြားဆို ကိုကြီးကျောက်က မိန်းကလေး ၉၉% စိတ်ဝင်စားတဲ့ ဝေဒဆရာဖြစ်ပေသကိုးဗျ၊ တတ်လွန်းကျွမ်းလွန်းလှချည့်ရဲ့လို့ မဟုတ်ပေမဲ့ တတ်သည့်ပညာမနေသာဆိုသလို အစွမ်းတွေပြလေတော့ အားကိုးကြရှာမှာပေါ့လေ၊ သူတို့တွေက ဆရာကျောက်ကို မြင်တာနဲ့အတင်း လက်ထိုးပေးကြလေတော့ ဆရာကျောက်မှာ လက်ကိုင်နေရရှာတာပေါ့၊ ဆရာကျောက်ကို လက်ဖဝါးပြရင် လျက်ဆားမရမှန်းသိပေမဲ့ ဗေဒင်တဲ့ဟေ့..ဆိုရင်၊လျက်ဆားထက်စိတ်ဝင် စားတတ်တာက ဣဌိယတို့ရဲ့သဘာဝပဲကိုးခင်ဗျ..၊


တကယ်တော့ ဆရာကျောက်က လက္ခဏာပညာကို လုံးဝ နီးပါးလောက် မတတ်လေသူပါ၊ အဲ...ဒါပေမဲ့ ဗေဒင်လက်ရိုး မဟာဘုတ်ကတော့ ဆရာနဲ့ သမားနဲ့ အသေအချာ သင်ခဲ့ဖူးလေတော့ ခေသူတော့မဟုတိပေဘူးပေါ့ဗျာ၊ ဒါပေမဲ့ မိန်းကလေးများကလဲ ဗေဒင်ပညာကို နားလည်ရင် လက္ခဏာပညာကိုလဲ အလိုလို တတ်မယ်လို့များထင်နေသလား မသိပါဘူး၊ဆရာကျောက်တွေ့ရင် သူတို့မှာ လက်တပြင်ပြင်နဲ့ (ပါးရိုက်ချင်လို့မဟုတ်ပါဘူး.. ဆရာ့ကိုအားကိုးလွန်းလို့ပါ)၊


ဆရာကလဲ ခက်တည်တည်ပဲ..သူတို့လက်ကလေးကို အနုလုံပဋိလုံ သုံးသပ်ပြီးသကာလ ...အင်း.........ထီးရိုးကတော့ ရှည်တယ်..၊ မောင်ရင်လောင်းတွေ ဆောင်းတဲ့ထီးရိုးပဲ..၊ ချမ်းသာတဲ့ အလှူ့အမ ဖြစ်မှာပဲတို့ ဘာတို့ညာတို့ နဲ့ဖြီးလိုက်ရင် သဘောတွေကျလို့၊ ဆရာကျောက်ရဲ့ ဗေဒင်ပညာ ကိုလဲ သူတို့ရဲ့ အတင်းလေးတွေ..အဲ..အဲ..သတင်းလေးတွေနဲ့ ရောစပ်ပြီး ( တယောက်အပြင်သွားရင် ကျန်တဲ့သူတွေက ဆရာကျောက်ကို မရှိတဲ့တယောက်ရဲ့ သတင်းလေးတွေ မျှဝေပေးကြတာကိုး..) ဟောချက်တွေထုတ်လိုက်ရင် ဒက်ထိကွက်တိတွေချည့် ဖြစ်နေတော့တာပဲ၊


ကိုင်း......ဝေဒဆရာကျောက်ရယ်လို့ ဒီလိုနာမည်တလုံး ရမဲ့ သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်ကြစို့လား...၊ ဆရာကျောက်တို့ကျောင်းသားဘဝက မဆလအစိုးရကလဲ ဆူဆူရှိရင် ကျောင်းပိတ်ဖို့ပဲ စိတ်ကူးနေတာကိုး၊ အဆောင်မှာ အခန်းစေ့ရေနွေးအိုးတည်လို့ ဆူရင်တောင် ကယောင်ကတန်းနဲ့ ကျောင်းပိတ်မယ်ဆိုတဲ့ခေတ်ဆိုတော့ ဆရာကျောက်တို့မှာကျောင်းပိတ်ရက်တွေ တယ်ပေါတာကိုး၊ ကျောင်းပိတ်ရက်မှာ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဘာလုပ်ရမှန်း မသိဖြစ်နေတော့ဆရာကျောက်လဲ အရပ်ထဲက ဗေဒင်ဆရာဆရာမြင့်ဆီက ဗေဒင်စာအုပ်တွေငှားဖတ်၊ မသိတာ နားမလည်တာသွားမေးရင်း ၃ လအတွင်းအခြေခံဗေဒင်လက်ရိုးကို အတော်တီးမိခေါက်မိသွားတော့တာပါပဲ၊


ဆရာမြင့်ကလဲ ပညာလိုလိုလားလားသင်ပေးရှာပါတယ်၊ ကိုယ်တိုင် ဗေဒင်ပညာတော်ရှာပေမဲ့ ဆရာမြင့်ရဲ့အားနဲချက်က အရက်ကလေးကြိုက်တတ်တာရယ်၊ဖဲရိုက်ရတာ ဝါသနာပါတာရယ် စကားကိုသာယာနာပျော်ဖွယ် မပြောတတ်တာရယ်ကြောင့် သူ့ခမြာ နာမည်ကျော်ဗေဒင်ဆရာ မဖြစ်ရှာပေဘူးပေါ့၊ သူ့မိန်းမက ဒေါ်တင်စုတဲ့၊ သူကလဲယောင်္ကျားကို စကားပြောရင်နဲနဲတော့ အပြစ်ပြောလိုက်ရမှ၊ အပြစ်မတင်လိုက်ရရင် အိပ်မပျော်စားမဝင်၊ တခါကလဲ ဆရာမြင့်က ဒူးရင်းသီးတလုံး ဗေဒင်ဟောရင်းရလာတယ်၊ ဒေါ်တင်စုက ဆရာမြင့်ယူလာတဲ့ ဒူးရင်းသီးကို ကြည့်ပြီး..ဟင်း..တော့ ဒူးရင်းသီးကလဲ ကြည့်ရတာအပေါက်ကို မတည့်ဘူး တဲ့..၊ မကောင်းဘူးပြောတာပေါ့လေ၊ ဆရာမြင့်ကလဲ ဒေါသဖြစ်ဖြစ်နဲ့ ပြန်ပြောလိုက်တာက အော...မင်းက မိန်းမလူစွမ်းကောင်းမို့ ဒူးရင်းသီးနဲ့ အပေါက်နဲ့ တည့်ချင်ရတာပေါ့လေတဲ့၊ ..ဆရာကျောက်ကတော့ မျက်စေ့ထဲမှာ ကွင်းကွင်းကွက်ကွက် တန်းမြင်သွားတာမို့ အသာကြိတ်ရီပြီး ပြန်လာခဲ့ရတယ်၊


ဆရာမြင့်က သားသမီး ၃ယောက်ရှိတော့ အကြီးဆုံးသားက ပုဏ္ဏား တဲ့ ဆရာကျောက်သူငယ်ချင်း၊ ဒုတိယသားက မောင်အေး တဲ့၊ ဘယ်သူမှ ဆရာမြင့်ရဲ့ပညာကို အမွေမရလိုက်ကြပါဘူး၊ မောင်အေး က ဂီတာလေး တဒေါင်ဒေါင်ခေါက်နေတတ်လို့ ဆရာကျောက်တို့က တက္ကသိုလ်အေးမောင်နဲ့ မမှားရလေအောင် မူကြိုမောင်အေး လို့နာမည်ပေးထားရတယ်၊ မူကြိုမောင်အေးလဲ ဂီတာလေးတီးရင်းခေါက်ရင်းနဲ့ အရပ်ထဲက ဇတ်တဖွဲ့နောက်လိုက်သွားလိုက်တာ ဇတ်ထဲကယိမ်းသမတယောက်နဲ့ ညားပါရောလား၊ ဇတ်ကတီးဝိုင်းဆရာ ဆိုတော့ဇတ်ကရာနေရာတိုင်းက ဧည့်ခံတဲ့ အရက်ဝိုင်းလေးမှာ သောက်ရင်းသောက်ရင်းနဲ့ ကြာတော့လဲကျန်းမာရေးထိခိုက်လာတယ်၊ မိန်းမဖြစ်သူယိမ်းသမကလဲ ကလေးတဖက် မကျန်းမာတဲ့လင်ကတဖက်နဲ့ ဆေးလိပ်ကလဲ လိပ်ရသေးတာမို့ သူ့ခမြာ လင်ကုန်ရှုံးရှာတယ်ပြောရမှာပေါ့လေ၊



မူကြိုမောင်အေးလဲ တဖြေးဖြေးနဲ့ လုံးပါးပါး လာလိုက်တာ မောင်အေးသေတော့ သူ့သားအငယ်ကောင်လေးက ၃နှစ်သားလောက်ပဲ ရှိသေးတယ်၊ မောင်အေးမိန်းမ ဌေးရီကလဲ လင်သေတာ လွမ်းဆွတ်မနေနိုင်အားပါဘူး၊ ရက်ကိုမလည်သေးဘူး ၃နှစ်သားကလေး ကို အရပ်ကိုအပ်ပြီး ဆေးလိပ်ပြေးလိပ်ရတော့တာပဲ၊ အဲဒီအချိန်မှာ ဆရာကျောက်ကလဲ ဗမာပြည်ခနရောက်နေချိန်ဆိုတော့ မြင်နေတွေ့နေရတာပေါ့၊ တရက်မှာတော့ အရပ်ထဲက မဖွားသောင်းတို့ မငွေညွန့်တို့က မနက် ၉ နာရီလောက်မှာ ဆရာကျောက်ကို လာခေါ်တယ်၊ ဆရာကျောက်ခနလောက် လိုက်ကြည့်ပေးပါပေါ့လေ၊ ဘာဖြစ်တာလဲဆိုပြီးမေးတော့ ဌေးရီတို့ အိမ်မှာဌေးရီလဲမရှိပဲနဲ့ အိုးသံခွက်သံ ချက်သံပြုတ်သံတွေကြားနေရတယ်၊အဲတာ သူခိုးဝင်သလားမသိဘူး လိုက်ကြည့်ပေးပါလို့ လာပြောကြတယ်၊


