Wednesday, September 16, 2009

GHOST

ဟိုတနေ့  က Ghost ဇတ်ကား ထဲ က မင်းသား Patrick Swayze ဆုံးသွားလို့ သူ့ရဲ့  နာမည်ကြီး အဲဒီဇတ်ကားကို ပြန်ကြည့်မိရင်း ဗမာပြည်မှာရှိစဉ်က geologist ဘ၀နဲ့  တောတကာတောင်တကာ မှာ field ဆင်းရင်းရော စင်္ကာပူမှာ အလုပ်လုပ်စဉ်က (စလုံး မှာတုန်းက ကိုယ့်ကိုယ်ကို geological engineer ကနေ တပြားမှ မလျှော့ဘူး.. တကယ် လုပ်နေရတာက အလုပ်သမားခေါင်း ဖိုမင်း)..) အမှတ်မထင် ကြုံခဲ့ဖူးတဲ့ နာနာဘာဝသားတွေကို သတိရမိတယ်..။

ဗမာပြည်မှာတုန်းက ပဲခူးရိုးမ၊ ရခိုင်ရိုးမ၊ ပုံတောင်ပုံညာ၊ ရှမ်းရိုးမ၊ မြိတ်ကျွန်းစုတွေ... တနိုင်ငံလုံး နေရာနှံ့ သလောက်ပါပဲ၊ အဲဒီဒေသတွေ ရောက်စဉ်က တောကြီးမျက်မဲထည်းမှာ တောချောက်တာ၊ တောမှောက်တာ တောစောင့် တောင်စောင့်နတ်တွေ အကြောင်းဟာ ကိုယ်တွေ့သာ မဟုတ်ရင် ယုံနိုင်စရာတောင် မရှိလောက်အောင်ပါပဲ ။

ကျွန်တော့ ကိုယ်တွေ့အရ ပြောရရင်တော့ နာနာဘာဝသားတွေဟာ ကြောက်စရာ လန့်စရာတွေ မဟုတ်ကြပါဘူး။ သူတို့လည်း သူတို့ဘာသာနေကြရင်း လူသားတွေနဲ့ ဆုံမိကြတဲ့ အခါ သူတို့ စိတ်အလိုမကျလို့ ချောက်လှန့်ပြကြတဲ့ သဘောနဲ့ တူပါရဲ့... မကြောက်တတ်တဲ့သူ ဆိုရင်တော့ သူတို့လည်း လက်မှိုင်ချနေရတာပါပဲ ...။

ကဲ ကဲ field ဆင်းရင်းနဲ့ကြုံခဲ့တဲ့ ghost အကြောင်းအရာတခုစကြစို့လား......

သပိတ်ကျင်း ဆိုတဲ့ မန္တလေးတိုင်း မြောက်ဖျားက မြို့ လေး မှာ phosphate ရှာဖွေရေး ကွင်းဆင်း တုန်းကပေါ့.... phosphate ကျောက်က T super phosphate ဆိုတဲ့ ဓါတ်မြေသြဇာထုတ်တဲ့နေရာမှာသုံးတယ်... သပိတ်ကျင်း ဆိုတဲ့ မြို့လေးကလည်း အဲဒီ အချိန်တုန်းက ခေါင်လိုက်တာ... ငှက်ဖျား ကလဲထူ.... လူဦးရေကလည်း ကျဲပါး.... တကယ့် တောခေါင်ခေါင်အရပ် ဖြစ်နေတဲ့ အချိန်ပေါ့..။

ကျွန်တော်တို့ က သပိတ်ကျင်း မြို့ ခံတွေကို နောက်ပါတယ်..။ မင်း တို့ မြို့  မှာ မြတ်စွာဘုရား ဆွမ်းစားပြီးတော့ ငှက်ဖျားဖြစ်မှာစိုးလို့ သပိတ်တောင် ပြောင်အောင်မဆေးနိုင်ပဲ.. ရေလေးနဲ့ အသာကျင်းပြီး ချက်ချင်း ပြန်ကြွပြေးတာမို့ သပိတ်ကျင်းလို့  မှည့်တာဆိုပြီး ပြောင်တတ်ပါတယ်...