ဒါနဲ့ ဆရာကျောက်လိုက်သွားတော့ မောင်အေးတို့ဌေးရီတို့ အိမ်ထဲက ငရုပ်သီးထောင်းနေသံတွေ တခွပ်ခွပ်နဲ့၊ အိုးသံခွက်သံတွေကလဲ ဂလုံဂလွမ်ကြားနေရတယ်၊ အိမ်ရှေ့မှာလဲ ဌေးရီသားငယ်လေးက ဆော့လို့၊ ဒါနဲ့ ဟိတ်ကောင် ..အိမ်ထဲမှာ ဘယ်သူရှိလဲဆိုတော့... အဖေထမင်းချက်နေတယ်ဗျတဲ့..၊ ဒါနဲ့ အိမ်ထဲဝင်ကြည့်တော့ ဘယ်သူမှလဲမရှိဘူး၊ ငရုပ်ဆုံလေးကလဲ မှောက်လို့၊ အိုးတွေခွက်တွေကလဲ စင်ပေါ်မှာအစီအရီတင်လို့၊ မဖွားသောင်းတို့မငွေညွန့်တို့ကတော့ ကြောက်လွန်းလို့ အိမ်အပြင်ပြေးထွက်ကုန်ကြပြီ၊ ဒါနဲ့ ဆရာကျောက်တို့ အပြင်ပြန်ထွက်လာပြီး လမ်းပေါ်ပြန်ရောက်တော့ တခါ ငရုပ်သီးထောင်းသံ ပြန်ကြားရပြန်ရောဗျ၊ ဘယ်သူမှ ထပ်ဝင်ကြည့်မနေတော့ပါဘူး၊ ဘယ့်နှယ်ဗျာနေ့ခင်းကြောင်တောင် တစ္ဆေငရုပ်သီးထောင်းတာ ဒီတခါပဲ ကြားဖူးပါတယ်၊ မောင်အေးလဲ မိန်းမကဆေးလိပ်သွားလိပ်နေတော့ သားဖြစ်သူ မစားရမှာပူရှာတယ်နဲ့တူပါရဲ့၊ တစ္ဆေဘဝနဲ့ လာပြီးချက်ပြုတ်ပေးနေရှာတယ်၊ ရက်လည်ပြီးတဲ့နောက်တော့ ငရုပ်သီးထောင်းသံမကြားရတော့ပါဘူး။


ဘောလုံးပွဲကြည့်လိုက်၊ သူငယ်ချင်းများနဲ့ အာဘောင်အာရင်းသန်သန် ပြောလိုက်ကြနဲ့၊ ဘလော့ဖက်ကို လှည့်မကြည့်နိုင်တာကြာပြီ၊ ဒီpostကို ရေးထားပြီးတဝက်တပျက်နဲ့ ပစ်ထားတာကြာပါပြီ အဖေနေ့အကြောင်းတွေ ရေးတာမြင်မှ သားဖြစ်သူမစားရမှာစိုးလို့ တစ္ဆေဘဝနဲ့ ထမင်းလာချက်တဲ့ အဖေအကြောင်း အမြန်အဆုံးသတ်ရေးပြီးတင်လိုက်ပါတယ်။

Friday, June 11, 2010

တစ္ဆေများနှင့်လျှောက်လည်ခြင်း


အညာကျေးလက်ဆိုတာက အောက်ပြေအောက်ရွာလို ရေမိုးကအဆင်ပြေတဲ့အရပ်မဟုတ်လေတော့ စိုက်ပျိုးလုပ်ကိုင်စားရတာ မလွယ်လှပါဘူး၊ ကိုကြီးကျောက်တို့နယ်မှာတော့ ဧရာဝတီမြစ်နဲ့ချင်းတွင်းမြစ်ဆုံက မြေနုကျွန်းထဲရွာတွေနဲ့ ကုန်းခေါင်ခေါင် ကျေးတောရွာတွေရယ်လို့ ရှိရာမှာ ကျွန်းထဲရွာတွေကတော့ စိုစိုပြေပြေ စိမ်းစိမ်းလန်းလန်းရှိပါတယ်။ ကိုကြီးကျောက်ကိုရင်ဘဝက သူငယ်ချင်းတွေရှိရာ ရွာပေါင်းစုံကို ရောက်တတ်တော့ သိရမြင်ရတာပေါ့လေ၊
ကိုကြီးကျောက်ရဲ့ ကိုရင်သူငယ်ချင်းတယောက်ရှိတယ်၊ သူ့ရဲ့လူနာမည်က ကိုပြေစိန်တဲ့၊ သူကကျွန်းထဲသား၊ သူ့ရွာက ဇရပ်နီတဲ့၊ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်အကြားကရွာ၊ ရေစကြိုမြို့နယ်ထဲမှာပါတယ်၊ ရေစကြိုမြို့နဲ့တော့ ချင်းတွင်းမြစ်ခြားနေတယ်၊ ကိုကြီးကျောက်ကတော့ ရေစကြိုတဖက်ကမ်းက ဆင်ခြေရာတို့ ဇရပ်နီတို့ မင်းလှတို့ရွာတွေကိုမကြာခန အလည်ရောက်တတ်တယ်၊ ကိုပြေစိန်ကိုရင်ဘဝနဲ့ ရန်ကုန်က စာသင်တိုက်တတိုက်ကို ရွှေ့သွားကထဲက ကိုကြီးကျောက်နဲ့ ကွဲသွားတာ၊ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပြန်ဆုံတော့ သူကသူ့ရွာမှာ အိမ်ထောင်ပြန်ကျနေပြီ၊
ဒီလိုနဲ့ကိုကြီးကျောက် ဇရပ်နီရွာကို တခါရောက်တော့ သူ့အိမ်ဝင်တာပေါ့၊ သူ့အိမ်မှာ ကလေးတွေပဲရှိတယ်၊ ကိုပြေစိန်အသဲအသန်ဖျားနေလို့ ရေစကြိုဆေးရုံတင်ထားတဲ့ အကြောင်းပြောကြတယ်၊ ဒါနဲ့ ရေစကြိုဖက်ကိုကူးပြီး လူနာသွားကြည့်ကြမယ်ဆိုပြီး ရေစကြိုဆေးရုံကို သွားကြတာပေါ့လေ၊ ဆေးရုံရောက်တော့ ကိုပြေစိန်က ယဲ့ယဲ့ပဲရှိတယ်၊ ဒါပေမဲ့စကားလဲပြောနိုင်သလို သတိလဲကောင်းပါတယ်၊ သူကကိုကြီးကျောက်ရယ် အတူပါလာတဲ့ ငယ်သူငယ်ချင်းဦးဇင်းတပါးရယ်ကို စကားတွေပြောရင်း သူဆေးရုံရောက်ကထဲက ညတိုင်းကြုံရတာကို ပြောပြတယ်၊
ည...လူခြေတိတ်လောက်ပြီဆိုရင် လူတစုက သူ့ကုတင်ခြေရင်းရောက်လာပြီးရင် သူ့ကိုလိုက်ခဲ့ဖို့လာလာခေါ်သတဲ့၊ အဲဒီ လူအုပ်စုမှာ ယောင်္ကျား ၂ယောက် မိန်းမတယောက် ကလေး ၃ယောက်လောက်ပါသတဲ့၊ သူကအမြဲ မလိုက်ချင်ဘူးပဲ ငြင်းလွှတ်လိုက်သတဲ့၊ သူနဲ့ အဲဒီလူစုနဲ့စကားပြောကြတာကို သူ့ကိုစောင့်အိပ်တဲ့ သူ့ညီရော ဘေးကုတင်ကလူတွေရော မနိုးကြ၊ မကြားကြဘူးတဲ့၊ သူက မနက်ကြပြန်ပြောတော့လဲ အိပ်မက်နေမှာပါလို့ပြောကြသတဲ့၊ အိပ်မက်ဆိုရင်လဲ ညတိုင်း ဒါချည့်တော့ မမက်လောက်ပါဘူးပေါ့၊ ကိုကြီးကျောက်နဲ့ ဦးဇင်းလဲ သူ့ကိုကြည့်လိုက်တော့ အားနဲနေတာကလွဲရင် ဖျားသွေးမရှိသလောက်ဖြစ်နေပြီ။ အဖျားပြင်းလို့ ကယောင်ကတန်းပြောတာတော့ မဟုတ်လောက်ပေဖူးပေါ့၊ ဒါနဲ့ဦးဇင်းက အင်းတကွက်ချရေးတဲ့ပြီး ကိုပြေစိန်ကို ပေးလို့ ဒီည လာခေါ်ရင်လိုက်သွားဗျာ ဘာကြုံရမလဲ သိရတာပေါ့၊ မကြောက်နဲ့လို့မှာထားခဲ့ပြီး၊ ကိုကြီးကျောက်တို့လဲ ရွာဖက်ကိုပြန်ကူးလာကြတာပေါ့၊
နောက်တနေ့ ရေစကြိုဆေးရုံကို ဦးဇင်းနဲ့ကိုကြီးကျောက်တို့ သွားတော့ ကိုပြေစိန့်ညီက ဆေးရုံပေါက်ဝကနေဆီးပြီးပြောတယ်၊ ဦးဇင်းလူ ညက လုပ်လိုက်ပုံများကတော့ တပည့်တော်တို့ အကုန်လုံးဒေါင်းတောက်နေတာပဲ၊ ညကတချက်ထိုးလောက်က သူပျောက်သွားတာ တပည့်တော်တို့ကအပေါ့အပါးသွားတယ်ထင်လို့ လိုက်ရှာတာလဲမတွေ့ဘူး၊ ဆေးရုံပတ်ပတ်လည်လိုက်ရှာတာလဲမတွေ့ဘူး၊ ဘယ်မှရှာမတွေ့လို့ ပြန်လာတော့ သူကကုတင်ပေါ်ရောက်နေပြီ၊ ဘယ်သွားနေလဲလို့မေးတော့လျှောက်လည်နေတာတဲ့၊
ဦးဇင်းနဲ့ကိုကြီးကျောက် ဆေးရုံထဲရောက်တော့ ကိုပြေစိန်ကကုတင်ပေါ်မှာထိုင်လို့၊ ကိုပြေစိန်က ညက သူ့လိုက်သွားတဲ့အကြောင်းပြောပါတယ်၊
ညက ထုံးစံအတိုင်းလာခေါ်တော့ ဒီတခါတော့သူမငြင်းပဲလိုက်သွားသတဲ့၊ သူ့ကိုဆေးရုံကနေခေါ်သွားလိုက်တာ တနေရာမှာတော့ မြေနီလမ်းလေးတွေ့သတဲ့၊ လမ်းတလျှောက်မှာလဲ လူတွေအများကြီးတဲ့၊ သူတို့မျက်နှာက သာမန်လူမျက်နှာနဲ့မတူသလို လမ်းလျှောက်နေကြတာလဲ တမျိုးကြီးပဲတဲ့ ၊ သစ်ပင်တွေ သစ်ကိုင်းတွေမှာလဲ လူတွေပြည့်နေတာပဲတဲ့၊ သစ်ပင်တွေပေါ်မှာတိုးတိုးခွေ့ခွေ့နေနေကြသတဲ့၊ သူကတော့ဟိုငေးဒီငေးနဲ့ လျှောက်နေလို့ အတူပါတဲ့သူတွေက လာလာမြန်မြန်လာလို့ ပြောကြသေးသတဲ့၊ တနေရာရောက်တော့ ရောက်ပြီလို့ပြောတော့ အဲဒီမှာရှိတဲ့ လူတယောက်က မင်းတို့သူ့ကိုမခေါ်သေးပါနဲ့အုန်း ဆိုတာဘာလို့သွားသွားခေါ်နေတာတုန်းဆိုပြီး သူ့ကိုခေါ်လာတဲ့သူတွေကို ငေါက်သတဲ့၊ ဒါနဲ့သူ့ကိုခေါ်လာတဲ့သူထဲက တယောက်က လာလာဆိုပြီးဆွဲခေါ်လာလိုက်တာ ဆေးရုံ ကသူ့ကုတင်နားတောင်ရောက်လာလာရောတဲ့၊ သူလဲမောမောနဲ့ အိပ်ပျော်သွားလိုက်တာ ခုနမှနိုးတာတဲ့၊
သူပြောနေတာနားထောင်ရင်း ကိုကြီးကျောက်လဲ သူ့ခြေထောက်နဲ့ သူ့ဖိနပ်ကို အမှတ်တမဲ့ကြည့်မိတော့ ဟုတ်ပါရဲ့ မြေနီဖုံတွေအလိမ်းလိမ်း ကပ်လို့၊
ဒါဆို သူ..ညကလမ်းလျှောက်ခဲ့တာပေါ့ အဲလိုမြေနီမျိုးကလဲ ရေစကြိုဆေးရုံအနီးတဝိုက်မှာ မရှိတာမို့ ည က သူဘယ်ကိုရောက်ခဲ့တယ်ဆိုတာတော့ ကိုကြီးကျောက်တို့ ခန့်မှန်းလို့ မရနိုင်ခဲ့ပါဘူး၊ သေချာတာကတော့ ကိုပြေစိန်တယောက် တစ္ဆေတွေနဲ့ ပြီးခဲ့တဲ့ညက လျှောက်လည်ခဲ့တာပါပဲ၊အဲဒီနောက်တော့ ထူထူထောင်ထောင်ဖြစ်ပြီး ကျန်းမာလာပေမဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတော့ ကိုပြေစိန်ရုတ်တရက် အပြင်းဖျားပြီး ဆုံးသွားခဲ့ပါတယ်၊ အင်း..အဲဒီကြမှ အချိန်ကျလို့ ထင်ပါရဲ့....။ (ပုံကို bing.comမှယူပါသည်)

Sunday, June 6, 2010

တောင်ပြုံးကက်ဘိနက်ရောက်ကိုကိုကျောက်


တောင်ပြုံးဆိုတာကတော့ အများသိကြတဲ့အတိုင်း ရွှေဖျဉ်းညီနောင်တို့ ပျော်စံရာဒေသပါပဲ၊ ဝါခေါင်လရောက်ပြီဆိုမှဖြင့် တောင်ပြုံးပွဲကြီးမှာ နွဲပျော်ကြဖို့ ပတ်သက်ရာပတ်သက်ကြောင်းတွေ လှုပ်လှုပ်ရွရွ ဖြစ်လာကြပြီပေါ့ဗျာ၊ ဟိုတနေ့က မိတ်ဆွေကြီးကိုမောင်မောင်ရဲ့ ဘလော့မှာ သူ့ယောက္ခမတွေ၊ခယ်မတွေ နတ်ယုံကြည်ကြလွန်းတာလေး ဖတ်ရတော့ ကိုကြီးကျောက်တို့ တောင်ပြုံးကက်ဘိနက်နဲ့ ပတ်သက်ခဲ့ရတာလေး သွားသတိရမိသဗျ၊


ကက်ဘိနက်ဆိုတော့ ဝန်ကြီးအဖွဲ့ပေါ့ဗျာ၊ အမယ်..တောင်ပြုံးကလဲ သူ့ကိုယ်ပိုင်ဝန်ကြီးအဖွဲ့နဲ့ ဆိုတော့ ဘဘကြီးတို့နဲ့ စင်ပြိုင်အစိုးရပေါ့ဗျာ၊ သူ့အစိုးရကပိုတောင် စောသေး၊ လန်ဒန်က ပါလီမန်ထက်တောင် နှစ် ၆၀၀ လောက်တောင် ပိုစောထင်ပါ့၊ တောင်ပြုံးကက်ဘိနက်မှာ ဗေါင်းဆောင်း ဝန်ကြီးက ၄ ပါး၊(ဗေါင်း ဆိုတာဝန်ကြီး ဦးထုပ်ကိုပြောတာ၊ဇတ်ပွဲထဲမှာ မြင်ဖူးမှာပါ)၊ ခုတော့ဝန်ကြီးဌာနတွေ တိုးချဲ့ထားသေးလား မသိဘူး၊ဗမာပြည်က ဝန်ကြီးဌာနအသစ်တွေက ခနခနပေါ်ပလေတာ၊ သိုးဆောင်းမိဖုယားက ၄ပါး ရှိသတဲ့၊ (သိုး ဆိုတာ မိဖုယားတွေ ဆောင်းတဲ့ဦးထုပ်၊ ပုံက ဘွဲ့နှင်းသဘင်မှာ ဆောင်းတဲ့ဦးထုပ်မျိုးလိုပဲ ရွှေချည်ငွေချည်ထိုးထားတာ)၊


တောင်ပြုံးမှာရှိတဲ့ ရာထူးတွေက သားစဉ်မြေးဆက် ဆက်ခံရတာမျိုး( ခုခေတ်လဲ မြေးကိုပွဲထုတ်နေပါ့)၊ ဝန်ကြီးရာထူးကလဲ အဖေပြီးရင်သား၊ မိဖုယားကလဲ အမေပြီးရင် သမီးက ဆက်ခံရတာမျိုးပေါ့( အင်း...အမေပြီးတော့ သမီးနဲ့ဆက်ရတယ် ဆိုတော့ ဒီသမီးက နတ်နဲ့ရတဲ့ သမီးတော့မဟုတ်လောက်ပေဘူး၊ မိဖုယားသာမြှောက်ထားရတယ် နတ်လဲအလိမ်ခံနေရတာပဲနော်) ၊


ကဲ....သူတို့ကက်ဘိနက်နဲ့ ကိုကြီးကျောက်ဘယ်လို ပတ်သက်ခဲ့သလဲ ဆိုတာ ဆက်ကြတာပေါ့၊ ကိုကြီးကျောက်တို့နဲ့ ရပ်ဆွေရပ်မျိုး ဦးစိုးဝင်း ဆိုတာရှိတယ်၊ သူက များ တို့အဖွဲ့ဝင်ပေါ့၊ နတ်တွေထဲက ငွေတောင်သူ(မနော်ဟရီမဟုတ်) နဲ့လက်ထပ်ထားဆိုပဲ၊ နတ်လင်ပေါ့..၊ဒါပေမဲ့လဲ..ယောင်္ကျားစွမ်း မပြနိုင်ရှာတော့ နတ်ကတော်ပဲပေါ့လေ၊ သူ့ကို သူရဲ့နတ်ဆရာ တောင်ပြုံးဝန်ကြီး "များ" ကအမွေစားအမွေခံ ထားတော့ သူ့ဆရာ ဝန်ကြီးကွယ်လွန်ချိန်မှာ သူက ဝန်ကြီးရာထူး ဆက်ခံရတာပေါ့လေ၊ ခုတော့ ဝန်ကြီးချုပ်တောင် ဖြစ်နေပြီ ထင်ပါရဲ့၊ အာစီယံ နတ်ဝန်ကြီးအစည်းဝေးတွေ သွားမသွား သတင်းစာထဲရှာဖတ်ကြည့်ဦးမှ၊