အဲဒီအချိန်က မဆလခေတ် ဆိုတော့ သပိတ်ကျင်း ရောက်တယ်ဆိုရင်ပဲ ကောင်စီဥက္ကှဌ ဆီသွား ရောက်ကြောင်း သတင်းပို့ ...၊ နေစရာ ထိုင်စရာ စီစဉ်ကြတော့.. အဲဒီအချိန်က သပိတ်ကျင်းမှာ အကောင်း နေရာကို ပေးပါတယ်.. နေရာက သပိတ်ကျင်းမြို့ အပြင်မှာ အသစ်ဆောက်ပြီးခါစ ဆေးရုံအတွင်းက ဆရာဝန် အိမ်အသစ် တွေပါ။ အားလုံးအသစ်တွေ ဆိုတော့ လူနာတွေလည်း မရှိသေး..ဆရာဝန်တွေလည်း မနေသေးဘူးပေါ့..။ ဆောက်ထားတဲ့ နေရာ ကလည်း နဂိုက သုဿန်ဟောင်း ဆိုတော့ အိမ်နောက်ဖေး ကြည့်လိုက်ရင်...... ဘူဒိုဇာနဲ့ ထိုးထားတဲ့ အုတ်ဂူတွေက... တုံးလုံးပက်လက်.....

ကျွန်တော်တို့လည်း ရောက်တယ်ဆိုပဲ ... အထုပ်အပိုးတွေချ.. ချက်ကြ ပြုတ်ကြ .... စားတဲ့သူက .. စားကြ... သောက်တတ်တဲ့ သူက .. သောက်ကြနဲ့ .. ညရောက်ရော ဆိုပါတော့..... ည မှာတော့ ထုံးစံ အတိုင်း စုပေါင်း ဂဏန်း တွက်ကြ တာပေါ့ဗျာ... မနက် အလုပ် ရှိတော့ ညနက်အောင်တော့ ၀ိုင်း မထိုင်ကြပါဘူး... အားလုံး အသီးသီး အိပ်ယာ ကိုယ်စီဝင်ပြီး.. ရောက်တတ်ရာရာ ပြောနေချိန်မှာတော့....... အားလုံး အိပ်တဲ့ အိပ်ခန်းရဲ့ မျက်နှာကျက် ကနေ ... တတောင်လောက်ပဲ ရှိတဲ့ .. သတ္တ၀ါလေး စောက်ထိုး ဆင်းလာတာကို အားလုံး မြင်လိုက် ကြရတာပါပဲ...။ လသာ ရက်မို့ အခန်းမီး မရှိပေမယ့်.. မှန်ပြူတင်းက ၀င်လာတဲ့ လရောင်နဲ့  အထင်းသားပါပဲ..... သတ္တ၀ါ လေးက ကလေးလေးလောက် ရှိပေမယ့်... ခေါင်းခါး ခြေလက်က လူကြီးပုံစံလိုပဲ...၊ ဗမာလို ဆိုရင်တော့.. မှင်စာ..လို့ ခေါ်ရမလားပဲ... ဒီကောင်လေးက ..ဘာမပြော ညာမပြောနဲ့... ကျွန်တော်တို့ အဖွဲ့က အကိုကြီး တက်စိန်ရဲ့ ခြင်ထောင်ထဲ ၀င်သွားပြီး... သူ့လည်ပင်းကို တက်ခွပြီး ညှစ်ထား ပါရောလား.... အညှစ် ခံရသူ ကလည်း မအော်နိုင်.. ကျန်လူတွေကလည်း ရုတ်တရက် ဆိုတော့ .. ဘာလုပ်ရမှန်း မသိ.. အားလုံး အိပ်ယာက ထလိုက်ကြတော့..ဒီကောင်လေး ချက်ချင်း ပြန်တက်ပြေးပြီး ပျောက်သွားတယ်...

နောက်နေ့  မနက်မှာတော့ ဒီ မှင်စာလေးအကြောင်း ဟာ လဘက်ရည်ဆိုင်မှာ ရေပန်း အစားဆုံးပေါ့ဗျာ.. ဘယ်သူမှတော့ ဒီကောင်လေးကို ကြောက်မနေကြပါဘူး...၊ ဒါပေမယ့် ဒီည မှာဘယ်လို ဖြစ်လာဦးမလဲပဲ မျှော် နေကြတယ်.........။

1 comment:

ခရစ္စတလ် said...

ကိုကြီးကျောက် ဆုံးသွားတာကို ဘယ်လိုမှ မယုံချင်သေးဘူး။ ပိုစ့်အဟောင်းလေးတွေ ရှာဖတ်ပြီး ပိုစ့်အသစ် တက်မယ့်နေ့ကို စောင့်နေပါတယ်....