သူ ဝန်ကြီးဖြစ်စ ချိန်မှာ ကိုကြီးကျောက်ကလဲ သပိတ်ကျင်းက မန္တလေးအပြန် လမ်းမှာတောင်ပြုံးပွဲတွေ့တော့ တောင်ပြုံးကို ဝင် ပတ်လိုက်မဟဲ့ ဆိုပြီးခနဝင်တာပေါ့လေ၊ အဲဒီမှာ သူနဲ့တွေ့တော့ သူက " မင်း တခြားကိစ္စမရှိရင် ငါ့ဆီ ၃, ၄ရက်လောက်တော့ နေပေးအုန်း" တဲ့၊ " လောလောဆယ် ငါ့နန်းမှာ ထမင်းချက်အဖွားကြီးပဲ ရှိတယ်၊ ငါ နန်းကြီးပေါ်တက်ချိန် ငါ့ နန်းကိုစောင့်ရှောက်ပေးဖို့ ဘယ်သူမှမရှိလို့" တဲ့၊ ဒါနဲ့ ကိုကြီးကျောက်လဲ ဟုတ်ကဲ့ အကိုကြီး ဆိုပြီး နေပေးရတာပေါ့လေ၊ တောင်ပြုံးမှာက ပွဲတော်ချိန်ဆိုရင် တနိုင်ငံလုံးက သူခိုး၊ဂျပိုး၊ ခါးပိုက်နှိုက်တွေ၊ ကြက်တွေ၊ အခြောက်တွေ၊ စုံနေအောင် ရောက်လာကြတာကလား၊ ဖိနပ်ကစ အလစ်သုတ်ကြတာမို့ ဖိနပ်တောင်သံကြိုးနဲ့ ချည်ထားရပါ့ဗျာ၊


ကိုကြီးကျောက်က ဝန်ကြီးရဲ့နန်းပေါ်ရောက်နေတော့ နန်းကြီးထိမ်းမိသားစု၊ ကက်ဘိနက်အဖွဲ့ဝင်တွေ၊ နတ်ကတော်အသိုင်းအဝိုင်းက တခါထဲ ဝန်ကြီးလင်ကိုကိုကျောက် ဆိုပြီး အသိအမှတ်ပြုလိုက်တော့တာပဲ၊ ဒီတော့တောင်ပြုံးနန်းကြီးကို ကိုကိုကျောက်တို့က တံခါးမရှိဒါးမရှိပေါ့လေ၊ ကိုကိုကျောက်အတွက်တော့ အဆင်ပြေတာပေါ့လေ၊ ကိုကိုကျောက်ကို မျက်စေ့ကျနေတဲ့ များ တို့ကလဲ ဝန်ကြီးပစ္စည်းဆိုပြီး မထိကြတော့ တ ရန်အေးတာပေါ့လေ၊ ကိုကိုကျောက်ကလဲ လူပျိုပေါက်ကနေ ခုထိ ခါးလက္မ ၃၀ ထက်မပိုအောင် ထိမ်းသိမ်းထားပြန် အဲဒီအချိန်က အရွယ်ကလဲငယ်ပြန် ဆိုတော့ များ တို့ရင်ခုံစရာကိုကိုကျောက် ဖြစ်နေပြီး သူတို့လက်က မနဲလွတ်အောင်ရှောင်နေရတာကိုး၊


မင်းနှစ်းပါးကို လာခစားကြတဲ့သူတွေကလဲ အလွှာစုံပါပဲ၊ ဘဘတွေရဲ့ကတော်တွေ၊ အနုပညာသည်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စုံလို့ပါပဲ၊

အဲဒီတုန်းက ဦးစိုးဝင်းရဲ့နန်းကလဲ ဘုရားနဲ့မင်းနှစ်ပါးနန်းကြားဆိုတော့ တကယ့်ကိုလူစည်တဲ့ နေရာမို့ တခြားခင်ရာမင်ရာ နတ်ကတော်တွေရဲ့ လင်တွေကလဲ ဝန်ကြီးလင် ကိုကိုကျောက်ဆီ လာပြီးစတည်းချတော့တာပဲ၊ ပွဲတော်လာအပျိုများကို ကြည့်ရှုအကဲဖြတ်ရတာပေါ့၊ ဒီလိုနဲ့ နန်းကြီးညီလာခံတက်ပွဲ စရောဆိုပါတော့၊ တောင်ပြုံးမှာက မင်းနှစ်ပါးနန်းက စပြီးဆိုင်းတီးပြီးမှ ကျန်တဲ့နန်းတွေ ဇတ်ပွဲတွေက ဆိုင်းတွေ တီးရတာမျိုးကိုး၊ ဝန်ကြီးတွေ သိုးဆောင်းမိဖုယားတွေက နတ်ရုပ်တွေရှေ့မှာ ငုတ်တုပ်လေးတွေထိုင်လို့ပေါ့လေ၊ ကိုယ်တော်နှစ်ပါးကို လာပြီးပသကြတဲ့ နတ်ကတော်ပေါင်းစုံ ကလဲကိုယ့်နံပါတ်စဉ်နဲ့ တောင်ပြုံးမင်းနှစ်ပါးအရုပ်တွေရှေ့မှာ ကွေးနေအောင်ကကြတော့တာပဲ၊


ကိုကြီးကျောက်တို့ငယ်ငယ်ကတော့ စန္ဒယားဆရာကြီးအေဝမ်းခင်မောင်ရဲ့ ပုပ္ပါးမယ်တော်လိုဝတ်ပြီး ကတာအင်မတန်ကြည့်လို့ ကောင်းပလေတာကိုး၊ ကိုကိုကျောက်ကတော့ ပျင်းရင် နန်းကြီးထဲဝင်ပြီး ကက်ဘိနက်အဖွဲ့နဲ့ ရောနှောထိုင်ပြီး နတ်ချော့ပြီးကတာတွေကြည့်၊ ပြီးလို့ နေ့တွက်စီရင် ပြန်တာပဲ၊ နေ့တွက်ကလဲ ဘာစီသလဲမမေးနဲ့ နာရီဝက်လောက်ထိုင်လိုက်ရင် တထောင်လောက်ရတာ၊ အဲဒီခေတ်က ၂၀၀တန်ဆိုတာက အကြီးဆုံးလေ၊ လဘက်ရည်ဆိုင် ၃ ယောက်လောက်ထိုင်မှ ၁၅ကျပ် ၂၀ လောက်ကျတဲ့ခေတ်၊ နတ်လာချော့တဲ့ နတ်ကတော်တွေက ဆိုင်းဆရာကို ကရင်းနဲ့ ဒိုးကြေးပေး၊ ပြီးရင် ကက်ဘိနက်နဲ့နတ်ကတော်ရဲ့ နောက်ပါတွေပေါ် ပိုက်ဆံကြဲကြတော့ ကိုကိုကျောက်တို့ အဆင်ကိုပြေလို့၊


ဒါပေမဲ့ တောင်ပြုံးနန်းထဲမှာ ကြာကြာမနေနိုင်ဘူးခင်ဗျ၊ နတ်ပွဲလာပရိဿတ်က များလွန်းတော့ ကိုယ်တော်နှစ်ပါးကို သံတိုင်တွေကာထားတဲ့ အထဲမှာထားပြီး အပြင်လူ မဝင်ရတော့ ပွဲတော်လာပြီးရောက်ကြောင်း ပန်းဆက်ချင်တဲ့သူတွေက ကိုကိုကျောက်ကို သံတိုင်ကြားကနေ ပန်းတွေအတင်းထိုးပေး၊ နတ်ရုပ်တွေကို ရေမွှေးတွေနဲ့ တရှူးရှူးနဲ့ပန်း၊ နတ်တွေတော့မသိဘူး ကိုကိုကျောက်တော့ ရေမွှေးနံ့ ကုလားနံ့တရုပ်နံ့ပေါင်းစုံမှာ မူးနောက်နေတော့တာပဲ၊ ပန်းဆက်ကြတဲ့ကောင်မလေးတွေကိုတော့ ကိုကိုကျောက်က ဂရုတစိုက်လုပ်ပေးပါတယ်၊ ပန်းကလေးနဲ့ နတ်ရုပ်ကို သွားတို့လိုက် ပြီးရင် ကောင်မလေးတွေ ပြန်လာပေးလိုက်၊ ဒါပေမဲ့လဲ ဘေးကကောင်မကြီးတွေ များတို့အပေါင်းပါတွေက ကိုကိုကျောက်ကို သိတ်မကြည်လင်ကြတော့ ရေမွှေးနဲ့ ကိုကိုကျောက်မျက်နှာဝိုင်းပန်းကြတော့တာပဲ၊


ဒါနဲ့ကိုကိုကျောက်လဲမဖြစ်ချေဘူးဆိုပြီး တွေ့တဲ့ပန်းယူ နတ်ရုပ်နှစ်ရုပ်ကို ပန်းနဲ့နောက်ကျောရိုက်လိုက် နရင်းရိုက်လိုက် ရိုက်ပြီး တွေ့တဲ့သူပြန်ပေးရတယ်၊ နတ်တွေလဲ အရုပ်မို့သာ တော်တော့တယ် ၊ ကိုကိုကျောက်က နရင်းရိုက်တာ သူ့ခမြာများအတော်စပ်ရှာမှာ၊ အင်း ...ဘလော့ကာ နတ်တွေဖြစ်တဲ့ ရွှေနတ်သားတို့ နတ်ဆိုးလေးတို့ အဖြူရောင်နတ်သမီးတို့ နတ်စင်ပေါ်ငုတ်တုပ်ထိုင်ချင်ရင်တော့ ကိုကိုကျောက်ရဲ့ နရင်းရိုက်တာခံရမှာ သေချာတယ်၊ ကိုကိုကျောက်လဲ တောင်ပြုံးမှာ တပတ်လောက်နေပြီး ဝန်ကြီးလင်ရာထူးကနေ နှုတ်ထွက်ပြီး ပြန်လာခဲ့ကြောင်းပါခင်ဗျာ။

Tuesday, June 1, 2010

ဝဇီကိုင်ကိုကြီးကျောက်နှင့် ကမ်းပါးဖလား ဘောလုံးပြိုင်ပွဲကြီး


ကိုကြီးကျောက်တို့ရွာမှာ ခုတလော လူတွေစိတ်ဝင်တစား ဖြစ်နေကြတဲ့ အကြောင်းတရပ် ပေါ်လာပြန်သဗျ၊ ရွာလယ်ဈေးမီးလောင်တာတို့ မယ်မှုံတို့ လင်ခနခနယူတာကို သွားစပ်စုလို့ ပါးရိုက်လွှတ်လိုက်တဲ့အကြောင်း တို့ကရိုးသွားပြီ ခင်ဗျ၊ ကိုကြီးကျောက်တို့ တောင်အာဖြီးကွရွာမှာ ကန်ကြမဲ့ ကဗား(ကမ်းပါး)ဖလားဘောလုံးပွဲကြီးက ပိုပြီးလူပြောများနေပါ့လား၊


ကိုကြီးကျောက်တို့ တောင်အာဖြီးကွရွာကလဲ နယ်နယ်ရရမှမဟုတ်တာ၊ ရှေ့မီနောက်မီ အကြားအမြင်ဗဟုသုတများတဲ့ ဘိုးပါတီ ပြောစကားအရဆို အလောင်းစည်သူမင်းကြီးလက်ထက် ကထဲကရှိတဲ့ရွာဆိုပဲ၊ အလောင်းစည်သူမင်းဖောင်ဆိုက်တော့ သူ့အမတ်ချုပ်ကြီးကို ဘာရွာလဲ အာစရိယရဲ့ လို့မေးရာက အာစရိယကနေ ကာလရွေ့လျောလို့ အာဖြီးကွဖြစ်သွားဆိုပဲ၊ ကိုကြီးကျောက်နားမရှင်းတာက ရွာနံဘေးမြစ်မရှိချောင်းမရှိပဲ ဘယ်ကဘယ်လို ဖောင်ကရောက်လာတာရယ်၊ မြောက်အာဖြီးကွရွာ မရှိပဲ ဘာလို့ တောင်အာဖြီးကွရွာ ဖြစ်နေသလဲဆိုတာပါပဲ၊ နားစွန်နားဖျားကြားတဲ့ ဘကြီးမျှစ်ချိုးကတော့ ဒို့ရွာယောင်္ကျားပေါလို့ နေမှာပေါ့ကွတဲ့၊ ဘာဆိုင်သလဲတော့မသိပေါင်၊


ကဲ..ဒါတွေအသာထားလို့ ဒီဘောပွဲမှာ ကိုကြီးကျောက်ကလဲ ပါဝင်ပတ်သက်နေတာက ကိုကြီးကျောက်ကို ဝဇီကိုင် ခန့်ထားတာပါပဲ၊ ဝဇီကိုင်ရတာလဲ မလွယ်ပေဘူးခင်ဗျ၊ ဝဇီကို တရွှီးရွှီးမှုတ်ရသေးတဲ့ အပြင် မျက်စေ့ရှင်ရှင်ကလဲထားရသေး၊ ပြေးပေါက်ကိုကြည့်နေရတာ၊ တခါကပရိဿတ်က ပိန်းနဲသီးလို့အော်တုန်း ပင်နယ်တီမပေးမိလို့ ခဲတွေနဲ့ပေါက်တာ ဘူတာရောက်အောင် မနဲကိုထွက်ပြေးလာခဲ့ရဖူးပါ့ဗျာ၊


တလောဆီက ချောင်းကမ်းပါးမှာ ပိုင်ရှင်မရှိတဲ့ ဖလားတလုံး အနောက်ပိုင်းသားတွေ ကောက်ရလာတာက ကမ်းပါးဖလားဘောပွဲလုပ်ကြဖို့ အစီအစဉ်စတော့တာပဲ၊ ကိုကြီးကျောက်ကို ဝဇီကိုင်၊ ကိုဂျစ်ပေ၊ ကိုဆုံဆီ၊ မောင်ဖုန်းလင်၊မောင်ကျိုး၊ တို့က လိုင်ြကီး(လိုင်းကြပ်ဒိုင်လူကြီး) လုပ်ရမယ်တဲ့ဗျာ၊ ကိုကြီးကျောက်မှုတ်ဖို့ ဝဇီက အဆင်သင့်မရှိသေးတော့ လက်ခေါက်မှုတ်ရမှာမို့ ကိုကြီးကျောက်လဲ စိုးမြတ်လုံးတင်ခေါ်ပြီး ရွာအပြင်ထွက်တဖူးဖူးနဲ့ အမှုတ်ကျင့်နေရတယ်၊


ပျူးနကန်ရွာက ဗေဒင်ဆရာ ဆြာဩောင် ကတော့ဘောပွဲချိုင်းရောင်းမလို့လား မသိပါဘူး၊တွေ့သမျှလူ တစ်ကြိုတောင်းနေတော့တာပဲ၊ သူတို့ပျူးနကန်ရွာကလဲ ရာဇဝင်နဲ့ပေပဲ၊ သိရီဓမ္မာအသောကမင်းကြီး ရေတွင်းပေါင်းရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်းရှစ်သောင်းလေးထောင် လှူကထဲက တည်ခဲ့တဲ့ရွာတဲ့ခင်ဗျ၊ ဒါဆို ကိုကြီးကျောက်တို့ ရွှေနိုင်ငံမှာ ဒီနှစ်နွေရာသီမှ ရေရှားတာမဟုတ်ပေပဲ၊ ဟိုးရှေးကထဲက ရှားခဲ့တာပေပေါ့၊ ဒီလိုရှေးအစဉ်လာကို ထိန်းသိမ်းရာမှာ ဟိုအဆိုတော်မလေးတွေကလဲ ကျောက်ခေတ်ယဉ်ကျေးမှုဝတ်စုံတွေ ဝတ်ပြီးထိန်းသိမ်းဖို့ ကြံစီနေကြဆိုပဲ၊ အင်း..အသောကမင်းကြီးလဲ ရှေးကမို့ ရေကိုအလွယ်လှူနိုင်ရှာပေတာ၊ ခုခေတ်လိုဆိုရင်တော့ ကြံ့ဖွတ် အသင်းဝင်မှ ရေတွင်းတွေ ရေကန်တွေ လှူရမယ်ထင်ပါရဲ့၊


ကိုကြီးကျောက်ကတော့ ဆြာဩောင်ကို တစ်ကြိုပေးဖို့ ရွာနီးချုပ်စပ်ကို စနည်းနာလိုက်တော့ ဟင်းဂလာချဉ်ရွာအသင်း၊ ကြားမနီးရွာအသင်း၊ ငပိန်ရွာအသင်းနဲ့ ဇီးတောရွာ အသင်းတို့က ကိုကြီးကျောက်မျက်စေ့ထဲ ပေါ်လာသဗျ၊ ဟင်းဂလာချဉ်ရွာသင်းက သူတို့အသင်းသူတို့ ဘိလပ်ကဘောပွဲတွေကို ကြည့်ပြီး ဟင်ဂလန်အသင်းလို့ မှည့်ထားသဗျ၊ ကိုကြီးကျောက်က အင်္ဂလန်မဟုတ်ဘူးလားလို့ ပြောတော့ ဟင်ဂလန်မှ ဟင်ဂလန်အစစ်တဲ့၊ ရွာထိတ်ဘုရားတန်စောင်းကို ဟင်ဂလန်သံနဲ့ ဆောက်ထားသတဲ့ဗျ၊


ကြားမနီးရွာကလဲ အားကျမခံ သူတို့ရွာက နတ်ကတော်အမေကွမ်းက မှည့်ပေးထားတဲ့ ဂျာယာမဏည်အသင်းတဲ့၊ စာလုံးပေါင်းတောင် အမေကွမ်းပေါင်းသလို ပေါင်းတာတဲ့၊ ငပိန်ရွာကလဲ မနှစ်ကရွာအုပ်စုဘောပွဲမှာ ဗိုလ်စွဲထားလို့ ဂျပိန်ဆိုလားစပိန်ဆိုလား နာမည်ပြောင်းထားသတဲ့၊ ဇီးတောကလဲ ဓါတ်ဆင်ဓါတ်ရိုက်ပြီး ဘရာစီယာဇီး ဆိုပဲ၊ ကိုကြီးကျောက်ကတော့ ဘရာစီယာဇီးတော့ နာမည်ကအစကြိုက်တာ၊


ကဲ...ဆြာဩောင်ရေ...ဝဇီကိုင်ကိုကြီးကျောက် စိတ်ကြိုက်ရွေးထားတဲ့ အသင်းလေးသင်းတော့ စာရင်းပေးထားပြီ မှန်မမှန်ကတော့ ဆရာ့ကံပဲပေါ့ဗျာ...၊

( google မှ ဓါတ်ပုံယူပါသည်)

Thursday, May 27, 2010

အသုံးလုံးဖိုင်နယ်ကျောင်းသား မောင်ဘကျောက်


ဘကျောက်တို့ ရွာမယ်ခုတလော စာအံသံတွေစီစီညံလို့ခင်ဗျ၊ အင်း....ကျောင်းတွေဖွင့်ခါနီးလို့ ထင်ပါရဲ့၊ ဟိုဘက်အိမ် နားစွင့်လိုက်လဲ...ကကြီး...ခကွေး..၊ ဒီဘက်အိမ်ကလဲ ကကြီး..ခကွေး..နဲ့ စာအပြိုင်အံနေလိုက်ကြတာ..၊ ဒီကြားထဲ..သိုးဆောင်းဘာသာနဲ့ စပယ်ရိုး...စာကလေး ဆိုပြီး အော်သံဟစ်သံတွေလဲ ကြားရပါ့ဗျာ၊ သူတို့က ဒီလိုတွေ အော်နေမှတော့ ဘကျောက်ကလဲ ကိုယ့်ဂုဏ်ကို ဖေါ်ရတော့မှာပေါ့ဗျာ....ဟင်း....ဟင်း...ဟင်း..၊

ဘကျောက်က သူတို့လို ခုမှသင်ပုန်းကြီး စတာမဟုတ်ဘူးခင်ဗျ၊ ဟိုအရင် အသုံးလုံးခေတ်က ကျောင်းသား၊ အသုံးလုံးသင်တန်းမှာ ဖိုင်နယ်ရောက်နေပြီ၊ ဘကျောက်ဂျီးတော်ကြီးနဲ့ ပြိုင်တူသင်တန်းတက်ခဲ့တာ သူက အားအားရှိ ရန်ကုန်သွားဘုရားဖူးလိုက်၊ ဈေးဝယ်ထွက်လိုက်နဲ့ ဆိုတော့ ခုထိ သတ်ပုံမှန်အောင် မပေါင်းတတ်သေးဘူး၊ ဟို အဆိုတော်လို..ည မှာသတ်ပုံမှားတာမဟုတ်ဖူး၊ နေ့ခင်းကြောင်တောင်လဲ မှားတာပဲ၊

ဟိုတလောဆီက မန္တလေး မဟာသင်္ကြန်စာ ကို ဝယ်လာပြီးမိုးဦး၊မိုးလယ်၊မိုးနှောင်း ကောင်းတာညံ့တာကို ရွာကလူတွေ သိရအောင် ပျဉ်ပြားပေါ်ကူးရေးထောင်ထားတာက....မှိုဥ ကောင်း လတံ..။မိလဲ့...ညှုပ် ..လတန်၊..မိနှင်း ကောင်း လတန်..တဲ့၊ဒါနဲ့. သူ့ယောင်္ကျား ကိုငရုပ်ကောင်းက လတန် ညှုပ်ချင်အုန်းဟဲ့..ဆိုပြီး ရိုက်ပါရောလား၊ ဟော...ဘကျောက်ကလဲ အသုံးလုံးသင်တန်း တက်နေတာ သွေးရိုးသားရိုးမှမဟုတ်ပါပဲ အကြံနဲ့တက်နေတာလေ ၊ ကိုယ့်ကိုယ်ကို ဓါတ်ရှင်မင်းသား ကျော်သူနဲ့ မီးဝင်မီးထွက်ပေမဲ့ အသက်ကြီးပြီး မပျက်စီးသေးပါဘူး ဆိုပြီးကြွားလုံးတွေထုတ်၊ စိုးမြတ်လုံးတင်တို့ကို အီစီကလီလုပ်နေတာ၊ ဒါကို ဖွားညိန်းတို့ကလဲ အားကျထင်ပါရဲ့ မြို့ဘုရားပွဲက ဓါတ်ပုံဆိုင်မှာ ဓါတ်ပုံတွေရိုက် ခေါင်းစုတ်ဖွားနဲ့ ပြူးတူးပြဲတဲ သူ့ဓါတ်ပုံကြီးပြပြီး အဆိုတော် တာတေကြီးနဲ့ ချွပ်စွပ်တူပါတယ်ဆိုပြီး သင်တန်းမှာ ကြွားလိုက်တာ အသုံးလုံးသင်တန်းသူတွေ ည တပိုတပါးထွက်ချင်တာတောင် တယောက်ထဲမသွားရဲဘူး ဖြစ်သွားတယ်၊

ကဲ..ကဲ.. အသုံးလုံးသင်တန်းသားဆိုတော့ သင်ပုန်းကြီးဖတ်စာလို ကကြီး ကနေ အ အထိ မရေးတော့ပါဘူး၊ သင်ရိုးညွှန်းတန်းအတိုင်း ဝ၊ထ၊က၊လ၊သ ပဲရေးရမှာပေါ့လေ၊

ဝ......ဝတ်မှုံရွှေရည် ပေါ့ဗျာ...၊ ဟိုနေ့က ဖေါ်ဝပ်မေး မှာဒီကောင်မလေးကို တွေ့လိုက်သဗျ၊ အမယ်..အုန်းမှုတ်ခွက်လေးကိုင်လို့ ဆောင့်ကြောင့်ထိုင်လို့ဗျ၊ မျက်နှာသစ်နေတာတော့ မဖြစ်နိုင်ဘူး၊ တခုခု ဆေးချင်ကြောချင်လို့ပဲဖြစ်မယ်၊ ခြေဆေးချင်တာလား၊ လက်ဆေးချင်တာလား၊ အင်း....အောက်စကလဲလွှတ်ထားတော့.....ဘာများဆေးချင်သလဲ မစဉ်းစားတတ်ပေါင်ဗျာ....၊

ထ...ထက်ထက်မိုးဦး...၊ သူကလဲ ခုတလော တော်တော်ရေပန်းစားလှသဗျ၊ သတင်းထောက်မလေး ကို ဆံပင်ဆွဲပါးရိုက်ဆိုပဲ၊ ဘကျောက်တောင် သတင်းထောက်လုပ်ရင် သူနဲ့အင်တာဗျူးမှာ တော်တော်သတိထားမှ၊ ဘကျောက်က ခေါင်းတုံးခနခန တုံးတတ်တော့ ဆွဲစရာဆံပင်မရှိရင် ရှိတာဆွဲရိုက်လိုက်မှဖြင့်...ခါးကော့နေအောင်ခံရမှာ၊ ရွာဆော်လေးတယောက်ကတော့ ဘယ်သူမှားသလဲဆိုပြီး အရပ်ထဲမေးနေလေရဲ့၊ ဘကျောက်ကတော့ ရွာကမဘုမတို့လို လူလည်ခေါင်အဝတ်မကပ်အောင် တွဲမသတ်ကြလို့ သိတ်စိတ်မဝင်စားပေါင်၊

က....ကလူသစ်.....၊ သူကလဲ ခေသူမဟုတ်ဘူးဗျ...၊ သူက ဟို အဆိုတော် ဓါတ်ရှင်မင်းသမီးလေးရဲ့ လိုတိုရှင်း ပုံကို သေချာပုံနှိပ်ပြီး အိမ်မှာကပ်ထားဆိုပဲ၊ အတုယူသင့်သူပေပဲ၊

လ.......လမ်းမတော်မောင်မိုး....၊ နာမည်နဲ့လိုက်အောင် အရပ်ထဲမှာ စိန်ခေါ်တတ်သူမို့..ဘကျောက်တို့ သူ့မြင်ရင်မျက်နှာချိုသွေး နေရတာပေါ့၊ လမ်းမတော်ကြီး ထမင်းစားပြီးပြီလား၊ အီအီးပါပြီးပြီလားတို့ အစုံပါပဲ၊..

သ.......သက်မွန်မြင့်၊ သင်ဇာဝင့်ကျော်၊ သင်းမြစန္ဒီ....အို.....အကုန်လုံး ဘကျောက် အကြိုက်ချည့်ပါပဲ..၊ မကြိုက်တာဆိုလို့..သက်တန့်ချိုကိုတော့ ယောင်္ကျားကြီးဆိုတော့ ဘကျောက်တို့က မကြိုက်ပေဘူးပေါ့ဗျာ၊ ကိုင်း...အသုံးလုံးမောင်ဘကျောက်ကို ဘယ်သူမှ မtag လို့ ကိုယ့်ဖာသာtag လိုက်တယ်၊ ဘကျောက်တို့က အရှေ့နေမျိုးနွယ် နိပွန်ပြည်က မိုးမင်းကြီးတို့ ရွှေနတ်သားတို့ကို ဆက်ပြီး နိပွန်စာ ဘူးသီးပေါင်း ကနေ စာကလေးခွေထိ ရေးဖို့ ဆက် tagလိုက်ပါတယ်။

Friday, May 21, 2010

ရွှေမန်းတင်မောင် လက်ဝဲသုန္ဒရ ကတဲ့နှစ်

ကိုကြီးကျောက်တို့ လူမျိုးကမှတ်တမ်းမှတ်ရာထားတဲ့နေရာမှာတော့ အနောက်တိုင်းက လူတွေလို စံနစ်တကျမဖြစ်တာတော့ အမှန်ပဲ၊ ကိုကြီးကျောက်လဲ ဒီပုတ်ထဲက ဒီပဲမို့ မထူးလှပါဘူး၊ ဒို့ဗမာတွေ ရဲ့တိုင်းတာမှုစနစ်ကို ကြည့်လိုက်လေ....ကွမ်းတယာညက်ခန့်တို့၊ ထမင်းတအိုးချက်ခန့်တို့၊ အာဏာကုန်ပူတာပဲတို့ ဆိုတာမျိုးတွေပေါ့၊ ကိုကြီးကျောက်တို့ ဝန်းကျင်မှာ ဘယ်သူနဲ့ဘယ်သူကဖြင့် မီးဝင်မီးထွက်၊ တလကြီးတလငယ် ဒီလိုပဲ မှတ်ကြတာများတာကိုး၊ သေသေချာချာမှတ်သား ထားတာကလဲ ကိုကြီးကျောက်တို့ မိသားစုပဲရှိတော့ ကျောင်းအပ်ချိန်ဆိုရင် အရပ်ထဲက ကိုကြီးကျောက် သူငယ်ချင်းတွေ ကိုကြီးကျောက်မွေးသက္ကရာဇ်ကို လာလာပြီးမေးကြတာ...၊

ကိုကြီးကျောက်ကလဲ ခေသူမှမဟုတ်တာ ငါတို့မွေးတာ ရွှေမန်းတင်မောင် လက်ဝဲသုန္ဒရ ကတဲ့နှစ်ကွလို့ ခပ်ကြွားကြွားပြောရတာ၊ ကိုကြီးကျောက်တို့ အညာက ဂေဇက်ဝင်ဘုရားပွဲတွေက မိုးတွင်းမှာလုပ်ကြတာကိုး၊ ဆယ့်နှစ်ပွဲဈေးသည်တွေကလဲ ဘုရားပွဲ တပွဲပြီးတပွဲဆက်ကြတာမျိုး၊ နယုန်လဆန်းရင် ပခုက္ကူသီဟိုဠ်ရှင်ပွဲ နဲ့ မလှိုင်ပန်းအိုင်ဘုရားပွဲ ကစလို့ မြင်းခြံ၊ ကူမဲ၊တောင်ပြုံး၊ ရတနာ့ဂူ၊ ရွှေဘိုမြို့ထောင့်၊ မုံရွာဘုရားကြီး၊မန္တလေးတောင်ခြေ ကျောက်တော်ကြီး၊ ပွဲတော်တွေဆက်သွားတာကိုး။ ကိုကြီးကျောက်တို့ငယ်ငယ်ကတော့ ရွှေမန်းမှ ရွှေမန်း ခေတ်ဆိုတော့ ဘာအကြောင်းလေးပြောပြော ရွှေမန်းနဲ့တိုက်ပြောကြတာကလား၊

ကိုကြီးကျောက်မွေးနေ့က ဗမာလိုဆိုရင် နယုန်လဆန်း ၅ ရက်နေ့တဲ့၊ ခရစ်သက္ကရာဇ်က မေလ၂၂ ရက်တဲ့၊ ဇာတာထဲမှာ ၁၃၂၀ခုနယုန်လဆန်း၅ရက်၅တေးနေ့ မွန်းလွဲစက်နာရီ ၄နာရီ၃၆မိနစ်လို့ပါသဗျ၊ ဒါပေမဲ့ဗမာနဲ့ ခရစ်ရက်က မဆုံတာများပါတယ်၊ ဗမာပီပီ မွေးနေ့ဆိုတာကိုလဲ သိတ်ရေးကြီးခွင်ကျယ်လုပ်မနေတော့ တချို့နှစ်တွေဆိုရင် မွေးနေ့ကျော်သွားတောင် သတိမထားမိဘူး၊ (ဒီနှစ်ကတော့ post တခုရလဲနဲလားဆိုပြီး အတင်းသတိရခိုင်းထားတာ)၊ မှတ်တမ်းမှတ်ရာ အရေးပျင်းလိုက်ပုံများကလဲ ဘဓရ မှာလုပ်တုန်းက dairy တနှစ်တအုပ်ရုံးကပေးတာ နှစ်သာကုန်ရော မှတ်ထားတာ တခုမှမရှိ၊ တခါfield ဆင်းတုန်းက ကိုကြီးကျောက်က field အဖွဲ့ရဲ့ mess အသုံးစားရိတ်ကို ကိုင်တဲ့အခါ ငွေအသုံးစာရင်းကို ထမင်းချက် မောင်ဝင်းကို မှတ်ခိုင်းလိုက်မိပါတယ်၊ အပြည့်အစုံကိုမှတ်ပြလိုက်ပုံများက..... လူစား...ကြက် တပိဿာ...၄၀ ကျပ် ၊ -ီး စား....ကြက်.....၁၅၀ ကျပ်၊ ဆိုတာမျိုး ဆိုတော့ ...အင်း....ငွေစာရင်းကို ဘယ်လိုခေါင်းစဉ်နဲ့ ပြမလဲနော်၊

မနှစ်က မိုက်ကယ်ဂျက်ဆင်သေတော့ မိုက်ကယ်ဂျက်ဆင်ရဲ့ မွေးသက္ကရာဇ် ကိုကြည့်လိုက်တော့ ကိုကြီးကျောက်ရယ်၊ မိုက်ကယ်ဂျက်ဆင်ရယ်၊ မက်ဒေါနားရယ် တနှစ်ထဲမွေးကြတာကိုး၊ ဒီတော့မှကိုကြီးကျောက်စဉ်းစားမိတယ် အဲဒီနှစ်မွေးတဲ့သူတွေက အသံကောင်း အဆိုတော်တွေဖြစ်တတ်တယ်ဆိုတာပဲ၊ ဒီလိုမှန်းသိ ရင် ကျောက်ခဲကြက်ဆင် ဆိုပြီးသီချင်းတွေ ဆိုပလိုက်တာပေါ့၊

အင်း...ဘာပဲပြောပြော...အသက်တွေကတော့ တနှစ်ပြီး တနှစ်ကြီးလာလိုက်တာ ခု ကိုကြီးကျောက်အသက် ၅၂ နှစ်ဖြစ်လာတာပဲ၊ ခုရောက်နေတဲ့ အမေရိကမှာ ၂၁ ရက်နေ့ပဲ ရှိသေးပေမဲ့ ကိုယ်မွေးခဲ့ရာ ကမ္ဘာ့တဖက်ခြမ်းမှာတော့ မေလ ၂၂ ရက်ရောက်ပြီမို့ ဒီpostလေးတင်လိုက်တာပါပဲ၊ လက်ဝဲသုန္ဒရအမတ်ကြီး မဲဇာအပို့ခံရတော့ တောကြီးမျက်မဲမှာ ဆွေဝေးမျိုးဝေး ရွှေပြည်တော်နဲ့ဝေးလေတာမို့ မဲဇာတောင်ခြေရတု ကိုရေးသတဲ့၊ ရွှေမန်းတို့ မဲဇာတောင်ခြေရတုကို ရွတ်လေတော့ ပွဲကြည့်ပရိဿတ်မှာ တသသပါပဲ၊

ကိုကြီးကျောက်လဲ ဆွေဝေးမျိုးဝေး ပြည်တော်နဲ့ဝေးရာ အရပ်နေရလေတော့ တောကြီးမျက်မဲမဟုတ်ပေလေမဲ့ မဲဇာနေရသလိုခံစားရမိကြောင်းပါခင်ဗျာ။ (ဘယ်သူတွေပြောပြောကိုကြီးကျောက် ကတော့၅၂နှစ်ပြည့် ကိုယ့်ပုံကိုယ်တင်လိုက်ပါတယ် ဆံပင်လေးဖြူနေတာကလွဲရင် ဒီလိုခန့်ညားတာကို မီးငယ်တို့က မနာလိုဖြစ်နေတာ..အဟဲ..၊ သစ်ပင်ပုံကတော့ google ကရှာထားတာ)

Tuesday, May 18, 2010

2ဖလော်ရီဒါkeys 2

Key West ဆိုတာကလဲ ကျွန်းသေးသေးလေးပေါ်က မြို့သေးသေးလေး ဆိုတော့ ကိုကြီးကျောက်လျောက်လည်မယ်ကြံရော...မြို့ကလမ်းကုန်နေပြီ၊ မြို့လည်အစည်ကားဆုံးလမ်းက Duval လမ်းတဲ့၊ တမိုင်တောင်မရှည်ပါဘူး၊
Duvalလမ်းက ညမှာတော့ကြိတ်ကြိတ်တိုး စည်ကားတာပေါ့လေ၊ pub တွေ၊ night clubတွေ ၊bar တွေ၊ လက်မှုပစ္စည်းအရောင်းဆိုင်တွေ၊ ဆေးပြင်းလိပ်ဆိုင်တွေ၊ တလမ်းလုံးဆိုင်တွေချည့်ပါပဲ၊ ကျူးဘားကထွက်ပြေးလာကြတဲ့ ဆေးပြင်းလိပ်လုပ်ငန်းကလဲ ပထမဆုံးKey west မှာအခြေချကြတာကိုး၊ လမ်းတလျောက်လုံး ဆေးပြင်းလိပ်နံ့တွေရတာကတော့ စိတ်ညစ်ဖို့ကောင်းပါ့ဗျား၊

ဆိုက်ကားစီးပြီးလျှောက်လည်ချင်လဲရပါ့၊ ဒါပေမဲ့လဲ ဆိုင်တွေကို ဟိုငေးဒီငေး..ငေးချင်တာနဲ့ လမ်းပဲလျှောက်လိုက်တာ.....တနေရာမှာတော့ အတီးကောင်း အဆိုကောင်းpubတွေ့လို့ အပြင်ကနေငေးမိပါတယ်..သူ့ဘေးက..များတို့ရဲ့ barကိုး...Key westမှာ များတို့ရဲ့အုပ်စုက တော်တော်အင်အားတောင့်ပလေတာ၊ မြို့လည် Duval st နဲ့ Truman Ave လမ်းဒေါင့်နားမှာ များတို့ရဲ့community center လဲရှိပါ့ဗျာ၊ အဲ...များတို့ဘားမှာstripကနေတဲ့ ကောင်လေးတွေက အပြင်ထွက်လာပြီး သူတို့ဘောင်းဘီပိစိကွေးမှာ ထိုးထည့်ပေးထားတဲ့ ပိုက်ဆံလေးတွေ ကိုကြီးကျောက်ဘေးနားမှာ
လာထုတ်နေကြတော့ ကိုကြီးကျောက်တောင် တိုင်ပတ်အကလေး လေ့ကျင့်ရရင်ကောင်းမလား စိတ်ကူးမိပါရဲ့၊ ဒါပေမဲ့ များတို့က ပိုက်ဆံထည့်ပေးရင်း ဟိုနှိုက်ဒီနှိုက်မှာ ကြောက်တာနဲ့ ဒီအကြံကို ဒီမှာပဲ ရပ်လိုက်ရတယ်...အမလေး...တွေးရင်းတောင်..ကြက်သီးထလာတယ်..

ဆိုင်တွေကို ငေးရင်းလျှောက်လာလိုက်တာ တနေရာမှာတော့ ကိုယ့်ဆီကကိုယ်တော်တပါး key westမှာ မော်ဒယ်လာလုပ်နေတာကိုး၊ ကိုယ့်ဆီမှာကလဲ မော်ဒယ်ဆိုတာတွေက အုန်းအုန်းထနေလေတော့ ကိုယ်တော်လဲ နိုင်ငံရပ်ခြားမှာပဲ လာလုပ်ရထင်ပါရဲ.့..၊ကိုယ့်ဆီကမော်ဒယ်တွေလို ဒူးပေါ်ပေါင်ပေါ်တွေ ဖေါ်စရာမလိုပဲ အိနြေ္ဒရရ လက်ကိုင်အိပ်လေးကိုင်နေယုံပါပဲ..၊အင်း....ရွာပြန်ရင်လဲ ရာသီဥတုကပူ..အဆင်မသင့်ရင် အရိုက်အနှက်ခံရပြီး သင်္ကန်းပါအချွတ်ခံရနိုင်တာမို့ key westမှာပဲ မော်ဒယ်လုပ်နေထင်ပါ့၊

ငေးရင်းမောရင်းလမ်းလျှောက်လာလိုက်တာ အနုပညာပြတိုက်ကိုရောက်လာပါရောလား...၊ပြတိုက်ကပိတ်ပြီမို့ အပြင်ကပဲ ဓါတ်ပုံရိုက်လာလိုက်တယ်၊


ကဲ....အပြင်မှာထားတဲ့ အရုပ်တွေတဲ့..ကိုကြီးကျောက်ကတော့ အရုပ်လဲချမ်းသာမပေး ဟိုကိုင်ဒီကိုင် ကိုင်နေတာလို့အတွေးမမှားကြပါနဲ့ အနုပညာကို ခံစားနေတာပါ၊

ကိုကြီးကျောက်တို့ မမွေးခင် ဗမာပြည်လွတ်လပ်ရေးရစက ပြည်တော်သာစီမံကိန်းဆိုတာ ဗမာပြည်မှာရှိခဲ့ဖူးတယ်၊ လူတယောက်တိုက်တလုံး၊ကားတစီး၊ တလဝင်ငွေ ၈၀၀ တဲ့၊ အဲဒီတုန်းက ဆန်တပြီ ဆယ်ပြား၊ ဆီတပိဿာ တကျပ်ခေတ်ဆိုတော့ ငွေ၈၀၀ ဆိုတာ ဘယ်နဲမလဲ၊ ဒါပေမဲ့လဲ ကိုကြီးကျောက်တို့မွေးတော့ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးနဲ့ ကြုံလိုက်တာ ကိုကြီးကျောက်ဝန်ထမ်းလုပ်ခဲ့တုန်းက တဲတလုံးနဲ့ဆိုက်ကားတစီးတောင်
မပိုင်ခဲ့ပါဘူး၊ အခုအမေရိကမှာတော့ ဘာကားစီးချင်သလဲ...အလွယ်လေးပါပဲ၊ လူတိုင်းကားကိုယ်စီရှိတာမို့ ချမ်းသာတာပြိုင်ရင် တန်ဖိုးကြီးတဲ့ ဇိမ်ခံသင်္ဘောတွေပိုင်ဆိုင်မှုတွေ ပြိုင်ကြတာမျိုးကိုး၊ ကိုယ်ပိုင်boat တွေဆိုတာ အရွယ်စုံဆိုက်စုံ key west ဆိပ်ကမ်းမှာအစီအရီပါပဲ၊ ကိုကြီးကျောက်ကတော့ သူများboatတွေပဲ ငေးမောပြန်လာရတယ်၊ boatတန်ဖိုးကမသေးသလို ကမ်းနားမှာကိုယ့်boat ထားဖို့နေရာခကလဲ မသေးလှပါဘူး၊ ကိုကြီးကျောက်ကတော့ ရွာပြန်ရင်boatတစင်းလောက်တော့ ဝယ်သွားချင်သား ၊ အိမ်ကနေ boatကို ကားလေးနဲ့ မြစ်နံဘေးဆွဲသွား မြစ်ထဲချပြီးboatလေးစီး...စိတ်ကူးတွေယဉ်နေလိုက်တာ....ဟိုနေ့ကအညာကို ဖုန်းဆက်တော့ မြစ်ထဲမှာရေတောင်မရှိဘူးတဲ့... Key westကမ်းနားမှာရှိတဲ့ လက်မှုဆိုင်လေးတွေမှာ မာယာယဉ်ကျေးမှုလက်မှုပစ္စည်းတွေလဲပါရဲ့၊ အရောင်စုံစုံလင်လင် ပြူးကြောင်ကြောင်မို့ ကိုကြီးကျောက်တော့ ခံစားလို့မရပေါင်ဗျာ..၊ ဒါနဲ့ ကမ်းနားမှာပဲ ပင်လယ်စာ ခရုသုတ်တို့ ငါးကြော်တို့ပဲ စားပြီးပြန်ဖို့ပြင်တော့.... တောင်ဖက်အစွန်းရဲ့ အစUS1 လမ်းမကြီး ၀ မိုင်ကနေစထွက်တာပေါ့လေ..၊ ရန်ကုန်မန္တလေးလမ်းမကြီးရဲ့အစ ဟာရန်ကုန်မြို့တော်ခမ်းမရှေ့ ကစပြီးမိုင်တိုင်ရေသတဲ့၊ မန္တလေးကတော့ မူဆယ်တို့ တမူးတို့ဖက်ကို ဈေးချိုနာရီစဉ်က စရေသတဲ့၊ ဒါပေမဲ့လဲ ဘယ်မှာမှ ၀ မိုင်ဆိုတာ မတွေ့ဘူးလို့ (ဘဘကြီးတို့က ကိုးမီးသမားတွေဆိုတော့ ဘူကြမှာကြောက်ထင်ပါရဲ့)၊ သေချာတပ်အပ်တော့ မပြောနိုင်ဘူးပေါ့လေ၊ key westမှာ များ တို့ကချမ်းကလဲချမ်းသာ၊ အုပ်စုကလဲတောင့်လေတော့...သွားလေသူ များတို့ကိုရည်စူးပြီး ဆိပ်ခံpierကြီးတခုဆောက်ထားပါရောလား၊ နေရာထိုင်ခင်းကလဲ သာသာယာယာရှိတာမို့ ကိုကြီးကျောက်တို့ခနဝင်နားတာပေါ့၊ ဒါပေမဲ့ခက်တာက အဲဒီနားမှာ အမေရိကမှာ Rest Roomလို့ခေါ်တဲ့ အိမ်သာကမရှိဘူး၊ ကိုကြီးကျောက်တို့တော့ လွယ်လွယ်လေးပါဗျာ..ကမ်းစပ်ကခြုံထဲမှာ ပန်းထည့်လိုက်တာ....အောင်မလေး....ကံကောင်းလို့ ..ခြုံရိပ်မှာအိပ်နေတာလေးတွေ ပန်းမိတော့မလို့...လေအဝှေ့မှာ နဲနဲတော့စင်မိမှာပေါ့၊ သူတို့က လှိုင်းပုတ်လို့ ရေစင်တာထင်လို့နဲ့တူပါရဲ့..တုတ်တုတ်တောင်မှ မလှုပ်ကြဘူး၊.. အပြန်မှာလဲ များတို့နဲ့ ရှေ့နောက်ပါပဲ၊ များတို့ကလဲ..အဲသလို စပ်ဖြဲဖြဲဝါထိန်ထိန်မှ ဘာလို့ များတို့အကြိုက်ဖြစ်နေသလဲ ဆိုတာတော့ ကိုကြီးကျောက်မသိကြောင်းပါခင်ဗျာ။
(နောက်တပတ် လူဝီဇီးယားနားပြည်နယ် နယူးအော်လန် ကိုသွားရမှာမို့ အခုတော့အနားယူ အားမွေးလိုက်ဦးမယ်)